Waiting for What ??

Leave a Comment
စောင့်စားခြင်း နဲ့ စောင့်ဆိုင်းခြင်း ဆိုတဲ့ စာစုနှစ်ခုကြားက အဓိက ကွားခြားချက်ကို ကျွန်တော်လိုက်ရှာကြည့်မိတယ်။ တိတိကျကျ ကျွန်တော်မသိပေမယ့် စောင့်စားခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်ရှိစောင့်နေရသူ တစ်ယောက်အနေရဲ့ ဇွဲမလျော့ချင်တဲ့ ခံစားချက်ကို ညွန်းဆိုချင်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုစောင့်ဆိုင်းခြင်းကရော .... ? စောင့်ဆိုင်းခြင်းဆိုတာ စောင့်နေရသူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စောင့်မနေချင်ပေမယ့် မဖြစ်မနေ သို့တည်းမဟုတ် အခြေအနေတစ်ခုကြောင့် မစောင့်မနေစောင့်ရတော့မယ့် အနေအထားကို ရည်ညွန်းခြင်းလို့ထင်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ ထင်မြင်ချက်တွေပါ။ မှန်သလား မှားသလား ကျွန်တော်သေချာ မသိပါဘူး။


အခုဆိုရင် ကျွန်တော့်အသက် ၂၄ နှစ်ပြည့်ပါတော့မယ်။ သိပ်မကြာခင်မှာပေါ့။ လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်တော်ကိစ္စတော်တော် များများမှာ လူတော်တော်များများကိုရော ပစ္စည်းတော်တော်များများကိုရော စောင့်နေခဲ့ရဘူးတယ်။ လူတော်တော်များများကို စောင့်ရတယ်ဆိုတာ ကျွန်တော့်သူငယ်ချင်း၊ ဆွေမျိုး .... စသဖြင့်ပေါ့။ ပစ္စည်းတော်တော်များများကို စောင့်ရတယ်ဆိုတာကတော့ ဥပမာပြောရရင် ဘတ်စ်စကား။ :D

စောင့်နေရတဲ့ အလုပ်ကို ကျွန်တော် အရိုးစွဲလောက်အောင်မုန်းပေမယ့် အခုထက်ထိတော့ ကျွန်တော်စောင့်နေရတုန်းပဲ။ မှတ်မှတ်ရရ စောင့်ရတာတွေကို ပြောပြရရင် ... ဟိုးငယ်ငယ်လေးတုန်းကဆို မေမေဈေးက ပြန်အလာကို အမြဲစောင့်ရတယ်။ ဘာလို့စောင့်ရတာလဲ ဆိုတော့ မေမေဈေးက ပြန်လာပြီဆိုရင် ကျွန်တော့်ဖို့ အိုးပုတ်လေးတွေ အရုပ်မလေးတွေ ၀ယ်လာတတ်လို့။ :D

မေမေက ကျွန်တော့်ကို သိပ်ချစ်တာ။ ကျွန်တော်ကယောကျာင်္းလေးဆိုပေမယ့် မေမေက ဘောလုံးကန်တာတို့ ဘာတို့ဆို သိပ်ကြိုက်ချင်တာမဟုတ်ဘူး။ အားလည်းမပေးဘူး။ သူ့သားကျိုးပဲ့သွားမှာ စိုးလို့တဲ့လေ။ ယောကျာင်္းလေးတွေနဲ့ မပေါင်းရပဲ မိန်းကလေးတွေနဲ့ ပဲပေါင်းဖြစ်အောင် အိုးပုတ်တို့ အရုပ်မတို့ပဲ ၀ယ်ပေးတယ်။ အိမ်ဘေးနားက ဖူးဖူးသိန်းတို့ ဘာတို့ ဆိုတာ ကျွန်တော့် ဆော့ဖော်ဆော့ဖက်တွေပေါ့။ အခုတော့ သူလည်း ကျွန်တော်နဲ့ ကွဲသွားတာ နှစ် ၂၀ နီးပါးရှိပါပြီ။ ပူတာအိုကို ပြောင်းသွားတယ်ဆိုလား မသိဘူး။ ကျွန်တော့် ဘဝရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းပေါ့။ အသက်နည်းနည်းကြီးလာပြီး ကျောင်းစတက်တော့ နောက်တစ်ခုကို စောင့်ရပြန်ရော။ ကျောင်းလွှတ်မယ့် အချိန်လေ။ ကျွန်တော်က ငပျင်း ကျောင်းစာဆို ကြည့်ကို မကြည့်ချင်ဘူး။ သူများတွေက ကျောင်းစတက်ပြီဆိုတာနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရည်မှန်းချက် ကိုယ်စီနဲ့။ လူရည်ချွန်ဖြစ်ရမည် ဆရာဝန်ဖြစ်ရမည် ဘာညာပေါ့။ ကျွန်တော့်မှာလည်း ရှိတော့ ရှိတယ်။ ရည်မှန်းချက် ဟုတ်မဟုတ်တော့ မသိဘူး။ ကျွန်တော်စာမကျက်ပဲ စာရချင်တယ်။ ကျွန်တော့်ကို ရည်မှန်းချက်ပြောပါဆိုရင် အဲဒါကျွန်တော့် ရည်မှန်းချက်ပဲ။ အဲလိုနဲ့မုန့်စားဆင်းမယ့် အချိန်စောင့်၊ ကျောင်းလွှတ်မယ့် အချိန်စောင့်၊ ကျူရှင်လွှတ်မယ့်အချိန်စောင့် နဲ့ စောင့်လာလိုက်တာ နောက်ဆုံးကျွန်တော် ချစ်သူတစ်ယောက် ရခဲ့တဲ့အထိ။

ကျွန်တော် စောင့်စားခြင်းနဲ့ စောင့်ဆိုင်းခြင်းကို အရင်က ကွဲကွဲပြားပြားမသိခဲ့ပေမယ့် ငယ့်ကို ချစ်ခဲ့မိတဲ့ နောက်ပိုင်းမှာ အဲဒီစကားစုနှစ်ခုရဲ့ ကွာခြားချက်ကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဟိုးငယ်ငယ်လေးထဲကနေ ငယ်နဲ့မတွေ့ခင်အချိန်ထိ ကျွန်တော် စောင့်ခဲ့ရတဲ့ မုန့်စားဆင်းချိန်၊ ကျောင်းလွှတ်မယ့် အချိန် ဆိုတာတွေဟာ စောင့်ဆိုင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖြစ်ချင်တာကို မျိုသိပ်ထားရတဲ့ မျှော်လင့်ချက် ပြပွဲတစ်ခုပေါ့။ မစောင့်ချင်ဘူး ဒါပေမယ့် အခြေအနေတစ်ခုကြောင့် တော်တော်အောင့်အီး သည်းခံပြီးစောင့်ခဲ့ရတာ။ စောင့်ရတဲ့အလုပ်ကို တော်တော်မုန်းတီးခဲ့တဲ့ ကျွန်တော် ... ငယ်နဲ့ပတ်သတ်ပြီး စောင့်ရတာတွေကိုကျတော့ ပြင်းပြင်းထန်ထန်အားထုတ်စရာ မလိုပဲနဲ့ အဖေတစ်ယောက်က သမီးတစ်ယောက် ကျောင်းဆင်းတာကို ကျောင်းရှေ့က စောင့်နေမိသလိုမျိုး နေတတ်လာခဲ့တယ်။ ဒါဟာစောင့်စားခြင်းပေါ့။ ကျွန်တော်စောင့်ရတဲ့ အလုပ်ကို အရမ်းမုန်းတယ်ဆိုတာ သိတဲ့ငယ်ဟာ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် မဖြစ်မနေ နောက်ကျရတာကလွဲရင် ကျွန်တော်စောင့်နေတဲ့နေရာကို အချိန်မှီရောက်အောင် လာတတ်ပါတယ်။ ကျွန်တော်တို့ချစ်သူသက်တမ်း ၅ နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်သူ့ကို စောင့်ခဲ့ရတာရှိသလို အခြေအနေတစ်ခုကြောင့် သူကျွန်တော့် ကိုစောင့်နေခဲ့ရတာလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှာတူညီတဲ့ နားလည်မှု တွေရှိခဲ့ကြလို့ စောင့်နေရတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွက် ထူးထူးခြားခြား မပင်ပန်းမိခဲ့ကြဘူး။ ကျွန်တော် ငယ်နဲ့ပတ်သတ်ပြီး သူကျွန်တော့် ကိုစောင့်နေဖူးတဲ့ နေ့တွေထဲက နေ့လေးတစ်ရက်ကို အခုထိမှတ်မှတ်ရရ သတိရနေမိသေးတယ်။ နေ့တစ်နေ့ပေါ့ .... အဲဒီနေ့က ကျွန်တော်သူ့ကို လာကြိုမယ် ဆိုပြီး သူသင်တန်းတက်နေတဲ့ ဂျပန်သံရုံးနားက စက်ချုပ်သင်တန်းကျောင်းမှာ ချိန်းထားခဲ့မိတယ်။ တကယ်တော့ ကျွန်တော်ရူးတာပါ။ ကျွန်တော့်အလုပ်က သန်လျင်မှာ။ ကျွန်တော်ရုံးဆင်းချိန်နဲ့ သူသင်တန်းဆင်းတဲ့ အချိန်ဆိုတာ တကယ်တော့ ၄၅ မိနစ်သာသာပဲကွာတာပါ။ ကျွန်တော်က သူ့ထက်နဲနဲပိုစော ဆင်းတယ်ဆိုပေမယ့် သန်လျင်ကနေ ဂျပန်သံရုံးနားကိုရောက်ဖို့ဆိုတာ လိုင်းကားပဲစီးနိုင်တဲ့ ကျွန်တော့်အဖို့သူ့သင်တန်းဆင်းချိန်အမှီ ၄၅ မိနစ်အတွင်း ရောက်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အမြန်ဆုံးဖြစ်နိုင်မယ့် ဟိုင်းလတ်ကား ၁၈၁ ကို ရုံးဆင်းတာနဲ့ အပြေးအလွှားတက်စီးခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က ကံကလည်းချာပါတယ်။ စီးမိတဲ့ကားက ဓာတ်ဆီဆိုင်ဝင်ရော။ မကျေနပ်လို့ နောက်ကားတစ်စီး ပြောင်းစီးမယ်ဆိုပြီး ဓာတ်ဆီဆိုင်ကနေ နောက်ပြန်လျှောက် ကားမှတ်တိုင်မှာ စောင့်ပြန်တော့ ရှားလိုက်တဲ့ကား တစ်စီးမှကို မလာတော့ဘူး။ နောက်ဆုံးကားတစ်စီး တော့ရောက်လာတယ် တခြားကားတော့ မဟုတ်ဘူး။ ခုနက ဓာတ်ဆီဆိုင်မှာ ကျွန်တော်စိတ်မရှည်လို့ ထားပစ်ခဲ့တဲ့ကား ဓာတ်ဆီဖြည့်ပြီးလို့ ပြန်ရောက်လာတာ။ :D

အဲလိုပဲ .... အလွဲလွဲ အချော်ချော်နဲ့ ငယ့်ရှေ့ကိုရောက်ခဲ့တယ်။ ကျွန်တော် ( ၁ ) နာရီကျော်ကျော် လောက် နောက်ကျနေပါပြီ။ ကျွန်တော်ဘယ်လိုပြန်ရှင်းပြရမလဲ။ တကယ်တော့ ချစ်သူနဲ့ ပတ်သတ်ပြီး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေဆိုတာ ဘယ်လောက်ပဲခက်ခဲနေပလေ့စေ ဆင်ခြေပေး ဖြေရှင်းလို့ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ နောက်ဆုံးရလဒ် ကသာ အဓိကကျတာပါ။ ကျွန်တော် တော်တော်နောက်ကျခဲ့ပေမယ့် ငယ်ကျွန်တော့်ကို စောင့်နေပါသေးတယ်။ လမ်းဘေးပလက်ဖောင်း အုတ်ခုံလေးပေါ်မှာ ထမင်းချိုင့်လေးကို ကိုင်ပြီး သူထိုင်စောင့် နေခဲ့ပါတယ်။ ကျွန်တော်ငယ့်ကို အဲဒီနေ့ကစပြီး တော်တော် ချစ်သွားခဲ့မိတယ်။ ကျွန်တော့်ကို နောက်ကျတာနဲ့ ပတ်သတ်ပြီး အပြစ်လုံးဝမပြောခဲ့ဘူး။ စိတ်လည်း ကောက်မနေဘူး။ အရင်လိုပဲ ကျွန်တော် သူ့ထမင်းချိုင့်ကိုကိုင်ပေးတဲ့အချိန်မှာ ကျွန်တော့်ဘေးနားမှာ သူဝင်ရပ်ပြီး ကျွန်တော့်လက်တွေကို သူ့လက်တွေနဲ့ အရင်လိုပဲ နွေးထွေးပေးခဲ့တယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ချစ်သူ ... သူကျွန်တော့်ကို နားလည်တတ်လိုက်တာ။ တော်တော်ချစ်သွားမိလို့ လှည့်ပြီး အာဝါးပေးလိုက်ချင်ပေမယ့် လမ်းမကြီးမှာဖြစ်နေလို့ တော်တော်စိတ်ကို ထိန်းလိုက်ရတယ်။ :D

အရင်တုန်းက ကောင်လေးတွေက သူ့ချစ်သူကောင်မလေးတွေကို ဘာကြောင့်ခဏခဏနမ်းလဲလို့ ကျွန်တော်မသိခဲ့ဘူး။ အခုတော့ ကျွန်တော်သိပြီ ... တော်တော်ချစ်လို့ဆိုတာကို။ အခုကျွန်တော် ငယ်နဲ့အရမ်းဝေးတဲ့ တစ်နေရာမှာနေနေရတယ်။ လူချင်းဝေးနေပေမယ့် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်ကလွဲပြီး တစ်ခြားဘယ်သူမှမသိနိုင်ပါဘူး။ လူချင်းဝေးနေလည်း ကျွန်တော်တို့အခုချိန်ထိစောင့်နေရတုန်းပဲ။ တစ်ခါတစ်ခါ သူ အင်တာနက်ဆိုင်လာမယ့်အချိန်ကို ကျွန်တော်က စောင့်ရတတ်ပြီး တစ်ခါတစ်လေကျရင်တော့့ ကျွန်တော်အိပ်ပုတ်ကြီးလို့ ကျွန်တော်အွန်လိုင်းတက်မယ့် အချိန်ကို သူစောင့်နေရတတ်ပါတယ်။ ဘယ်လောက်ပဲ စောင့်ရစောင့်ရ ကျွန်တော်တို့ မပင်ပန်းခဲ့ကြပါဘူး။

ဒါဟာ စောင့်ဆိုင်း နေတာ မဟုတ်တော့ဘူးလေ။

ကျွန်တော်တို့ ချစ်သူကို စောင့်စား နေတာပါ။

( ၂၀. အောက်တိုဘာ. ၂၀၀၈ ) အမှတ်တရ။

KznT.

Related Posts