Gardener ( 2 )

Leave a Comment
အခန်း ( ၄ )

( ၂ ) ဆင့်ထပ်ထားတဲ့ မှန်ပြူတင်းရဲ့ အပြင်ဘက်ထောင့်တစ်နေရာဆီက ယဉ်ပါးနေခဲ့ပြီးသား သစ်ပင်ရိပ်အောက်ဆီ တစ်ချက်ငဲ့ကြည့်မိတော့ အရင်လို လဲလျောင်းနေဆဲ သစ်ရွက်ခြောက်တစ်ချို့နဲ့ ရော်ရင့်ပျက်ကြွေခါစ ဝါရင့်ရင့် ရွက်ရင့်ဟောင်းတစ်ချို့ ... တစ်ညနေစောင်းခဲ့တိုင်း အဲ့နေရာလေးဆီမှာ ကလေးတစ်ချို့ ခေါက်တုန့်ပြေးလွှား ဆော့ကစား နေတတ်ကြတယ် .. တစ်ခါတစ်လေတော့လည်း သူငယ်ချင်းမှန်း ၊ ချစ်သူမှန်း ဝေခွဲရခက်တဲ့ ကောင်မလေး နဲ့ ကောင်လေး တစ်ချို့ ရောက်ရှိနေတတ်ကြတယ် ... အခုရော ...

ခုလည်း ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် ရောက်နေကြပြန်ပြီ ..
သူတို့ ချစ်သူတွေများ ဖြစ်နိုင်ကြမလား ... ဟင့်အင်း ... ကျွန်တော် မသိဘူး ...
ခပ်အုပ်အုပ်ဆိုင်းနေတဲ့ မိုးသားတစ်ချို့ဆီက မျှော်လင့်မထားတဲ့ မိုးစက်တစ်ချို့ ခပ်သုတ်သုတ် ကြွေကျတော့ ကောင်မလေး ရုတ်ခနဲ ထပြန်ဖို့ ပြင်တယ် ...
ဟင့်အင်း ... မပြန်ပါနဲ့ဦး ...
မင်းတို့တွေကို ကြည့်နေရင်းနဲ့ ငါ ခဏလောက် လွမ်းနေချင်လို့ပါ ...
ကောင်မလေး မတ်တပ်ရပ်တော့ ကောင်မလေးရဲ့ လက်တစ်ဖက်ကို လှမ်းဆုပ်ပြီး ကောင်လေး ကမန်းကတန်းထရပ်တယ် ... သူတို့ ( ၂ ) ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာခဲ့တော့ မလိုပဲ ...
သူတို့ ချစ်သူတွေပဲ နေမှာပါ ...
မိုးနဲ့အတူ လေပြေအေးအေး ခပ်ဆတ်ဆတ်တိုးတော့ ကောင်မလေးရဲ့ ပခုံးသား ၂ ဖက် မသိမသာ လှုပ်ခတ်သွားတယ် ...
သူချမ်းနေပြီနေမှာ ...
နှုတ်ခမ်းအလှုပ်ကို ဘာသာပြန်ကြည့်တော့ " ပြန်ကြရအောင် နော် " လို့များ သူ ပြောနေတာလား ...
ခဏလို့ ကောင်လေး ပြောပြီး သူ့ ဘေးလွယ်အိတ်ထဲဆီကို လက်သွင်းလိုက်တယ် ...
လက်ပြန်အရုတ်မှာ ကျွန်တော် မျှော်လင့်မထားတဲ့ ပါဆယ်ဗူးလေး တစ်ဗူး ...
သူ ကောင်မလေးရဲ့ လက်တစ်ဖက်ကို ပြေလျော့လျော့ဆွဲပြီး အဲ့ဗူးလေး ထည့်ပေးလိုက်တယ် ...
မင်းအတွက်တဲ့ ...
Ohhhh !! ကြည်နူးဖို့ ကောင်းလိုက်တာ ... ထင်မှတ်မထားတဲ့ လက်ဆောင်ပစ္စည်း တစ်ခုအတွက် ကောင်မလေး ပျော်နေတယ်ခဲ့တယ် ဆိုတာ သူ့မျက်နှာပြင် တစ်ခုလုံးက နေရာမလပ်ဖော်ပြနေကြတယ် ...
အင်းပေါ့ ...

" ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု ... " ဆိုတာ သူပိုင်ဆိုင်ခဲ့ပြီပဲ

အဲ့ပစ္စည်းရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိနိုင်မလဲ .. ကျွန်တော် မသိနိုင်ပါဘူး ...
တကယ်တော့ သိဖို့လည်း မလိုအပ်ပါဘူးလေ ...
အဲ့ထဲမှာ ... တန်ဖိုးဖြတ်လို့ မရတဲ့ ... နှောင်တွယ်မှု နဲ့ ချစ်ခြင်းတရား ဖြည့်ဆည်းပါဝင်နေခဲ့ပြီပဲ ...
နောက်ထပ် ဘာလိုဦးမှာ မို့လို့လဲ ...

အခန်း ( ၅ )

" ကို့အတွက် ဘာလိုလဲ ...
ကိုလိုချင်တဲ့ ကို့ အတွက်လိုတာတွေ ငယ့်ကို ပြောပြလေ ...
ကို့အတွက် လိုအပ်မယ့် ဟာတွေပဲ ငယ် ဝယ်ပေးချင်တယ် ...
ကိုယ့်ဘာသာ စိတ်ကူးပြီး ဝယ်ခဲ့လိုက်လို့ တကယ်တမ်း ကို့အတွက် မလိုတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာမျိုး ငယ်က မဖြစ်ချင်ဘူး ... "


ငယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကို ဘာလိုချင်လဲ မေးတဲ့ အခါတိုင်း ကျွန်တော် နှုတ်ပိတ်ခေါင်းရမ်း ဖြစ်ခဲ့တယ် ...
" ဟင့်အင်း .. ကို့အတွက် ဘာမှ မလိုပါဘူး "
ကျွန်တော် တကယ်ရော မလိုအပ်ခဲ့ဘူးလား ... ကျွန်တော့် လိုအပ်ချက်တိုင်း သူ့ကို တောင်းဆိုဖို့ဆိုတာ ကရော ယောကျာင်္းတစ်ယောက်အနေနဲ့ ဖြစ်သင့်ရဲ့လား ...
ဒီလွန်ဆွဲမှုရဲ့ ကြားမှာ ကျွန်တော့်တောင်းဆိုမှုနဲ့ ကျွန်တော့်အတွက် လိုအပ်မယ် ထင်တာတွေထဲက
သူမပင်ပန်းရအောင် ဘီး ( ၂ ) ချောင်းနဲ့ ဇွန်းခက်ရင်း ( ၂ ) စုံ ကျွန်တော်တောင်းခဲ့ဖူးတယ် ...

ကျွန်တော် ဘာလိုချင်တယ်ဆိုတာ ဖွင့်ပြောခဲ့သင့်တာလား ...
ဟင့်အင်း .. ကျွန်တော်လိုချင်ခဲ့တာ " ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ် လာမယ့် နွေးထွေးမှု ... " တစ်ခုပါ ...

အခန်း ( ၆ )

ကျွန်တော် သတိရနေမိတယ် ...
အဲ့ဒီ့နေ့က သူ့ဆီကို သွားတော့ သူ့လက်ထဲမှာ သိုးမွှေးထိုးတံလို အတံလေး တစ်ခု ၊ ချည်လုံးတစ်ချို့နဲ့ အလုပ်ရှုပ်နေခဲ့တာ ... သေချာဂရုစိုက်ကြည့်မိတော့ ပိုက်ဆံအိတ်တစ်ခုဖြစ်ဖို့ ရောင်စုံကြိုးလေးတွေ သီပြီး သူထိုးနေတာပါ ... အရောင်ဆက်စပ်မှုကိုပဲ ကြည့်ကြည့် ... နုရွမှုကိုပဲ ကြည့်ကြည့် ... မိန်းကလေး တစ်ယောက်အတွက်ပဲ သင့်တော်မယ့် ပိုက်ဆံအိတ်တစ်အိတ်မှန်း ကျွန်တော် သိပါတယ် .. ဒါပေမယ့် ကျွန်တော် အဲ့ဒီ့ ထိုးလက်စ ပိုက်ဆံအိတ် သေးသေးလေးကို ကြည့်ရင်း ကျွန်တော် အလိုချင်ခဲ့ဆုံး " ကို့အတွက် ... " ဆိုတဲ့ စကားတစ်ခွန်းကို ကြားချင်နေခဲ့တယ် ... ရူးတယ်လို့ပဲ ဆိုပါတော့ ... ဟုတ်တယ် ... အဲ့ဒီ့ ကျွန်တော်နဲ့ မသင့်တော်တဲ့ အိတ်တစ်ခုကိုမှ ကျွန်တော် လိုချင်နေမိတယ် ... ဟင့်အင်း ... ကျွန်တော် အိတ်ကို လိုချင်တာ မဟုတ်ပါဘူး ... သူ့လက်တွေနဲ့ ထိတွေ့နေခဲ့ဖူးတဲ့ အဲ့ဒီ့ပိုက်ဆံအိတ်ပေါ်က ကြိုးမျှင်မျှင် လေး တွေကို သိမ်းထားခဲ့ချင်တာပါ ...

မသိနားမလည်တဲ့ ယောကျာင်္းတစ်ယောက်ရဲ့ အမူအရာမျိုးနဲ့ မျက်မှောင်ခပ်တွန့်တွန့် ချိုးပြီး သူ့လက်ထဲက အိတ်လေးရဲ့ အနာဂတ်ကို မေးကြည့်ဖြစ်တယ် ...
ကျွန်တော့်အတွက်များ သူရည်ရွယ်ထားလေသလား ... ??

" အစ်မတစ်ယောက်က ငယ်ထိုးထားတဲ့ အိတ်လေးကိုတွေ့ပြီး သူလည်းလိုချင်တယ်ဆိုလို့ .. အဲတာသူ့အတွက် ထိုးပေးနေတာ " ....
သြော် ....
ကျွန်တော် မဟုတ်ခဲ့ဘူးပဲ ...
သိပ်ချစ်ဖို့ ကောင်းတဲ့ ငယ်က ရွှတ်နောက်နောက်နဲ့တောင် " ကို့အတွက် ... " လို့ဆိုပြီး ကျွန်တော့်ကို မစခဲ့ပါဘူး ...
ကျွန်တော် မငြိုုငြင်ရက်ပါဘူး ...
ဟင့်အင်း .... ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်နဲ့ မလိုက်ဖက်တဲ့ ပိုက်ဆံအိတ်တစ်အိတ်အတွက် ကျွန်တော့်ကို ပေးဖို့ သူဘယ်တော့မှ စဉ်းစားခဲ့ပုံမရဘူးလေ ...
ငယ် မှန်ပါတယ် ... မဟုတ်ရင် ကျွန်တော် အဲ့ဒီ့ ပိုက်ဆံအိတ်တစ်အိတ်ကို ကိုင်ဖို့တော်တော်အားမွေးရဦးမှာ ...

အခန်း ( ရ )

အဲလိုနဲ့ အဲ့ဒီ့နေ့ညက ကျွန်တော် အိပ်ပျော်သွားတော့ အိပ်မက်တစ်ခု မက်တယ် ...
ကျွန်တော့် အိပ်ယာဘေးမှာ ငယ် ငုတ်တုတ်လေးထိုင်လို့ .... အိပ်မက်ထဲမှာ ရုတ်တရက် မျက်လုံးဖွင့်ကြည့် တော့ သူ ကျွန်တော့်ကို ခပ်ဖွဖွ ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ် ...

" ကို့ အတွက် .... "

ကျွန်တော့်လက်ထဲ ငုံ့ကြည့်မိတော့ ဘာပစ္စည်းမှ ရှိမနေဘူး ...
ဒါပေမယ့် ...

သူ့ လက်တစ်စုံတော့ ရှိနေခဲ့တယ် ... ။။

KznT.

Gardener ( 1 )

Leave a Comment
အခန်း ( ၁ )

" ကို့ အတွက် .... "

အဲ့ဒီ့နေ့ ဒီ ကောင်းကင်ကြီး အောက်မှာ ရပ်တည်နေတဲ့ သူအားလုံးရဲ့ ကြားမှာ ကျွန်တော် အပျော်ဆုံး လူသားတစ်ယောက် ဖြစ််နေခဲ့တယ် ... အဲ့ဒီ့နေ့မှာ ကျွန်တော်မြင်ဖူးနေကျ တစိမ်းဆန်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ကျွန်တော့် ရင်ဘတ်တူသူတွေ ဖြစ်သွားကြတယ် ... အဲ့ဒီ့နေ့ကပဲ ဒီရင်ဘတ်တစ်ခုလုံး လဲ့ဖြာစိမ်းလန်းပြီး အနာဂတ်တိုင်းကို စိန်ခေါ်ရဲဖြစ်ခဲ့တယ် ...

ဒါပေမယ့် ...
လွဲမှားနေခဲ့တာ တစ်ခုက
အဲ့ဒီနေ့ ဆိုတာ တကယ်တော့ မရှိခဲ့သေးပါဘူး ...

အခန်း ( ၂ )

" လိုချင်သောအား
စားချင်ငြားက
ဝပ်တွားခယ
တောင်းပါကြ ... "


ကျောင်းသား ဘဝတစ်ခုက သင်ခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ် .. ကျွန်တော် အစအဆုံးတော့မမှတ်မိတော့ ...
ငယ်ငယ်တုန်းက ပစ္စည်းတစ်ခု ကိုယ် အရမ်းလိုချင်နေတဲ့ အချိန် ၊ အစားအသောက်တစ်ခု ကိုယ်အရမ်း စားချင်နေတဲ့ အချိန်မှာ လူကြီးတွေ မသိအောင် မယူမိဖို့ .. လူကြီးတွေထက် ဦးအောင် မစားသောက်မိဖို့ မေမေ အမြဲ ဆုံးမတတ်တာ ကျွန်တော် သတိရမိတယ် ... အဲ့ အလေ့အကျင့်လေးကြောင့်ပဲ ကျွန်တော် လိုချင်လွန်းမိတဲ့ အရာတိုင်း မေမေ ၊ ဖေဖေ့ကို ခွင့်တောင်းပြီး အသိပေးရယူ ဖြစ်ခဲ့တယ် ... လိုချင်တာတိုင်း ရရောရခဲ့ရဲ့လား ... ဟုတ်ကဲ့ ... ရခဲ့တာလည်း ရှိသလို မရခဲ့တာတွေလည်း ရှိတာပေါ့လေ ... ဟုတ်ပါတယ် ...

တကယ်တော့ ကျွန်တော်မှာ အဲ့ဒီ့အချိန်တည်းက ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့သင့်တာ ... အကယ်၍ များ အဲ့ဒီ့အချိန်က ကျွန်တော့်ဘေးမှာ ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့မယ် ဆိုရင် ကျွန်တော်အဲ့စာအုပ် ထဲမှာ စာကြောင်း ( ၁ ) ကြောင်းလောက် ချရေးဖြစ်ခဲ့မယ် ထင်တယ် ...

" ဖွင့်ဟတောင်းဆိုဖြစ်သော ကိစ္စရပ်တိုင်း ရရှိနိုင်မည် ဆိုသည်မှာ မသေချာ ... "


အခန်း ( ၃ )


အချစ်တစ်ခုကို အစပျိုးမိတော့ ကျွန်တော့်ကိုယ် ကျွန်တော် ခံယူဖြစ်ခဲ့တာ တစ်ပွင့်တည်းပျိုးတဲ့ ဥယျာဉ်မှုးတစ်ယောက်လို ... သိပ်သေချာတာပေါ့ ... ကျွန်တော် ဥယျာဉ်မှုးဆိုရင် ကျွန်တော့်ချစ်သူဆိုတာ ကျွန်တော် ပျိုးထားတဲ့ ပန်းတစ်ပွင့်လေ ... တစ်ပွင့်တည်း ပျိုးခဲ့တဲ့ ဥယျာဉ်မှုးတစ်ယောက်ရဲ့ ခံစားချက် ဆိုတာ သိပ်ကို နက်ရိှုင်းလွန်းပါတယ် ... ပန်းတွေအများကြီး ပျိုးထားဖြစ်ခဲ့ရင်တော့ ပန်းတစ်ပွင့် လေလွင့် ဆုံးရံှုးမှု ဆိုတာ ဥယျာဉ်မှုးတစ်ယောက်အတွက် ဘာမှ မသိသာပေမယ်လို့ ... တစ်ပွင့်တည်းပျိုးခဲ့တဲ့ ဥယျာဉ်မှုး အတွက် အဲ့ဒီ့ပန်းတစ်ပွင့်ဆိုတာ သူ့ရဲ့ အနာဂတ် တစ်ခုလိုပါပဲ ...

ဒီပန်းလေး နွမ်းပါးပျက်ကြွေသွားမှာ ... ဒီပန်းလေး ညိှုးရော်ချောက်နွမ်းသွားမှာ ... ဒီပန်းလေး အနာတရတစ်ခုခု ဖြစ်အောင် တစ်စုံတစ်ယောက် သို့တည်းမဟုတ် တစ်စုံတစ်ခုက ဖန်တီးလိုက်မှာ ... သူအချိန်တိုင်း တွေးပူ နေတတ်ခဲ့တယ် ... သူမပင်ပန်းပါဘူးလေ ... ကျွန်တော် တကယ် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး ... ကျွန်တော် နက်နက်ရိှုင်းရိှုင်း တွယ်ငြိမိခဲ့ပြီကိုး ...

သူ့ကို သူငယ်ချင်း တစ်ချို့ မေးကြတယ် ...
" အချစ်ဆိုတာ ဘာလဲ ... ,
ပန်းတစ်ပွင့်ဆီက ဘာရလိမ့်မယ်လို့ မင်းမျှော်လင့်ထားခဲ့လို့လဲ ... , "

အဝေး နေရာတစ်ခုဆီ ခပ်တွေးတွေးငေးကြည့်မိရင်း ဖျော့ဖျော့ပြုံးပြီး ဖြေမိတယ် ...

" အချစ်ဆိုတာ ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးနေသလိုပေါ့ကွာ ...
မင်းဖြန့်ခွဲချစ်တတ်သူဆိုရင်တော့ မင်း ပန်းအများကြီး ပျိုးတဲ့ ဥယျာဉ်မှုးပေါ့ ...
မင်း တစ်ယောက်တည်း ချစ်တတ်ခဲ့တာ ဆိုရင်တော့ တစ်ပွင့်တည်းသော ပန်းပျိုးသူပေါ့ ...
ကိုယ့်ကို မချစ်သေးတဲ့ မိန်းကလေး တစ်ယောက် ကိုယ့်ကို တဖြေးဖြေးချစ်လာအောင် ဖန်တီးယူရတာ .. ဘာမှမရှိတဲ့ မြေဗလာကျင်းတစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လာဖို့ ပြုစုယူရတဲ့ ဥယျာဉ်မှုးတစ်ယောက်နဲ့ ဘာမှ မခြားနားဘူး ..
မြေပမာဏ တစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လန်းလာဖို့ ဥယျာဉ်မှုး တစ်ယောက်မှာ အချိန်လိုတယ် .. ငွေလိုတယ် .. စိတ်ရှည်သည်းခံတတ်ဖို့ လိုတယ် .. အချိန်ပြည့်မဟုတ်ရင်တောင် အချိန်မှန် ပြုစုယုယတတ်ဖို့ လိုတယ် ... အရိပ်တကြည့်ကြည့်မဟုတ်ရင်တောင် ကျရောက်လာမယ့် သဘာဝဘေးအန္တရာယ်တိုင်းအတွက် ကြိုသိနေတတ်ဖို့ ၊ အသင့်ရှိနေတတ်ဖို့ ၊ ကာကွယ်ပေးတတ်ဖို့ လိုတယ် ... စဉ်းစားကြည့်ပါလား .. ပန်းတစ်ပွင့်ကို ပျိုးရတာနဲ့ ... အချစ်တစ်ခုကို ပျိုးရတာ ဘာများကွာနေသေးခဲ့လို့လဲ ... "

သူတို့အားလုံး ခပ်လျော့လျော့ လက်ခံပြီး နောက်ထပ် မေးခွန်းတစ်ခုနဲ့ ကျွန်တော့်ကို ကြိုဆိုကြတယ် ...
" ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးတယ်ဆိုတာရဲ့ နောက်ဆုံး ရလဒ်ကတော့ ပန်းလိုချင်လို့ပေါ့ကွာ ... ဒါကတော့ ရှင်းပါတယ် ... ဒါပေမယ့် အချစ်ပျိုးတဲ့ ဥယျာဉ်မှုး တစ်ယောက်ရဲ့ အဆုံးသတ်မျှော်လင့်ချက်ကရော ဘာဖြစ်မယ်လို့ မင်းထင်လဲ ... အချစ်လိုချင်လို့ပေါ့ကွာ လို့တော့ ငါ့ကို ပြန်မဖြေနဲ့နော် ဟေ့ကောင် ... ငါတို့အဲ့ထက် လေးနက်မယ့် အဖြေတစ်ခုကို လိုချင်တာ .. "

" ဟင့်အင်း ... အချစ်လိုချင်လို့ အချစ်ကို ပျိုးတယ်လို့ ငါဖြေရင် အဲ့ အဖြေက သိပ်ပေါ့ပျက်သွားမှာပေါ့ ...
အချစ်တစ်ခုကို ပျိုးတယ်ဆိုတာ တကယ်တော့ အဲ့လောက် ခံစားချက် မပေါ့ပါးဘူး ... ပေါ့ပါးနေခဲ့ပြီဆိုရင်လည်း အဲတာ အချစ်မဟုတ်ဘူး .. ဟုတ်တယ် ... ပန်းပျိုးသူ တစ်ယောက်မှာ ပိုင်ဆိုင်ရဖို့ မျှော်လင့်ချက်ဆိုတာရှိသလို .. ငါ့မှာလည်း မျှော်လင့်ချက်ဆိုတာ ရှိတာပေါ့ .. ဒါပေမယ့် ပန်းပျိုးသူတစ်ယောက်နဲ့ နိှုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့ ပျော့ပျောင်းနူးညံ့သွားတဲ့ စိတ်ခံစားချက်တစ်ခု အချစ်ပျိုးသူတစ်ယောက်ဆီမှာ အစားထိုး ဝင်ရောက်လာတယ် .. အဲတာက ပန်းပျိုးသူလို ပန်းပွင့်ကိုပိုင်ဆိုင်ဆုပ်ကိုင်နိုင်ဖို့ ဦးတည်ချက်ဆိုတာမျိုး မဟုတ်တော့ဘူး .. ဒီပန်းတစ်ပွင့်ကို သူပျိုးခဲ့လိမ့် မယ် .. သူပိုင်ဆိုင်ရကောင်းလည်း ရချင်မှ ရလိမ့်မယ် .. မပိုင်ဆိုင်ချင်လည်း မပိုင်ဆိုင်ရဘူး .. ဒါပေမယ့် သူ့မှာလောဘမရှိဘူး ..

သူ့မှာရှိနေတာ ပန်းပျိုးသူလို ပိုင်ဆိုင်လိုစိတ် တစ်ခုတည်း မဟုတ်တော့ဘူး ..
အရမ်းကိုခြားနားသွားခဲ့ပြီ ...
သူ ရောင့်ရဲနေနိုင်ခဲ့တယ်လေ ...
ဒါကို တစ်ချို့က ပေးဆပ်တဲ့ အချစ်လို့ ဆိုကြတယ် ... "

" ပေးဆပ်တဲ့ အချစ် ?? "

" အင်း ... ပေးဆပ်တဲ့ အချစ်လို့ ဆိုလိုက်တိုင်း ငါတို့အားလုံး အလွဲလွဲအမှားမှား တွေးနေမိတတ်တဲ့ အကြောင်းအရာတစ်ချို့လည်း ရှိနေသေးတယ် ...
ပေးဆပ်တဲ့ အချစ်ဆိုတိုင်း ဘာတစ်ခုမှ ရယူလိုမှု မရှိပဲ အမြဲပေးအပ်နေချင်တာမျိုးလို့ ငါတို့ ထင်နေမိခဲ့တာ တကယ်တော့ မဟုတ်ဘူး ပေးဆပ်သူတိုင်းရဲ့ စိတ်မှာ ကိုယ်ချစ်ရတဲ့ သူဆီက ကိုယ်အလိုချင်ဆုံး ရလဒ် အဖြေတစ်ခု မဟုတ်ခဲ့ရင်တောင် ကိုယ့်ပေးဆပ်မှုအတွက် အသိအမှတ်ပြုမှု တစ်ခုတော့ တောင့်တတတ် ကြတယ် ... ဒီ ခံစားချက်က ပေးဆပ်သူတစ်ယောက်တည်း မှာမှ မဟုတ်ပါဘူးလေ ... အချစ်တစ်ခုကို ပုံဖော်ခဲ့ကြဖူးတဲ့ ပန်းပျိုးသူ အားလုံးရဲ့ ရင်ထဲက ခံစားချက်ပါ .. ခြားနားသွားခဲ့တာလေး တစ်ခုက အဲ့ဒီ့အသိအမှတ်ပြုမှုဆိုတာ ငါတို့ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို ဖွင့်ဟတောင်းဆိုခဲ့တော့မှ ပေးအပ်လာမယ့် ရယူလိုမှုမျိုးတော့ မဟုတ်ဘူး ...

ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု တစ်ခု ... "

အခန်း ( ၄ )
 
ဆက်ရန် ......

KznT.

Related Posts