How To Ask Smart Questions ( Before You Ask )

Leave a Comment
ဒီအကြောင်းကို ရေးချင်ခဲ့တာ ကြာပါပြီ - ဒီအကြောင်းကို ရေးဖို့ တွန်းအားပေးခဲ့တဲ့ သူတွေထဲမှာ မဖြစ်မနေ ကျေးဇူးတင်ရမယ့် သူတွေကတော့ကိုနေမင်းမောင် ( စာချွန်လွှာပို့ပြီး ဖိုရမ်အတွက် လိုအပ်နေတာတွေ ကျွန်တော့်ကို အကြံပေးခဲ့တဲ့သူပါ ) - နောက်တစ်ယောက်က ကိုဘုရင့်နောင် ( သူကတော့ ဒီအကြောင်းအရာမှာ ဘယ်လိုခေါင်းစဉ်တွေ ပါဝင်သင့်မယ်ဆိုတာ အကြံပေးခဲ့တဲ့ သူပါ ) - သူတို့ နှစ်ယောက်ရဲ့ တွန်းတိုက်အား မရှိပဲ ဒီအကြောင်းကို တော်ယုံ ရေးဖြစ်ခဲ့အုံးမယ် မထင်ဘူး - ခုတော့ အရင်က ရေးဖို့ တွေးမိတဲ့ စိတ်အခံရယ် - သူတို့ရဲ့ ကူညီမှုတွေကြောင့် ဖိုရမ်ရဲ့ လိုအပ်ချက်တစ်ခု ဖြည့်ဆည်းပေးဖို့ ဖြစ်လာပါတယ် - ရေးမယ့် အကြောင်းက - မေးမြန်းမှု အတတ်ပညာပါ -


မေးမြန်းမှု အတတ်ပညာ

ဖိုရမ်မှာပဲ ဖြစ်ဖြစ် - တစ်ခြား ပြင်ပလောကမှာပဲ ဖြစ်ဖြစ် တစ်ခြားသူတစ်ယောက် မေးမြန်းလာသမျှကို တစ်ဖက်လူ အဆင်ပြေချောမွေ့သွားအောင် ဖြေကြားပေးနိုင်တဲ့ အားကိုးအားထား ပြုရသူကိုပဲ အတတ်ပညာ တတ်မြောက်ကျွမ်းကျင်သူလို့ သတ်မှတ်လို့ မရပါဘူး - ကိုယ်သိချင်တဲ့ အကြောင်းအရာ ကိုယ်နားလည်ချင်တဲ့ သဘောတရားကို သိရှိနားလည်ပြီးသူ တစ်ယောက်ကနေ ဖြေဆိုချင်စိတ် ဖြစ်လာအောင် - ချက်ချင်းဖြေကြားမပေးနိုင်ရင်တောင် နောင်တစ်ချိန်မှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဖြေကြားလိုစိတ်ပေါ်လာအောင် မေးမြန်းနိုင်တာဟာလည်း အတတ်ပညာရပ်တစ်ခုပါပဲ - ကျွန်တော်တို့ ဒီမှာ မြန်မာမိသားစုဖိုရမ်ဆိုပြီး ဖြစ်လာပြီ - ဖိုရမ်ထဲမှာ သူ့ကဏ္ဍနဲ့ သူ တတ်မြောက် ကျွမ်းကျင်သူတွေ ရှိကြတယ် - ကဏ္ဍလိုက်မှာ ကိုယ်မသိနားမလည်တာတွေ ရှိရင် ဝင်ရောက်မေးမြန်းနိုင် သလို ကိုယ်သိနားလည်ထားတာ ရှိရင်လည်း တစ်ခြား အခက်အခဲ ဖြစ်နေသူ တစ်ယောက်အတွက် တစ်ဖက်တစ်လှမ်းကနေ ဝင်ရောက်ကူညီနိုင်ပါတယ် - ဒီသဘောကို ရေးခဲ့ပြီးတဲ့ မျှဝေသူဆိုသည်မှာ အဘယ်နည်း။ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြပေးခဲ့ဖူးပါပြီ - ကိုယ်သိနားလည်ထားတာတွေကို တစ်ခြား အခက်အခဲ ဖြစ်နေသူတစ်ယောက်ကို ကူညီနိုင်ဖို့အတွက် ဘယ်လိုစိတ်ခံယူချက်မျိုးနဲ့ ကူညီရမယ် ဆိုတာကိုလည်း မျှဝေသူတစ်ယောက် သိရှိထားရမည့် အချက်များမှာ အဘယ်နည်း။ -မျှဝေသူများတွင် ပြည့်စုံရမည့် အချက်များမှာ အဘယ်နည်း။ ဆိုပြီး ရေးပြီးခဲ့ပါပြီ - အဲ့တော့ လိုအပ်ချက်တစ်ခု ရှိနေပါသေးတယ် - ကိုယ်မသိနားမလည်တာတွေကို ဝင်ရောက် မေးမြန်းတဲ့ နေရာမှာရော ဘယ်လို အချက်အလက်တွေပေါ် အခြေခံပြီး ရေးသားမေးမြန်းရပါမလဲ - ဘယ်လိုစိတ်ဓာတ်ခံယူချက်မျိုး ထားရှိရပါမလဲ - အဲ့လို မေးမြန်းသူတစ်ယောက်အတွက် သိထားဖို့ လိုအပ်မယ့် အချက်အလက်တွေ အကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ် -

မေးခွန်းမမေးမီ သိရှိသင့်သည့် အချက်များ


အကြောင်းအရာတစ်ခုကို ဖိုရမ်မှာ Thread အသစ်တင်ပြီး ဖြစ်စေ - ရင်းနှီးကျွမ်းဝင်သူ တစ်ယောက်ကို စာချွန်လွှာပို့ပြီး ဖြစ်စေ - မမေးမြန်းခင်မှာ အောက်ဖော်ပြပါ အချက်တွေကို အရင်ဦးဆုံး လုပ်ဆောင်ထား ခဲ့ပြီးသား ဖြစ်သင့်ပါတယ် -

- ဖိုရမ်ထဲမှာ မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဦးစွာဖြေကြား ပေးထားပြီးမှု ရှိမရှိ ပြန်လည်ဆန်းစစ်ပါ။
- မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး Web ပေါ်မှာ ဖြေဆိုပြီးသား ရှိမရှိ ရှာဖြွေကည့်ပါ။
- မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပတ်သတ်နေတဲ့ Manual တွေကနေတစ်ဆင့် အဖြေတွေ့အောင် ရှာဖြွေကည့်ပါ။
- FAQs လို့ခေါ်တဲ့ Users တိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းမျိုးတွေမှာ ကိုယ်မေးမြန်းလိုတဲ့ အကြောင်းအရာတွေ ပါဝင်မှု ရှိမရှိ လေ့လာကြည့်ပါ။
- အဖြေတွေ့နိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံ - စစ်ဆေးဆုံးဖြတ်ချက်တွေကနေ ချဉ်းကပ်နိုင်အောင် ကြိုးစားကြည့်ပါ။
- ကျွမ်းကျင်နားလည်မှု ရှိတယ်လို့ သေချာပေါက် ကိုယ်သိထားတဲ့ အသိမိတ်ဆွေတစ်ယောက်ကို မေးမြန်းကြည့်ပါ။

ကိုယ်ကိုယ်တိုင်က Programmer တစ်ယောက်ဆိုရင် ကိုယ်တွေ့ချင်တဲ့ အဖြေကို Source code တွေဖတ်ပြီး ရှာတွေ့နိုင်ဖို့ ကြိုးစားကြည့်ပါ။

    မမေးခင် လေ့လာပါ။ မိမိ မေးမြန်းလိုတဲ့ အကြောင်းအရာတစ်ခုကို မေးခွန်းထုတ်ပြီး စတင်မေးမြန်းတော့မယ်ဆိုရင် မေးခွန်းမစတင်ခင်မှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်က ဘာတွေ အဦးဆုံး လေ့လာထားခဲ့ပြီးပြီလဲ - ဘာတွေ ပြင်ဆင်ထားခဲ့သလဲ - စတဲ့ ပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်မှာ မမေးမြန်းခင်တည်းက ကြိုးစားခဲ့တဲ့ အချက်အလက်တွေကို ဦးစွာဖော်ပြသင့်ပါတယ် - ဒီလို ဖော်ပြထားခြင်းအားဖြင့် ကိုယ်ဟာ ငပျင်းတစ်ယောက် မဟုတ်ဘူး - ကိုယ်သိချင်တာကို ကိုယ်အရင်တွေ့အောင်ရှာတယ် - ရှာလို့ဘယ်လိုမှ မတွေ့နိုင်တော့မှ ( သို့တည်းမဟုတ် ) နားလည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့မှ တစ်ဖက်လူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စာနာမှုနဲ့ မေးမြန်းတယ် ဆိုတာမျိုး မေးမြန်းခံရသူ နားလည်အောင် အရင်ဦးဆုံး ကြိုးစားဖော်ပြသင့်ပါတယ် - ဒီ့ထက်မှ ကိုယ့်မေးမြန်းချက်ကို ပိုပြီး တန်ဖိုးရှိစေ ချင်သေးတယ် ဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုထဲက ကိုယ်လိုချင်တဲ့ အဖြေကို ရှာမတွေ့ခဲ့ပေမယ့် ဘယ်အကြောင်း အရာတွေကို နားလည်ခဲ့တယ် - ဘာတွေကိုတော့ မှတ်သားစရာ ရခဲ့တယ် ဆိုတာမျိုး တစ်ခြားသူတွေ အတွက် ချပြသင့်ပါတယ်။ 


    အားလုံးထဲမှာ ကိုယ်သိနားလည်ချင်တဲ့ အရာကို အလွယ်ကူအလျင်မြန်ဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့ နည်းလမ်းကတော့ Google search ကို အသုံးပြုပြီး ရှာဖွေတဲ့လမ်းစဉ်ပါ - တကယ်လို့ အဲ့လိုရှာလို့မှ မတွေ့ခဲ့ဘူး ဆိုရင်လည်း "မေးမြန်းချက်ကို ရေးသားတဲ့ အချိန်မှာ - ကျွန်တော်/ကျွန်မတော့ ဒီစကားစုတွေနဲ့ Google ကိုသွားပြီး ရှာခဲ့တယ် - ဒါပေမယ့် စိတ်ကျေနပ်လောက်စရာ ဘာအဖြေတစ်ခုမှ မရခဲ့ဘူး" ဆိုတာမျိုး ထည့်သွင်း ဖော်ပြသင့်ပါတယ်။

    ဘာကြောင့်လည်းဆိုရင် ကိုယ်ရှာဖွေခဲ့တုန်းက အဆင်မပြေခဲ့တဲ့ Search terms ဟာ ကိုယ့်ကို ဖြေကြားပေးမယ့် သူအတွက်လည်း ထည့်စဉ်းစားဖို့ မလိုတော့ဘူး ဆိုတာ တစ်ဖက်လှည့်နဲ့ သိသာစေလို့ပါပဲ။ နောက်တစ်ချက် ရှိသေးတာ အဲ့လို ဖော်ပြလိုက်ခြင်းအားဖြင့် ကိုယ်နဲ့ ပြဿနာတူညီ ဖြစ်ဖူးသူ တစ်ယောက်က ဒီအကြောင်းအရာကို တွေ့ရှိပြီး - သူပြဿနာ ဖြစ်ခဲ့တုန်းက ပြေလည်ခဲ့တဲ့ Search terms ကို ညွှန်ပြပေးဖို့ အတွက် ရောက်ရှိလာပါလိမ့်မယ် - ဒီနည်းနဲ့ ကိုယ်လိုလားတဲ့ အဖြေကို ခဏချင်း ရရှိနိုင်ပါလိမ့်မယ်။


    စဉ်းစားရခက်တဲ့ အဖြေတစ်ခုကို Google လိုမျိုး Enter တစ်ချက်ခေါက်တာနဲ့ ချက်ချင်းအဖြေပြန်ရဖို့ မမျှော်လင့်ပါနဲ့ - အချိန်ပေးပါ - စာဖတ်ပါ - အကြောင်းအရာနဲ့ သက်ဆိုင်နေတဲ့ FAQs တွေကို နားလည်ခဲ့ပြီလား သေချာပြန်ဆန်းစစ်ပါ - ဖတ်ပြီးရင် ခဏလောက်နားပါ - ကျွမ်းကျင်သူ တစ်ယောက်ကို မမေးခင် ဒီပြဿနာကိုပဲ နောက်တစ်ခေါက် ပြန်တွေးကြည့်ပါ - မယုံမရှိပါနဲ့ - ကျွမ်းကျင်နားလည်ပြီးသား သူတစ်ယောက်ဟာ မေးမြန်းသူဆီက ရလာတဲ့ မေးခွန်းရဲ့ အသွားအလာကို ကြည့်ယုံနဲ့ ကိုယ်ဘယ်လောက် စာဖတ်ထားသလဲ ?? မမေးခင် ကိုယ်ဘာတွေ တွေးထားခဲ့ပြီးပြီလဲ ဆိုတာ ဒက်ကနဲ သဘောပေါက်ကြပါတယ်။ အဲ့ဒီ့အခြေအနေတွကို ကျွမ်းကျင်သူက သိရှိသွားတာနဲ့ မေးမြန်းသူရဲ့ အားထုတ်ခဲ့မှုပေါ် မူတည်ပြီး ကူညီပံ့ပိုးလိုစိတ်က အလိုလို ဖြစ်တည်လာတတ်ပါတယ်။ နောက်ပြီး မေးခွန်းအများကြီးကို တစ်ဗရိတ်တည်းနဲ့ တရစပ်ပစ်မသွင်းပါနဲ့ - ဘာကြောင့်လဲဆို ကိုယ်မေးတဲ့ မေးခွန်းအတွက် ဘာအဖြေတစ်ခုမှ ပြန်မရပဲ ဖြစ်သွားပါလိမ့်မယ် - ( ဒါမှမဟုတ် အနှစ်သာရ မရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် အဖြေတွေ ဗျောက်သောက် ပြန်ရပါလိမ့်မယ် )


    ကိုယ့်မေးခွန်းအတွက် ကြိုတင်ပြင်ဆင်ပါ - မေးခွန်းကိုကြည့်ပြီး ပြန်တွေးပါ - ပြီးစလွယ် စီးစလွယ်မေးတဲ့ မေးခွန်းမျိုးဟာ ပြီးစလွယ် စီးစလွယ်အဖြေပဲ ပြန်ရပါလိမ့်မယ် ( ဒါမှမဟုတ် ဘာတစ်ခုမှ ပြန်မရ တတ်ပါဘူး ) - တတ်ယောင်ကား ပုံစံမျိုးနဲ့ မေးခွန်းမမေးမိစေဖို့ကိုလည်း ဂရုပြုပါ - တတ်ယောင်ကား လုပ်ပြီး ( မသိလို့မေးတာ မဟုတ်ဘူး - ငါကသိတယ် - ဒါလေး မင်းများဆွေးနွေးပေး နိုင်မလားလို့ မေးတာ ဆိုတဲ့ အထက်စီးက မေးတဲ့ပုံစံမျိုး ) ယူဆချက် အမှားပေါ် အခြေခံပြီး မေးထားတဲ့ မေးခွန်းမျိုးဟာ မြန်မာလူမျိုး ဖြေကြားပေးမယ့်သူ တစ်ယောက်အတွက် အားတုံ့အားနာဖြစ်စေသလို - လိုလားချက်နဲ့ မသက်ဆိုင်တဲ့ ယူဆချက်အမှားကို ပြန်ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားရတာနဲ့တင်ပဲ မလိုအပ်ပဲ အချိန်အမြောက်အများ ကုန်ဆုံးစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ထင်မြင်ချက်ကို နောက်မှာထားပြီး လက်တွေ့ နားလည်သိရှိမှုကိုပဲ မေးမြန်းမှု အကြောင်းအရာမှာ ဦးစားပေးတင်ပြပါ။


    ကိုယ့်မေးခွန်းအတွက် အဖြေပြန်ရကို ရလိမ့်မယ်/ဖြေကို ဖြေပေးရမယ်လို့ ဘယ်တော့မှ တစ်ထစ်ချ ယုံကြည်မထားပါနဲ့ - ဘယ်တော့မှ မဖြစ်နိုင်ပါဘူး - ဖိုရမ်တစ်ခုရဲ့ သဘောတရားဟာ တစ်ယောက်ကို တစ်ယောက် စာနာနားလည်စိတ်နဲ့ ငွေကြေးအမြတ်အစွန်း တစ်စွန်းတစ်စ မယူပဲ မိသားစုဝင်အချင်းချင်း ကူညီဖေးမ လည်ပတ်နေတာ ဖြစ်ပါတယ် - ငွေပေးမေးမြန်းနေတာ မဟုတ်ပါဘူး - ကိုယ်မေးမြန်းတဲ့ အကြောင်းအရာဟာ စဉ်းစားပေးဖို့ သင့်သလား - စိတ်ဝင်စားဖို့ ကောင်းသလား - ဘယ်လိုပြဿနာရပ်တွေပေါ်မှာ အခြေခံထားသလဲ - ဒီမေးခွန်းကနေ ဘယ်လို အတွေ့အကြုံဗဟုသုတတွေ ရနိုင်သလဲ - စဉ်းစားသင့်တဲ့ ပြဿလေးတွေက ဘာတွေလဲ .... စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပြန်ကြားချက်တွေ ရရှိလာပါလိမ့်မယ်။

    တစ်ဖက်လှည့်နဲ့ နားလည်လွယ်အောင် ပြောရရင် - ကိုယ်ရဲ့ ဖော်ပြချက် မေးခွန်းထဲမှာ -


    " ဒီပြဿနာရပ်အတွက် ကျွန်တော်လုပ်ဆောင်ရမယ့် လုပ်ဆောင်နည်း အသေးစိတ်ကို သေသေချာချာလေး ရေးပေးပါ " ဆိုတာမျိုးထက်

    " ဒီပြဿနာရပ်အတွက် တစ်ယောက်ယောက်များ လိုအပ်ချက်ကို ထောက်ပြနိုင်မလား ?? "
    " ဒီပြဿနာရပ်အတွက် ကျွန်တော့်ရဲ့ လေ့လာမှုထဲမှာ ဘာတွေများ လိုအပ်ချက် ရှိနေပါသလဲ ?? "
    " ဒီပြဿနာရပ်အတွက် ဘယ်လိုနေရာများတွေကိုများ လေ့လာဖို့ သင့်ပါသလဲ ?? "
    စတဲ့ ဖော်ပြချက်မျိုးတွေက ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုယ်တကယ် သိနားလည်လိုစိတ် ပြင်းပြနေတယ် ဆိုတာကို သိသာစေသလို ဖြေကြားပေးသူ အပေါ်မှာလည်း တစ်ဖက်လူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် စာနာနားလည်တဲ့ သဘော သက်ရောက်စေပါတယ်။ 

    KznT.

    How to backup your Gtalk chat logs

    Leave a Comment
    ဒီအကြောင်းက ကိုညီညီ ဒီနေရာမှာ မေးထားတဲ့ အကြောင်းကို ရေးထားတဲ့ အကြောင်းအရာနဲ့ မဆက်စပ်လို့ ခေါင်းစဉ်အသစ် ထုတ်ပြီး ရေးဖြစ်လိုက်ပါတယ် - သူမေးထားတဲ့ မေးခွန်းက ဒီလိုပါ -

    ကျွန်တော် သိချင်တာ တစ်ခုရှိတယ်ဗျ - သူက imap သုံးပြီး gmail ထဲမှာ ရှိတဲ့ email တွေကို download ယူ ဖွင့်ကြည့်လို ့ရတာတော့ ဟုတ်တယ်။ ဒါပေမယ့် chat တွေကျတော့ မရဘူး။ ကျွန်တော် မလုပ်တတ်တာလားတော့ မသိဘူး။ အဲ့ဒီလို chat တွေကို gmail ဖွင့်စရာ မလိုဘဲ imap နဲ ့ download ယူဖွင့်ကြည့်လို ့ရတဲ့ နည်းလမ်းလေးများ သိရင် ပြောပြပါအုံး။

    ကျွန်တော်လည်း ဒီရက်ပိုင်း ကံမကောင်းဘူးလား မသိ - ဖြေရလက်ပေါက်ကပ်တာတွေချည်း ဆက်တိုက် မေးခံနေရတယ် -  ကိုညီညီပြောတာ ဟုတ်ပါတယ် - IMAP သုံးပြီး Gmail ထဲက Emails တွေကို Download ယူဖွင့်ကြည့်လို့ ရတာ ဟုတ်တယ် - ဒါပေမယ့် Chat တွေကတော့ မရပါဘူး - မရဘူးဆိုလို့ နဲနဲ စောဒက တက်စရာရှိတယ် - တစ်ချိန် Gmail ကနေပြီး IMAP စပေးခါစတုန်းကတော့ ယောင်တယ် ပြောရမလား - ကြောင်တယ်ပြောရမလား မသိဘူး - Chats တွေကို Label ပြောင်းပေးလိုက်ယုံနဲ့ IMAP ကနေ ဒေါင်းလုပ်ဆွဲလို့ ရခဲ့ဖူးတယ် - ဒါပေမယ့် အဲလို ဖြစ်ခဲ့တာကလည်း ခဏပဲ - နောက်ပိုင်း မရတော့ဘူး - အဲ့တာကြောင့် ခုနောက်ပိုင်းကျတော့ Chat logs တွေကို Download ချပြီး သိမ်းထား ချင်တယ်ဆိုရင် တစ်ခြားနည်းတွေ ပြောင်းပြီး လုပ်ကြရတယ် - အဲ့နည်းတွေက

    • Chats အားလုံးကို တစ်ခုချင်းစီ ပြန်ဝင်ပြီး ကိုယ့် Email ထဲ ကိုယ့်ဘာသာ Forward ပြန်လုပ်တဲ့နည်း ( ဒီနည်းက Chat history မှာ ပမာဏ သိပ်မများရင် အကြောင်းမဟုတ်ဘူး - ပမာဏ အရမ်းများရင် ကျတော့ ရှော့ရှိလာတယ် - ဒါ့ကြောင့် ဒီနည်းက သိပ်မကောင်းဘူးလို့ ပြောလို့ ရတယ် )
    • ဝင်လာသမျှ Chats အားလုံးကို ကိုယ့် Inbox ထဲနောက်တစ်ကြိမ် ပြန်ဝင်လာအောင် Auto forward လုပ်ထားတဲ့နည်း ( ဒီနည်းကလည်း ခုကနေ စလိုက်ရင် နောက်ပိုင်း ဝင်လာမယ့် Chats တွေအတွက်ပဲ အကျိုးသက်ရောက်မှု ရှိမယ် - အရင်တုန်းက ရှိခဲ့ဖူးတဲ့ Chat တွေပေါ် အကျိုးသက်ရောက်မှု မရှိဘူး )
    • Script သုံးပြီး Gmail website ကို Analyze လုပ်တဲ့နည်း ( ဒီနည်းကကျတော့ Google ရဲ့ TOS နဲ့ မညီလို့ နာရီပိုင်းအတွင်း ကိုယ့် Account က Block ခံရနိုင်တယ် )

    GTalk Chat logs များအား Offline backup လုပ်ဆောင်ခြင်း


    အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့ နောက်မှာ ကျွန်တော်တို့ အသုံးချနိုင်တဲ့ နောက်နည်းလမ်း တစ်ခု ရှိပါတယ် - အဲ့တာက ကျွန်တော်တို့ ကြားယုံကြားဖူးပြီး သိပ်မသုံးဖြစ်ကြတဲ့ Offline Gmail function ကို အသုံးချတဲ့နည်းပါ - Offline Gmail function ကို အသုံးပြုခြင်းအားဖြင့် Google Gears ကနေ ကိုယ့် Gmail Inbox ထဲက Emails တွေ - Chat logs တွေ တစ်ခြား Labels အမျိုးမျိုး ပြောင်းတပ်ထားတဲ့ Mails တွေအားလုံးကို Connection မရတဲ့ အချိန် Offline အနေနဲ့ ကြည့်ရှုနိုင်ပါတယ် - တစ်နည်းပြောင်းပြောရရင် စက်ထဲမှာ Offline backup လုပ်ဆောင်ထားလို့ ရတယ်ပေါ့ - အဲ့လို လုပ်ဆောင်ဖို့အတွက် 



    အဆင့် ( ၁ ) >> အရင်ဆုံးGoogle Gears ရှိရာဆီ သွားပြီး Installation status ကို တစ်ချက်ကြည့်ကြည့်ပါ - တကယ်လို့ သူက Installed လို့ ပြရင်တော့ အောက်ဖော်ပြပါနည်းအတိုင်း ဆက်လုပ်သွားပြီး - Install မလုပ်ဆောင်ရသေးလို့ ပြရင်တော့ သူ့ကို install လုပ်ပြီး Browser ကို Restart ပြန်ပေးဖို့ လိုပါတယ် - ကျွန်တော်ကတော့ Google Chrome သုံးတဲ့သူ မို့လို့ Google Chrome မှာ Google Gears က default အနေနဲ့ ပါဝင်ပြီးသားပါ - Install လုပ်ဖို့ မလိုပါဘူး - 




    အဆင့် ( ၂ ) >> ပြီးသွားရင် နောက်တစ်ဆင့် အနေနဲ့ Gmail ထဲကို ဝင်ပါမယ် - ဘယ်တွေကို ဒေါင်းလုပ်ချမှာလဲ ဆိုတာ စီစဉ်ရပါမယ် - လောလောဆယ်တော့ ကျွန်တော်တို့က Gtalk Chat logs တွေကို အဓိက ဒေါင်းလုပ်ချဖို့ ရည်ရွယ်ထားတာမို့လို့ Search box မှာ in:chat လို့ရိုက်ပြီး ဖြစ်စေ - Side bar က Chats ကနေ ဖြစ်စေ Chat History တွေ ရှိရာဆီ ဆက်သွားပါ။ ဒီနေရာမှာ နှစ်နည်းရှိတယ် - တစ်ချို့က Chat History မှန်သမျှကို သိမ်းချင်တာ - တစ်ချို့ကျတော့ Chat History ထဲကမှ ကိုယ့်အတွက် အရေးကြီး တာလေးလောက်ကိုပဲ သိမ်းချင်တာ - တကယ်လို့ Chat History မှန်သမျှကို သိမ်းချင်တဲ့ လူဆိုရင်တော့ ဒီနည်းကို သုံးဖို့ မလိုပါဘူး - အဆင့် ( ၅ ) ကို တန်းကျော်သွားလိုက်ပါ - ခုနည်းက လိုတာလေးလောက်ကိုပဲ သီးသန့်သိမ်းချင်တဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် - 




    အဆင့် ( ၃ ) >> အထက်မှာ ဖော်ပြထားတဲ့အတိုင်း ကိုယ့် Chat History တွေကို မြင်ရပြီ ဆိုရင် အရေးကြီးတဲ့ Chat History အားလုံးကို Select ပေးပြီး အထက်ဖော်ပြပါအတိုင်း Label > Create new ကနေ တစ်ဆင့် New Label တစ်ခုပေးပါ - ကျွန်တော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Gtalk History ပေါ့ -




    အဆင့် ( ၄ ) >> အဲ့လိုပေးပြီးတာနဲ့ ကိုယ်ဒေါင်းလုပ်ချဖို့ ရွေးချယ်ထား ပြီးသား Chat History တွေ အားလုံးဟာ အောက်ဖော်ပြပါ အတိုင်း ကိုယ်ပေးထားတဲ့ New label နဲ့ ယှဉ်ရက်တွေ့ရပါလိမ့်မယ်။ 



    အဆင့် ( ၅ ) >> နောက်တစ်ဆင့်မှာ Mail Settings ကို သွားပါ - 




    အဆင့် ( ၆ ) >> Offline ကို ဆက်ဝင်ပါ - Enable Offline Mail for this computer ကို Enable ပေးပါ - 



    အဆင့် ( ရ ) >> ပြီးရင် Download options: အောက်က Change Label Settings ကို Expand လုပ်ပါ - 



    အဆင့် ( ၈ ) >> Expand လုပ်ပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း Recent message range: ကို 5 Years ( Messages အဟောင်းတွေ အကုန်ရအောင် ) - နောက် Set None ကို တစ်ချက်နှိပ် ( ဆိုလိုတာ အားလုံး ဒေါင်းလုပ်ချဖို့ မလိုဘူး - ဒေါင်းလုပ်လိုချင်တာကို ကိုယ့်ဘာသာကိုယ်ပဲ ရွေးမယ်ဆိုတဲ့ သဘောနဲ့ Set None ကို နှိပ်တာပါ ) - အဲ့လိုလုပ်ပြီးမှ Chat History အားလုံးကို လိုချင်တဲ့သူဆိုရင် Chats ရဲ့ ဘေးက All ကို Click ပေးပြီး - 




    အရေးကြီး တာလေးလောက်ကိုပဲ ရွေးပြီး Download ချချင်တဲ့သူတွေအတွက် အထက်မှာ Label အသစ်ပြောင်းပြီး သီးသန့် သိမ်းထားခဲ့တဲ့ Gtalk History ( မိမိပေးထားသောနာမည် ) ရဲ့ ဘေးနားက All ကို Click ပေးပါ - 




    အဆင့် ( ၉ ) >> အဲ့လိုရွေးချယ်ပြီးရင် Settings ရဲ့ အောက်ဆုံးက Save Changes ကို Click ပေးပါ - ဒီလိုဆို အောက်ဖော်ပြပါအတိုင်း Install offline access for Gmail ဆိုတဲ့ box လေးတစ်ခု တက်လာပါလိမ့်မယ် - Next ပေးပါ -



    အဆင့် ( ၁၀ ) >> Gear box တက်လာပါလိမ့်မယ် Allow ပေးပါ -


    အဆင့် ( ၁၁ ) >> Shortcuts ကို ဘယ်မှာထားမလဲ မေးပါလိမ့်မယ် - နေရာရွးပြီး OK ပေးပါ -



    အဆင့် ( ၁၂ ) >> အဲ့တာတွေ အားလုံးလုပ်ပြီးသွားရင် Gmail ထဲမှာ Offline Installation Progress တွေ အလုပ်လုပ်နေတာ မြင်ရပါလိမ့်မယ် -



    ပြီးတဲ့ထိ ခဏစောင့်လိုက်ပါ -




    အဆင့် ( ၁၃ ) >> ဒီအဆင့်ပြီးသွားရင် တကယ်တမ်းက အားလုံးပြီးပါပြီ - Desktop ပေါ်မှာ ရှိနေတဲ့ Offline Gmail ကနေ Internet Connection မရှိလည်း စပြီး ကြည့်လို့ ရပါပြီ - ဒါပေမယ့် တစ်ချို့က အဲ့လိုကြည့်လို့ရယုံတင် မဟုတ်ပဲ အဲ့လို Offline ကြည့်လို့ ရနေတဲ့ Database တွေက ဘယ်မှာ ရှိနေသလဲ - အဲ့ဒီ့ Database ကနေ Messages တွေသီးသန့်ထပ်ထွက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိချင်ကြသူတွေ ရှိပါသေးတယ် - အဲ့အတွက် အောက်က အဆင့်တွေကို ဆက်ဖတ်ပါ -



    Offline ကြည့်လို့ရအောင် Download ချထားတဲ့ offline files တွေက Google Chrome သုံးတဲ့သူဆိုရင် Windows 7 မှာ


    C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\Plugin Data\Google Gears\mail.google.com\https_443
    အောက်မှာ ရှိပါတယ် - ( OS မတူသူများ Browser မတူသူများ Directory တော့ ကိုယ့်ဘာသာ ကြည့်ရှာကြပါ ) - 



    ဖော်ပြထားတဲ့အတိုင်း ဖိုင်တွေအများကြီးထဲကမှ တစ်ခြားဖိုင်တွေနဲ့ ယှဉ်လိုက်ရင် ပမာဏ အများဆုံး မြင်ရတဲ့ ဖိုင်ဟာ ကျွန်တော်တို့ လိုချင်တဲ့ Offline Database ဖြစ်ပါတယ် - သူ့ကို Copy ကူးပါ - တစ်ခြား မှတ်မိလွယ်တဲ့ နေရာ ( ဥပမာ - Desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး ) မှာ ပြောင်းထားလိုက်ပါ - ပြီးရင် အဲ့ဒီ့ Database ကို candorz ဆိုပြီး နာမည်ပြောင်းပေးပါ ( နာမည်ပြောင်းတဲ့ နေရာမှာ File Extension အပါအဝင် အကုန်ပြောင်းရမှာ ဖြစ်ပါတယ် ) -

    ပြီးရင် ဒီနေရာ နဲ့ ဒီနေရာ က ဖိုင်နှစ်ခုကို ဒေါင်းလုပ်ချပါ - အဲ့ဖိုင်တွေကို ဖြည်လိုက်ရင် extract.exe နဲ့ sql4.vbs ဆိုပြီး ရပါလိမ့်မယ် - အဲ့ဖိုင်တွေကိုလည်း ခုနက Database ကို နာမည်ပြောင်းပေးခဲ့တဲ့ file နဲ့ တူတူထားရပါမယ် - ပြီးရင် sql4.vbs ကို Double click ပေးပါ - ဒါဆို အောက်မှာ ဖော်ပြထားတဲ့အတိုင်း msgs ဆိုတဲ့ folder တစ်ခု ထပ်ထွက်လာပါလိမ့်မယ် - 




    သူ့ထဲကို ဝင်ကြည့်လိုက်ပါ - ကျွန်တော်တို့ လိုချင်တဲ့ Chat History တွေ အားလုံး အောက်ဖော်ပြပါ အတိုင်း ရှိနေတာ တွေ့ရပါလိမ့်မယ် - 



    ကျွန်တော်သိထားသလောက်တော့ ဒါအကုန်ပါပဲ 

    KznT.

    Unicode & Zawgyi

    Leave a Comment


    Unicode နဲ့ ပတ်သတ်ပြီး ပြောချင်တဲ့ စကားတွေ ရင်ထဲမှာ အပြည့်ပဲ - ဒီ Thread ကို စတွေ့တည်းက ဝင်ပြောချင်တာ - ဒါပေမယ့် မရေးဖြစ်လိုက်ဘူး - ရေးမယ်လုပ်တော့လည်း ကိုယ်ပြောမယ့် စကားတွေက ဘာကိုမှ ကြီးကြီးမားမား မရည်ရွယ်ပေမယ့် စာဖတ်သူတွေက သူတို့ ဘာသာသူတို့ လိုရာအဓိပ္ပါယ် ကောက်ပြီး တစ်ယောက်ယောက်/အဖွဲ့အစည်း တစ်ခုခုကို တိုက်ခိုက်သလို ထင်သွားမှာ စိုးမိတယ် - ကိုယ့် ထမင်းကိုယ်စားပြီး လူမုန်းတော့ မခံချင်ပါဘူး - ခုနောက်ထွက်တဲ့ Unicode ဟာ ကိုသက်နောင် ပြောခဲ့ပြီးသလို International standard ဖြစ်တာ မှန်တယ် - အားသာချက်တွေ အများကြီး ရှိတာ မှန်တယ် - လူပြိန်းစကားနဲ့ ပြောရရင် ကျွန်တော် Unicode ကို သဘောကျတာ International standard ဆိုတာကြောင့် မဟုတ်ဘူး - သူ့လက်ကွက်ကိုက ရိုက်ရလွယ်တာ - စနစ်လည်း အများကြီး ကျတယ် - တစ်ခြား အားသာချက်တွေလည်း တစ်ပုံတစ်ပင်ပေါ့ - ဒါပေမယ့်ဗျာ - ကျွန်တော် ဘာကို သဘောမကျလဲ ဆိုတော့ စနစ်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတယ်ဆိုတာ -ဒါကကောင်းတယ် ရော့ဒါသုံး ဒါကိုလုပ် ဆိုပြီး ပြောင်းပစ်လိုက်လို့ မရဘူး - ပြောရရင် ဒါက ရေခဲချောင်း စားနေတဲ့ ကလေးတစ်ယောက်ကို သူ့လက်ထဲက ရေခဲချောင်းယူပြီး ကောက်ညှင်းကျည်တောက် ပြောင်းစားခိုင်းတာနဲ့ တူနေတယ် - ကောက်ညှင်းကျည်တောက်ဗျာ - ရေခဲချောင်းထက်လည်း ဈေးပိုကြီးတယ် လူတိုင်းသိတယ် - စားလို့လည်း ပိုကောင်းတယ် - အရသာလည်း ပိုရှိတယ် - ဗိုက်လည်း တကယ်ပြည့်တယ် မှန်တယ် - ဒါပေမယ့် ကောက်ညှင်းကျည်တောက်ဆိုတာ ဒီအတိုင်းကြီး ကိုင်စားလို့ မရဘူးဗျ - အထဲက ကောက်ညှင်းသားကို ရဖို့ဆိုတာ အဲ့ဒီ့ ကောက်ညှင်းသားကို အပြင်က ရံထားတဲ့ ဝါးကျည်တောက်အခွံလေးကို ရောင်းတဲ့သူက သေသေချာချာ ခွာပေးရတယ် - ရလာတဲ့ ကောက်ညှင်းသားကိုမှ သကြားလေး/အုန်းသီးလေး ဖြူးပေးရတယ် - အဲ့လို လုပ်ပြီး ကျွတ်ကျွတ်အိတ်လေး - ဖက်လေးနဲ့ သေသေချာချာ ထုပ်ပေး - သွားကြားထိုးတံလေး စိုက်ပေးလိုက်တော့မှ ကလေးက စမ်းစားကြည့်ပြီး ရေခဲချောင်းထက် ပိုစားလို့ ကောင်းပါလားဆိုတာ သိလာမှာပေါ့ - အခွံမခွာရသေးတဲ့ ကောက်ညှင်းကျည်တောက်ကြီး ကလေးကို ထိုးပေးကြည့်ပါလား - ဘယ်လိုစားရမယ်မှန်း သူသိပါ့မလား - အရသာရှိမှန်း သူနားလည်ပါ့မလား ?? လူကြီးကိုကြောက်လို့သာ လွှင့်မပစ်ရင် မပစ်မယ် - သူ့စိတ်ထဲမှာတော့ ရေခဲချောင်း ဆက်စားချင်စိတ်က ရှိနေဦးမှာပဲ - "Unicode - ဇော်ဂျီ - Developers နဲ့ Users" တွေအားလုံးကို အဲ့ဥပမာနဲ့ ချိန်ထိုးကြည့်လိုက်ရင် - 


    Unicode = ကောက်ညှင်းကျည်တောက်
    ဇော်ဂျီ = ရေခဲချောင်း
    Developers = ကောက်ညှင်းကျည်တောက်ရောင်းသူ နဲ့
    Users = ကလေး

    ဆိုပြီး ရတယ် - ခု Unicode - Unicode ဆိုပြီး Blog လောကမှာ တစ်ခေတ်ထလာတာ ဘယ်လောက်မှ မကြာသေးဘူး - အတိအကျပြောရရင် မြန်မာကျူတိုရီရယ်က စာရေးအလွန်ကောင်းပြီး စေတနာ အပြည့်ထားတဲ့ စာရေးသူ ကိုသီဟ 31 Dec 2010 မှာရေးခဲ့တဲ့ ကျွန်ုပ်နှင့် ယူနီကုတ် ခရီးစဉ်ကနေ စခဲ့တဲ့ လို့ ဆိုရမယ် - ပြောရရင် ကိုသီဟက Unicode နဲ့ ပတ်သတ်ပြီး တော်တော်လေး ရှင်းပြရှာတယ် - သူနဲ့ တစ်ခြား စာရေးသူတွေ ရေးခဲ့တဲ့ Unicode နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဒီနေရာမှာ ဖတ်နိုင်ပါတယ် - တကယ်တမ်းပြောရရင် Unicode က ကိုသီဟ အဲ့လို မရှင်းပြခင် ဟိုးနှစ်တွေကတည်းက ရှိနေခဲ့တာ - တော်ယုံ ဘယ်သူမှ Unicode ကို စိတ်မဝင်စားကြဘူး - ဘာလို့ စိတ်မဝင်စားကြလဲ စေတနာထားပြီး နားလည်လွယ်အောင် ရှင်းပြမယ့်သူမှ မရှိပဲ - Unicode ခုလို အောင်မြင်လာတာဟာ ပြောရရင် ကိုသီဟတို့ကို အများကြီး ကျေးဇူးတင်ရမယ် - မြန်မာတွေက ပြောရရင် တစ်ယောက်ကောင်း/တစ်ဖွဲ့ကောင်း အရမ်းနေကြတယ် - အားလုံးက ဆရာပဲ - တပည့်မရှိဘူး - ကိုယ့်ထက်သာရင် မနာလိုဘူး - တပည့်မွေးရင်လည်း အဲ့ တပည့်က ကိုယ့်ကိုကျော်မှာ သေရမှာထက် ကြောက်ကြတယ် - ဆရာစားချန် ဆိုတာတောင် မြန်မာစကားမှာ ရှိသေးတယ်မလား - မြန်မာတွေက ပြောရရင် ကောက်ညှင်းကျည်တောက်သာ ရောင်းချင်တာ အခွံခွာပေးရကောင်းမှန်းကျ မသိကြဘူး - စားချင်ရင် ကိုယ့်ဘာသာ ခွာစားဆိုတဲ့ အချိုးမျိုး အမြဲလုပ်ကြတယ် - Unicode အကြောင်းနဲ့ သုံးစွဲပုံ သုံးစွဲနည်းတွေ - အားသာချက် အားနည်းချက်ကို ထောက်ပြတဲ့ ရှင်းလင်းချက်တွေ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖြစ်လာတာ ပြောရရင် ကိုသီဟအဲ့ ပို့စ်ကို ရေးခဲ့ပြီးတဲ့ နောက်ပိုင်းမှ လို့တောင် ပြောလို့ ရတယ် - အရင်ကလည်း မရှိဘူးလား ဆိုတော့ မဟုတ်ဘူး ရှိတယ် - ဒါပေမယ့် ဟိုနေရာ စစ ဒီနေရာ စစ - Unicode အကြောင်း သိချင်ရင် Blog တကာပတ်ရတယ် - ပတ်ပြီးဖတ်လို့လည်း ကောက်ညှင်း ကျည်တောက်ကြီး အခွံမခွာရသေးပဲ လက်ထဲ ရောက်လာတာမျိုးနဲ့ တူတဲ့ Unicode က ပိုကောင်းတယ် ဆိုတဲ့ အသိတစ်ခုက လွဲရင် ဘာမှဂဃနဏ မသိရဘူး - 


    ပြောရရင် ဇော်ဂျီကနေ Unicode ပြောင်းတယ်ဆိုတာ လူအများလက်ခံထားပြီးသား - အသားကျ ထားပြီးသား - အထူးသဖြင့် အစွဲအလမ်းကြီးတဲ့ မြန်မာလူမျိုးတွေ ယဉ်ပါးပြီးသား စနစ်ဟောင်းတစ်ခုကို စနစ်သစ်ရှိရာဆီ ပြောင်းလဲယူရမှာ - ဒီလို ပြောင်းလဲဖို့ဆိုတာ တတ်သိပြီးသားလူတွေ နားလည်ယုံ တစ်ခုတည်းနဲ့ မရဘူး - ခပ်ရှင်းရှင်း ပြောရရင် နလပိန်းတုန်း ဆိုတဲ့ ကျွန်တော့်လို လူမျိုးတွေ နားလည်နိုင်အောင်ပါ ဖြေရှင်းချက်တွေ လုပ်ဆောင်နည်းတွေ ရှိပြီးသား ဖြစ်နေရမယ် - လူတစ်ယောက်စ နှစ်ယောက်စ လိုက်သုံးယုံနဲ့ ယူနီကုတ်ကို အကောင်အထည်ဖော်လို့ မရသလို - အောင်မြင်ပါပြီ လို့လည်း သတ်မှတ်လို့ မရဘူး - ဥပမာ ပြရရင် - www.myanmardaily.net ကို သွားကြည့် - သူပြထားတဲ့ links တွေထဲမှာ Unicode ပြောင်းပြီး သုံးနေပါတယ်ဆိုတဲ့ Blog ဘယ်နခု ရှိသလဲ - လက်ချိုးရေလို့ ရအောင်ကို နည်းနေသေးတယ် - ဒါတင်မကသေးဘူး - Blog တို့ Forum တို့ထက် အဓိပ္ပါယ်အများကြီးရှိတဲ့ မြန်မာဝီကီတောင် ခုထက်ထိ ဇော်ဂျီနဲ့ Unicode ဆိုပြီး နှစ်ပိုင်းကွဲနေတုန်း - အဲလို ဖြစ်ရတဲ့ အကြောင်းက စနစ်ဟောင်း တစ်ခုကနေ စနစ်သစ် တစ်ခုကို ပြောင်းယူရာမှာ ဖြည်းဖြည်းချင်း ရွှေ့မယူပဲ ချက်ချင်း မိုးပေါ်ကကျ လာသလို ဖွဟဲ့ ဆိုပြီး ပြောင်းခိုင်းလို့ အဲလိုတွေ ဖြစ်ကုန်တာ - တကယ်တော့ Unicode ကို Standard ဖြစ်အောင် လုပ်နေတာ ကြာကြာလြှပီ - ခုမှ Users တွေ Unicode အကြောင်း - အားသာချက် အားနည်းချက်တွေ အကြောင်း သိရတော့ ( ဒါတောင် အပြည့်အစုံ မဟုတ်သေး ) မိုးပေါ်က ကျလာသလို ဖြစ်ပြီပေါ့ - Unicode ကို ပြောင်းဖို့ ကြိုးစားဖူးသူတိုင်း Unicode ကို ပြောင်းဖို့ အချိန်ဘယ်လောက်ပေးပြီး စာဖတ်ရတယ်ဆိုတာ သိလိမ့်မယ် - Users တွေဘက်က ကြည့်ရင် Unicode ကောင်းတယ် ဆိုတာ သိတယ် - အားသာချက်တွေ ရှိတာ မှန်တယ် - ဒါပေမယ့် လက်ရှိစာရေးနေသူ Blogger တွေ - Contributors တွေ ဘက်က ကြည့်ရင် အရင်ရေးထားပြီးသား အကြောင်းအရာတွေကို ဇော်ဂျီကနေ Unicode ကို ပြန်ပြောင်းယူဖို့ဆိုတာ အလုပ်ပိုကြီး တစ်ခုပဲ - မလုပ်ပဲဒီအတိုင်း ထားလို့ကလည်း မရဘူး - ဘလော့က Unicode နဲ့ ဇော်ဂျီ နှစ်ပိုင်းကွဲသလိုဖြစ်နေမယ် - အဲ့လို အလုပ်ပိုတွေအတွက်က ဘယ်မှာလဲ Help Center - ဘယ်မှာလဲ လူပြိန်းနားလည်အောင် ဒိုင်ခံရှင်းပြမယ့်သူ - နေရာတွေ မရှိဘူး မဟုတ်ဘူး - မေးလို့ရမယ့် နေရာတွေ ရှိတော့ရှိတယ် - ဒါပေမယ့် တစ်ခုမသိတိုင်း တစ်ခါသွားမေးနေရင် အိုသေရချည်ရဲ့ - တကယ်တမ်းက အထက်မှာ ပြောခဲ့ပြီးသလို စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ပြောင်းလဲပေးမယ့် ကြီးမားတဲ့ ကူးပြောင်းမှု ဆိုတာ မကူးပြောင်းခင် တည်းက ဖြစ်လာနိုင်မယ့် မေးခွန်းတွေ - Users တွေအတွက် ကြုံတွေ့ရမယ့် ပြဿနာတွေ အားလုံးကို တတ်နိုင်သမျှ ဘက်ပေါင်းစုံက ပြည့်စုံသလောက်နီးပါး အဖြေရှာထားပြီးသား/ဖြေရှင်းပေး ထားပြီးသား ဖြစ်နေဖို့ လိုကိုလိုတယ် - Unicode သမားတွေ ကိုယ့်ကိုယ်ကိုယ် မညာတမ်းဖြေကြည့်ပါ - အဲ့လိုကဏ္ဍအားလုံးအတွက် စံပြုလောက်တဲ့ ပြည့်စုံမှုမျိုး တစ်နေရာတည်းမှာ ရှိနေပြီလား ?? - ဒါက Developers တွေကို စော်ကားတာ မဟုတ်ဘူး လိုအပ်ချက်ကို ထောက်ပြတာ - ခု Unicode မှာက အားသာချက်တွေ ရှိတာ မှန်ပေမယ့် ပြဿနာရပ်တိုင်းအတွက် ဖြေရှင်းချက်တွေ မပြည့်စုံသေးဘူး - ပြောရရင် ကျွန်တော့် လက်ထဲမှာ အခွံခွာထားပြီးသား ကောက်ညှင်းကျည်တောက်ကြီးပဲ ရှိသေးတယ် - သူတို့က သကြားတို့ အုန်းသီးတို့ ဖြူးမပေးထားသေးဘူး - အဲ့အတွက် ကျွန်တော် ဒီ ကောက်ညှင်းကျည်တောက် ကို ကောင်းမှန်း သိရင်တောင် စားချင်စိတ် မရှိသေးဘူး - ကျွန်တော် ဒီရေခဲချောင်းပဲ ဆက်စားနေမိဦးမှာပဲ - နောက်တစ်ချိန် စာရိုက်ယုံ တစ်ခုတည်းအတွက် မဟုတ်ပဲ ကဏ္ဍအသီးသီး မှာ ဇော်ဂျီကနေ Unicode ကို ကူးပြောင်းဖို့ လုပ်ဆောင်ရ လွယ်ကူမယ့် စံပြုလောက်တဲ့ ရှင်းလင်းချက် တွေ ဒီ့ထက်ပို တွေ့လာရမယ် ဆိုရင်တော့ ကျွန်တော့်လက်ထဲက ကောက်ညှင်းကျည်တောက်လည်း သကြားဖြူးပြီးသား ဖြစ်ပြီပေါ့ - အကောင်းကြိုက်တယ်လို့ မထင်ပါနဲ့ - Users အားလုံးပါလာဖို့ ဆိုတာ ဒီအခြေအနေက အရေးအကြီးဆုံးပဲ - လက်ရှိရပ်တည်နေတဲ့ စနစ်ဟောင်း တစ်ခုကနေ ဒီ့ထက်ပိုကောင်းမယ့် စနစ်တစ်ခုရှိရာဆီ ကြီးမားတဲ့ ကူးပြောင်းမှု လုပ်ဆောင်ချင်တဲ့အခါ နိုင်ငံရေးမှာဆို သူရဲကောင်းတွေ စတေးခံကြရတယ် - ပညာရေးမှာဆို ကျွမ်းကျင်သူတွေ ပင်ပန်းဆင်းရဲခံကြရတယ် - နည်းပညာနယ်ပယ်မှာတော့ Developers တွေ ဒီ့ထက်ပိုပြီး ကြိုးစားကြရလိမ့်ဦးမယ် - ဒါဆိုရင်တော့ ကျွန်တော် ရေခဲချောင်း ဆက်စားဖြစ်တော့မယ် မထင်ဘူး 

    image credit: rakhinetharlaydiary.freehostingcloud.com


    KznT.

    7 Chrome Annoyances

    Leave a Comment
    ဒီနေ့ Google Operating System Blog မှာ စာသွားဖတ်ရင်း သိခဲ့တာလေးတွေ ပြောပြချင်မိတယ် - သိတဲ့ အတိုင်း Chrome နဲ့ ပတ်သတ်တာလေးတွေပါ - သေးသေးကွေးကွေး ဆိုပေမယ့် အရေးပါတာလေးတွေ မို့လို့ ဖတ်ပြီးပြီးချင်းပဲ ဘာသာပြန်ပြီး စရေးဖြစ်လိုက်ပါတယ် -

    Google Chrome နဲ့ ပတ်သတ်ပြီး အပေါ်မှာ ကျွန်တော်ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ဖတ်ခဲ့ပြီးရင် တော်တော်များများ တီးမိခေါက်မိ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ် - Google Chrome မှာ တစ်ခြား Browsers တွေနဲ့ ကွာသွားတဲ့ အဓိက အားသာချက်က အမြန်နှုန်းနဲ့ အပြင်အဆင် - Add-ons ချင်းလည်း Firefox နဲ့ ယှဉ်လိုက်ရင် အရေအတွက် အားဖြင့် သိပ်မများသေးဘူးလို့ ဆိုနိုင်ပေမယ့် Google Chrome ရဲ့ Extensions တွေက တစ်ခုဆို ဆိုသလောက် စွမ်းဆောင်ရည်တွေ ထက်မြက်လွန်းတယ် - Google Chrome မှာ အားသာချက်တွေ အများကြီး ရှိပါတယ်လို့ ပြောခဲ့ပေမယ့် ခြောက်ပစ်ကင်း သဲလည်းစင် ကြီးတော့ မဟုတ်သေးဘူး - သူ့မှာ Chrome users တိုင်း ဘဝင်မကျ ဖြစ်နေတဲ့ / ပြောင်းလဲ စေချင်နေတဲ့ အားနည်းချက်လေးတွေလည်း တစ်ချို့ ရှိနေပါသေးတယ် - ဘာတွေလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ

    1. No confirmation when closing multiple tabs


    Firefox မှာဆို Tabs တစ်ခုထက်ပိုပြီး ဖွင့်ထားတဲ့ အချိန် Close button ကို နှိပ်လိုက်မိရင် Tabs အားလုံးကို ပိတ်မှာလား ဆိုတာ အမြဲ မေးလေ့ရှိတယ်။ ဒါမျိုးက တစ်ခါတစ်လေ တစ်ခြား windows တွေနဲ့ ရောပြီး မှားပိတ်မိတဲ့ အခါမျိုးတွေမှာ အရမ်းအသုံးတည့်ပါတယ် - ကိုယ်က မှားပြီး Click ပေးမိတာမျိုး ဆိုရင် Cancel ပေးပြီး နဂိုအခြေအနေအတိုင်းလေး ပြန်ထားလို့ ရသလို - တကယ်ပိတ်ချင်တာ ဆိုရင်လည်း OK ပေးလိုက်ယုံပဲ - Google Chrome ကတော့ အဲ့လိုမဟုတ်ဘူး - နှစ်ခါပြန်မမေးဘူး - ပိတ်ဆို တစ်ခါတည်း ပိတ်ပစ်တာ - ကျွန်တော် စစချင်း ဘာကြောင့်လဲ - Settings မှာများ မှားပေးမိလားဆိုပြီး လိုက်ရှာသေးတယ် - မတွေ့ဘူး - နောက်မှ သိတယ် အစောတည်းကကို မပါတာ - အဲလို မဖြစ်စေချင်ရင် Chrome Toolbox ကိုသုံးပြီး နောက်တစ်ခါ မှားပိတ်မိမလို ဖြစ်တဲ့အချိန် Warning ပေးအောင် လုပ်ဆောင်ထားလို့ ရပါတယ်။

    2. Basic history page



    Google Chrome သုံးသူများ သိကြတဲ့ အတိုင်းပါ - Google Chrome မှာပါတဲ့ History page က Google Chrome ဆိုတဲ့ နာမည်နဲ့ မလိုက်အောင်ကို အူတူတူနိုင်လွန်းတယ် - တစ်ခုခု အရေးကြီးတာတွေ ပြန်ရှာစရာ ရှိရင် ဘယ်နေ့လောက် ပတ်ဝန်းကျင်က ကြည့်ခဲ့တယ် ဆိုတာ မှတ်မိရင်တောင် ရှာဖို့က အဆင်မပြေဘူး - ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ History 2 extension ရှိပါတယ်။ အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ရက်အလိုက် / အပတ်လိုက် ကိုယ်ကြည့်ခဲ့ဖူးတာတွေကို ရှာဖွေရ လွယ်ကူအောင် သူ စဉ်ထားပေးပါလိမ့်မယ်။ ဒါတင်မကသေးဘူး - နဂို Google Chrome မှာ မရတဲ့ History ထဲက သီးသန့်ဖျက်ချင်တာလေးကိုပဲ ရွေးပြီး ဖျက်လို့ ရအောင်လည်း History 2 က စွမ်းဆောင်နိုင်သေးတယ်။

    3. Missing image properties



    Website တစ်ခုခုကို သွားရင်းနဲ့ Image တစ်ခုခုတွေ့လို့ သူ့ရဲ့ Properties ကို ကြည့်ချင်ရင် Google Chrome မှာ ကြည့်ဖို့ အဆင်မပြေပါဘူး - ဒါပေမယ့် Image Properties Context Menu ကို သုံးလိုက်မယ် ဆိုရင် ဒီပြဿနာက ပြေလည်သွားပါလိမ့်မယ်။ Extension ကို Install လုပ်ပြီးရင် သိချင်တဲ့ ပုံပေါ်မှာ Right click ထောက်ပြီး Image Properties ကနေတစ်ဆင့် Image size, Location, Dimensions စတာတွေ သိရှိနိုင်ပါလိမ့်မယ်။

    4. No support for feeds



    Google Chrome က RSS feeds ဆိုတာကိုလည်း မသိသေးဘူး - အဲ့တာက စာဖတ်လေ့ မရှိတဲ့ သူတွေအတွက် သိပ်ပြဿနာ မရှိပေမယ့် RSS နဲ့ စာဖတ်နေကျ လူတွေ အတွက်တော့ ပြဿနာ ရှိလာတယ် - အဲ့ပြဿနာကို ပြေလည်ဖို့က Google က ထုတ်ထားတဲ့ RSS Subscription Extensionဆိုတာ ရှိပါတယ် - သူ့ကို တင်ထားလိုက်ရင် Google Reader, iGoogle, Bloglines, My Yahoo ကြိုက်တာနဲ့ နှစ်သက်ရာ Feed တွေကို subscribe လုပ်လို့ ရပါပြီ။

    5. You can't send a web page by email


    တစ်ခြား နာမည်ရှိတဲ့ Browsers တွေက ကိုယ် သိမ်းထားချင်တဲ့/မျှဝေချင်တဲ့ Web pages တွေရဲ့ URL နဲ့ Page title ကို Mail ကနေတစ်ဆင့် ပို့လို့ ရအောင် ဖန်တီးပေးထားချိန်မှာ Google Chrome မှာတော့ အဲလို Option မျိုး ဘယ်မှာမှ ရှာလို့ မရပါဘူး - ဒါပေမယ့် အဲ့လို ပုံစံမျိုး သုံးချင်ရင်Javascript bookmarklet ကို ကျွန်တော်တို့ ဖန်တီးယူနိုင်ပါတယ်။ တကယ်လို့ ကိုယ်က Gmail သုံးတဲ့သူ ဆိုရင်တော့ Google ကထုတ်ထားတဲ့Send from Gmail extension ကို သုံးမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

    6. No session manger

    Google Chrome ကို ပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အချိန်မှာ အရင်တုန်းက ဖွင့်ထားခဲ့တဲ့ Tabs တွေကို Restore ပြန်လုပ်ပြီး ဖွင့်မပေးပါဘူး - အဲ့လို ဖြစ်စေချင်ရင် Options ကို သွားပြီး Reopen the pages that were open last. ကို Enable ပေးထားဖို့ လိုပါတယ်။


    တကယ်လို့ ဒီ့ထက်နဲနဲ ပိုပြီး အဆင့်မြင့်မြင့်လေး သုံးချင်ရင် Session Buddy ကို သုံးကြည့်နိုင်ပါတယ်။

    7. You can't switch to a tab from the Omnibox


    Firefox 4 မှာဆိုရင် ကိုယ်ဖွင့်ထားတဲ့ တစ်ခြား ဘယ် Tab ကိုမဆို Address bar မှာ ဆက်စပ်မှုရှိတဲ့ အစစာလုံးလေးလောက် ရိုက်လိုက်တာနဲ့ tab တစ်ခု ကနေ နောက် tab တစ်ခုကို ကူးသွားလို့ ရတယ်။ အဲလိုမျိုးလေး Google မှာ သုံးချင်တယ်ဆိုရင် Switch To Tab extension ကိုသုံးနိုင်ပါတယ်။ Install လုပ်ပြီးတာနဲ့ နောက်တစ်ကြိမ် tabs တွေ အများကြီး ဖွင့်သုံးဖြစ်တဲ့ အချိန်မှာ tab တစ်ခုကနေ နောက်တစ်ခုကို ပြောင်းချင်တဲ့ အချိန် sw ဆိုတဲ့ စာလုံးကို စရိုက် ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ tab က စာလုံး အစလေးလောက် ရိုက်ရင်းနဲ့ ပြောင်းသွားလို့ ရပါတယ်။

    [7 Chrome Annoyances and How to Fix Them]

    KznT.

    Chrome PDF Viewer

    Leave a Comment
    အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတော်တော်များများ ခေါင်းပြူကြည့်တတ် ကြပေမယ့် အကျိုးအမြတ်မရှိပဲ လက်ရှိရပ်တည်နေတဲ့ နေရာကနေ တော်ယုံ ဘယ်သူမှ မကူးပြောင်းချင်ကြဘူး - ဒါကလည်း အကြောင်းရှိတယ် - အပြောင်းအလဲ တစ်ခုနဲ့ ရင်ဆိုင်မယ် ဆိုတဲ့ အခါတိုင်း ကျွန်တော်တို့တွေ အဲ့ဒီ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု ဆိုတာ လုပ်ကြရတယ် - နယ်မြေသစ်ဖြစ်တဲ့ အလျှောက် သူ့မှာ ဘာအန္တရာယ်တွေ ရှိမယ် - ဘာအတားအဆီးတွေ ကျော်ရမယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ မလွယ်နိုင်ဘူး - ဖြစ်နိုင်ချေ ရှိမယ် လို့ထင်ပြီး ကိုယ်ပြင်ဆင်သွားတဲ့ အရာတွေက အဲ့ဒီ့ နယ်မြေထဲမှာ လုံးဝ သုံးစားမရတာတွေ ဖြစ်နေတတ်သလို - မဖြစ်နိုင်လောက် ပါဘူးလို့ထင်ပြီး ချန်ထားခဲ့တဲ့ အရာတွေကလည်း အဲ့နယ်မြေမှာ မဖြစ်မနေ လိုကောင်းလိုနေတာမျိုး ရှိလာတတ်တယ် - အပြောင်းအလဲ တစ်ခုမှာ ကိုယ်ပြင်ဆင်ထားခဲ့တာနဲ့ ကိုယ်ကြုံတွေ့ရမှာတွေ ထပ်တူကျနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကြီး ကံကောင်းမှ တိုက်ဆိုင်တတ်တာမျိုးပါ - အဲ့တာကြောင့် အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတိုင်းနီးပါး အတွင်းစိတ်သန္တန်က ခေါင်းပြူကြည့် တတ်ပေမယ့် လက်တွေ့ရင်ဆိုင်ဖို့ကိုတော့ တွန့်ဆုတ် နေတတ်ကြတယ် - ကျွန်တော်လည်း ထိုနည်းလည်းကောင်းပဲ 

    ကွန်ပြူတာ စပြီး သုံးတတ်ခါစက အပြောင်းအလဲ လုပ်ဖို့ နေနေသာသာ မပြောင်းလဲတာတွေကိုပဲ အလွတ်ကျက်ပြီး မှတ်ခဲ့ရတယ် - Apps တွေရဲ့ နာမည်တွေ မသိဘူး - Left click ကို ဘာလို့ နှိပ်ပြီး - Right click ကို ဘာလို့ နှိပ်နေမှန်းလဲ မသိခဲ့ဘူး - ကွန်ပြူတာကို လုံးဝ မသုံးတတ်လို့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်ဝယ်ဖတ်တဲ့ အခါတိုင်း Left click ပေးရမှာလား - Right click ပေးရမှာလား ဆိုတာ ပုံလေးနဲ့ သေချာပြထားတဲ့ စာအုပ်မျိုးကိုမှ ( ဥပမာ - ဆရာဦးအောင်လင်း ( B.E., Electronics ) ရေးတဲ့ Powerpoint - ကွန်ပြူတာဖြင့် သရုပ်ဖော်နည်းလက်စွဲ စာအုပ် ) ကျွန်တော် ဝယ်လေ့ရှိတယ် - တကယ်လို့ များ ကိုယ်ဝယ်လာတဲ့ စာအုပ်က စာမျက်နှာတစ်ခုခုမှာ "ထို နေရာအား Click တစ်ချက်ပေးပါ" ဆိုပြီးများ စာရေးသူက ရေးထားရင် ကျွန်တော် အဲ့စာရေးသူကို အသေအလဲ မုန်းတာ - ဘာလို့လည်းဆိုတော့ Click တစ်ချက်ဆိုတာ Left click ပေးရမှာလား ?? Right click ပေးရမှာလား ?? ကျွန်တော်မသိလို့  ဒီချိန်မှာ ဒါတွေက ရီစရာ ဖြစ်နေပေမယ့် တစ်ချိန်ကတော့ တကယ်ကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။


    ခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် အပြောင်းအလဲ ဆိုတဲ့ နယ်ပယ်ထဲကို သူများရဲ့နောက်က လိုက်ပြီး ခြေချရဲတဲ့ အဆင့်တော့ ရောက်ခဲ့ပါပြီ - ဘယ်လို နောက်ကလိုက်ပြီး ခြေချရဲတာလဲ ဆိုတော့ ကွန်ပြူတာသမားတွေ တော်တော်များများမှာ ပုံသေနည်းတွေ ရှိကြတယ် - ဥပမာ - PDF Reader ဆိုဘာသုံးလဲ - Adobe Reader - Browser ဆို ဘာသုံးလဲ Internet Explorer, ခုနောက်ပိုင်းတော့ Mozilla Firefox - စသဖြင့် ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီ Apps တွေကိုပဲ ပုံသေကားချပ်ကြီး တစ်ခုလို သုံးနေကြတယ် - Google Chrome မသုံးဘူးလားဆို ကျွန်တော့်ကို လူထူးလူဆန်းလို ဝိုင်းကြည့်ကြတယ် - Foxit Reader သုံးပါလို့ ပြောလိုက်ရင် သူများစီးပွားရေး ဒုတ်နဲ့လိုက်ထိုးနေသူလို မျက်မှောင်ကျုံ့ကြတယ် - ပြောရရင် ဒါအကြံပြုချက်တွေ အားလုံးဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဖန်တီးခဲ့သူတွေရဲ့ နောက်ကနေ ကျွန်တော် ရဲရဲချနင်းခဲ့ပြီး အားသာချက်တွေ ရှိလို့ အကြံပြုခဲ့တာတာပါ -



    ခုလည်း အားလုံးအတွက် သိထားသင့်မယ်ထင်တဲ့ အကြံပြုချက်လေး တစ်ခု ပြောချင်ပါသေးတယ် - အဓိက ဦးတည်တာတော့ Google Chromeသမားတွေ အတွက်ပါ - Windows အသစ်တင်တိုင်း PDF တွေ ဖွင့်ဖို့ဆိုပြီး - Adobe Reader ဒါမှမဟုတ် - Foxit Reader စသဖြင့် Reader တစ်ခု မဖြစ်မနေ ထပ်ထပ်တင်နေကြတာ တကယ်တမ်း အဲ့ဒီ့ PDF Reader နဲ့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ဘာတွေများ လုပ်ဖြစ်ကြလို့လဲ - တစ်ခြား မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော့်အတွက်တော့ PDF Reader ဆိုတာ စာဖတ်ယုံကလွဲပြီး ထူးထူးခြားခြား သုံးတာရယ်လို့ ဘာမှကို မရှိသလောက်ပဲ - PDF စာအုပ်ဆိုရင် Double click ပေးပြီးဖွင့်မယ် - စာလုံးတွေ သေးနေရင် + လေးနှိပ်ပြီး ကြီးမယ် - ကြီးရင် ပြန်သေးမယ် - အပေါ်အောက်သွားမယ် - စသဖြင့် သုံးဖြစ်တာ ဒီလောက်ပါပဲ - ကျွန်တော့်လို လူမျိုးတွေ ရှိကြမယ် ဆိုရင်တော့ အကြံကောင်းလေး တစ်ခု ပေးပါရစေ - ဒီနေ့က စပြီး ဘာ PDF Reader မှ သုံးမနေပါနဲ့တော့ - ကျွန်တော်တို့တွေ PDF Reader အစား Google Chrome နဲ့ပဲ အလုပ်လုပ်ကြရအောင် - 


    လုပ်ဆောင်နည်းကလည်း အရမ်းကို လွယ်ပါတယ် - ကိုယ်ဖွင့်ချင်တဲ့ PDF ဖိုင်ကို Right click ထောက်ပြီး Open with နဲ့ စလိုက်ပါ - အောက်ဖော်ပြပါအတိုင်း Open with .. ဆိုတဲ့ box တက်လာရင် Browse ကနေပြီး Chrome.exe ရှိရာကို သွားပါ - 




    ဒီနေရာမှာ Chrome.exe က ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိနိုင်လို့ ရှာရခက်နေတတ်ပါတယ် - စိတ်မညစ်ပါနဲ့ နည်းရှိပါတယ် - 




    Desktop ပေါ်မှာ ရှိနေမယ့် Google Chrome Shortcut ကို Right click ထောက်ပြီး Properties ကို ဝင်လိုက်ရင် Chrome.exe ရှိရာနေရာကို အောက်ဖော်ပြပါအတိုင်း သိနိုင်ပါလိမ့်မယ် - 



    ဥပမာ ပြရရင် ကျွန်တော့်စက်မှာဆိုရင် ဒီနေရာမှာပေါ့ -

         C:\Users\KznT\AppData\Local\Google\Chrome\Application\chrome.exe

    အဲ့နေရာလေးကို Copy ကူးလာပြီး နောက်ဆုံးက chrome.exe ဆိုတာကို ဖြုတ် -Directory ထဲမှာ C:\Users\KznT\AppData\Local\Google\Chrome\Application\ ဆိုတာ ထည့်ပြီး Open လိုက်ပါ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း chrome.exe ကို တွေ့ရပါပြီ။





    သူ့ကို Select လုပ်ပြီး Open ပေးလိုက်ပါ - ဒါဆိုရင် နောက်ပိုင်း PDF files မှန်သမျှကို အောက်ဖော်ပြပါ Google Chrome icons လေးတွေနဲ့ စက်ထဲမှာ တွေ့ရပါလိမ့်မယ် - Double click ပေးပြီး ဖွင့်ကြည့်ပါ -




    သာမန် စာဖတ်သူတစ်ယောက်အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးမယ့် PDF Reader ကောင်းတစ်ခု အဖြစ် လက်ခံသွား ပါလိမ့်မယ် - 




    အပြောင်းအလဲ ရှိမယ့်နေရာကို တစ်ချိန်က ကျွန်တော်မသွားချင်ခဲ့ဘူး - သူ့အသံကြားရင် ခေါင်းပြူကြည့် ယုံလောက်ပဲ စိတ်ဝင်စားပြီး နေရာမှာ ပြန်ထိုင်နေဖြစ်ခဲ့တာများတယ် - ခုတော့ ကျွန်တော် အပြောင်းအလဲဆိုတဲ့ အသံကြားရင် ခေါင်းတင်မက ကိုယ်ပါလိုက်သွားမိပြီ - ဘာတြွေကုံခဲ့ရလည်း ဆိုတော့ လူပင်ပန်းတယ် - စိတ်ပင်ပန်းတယ် - ဒါပေမယ့် အဲ့တာတွေ အားလုံးကို ချေဖျက်နိုင်မယ့် ထူးခြားတဲ့ အတွေ့အထိတွေ - လန်းဆန်းတဲ့ အာရုံတွေရတယ် - ခုချိန် တစ်ယောက်ယောက်ကများ အပြောင်းအလဲ ရှိမယ့်နေရာကို လိုက်ကြမလားလို့ မေးလာရင် ကျွန်တော် အထုပ်အပိုးပြင်ပြီး အသင့်ဖြစ်နေမလားပဲ 


    KznT.

    Google's New Navigation Bar

    Leave a Comment
    Google က ဒီနေ့ Google users တွေအတွက် Navigation bar အသစ်ထုတ်လိုက်ပါတယ် - ဒီအကြောင်းကို လွန်ခဲ့တဲ့ ၁ ပတ်လောက်က ဖတ်ခဲ့ရတာ - ကျွန်တော် ဖတ်ခဲ့ရတုန်းက သူက စမ်းသပ်ဆဲ မကြာခင်မှာ အတည်ပြုပေးတော့မယ် ဆိုပြီး သတင်းထုတ်တာ - ကျွန်တော်က အဲ့လောက်မြန်မယ်လို့ မထင်ထားဘူး - ဒီနေ့ အတည်ပြုပြီလိုပြီး Google Operating System Blog မှာ ရေးထားတာတွေ့တော့မှ လွန်ခဲ့တဲ့ ခြောက်လကျော် စမ်းသပ်မှု လုပ်နေခဲ့တယ် ဆိုတာ သိခဲ့ရတယ် - ဒီ Navigation bar အသစ်ရဲ့ တည်ဆောက်ပုံက Google Chrome ရဲ့ တည်ဆောက်ပုံကို အခြေခံပြီး ပြင်ဆင်ထားတာလို့ သိရတယ် - တကယ်လည်း အဲ့အတိုင်းပဲ -




    ဒါတင်မကသေးဘူး အရင်တုန်းက Links တွေကို Underline တွေနဲ့ ပုံစံထားထားရာကနေ အခု Colored bar နဲ့ အစားထိုးလိုက်တယ် - နောက်ပြီး အရင်တုန်းက Links တွေ တစ်ခုနဲ့ တစ်ခုကြားမှာ Spacing သိပ်မရှိဘူး - အခု Colored bar မှာ Spacing တော်တော်လေး ရလာတယ် - အဲ့ထူးခြားချက်က ကျွန်တော်တို့အတွက် အမြင်ထူးခြားတာလောက် ကလွဲရင် ဘာမှ ထူးခြားချက် မရှိလှပေမယ့် Touchscreen device နဲ့ သုံးနေတဲ့ Google users တွေအတွက်တော့ ဒီ Colored bar က တော်တော်ကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။




    နောက်ထပ် ပြောင်းလဲသွားတာ တစ်ခုက အရင်တုန်းက ညာဘက်ထောင့်မှာ ကိုယ့် Google ထဲကို Sign in ဝင်ထား လိုက်ရင် ညာဘက်ထောင့်မှာ ကိုယ်ဝင်ထားတဲ့ Account ကို Gmail address နဲ့ ပြပြီး ခုကျတော့ ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် -



    ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် ဆိုပေမယ့် အဲ့နေရာကနေ Google Profile ကိုတော့ Link လုပ်ပေးမထားသေးပါဘူး - နောက်ပြီး ကိုယ်က တကယ်လို့ multiple sign-in ဒါမှမဟုတ် Gmail delegation ကိုသုံးတယ် ဆိုရင် Account တစ်ခုနဲ့ တစ်ခု ပြောင်းသုံးဖို့ မလွယ်ကူသေးပါဘူး - ပြောင်းသုံးချင်ရင် ကိုယ်ပြောင်းချင်တဲ့ Account ကို "Switch account" ကနေ နှိပ်ပြီး ပြောင်းဖို့ လိုပါတယ် - 


    နောက်ထပ် လိုနေတာလေး တစ်ခုက ဒီ  Colored bar ကို Google ရဲ့ Services တွေ အားလုံးမှာ သုံးလို့ မရသေးဘူး - ဒါ့ကြောင့် ခုပြောနေတဲ့  Colored bar ဆိုတာ Google Web Search, Google Image Search, Google Realtime Search, Google Maps နဲ့ Gmail မှာပဲ တွေ့ရပါလိမ့်ဦးမယ်။ 

    KznT.

    Outlook 2010 with Myanmar Font

    1 comment
    ကျွန်တော်လည်း ဖိုရမ်ပြင်ဆင်ရေး ဘက်လှည့်နေလို့ ဒီဘက်မှာ သိပ်မရေးဖြစ်ဘူး ဖြစ်နေတယ် - မေးထားတာတွေ တော်တော်များများလည်း ပြန်မဖြေပေးနိုင်သေးဘူး - အရမ်းကြာလို့လည်း မကောင်းတာနဲ့ ဒီနေ့ မေးထားတာထဲက ကိုသက်နောင် မေးထားတ့ဲ အကြောင်းလေးဖြေပေးနိုင်ဖို့ ကြိုးစားလိုက်ပါတယ် - ကိုသက်နောင်က

             Outlook မှာ မြန်မာဖောင့်ပေါ်အောင် ဘယ်လိုလုပ်လဲ မသိဘူး။                                     

    ဆိုပြီး မေးတယ် - ဒီမေးခွန်းကို ကိုသက်နောင် မမေးခင်တည်းက ကိုနိုးတူး မေးတာ တွေ့ခဲ့ဖူးတယ် - ဒါပေမယ့် အဲ့တုန်းက မှန်ရာပြောရရင် တွေ့ပေမယ့် မသိချင်ယောင်ဆောင်လိုက်တာ  ဘာလို့လည်းဆို Outlook မှာ မြန်မာဖောင့်ပေါ်အောင် လုပ်ရတာ ပါးစပ်နဲ့ ပြောလိုက်ရင် ဒီလို ဒီလို ဆိုပြီး အလွယ်တကူ ပြလိုက်လို့ ရပေမယ့် စာနဲ့ပြရတော့ အရမ်းကို ဒုက္ခရောက်တယ် - မြင်သာအောင် ပြဖို့ဆိုရင် Screenshot တွေလုပ်ရ မြှားတွေထိုးရ - စာတွေရေးရ - Step မလွဲအောင် စဉ်ရ - လိုအပ်ချက်ရှိဦးမလား ပြန်စစ်ရသေးတယ် - ဒါတွေကို ဖိုရမ်မှာ စာရေးပြီး မျှဝေဖို့ ကြိုးစားသူတိုင်း နားလည်ကြမှာပါ - စာက တစ်ခါတစ်လေ ရေးချင်စိတ် ရှိတော့ ဘယ်လောက်ရှည်ရှည် ရေးနိုင်တယ် - တစ်ခါတစ်လေကျတော့ ဘာမှကို မလုပ်ချင်တဲ့ အခါမျိုး လည်း ရှိသေးတယ် - အဲတာဆို ပစ်ထားလိုက်ရော - ကိုနိုးတူးမေးတုန်းက အဲ့လို အခြေအနေ ဖြစ်နေလို့ မသိချင်ယောင်ဆောင်လိုက်တာ - ကိုနိုးတူး ဒီစာဖတ်မိရင်တော့ နားလည်ပေးပါခင်ဗျ - 



    အဓိကဒီစာမှာ ကိုသက်နောင်လည်း Outlook 2010 သုံးနေတယ်ထင်လို့ Outlook 2010 နှင့် မြန်မာဖောင့်ဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ် - မြန်မာဖောင့် ပေါ်အောင် လုပ်ဆောင်နည်း အသားပေး ဖော်ပြချင်လို့ Outlook 2010 Setup ချပုံတွေတော့ ကျွန်တော် ဒီမှာ မဖော်ပြလိုက်တော့ဘူး - Gmail ကို Outlook 2010 ကနေ သုံးချင်တဲ့သူတွေ Outlook 2010 မှာ Gmail Setup လုပ်ပုံကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ခုလောလောဆယ်မှာတော့ Gmail acc တစ်ခုကို Outlook 2010 မှာ Setup လုပ်ပြီးပြီပဲ ဆိုကြပါစို့ - စစချင်းတော့ မြန်မာဖောင့် ဘာမှ မြင်ရဦးမှာ မဟုတ်ဘူး - 



    Changing Fonts in General



    Outlook 2010 မှာ အပေါ်ယံကြော မြန်မာဖောင့် မြင်ရအောင် လုပ်ဖို့ အခြေခံနည်းက သိပ်မခက်ဘူး - ဆိုးတာ View တစ်ခုချင်းစီအတွက် တစ်ခါစီလိုက်ပြောင်းရတဲ့ အဆင့်တွေက များတာ -Thunderbird မှာဆို မြန်မာဖောင့်မြင်ရဖို့ တစ်နေရာပြောင်းလိုက်ရင် အားလုံးပြီးတယ် - Outlook 2010 ကတော့ အဲလိုမဟုတ်ဘူး - Outlook မှာ View တစ်ခုချင်းစီအတွက် သူသတ်မှတ်ထားပြီးသား Font တစ်ခုစီ သီးသန့်ရှိတယ် - ဆိုကြပါစို့ ကျွန်တော်တို့က View -> Change View ကနေ "Hide Messages Marked for Deletion" View မှာ မြန်မာဖောင့်မြင်ရအောင် Zawgyi-One ကို ပြောင်းထားတယ် ဆိုပါစို့ - ဒီလိုဆို သူ့ "Hide Messages Marked for Deletion" View မှာတော့ အောက်ဖော်ပြပါအတိုင်း မြန်မာလိုလေး ကောင်းကောင်းမြင်ရပြီး 





    View -> Change View ကနေ "IMAP Messages" View လည်းပြောင်းကြည့်ရော အောက်ကလို ဖြစ်သွားရော - ဘာမြန်မာဖောင့်မှ ကောင်းကောင်းမပေါ်တော့ဘူး - အဲလိုဖြစ်ရတဲ့ အကြောင်းအရင်းက "Hide Messages Marked for Deletion" View မှာ ကျွန်တော်တို့က မြန်မာဖောင့်မြင်ရအောင် ပြောင်းလဲမှုလုပ်ခဲ့ပေမယ့် အဲ့ဒီ့ ပြောင်းလဲမှုက နောက် "IMAP Messages" View မှာ Effect မဖြစ်ဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့်ပါပဲ - ဒါ့ကြောင့် ကျွန်တော် အပေါ်မှာ Outlook ဟာ View တစ်ခုချင်းစီအတွက် သူသတ်မှတ်ထားပြီးသား Font တစ်ခုစီ သီးသန့်ရှိတယ်လို့ ပြောခဲ့တာပါ -





    အဲ့တာကြောင့် တစ်ခြားဘာမှ ပြင်ဆင်မှု မလုပ်ခင် အရင်ဆုံး သိထားသင့်တာ Outlook မှာ မြန်မာဖောင့် မြင်ရအောင် လုပ်ချင်ရင် View တစ်ခုချင်းစီကို သီးခြားစီ လိုက်ပြင်ရမယ်ဆိုတဲ့ အကြောင်း မှတ်ထားရပါမယ်။ ပြင်ဆင်ဖို့ အတွက်ကတော့ မခက်ပါဘူး - 



    အဆင့် ( ၁ ) >> အရင်ဆုံး Outlook 2010 နဲ့ Mail acc တစ်ခုခုကို Setup လုပ်ပြီးပြီးဆိုရင် View -> Change View ကနေ Manage Viewsကိုဝင်ပါ - 




    အဆင့် ( ၂ ) >>အဲဒီကနေ ပေါ်လာတဲ့ Manage All Views Box က IMAP Messages ကို ရွေးပြီး Modify ကို Click ပေးပါ။ 




    အဆင့် ( ၃ ) >> အဲကနေ Advanced View Settings: IMAP Messages Box က Other Settings ကို Click ပေးပါ - 




    အဆင့် ( ၄ ) >> နောက် Other Settings Box မှာပေါ်လာတဲ့ ထဲက Column Font, Row Font, Font ဆိုတာတွေ အားလုံးကို အောက်မှာဖော်ပြထားတဲ့အတိုင်း မြန်မာဖောင့်ကို Change ပါ - 




    အဆင့် ( ၅ ) >> အားလုံးပြီးရင် OK ပေးလိုက်တဲ့အခါ - Advanced View Settings: IMAP Messages Box ကို ပြန်ရောက်လာပါလိမ့်မယ် - မပြီးသေးပါဘူး ပြောင်းဖို့ ကျန်ပါသေးတယ် - 

    Conditional Formatting ကို ဆက်ဝင်ပါ - 





    အဆင့် ( ၆ ) >> အောက်မှာ ဖော်ပြထားတဲ့အတိုင်း Rules of this view: အောက်မှာ ခေါင်းစဉ်ခြောက်မျိုးရှိပြီး အဲ့ဒီ့ ခေါင်းစဉ်ခွဲ ခြောက်ခုလုံးဟာ သူ့သက်ဆိုင်ရာ ဖောင့်တစ်မျိုးချင်းစီ ရှိပါတယ် - ခေါင်းစဉ်တွေကို Select ပေးလိုက်ရင် သူ့သက်ဆိုင်ရာ ဖောင့်ကို မြင်ရပါလိမ့်မယ် - အဲတာတွေအားလုံးကိုလည်း သက်ဆိုင်ရာ မြန်မာဖောင့် ပြောင်းဖို့ လိုပါသေးတယ်။ 



    အဆင့် ( ရ ) >> အဲ့ဒီ့ ခေါင်းစဉ်ခွဲ ခြောက်ခုလုံးရဲ့ သက်ဆိုင်ရာ ဖောင့်တွေကို မြန်မာဖောင့်ပြောင်းပြီးရင်တော့ ပထမအဆင့်အနေနဲ့ "IMAP Messages" ဆိုတဲ့ Outlook 2010 က View တစ်ခုအတွက် မြန်မာဖောင့်မြင်ရပြီလို့ ဆိုနိုင်ပါတယ်။ 




    Changing Specific Views


    သတိထားမိမယ်ထင်ပါတယ် - ခုပြောခဲ့တာ အဆင့် ( ၂ ) မှာ ပြခဲ့တဲ့ "IMAP Messages" ဆိုတဲ့ Outlook 2010 က View တစ်ခုအတွက်ပဲ ရှိပါသေးတယ် - နောက်ထပ် Views တွေအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အဆင့် ( ၁ ) ကနေ ( ရ ) အတိုင်း ပြန်ဝင်ပြီး ပြင်ရပါလိမ့်ဦးမယ် - အဲလိုနဲ့ အားလုံး ပြင်ပြီးသွားရင်တော့ Outlook 2010 ရဲ့ Mail ကဏ္ဍ မှာ မြန်မာဖောင့် မြင်ရပါပြီ - Steps တွေ တူလို့ ကျန်တဲ့ Views တြွေပင်ပုံတော့ မဖော်ပြလိုက်တော့ပါဘူး - 




    အဆင်ပြေမယ်ထင်ပါတယ်။

    KznT.

    Related Posts