Why You Should Know Privacy Statements for Windows 10 Technical Preview

Leave a Comment

Windows 10 အကြောင်း စရေးခဲ့တာ မကောင်းကြောင်းရေးချင်လို့ စခဲ့တာတော့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း တစ်စိုက်မတ်မတ် Windows ကို တောင်လျှောက် သုံးလာခဲ့တာ။ Linux ကို ဗဟုသုတရအောင်လို့ သုံးခဲ့တယ်ဆိုပေမယ့် စွဲစွဲမြဲမြဲကြီး မဟုတ်ဘူး။ အလုပ်နဲ့ ပတ်ဝန်းကျင်က Windows ကို တောင်းဆိုနေချိန်မှာ ကိုယ်တစ်ယောက်လည်း Ubuntu လုပ်လို့လည်း မရဘူး။ 

Windows 10 နဲ့ ပတ်သတ်လို့ ရေးပြီးခဲ့တဲ့ ပို့စ် တွေ ပြန်ကြည့်ကြည့်တော့ ကောင်းကြောင်းထက် မကောင်းကြောင်းကို ဇောင်းပေးရေးသလိုတောင် ဖြစ်နေတယ်။ အခုရေးမယ့် အကြောင်းကလည်း ကောင်းကြောင်းဖြစ်နိုင်သလား၊ မကောင်းကြောင်းဖြစ်နိုင်သလား။ အဲ့တာကတော့ စာဖတ်သူရဲ့ သုံးသပ်ချက်အပေါ်ပဲ မူတည်လိမ့်မယ်။

Windows 10 ထွက်လာတော့ ဘယ်နေရာကြည့်ကြည့် နေရာတကာမှာ Windows 10 အကြောင်း အသားပေးရေးကြတယ်။ အသစ်အဆန်းဆိုတော့ စာဖတ်သူလည်း စိတ်ဝင်စားတယ်။ နောက်ပြီး Windows 10 Technical Preview က လောလောဆယ်မှာ လူတိုင်းကို အလကားမတ်တင်း သုံးခွင့်ပေးထားတော့ ဘလော့တိုင်းကလည်း စမ်းသုံးဖို့ တိုက်တွန်းကြတယ်။ ဒါပေမယ့် လက်ရှိစမ်းသုံးကြည့်ဖို့ ထုတ်ပေးလိုက်တဲ့ Windows 10 ကို အသုံးခင်မှာ သိထားသင့်တာလေးတွေ လက်ဆင့်ကမ်းလိုက်ချင်တယ်။ 

Windows 10 ကို စမ်းသုံးဖို့ မကန့်ကွက်လိုပေမယ့် ပင်မဝင်းဒိုးအနေနဲ့ အဓိကထားပြီး မသုံးဖို့ကို အရင်ပို့စ်မှာလည်း ရေးခဲ့တယ်။ ဘာလို့လည်းဆိုတော့ Microsoft ကနေ Windows 10 Technical Preview နဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ Privacy Statements တွေထဲက ဖော်ပြချက် တစ်ချို့မှာ စဉ်းစားစရာတွေ ရှိနေလို့။


Data We Collect ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေထဲက တစ်ချို့စာကြောင်းတွေဟာ ပုံမှန် OS တစ်ခုကနေ စုဆောင်းလေ့ရှိတဲ့ အတိုင်းအတာထက် ကျော်လွန်လာတာ တွေ့ရတယ်။ ဥပမာ -

  • ပရိုဂရမ်တစ်ခုကို Install လုပ်ပြီး သုံးတာနဲ့ ဘယ်သူသုံးတယ်၊ ဘယ် Devices ကနေသုံးတယ်၊ ဘယ် Network ကနေ သုံးတယ်ဆိုတဲ့ အချက်အလက်တွေ သူယူမယ်လို့ ပြောတယ်။
  • အဲ့ထဲမှာ နာမည်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ဘာတွေ စိတ်ဝင်စားသလဲ၊ ဘယ်လို အပြင်အဆင်ကို ကြိုက်သလဲ၊ အင်တာနက်မှာ ဘာတွေကြည့်ခဲ့သလဲ၊ ဘယ်ဖိုင်တွေကို ရှာသလဲ၊ ဘယ်တွေကို ဖုန်းခေါ်သလဲ ... ဆိုတာတွေ အကုန်ပါမယ်။
  • ဖိုင်တစ်ခုကို ဖွင့်လိုက်တာနဲ့ ဖိုင်က ဘာဖိုင်လဲ၊ အဲ့ဖိုင်ကို ဘယ် App သုံးပြီး ဖွင့်သလဲ၊ ဘယ်လောက်ကြာအောင် ဖွင့်သလဲ ဆိုတာတွေလည်း အကုန်သိချင်တယ်။ (ရည်ရွယ်ချက်က Performance ကောင်းအောင် ပြင်ချင်လို့ပါလို့ ပြောထားတယ်။)
  • နောက်ပြီး စာစရိုက်တာနဲ့ ဘယ်စာလုံးတွေရိုက်တယ်ဆိုတာကိုလည်း သိချင်တယ်။ (ရည်ရွယ်ချက်က Autocomplete နဲ့ Spellcheck Features ပိုကောင်းအောင် သုံးချင်လို့ပါလို့ ပြောထားတယ်။)

အဲ့တော့ သူရေးထားတာကို မျက်မြင်အတိုင်း သုံးသပ်ကြည့်ရင် Keylogger သုံးဖို့ Microsoft ကနေ တရားဝင် ခွင့်ပြုချက် တောင်းခံထားတာလားလို့တောင် ထင်ရတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်လည်း လူအများစုရဲ့ အကြိုက်နဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုကို ထောင့်စေ့စေ့ အကွက်ကျကျ ခြေရာကောက်နိုင်မှာပဲ ဖြစ်နိုင်တယ်။ နောက်ပြီး Microsoft ဟာ နာမည်ရပြီးသား ကော်ပိုရေးရှင်းကြီး တစ်ခုပါ။ သူပြောထားသလို တကယ် Improvement လုပ်ချင်လို့ ဒီအချက်အလက်တွေ စုဆောင်းတာ ဖြစ်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ ရှိတယ်။ တစ်ချို့ လျှို့ဝှက်ချက်တွေက လူသိသွားလည်း အကြောင်းမဟုတ်ပေမယ့် တစ်ချို့ကိစ္စတွေမှာ လုံးဝလူသိမခံချင်ကြတဲ့ လျှို့ဝှက်ချက်မျိုးတွေ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရှိကောင်းရှိနိုင် ကြသေးတယ်။ အဲ့တာကြောင့် Windows 10 Technical Preview စမ်းသုံးဖို့ စိတ်ကူးရှိသူများ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေ သတိပြုပါ။ အချိန်ပေးနိုင်ရင် Privacy Statements ကို လေ့လာပါ။ ကိုယ့်အတွက် Sensitive ဖြစ်မယ့် အကြောင်းအရာတွေကို Windows 10 Technical Preview ထဲ Log in ဝင်တိုင်း သတိလေးကပ်ပြီး အသုံးပြုနိုင်ကြဖို့ လက်ဆင့်ကမ်းချင်ပါတယ်။

TechSectors.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts