Benefits of Linux Distros and Open-source

url
 
တစ်ချိန်တုန်းကတော့ Linux နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အနေစိမ်းခဲ့ကြတယ်။ ခုနောက်ပိုင်းတော့ အင်တာနက်ထဲက Blogger အသိုင်းအဝိုင်းမှာ Linux နဲ့ပတ်သတ်ပြီး အတော် လူပြောများလာပြီ။ Linux အကြောင်း (အထူးသဖြင့် Ubuntu အကြောင်း)ရေးတဲ့ Blog တွေလည်း တော်တော်များလာခဲ့ပြီ။ Linux အကြောင်းကြားဖူးတဲ့သူ အတော်များများ အထူးသဖြင့် သုံးဖူးကြတဲ့ သူတွေဆိုရင် Linux Distributions ကို တစ်ခါတစ်လေ Linux Distros လို့သုံးသုံးပြီး ပြောတတ်ရေးတတ် ကြတာလည်း မြင်ဖူးကြားဖူးကြလိမ့်မယ်။ Linux Distros အကြောင်းနဲ့ပတ်သတ်ပြီး တစ်ချိန်တုန်းက ကျွန်တော် Ubuntu (Linux) for All ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတယ်။
 
Linux Distros ဆိုတာ Linux Distributions ကနေလာပြီး Linux မူကွဲအမျိုးအစားများလို့ အဓိပ္ပါယ်ရပါတယ်။ Linux ကို ခဏတဖြုတ် စမ်းသုံးတာမျိုးမဟုတ်ပဲ မကြာခဏသုံးမယ့် OS တစ်ခုအဖြစ် အတည်ပြုရွေးချယ်တော့မယ်ဆိုရင် ကျွန်တော်တို့မှာ Ubuntu တင်မကပဲ တခြားရွေးချယ်စရာ Distros တွေ အများအပြားရှိသေးတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ Desktop အနေနဲ့ သုံးမလား၊ Server အနေနဲ့သုံးမလား - ကျွန်တော်တို့မှာ ရွေးချယ်စရာ Distros မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ အားလုံးထဲမှာ Ubuntu က လူသိအများဆုံးပါ။ ဒါပေမယ့် အဲ့ဒီ့ Ubuntu ဆိုတာလည်း Linux မျိုးကွဲပေါင်းများစွာထဲက တစ်ခုပါပဲ။
 
Linux Distros ဟူသည်မှာ အဘယ်နည်း။
 
Linux ဟာ Windows မဟုတ်သလို Mac OS X နဲ့လည်း မတူပါဘူး။ Windows မှန်သမျှကို Microsoft ကပဲဖန်တီးပြီး Windows အသစ်ဖန်တီးနိုင်ခွင့်ကိုလည်း Microsoft ကပဲ ပိုင်ဆိုင်ပါတယ်။ တကယ်လို့ Operating System ရွေးချယ်မှုမှာ Windows တစ်ခုတည်းကိုပဲ ပထမဦးစားပေး ထားမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး Microsoft ကချပြတဲ့ လက်ရာတွေကိုပဲ ရွေးချယ်မြည်းစမ်းနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ Operating System မှာ ဘာအားနည်းချက်တွေ ရှိနေနိုင်လဲ ကျွန်တော်တို့ မသိနိုင်ဘူး။ ခုနောက်ပိုင်း တအားလူပြောများလာတဲ့ Privacy ပိုင်းဆိုင်ရာ လုံခြုံမှု ဘယ်လောက်ရှိမလဲ ကျွန်တော်တို့ နားမလည်နိုင်ဘူး။
 
Linux ကတော့ သူတို့တွေနဲ့ တော်တော်လေးကွဲပြားတယ်။ Linux Operating System က Microsoft တို့ Apple တို့လို အဖွဲ့အစည်းတစ်ခုတည်းက ထုတ်လုပ်တာ မဟုတ်ဘူး။ Linux ကို မတူညီတဲ့ အဖွဲ့အစည်း အသီးသီးက ပညာရှင်တွေပေါင်းစည်းပြီး မတူညီတဲ့ကဏ္ဍမျိုးစုံကနေ ဖွဲ့စည်းတည်ဆောက် နေကြတာပါ။ အဲ့ဒီ့မတူညီတဲ့ကဏ္ဍမျိုးစုံထဲမှာ Linux Kernel လို့ခေါ်တဲ့ (OS တစ်ခုရဲ့ ပင်မကျောရိုး)၊ GNU Shell Utilities လို့ခေါ်တဲ့ (ကျွန်တော်တို့ သုံးရတဲ့ Commands တွေနဲ့ Terminal ပိုင်းဆိုင်ရာ)၊ X Server လို့ခေါ်တဲ့ (Graphical Desktop ထုတ်လုပ်မှုပိုင်း) နဲ့ အဲ့ဒီ X Server ပေါ်မှာ Run နိုင်ဖို့ ဖန်တီးရတဲ့ Desktop Environment …. ဆိုပြီး ကဏ္ဍမျိုးစုံပါဝင်ပါတယ်။ ဒါတင်မက System Services, Graphical Programs, Terminal Commands ဆိုတာတွေကလည်း သူ့အစိတ်အပိုင်းအလိုက် ကဏ္ဍခွဲပြီး ပညာရှင်တွေက ဖန်တီးနေကြပါတယ်။ နေရာမျိုးစုံကနေ ကဏ္ဍခွဲပြီး ဖန်တီးနေကြတယ်ဆိုပေမယ့် သူတို့အားလုံးရဲ့ တူညီတဲ့ပန်းတိုင်က ဖန်တီးထားသမျှကို မကွယ်ဝှက်ပဲ တစ်ခြားသူတစ်ဦးကို ဆက်လက်ဖန်တီးခွင့်ပေးတဲ့ Open-Source Software ဖြစ်စေတဲ့ အချက်ပါ။
 
Open-Source Software ဖြစ်ခြင်း/မဖြစ်ခြင်းဟာ နည်းပညာဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် သိပ်အရေးမပါလှပေမယ့် ဒီနေ့ကိုယ်မသေရင် မနက်ဖြန်သူသေ အပြိုင်ကျဲကြရတဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် သိပ်ကိုထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ မရှေးမနှောင်းမှာ ခုထက်မြင့်မားတဲ့ ပညာရေးစနစ် ကျွန်တော်တို့နိုင်ငံ ရရှိခဲ့မယ်ဆိုရင် Open-Source ရဲ့ ကျေးဇူးတရားကြောင့် OS တစ်ခုရဲ့ တည်ဆောက်ပုံ၊ Applications တစ်ခု ဖန်တီးပုံတွေကို Source Code ကနေတဆင့် ကျွန်တော်တို့ လေ့လာခွင့်ရနိုင်သလို၊ နောင်တစ်ချိန်မှာ ကျွန်တော်တို့သာ Source Code တွေကို နားလည်တဲ့ ကျွမ်းကျင် Programmers တွေ ဖြစ်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ Linux Kernel ကနေစလို့ Graphical Programs, Terminal Commands တွေအဆုံး မိမိစိတ်ကြိုက် ဖန်တီးပြင်ဆင်ခွင့် ရနိုင်ပါလိမ့်မယ်။ စိတ်ကြိုက်ဖန်တီး ပြင်ဆင်လို့ရမယ် ဆိုပေမယ့် ကဏ္ဍပေါင်းစုံမှာ ပညာရှင်ပေါင်းစုံက ဖန်တီးထားတဲ့ လက်ရာတွေကို တကယ်တမ်း ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ Linux Distros တစ်ခုဖြစ်လာဖို့ ပြန်လည်ပေါင်းစည်းကြတဲ့ အချိန်မှာ ထင်သလောက် မလွယ်တော့ပါဘူး။ အချိန်ပေါင်းများစွာ ပေးကြရတယ်။ ငွေပေါင်းများစွာ အကုန်အကျခံရတယ်။ ညှိနှိုင်းမှုပေါင်းများစွာ လုပ်ဆောင်ရတယ်။
 
missing-initramfs
 
Open-Source Projects က ဖြန့်ဝေထားတဲ့ Code ကိုယူ၊ လူတိုင်းအတွက် အရံသင့်သုံးနိုင်မယ့် OS တစ်ခု ဖြစ်လာဖို့ - အခက်အခဲများစွာကြားမှာ အကြိမ်ပေါင်းမနည်း Compiling လုပ်ပြီးမှ ရလာဒ်အဖြစ်နဲ့ ပေါ်ထွက်လာတဲ့ Operating System တစ်ခုကို တစ်ဦးတစ်ယောက်/ အဖွဲ့အစည်းတစ်ခုတည်းအတွက် သီးသန့်မရည်ရွယ်ဘဲ လူတိုင်းလွတ်လပ်စွာ သုံးစွဲနိုင်အောင် အခကြေးငွေမယူဘဲ ဖြန့်ဝေပေးခဲ့ကြတယ်။ ဒါတင်မကသေးဘူး အလကားသုံးခိုင်းယုံတင်မက ကိုယ်လိုချင်တဲ့ Desktop Environment၊ ကိုယ်သုံးချင်တဲ့ Browser ကနေစလို့ တစ်ခြား Software အားလုံးကိုလည်း ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် စီစဉ်ပေးထားသေးတယ်။ တစ်ချို့ Distros တွေမှာဆိုရင် OS တင်ပြီးမှ ကောင်းနိုးရာရာတွေကို တစ်ခုချင်းစီလိုက်ရှာ Install လုပ်ရတာမျိုး မဖြစ်အောင် အများစု နှစ်သက်လက်ခံပြီးသား Themes မျိုးတွေ၊ လူသုံးများတဲ့ Software တွေကို တစ်ခါတည်း OS နဲ့အတူ တွဲဖက်ပေးထားတတ်သေးတယ်။
 
တကယ်လို့ Software အသစ်သွင်းချင်တာ၊ အရေးကြီး Security Updates တွေပါတဲ့ Versions အသစ်ကို Upgrade လုပ်ချင်တာမျိုးဆိုရင်လည်း Linux Distribution တိုင်းမှာ Compile အသင့်လုပ်ထားပြီးသား Package ပုံစံနဲ့ စီစဉ်ပေးထားတတ်ပါတယ်။ Linux နဲ့ အကျွမ်းတဝင် မဖြစ်သေးတဲ့ သူတစ်ချို့အတွက် ဒီနည်းလမ်းက လွယ်မယောင်နဲ့ ခက်မလို ဖြစ်နေတတ်ပြီး အနေကြာသွားရင်တော့ Windows မှာသွင်းရတဲ့ Installer တွေထက် အများကြီး အလုပ်ရှုပ်သက်သာ တယ်ဆိုတာကို သတိထားမိလာပါလိမ့်မယ်။
 
selection008
 
Linux Distributions များ၏ကွာခြားချက်များမှာ အဘယ်နည်း။
 
Linux Distributions တိုင်းမှာ ကွာခြားချက် အနည်းနဲ့အများ ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း Distros အကြိုက်ချင်း မတူညီတတ်ကြပါဘူး။ တစ်ချို့က Closed-Source Software တွေမပါစေချင်တော့ Fedora ကိုကြိုက်ကြပြီး၊ တစ်ချို့က ကိုယ့်အတွက် သုံးရပိုလွယ်အောင် Closed-Source Software အသင့်ထည့်ထားပေးတတ်တဲ့ Mint ကို သဘောကျတတ်ကြပါတယ်။ သူတို့အားလုံးမှာ Default အနေနဲ့ပါတဲ့ Software တွေကလည်း မတူတတ်ကြဘူး။ ဥပမာအနေနဲ့ ဆိုရရင် - Ubuntu က Unity သုံးနေတဲ့အချိန်မှာ Fedora က GNOME Shell သုံးပြီး Mint ကျတော့ Cinnamon ဒါမှမဟုတ် MATE ကိုသုံးကြတယ်။
 window-selection-3.10
 
ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုက တစ်ချို့ Distributions တွေဆိုရင် List ထဲကိုရောက်လာပေမယ့် သူ့ Distros ကို သိပ်အကြာကြီး Support မပေးတတ်ကြဘူး။ အဲ့လို Distros မျိုးဆိုရင်တော့ မသုံးခင်တည်းက ရှောင်သင့်ပါတယ်။ Ubuntu LTS တို့ Red Hat Enterprise Linux တို့ဆိုရင် Stable Distributions ဖြစ်နိုင်ဖို့ ဦးတည်ပြီး ဖန်တီးထားတာကြောင့် Security Updates တွေ Bug Fixes တွေကို အချိန်တော်တော်ကြာကြာထိ Support လုပ်ပေးတတ်ပါတယ်။
 
mythbuntu_8-04_screenshot
 
တစ်ချို့ Linux Distributions တွေက Desktop Computers တွေအတွက် ရည်ရွယ်တယ်။ တစ်ချို့ကျတော့ Servers တွေအတွက် ရည်ရွယ်ထားလို့ Graphical Interface မပါဘူး။ ပုံမှန်သမားရိုးကျ သုံးချင်သူတွေအတွက်ဆို Ubuntu။ OS ကို နည်းနည်းလေးလောက်ဖြစ်ဖြစ် ဟိုပြင်ဒီပြင်ပြင်ပြီးမှ သုံးချင်သူတွေအတွက်ဆို Arch Linux။ တစ်ချို့ကိုကျတော့ အိမ်မှာ ဖျော်ဖြေရေး PC တစ်လုံးလိုသုံးနိုင်အောင် စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ ဖန်တီးထားတဲ့ Distros မျိုးစုံ ရှိပါသေးတယ်။
 
မည်သည့် Distros အား ရွေးချယ်သင့်သနည်း။
 
အခုဆို မတူညီကြတဲ့ Linux Distributions တိုင်းက မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ တစေ့တစောင်း သဘောပေါက်ခဲ့ကြပြီ။ အဲ့တာကြောင့် ဘယ် Linux Distribution ကို ရွေးချယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း သုံးစွဲသူရဲ့ လိုလားချက်နဲ့အကြိုက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ Desktop User တစ်ယောက်မို့လို့ Ubuntu နဲ့ Mint ကို အားပြုပြီးသုံးတယ်။ Ubuntu ကိုသုံးခြင်းအားဖြင့် မြန်မာဘလော့တွေမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ အတော်များများ ရေးထားပြီးသားတွေ ရှိနေတယ်။ တခြား Fedora တို့ OpenSUSE တို့ Mageia တို့ စတဲ့ Distros တွေကျတော့ သုံးတဲ့သူများရင်တောင် မြန်မာဘလော့တွေမှာ များများစားစား သိပ်ရေးကြတာ မတွေ့ရသေးဘူး။ အဲ့လို Distros မျိုးတွေကို ကိုယ်ကစသုံးမယ်ဆိုရင်တော့ ကိုယ်တိုင်စပြီး မြေစမ်းခရမ်းပျိုး လုပ်ရပါလိမ့်မယ်။
 
5
 
အဲ့တာကြောင့် Linux Distributions တိုင်းမှာ မဖြစ်မနေရွေးချယ်သင့်ပြီး တစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ Right Distros ဆိုတာ မရှိသလို ရွေးချယ်စရာများပေမယ့် စိတ်ရှုပ်စရာမရှိတဲ့ Linux Distributions ပေါင်းများစွာကြားက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Distros တစ်ခုကို ရွေးချယ်နိုင်စေဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

Maung Zin.

Pinguy OS - Distro Review

Ubuntu ဟာ ကျွန်တော် အချစ်ဆုံး Linux distros တွေထဲက တစ်ခုပါ - ဒီ Ubuntu ကြောင့်ပဲ Linux ကို စပြီး ခြေချဖြစ်ခဲ့တယ်။ ဒီ Ubuntu ကြောင့်ပဲ Open Source ရဲ့ သဘောသဘာဝနဲ့ ရပ်တည်ပုံကို နားလည်လာခဲ့တယ်။ Ubuntu ကို ကျွန်တော် ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ တစ်ချို့တွေက Linux မှာ ဘာ distros သုံးလဲလို့ အချင်းချင်း မေးကြရင် Ubuntu သုံးပါတယ်လို့ ကျွန်တော် ပြောတဲ့အခါ တစ်ဖက်လှဲ့ နှာခေါင်းရှုံ့ချင်ကြတယ်။ Linux မှာ ဘာသုံးလဲမေးရင် တစ်ခြား လူသိပ်မသိတဲ့ / လူအများ သိပ်မသုံးနိုင်သေးတဲ့ Distros တစ်ခုခုသုံးပါတယ်လို့ ပြောမှပဲ ဆရာကျသလိုလို။ တစ်ခြား Distros သုံးလေ့ မရှိပါဘူးလို့ ပြောရင်ပဲ Linux လောကမှာ လူရာမဝင်တော့သလိုလို။

တကယ်တော့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ ယုံကြည်ချက်ကတော့ လွယ်တာကိုသုံးလည်း ဒီ OS ပါပဲ။ ခက်တာကို ပြင်သုံးလည်း ဒီ OS ပါပဲ။ အဓိကက ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်ဘဝ ရပ်တည်ရာ လမ်းကြောင်းပေါ်က အဆင်အပြေဆုံး ဖြစ်မယ့် OS တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုနိုင်ဖို့ကိုပဲ ကျွန်တော် အမြဲ ဦးတည်ပါတယ်။ လူသိပ်မသိတဲ့ / လူအများ သိပ်မသုံးနိုင်သေးတဲ့ Distros တစ်ခုခုကို သုံးနိုင်မှ လူရာဝင်မယ်ဆိုရင်တော့ ဒီတစ်သက် ကျွန်တော် လူဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

Ubuntu နဲ့ အတူနေလာတာကြာလာတော့ ကျွမ်းကျင်တယ်လို့ မဟုတ်ပေမယ့် လုပ်ထုံးလုပ်နည်း တော်တော်များများကို ကျွန်တော် တီးမိခေါက်မိရှိလာခဲ့ပြီ။ အဲ့မှာ ဘာကို သွားသတိထားမိလဲ ဆိုတော့ ယဉ်ပါးနေတဲ့ User တစ်ယောက်အတွက် Ubuntu တင်ပြီးနောက်ပိုင်း ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ရတာ ဘယ်လောက်မှ ပြဿနာ မရှိပေမယ့် အလေ့အကျင့် မရှိသေးတဲ့ သူတစ်ယောက်အတွက် ဆိုရင်တော့ လမ်းညွှန်ချက်တွေ ဘယ်လောက်ပဲ များနေပါလေ့စေ စိတ်ရှုပ်စရာကောင်းတာ အမှန်ပါ။ နောက်ပြီး လမ်းညွှန်ချက်ဆိုတာတွေကလည်း အမြဲတမ်း Windows လိုမျိုး Next - Next နဲ့ သွားနေတာမျိုး မဟုတ်တော့ တစ်ခါလာ တစ်မျိုးပြောင်းနေတတ်တဲ့ Command line တွေကို End users တွေအနေနဲ့ အမြဲလိုက်မှတ်နေဖို့ဆို အခက်အခဲ ရှိလာပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာ Software သွင်းတာများ Command line ကို ဘာလို့သုံးစရာရှိလဲ - Ubuntu Software Center ကြီး တစ်ခုလုံး ရှိနေတာပဲလို့ ပြောစရာရှိပါတယ်။ Apps တွေကို install လုပ်ဖို့ အတွက် Ubuntu Software Center ကိုကြီးပဲ အစဉ်သဖြင့် အားကိုးလို့ မရပါဘူး - တစ်ချို့ ကိုယ်သဘောကျပြီး သုံးလေ့ရှိတဲ့ Apps တွေက Ubuntu Repositories ထဲမှာ မရှိတာတွေ ရှိတယ်။ အဲ့အချိန်ကျရင် Command line ဆိုတာကပါလာပြီ။ ဒါတင်မကသေးဘူး Ubuntu Repositories ထဲမှာ ရှိနေတဲ့ apps တွေဆိုတာ version အသစ်တစ်ခုပြောင်းမှ တစ်ခါပြောင်းတာမျိုးမို့လို့ Ubuntu Software Center ထဲမှာ ရှိနေတဲ့ Apps ကိုပဲ သုံးနေမယ်ဆိုရင် ခြောက်လအတွင်းမှာ ပြောင်းလဲသွားတဲ့ Apps ရဲ့ နောက်ဆုံးထွက် Versions တွေကို ကိုယ်က မသုံးရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။ အဲ့အချိန်ကျပြန်ရင်လည်း ကိုယ်သုံးနေတဲ့ Apps ကို latest version ဖြစ်အောင် လုပ်ဖို့က Command line ဆိုတာ ပါလာပြန်ပါပြီ။ ဒါတွေက Linux သမားတိုင်း ကြုံဖူးကြမယ့် အခက်အခဲ တစ်ခုပါ။

ဒီလို ပြဿနာမျိုးတွေဆိုတာ ဝါသနာကြီးသူတွေ - စိတ်ရှည်သူတွေ - ကလိချင်သူတွေအတွက် အကြောင်းမဟုတ်ပေမယ့် လေ့လာခါစ linux ကို အခြေချခါစ သူတစ်ယောက်အတွက် ဆိုရင်တော့ တကယ့် ပြဿနာကြီးဆိုတဲ့ စာရင်းထဲမှာ သူ့ကို ထည့်တွက် ရပါလိမ့်မယ်။ Ubuntu တစ်ခါ တင်တင်ပြီးတိုင်း အသင့်သုံးလို့ ရတယ် ဆိုပေမယ့် ကိုယ့်စိတ်ကြိုက် ဖြစ်အောင် Tweak လုပ်ရတာတွေ များများလာတဲ့ အခါ ကျွန်တော်လည်း တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကိုယ် သနားမိတယ်။ ဟိုဟာလိုသွင်းရ - ဒီဟာလိုရှာရနဲ့ဆိုတော့ လူပီသစွာနဲ့ ဒီ့ထက် သက်သာမယ့် နည်းလမ်းလေးများ မရှိနိုင်တော့ဘူးလား ဆိုပြီး လိုက်ရှာမိလာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အများကြီး ပြင်ဆင်စရာမလိုပဲ အသက်သာဆုံးနဲ့ အသင့်သုံးလို့ ရနိုင်မယ့် OS မျိုးများ နောက်ထပ် မရှိတော့ဘူးလားပေါ့ - အသိတော်တော်များများကတော့ ကျွန်တော့်ကို Linux Mint သုံးဖို့ Recommend ပေးပါတယ်။ Linux Mint ကို ကျွန်တော် သုံးဖူးပါတယ်။ သဘောလည်း ကျပါတယ်။ ဒါပေမယ့် မကောင်းတဲ့ တစ်ချက်က ကျွန်တော် Ubuntu fun ဖြစ်နေတာပါ။ Ubuntu fun ဖြစ်နေတော့ နောက် Distros တစ်ခု ပြောင်းသုံးပါလားလို့ ပြောလာရင် ခဏလောက် စမ်းကြည့်ဖြစ်ပေမယ့် နောက် Ubuntu ဆီပဲ ပြန်ပြန်ရောက်လာခဲ့တာပဲ။

အဲ့လိုနဲ့ အနေကြာလာလိုက်တာ ဟိုတစ်လောက WebUpd8 မှာ စာသွားဖတ်ရင်း PinguyOS ဆိုတာနဲ့ ရင်းနှီးခဲ့တယ်။ တွေ့တွေ့ချင်းတော့ ဒီလောက် စိတ်မဝင်စားလှပါဘူး။ ဒါပေမယ့် WebUpd8 က စာရေးသူတွေက စာရေးကောင်းတယ်ဗျ။  စာဖတ်သူ ဘာရှာသလဲ - စာဖတ်သူ ဘာလိုချင်သလဲ ဆိုတာ သူတို့ ကောင်းကောင်းသိတယ်။ သူရေးထားတဲ့ PinguyOS အကြောင်း ပို့စ် လေး ငါးခုလောက် ဖတ်ပြီးသွားတော့ နဲနဲ စိတ်ဝင်စားသလိုလို ဖြစ်လာတာနဲ့ သူ့မူရင်း ဝက်ဘ်ဆိုဒ်ကို လိုက်သွားလိုက်တယ်။ အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ PinguyOS နဲ့ ပတ်သတ်ပြီး သူတို့ရဲ့ ဖော်ပြချက်ကို တွေ့ခဲ့ရတယ်။

Quote:
This OS is for people that have never used Linux before or for people that just want an out-of-the-box working OS without doing all the tweaks and enhancements that everyone seems to do when installing a fresh copy of Ubuntu or other Linux based Distro's.
သူ့ဖော်ပြချက်ထဲက -
  1. အရင်က Linux မသုံးခဲ့ဖူးသူတွေ
  2. များများစားစား tweaks မလုပ်ချင်သူတွေ
  3. Ubuntu တင်ပြီးတိုင်း အဆင့်မြှင့် ပြင်ဆင်ချက် မလုပ်ဆောင်ချင်သူတွေ

ဆိုတဲ့ အချက်သုံးချက်ကို တွေ့တော့ တော်တော်လေး ကျေနပ်သွားတယ်။ ကျွန်တော် ရှာနေတာ ဒီလိုကောင်မျိုး သေချာတာပေါ့။


အရေးအကြီးဆုံး တစ်ချက်ကျန်သေးတယ် - အဲ့တာက Pinguy OS ဆိုတာ Ubuntu ပေါ်မှာ အခြေပြုထားပြီး repositories တွေ ထပ်ပေါင်းဖြည့်ထားတယ် ဆိုတဲ့ အချက်။ ဒီအားသာချက်ကြောင့် Ubuntu တင်ပြီးကာမှာ repositories လိုက် add ရတဲ့ရန်ကနေ တော်တော်များများ ငြိမ်းသွားသလို - Ubuntu installed လုပ်အပြီးမှာ Default အနေနဲ့ ပါမလာတဲ့ မဖြစ်မနေ ကျွန်တော်တို့သုံးနေကျ Apps တွေကိုလည်း Pinguy OS ထဲမှာ အသင့်ထည့်ထားပေးပြီးသား ဖြစ်နေတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် Dropbox, Docky, VLC, Elementary-Nautilus, Shutter, စသဖြင့် တကယ်အသုံးဝင်ပြီး လူကြိုက်များတဲ့ Apps တွေတော်တော်များများကို သေသေချာချာ စီစစ်ပြီး ထည့်ထားပေးတာ တွေ့ခဲ့ရတယ်။ အောက်မှာ တွေ့ရတဲ့ ပုံတွေက ကျွန်တော် Pinguy OS ကို LiveCD အနေနဲ့ ဝင်ကြည့်ထားတဲ့ ပုံတွေပါ။


Themes အနေနဲ့ ဆိုရင်လည်း လူကြိုက်အများဆုံး Elementary themes တွေ တစ်ခါတည်း ပါပြီးသား။



System tools အောက်ကို ကြည့်ဦးမလား - သုံးရသိပ်လွယ်တဲ့ Ubuntu Tweak တို့ - Virtual box တို့က အသင့်။



Internet အောက်မှာ ဆိုရင်လည်း Skype, TeamViewer, Deluge, .. အစုံထည့်ထားပေးတယ်။


Accessories အောက်မှာ ဆိုရင်လည်း Conky, Docky, Shutter .... အားလုံးဖြည့်ထားပေးတယ်။


အဲ့တော့ Ubuntu မှာ Apps တစ်ပုံတစ်ခေါင်းတင်ပြီး သုံးသုံးနေကြတဲ့ ကျွန်တော်တို့တွေ ဘာကြောင့် Pinguy OS ကို မစမ်းရဲရမှာလဲ။ ကျွန်တော်တော့ သုံးရလွယ်တာရယ် အားလုံးနီးပါး အသင့်ပြင်ဆင်ပေးထားပြီးသား ဖြစ်နေတာရယ်ကြောင့် ခုနောက်ပိုင်း မဖြစ်မနေ ရွေးချယ်စရာ တစ်ခုခု ရှိလာမယ်ဆိုရင် Ubuntu ပြီးရင် Pinguy OS ကိုပဲ 2nd Choice အနေနဲ့ ရွေးချယ်မိမယ် ထင်တယ်။ မိသားစုဝင်များရော - ဘယ် Distros တွေကိုများ စိတ်တိုင်းကျကြပါသလဲ။ မိသားစုဝင်များရဲ့ အမြင်များကို ကျွန်တော် သိချင်လှပါတယ်။

KznT.

Top Posts for Natty Narwhal users

ဧပြီ ၂၈ ရက်နေ့က Ubuntu 11.04 Final Release ထွက်တယ် - ကျွန်တော် သူ့ကို Beta 2 ထွက်တုန်းက တစ်ခါ စမ်းသုံးဖြစ်သေးတယ် - အရင် Ubuntu Version တွေနဲ့ မတူဘူး - ခု Ubuntu က Beta 2 အဆင့်ရောက်လာတာတောင် Errors တွေတော်တော်တက်နေတာ တွေ့ရတယ် - အရင် Version အဟောင်းတွေတုန်းက Beta အဆင့်ဆိုရင်တောင် သုံးရတာ တော်တော်လေး အဆင်ပြေနေပြီ - အဲ့လိုနဲ့ Final Release ထွက်လာတယ် - ဘယ်သူတွေ ဘယ်လို သဘောကျတယ်တော့ မပြောတတ်ဘူး - ကျွန်တော်ကတော့ ပြောရရင် သိပ်ပြီး သဘောမတွေ့လှဘူး - ကျွန်တော် သိပ်မသုံးတတ်သေးလို့လည်း ဖြစ်ကောင်း ဖြစ်မယ် - နောက်ပြီး အရင် ပုံစံဟောင်းနဲ့ အသားကျနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ လတ်တလောတော့ Unity ကို ကျွန်တော် ခံစားလို့ မရဘူး - အရင်က Ubuntu တင်ပြီးရင် Software လေးတင် - Theme လေး ပြောင်းယုံနဲ့ အဆင်ပြေသွားပေမယ့် ခု 11.04 မှာ မကြိုက်တာတွေ နဲနဲများတော့ တစ်ခုချင်းစီ လိုက်ပြင်ရတာနဲ့တင်ကို ၁ နာရီလောက် အချိန်ပုတ်သွားတယ် -


ဒါပေမယ့်လည်း သီးခံနိုင်ပါတယ် - အလကားပေးထားတဲ့ OS တစ်ခုကို ၆ လတစ်ကြိမ် ပြောင်းလဲမှု လုပ်ပေးနေတာ တော်ယုံဖြည့်ဆည်းမှုလား။ နောက်ပြီး ခု version ကို သဘောမကျဘူး ဆိုပေမယ့် Ubuntu က 11.04 မှာ ရပ်နေမှာမှ မဟုတ်ပဲ - နောက်ထပ် Version တွေထွက်လာဦးမှာပဲလေ - နောက်ပြီး 11.04 မှာ ကျွန်တော် ထူးထူးထွေထွေ သဘောမကျတာ Unity တစ်ခုလောက်ပါပဲ - တစ်ကယ်လို့ ဒါကို သဘောမကျလည်း ကျွန်တော်တို့ အရင်သုံးနေကျ Ubuntu Classic အတိုင်း ဖြစ်အောင် Login Screen မှာ Ubuntu Classic လို့ ရွေးပေးပြီး ပြန်ပြောင်းလိုက်လို့ ရတယ်။ အဲ့တော့ ကျွန်တော် အရင်သုံးနေတဲ့ 10.10 ကနေ 11.04 ပြောင်းသုံးတော့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာလေးတွေ ပြောပြချင်တယ် - ပြောပြချင်တယ် ဆိုပေမယ့် ကျွန်တော် အရင်လိုတော့ တစ်ခုချင်းစီ ရေးပေးနိုင်မှာ မဟုတ်တော့ဘူး - အရင်တုန်းက ကျွန်တော် ရေးပေးခဲ့တယ် ဆိုတာတွေကလည်း ဒီလိုပဲ အင်္ဂလိပ်ဘလော့တွေက ရေးထားတာတွေကို နားလည်သလို ဘာသာပြန်ပြီး ရေးပေးတာဆိုတော့ ခု ဒီ Thread မှာ Ubuntu 11.04 သုံးချင်မယ့် လူတွေအတွက် တင်ပြီးသွားရင် ဘာတွေ ပြုပြင်ပြောင်းလဲမှု လုပ်သင့်မယ်ဆိုတာကို ဖတ်ထားသင့်မယ့် စာမျက်နှာတွေနဲ့ တွဲဖက်ပြီး Links လေးတွေ ချိတ်ဆက်ဖော်ပြပေးသွားချင်ပါတယ်။

How to Upgrade to Ubuntu 11.04 "Natty Narwhal" Easily - လောလောဆယ်မှာ Ubuntu 10.10 Maverick Meerkat သုံးနေတဲ့သူဆိုရင် Ubuntu 11.04 ကို ဘယ်လို Upgrade အလွယ်တကူ လုပ်နိုင်မယ်ဆိုတာ ဒီ ပို့စ်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

How to upgrade from Ubuntu 10.04, 10.10 to Ubuntu 11.04 Natty Narwhal | Desktop & Server - တကယ်လို့ Ubuntu 10.04, 10.10 နှစ်မျိုးလုံးကနေ Ubuntu 11.04 Natty Narwhal ကို upgrade လုပ်ချင်ရင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ unixmen.com က ဖော်ပြပါ ပို့စ်လေးကို ဖတ်ပေးပါ။

Cleaning up Ubuntu after every Upgrade or fresh Install | Natty Narwhal - Upgrade လုပ်လုပ် - Fresh install ပဲ လုပ်လုပ် Natty Narwhal ကို ပြောင်းပြီးသွားရင် Ubuntu ကို သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြပါ ပို့စ်ကိုဖတ်ပါ။

Our complete guide to Unity in Ubuntu 11.04 - Ubuntu 11.04 သုံးမယ်ဆိုရင်တော့ Unity အကြောင်း သိထားဖို့လိုပြီ - သူများမကြိုက်လို့ ကိုယ်လိုက်မကြိုက်တာမျိုးတော့ မဖြစ်သင့်ဘူး - သူတို့ ဘာလို့ ဒီ Unity ဆိုတဲ့ new desktop environment ကိုသုံးတာလဲ - ဒါတွေက အကြောင်းရှိတယ် - နာမည်ရှိပြီးသား Brand တစ်ခုကို နာမည်ပျက်အောင်တော့ ဘယ်သူမှ မပြင်ကြဘူး - ကောင်းလို့ ပြင်တာပေါ့ - အားသာချက်တွေ ရှိလို့ ပြောင်းတာပေါ့ - ဘာတွေ အားသာချက်ရှိတယ်ဆိုတာသိဖို့ ဖော်ပြပါ omgubuntu.co.uk က ပို့စ်လေးကို မပျက်မကွက် ဖတ်ကြစေချင်ပါတယ်။

12 Things I did After Installing New Ubuntu 11.04 "Natty Narwhal" - Ubuntu 11.04 "Natty Narwhal" တင်ပြီးသွားရင် တဆက်တစပ်တည်း ဖတ်သင့်တာကတော့ ခုဖော်ပြထားတဲ့ ပို့စ်ပါ။ သူ့ကို ဖတ်ပြီးရင် Themes တွေ Applications တွေတင်တာ ပြင်တာ အလှဆင်တာတွေအားလုံး သဘောပေါက်သွားပါလိမ့်မယ်။

Things To Tweak / Fix After Installing Ubuntu 11.04 Natty Narwhal - နောက်ထပ် မဖြစ်မနေ ဖတ်ဖို့ သင့်တာကတော့ webupd8.org က ဖော်ပြပါ ပို့စ်ပါ - 11.04 မှာဖြစ်နေတဲ့ လူတော်တော်မျာများ သဘောမကျကြတဲ့ ပြဿနာရပ် တော်တော် များများကို အဲ့ဒီ့ ပို့စ်လေးက ဖြေရှင်းပေးပါလိမ့်မယ်။

How To Remove Mounted Drives From The Ubuntu Unity Launcher - Ubuntu တင်ပြီးရင် Drive တစ်ခုခုကို Open လိုက်တဲ့ အခါ Mounted Drives တွေ တက်တက်လာတဲ့ ပြဿနာကလည်း တော်တော်စိတ်ရှုပ်ဖို့ ကောင်းတယ် - ကျွန်တော့်စက်မှာက Partitions က 8 ခု ရှိတော့ တစ်ခုဖွင့်တိုင်း တစ်ခါ Desktop ပေါ် တက်တက်လာတာ ကြည့်လို့ကို မရဘူး - အရင်ကတော့ Ubuntu Tweak လေးသုံးလိုက်ရင် အဆင်ပြေသွားတယ် - ခု Ubuntu 11.04 မှာကျတော့ Ubuntu Tweak သုံးလိုက်ရင် Desktop ပေါ်က Mounted drives တွေပျောက်သွားပေမယ့် Ubuntu Unity Launcher ထဲက Mounted drives တွေကတော့ ပျောက်မသွားဘူး - အဲ့ပြဿနာကို ပြေလည်စေချင်ရင် ဖော်ပြထားတဲ့ Post ကို ဖတ်ပါ။

10 things to do after installing Ubuntu 11.04 - ဒါက omgubuntu.co.uk ရဲ့ လက်ရာပါ - အပေါ်မှာ ဖော်ပြခဲ့တဲ့ Posts အားလုံးကို ဖတ်ပြီးသွားရင် ဒီပို့စ်က အရံသဘောမျိုးလောက်ပဲ အသုံးဝင်ပါလိမ့်မယ်။ အသစ်အဆန်း သိပ်မရှိတော့ပါဘူး - ဒါပေမယ့် ဖတ်ထားတာ မမှားပါဘူး။ တစ်ချို့ သိထားသင့်တာလေးတွေ ရှိပါတယ်။

Top Things to do after installing Ubuntu 11.04 Natty Narwhal - ဒီပို့စ်က unixmen.com ရဲ့ လက်ရာပါ။ များများလေ့လာ ပြင်ဆင်ချင်တဲ့ သူတွေ ဖတ်ထားသင့်ပါတယ်။


How to move back from Unity to gnome2 classic in ubuntu 11.04 natty narwhal - ဒီပို့စ်လေးကတော့ Unity နဲ့ အဆင်မပြေဖြစ်ပြီး gnome2 classic ကိုမှ ပြန်သုံးချင်မယ့် ကျွန်တော့်လို လူမျိုးတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ပါ - ဒီနည်းက ဒုတိယနည်းပါ - တစ်ခြားနည်းတစ်ခုက အပေါ်မှာ ဖော်ပြပေးခဲ့ပြီးတဲ့ ပြင်ဆင်ရေးနည်းလမ်းတွေ မှာတင် ဖော်ပြပေးထားတာ ရှိပါတယ်။ ကြိုက်တဲ့နည်းကို သုံးနိုင်ပါတယ်။

31 Useful Ubuntu 11.04 Unity Keyboard/Mouse Shortcuts - ဒါကတော့ Unity Shortcuts နဲ့ တစ်ခြား Keyboard shortcuts လေ့လာသူတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ကောင်း တစ်ခုပါ။

Installing GNOME 3 on Ubuntu 10.10 - Ubuntu 10.10 မှာ GNOME3 သုံးချင်တဲ့သူတွေအတွက် ဒီပို့စ်လေး ဖတ်ထားသင့်ပါတယ်။ ကျွန်တော် ပြောင်းကြည့်တာ အားလုံး အဆင်ပြေတယ် - ဒါပေမယ့် ၂ နာရီလောက် အချိန်ပေးလိုက်ရတယ်။ ကိုယ်သုံးနေတဲ့ Internet connection ပေါ်လိုက်ပြီး တော်တော်စောင့်ရလိမ့်မယ်။ စမ်းမယ်လို့ စိတ်ကူးရှိရင် အရင်ဆုံး ပို့စ်ကို တစ်ခေါက်ဖတ်ပြီး အဆင့်တွေကို သဘောပေါက်တော့မှ ပြောင်းဖို့ ဆုံးဖြတ်ပါ။

ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို Ubuntu 11.04 "Natty Narwhal" သုံးနေတဲ့သူတွေ အတွက် ရင်ဆိုင်နေရတဲ့ ပြဿနာကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။


KznT.

How to Choose a Partition Scheme for Linux PC

06-02-2011 06:48 PM က Linux or Ubuntu မှာ partition ဘယ်လိုခွဲပါသလဲ ဆိုပြီး ကိုသူရိန်စိုးက မေးခဲ့တယ် - မေးထားတာတော့ ကြာကြာလြှပီ - ဒါပေမယ့် ကျွန်တော် ပြန်ဖြေမပေးနိုင်ခဲ့ဘူး - အကြောင်းက ကိုသူရိန်စိုး မမေးခင် ရက်ပိုင်းကပဲ စက်မှာ Windows 7 နဲ့ Ubuntu ကို Dual boot တင်ထားရာကနေ နှစ်ခုလုံး ဖြုတ်ထုတ်ပြီး Windows 7 SP1 ဆိုတာကို တင်ခဲ့တယ် - အဲ့တော့ စက်မှာ Windows ပဲ ရှိတော့တာပေါ့ - Ubuntu စက်ထဲ မရှိတဲ့ အချိန် Ubuntu အကြောင်းမေးလာတော့ ပြန်ဖြေမယ် ဆိုရင် ဖြေပေးလို့ ရပေမယ့် ပြောတဲ့ အကြောင်းအရာတွေမှာ အမှားတွေ ပါသွားမှာ စိုးလို့ မဖြေပေးဖြစ်ခဲ့ဘူး - နောက်ပြီး ဖိုရမ်က အလုပ်ကိစ္စလေးတွေလည်း တစ်ဖက်က ရှိနေတော့ တစ်ခုမပြီးခင် နောက်တစ်ခု ပြောင်းရင် ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်မှာ စိုးတာနဲ့ ဟိုဘက်က အရေးကြီးတဲ့ အပိုင်းလေးတွေ အရင်လှည့်ရေးပြီး ခုမှပဲ ကိုသူရိန်စိုး မေးထားတာ ဖြေပေးနိုင်အောင် ဒီနေ့ HD မှာ နောက်ထပ် Partition ထပ်ထုတ်ပြီး Ubuntu တင်ဖြစ်လိုက်တယ် - ဒီနေ့တော့ ဖြေပေးဖြစ်ပါပြီ - ဘယ်လိုမှတော့ မထင်စေချင်ဘူးဗျာ - အခက်အခဲလေးတွေ နားလည်ပေးစေချင်ပါတယ် - 

Partition Scheme နဲ့ ပတ်သတ်ပြီး ပါးစပ်ပြောပြောရတာ ဒီလောက် မခက်ပေမယ့် စာနဲ့ ရေးပြီး ရှင်းဖို့က တော်တော်လေးကို လက်ပေါက်ကပ်ပါတယ် - ဘာလို့လည်းဆိုတော့ အကြောင်းအရာတွေ က ပြောရမှာ တော်တော်ကြီးကို များလို့ပါ - နောက်ပြီး Hard disk ဆိုတာမျိုးက ကွန်ပြူတာတိုင်းမှာ ရှိတာ မှန်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က ရည်ရွယ်ချက်နဲ့ အသုံးချပုံခြင်း မတူညီကြဘူး - တစ်ချို့က Partitions နှစ်ပိုင်းခွဲချင်တာ ရှိတယ် - တစ်ချို့က သုံးပိုင်း ခွဲချင်တာ ရှိတယ် - တစ်ချို့က အဲ့ထက်များများ ခွဲချင်တယ် - တစ်ချို့ကျတော့ Dual boot သုံးချင်တယ် - တစ်ချို့က Triple boot - တစ်ချို့ကကျတော့ HD မှာ Free space နည်းလို့ ကိုယ့်အတွက် တစ်ခြား Partition မှာ သုံးစရာများများ ကျန်အောင် OS partition ကို ပမာဏများများ သိပ်မပေး ချင်ကြဘူး - တစ်ချို့ကျပြန်တော့ OS partition မှာ Free space အများကြီး ထားပြီး ကြိုက်တဲ့ Apps ကို စိတ်ကြိုက် ဖြုတ်လိုက်တင်လိုက် လုပ်ချင်ကြတယ် - စသဖြင့် - အဲ့လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လိုလားချက်ခြင်း မတူလို့ အင်တာနက်ထဲ လိုက်ကြည့်ရင် Partitions စိတ်ပိုင်းနည်းဆိုတာ လူအမျိုးမျိုး စာရေးသူအဖုံဖုံက ပြောထားကြတာတွေ ရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် လုပ်ဆောင်ပုံချင်း မတူညီကြတာ သွားတွေ့ရပါလိမ့်မယ် - ခု ကျွန်တော် ပြောရမယ် ဆိုရင်လည်း အဲ့လိုပဲ ဖြစ်ဦးမှာပါပဲ - ကျွန်တော်က Partition Scheme ကို ဒီပုံစံသုံးပေမယ့် နောက် လူတွေက နောက်ပုံစံတစ်ခု သုံးချင်သုံးမှာပဲ - ဒီပုံစံ လိုက်မသုံးလို့ မင်း Partition Scheme က မှားနေတယ်ဆိုပြီး အလွယ်ပြောလို့ မရသလို - ကိုယ်သုံးနေတဲ့ ပုံစံတစ်မျိုးတည်းကိုပဲ အမှန်လို့ ယူလို့ မရပြန်ဘူး - ဒါ့ကြောင့် အဓိကက Partition Scheme မှာ အခြေခံ သဘောတရားနဲ့ လုပ်ဆောင်ချက်ကိုပဲ နားလည်အောင် ကြိုးစားထားပါ - ဒါဆို နောက်ပိုင်းမှာ ကိုယ့်မှာရှိတဲ့ HD အနေအထားပေါ် မူတည်ပြီး Partition Scheme ဘယ်လိုချရမယ်ဆိုတာ နားလည်သွားပါလိမ့်မယ် 


Partition Scheme အကြောင်းကို ပြောတာ ဒါဟာ ဒုတိယအကြိမ်လို့ ပြောလို့ ရပါတယ် - ဒီအကြောင်းက ကျွန်တော်ရေးခဲ့ပြီးတဲ့ အားလုံးအတွက် Ubuntu ( Linux ) မှာ တစ်ခါ ဆွေးနွေးခဲ့ပြီးသားပါ - မဖတ်ရသေးရင် အပိုင်း ( ၁၅ ) နဲ့ အပိုင်း ( ၁၆ ) ကို တစ်ခေါက်ပြန်ဖတ်စေချင်ပါတယ် - ဒါပေမယ့် အဲ့တုန်းက ရေးခဲ့တာ Windows နဲ့ Ubuntu ကို Dual-booting စနစ်နဲ့ ယှဉ်တွဲ အသုံးပြုနိုင်ဖို့ အဓိက ဦးတည်ချက် ထားပြီး ရေးခဲ့တာ မို့လို့ ဖော်ပြဖို့ တစ်ခုလိုသွားပါတယ် - အဲ့တာက ဒီနေ့ ဖော်ပြမယ့် Linux PC တစ်လုံးအတွက် အသုံးပြုသင့်တဲ့ Partition Scheme အကြောင်းပါ - တစ်ခုတော့ ကြိုတင်မေတ္တာရပ်ခံပါရစေ - ကျွန်တော့်မှာလည်း အချိန်အများကြီး မရှိလို့ တစ်နေ့တည်းနဲ့ အားလုံး အပြီးတော့ ရေးနိုင်လိမ့်မယ် မထင်ဘူး - ရေးရမှာ နဲနဲလေး များလို့ ၂ ပိုင်း ( သို့မဟုတ် ) သုံးပိုင်းလောက် ခွဲရေးပါရစေ - တစ်နေ့နည်းနည်းပေါ့ - 




Image by dmyhung


Partitions ဆိုတာဘာလဲ ??


တစ်ခြားအကြောင်းတွေ Partitions စိတ်ပိုင်းပုံတွေ အကြောင်းမပြောခင် Partitions ဆိုတာဘာလဲ ?? ဆိုတဲ့ အကြောင်းလေး အရင်ရှင်းပါရစေ - ဘာကြောင့်လည်းဆို Partitions ကဘာလဲ ဆိုတာ သိတဲ့လူက ဂဃနဏ သိပေမယ့် တစ်ချို့က မသိသေးတော့ အဲ့လို လေ့လာသူတွေ ဒီစာကို ဖတ်ရင် ရှေ့လျှောက် Partitions စိတ်ပိုင်းပုံအကြောင်း ပြောနေလည်း ဘာမှ မျက်စိထဲ မြင်မှာ မဟုတ်ဘူး - ဘာကြောင့် ဒီလိုလုပ်နေလဲ ဆိုတာကိုလည်း နားလည်မှာ မဟုတ်ဘူး - အဲ့ကျရင် ဒါက ဘာကြီးလဲ - ဘာလို့ ဒီလိုလုပ်နေတာလဲ ဆိုတဲ့ အမေးတွေက ဆက်တိုက် တက်လာမယ် - အဲ့လိုဆို မေးတဲ့လူအတွက်လည်း အချိန်ကုန်သလို - ကျွန်တော်လည်း မေးခွန်းတိုင်း ကို ပြန်ဖြေပေး နိုင်ဖို့က မသေချာဘူး - အဲ့တာကြောင့် ဒီနေရာမှာ နားလည်ပြီးသားဆိုရင် လည်း ဖြေးဖြေးသာ သီးခံပြီး ဖတ်ပေးပါ - တတ်နိုင်သမျှ တိုတိုနဲ့ နားလည်လွယ်အောင် ကြိုးစားကြည့်ပါ့မယ်။


Partitions လုပ်တယ်ဆိုတာ ကိုယ့်စက်မှာရှိတဲ့ Hard disk တစ်လုံးကို ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးချနိုင်အောင် အစိတ်အပိုင်းတွေပိုင်းပြီး Format လုပ်တာပါပဲ - အစိတ်အပိုင်းတွေ ပိုင်းမယ်လို့ ပြောလိုက်လို့ တကယ့် Hard disk ကြီးကို အပြင်မှာ မုန့်ကို သုံးလေးပိုင်း ပိုင်းသလို တစ်ခါပိုင်းပြီးရင် နောက်ပြန်ပြင်လို့မရတဲ့ physical နည်းအရ ပိုင်းခြင်းမျိုးလုပ်မယ် ထင်ပြီး စိုးရိမ်သွားကြလိမ့်မယ် - အဲ့လို မဟုတ်ဘူး - သူက physical နည်းအရ မုန့်ပိုင်းခြင်းမျိုးနဲ့ မတူတဲ့ Logical နည်းအရ ပိုင်းခြားခြင်းလို့ ခေါ်ပါတယ် - Logical နည်းအရ ပိုင်းခြားခြင်းဖြစ်လို့ Hard disk တစ်လုံးကို ဒီနေ့ သုံးပိုင်း ပိုင်းထားတယ်ဆိုပေမယ့် နောက်နေ့ လေးပိုင်း လုပ်ချင်လည်း ရတယ် - နောက်တစ်ပတ်မှာ ငါးပိုင်း လုပ်ချင်လည်း ရတယ် - မကြိုက်ဘူး ခုပဲ နှစ်ပိုင်း ပြန်လုပ်ချင် တယ် ဆိုရင်လည်း ဖြစ်တယ် - ဒါဟာ Physical ပိုင်းခြားခြင်းနဲ့ Logical ပိုင်းခြားခြင်းရဲ့ ကွာခြားချက်ပါ - နောက်ပြီး Partitions ဆိုတာမျိုးက အပေါ်မှာ ပြောခဲ့ပြီးသလို တစ်ယောက်နဲ့ တစ်ယောက်က ရည်ရွယ်ချက်နဲ့ အသုံးချပုံခြင်း မတူတော့ သူ့ကို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုလားချက်ပေါ် မူတည်ပြီး မျိုးစုံပုံဖော်လို့ ရတယ် - မြင်သာအောင် ပြောရရင် ကလေးတွေ ဆော့ကြတဲ့ Sandboxလိုပေါ့ - တစ်ယောက် တစ်နေရာစီ နေပြီး သူတို့ လုပ်ချင်တဲ့ ပုံစံ သူတို့ဆောက်ချင်တဲ့ အိမ်ပုံစံလေးတွေ စိတ်ကြိုက်လုပ်လို့ ရတယ် - Partitions ဆိုတာတွေကလည်း ဒီသဘောပဲ - တကယ်လို့ ကျွန်တော်တို့မှာ 500GB ရှိတဲ့ Hard drive တစ်ခုရှိပြီး သူ့ကို 300GB Partition တစ်ခုနဲ့ 200GB Partition တစ်ခု နှစ်ပိုင်း ပိုင်းထားတယ် ဆိုကြပါစို့ - ဒီလိုဆို Partition တစ်ခုမှာ ဖြစ်နေတဲ့ ပြဿနာက နောက် Partition တစ်ခုပေါ်ကို အကျိုးသက်ရောက်မှု မရှိဘူး - ပြောရရင် Partition တစ်ခုမှာ Windows တင်ထားပြီး - နောက် Partition တစ်ခုမှာ Linux တင်ထားတယ် ဆိုကြပါစို့ - ဒီလိုဆို Windows မှာ Viruses တွေ Trojans တွေ ဒင်းကြမ်းဖြစ်နေလည်း Linux partition ကတော့ သူ့ဘာသာသူ အေးရာအေးကြောင်း လည်ပတ်နေဦးမှာပဲ - အဲ့တာကြောင့် ကိုယ်ကိုယ်တိုင် ပေါ့ဆလို့ - ဒါမှမဟုတ် သူ့ဘာသာသူ Hard drive ပျက်လို့ ဆိုတဲ့ အခြေအနေမျိုးကြောင့်ကလွဲရင် Partition တစ်ခုပျက်လို့ နောက်တစ်ခုပါ လစ်သွားတယ် ဆိုတာမျိုး ဘယ်တော့မှ မဖြစ်ပါဘူး - ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ Hard drive တစ်ခုကို အသုံးချမယ်ဆိုရင် Partition တစ်ခုတည်းထားပြီး အသုံးမပြုကြဖို့နဲ့ Partitions တွေ ခွဲထုတ်ပြီး အသုံးပြုကြဖို့ အကြံပြုနေကြခြင်း ဖြစ်ပါတယ်။ 


နောက်ထပ်ရှိသေးတာ ခုလို Hard drive တစ်လုံးမှာ Partitions တွေကို တစ်ခုထက်မက ပိုပြီး စိတ်ပိုင်းအသုံးပြုခြင်းအားဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးတစ်ခုက Partitions တစ်ခုစီကို File systemတစ်ခုစီ ပြောင်းသုံးနိုင်တဲ့ အားသာချက်ပါ - File system ဆိုတာ နားလည်လွယ်အောင် ပြောရရင် Operating system တစ်ခုလည်ပတ်ရပ်တည်နိုင်ဖို့ Hard disk ပေါ်မှာ format ချပေးထားတဲ့ Table တစ်မျိုးလို့ ပြောလို့ ရပါတယ် - ဆိုရရင် File system ရှိမှ Operating system ဟာ ဘာကိုရေးရမယ် - ဘာကိုဖတ်ရမယ် - ဘာဟာကို ဘယ်လိုအဓိပ္ပါယ်ကောက်ရမယ် ဆိုတာ နားလည်နိုင်ပါတယ်။ သူများတွေက OS နှစ်ခုတွဲသုံးတယ် ကြားဖူးလို့ ကိုယ့်မှာ Hard drive နှစ်လုံး ရှိမှ ရမယ်များ ထင်နေပါသလား ? အဲ့လိုလည်း မဟုတ်ပါဘူး - ကိုယ့်မှာ HD တစ်လုံးတည်းရှိမယ် ဆိုရင်လည်း ကိုယ့် HD နဲ့ နေရာပမာဏပေါ် မူတည်ပြီး Operating systems တွေကို တစ်ခုထက်မက ယှဉ်တွဲ အသုံးပြုလို့ ရပါတယ်။

မနေ့က ပြောခဲ့တဲ့ file system အကြောင်းကို ပြန်ဆက်ရရင် Hard drive တစ်ခုမှာ အသုံးပြုနိုင်တဲ့ file system အမျိုးအစားပေါင်း မြောက်များစွာ ရှိပေမယ့် Hard drive တစ်ခုမှာ အသုံးပြုတဲ့ Partitions အမျိုးအစားကတော့ သုံးမျိုး သုံးစားပဲ ရှိပါတယ် - အဲ့တာတွေကတော့ - 

  • Primary partition
  • Extended partition နဲ့
  • Logical partition ဆိုတာတွေပါ။

ဒီနေရာမှာ Hard drive နဲ့ ပတ်သတ်ပြီး ပုံသေမှတ်ထားရမယ့် ကန့်သတ်ချက် တစ်ခုရှိပါတယ် - အဲ့တာကတော့ Hard disk တစ်ခုဟာ Primary partitions ကို ( ၄ ) ခုထက်ပိုပြီး အသုံးပြုလို့ မရပါဘူး - ခုလိုဖြစ်ရတဲ့ အကြောင်းအရင်းက Master Boot Record ကြောင့်ပါ - Master Boot Record ဆိုတာ ကိုယ့်ကွန်ပြူတာကို ဘယ် Partition ကနေ boot တက်ရမယ်ဆိုတာ ညွှန်ကြားတဲ့ အရာပါ - ဒါ့ကြောင့် ကွန်ပြူတာသမား အများစုက Master Boot Record နဲ့ ဆပ်စပ်နေတဲ့ Primary partitions တွေကို Operating systems အတွက် အသုံးပြုဖို့ သီးသန့်လိုမျိုး ထားတတ်ကြပါတယ် - ဒါပေမယ့် တကယ်လို့ ကိုယ်က Partitions လေးခု ထက်ပိုပြီး သုံးချင်တယ် ဆိုလို့ ရှိရင်ကော - ဒီလိုဆို အပေါ်မှာ ပြောခဲ့တဲ့ Partitions သုံးမျိုးထဲက Extended partition ရဲ့ အခန်းကဏ္ဍက ဝင်ရောက်လာပါပြီ - Extended partition တွေဟာ သူ့ကို Partition လို့ သတ်မှတ်ထားပေမယ့် သူ့ရဲ့ ရပ်တည်ပုံက တစ်ခြား partition တွေနဲ့ မတူပါဘူး - Extended partition ဆိုတာ Primary partition ရဲ့ နောက်မှာ ချိတ်ဆက်လာမယ့် Logical partitions အားလုံးကို Container တစ်ခုလိုမျိုး တစ်စုတစ်စည်းတည်း ပေါင်းစည်းပေးထားတဲ့ Partition အမျိုးအစားကို ခေါ်ပါတယ် - Hard disk တစ်ခုမှာ Extended partition တစ်ခု ဖွဲ့စည်းလိုက်ပြီ ဆိုတာနဲ့ OS အတွက် မဟုတ်တဲ့ partitions တွေ ( ၄ ~ ၅ ~ ၆ ခု ) မက ကိုယ့် Hard disk ပမာဏ များရင် များသလို စိတ်ကြိုက် စတင်ဖန်တီးနိုင်ပါပြီ - ဒီအကြောင်းက စာနဲ့ ပြောရင် ဘယ်လိုမှ မရှင်းနိုင်ပါဘူး - ကျွန်တော်သဘောပေါက်ပါတယ် - ခုပြောခဲ့တဲ့ ဖော်ပြချက်ကို မြင်သာအောင် ကျွန်တော့်စက်မှာ Setting ချထားတဲ့ Partition Scheme ကို အောက်မှာကြည့်ကြည့်ပါ - 



ဖော်ပြပါ ပုံမှာဆိုရင် Partitions စုစုပေါင်း ၆ ပိုင်းရှိပြီး - သူ့ရဲ့ ဖွဲ့စည်းပုံကတော့ 
  • အပြာရင့်ရောင်နဲ့ ပြထားတဲ့ Primary partitions - ၃ ပိုင်း
  • ရိုးရိုးအပြာရောင်နဲ့ ပြထားတဲ့ Logical partitions - ၃ ပိုင်း နဲ့
  • အဲ့ဒီ့ Logical partitions တွေအားလုံးကို တစ်ခုတည်းအဖြစ် သတ်မှတ်ပြီး အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Extended partition - ၁ ပိုင်း

ဆိုပြီး - ပုံမှန်နည်းအရ ရေတွက်ရင် ( ရ ) ပိုင်းသတ်မှတ်လို့ ရတာတွေ့ရပါလိမ့်မယ် - ဒါပေမယ့် အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Extended partition - ၁ ပိုင်းဟာ Logical partitions - ၃ ပိုင်းလုံးကို ကိုယ်စားပြုတာမို့လို့ သူ့ကို Partition တစ်ခုအနေနဲ့ သီးခြား မသတ်မှတ်တော့ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် Hard disk မှာ Partition ဘယ်နခု ပိုင်းထားသလဲလို့ မေးကြတဲ့ အခါ Extended partition ကို partition တစ်ခုအနေနဲ့ ထည့်မရေတွက်တော့ပဲ Primary partitions အရေအတွက်နဲ့ Logical partitions အရေအတွက်ကိုပဲ ပေါင်းပြီး ( ၄ ~ ၅ ~ ၆ ခု ) စသဖြင့် ပြောကြပါတော့တယ် - ဒါ့ကြောင့် အပေါ်က Partition scheme ကိုကြည့်ပြီး မင်းစက်မှာ Partitions ဘယ်နခု ပိုင်းထားသလဲလို့ ကျွန်တော့်ကို မေးလာရင် Partitions ( ၆ ) ခု ပိုင်းထားပါတယ်လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ် - Extended partition ကို partition တစ်ခုအနေနဲ့ ထည့်မရေတွက်တော့ ပါဘူး - ဒီလောက်ဆိုရင် Primary, Extended နဲ့ Logical partitions တွေရဲ့ အကြောင်းကို အထိုက်လျောက် နားလည်ကြလိမ့်မယ် ထင်ပါတယ် -


ခုလိုမျိုး Partitions တွေရဲ့ အားသာချက် အားနည်းချက်တွေကို သိပြီ ဆိုရင် အပေါ်မှာ Primary partition ဆိုတဲ့ အမျိုးအစားက ( ၄ ) ခုထက်ပိုခွဲလို့ မရဘူးဆိုပြီး ပြောထားခဲ့တော့ လူတိုင်းက Partitions ဆို လိုသလောက် စိတ်ပိုင်းလို့ ရတဲ့ Extended partition အမျိုးအစားကိုပဲ ဘာကြောင့် မသုံးတာလဲလို့ မေးစရာရှိလာပါတယ် - ဘာကြောင့်လဲဆိုရင် OS တစ်ခုဟာ Extended partitions အောက်မှာ ရှိနေတဲ့ Logical partitions တွေထဲကို ရောက်သွားတဲ့ အချိန်ကျရင် အဲ့ကနေပြီး တိုက်ရိုက် Boot တက်ဖို့ မဖြစ်နိုင်လို့ပါ - ဒါပေမယ့် ဒါကလည်း တရားသေ မဟုတ်ပါဘူး - Extended partitions အောက်မှာ ရှိနေတဲ့ Logical partitions ထဲက OS တစ်ခုကိုပဲ Boot တက်လို့ ရအောင် လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေ ရှိပါသေးတယ် - ဒါပေမယ့်လည်း အားလုံးအဆင်ချောဖို့ ဆိုရင် OS တစ်ခုအတွက် Partition ဟာ Primary partition ပဲ ဖြစ်တယ်လို့ပဲ အလွယ်မှတ်လို့ ရပါတယ် - ဒါ့ကြောင့် Partitions အမျိုးအစားသုံးမျိုးထဲမှာ Primary partition မှာ အရေးအပါဆုံးဖြစ်လို့ System ကနေပြီး Partitons တွေကို အက္ခရာလိုက် စဉ်တဲ့ အချိန်မှာလည်း အရင်ဆုံး Primary partitions ကနေ စရေတွက်ပြီး နောက်မှာမှ Logical partitions တွေ နောက်ကလိုက် ရေတွက်တာကို မြင်ရပါလိမ့်မယ် - 



အဲ့လို System ကနေ စနစ်တကျ စဉ်ထားတာ ဖြစ်တဲ့အတွက် နောက်ပိုင်း ကိုယ့် Hard disks မှာ partitions တွေ ထပ်ပေါင်းတာ / ဖျက်တာတွေ လုပ်ရင်ဖြစ်ဖြစ် - OSs တစ်ခုကနေ နောက်တစ်ခုကို အချိန်းအပြောင်းလုပ်ရင် ဖြစ်ဖြစ် Drive letters တွေဟာ အရင်ကနဲ့ မတူတော့ပဲ ပြောင်းကုန်တာ တွေ့ရပါလိမ့်မယ် -


ဒီနေ့တော့ အရှုပ်ထုတ်တွေ ရှင်းတာ အရမ်းများသွားပြီ - ကျွန်တော်တို့ ခဏနားလိုက်ရအောင် - နောက်နေ့ဆက်ပါဦးမယ် - 


အဆုံးသတ် မှာချင်တာကတော့ ခုရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကို သေသေချာချာ မရှင်းသေးရင် နောက်တစ်ကြိမ် ထပ်ဖတ်ပါ - နောက်တစ်ကြိမ်ဖတ်လို့မှ ဝိုးတိုးဝါးတား ဖြစ်နေရင် နောက်ထပ် တစ်ကြိမ် ထပ်ဖတ်ပါ - တစ်ခါဖတ်ပြီးသိတဲ့ ဝိုးတိုးဝါးတား အသိဟာ နောင်တစ်ချိန်မှာ လုံးဝမေ့ပျောက် သွားတတ်ပါတယ် - လေ့လာသူများ အဲ့လို အဖြစ်မခံကြဖို့နဲ့ စာသေချာဖတ်ကြဖို့ တိုက်တွန်းပါရစေ။

ဒီနေ့ ကံကောင်းတယ် ပြောရမယ် - Partition Scheme အကြောင်းပြောနေတုန်း ကိုစံငြိမ်းကလည်း Computer Hardware Fundamental(HARD DISK) ဆိုပြီး ရေးလာတယ် - ဒီအကြောင်းကို ဖတ်ဖြစ်တဲ့ သူတွေ ကိုစံငြိမ်းရေးတဲ့ အဲ့ပို့စ်လေးကို ဖတ်ပေးကြဖို့ ညွှန်းလိုပါတယ် - ဘာလို့လည်း ဆိုတော့ သူ့ထဲမှာလည်း ခု ဒီနေရာမှာ ပြောနေတဲ့ Partition အကြောင်းတွေ ပါနေလို့ပါ - လူနှစ်ယောက် အာဘော်နှစ်မျိုးဖြစ်ပေမယ့် အခြေခံအချက်တွေ တူနေတာ မိသားစုဝင်များ အဲ့ပို့စ်ကို ဖတ်ပြီးရင် သတိထားမိပါလိမ့်မယ် - ဒါတင်မက ကျွန်တော်ဖော်ပြဖို့ ကျန်ရစ်ခဲ့တဲ့ အပိုင်းတွေကိုလည်း ကိုစံငြိမ်းရဲ့ ဖော်ပြချက်မှာ တွေ့ရှိနိုင်ပါတယ်။ 


မနေ့က Linux ခေါင်းစဉ်အောက်ထဲဝင်ပြီး Windows မှာ စိတ်ပိုင်းထားတဲ့ Partitions ပုံတွေနဲ့ ရှင်းသွားခဲ့တာ ရှိတယ် - အကြောင်းက ဒီနေ့ဆက်သွားမယ့် အကြောင်းမှာ ပါလာမယ့် Windows နဲ့ Linux နှစ်ခုကြားက ကွဲပြားသွားတဲ့ Partition Scheme အကြောင်းကို မြင်သာ သွားအောင်လို့ပါ။ ဒီနေ့ ဆက်သွားမယ့် အကြောင်းကို Mount Points များအကြောင်း လို့ အမည်ပေးထားပါတယ်။


Mount Points များအကြောင်း



Partitions နဲ့ ပတ်သတ်ပြီး Windows နဲ့ Linux ကို ယှဉ်ကြည့်မယ်ဆိုရင် Windows က ပိုပြီး နားလည်ရလွယ်တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ ရပါမယ်။ ဘာလို့လည်းဆိုတော့ Windows နဲ့ ပတ်သတ်ပြီး Partitions အကြောင်းကို စဉ်းစားမယ် ဆိုရင် - 
  • Windows ဘယ်မှာ ရှိလဲ - Partition ပေါ်မှာ ရှိတယ်
  • Partition က ဘယ်မှာရှိလဲ Hard disk ပေါ်မှာရှိတယ်
ဒီလောက်နဲ့တင် ပြီးပါပြီ - တကယ်လို့ နောက်ထပ် Drives တွေရှိနေသေးသလား - ဒီလိုဆိုရင်လည်း Windows နဲ့ Compatible ဖြစ်တဲ့ file system သာ ဖြစ်ပါလေ့စေ - အဲ့ဒီ့ Drives တွေအားလုံး Windows တွဲပြီး အလုပ်လုပ်လို့ ရပါလိမ့်မယ် - တကယ်လို့ Windows နဲ့ Compatible မဖြစ်တဲ့ file systems တွေ ဖြစ်နေမယ် ဆိုရင်ကော - ဒီလိုဆိုရင်လည်း Windows က ရှင်းပါတယ် အကုန်လုံးကို သူ့ဘာသာသူ မသိချင်ယောင်ဆောင်ချင်ဆောင် - ဒါမှမဟုတ်ရင်လည်း အဲ့ဒီ့ Drive ကို Reformat လုပ်ပါဆိုပြီး ခိုင်းပါလိမ့်မယ် - Windows က အဲ့လောက်ထိ သုံးရရှင်းပါတယ်  Linux ကတော့ အဲ့လို အလုပ်လုပ်တာမျိုး မဟုတ်ပါဘူး - 



Linux မှာ Partitions အသီးသီးကို ချိတ်ဆက်ထားတဲ့ Directory တွေရဲ့ အလုပ်လုပ်ဆောင်ပုံ ဟာ အပေါ်မှာ ဖော်ပြထားတဲ့ သရုပ်ဖော်ပုံအတိုင်း သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကနေပြီး အကိုင်းအခက်တွေ ခွဲထွက်လာတာမျိုးနဲ့ အဓိပ္ပါယ်ချင်း ခပ်ဆင်ဆင်တူပါတယ် - တကယ်လို့ ကိုယ့် Hard drive မှာ နောက် Partition/Disk တစ်ခု ထပ်ပြီး Createလုပ်/ထပ်တပ်မယ် ဆိုရင် ပင်စည်ကနေပြီး နောက်ထပ် အကိုင်းအခက်တစ်ခု ဖြာထွက်လာသလိုမျိုး /media ဒါမှမဟုတ် /mnt ဆိုတဲ့ Directory နဲ့ အကိုင်းအလက်ခွဲတစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့ သီးခြား folder တစ်ခု ပေါ်လာပါလိမ့်မယ် - ဒါကို သူတို့က အင်္ဂလိပ်လို "Mounted" ဖြစ်တယ်လို့ ပြောပါတယ်။ အဲလိုမျိုး Partition တစ်ခု Mounted ဖြစ်နေတဲ့ Directory တည်နေရာကို Linux မှာ “mount point” လို့ ခေါ်ပါတယ်။ 



Windows မှာကတော့ အဲ့လို မဟုတ်ပါဘူး - သူ့မှာ Partition တစ်ခု Create လုပ်လိုက်တာနဲ့ အဲ့ဒီ့ အသစ်ပေါ်လာတဲ့ Partition ကို နဂို Hard drive နဲ့ ဘာမှ မပတ်သတ်တော့သယောင် သီးခြား drive တစ်ခုလို ဖော်ပြလေ့ရှိပါတယ်။ အနှစ်ချုပ်ရမယ် ဆိုရင်တော့ ဖော်ပြခဲ့တ့ဲ ဒီ Linux’s tree structure ဟာ File system မျိုးစုံနဲ့ တည်ဆောက်ထားတဲ့ Partitions အားလုံးနီးပါးကို Linux မှာ Windows ထက်ပိုပြီး ပေါင်းစပ် အသုံးချနိုင်စွမ်း ပိုများစေပါတယ်။ 


မနက်ဖြန်မှာ ကျွန်တော်တို့ Partitions တည်ဆောက်ပုံ တွေအကြောင်းစပါမယ်။ 

Mount Points တွေအကြောင်း မနေ့က ပြောခဲ့ပြီးတဲ့နောက်မှာ ဒီနေ့ ဆက်သွားဖို့ စဉ်းစားထားတာ Ubuntu Partitions နဲ့ Sizes တွေ အကြောင်းပါ - အဲ့ဒီ့ အကြောင်းတွေနဲ့ အတူ သိသင့်သိထိုက်တဲ့ အခြားအခြေခံ အကြောင်းအရာလေးတွေပါ ဆက်စပ်ရေးသားသွားပါမယ်


Ubuntu Partitions နဲ့ Sizes များ ဆုံးဖြတ်ရွေးချယ်ခြင်း


အခြေခံကျကျ ကြည့်မယ်ဆိုရင် GNU/Linux ဟာ Windows လိုမျိုးပဲ Partition တစ်ခုရှိယုံနဲ့ အသုံးပြုလို့ ရပါတယ်။ Partition တစ်ခုရှိယုံနဲ့ ( ၁ ) Operating system - ( ၂ ) ကိုယ်သွင်းချင်တဲ့ Apps - ( ၃ ) ကိုယ့် Personal files စတာတွေ အားလုံးကို ရောပြွန်း အသုံးပြုနိုင်တာမျိုးပါ။ Linux ( Ubuntu,. ) အသုံးပြုသူ အတော်များများဟာ Partition တစ်ခုရှိယုံနဲ့ အသုံးပြုလို့ ရတယ်ဆိုတဲ့ စကားကို ကြားရင် အင်တင်တင် ဖြစ်တတ်ကြပါတယ်။ ဘာလို့လည်း ဆိုတော့ Linux စသုံးမယ်ဆိုပြီး တစ်ယောက်ယောက်က မိတ်ဆက်ပေးလိုက်တာနဲ့ Swap partition ဆိုတဲ့ အကြောင်းက လင်နဲ့မယားလို တစ်ပေါင်းတည်း ကပ်ပါလာတတ်လို့ပါ - ဒါ့ကြောင့် သူတို့ရဲ့ အသိစိတ်ထဲမှာ Linux OS ကိုသုံးမယ်ဆိုရင် အနည်းဆုံး OS အတွက် Partition တစ်ခုနဲ့ Swap partition ဆိုပြီး အနည်းဆုံး Partitions နှစ်ခု ရှိရမယ်လို့ သံမိှုစွဲသလို စွဲထားတတ်ကြပါတယ်။ တကယ်တော့ အဲ့လိုမျိုး Swap partition မပါရင်ပဲ သုံးလို့ မဖြစ်တော့သလိုလို - အဲ့ဒီ့ Swap partition ကိုပဲ မဖြစ်မနေပါရမယ့် Partition တစ်ခုလို ထင်နေကြတာဟာ သိပ်ပြီး မှန်ကန်တဲ့/မဖြစ်မနေ လုပ်ကို လုပ်ရမယ့် ယူဆချက် တစ်ခု မဟုတ်ပါဘူး - “Swap” partition ရဲ့ အကြောင်းကိုဒီနေရာမှာ ထိုက်သင့်သလောက် ဖော်ပြခဲ့ပြီး ဖြစ်လို့ ဒီနေရာမှာ နောက် တစ်ခေါက်ထပ်ပြီး မဖော်ပြတော့ပါဘူး - အတိုချုံးပြောရရင် “Swap” partition ဟာ ကွန်ပြူတာမှာ ရှိနေတဲ့ physical memory (RAM) ကို သုံးလို့ မလုံလောက်နိုင်တဲ့ အခြေအနေမှာ Hard disk ပေါ်က storage space ကို “Virtual memory” အဖြစ် ပြောင်းလဲ ထမ်းဆောင်ပေးမယ့် ဧရိယာ တစ်ခုသာ ဖြစ်ပါတယ်။ အပေါ်မှာ Swap partition ဟာ လွန်လွန်ကဲကဲ အဓိက မကျလှဘူး လို့ ဆိုခဲ့ပေမယ့် Swap partition ရှိနေရင် Memory ပမာဏ လိုအပ်တဲ့ အချိန်မှာ Linux System ဟာ ပိုပြီး စွမ်းဆောင်ရည် ကောင်းလာတတ်ပါတယ်။ ဒါ့ကြောင့်မို့ Linux သမားတွေဟာ “Swap” partition ကို မဖြစ်မနေ ပါဝင်ရမယ့် Partition တစ်ခုလို တန်ဖိုးထားကြတာပါ။


Partitions ခွဲသုံးခြင်း၏ ကောင်းကျိုးများ


Partitions ခွဲမယ်လို့ စဉ်းစားရင် Linux သမားအများစုက Partitions ကို သာမန်ထက်ပိုပြီး လိုလားချက်အတိုင်း ခွဲသုံးဖို့ စိတ်ကူးရှိကြသလို - တစ်ချို့ကလည်း တတ်နိုင်သမျှ နည်းနည်း နဲ့ စုစုစည်းစည်းလေး ဖြစ်အောင် သုံးချင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ Partitions နည်းတာ များတာက ကိုယ်ပိုင်လိုအပ်ချက်နဲ့ပဲ သက်ဆိုင်ပါတယ် - ဘယ်လောက်ထားပါ - ဘယ်နခု ခွဲပါဆိုတာ ပုံသေနည်းနဲ့ အကြံပြုလို့ မရပါဘူး - 
  • Partitions ခွဲသုံးရခြင်းရဲ့ ပထမဆုံး ရည်ရွယ်ချက်က လုံခြုံမှုရှိဖို့ပါ - ဆိုလိုတာ Partition တစ်ခုမှာ File system corrupt ဖြစ်ခဲ့မယ် ဆိုရင် အခြား Partition တစ်ခုမှာ ရှိနေတဲ့ ( Backup files ) ကနေပြီး အဖတ်ပြန်ဆယ်လို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဘယ် Partition တွေ ဘယ်လို Create လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ - Linux မှာ “root partition” လို့ခေါ်တဲ့ Operating system နေရာပေးရမယ့် Partition ကတော့ မဖြစ်မနေကို လိုပါတယ်။ ( “root partition” ကို Linux မှာ သင်္ကေတ "/" ပုံစံနဲ့ပြပါတယ် )။ Windows မှာသုံးတဲ့ OS partition လိုမျိုးပဲ “root partition” ဆိုတာ System တစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်မယ့် အစိတ်အပိုင်းတွေ ထားရှိရမယ့် နေရာပါ။ အဲ့ဒီ့ Partition ရှိမှ GNU/Linux ထဲကို Boot လုပ်လို့ ရမှာဖြစ်သလို တစ်ခြား partitions တွေမှာ ပြဿနာဖြစ်ရင်လည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
  • ဒုတိယရည်ရွယ်ချက်ကတော့ အထူးသဖြင့် စီးပွားရေးလုပ်ငန်းခွင်တွေမှာ သုံးတဲ့ Linux ကွန်ပြူတာ မျိုးတွေအတွက် ပိုအရေးပါပါတယ်။ ( ဥပမာ အနေနဲ့ ပြောရရင် Mail server တွေမှာ Spam mails တွေကြောင့် Partition တစ်ခုလုံး ပြည့်သွားတတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အဲ့လို အခြေအနေမျိုးမှာ ဒီလို Mail sever အတွက် /var/mail ဆိုပြီး သီးခြား partition တစ်ခု ဖန်တီး ထားခဲ့မယ် ဆိုရင် Spam ပြဿနာ တက်လည်း System တစ်ခုလုံး အေးရာအေးကြောင်း လည်ပတ်နေနိုင်ပါလိမ့်မယ်။
Partitions ခွဲသုံးခြင်း၏ ဆိုးကျိုးများ


Partitions တွေ လိုတာထက်ပိုပြီး များများ ခွဲသုံးခြင်း အားဖြင့် ရရှိမယ့် ဆိုးကျိုးကတော့ ခွဲထုတ်မယ့် ကဏ္ဍများလေ ပမာဏဘယ်လောက်ထားမှာလဲ ဆိုတဲ့ အချက်ကို ပိုစဉ်းစားရလေ ဖြစ်လာပါလိမ့်မယ် - တကယ်လို့ လိုအပ်မယ့် ပမာဏကို ဂဃနဏ မသိပဲ ခွဲချလိုက်တဲ့ အချိန် ကိုယ် ခွဲထုတ်လိုက်တဲ့ ပမာဏက နည်းသွားခဲ့ရင် နောင်တစ်ချိန် System ကို Reinstall ပြန်လုပ်ရင်လုပ် - ဒါမှမဟုတ် Partitions တွေကို ဟိုဘက်တိုး ဒီဘက်လျော့ ပြန်လုပ်ရတာ မျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ Partitions တွေ အများကြီး ခွဲထုတ်ပြီး မလိုအပ်တဲ့နေရာမှာ ပမာဏတွေ အများကြီး ပေးလိုက်မိပြန် ရင်လည်း Space ဆုံးရှုံးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ Hard disk တွေက ဘယ်လောက်မှ စျေးမရှိတော့ပါဘူး - ဒါပေမယ့် ဘာဖြစ်လို့ မလိုအပ်ပဲ ပိုက်ဆံအပို အကုန်ခံမလဲ - ဒါလေးကို တစ်ချက် စဉ်းစားစေချင်ပါတယ်။ 


ဒီကဏ္ဍကို အနှစ်ချုပ်ရရင် သာမန် Linux user တစ်ယောက်အနေနဲ့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် စုစုစည်းစည်းနဲ့ လိုအပ်သလောက်ကိုပဲ ဖန်တီးပြီး အသုံးပြုကြဖို့ အကြံပြုလိုပါတယ်။


မနက်ဖြန်မှာ Directory Tree တွေရဲ့ သဘောတရားနဲ့ Partitions တွေအတွက် ပမာဏ ကန့်သတ်ချက်တွေ အကြောင်း ရှေ့ဆက်ပါ့မယ်။

Directory Tree တွေရဲ့ သဘောတရားနဲ့ Partitions တွေအတွက် ပမာဏ ကန့်သတ်ချက်တွေ အကြောင်း ပြောမယ်ဆိုပြီး လုပ်ထားခါမှ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပေါ်လာလို့ စာရေးချင်စိတ် ပျောက်ပြီး တစ်ခြားကြုံရာကျပန်းတွေပဲ လုပ်နေဖြစ်ခဲ့တယ် - လူကလည်း ဆိုးတယ် - လုပ်ချင်စိတ်မရှိပဲ လုပ်ရတဲ့ အလုပ်တွေဆို သေလောက်အောင်ကို မုန်းတယ် - အဲ့စိတ်ကြောင့်လားတော့ မပြောတတ်ဘူး လုပ်နေရတဲ့ အလုပ်တော်တော်များများကလည်း လုပ်ချင်စိတ်မရှိတဲ့ အလုပ်တွေချည်းပဲ  ကဲထားတော့ -


အပေါ်မှာ ရေးခဲ့တဲ့ ပို့စ်မှာ သာမန် Linux user တစ်ယောက်အနေနဲ့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် အသုံးပြုကြဖို့ ဆိုပြီး ကျွန်တော် ဖော်ပြခဲ့တယ် - အဲ့တော့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် သုံးဖို့ဆို အိမ်သုံး linux သမားတွေ အတွက် ဘယ်လို Standard partitions scheme ကို ပုံစံချရမလဲဆိုတာ မေးစရာ ရှိလာပါတယ်။ 


မည်သို့သော Partitions scheme အားအသုံးပြုရမည်နည်း။

အိမ်သုံး linux သမားတွေ အသုံးပြုသင့်တဲ့ Standard partitions scheme ကတော့ အောက်ဖော်ပြပါ အတိုင်းပါ -
  • Linux မှာ Mount point ကို ( / ) သင်္ကေနဲ့ သတ်မှတ်ပြီး Root လို့ ခေါ်တွင်တဲ့ OS install လုပ်ရမယ့် Partition တစ်ခု မဖြစ်မနေ ပါဝင်ရပါမယ် - သူ့အတွက် ပမာဏကိုတော့ 12-20 GB ကြား ထားရှိသင့်ပါတယ်။
  • RAM ပမာဏလိုအပ်ချက်ကို Swap ဧရိယာ တစ်ခုအနေနဲ့ အားဖြည့်ကူညီမယ့် Swap partition တစ်ခု ပါဝင်သင့်ပါတယ်။
  • Hard disk ပမာဏ အနည်းအများပေါ် မူတည်ပြီး Mount point သင်္ကေတ ( /home ) အဖြစ် သတ်မှတ် ထားတဲ့ ကိုယ်ရေးကိုယ်တာအတွက် သီးသန့် အသုံးပြုဖို့ Partition တစ်ခု - ပမာဏများများ ပေးပြီး တည်ဆောက်သင့်ပါတယ်။

ဒါဟာ အိမ်သုံး linux သမားတွေ အတွက် အသုံးပြုသင့်ဆုံး Standard partitions scheme ပါ - ပြောရရင် Partitions သုံးခုပဲ လိုတဲ့ သဘောပေါ့ - ဒါပေမယ့် ဒီ Partition scheme ဟာ ပုံမှန် အိမ်သုံး ကိုယ်ရေးကိုယ်တာသုံး linux သမားတွေ - linux ကို စတင် အသုံးပြုခါစ အကျွမ်းတဝင် သိပ်မရှိသေးတဲ့ linux users တွေအတွက် သီးသန့် ရည်ရွယ်တာပါ - တကယ်တမ်းက linux မှာ သုံးတဲ့ Partition scheme ဟာ အသုံးပြုမယ့် သူရဲ့ လိုအပ်ချက်နဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံစံကွဲ အများကြီးကို ရှိပါတယ် - ဘယ်ဟာက တရားသေပါလို့ ပြောဖို့ ခက်ပါတယ်။ လတ်တလော linux users တိုင်းကို အသုံးပြုရ လွယ်ကူစေဖို့ Standard partitions scheme ကို ချပြလိုက်ပေမယ့် တကယ်တမ်းက Ubuntu ကို install လုပ်တဲ့ အချိန် Create partition ဖန်တီးတဲ့ အဆင့်မှာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Mount points တွေအပြင် တစ်ခြား Mount points အမျိုးအစားတွေကိုလည်း အောက်ဖော်ပြပါအတိုင်း တွေ့လာရပါလိမ့်မယ် - အဲ့ချိန်မှာ အမေးက ပေါ်လာပြီ - အပေါ်မှာ ပြောတုန်းကတော့ / တို့ /home တို့ ပဲ ပါတယ် - ခုကျတော့ ဘယ်လိုဖြစ်ပြီး /tmp တို့ /var တို့ ... စသဖြင့် ပါလာရသလဲ - အဲ့တာတွေက ဘာတွေလဲ - ဒါတွေ သိချင်လာပါလိမ့်မယ်။ အဲ့တာတွေက ပုံမှန် သုံးနေတဲ့ Standard partitions scheme ကိုကျော်ပြီး Directory တစ်ခုချင်းစီကို သီးခြား partitions တစ်ခုချင်းစီ အနေနဲ့ ထားပြီး သုံးချင်တဲ့ အခါမှ သိဖို့ လိုအပ်တာတွေပါ -



အပေါ်မှာ တွေ့ရတဲ့ Mount point ဘေးက /home, /tmp, /usr, /var ... ဆိုတာတွေဟာ ပင်စည်တစ်ခုရဲ့ ပင်မရင်းမြစ် ( / ) Root ကနေ ဖြာထွက်လာတဲ့ အကိုင်းအခက်ခွဲ Root directories တွေပါ - ဒီသဘောကို အပေါ်က ပို့စ်အမှတ် ( ၃ ) မှာလည်း ရှင်းခဲ့ပြီးပါပြီ - အဲ့တော့ ကျွန်တော်တို့ Directory tree မှာပါတဲ့ Root level directory တွေရဲ့ သဘောကို ထပ်နားလည်ဖို့ လိုလာပါတယ်။ အဲ့အတွက် အခြေခံယူဆချက်တွေ ထပ်ရှင်းပေးပါ့မယ်။ 


Root directories များအကြောင်း


Ubuntu မှာသုံးတဲ့ Root directory မှာ အောက်မှာ ဖော်ပြထားတဲ့ directories တွေပါဝင်ပါတယ်။ ဒါတောင် ဒီ directories တွေဟာ အကုန် မဟုတ်သေးဘူး - ခုအောက်မှာ ဖော်ပြထားတယ် ဆိုတာ Ubuntu မှာသုံးတဲ့ Root directory တွေထဲကမှ အရေးအကြီးဆုံး directories တွေကိုပဲ နားလည်လွယ်အောင် ဖော်ပြထားတာပါ။




Directory တစ်ခုချင်းစီက ဘာကို ကိုယ်စားပြုလဲ ဆိုတာ ဆက်ပြီးလေ့လာကြည့်ပါ - 
  • ထိပ်ဆုံးမှာ နေပြီး Mount point ( / ) သင်္ကေတကို ကိုယ်စားပြုတဲ့ Root directory ဆိုတာဟာ Linux OS တစ်ခု အတွက် မဖြစ်မနေ ပါဝင်ရမယ့် Partition တစ်ခုဖြစ်ပြီး သူ့အောက်မှာ /etc, /bin, /sbin, /lib နဲ့ /dev ဆိုတဲ့ Directories ခွဲတွေ ပါဝင်နေမှာ ဖြစ်ပါတယ်။
    • /etc ဆိုတဲ့ directory အောက်မှာ ဆိုရင် System-wide configuration files တွေ ပါဝင်ပါမယ်
    • /bin နဲ့ /sbin ဆိုတ့ဲ directory အောက်မှာ ဆိုရင် System အတွက် မဖြစ်မနေလိုအပ်တဲ့ programs တွေရှိနေပါမယ်
    • /lib ဆိုတ့ဲ directory အောက်မှာ ဆိုရင်တော့ Windows မှာဆိုရင် .dll files နဲ့ အမျိုးအစား တူညီတဲ့ library files တွေ ရှိပါမယ်
    • /dev ဆိုတ့ဲ directory အောက်မှာ ဆိုရင် device files တွေ ရှိပါမယ်
    Linux partition scheme မှာ Directories တစ်ခုချင်းစီ အတွက် Partitions တစ်ခုချင်းစီ သီးခြားစီ ထားဖို့ စီစဉ်တဲ့ အခါ Root partition အတွက် ပေးသင့်မယ့် ပမာဏဟာ 150–250MB ကြား ဖြစ်သင့်ပါတယ်။ ဒီ ပမာဏကို အပေါ်မှာ ပြောခဲ့တဲ့ Standard partitions scheme က 12-20GB ကြား ပေးရမယ့် Root partition နဲ့ မရောထွေးပါနဲ့ - အပေါ်က Standard partitions scheme မှာ 12-20GB ကြားထားခဲ့တယ်ဆိုတာ Directories အားလုံးကို Root partitions တစ်ခုတည်း အောက်မှာ တည်ဆောက်မှာ မို့လို့ 12-20GB ကြား ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အပေါ်က ပြောခဲ့တဲ့ Standard partitions scheme က လူတိုင်းအတွက် အသုံးပြုဖို့ ပိုလွယ်တယ်လို့ ပြောခဲ့တာပါ။
  • Mount point ( /home ) ကို ကိုယ်စားပြုတဲ့ Home directory ဆိုတာဟာ Linux OS ကို အသုံးပြုမယ့် Users တိုင်းအတွက် Personal files တွေ သိမ်းဆည်းထားရှိမယ့် directory ခွဲ တစ်ခု ဖြစ်ပါတယ်။ ဒီ Home directory အတွက် Partition ကို သီးခြားခွဲပြီး ပမာဏသတ်မှတ်မယ် ဆိုတဲ့ နေရာမှာ ဒီ ကွန်ပြူတာကို Users ဘယ်နယောက်က အသုံးပြုမှာလဲ - အဲ့ Users တွေက ဘယ်လို ဖိုင်မျိုးတွေကို သူတို့ရဲ့ Home directory မှာ သိမ်းဆည်းမှာလဲ ဆိုတာပေါ် မူတည်ပြီး ပမာဏ သတ်မှတ်ရပါတယ်။ ပုံမှန်အားဖြင့် User တစ်ဦးတစ်ယောက်တည်း သုံးမယ်လို့ စိတ်ကူးထားရင် 100MB နဲ့ အထက် လိုအပ်မှာ ဖြစ်ပြီး ဒီပမာဏဟာ ဘယ်သူတွေ သုံးမှာလဲ - ဘယ်လို သုံးမှာလဲဆိုမှာလဲ ပေါ် မူတည်ပြီး အတိုးအလျော့ အပြောင်းအလဲ အမြဲ ရှိနေမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ဒီ Home directory မှာပဲ အသုံးပြုမယ့် Users တွေက MP3 တို့ Movies တို့ ဆိုတာမျိုး သိမ်းမယ် ဆိုရင်တော့ Home directory partition ဟာ Users တစ်ဦးတစ်ယောက်ချင်းစီ အတွက် ပမာဏနဲ့ ချိန်ပြီး ဒီ့ထက် ပိုများများ ပေးရပါလိမ့်မယ်။
  • Mount point ( /var ) ကို ကိုယ်စားပြုတဲ့ Variable data directory ဆိုတာဟာ E-mails တွေ - Web sites တွေ - Databases တွေနဲ့ Packaging system cache ဆိုတာတွေလိုမျိုး အမြဲ ပြောင်းလဲနေတဲ့ Data တွေအတွက် သီးသန့်ထားရှိမယ့် Directory ဖြစ်ပါတယ်။ ဒီ directory ရဲ့ ပမာဏကို သတ်မှတ်တဲ့ နေရာမှာ ကိုယ့်အနေနဲ့ System ကို ဘယ်လို သုံးမှာလဲ ဆိုတာပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်။ ဆိုလိုတာ တကယ်လို့ ကိုယ်က Ubuntu က အကြံပြုသမျှ လိုအပ်ချက်အားလုံးကို full installation လုပ်ဆောင်မယ် ဆိုရင်တော့ /var directory အတွက် 2-3 GB space ပမာဏ ပတ်ဝန်းကျင်လောက် လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အားလုံးမဟုတ်ပဲ အပိုင်းတစ်ခုချင်းစီ အလိုက် ( ဆိုလိုတာ services and utilities, .... စသဖြင့် ) install လုပ်မယ် ဆိုရင်တော့ 300–500 MB ကြား ပမာဏလောက်ထားရင် လုံလောက်ပါတယ်။ တကယ်လို့ ကိုယ့် Hard drive က Space ပမာဏ သိပ်အများကြီးလည်း မဟုတ်ဘူး - Ubuntu က တက်သမျှ Major system updates တွေကိုလည်း ပေးဖို့ စိတ်ကူးမရှိဘူး ဆိုရင်တော့ ဒီ directory ကို 30-40 MB လောက် ထားလည်း ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် Partitions scheme ဟာ ပုံသေပြောလို့ မရဘူး ဆိုတာ မြင်သာပါလိမ့်မယ်။
  • Mount point ( /usr ) ကို ကိုယ်စားပြုပြီး အမည်သတ်မှတ်ချက်အားဖြင့် "User" လို့ ခေါ်တွင်တဲ့ ဒီ directory မှာ ဒီ linux OS ကို အသုံးပြုနေတဲ့ Users တွေ အားလုံးရဲ့ programs တွေ (/usr/bin), libraries တွေ (/usr/lib), documentation တွေ (/usr/share/doc), စတဲ့ directories တွေ အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။ တစ်ခု သိထားရမှာ user လို့ ခေါ်တဲ့ ဒီ ( /usr ) directory ကို ( /home ) directory အောက်က user တွေရဲ့ Home directory နဲ့ မရောနှောပါနဲ့ - မတူပါဘူး - ဟိုဘက်က user တွေရဲ့ Home directory ဆိုတာ Users တိုင်းအတွက် Personal files တွေ သိမ်းဆည်းမယ့် နေရာပါ - ဒီ Mount point ( /usr ) ကို ကိုယ်စားပြုတဲ့ directory က Users တွေ အားလုံးရဲ့ program files, libraries, .. ဆိုတဲ့ ဖိုင်တွေ ထားရှိမယ့် နေရာ ဖြစ်ပါတယ်။ ဒီ directory အတွက်လည်း partition သီးသန့်ထားမယ် ဆိုရင်လည်း ထားမယ့် ပမာဏကို အနည်းဆုံး 500MB နဲ့ အထက် ထားရှိသင့်ပါတယ်။ ဒီပမာဏဟာ အကြမ်းဖျဉ်းကို ဆိုလိုတာပါ - ပမာဏ အတိုးအလျော့က ကိုယ့်အနေနဲ့ packages ဘယ်လောက်လောက် install လုပ်ဖို့ ရည်ရွယ်ထားသလဲ ဆိုတာပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါလိမ့်မယ်။ Ubuntu desktop တစ်ခုမှာ ဒီ directory အတွက် စံပြုသင့်တဲ့ ပမာဏကတော့ 1.5GB ပါ - တကယ်လို့ Workstation တွေ Server installation တွေ အတွက် ဆိုရင်တော့ 4–6GB လောက် ထားသင့်ပါတယ်။
  • Mount point ( /media ) ကို ကိုယ်စားပြုတဲ့ ဒီ directory မှာ Removable media တြွေဖစ်တဲ့ ( CD-ROMS တို့ USB drives တို့ ) Directory တစ်ခု အနေနဲ့ Mount လုပ်ပေးမှာ ဖြစ်ပါတယ်။
  • Mount point ( /tmp ) ကို ကိုယ်စားပြုတဲ့ Temporary directory ဆိုတာဟာ Programs တွေကနေ ဖန်တီးလိုက်တဲ့ Temporary data တွေ ခဏတာ ထားရှိဖို့ ဖန်တီးထားတဲ့ directory ဖြစ်ပါတယ်။ ဒီ directory ကို Partition တစ်ခု အနေနဲ့ သီးသန့်ထားရှိမယ် ဆိုရင် ပမာဏ 40–100MB ကြား ထားမယ်ဆို လုံလောက်ပါတယ်။
  • Mount point ( /boot ) ကို ကိုယ်စားပြုတဲ့ Boot directory ဟာ boot နဲ့ သတ်ဆိုင်တဲ့ files တွေ သိမ်းဆည်း ပေးမယ့် directory ဖြစ်ပါတယ်။ ဒီ directory ကို partition တစ်ခု အနေနဲ့ ဖန်တီးချင်မယ် ဆိုရင်တော့ ပမာဏ အများကြီး မလိုပါဘူး - 500 MB လောက်ဆို အဆင်ပြေပါတယ်။ တကယ်လို့ ဒီ ( /boot ) ဆိုတဲ့ directory ကို မဖန်တီးခဲ့ဘူး ဆိုရင်လည်း ဒီ directory ဟာ Root directory ( / ) အောက်ကိုပဲ သူ့ဘာသာ ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အိမ်သုံး linux သမားတွေ အသုံးပြုသင့်တဲ့ Standard partitions scheme မှာ ( /boot ) ဆိုတဲ့ directory ကို သီးခြားဖန်တီးဖို့ အကြံမပြုခဲ့တာပါ။

အခု ဖော်ပြခဲ့သလောက်ဆိုရင် Ubuntu မှာသုံးတဲ့ Root directory တွေထဲကမှ အရေးအကြီးဆုံး directories တွေအကြောင်းကို အနည်းအကျဉ်းလောက် တီးမိခေါက်မိ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Partitions ဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး လေ့လာသင့်မယ့် နေရာတွေ မနက်ဖြန် ဆက်ပြီး ဖော်ပြပေးပါဦးမယ် - 

ဒီအကြောင်းက ရေးရင်း ရေးရင်းနဲ့ တစ်လလောက်တောင် ရှိတော့မယ် - ဒါပေမယ့် ဒီနေ့တော့ အဆုံးသတ်ပါပြီ - လဆန်းပိုင်းတုန်းက အသုံးပြုသင့်တဲ့ Partitions scheme အကြောင်းရယ် - Root directories တွေ အကြောင်းရယ် ရေးဖြစ်ခဲ့ပါတယ် - ဒီနေ့ အဆုံးသတ်အနေနဲ့ ဆက်ရေးသွားမှာ အထက်မှာ ဖော်ပြပြီးခဲ့တဲ့ ပို့စ် ( ၅ ) ခုကို အခြေခံပြီး အိမ်သုံး / တစ်ကိုယ်ရေ တစ်ကာယသုံး linux သမားတွေ အတွက် အသုံးပြုသင့်တဲ့ Standard partitions scheme တည်ဆောက်ပုံ အကြောင်းကို ဆက်ပြီး ရှင်းပြသွားမှာပါ - ဒီအကြောင်းကို ခု နောက်တစ်ခေါက်ထပ်ရေးပေမယ့် ဒီအကြောင်းကိုပဲ အရင်တုန်းက Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း ဆိုတဲ့ ပို့စ်မှာ ပုံစံတူ တစ်ခါရေးထားခဲ့ပြီးပါပြီ - 

Ubuntu Maverick Meerkat ၌ Standard partitions scheme တည်ဆောက်ခြင်း

အောက်မှာ ဖော်ပြသွားမယ့် ဥပမာမှာ Ubuntu Maverick Meerkat ပေါ် အခြေခံပြီး Standard partitions scheme တည်ဆောက်ရမယ့် ပုံစံကို ဖော်ပြသွားပါ့မယ်။ Ubuntu installation လုပ်ဆောင်တဲ့ အချိန်မှာ ပုံမှန်အတိုင်း အဆင့်လိုက်သွားနေမယ့် Process တွေကိုကျော်ပြီး Allocate drive space ဆိုတဲ့ အောက်ဖော်ပြပါအတိုင်း ပုံစံတူ အဆင့်တစ်ခုကို ရောက်လာပါလိမ့်မယ် - အဲ့နေရာမှာ ရွေးချယ်စရာ Options ( ၃ ) မျိုးရှိပြီး Specify partitions manually ( Advanced ) ကို ရွေးပြီး ဆက်သွားပါ - Options ( ၃ ) ခုမှာမှ ဒီ Specify partitions manually ( Advanced ) ကို ဘာကြောင့် ရွေးရတယ် ဆိုတာကို Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း အကြောင်းအရာမှာပဲ ဖော်ပြခဲ့ပြီးပါပြီ - 


ဒီနေရာမှာ ကျန်တဲ့ Options တွေကို ကျော်ပြီး Advanced ဆိုတာကို ရွေးလိုက်လို့ မျက်ခုံးမလှုပ်ပါနဲ့ - Advanced ဆိုတဲ့ စာလုံးသုံးထားပေမယ့် ထင်သလောက်ကြီး ရှုပ်ရှုပ်ရှက်ရှက် မရှိပါဘူး - ပုံမှန်အတိုင်း Forward နဲ့ ရှေ့ဆက်သွားရင် အောက်ဖော်ပြပါ Partition table ကို ရောက်သွားပါလိမ့်မယ်။ 


အထက်ဖော်ပြပါအတိုင်း Table ထဲမှာ မြင်ရတဲ့ free space ကို Choose လုပ်ပြီး ဖော်ပြပါအတိုင်း Add ကို Click ပေးပါ - ( ဒီနေရာမှာ တစ်ချို့က Windows နဲ့ Dual-boot တင်ဖို့ လေ့လာနေသူတွေ ပါကောင်းပါပါလိမ့်မယ် - အဲ့လို လေ့လာသူတွေအတွက် ခု အကြောင်းအရာကို အရံလောက် အဖြစ်နဲ့ပဲ ဖတ်ပြီး Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း ကို အဓိက ဦးစားပေးဖတ်ပေးပါ ) 


အထက်ဖော်ပြပါအတိုင်း Create partition ပေါ်လာပြီဆိုရင်
  • Type for the new partition အတွက် ပထမဆုံး Partition ကို Primary partition အဖြစ်နဲ့ ထားပါ -
  • New partition size in megabytes ဆိုတာကတော့ Partition အသစ်အတွက် ပမာဏ ဘယ်လောက်ပေးမှာလဲလို့ မေးတာပါ - အဲ့အတွက် ပမာဏက ဒီ Partition ကို ဘာအတွက် သုံးမှာလဲဆိုတာပေါ် မူတည်ပြီး ကွာခြားချက် ရှိပါတယ် - အဲ့အတွက် အထက်မှာ ဖော်ပြပြီးသား Root directories များအကြောင်း ကို ပြန်လေ့လာပါ - ဒီနေရာမှာတော့ ကျွန်တော့် အနေနဲ့ ခု ပထမဆုံး ဖန်တီးတဲ့ Primary partition ကို Root partition အနေနဲ့ သတ်မှတ်ပြီး Linux OS ( Ubuntu ) ကို သွင်းယူမှာ ဖြစ်လို့ ပမာဏကို 12-20GB ကြားထားခဲ့ပါတယ် - ကောင်းတာကတော့ တတ်နိုင်မယ် ဆိုရင် 25 GB လောက် ပတ်ဝန်းကျင် ထားစေချင်ပါတယ် - ဒီနေရာမှာ တစ်ခု မေးစရာ ရှိလာတာက အရင်က ပြောခဲ့တုန်းကကျတော့ 12-20GB ကြားထားပါလို့ ပြောခဲ့ပြီး ခုတကယ်လည်း လုပ်ရော ဘာလို့ 25 GB ပတ်ဝန်းကျင် လောက်တောင် ထားခိုင်းရတာလဲ ဆိုပြီး မေးစရာ ရှိလာပါတယ်။ ပုံမှန်ပြောရရင် Ubuntu 10.10 တင်ဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ Default installation ပမာဏက 3 GB လောက်ပဲ လိုတာပါ - ခုလို 25 GB ပတ်ဝန်းကျင် ထားခိုင်းတယ် ဆိုတာက Root directories များအကြောင်း မှာ ပြောခဲ့ပြီးသလို Mount point တစ်ခုချင်းစီ အတွင်း ခေါင်းရှုပ်ခံပြီး Partitions တစ်ခုစီ သီးခြား ခွဲထုတ် မနေတော့ပဲ ဒီ Root directory ( / ) တစ်ခုတည်းအောက်မှာပဲ ပမာဏ များများပေးပြီး သူ့ဘာသူ လိုအပ်သလို System ကို စီမံခန့်ခွဲသွားစေချင်လို့ 20GB - 25GB ဆိုတဲ့ သတ်မှတ်ချက်ထားပြီး ပမာဏများများ ပေးခိုင်းလိုက်တာပါ - တကယ်က တစ်ခြား Major file systems တြွေဖစ်တဲ့ /usr, /tmp , /var ဆိုတာတွေကို ကိုယ့်ဘာသာကိုယ် Partitions သီးသန့် ထပ်ခွဲထုတ်ဦးမယ်လို့ စိတ်ကူးရှိရင် ဒီ Root partition ပမာဏကို စိတ်ကြိုက် အတိုးအလျော့နဲ့ ကစားလို့ ရပါတယ်။
  • Location for the new partition ဆိုတာကတော့ Hard disk ပမာဏကို စိတ်မှန်းနဲ့ အလျားလိုက် ဆဲြွဖန့်လိုက်တဲ့ အချိန်မှာ ခု တည်ဆောက်မယ့် Partition ကို ဘယ်ဘက် ထိပ်ဆုံးမှာ ( Beginning ) ထားမလား - ညာဘက် နောက်ဆုံးမှာ ( End ) ထားမလား ဆိုတာကို မေးတာပါ - ပထမဆုံး Create လုပ်တဲ့ Partition မို့လို့ ပုံမှန်အတိုင်း Beginning အဖြစ်နဲ့ပဲ ထားပေးပါ
  • Use as ဆိုတာကတော့ LinuxOS ( Ubuntu ) တင်ဖို့အတွက် သုံးရမယ့် file system ကို ရွေးခိုင်းတာ ဖြစ်ပါတယ် - Root directory ( / ) အတွက် Ext4 journaling file system ကိုသုံးပါ - တစ်ခြား file system တွေရှိနေရဲ့သားနဲ့ ဒီ file system ကို ဘာကြောင့် ရွေးရသလဲ - တစ်ခြား file system တွေနဲ့ ဒီ Ext4 journaling file system က ဘာတွေကွာလဲ ဆိုတာကိုတော့ ဒီနေရာမှာ ဖတ်ပေးပါ - အသေးစိတ် ပြောချင်သေးပေမယ့် ရည်ရွယ်ချက်နဲ့ လွဲသွားမှာ ဆိုလို့ ဒီနေရာမှာ မဖော်ပြလိုက်တော့ပါဘူး -
  • Mount point ကိုတော့ Root directory အတွက် ကျွန်တော်တို့ သိထားပြီးသား ( / ) ကို ရွေးချယ်ပေးပါ - အားလုံးပြီးသွားရင် OK ပေးပြီး နောက်ထပ် လိုနေသေးတဲ့ Partitions တွေဆက်ပြီး Create လုပ်ပါမယ်


နောက် တစ်ဆင့်မှာတော့ ကျွန်တော်တို့ Swap partition ကို Create လုပ်ပါမယ်။ Swap area ရဲ့ သဘောကို အပေါ်မှာလည်း ကျွန်တော်ဖော်ပြခဲ့ပြီးသလို ဒီနေရာမှာလည်း ယူဆပုံနဲ့ အသေးစိတ် ရှင်းလင်းချက်ရေးခဲ့ပြီးပါပြီ - ဒီနေရာမှာ သီးသန့်ထပ်ပြီး မဖော်ပြတော့ပါဘူး - ပုံမှာ မြင်ရတဲ့ အတိုင်း - 
  • Type for the new partition ကို Logical အနေနဲ့ ထားလိုက်ပါတယ် - အကြောင်းက Swap area ဆိုတာ Primary အနေနဲ့ ထားဖို့မလိုဘူး - သူက OS တင်ဖို့အတွက် မဟုတ်ဘူး အဲ့တာကြောင့် သူ့ကို Extended partition အောက်ကို ဝင်သွားအောင် Logical အဖြစ် သတ်မှတ်လိုက်တာ - Extended partition နဲ့ Logical ရဲ့ ယူဆချက်ကို မရှင်းရင် ပို့စ်နံပါတ် ( ၂ ) ကို ပြန်ဖတ်ပါ - အဲ့လို Logical အဖြစ် ကြေငြာလိုက်တာနဲ့ Partitioning program ကနေ သူ့ကို အလိုလျောက် Extended partition အောက်ကို ပို့ပစ်လိုက်တယ် -
  • New partition size in megabytes နေရာမှာတော့ ခု ဥပမာပြထားတဲ့ စက်မှာ RAM က 512 MB ပဲ ရှိတာမို့လို့ Swap area ဟာ 1.5 ဆ ရှိသင့်ပါတယ် - အဲ့ယူဆချက်ကိုလည်း ဒီနေရာမှာ ဖော်ပြထားခဲ့ပြီးပါပြီ -
  • Location for the new partition ကိုတော့ ဒီ Swap area အတွက် End ကို ရွေးချယ်လိုက်ပါတယ် - အကြောင်းက Partitions နည်းတဲ့ အချိန်မှာ သိပ်မသိသာလှပေမယ့် Partitions တွေများလာတဲ့ အခါ Seeking time လို့ ခေါ်တဲ့ Read/write head ကနေ Hard drive ပေါ်မှာရှိနေတဲ့ Physical locations တွေဆီက Data တွေ ရှာဖွေတဲ့ ကြာမြင့်ချိန်ကို မလိုအပ်ပဲ မကြန့်ကြာစေချင်လို့ပါ -
  • Use as ကိုတော့ Swap area လို့ပဲ အလွယ်တကူ ရွေးချယ်ပေးလိုက်ပါတယ်။
  • Mount point အပေါ်က အဆင့်မှာ Swap area လို့ရွေးချယ်ပေးလိုက်တာနဲ့ Mount point သတ်မှတ်ချက် မရှိတော့ပါဘူး - အဲ့တာကြောင့် ဒီနေရာကို ထည့်စဉ်းစားဖို့ မလိုပါဘူး - OK ပေးပြီး နောက် Partition တစ်ခုကို ဆက် Create လုပ်ပါမယ်။

နောက် Partition ကိုတော့ ကျွန်တော်တို့ ကိုယ်ရေးကိုယ်တာသုံးဖို့ /home partition အဖြစ် ဖန်တီးပါမယ် - ဒီအပိုင်းကို ထိပ်ဆုံးနဲ့ ဘိတ်ဆုံး Partitions နှစ်ခုကြားထဲက ကျန်နေတဲ့ အပိုင်းအားလုံးကို ယူလိုက်ပါမယ် - ရွေးချယ်သင့်တဲ့ file system ကတော့ ext4 ပါ - ဒီနေရာမှာ မေးစရာ တစ်ခုပေါ်လာတယ် - ဒီ Partition ကိုရော Primary ထားရမလား Logical ထားရမလား ? ဒါက အတိအကျ ကန့်သတ်ချက် မရှိပါဘူး Feel free ပါ - ဒီနေရာမှာတော့ Primary ထားလိုက်ပါတယ် - ထားရတဲ့ အကြောင်းက ခု ဒီစက်မှာ နောက်ထပ် OS တစ်မျိုးထပ်တင်ပြီး သုံးမှာ မဟုတ်လို့ပါ - တကယ်လို့ Dual-boot ဘာညာ သုံးမယ်လို့ စိတ်ကူးရှိမယ်ဆိုရင်တော့ နောက် OS တစ်ခုအတွက် Primary partitions တွေ Create လုပ်ရမှာမို့လို့ ဒီ /home partition ကို Primary အစား Logical ပေးပြီး Extended အောက်ကို ရွှေ့ပစ်လိုက်မှာ ဖြစ်ပါတယ်။ 

အားလုံးပြီးသွားရင် Installation စပါပြီ - နောက်ဆုံးရလာမယ့် Partition table က အောက်ဖော်ပြပါ အတိုင်းပါ - 


တကယ်လို့ ဒီ Result ကို သဘောမကျသေးရင် Install Now ကို မနှိပ်သေးပဲ တစ်ကနေ ပြန်စပြင်လို့ ရပါတယ် - ဘာ Data မှ မဆုံးရံှုးပါဘူး - ခုပြင်ဆင်ထားတာတွေ အားလုံးက Install Now ကိုနှိပ်လိုက်တဲ့ နောက်ပိုင်းမှသာ စပြီး အသက်သွင်းမှာ ဖြစ်ပါတယ်။ အားလုံး သဘောကျပြီ ဆိုရင်တော့ LinuxOS ( Ubuntu ) ကို Install Now လုပ်နိုင်ပါပြီ - 

ဒီ Linux PC နှင့် Partition Scheme အကြောင်းကို ရေးနိုင်ဖို့အတွက် နေရာတော်တော်များများ စာလိုက်ဖတ်ခဲ့ရတယ် - ကျွန်တော်သိထားတာတွေက လက်တန်းပြောဖို့ ဘယ်လိုမှ အဆင်မပြေဘူး - အကိုးအကား မပါပဲ ပြောရင် လေ့လာသူတွေလည်း ယောင်လည်လည် ဖြစ်နေမှာစိုးတာနဲ့ အရင်သိထားတာတွေကို စာအသေးစိတ်ပြန်လိုက်ဖတ်ပြီး မွန်းမံရေးသားခဲ့ပါတယ် - အောက်မှာ ဖော်ပြထားတဲ့နေရာတွေကတော့ ကျွန်တော် ဒီအကြောင်းအရာကို ရေးဖို့အတွက် အဓိက ဖတ်ခဲ့ ကိုးကားခဲ့တဲ့ နေရာတွေပါ - နောက်ဆက်တွဲ ထပ်တိုးလေ့လာလိုသူများနဲ့ ခုဖော်ပြချက်ထက်ပိုပြီး အသေးစိတ်ပြည့်ပြည့်စုံစုံ သိရှိလိုသူများ ဆက်လက်လေ့လာနိုင်ပါတယ်။


မူလရင်းမြစ်များ


http://www.linuxbsdos.com/2010/10/12...tioning-guide/

https://help.ubuntu.com/10.10/instal...on-sizing.html

https://help.ubuntu.com/10.10/instal...86/apcs03.html

https://help.ubuntu.com/community/HowtoPartition

http://www.psychocats.net/ubuntu/wubi

http://www.psychocats.net/ubuntu/partitioning


KznT.

How to Install Microsoft Office on Ubuntu Linux

ကျွန်တော် Ubuntu ကို သုံးနေတယ် ဆိုပေမယ့် တစ်ချို့ apps တွေက အများနဲ့ တွဲပြီး အသုံးချနေရတာတွေ ရှိနေတော့ တစ်ချို့ Windows apps ကို ခုချိန်ထိ ကျွန်တော့်မှာ စွန့်လို့မရသေးဘူး ဖြစ်နေတယ် - အဲ့ထဲမှာ ထိပ်ဆုံးက ပြဿနာ ဖြစ်နေတာ Office apps - Openoffice ကို Default Office apps တစ်ခု အနေနဲ့ Ubuntu မှာ အတည်ပြုထားပေမယ့် - မှန်ရာပြောရရင် သူ့ရဲ့ UI ကို သိပ်ပြီး သဘောမကျလှဘူး - ဒါပေမယ့် ဟိုတစ်ပတ်က - LibreOffice 3.3 Release Candidate 2 ဆိုပြီး ထွက်တယ် - LibreOffice ကို နောက်ထွက်မယ့် Ubuntu version မှာ အတည်ပြုသွားမယ်လို့ Mark Shuttleworth ပြောထားတဲ့ သတင်း ကလည်း ထွက်ထားတော့ ကျွန်တော်လည်း သူ့ကို စမ်းသုံးကြည့်လိုက်တယ် - Openoffice ထက်တော့ ကျွန်တော် ပိုသဘောကျမိတာ အမှန်ပဲ - နောက်ဆို ကျွန်တော် Office apps နဲ့ ပတ်သတ်ပြီး Windows ကို တော်ယုံ ပြန်ဝင်ဖြစ်တော့မယ် မထင်ဘူး - LibreOffice နဲ့ နေသားကျသွားမယ် ထင်မိတယ် 


ဒါပေမယ့် ဘာတွေ ဘယ်လောက် ကောင်းတယ်ပြောပြော ဘယ်သူမဆို OS တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့ အခါ အထူးသဖြင့် - ကျောင်းသားတွေ / လုပ်ငန်းလည်ပတ်နေတဲ့ သူတွေက သုံးနေကျ Office apps တစ်ခုကနေ နောက်တစ်ခုကို ဘယ်သူမှ တော်ယုံ ကူးချင်ကြမှာ မဟုတ်ဘူး - ဘာလို့လည်း ဆိုတော့ မစမ်းသပ်ခင်ကတည်းက အသစ်ဆိုတဲ့ အသိကြောင့် 70% လောက်က စိတ်ကုန်နေကြပြီ - အထဲမှာ UI လေး နဲနဲ ပြောင်းတာ - ကိုယ်သုံးနေကျ shortcuts လေးတွေ နေရာမှာ မတွေ့တာနဲ့များ ပေါင်းလို့ ကတော့ တော်ပါပြီ စိတ်ကုန်တယ် ဖြစ်သွားရော -

ဒီလိုမျိုး မဖြစ်ရအောင် ရုံးသမား ကျောင်းသမားတွေ Windows users တွေအနေနဲ့ OS အကူးအပြောင်းမှာ ကိုယ်သုံးနေကျ Office apps လေးကိုပါ တစ်ပါတည်း Ubuntu ဆီ ဆွဲခေါ်လာနိုင်အောင် ဒီ Microsoft Office ကို Ubuntu မှာ ဘယ်လိုတင်မလဲ ?? ဆိုတဲ့ အကြောင်းကို ရေးဖြစ်သွားပါတယ် - ကျွန်တော် အရင်တည်းကလည်း Windows မှာ မဖြစ်မနေ သုံးနေရတဲ့ apps တွေကို ငါသုံးနေတဲ့ Ubuntu ကို ရောက်အောင် ဘယ်လိုခေါ်မလဲ ဆိုပြီး စာတွေ လိုက်ဖတ် လိုက်ဖတ်နဲ့ - နောက်ဆုံး “Play On Linux” ကို စတွေ့တယ် - သူ့အပြင်အဆင်ရော အခေါ်အဝေါ်ရောက ဘာမှကို ကြီးကြီးကျယ်ကျယ် မရှိဘူး မှန်တယ် - ဒါပေမယ့် သူဘယ်လောက် အသုံးဝင်တယ်ဆိုတာတော့ ခု ကျွန်တော့်ရဲ့ Linux machine မှာ Microsoft Office ကို စတင်တော့မှပဲ သိလိုက်ရတော့တယ် - ဒီ Play On Linux မတိုင်ခင်တုန်းက တစ်ခြား linux users တွေရေးတဲ့ Microsoft Office ကို Linux မှာ သုံးနိုင်ဖို့ Scripts ဆိုတာတွေ တွေ့ဖူးတယ် စမ်းဖူးတယ် - အဲ့ဒီ့ scripts တွေသုံးရင် ပုံမှန်အားဖြင့် manually လုပ်ရမယ့် DLLs တွေ install လုပ်တာ - ဘယ် Wine version ကို သုံးရမယ် ဆိုတာမျိုးတွေ manually ရွေးပေးဖို့ မလိုတော့ဘူး - စသဖြင့် အားသာချက်တွေ ရှိတယ် - အဲလို Scripts မျိုးတွေကို တစ်ချို့ သဘောကျတဲ့ သူတွေလည်း ရှိတယ် - တစ်ချို့လည်း သဘောမကျကြဘူး -

ဘယ်နည်းလမ်းကိုပဲ သုံးသုံး ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့် အသိုင်းအဝိုင်းမှာ ဒါကို အားထားပြီး သုံးနေကြတယ်ဆိုရင် ကိုယ့်အနေနဲ့ကလည်း ချက်ချင်းကြီး ကန့်လန့်တိုက်ပြီး စွန့်ပစ်လို့ မရဘူး - အဲ့အတွက် Play On Linux ကို သုံးပြီး Microsoft Office 2000, 2003 - 2007 စတာတွေကို Ubuntu machine မှာ ဘယ်လို သွင်းမယ် ဆိုတာ တစ်ဆင့်ချင်း ဆွေးနွေးပေးသွားပါ့မယ် - ဒီနေရာမှာတော့ Microsoft Office 2007 ကိုပဲ အဓိက ထားပြီး ဖော်ပြပေး သွားပါမယ် - တစ်နည်းသိထားရင် နောက်နည်းတွေကလည်း ထိုနည်းလည်းကောင်း ဖြစ်သွားလို့ပါ -

Play On Linux အား ရယူခြင်း

Play On Linux ကို ပုံမှန်အတိုင်း Ubuntu Software Center ( Applications > Ubuntu Software Center ) ကနေ Search box မှာ PlayOnLinux လို့ ရိုက်ရှာပြီး သွင်းယူပါမယ် - တစ်ခြား Linux အမျိုးအစားတွေ အတွက် Deb packages တွေကို လိုချင်ရင် ဒီစာမျက်နှာမှာ သွားရောက် ရယူနိုင်ပါတယ် - PlayOnLinux ကို သွင်းပြီးသွားရင် သူ့ကို Applications > Games > PlayOnLinux ကနေ ခုလို ခေါ်ယူနိုင်ပါတယ် -


အဲလိုခေါ်လိုက်လို့ တက်လာတဲ့ box ကနေ install button ကိုရွေးပေးပြီး အဲ့ကမှ နောက်တစ်ဆင့် မှာ Microsoft Office 2007 ကို install လုပ်ဆောင်ဖို့ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Office > Microsoft Office 2007 ကို သွားပါ -


Install လုပ်ဆောင်ရန် ပြင်ဆင်ခြင်း

ဒီနေရာမှာ နှစ်မျိုးကွဲပါတယ် - တစ်ချို့က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးတယ် - တစ်ချို့ကတော့ Office ISO ကို တိုက်ရိုက် ဒေါင်းလုပ်ချထားပြီး ဖိုင်တွေအားလုံး Extract လုပ်ပြီး သုံးတယ် - တစ်နည်းချင်းစီ အတွက် ပြောပြပေးပါ့မယ် -

တကယ်လို့ ကိုယ်က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးနေတဲ့သူ ဆိုပါစို့ - ဒီလိုဆို CD ခွေကို ယူပြီး ကိုယ့်စက်က Drive ထဲကို ထည့်ပါ - နောက်ပြီး ကိုယ့်အခွေ mount လုပ်ထားတဲ့ directory ကို သိနိုင်ဖို့ File browser ကိုဖွင့်ပြီး CD ထဲကို ဝင်ပါ - နောက်ပြီး Ctrl+L ကို နှိပ်ရင် ကိုယ့် CD ရဲ့ Location ကိုတွေ့ပါလိမ့်မယ် - အဲတာလေးကို Copy ကူးထားပြီး အပေါ်မှာ ပြထားတဲ့ ပုံက Microsoft Office 2007 ဆိုတဲ့ နေရာကနေ ရှေ့ဆက် သွားပါ - အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ် -

တကယ်လို့ ကိုယ်က CD နဲ့ သုံးတဲ့သူ မဟုတ်ရင် ISO ကနေ Extract လုပ်ထားတဲ့ Folder လမ်းကြောင်းကို အထက် မှာဖော်ပြခဲ့တဲ့ နည်းအတိုင်း Copy ကူးထားပြီး ရှေ့ဆက်သွားပါ - ဘယ်နည်းနဲ့ သွားသွား ဒီအဆင့်ကတော့ တူတူပါပဲ


The Installation Process

အဲ့ကနေ ရှေ့ဆက်သွားရင် ပထမဆုံး မေးခံရမှာ ဒီ အောက်ကလို ဟာမျိုးပါ -


တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နေရာမျိုးမှာ ကိုယ့် CD ကို တွေ့ရင်တော့ အဲ့တာကို တန်း click ပေးပြီး ရှေ့ဆက် သွားပါ - တကယ်လို့ အဲ့လိုမှ မဟုတ်ရင် ဖော်ပြထားတဲ့ အတိုင်း "Other" ကိုရွေးပြီး ရှေ့ဆက်ပါ -

နောက်တစ်ဆင့်မှာ အပေါ်မှာ ကျွန်တော်တို့ မှတ်လာခဲ့တဲ့ location ကို သူက တောင်းပါလိမ့်မယ် - အဲတာကို ထည့်ပေး ပြီး ရှေ့ဆက်သွားတာနဲ့ အောက်ကလိုမျိုး Office ကို install လုပ်ဖို့ ကီး တောင်းပါလိမ့်မယ် -


အဲ့နောက်မှာတော့ ထိုင်စောင့်နေဖို့ပဲ လိုပါတော့တယ် - PlayOnLinux ကနေ ပြီး Microsoft Office run ဖို့အတွက် လိုအပ်တာတွေအကုန်လုံးကို သူ့ဘာသာသူ ပြင်ဆင်ပြီး install လုပ်ဆောင်ပေးသွားပါလိမ့်မယ် - ဒီကြားထဲမှာ ကျွန်တော်တို့ လုပ်ပေးဖို့လိုတာဆိုလို့ Next လေးနှိပ်ပေးယုံလောက်ပဲ လိုမှာပါ - သည်းခံပြီး စောင့်ပါ - တစ်ခါတစ်လေမှာ Installation process က သာမန်ထက် နည်းနည်းလေး ပိုကြာတတ်ပါတယ် - အားလုံးပြီးခါနီးရင် Microsoft Office ရဲ့ shortcuts တွေကို Menu မှာ ထားမှာလား Desktop ပေါ်တင်မှာလားဆိုပြီး ခုလို မေးပါလိမ့်မယ် -


Menu မှာ ထားမယ်လို့ ရွေးပေးလိုက်ရင် အောက်ဖော်ပြပါ အတိုင်းမြင်ရမှာ ဖြစ်ပြီး - Desktop ပေါ်ထားမယ်လို့ ရွေးရင်တော့ Desktop ပေါ် Shortcuts တွေတက်လာပါလိမ့်မယ် -


တစ်ခါတစ်လေမှာ shortcuts တွေတက်လာဖို့ အမေးမခံရဘူး ဖြစ်တတ်တာမျိုး ရှိပါတယ် - စိတ်မညစ်ပါနဲ့ နောက် တစ်ခေါက် ပြန် install လုပ်ပါ - အဆင်ပြေပါလိမ့်မယ် -

နိဂုံး


တကယ်တော့ OS platform တစ်ခုမှာ အလုပ်လုပ်နေတဲ့ Software တစ်ခုကို တစ်ခြား OS platform တစ်ခုမှာ ပြောင်းပြီး အလုပ်လုပ်အောင် လုပ်ဖို့ဆိုတာ သဘာဝအားဖြင့် မလွယ်ကူပါဘူး - ဒါပေမယ့် ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကိုပဲ Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? ဆိုတဲ့ Thread မှာ ကျွန်တော် မိတ်ဆက်ခဲ့ပေးပြီးတဲ့ PlayOnLinux ကနေ တတ်နိုင်သမျှ အဆင်ပြေအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် - မိသားစုဝင်တွေရော PlayOnLinux နဲ့ Microsoft Office ကို သုံးရတာ ဘယ်လိုများ မြင်မလဲ မသိဘူး - တစ်ခြားနည်းလမ်းကောင်းလေးတွေများ ရှိရင်လည်း သိပါရစေဦးခင်ဗျ -

KznT.

Related Posts