Far Pavilions

Leave a Comment
တစ်ယောက်ကို ၅၀၀ မထည့်မနေရ ... မထည့်ရင် +^%#-@+

အတန်းခေါင်းဆောင် ပြောသော စကားသံ အဆုံးတွင် အတန်းတွင်း ကျောင်းသားများဆီမှ ဇာတ်တိုက်မထားသော စကားသံ တစ်ချို့ ခပ်
အဲ့အဲ့ တိုးထွက်လာကြသည်။

ဘာကြီးတုန်း ....




ဘာအတွက်လဲ ....

ဘာလုပ်မှာ မို့လို့လဲဟ ... +^%#-@+

သို့လော သို့လော အတွေးများ သူတို့အားလုံး၏ စိတ်ထဲတွင် တမဟုတ်ခြင်း ပြန့်နှံ့ သွားကြသည်။
( ၅၀၀ ) ဆိုသည်မှာ အမှန်တကယ်တော့ သူတို့ အားလုံးအတွက် အတော်ကလေး များပြားသော ပမာဏ ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် သူတို့အားလုံး၏ တစ်နေ့မုန့်ဖိုးငွေမှာ ၅ ကျပ် လျော့လျော့သာရသော ၆ တန်း ကျောင်းသား ကျောင်းသူများ
ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ ကျောင်းသားအားလုံး တိုးတိုးတိတ်တိတ် တမျိုး ကျယ်ကျယ်လောင်လောင် တစ်ဖုံ ကျပ် ၅၀၀ ၏
အရေးပါပုံ အကြောင်း နှုတ်ဖျားအသီးသီးတွင် စာစီကုံးနေကြသည်။

ဟဲ့ အဲဒီ အခန်းက ငါတို့ နောက်နှစ်ကနေစပြီး ဝင်ရတော့မှာ တဲ့ဟဲ့ .... သိလား ..
ဟုတ်လား ... နင် အဲဒါကို အရင်က သုံးဖူးလား ...
ဟင့်အင်း သုံးဖို့ ဝေးလို့ အပြင်မှာတောင် တစ်ခါမှ မမြင်ဖူးဘူး .... :D

ပတ်ဝန်းကျင် တစ်ခုလုံး ပြောဆိုနေကြသော ထို အကြောင်းအရာအား သူ စိတ်မဝင်စားမိသော်လည်း နားစွန်နားဖျား ရိုက်ခတ်လာတတ်သည့်
ခေါင်းစဉ်တစ်ချို့ကြောင့် သူ၏စိတ်အစဉ်မှာလည်း ထို အကြောင်းအရာ ဆီသို့သာလျှင် ရည်ရွယ်ချက် ရှိမထားဘဲ မျောလွင့်သွားခဲ့ရတော့သည်။

သြော် .... ဒါကြောင့်မို့လို့ ဒီ ပုပျက်ပျက် အဆောင်ကို ငါ ကျောင်းအဝင်ဝနားမှာ တွေ့တွေ့ နေရတာကိုး ....
ထိုအဆောင်လေးအား သူသတိထားမိနေသည်မှာ ကြာတော့ ကြာပြီ ဖြစ်သည်။ မှတ်မှတ် ရရ ပြောရလျှင် သူ ၅ တန်း နှစ် ထိုကျောင်းကို စရောက်
ကတည်းက ထို အဆောင်လေး ရှိရာနေရာအား အုတ်မြစ်ချ သယောင်ယောင် မြက်ရှင်းသယောင်ယောင် လုပ်နေခဲ့သည်ကို သူ သတိထားခဲ့မိသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ လုပ်နေကြသည်ကို ကလေးပီပီ သူလိုက်တွေးမကြည့်မိသော်လည်း ၂ လခြား တစ်ခါလောက် ထိုနေရာအား
ကျောင်းမှ လူတစ်ချို့မြက်လာလာ ရှင်းတတ်သောကြောင့် သူမျက်စိ စပါးမွှေးစူးနေမိခြင်း ဖြစ်သည်။ မည်သည့် အတွက်ကြောင့် သူ မျက်စိ စပါးမွှေး
စူးနေရပါသနည်း။ မရှက်တန်း ဝန်ခံရလျှင် သူ၏ ကျောင်းတွင် စာအသင်အပြ လွန်စွာကောင်း၍ ကျောင်းသားများ အပေါ်စေတနာ ပြည့်ဝသော
ဆရာဆရာမများ ရှိသော်လည်း သူ၏ကျောင်းသည် ကျောင်းအဂါင်္ရပ်နှင့် မညီညွတ်သေးသော ကျောင်းတစ်ကျောင်း ဖြစ်သည်ဟု သူထင်ပါသည်။

သူ၏ ကျောင်းတွင် ဘောလုံးကွင်း မရှိ၊ အားကစားကွင်း မရှိ၊ ပန်းခြံမရှိ ....
၁၀ စုနှစ်အတွင်း တစ်ခါမျှ သန့်ရှင်းရေး မရှိခဲ့သော မိန်းကလေး အိမ်သာ ၅ လုံး နှင့် ယောကျာင်္းလေး အိမ်သာ ၅ လုံး ....
မိုးရာသီများတွင်သာ ရေပြည့်တတ်သည့် သောက်ရေကန် တစ်ကန် ....
မိုးရွာလျှင် ဖိနပ်ချွတ် ခါးတောင်းကျိုက်၍ သွားရသော မုန့်ဈေးတန်း တစ်ခု ....
ကြယ် ၁၄ လုံး မတွေ့ရတော့သော အလံတိုင် တစ်ခု နှင့်
တိမ်ယံထက်သို့ လွင့်တက်တော့မည့် မြက်ပင်ရှည်များ .... ဤ လက္ခဏာရပ်များသည် သူရှိနေသော ကျောင်း၏ ဂုဏ်အဂါင်္ ရပ်တစ်ချို့ ဖြစ်ပါသည်။
သူ့ကျောင်းတွင် ကျောင်းနှင့် မညီညွတ်လှသော အဆင်တန်ဆာများ မြောက်များလှစွာ ရှိလှသော်လည်း ထိုလူတစ်ချို့ ထိုနေရာလေးကိုပင် မည်သည့်
အတွက်ကြောင့် အစဉ်သဖြင့် သန့်ရှင်းရေး လုပ်နေကြပါသနည်း။ ထို့ကြောင့်လည်း သူ မျက်စိပါးမွှေးစူး နေမိခြင်း ဖြစ်သည်။ စဉ်းစားကြည့်သော်လည်း
ဉာဏ်မမှီခဲ့သည့် အဖြေအား သူယခု သိခဲ့ရပြီ ဖြစ်သည်။ ၅၀၀ ဆိုသော အသိကြောင့် သူ့အိမ် အခြေအနေနှင့် စိတ်ထဲ အနဲငယ် ငြိှုးနွမ်းသွားသော်လည်း
ရင်ထဲမှာတော့ အမျိုးအမည်မသိသော ခံစားချက် တစ်ခုကြောင့် လှုပ်ခတ် ရွှင်မြူးသွားခဲ့သည်။

ရိုးသားစွာ ဝန်ခံရမည်ဆိုလျှင် ထိုအရာအား သူ ကြည့်ခဲ့ဖူးသော တီဗွီ အစီအစဉ် တစ်ချို့တွင်သာ ယောင်ဝါးဝါး တွေ့ခဲ့ရဖူးသော်လည်း
တစ်သက်နဲ့ တစ်ကိုယ် အနီးကပ် သူ မမြင်ဖူးခဲ့ပါ
ဘယ်လိုကြီးများပါလိမ့် ...
ပြားပြားကြီးကြီးလား .... ချွန်တွန်တွန် ကြီးကြား ....
သူများတွေ ပြောသံကြားတာတော့ လုံးတုံးတုံးကြီးတဲ့ ....

သူ့ အတွေးကမ္ဘာတွင် မျိုးစုံပုံဖော်ကြည့်ရင်း စာသင်ခန်း ပြူတင်းပေါက်မှ တစ်ဆင့် လှမ်းမျှော်ကြည့်မိတော့ သူမနက်တိုင်းတွေ့နေကျထက်
အောက်ခြေမှ ၃ ပေခန့်မြင့်တက် လာပြီဟု ထင်ရသည့် ပုပျက်ပျက် အုတ်စီ အဆောင်လေးအား ဝိုးတဝါး လှမ်းမြင်တွေ့ရသည်။
ပတ်ပတ်လည်တွင်တော့ ဟိုးအရင် အခြေအနေများနှင့် မည်ကဲ့သို့မျှ ထူးခြားမလာသေးသည့် ဝေဆာမြင့်မား မြက်ပင်ရှည်များ ....

အားလုံးမတ်တပ်ရပ် ဆရာမကို နှုတ်ဆက် ...
အတန်းခေါင်းဆောင်၏ ဆော်သြော်သံကြောင့် သူ့ အတွေးစများ ပြတ်တောက် လွင့်စင်သွားခဲ့သည်.... ဆရာမ အခန်းထဲ ဝင်ရောက်လာပြီ ဖြစ်သည် ..
မင်္ဂလာပါ ဆရာမ ...
မင်္ဂလာပါ တပည့်တို့ ... ထိုင်ကြပါ။
ကျေးဇူးတင်ပါတယ် ဆရာမ ...

-------------------- ။ --------------------

ဖြတ်သန်းခဲ့သော ဘဝတစ်ခု၏ နေရက်ပေါင်း မြောက်များစွာ ထဲမှ သူ့အတွက် အမြဲအမှတ်တရ ရှိနေမည့် နေ့ရက်တစ်ခုအား နောက်တစ်ကြိမ် ပြန်လည်
မှန်းဆကြည့်မည်ဆိုလျှင် ထိုနေ့သည်လည်း သူ့ဘဝ၏ အမှတ်အရဆုံးနေ့များထဲမှ တစ်ရက် ဖြစ်လေသည်။ မနက်က ( ၁၀ ) တန်း အောင်စာရင်း ထွက်သည်။
တစ်ညလုံး သူ့မိခင် အိပ်မပျော်။ သူ့ကို ၁၀ တန်း အလွန်အောင်စေချင်လှသည် ထင်၏။ ည ၁၂ နာရီ ကျော်ကျော်ကတည်းက အောင်စာရင်း သွားစောင့်ရန်
သူ့ကို အတင်းတိုက်တွန်း နေသော်လည်း သူကတော့ သွားမကြည့်ချင်ပါ။ စာမေးပွဲ အောင်ခြင်း မအောင်ခြင်းအား သူစိတ်မဝင်စားပါ။ အောင်ခဲ့လျှင်
နောက်တစ်တန်း တက်ရမည်။ မအောင်လျှင်ရော .. မအောင်လျှင်လည်း သရေဟုပဲ သူထင်သည်။ ကိုယ့်ကိုယ်ကို စာမေးပွဲကျတယ် ဟူ၍တော့
သူဘယ်တော့မှ မြင်လိမ့်မည် မဟုတ်။ ၁၀ တန်းကျ၍ ၉ တန်းရောက်သွားသည် ဆိုသည်ကို သူတစ်ခါမှ မကြားခဲ့ဖူး။ အလွန်ဆုံး စာမေးပွဲ မအောင်
ခဲ့လျှင်လည်း သူ့အတွက်တော့ သရေပဲ ဖြစ်သည်။ ၁၀ တန်းက ၁၀ တန်း။ တစ်တန်းလျော့ မသွား။ တစ်ညလုံး ကောင်းကောင်းအိပ်၍ မနက် ၅ နာရီမှ
အောင်စာရင်း သွားကြည့်ခဲ့သည်။ သူ သရေ မကျခဲ့ပါ။

၂ ဘာသာဟေ့
၃ ဘာသာကွ ....
ငါတော့ ဒီနှစ်လည်း လစ်ပြန်ပြီကွာ ....
ငါ့ ခုံနံပါတ်နားကျမှ တစ်ခုကျော်သွားတာကွ .... စာရိုက်တဲ့သူကလည်း ဒီခုံနံပါတ်မှ မေ့ကျန်ခဲ့ရတယ်လို့ကွာ....
အဟင့်ဟင့် ...
မငိုပါနဲ့ သမီးရယ် နောက်ထပ်အချိန်တွေ အများကြီး ကျန်ပါသေးတယ် .... နောက်တစ်နှစ်ပေါ့
တော်ပြီကွာ ဒီနှစ်ကတော့ နောက်ဆုံးပဲ နောက်ဘယ်တော့မှ မဖြေတော့ဘူး ...

စကားသံပေါင်း မြောက်များစွာ သူကျော်လွန်ခဲ့ပြီး ဤကျောင်းနှင့်အတူ သူဖြတ်သန်းခဲ့သည့် လွန်ခဲ့သည့် ၆ နှစ်တာ ကာလအား ပြန်လည် မြင်ယောင်
ကြည့်မိရင်း တစ်နေရာသို့ အရောက် ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာသော သူ၏ ခြေလှမ်းများ ခေတ္တရပ်တန့်လိုက်မိသည်။ သူ့ရှေ့တည့်တည့်တွင်
လွန်ခဲ့သည့် ၆ နှစ်တာ ကာလတစ်လျှောက်လုံး သူ သတိထားနေမိခဲ့သည့် ပုပျက်ပျက် အဆောင်လေး။ စာသင်ခန်း ပြူတင်းပေါက်မှ လှမ်းကြည့်မိတိုင်း
၃ ပေထက် ပိုမမြင့်ခဲ့သည့် အဆောက်အအုံလေး ယခု ရုပ်လုံးပေါ်ခဲ့သည်မှာ ၅ နှစ်ကျော်ကြာခဲ့ပြီ။ ကျောင်းသားတစ်ယောက်အဖြစ် နောက်တစ်
ကြိမ် ပတ်သတ်ခွင့် မရတော့သော နောက်ဆုံးနှုတ်ဆက်မှု အဖြစ် သူ့ရင်ထဲမှ အနှစ်နှစ်အလလ မျိုသိပ်ထားခဲ့သော ဆန္ဒတစ်ခုအား အကောင်အထည်
ဖော်ရန် ဆုံးဖြတ်ခဲ့မိသည်။

အဆောင်တည်ရှိရာ ရှေ့မျက်နှာစာထဲမှ လှေကားထစ်သုံးခုအား သူလှမ်းတက်ခဲ့မိပြီး နောက် ...
သူအနှစ်နှစ်အလလ တွေ့ဖူးချင်ခဲ့မိသော အရာ ...
သူ ဤ အခန်းထဲမှာ ရှိနေသည့် ထိုအရာအား ကြည့်ချင်နေမိခဲ့သည်လေ။
လေအဝှေ့တွင် မျောပါလာသော သစ်ရွက်ခြောက် တစ်ချို့နှင့် ခပ်လျော့လျော့ ဖုန်သင်းနံ့ တစ်ချို့ သူ့ရှေ့မှ ဒရောသောပါးဖြတ်ပြေးသွားကြသည်။
အခန်းတံခါးဝ အရောက်တွင်တော့ သူ အရင် ၅ နှစ်တာကာလက တွေ့နေကျအတိုင်း ဖုန်တက်နေသော သော့ နှစ်ထပ်ကွမ်း။
မျှော်လင့်ချက်မဲ့သွားခဲ့သော်လည်း သူအားမလျော့ချင်သေးပါ။

ပြူတင်းပေါက်များ ....
ဟုတ်တယ် တံခါးတွေဖွင့်မထားပေမယ့် အထဲကို မြင်နိုင်ရလောက်တဲ့ မှန်ပြူတင်းတံခါးတွေ ရှိနေသေးတယ်လေ။ သူ့ခြေထောက်များအား ပင့်ထောက်
၍ ပြူတင်းတံခါးမှ တစ်ဆင့် ......

ဟဲ့ကောင်လေး .. ဒီမှာ ဘာလာလုပ်နေတာလဲ ...
သြော် ဟို ဟို ....
သွားသွား ... ဘာမှ အကြောင်းကိစ္စမရှိပဲ နဲ့ ဒီနားမှာ လာနေမနေနဲ့ ကြားလား။ ဒီ အထဲမှာက တန်ဖိုးကြီး ပစ္စည်းတွေ ချည်းပဲ။ တစ်ခုခု ဖြစ်သွား
လို့ မဖြစ်ဘူးသဘောပေါက်လား။

ခင်းကျင်းပြသခွင့် မရတော့သော တန်ဖိုးကြီး ပန်းချီကားတစ်ချပ်ကဲ့သို့ သူ၏ မျှော်လင့်ချက်များအား ပြန်လည်သိမ်းဆည်း၍ လှေကားထစ်များ
အား ဒုတိယအကြိမ် သူ နင်းဖြတ်ခဲ့လိုက်သည်။

ငါတို့ နောက်နှစ်က စပြီး ဒီအခန်းထဲမှာ လက်တွေ့ လာသင်ရတော့မှာတဲ့။
ဟုတ်လို့လား ဟယ် .... နင်ကလဲ !
...................................

သူ၏ နားသို့ အမှတ်မထင် တိုးဝင်လာသည့် ကျောင်းသူနှစ်ဦး၏ စကားသံနှင့်အတူ သူတို့ မျက်ဝန်းထောင့်စွန်းများ ရွေ့လျားသွားရာ ထိုအခန်း၏
ခေါင်းစီးဆီသို့ သူ နောက်ဆုံးအကြိမ် နှုတ်ဆက် ငဲ့ကြည့်မိလိုက်သည်။
" Multimedia classroom "

Related Posts