Benefits of Using Clean Windows & Office ISO

Leave a Comment

ဒီဘက်ခေတ်မှာလေ အရာရာတိုင်းက အတုအယောင်တွေများတယ်။ လူတွေ၊ ပစ္စည်းတွေကနေစပြီး အိပ်မက်တွေထိ အတုအယောင်တွေ ရှိကြတယ်။ အတုတွေများလွန်းလို့ ဘယ်ဟာက အစစ်ဆိုတာကိုတောင် ခွဲခြားဖို့ မဖြစ်နိုင်လောက်တော့တဲ့ အထိပဲ။

နည်းပညာလောကမှာလည်း အတုအယောင်တွေများတယ်။ အထူးသဖြင့် လူအများစု တစိုက်မတ်မတ် သုံးနေကြတဲ့ Operating System တွေ၊ Applications တွေမှာဆို ပိုလို့တောင် အတုအယောင်တွေ များသေးတယ်။ လက်ရှိ ကမ္ဘာ့ဈေးကွက်မှာဆိုရင် လူသုံးအများဆုံး Operating System က Windows ပေါ့။ သူက ဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းထိ ပိုင်ထားတာတွေ့ရတယ်။ macOS တို့ Linux တို့ကတော့ သူ့နောက်မှာပေါ့။


သူ့လိုပဲ လူသုံးအများဆုံး Office Applications က Microsoft Office လို့ ပြောရင် မှားမယ်မထင်ဘူး။ ရုံးသုံး၊ ကျောင်းသုံး၊ တစ်ကိုယ်ရေ တစ်ကာယသုံး အများစုကတော့ Microsoft Office ကိုပဲ သုံးကြတာများတယ်။ တစ်ချို့ Office Applications ကို Free သုံးချင်သူတွေ၊ Budget ချွေတာချင်သူတွေ၊ Open Source ကြိုက်သူတွေကတော့ LibreOffice တို့၊ OpenOffice တို့သုံးကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ Windows နဲ့ Office ကတော့ လက်ရှိအချိန်ထိ လူသုံးအများဆုံး ဖြစ်နေဆဲပဲ။

အဲ့တော့ အပေါ်မှာ ပြောခဲ့တာကို ပြန်ဆက်ရရင် လူသုံးအများဆုံး အရာတွေမှာ အတုအယောင် ပိုများတတ်တဲ့ သဘောအရ Windows နဲ့ Office မှာ နားမလည်သူတွေ သဘောကျအောင် ပုံစံမျိုးစုံနဲ့ ပြင်ဆင်တုပထားတဲ့ Windows ခွေတွေ၊ Office Edition တွေ တစ်စထက်တစ်စ ပိုများလာတာ တွေ့ရတယ်။ နားမလည်တဲ့သူဆို ဘယ် Windows ခွေ ရွေးရမယ်မှန်း၊ ဘယ် Office Edition သုံးရမှန်းတောင် မသိနိုင်လောက်အောင်ကို စိတ်ရှုပ်ထွေးစရာ ဖြစ်လာတတ်တယ်။ အတုအယောင် Windows ခွေဆိုတာ ဥပမာပြရရင် အောက်မှာ ပြထားသလိုမျိုး Windows ခွေဖြစ်တာမှန်ပေမယ်လို့ Microsoft Server ကနေ တိုက်ရိုက်ဒေါင်းလုပ်ချပြီး ရလာတဲ့ Original Windows ISO တွေကို ကျွမ်းကျင်နားလည်သူတွေက သူတို့စိတ်တိုင်းကျ ပြင်ဆင် တည်းဖြတ်ထားတဲ့ Customized Windows ခွေတွေကို ဆိုလိုတာပါ။

 

သူတို့မှာ အားသာချက်လည်းရှိသလို အားနည်းချက်တွေလည်း တော်တော်များများရှိတယ်။ ဥပမာအနေနဲ့ ပြောရရင် - Original ISO မှာ ပါတဲ့ Windows Components တွေ မစုံတော့တာမျိုး၊ Registry တွေ ပြင်ထားတာမျိုး၊ Services တွေဖြုတ်ထားတာမျိုး၊ Themes တွေ ပြောင်းပစ်လိုက်တာမျိုး အစရှိသဖြင့် ပုံစံမျိုးစုံရှိတယ်။ အားသာချက်ကတော့ ပုံမှန် Original Windows ISO ထက် File Size ပိုနည်းတာ၊ Components တွေဖြုတ်ပြီး Registry တွေ ပြင်ထားတဲ့အတွက် Old PC တွေ၊ Laptop တွေမှာ သွက်သွက် လက်လက်သုံးလို့ရတာ စသဖြင့်ပေါ့။ အားသာချက်လို့ ပြောလို့ရသော်ငြားလည်းပဲ သူ့ရဲ့အကြီးမားဆုံး အားနည်းချက်က Original Windows ISO မဟုတ်တော့တဲ့အတွက် Security ပိုင်းဆိုင်ရာ အာမခံချက် လုံးဝမရနိုင်တော့ဘူး။ ဘယ်သူပြင်လို့ ပြင်ထားမှန်းမသိ၊ စိတ်ချရတဲ့သူ ပြင်ထားတာ ဟုတ်မဟုတ်ဆိုတာလည်း ဝေခွဲလို့မရ၊ ဘာတွေဖြုတ်လို့ ဘာတွေပေါင်းထည့်ထားမှန်း ဘယ်လိုမှမသိရနဲ့ မသိနားမလည်ဘဲ အပေါ်ယံ ကာဘာကိုကြည့် လန်းတယ်ဟဆိုပြီး ဝယ်သုံးကြည့်လိုက်တဲ့ Windows ခွေတစ်ခွေဟာ နောက်ကွယ်ကနေ ကိုယ်မသိဘဲ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူနေတာမျိုး၊ Security ပိုင်းဆိုင်ရာ အားနည်းချက်တွေ ကြောင့် Malicious Software အလွယ်တကူ ဝင်လာတတ်တာမျိုး၊ Windows က မနေ့တစ်နေ့က တင်ထားပြီး ဘာဖြစ်လို့ဖြစ်မှန်းမသိ Errors တွေ တတ်လာတက်တာမျိုး အစရှိသဖြင့် ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများ ဖြစ်ကြရတယ်။

ဒါမျိုးဖြစ်စဉ်တွေ ရှောင်ရှားနိုင်ဖို့ ကျွန်တော်အကြံပေးချင်တာ Microsoft Server က တရားဝင်တင်ပေးထားတဲ့ Windows နဲ့ Office Original ISO တွေကို ဒေါင်းလုပ်ချပြီး သုံးပါ။ အရင်ကဆို အဲ့လို Original ISO ရဖို့ဆိုတာ အတော်လေးခက်တယ်။ ခုနောက်ပိုင်းနှစ်တွေမှာတော့ Microsoft Windows and Office ISO Download Tool ဆိုတဲ့ Tool အသေးစားလေးတစ်ခု ပေါ်လာတယ်။

 

အကောင်သေးပေမယ့် အသုံးတည့်တယ်။ သူ့တစ်ခု တည်းကနေ Windows 7, 8, 10 ဆိုတာတွေအပြင် Office 2010, 2013, 2016 ခုနောက်ဆုံး 2019 ထိ (Mac Version ပါအပါ) Microsoft Server မှာ တင်ထားတဲ့ Original ISO အကုန်ဒေါင်းလုပ်ချနိုင်တယ်။ အရင်က ကျွန်တော်ကိုယ်တိုင်လည်း အပေါ်မှာ ပြောခဲ့တဲ့ အတုအယောင် OS တွေ တောက်လျှောက်သုံးခဲ့တယ်။ ပြဿနာမျိုးစုံလည်း ကြုံခဲ့ရတယ်။ ခုတော့ ကျွန်တော် အတုအယောင် Windows တွေ အယောင်ဆောင် Office တွေ မသုံးတော့ဘူး။ Original ISO ကို ပြောင်းသုံးလို့ ရလာတဲ့ အကျိုးကျေးဇူးကို ကျွန်တော် သဘောပေါက်ခဲ့ပြီ။

ကျွန်တော့်အနေနဲ့ ဒီနေရာမှာ Windows နဲ့ Office တင်မက တခြားခြားသော ပိုက်ဆံနဲ့ ဝယ်သုံးခိုင်းတဲ့ Software မှန်သမျှ ဖြစ်နိုင်ရင် ဝယ်သုံးကြဖို့ တိုက်တွန်းချင်တယ်။ အကြောင်းကြောင်းကြောင့် မတတ်နိုင်တဲ့အခါ Free သုံးချင်တယ်ဆိုရင် Open Source ကို ပြောင်းသုံးကြည့်ပါ။ Open Source လည်း မသုံးချင်ဘူး ပိုက်ဆံလည်း မတတ်နိုင်ဘူးဆိုရင် Web based applications တွေကို သုံးကြည့်ပါ။

မတူညီတဲ့ကွဲပြားမှုတွေကို လေ့လာပါ။ သိရှိခဲ့တာတွေကို မျှဝေနိုင်ဖို့ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းပါရစေ။

Zawgyi & Unicode Guide for Windows 10

Leave a Comment
အခုနောက်ပိုင်းမှာ ကွန်ပျူတာ အသုံးပြုသူ အများစု Windows 10 ကို ဦးစားပေး သုံးလာကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိ Windows 10 ပဲ သုံးပါတယ်။ Windows 10 သုံးခဲ့တာ ကြာခဲ့ပြီမို့လို့ သူ့ရဲ့ အားသာချက်၊ အားနည်းချက် တော်တော်များများကိုလည်း ကျွန်တော့်အနေနဲ့ တီးမိခေါက်မိရှိပါတယ်။ ခုလက်တလော ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုက Windows 10 x64 bit သုံးကြသူအများစု မကြာခဏကြုံနေရတဲ့ မြန်မာစာ၊ မြန်မာဖောင့် အဆင်မပြေတဲ့ ပြဿနာအကြောင်းပါ။  

ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဖြေရှင်းနည်း သိခဲ့ပြီမို့လို့ ခုချိန်မှာ အခက်အခဲသိပ်မရှိတော့ပါဘူး။ Windows 10 x64 bit မှာ မြန်မာလို အဆင်ပြေပြေ စာရိုက်ချင်တယ် ဆိုရင် တခြား Installer တွေ မေ့လိုက်ပါ။ လက်ရှိအချိန်ထိ နောက်ဆုံးထွက်ထားတဲ့ KeyMagic Keyboard ကို သုံးပါ။
  • Office 2010, 2013, 2016 မှာ စာရိုက်ရင် ဘာမှမပေါ်ဘူး ဒါမှမဟုတ် လေးဒေါင့်တုံးတွေပဲ ပေါ်တယ်ဆိုသူတွေ http://www.unicode.today/ မှာ Office အမျိုးအစားအလိုက် ပေးထားတဲ့ ဖောင့်ကို အသေအချာရွေး၊ ဒေါင်းလုပ်ချပြီး Install လုပ်ပါ။ ပြီးရင် အထက်မှာ ဖော်ပြထားတဲ့ KeyMagic Keyboard ကို သုံးပါ။ ဒါဆို ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။
  • Office 2010, 2013, 2016 မှာ စာရိုက်ရင် ဝလုံးလို အစက်တွေနဲ့ အဝိုင်းတွေပဲ ပေါ်တယ်ဆိုသူတွေ များသောသဖြင့် အဲ့လိုပြဿနာက Office x64 bit Versions တွေမှာ ဖြစ်တတ်ပါတယ်။ OpenType Features ကြောင့်ဖြစ်တာပါ။ အပေါ်မှာရေးထားတဲ့ ပထမနည်းနဲ့ မပြေလည်ရင် OpenType Features ​အောက်က Ligatures မှာ All ပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ အသေးစိတ် လုပ်ဆောင်ပုံကို ဒီနေရာမှာဖတ်ကြည့်ပါ။
  • Office မှာ စာရိုက်ရင် တချို့စာတွေကို Zawgyi-One နဲ့ရိုက်ပြီး တချို့စာတွေကို Unicode နဲ့ ရိုက်ချင် သူတွေအတွက်လည်း အပေါ်မှာ ဖော်ပြထားတဲ့ KeyMagic Keyboard ကိုပဲ သုံးပါ။ Ctrl+Shift အတွဲကို အချိန်းအပြောင်းလုပ်ပြီး Eng-Myn ပြောင်းရိုက်လို့ရသလို Unicode နဲ့ Zawgyi ကိုလည်း Taskbar ရဲ့ Tray icons ထားရာနေရာကနေ အချိန်းအပြောင်းလုပ်ပြီး သုံးလို့ရပါတယ်။
  • အရင် Unicode မသုံးခင်က Zawgyi-One သုံးပြီး တချို့ Files, Folders တွေကို မြန်မာလို ပေးခဲ့ဖူးရင် Widows ပြန်တင်လိုက်ရတဲ့အခါ ဒါမှမဟုတ် Themes တွေ ပြောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာကြောင့် မြန်မာလိုရေးထားတာတွေပျောက်ပြီး လေးဒေါင့်ကွက်တွေ ပေါ်တတ်ပါတယ်။ အဲ့ဒီ့အတွက် ဘယ်တော့မှ Update မထွက်တော့ပေမယ့် လက်ရှိအချိန်ထိ သုံးလို့ရနေတဲ့ Alpha Zawgyi 2008 Version ကိုသုံးပါ။ Installer ကို အောက်မှာပေးထားပါတယ်။
  • Firefox Browser တွေမှာ မြန်မာဖောင့် မမြင်ရဘူး ဆိုသူတွေ ဒီဗွီဒီယိုကိုကြည့်ပါ။ Google Chrome မှာ မြန်မာဖောင့် မမြင်ရဘူး ဆိုသူတွေ ဒီဗွီဒီယို ကိုကြည့်ပါ။
  • နောက်ဆုံးပြောချင်တာတော့ ဒီ Blog မှာ များသောအားဖြင့် Software တွေ တိုက်ရိုက်တင်ပေးတာမျိုး ကျွန်တော်လုပ်လေ့မရှိပါဘူး။ Links တွေ ခဏခဏ ပျက်တတ်တာကြောင့်ရော၊ Copyright နဲ့ ငြိတာတွေကြောင့်ရော မတင်ပေးဖြစ်တာပါ။ ဒါပေမယ့် Font ပြဿနာက အဖြစ်များကြလို့ ဒီတစ်ခါတော့ လက်ရှိကျွန်တော်စုထားပြီး မဖြစ်မနေ သွင်းထားသင့်တဲ့ Fonts အများစုရယ်၊ Myanmar Keyboard တွေရယ် အားလုံးရောပြီး တင်ပေးထားပါတယ်။ Alpha Zawgyi 2008 Version အပါအဝင် Unicode Keyboard တွေပါ အစုံထည့်ထားပါတယ်။ ဒီနေရာမှာယူပါ။
ကျွန်တော်အခု ရေးခဲ့သလောက်ဆို Windows 10 မှာ မြန်မာဖောင့်နဲ့ ပတ်သက်တဲ့ ပြဿနာအများစု ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။

Related Posts