Where Can I Download Dhamma Ebooks

Leave a Comment
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
ကဆုန်လပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့။
၂၀၁၉ ခုနှစ် မေလ ၃၁ ရက်။

တစ်ခါတစ်လေများ တွေးမိတယ်။ ကိုယ်တွေ ဒီဘက်ခေတ်မှာ လူပြန်ဖြစ်ခွင့်ရတာ သိပ်ကံကောင်းကြတာပဲလို့။ ဒီဘက်ခေတ်မှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေဆိုတာ လူတိုင်းလွယ်လင့်တကူ အသုံးပြုနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ပြီ။ စာဖတ်ဖို့ဆိုရင်လည်း စာအုပ်အစားထိုး ဖတ်လို့ရနိုင်တဲ့ Ebooks တွေဆိုတာ ပေါပေါများများ ရှိလာပြီ။ ကျန်တဲ့စာအုပ်တွေသာ CopyRight ဘာညာနဲ့ တွင်တွင်အော်နေကြပေမယ့် မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကတော့ ဘာ CopyRight ရယ်လို့မထားဘဲ စာအုပ်ဝယ် မဖတ်နိုင်ရင်တောင် Ebooks နဲ့ ဖတ်နိုင်ဖို့ အသင့်လက်တကမ်းမှာ ရှိနေပြီ။ လွယ်လိုက်တာ လွယ်လိုက်တာ ငါတို့များ ကံကောင်းလိုက်တာလို့ အမြဲတွေးမိတယ်။


မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကာလ မဟာဗုဒ္ဓဝင်ကျမ်း ရေးသားပြုစုချိန် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကဆိုရင် ကွန်ပျူတာဆိုတာ မြန်မာပြည်မှာမရှိ၊ အင်တာနက်ဆိုတာ မရောက်သေး ဗုဒ္ဓဝင်စာအုပ်တစ်အုပ် တစ်အုပ်ကို စာမျက်နှာ ၇၀၀ ဝန်းကျင်နဲ့ စာအုပ်ပေါင်း ၈ အုပ် စာမျက်နှာ ၆၀၀၀ နီးပါးကို လက်နှိပ်စက် နဲ့ ရိုက်နှိပ်တော်မူခဲ့တာ အံ့သြကြည်ညိုလို့ မဆုံးနိုင်ဘူး။ ဆရာတော် ဘုရားကြီး အပင်ပန်းခံရေးသားရိုက်နှိပ်ခဲ့တဲ့ စာအုပ်တွေကို ဝယ်ဖို့မလွယ်ရင်တောင် ဖတ်ဖို့လွယ်လင့်တကူလည်း ခုချိန်မှာ ရနိုင်နေပြီ။ လက်တကမ်းမှာ Ebooks Version တွေ ရှိနေပြီလေ။


ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ တရားစာအုပ်တွေ ဖတ်မယ်ဆိုရင် လွယ်လင့်တကူ ဒေါင်းလုပ်ချလို့ရတဲ့ စာအုပ်စုံတဲ့ နေရာတွေ အတော်များများ ရှိနေပြီ။ အဲ့တာတွေ အားလုံးထဲမှာမှ တရားစာအုပ်တွေ ပိဋကတ်(၃)ပုံကနေစပြီး တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တဲ့ နေရာ (၃) ခုရှိတယ်။

(၁) ကမ္ဘာအေးဗုဒ္ဓသုတေသန စာကြည့်တိုက် - http://www.kbrl.gov.mm/Catalog/Featured
ဒီစာကြည့်တိုက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ပသာသနာပြု ဌာနခွဲကနေ တည်ထောင်ဖွင့်လှစ်ထားတာမို့လို့ စာအုပ်စာတမ်း အမျိုးအစား စုံလင်တယ်။ ဆဋ္ဌမူပိဋကတ်(၃)ပုံ၊ အဋ္ဌကထာ၊ ဋီကာကနေစပြီး ပုံမှန် ဘုရားရှိခိုး ဝတ်ရွတ်စဉ်ထိ အစုံရနိုင်တယ်။

(၂) ဓမ္မဒေါင်းလုပ်မိသားစု - http://www.dhammadownload.com
ဒီ စာမျက်နှာက ကမ္ဘာအေးစာကြည့်တိုက်လိုပဲ စာအုပ်အမျိုးအစား စုံလင်တယ်။ သူ့ရဲ့ အားသာချက်တစ်ခုက စာအုပ်တွေ Update ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဆဋ္ဌမူပိဋကတ်(၃)ပုံ Scan စာအုပ်တွေကို ၂၀၁၁ ဗားရှင်းအထိ စုဆောင်းပေးထားတာ တွေ့ရတယ်။

(၃) မြန်မာစာအုပ်စင် - http://www.mmbookdownload.com
ပိဋကတ်စာပေတင် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ တရားသဘောကို ဇာတ်ဝတ္ထုလို ရေးထားတဲ့ စာအုပ်ကောင်းတွေ ဖတ်ချင်ရင်တော့ မြန်မာစာအုပ်စင်မှာ ရှာသင့်တယ်။ မြန်မာစာအုပ်စင်ဆိုတာ တခြားမဟုတ်ဘူး Burmeseclassic ကနေ သီးခြားထောင်ထားတဲ့ စာမျက်နှာခွဲပဲ။ စာအုပ်တွေလည်း Update ဖြစ်သလို စာအုပ်ကောင်းတွေလည်း အတော်များများရှိတယ်။

တခြား စာအျက်နှာတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ဒီစာမျက်နှာ (၃) ခုနဲ့တင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ဖတ်ဖို့ရနိုင်ပြီ။

စာဖတ်ပါ။
ဗုဒ္ဓဘာသာဖြစ်ခွင့်ရတုန်းမှာ ဗုဒ္ဓစာပေကို တစ်နေ့နည်းနည်းစီပဲဖြစ်ပါစေ လေ့လာကြည့်ပါ။

Dhamma Review.

Trying to Become a Devout Buddhist

Leave a Comment
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၂၀၁၉ ခုနှစ် မေလ ၂၉ ရက်။

ကျွန်တော် တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ မိရိုးဖလာလို့ ဆိုပေမယ့် သာမန်မိရိုးဖလာထက်တော့ ကျွန်တော့်မိရိုးဖလာက နဲနဲလေးနက်သယောင်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် အလှူဒါန လုပ်ရတာ စိတ်ရင်းထဲကကို နှစ်သက်တယ်။ ဘုရားဝတ်ပြုတာ၊ ပရိတ်/ပဋ္ဌာန်း/ဓမ္မစကြာရွတ်တယ်ဆိုတာတွေကလည်း နေ့တိုင်းပုံမှန်နီးပါးကိုရှိခဲ့တယ်။ အရင် အခြေအနေပေးခဲ့စဉ်တုန်းက ရွှေတံဂုံဘုရားဆိုလည်း နံနက် ၅ နာရီထိုးတိုင်း အရောက်တက်ဖြစ်ခဲ့တယ်။ ၅ တန်း၊ ၆ တန်း ကျောင်းသားဘဝတည်းက စနေနေ့မနက်တိုင်းလည်း တန်းဆွမ်းကြွတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းဖြစ်ခဲ့တယ်။


ဒါပေမယ့် အဲ့ဒီ့လုပ်ရပ်တွေကြောင့် ကျွန်တော့်ရဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုက အဆင့်တက်သွားစရာ မရှိတာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် -
အရဟံ - အရဟံနဲ့ ပါးစပ်က ရွတ်နေပေမယ့် အရဟံရဲ့ ဂုဏ်တော်အနက်ကို မသိခဲ့ဘူး။
ပဋ္ဌာန်းကို အလွတ်ရပေမယ့် ဟေတုပစ္စယောဆိုတာ ဘာကိုဆိုလိုမှန်း နားမလည်ခဲ့ဘူး။
အန္တရာယ်ကင်းတယ်ဆိုလို့ သမ္ဗုဒ္ဓေကို ကျွန်တော်ရွတ်တယ်။ အနက်ကိုမသိခဲ့ဘူး။
မေတ္တာသုတ်အလွတ်ရပြီး ပါးစပ်က မကြာခဏ တွင်တွင် ရွတ်တတ်ပေမယ့် "လုံးစုံများစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ ဆိုတဲ့ စာပိုဒ်က ဘယ်အပိုဒ်မှန်း ကျွန်တော်မဆက်စပ်မိခဲ့ဘူး"။
ဗုဒ္ဓဘာသာနဲ့ တခြား ကိုးကွယ်ရာ ဘာသာတရားတွေ ရဲ့ ခြားနားချက်ကို နားမလည်သလို ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကိုလည်း ယုံကြည်ရာဘာသာတရားတစ်ခုအဖြစ် လက်ခံထားတာကလွဲရင် ထူးပြီးဘာမှ စိတ်ထဲမရှိခဲ့ဘူး။

ဒါကိုပဲ မိရိုးဖလာ ဗုဒ္ဓဘာသာလို့ ကျွန်တော်နာမည်တပ်ချင်တယ်။ တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာဆိုပေမယ့် ခုတော့ ကျွန်တော်အဲ့ဒီ့ မိရိုးဖလာအဆင့်ကို ကျော်နိုင်ခဲ့ပြီ။ ဒါပေမယ့် ကျွန်တော့်မိသားစု၊ ကျွန်တော့် အသိမိတ်ဆွေ၊ သူငယ်ချင်း၊ ကျွန်တော်နဲ့ လုံးဝသိကျွမ်းမှု မရှိသေးတဲ့ သူတွေထဲမှာ တစ်ချိန်ကကျွန်တော်ဖြစ်တည်ခဲ့သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လောက်တောင်များ ကျန်နေဦးမလဲ ကျွန်တော် မသိနိုင်ဘူး။

ဘဝဆိုတာ သိပ်တိုတောင်းတယ်။ ကျွန်တော်တို့ ချစ်တဲ့သူတွေ၊ ကျွန်တော်တို့ကို ချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာကုန် ကြပြီ။ ပြန်စဉ်းစားကြည့် ကျွန်တော်တို့ အသက်ရှင်ဖို့ ဘယ်နရက် ကျန်နေသေးတယ်ဆိုတာ ဘယ်သူမှမသိဘူး။ အဲ့တော့ ဘာကိုမက်မော နေတာလဲ။ ဘာတွေကို လောဘတက်နေတာလဲ။ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မနာလိုဖြစ်နေရတာလဲ။

ကျွန်တော် ပြောချင်တာ ကိုယ်ကြိုးစားနိုင်သလောက်ပဲ ကိုယ်ယူပါ။
ကိုယ့်လိပ်ပြာကိုယ်သန့်ပါ။ ကိုယ့်အတွက် ဖြစ်မလာနိုင်သေးတာ တွေကို အတင်းမျှော်မှန်းပြီး ကိုယ့်စိတ်ကို အပင်ပန်းမခံပါနဲ့။ ကြိုးစားလို့ ဖြစ်မလာလည်း ငါ့ကျမှ မဖြစ်ရလေခြင်းလို့ ကြေကွဲမနေပါနဲ့။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဓမ္မစကြာဒေသနာမှာ ဟောခဲ့ပြီးပြီ။ ခန္ဓာရှိနေသရွှေ့ ဖြစ်ချင်ရာ မဖြစ်တာ၊ မဖြစ်ချင်ရာ ဖြစ်တာဆိုတာ အမြဲရှိနေဦးမှာပဲ။

တရားနာပါ။ တစ်ပတ်ကို ၃ ပုဒ်နှုန်းလောက် နာပါ။
တရားစာအုပ်ဖတ်ပါ။ တစ်ရက်ကို စာမျက်နှာ ၃၀ နှုန်းဖတ်ပါ။

ပုံမှန်လုပ်ပါ။
လူဖြစ်လာရင် ငါဘာလုပ်သင့်လဲဆိုတာ အရင်ကထက် ပိုသိလာပါလိမ့်မယ်။

Dhamma Review.

Dhamma Review

Leave a Comment
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်။ အင်တာနက် စာမျက်နှာတွေပေါ်မှာဖြစ်ဖြစ် လူမှုကွန်ယက် စာမျက်နှာ တွေပေါ်မှာ ဖြစ်ဖြစ် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဝအောင်မြင် တိုးတက်ရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တွေအပေါ် သုံးသပ်ချက်ပေးတဲ့ Blog တွေ အတော်များများ ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဖတ်လည်းဖတ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဓမ္မစာပေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်၊ အညွှန်းစာရေးတဲ့ Blog မျိုးကိုတော့ ကျွန်တော် သိပ်မတွေ့မိခဲ့ဖူးပါဘူး။ တကယ်တော့ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို ဓမ္မစာပေအဖြစ်နဲ့ ပြန်လည်ရေးသားထားတဲ့ အကြောင်းအရာတွေ၊ ဇာတ်နိပါတ်တော်တွေ၊ တရားဒေသနာတော်တွေဆိုတာ ဘဝအောင်မြင်ရေးအတွက်သာမက ဘဝသံသရာအတွက်ပါ အကျိုးကျေးဇူး များလှတယ်ဆိုတာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကြသူတိုင်း ယုံကြည်လက်ခံထားကြတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။

အတတ်ပညာ နည်းပညာတွေ တဖြည်းဖြည်း ရှေ့တန်းရောက်လာပြီး လိုချင်တပ်မက်စရာ တစ်စထက်တစ်စ ပိုမိုများပြားလာတဲ့ မျက်မှောက်ခေတ်ကာလမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်တွေဟာလည်း မှုံရီဝေဝါးပြီး အနည်ထိုင်စ ပြုလာပါတယ်။ ဗုဒ္ဓဘာသာအမည်ခံပေမယ့် ဘာသာရေးရဲ့ အနှစ်သာရကို နားမလည်သူတွေဟာလည်း အရွယ်သုံးပါးစလုံးမှာ တစ်နေ့ထက်တစ်နေန့ ပိုမိုများပြားလာပါတယ်။

ဒီအခြေအနေကို မတားဆီးနိုင်ပေမယ့် အတိတ်ကံပါရမီရှိခဲ့ပြီး ဓမ္မရေစက် ပါခဲ့သူ မိတ်ဆွေအပေါင်းအတွက် ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ဖတ်နေဆဲဖြစ်တဲ့ ဓမ္မစာအုပ်တွေရဲ့ အနှစ်သာရနဲ့ အကြောင်းအရာတွေကို ဖတ်ဖြစ်စေစိမ့်သောငှာ ကျွန်တော် အညွှန်းစာလေး ရေးချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာကြောင့်ပဲ Dhamma Review ဆိုပြီး Blog လေးတစ်ခုကို Techsectors Blog နဲ့ ယှဉ်တွဲပြီး Facebook စာမျက်နှာပေါ်မှာ မြတ်စွာဘုရားရှင် ဗျာဒိတ်လက်ခံရရှိတော်မူတဲ့၊ ဖွားမြင်တော်မူတဲ့၊ သဗ္ဗညုတဉာဏ်တော်ရတော်မူတဲ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ ကဆုန်လပြည့်နေ့အမှီ စတင်ရေးသားဖြစ်ခဲ့ပါတယ်။

Dhamma Review.

Full Moon Day of KaSone

Leave a Comment
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့။
သာသာနာနှစ် ၂၅၆၃ ခုနှစ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ ဒီနေ့ဆိုရင် ၂၅၆၃ နှစ် ပြည့်ခဲ့ပြီ။


ဒီနေရာမှာ မှတ်ထားသင့်တာ သက္ကရာဇ် (၅) မျိုးရှိပါတယ်။

(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နဲ့ တိုင်ပင်ပြီး သူ့လက်ထက်မှာ ရောက်ဆဲဖြစ်တဲ့ သက္ကရာဇ် (၈၆၄၅) ခုကို အဲ့ဒီနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီး တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကစလို့ သက္ကရာဇ်တစ်ခု ထားတယ်။ အဲ့ဒီ့သက္ကရာဇ်ကို မဟာသက္ကရာဇ်လို့ခေါ်တယ်။ အဲ့လိုစပြီးသတ်မှတ်တဲ့နှစ်က မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလို။ ဂေါတမဘုရားရှင်ရဲ့ သက်တော် (၈၀)နှင့်ပေါင်းရင် မဟာသက္ကရာဇ်ရဲ့ သက်တမ်းက (၁၄၈)နှစ်အထိ ရှိခဲ့တယ်။ အဲ့ဒီ့ ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စပြီးတွက်ရတယ်။

(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်ရဲ့ သက်တမ်း (၁၄၈)နှစ် ရောက်တဲ့အချိန်မှာ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူတယ်။ အဲ့ဒီ့နေက ကဆုန်လပြည့်နေ့။ အတိအကျပြောရင် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ (ဘီစီ ၅၄၃) ကဆုန်လပြည့်၊ အင်္ဂါနေ့။ သာသနာတော် အနှစ် (၅၀⁠၀၀)ကိုလည်း ထားတော်မူခဲ့တယ်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ရဲ့ ကြီးကြပ်ပံ့ပိုးမှုနဲ့ ပထမသင်္ဂါယနာတင်တော်မူပြီးတဲ့နောက် အရှင်မဟာကဿပနဲ့ ဘုရင်အဇာတသတ် တိုင်ပင်ပြီး သက္ကရာဇ် (၁၄၈)ကို ဖြိုခဲ့တယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့ အဲ့ဒီ့နှစ်ကနေပဲစပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ဆိုပြီးစရေတွက်ခဲ့တယ်။ အဲ့ကနေစပြီး  သာသနာသက္ကရာဇ် ဆိုပြီးပေါ်လာတယ်။

(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာ ရှိရင်းစွဲ သာသနာသက္ကရာဇ်ကိုဖြိုပြီး အသစ်ပြန်စ ရေတွက်ရာကနေ ကောဇာသက္ကရာဇ် တစ်နည်းအခေါ် မြန်မာသက္ကရာဇ် ဆိုတာ ပေါ်လာတယ်။ ကောဇာ (ဂေါဇာ)သက္ကရာဇ် (ဝါ) မြန်မာသက္ကရာဇ် ဆိုပြီး စတင်သတ်မှတ်ခဲ့တဲ့ သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာတစ်ကြိမ် (၆၂၂ နှစ်)၊ ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာတစ်ကြိမ် (၅၆၀ နှစ်)၊ စုစုပေါင်း သက္ကရာဇ် နှစ်ကြိမ် စုစုပေါင်း (၁၁၈၂ နှစ်) ဖြိုခဲ့ဖူးတယ်။ အဲ့တာကြောင့် မြန်မာသက္ကရာဇ် တစ်နည်းအခေါ် ကောဇာသက္ကရာဇ်က သာသနာသက္ကရာဇ် ထက်နည်းနေတာ။ လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို ဖြိုခဲ့တဲ့ ၁၁၈၂ နှစ်နဲ့ပေါင်းရင် လက်ရှိသာသနာနှစ် ၂၅၆၃ နှစ် (၁၁၈၂+၁၃၈၁) ကိုရတယ်။

(၄) ခရစ်သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ပိုင်းကို ရေတွက်ရတဲ့နှစ်တွေ။
(၅) ခရစ်သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးတဲ့ နှစ်ကနေစပြီး ရှေ့ကို အစဉ်အတိုင်း ရေတွက်ရတဲ့ နှစ်တွေ။ (လက်ရှိသုံးနေတဲ့ အင်္ဂလိပ် ပြက္ခဒိန်)

ဒီကနေ့ ကဆုန်လပြည့်နေ့၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော် မူတဲ့နေ့ အခါသမယကို အထူးအားဖြင့် အမှတ်ပြုပြီး ဒီ Dhamma Review Blog ကို စတင်ရေးသားခဲ့ပါတယ်။

မြတ်စွာဘုရားရှင် လောကသတ္တဝါအပေါင်းကို စွန့်ခွာပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း ၂၅၆၃ နှစ်တိုင်ခဲ့ပြီဆိုတာ သတိထားမိအောင်ရယ်၊ ဒီနေ့ထိ ကျွန်တော်တို့တွေ သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်သေးဘူးဆိုတာရယ်ကို သတိပြုမိပြီး မကောင်းမှုတွေလျော့ ကောင်းမှုတွေ ဆောင်နိုင်ကြစေဖို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သိရှိနားလည် ကျင့်သုံးလိုက်နာသင့်တာတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သတ္တလောက သတ္တဝါအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေ။


Dhamma Review.

Related Posts