(65) Basic Dhamma Questions That Every Buddhism Should Know

Leave a Comment
ဗုဒ္ဓဘာသာဝင်တိုင်း သိနားလည်ထားသင့်တဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ အခြေခံမေးခွန်းလေးတွေကို ကိုနေရွှေသွေးအောင် ကနေတဆင့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသထံ လျှောက်ထားမေးမြန်းတဲ့ ဗွီဒီယိုဖိုင်တွေ Youtube နဲ့ Facebook မှာ တွေ့မိကြမယ်ထင်ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း (၁၂) ပိုင်း ရှိပါတယ်။ ဒီလောက်နဲ့ ဗုဒ္ဓဘာသာဝင်တွေ သိနားလည်ထားသင့်တဲ့ အခြေခံဗုဒ္ဓဓမ္မသဘောတရားတွေ ကုန်ပြီ လားလို့လည်း မေးစရာရှိပါတယ်။ တကယ်က ဒီ(၁၂)ပိုင်းဟာ မဖြစ်မနေ သိထားသင့်တဲ့ အခြေခံထဲမှာမှ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကိုယ်တိုင် ဖြေကြားတဲ့ အကျဉ်းချုပ်ဖြေကြားချက်တွေပါ။


မေးခွန်းစုစုပေါင်း (၆၅) ခုကို အပိုင်း(၁၂)ပိုင်းခွဲပြီး မေးမြန်းထားတဲ့ ဒီတွေ့ဆုံမေးမြန်းလျှောက်ထားမှုမှာ ဆရာတော်ဘုရားကြီးရဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ်ထားတဲ့ မေတ္တာဂရုဏာတော်နဲ့ ဗုဒ္ဓတရားနဲ့ ပတ်သက်ပြီး သိနားလည်စေချင်တဲ့ စေတနာတရားကို အထင်အရှားတွေ့မြင်ရပါတယ်။ တချို့မေးခွန်းတွေမှာ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်အနေနဲ့ မမှားသင့်တဲ့ အမှားမျိုး ပါခဲ့ရင်တောင် ဆရာတော်ဘုရားကြီးဟာ မေတ္တာရှေ့ရှုပြီး ပြုပြင်ပေးတော်မူပါတယ်။ နောက်ဆုံးတင်ထားတဲ့ အပိုင်း(၁၂)မှာ ဇာတ်သိမ်းပိုင်းလို့ ဖော်ပြတာတွေ့ရတော့ နောက်ထပ်အပိုင်း သစ်ထပ်လာဖို့ မရှိတော့ဘူးလို့ ဆိုရမှာပေါ့။

နောက်ထပ်ဓမ္မအမေးအဖြေကဏ္ဍ ဘယ်အချိန် ထပ်ပြီးနာခွင့်ရမယ် မသိနိုင်ပေမယ့် ဒီ(၁၂)ပိုင်းထဲက ၉၉ ရာခိုင်နှုန်းသော မေးခွန်းတွေဟာ ဆရာတော်ဘုရားကြီး ဟောကြားခဲ့ပြီးတဲ့ တရားတော်တွေ ထဲမှာ အားလုံး ပါဝင်ပြီးသားတွေပါ။ ဒီတရားတော်တွေကို စုစုစည်းစည်း ဖန်တီးပေးထားတဲ့ DhammaDownload လို တရားစာမျက်နှာတွေရှိနေတာလည်း အတော်လေး ကျေးဇူးတင်စရာကောင်းပါတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ ဆိုတဲ့ ဗွီဒီယိုဖိုင်တွေကို Youtube က ဒီနေရာမှာ တိုက်ရိုက်နာယူလို့ရပါတယ်။ ဒါပေမယ့် ပုံမှန် လုပ်ငန်းခွင်ဝင် နေရတဲ့သူ၊ မိသားစုရှိတဲ့သူ၊ အလုပ်သွားအလုပ်ပြန် အချိန်ကုန်နေရတဲ့ သူတစ်ယောက်က ဒီတရားတော် တွေကို Youtube ဖွင့်ပြီး အချိန်တစ်ခုပေး နာယူဖို့ဆိုင်ရာ လွယ်နိုင်ပါ့မလား။ သူတို့နာယူရ လွယ်အောင် ဘယ်လိုစီစဉ်ပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားတော့ MP3 လုပ်လိုက်ရင် အဆင်ပြေမယ်၊ ကျောင်းသွား/ ရုံးသွား၊ ကားစီး/ရထားစီးတဲ့အချိန် နားကျပ်တပ်ပြီး နာလို့ရမယ်ဆိုပြီး MP3 အကုန်ပြောင်း လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ရုပ်သွင်ကို မဖူးရပေမယ့် တရားရဲ့အနှစ်သာရကိုတော့ နာယူလို့ ရမယ်လေ။

မနာဖြစ်သေးရင် နာကြစေချင်ပါတယ်။ တစ်နေ့တစ်ပိုင်းလောက်ပေါ့။ မေးခွန်းအများစုက သိနားလည်ဖို့ ခက်ပြီး လက်လှမ်းမမှီလောက်တဲ့ အကြောင်းအရာတွေ မပါပါဘူး။ တရားမနာခင် ဆရာတော်ဘုရားကြီးကို မေးမြန်းထားတဲ့ မေးခွန်းတွေ အရင်ဖတ်ကြည့်ချင်သေးတယ်ဆိုရင် ဒီအောက်မှာလည်း ဖော်ပြထားပါတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ
DOWNLOAD - https://yadi.sk/d/TPXHlJ5ANk19rg


အပိုင်း(၁)
(၁) ဗုဒ္ဓဘာသာဆိုတာဘာလဲ။ ဘယ်မူတွေပေါ်အခြေခံပါသလဲ။ ဗုဒ္ဓဘာသာရဲ့ အန္တိမရည်မှန်းချက်က ဘာပါလဲ။
(၂) နိဗ္ဗာန်ဆိုတာဘာလဲ။ ဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်ပါသလဲ။
(၃) ဗုဒ္ဓဘာသာနှင့် အခြားဘာသာများကွာခြားချက်။
(၄) နတ်ပြည်၊ ဗြဟ္မာပြည်၊ ငရဲပြည်၊ နဂါးပြည်တို့ဘယ်မှာရှိပြီး ဘယ်လိုပုံဖော်လို့ရပါသလဲ။
(၅) ကာမေသူမိစ္ဆာစာရကံဟာ ဘယ်လိုမျိုးမှာထိုက်ပါသလဲ။ ယနေ့ခေတ် Living Together ပုံစံမျိုးသည် ထိုကံ ထိုက်မထိုက်၊ ယောက်ျားဖြစ်သူ ရဟန်းဝတ်ရင် မိန်းမကိုကွာရှင်းပေးခဲ့သင့်၊မသင့်။

အပိုင်း(၂)
(၆) နတ်နဲ့ဗြဟ္မာတို့ တန်ခိုးရှိပုံ၊ ကွာခြားပုံ။
(၇) ရုပ်ကြီးပဲရှိတဲ့ဗြဟ္မာ၊ နာမ်ကြီးပဲရှိတဲ့ဗြဟ္မာတို့၏ အစွမ်းတန်ခိုးများ။
(၈) ဝဋ်အမြဲလည်ပါသလား။ ဝဋ်မလည်ဘဲ နိဗ္ဗာန်ရောက်အောင်လုပ်လို့ရသလား။ အဟောသိကံ ဆိုတာ ဘာပါလဲ။
(၉) ပါဏာတိပါတာကံ ဘယ်လိုအခြေအနေမျိုးမှာထိုက်ပါသလဲ။ အလှူပြုလိုတဲ့ရည်ရွယ်ချက်နဲ့ တိရိစ္ဆာန် သတ်ရင် ငရဲကြီးပါသလား။
(၁၀) ဗုဒ္ဓဘာသာရဲ့ အခြေခံဖြစ်တဲ့ ငါးပါးသီလမှာ ပါဏာတိပါတာကံဟာ ဘယ်လိုအခြေအနေမျိုးမှာ ထိုက်ပါ သလဲ။ အလှူပြုလိုတဲ့ ရည်ရွယ်ချက်တဲ့ တိရစ္ဆာန်သတ်ခဲ့မိရင် ငရဲကြီးပါသလား။
(၁၁) မုသာဝါဒထဲမှာ ဆဲရေးတိုင်းထွာတာနဲ့ ကုန်းတိုက်တာပါသလား။

အပိုင်း(၃)
(၁၂) သူရာမေရယမဇ္ဇပမာဒဌာနာ၏ အဓိပ္ပါယ်အပြည့်အစုံ။
(၁၃) သရဏဂုံတည်ခြင်း၊ ပျက်ခြင်း၏အဓိပ္ပါယ်။
(၁၄) ပူဇာစပူဇနေယျာနံ၏အဓိပ္ပါယ်၊ တန်ခိုးကြီးနတ်၊ ဘိုးတော်များကို ပူဇော်သင့်မသင့်။
(၁၅) လူတွေမှာရော တန်ခိုးရှိနိုင်မရှိနိုင်၊ တန်ခိုးရှိခြင်းအကြောင်းတရား။

အပိုင်း(၄)
(၁၆) သောတာပန်၊ အနာဂါမ် အစရှိတဲ့ အရိယာ ၄ ပါးအကြောင်း။
(၁၇) ဂြိုဟ်သားတွေ တကယ်ရှိပါသလား။
(၁၈) မာရ်နတ်က ဘယ်ဘုံထဲက နတ်ဖြစ်ပါသလဲ၊ သူကဘာ့ကြောင့်ထင်ရှားပြီးတန်ခိုးကြီးပါသလဲ။
(၁၉) သမထ နဲ့ ဝိပဿနာအကြောင်း။
(၂၀) ဝိဇ္ဇစရဏသမ္ပန္နော မှာပါဝင်တဲ့ ဂုဏ်တော်အချက်အလက်များ။

အပိုင်း(၅)
(၂၁) ဗုဒ္ဓေါဂုဏ်တော်ရဲ့ အနက်အဓိပ္ပာယ်။
(၂၂) သစ္စာလေးပါး၏ သဘောတရား။
(၂၃) စေတီရုပ်ထုကိုးကွယ်ခြင်းသည် ဘုရားအဆုံးအမနှင့်ညီ/မညီ။
(၂၄) ယနေ့ခေတ်သံဃာများ Telephone သုံးခြင်း၊ Steel သပိတ်သုံးခြင်း စသည့်အပြုအမူများသည် ဝိနည်း နှင့် ညီညွှတ်မှုရှိ/မရှိ
(၂၅) ဗုဒ္ဓဘာသာဝင်များမှာ ရွှေကျင်ဂိုဏ်း အစရှိသဖြင့် ဂိုဏ်းများကွဲပြားနေခြင်းသည် ဝိနည်းနှင့် ညီ/မညီ
(၂၆) သက်သက်လွတ်စားခြင်းသည် ဘုရားဟောတွင် ပါ/မပါ၊ မြတ်စွာဘုရားကိုယ်တိုင် သက်သက်လွတ်   စားခဲ့ခြင်း ရှိ/မရှိ၊ မြတ်စွာဘုရားသည် သတ္တဝါများအား ကယ်တင်ပေးနေသည်ဟု ဆိုသော်လည်း မည်သည့် အတွက်ကြောင့် အသားနှင့် ချက်လုပ်သောဟင်းများအား ဘုန်းပေးခဲ့ပါသလဲ။


အပိုင်း(၆)
(၂၇) တပည့်တော်တို့ရဲ့ သံသရာဟာ ဘယ်မှာစပြီး ဘယ်မှာဆုံးနိုင်ပါသလဲ။ အခြားဘာသာ အယူအဆများက ဘုရားမှာစပြီး ဘုရားမှာ ဆုံးပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာက အစမရှိ အဆုံးမရှိ Infinity အယူဝါဒလို့ သတ်မှတ်ရင် မှန်ပါသလား။
(၂၈) လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတာ ဘာပါလဲ။လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရဲ့ အဓိပ္ပါယ်ကို အရှင်ဘုရားရှင်းပြပေးတော်မူပါ။
(၂၉) ဗုဒ္ဓရဲ့ အဆိုအရ ဒီကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ်လို့ မှတ်သားဖူးပါတယ်။ ယနေ့သိပ္ပံမှတ်တမ်းများအရလည်း နှစ်ပေါင်း ၄.၅ ဘီလီယံ ရှိပြီလို့ သိရပါတယ်။ ဒါဆိုရင် ပွင့်တော်ခဲ့ဖူးပြီးတဲ့ ဘုရားလေးဆူဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄.၅ဘီလီယံ အတွင်းမှာ ပွင့်ထွန်းခဲ့တာပါလား။ နောက်ပွင့်တော်မူမယ့် မြတ်စွာဘုရားကကော ဘယ်တော့လောက်ပွင့်တော်မူမှာပါလဲ။
(၃၀) ဘုရားဟောထဲမှာပါတဲ့ကျွန်းကြီးလေးကျွန်းနှင့် မြင့်မိုရ်တောင်၏ပုံသဏ္ဌာန်၊ စကြာဝဠာတိုက် တစ်သောင်းတို့၏ အဓိပ္ပါယ်ကို အရှင်ဘုရားရှင်းပြပေးတော်မူပါ။
(၃၁) စကြာဝဠာက တစ်ခုထက်မကရှိနိုင်ပါသလား။
(၃၂) ရဟန်းများဟာ အလှူရခံငွေကို ကိုယ်ကျိုးအတွက် သုံးစွဲပိုင်ခွင့်ရှိပါသလား။ သီလရှင်များက ဘာကြောင့် ဆွမ်းဟင်းထမင်းအလှူမခံရတာပါလဲ။

အပိုင်း(၇)
(၃၃) ပွင့်ခဲ့တဲ့ ဘုရားအဆူဆူနဲ့ နောက်ပွင့်မယ့် မြတ်စွာဘုရားက India  ပြည်တစ်ခုထဲမှာပဲပွင့်ခဲ့တာ ဟုတ်ပါ သလား ၊ ယခင်ဘုရားရှင်များ ပွင့်တော်မူခဲ့ချိန်တုန်းက လူ့သက်တမ်းနှစ်သောင်းလို့ သိရပြီး ယနေ့ခေတ် မှတ်တမ်းများအရ လူသားတွေအသက်က နှစ်သောင်းနဲ့ ချီပြီး နေခဲ့တာမရှိပါဘူး၊ ဒီ ကွဲလွဲမှုအပေါ် အရှင်ဘုရားရဲ့ အမြင်ကို မိန့်ကြားပေးတော်မူပါ။
(၃၄) လူ့ဘဝမှာ အပြစ်ပြုမိခဲ့တဲ့ အခါ တရားဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်း ခံရပြီးရင်ကော နောက်သံသရာမှာ ဆက်ပါလာနိုင်ပါသလား။
(၃၅) လူတစ်ယောက်ရဲ့ အကုသိုလ်၊ ကုသိုလ်ကံများရဲ့ အကျိုးပေးပုံများကို သိရှိလိုပါတယ်။ တချို့ကံတွေက အခုဘဝမှာပဲ အကျိုးပေးတယ်လို့ ပြောပြီး တချို့ကံတွေက အရင်ဘဝတွေက ပြုလုပ်ခဲ့တဲ့ အကုသိုလ်၊ ကုသိုလ်အကျိုးများကြောင့်လို့ ပြောကြပါတယ်။ ဘယ်လိုကံတွေက ဘယ်လိုအချိန်တွေမှာ အကျိုးပေးတတ် လဲဆိုတာ  အနီးစပ်ဆုံး ခွဲခြားသိမြင်နိုင်အောင် ရှင်းပြပေးတော်မူပါ။
(၃၆) ကောင်းမှုကုသိုလ်ပြု ပြီးတိုင်း ကိုယ်လိုချင်တဲ့ ဆုတောင်းခြင်းဟာ သင့်လျော်မှု ရှိပါရဲ့လား၊ ဘာကြောင့် လဲဆိုတော့ တချို့လူတွေက ပန်းလေးတစ်ပွင့် ရေလေးတစ်ခွက်လောက်သာ အလှူလုပ်ပြီးတော့ ကြီးမားတဲ့ ဆုကြီးများကို တောင်းဆိုမှုပြုတဲ့အတွက် သင့်လျော်မှု ရှိမရှိ သိလိုပါတယ်။ ဆုမတောင်းဘဲ ကောင်းမှုကုသိုလ် ပြုလုပ်ရင်ရော ကိုယ့်လိုရာဆန္ဒ ပြည့်ဝနိုင်ပါသလား။
(၃၇) အဆိုးတွေ ပျောက်အောင် ယတြာချေတယ်လို့ ပြောကြတယ်။ မတရားတာ လုပ်ပြီး ယတြာချေလိုက်ရင် အဆိုးတွေ ပျောက်ပါသလား။
(၃၈) ပရိတ်တော်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးတော်မူပါ။ ပရိတ်ကြီး ၁၁ သုတ်အနက် မည်သည့် ပရိတ်က မြတ်စွာဘုရားကိုယ်တိုင် မိန့်ဆိုခဲ့ပြီး မည်သည့် ပရိတ်များကတော့ တခြားသူများ စီမံထားတဲ့ ပရိတ်တော်များ ဖြစ်ပါသလဲ။

အပိုင်း(၈)
(၃၉) မြတ်စွာဘုရားအဆက်ဆက်ဟာ လူ့ဘဝအဖြစ် ပါရမီဖြည့်စဉ်က စက်မှုထွန်းကားတဲ့ ခေတ်တွေမှာ လူဖြစ်ခဲ့ဖူးပါသလား။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားဟောတဲ့ ဇာတ်တော်တွေတိုင်းဟာ ယနေ့လိုမျိုး သိပ္ပံခေတ်မပါပဲ ရှေးခေတ် လှည်းခေတ်၊ လှေခေတ် နောက်ခံတွေကြီးပဲသာ ကြားနေရလို့ပါဘုရား။
(၄၀) ပဋ္ဌာန်းဂါထာများရွတ်ဆိုရင် အနက်အဓိပ္ပါယ်နားလည်မှ အစွမ်းထက်တာမျိုးပါလား။ အဓိပ္ပါယ်မသိဘဲ ရွတ်ရင်ရော အစွမ်းထက်ပါသလား ။ပဋ္ဌာန်းကို နေရာမရွေးဘဲ ရွတ်ရင် အနှောက်အယှက်ပေးခံရတယ်ဆိုတာ ဟုတ်ပါသလား။
(၄၁) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိအောင် ဘယ်လိုအခြေအနေ ဘယ်လိုအချက်တွေနဲ့ လိုက်နာဆောင်ရွက်ရမလဲ။ လူအများနားလည်အောင် အရှင်ဘုရားရှင်းပြပေးတော် မူပါ။
(၄၂) ဝေဿန္တရာဇာတ်တော်ကြီးမှာ ဘုရားလောင်းဟာ သူ့ဇနီးဖြစ်သူနှင့် သားသမီးများကို သူများကို လှူလိုက်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် တစ်ပါးသူရဲ့စိတ်ဆန္ဒကို လျစ်လျူရှုပြီး လှူလိုက်သလိုများ ဖြစ်နေပါသလား။
(၄၃) အနေကဇာတိ အစချီတဲ့ ဘုရားအနေကဇာတင် ဂါထာတွေကို အလှူတွေမှာ သံဃာတော်များ ရွတ်ဖတ်တာ ကြားနေကျ ဖြစ်ပါတယ်။ သာမန်လူပုဂ္ဂိုလ်တွေက မိမိဘာသာ အိမ်တွင် ရွတ်ဆိုဖို့ သင့်မသင့် သိချင်ပါတယ်။
(၄၄) ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်လို့ သီချင်းအကျယ်ကြီးဖွင့်တာက အပြစ်ဖြစ်ပါသလား။
(၄၅) ငယ်စဉ်အခါက မီးလောင်ခံရ၍ ခန္ဓာကိုယ်မှာ အမာရွတ်များကျန်ခဲ့သောသူ၊ ခြေလက်အင်္ဂါ မစုံသောသူများသည် သာသနာ့ဘောင်ကို ဝင်ခွင့်ရပါသလား။

အပိုင်း(၉)
(၄၆) ဘာသာမတူတဲ့သူနှစ်ယောက် ဥပမာ သူနှင့်သူ့အမျိုးသမီး ယောကျာ်းဖြစ်သူက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လို့ သေဆုံးရင် ၃၁ဘုံမှာကျင်လည်ရမယ်လို့ ယုံကြည်ထားပြီး မိန်းမဖြစ်သူ ခရစ်ယာန်ဘာသာဝင်က သေဆုံးရင် ခရစ်တော်မှာ ထာဝရအိပ်စက်ရမယ်လို့ သူတို့အနေနဲ့ အပေါ်ယံ နားလည်ထားပါတယ်။
(က) ဘာသာမတူတဲ့သူနှစ်ယောက်အတွက် နောက်ဘဝမှာ ပြန်ဆုံနိုင်ခွင့်ရှိပါမလား။
(ခ) နှစ်ဘာသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရော သေရင်ဘယ်သွားရပါမလဲ။
(၄၇) မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်အချိူးအစားကို အနီးစပ်ဆုံးသိလိုပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းပြုသူတိုင်းကို ဆံပင်၊ မုတ်ဆိတ်၊ ကျင်စွယ် စသည်တို့ကို ပယ်ခိုင်းပြီးတော့ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကြောင့်ဆံပင်များထားရှိတာပါလဲ။
(၄၈) ဆေးရုံတွေမှာလူနာတစ်ချို့ ပြန်ကောင်းဖို့အခြေအနေလုံးဝမရှိတော့ရင် မော်ဖင်းကဲ့သို့ မှိန်းဆေးမျိုး ပေးပြီး အသက်ထွက်စေလျှက်ရှိပါတယ်။ သေမယ့်ဆဲဆဲ စုတိစိတ်ကို မိန်းမောမေ့မူးစေတဲ့ ဆေးနဲ့ဆိုရင် သေသူဟာ မောဟစိတ်နဲ့အပ္ပါယ်ဘုံကို သွားရမလိုဖြစ်နေပါတယ်။ အဲ့ဒါမှန်ပါသလားအရှင်ဘုရား။
(၄၉) သေခါနီးစိတ်မှာဖြစ်တဲ့ ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာ နောက်ဘဝအတွက် ဘယ်လောက်ထိ အရေးပါပါသလဲ အရှင်ဘုရား။
(၅၀) လူတစ်ယောက်ရဲ့ နောက်ဘဝ ကောင်းခြင်း ၊ ဆိုးခြင်းဆိုတာကို နောက်ဆုံးသေခါနီး အချိန်လေးနှင့် တိုင်းတာ တာဟာ မှန်ကန်မူရှိပါသလား။ ဥပမာ တစ်သက်လုံးဆိုးလာပြီး နောက်ဆုံးသေခါနီး အချိန်မှာ စိတ်ထားတတ်လိုက်တာနဲ့ ကောင်းတဲ့ဘုံကို ရောက်နိုင်ပါသလား။
(၅၁) ဒါနပြုလျှင်ချမ်းသာမည်ဟုအယူရှိပါသည်။ ကမ္ဘာ့မှတ်တမ်းများကိုကြည့်လျှင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ထိပ်တန်းအလှူရှင် စာရင်းဝင်နိုင်ငံဖြစ်ပါသည်။ မြန်မာလူမျိုးများအနေဖြင့် ဒါနပြုကြသော် လည်း အများစုက ရုပ်ဝတ္ထုအားဖြင့်ဆင်းရဲကြပါသည်။ အလှူတန်းလုပ်ပါလျှက်နှင့် မြန်မာလူမျိုးများ ဆင်းရဲ နေရခြင်းမှာ အဘယ်ကြောင့်ပါနည်း။
(၅၂) အနောက်နိုင်ငံသားတွေဟာ ဘုရားလောင်းဖြစ်နိုင်ပါသလား။ ဗုဒ္ဓဘာသာမထွန်းကားတဲ့ အနောက်နိုင်ငံ တွေဟာ ဘာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်နေရသလဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေဟာဟာ လောကီရေးမှာ ထိပ်တန်းမဖြစ်တာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာအစစ်အမှန်ကို ကိုးကွယ်ရင် နိုင်ငံတိုးတက်ရေး အတွက် အခက်အခဲ အတားအဆီး ဖြစ်နေပါသလား ။

အပိုင်း(၁၀)
(၅၃) လောဘနဲ့ဒေါသရဲ့အဓိပ္ပါယ်ကို လူတိုင်းသိသော်လည်း မောဟရဲ့အဓိပ္ပါယ်ကို မသိကြပဲရှိနေပါတယ်။ ဒါ့ကြောင့် မောဟရဲ့အဓိပ္ပါယ်ကို လူအများနားလည်အောင် အရှင်ဘုရားရှင်းပြပေးတော်မူပါ။
(၅၄) ဗုဒ္ဓဘာသာ ပြန့်ပွားမူ ပိုမိုအားကောင်းလာအောင် ရဟန်းသံဃာတော်များအနေနဲ့ တောထွက်ပြီး တရားကျင့်တာထက် စာရင် ဘာသာစကားများတတ်မြောက်ဖို့ ကြိုးစားပြီး ခေတ်မှီ ITနည်းပညာများကို အသုံးပြုတတ်ဖို့ လိုအပ်တယ်လို့ ထင်ပါသလား။ ဗုဒ္ဓဘာသာ ပြန့်ပွားနိုင်ရန်အတွက် ခေတ်ပညာရပ်နှင့် ခေတ်မှီIT ပစ္စည်းများကို ရဟန်းသံဃာတော်များ အနေနှင့် လေ့လာအသုံးချသင့်ပါသလား။
(၅၅) မောင်ဖြူနဲ့မောင်နီမှာ မောင်ဖြူကမိဘကို ၁နာရီစာဝေယျာဝစ္စလုပ်ပေးတယ်။ သို့သော် ဘုရားရှစ်ခိုး တရားထိုင်ခြင်းမလုပ်ဘူး။ မောင်နီကကျတော့ အဲ့တစ်နာရီမှာ ဘုရားရှိခိုးတရားထိုင်ခြင်းလုပ်တယ်။ သို့သော် မိဘကိုဝေယျာဝစ္ဆမလုပ်ဘူး။ အဲ့နှစ်ယောက်မှာဆိုရင် ဘယ်တစ်ယောက်ကို မြတ်စွာဘုရားကချီးမွမ်းမယ် ထင်ပါသလဲ။ ဘယ်သူကကုသိုလ်ပိုရပါလဲ။
(၅၆) စုတိကိစ္စ၊ ပဋိသန္ဓေကိစ္စနှင့် ဘဝင်ကိစ္စတို့ကို ဆောင်ရွက်သော စိတ်၁၉ပါးတွင် အများစုမှာ ကုသိုလ်ဝိဘတ်စိတ် တို့သာဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ၃၁ဘုံသားတို့အတွက် အပယ်ဘုံနှင့်ဆိုင်သော ပဋိသန္ဓေတို့သာ အဖြစ်များရတာပါလဲ။ (အပယ်ဘုံအရောက်များရပါသလဲ)ဘုရား။ သို့မဟုတ် ထိုစိတ်၁၉ပါးတို့ဟာ လူနှင့်နတ်တို့မှာသာဖြစ်တဲ့စိတ်များပါလား။ မေးခွန်းအနေဖြင့် လိုအပ်မှုများရှိပါကလည်း အရှင်ဘုရား ပြင်ဆင်ပေးတော်မူပါ။

အပိုင်း(၁၁)
(၅၇)အမျိုးသမီးတစ်ဦးရဲ့စိတ်မှာ မြွေတစ်ကောင်ရဲ့ပုံရိပ်အမြဲတမ်း ငြိတွယ်တွေးတောနေလျှက်ရှိပါတယ်။ မြွေတစ်ကောင်ရဲ့လှုပ်ရှားသွားလာနေပုံ အဆင့်ဆင့်ကိုလည်း အမြဲစိတ်ထဲစွဲနေပါတယ်။ နေ့စဉ်သွားလာချိန် တိုင်းလည်း မြွေတစ်ကောင်၏လှုပ်ရှားသွားလာနေပုံကိုသာ မြင်ယောင်ပြီး အခြားသူများထက်လည်း မြွေကို တွေ့မြင်ရတတ်ပါတယ်။ မြွေကိုလည်း အမြဲရှာကြည့်မိတတ်ပြီး ကြောက်စိတ်လည်းအမြဲ ရှိနေတတ်ပါတယ်။ အယူတိမ်းပြီးဒုက္ခရောက်မှာကိုလည်း စိုးရိမ်မိပါတယ်။ ထိုအမျိုးသမီးအတွက် အရှင်ဘုရား အကောင်းဆုံး လမ်းညွှန်ပြသပေးတော်မူပါ။
(၅၈)သံဃာများကိုဆွမ်းမလောင်းတဲ့အဖွဲ့အစည်း၊လပြည့်ညများတွင် င်္သချိုင်းကုန်းသို့ တရားသွားထိုင်သည့် အဖွဲ့အစည်း၊ သေသူ၏အခေါင်းထဲသို့ ဘဝကူးကောင်းမွန်စေရန် ငရဲမင်းထံသို့လျှောက်ထားသည့်လျှောက်လွှာ များထည့်သွင်းမြှပ်နှံခြင်း၊မီးသဂြိုလ်ခြင်းအစရှိသောကိစ္စရပ်များကို လုပ်ဆာင်နေသော ဗုဒ္ဓဘာသာဝင်အမည်ခံ အဖွဲ့အစည်းများသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်နိုင်ပါသလား။
(၅၉) ဦးရဲမင်းထိုက်ရဲ့မေးခွန်းကတော့ သူ ဝိပဿနာစာအုပ်တစ်အုပ်ကို ဖတ်ဖူးပါတယ်။ အဲ့ထဲမှာ ဓါတ်ကြီး လေးပါးရဲ့ သုညတဖြစ်ပုံကို အတိအကျမဟုတ်ပေမယ့် ဒီလိုအဓိပ္ပါယ်မျိုးဖွဲ့ဆို ထားပါတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဓာတ်တို့ဟာ အချင်းချင်းအမှီသဟဲပြုနေကြတာဖြစ်ပြီး တစ်ခုခုမရှိရင် ကျန်သုံးခုလည်း မရှိနိုင်ပါ။ စိတ်ကူးဉာဏ်နဲ့ ပထဝီ၊တေဇော၊ အာပေါဓာတ်သုံးခုကို ဖယ်ထုတ်လိုက်ရင် ကျန်တဲ့ဝါယောဓါတ် ဟာ မရှိနေနိုင်ဘူးလို့ တွေးနိုင်ပါတယ်။အပြန်အလှန်အားဖြင့် ကျန်ဓါတ်တွေဟာလည်း ထိုနည်းအတိုင်း သူတို့တွေရဲ့ သုညဖြစ်ပုံကို ဆင်ခြေနိုင်ကြောင်းဖတ်ရှုဖူးပါတယ်။ ထိုဝိပဿနာစာအုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံဟာ နဂဇုဏရဲ့ သုညကို ပြောတာမျိုးနဲ့ဆင်တူသလိုဖြစ်နေပါတယ်။ All are empty ဆိုရင် အနိစ္စကိုရှုစရာ မရှိ တော့ ဘာမှမရှိတော့လို့ ဘာမှလုပ်စရာမကျန်တော့တဲ့အတွက် အဲ့လိုယူဆတာကို မှားတယ်လို့ ယူဆလို့ရပါ သလား။
(၆၀) ဘုရားစေတီတွေပေါ် မိန်းမမတက်ရတဲ့ ကိစ္စနှင့် ပတ်သတ်ပြီး တပည့်တော် နိုင်ငံခြားသားတွေနဲ့ ခဏ ခဏစကားများရတယ် ဘုရား။ တပည့်တော် ထင်တာကတော့ ဘုရားက ဒါမျိုးမဟောလောက်ဘူးလို့ ထင်ပါ တယ်။ ဒီမေးခွန်းတွေ ကြုံလာရရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဘယ်လို Respond လုပ်ရမလဲ။

အပိုင်း(၁၂)

(၆၁) ဘုရား၊ ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓါတို့ ဈာန် သမာပတ် ဝင်စားတဲ့အခါ ဘယ်အကြောင်းအရာတွေကို အာရုံ ထားပြီး ဈာန်သမာပတ် ဝင်စားလေ့ရှိသလဲ။
(၆၂) ဘုန်းဘုန်းအနေနဲ့ လူမဟုတ်ဘဲ အခြားဘုံက ပုဂ္ဂိုလ်များကို မြင်ဖူးပါသလား။ ဥပမာ နတ် ၊ တစ္ဆေ၊ သရဲ စသည်တို့ကို မြင်ဖူးလား။ ဘုန်းဘုန်းအနေနဲ့ သဘာဝလွန်ဖြစ်ရပ်များ ကြုံဖူးပါသလား။
(၆၃) ဘုန်းဘုန်းအနေနဲ့ ဝမ်းနည်းစရာ ဒေါသထွက်စရာ စိတ်ဓာတ်ကျစရာများကြုံတွေ့ရတဲ့ အခါ မိမိစိတ်ကို ဘယ်လိုထားရှိပါသလဲ။ ဘာတွေပြင်ဆင်သင့်ပါသလဲ။ ယနေ့ခေတ် လူတော်တော်များများက ဝမ်းနည်းစရာ ဒေါသထွက်စရာ စိတ်ဓာတ်ကျစရာများ စွဲကပ်လျက်ရှိတာကြောင့် အရှင်ဘုရားအနေနဲ့ ဒီလိုကြုံတွေ့ရရင် ဘယ်လိုစိတ်ထားနဲ့ ဖြတ်သန်းတယ်ဆိုတာ လမ်းညွှန်ပြသပေးပါ။
(၆၄) ဘုန်းဘုန်းအနေနဲ့ သာသနာ့ဘောင် ဝင်ရတဲ့ ရည်ရွယ်ချက်ကိုသိရှိလိုပါတယ်။ နောက်ပြီး ဆရာတော် ဘုရားကြီးရဲ့ ရဟန်းဘဝအပေါ် လက်ရှိ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
(၆၅) ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်လူငယ်များအတွက် ထားရှိသင့်တဲ့စိတ်ဓါတ်နဲ့ လုပ်ကိုင်သင့်တဲ့ ဆောင်ရွက်ချက်များကို အရှင်ဘုရားဆုံးမ မိန့်ကြားပေးတော်မူပါ။

ဒီအစီအစဉ် ဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးတဲ့ လျှောက်ထားမေးမြန်းသူ- ကိုနေရွှေသွေးအောင် အပါအဝင် တဆင့်မေးမြန်းသူများ)၊ ရိုက်ကူးရေး တာဝန်ခံများ၊ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးဥပါကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးအားဖြင့် မေတ္တာရှေ့ရှု ဖြေကြား ပေးတော်မူတဲ့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကိုလည်း အထူးကျေးဇူးတင်ရှိပြီး ရှိခိုးဦးခိုက် ကန်တော့ လိုက်ပါတယ်။

DhammaReview (www.techsectors.net)

Related Posts