မနက်အိပ်ယာက နိုးတော့ တော်တော်လေးတောင် နောက်ကျနေပြီ။ မျက်နှာသစ်ပြီး သူပြင်ပေး ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းတွေကခပ်ဖွဲဖွဲ … ဒီအတိုင်းဆို အပြင်မှာ တော်တော်အေးမယ် ထင်ပါရဲ့။
“ ကို ဒီနေ့ class မသွားတော့ဘူး “
“ ကိုရယ် ကလေးကျနေတာပဲ။ ဘွဲ့ယူဖို့လာတာ class တက်ရမှာပေါ့ … “
ဟုတ်ပါတယ် တကယ်တော့ သူနဲ့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် နောက်ဘွဲ့တစ်ခုယူဖို့ ရောက်လာ တာပါ။ ရည်မှန်းချက်ဆိုတာ ငယ်ငယ်ကတာ့ လေတစ်လုံး မိုးတစ်လုံးနဲ့ တစ်ချို့လူတွေလို လေထဲ တိုက်အိမ်ဆာက် ခဲ့ဖူးပေမယ့် အခုတော့ ကျွန်တော် လေထဲမှာ တိုက်အိမ်လည်း မဆောက်ချင်တော့ပါဘူး။ တဲအိမ်လည်း မထိုးချင်တော့ပါဘူး။ ထားပါတော့လေ။ ငယ် လှမ်းပေးလာတဲ့ ကျွန်တော့်ဘေးလွယ် အိတ်ကို ကျွန်တော် လှမ်းယူပြီး တစ်သက်လုံး နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မဝတ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ လေးလံလွန်းတဲ့ အနွေးထည်တစ်ထည် ကို ထပ်ဝတ်လိုက်ရတယ်။ အနှုတ်ရဲ့ အောက်ကို အမြဲ ရောက်နေတတ်တဲ့ ဒီ ရာသီဥတုက ဒီ အနွေးထည်နဲ့မှ ခံနိုင်တော့မှာတဲ့လား။ ဟင်းလင်းပြင်ထဲကို ဘာတစ်ခုမှ မဝတ်ပဲ ပြေးထွက် သွားလိုက်ချင်ပေမယ့် ကျွန်တော် အသက် ရှင်နေဖို့တော့ လိုအပ် နေသေးတယ်လေ။ ငယ့်အတွက် ကျွန်တော် ရှင်သန်ဖို့ လိုနေသေးတယ်။
“ ကိုရော့ ဦးထုပ် …. “
“ တော်ပြီ ငယ်ရာ မဆောင်းချင်တော့ဘူး … “
“ အာာ ကိုကလည်းလေ ဦးထုပ်မဆောင်းရင် နှင်းထဲမှာ ကို ဘယ်လို သွားမှာလဲ … ပြီးရင် နှာစီးပြီး ချောင်းက ဆိုးဦးမယ် … “
နှင်းတွေရဲ့ အာနိသင်က ဘယ်လိုမျိုးလဲ။ နှင်းတွေကို လူတိုင်းချစ်တတ်ကြပေမယ့် နှင်းကြောင့် ကျွန်တော်တို့ ရခဲ့တဲ့ အကျိုးကျေးဇူးက ဘာလဲ ….
( ၁ ) နှင်းထဲမှာ သွားရင် ကျွန်တော် အရင်တုန်းက အမြဲ စီးနေကျ ဖိနပ်ပါးပါးလေးတွေ မစီးရပဲ ဘယ်တော့မှ စီးချင်စိတ်မရှိတဲ့ ဖိနပ် အလေးကြီးတွေ စီးရတယ် ..
( ၂ ) ကျကျချင်းတော့ ဖွဖွရွရွလေး ဖြစ်နေတတ်တဲ့ နှင်းတွေ … လူတွေနင်းပါများလို့ ရေခဲပြင် ဖြစ်သွားတဲ့ အခါကျတော့ လူတိုင်းကို တဗိုင်းဗိုင်း ချော်လဲစေတတ်ပြန်ရော …
( ၃ ) ဒီနှင်းတွေကြောင့်ပဲ ကားတွေ လမ်းချော်ကြ ၊ စက်ဘီးတွေ ခဏခဏ လဲကျ ၊ ယာဉ်တွေ ခဏခဏ မှောက်ကြရ …
( ၄ ) မနက်တိုင်း ထူထဲ ပိတ်သည်းအောင် ကျတတ်တဲ့ ဒီနှင်းတွေ ကြောင့်ပဲ လူတစ်ချို့ ချမ်းချမ်းစီးစီး ထဲမှာ နှင်းကျုံးတဲ့ အလုပ်ကို လုပ်ကြရ …
( ၅ ) စတိုးဆိုင်တွေ စူပါမားကတ်တွေမှာ ဗွက်ထနေတဲ့ နှင်းရည်တွေကြောင့် သန့်ရှင်းရေး သမားတွေ ပြာယာခတ်အောင် သန့်ရှင်းရေး လုပ်ကြရ …
( ၆ ) အိမ်ခေါင်မိုးရဲ့ အစွန်း ရေတံလျှောက်အောက်က ဖြတ်လျှောက်ဖို့ မဝံ့မရဲ ဖြစ်ကြရ …
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. နှင်းရဲ့ ဆိုးကျိုးတွေ ဘယ်လောက်ပဲ များများ လူတော်တော်များများက တော့ နှင်းကို ချစ်ခဲ့ကြတယ် ချစ်နေကြတယ် ကျွန်တော်လည်း အပါအဝင်ပါပဲ .. ဘာလို့လည်း ဆိုတော့ နှင်းတွေက ဖြူစင်တယ်လေ အဲဒီ ဂုဏ်ပုဒ်တစ်ခုတည်းကြောင့်ပဲ သူ့မှာ မကောင်းတဲ့ အချက်လေးတွေ ဘယ်လောက်များများ ကျွန်တော် သူ့ကို ချစ်နေနိုင်ခဲ့တာပါပဲ။ ငယ် .. သူကလည်း ကျွန်တော့် အတွက်တော့ ဖြူစင်လွန်းတဲ့ နှင်းတစ်ပွင့်ပါပဲ …
“ လာပါ ကိုရယ် … စကားကို နားထောင်ပါ။ ဆောင်းသွားလိုက်ပါ ဖျားမှာ စိုးလို့ … ငယ်ပြောတာ ကိုနားထောင်ပါနော် … “
“ တော်ပြီ မဆောင်းဘူးဆို မဆောင်းဘူးပဲ … “
“ ကဲကြည့် … မဆောင်းရင် ဒီနေ့ ကို့အတွက် ငယ် စိတ်ကူးထားတာ မလုပ်ပေးတော့ဘူး … “
ကျွန်တော် နဲနဲ စိတ်ဝင်စားသွားတယ်။
“ ဘာလဲ ပြော … “
“ ကိုနဲ့ တူတူ ကျောင်းလိုက်ခဲ့မလို့လေ … ကို့ကို ကျောင်းလိုက်ပို့ပေးမယ် … “
“ ဟဟ ….. ကိုက ကလေးမှ မဟုတ်တာ … အင်း ဒါပေမယ့် ငယ် တကယ်ပြောတာလား … “
“ အင်း တကယ်ပေါ့ …. “
“ တကယ်ဆိုရင် ပေး … ဦးထုပ် … ဆောင်းမယ် “
“ ကြည့် အပြောင်းအလဲကလည်း မြန်လိုက်တာ … “
ပြောင်းလဲမှုတဲ့လား။ ပြောင်းလဲမှုဆိုတာ တည်ရှိသင့်တာ မှန်ပေမယ့် ပြောင်းလဲမှု တိုင်းကတော့ ကောင်းကျိုးတစ်ခုကို ဖြစ်မလာစေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ငယ်သိလား … ကို အပြောင်းအလဲ မြန်တတ်တာ မှန်ပေမယ့် ငယ့်ကို ချစ်ခဲ့တာတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး ဒါက ပြောင်းလဲသင့်တဲ့ အရာမဟုတ်ခဲ့သလို ကို့အတွက် ဘယ်တော့မှ ပြောင်းလဲလို့ ရနိုင်တဲ့ အရာ တစ်ခုလည်း မဟုတ်ခဲ့ဘူးလေ။
အဆောင်ကနေထွက်တော့ ထင်ထားသလောက် သိပ်မအေးဘူး။ ကျွန်တော် စိတ်ထင်လို့ နေမှာပါ။ တကယ်တော့ တစ်ကိုယ်လုံးမှာ ဒီနေ့မနက် အရင်နေ့တွေကထက် ပိုနွေးနေတာ ကျွန်တော့် ဘယ်ဘက် လက်ချောင်းလေးတင်ပါပဲ။ ငယ် လက်ချောင်းလေးတွေ ကျွန်တော့် လက်ကြားမှာ ညှက်နေတယ်လေ။ ငယ် ကတိတည်ပါတယ်။ သူ ကျောင်းကို လိုက်လာ ခဲ့တယ်။ ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးတာတဲ့။ ကျွန်တော်ကလေး ပြန်ဖြစ်ခွင့် ရခဲ့သလိုပဲ။
ကလေး … ကလေးတဲ့လား ?
ကျွန်တော် စကားတစ်ခွန်းကြားခဲ့ရဖူးတယ်။ ယောကျာင်္းဆိုတာ ဘယ်တော့မှ အသက်မကြီးတော့တဲ့ ကလေးတွေတဲ့လေ။ ဟုတ်လောက်ပါ တယ်။ ဘာပဲ ဖြစ်ဖြစ်ပါ …. ဘာတွေပဲ ပြောပြော ငယ်နဲ့ ပတ်သတ်ခဲ့ရင် ကျွန်တော် ကလေးတစ်ယောက် လို့ အသတ်မှတ်ခံရလည်း ဝမ်းမနည်းမိပါဘူး။ ကျွန်တော်က ကလေးဆိုရင် သူက ကျွန်တော့်ရဲ့ အုပ်ထိန်းသူပေါ့။ ငယ်ဟာ ကျွန်တော့်အတွက်တော့ အရာရာတိုင်းကို စီမံခန့်ခွဲ ပေးတတ်တဲ့ ကြီးကြပ်သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကျောင်းကို သွားတဲ့ လမ်းတစ်လျှောက်မှာ ငယ် မမြင်ဘူးတဲ့ နေရာလေးတွေ ကျွန်တော် ပြောပြ တယ်။ ငယ်နားမလည်တဲ့ စကားလုံး တစ်ချို့တွေ ကျွန်တော်ဖတ်ပြတယ်။
“ ငယ်တွေ့လား … ရှေ့က တံတားကို “
“ ဘယ်မှာလဲ ကို … “
“ ဟိုရှေ့ကလေ … “
“ ဟုတ် … တွေ့တယ်လေ … “
တံတား တစ်စင်းရဲ့ အရေးပါမှု ဆိုတာ သူ့ကို တည်ဆောက်ထားတဲ့ ခမ်းနား ကြီးကျယ်မှု အပေါ် မှာ တကယ်တော့ မမူတည်ပါဘူး။ သူ့အပေါ် ဖြတ်သန်း သွားကြတဲ့ လူသား အားလုံး အတွက် သူဘယ်လောက် ကျေနပ်မှု ပေးနိုင်ခဲ့ပြီလဲ ဆိုတာက တံတားတစ်စင်းရဲ့ အဓိက လိုအပ်ချက်ပေါ့။ ငယ်သိလား … ဒီမြို့လေးမှာ လက်ထပ်ကြတဲ့ ချစ်သူစုံတွဲတိုင်းဟာ ဒီတံတား လေးပေါ်ကနေ သူတို့ရဲ့ လက်ထပ်ရက်တိုင်းမှာ ဖြတ်လျှောက်ကြရတယ်။ ရိုးရိုးတော့ မဟုတ်ဘူး။ သတို့သား ကောင်လေးက သတို့သမီးကောင်မလေးကို သူ့ လက်နှစ်ဖက်ထဲမှာ ချီပြီး ပွေ့သွားကြရတာ လေ။ တံတားအစကနေ အဆုံးထိပေါ့။ ငယ် ကျွန်တော့်ကို မျက်လုံးလေး ပြူးပြီး ကြည့်တယ်။ သူနဲနဲ အံ့သြသွားတယ် ထင်ပါရဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ မရောက်ဘူးကြတဲ့ နေရာတိုင်းမှာ ဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ ဆန်းကြယ်မှုတွေ ရှိတတ်တယ်လေ။
ဆန်းကြယ်မှုတဲ့လား … ?? ဆန်းကြယ်မှုဆိုတာ လူတစ်ယောက်အတွက် ဆန်းသစ်မှု တစ်ခုကို အမြဲပေးတတ်တယ်လို့ ကျွန်တော်ယုံကြည်မိတယ်။ ဆန်းသစ်မှု တစ်ခုစီတိုင်းက လူတစ် ယောက်ရဲ့ ခံစားချက်နဲ့ ဘဝ ရှင်သန်မှုကို လန်းဆန်းစေတတ်တယ် လို့ ကျွန်တော် ဖွင့်ဆိုခဲ့မယ်ဆိုရင် ကျွန်တော့်ကို ထောက်ခံကြမှာလား။ ငယ်ဟာ တကယ်တော့ ကျွန်တော့်အတွက် ဆန်းသစ်မှုနဲ့ ဆန်းကြယ်မှုတိုင်းကို ဖန်ဆင်းပေးနိုင်စွမ်းတဲ့ နတ်သမီး တစ်ပါးပါပဲ။
ငယ့်လက်သေးသေးလေးကို ဆုပ်ကိုင်ထားရင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်တူတူ အဲဒီ့တံတား လေးပေါ်ကနေ ဖြတ်လျှောက်ခဲ့ကြတယ်။ တံတားရဲ့ ဟိုးအောက်ဘက်မှာ ဖွေးဖွေးဖြူမြနေတဲ့ နှင်းတွေ ….
လေတစ်ချက် အဝှေ့မှာ အဆုပ်လိုက်ကျနေတဲ့ နှင်းဖွဲတစ်ချို့အကာအဆီးမရှိတဲ့ ဟင်းလင်းပြင် ထဲက ကျွန်တော်တို့ နှစ်ယောက်ဆီကို ပြေးလာကြိုကြတယ်။ သူတို့တွေ နှုတ်ဆက်တာက ချစ်ဖို့ ကောင်းလိုက်တာ။ ငယ့် ကို လှည့်ကြည့်တော့ ငယ့် မျက်တောင်မွှေး သေးသေး တိုတို လေးတွေပေါ်မှာ နှင်းမှုန်လေးတွေ တွယ်ကပ်နေကြတယ်။ ငယ်ကတော့ သတိထားမိမယ် မထင်ဘူး။ သူ နှင်းတြွေကားမှာ ပျော်နေတယ်လေ။ ငယ်နဲ့ တူတူ လှမ်းနေခဲ့တဲ့ ခြေလှမ်းတွေကို ကျွန်တော် ခဏရပ်လိုက်မိတော့ ငယ့် ခြေလှမ်းတွေလည်း တုန့်ခနဲ ရပ်သွားတယ်။
“ ကို ဘာဖြစ်လို့လဲ … ?? “
“ ငယ့်ကို ပြောစရာ တစ်ခုရှိလို့ …. “
“ ဘာပြောမလို့လဲ ကို … “
“ ငယ့်ကို အရမ်းချစ်တယ်လို့ ပြောမလို့ … “
ကျွန်တော့် ပတ်ဝန်းကျင်က ဟိုဒီပြေးလွှားနေခဲ့တဲ့ မိုးသားတိမ်တိုက်တွေ တခဏတာလာက် ရပ်တန့်သွားကြတယ် … ငယ့် နှုတ်ခမ်းပါးပေါ်မှာ မှေးစက်နားခိုချင်လို့ အပြေးအလွှား ပြေးဆင်းလာခဲ့ကြတဲ့ နှင်းစက်ပွင့်လေးတွေ သူတို့ရဲ့မျက်လုံးတစ်ဖက်ကို ခပ်လျော့လျော့ ထိုးပိတ်ပြီး နောက်ပြန်လှည့်ထွက် သွားခဲ့ကြတယ် … ငယ့် မျက်တောင်မွှေးလေးတွေပေါ်က နှင်းခဲလေးတွေ လည်း ကျွန်တော့်ကို ကြောက်လို့ ဟိုးအဝေးဆီကို ချက်ချင်းပြေးထွက် ရှောင်ပုန်းသွားကြတယ် ..
အရမ်းရှက်တတ်တဲ့ ကောင်မလေး တစ်ယောက်ကို နမ်းခဲ့ဖူးကြပါသလား … အနမ်းတစ်ခုရဲ့ သိမ်မွေ့မှုနဲ့ စွမ်းအားကိုရော သင်တို့ ခံစားခဲ့ကြဖူးပြီလား … အနမ်းဆိုတာ ကျွန်တော့်အတွက် တော့ ဘယ်စွမ်းအားနဲ့မှ အစားထိုးလို့ မရပဲ ငယ်တစ်ယောက်တည်း ပေးစွမ်းနိုင်တဲ့ အားဆေး တစ်ခွက်ပါပဲ။
ငယ် အရမ်းရှက်သွားတယ် ထင်ပါရဲ့။ သူ ကျွန်တော့် ဘေးနားကနေ ဟိုးတစ်နေရာကို ပြေးထွက် သွားခဲ့တယ် …
ငယ် ဘယ်ရောက်သွားတာလဲ ??
ကျွန်တော် ဘာသံမှ မကြားရတော့ ဘူး … ကျွန်တော့်ဘေးနားမှာ ငယ်လည်း မရှိတော့ဘူး …
ငယ် ဘယ်ကို ထွက်သွားတာလဲ ….
“ ကို …. “
“ ငယ် ဘယ်ကိုမှ ထွက်သွားတာ မဟုတ်ပါဘူး …. “
“ ကို့ ရင်ဘတ်ရဲ့ အနီးဆုံးတစ်နေရာမှာ ငယ် အမြဲတမ်း ရှိနေပါတယ်။ “
“ ကို ကြည့်ကြည့်လိုက်လေ …. “
ဘယ်ကရောက်လာခဲ့မှန်း မသိလိုက်တဲ့ ပါးလျညင်းသွဲ့လွန်းတဲ့ ငယ့် အသံ တိုးတိုးလေးကို ကျွန်တော် ကြားလိုက်ရတယ်။ အနွေးထည် အကျီင်္ရဲ့ ဇစ်ကို ခပ်ဖြည်းဖြည်း ဆွဲဟပြီး ကျွန်တော့် ရင်ဘတ်အပေါ်က အတွင်း အကျီင်္အိတ်ကို စမ်းကြည့်မိတယ်။ ငယ့်ဓာတ်ပုံသေးသေးလေး …. ငယ် ကျွန်တော့် ရင်ခွင်ထဲကို ပြေးဝင် သွားခဲ့တာပဲ။
ဟိုးခပ်ဝေးဝေး Church ကျောင်းက လာတဲ့ တီးလုံးသံ တစ်ချို့ ….
လက်ကနာရီကို ငဲ့ကြည့်လိုက်မိတော့ ….
" ငါ class နောက်ကျနေပါရောလား "
ငယ် ဒီစာက ကို မနက် ကို class သွားတက်တိုင်း ငယ့်အကြောင်းကို တွေးမိနေဖြစ်တာလေးကို သတိရလို့ ငယ်ဖတ်ရအောင် ရေးထားတာလေ။ ဒီစာလေးကို ကိုက ငယ့်ကို မွေးနေ့လက်ဆောင် အဖြစ် ပေးချင်တယ်။ ကိုက ငယ့်နားမှာ လောလောဆယ် မရှိတော့ ငယ်စိတ်ညစ်မှာ အားငယ်မှာ စိုးတယ်။ ငယ့်မွေးနေ့မှာ ကို ငယ့်ဘေးနားကို ရောက်မလာနိုင်ခဲ့ပေမယ့် ကို့စိတ်တွေက အမြဲငယ့်ဘေးနားမှာ ရှိနေမယ် ဆိုတာကို ငယ်ယုံပါ။ ငယ့်ကို နောက်တစ်ခုလည်း လက်ဆောင်ပေးချင်သေးတယ်။
ငယ့်ကို ကို အရမ်းချစ်တယ်။
မွေးနေ့ကနေစပြီး နောက်နှစ်ပေါင်း များစွာတိုင် အောင်မြင်ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ကိုယ်နဲ့တူတူ ဖန်တီးနိုင်ပြီး မိဘတွေကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ကိုဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင် ပါစေ။
၁. မေ. ၂၀၀၉။