Unicode & Zawgyi



Unicode နဲ့ ပတ်သတ်ပြီး ပြောချင်တဲ့ စကားတွေ ရင်ထဲမှာ အပြည့်ပဲ - ဒီ Thread ကို စတွေ့တည်းက ဝင်ပြောချင်တာ - ဒါပေမယ့် မရေးဖြစ်လိုက်ဘူး - ရေးမယ်လုပ်တော့လည်း ကိုယ်ပြောမယ့် စကားတွေက ဘာကိုမှ ကြီးကြီးမားမား မရည်ရွယ်ပေမယ့် စာဖတ်သူတွေက သူတို့ ဘာသာသူတို့ လိုရာအဓိပ္ပါယ် ကောက်ပြီး တစ်ယောက်ယောက်/အဖွဲ့အစည်း တစ်ခုခုကို တိုက်ခိုက်သလို ထင်သွားမှာ စိုးမိတယ် - ကိုယ့် ထမင်းကိုယ်စားပြီး လူမုန်းတော့ မခံချင်ပါဘူး - ခုနောက်ထွက်တဲ့ Unicode ဟာ ကိုသက်နောင် ပြောခဲ့ပြီးသလို International standard ဖြစ်တာ မှန်တယ် - အားသာချက်တွေ အများကြီး ရှိတာ မှန်တယ် - လူပြိန်းစကားနဲ့ ပြောရရင် ကျွန်တော် Unicode ကို သဘောကျတာ International standard ဆိုတာကြောင့် မဟုတ်ဘူး - သူ့လက်ကွက်ကိုက ရိုက်ရလွယ်တာ - စနစ်လည်း အများကြီး ကျတယ် - တစ်ခြား အားသာချက်တွေလည်း တစ်ပုံတစ်ပင်ပေါ့ - ဒါပေမယ့်ဗျာ - ကျွန်တော် ဘာကို သဘောမကျလဲ ဆိုတော့ စနစ်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတယ်ဆိုတာ -ဒါကကောင်းတယ် ရော့ဒါသုံး ဒါကိုလုပ် ဆိုပြီး ပြောင်းပစ်လိုက်လို့ မရဘူး - ပြောရရင် ဒါက ရေခဲချောင်း စားနေတဲ့ ကလေးတစ်ယောက်ကို သူ့လက်ထဲက ရေခဲချောင်းယူပြီး ကောက်ညှင်းကျည်တောက် ပြောင်းစားခိုင်းတာနဲ့ တူနေတယ် - ကောက်ညှင်းကျည်တောက်ဗျာ - ရေခဲချောင်းထက်လည်း ဈေးပိုကြီးတယ် လူတိုင်းသိတယ် - စားလို့လည်း ပိုကောင်းတယ် - အရသာလည်း ပိုရှိတယ် - ဗိုက်လည်း တကယ်ပြည့်တယ် မှန်တယ် - ဒါပေမယ့် ကောက်ညှင်းကျည်တောက်ဆိုတာ ဒီအတိုင်းကြီး ကိုင်စားလို့ မရဘူးဗျ - အထဲက ကောက်ညှင်းသားကို ရဖို့ဆိုတာ အဲ့ဒီ့ ကောက်ညှင်းသားကို အပြင်က ရံထားတဲ့ ဝါးကျည်တောက်အခွံလေးကို ရောင်းတဲ့သူက သေသေချာချာ ခွာပေးရတယ် - ရလာတဲ့ ကောက်ညှင်းသားကိုမှ သကြားလေး/အုန်းသီးလေး ဖြူးပေးရတယ် - အဲ့လို လုပ်ပြီး ကျွတ်ကျွတ်အိတ်လေး - ဖက်လေးနဲ့ သေသေချာချာ ထုပ်ပေး - သွားကြားထိုးတံလေး စိုက်ပေးလိုက်တော့မှ ကလေးက စမ်းစားကြည့်ပြီး ရေခဲချောင်းထက် ပိုစားလို့ ကောင်းပါလားဆိုတာ သိလာမှာပေါ့ - အခွံမခွာရသေးတဲ့ ကောက်ညှင်းကျည်တောက်ကြီး ကလေးကို ထိုးပေးကြည့်ပါလား - ဘယ်လိုစားရမယ်မှန်း သူသိပါ့မလား - အရသာရှိမှန်း သူနားလည်ပါ့မလား ?? လူကြီးကိုကြောက်လို့သာ လွှင့်မပစ်ရင် မပစ်မယ် - သူ့စိတ်ထဲမှာတော့ ရေခဲချောင်း ဆက်စားချင်စိတ်က ရှိနေဦးမှာပဲ - "Unicode - ဇော်ဂျီ - Developers နဲ့ Users" တွေအားလုံးကို အဲ့ဥပမာနဲ့ ချိန်ထိုးကြည့်လိုက်ရင် - 


Unicode = ကောက်ညှင်းကျည်တောက်
ဇော်ဂျီ = ရေခဲချောင်း
Developers = ကောက်ညှင်းကျည်တောက်ရောင်းသူ နဲ့
Users = ကလေး

ဆိုပြီး ရတယ် - ခု Unicode - Unicode ဆိုပြီး Blog လောကမှာ တစ်ခေတ်ထလာတာ ဘယ်လောက်မှ မကြာသေးဘူး - အတိအကျပြောရရင် မြန်မာကျူတိုရီရယ်က စာရေးအလွန်ကောင်းပြီး စေတနာ အပြည့်ထားတဲ့ စာရေးသူ ကိုသီဟ 31 Dec 2010 မှာရေးခဲ့တဲ့ ကျွန်ုပ်နှင့် ယူနီကုတ် ခရီးစဉ်ကနေ စခဲ့တဲ့ လို့ ဆိုရမယ် - ပြောရရင် ကိုသီဟက Unicode နဲ့ ပတ်သတ်ပြီး တော်တော်လေး ရှင်းပြရှာတယ် - သူနဲ့ တစ်ခြား စာရေးသူတွေ ရေးခဲ့တဲ့ Unicode နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဒီနေရာမှာ ဖတ်နိုင်ပါတယ် - တကယ်တမ်းပြောရရင် Unicode က ကိုသီဟ အဲ့လို မရှင်းပြခင် ဟိုးနှစ်တွေကတည်းက ရှိနေခဲ့တာ - တော်ယုံ ဘယ်သူမှ Unicode ကို စိတ်မဝင်စားကြဘူး - ဘာလို့ စိတ်မဝင်စားကြလဲ စေတနာထားပြီး နားလည်လွယ်အောင် ရှင်းပြမယ့်သူမှ မရှိပဲ - Unicode ခုလို အောင်မြင်လာတာဟာ ပြောရရင် ကိုသီဟတို့ကို အများကြီး ကျေးဇူးတင်ရမယ် - မြန်မာတွေက ပြောရရင် တစ်ယောက်ကောင်း/တစ်ဖွဲ့ကောင်း အရမ်းနေကြတယ် - အားလုံးက ဆရာပဲ - တပည့်မရှိဘူး - ကိုယ့်ထက်သာရင် မနာလိုဘူး - တပည့်မွေးရင်လည်း အဲ့ တပည့်က ကိုယ့်ကိုကျော်မှာ သေရမှာထက် ကြောက်ကြတယ် - ဆရာစားချန် ဆိုတာတောင် မြန်မာစကားမှာ ရှိသေးတယ်မလား - မြန်မာတွေက ပြောရရင် ကောက်ညှင်းကျည်တောက်သာ ရောင်းချင်တာ အခွံခွာပေးရကောင်းမှန်းကျ မသိကြဘူး - စားချင်ရင် ကိုယ့်ဘာသာ ခွာစားဆိုတဲ့ အချိုးမျိုး အမြဲလုပ်ကြတယ် - Unicode အကြောင်းနဲ့ သုံးစွဲပုံ သုံးစွဲနည်းတွေ - အားသာချက် အားနည်းချက်ကို ထောက်ပြတဲ့ ရှင်းလင်းချက်တွေ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖြစ်လာတာ ပြောရရင် ကိုသီဟအဲ့ ပို့စ်ကို ရေးခဲ့ပြီးတဲ့ နောက်ပိုင်းမှ လို့တောင် ပြောလို့ ရတယ် - အရင်ကလည်း မရှိဘူးလား ဆိုတော့ မဟုတ်ဘူး ရှိတယ် - ဒါပေမယ့် ဟိုနေရာ စစ ဒီနေရာ စစ - Unicode အကြောင်း သိချင်ရင် Blog တကာပတ်ရတယ် - ပတ်ပြီးဖတ်လို့လည်း ကောက်ညှင်း ကျည်တောက်ကြီး အခွံမခွာရသေးပဲ လက်ထဲ ရောက်လာတာမျိုးနဲ့ တူတဲ့ Unicode က ပိုကောင်းတယ် ဆိုတဲ့ အသိတစ်ခုက လွဲရင် ဘာမှဂဃနဏ မသိရဘူး - 


ပြောရရင် ဇော်ဂျီကနေ Unicode ပြောင်းတယ်ဆိုတာ လူအများလက်ခံထားပြီးသား - အသားကျ ထားပြီးသား - အထူးသဖြင့် အစွဲအလမ်းကြီးတဲ့ မြန်မာလူမျိုးတွေ ယဉ်ပါးပြီးသား စနစ်ဟောင်းတစ်ခုကို စနစ်သစ်ရှိရာဆီ ပြောင်းလဲယူရမှာ - ဒီလို ပြောင်းလဲဖို့ဆိုတာ တတ်သိပြီးသားလူတွေ နားလည်ယုံ တစ်ခုတည်းနဲ့ မရဘူး - ခပ်ရှင်းရှင်း ပြောရရင် နလပိန်းတုန်း ဆိုတဲ့ ကျွန်တော့်လို လူမျိုးတွေ နားလည်နိုင်အောင်ပါ ဖြေရှင်းချက်တွေ လုပ်ဆောင်နည်းတွေ ရှိပြီးသား ဖြစ်နေရမယ် - လူတစ်ယောက်စ နှစ်ယောက်စ လိုက်သုံးယုံနဲ့ ယူနီကုတ်ကို အကောင်အထည်ဖော်လို့ မရသလို - အောင်မြင်ပါပြီ လို့လည်း သတ်မှတ်လို့ မရဘူး - ဥပမာ ပြရရင် - www.myanmardaily.net ကို သွားကြည့် - သူပြထားတဲ့ links တွေထဲမှာ Unicode ပြောင်းပြီး သုံးနေပါတယ်ဆိုတဲ့ Blog ဘယ်နခု ရှိသလဲ - လက်ချိုးရေလို့ ရအောင်ကို နည်းနေသေးတယ် - ဒါတင်မကသေးဘူး - Blog တို့ Forum တို့ထက် အဓိပ္ပါယ်အများကြီးရှိတဲ့ မြန်မာဝီကီတောင် ခုထက်ထိ ဇော်ဂျီနဲ့ Unicode ဆိုပြီး နှစ်ပိုင်းကွဲနေတုန်း - အဲလို ဖြစ်ရတဲ့ အကြောင်းက စနစ်ဟောင်း တစ်ခုကနေ စနစ်သစ် တစ်ခုကို ပြောင်းယူရာမှာ ဖြည်းဖြည်းချင်း ရွှေ့မယူပဲ ချက်ချင်း မိုးပေါ်ကကျ လာသလို ဖွဟဲ့ ဆိုပြီး ပြောင်းခိုင်းလို့ အဲလိုတွေ ဖြစ်ကုန်တာ - တကယ်တော့ Unicode ကို Standard ဖြစ်အောင် လုပ်နေတာ ကြာကြာလြှပီ - ခုမှ Users တွေ Unicode အကြောင်း - အားသာချက် အားနည်းချက်တွေ အကြောင်း သိရတော့ ( ဒါတောင် အပြည့်အစုံ မဟုတ်သေး ) မိုးပေါ်က ကျလာသလို ဖြစ်ပြီပေါ့ - Unicode ကို ပြောင်းဖို့ ကြိုးစားဖူးသူတိုင်း Unicode ကို ပြောင်းဖို့ အချိန်ဘယ်လောက်ပေးပြီး စာဖတ်ရတယ်ဆိုတာ သိလိမ့်မယ် - Users တွေဘက်က ကြည့်ရင် Unicode ကောင်းတယ် ဆိုတာ သိတယ် - အားသာချက်တွေ ရှိတာ မှန်တယ် - ဒါပေမယ့် လက်ရှိစာရေးနေသူ Blogger တွေ - Contributors တွေ ဘက်က ကြည့်ရင် အရင်ရေးထားပြီးသား အကြောင်းအရာတွေကို ဇော်ဂျီကနေ Unicode ကို ပြန်ပြောင်းယူဖို့ဆိုတာ အလုပ်ပိုကြီး တစ်ခုပဲ - မလုပ်ပဲဒီအတိုင်း ထားလို့ကလည်း မရဘူး - ဘလော့က Unicode နဲ့ ဇော်ဂျီ နှစ်ပိုင်းကွဲသလိုဖြစ်နေမယ် - အဲ့လို အလုပ်ပိုတွေအတွက်က ဘယ်မှာလဲ Help Center - ဘယ်မှာလဲ လူပြိန်းနားလည်အောင် ဒိုင်ခံရှင်းပြမယ့်သူ - နေရာတွေ မရှိဘူး မဟုတ်ဘူး - မေးလို့ရမယ့် နေရာတွေ ရှိတော့ရှိတယ် - ဒါပေမယ့် တစ်ခုမသိတိုင်း တစ်ခါသွားမေးနေရင် အိုသေရချည်ရဲ့ - တကယ်တမ်းက အထက်မှာ ပြောခဲ့ပြီးသလို စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ပြောင်းလဲပေးမယ့် ကြီးမားတဲ့ ကူးပြောင်းမှု ဆိုတာ မကူးပြောင်းခင် တည်းက ဖြစ်လာနိုင်မယ့် မေးခွန်းတွေ - Users တွေအတွက် ကြုံတွေ့ရမယ့် ပြဿနာတွေ အားလုံးကို တတ်နိုင်သမျှ ဘက်ပေါင်းစုံက ပြည့်စုံသလောက်နီးပါး အဖြေရှာထားပြီးသား/ဖြေရှင်းပေး ထားပြီးသား ဖြစ်နေဖို့ လိုကိုလိုတယ် - Unicode သမားတွေ ကိုယ့်ကိုယ်ကိုယ် မညာတမ်းဖြေကြည့်ပါ - အဲ့လိုကဏ္ဍအားလုံးအတွက် စံပြုလောက်တဲ့ ပြည့်စုံမှုမျိုး တစ်နေရာတည်းမှာ ရှိနေပြီလား ?? - ဒါက Developers တွေကို စော်ကားတာ မဟုတ်ဘူး လိုအပ်ချက်ကို ထောက်ပြတာ - ခု Unicode မှာက အားသာချက်တွေ ရှိတာ မှန်ပေမယ့် ပြဿနာရပ်တိုင်းအတွက် ဖြေရှင်းချက်တွေ မပြည့်စုံသေးဘူး - ပြောရရင် ကျွန်တော့် လက်ထဲမှာ အခွံခွာထားပြီးသား ကောက်ညှင်းကျည်တောက်ကြီးပဲ ရှိသေးတယ် - သူတို့က သကြားတို့ အုန်းသီးတို့ ဖြူးမပေးထားသေးဘူး - အဲ့အတွက် ကျွန်တော် ဒီ ကောက်ညှင်းကျည်တောက် ကို ကောင်းမှန်း သိရင်တောင် စားချင်စိတ် မရှိသေးဘူး - ကျွန်တော် ဒီရေခဲချောင်းပဲ ဆက်စားနေမိဦးမှာပဲ - နောက်တစ်ချိန် စာရိုက်ယုံ တစ်ခုတည်းအတွက် မဟုတ်ပဲ ကဏ္ဍအသီးသီး မှာ ဇော်ဂျီကနေ Unicode ကို ကူးပြောင်းဖို့ လုပ်ဆောင်ရ လွယ်ကူမယ့် စံပြုလောက်တဲ့ ရှင်းလင်းချက် တွေ ဒီ့ထက်ပို တွေ့လာရမယ် ဆိုရင်တော့ ကျွန်တော့်လက်ထဲက ကောက်ညှင်းကျည်တောက်လည်း သကြားဖြူးပြီးသား ဖြစ်ပြီပေါ့ - အကောင်းကြိုက်တယ်လို့ မထင်ပါနဲ့ - Users အားလုံးပါလာဖို့ ဆိုတာ ဒီအခြေအနေက အရေးအကြီးဆုံးပဲ - လက်ရှိရပ်တည်နေတဲ့ စနစ်ဟောင်း တစ်ခုကနေ ဒီ့ထက်ပိုကောင်းမယ့် စနစ်တစ်ခုရှိရာဆီ ကြီးမားတဲ့ ကူးပြောင်းမှု လုပ်ဆောင်ချင်တဲ့အခါ နိုင်ငံရေးမှာဆို သူရဲကောင်းတွေ စတေးခံကြရတယ် - ပညာရေးမှာဆို ကျွမ်းကျင်သူတွေ ပင်ပန်းဆင်းရဲခံကြရတယ် - နည်းပညာနယ်ပယ်မှာတော့ Developers တွေ ဒီ့ထက်ပိုပြီး ကြိုးစားကြရလိမ့်ဦးမယ် - ဒါဆိုရင်တော့ ကျွန်တော် ရေခဲချောင်း ဆက်စားဖြစ်တော့မယ် မထင်ဘူး 

image credit: rakhinetharlaydiary.freehostingcloud.com


KznT.

7 Chrome Annoyances

ဒီနေ့ Google Operating System Blog မှာ စာသွားဖတ်ရင်း သိခဲ့တာလေးတွေ ပြောပြချင်မိတယ် - သိတဲ့ အတိုင်း Chrome နဲ့ ပတ်သတ်တာလေးတွေပါ - သေးသေးကွေးကွေး ဆိုပေမယ့် အရေးပါတာလေးတွေ မို့လို့ ဖတ်ပြီးပြီးချင်းပဲ ဘာသာပြန်ပြီး စရေးဖြစ်လိုက်ပါတယ် -

Google Chrome နဲ့ ပတ်သတ်ပြီး အပေါ်မှာ ကျွန်တော်ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ဖတ်ခဲ့ပြီးရင် တော်တော်များများ တီးမိခေါက်မိ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ် - Google Chrome မှာ တစ်ခြား Browsers တွေနဲ့ ကွာသွားတဲ့ အဓိက အားသာချက်က အမြန်နှုန်းနဲ့ အပြင်အဆင် - Add-ons ချင်းလည်း Firefox နဲ့ ယှဉ်လိုက်ရင် အရေအတွက် အားဖြင့် သိပ်မများသေးဘူးလို့ ဆိုနိုင်ပေမယ့် Google Chrome ရဲ့ Extensions တွေက တစ်ခုဆို ဆိုသလောက် စွမ်းဆောင်ရည်တွေ ထက်မြက်လွန်းတယ် - Google Chrome မှာ အားသာချက်တွေ အများကြီး ရှိပါတယ်လို့ ပြောခဲ့ပေမယ့် ခြောက်ပစ်ကင်း သဲလည်းစင် ကြီးတော့ မဟုတ်သေးဘူး - သူ့မှာ Chrome users တိုင်း ဘဝင်မကျ ဖြစ်နေတဲ့ / ပြောင်းလဲ စေချင်နေတဲ့ အားနည်းချက်လေးတွေလည်း တစ်ချို့ ရှိနေပါသေးတယ် - ဘာတွေလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ

1. No confirmation when closing multiple tabs


Firefox မှာဆို Tabs တစ်ခုထက်ပိုပြီး ဖွင့်ထားတဲ့ အချိန် Close button ကို နှိပ်လိုက်မိရင် Tabs အားလုံးကို ပိတ်မှာလား ဆိုတာ အမြဲ မေးလေ့ရှိတယ်။ ဒါမျိုးက တစ်ခါတစ်လေ တစ်ခြား windows တွေနဲ့ ရောပြီး မှားပိတ်မိတဲ့ အခါမျိုးတွေမှာ အရမ်းအသုံးတည့်ပါတယ် - ကိုယ်က မှားပြီး Click ပေးမိတာမျိုး ဆိုရင် Cancel ပေးပြီး နဂိုအခြေအနေအတိုင်းလေး ပြန်ထားလို့ ရသလို - တကယ်ပိတ်ချင်တာ ဆိုရင်လည်း OK ပေးလိုက်ယုံပဲ - Google Chrome ကတော့ အဲ့လိုမဟုတ်ဘူး - နှစ်ခါပြန်မမေးဘူး - ပိတ်ဆို တစ်ခါတည်း ပိတ်ပစ်တာ - ကျွန်တော် စစချင်း ဘာကြောင့်လဲ - Settings မှာများ မှားပေးမိလားဆိုပြီး လိုက်ရှာသေးတယ် - မတွေ့ဘူး - နောက်မှ သိတယ် အစောတည်းကကို မပါတာ - အဲလို မဖြစ်စေချင်ရင် Chrome Toolbox ကိုသုံးပြီး နောက်တစ်ခါ မှားပိတ်မိမလို ဖြစ်တဲ့အချိန် Warning ပေးအောင် လုပ်ဆောင်ထားလို့ ရပါတယ်။

2. Basic history page



Google Chrome သုံးသူများ သိကြတဲ့ အတိုင်းပါ - Google Chrome မှာပါတဲ့ History page က Google Chrome ဆိုတဲ့ နာမည်နဲ့ မလိုက်အောင်ကို အူတူတူနိုင်လွန်းတယ် - တစ်ခုခု အရေးကြီးတာတွေ ပြန်ရှာစရာ ရှိရင် ဘယ်နေ့လောက် ပတ်ဝန်းကျင်က ကြည့်ခဲ့တယ် ဆိုတာ မှတ်မိရင်တောင် ရှာဖို့က အဆင်မပြေဘူး - ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ History 2 extension ရှိပါတယ်။ အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ရက်အလိုက် / အပတ်လိုက် ကိုယ်ကြည့်ခဲ့ဖူးတာတွေကို ရှာဖွေရ လွယ်ကူအောင် သူ စဉ်ထားပေးပါလိမ့်မယ်။ ဒါတင်မကသေးဘူး - နဂို Google Chrome မှာ မရတဲ့ History ထဲက သီးသန့်ဖျက်ချင်တာလေးကိုပဲ ရွေးပြီး ဖျက်လို့ ရအောင်လည်း History 2 က စွမ်းဆောင်နိုင်သေးတယ်။

3. Missing image properties



Website တစ်ခုခုကို သွားရင်းနဲ့ Image တစ်ခုခုတွေ့လို့ သူ့ရဲ့ Properties ကို ကြည့်ချင်ရင် Google Chrome မှာ ကြည့်ဖို့ အဆင်မပြေပါဘူး - ဒါပေမယ့် Image Properties Context Menu ကို သုံးလိုက်မယ် ဆိုရင် ဒီပြဿနာက ပြေလည်သွားပါလိမ့်မယ်။ Extension ကို Install လုပ်ပြီးရင် သိချင်တဲ့ ပုံပေါ်မှာ Right click ထောက်ပြီး Image Properties ကနေတစ်ဆင့် Image size, Location, Dimensions စတာတွေ သိရှိနိုင်ပါလိမ့်မယ်။

4. No support for feeds



Google Chrome က RSS feeds ဆိုတာကိုလည်း မသိသေးဘူး - အဲ့တာက စာဖတ်လေ့ မရှိတဲ့ သူတွေအတွက် သိပ်ပြဿနာ မရှိပေမယ့် RSS နဲ့ စာဖတ်နေကျ လူတွေ အတွက်တော့ ပြဿနာ ရှိလာတယ် - အဲ့ပြဿနာကို ပြေလည်ဖို့က Google က ထုတ်ထားတဲ့ RSS Subscription Extensionဆိုတာ ရှိပါတယ် - သူ့ကို တင်ထားလိုက်ရင် Google Reader, iGoogle, Bloglines, My Yahoo ကြိုက်တာနဲ့ နှစ်သက်ရာ Feed တွေကို subscribe လုပ်လို့ ရပါပြီ။

5. You can't send a web page by email


တစ်ခြား နာမည်ရှိတဲ့ Browsers တွေက ကိုယ် သိမ်းထားချင်တဲ့/မျှဝေချင်တဲ့ Web pages တွေရဲ့ URL နဲ့ Page title ကို Mail ကနေတစ်ဆင့် ပို့လို့ ရအောင် ဖန်တီးပေးထားချိန်မှာ Google Chrome မှာတော့ အဲလို Option မျိုး ဘယ်မှာမှ ရှာလို့ မရပါဘူး - ဒါပေမယ့် အဲ့လို ပုံစံမျိုး သုံးချင်ရင်Javascript bookmarklet ကို ကျွန်တော်တို့ ဖန်တီးယူနိုင်ပါတယ်။ တကယ်လို့ ကိုယ်က Gmail သုံးတဲ့သူ ဆိုရင်တော့ Google ကထုတ်ထားတဲ့Send from Gmail extension ကို သုံးမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

6. No session manger

Google Chrome ကို ပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အချိန်မှာ အရင်တုန်းက ဖွင့်ထားခဲ့တဲ့ Tabs တွေကို Restore ပြန်လုပ်ပြီး ဖွင့်မပေးပါဘူး - အဲ့လို ဖြစ်စေချင်ရင် Options ကို သွားပြီး Reopen the pages that were open last. ကို Enable ပေးထားဖို့ လိုပါတယ်။


တကယ်လို့ ဒီ့ထက်နဲနဲ ပိုပြီး အဆင့်မြင့်မြင့်လေး သုံးချင်ရင် Session Buddy ကို သုံးကြည့်နိုင်ပါတယ်။

7. You can't switch to a tab from the Omnibox


Firefox 4 မှာဆိုရင် ကိုယ်ဖွင့်ထားတဲ့ တစ်ခြား ဘယ် Tab ကိုမဆို Address bar မှာ ဆက်စပ်မှုရှိတဲ့ အစစာလုံးလေးလောက် ရိုက်လိုက်တာနဲ့ tab တစ်ခု ကနေ နောက် tab တစ်ခုကို ကူးသွားလို့ ရတယ်။ အဲလိုမျိုးလေး Google မှာ သုံးချင်တယ်ဆိုရင် Switch To Tab extension ကိုသုံးနိုင်ပါတယ်။ Install လုပ်ပြီးတာနဲ့ နောက်တစ်ကြိမ် tabs တွေ အများကြီး ဖွင့်သုံးဖြစ်တဲ့ အချိန်မှာ tab တစ်ခုကနေ နောက်တစ်ခုကို ပြောင်းချင်တဲ့ အချိန် sw ဆိုတဲ့ စာလုံးကို စရိုက် ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ tab က စာလုံး အစလေးလောက် ရိုက်ရင်းနဲ့ ပြောင်းသွားလို့ ရပါတယ်။

[7 Chrome Annoyances and How to Fix Them]

KznT.

Chrome PDF Viewer

အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတော်တော်များများ ခေါင်းပြူကြည့်တတ် ကြပေမယ့် အကျိုးအမြတ်မရှိပဲ လက်ရှိရပ်တည်နေတဲ့ နေရာကနေ တော်ယုံ ဘယ်သူမှ မကူးပြောင်းချင်ကြဘူး - ဒါကလည်း အကြောင်းရှိတယ် - အပြောင်းအလဲ တစ်ခုနဲ့ ရင်ဆိုင်မယ် ဆိုတဲ့ အခါတိုင်း ကျွန်တော်တို့တွေ အဲ့ဒီ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု ဆိုတာ လုပ်ကြရတယ် - နယ်မြေသစ်ဖြစ်တဲ့ အလျှောက် သူ့မှာ ဘာအန္တရာယ်တွေ ရှိမယ် - ဘာအတားအဆီးတွေ ကျော်ရမယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ မလွယ်နိုင်ဘူး - ဖြစ်နိုင်ချေ ရှိမယ် လို့ထင်ပြီး ကိုယ်ပြင်ဆင်သွားတဲ့ အရာတွေက အဲ့ဒီ့ နယ်မြေထဲမှာ လုံးဝ သုံးစားမရတာတွေ ဖြစ်နေတတ်သလို - မဖြစ်နိုင်လောက် ပါဘူးလို့ထင်ပြီး ချန်ထားခဲ့တဲ့ အရာတွေကလည်း အဲ့နယ်မြေမှာ မဖြစ်မနေ လိုကောင်းလိုနေတာမျိုး ရှိလာတတ်တယ် - အပြောင်းအလဲ တစ်ခုမှာ ကိုယ်ပြင်ဆင်ထားခဲ့တာနဲ့ ကိုယ်ကြုံတွေ့ရမှာတွေ ထပ်တူကျနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကြီး ကံကောင်းမှ တိုက်ဆိုင်တတ်တာမျိုးပါ - အဲ့တာကြောင့် အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတိုင်းနီးပါး အတွင်းစိတ်သန္တန်က ခေါင်းပြူကြည့် တတ်ပေမယ့် လက်တွေ့ရင်ဆိုင်ဖို့ကိုတော့ တွန့်ဆုတ် နေတတ်ကြတယ် - ကျွန်တော်လည်း ထိုနည်းလည်းကောင်းပဲ 

ကွန်ပြူတာ စပြီး သုံးတတ်ခါစက အပြောင်းအလဲ လုပ်ဖို့ နေနေသာသာ မပြောင်းလဲတာတွေကိုပဲ အလွတ်ကျက်ပြီး မှတ်ခဲ့ရတယ် - Apps တွေရဲ့ နာမည်တွေ မသိဘူး - Left click ကို ဘာလို့ နှိပ်ပြီး - Right click ကို ဘာလို့ နှိပ်နေမှန်းလဲ မသိခဲ့ဘူး - ကွန်ပြူတာကို လုံးဝ မသုံးတတ်လို့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်ဝယ်ဖတ်တဲ့ အခါတိုင်း Left click ပေးရမှာလား - Right click ပေးရမှာလား ဆိုတာ ပုံလေးနဲ့ သေချာပြထားတဲ့ စာအုပ်မျိုးကိုမှ ( ဥပမာ - ဆရာဦးအောင်လင်း ( B.E., Electronics ) ရေးတဲ့ Powerpoint - ကွန်ပြူတာဖြင့် သရုပ်ဖော်နည်းလက်စွဲ စာအုပ် ) ကျွန်တော် ဝယ်လေ့ရှိတယ် - တကယ်လို့ များ ကိုယ်ဝယ်လာတဲ့ စာအုပ်က စာမျက်နှာတစ်ခုခုမှာ "ထို နေရာအား Click တစ်ချက်ပေးပါ" ဆိုပြီးများ စာရေးသူက ရေးထားရင် ကျွန်တော် အဲ့စာရေးသူကို အသေအလဲ မုန်းတာ - ဘာလို့လည်းဆိုတော့ Click တစ်ချက်ဆိုတာ Left click ပေးရမှာလား ?? Right click ပေးရမှာလား ?? ကျွန်တော်မသိလို့  ဒီချိန်မှာ ဒါတွေက ရီစရာ ဖြစ်နေပေမယ့် တစ်ချိန်ကတော့ တကယ်ကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။


ခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် အပြောင်းအလဲ ဆိုတဲ့ နယ်ပယ်ထဲကို သူများရဲ့နောက်က လိုက်ပြီး ခြေချရဲတဲ့ အဆင့်တော့ ရောက်ခဲ့ပါပြီ - ဘယ်လို နောက်ကလိုက်ပြီး ခြေချရဲတာလဲ ဆိုတော့ ကွန်ပြူတာသမားတွေ တော်တော်များများမှာ ပုံသေနည်းတွေ ရှိကြတယ် - ဥပမာ - PDF Reader ဆိုဘာသုံးလဲ - Adobe Reader - Browser ဆို ဘာသုံးလဲ Internet Explorer, ခုနောက်ပိုင်းတော့ Mozilla Firefox - စသဖြင့် ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီ Apps တွေကိုပဲ ပုံသေကားချပ်ကြီး တစ်ခုလို သုံးနေကြတယ် - Google Chrome မသုံးဘူးလားဆို ကျွန်တော့်ကို လူထူးလူဆန်းလို ဝိုင်းကြည့်ကြတယ် - Foxit Reader သုံးပါလို့ ပြောလိုက်ရင် သူများစီးပွားရေး ဒုတ်နဲ့လိုက်ထိုးနေသူလို မျက်မှောင်ကျုံ့ကြတယ် - ပြောရရင် ဒါအကြံပြုချက်တွေ အားလုံးဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဖန်တီးခဲ့သူတွေရဲ့ နောက်ကနေ ကျွန်တော် ရဲရဲချနင်းခဲ့ပြီး အားသာချက်တွေ ရှိလို့ အကြံပြုခဲ့တာတာပါ -



ခုလည်း အားလုံးအတွက် သိထားသင့်မယ်ထင်တဲ့ အကြံပြုချက်လေး တစ်ခု ပြောချင်ပါသေးတယ် - အဓိက ဦးတည်တာတော့ Google Chromeသမားတွေ အတွက်ပါ - Windows အသစ်တင်တိုင်း PDF တွေ ဖွင့်ဖို့ဆိုပြီး - Adobe Reader ဒါမှမဟုတ် - Foxit Reader စသဖြင့် Reader တစ်ခု မဖြစ်မနေ ထပ်ထပ်တင်နေကြတာ တကယ်တမ်း အဲ့ဒီ့ PDF Reader နဲ့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ဘာတွေများ လုပ်ဖြစ်ကြလို့လဲ - တစ်ခြား မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော့်အတွက်တော့ PDF Reader ဆိုတာ စာဖတ်ယုံကလွဲပြီး ထူးထူးခြားခြား သုံးတာရယ်လို့ ဘာမှကို မရှိသလောက်ပဲ - PDF စာအုပ်ဆိုရင် Double click ပေးပြီးဖွင့်မယ် - စာလုံးတွေ သေးနေရင် + လေးနှိပ်ပြီး ကြီးမယ် - ကြီးရင် ပြန်သေးမယ် - အပေါ်အောက်သွားမယ် - စသဖြင့် သုံးဖြစ်တာ ဒီလောက်ပါပဲ - ကျွန်တော့်လို လူမျိုးတွေ ရှိကြမယ် ဆိုရင်တော့ အကြံကောင်းလေး တစ်ခု ပေးပါရစေ - ဒီနေ့က စပြီး ဘာ PDF Reader မှ သုံးမနေပါနဲ့တော့ - ကျွန်တော်တို့တွေ PDF Reader အစား Google Chrome နဲ့ပဲ အလုပ်လုပ်ကြရအောင် - 


လုပ်ဆောင်နည်းကလည်း အရမ်းကို လွယ်ပါတယ် - ကိုယ်ဖွင့်ချင်တဲ့ PDF ဖိုင်ကို Right click ထောက်ပြီး Open with နဲ့ စလိုက်ပါ - အောက်ဖော်ပြပါအတိုင်း Open with .. ဆိုတဲ့ box တက်လာရင် Browse ကနေပြီး Chrome.exe ရှိရာကို သွားပါ - 




ဒီနေရာမှာ Chrome.exe က ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိနိုင်လို့ ရှာရခက်နေတတ်ပါတယ် - စိတ်မညစ်ပါနဲ့ နည်းရှိပါတယ် - 




Desktop ပေါ်မှာ ရှိနေမယ့် Google Chrome Shortcut ကို Right click ထောက်ပြီး Properties ကို ဝင်လိုက်ရင် Chrome.exe ရှိရာနေရာကို အောက်ဖော်ပြပါအတိုင်း သိနိုင်ပါလိမ့်မယ် - 



ဥပမာ ပြရရင် ကျွန်တော့်စက်မှာဆိုရင် ဒီနေရာမှာပေါ့ -

     C:\Users\KznT\AppData\Local\Google\Chrome\Application\chrome.exe

အဲ့နေရာလေးကို Copy ကူးလာပြီး နောက်ဆုံးက chrome.exe ဆိုတာကို ဖြုတ် -Directory ထဲမှာ C:\Users\KznT\AppData\Local\Google\Chrome\Application\ ဆိုတာ ထည့်ပြီး Open လိုက်ပါ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း chrome.exe ကို တွေ့ရပါပြီ။





သူ့ကို Select လုပ်ပြီး Open ပေးလိုက်ပါ - ဒါဆိုရင် နောက်ပိုင်း PDF files မှန်သမျှကို အောက်ဖော်ပြပါ Google Chrome icons လေးတွေနဲ့ စက်ထဲမှာ တွေ့ရပါလိမ့်မယ် - Double click ပေးပြီး ဖွင့်ကြည့်ပါ -




သာမန် စာဖတ်သူတစ်ယောက်အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးမယ့် PDF Reader ကောင်းတစ်ခု အဖြစ် လက်ခံသွား ပါလိမ့်မယ် - 




အပြောင်းအလဲ ရှိမယ့်နေရာကို တစ်ချိန်က ကျွန်တော်မသွားချင်ခဲ့ဘူး - သူ့အသံကြားရင် ခေါင်းပြူကြည့် ယုံလောက်ပဲ စိတ်ဝင်စားပြီး နေရာမှာ ပြန်ထိုင်နေဖြစ်ခဲ့တာများတယ် - ခုတော့ ကျွန်တော် အပြောင်းအလဲဆိုတဲ့ အသံကြားရင် ခေါင်းတင်မက ကိုယ်ပါလိုက်သွားမိပြီ - ဘာတြွေကုံခဲ့ရလည်း ဆိုတော့ လူပင်ပန်းတယ် - စိတ်ပင်ပန်းတယ် - ဒါပေမယ့် အဲ့တာတွေ အားလုံးကို ချေဖျက်နိုင်မယ့် ထူးခြားတဲ့ အတွေ့အထိတွေ - လန်းဆန်းတဲ့ အာရုံတွေရတယ် - ခုချိန် တစ်ယောက်ယောက်ကများ အပြောင်းအလဲ ရှိမယ့်နေရာကို လိုက်ကြမလားလို့ မေးလာရင် ကျွန်တော် အထုပ်အပိုးပြင်ပြီး အသင့်ဖြစ်နေမလားပဲ 


KznT.

Google's New Navigation Bar

Google က ဒီနေ့ Google users တွေအတွက် Navigation bar အသစ်ထုတ်လိုက်ပါတယ် - ဒီအကြောင်းကို လွန်ခဲ့တဲ့ ၁ ပတ်လောက်က ဖတ်ခဲ့ရတာ - ကျွန်တော် ဖတ်ခဲ့ရတုန်းက သူက စမ်းသပ်ဆဲ မကြာခင်မှာ အတည်ပြုပေးတော့မယ် ဆိုပြီး သတင်းထုတ်တာ - ကျွန်တော်က အဲ့လောက်မြန်မယ်လို့ မထင်ထားဘူး - ဒီနေ့ အတည်ပြုပြီလိုပြီး Google Operating System Blog မှာ ရေးထားတာတွေ့တော့မှ လွန်ခဲ့တဲ့ ခြောက်လကျော် စမ်းသပ်မှု လုပ်နေခဲ့တယ် ဆိုတာ သိခဲ့ရတယ် - ဒီ Navigation bar အသစ်ရဲ့ တည်ဆောက်ပုံက Google Chrome ရဲ့ တည်ဆောက်ပုံကို အခြေခံပြီး ပြင်ဆင်ထားတာလို့ သိရတယ် - တကယ်လည်း အဲ့အတိုင်းပဲ -




ဒါတင်မကသေးဘူး အရင်တုန်းက Links တွေကို Underline တွေနဲ့ ပုံစံထားထားရာကနေ အခု Colored bar နဲ့ အစားထိုးလိုက်တယ် - နောက်ပြီး အရင်တုန်းက Links တွေ တစ်ခုနဲ့ တစ်ခုကြားမှာ Spacing သိပ်မရှိဘူး - အခု Colored bar မှာ Spacing တော်တော်လေး ရလာတယ် - အဲ့ထူးခြားချက်က ကျွန်တော်တို့အတွက် အမြင်ထူးခြားတာလောက် ကလွဲရင် ဘာမှ ထူးခြားချက် မရှိလှပေမယ့် Touchscreen device နဲ့ သုံးနေတဲ့ Google users တွေအတွက်တော့ ဒီ Colored bar က တော်တော်ကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။




နောက်ထပ် ပြောင်းလဲသွားတာ တစ်ခုက အရင်တုန်းက ညာဘက်ထောင့်မှာ ကိုယ့် Google ထဲကို Sign in ဝင်ထား လိုက်ရင် ညာဘက်ထောင့်မှာ ကိုယ်ဝင်ထားတဲ့ Account ကို Gmail address နဲ့ ပြပြီး ခုကျတော့ ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် -



ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် ဆိုပေမယ့် အဲ့နေရာကနေ Google Profile ကိုတော့ Link လုပ်ပေးမထားသေးပါဘူး - နောက်ပြီး ကိုယ်က တကယ်လို့ multiple sign-in ဒါမှမဟုတ် Gmail delegation ကိုသုံးတယ် ဆိုရင် Account တစ်ခုနဲ့ တစ်ခု ပြောင်းသုံးဖို့ မလွယ်ကူသေးပါဘူး - ပြောင်းသုံးချင်ရင် ကိုယ်ပြောင်းချင်တဲ့ Account ကို "Switch account" ကနေ နှိပ်ပြီး ပြောင်းဖို့ လိုပါတယ် - 


နောက်ထပ် လိုနေတာလေး တစ်ခုက ဒီ  Colored bar ကို Google ရဲ့ Services တွေ အားလုံးမှာ သုံးလို့ မရသေးဘူး - ဒါ့ကြောင့် ခုပြောနေတဲ့  Colored bar ဆိုတာ Google Web Search, Google Image Search, Google Realtime Search, Google Maps နဲ့ Gmail မှာပဲ တွေ့ရပါလိမ့်ဦးမယ်။ 

KznT.

Outlook 2010 with Myanmar Font

ကျွန်တော်လည်း ဖိုရမ်ပြင်ဆင်ရေး ဘက်လှည့်နေလို့ ဒီဘက်မှာ သိပ်မရေးဖြစ်ဘူး ဖြစ်နေတယ် - မေးထားတာတွေ တော်တော်များများလည်း ပြန်မဖြေပေးနိုင်သေးဘူး - အရမ်းကြာလို့လည်း မကောင်းတာနဲ့ ဒီနေ့ မေးထားတာထဲက ကိုသက်နောင် မေးထားတ့ဲ အကြောင်းလေးဖြေပေးနိုင်ဖို့ ကြိုးစားလိုက်ပါတယ် - ကိုသက်နောင်က

         Outlook မှာ မြန်မာဖောင့်ပေါ်အောင် ဘယ်လိုလုပ်လဲ မသိဘူး။                                     

ဆိုပြီး မေးတယ် - ဒီမေးခွန်းကို ကိုသက်နောင် မမေးခင်တည်းက ကိုနိုးတူး မေးတာ တွေ့ခဲ့ဖူးတယ် - ဒါပေမယ့် အဲ့တုန်းက မှန်ရာပြောရရင် တွေ့ပေမယ့် မသိချင်ယောင်ဆောင်လိုက်တာ  ဘာလို့လည်းဆို Outlook မှာ မြန်မာဖောင့်ပေါ်အောင် လုပ်ရတာ ပါးစပ်နဲ့ ပြောလိုက်ရင် ဒီလို ဒီလို ဆိုပြီး အလွယ်တကူ ပြလိုက်လို့ ရပေမယ့် စာနဲ့ပြရတော့ အရမ်းကို ဒုက္ခရောက်တယ် - မြင်သာအောင် ပြဖို့ဆိုရင် Screenshot တွေလုပ်ရ မြှားတွေထိုးရ - စာတွေရေးရ - Step မလွဲအောင် စဉ်ရ - လိုအပ်ချက်ရှိဦးမလား ပြန်စစ်ရသေးတယ် - ဒါတွေကို ဖိုရမ်မှာ စာရေးပြီး မျှဝေဖို့ ကြိုးစားသူတိုင်း နားလည်ကြမှာပါ - စာက တစ်ခါတစ်လေ ရေးချင်စိတ် ရှိတော့ ဘယ်လောက်ရှည်ရှည် ရေးနိုင်တယ် - တစ်ခါတစ်လေကျတော့ ဘာမှကို မလုပ်ချင်တဲ့ အခါမျိုး လည်း ရှိသေးတယ် - အဲတာဆို ပစ်ထားလိုက်ရော - ကိုနိုးတူးမေးတုန်းက အဲ့လို အခြေအနေ ဖြစ်နေလို့ မသိချင်ယောင်ဆောင်လိုက်တာ - ကိုနိုးတူး ဒီစာဖတ်မိရင်တော့ နားလည်ပေးပါခင်ဗျ - 



အဓိကဒီစာမှာ ကိုသက်နောင်လည်း Outlook 2010 သုံးနေတယ်ထင်လို့ Outlook 2010 နှင့် မြန်မာဖောင့်ဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ် - မြန်မာဖောင့် ပေါ်အောင် လုပ်ဆောင်နည်း အသားပေး ဖော်ပြချင်လို့ Outlook 2010 Setup ချပုံတွေတော့ ကျွန်တော် ဒီမှာ မဖော်ပြလိုက်တော့ဘူး - Gmail ကို Outlook 2010 ကနေ သုံးချင်တဲ့သူတွေ Outlook 2010 မှာ Gmail Setup လုပ်ပုံကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ခုလောလောဆယ်မှာတော့ Gmail acc တစ်ခုကို Outlook 2010 မှာ Setup လုပ်ပြီးပြီပဲ ဆိုကြပါစို့ - စစချင်းတော့ မြန်မာဖောင့် ဘာမှ မြင်ရဦးမှာ မဟုတ်ဘူး - 



Changing Fonts in General



Outlook 2010 မှာ အပေါ်ယံကြော မြန်မာဖောင့် မြင်ရအောင် လုပ်ဖို့ အခြေခံနည်းက သိပ်မခက်ဘူး - ဆိုးတာ View တစ်ခုချင်းစီအတွက် တစ်ခါစီလိုက်ပြောင်းရတဲ့ အဆင့်တွေက များတာ -Thunderbird မှာဆို မြန်မာဖောင့်မြင်ရဖို့ တစ်နေရာပြောင်းလိုက်ရင် အားလုံးပြီးတယ် - Outlook 2010 ကတော့ အဲလိုမဟုတ်ဘူး - Outlook မှာ View တစ်ခုချင်းစီအတွက် သူသတ်မှတ်ထားပြီးသား Font တစ်ခုစီ သီးသန့်ရှိတယ် - ဆိုကြပါစို့ ကျွန်တော်တို့က View -> Change View ကနေ "Hide Messages Marked for Deletion" View မှာ မြန်မာဖောင့်မြင်ရအောင် Zawgyi-One ကို ပြောင်းထားတယ် ဆိုပါစို့ - ဒီလိုဆို သူ့ "Hide Messages Marked for Deletion" View မှာတော့ အောက်ဖော်ပြပါအတိုင်း မြန်မာလိုလေး ကောင်းကောင်းမြင်ရပြီး 





View -> Change View ကနေ "IMAP Messages" View လည်းပြောင်းကြည့်ရော အောက်ကလို ဖြစ်သွားရော - ဘာမြန်မာဖောင့်မှ ကောင်းကောင်းမပေါ်တော့ဘူး - အဲလိုဖြစ်ရတဲ့ အကြောင်းအရင်းက "Hide Messages Marked for Deletion" View မှာ ကျွန်တော်တို့က မြန်မာဖောင့်မြင်ရအောင် ပြောင်းလဲမှုလုပ်ခဲ့ပေမယ့် အဲ့ဒီ့ ပြောင်းလဲမှုက နောက် "IMAP Messages" View မှာ Effect မဖြစ်ဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့်ပါပဲ - ဒါ့ကြောင့် ကျွန်တော် အပေါ်မှာ Outlook ဟာ View တစ်ခုချင်းစီအတွက် သူသတ်မှတ်ထားပြီးသား Font တစ်ခုစီ သီးသန့်ရှိတယ်လို့ ပြောခဲ့တာပါ -





အဲ့တာကြောင့် တစ်ခြားဘာမှ ပြင်ဆင်မှု မလုပ်ခင် အရင်ဆုံး သိထားသင့်တာ Outlook မှာ မြန်မာဖောင့် မြင်ရအောင် လုပ်ချင်ရင် View တစ်ခုချင်းစီကို သီးခြားစီ လိုက်ပြင်ရမယ်ဆိုတဲ့ အကြောင်း မှတ်ထားရပါမယ်။ ပြင်ဆင်ဖို့ အတွက်ကတော့ မခက်ပါဘူး - 



အဆင့် ( ၁ ) >> အရင်ဆုံး Outlook 2010 နဲ့ Mail acc တစ်ခုခုကို Setup လုပ်ပြီးပြီးဆိုရင် View -> Change View ကနေ Manage Viewsကိုဝင်ပါ - 




အဆင့် ( ၂ ) >>အဲဒီကနေ ပေါ်လာတဲ့ Manage All Views Box က IMAP Messages ကို ရွေးပြီး Modify ကို Click ပေးပါ။ 




အဆင့် ( ၃ ) >> အဲကနေ Advanced View Settings: IMAP Messages Box က Other Settings ကို Click ပေးပါ - 




အဆင့် ( ၄ ) >> နောက် Other Settings Box မှာပေါ်လာတဲ့ ထဲက Column Font, Row Font, Font ဆိုတာတွေ အားလုံးကို အောက်မှာဖော်ပြထားတဲ့အတိုင်း မြန်မာဖောင့်ကို Change ပါ - 




အဆင့် ( ၅ ) >> အားလုံးပြီးရင် OK ပေးလိုက်တဲ့အခါ - Advanced View Settings: IMAP Messages Box ကို ပြန်ရောက်လာပါလိမ့်မယ် - မပြီးသေးပါဘူး ပြောင်းဖို့ ကျန်ပါသေးတယ် - 

Conditional Formatting ကို ဆက်ဝင်ပါ - 





အဆင့် ( ၆ ) >> အောက်မှာ ဖော်ပြထားတဲ့အတိုင်း Rules of this view: အောက်မှာ ခေါင်းစဉ်ခြောက်မျိုးရှိပြီး အဲ့ဒီ့ ခေါင်းစဉ်ခွဲ ခြောက်ခုလုံးဟာ သူ့သက်ဆိုင်ရာ ဖောင့်တစ်မျိုးချင်းစီ ရှိပါတယ် - ခေါင်းစဉ်တွေကို Select ပေးလိုက်ရင် သူ့သက်ဆိုင်ရာ ဖောင့်ကို မြင်ရပါလိမ့်မယ် - အဲတာတွေအားလုံးကိုလည်း သက်ဆိုင်ရာ မြန်မာဖောင့် ပြောင်းဖို့ လိုပါသေးတယ်။ 



အဆင့် ( ရ ) >> အဲ့ဒီ့ ခေါင်းစဉ်ခွဲ ခြောက်ခုလုံးရဲ့ သက်ဆိုင်ရာ ဖောင့်တွေကို မြန်မာဖောင့်ပြောင်းပြီးရင်တော့ ပထမအဆင့်အနေနဲ့ "IMAP Messages" ဆိုတဲ့ Outlook 2010 က View တစ်ခုအတွက် မြန်မာဖောင့်မြင်ရပြီလို့ ဆိုနိုင်ပါတယ်။ 




Changing Specific Views


သတိထားမိမယ်ထင်ပါတယ် - ခုပြောခဲ့တာ အဆင့် ( ၂ ) မှာ ပြခဲ့တဲ့ "IMAP Messages" ဆိုတဲ့ Outlook 2010 က View တစ်ခုအတွက်ပဲ ရှိပါသေးတယ် - နောက်ထပ် Views တွေအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အဆင့် ( ၁ ) ကနေ ( ရ ) အတိုင်း ပြန်ဝင်ပြီး ပြင်ရပါလိမ့်ဦးမယ် - အဲလိုနဲ့ အားလုံး ပြင်ပြီးသွားရင်တော့ Outlook 2010 ရဲ့ Mail ကဏ္ဍ မှာ မြန်မာဖောင့် မြင်ရပါပြီ - Steps တွေ တူလို့ ကျန်တဲ့ Views တြွေပင်ပုံတော့ မဖော်ပြလိုက်တော့ပါဘူး - 




အဆင်ပြေမယ်ထင်ပါတယ်။

KznT.

2011 Valentine's Day

နက်ဖြန် Valentine's Day ရောက်ပြီ - ကိုယ့်ကောင်မလေး - ကိုယ့်ဂျစ်ဂျစ်တွေ  ကို ပေးဖို့ ဘာတွေများ စိတ်ကူးထားကြမလဲ မသိဘူး - ဒီအကြောင်းကို ဟိုးတစ်နေ့တည်းက စရေးချင်နေတာ - တစ်ခြားဘက်တွေ လျှောက်ပြီး အာလူးဖုတ်တာ များသွားတာနဲ့ ဒီနေ့မှပဲ စဖြစ်တော့တယ် - အရင်နှစ်တွေကတော့ Valentine's Day ဆိုရင် ဘာပေးရမလဲ ဆိုပြီး တော်တော်ခေါင်းစားရတယ် - ချောကလက်လား ??

ကျွန်တော်နှင့် ချောကလက်





ချောကလက်က ဘယ်လိုရည်းစားတွေ ကြိုက်လဲတော့ မသိဘူး - ကျွန်တော်တော့ ချောကလက်ဆို သိပ်မုန်းတာ - စားရတော့ သေးသေးလေး - ရော့ စားဆိုပြီး သူတစ်ကိုက် ကိုယ်တစ်ကိုက် ကိုက်လို့ ကလည်း မကောင်း - လက်နဲ့ ကိုင်ပြန်တော့လည်း မြန်မာနိုင်ငံမှာ လေက ကလူကလူ  - နေကပူပူ နဲ့ လက်တွေပေလို့ပေ - ပါးစပ်ထဲရောက်တော့လည်း အီလည်လည်ကြီး - ကိုယ်က စကျွေးတာ မို့လို့သာ မတတ်သာလို့ ပြုံးပြီး စားနေရပေမယ့် တကယ်တမ်း အာသာလည်း သိပ်မပြေလှ - ချောကလက်စားရင်း ထမင်းစားချင်သလိုလို - အိမ်သာတက်ချင်သလိုလို ကလည်း ဖြစ်သေးတယ်  - အဲ့တာကြောင့် ဒီနှစ်တော့ ချောကလက်အစား အခြားတစ်ခု ပြောင်းစားဖို့ စဉ်းစားထားတယ် - 




ဖရဲသီး >> ဟုတ်တယ် ဖရဲသီးဆို တစ်ယောက်တစ်ခြမ်းယူ - ဇွန်းနဲ့ ကလော်ပြီး - ခွံ့ကျွေးချင်လား ရသေးတယ် - လက်လည်း မပေဘူး - နေပူပူ လေပူပူမှာ ရေဆာပြေ ရေငတ်ပြေ ဗိုက်ရိုက်စားလို့ ရတယ် - ကျန်းမာရေးနဲ့လည်း ညီညွတ်တယ် - ဖရဲသီးကို ခွဲလိုက်ရင် အတွင်းသားက ခုလို နီနီရဲရဲလေး -




ကိုယ်မင်းကို ချစ်တဲ့ အချစ်က ဒီဖရဲသားလို ရဲပါတယ်တွေ ဘာတွေ လုပ်လို့ရတယ် -  

ကျွန်တော်နှင့် ပန်း 


နောက်ပြီး ရှိသေးတယ် Valentine's Day ကို ပန်းပေးတာ - ကောင်မလေးတွေ ပန်းကြိုက်တတ်ပေမယ့် ခုခေတ်မှာ အရင်ကလို ဘယ်သူမှ ပန်းကို အမြတ်တနိုးပန်တယ်ဆိုတာ မရှိကြတော့ဘူး - ပန်းပေးလိုက်ရင် ပြုံးပြပြီး ယူပေမယ့် အိမ်ရောက်တော့လည်း ဟိုချောင်ထိုး ဒီချောင်ထိုးပဲ - ကံကောင်းရင် ဘုရားစင်လေး ဘာလေးတော့ ကပ်ပေးကောင်း ပေးမှာပေါ့ - ခိုးချောင်ခိုးဝှက် ချစ်သူတွေဆို ကိုယ်က ပန်းစီးပေးလိုက်တဲ့ အခါ အိမ်ပြန်ယူရအောင်လည်း အခက် - ယူသွားပြန်ရင်လည်း အိမ်က မားသား ဖားသားတွေက စပ်စုပါလိမ့်မယ် - ဘယ်ကရလာလဲ - ဘယ်ကောင်က ပေးတာလဲနဲ့ - ဖြေရှင်းရတာ တော်တော် ခေါင်းခြောက်ဖို့ ကောင်းတယ် 

အဲ့တာကြောင့် ဒီနှစ်တော့ No flowers this Valentine’s Day!


ပန်းမပေးတော့ ပန်းအစား တစ်ခု ပြောင်းပေးဖို့ စဉ်းစားထားတာ ရှိတယ် - ကျွန်တော် စဉ်းစားထားတာတော့ funny-potato ကပေးတဲ့ နည်းအတိုင်း မုန်လာဥနီ ပေးမလားလို့ - 





ဒါဆို အိမ်ယူသွားလည်း မခက်တော့ဘူး - အိမ်က မားသား ဖားသားမေးလည်း စားဖို့ ဈေးကဝယ်လာ တယ်ဆိုပြီး သူဖြေလို့ ရတာပေါ့ - ဘာခက်တာလိုက်လို့ - ချက်စားမလား - ကြော်စားမလား - တစ်ခုခုနဲ့ တွဲစားမလား - ထမင်းချိုင့်ထည့်ပြီး ယူသွားဦးမလား - ရုံးရောက်ရင် ဂျစ်ဂျစ်ပေးတဲ့ မုန်လာဥဟင်းလေး ဆိုပြီး တစ်စိမ့်စိမ့် စားလို့လည်း ရတယ် - အရသာလည်း ရှိတယ် - ပန်းဆိုကိုက်စားလို့လည်း မရဘူး - 


ဘယ်လိုလဲ IDEAS လေးတွေကောင်းရဲ့လား ?? အကြံကောင်းလေးများရှိရင် မစကြပါဦး -

KznT.

Related Posts