My love and My Morning



မနက်အိပ်ယာက နိုးတော့ တော်တော်လေးတောင် နောက်ကျနေပြီ။ မျက်နှာသစ်ပြီး သူပြင်ပေး ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းတွေကခပ်ဖွဲဖွဲ … ဒီအတိုင်းဆို အပြင်မှာ တော်တော်အေးမယ် ထင်ပါရဲ့။


“ ကို ဒီနေ့ class မသွားတော့ဘူး “

“ ကိုရယ် ကလေးကျနေတာပဲ။ ဘွဲ့ယူဖို့လာတာ class တက်ရမှာပေါ့ … “

ဟုတ်ပါတယ် တကယ်တော့ သူနဲ့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် နောက်ဘွဲ့တစ်ခုယူဖို့ ရောက်လာ တာပါ။ ရည်မှန်းချက်ဆိုတာ ငယ်ငယ်ကတာ့ လေတစ်လုံး မိုးတစ်လုံးနဲ့ တစ်ချို့လူတွေလို လေထဲ တိုက်အိမ်ဆာက် ခဲ့ဖူးပေမယ့် အခုတော့ ကျွန်တော် လေထဲမှာ တိုက်အိမ်လည်း မဆောက်ချင်တော့ပါဘူး။ တဲအိမ်လည်း မထိုးချင်တော့ပါဘူး။ ထားပါတော့လေ။ ငယ် လှမ်းပေးလာတဲ့ ကျွန်တော့်ဘေးလွယ် အိတ်ကို ကျွန်တော် လှမ်းယူပြီး တစ်သက်လုံး နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မဝတ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ လေးလံလွန်းတဲ့ အနွေးထည်တစ်ထည် ကို ထပ်ဝတ်လိုက်ရတယ်။ အနှုတ်ရဲ့ အောက်ကို အမြဲ ရောက်နေတတ်တဲ့ ဒီ ရာသီဥတုက ဒီ အနွေးထည်နဲ့မှ ခံနိုင်တော့မှာတဲ့လား။ ဟင်းလင်းပြင်ထဲကို ဘာတစ်ခုမှ မဝတ်ပဲ ပြေးထွက် သွားလိုက်ချင်ပေမယ့် ကျွန်တော် အသက် ရှင်နေဖို့တော့ လိုအပ် နေသေးတယ်လေ။ ငယ့်အတွက် ကျွန်တော် ရှင်သန်ဖို့ လိုနေသေးတယ်။

“ ကိုရော့ ဦးထုပ် …. “

“ တော်ပြီ ငယ်ရာ မဆောင်းချင်တော့ဘူး … “

“ အာာ ကိုကလည်းလေ ဦးထုပ်မဆောင်းရင် နှင်းထဲမှာ ကို ဘယ်လို သွားမှာလဲ … ပြီးရင် နှာစီးပြီး ချောင်းက ဆိုးဦးမယ် … “

နှင်းတွေရဲ့ အာနိသင်က ဘယ်လိုမျိုးလဲ။ နှင်းတွေကို လူတိုင်းချစ်တတ်ကြပေမယ့် နှင်းကြောင့် ကျွန်တော်တို့ ရခဲ့တဲ့ အကျိုးကျေးဇူးက ဘာလဲ ….

( ၁ ) နှင်းထဲမှာ သွားရင် ကျွန်တော် အရင်တုန်းက အမြဲ စီးနေကျ ဖိနပ်ပါးပါးလေးတွေ မစီးရပဲ ဘယ်တော့မှ စီးချင်စိတ်မရှိတဲ့ ဖိနပ် အလေးကြီးတွေ စီးရတယ် ..
( ၂ ) ကျကျချင်းတော့ ဖွဖွရွရွလေး ဖြစ်နေတတ်တဲ့ နှင်းတွေ … လူတွေနင်းပါများလို့ ရေခဲပြင် ဖြစ်သွားတဲ့ အခါကျတော့ လူတိုင်းကို တဗိုင်းဗိုင်း ချော်လဲစေတတ်ပြန်ရော …
( ၃ ) ဒီနှင်းတွေကြောင့်ပဲ ကားတွေ လမ်းချော်ကြ ၊ စက်ဘီးတွေ ခဏခဏ လဲကျ ၊ ယာဉ်တွေ ခဏခဏ မှောက်ကြရ …
( ၄ ) မနက်တိုင်း ထူထဲ ပိတ်သည်းအောင် ကျတတ်တဲ့ ဒီနှင်းတွေ ကြောင့်ပဲ လူတစ်ချို့ ချမ်းချမ်းစီးစီး ထဲမှာ နှင်းကျုံးတဲ့ အလုပ်ကို လုပ်ကြရ …
( ၅ ) စတိုးဆိုင်တွေ စူပါမားကတ်တွေမှာ ဗွက်ထနေတဲ့ နှင်းရည်တွေကြောင့် သန့်ရှင်းရေး သမားတွေ ပြာယာခတ်အောင် သန့်ရှင်းရေး လုပ်ကြရ …
( ၆ ) အိမ်ခေါင်မိုးရဲ့ အစွန်း ရေတံလျှောက်အောက်က ဖြတ်လျှောက်ဖို့ မဝံ့မရဲ ဖြစ်ကြရ …

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. နှင်းရဲ့ ဆိုးကျိုးတွေ ဘယ်လောက်ပဲ များများ လူတော်တော်များများက တော့ နှင်းကို ချစ်ခဲ့ကြတယ် ချစ်နေကြတယ် ကျွန်တော်လည်း အပါအဝင်ပါပဲ .. ဘာလို့လည်း ဆိုတော့ နှင်းတွေက ဖြူစင်တယ်လေ အဲဒီ ဂုဏ်ပုဒ်တစ်ခုတည်းကြောင့်ပဲ သူ့မှာ မကောင်းတဲ့ အချက်လေးတွေ ဘယ်လောက်များများ ကျွန်တော် သူ့ကို ချစ်နေနိုင်ခဲ့တာပါပဲ။ ငယ် .. သူကလည်း ကျွန်တော့် အတွက်တော့ ဖြူစင်လွန်းတဲ့ နှင်းတစ်ပွင့်ပါပဲ …

“ လာပါ ကိုရယ် … စကားကို နားထောင်ပါ။ ဆောင်းသွားလိုက်ပါ ဖျားမှာ စိုးလို့ … ငယ်ပြောတာ ကိုနားထောင်ပါနော် … “

“ တော်ပြီ မဆောင်းဘူးဆို မဆောင်းဘူးပဲ … “

“ ကဲကြည့် … မဆောင်းရင် ဒီနေ့ ကို့အတွက် ငယ် စိတ်ကူးထားတာ မလုပ်ပေးတော့ဘူး … “

ကျွန်တော် နဲနဲ စိတ်ဝင်စားသွားတယ်။

“ ဘာလဲ ပြော … “

“ ကိုနဲ့ တူတူ ကျောင်းလိုက်ခဲ့မလို့လေ … ကို့ကို ကျောင်းလိုက်ပို့ပေးမယ် … “

“ ဟဟ ….. ကိုက ကလေးမှ မဟုတ်တာ … အင်း ဒါပေမယ့် ငယ် တကယ်ပြောတာလား … “

“ အင်း တကယ်ပေါ့ …. “

“ တကယ်ဆိုရင် ပေး … ဦးထုပ် … ဆောင်းမယ် “

“ ကြည့် အပြောင်းအလဲကလည်း မြန်လိုက်တာ … “

ပြောင်းလဲမှုတဲ့လား။ ပြောင်းလဲမှုဆိုတာ တည်ရှိသင့်တာ မှန်ပေမယ့် ပြောင်းလဲမှု တိုင်းကတော့ ကောင်းကျိုးတစ်ခုကို ဖြစ်မလာစေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ငယ်သိလား … ကို အပြောင်းအလဲ မြန်တတ်တာ မှန်ပေမယ့် ငယ့်ကို ချစ်ခဲ့တာတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး ဒါက ပြောင်းလဲသင့်တဲ့ အရာမဟုတ်ခဲ့သလို ကို့အတွက် ဘယ်တော့မှ ပြောင်းလဲလို့ ရနိုင်တဲ့ အရာ တစ်ခုလည်း မဟုတ်ခဲ့ဘူးလေ။
အဆောင်ကနေထွက်တော့ ထင်ထားသလောက် သိပ်မအေးဘူး။ ကျွန်တော် စိတ်ထင်လို့ နေမှာပါ။ တကယ်တော့ တစ်ကိုယ်လုံးမှာ ဒီနေ့မနက် အရင်နေ့တွေကထက် ပိုနွေးနေတာ ကျွန်တော့် ဘယ်ဘက် လက်ချောင်းလေးတင်ပါပဲ။ ငယ် လက်ချောင်းလေးတွေ ကျွန်တော့် လက်ကြားမှာ ညှက်နေတယ်လေ။ ငယ် ကတိတည်ပါတယ်။ သူ ကျောင်းကို လိုက်လာ ခဲ့တယ်။ ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးတာတဲ့။ ကျွန်တော်ကလေး ပြန်ဖြစ်ခွင့် ရခဲ့သလိုပဲ။

ကလေး … ကလေးတဲ့လား ?

ကျွန်တော် စကားတစ်ခွန်းကြားခဲ့ရဖူးတယ်။ ယောကျာင်္းဆိုတာ ဘယ်တော့မှ အသက်မကြီးတော့တဲ့ ကလေးတွေတဲ့လေ။ ဟုတ်လောက်ပါ တယ်။ ဘာပဲ ဖြစ်ဖြစ်ပါ …. ဘာတွေပဲ ပြောပြော ငယ်နဲ့ ပတ်သတ်ခဲ့ရင် ကျွန်တော် ကလေးတစ်ယောက် လို့ အသတ်မှတ်ခံရလည်း ဝမ်းမနည်းမိပါဘူး။ ကျွန်တော်က ကလေးဆိုရင် သူက ကျွန်တော့်ရဲ့ အုပ်ထိန်းသူပေါ့။ ငယ်ဟာ ကျွန်တော့်အတွက်တော့ အရာရာတိုင်းကို စီမံခန့်ခွဲ ပေးတတ်တဲ့ ကြီးကြပ်သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကျောင်းကို သွားတဲ့ လမ်းတစ်လျှောက်မှာ ငယ် မမြင်ဘူးတဲ့ နေရာလေးတွေ ကျွန်တော် ပြောပြ တယ်။ ငယ်နားမလည်တဲ့ စကားလုံး တစ်ချို့တွေ ကျွန်တော်ဖတ်ပြတယ်။

“ ငယ်တွေ့လား … ရှေ့က တံတားကို “

“ ဘယ်မှာလဲ ကို … “

“ ဟိုရှေ့ကလေ … “

“ ဟုတ် … တွေ့တယ်လေ … “

တံတား တစ်စင်းရဲ့ အရေးပါမှု ဆိုတာ သူ့ကို တည်ဆောက်ထားတဲ့ ခမ်းနား ကြီးကျယ်မှု အပေါ် မှာ တကယ်တော့ မမူတည်ပါဘူး။ သူ့အပေါ် ဖြတ်သန်း သွားကြတဲ့ လူသား အားလုံး အတွက် သူဘယ်လောက် ကျေနပ်မှု ပေးနိုင်ခဲ့ပြီလဲ ဆိုတာက တံတားတစ်စင်းရဲ့ အဓိက လိုအပ်ချက်ပေါ့။ ငယ်သိလား … ဒီမြို့လေးမှာ လက်ထပ်ကြတဲ့ ချစ်သူစုံတွဲတိုင်းဟာ ဒီတံတား လေးပေါ်ကနေ သူတို့ရဲ့ လက်ထပ်ရက်တိုင်းမှာ ဖြတ်လျှောက်ကြရတယ်။ ရိုးရိုးတော့ မဟုတ်ဘူး။ သတို့သား ကောင်လေးက သတို့သမီးကောင်မလေးကို သူ့ လက်နှစ်ဖက်ထဲမှာ ချီပြီး ပွေ့သွားကြရတာ လေ။ တံတားအစကနေ အဆုံးထိပေါ့။ ငယ် ကျွန်တော့်ကို မျက်လုံးလေး ပြူးပြီး ကြည့်တယ်။ သူနဲနဲ အံ့သြသွားတယ် ထင်ပါရဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ မရောက်ဘူးကြတဲ့ နေရာတိုင်းမှာ ဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ ဆန်းကြယ်မှုတွေ ရှိတတ်တယ်လေ။

ဆန်းကြယ်မှုတဲ့လား … ?? ဆန်းကြယ်မှုဆိုတာ လူတစ်ယောက်အတွက် ဆန်းသစ်မှု တစ်ခုကို အမြဲပေးတတ်တယ်လို့ ကျွန်တော်ယုံကြည်မိတယ်။ ဆန်းသစ်မှု တစ်ခုစီတိုင်းက လူတစ် ယောက်ရဲ့ ခံစားချက်နဲ့ ဘဝ ရှင်သန်မှုကို လန်းဆန်းစေတတ်တယ် လို့ ကျွန်တော် ဖွင့်ဆိုခဲ့မယ်ဆိုရင် ကျွန်တော့်ကို ထောက်ခံကြမှာလား။ ငယ်ဟာ တကယ်တော့ ကျွန်တော့်အတွက် ဆန်းသစ်မှုနဲ့ ဆန်းကြယ်မှုတိုင်းကို ဖန်ဆင်းပေးနိုင်စွမ်းတဲ့ နတ်သမီး တစ်ပါးပါပဲ။

ငယ့်လက်သေးသေးလေးကို ဆုပ်ကိုင်ထားရင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်တူတူ အဲဒီ့တံတား လေးပေါ်ကနေ ဖြတ်လျှောက်ခဲ့ကြတယ်။ တံတားရဲ့ ဟိုးအောက်ဘက်မှာ ဖွေးဖွေးဖြူမြနေတဲ့ နှင်းတွေ ….
လေတစ်ချက် အဝှေ့မှာ အဆုပ်လိုက်ကျနေတဲ့ နှင်းဖွဲတစ်ချို့အကာအဆီးမရှိတဲ့ ဟင်းလင်းပြင် ထဲက ကျွန်တော်တို့ နှစ်ယောက်ဆီကို ပြေးလာကြိုကြတယ်။ သူတို့တွေ နှုတ်ဆက်တာက ချစ်ဖို့ ကောင်းလိုက်တာ။ ငယ့် ကို လှည့်ကြည့်တော့ ငယ့် မျက်တောင်မွှေး သေးသေး တိုတို လေးတွေပေါ်မှာ နှင်းမှုန်လေးတွေ တွယ်ကပ်နေကြတယ်။ ငယ်ကတော့ သတိထားမိမယ် မထင်ဘူး။ သူ နှင်းတြွေကားမှာ ပျော်နေတယ်လေ။ ငယ်နဲ့ တူတူ လှမ်းနေခဲ့တဲ့ ခြေလှမ်းတွေကို ကျွန်တော် ခဏရပ်လိုက်မိတော့ ငယ့် ခြေလှမ်းတွေလည်း တုန့်ခနဲ ရပ်သွားတယ်။

“ ကို ဘာဖြစ်လို့လဲ … ?? “

“ ငယ့်ကို ပြောစရာ တစ်ခုရှိလို့ …. “

“ ဘာပြောမလို့လဲ ကို … “

“ ငယ့်ကို အရမ်းချစ်တယ်လို့ ပြောမလို့ … “

ကျွန်တော့် ပတ်ဝန်းကျင်က ဟိုဒီပြေးလွှားနေခဲ့တဲ့ မိုးသားတိမ်တိုက်တွေ တခဏတာလာက် ရပ်တန့်သွားကြတယ် … ငယ့် နှုတ်ခမ်းပါးပေါ်မှာ မှေးစက်နားခိုချင်လို့ အပြေးအလွှား ပြေးဆင်းလာခဲ့ကြတဲ့ နှင်းစက်ပွင့်လေးတွေ သူတို့ရဲ့မျက်လုံးတစ်ဖက်ကို ခပ်လျော့လျော့ ထိုးပိတ်ပြီး နောက်ပြန်လှည့်ထွက် သွားခဲ့ကြတယ် … ငယ့် မျက်တောင်မွှေးလေးတွေပေါ်က နှင်းခဲလေးတွေ လည်း ကျွန်တော့်ကို ကြောက်လို့ ဟိုးအဝေးဆီကို ချက်ချင်းပြေးထွက် ရှောင်ပုန်းသွားကြတယ် ..
အရမ်းရှက်တတ်တဲ့ ကောင်မလေး တစ်ယောက်ကို နမ်းခဲ့ဖူးကြပါသလား … အနမ်းတစ်ခုရဲ့ သိမ်မွေ့မှုနဲ့ စွမ်းအားကိုရော သင်တို့ ခံစားခဲ့ကြဖူးပြီလား … အနမ်းဆိုတာ ကျွန်တော့်အတွက် တော့ ဘယ်စွမ်းအားနဲ့မှ အစားထိုးလို့ မရပဲ ငယ်တစ်ယောက်တည်း ပေးစွမ်းနိုင်တဲ့ အားဆေး တစ်ခွက်ပါပဲ။
ငယ် အရမ်းရှက်သွားတယ် ထင်ပါရဲ့။ သူ ကျွန်တော့် ဘေးနားကနေ ဟိုးတစ်နေရာကို ပြေးထွက် သွားခဲ့တယ် …

ငယ် ဘယ်ရောက်သွားတာလဲ ??

ကျွန်တော် ဘာသံမှ မကြားရတော့ ဘူး … ကျွန်တော့်ဘေးနားမှာ ငယ်လည်း မရှိတော့ဘူး …
ငယ် ဘယ်ကို ထွက်သွားတာလဲ ….

“ ကို …. “

“ ငယ် ဘယ်ကိုမှ ထွက်သွားတာ မဟုတ်ပါဘူး …. “

“ ကို့ ရင်ဘတ်ရဲ့ အနီးဆုံးတစ်နေရာမှာ ငယ် အမြဲတမ်း ရှိနေပါတယ်။ “

“ ကို ကြည့်ကြည့်လိုက်လေ …. “

ဘယ်ကရောက်လာခဲ့မှန်း မသိလိုက်တဲ့ ပါးလျညင်းသွဲ့လွန်းတဲ့ ငယ့် အသံ တိုးတိုးလေးကို ကျွန်တော် ကြားလိုက်ရတယ်။ အနွေးထည် အကျီင်္ရဲ့ ဇစ်ကို ခပ်ဖြည်းဖြည်း ဆွဲဟပြီး ကျွန်တော့် ရင်ဘတ်အပေါ်က အတွင်း အကျီင်္အိတ်ကို စမ်းကြည့်မိတယ်။ ငယ့်ဓာတ်ပုံသေးသေးလေး …. ငယ် ကျွန်တော့် ရင်ခွင်ထဲကို ပြေးဝင် သွားခဲ့တာပဲ။

ဟိုးခပ်ဝေးဝေး Church ကျောင်းက လာတဲ့ တီးလုံးသံ တစ်ချို့ ….
လက်ကနာရီကို ငဲ့ကြည့်လိုက်မိတော့  ….

" ငါ class နောက်ကျနေပါရောလား "

ငယ် ဒီစာက ကို မနက် ကို class သွားတက်တိုင်း ငယ့်အကြောင်းကို တွေးမိနေဖြစ်တာလေးကို သတိရလို့ ငယ်ဖတ်ရအောင် ရေးထားတာလေ။ ဒီစာလေးကို ကိုက ငယ့်ကို မွေးနေ့လက်ဆောင် အဖြစ် ပေးချင်တယ်။ ကိုက ငယ့်နားမှာ လောလောဆယ် မရှိတော့ ငယ်စိတ်ညစ်မှာ အားငယ်မှာ စိုးတယ်။ ငယ့်မွေးနေ့မှာ ကို ငယ့်ဘေးနားကို ရောက်မလာနိုင်ခဲ့ပေမယ့် ကို့စိတ်တွေက အမြဲငယ့်ဘေးနားမှာ ရှိနေမယ် ဆိုတာကို ငယ်ယုံပါ။ ငယ့်ကို နောက်တစ်ခုလည်း လက်ဆောင်ပေးချင်သေးတယ်။

ငယ့်ကို ကို အရမ်းချစ်တယ်။

မွေးနေ့ကနေစပြီး နောက်နှစ်ပေါင်း များစွာတိုင် အောင်မြင်ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ကိုယ်နဲ့တူတူ ဖန်တီးနိုင်ပြီး မိဘတွေကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ကိုဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင် ပါစေ။

၁. မေ. ၂၀၀၉။

Far Pavilions

တစ်ယောက်ကို ၅၀၀ မထည့်မနေရ ... မထည့်ရင် +^%#-@+

အတန်းခေါင်းဆောင် ပြောသော စကားသံ အဆုံးတွင် အတန်းတွင်း ကျောင်းသားများဆီမှ ဇာတ်တိုက်မထားသော စကားသံ တစ်ချို့ ခပ်
အဲ့အဲ့ တိုးထွက်လာကြသည်။

ဘာကြီးတုန်း ....




ဘာအတွက်လဲ ....

ဘာလုပ်မှာ မို့လို့လဲဟ ... +^%#-@+

သို့လော သို့လော အတွေးများ သူတို့အားလုံး၏ စိတ်ထဲတွင် တမဟုတ်ခြင်း ပြန့်နှံ့ သွားကြသည်။
( ၅၀၀ ) ဆိုသည်မှာ အမှန်တကယ်တော့ သူတို့ အားလုံးအတွက် အတော်ကလေး များပြားသော ပမာဏ ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် သူတို့အားလုံး၏ တစ်နေ့မုန့်ဖိုးငွေမှာ ၅ ကျပ် လျော့လျော့သာရသော ၆ တန်း ကျောင်းသား ကျောင်းသူများ
ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ ကျောင်းသားအားလုံး တိုးတိုးတိတ်တိတ် တမျိုး ကျယ်ကျယ်လောင်လောင် တစ်ဖုံ ကျပ် ၅၀၀ ၏
အရေးပါပုံ အကြောင်း နှုတ်ဖျားအသီးသီးတွင် စာစီကုံးနေကြသည်။

ဟဲ့ အဲဒီ အခန်းက ငါတို့ နောက်နှစ်ကနေစပြီး ဝင်ရတော့မှာ တဲ့ဟဲ့ .... သိလား ..
ဟုတ်လား ... နင် အဲဒါကို အရင်က သုံးဖူးလား ...
ဟင့်အင်း သုံးဖို့ ဝေးလို့ အပြင်မှာတောင် တစ်ခါမှ မမြင်ဖူးဘူး .... :D

ပတ်ဝန်းကျင် တစ်ခုလုံး ပြောဆိုနေကြသော ထို အကြောင်းအရာအား သူ စိတ်မဝင်စားမိသော်လည်း နားစွန်နားဖျား ရိုက်ခတ်လာတတ်သည့်
ခေါင်းစဉ်တစ်ချို့ကြောင့် သူ၏စိတ်အစဉ်မှာလည်း ထို အကြောင်းအရာ ဆီသို့သာလျှင် ရည်ရွယ်ချက် ရှိမထားဘဲ မျောလွင့်သွားခဲ့ရတော့သည်။

သြော် .... ဒါကြောင့်မို့လို့ ဒီ ပုပျက်ပျက် အဆောင်ကို ငါ ကျောင်းအဝင်ဝနားမှာ တွေ့တွေ့ နေရတာကိုး ....
ထိုအဆောင်လေးအား သူသတိထားမိနေသည်မှာ ကြာတော့ ကြာပြီ ဖြစ်သည်။ မှတ်မှတ် ရရ ပြောရလျှင် သူ ၅ တန်း နှစ် ထိုကျောင်းကို စရောက်
ကတည်းက ထို အဆောင်လေး ရှိရာနေရာအား အုတ်မြစ်ချ သယောင်ယောင် မြက်ရှင်းသယောင်ယောင် လုပ်နေခဲ့သည်ကို သူ သတိထားခဲ့မိသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ လုပ်နေကြသည်ကို ကလေးပီပီ သူလိုက်တွေးမကြည့်မိသော်လည်း ၂ လခြား တစ်ခါလောက် ထိုနေရာအား
ကျောင်းမှ လူတစ်ချို့မြက်လာလာ ရှင်းတတ်သောကြောင့် သူမျက်စိ စပါးမွှေးစူးနေမိခြင်း ဖြစ်သည်။ မည်သည့် အတွက်ကြောင့် သူ မျက်စိ စပါးမွှေး
စူးနေရပါသနည်း။ မရှက်တန်း ဝန်ခံရလျှင် သူ၏ ကျောင်းတွင် စာအသင်အပြ လွန်စွာကောင်း၍ ကျောင်းသားများ အပေါ်စေတနာ ပြည့်ဝသော
ဆရာဆရာမများ ရှိသော်လည်း သူ၏ကျောင်းသည် ကျောင်းအဂါင်္ရပ်နှင့် မညီညွတ်သေးသော ကျောင်းတစ်ကျောင်း ဖြစ်သည်ဟု သူထင်ပါသည်။

သူ၏ ကျောင်းတွင် ဘောလုံးကွင်း မရှိ၊ အားကစားကွင်း မရှိ၊ ပန်းခြံမရှိ ....
၁၀ စုနှစ်အတွင်း တစ်ခါမျှ သန့်ရှင်းရေး မရှိခဲ့သော မိန်းကလေး အိမ်သာ ၅ လုံး နှင့် ယောကျာင်္းလေး အိမ်သာ ၅ လုံး ....
မိုးရာသီများတွင်သာ ရေပြည့်တတ်သည့် သောက်ရေကန် တစ်ကန် ....
မိုးရွာလျှင် ဖိနပ်ချွတ် ခါးတောင်းကျိုက်၍ သွားရသော မုန့်ဈေးတန်း တစ်ခု ....
ကြယ် ၁၄ လုံး မတွေ့ရတော့သော အလံတိုင် တစ်ခု နှင့်
တိမ်ယံထက်သို့ လွင့်တက်တော့မည့် မြက်ပင်ရှည်များ .... ဤ လက္ခဏာရပ်များသည် သူရှိနေသော ကျောင်း၏ ဂုဏ်အဂါင်္ ရပ်တစ်ချို့ ဖြစ်ပါသည်။
သူ့ကျောင်းတွင် ကျောင်းနှင့် မညီညွတ်လှသော အဆင်တန်ဆာများ မြောက်များလှစွာ ရှိလှသော်လည်း ထိုလူတစ်ချို့ ထိုနေရာလေးကိုပင် မည်သည့်
အတွက်ကြောင့် အစဉ်သဖြင့် သန့်ရှင်းရေး လုပ်နေကြပါသနည်း။ ထို့ကြောင့်လည်း သူ မျက်စိပါးမွှေးစူး နေမိခြင်း ဖြစ်သည်။ စဉ်းစားကြည့်သော်လည်း
ဉာဏ်မမှီခဲ့သည့် အဖြေအား သူယခု သိခဲ့ရပြီ ဖြစ်သည်။ ၅၀၀ ဆိုသော အသိကြောင့် သူ့အိမ် အခြေအနေနှင့် စိတ်ထဲ အနဲငယ် ငြိှုးနွမ်းသွားသော်လည်း
ရင်ထဲမှာတော့ အမျိုးအမည်မသိသော ခံစားချက် တစ်ခုကြောင့် လှုပ်ခတ် ရွှင်မြူးသွားခဲ့သည်။

ရိုးသားစွာ ဝန်ခံရမည်ဆိုလျှင် ထိုအရာအား သူ ကြည့်ခဲ့ဖူးသော တီဗွီ အစီအစဉ် တစ်ချို့တွင်သာ ယောင်ဝါးဝါး တွေ့ခဲ့ရဖူးသော်လည်း
တစ်သက်နဲ့ တစ်ကိုယ် အနီးကပ် သူ မမြင်ဖူးခဲ့ပါ
ဘယ်လိုကြီးများပါလိမ့် ...
ပြားပြားကြီးကြီးလား .... ချွန်တွန်တွန် ကြီးကြား ....
သူများတွေ ပြောသံကြားတာတော့ လုံးတုံးတုံးကြီးတဲ့ ....

သူ့ အတွေးကမ္ဘာတွင် မျိုးစုံပုံဖော်ကြည့်ရင်း စာသင်ခန်း ပြူတင်းပေါက်မှ တစ်ဆင့် လှမ်းမျှော်ကြည့်မိတော့ သူမနက်တိုင်းတွေ့နေကျထက်
အောက်ခြေမှ ၃ ပေခန့်မြင့်တက် လာပြီဟု ထင်ရသည့် ပုပျက်ပျက် အုတ်စီ အဆောင်လေးအား ဝိုးတဝါး လှမ်းမြင်တွေ့ရသည်။
ပတ်ပတ်လည်တွင်တော့ ဟိုးအရင် အခြေအနေများနှင့် မည်ကဲ့သို့မျှ ထူးခြားမလာသေးသည့် ဝေဆာမြင့်မား မြက်ပင်ရှည်များ ....

အားလုံးမတ်တပ်ရပ် ဆရာမကို နှုတ်ဆက် ...
အတန်းခေါင်းဆောင်၏ ဆော်သြော်သံကြောင့် သူ့ အတွေးစများ ပြတ်တောက် လွင့်စင်သွားခဲ့သည်.... ဆရာမ အခန်းထဲ ဝင်ရောက်လာပြီ ဖြစ်သည် ..
မင်္ဂလာပါ ဆရာမ ...
မင်္ဂလာပါ တပည့်တို့ ... ထိုင်ကြပါ။
ကျေးဇူးတင်ပါတယ် ဆရာမ ...

-------------------- ။ --------------------

ဖြတ်သန်းခဲ့သော ဘဝတစ်ခု၏ နေရက်ပေါင်း မြောက်များစွာ ထဲမှ သူ့အတွက် အမြဲအမှတ်တရ ရှိနေမည့် နေ့ရက်တစ်ခုအား နောက်တစ်ကြိမ် ပြန်လည်
မှန်းဆကြည့်မည်ဆိုလျှင် ထိုနေ့သည်လည်း သူ့ဘဝ၏ အမှတ်အရဆုံးနေ့များထဲမှ တစ်ရက် ဖြစ်လေသည်။ မနက်က ( ၁၀ ) တန်း အောင်စာရင်း ထွက်သည်။
တစ်ညလုံး သူ့မိခင် အိပ်မပျော်။ သူ့ကို ၁၀ တန်း အလွန်အောင်စေချင်လှသည် ထင်၏။ ည ၁၂ နာရီ ကျော်ကျော်ကတည်းက အောင်စာရင်း သွားစောင့်ရန်
သူ့ကို အတင်းတိုက်တွန်း နေသော်လည်း သူကတော့ သွားမကြည့်ချင်ပါ။ စာမေးပွဲ အောင်ခြင်း မအောင်ခြင်းအား သူစိတ်မဝင်စားပါ။ အောင်ခဲ့လျှင်
နောက်တစ်တန်း တက်ရမည်။ မအောင်လျှင်ရော .. မအောင်လျှင်လည်း သရေဟုပဲ သူထင်သည်။ ကိုယ့်ကိုယ်ကို စာမေးပွဲကျတယ် ဟူ၍တော့
သူဘယ်တော့မှ မြင်လိမ့်မည် မဟုတ်။ ၁၀ တန်းကျ၍ ၉ တန်းရောက်သွားသည် ဆိုသည်ကို သူတစ်ခါမှ မကြားခဲ့ဖူး။ အလွန်ဆုံး စာမေးပွဲ မအောင်
ခဲ့လျှင်လည်း သူ့အတွက်တော့ သရေပဲ ဖြစ်သည်။ ၁၀ တန်းက ၁၀ တန်း။ တစ်တန်းလျော့ မသွား။ တစ်ညလုံး ကောင်းကောင်းအိပ်၍ မနက် ၅ နာရီမှ
အောင်စာရင်း သွားကြည့်ခဲ့သည်။ သူ သရေ မကျခဲ့ပါ။

၂ ဘာသာဟေ့
၃ ဘာသာကွ ....
ငါတော့ ဒီနှစ်လည်း လစ်ပြန်ပြီကွာ ....
ငါ့ ခုံနံပါတ်နားကျမှ တစ်ခုကျော်သွားတာကွ .... စာရိုက်တဲ့သူကလည်း ဒီခုံနံပါတ်မှ မေ့ကျန်ခဲ့ရတယ်လို့ကွာ....
အဟင့်ဟင့် ...
မငိုပါနဲ့ သမီးရယ် နောက်ထပ်အချိန်တွေ အများကြီး ကျန်ပါသေးတယ် .... နောက်တစ်နှစ်ပေါ့
တော်ပြီကွာ ဒီနှစ်ကတော့ နောက်ဆုံးပဲ နောက်ဘယ်တော့မှ မဖြေတော့ဘူး ...

စကားသံပေါင်း မြောက်များစွာ သူကျော်လွန်ခဲ့ပြီး ဤကျောင်းနှင့်အတူ သူဖြတ်သန်းခဲ့သည့် လွန်ခဲ့သည့် ၆ နှစ်တာ ကာလအား ပြန်လည် မြင်ယောင်
ကြည့်မိရင်း တစ်နေရာသို့ အရောက် ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာသော သူ၏ ခြေလှမ်းများ ခေတ္တရပ်တန့်လိုက်မိသည်။ သူ့ရှေ့တည့်တည့်တွင်
လွန်ခဲ့သည့် ၆ နှစ်တာ ကာလတစ်လျှောက်လုံး သူ သတိထားနေမိခဲ့သည့် ပုပျက်ပျက် အဆောင်လေး။ စာသင်ခန်း ပြူတင်းပေါက်မှ လှမ်းကြည့်မိတိုင်း
၃ ပေထက် ပိုမမြင့်ခဲ့သည့် အဆောက်အအုံလေး ယခု ရုပ်လုံးပေါ်ခဲ့သည်မှာ ၅ နှစ်ကျော်ကြာခဲ့ပြီ။ ကျောင်းသားတစ်ယောက်အဖြစ် နောက်တစ်
ကြိမ် ပတ်သတ်ခွင့် မရတော့သော နောက်ဆုံးနှုတ်ဆက်မှု အဖြစ် သူ့ရင်ထဲမှ အနှစ်နှစ်အလလ မျိုသိပ်ထားခဲ့သော ဆန္ဒတစ်ခုအား အကောင်အထည်
ဖော်ရန် ဆုံးဖြတ်ခဲ့မိသည်။

အဆောင်တည်ရှိရာ ရှေ့မျက်နှာစာထဲမှ လှေကားထစ်သုံးခုအား သူလှမ်းတက်ခဲ့မိပြီး နောက် ...
သူအနှစ်နှစ်အလလ တွေ့ဖူးချင်ခဲ့မိသော အရာ ...
သူ ဤ အခန်းထဲမှာ ရှိနေသည့် ထိုအရာအား ကြည့်ချင်နေမိခဲ့သည်လေ။
လေအဝှေ့တွင် မျောပါလာသော သစ်ရွက်ခြောက် တစ်ချို့နှင့် ခပ်လျော့လျော့ ဖုန်သင်းနံ့ တစ်ချို့ သူ့ရှေ့မှ ဒရောသောပါးဖြတ်ပြေးသွားကြသည်။
အခန်းတံခါးဝ အရောက်တွင်တော့ သူ အရင် ၅ နှစ်တာကာလက တွေ့နေကျအတိုင်း ဖုန်တက်နေသော သော့ နှစ်ထပ်ကွမ်း။
မျှော်လင့်ချက်မဲ့သွားခဲ့သော်လည်း သူအားမလျော့ချင်သေးပါ။

ပြူတင်းပေါက်များ ....
ဟုတ်တယ် တံခါးတွေဖွင့်မထားပေမယ့် အထဲကို မြင်နိုင်ရလောက်တဲ့ မှန်ပြူတင်းတံခါးတွေ ရှိနေသေးတယ်လေ။ သူ့ခြေထောက်များအား ပင့်ထောက်
၍ ပြူတင်းတံခါးမှ တစ်ဆင့် ......

ဟဲ့ကောင်လေး .. ဒီမှာ ဘာလာလုပ်နေတာလဲ ...
သြော် ဟို ဟို ....
သွားသွား ... ဘာမှ အကြောင်းကိစ္စမရှိပဲ နဲ့ ဒီနားမှာ လာနေမနေနဲ့ ကြားလား။ ဒီ အထဲမှာက တန်ဖိုးကြီး ပစ္စည်းတွေ ချည်းပဲ။ တစ်ခုခု ဖြစ်သွား
လို့ မဖြစ်ဘူးသဘောပေါက်လား။

ခင်းကျင်းပြသခွင့် မရတော့သော တန်ဖိုးကြီး ပန်းချီကားတစ်ချပ်ကဲ့သို့ သူ၏ မျှော်လင့်ချက်များအား ပြန်လည်သိမ်းဆည်း၍ လှေကားထစ်များ
အား ဒုတိယအကြိမ် သူ နင်းဖြတ်ခဲ့လိုက်သည်။

ငါတို့ နောက်နှစ်က စပြီး ဒီအခန်းထဲမှာ လက်တွေ့ လာသင်ရတော့မှာတဲ့။
ဟုတ်လို့လား ဟယ် .... နင်ကလဲ !
...................................

သူ၏ နားသို့ အမှတ်မထင် တိုးဝင်လာသည့် ကျောင်းသူနှစ်ဦး၏ စကားသံနှင့်အတူ သူတို့ မျက်ဝန်းထောင့်စွန်းများ ရွေ့လျားသွားရာ ထိုအခန်း၏
ခေါင်းစီးဆီသို့ သူ နောက်ဆုံးအကြိမ် နှုတ်ဆက် ငဲ့ကြည့်မိလိုက်သည်။
" Multimedia classroom "

Believe in Love

သူငါ့ကို တကယ်ရော ချစ်ရဲ့လား .. ?? သူတကယ် ချစ်လာအောင်ရော ငါစွမ်းဆောင်နိုင်ပါ့မလား .. သူငါ့ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ ?? သူတကယ် ချစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးမျိုးတွေဟာ ချစ်သူနှစ်ယောက်ရဲ့ကြားမှာ မကြာခဏ တွေးနေမိတတ်တဲ့ အကြောင်းအရာ တွေပေါ့။

ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ချစ်သူတွေက ကျွန်တော်တို့ကို တကယ်ချစ်တတ် လာအောင် တန်ဖိုးထားတတ်လာအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ?? အပေါ်မှာ ရေးပြထားခဲ့သလို တန်ဖိုးမရှိတဲ့ အကြောင်း အရာတွေ ကိုတောင်စဉ်ရေ မရ လျှောက်တွေးပြီး ကျွန်တော်တို့ အဖြေထုတ်နေကြမှာလား။ တကယ်တော့ ကိုယ်ချစ်တဲ့ လူတစ်ယောက် ကိုယ့်ကို တန်ဖိုးထားချစ်တတ်လာအောင် စွမ်းဆောင်နိုင်ဖို့ဆိုတာ သိပ်ကြီးကျယ်ခက်ခဲလှတဲ့ ကိစ္စရပ်ကြီး တစ်ခုတော့ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော်တို့ အချက်တစ်ချက်တည်း အပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင် ကြည့်လို့ရပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ကျွန်တော့်ကို ဒီလိုပြောပြပါတယ်။

စတိဗ်ဘလပ်စ် ( Steve Blass ) ဟာ ၁၉၇၂ ခုနှစ်က အမေရိကန်နိုင်ငံ မှာ အဓိကကျတဲ့ ဘေ့စ် ဘော အသင်းကြီးတစ်ခုရဲ့ ဘောလုံးပစ် အကျော်အမော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တကယ်ဆိုရရင် သူဟာ အကောင်းဆုံး ဘောလုံးပစ်သူစာရင်းထဲမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်လောက် ကစားပြီးတဲ့နောက်မှာ သူဟာ ဘေ့စ်ဘောလောက ကနေ ကျောခိုင်းခဲ့ပါတယ်။ ဘာလို့များလဲ။ သူအနာတရ ဖြစ်သွားလို့လား။ မဟုတ်ပါဘူး။ ဒါမှ မဟုတ်ရင် တစ်စုံတစ်ခု အပြောင်းအလဲများ ရှိသွားလို့လား။
အဲဒါတော့ ဟုတ်ပါတယ်။ တစ်စုံတစ်ခု အပြောင်းအလဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါ ဘူး။ စတိဗ် ဘလပ်စ် ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုပဲ ဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ မယုံကြည် တော့ပါဘူး။ " ယုံကြည်မှု ဆိုတာ ထွက်ခွာသွားပြီဆိုရင် အပြီးအပိုင် ထွက်သွားတော့တာပဲ " လို့ ဘလပ်စ်က ပြောခဲ့ပါတယ်။ သူဟာ အဲဒီ့အကြောင်းကို စတွေးမိကတည်းက ဘေ့စ်ဘော ကစားတဲ့ အခါမှာ တလွဲတချော် ဖြစ်နိုင်တဲ့ အကြောင်းတွေကို သာစတင်စဉ်းစား မိလာခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူစဉ်းစားနေမိတဲ့ တလွဲတချော် ကိစ္စရပ်တွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒါကြောင့်မို့လို့ပဲ ဘလပ်စ်ဟာ သူ့ကိုယ်သူ အတော်ဆုံး ဘောလုံးပစ်သမားတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိလာခဲ့တယ်။ သူ့အထင်တွေအတိုင်းပဲ လက်တွေ့မှာလည်း တကယ်ဖြစ်လာခဲ့တယ်။ အခုဆိုရင် သူဟာ အတော်ဆုံး ဘောလုံး ပစ်သမား တစ်ယောက် မဟုတ်တော့ပါဘူး။ .........
ကျွန်တော်ပြောပြချင်တာက ဒီ ဥပမာလေးထဲက အတိုင်းပါပဲ။ ကျွန်တော်တို့ ချစ်သူတွေ ကျွန်တော် တို့ကို တကယ်ချစ်လာစေချင်ပြီ ဆိုရင် ကျွန်တော်တို့အတွက် ပထမဆုံး လိုအပ်တာက ဘာလဲ။ သိပ်များများစားစားကြီး မဟုတ်ပါဘူး။ ယုံကြည်မှု တစ်ခုတည်း ပါပဲ။ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုသလို၊ ကိုယ့်ချစ်သူအပေါ်မှာလည်း သူ့ကို ယုံကြည်မှုရှိဖို့ သိပ်လိုအပ်ပါတယ်။ ချစ်သူ နှစ်ယောက် ကြားမှာ ဘာကို ယုံကြည်မှု ရှိရမှာလဲ .. ဒါကမေးစရာ ရှိလာပါပြီ။ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ အချစ်ကိုယ်စီကို ယုံကြည်မှု ရှိကြဖို့ပါ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာင်္းလေးပဲ ဖြစ်ဖြစ် တစ်ဖက်သား ရဲ့ အချစ်ကို အရေးတကြီး လိုအပ်နေပြီလား .. ဒါဆိုရင် ကိုယ့်အချစ်ကိုကိုယ် တခဏတာ လောက်တော့ ပြန်စမ်းစစ် ကြည့်မိဖို့ လိုပါတယ်။ ငါသူ့ကို တကယ်ချစ်တာ သေချာပြီလားလို့။ သေချာပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အချစ်ကို ကျွန်တော်တို့ ယုံကြည်လို့ ရပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အချစ်ဆိုတာ တစ်ဖက်သားက ကိုယ်ချစ်တာကို ယုံကြည်လာဖို့အတွက် အနီးစပ်ဆုံးခြေလှမ်းတစ်ခု ကို အစပျိုးလိုက်တာပါပဲ။

ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်လို့ စိတ်ထဲကနေ ထင်လာတော့မှ တကယ်လုပ်နိုင် လာတတ်ကြပါတယ်။ ရှေးသူဟောင်းတို့ရဲ့ အဆိုအမိန့်တစ်ခုကို ကြားခဲ့ဘူးပါတယ်။ " သင်သည် သင်လုပ်နိုင်သည်ဟု ယုံကြည်ခဲ့သော် တကယ်ပင်လုပ်နိုင်လိမ့်မည် ဖြစ်ပြီး၊ မလုပ်နိုင်ဟု ယုံကြည်ခဲ့သော် တကယ်ပင် မလုပ်နိုင်မှာ သေချာပါသည်။ " တဲ့။ အဲတော့ .... ကျွန်တော်တို့ တွေအားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနဲ့ ကိုယ့်ချစ်သူ ကိုယ့်အိမ်ထောင်ဖက် အားလုံးကို သစ္စာမဖောက်ဖျက်ပဲ မြတ်နိုးကြရအောင်။ ငါတကယ်ချစ်ခဲ့တာလည်း သူတစ်ယောက်တည်းပဲ၊ အဲဒါကြောင့်မို့လို့ သူတကယ်ချစ်တတ်လာအောင် စွမ်းဆောင်နိုင်တဲ့ သူဆိုတာလည်း ငါတစ်ယောက်တည်းပဲ လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ပါ။ ဒါဆို ကျွန်တော်တို့ မျှော်လင့်နေကြတဲ့ သူတို့တွေရဲ့ အချစ်ဆိုတာကလည်း ကျွန်တော်တို့ အတွက် ကလွဲရင် ဘယ်သူတွေအတွက် ဖြစ်နိုင်ဦးမှာ မို့လို့လဲ။

ဒီစာလေးက တစ်ခါတစ်လေမှာ ကျွန်တော့်ကို စိတ်မချဖြစ်တတ်တဲ့ ကျွန်တော့်ချစ်သူ ငယ့်အတွက်ပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ သူ့ကို ချစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ဆီက ကျွန်တော်တမ်းတတဲ့ အချစ်ကိုလည်း ပြန်ရခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီစာလေးကိုဖတ်ပြီးရင် ငယ်လည်း ယုံကြည်မှုနဲ့ အတူချစ်တတ်တဲ့ သူတစ်ယောက် ဖြစ်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

ဒီစာလေးကို ရေးဖို့အတွက် David Niven Ph.D နဲ့ ဒေါက်တာ ကျော်စိန် တို့ ရေးသားခဲ့တဲ့ The 100 Simple Secrets of Happy People စာအုပ်ကို မှီငြမ်းခဲ့ပါတယ်။

Selection songs - Yay Bacca Win

A Silent Love

ဟိုး အစောကြီးကတည်းက ကျွန်မရဲ့ မိဘတွေက ကျွန်မကို မောင်နဲ့ မပတ်သတ် မဆက်ဆံဖို့ တင်းတင်းကျပ်ကျပ် ကန့်ကွက်ခဲ့ကြပါတယ်။ မောင့်ရဲ့ မိသားစုအခြေအနေ အလုံးစုံကို သိထားခဲ့ကြပြီ မို့လို့ တကယ်လို့သာ ကျွန်မ မောင်နဲ့လက်ထပ် ဖို့ဆုံးဖြတ် လိုက်ပြီဆိုရင် ကျွန်မ ဘဝတစ်သက်တာလုံး ဘယ်တော့မှ စိတ်ချမ်းသာစရာဆိုတာ ရှိလာမှာ မဟုတ်တော့ဘူးလို့လည်း သူ တို့တွေက ပြောခဲ့ကြပါတယ်။


မိသားစုက ပေးတဲ့ ဖိအားတွေကြောင့် ကျွန်မတို့ ချစ်သူနှစ်ယောက်လည်း အခုနောက်ပိုင်း တွေ ဆိုရင် မကြာခဏဆိုသလို ခဏခဏ ပြဿနာ ဖြစ်တတ်လာကြတယ်။ ကျွန်မ မောင့်ကို လေးလေးနက်နက် ချစ်ခဲ့တယ် ဆိုတာမှန်ပေမယ့် မောင်နဲ့တွေ့တိုင်း မောင် ကျွန်မကို တကယ် လေးလေးနက်နက် ချစ်တာရော ဟုတ်ရဲ့လားလို့ ခဏခဏ မေးနေမိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မေးခွန်းတွေအတွက် မောင့်ဆီမှာ လှပတဲ့ စကားလုံးတွေ မရှိခဲ့ပါဘူး။ အဲဒါမျိုးတွေ က တစ်ခါတစ်ခါကျရင် ကျွန်မကို သိပ်စိတ်ပျက်စေတာပဲ။ ကျွန်မ မိဘကပေးတဲ့ ဖိအားတွေ ရယ်၊မောင့်ရဲ့ အဲဒီလို အပြုအမူတွေရယ်ကြောင့် ကျွန်မရဲ့ ဒေါသတွေကို မောင့်အပေါ် ခဏခဏ ပုံချမိခဲ့တယ်။ မောင်ကတော့ အရင်လိုပါပဲ ... ကျွန်မပြောသမျှကို နှုတ်ဆိတ်ခေါင်းငုံပြီး သည်းခံနေခဲ့တာပဲ။

အဲဒီလိုနဲ့ ( ၂ ) နှစ်လောက်ကြာခဲ့ပြီးတော့ နောက်ဆုံး ... မောင် ဘွဲ့ရခဲ့တယ်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြီး နောက်ထပ်ဘွဲ့တစ်ခုယူဖို့ သူ ဆုံးဖြတ်ခဲ့တယ်တဲ့လေ။ မောင် ကျွန်မဘေးနားက ထွက်မသွားခင် မောင် ပြောခဲ့တဲ့ စကားတွေကို ကျွန်မ အခုထိ အမှတ်ရနေမိသေးတယ်။

ငါ့ကိုယ်ငါ စကားပြော မကောင်းမှန်း ငါသိပါတယ်ဟာ ... ဒါပေမယ့် ငါ့စိတ်ထဲမှာ သေသေချာချာ သိနေတာ တစ်ခုက နင့်ကို တကယ်ချစ်တယ်ဆိုတာပါ ... တကယ်လို့ နင်ခွင့်ပြုနိုင်မယ်ဆိုရင် နင့် ဘဝတစ်ခုလုံးကို ငါစောင့်ရှောက်ခွင့်ရပါရစေလား .... နင့်ရဲ့ မိဘနဲ့ အသိုင်းအဝိုင်းတွေ အတွက် တော့ ငါ့ဘက်က အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုးစားပြီး ရင်ဆိုင်ကြည့်ပါ့မယ်။ နင် ငါ့ကို လက်ထပ် ခွင့်ပြုနိုင်မလား ဟင်.... တဲ့။

မောင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကျွန်မ မောင့်ကို လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။ ကျွန်မရဲ့ မိဘတွေဘက်ကလည်း ကျွန်မတို့နှစ်ယောက်ရဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို မကန့်ကွက်ချင်ကြ တော့လို့ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့ကိစ္စကို သဘောတူခဲ့ကြပါတယ်။ အဲဒါကြောင့်မို့လို့ မောင် ထွက်မသွားခင် သူတို့ ကျွန်မတို့ နှစ်ယောက်ကို စေ့စပ်ပေးဖြစ်ခဲ့ကြတယ်။

မောင် နိုင်ငံခြားကို ရောက်နေတဲ့ အချိန်မှာ ကျွန်မလည်း ကျွန်မရဲ့ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားဖြစ်ခဲ့ တယ်။ အီမေးလ်တွေ ၊ ဖုန်းတွေကနေတစ်ဆင့် ကျွန်မတို့ နှစ်ယောက် ..... တစ်ယောက်ရဲ့ ရင်ခုန်သံကို တစ်ယောက်နားထောင်ရင်းနဲ့ အချစ်ဆိုတာကို အသက်သွင်းခဲ့ကြတယ်။ ဒီအခြေ အနေက ကျွန်မတို့ နှစ်ယောက်အတွက် သိပ်ခက်ခဲမှန်း ကျွန်မတို့သိပါတယ်။ ဘယ်ချစ်သူ မဆို ကိုယ့်ချစ်ရတဲ့သူကို ဘေးနားမှာ ရှိစေချင်ကြတဲ့ သူချည်းပဲလေ။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်လုံး ဒီအခြေအနေကို ဘယ်တော့မှ အရှုံးမပေး ခဲ့ကြပါဘူး။

ကံကြမ္မာဆိုတာ တစ်ခါတစ်ခါကျရင် သိပ်ကို ဆန်းကြယ်လွန်းလှပါတယ်။ အဲဒီ့ကံကြမ္မာက တစ်ခါ တစ်လေကျရင် ကျွန်မ မျှော်လင့်ထားတာတွေထဲက နဲနဲပါးပါးကို ကျွန်မဆီ ယူလာတတ်ပေမယ့် အကြိမ်တော်တော်များများမှာတော့ ကျွန်မလုံးဝမျှော်လင့်မထားတာတွေကို တစ်နင့်တစ်ပိုး ယူလာတတ်ပြန်သေးတယ်။ ကျွန်မတစ်သက်မှာ တစ်ခါမှ မျှော်လင့်မထားခဲ့ဘူးတဲ့ ကံကြမ္မာဆိုးတစ်ခု အဲဒီ့နေ့က ကျွန်မဆီရောက်လာခဲ့တယ်။ ကျွန်မ ရုံးကိုသွားတဲ့ လမ်းမှာပေါ့။ ထိန်းချုပ်မှု နဲ့ ဦးတည်ရာဆိုတာကို လမ်းပြရဲတစ်ယောက်ရဲ့ မျက်စိအောက်ကို ရောက်မှ နားလည်တတ်တဲ့ ... လူတစ်ယောက်ရဲ့ ကားတစ်စီးကြောင့် ကျွန်မဘဝတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရတယ်။ ကျွန်မသတိရလာတော့ ဆေးရုံပေါ်မှာ။ကျွန်မကုတင်ဘေးနားမှာ ကျွန်မရဲ့ မိဘတွေကို ကျွန်မမြင် နေရတယ်။ ကျွန်မကိုယ် ကျွန်မ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီဆိုတာ ကျွန်မသိလိုက်ပါပြီ။ ကျွန်မ မေမေကျနေတဲ့ မျက်ရည်တွေကို ကျွန်မကြည့်ပြီး ... ကျွန်မလေ ... မေမေ့ကို နှစ်သိမ့်ပေးချင်လိုက်တာ။ ကျွန်မပါးစပ်က မေမေ့ကို နှစ်သိမ့်ဖို့ စကားပြောလိုက် မိတယ်လို့ ကျွန်မထင်ပေမယ့် တကယ်တော့ ဘာစကားသံမှ ထွက်မလာဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ တကယ်တော့ ကျွန်မပါးစပ်က ထွက်သွားတာ ကျွန်မစကားပြောနေတယ်ဆိုတာကို သိသာစေယုံ သင်္ကေတ လောက်တင်ပါပဲ ..........

ကျွန်မရဲ့ အသံတွေ ကွယ်ပျောက်ခဲ့ပြီလေ။ ............

ခေါင်းကို ထိရိုက်ခဲ့တဲ့ ပြင်းထန်တဲ့ ထိခိုက်မှုကနေတစ်ဆင့် ကျွန်မစကားသံတွေ ကွယ်ပျောက် သွားခဲ့တာလို့ ဆရာဝန်က ပြောပြခဲ့ပါတယ်။ ဖေဖေ နဲ့ မေမေပြောနေတဲ့ နှစ်သိမ့်အားပေးစကား တွေ ကျွန်မကြားနေရပေမယ့် ကျွန်မအတွက်တော့ ဘာမှ ထူးခြားမလာတော့ပါဘူး။ ကျွန်မ ဘဝက သေဆုံးခဲ့ပြီလေ။ ...........

ဆေးရုံမှာ နေနေရတဲ့ အချိန်တိုင်းမှာ ကျွန်မဘေးနားမှာ အမြဲလိုလိုရှိနေတာကတော့ အသံမထွက်ကြတော့တဲ့ ရိှုက်ငိုသံတွေနဲ့ လူတချို့ရဲ့ ဂရုဏာမျက်ဝန်းတွေပါပဲ။ စက္ကန့် တိုင်း စက္ကန့်တိုင်းမှာ ဒီ ရိှုက်သံတွေနဲ့ပဲ ကျွန်မ အဖော်ပြုနေခဲ့ရတယ်။ ဆေးရုံကဆင်းပြီး အိမ်ကို ပြန်ရောက်လာခဲ့ပေမယ့် အရာအားလုံးက ကျွန်မအတွက်တော့ အရင်တုန်းကလိုပါပဲ။ တယ်လီဖုန်းသံတစ်ခုက လွဲရင်ပေါ့။ ဖုန်းသံတစ်ချက် မြည်လိုက်တိုင်းမှာ ကျွန်မရဲ့ နှလုံးသားတွေ အစိတ်စိတ်အမွှာ ကြေမွကွဲထွက်သွားသလို ကျွန်မ ခံစားရတယ်။ ကျွန်မရဲ့ အခြေအနေအမှန်ကို ကျွန်မ မောင့်ကို မသိစေချင်ပါဘူး။ မောင့်အတွက် ကျွန်မ ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေချင်ဘူးလေ။ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချပြီး မောင့်ဆီကို စာတစ်စောင်ရေးဖြစ်ခဲ့တယ်။

ကျွန်မ သူ့ ကို နောက်ထပ် ထပ်ပြီး အကြာကြီး မစောင့်နိုင်တော့ဘူးလို့ .... ။

မောင်ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ကို ကျွန်မ မောင့် ဆီကို ပြန်ပို့ပေးခဲ့ပါတယ်။ ကျွန်မလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်ရဲ့ အကျိုးရလဒ် အဖြစ် မောင့်ဆီက အရေမတွက်နိုင်တဲ့ ပြန်စာတွေနဲ့ တယ်လီဖုန်းသံတွေ ကြားခဲ့ရတယ်။ ဒါပေမယ့် ကျွန်မဘာတတ်နိုင်တော့မှာလဲ .... ငိုရမယ် ...

ငိုပြီးလည်း ထပ်ငိုရဦးမယ် ...

ကျွန်မတတ်နိုင်တာ မျက်ရည်တွေပဲ ကျန်တော့တယ်လေ။ ...

ကျွန်မ အရာအားလုံးကို မေ့ပျောက်ပြီး ပြန်လည်ပျော်ရွှင်လာဖို့အတွက် ကျွန်မရဲ့ မိဘတွေက နေရာသစ်တစ်ခုကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နေရာသစ်မှာ ကျွန်မအတွက် အသံမဲ့ ဘာသာစကားကို ကျွန်မသင်ကြားခဲ့ပြီး ကျွန်မရဲ့ ဘဝသစ်ကို ကျွန်မ အစပျိုးခဲ့တယ်။ အဲဒီ့ရက်တွေတိုင်းမှာ တစ်နေ့ကျရင်တော့ မောင့်ကိုမေ့သွားမှာပါလို့ ကျွန်မကိုယ်ကျွန်မ အထပ်ထပ် ပြန်ပြောနေရင်းနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်မရဲ့ သူငယ်ချင်းတွေ ကျွန်မဆီရောက်လာကြပြီး မောင် ပြန်ရောက်နေပြီလို့ ကျွန်မကို ပြောပြကြတယ်။ ကျွန်မ ဘာဖြစ်ခဲ့တယ်ဆိုတာ မောင့် ကို လုံးဝမပြောပြကြဖို့ သူငယ်ချင်းတွေကို ကျွန်မပြောထားခဲ့ပြီးသားလေ။ အဲဒါကြောင့်မို့လို့ သူ့အကြောင်းတွေကိုလည်း ကျွန်မသိဖို့ မလိုတော့ပါဘူး။

နောက်ထပ် တစ်နှစ်လောက်ကြာပြီးတော့ ကျွန်မရဲ့ သူငယ်ချင်းတွေ ကျွန်မဆီ နောက်တစ် ခေါက် ထပ်ရောက်လာကြပြန်တယ်။ စာအိတ်လေးတစ်အိတ်နဲ့ တူတူပေါ့။ စာအိတ်လေးထဲမှာ ပါလာတာကတော့ မောင့်ရဲ့ လက်ထပ်ပွဲအတွက် ဖိတ်စာပါပဲ။

ကျွန်မရင်တစ်ခုလုံး တစ်စစီ လွင့်စင်ကြေမွ သွားရတော့မလိုပါပဲ။ ဖိတ်စာစာရွက်ကို ကျွန်မ ဖွင့်ကြည့်လိုက်တော့ ကျွန်မလုံးဝမျှော်လင့် မထားခဲ့မိတဲ့ နာမည်တစ်ခု။ သတို့သမီး နေရာမှာ ...............

ကျွန်မ နာမည်ပါလား။

ဘာတွေဘယ်လို ဖြစ်ကုန်ကြတာလဲ။ သူငယ်ချင်းတွေကို မေးဖို့ ခေါင်းမော့ကြည့်လိုက်မိတဲ့ အချိန်မှာတော့ ကျွန်မသူငယ်ချင်းတွေ မရှိကြတော့ပါဘူး။သူတို့တွေရဲ့နေရာမှာ ကျွန်မအနှစ်နှစ်အလလက စောင့်မျှော်နေခဲ့ရတဲ့ ကျွန်မချစ်ရတဲ့ သူ။ ကျွန်မရဲ့ ချစ်သူ။ မောင် ကျွန်မ ရှေ့မှာ ရောက်နေပြီလေ။ စကားမပြောနိုင်ကြတဲ့ လူအချင်းချင်းသာ မှာသာသုံးကြတဲ့ အသံမဲ့ ဘာသာစကားလို့ ခေါ်တဲ့ လက်ချောင်းလေးတွေကနေပြောတဲ့ စကားပြောနည်းကို သုံးပြီး မောင် ကျွန်မကို စကားတွေပြောပြတယ်။

ငါ ဒီအသံမဲ့ ဘာသာစကားပြောနည်းကို တတ်ဖို့ တစ်နှစ်လောက် အချိန်ပေးနေခဲ့ရလို့ပါ။ ပြီးတော့ ငါတို့နှစ်ယောက် လက်ထပ်ဖို့ ကတိထားခဲ့ကြတာကို ငါဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးဆိုတာ နင့်ကို သိစေချင်တယ်။ ခွင့်ပြုနိုင်မယ်ဆိုရင် နင့်ရဲ့ ပျောက်ဆုံးသွားတဲ့ စကားသံတွေရဲ့ နေရာမှာ ငါရပ်တည်ပေးပါရစေ။ နင့်ကိုငါ အရမ်းချစ်ပါတယ် ...... တဲ့။

ကျွန်မ ရပ်တည်နေတာ ပစ္စုပ္ပန်မှာလား။ အတိတ်မှာလား ... ဒါမှမဟုတ် မောင်နဲ့အတူ လျှောက် လှမ်းရတော့မယ့် အနာဂတ်ထဲမှာလား။ ကျွန်မ ဘာတစ်ခုကိုမှ နားမလည်နိုင်တော့ပေမယ့် အနှစ်နှစ်အလလက တမ်းတခဲ့ရတဲ့ မောင့်ရင်ခွင်ထဲကို နောက်တစ်ခေါက် နားခိုခွင့်ရခဲ့တယ်။

မောင်မကြားရပေမယ့် ကျွန်မ ပါးစပ်က မောင့်ကို တိုးတိုးလေး ပြောခဲ့မိပါတယ်။

မောင့်ကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်မလည်း မောင့်ကို အရမ်းချစ်တယ်။ လို့ ....

ပြီးတော့ မောင် ကျွန်မရဲ့ လက်မှာ ကျွန်မသူ့ကို ပြန်ပေးခဲ့တဲ့ စေ့စပ် လက်စွပ်လေး ကို နောက်တစ်ကြိမ် ပြန်ဝတ်ပေးခဲ့ပါတယ်။ အချစ်တစ်ခုရဲ့ သိမ်မွေ့မှုကို ကျွန်မအခုတော့ ကောင်းကောင်းနားလည် ခဲ့ပါပြီ။ အဓိပ္ပါယ်ဖွင့်ဆိုထားကြတဲ့ အချစ်ရဲ့ definition တွေ အများကြီးရှိပေမယ့် ကျွန်မအတွက်တော့ တစ်ခုတည်းပါပဲ။

မောင်ဟာ ကျွန်မ ဘဝအတွက် ဘယ်တော့မှ အဓိပ္ပါယ်ဖွင့်လို့ မပြည့်စုံနိုင်တော့တဲ့ definition တစ်ခုလို့ကျွန်မပြောခဲ့မယ်ဆိုရင် ရှင်တို့ အံ့သြနေကြမှာလား ....

မှတ်ချက် .... smilez_22 ရေးသားသော A Silent Love အား ဘာသာပြန်၍ ကိုယ်ပိုင် စာကြောင်းတစ်ချို့ဖြင့် ပေါင်းစပ်ခံစားရေးသားခဲ့ပါသည်။

Valentine

ကျွန်တော်ခံစားမိတဲ့ သီချင်းလေး တစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်။ သီချင်းလေး နာမည်က Valentine ပါ။ ဆိုထားတဲ့ သူက Martina McBride ပါ။ သီချင်းလေးထဲက စာသားတွေကို သီချင်းနားထောင်ရင်း ခံစားလို့ရအောင် ကျွန်တော် တိတိကျကျကြီး မဟုတ်ပဲ အနီးစပ်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်။ သီချင်းလေးနားထောင်ရင်းနဲ့ စာသားတွေကို ခံစားကြည့်ရင် ဒီသီချင်းလေးထဲက ပြောပြချင်နေတဲ့သိပ်ချစ်မိနေ တဲ့ သူတစ်ယောက်အကြောင်းကို နားလည်နိုင်လာကြမယ် ထင်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ တကယ်ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ကျွန်တော်တို့တွေ မျက်စိနဲ့ မြင်လို့မရ၊ ဖမ်းဆုပ်ပြလို့ မရနိုင်ပေမယ့် အချစ်ဆိုတာ ခံစားမှုအားလုံးထဲက အနူးညံ့ဆုံး စိတ်ခံစားမှု တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ငယ့်ကို သိပ်ချစ်တယ် လေ။ ဒီသီချင်းက သူ့အတွက်ပေါ့။



မျက်မှောက်ခေတ်ရဲ့ Country သီချင်းသီဆိုသူတွေထဲမှာ လူသိများတဲ့ Martina McBride ဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ စတင်ကျော်ကြားလာခဲ့ပြီး ပုံမှန်လမ်းရိုးအတိုင်း လျောက်လှမ်းနေရာ ကနေ နောက်ပိုင်းမှာ သူ့ကို Pop ဂီတလောက နယ်ပယ်မှာပါ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။ Martina McBride ကို အမေရိကန်နိုင်ငံ Sharon, Kansas မှာ သူ့မိခင်ဖြစ်သူ Martina Mariea Schiff က July 29, 1966 မှာ မွေးဖွားခဲ့ပါတယ်။

သူမဟာ Country သီချင်းတွေကို သူ့ဖခင်ဖြစ်သူ Schifters နဲ့ တူတူ စတင်ထိတွေ့ခဲ့ဖူးတာ ဖြစ်ပြီး သူ့ဖခင်ဖြစ်တဲ့သူကလည်း အဲဒီ့ အချိန်တုန်းက Music band တစ်ခုကို ဦးစီးဦးဆောင် ပြုနေတဲ့သူလည်း ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ Martina McBride ဟာ အသက် ၁၃ နှစ် ပတ်ဝန်းကျင်ကတည်းကနေစပြီး သူ့ဖခင်ဖြစ်သူ Schifters နဲ့တူတူ ကီးဘုတ်တီးခတ်မှုနဲ့ တေးသီချင်းသီဆိုမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်း ပြီးတဲ့နောက်မှာ Martina McBride ဟာ Music Band ပေါင်းမြောက်များ စွာနဲ့ သူ့မွေးရပ်ဒေသ ပတ်ဝန်းကျင် နေရာ တော်တော်များများမှာ ဖျော်ဖြေဖြစ်ခဲ့ပါတယ်။

သူမဟာ သူ့ရဲ့လက်တွဲဖော်အဖြစ် John McBride ကို ရွေးချယ် လက်ထပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာပဲ Nashville ကို ပြောင်းရွေ့နေထိုင် အခြေချခဲ့ကြပါတယ်။ သူ့ရဲ့ ပွဲဦးထွက် အခွေအဖြစ် The Time Has Come ကို ၁၉၉၂ ခုနှစ်မှာ စတင် ဖြန့်ချီခဲ့ပြီး အဲဒီ့အခွေရဲ့နောက်မှာ The Way That I Am နဲ့ My Baby Loves Me အခွေကိုပါဆက်လက် ဖြန့်ချီခဲ့ပါတယ်။ အဲဒီ့အထဲက My Baby Loves Me အခွေဟာ နိုင်ငံရဲ့ အရောင်းရဆုံး အခွေစာရင်းမှာ နံပါတ် ( ၂ ) နေရာကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ နောက်မှာ Independence Day နဲ့ နောက်ထပ် တစ်ကိုယ်တော်ခွေ Life #9 ပါထွက်ရှိခဲ့ပြီး Life #9 ဟာ အရောင်းရဆုံး Top Ten စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။


If there were no words
No way to speak
I would still hear you

If there were no tears
No way to feel inside
I'd still feel for you

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
You're all i need
My love, my valentine

All of my life
I have been waiting for
All you give to me
You've opened my eyes
And showed me how to love unselfishly

I've dreamed of this a thousand times before
In my dreams i couldnt love you more
I will give you my heart
Until the end of time
You're all i need
My love, my valentine

La da da
Da da da da

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
Cuz all i need
Is you, my valentine

You're all i need
My love, my valentine

KznT.

Wall-E

ယုံနိုင်ကြလိမ့်မယ်လို့ မထင်မိပါဘူး။ ဒီလိုပါ ....ကျွန်တော်တို့ အခုနေထိုင်ရှင်သန်နေကြတဲ့ လောကကြီးဟာ ( ၂၉ ) ရာစု အစောပိုင်းလည်းရောက်ရော အမိှုက်သရိုက်တွေ နဲ့ပဲ ဖုံးလွှမ်းနေတော့တဲ့ ကန္တာရကြီး တစ်ခုလို ဖြစ်နေပြီတဲ့လေ။ အဲဒီ့ ( ၂၉ ) ရာစုနှစ်မတိုင်ခင် ရှေ့နှစ်ပေါင်း ( ရ၀၀ ) လောက်တုန်းကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ဘီအန်အယ်လ် လို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုက အုပ်စိုးထားခဲ့ကြသတဲ့။ အဲဒီ့ ကော်ပိုရေးရှင်းကြီး ဟာအမိှုက်ပေါင်း မြောက်များစွာကနေ ထွက်ပေါ်လာတဲ့ လူသားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်ငွေ့ အန္တရာယ်ကနေ ကမ္ဘာသူကမ္ဘာသားတွေကို ကယ်တင်ဖို့အတွက် အော်တိုမက်တစ် စနစ်နဲ့ လည်ပတ်နေတဲ့ အထူးဇိမ်ခံ အာကာသကမ္ဘာသစ်ယာဉ်တစ်ခုဆီကို လူသားအားလုံးနေထိုင်နိုင်ဖို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။


ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူသားတွေအားလုံးကို ရွေ့ပြောင်းပြီးတဲ့ နောက်မှာပဲ သူတို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းလို ( ၅ ) နှစ်တာ စီမံကိန်းချပြီး Wall - E လို့ အမည်တွင်တဲ့ စက်ရုပ်တွေနဲ့ ကမ္ဘာပေါ်မှာ တည်ရှိသမျှ အမိှုက်ယူနစ်ပေါင်း မြောက်များစွာကို သန့်စင်ရေးပြုလုပ်ဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။

တဖြည်းဖြည်းမြင့်တက်လာတဲ့ အမိှုက်ဆိုးတွေရဲ့ ပြင်းထန်လွန်းတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် Wall - E လို့ အမည်တွင်ထားခဲ့တဲ့ စက်ရုပ် ယူနစ်အကုန်လုံးနီးပါး ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် အကုန်တော့ မဟုတ်ပါဘူး။ တစ်ယောက်တော့ ကျန်ခဲ့ပါသေးတယ်။ သူ့နာမည်ကတော့ အားလုံးသိကြတဲ့ Wall - E ပါပဲ။ ကျန်တဲ့သူ့ ယူနစ်ထဲက လုပ်ဖော်ကိုင်ဖက် စက်ရုပ်သူငယ်ချင်းတွေအကုန်လုံး ပျက်စီး ပျောက်ပျက် သွားကြပေမယ့် Wall - E ကတော့ ကံကောင်း ထောက်မစွာနဲ့ပဲ သူ့ရဲ့တာဝန် ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်ရင်းနဲ့ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ရှင်သန် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလိုနေထိုင် လာခဲ့ရင်းနဲ့ တစ်နေ့မှာ Wall - E ဟာ Hello,Dolly! လို့ အမည်တွင်တဲ့ ဇာတ်ကားလေးတစ်ကားကို သူ့( ကုန်တင်တွဲအဟောင်းနဲ့ လုပ်ထားတဲ့ ) အိမ်လေးထဲမှာ ကြည့်ခဲ့မိပြီး လူသားတွေရဲ့ အချစ်ဆိုတဲ့အရာကို မြင်တွေ့ခံစားမိခဲ့ပါတယ်။

အချစ်ဆိုတဲ့ အရာကို ဇာတ်လမ်းရုပ်ရှင်ထဲမှာ သူခံစားခဲ့ဖူး ပြီးတဲ့နောက်မှာ အပြင်လောကထဲက အချစ်ဆိုတာကိုလည်း ဘယ်လိုမျိုးလဲလို့ သူသိလိုစိတ်ပြင်းပြ လာခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ Wall - E နေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို အာကာသယာဉ်တစ်စီး ဆင်းသက်လာခဲ့ပြီး ကမ္ဘာ့မြေပြင် ထောက်လှမ်းရေး စက်ရုပ်မယ်လေး တစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီ့စက်ရုပ်မလေး နာမည်ကတော့ EVE ပါ။ Wall - E ဟာ စက်ရုပ် မလေး EVE ကို မြင်မြင်ချင်းပဲ ချစ်ကြိုက်သွားခဲ့ပါတယ်။ Wall - E ဟာ EVE ကို သူ့နေအိမ်ရှိရာဆီ ခေါ်သွားပြီး လူသားတွေစွန့်ပစ်ထားခဲ့တဲ့ အမိှုက်ပုံတွေ ကြားထဲက သူစုဆောင်ထား ခဲ့တဲ့ နှစ်သက်ဖို့ ကောင်းတဲ့ ပစ္စည်းလေးတွေကို ထုတ်ပြခဲ့ပါတယ်။

မီးလုံးလေးတွေ၊ တခြားနှစ်သက်ဖွယ်ရာ ပစ္စည်းလေးတွေကို ထုတ်ပြတဲ့ အချိန်မှာ EVE က စိတ်ဝင်စားဟန် မပြခဲ့ပေမယ့် Wall - E နောက်ဆုံးထုတ်ပြခဲ့တဲ့ ကမ္ဘာပေါ်မှာ ပေါက်တဲ့ အပင်လေး ကိုလည်းတွေ့ရော EVE ဟာ အဲဒီ့အပင်လေးကို သူ့ဗိုက်လေးထဲတည့်ပြီး လုံးဝလှုပ်ရှားမလာတော့ပါဘူး။ Wall - E ဟာ သစ်ပင်လေး ရပြီးကတည်းက လှုပ်ရှားမှု လုံးဝမရှိတော့တဲ့ သူသိပ်ချစ်ရတဲ့ သူ့ကောင်မလေး EVE ကို ဘေးနားကမခွာ နေ့နေ့ညည ကာကွယ်ပေးပြီး EVE ပြန်လည်နိုးထလာမယ့်ရက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲ့လိုနဲ့ တစ်နေ့မှာ EVE ကို ပြန်လည်ခေါ်ဆောင်ဖို့ သူ့ရဲ့ အာကာသယာဉ်ပျံ နောက်တစ်ခေါက် ပြန်လည် ရောက်ရှိလာခဲ့ပြီး လှုပ်ရှားမှု မရှိတော့တဲ့ EVE ကို ပြန်လည်သယ်ယူ သွားပါတော့တယ်။ EVE ကိုလာခေါ်သွားတဲ့ အချိန်မှာ Wall - E ကရော ဘယ်ရောက်နေပါသလဲ။ .... ?? Wall - E ဘယ်ကိုမှ ရောက်မနေပါဘူး။ EVE ကို မခွဲနိုင်လို့ သူ့ကောင်မလေးရှိရာ ယာဉ်ပျံကြီးထဲကို သူလည်း တိတ်တိတ်လေး လိုက်ပါသွားခဲ့ပါတယ်။ အဲဒီ့နောက်တော့ ....

သူတစ်ခါမှ မရောက်ဘူးတဲ့ လူသားတွေနေထိုင်ရာ အထူးဇိမ်ခံ အာကာသကမ္ဘာသစ်ယာဉ်ကြီးပေါ်မှာ Wall - E ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရသလဲ။

သူများတွေ ခေါ်ယူသွားတဲ့ သူ့ကောင်မလေးကို သူပြန်ရအောင် Wall - E ဘယ်လိုကြိုးစားခဲ့သလဲ။

EVE က ဘာလို့ အပင်လေး သူ့ဗိုက်ထဲဝင်ရောက်သွားတာနဲ့ လှုပ်ရှားမလာတော့တာလဲ။

Wall - E ချစ်သလို EVE ကရော သူ့ကို တကယ်ပြန်ချစ်ခဲ့ရဲ့လား။

Wall - E ကရော သူသိပ်ချစ်ရတဲ့ စက်ရုပ်မလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ရဲ့လား။

တကယ်တော့ Wall - E ကာတွန်းကားလေးဟာ အပန်းဖြေရုံ သက်သက် ရည်ရွယ်ထုတ်လုပ် ခဲ့တဲ့ ကားမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်မှာ လူသန်းပေါင်း မြောက်များစွာဟာ နေ့စဉ်နေ့တိုင်း အမိှုက်တန်ချိန် သန်းပေါင်းမြောက်များစွာကို စွန့်ပစ်နေကြပါတယ်။ တချို့ က စည်းကမ်းရှိစွာနဲ့ စွန့်ပစ်ကြတာဖြစ်ပြီး အတော်များများကတော့ မသိလိုက် မသိဘာသာနဲ့ စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသားတစ်ဦး တစ်ယောက်ချင်းစီရဲ့ မသိလိုက်မသိဘာသာ လုပ်ဆောင်မှု တစ်ခုစီကနေပြီး ကမ္ဘာကြီး တစ်ခုလုံးကို ဘယ်လောက် အတိုင်းအတာအထိ ဆိုးကျိုး ရိုက်ခတ်နိုင်တယ် ဆိုတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှု့ဒေါင့် ကနေပြီးတော့လည်း Wall - E ဇာတ်ကားက တင်ပြထားပါတယ်။ ပြီးတော့ လူသားအားလုံး ပျော်ဝင်တိမ်းမူးလွယ်ကြတဲ့ အချစ်တစ်ခုရဲ့ သိမ်မွေ့မှုကိုလည်း လူသားမဟုတ်တဲ့ စက်ရုပ် Character လေးတွေနဲ့ ပေါ်လွင်အောင် တင်ပြသွား ပါတယ်။ တင်ပြပုံ ရည်ရွယ်ချက်နဲ့ ကာတွန်းဇာတ်ကောင်ကို အသက်ဝင်အောင်ဖန်တီးနိုင်တဲ့ နေရာမှာ ပြောင်မြောက်လွန်းလို့ Wall - E ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ရဲ့ ရွှေကမ္ဘာလုံးထူးချွန်ဆု ( 2009 Golden Globe Award for Best Animated Feature Film ) ကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် 2009 Academy Award for Best Animated Feature ဆုနဲ့ အခြားသော ဆု ( ၅ ) ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။





ဒီကားထဲမှာ ကျွန်တော် အနှစ်သက်ဆုံး သဘောကျမိတာကတော့ Wall - E နဲ့ EVE တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ လူသားမဟုတ်လို့ ချစ်တယ်လို့ ဖွင့်မပြောကြပေမယ့် သူ့တို့ရင်ထဲမှာ ခံစားနေရတဲ့ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတရားကို သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေကနေ တစ်ဆင့် ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒီကားလေးကို ငယ့်အတွက် ကျွန်တော် သိမ်းထားဖြစ်ခဲ့ပါတယ်။ သူ့ဘေးနားကို ရောက်တဲ့ အချိန်မှာ သူ နဲ့တူတူ နောက်တစ်ခေါက်ကြည့်ပြီး Wall - E လိုမျိုးပဲ ကျွန်တော်လည်း သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြချင်လို့ပါ။ မရှက်တော့ ပါဘူးနော်။ တကယ် ချစ်နေကြပြီပဲ။

KznT.

Related Posts