Download Windows 10 Technical Preview



၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့မှာ အရင်တုန်းက Windows 9 ထွက်မယ်လို့ နာမည်ကြီးနေရာကနေ Microsoft က Windows 10 Technical Preview ဆိုပြီး မိတ်ဆက်လိုက်တယ်။ အဲ့တာကိုတော့ အကျယ်မချဲ့တော့ဘူး။ အားလုံးလည်း သိပြီး လောက်ပြီ။ မြန်မာနိုင်ငံမှာတောင် အင်တာနက်ဂျာနယ်ထဲ ပါတာ တွေ့မိသေးတယ်။

ကိုယ်တိုင် စမ်းကြည့်ချင်လို့ တစ်နေ့က ဒေါင်းလုပ်ချပြီး ဒီနေ့မှ စစမ်းဖြစ်တယ်။ ဘာထူးသလဲဆိုတော့ ဘာမှတော့ သိပ်မထူးသေးဘူး ထင်တယ်။ Windows 8.1 လိုပဲ။ နည်းနည်း ထူးသွားတာ သိပ်အသုံးမတည့်တဲ့ Charms Bar ပျောက်သွားတယ်။ သိရသလောက်တော့ လာမယ့် Windows 10 မှာ Desktop နဲ့ Laptop Users တွေအတွက် Charms bar ပါမှာ မဟုတ်တော့ဘူး။ Charms bar ကို Touch-Enabled Devices တွေမှာပဲ ထည့်သွင်းသွားမယ်လို့ ပြောတာ တွေ့ရတယ်။ နောက်ပြီး Brand New Start Menu ပါလာတယ်။ ပိုပြီး သုံးလို့ အဆင်ပြေသွားတယ်။


ကော်နက်ရှင် ကောင်းသူများ Windows 10 Technical Preview စမ်းသုံးချင်တယ်ဆိုရင် ဒီနေရာကနေ ဒေါင်းလုပ်ချနိုင်တယ်။ Technical Preview က အလကားပေးတယ် ဆိုပေမယ့် သူ့ကို ဒေါင်းလုပ်ချဖို့အတွက် Windows Insider Program မှာ အရင်ဆုံး Sign Up လုပ်ဖို့ လိုတယ်။ နောက်ပြီး Preview Version က 32-bit (x86) က 2.9GB လောက်ရှိပြီး 64-bit (x64) က 3.8GB လောက်ရှိတယ်။



ဒေါင်းလုပ်ချဖို့ အဆင်ပြေအောင် Direct Download Links တွေ စုပေးထားတယ်။

English (64-bit) | English (32-bit)
English (United Kingdom) (64-bit) | English (United Kingdom) (32-bit)
Chinese (Simplified) (64-bit) | Chinese (Simplified) (32-bit)
Portuguese (Brazil) (64-bit) | Portuguese (Brazil) (32-bit)

Product Key လည်း အောက်မှာ ပေးထားတယ်။
NKJFK-GPHP7-G8C3J-P6JXR-HQRJR
ကျွန်တော်တို့ တစ်ခုသိထားရမှာ ဒါ Final Version မဟုတ်ဘူး။ စမ်းသုံးကြည့်ပြီး အဆင်မပြေတာတွေကို Feed Back ပြန်ပေးနိုင်အောင် သုံးခိုင်းထားတာ။ အဲ့တာကြောင့် Dual-Boot သုံးချင်လည်း ဖြစ်တယ်။ Virtualization Software နဲ့ သုံးမယ်ဆိုလည်း ကောင်းတယ်။ နဂိုကောင်းနေတဲ့ ဝင်းဒိုးကို ဖျက်ပြီး ဒီ Windows 10 Technical Preview ကိုတော့ အဓိကထား မသုံးစေချင်ဘူး။ နောက်ပြီး Windows 10 Technical Preview က April 15, 2015 မှာ Expire ဖြစ်မယ်။ နောက်ပြီး Windows 10 Technical Preview ရဲ့ System Requirements က Windows 8.1 အတိုင်းပဲ။ 

TechSectors.

Road To Recovery


တစ်နေ့က အသိတစ်ယောက်ရဲ့ ကွန်ပြူတာ ဝင်းဒိုးတင်ရင်းနဲ့ ဒေတာ ပျောက်တဲ့ ပြဿနာ တက်တယ်။ Partitions တွေကို မှားပြီး Format ချမိရာကနေ ဖြစ်တာလို့ ပြောတယ်။ ​သူက ဒေတာတွေ ပြန်လိုချင်တယ်။ အဲ့စာကို တွေ့တွေ့ချင်းပဲ စာပြန်ဖို့ ကြိုးစားပေမယ့် သူရော ကျွန်တော်ရော ကံဆိုးခဲ့တယ်။

ရေးလက်စ လမ်းတစ်ဝက်မှာ မီးအားစောင့်တက်ပြီး ကျွန်တော့် ကွန်ပြူတာအဟောင်းက Adapter ကြွသွားတယ်။ အဲ့ဒီ IBM Laptop က ဘက်ထရီမကောင်းတော့ Adapter ကို အားကိုးပြီး ရပ်တည်နေတာ ကြာပြီ။ ရေးလက်စတွေပျက်ပြီး ကွန်ပြူတာထဲလည်း ပြန်ဝင်လို့ မရတော့ဘူး။ ခုတော့ ပြန်အဆင်ပြေပါပြီ။

လိုရင်းကို ဆက်ရရင် အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားတဲ့ ဒေတာတွေကို ပြန်လိုချင်တဲ့အခါ အရင်ဆုံး အချက်( ၂ ) ချက်ကို စဉ်းစားရတယ်။
  • ဘယ်အချိန်က ပျောက်တာလဲ
  • ဘယ်လိုဖြစ်ပြီး ပျောက်တာလဲ
ဘယ်အချိန်က ပျောက်တာလဲ
ရုတ်တရက်ဆို ဒေတာပျောက်တာ အချိန်နဲ့ ဘာဆိုင်လဲလို့ မေးစရာရှိတယ်။ တစ်ချို့က ဒေတာပျောက်ရင် Recovery ပြန်မလုပ်တတ်ဘူး။ တစ်ချို့ကျတော့ Recovery ပြန်လုပ်လို့ ရတယ်ဆိုတာတောင် မသိသေးဘူး။ အဲ့လိုအခြေအနေမှာ ကိုယ့်အတွက် လိုအပ်တဲ့ ဖိုင်တွေ သိမ်းဖို့ အကြောင်းကလည်း ပေါ်လာတယ်။ ဒေတာပျောက်နေတဲ့ Partition ကလည်း Free Space ဆိုပြီး ပြနေတယ်။ အဲ့တော့ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပဲ အဲ့နေရာကိုပဲ Paste လုပ်လိုက်တယ်။ အဲ့မှာ ပြဿနာကစတယ်။ တကယ်တော့ ဒေတာပျောက်တဲ့ ပြဿနာ အတော်များများမှာ Hardware Failure ကြောင့်မဟုတ်ရင် Recovery ပြန်လုပ်တဲ့အခါ ဒေတာ ပြန်ရဖို့ ၉၀% လောက် သေချာတယ်။ HardDrive ပေါ်မှာ ပျောက်သွားတဲ့ ဒေတာတွေ ရှိနေပေမယ့် လက်ရှိအချိန်မှာ သူတို့တွေကို မမြင်ရတဲ့ အကြောင်းက သူတို့တွေ HardDrive ရဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ စာရင်းလုပ်ပေးထားတဲ့ Table တစ်ခုရဲ့ List ကနေ ပျက်သွားတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ 

Library တစ်ခုမှာ ဘယ်နေရာမှာ ဘာစာအုပ်တွေ ရှိတယ်ဆိုတာကို အလွယ်တကူ ကြည့်နိုင်တဲ့ Catalogue ကိုလူတိုင်း တွေ့ဖူးကြလိမ့်မယ်။ Catalogue ထဲကနေ စာရွက် ၂ ရွက်လောက် အဖြဲခံလိုက်ရတာနဲ့ Library ထဲက စာအုပ်တွေ ပျောက်သွားတာ မဟုတ်ဘူး။ ဒါပေမယ့် လိုချင်တဲ့စာအုပ်ကို ရှာတဲ့အခါကျရင်တော့ ဘယ်နားမှာ ဘယ်စာအုပ်ထားတယ်ဆိုတာ အလွယ်တကူ မသိနိုင်တော့ဘူး။ ခုလည်း ဒီသဘောပဲ။ 

HardDrive ပေါ်မှာတော့ ဒီ့ထက်ပိုပြီး ရှုပ်တယ်။ ဖိုင်တစ်ခုခုဟာ HardDrive ရဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို စာရင်းသွင်းပေးထားတဲ့ Table ရဲ့ List ကနေ အဖျက်ခံလိုက်ရတာနဲ့ ကွန်ပြူတာက အသုံးမလိုတော့တဲ့ ဖိုင်အဖြစ် ယူဆပြီး အဲ့နေရာကို Free Space အဖြစ် ကြေငြာလိုက်တယ်။ တကယ်တမ်း HardDrive ပေါ်မှာ အဲ့ဖိုင် ရှိနေပေမယ့် အလွယ်တကူ ပြန် Access လုပ်လို့ မရနိုင်တော့ဘူး။ အဲ့အချိန်မှာ Recovery အချိန်မှီ ပြန်လုပ်နိုင်ရင် သူတို့ကို ပြန်ရဖို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် Free Space လို့ ပြနေတဲ့ နေရာကို နောက်ထပ် ဒေတာအသစ်တွေ ထပ်ရိုက်လိုက်ရင်တော့ အရင်က HardDrive ပေါ်မှာ ရှိနေခဲ့တဲ့ ဒေတာအဟောင်းတွေက ဒေတာအသစ်အတွက် နေရာဖယ်ပေးလိုက်ရတယ်။ အဲ့လိုအခြေအနေ ဆိုရင်တော့ ဘာ Recovery Software မှ သုံးမနေနဲ့တော့။ အကောင်းအတိုင်း ပြန်ရဖို့ မသေချာတော့ဘူး။ 

Recovery ပြန်လုပ်တဲ့အချိန်မှာ ဘယ်နရာခိုင်နှုန်း အကောင်းအတိုင်း ပြန်ရနိုင်လဲဆိုတာ ဒေတာအသစ် ထပ်ရိုက်လိုက်မိတဲ့အပေါ် အများကြီး မူတည်တယ်။ ပျောက်သွားတဲ့ နေရာပေါ်ကို လုံးဝ ဘာဒေတာမှ ထပ်မရိုက်ထားမိပါဘူးဆိုရင် ၉၀% လောက် ပြန်ရနိုင်တယ်။ ပျောက်နေတဲ့ ဒေတာက 5GB - Recovery လုပ်လို့ရမှန်း မသိလို့ အသစ်ထပ်ရိုက်မိတာက 20 GB ဆိုရင်တော့ အကောင်းအတိုင်း ပြန်ရနိုင်ဖို့ ၁၀% တောင် မသေချာဘူး။

အဲ့တာကြောင့် အရေးကြီးတဲ့ ဒေတာတစ်ခုခု ပျောက်ခဲ့ရင် အချိန်က အရေးကြီးတယ်။ Recovery ပြန်မလုပ်ဖြစ်တဲ့ အချိန်ကြာလာတာနဲ့ အမျှ ဒေတာအဟောင်းတွေ ရှိတဲ့နေရာကို ဒေတာအသစ်တွေ နေရာဝင်ယူသွားဖို့က ရာခိုင်နှုန်း ပိုများလာတတ်တယ်။ ကိုယ်ကမလုပ်တောင် တစ်ခြားသူတစ်ယောက် ဒါမှမဟုတ် System ကနေ လုပ်နိုင်တယ် ဆိုတာကို သိထားဖို့ လိုတယ်။

ဘယ်လိုဖြစ်ပြီး ပျောက်တာလဲ
  • ဒေတာပျောက်ရခြင်း အကြောင်းအရင်း အမျိုးမျိုးရှိတယ်။ 
  • Hidden လုပ်ခံလိုက်ရလို့ ပျောက်တာရှိတယ်
  • ဗိုင်းရပ်စ် ကိုက်လို့ပျောက်တယ်။
  • Format ချမိလို့ ပျောက်တယ်။
  • မှားဖျက်မိလို့ ပျောက်တယ်။
  • Partitions တွေ Re-size and Move လုပ်ရင်းနဲ့ ပျောက်တာရှိတယ်။
  • Windows တင်ရင်းနဲ့ ပျောက်တာရှိတယ်။
  • Bad Sectors ကြောင့်ပျောက်တာရှိတယ် .... စသဖြင့်။
အဲ့ထဲမှာ Hidden လုပ်ခံလိုက်ရလို့ ပျောက်တဲ့ ပြဿနာက များသောအားဖြင့် Recovery ပြန်လုပ်ဖို့ မလိုဘူး။ Linux Live CD တစ်ချပ် ဆောင်ထားပြီး အဲ့ဒီ့ကနေ Boot တက်ကြည့်လိုက်ရင် ပျောက်တယ်လို့ ထင်တဲ့ နေရာမှာ ကိုယ့်ဖိုင်တွေကို အကောင်းအတိုင်းတွေ့နိုင်ပြီး ဘယ်ကောင်တွေက Hide ထားတာလဲ ဆိုတာပါ ကြည့်နိုင်တယ်။ ရှင်းရလွယ်ပြီး ဆိုးကျိုးနည်းတယ်။

နောက်တစ်နည်းကတော့ Linux နဲ့ မရင်းနှီးသေးရင် USB နဲ့ ပတ်သတ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ autorun.inf, new folder.exe, bha.vbs, ravmon.exe ... တွေရှင်းနိုင်ဖို့ USB Fixer တွေ အင်တာနက်ထဲမှာ အတော်များများ အလကားပေးထားတာ ရှိတယ်။ ဥပမာ - USB File Unhider, After Death, Shortcut Virus Fixer ပမာဏလည်း ဘယ်လောက်မှ မရှိဘူး။ သုံးရတာလည်း လွယ်တယ်။

ဗိုင်းရပ်စ် ကိုက်လို့ ဒေတာပျောက်ခဲ့ရင်တော့ အပေါ်ကနည်းနဲ့လည်း ရံဖန်ရံခါ အဆင်ပြေနိုင်သလို တစ်ခါတစ်လေ Recovery ပြန်လုပ်မှ အဆင်ပြေတတ်တာလည်းရှိတယ်။ Recovery လုပ်ဖို့ဆိုရင် ကျွန်တော် သုံးခဲ့ဖူးသလောက် အတွေ့အကြုံအရ GetDataBack က အဆင်အပြေဆုံးပဲ။ Freeware သုံးချင်ရင် Recuva ဆိုတာ ရှိတယ်။ GetDataBack လိုချင်ရင် Warez-BB မှာ အလွယ်တကူ ရှာနိုင်တယ်။ ဒီကနေ တင်ပေးလို့ရပေမယ့် နောက်ပိုင်း တင်ပေးထားတဲ့ links တွေ ပျက်သွားရင် အသုံးမဝင်မှာ စိုးလို့ မတင်တော့ဘူး။

Format ချမိလို့၊ မှားဖျက်မိလို့၊ Windows တင်လိုက်လို့ ... စတဲ့အကြောင်းကြောင်းကြောင့် ဒေတာပျောက်ခဲ့ရင်လည်း Recovery ပြန်လုပ်မှ အဆင်ပြေတယ်။ ဒါပေမယ့် Bad Sectors ကြောင့် ဒေတာပျောက်တာဆိုရင်တော့ ရှော့ရှိတယ်။ အဲ့တာက Hardware Failure ကြောင့် ဒေတာပျောက်တဲ့ အမျိုးအစားထဲမှာပါတယ်။ Bad Sectors ကြောင့်ဆိုရင် Recovery ပြန်လုပ်လည်း Errors အမျိုးမျိုး ပြတတ်တယ်။ Bad Sectors တွေကို Repair ပြန်လုပ်ဖို့ လိုတယ်။

Image Credit >> http://www.portstrategy.com/news101/insight-and-opinion/post-script/page2

TechSectors.

How to Convert Entire Unicode Blog to ZawGyi One


ဒီအကြောင်းအရာတစ်ခု ဖြစ်လာဖို့ နှစ်နဲ့ချီပြီး သန္ဓေတည်ခဲ့တယ်။ ဖြစ်ပုံက ၂၀၀၉-၂၀၁၀ ဝန်းကျင်လောက်မှာ နည်းပညာအကြောင်း အသားပေးရေးကြတဲ့ ဘလော့ဂါအများစု အပါအဝင် တစ်ခြားဘလော့ဂါတွေပါ ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်-ယူနီကုတ်ဆိုပြီး ယူနီကုတ်ကို ပြောင်းရေးကြဖို့ ဆော်သြလာကြတယ်။ တစ်ချို့လည်း နေမြဲအတိုင်း ဇော်ဂျီနဲ့ပဲ ဆက်ရေးခဲ့ကြသလို တစ်ချို့တစ်ချို့လည်း အလားအလာ ကောင်းတယ်လို့ ထင်ကြေးပေးကြတာများတဲ့ ယူနီကုတ်ဘက်ကို ဘက်ပြောင်းချင်တာနဲ့ လက်ရှိရေးလက်စ ဇော်ဂျီဘလော့ကို ဇာတ်သိမ်းပြီး ယူနီကုတ်ဘဝ ပြောင်းခဲ့ကြတယ်။

အဲ့ထဲမှာ ဒီဘလော့လည်း အပါအဝင်ပဲ။ သူများယောင်လို့ လိုက်ယောင်ခဲ့တာ မဟုတ်ပေမယ့် ဇော်ဂျီကနေ ယူနီကုတ်ကို ပြောင်းစမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်လောက် ကြုံခဲ့ရတယ်။ အဲ့တာတွေ ပြန်ပြောရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ။ အဆိုးဆုံးက စာပုံမှန် မရေးနိုင်လို့ စိတ်မကောင်းရတဲ့ကြားထဲ ဘလော့အဟောင်းလေးကို ပြန်ပြန်ဝင်ကြည့်တိုင်း မြန်မာစာကောင်းကောင်း မမြင်ရတာ အတော် စိတ်မချမ်းမသာ ဖြစ်ရတယ်။

အကောင်းဆုံးဖြစ်နိုင်ချေရှိမယ့် နည်းတွေနဲ့ အချိန်ရတိုင်း ပြန်ပြင်ပေမယ့် ရလဒ်က မကောင်းခဲ့ဘူး။ အဲ့လိုနဲ့နောက်ဆုံး ယူနီကုတ် ပြောင်းထားတဲ့ ဘလော့ကိုဇာတ်သိမ်းပြီး ဇော်ဂျီနဲ့ ပြန်ပြောင်းရေးဖို့ထိ တွေးမိခဲ့တယ်။ ကျွန်တော့်လိုအတွေးမျိုး ယူနီကုတ်နဲ့ အဆင်မပြေသူတိုင်း တွေးမိကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကံမကောင်းခဲ့တာပဲလား - အချိန်မပေးနိုင်လို့ မသိခဲ့တာလား - ဇော်ဂျီကနေ ယူနီကုတ်ဘလော့ ပြောင်းဖို့ အင်တာနက်ထဲမှာ လမ်းညွှန်ချက် အများအပြား ရှိပေမယ့် ဘလော့တစ်ခုလုံးကို ယူနီကုတ်ကနေ ဇော်ဂျီပြောင်းဖို့ လမ်းညွှန်ချက်ကျတော့ ဘယ်လိုမှ ရှာလို့မတွေ့ခဲ့ဘူး။

လမ်းညွှန်ချက်ကမရှိ ကိုယ်တိုင်ကလည်း ဘာ Programming မှ နားမလည်။ ပြောင်းထားပြီးသား ယူနီကုတ်ဘဝနဲ့ပဲ ဆက်နေလာခဲ့တာ ခုတော့ ယူနီကုတ်ကို ပြောင်းခဲ့တာ မမှားဘူးဆိုတဲ့ အသိတစ်ခုတော့ ရခဲ့ပြီ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယူနီကုတ်ကို စိတ်ပျက်ပြီး ဇော်ဂျီနဲ့ ပြန်အသက်ဆက်ဖို့ ကြိုးစားချင်ကြမယ့် တစ်ချို့ တစ်ချို့သော ဘလောဂါများအတွက် ယူနီကုတ်ပြောင်းထားပြီးသား ဘလော့တစ်ခုလုံးကို ဇော်ဂျီပြန်ပြောင်းပေးနိုင်မယ့် နည်းလမ်း ကျွန်တော် အခုသိခဲ့ပါပြီ။ နည်းလမ်းကတော့ -

  • ပုံမှန်အတိုင်း ကိုယ့်ဘလော့ကို ဝင်ပြီး Export Blog လုပ်ပါ။
  • .xml နဲ့ဆုံးတဲ့ ဖိုင်တစ်ခု ရလာပြီဆိုရင် လက်ရှိဘလော့ကို ဘာမှ မလုပ်သေးဘဲ AyarUnicodeGroup ကနေ ဖန်တီးထားတဲ့ MyanmarFontConverter စာမျက်နှာကိုသွားပါ။
  • Upload ကနေတဆင့် ကိုယ့်ဘလော့ရဲ့ xml ဖိုင်ကိုရွေးပြီး Upload တင်ပါ။
  • Input Font နေရာမှာ Myanmar3 ရွေးပြီး Output Font မှာ ZawGyi-One ရွေးပါ။
  • ပြီးရင် Check English Words automatically ကို အမှန်ခြစ်ပေးပြီး Convert လုပ်ပါ။
  • ခဏစောင့်လိုက်ရင် ဇော်ဂျီပြောင်းထားပြီးသား xml ဖိုင်ကို ဒေါင်းလုပ်ချဖို့ Link ပြန်တက်လာပါလိမ့်မယ်။
  • အဲ့ဒီ xml ဖိုင်ကို ကိုယ့်ဘလော့က ယူနီကုတ် ပို့စ်တွေ ဖျက်ပြီး Import ပြန်လုပ်ရပါမယ်။ အကြံပေးချင်တာတော့ ဘလော့သစ်တစ်ခု ဖန်တီး၊ အဆင်ပြေမပြေ စမ်းသပ်ကြည့်ပြီး စိတ်ကျေနပ်မှ ယူနီကုတ် ပို့စ်တွေ အပြီးဖျက်ပါ။
ဆိုးကျိုးအနေနဲ့ကတော့ ရထားသမျှ PageViews အကုန်ပျက်မယ်။

  • ပို့စ်အရေအတွက် များတဲ့ ဘလော့တွေမှာဆိုရင် ပို့စ်အကုန်လုံး Import လုပ်လို့မရ ဖြစ်လိမ့်မယ်။
  • ပို့စ်အရေအတွက် အရမ်းများရင် ပို့စ်အားလုံးကို တစ်ပြိုင်နက် Import လုပ်တဲ့အခါ Blogger က Spam Posts တင်တယ်လို့ ယူဆတတ်တယ်။
  • Import လုပ်တဲ့ ပို့စ်အရေအတွက် ၂၀၀ ကျော်သွားရင် ဆက် Import လုပ်ခွင့် မပေးဘဲ ရပ်သွားတတ်တယ်။
  • ပို့စ်အရေအတွက် ၂၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတဲ့ ဘလော့တွေဆိုရင် အဆင်ပြေတယ်။
  • ပို့စ်အရေအတွက် ၂၀၀ ကျော်တဲ့ ဘလော့တွေကတော့ ကိုယ့်ပို့စ်တွေကို အရင်ဆုံး အပိုင်းလိုက်ခွဲ Export လုပ်ပြီးမှ ရက်ခြားပြီး ပြန် Import လုပ်နိုင်ရင် အဆင်ပြေမယ်။

ကျွန်တော်တော့ ၃ နှစ်ကျော် လေးနှစ်နီးပါး ဖြတ်သန်းပြီးတဲ့ နောက်မှာ ယူနီကုတ်နဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ပြီမို့ ဇော်ဂျီပြန်ပြောင်းဖို့ စိတ်ကူး မရှိတော့ဘူး။ မြန်မာယူနီကုတ် စံသတ်မှတ်ချက်နဲ့ အညီရေးထားတဲ့ ဒီဘလော့ကို အခုဆိုရင် Browser အတော်များများကနေ ဘာ ဖောင့်မှာ သွင်းစရာမလိုပဲ ကြည့်လို့ရအောင် ဖန်တီးနိုင်ခဲ့ပြီ။ အဲ့အတွက်လည်း MMWebFonts ဖန်တီးပေးခဲ့သူတွေကို အထူးကျေးဇူးတင်မိတယ်။ Templates အတော်များများနဲ့ စမ်းသပ်ပြီးခဲ့သလို Mobile Devices တွေနဲ့လည်း ဖတ်လို့ ကြည့်လို့ အဆင်ပြေအောင် Responsive Design ကို ပြောင်းခဲ့ပြီးပြီ။ ရှေ့လျှောက်မှာ မြန်မာယူနီကုတ် အနာဂတ်လည်း ဒီ့ထက်ပိုပြီး လှလာလိမ့်မယ်လို့ မျှော်လင့်တယ်။

TechSectors.

The Best Services for Large Files Sharing

အင်တာနက်ထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် တစ်စုံတစ်ခုကို တစ်စုံတစ်ယောက် ဆီ အွန်လိုင်းကနေ ပို့ချင်တယ်ဆိုရင် ပုံမှန်ကျွန်တော်တို့ လုပ်ဆောင်နေကျ လုပ်ထုံးလုပ်နည်း (၂)မျိုးရှိပါတယ်။ အဲ့ဒါက - 
  • ကိုယ်ပို့ချင်တဲ့ ဖိုင်ဟာ အရွယ်အစားသိပ်ကြီးကြီးမားမား မဟုတ်ဘူးဆိုရင် Email နဲ့အတူ တွဲပြီးပို့တယ်။ 
  • တကယ်လို့ ကိုယ်ပို့ချင်တဲ့ဖိုင်က Email နဲ့ တွဲလို့ရလောက်တဲ့ ပမာဏထက် ကျော်နေမယ်ဆိုရင် File Hosting Service တစ်ခုခုမှာ Upload တင်ပြီး ရလာတဲ့ Link ကို လက်ခံမယ့်သူဆီ ပို့တယ်။ 
ဖော်ပြခဲ့တဲ့ နည်းလမ်း(၂)ခုက ပုံမှန်အားဖြင့် ကျွန်တော်တို့ လုပ်ဆောင်နေကျ နည်းတွေပါ။ ဒီနည်းတွေကို အွန်လိုင်းမှာ Sharing လုပ်ဖူးတဲ့ သူတော်တော်များများ အကျွမ်းတဝင် ရှိကြတယ်။ ပထမနည်းကို သုံးမယ်ဆိုရင် Email နဲ့အတူ ဖိုင်တွဲပြီး ပို့နိုင်ဖို့ Web Email Services တွေကနေ Attach လုပ်ဖို့ သတ်မှတ်ထားတဲ့ File Size Limit တွေကို သိထားဖို့ လိုလာတယ်။ ဥပမာ - Gmail နဲ့ Outlook က Email နဲ့ Files တွေ Attachment လုပ်မယ်ဆိုရင် ဖိုင်တစ်ခုကို အများဆုံး 25 MB အထိ ခွင့်ပြုထားတယ်။ (ဒါပေမယ့် အဲ့တာက နိုင်ငံရပ်ခြားမှာ နေတဲ့ သူတွေအတွက်လောက်ပဲ သေချာတာ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လို ဖုန်းကလာတဲ့ အင်တာနက်နဲ့ စာရေးစာဖတ် လုပ်တဲ့သူတွေအတွက်က 5 MB လောက်တောင် Attach လုပ်ဖို့ မလွယ်ဘူး။) 

တကယ်လို့ ကိုယ်ပို့ချင်တဲ့ ဖိုင်က 25 MB ထက် ကျော်နေပြီ ဆိုပါစို့။ ဒီလိုဆို လုပ်လို့ရတဲ့ တစ်နည်းက HJ-Split လိုမျိုး File-Splitting Utility တစ်ခုခုသုံးပြီး အပိုင်းပိုင်းခွဲ၊ နောက်ပြီး ရလာတဲ့ အပိုင်းတွေကို Messages ပေါင်းများစွာ ဖန်တီး Attach လုပ်ပြီး လက်ခံမယ့်သူဆီပို့။ လက်ခံတဲ့သူက အဲ့ဖိုင်တွေကို တစ်ခုချင်းစီ ဒေါင်းလုပ်ချ။ နောက်ပြီး ပြန်ပေါင်း။ ဖတ်ရတာတောင် တော်တော် ခေါင်းရှုပ်စရာ ကောင်းတယ်။ အဲ့လိုအဆင့်များ အလုပ်ရှုပ်တဲ့ နည်းတွေ မသုံးချင်တော့ နောက်ပိုင်းမှာ Email နဲ့အတူ ဖိုင်ပို့ချင်တယ် ဆိုရင် ဒုတိယနည်း ဖြစ်တဲ့ Online Storage Services တွေ( ဥပမာ - Dropbox - Google DriveOneDrive …) ကျွန်တော်တို့ သုံးလာကြတယ်။ 

သူတို့တွေကိုသုံးရင် ရလာမယ့် အားသာချက်က ဖိုင်တစ်ခု 25 MB ဆိုတဲ့ ကန့်သတ်ချက် ကျွန်တော်တို့ မေ့ထားလို့ရတယ်။ Microsoft OneDrive ဆိုရင် Limit အနေနဲ့ ဖိုင်တစ်ခုကို 2 GB အထိ Upload တင်ဖို့ ခွင့်ပြုတယ်။ သူနဲ့အပြိုင် Google Drive က ဖိုင်တစ်ခုကို 1 TB (1000 GB) ထိ ခွင့်ပြုတယ်။ အဲ့လောက်နဲ့မှ အဆင်မပြေပဲ ကိုယ် Upload တင်ချင်တဲ့ File Size က ပုံမှန်ထက်ကို ကြီးလွန်းနေတယ်ဆိုရင် File Size ကန့်သတ်ချက် လုံးဝမထားတဲ့ Dropbox ကို ကျွန်တော်တို့ သုံးလို့ရတယ်။


ဖော်ပြပြီးခဲ့တဲ့ Online Storage Services တွေက အလကားသုံးလို့ရတယ် ဆိုပေမယ့် သူတို့ကို သုံးချင်တယ်ဆိုရင် အနည်းဆုံးတော့ Register လုပ်ရတယ်။ အဲ့လိုမှမဟုတ်ဘဲ Register လုပ်စရာမလိုတဲ့ Online Storage Service ကိုမှ သုံးချင်တယ်ဆိုရင် ကျွန်တော်တို့တွေ WeTransfer လို့ခေါ်တဲ့ Freemium Web App ကို သုံးလို့ရတယ်။ WeTransfer ကိုသုံးမယ်ဆိုရင် ကိုယ်ပို့ချင်တဲ့ဖိုင်ကို Browser ကနေတဆင့် File Size 2 GB အထိ Upload တင်နိုင်တယ်။ Register လည်း လုပ်စရာမလိုဘူး။ လိုတာဆိုလို့ ပို့သူနဲ့ လက်ခံမယ့်သူရဲ့ Email လိပ်စာ ထည့်ပေးရတာပဲရှိတယ်။ တကယ်လို့ ကိုယ် Upload တင်ထားတဲ့ဖိုင်ကို လက်ခံမယ့်သူက ချက်ချင်း Download မချဖြစ်ရင်တောင် အချိန်ရတဲ့အခါ Download ယူနိုင်ဖို့ (၇) ရက်ကြာတဲ့ထိ Server ပေါ်မှာ သိမ်းထားပေးတယ်။ 


အခုပြောခဲ့တဲ့ နည်းတွေထဲက Dropbox - Google Drive – OneDrive - WeTransfer စတဲ့ ဘယ် Online Storage Services ကိုပဲ သုံးသုံး သေချာတာက ကိုယ်ပို့ချင်တဲ့သူဆီ ကိုယ်ပို့ချင်တဲ့ ဖိုင်ရောက်ဖို့ ကျွန်တော်တို့အားလုံး မဖြစ်မနေ Upload အရင်တင်တဲ့ အဆင့်ကို ဖြတ်သန်း ရမယ်။ အဲ့အဆင့်ပြီးတော့မှ ရလာတဲ့ Links ကို Share ပြန်လုပ်ပြီး တစ်ဖက်လူက ဒေါင်းလုပ် ပြန်ချရတယ်။ အဲ့တော့ အခက်ခဲဆုံး အဆင့်ဖြစ်တဲ့ Upload တင်တဲ့အဆင့်ကို Bypass လုပ်ပြီး ကိုယ်ပို့ချင်တဲ့ဖိုင်ကို တစ်ဖက်လူဆီရောက်အောင် လုပ်လို့ရတဲ့နည်း မရှိနိုင်ဘူးလား။ ရှိမယ် ဆိုရင် Upload တင်စရာမလိုတော့ ကျွန်တော်တို့အတွက် ပိုကောင်းတာပေါ့။ 

အဲ့အတွက် JustBeamIt ရှိတယ်။ သူက Peer-to-Peer App တစ်ခုပဲ။ တစ်ချိန်က ကျွန်တော်ရေးခဲ့ဖူးတဲ့ What is Torrent? ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Peer-to-Peer နဲ့ ပတ်သတ်ပြီး ဖော်ပြခဲ့ဖူးတာရှိတယ်။ Peer-to-Peer ဆိုတာ အင်တာနက်ထဲမှာ ကိုယ်ပို့ချင်တဲ့ဖိုင်ကို ကိုယ်ပို့ချင်တဲ့သူဆီရောက်အောင် ဘယ်နေရာကိုမှ Upload တင်စရာ မလိုဘဲ ကွန်ပြူတာတစ်ခုနဲ့ တစ်ခုကြား တိုက်ရိုက်ပို့တဲ့နည်းကို ခေါ်တာပါ။ JustBeamIt ကိုသွားပြီး ကိုယ်ပို့ချင်တဲ့ဖိုင်ကို Drag and Drop ဆွဲထည့်လိုက်ရင် ချက်ချင်း Link တစ်ခု ရလာလိမ့်မယ်။ အဲ့ဒီ့ Link ကို Share လုပ်ပြီး တစ်ဖက်လူက Click ပေးလိုက်တာနဲ့ ကိုယ့်ကွန်ပြူတာထဲက ပို့ချင်တဲ့ဖိုင်ကို တစ်ဖက်ကွန်ပြူတာကနေ တိုက်ရိုက် Download ဆွဲလိမ့်မယ်။ 


နောက်ဆုံးတစ်ခုကတော့ Infinit - သူကတော့ JustBeamIt နဲ့ သဘောတရားချင်း ဆင်ပြီး Web App မဟုတ်တဲ့ Desktop Application တစ်ခုပါ။ သူလည်းပဲ Peer-to-Peer နည်းကို သုံးတယ်။ သူ့ကို သုံးမယ်ဆိုရင် ပို့ချင်တဲ့ဖိုင်ကို Infinit app ထဲ Drag ဆွဲထည့်၊ ကိုယ်ပို့ချင်တဲ့သူ ကို Contacts ထဲကနေ ရွေးပြီး တစ်ဖက်လူက Incoming File Request ကို လက်ခံတာနဲ့ File Transfer လုပ်ငန်းစတယ်။ Infinit ရဲ့ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုက Resumable Download ပေးထားတယ်။ ဆိုလိုတာ File Transfer လုပ်နေတုန်း Internet Connection ကျသွားတာမျိုး၊ မီးပျက်သွားတာမျိုး ဖြစ်ခဲ့ရင် တစ်ကနေပြန်စပြီး ပို့စရာမလိုပဲ ရောက်တဲ့ နေရာကနေ ဆက်ပို့နိုင်အောင် Application က လုပ်ပေးနိုင်တယ်။ နောက်ပြီး Network တူတဲ့သူ အချင်းချင်း ကွန်ပြူတာတစ်လုံးကနေ နောက်တစ်လုံးကို ဖိုင်ပို့ချင်တဲ့အခါ Infinit ကိုသုံးမယ်ဆိုရင် Local Area Network ကနေ သွားတာမို့လို့ File Transfer လုပ်တာ အရမ်းမြန်တယ်။ လိုအပ်တာတစ်ခုက Infinit ကိုသုံးပြီး Peer-to-Peer နည်းနဲ့ File Transfer လုပ်မယ်ဆိုရင် ပေးပို့သူနဲ့ လက်ခံမယ်သူနှစ်ဦးစလုံးရဲ့ စက်မှာ Infinit App သွင်းထားဖို့ လိုပါတယ်။ 


နောက်ဆုံးနည်းလမ်း တစ်ခုအနေနဲ့ ကျွန်တော်တို့ ရင်းနှီးပြီးသား Skype App သုံးပြီး Documents, Photos, Videos နဲ့ တစ်ခြား ပမာဏကြီးတဲ့ဖိုင်တွေကို Internet ကနေတဆင့် ပေးပို့နိုင်ပါတယ်။ သူလည်း Peer-to-Peer နည်း သုံးထားလို့ File Size Limit ကန့်သတ်ချက် မရှိပါဘူး။ အခုဖော်ပြခဲ့သလောက်ဆို အင်တာနက်ထဲမှာ အလွယ်တကူ ဖိုင်ပို့ချင်တဲ့သူတွေ အတွက် အတိုင်းအတာတစ်ခုထိ ဒီ Article က ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

TechSectors.

How To Get Windows Experience Index In Windows 8.1

Windows Experience Index ဆိုတာ Windows Vista - 7 နဲ့ 8 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ System Performance ဘယ်လောက် ရှိသလဲ ဆိုတာ စစ်ဆေးနိုင်တဲ့ ညွှန်းကိန်းကိုခေါ်ပါတယ်။ အလွယ်ပြောရင် Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး Performance အတွက် ဘာတွေတိုးရမယ်၊ ဘာတွေချွေသုံးရမယ်၊ ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား၊ မသုံးသင့်ဘူးလား ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Components ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Components ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ - လို့ တစ်ချိန်က Windows Experience Index (WEI) အကြောင်းရေးရင်းနဲ့ Windows Experience Index: An In-Depth Look ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက End Users တိုင်းအတွက် အသုံးတည့်တဲ့ Windows Experience Index GUI version ဟာ Microsoft ကနေ နောက်ဆုံးထုတ်လိုက်တဲ့ Windows 8.1 OS မှာ ပါမလာတော့ဘူး။ WEI ဟာ အရင်က GUI version ဖြစ်တာကြောင့် အောက်မှာ မြင်ရတဲ့အတိုင်း သုံးရလွယ်တယ်။ ထင်သာမြင်သာရှိတယ်။

တစ်ခုရှိတာ Windows 8.1 မှာ WEI GUI version ပါမလာတော့ပေမယ့် Command Prompt နဲ့ Windows Powershell ကိုသုံးပြီး Command Line ကနေတဆင့် ကြည့်လို့တော့ ရနိုင်သေးတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲတွေကို သိပ်စိတ်မဝင်စားတတ်တဲ့ သူတွေအတွက် WEI ကို Third-party tools တွေနဲ့ အရင် GUI version လိုပဲ သုံးလို့ရအောင် ဖန်တီးနိုင်ပါတယ်။ အောက်မှာ ဖော်ပြသွားမယ့် ခေါင်းစဉ်(၃)ခုက Windows 8.1 မှာ WEI ကို စစ်ဆေးကြည့်ချင်သူတွေအတွက် အသုံးပြုနိုင်မယ့် Tools တွေပါ။

Metro Experience Index : Windows 8.1 ရဲ့ WEI ကို စစ်ဆေးဖို့ ပထမဆုံးထွက်လာတဲ့ Tool တစ်ခုပါ။ Windows 8.1 Preview ထွက်ပြီးမကြာခင် လပိုင်းလောက်မှာ ထုတ်ခဲ့ပြီး ခုချိန်ထိ Update ထပ်မပေးတော့ပေမယ့် သူက Windows 8.1 RTM တင်မှာသာမက Windows 8.1 Update 1 ထိပါ ပြဿနာတစ်စုံတစ်ရာ မရှိပဲ အသုံးပြုနိုင်ပါတယ်။ တစ်ခုရှိတာ သူက Portable မဟုတ်လို့ Install လုပ်ဖို့ လိုပါလိမ့်မယ်။


ChrisPC Win Experience Index : သူက ကျွန်တော်တို့ အရင်သုံးနေကျ Original Windows Experience Index နဲ့ ဆင်တဲ့ Interface ရှိပြီး WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးပါတယ်။


Winaero WEI Tool : ကျွန်တော့်တစ်ယောက်တည်း သဘောအရပြောရရင်တော့ ဖော်ပြမယ့် Tools (၃) မျိုးမှာ Winaero WEI Tool ကို သဘောအကျဆုံးပါ။ သူလည်းပဲ ChrisPC လို WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးတယ်။ အဲ့တာအပြင် နောက်ထပ်ပါဝင်သေးတဲ့ သူရဲ့ အားသာချက်တစ်ချို့က -

ရလာတဲ့ Index ကို Screenshot တစ်ခါတည်း ယူလို့ရတယ်။
ရလာတဲ့ ပုံကို PNG File အနေနဲ့ Save လုပ်ပြီး ImgUr ကို တစ်ခါတည်း Upload တင်လို့ရတယ်။
နောက်ပြီး WEI Table ကို HTML File အနေနဲ့ Save လုပ်လို့ပါရတယ်။
နောက်ဆုံး အားသာချက်ကတော့ Install လုပ်ဖို့မလိုဘူး Portable အနေနဲ့ သုံးလို့ရတယ်။


စာဖတ်သူတွေအနေနဲ့ ဖော်ပြခဲ့တဲ့ WEI Tools (၃) ခုကို စမ်းသပ်သုံးစွဲကြည့်ပြီး နှစ်သက်ရာကို လိုအပ်နေသူတွေအတွက် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်။

TechSectors.

What is the System Reserved Partition?


“System Reserved” Partition ဆိုတာကို Service လိုက်ပြင်နေတဲ့သူ တော်တော်များများနဲ့ ကိုယ့်ဘာသာကိုယ် ကွန်ပြူတာကလိဖူးသူတိုင်း ရံဖန်ရံခါ တွေ့ဖူးကြလိမ့်မယ်လို့ ထင်မိတယ်။ အဲ့ဒီ့ Partition က Windows 7 နဲ့ 8 ကို Clean Disk မှာ Install လုပ်တဲ့အခါ Windows ကနေ အလိုလျောက် ဖန်တီးပေးတဲ့ Partition လို့ပဲ ပြောရမယ်။ အလိုလျောက် ဖန်တီးပေးတဲ့ Partition ဆိုပေမယ့် Windows ကနေပြီး အဲ့ဒီ့ Partition ကို Drive Letter သတ်မှတ်မပေးဘူး။ အဲ့တာကြောင့် တကယ်တမ်း Windows တက်လာတဲ့အခါ အဲ့ဒီ့ “System Reserved” Partition ဆိုတာကို Windows Explorer မှာ မြင်ရမှာ မဟုတ်သလို ပုံမှန် User တစ်ယောက်အနေနဲ့ ရှိတယ်ဆိုတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။ သူ့ကို Disk Management သုံးလေ့ရှိတဲ့ သူတွေနဲ့ တစ်ခြား 3rd Party Partition Tools သုံးလေ့ရှိသူတွေလောက်ပဲ သတိထားမိကြလိမ့်မယ်။

“System Reserved” Partition ဆိုတာ Windows 7 နဲ့ နောက်ပိုင်း OS တွေမှာမှ Microsoft ကစပြီး မိတ်ဆက်ခဲ့တာမို့လို့ အရင် Windows အဟောင်းတွေမှာ တွေ့ဖူးကြမှာ မဟုတ်ဘူး။ အဲ့ဒီ့ Partition ကို Windows Serer 2008 R2 နဲ့ နောက်ပေါ်တဲ့ Windows Server versions အသစ်တွေမှာလည်း Create လုပ်လာတာ တွေ့ရတယ်။

အဲ့တော့ “System Reserved” Partition က ဘာအရေးကြီးသလဲဆိုတာ သိဖို့လိုလာသလို သူ့ကို ဘာအတွက် ဖန်တီးထားသလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုလာတယ်။ “System Reserved” Partition ကို Windows ကနေ အလိုလျောက် ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က (၂) ခုရှိတယ် -

  • Boot Manager နှင့် Boot Configuration Data များ သိမ်းဆည်းရန် - ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Windows Boot Manager စအလုပ်လုပ်ပြီး Boot Configuration Data (BCD) ထဲမှာရှိတဲ့ Boot Data ကို အရင်ဆုံး သွားဖတ်တယ်။ အဲ့လို “System Reserved” Partition ထဲက Boot Loader ကို Boot ပြီးတဲ့အချိန်မှာ ကိုယ့် System Drive ရဲ့ ဘယ်နေရာမှာ Windows ရှိတယ်ဆိုတာကိုသိပြီး အဲ့ကနေမှတဆင့် Boot တက်တယ်။
  • BitLocker Drive Encryption အတွက် Startup Files များ အသုံးပြုနိုင်စေရန် - ကိုယ့် Hard Drive ကို လုံခြုံမှုရှိအောင် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ထဲမှာ ကွန်ပြူတာစတင်အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ဖိုင်တွေ (Boot Files) ရှိနေတာက Main Windows partition ထဲမှာ ရှိနေတာထက် ပိုကောင်းပါတယ်။ အဲ့လိုရှိနေခြင်းအားဖြင့် ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Unencrypted ဖြစ်နေတဲ့ System Reserved partition ကနေတဆင့် Main Encrypted Drive ကို Decrypt လုပ်ပြီး Encrypted Windows System ကို Boot စေပါတယ်။

အဲ့တာကြောင့် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ကို မဖြစ်မနေ ထားသင့်ပါတယ်။ မဟုတ်ရင်တော့ BitLocker သုံးတဲ့အချိန်မှာ ပုံမှန် Function ရဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောထားခဲ့ပြီးသလို အရေးကြီးတဲ့ Boot Files တွေက Default အနေနဲ့ “System Reserved” Partition ထဲမှာ သိမ်းတယ်ဆိုပေမယ့် ကိုယ့်ဘာသာ Partition ခွဲပြီး အဲ့ဖိုင်တွေကို Main Windows partition ထဲမှာပဲ သိမ်းချင်တယ်ဆိုရင်လည်း သိမ်းထားနိုင်ပါတယ်။


“System Reserved” Partition ကို Windows Installation လုပ်ဆောင်ဖို့အတွက် HD ကို Partition ပိုင်းတဲ့အချိန်မှာ Windows Setup က အလိုလျောက်ဖန်တီးပြီး Windows 7 မှာ “System Reserved” Partition က 100 MB နေရာယူပါတယ်။ Windows 8 မှာတော့ 350 MB နေရာယူပါတယ်။ Windows Installer ထဲမှာပါတဲ့ Partition Manager နဲ့ ကိုယ့် HD က Unallocated Space ကို Partition ပိုင်းဖို့ ကြိုးစားတဲ့အချိန်မှာ Windows Setup ကနေ အောက်ဖော်ပြပါအတိုင်း ပြောတာကြုံဖူးကြပါလိမ့်မယ်။

“To ensure that all Windows features work correctly, Windows might create additional partitions for system files.”

ဆိုလိုတာက Windows နဲ့အတူပါလာမယ့် Features တွေ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ System Files တွေသိမ်းဖို့ နောက်ထပ် Partition (“System Reserved” Partition ) ဖန်တီးရလိမ့်မယ် ဆိုတာကို အသိပေးတာပါ။


တစ်ချို့က ဒါကို သဘောမကျကြဘူး။ Partition တစ်ခုခွဲတာ နှစ်ခုထွက်တယ်ဆိုပြီး အလိုမကျတဲ့သူတွေရှိသလို ဘာမှလည်း သုံးစားရတာ မဟုတ်ဘဲနဲ့ “System Reserved” Partition က ဘာအတွက် ပေါ်လာတာလဲဆိုပြီး မေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင်တော့ ပမာဏအရ ဘယ်လောက်မှ မရှိတဲ့ ဒီ Partition သေးသေးလေးကို များများစားစားတွေးမနေဘဲ ရှိမြဲအတိုင်း ထားစေချင်ပါတယ်။ သူရှိနေလို့ ကျွန်တော်တို့အတွက် ထူးပြီး ဘာမှမဖြစ်ဘူး။ Windows ကနေလည်း ဒီ Partition ကို မမြင်ရအောင် Default အနေနဲ့ Drive Letter မပေးဘဲ Hide ထားပေးတယ်။ အဲ့တာကြောင့် လူတော်တော်များများ ဒီ Partition ကို ရှိမှန်းတောင် သတိမထားမိကြဘူး။ ဒီ Partition က BitLocker မသုံးသူတွေအတွက် မရှိလည်း ဘာမှ မဖြစ်ပေမယ့် လက်ရှိမှာ BitLocker သုံးနေသူတွေ၊ နောင်များမှာ BitLocker သုံးဖို့ စိတ်ကူးရှိသူတွေအားလုံးအတွက် မဖြစ်မနေ ထားသင့်ပါတယ်။ အဲ့လိုရှိထားမှသာ Drive အားလုံးအတွက် BitLocker သုံးဖို့ အသင့်အနေအထား ဖြစ်ပါလိမ့်မယ်။

တကယ်လို့ “System Reserved” Partition ကို နေရာမပေးချင်ဘူးဆိုရင် လုပ်ဆောင်နိုင်တဲ့နည်းတွေ ရှိပါတယ်။ အဲ့နည်းတွေထဲက တစ်နည်းကတော့ Unallocated Space ကို Partition ပိုင်းတဲ့အချိန်မှာ Windows Installer နဲ့ မပိုင်းဘဲ တစ်ခြား Disk Partitioning Tool တစ်ခုခုသုံးပြီး ကြိုပိုင်းထားတဲ့နည်းပါ။ ကျွန်တော်ကတော့ အဲ့လိုလုပ်ဖို့ စိတ်ကူးရှိရင် Paragon Hard Disk Manager ဒါမဟုတ် Partition Wizard Boot Disk အခွေကို သုံးပါတယ်။ အဲ့နည်းနဲ့ Partition ပိုင်းထားပြီးနောက်မှ Windows Installer ကို ကိုယ် Windows ထားချင်တဲ့ Partition နေရာပြလိုက်ရင် “System Reserved” Partition ကို Create မလုပ်တော့ဘဲ ပုံမှန်အတိုင်း ဆက်သွားပါလိမ့်မယ်။ အဲ့လိုနည်းနဲ့ “System Reserved” Partition မှာ သိမ်းမယ့် Boot Files တွေကို Main System Partition မှာ တစ်ပါတည်း ထည့်ထားနိုင်ပါတယ်။

ဒီနည်းကိုပဲ တစ်ခြား Disk Partitioning Tool တွေမသုံးဘဲ Windows Installer ထဲမှာပါတဲ့ Partition Manager ကိုသုံးပြီး “System Reserved” Partition မပါအောင် အောက်ဖော်ပြပါအတိုင်း ဖန်တီးနိုင်ပါသေးတယ် -

  • Windows Setup မလုပ်ဆောင်သေးခင်မှာ Shift+F10 ကို နှိပ်ပြီး Command Prompt ကိုဖွင့်ပါ။
  • Command Prompt window ပွင့်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
  • ပြီးရင် Unallocated Space ကို Diskpart Tool သုံးပြီး New Partition အဖြစ် Create လုပ်ပါ။ ဥပမာ - ကျွန်တော်တို့ ကွန်ပြူတာမှာ Partition တစ်ခုမှ မရှိဘဲ Empty ဖြစ်နေတဲ့ Drive တစ်ခုပဲ ရှိတယ်ဆိုပါစို့။ ဒီလိုဆိုရင် select disk 0 လို့ရိုက်ပြီး create partition primary အနေနဲ့ ဖန်တီးနိုင်ပါတယ်။ ဒီနည်းက Partition ပိုင်းချင်သူ အားလုံးအတွက် Ideal Solution တော့ မဟုတ်ပါဘူး။ Diskpart Tool အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
  • Partition Create လုပ်ပြီးသွားရင် Windows Setup ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။


ဖော်ပြခဲ့တဲ့ နည်းတွေကိုမသိပဲ Windows တင်ပြီးခါမှ “System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါတယ်။ ဒါပေမယ့် ပုံမှန် သမားရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ Partition ကို Delete လုပ်လို့တော့ မရပါဘူး။ အဲ့လိုလုပ်လိုက်ရင် “System Reserved” Partition ထဲမှာ ရှိနေတဲ့ Boot Loader Files တွေကိုပါ Delete လုပ်မိသလိုဖြစ်ပြီး Windows မတက်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။


“System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး အဲ့ဒီ့ Partition ထဲမှာ ရှိနေတဲ့ Boot Files တွေကို System Partition ထဲ ရွှေ့ဖို့လိုပါတယ်။ ဒါပေမယ့် ဒီနည်းက အပြောလွယ်ပေပြီး အလုပ်ခက်ပါတယ်။ အဲ့ဒီ့နည်းကို သုံးရင် Registry ကိုင်ရမယ်၊ Files အတော်များများကို Drive to Drive ရွှေ့ရမယ်၊ BCD ကို ပြန်ပြင်ရေးရမယ် နောက်ဆုံး Main System Drive ကို Active Partition ဖြစ်အောင် ပြန်လုပ်ရဦးမယ်။ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ အင်တာနက်ထဲမှာ နေရာတိုင်းလိုလို တွေ့နိုင်တာကြောင့် အသေးစိတ်ပြန်မရေးတော့ဘူး။ ဘယ်လောက်မှ မရှိတဲ့ ပမာဏလေးတစ်ခုလောက် အတွက်နဲ့ “System Reserved” Partition ကို ဖျက်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း အားမပေးဘူး။

“System Reserved” Partition က ရုတ်တရက်ကြည့်ရင် Partition Table မှာ ရှုပ်ထွေးစေသလို မြင်ရပြီး နေရာအများကြီး ယူထားသလို ထင်ရပေမယ့် သူက Windows တစ်ခုလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာရယ် သူ့ကိုဖျက်လိုက်လို့ ကိုယ့်အတွက် Space ဘယ်လောက်မှ ပိုရလာမှာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်သူတွေ သတိထားနိုင်ဖို့ အသိပေးချင်ပါတယ်။

TechSectors.

Get High Resolution Bing Pictures From Official Bing Gallery

နေ့စဉ် အင်တာနက်ထဲဝင်တိုင်း ကျွန်တော်တို့ အမြဲရောက်ဖြစ်တဲ့ နေရာတစ်ခုစီတော့ ရှိကြမှာပါ။ Google တို့ Facebook တို့တော့ မဆိုလိုဘူးပေါ့။ နေ့တိုင်းနီးပါး ရောက်ဖြစ်တဲ့ နေရာတွေထဲကမှ ကျွန်တော်အမြဲတမ်း တကူးတကသွားဖြစ်တဲ့ နေရာတစ်ခုကို ပြောပါဆိုရင် Bing ရဲ့ Homepage လို့ပဲ ပြောရမယ်။


 
Search Engine နဲ့ ပတ်သတ်ရင် အရင်က Google ကို အသုံးများပေမယ့် ခုနောက်ပိုင်းမှာ Bing ကိုမကြာခဏ သုံးဖြစ်လာတယ်။ အကြောင်းက မနက်ဘက် အင်တာနက်သုံးဖို့ Browser ဖွင့်လိုက်တာနဲ့ အမြဲရိုးရိုးစင်းစင်းလှနေတတ်တဲ့ ပုံလေးတွေကို ကျွန်တော်မြင်ချင်လို့။ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်ရင် ကိုယ့်မြန်မာနိုင်ငံက အထင်ကရနေရာတွေရဲ့ ဓာတ်ပုံတွေကို Bing ရဲ့ Homepage မှာ တွေ့ရတတ်သေးတယ်။




အရင်ကတော့ Bing ရဲ့ Homepage ကို နေ့တိုင်းသွားသွားကြည့်ပြီး သဘောကျတဲ့ပုံတွေ့ရင် နောက်ပိုင်း Wallpaper အနေနဲ့ ပြန်သုံးလို့ရအောင် Save လုပ်ထားဖြစ်တယ်။ ပုံမှန်အားဖြင့် Bing ရဲ့ Homepage မှာ တင်ထားတဲ့ ပုံကို သိမ်းချင်ရင် ပုံမှန်ကျွန်တော်တို့ လုပ်နေကျ Right Click ထောက်ပြီး Save as လုပ်တာမျိုးတော့ လုပ်လို့ မရနိုင်ဘူး။ ဒါပေမယ့် Firefox မှာတော့ Right Click ထောက်ပြီး View Background Image ကနေတစ်ဆင့် ဖွင့်လိုက်ရင် မူရင်းပုံကို Save Image As နဲ့ သိမ်းလို့ရတယ်။



အခုဆိုရင် Bing ရဲ့ Homepage မှာ တင်ထားတဲ့ ပုံတွေကို လူကြိုက်များလာတော့ အဲ့ဒီ့ပုံတွေကို အလိုလျောက် Download ချပေးမယ့် Free tool တွေ ပေါ်လာတာရှိသလို လူကြိုက်များတဲ့ ပုံတွေကိုချည်းစုပြီး Windows Themes အနေနဲ့ Microsoft က ပေးတာမျိုးလည်း ရှိလာတယ်။ အဲ့လိုမှမဟုတ်ပဲ ကိုယ်သဘောကျရာကို စိတ်ကြိုက်ရွေးပြီး Wallpapers အနေနဲ့ သိမ်းထားချင်တယ်ဆိုရင် Bing ရဲ့ Official Homepage Gallery မှာ တရားဝင်ဒေါင်းလုပ်ချလို့လည်း ရနိုင်တယ်။



Bing Homepage Gallery ရဲ့ အားသာချက်က နေ့တိုင်း Bing ကိုသွားကြည့်ပြီး Save Image As လုပ်နေစရာမလိုဘူး။ ပုံတိုင်းကို ဒေါင်းလုပ်ချနေစရာလည်း မလိုဘူး။ ပုံပေါင်းမြောက်များစွာထဲကနေမှ နေရာ၊ အရောင်၊ ဒေသ စသဖြင့် စိတ်ကြိုက်ရွေးပြီး လိုချင်တဲ့ပုံကို ရှာကြည့်နိုင်တယ်။



လိုချင်တဲ့ပုံတွေ့ပြီဆိုရင် Click ပေးလိုက်တဲ့အခါ ပုံသေးကနေ ပုံကြီး ပြောင်းသွားမယ်။ အဲ့မှာ ပုံရဲ့အကြောင်းအရာ အတိုချုပ်ကို ရှင်းပြထားတာ ရှိသလို တစ်ခါတည်း ဒေါင်းလုပ်ချချင်ပြီဆိုရင် ညာဘက်အောက်ထောင့်နားက Download Button ကိုနှိပ်ပြီး ယူလို့ရတယ်။



အဲ့မှာ တစ်ခါတစ်လေ ဒေါင်းလုပ်တန်းကျတာရှိသလို ရံဖန်ရံခါ ပုံပဲပွင့်လာပြီး Save as လုပ်ရတာလည်း ရှိတယ်။ တကယ်လို့ Bing ရဲ့ လက်ရှိ Homepage ကို Windows Desktop Background အဖြစ်သုံးချင်တယ်ဆိုရင် Bing Desktop client ကို Download ချပြီး သုံးနိုင်သေးတယ်။ စာဖတ်သူဟာ Windows သုံးသူဖြစ်ဖြစ် Mac User ပဲဖြစ်ဖြစ် Bing Homepage Gallery ကို တစ်ခေါက်လောက်တော့ သွားကြည့်ပါ။ စိတ်ချမ်းမြေ့စရာတစ်ခုခုတော့ ရနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

TechSectors.

Related Posts