Google & Think Quarterly

ဟိုတစ်နေ့က Google ကနေပြီး သူ့ရဲ့ ပထမဆုံး Online Magazine စထုတ်တယ် - နာမည်ကိုတော့ Think Quarterly လို့ ပေးထားတယ် - သူ့ဆိုဒ်ရဲ့ အပြင်အဆင်ကတော့ သာမန်ပဲ - ဘာနဲ့ ပုံစံချင်း ဆင်လဲဆိုတော့ အရင်ကျွန်တော်ရေးခဲ့ဖူးတဲ့ Web အကြောင်း လေ့လာရအောင် ခေါင်းစဉ်အောက်က 20 things I learned about the web ဆိုတဲ့ HTML5 Guide စာအုပ်ပုံစံမျိုးနဲ့ ဆင်တယ် -


ဒါပေမယ့် ဆင်သာ ဆင်တာ သူ့ဆိုဒ်က Articles တွေဖတ်ချင်ရင်တော့ Articles တစ်ခုချင်းစီအလိုက် တစ်မျက်နှာစီ လိုက်ဖတ်မှရမယ် - ရေးထားတဲ့ အကြောင်းအရာလေးတွေက စိတ်ဝင်စားဖို့ ကောင်းတယ် - တကယ်လို့ ဆိုဒ်မှာ မဖတ်အားဘူး - Offline ဖတ်ချင်တယ်ဆိုရင် PDF download ကိုဒီနေရာမှာ ယူလို့ ရတယ် - ISSUU မှာ တင်ထားတာမို့လို့ တစ်ခါတည်း တန်းဖတ်ချင်ရင်လည်း အဆင်ပြေတယ် -


UK နဲ့ Ireland ရဲ့ Google Operations Managing Director - Matt Brittin ကတော့ ဒီ Online magazine: Think Quarterly ဆိုတာ နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ လူမှုဘဝနယ်ပယ်ထဲက အပန်းဖြေစရာ နေရာတစ်ခု " a breathing space in a busy world. " လို့ ညွှန်းပါတယ် - နောက်ပိုင်း ကာလတွေမှာ Google က ဒီ Online magazine နဲ့ ပတ်သတ်ပြီး ဘယ်လို ခရီးဆက်မယ် ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ -

မူလရင်းမြစ်များ

http://thinkquarterly.co.uk/
http://issuu.com/thinkquarterly/docs/01-data
http://downloadsquad.switched.com/20...ink-quarterly/
http://newsgrange.com/think-quarterl...line-magazine/
http://mashable.com/2011/03/24/think-quarterly/

KznT.

How to backup your Gtalk chat logs

ဒီအကြောင်းက ကိုညီညီ ဒီနေရာမှာ မေးထားတဲ့ အကြောင်းကို ရေးထားတဲ့ အကြောင်းအရာနဲ့ မဆက်စပ်လို့ ခေါင်းစဉ်အသစ် ထုတ်ပြီး ရေးဖြစ်လိုက်ပါတယ် - သူမေးထားတဲ့ မေးခွန်းက ဒီလိုပါ -

ကျွန်တော် သိချင်တာ တစ်ခုရှိတယ်ဗျ - သူက imap သုံးပြီး gmail ထဲမှာ ရှိတဲ့ email တွေကို download ယူ ဖွင့်ကြည့်လို ့ရတာတော့ ဟုတ်တယ်။ ဒါပေမယ့် chat တွေကျတော့ မရဘူး။ ကျွန်တော် မလုပ်တတ်တာလားတော့ မသိဘူး။ အဲ့ဒီလို chat တွေကို gmail ဖွင့်စရာ မလိုဘဲ imap နဲ ့ download ယူဖွင့်ကြည့်လို ့ရတဲ့ နည်းလမ်းလေးများ သိရင် ပြောပြပါအုံး။

ကျွန်တော်လည်း ဒီရက်ပိုင်း ကံမကောင်းဘူးလား မသိ - ဖြေရလက်ပေါက်ကပ်တာတွေချည်း ဆက်တိုက် မေးခံနေရတယ် -  ကိုညီညီပြောတာ ဟုတ်ပါတယ် - IMAP သုံးပြီး Gmail ထဲက Emails တွေကို Download ယူဖွင့်ကြည့်လို့ ရတာ ဟုတ်တယ် - ဒါပေမယ့် Chat တွေကတော့ မရပါဘူး - မရဘူးဆိုလို့ နဲနဲ စောဒက တက်စရာရှိတယ် - တစ်ချိန် Gmail ကနေပြီး IMAP စပေးခါစတုန်းကတော့ ယောင်တယ် ပြောရမလား - ကြောင်တယ်ပြောရမလား မသိဘူး - Chats တွေကို Label ပြောင်းပေးလိုက်ယုံနဲ့ IMAP ကနေ ဒေါင်းလုပ်ဆွဲလို့ ရခဲ့ဖူးတယ် - ဒါပေမယ့် အဲလို ဖြစ်ခဲ့တာကလည်း ခဏပဲ - နောက်ပိုင်း မရတော့ဘူး - အဲ့တာကြောင့် ခုနောက်ပိုင်းကျတော့ Chat logs တွေကို Download ချပြီး သိမ်းထား ချင်တယ်ဆိုရင် တစ်ခြားနည်းတွေ ပြောင်းပြီး လုပ်ကြရတယ် - အဲ့နည်းတွေက

  • Chats အားလုံးကို တစ်ခုချင်းစီ ပြန်ဝင်ပြီး ကိုယ့် Email ထဲ ကိုယ့်ဘာသာ Forward ပြန်လုပ်တဲ့နည်း ( ဒီနည်းက Chat history မှာ ပမာဏ သိပ်မများရင် အကြောင်းမဟုတ်ဘူး - ပမာဏ အရမ်းများရင် ကျတော့ ရှော့ရှိလာတယ် - ဒါ့ကြောင့် ဒီနည်းက သိပ်မကောင်းဘူးလို့ ပြောလို့ ရတယ် )
  • ဝင်လာသမျှ Chats အားလုံးကို ကိုယ့် Inbox ထဲနောက်တစ်ကြိမ် ပြန်ဝင်လာအောင် Auto forward လုပ်ထားတဲ့နည်း ( ဒီနည်းကလည်း ခုကနေ စလိုက်ရင် နောက်ပိုင်း ဝင်လာမယ့် Chats တွေအတွက်ပဲ အကျိုးသက်ရောက်မှု ရှိမယ် - အရင်တုန်းက ရှိခဲ့ဖူးတဲ့ Chat တွေပေါ် အကျိုးသက်ရောက်မှု မရှိဘူး )
  • Script သုံးပြီး Gmail website ကို Analyze လုပ်တဲ့နည်း ( ဒီနည်းကကျတော့ Google ရဲ့ TOS နဲ့ မညီလို့ နာရီပိုင်းအတွင်း ကိုယ့် Account က Block ခံရနိုင်တယ် )

GTalk Chat logs များအား Offline backup လုပ်ဆောင်ခြင်း


အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့ နောက်မှာ ကျွန်တော်တို့ အသုံးချနိုင်တဲ့ နောက်နည်းလမ်း တစ်ခု ရှိပါတယ် - အဲ့တာက ကျွန်တော်တို့ ကြားယုံကြားဖူးပြီး သိပ်မသုံးဖြစ်ကြတဲ့ Offline Gmail function ကို အသုံးချတဲ့နည်းပါ - Offline Gmail function ကို အသုံးပြုခြင်းအားဖြင့် Google Gears ကနေ ကိုယ့် Gmail Inbox ထဲက Emails တွေ - Chat logs တွေ တစ်ခြား Labels အမျိုးမျိုး ပြောင်းတပ်ထားတဲ့ Mails တွေအားလုံးကို Connection မရတဲ့ အချိန် Offline အနေနဲ့ ကြည့်ရှုနိုင်ပါတယ် - တစ်နည်းပြောင်းပြောရရင် စက်ထဲမှာ Offline backup လုပ်ဆောင်ထားလို့ ရတယ်ပေါ့ - အဲ့လို လုပ်ဆောင်ဖို့အတွက် 



အဆင့် ( ၁ ) >> အရင်ဆုံးGoogle Gears ရှိရာဆီ သွားပြီး Installation status ကို တစ်ချက်ကြည့်ကြည့်ပါ - တကယ်လို့ သူက Installed လို့ ပြရင်တော့ အောက်ဖော်ပြပါနည်းအတိုင်း ဆက်လုပ်သွားပြီး - Install မလုပ်ဆောင်ရသေးလို့ ပြရင်တော့ သူ့ကို install လုပ်ပြီး Browser ကို Restart ပြန်ပေးဖို့ လိုပါတယ် - ကျွန်တော်ကတော့ Google Chrome သုံးတဲ့သူ မို့လို့ Google Chrome မှာ Google Gears က default အနေနဲ့ ပါဝင်ပြီးသားပါ - Install လုပ်ဖို့ မလိုပါဘူး - 




အဆင့် ( ၂ ) >> ပြီးသွားရင် နောက်တစ်ဆင့် အနေနဲ့ Gmail ထဲကို ဝင်ပါမယ် - ဘယ်တွေကို ဒေါင်းလုပ်ချမှာလဲ ဆိုတာ စီစဉ်ရပါမယ် - လောလောဆယ်တော့ ကျွန်တော်တို့က Gtalk Chat logs တွေကို အဓိက ဒေါင်းလုပ်ချဖို့ ရည်ရွယ်ထားတာမို့လို့ Search box မှာ in:chat လို့ရိုက်ပြီး ဖြစ်စေ - Side bar က Chats ကနေ ဖြစ်စေ Chat History တွေ ရှိရာဆီ ဆက်သွားပါ။ ဒီနေရာမှာ နှစ်နည်းရှိတယ် - တစ်ချို့က Chat History မှန်သမျှကို သိမ်းချင်တာ - တစ်ချို့ကျတော့ Chat History ထဲကမှ ကိုယ့်အတွက် အရေးကြီး တာလေးလောက်ကိုပဲ သိမ်းချင်တာ - တကယ်လို့ Chat History မှန်သမျှကို သိမ်းချင်တဲ့ လူဆိုရင်တော့ ဒီနည်းကို သုံးဖို့ မလိုပါဘူး - အဆင့် ( ၅ ) ကို တန်းကျော်သွားလိုက်ပါ - ခုနည်းက လိုတာလေးလောက်ကိုပဲ သီးသန့်သိမ်းချင်တဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် - 




အဆင့် ( ၃ ) >> အထက်မှာ ဖော်ပြထားတဲ့အတိုင်း ကိုယ့် Chat History တွေကို မြင်ရပြီ ဆိုရင် အရေးကြီးတဲ့ Chat History အားလုံးကို Select ပေးပြီး အထက်ဖော်ပြပါအတိုင်း Label > Create new ကနေ တစ်ဆင့် New Label တစ်ခုပေးပါ - ကျွန်တော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Gtalk History ပေါ့ -




အဆင့် ( ၄ ) >> အဲ့လိုပေးပြီးတာနဲ့ ကိုယ်ဒေါင်းလုပ်ချဖို့ ရွေးချယ်ထား ပြီးသား Chat History တွေ အားလုံးဟာ အောက်ဖော်ပြပါ အတိုင်း ကိုယ်ပေးထားတဲ့ New label နဲ့ ယှဉ်ရက်တွေ့ရပါလိမ့်မယ်။ 



အဆင့် ( ၅ ) >> နောက်တစ်ဆင့်မှာ Mail Settings ကို သွားပါ - 




အဆင့် ( ၆ ) >> Offline ကို ဆက်ဝင်ပါ - Enable Offline Mail for this computer ကို Enable ပေးပါ - 



အဆင့် ( ရ ) >> ပြီးရင် Download options: အောက်က Change Label Settings ကို Expand လုပ်ပါ - 



အဆင့် ( ၈ ) >> Expand လုပ်ပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း Recent message range: ကို 5 Years ( Messages အဟောင်းတွေ အကုန်ရအောင် ) - နောက် Set None ကို တစ်ချက်နှိပ် ( ဆိုလိုတာ အားလုံး ဒေါင်းလုပ်ချဖို့ မလိုဘူး - ဒေါင်းလုပ်လိုချင်တာကို ကိုယ့်ဘာသာကိုယ်ပဲ ရွေးမယ်ဆိုတဲ့ သဘောနဲ့ Set None ကို နှိပ်တာပါ ) - အဲ့လိုလုပ်ပြီးမှ Chat History အားလုံးကို လိုချင်တဲ့သူဆိုရင် Chats ရဲ့ ဘေးက All ကို Click ပေးပြီး - 




အရေးကြီး တာလေးလောက်ကိုပဲ ရွေးပြီး Download ချချင်တဲ့သူတွေအတွက် အထက်မှာ Label အသစ်ပြောင်းပြီး သီးသန့် သိမ်းထားခဲ့တဲ့ Gtalk History ( မိမိပေးထားသောနာမည် ) ရဲ့ ဘေးနားက All ကို Click ပေးပါ - 




အဆင့် ( ၉ ) >> အဲ့လိုရွေးချယ်ပြီးရင် Settings ရဲ့ အောက်ဆုံးက Save Changes ကို Click ပေးပါ - ဒီလိုဆို အောက်ဖော်ပြပါအတိုင်း Install offline access for Gmail ဆိုတဲ့ box လေးတစ်ခု တက်လာပါလိမ့်မယ် - Next ပေးပါ -



အဆင့် ( ၁၀ ) >> Gear box တက်လာပါလိမ့်မယ် Allow ပေးပါ -


အဆင့် ( ၁၁ ) >> Shortcuts ကို ဘယ်မှာထားမလဲ မေးပါလိမ့်မယ် - နေရာရွးပြီး OK ပေးပါ -



အဆင့် ( ၁၂ ) >> အဲ့တာတွေ အားလုံးလုပ်ပြီးသွားရင် Gmail ထဲမှာ Offline Installation Progress တွေ အလုပ်လုပ်နေတာ မြင်ရပါလိမ့်မယ် -



ပြီးတဲ့ထိ ခဏစောင့်လိုက်ပါ -




အဆင့် ( ၁၃ ) >> ဒီအဆင့်ပြီးသွားရင် တကယ်တမ်းက အားလုံးပြီးပါပြီ - Desktop ပေါ်မှာ ရှိနေတဲ့ Offline Gmail ကနေ Internet Connection မရှိလည်း စပြီး ကြည့်လို့ ရပါပြီ - ဒါပေမယ့် တစ်ချို့က အဲ့လိုကြည့်လို့ရယုံတင် မဟုတ်ပဲ အဲ့လို Offline ကြည့်လို့ ရနေတဲ့ Database တွေက ဘယ်မှာ ရှိနေသလဲ - အဲ့ဒီ့ Database ကနေ Messages တွေသီးသန့်ထပ်ထွက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိချင်ကြသူတွေ ရှိပါသေးတယ် - အဲ့အတွက် အောက်က အဆင့်တွေကို ဆက်ဖတ်ပါ -



Offline ကြည့်လို့ရအောင် Download ချထားတဲ့ offline files တွေက Google Chrome သုံးတဲ့သူဆိုရင် Windows 7 မှာ


C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\Plugin Data\Google Gears\mail.google.com\https_443
အောက်မှာ ရှိပါတယ် - ( OS မတူသူများ Browser မတူသူများ Directory တော့ ကိုယ့်ဘာသာ ကြည့်ရှာကြပါ ) - 



ဖော်ပြထားတဲ့အတိုင်း ဖိုင်တွေအများကြီးထဲကမှ တစ်ခြားဖိုင်တွေနဲ့ ယှဉ်လိုက်ရင် ပမာဏ အများဆုံး မြင်ရတဲ့ ဖိုင်ဟာ ကျွန်တော်တို့ လိုချင်တဲ့ Offline Database ဖြစ်ပါတယ် - သူ့ကို Copy ကူးပါ - တစ်ခြား မှတ်မိလွယ်တဲ့ နေရာ ( ဥပမာ - Desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး ) မှာ ပြောင်းထားလိုက်ပါ - ပြီးရင် အဲ့ဒီ့ Database ကို candorz ဆိုပြီး နာမည်ပြောင်းပေးပါ ( နာမည်ပြောင်းတဲ့ နေရာမှာ File Extension အပါအဝင် အကုန်ပြောင်းရမှာ ဖြစ်ပါတယ် ) -

ပြီးရင် ဒီနေရာ နဲ့ ဒီနေရာ က ဖိုင်နှစ်ခုကို ဒေါင်းလုပ်ချပါ - အဲ့ဖိုင်တွေကို ဖြည်လိုက်ရင် extract.exe နဲ့ sql4.vbs ဆိုပြီး ရပါလိမ့်မယ် - အဲ့ဖိုင်တွေကိုလည်း ခုနက Database ကို နာမည်ပြောင်းပေးခဲ့တဲ့ file နဲ့ တူတူထားရပါမယ် - ပြီးရင် sql4.vbs ကို Double click ပေးပါ - ဒါဆို အောက်မှာ ဖော်ပြထားတဲ့အတိုင်း msgs ဆိုတဲ့ folder တစ်ခု ထပ်ထွက်လာပါလိမ့်မယ် - 




သူ့ထဲကို ဝင်ကြည့်လိုက်ပါ - ကျွန်တော်တို့ လိုချင်တဲ့ Chat History တွေ အားလုံး အောက်ဖော်ပြပါ အတိုင်း ရှိနေတာ တွေ့ရပါလိမ့်မယ် - 



ကျွန်တော်သိထားသလောက်တော့ ဒါအကုန်ပါပဲ 

KznT.

Chrome PDF Viewer

အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတော်တော်များများ ခေါင်းပြူကြည့်တတ် ကြပေမယ့် အကျိုးအမြတ်မရှိပဲ လက်ရှိရပ်တည်နေတဲ့ နေရာကနေ တော်ယုံ ဘယ်သူမှ မကူးပြောင်းချင်ကြဘူး - ဒါကလည်း အကြောင်းရှိတယ် - အပြောင်းအလဲ တစ်ခုနဲ့ ရင်ဆိုင်မယ် ဆိုတဲ့ အခါတိုင်း ကျွန်တော်တို့တွေ အဲ့ဒီ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု ဆိုတာ လုပ်ကြရတယ် - နယ်မြေသစ်ဖြစ်တဲ့ အလျှောက် သူ့မှာ ဘာအန္တရာယ်တွေ ရှိမယ် - ဘာအတားအဆီးတွေ ကျော်ရမယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ မလွယ်နိုင်ဘူး - ဖြစ်နိုင်ချေ ရှိမယ် လို့ထင်ပြီး ကိုယ်ပြင်ဆင်သွားတဲ့ အရာတွေက အဲ့ဒီ့ နယ်မြေထဲမှာ လုံးဝ သုံးစားမရတာတွေ ဖြစ်နေတတ်သလို - မဖြစ်နိုင်လောက် ပါဘူးလို့ထင်ပြီး ချန်ထားခဲ့တဲ့ အရာတွေကလည်း အဲ့နယ်မြေမှာ မဖြစ်မနေ လိုကောင်းလိုနေတာမျိုး ရှိလာတတ်တယ် - အပြောင်းအလဲ တစ်ခုမှာ ကိုယ်ပြင်ဆင်ထားခဲ့တာနဲ့ ကိုယ်ကြုံတွေ့ရမှာတွေ ထပ်တူကျနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကြီး ကံကောင်းမှ တိုက်ဆိုင်တတ်တာမျိုးပါ - အဲ့တာကြောင့် အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတိုင်းနီးပါး အတွင်းစိတ်သန္တန်က ခေါင်းပြူကြည့် တတ်ပေမယ့် လက်တွေ့ရင်ဆိုင်ဖို့ကိုတော့ တွန့်ဆုတ် နေတတ်ကြတယ် - ကျွန်တော်လည်း ထိုနည်းလည်းကောင်းပဲ 

ကွန်ပြူတာ စပြီး သုံးတတ်ခါစက အပြောင်းအလဲ လုပ်ဖို့ နေနေသာသာ မပြောင်းလဲတာတွေကိုပဲ အလွတ်ကျက်ပြီး မှတ်ခဲ့ရတယ် - Apps တွေရဲ့ နာမည်တွေ မသိဘူး - Left click ကို ဘာလို့ နှိပ်ပြီး - Right click ကို ဘာလို့ နှိပ်နေမှန်းလဲ မသိခဲ့ဘူး - ကွန်ပြူတာကို လုံးဝ မသုံးတတ်လို့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်ဝယ်ဖတ်တဲ့ အခါတိုင်း Left click ပေးရမှာလား - Right click ပေးရမှာလား ဆိုတာ ပုံလေးနဲ့ သေချာပြထားတဲ့ စာအုပ်မျိုးကိုမှ ( ဥပမာ - ဆရာဦးအောင်လင်း ( B.E., Electronics ) ရေးတဲ့ Powerpoint - ကွန်ပြူတာဖြင့် သရုပ်ဖော်နည်းလက်စွဲ စာအုပ် ) ကျွန်တော် ဝယ်လေ့ရှိတယ် - တကယ်လို့ များ ကိုယ်ဝယ်လာတဲ့ စာအုပ်က စာမျက်နှာတစ်ခုခုမှာ "ထို နေရာအား Click တစ်ချက်ပေးပါ" ဆိုပြီးများ စာရေးသူက ရေးထားရင် ကျွန်တော် အဲ့စာရေးသူကို အသေအလဲ မုန်းတာ - ဘာလို့လည်းဆိုတော့ Click တစ်ချက်ဆိုတာ Left click ပေးရမှာလား ?? Right click ပေးရမှာလား ?? ကျွန်တော်မသိလို့  ဒီချိန်မှာ ဒါတွေက ရီစရာ ဖြစ်နေပေမယ့် တစ်ချိန်ကတော့ တကယ်ကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။


ခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် အပြောင်းအလဲ ဆိုတဲ့ နယ်ပယ်ထဲကို သူများရဲ့နောက်က လိုက်ပြီး ခြေချရဲတဲ့ အဆင့်တော့ ရောက်ခဲ့ပါပြီ - ဘယ်လို နောက်ကလိုက်ပြီး ခြေချရဲတာလဲ ဆိုတော့ ကွန်ပြူတာသမားတွေ တော်တော်များများမှာ ပုံသေနည်းတွေ ရှိကြတယ် - ဥပမာ - PDF Reader ဆိုဘာသုံးလဲ - Adobe Reader - Browser ဆို ဘာသုံးလဲ Internet Explorer, ခုနောက်ပိုင်းတော့ Mozilla Firefox - စသဖြင့် ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီ Apps တွေကိုပဲ ပုံသေကားချပ်ကြီး တစ်ခုလို သုံးနေကြတယ် - Google Chrome မသုံးဘူးလားဆို ကျွန်တော့်ကို လူထူးလူဆန်းလို ဝိုင်းကြည့်ကြတယ် - Foxit Reader သုံးပါလို့ ပြောလိုက်ရင် သူများစီးပွားရေး ဒုတ်နဲ့လိုက်ထိုးနေသူလို မျက်မှောင်ကျုံ့ကြတယ် - ပြောရရင် ဒါအကြံပြုချက်တွေ အားလုံးဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဖန်တီးခဲ့သူတွေရဲ့ နောက်ကနေ ကျွန်တော် ရဲရဲချနင်းခဲ့ပြီး အားသာချက်တွေ ရှိလို့ အကြံပြုခဲ့တာတာပါ -



ခုလည်း အားလုံးအတွက် သိထားသင့်မယ်ထင်တဲ့ အကြံပြုချက်လေး တစ်ခု ပြောချင်ပါသေးတယ် - အဓိက ဦးတည်တာတော့ Google Chromeသမားတွေ အတွက်ပါ - Windows အသစ်တင်တိုင်း PDF တွေ ဖွင့်ဖို့ဆိုပြီး - Adobe Reader ဒါမှမဟုတ် - Foxit Reader စသဖြင့် Reader တစ်ခု မဖြစ်မနေ ထပ်ထပ်တင်နေကြတာ တကယ်တမ်း အဲ့ဒီ့ PDF Reader နဲ့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ဘာတွေများ လုပ်ဖြစ်ကြလို့လဲ - တစ်ခြား မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော့်အတွက်တော့ PDF Reader ဆိုတာ စာဖတ်ယုံကလွဲပြီး ထူးထူးခြားခြား သုံးတာရယ်လို့ ဘာမှကို မရှိသလောက်ပဲ - PDF စာအုပ်ဆိုရင် Double click ပေးပြီးဖွင့်မယ် - စာလုံးတွေ သေးနေရင် + လေးနှိပ်ပြီး ကြီးမယ် - ကြီးရင် ပြန်သေးမယ် - အပေါ်အောက်သွားမယ် - စသဖြင့် သုံးဖြစ်တာ ဒီလောက်ပါပဲ - ကျွန်တော့်လို လူမျိုးတွေ ရှိကြမယ် ဆိုရင်တော့ အကြံကောင်းလေး တစ်ခု ပေးပါရစေ - ဒီနေ့က စပြီး ဘာ PDF Reader မှ သုံးမနေပါနဲ့တော့ - ကျွန်တော်တို့တွေ PDF Reader အစား Google Chrome နဲ့ပဲ အလုပ်လုပ်ကြရအောင် - 


လုပ်ဆောင်နည်းကလည်း အရမ်းကို လွယ်ပါတယ် - ကိုယ်ဖွင့်ချင်တဲ့ PDF ဖိုင်ကို Right click ထောက်ပြီး Open with နဲ့ စလိုက်ပါ - အောက်ဖော်ပြပါအတိုင်း Open with .. ဆိုတဲ့ box တက်လာရင် Browse ကနေပြီး Chrome.exe ရှိရာကို သွားပါ - 




ဒီနေရာမှာ Chrome.exe က ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိနိုင်လို့ ရှာရခက်နေတတ်ပါတယ် - စိတ်မညစ်ပါနဲ့ နည်းရှိပါတယ် - 




Desktop ပေါ်မှာ ရှိနေမယ့် Google Chrome Shortcut ကို Right click ထောက်ပြီး Properties ကို ဝင်လိုက်ရင် Chrome.exe ရှိရာနေရာကို အောက်ဖော်ပြပါအတိုင်း သိနိုင်ပါလိမ့်မယ် - 



ဥပမာ ပြရရင် ကျွန်တော့်စက်မှာဆိုရင် ဒီနေရာမှာပေါ့ -

     C:\Users\KznT\AppData\Local\Google\Chrome\Application\chrome.exe

အဲ့နေရာလေးကို Copy ကူးလာပြီး နောက်ဆုံးက chrome.exe ဆိုတာကို ဖြုတ် -Directory ထဲမှာ C:\Users\KznT\AppData\Local\Google\Chrome\Application\ ဆိုတာ ထည့်ပြီး Open လိုက်ပါ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း chrome.exe ကို တွေ့ရပါပြီ။





သူ့ကို Select လုပ်ပြီး Open ပေးလိုက်ပါ - ဒါဆိုရင် နောက်ပိုင်း PDF files မှန်သမျှကို အောက်ဖော်ပြပါ Google Chrome icons လေးတွေနဲ့ စက်ထဲမှာ တွေ့ရပါလိမ့်မယ် - Double click ပေးပြီး ဖွင့်ကြည့်ပါ -




သာမန် စာဖတ်သူတစ်ယောက်အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးမယ့် PDF Reader ကောင်းတစ်ခု အဖြစ် လက်ခံသွား ပါလိမ့်မယ် - 




အပြောင်းအလဲ ရှိမယ့်နေရာကို တစ်ချိန်က ကျွန်တော်မသွားချင်ခဲ့ဘူး - သူ့အသံကြားရင် ခေါင်းပြူကြည့် ယုံလောက်ပဲ စိတ်ဝင်စားပြီး နေရာမှာ ပြန်ထိုင်နေဖြစ်ခဲ့တာများတယ် - ခုတော့ ကျွန်တော် အပြောင်းအလဲဆိုတဲ့ အသံကြားရင် ခေါင်းတင်မက ကိုယ်ပါလိုက်သွားမိပြီ - ဘာတြွေကုံခဲ့ရလည်း ဆိုတော့ လူပင်ပန်းတယ် - စိတ်ပင်ပန်းတယ် - ဒါပေမယ့် အဲ့တာတွေ အားလုံးကို ချေဖျက်နိုင်မယ့် ထူးခြားတဲ့ အတွေ့အထိတွေ - လန်းဆန်းတဲ့ အာရုံတွေရတယ် - ခုချိန် တစ်ယောက်ယောက်ကများ အပြောင်းအလဲ ရှိမယ့်နေရာကို လိုက်ကြမလားလို့ မေးလာရင် ကျွန်တော် အထုပ်အပိုးပြင်ပြီး အသင့်ဖြစ်နေမလားပဲ 


KznT.

Google's New Navigation Bar

Google က ဒီနေ့ Google users တွေအတွက် Navigation bar အသစ်ထုတ်လိုက်ပါတယ် - ဒီအကြောင်းကို လွန်ခဲ့တဲ့ ၁ ပတ်လောက်က ဖတ်ခဲ့ရတာ - ကျွန်တော် ဖတ်ခဲ့ရတုန်းက သူက စမ်းသပ်ဆဲ မကြာခင်မှာ အတည်ပြုပေးတော့မယ် ဆိုပြီး သတင်းထုတ်တာ - ကျွန်တော်က အဲ့လောက်မြန်မယ်လို့ မထင်ထားဘူး - ဒီနေ့ အတည်ပြုပြီလိုပြီး Google Operating System Blog မှာ ရေးထားတာတွေ့တော့မှ လွန်ခဲ့တဲ့ ခြောက်လကျော် စမ်းသပ်မှု လုပ်နေခဲ့တယ် ဆိုတာ သိခဲ့ရတယ် - ဒီ Navigation bar အသစ်ရဲ့ တည်ဆောက်ပုံက Google Chrome ရဲ့ တည်ဆောက်ပုံကို အခြေခံပြီး ပြင်ဆင်ထားတာလို့ သိရတယ် - တကယ်လည်း အဲ့အတိုင်းပဲ -




ဒါတင်မကသေးဘူး အရင်တုန်းက Links တွေကို Underline တွေနဲ့ ပုံစံထားထားရာကနေ အခု Colored bar နဲ့ အစားထိုးလိုက်တယ် - နောက်ပြီး အရင်တုန်းက Links တွေ တစ်ခုနဲ့ တစ်ခုကြားမှာ Spacing သိပ်မရှိဘူး - အခု Colored bar မှာ Spacing တော်တော်လေး ရလာတယ် - အဲ့ထူးခြားချက်က ကျွန်တော်တို့အတွက် အမြင်ထူးခြားတာလောက် ကလွဲရင် ဘာမှ ထူးခြားချက် မရှိလှပေမယ့် Touchscreen device နဲ့ သုံးနေတဲ့ Google users တွေအတွက်တော့ ဒီ Colored bar က တော်တော်ကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။




နောက်ထပ် ပြောင်းလဲသွားတာ တစ်ခုက အရင်တုန်းက ညာဘက်ထောင့်မှာ ကိုယ့် Google ထဲကို Sign in ဝင်ထား လိုက်ရင် ညာဘက်ထောင့်မှာ ကိုယ်ဝင်ထားတဲ့ Account ကို Gmail address နဲ့ ပြပြီး ခုကျတော့ ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် -



ကိုယ့်နာမည်နဲ့ အစားထိုးပြီး ပြလာတယ် ဆိုပေမယ့် အဲ့နေရာကနေ Google Profile ကိုတော့ Link လုပ်ပေးမထားသေးပါဘူး - နောက်ပြီး ကိုယ်က တကယ်လို့ multiple sign-in ဒါမှမဟုတ် Gmail delegation ကိုသုံးတယ် ဆိုရင် Account တစ်ခုနဲ့ တစ်ခု ပြောင်းသုံးဖို့ မလွယ်ကူသေးပါဘူး - ပြောင်းသုံးချင်ရင် ကိုယ်ပြောင်းချင်တဲ့ Account ကို "Switch account" ကနေ နှိပ်ပြီး ပြောင်းဖို့ လိုပါတယ် - 


နောက်ထပ် လိုနေတာလေး တစ်ခုက ဒီ  Colored bar ကို Google ရဲ့ Services တွေ အားလုံးမှာ သုံးလို့ မရသေးဘူး - ဒါ့ကြောင့် ခုပြောနေတဲ့  Colored bar ဆိုတာ Google Web Search, Google Image Search, Google Realtime Search, Google Maps နဲ့ Gmail မှာပဲ တွေ့ရပါလိမ့်ဦးမယ်။ 

KznT.

Advanced sign-in security for Google account

မနေ့ကတည်းက ဒီအကြောင်းရေးဖို့ကို မအားဘူး ဖြစ်သွားတာနဲ့ ဒီနေ့မှပဲ ရေးဖြစ်ပါတော့တယ် - အကြောင်းကတော့ Google ၏ ပြောင်းလဲမှုများ အကြောင်း ဆိုတဲ့ အတိုင်း Google မှာ ပြောင်းလဲမှုလေး တစ်ခု ရှိလာလို့ပါ -

Online မှာနေ ဟိုသွားဒီသွားသွား - ဟိုဝင်ဒီဝင်ဝင် - ကျွန်တော်တို့ နေ့တိုင်းလုပ်နေကြတယ် - အင်တာနက် လက်တကမ်းမှာ ရှိနေသရွေ့ ဒီလုပ်ငန်းစဉ်တွေက နေ့တိုင်း လုပ်နေဖြစ်ဦးမှာပဲ - ဒါကတားဆီးလို့လည်း မရသလို ကန့်သတ်လို့လည်း မရဘူး - ဒါပေမယ့် ခုနောက်ပိုင်း ကျွန်တော်တို့ လည်ပတ်နေတဲ့ အင်တာနက် ကမ္ဘာကြီးက အရင်လို လုံခြုံမှု မရှိတော့ဘူး - နေရာတိုင်းမှာ မသမာမှုတွေ ပျံ့နှံ့နေပြီ - ကိုယ်ရေးအချက်အလက် ခိုးယူမယ့်သူတွေ - Bank account ခိုးယူမယ့် သူတွေ - နည်းပညာ အလွဲသုံးစား ပြုသူတွေနဲ့ ထိန်းချုပ်လို့ မနိုင်လောက်အောင်ကို ပျက်စီးစ ပြုနေပြီ - လောက ဓမ္မတာ အရ ကောင်းကျိုးနဲ့ ဆိုးကျိုးဟာ အမြဲ ဒွန်တွဲနေတတ်တာမို့လို့ ကောင်းတာတွေချည်း ကြည့်ပြီး အားတက်နေဖို့ မလိုသလို - မကောင်းတာတွေချည်း ကြည့်ပြီး စိတ်ဓာတ်ကျနေလို့ မဖြစ်ပြန်ဘူး -

ကောင်းတာ လုပ်တဲ့သူတွေကလည်း ကောင်းအောင်လုပ်နေကြသလို - ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတဲ့ သူတွေကလည်း သူတို့ လမ်း သူတို့ သွားနေကြတယ် - အဲတာတွေ အားလုံးရဲ့ ကြားထဲမှာ ကျွန်တော်တို့အတွက် အရေးကြီးတာက နေ့စဉ်နဲ့ အမျှ လှုပ်ရှားလည်ပတ်နေတဲ့ ဒီ အင်တာနက် လမ်းကြောင်း တစ်လျှောက် အန္တရာယ်ကင်းကင်းနဲ့ လုံခြုံမှု ရှိနေစေဖို့ - ပြန်စဉ်းစားကြည့်လိုက်တော့ ဒီနေ့ခေတ် အင်တာနက်ထဲမှာ Websites ပေါင်း သန်းနဲ့ချီပြီးတော့သာ ရှိနေတာ ကျွန်တော်တို့အတွက် တကယ် ယုံကြည်ရပါတယ် - အားကိုးရပါတယ်ဆိုတဲ့ ဆိုဒ်တွေ ဘယ်လောက်ရှိတော့လို့လဲ - ဒီကြားထဲ ပညာရှင်မဟုတ်တဲ့ အချောင်နေ အချောင်စား သမားတွေရဲ့ တိတ်တိတ်ပုန်းရန်ကလည်း ကြောက်ရသေး တယ် - ဥပမာ ပြောရရင် - အင်တာနက်ဆိုင်တွေမှာ Keylogger တွေထားပြီး သူများ Password ခိုးတာ - Security camera မဟုတ်တဲ့ ခိုးကြောင်ခိုးဝှက် ကင်မရာတွေ တပ်ပြီး သူများအတွင်းရေးကို အင်တာနက်ပေါ် ဖြန့်တာ စသဖြင့် မဟုတ်တမ်းတရားတွေ လုပ်လာကြပြီ -

အားလုံးထဲမှာ အဆိုးဆုံးက ကိုယ် အမြဲသုံးနေတဲ့ Account တစ်ခုရဲ့ Password ကို Hacked ခံရတာ ( သို့တည်းမဟုတ် ) Guessed ခံရတာ - မြန်မာနိုင်ငံမှာက အင်တာနက်ကို လူငယ်လူလတ်ပိုင်းလောက်ပဲ အသုံးများပြီး အများစုကလည်း Chatting လောက်ပဲ စိတ်ဝင်စားကြတာ ဆိုတော့ Security ပိုင်းကို ဒီလောက်ကြီးထိ အလေးထားရကောင်းမှန်းလည်း မတွေးမိကြဘူး - အဲ့တာကြောင့် အချောင်နေ အချောင်စား သမားတွေရဲ့ ရန်က ပိုကြောက်ဖို့ ကောင်းလာတယ် - ဒီကြားထဲ Keylogger လေးပါ သုံးလိုက်ရင် လိုချင်တဲ့သူရဲ့ Password ကို ဘယ်လောက်ကြီး Security ကောင်းပါတယ်ဆိုတဲ့ Google တောင် လက်လျော့ပြီး အချောင်သမားလက်ထဲ အပ်လိုက်ရတာပဲ -

ဒါပေမယ့် ဒီနေ့တော့ မရတော့ပါဘူး - Google ကနေပြီး Two-factor authentication ဆိုတဲ့ Feature သစ်တစ်ခုနဲ့ Google users တွေရဲ့ ဘဝလုံခြုံမှုကို မြှင့်တင်ပေးလိုက်ပါပြီ - ဒီ Feature က Google Apps customers တွေအတွက်ဆိုရင် စက်တင်ဘာလကတည်းက ပေးထားတာပါ - ခုတော့ Users အားလုံးအတွက် ဖြစ်လာခဲ့ပါပြီ - ဒီ Feature ထွက်လာတော့ တစ်ချို့လည်း သဘောကျကြတယ် - တစ်ချို့ကလည်း ဘာကြီးတုန်းဆိုပြီး ဖြစ်ကြတယ် - ဒါပေမယ့် ကျွန်တော့်အမြင်တော့ Account တစ်ခုကို တန်ဖိုးထားတယ်ဆိုတဲ့ လူတစ်ယောက်အတွက် တကယ်ကို တန်ဖိုးရှိတယ်လို့ မြင်မိပါတယ် - Two-factor authentication ဆိုတာ အရင်က ကျွန်တော်တို့ Gmail ထဲကိုဖြစ်ဖြစ် - တစ်ခြား Google ရဲ့ Product တစ်ခုခုထဲကို ဖြစ်ဖြစ် ဝင်ရင် Username နဲ့ Password ထည့်ပြီး Login လုပ်လိုက်တာနဲ့ အထဲတန်းရောက်တယ် - ခု Two-factor authentication မှာ ဒီလို လွယ်လွယ်နဲ့ မရတော့ဘူး -

ဥပမာ Gmail ထဲ ဝင်မယ်ဆိုကြပါစို့ - Two-factor authentication သုံးထားတဲ့သူဟာ Username နဲ့ Password ထည့်ပြီး login လုပ်ရတဲ့ အပြင် နောက်ထပ် လုံခြုံမှုအဆင့်တစ်ခုအနေနဲ့ ( Android, BlackBerry, iPhone ... ) စတဲ့ ကိုယ့်ရဲ့ Mobile applications ထဲကို ဝင်လာမယ့် Verification code ကိုပါ ဒုတိယတစ်ဆင့်မှာ ထပ်ဖြည့်ပြီး ဝင်ရပါမယ် - အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်းပါ -


ဒီ လုံခြုံရေးအဆင့် တိုးမြှင့်မှုကြောင့် Keylogger မကလို့ တစ်ခြားဘာတွေသုံးပြီး ကိုယ့် Password ကို တစ်ခြားသူ တစ်ယောက် ရသွားခဲ့သည်ပဲ ဖြစ်ဖြစ် ကိုယ့် Phone ထဲကို ဝင်လာမယ့် Verification code ကို တစ်ဖက်လူက ဒုတိယတစ်ဆင့်မှာ ထပ်ဖြည့်ပြီး ဝင်ဖို့ မဖြစ်နိုင်တာမို့လို့ ကိုယ့် Account ဟာ အလိုလျောက် လုံခြုံမှု ရှိပြီးသား ဖြစ်သွားပါတယ်။ တကယ်လို့ တစ်ခါဝင်တိုင်း တစ်ခါ Verification code မထည့်ချင်ဘူး ဆိုရင်လည်း အထက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း ကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာ ရက် ( ၃၀ ) လောက်မှတ်ထားပါဆိုပြီး စေခိုင်းထားနိုင်ပါတယ်။

လတ်တလောမှာ ကျွန်တော် ဒီအကြောင်းရေးနေပေမယ့် ဒီ Two-factor authentication feature က Account တိုင်းသုံးလို့ မရသေးဘူး - လောလောဆယ်မှာ ပြင်ဆင်ဆဲ ကာလမို့ မကြာမီှရက်ပိုင်း အတွင်းမှာ သုံးနိုင်ပါလိမ့်မယ်။ Two-factor authentication feature သုံးလို့ ရမရ သိချင်မယ်ဆိုရင် အရင်ဆုံး ဒီနေရာကို သွားကြည့်ပါ - ဖော်ပြပါ နေရာမှာ အောက်မှာပြထားတဲ့အတိုင်း တွေ့ရမယ်ဆိုရင် Using 2-step verification ကို ဆက်ဝင်ပါ - ဖော်ပြပါနေရာမှာ ဘာမှ မမြင်ရသေးဘူးဆိုရင်တော့ နောက်ရက် အနည်းငယ်အတွင်း မြင်ရပါလိမ့်မယ်။


တကယ်လို့ တွေ့ရတယ်ဆိုရင်တောင် တစ်ချို့ Users တွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာသာတွေ့ရပြီး သုံးလို့ မရသေးတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ အဲ့လိုလူတွေအနေနဲ့လည်း နောက်ရက် အနည်းငယ်အတွင်း သုံးလို့ ရပါလိမ့်မယ်။



တကယ်လို့ မြင်ရပြီ ဆိုရင်တော့ သူ့ညွှန်ကြားချက်အတိုင်း လိုက်ပါလုပ်ဆောင်သွားယုံနဲ့ Two-Step Verification နည်းကို စတင်အသုံးပြုလို့ ရပါလိမ့်မယ်။ သူ့ကို စတင်အသုံးပြုမယ်ဆိုရင် သူတို့ ဘယ်ပုံ ဘယ်နည်း အလုပ်လုပ်သလဲ - Setting ဘယ်လိုချရမလဲ - Two-Step Verification နည်း ကို စသုံးထားပြီ ဆိုရင် Non-browser applications နဲ့ Devices တြွေဖစ်တဲ့ Outlook တို့ - Phone တို့မှာ ဘယ်လိုပြင်ရမလဲ - နောက်ဆုံး သဘောမကျရင် Two-Step Verification နည်းကို ဘယ်လို Turn-Off ပြန်လုပ်မလဲ စတဲ့ မေးခွန်းတွေ အားလုံးကို ဒီနေရာမှာသွားရောက်လေ့လာနိုင်ပါတယ်။ 

ပျော်ရွှင်ကြပါစေ

KznT.

What is the difference between Chrome and Chromium ?

Google Chrome ကို ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြပြီ - Browsers လောကမှာ သူ့ရှေ့က အိုမင်းရွတ်တနေတဲ့ Browsers ပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီး January 2011 မှာ အမြန်ဆုံး - အပေါ့ဆုံး - အပြစ်အကင်းဆုံး နဲ့ ကမ္ဘာ့လူသုံးအများဆုံး တတိယမြောက် Browser တစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါပြီ - အဲ့တော့ Google Chrome ကို သိပြီဆိုကြပါစို့ - 
( ၁ ) သူ့နောက်ကွယ်ကနေပြီး သူ့ရဲ့ ရပ်တည်မှုကို ယိုင်လဲမကျအောင် အဓိက ပံ့ပိုးပေးနေတဲ့ ဇာတ်ရံနေရာရောက် အဓိက ဇာတ်ဆောင်မင်းသား Open-source browser "Chromium" ဆိုတာကော ကြားဖူးကြပါရဲ့လား ??

( ၂ ) ကြားဖူးတယ်ဆိုရင် Google Chrome နဲ့ Chromium က ဘာတွေ ကွာသလဲ ?? ဘယ်ဟာတွေ ဘယ်လိုကွာပြီး တစ်ခုချင်းစီမှာ ဘာတွေများ အားသာချက် အားနည်းချက်တွေ ရှိနေသလဲ ??

( ၃ ) တကယ်လို့ Google က Chromium team ရဲ့ code ကို ယူသုံးနေတာဆိုရင် ဘာလို့များ Chromium team က အပင်ပန်းခံပြီး ဒီ project ကို လုပ်နေရတာလဲ ??

( ၄ ) Open-source browser ဆိုတဲ့ သဘောကိုရော နားလည်ခ့ဲကြပြီလား ??

The Chromium Projects


Chromium project ဟာ တကယ်တော့ Google Chrome browser နဲ့ Google Chrome OS နဲ့ နောက်ကွယ်က သိပ်ချီးကျူးစရာကောင်းတဲ့ Open-source project တစ်ခုပါ - September 2008 ခုနှစ်မှာ Google ကနေပြီး V8 JavaScript engine အပါအဝင် - Chrome အဖြစ် နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် Google Chrome ရဲ့ Source Code တွေထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို Open-source project "Chromium" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ခွဲထုတ်ခဲ့ပါတယ် - ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က Chrome projects ထဲမှာ မပါဝင်တဲ့ ပြင်ပက third-party developers တွေကို Chrome မှာပါတဲ့ Code ရဲ့ အားနည်းချက်တွေ လေ့လာပြင်ဆင်နိုင်အောင်နဲ့ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Open-source projects တွေရဲ့ အကြောင်းကို တကယ်တော့ အရင်က ကျွန်တော် လုံးလုံးကို သဘောမပေါက်ခဲ့ဘူး - Ubuntu သုံးဖြစ်ခဲ့ပြီးနောက်ပိုင်း Open-source နဲ့ ထိတွေ့ပါများလာတဲ့ နောက်ပိုင်းမှသာ Open-source projects တွေရဲ့ သဘောကို နားလည်လာခဲ့မိတယ် - Open-source project ဆိုတာ မြင်သာအောင် နိှုင်းရရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ - သူတို့တွေမှာ ရယူလိုစိတ် မရှိဘူး - အကျိုးခံစားခွင့်ဆိုတာကို ဘယ်သူမှ ရှေ့တန်းမတင်ကြဘူး - နောက်လာနောင်သားတွေ အကျိုးရှိအောင် အကျိုးဖြစ်ထွန်းအောင် ပံ့ပိုးပေးချင်တဲ့ စိတ်ပဲရှိကြတယ် - တကယ်တော့ လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပရဟိတစိတ်ရှိပါတယ် ပြောပြော - ကိုယ်ကျိုးအတွက် ပြည့်စုံလောက်ပြီ ဆိုတော့မှ တစ်ဖက်လူအတွက် ကြည့်ပေးနိုင်ကြတဲ့သူတွေများတယ် - ကျွန်တော်အပါအဝင်ပဲ - ဒါ့ကြောင့် Open-source project တွေကို ကျွန်တော်ချစ်တယ် - ကျွန်တော်ဟာ Developer တစ်ယောက်မဟုတ်ပေမယ့် "ကိုယ်ကျိုးအတွက် ရှေ့တန်းမတင်ပဲ ခုလို အများကောင်းကျိုးကို ဦးတည်လှုပ်ရှားနေတဲ့ Open-source project" တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်အောင် Ubuntu နဲ့ ပတ်သတ်ပြီး ကျွန်တော်သိခဲ့တဲ့ အခြေခံလေးတွေ မျှဝေပေးခဲ့တယ် - တကယ်တော့ ကျွန်တော်ရေးနေတာတွေဟာ Open-source projects တွေက Developers တွေရဲ့ ပံ့ပိုးမှုနဲ့ နိှုင်းယှဉ်လိုက်ရင် မြူမှုန်လောက်ပါ - Chromium projects ကလည်း ဒီသဘောပါပဲ - သူဟာ ခု Google ကနေ ယူသုံးနေတဲ့ Google Chrome browser ကိုရော - Google Chrome OS ကိုရော Open-source projects အဖြစ်နဲ့ အဦးဆုံး အစပျိုးခ့ဲတဲ့ နေရာပါ - 



Chromium projects မှာ Chromium လို့ ခေါ်တဲ့ Open-source browser နဲ့ Chromium OS လို့ ခေါ်တဲ့ Open-source OS project ဆိုတဲ့ Projects နှစ်ခုရှိပြီး - သူ့ဆီမှာ ရှိတဲ့ Projects နှစ်ခုလုံးက Documentation တွေ Source code တွေကို Developers တွေနဲ့ Code တည်ဆောက်ပုံ လေ့လာလိုသူ မည်သူကိုမဆို လေ့လာနိုင်အောင် Chromium projects က Free တင်မက Open-source အဖြစ်နဲ့ပါ ပေးထားပြီး Chromium projects မှာ ပါဝင်မျှဝေနိုင်လာအောင် ပံ့ပိုးပေးထားပါတယ် - ဒီ Chromium projects မှာ ဘက်ပေါင်းစုံက Developers တွေ ပြင်ဆင်တည်ဆောက်ရာက ရလာတဲ့ Source code ကို Google က ယူပြီး သူ့ အဲ့ဒီ့ Source code က ဟာကွက်တွေကို ထပ်ရှာတယ် - ထပ်ဖြည့်တယ် - Flash Player လေးထည့်တယ် - Google ဆိုတဲ့ Name နဲ့ Logo ကိုတပ်တယ် - GoogleUpdate လို့ ခေါ်တဲ့ auto-updater system လေးထပ်ပေါင်းတယ် - စသဖြင့် တစ်ခြား တိုတိုထွာထွာလေးတွေ ထပ်ဖြည့်ပြီး ခု ကျွန်တော်တို့ သိထားတဲ့ Google Chrome ဆိုပြီး ဖြစ်လာတာပါ - ကျွန်တော် ဒီလို ပြောလိုက်လို့ Google က Chromium projects က ရင်းမြစ်ကို မတရားသဖြင့် ယူသုံးနေတယ်လို့ ဆိုလိုသလို ဖြစ်နေတယ် - ကျွန်တော် အဲ့လို ဆိုလိုတာမဟုတ်ပါဘူး - ဒါတွေအားလုံးက တရားဝင်လုပ်ဆောင်နေကြတာပါ - Chromium projects အဖြစ် စတင်ခဲ့ပေမယ့် Google Chrome ဆိုပြီး အောင်မြင်လာတဲ့ အချိန်မှာ Chromium ကို ဘယ်သူမှ မသိကြတော့ဘူး - သိတဲ့သူတွေကျတော့လည်း Chromium ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး - နောက်ကွယ်က အဓိက ဇာတ်ဆောင်မင်းသား Chromium က ဇာတ်ပို့ တစ်ယောက်အဖြစ်နဲ့ပဲ မထင်မရှားဇနပုဒ်မှာ အရောင်ခပ်မှိန်မှိန်နဲ့ ကျန်နေရစ်ခဲ့ရတယ်။



ဒီလို အဖြစ်အပျက်တွေဟာ Open-source projects တွေတိုင်း ရင်ဆိုင်ကြရတာပါ - ဒါပေမယ့် Chromium ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးခဲ့ကြတဲ့ ဘယ် Developers မှာ ဒါကို မကျေမနပ် မဖြစ်ကြဘူး - သူတို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်က အောင်မြင်ခဲ့တယ်လေ - လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ အရှိန်အဝါနဲ့ ကျော်ကြားမှုကို သူတို့ မပိုင်ဆိုင်ခဲ့ကြရပေမယ့် မြင့်မြတ်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတည်သရွေ့ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့တယ် - ဒါကို ကျွန်တော်တို့က Open-source လို့ ခေါ်ပါတယ်။



Google Chrome ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သူတို့တွေက ခုလို ရှင်းပြခဲ့ကြပါတယ် - 



Google Chrome နဲ့ Chromium ၏ ကွာခြားချက်များ




Photo from fergytech.com


Google Chrome ဟာ End user တွေ အတွက် အဓိက ဦးတည်ပြီး Google က ထုတ်ထားတာ မို့လို့ Freeware ပေးတဲ့ Software sites မှန်သမျှ တိုက်ရိုက် ဒေါင်းလုပ်ချလို့ ရသလို google.com/chrome မှာလည်း တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ် - Chromium ကတော့ Developers နဲ့ Code တွေအကြောင်း လေ့လာလိုသူ - အသစ်အသစ်တွေကို စမ်းသပ်ချင်သူများအတွက် ဦးတည်ချက်ထားတာ မို့လို့ သူ့ရဲ့ မူရင်းဆိုဒ် မှာ End users အတွက် သီးသန့် Build လုပ်ပြီး မြင်သာအောင် တင်ထားပေးတယ် ဆိုတာမျိုး မရှိပဲ - အသုံးပြုချင်ရင် ကိုယ်ကိုယ်တိုင် built or debugged လုပ်ပြီးမှ Chromium ကို သုံးကြရပါတယ်။ ဒါ့ကြောင့် ခြောက်ပစ်ကင်း သဲလည်းစင်ကိုမှ သုံးချင်တဲ့သူ Code အကြောင်းကိုလည်း နားမလည်သူ - အသစ်ကိုလည်း မစမ်းသပ်ချင်သူတွေဟာ End users တွေအတွက် သီးသန့်ထုတ်ထားတဲ့ Google Chrome လို့ ခေါ်တဲ့ Stable ဖြစ်ပြီးသား Versions တွေကို အသုံးပြုဖို့ သင့်တော်ပါတယ် - Open-source browser "Chromium" ကတော့ Code တွေရဲ့ ဖွဲ့စည်းပုံကို နားလည်တဲ့ Developers တွေ - Code တွေရဲ့ တည်ဆောက်ပုံကို လေ့လာလိုသူ Advanced users တွေ - အသစ်အသစ်ဆိုတာတွေကိုမှ စမ်းသပ်လိုသူတွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ် - Google Chrome နဲ့ Chromium ကြားက ဆက်စပ်ပုံအဆင့်ဆင့်ကို အကြမ်းဖျဉ်း လေ့လာရင် အောက်ဖော်ပြပါအတိုင်း အဆင့် လေးဆင့် ထွက်ပါတယ်။


1) Google Chrome (stable)


Users တော်တော်များများက ပြဿနာကင်းပြီး အလုပ်ရှုပ်သက်သာတဲ့ Google Chrome ဆိုတဲ့ Stable channel မှာပဲ နေကြတဲ့သူများတယ် - Stable channel ဆိုတဲ့အတိုင်း Google Chrome ဟာ Beta channel မှာ စေ့စေ့စပ်စပ် စမ်းသပ်ရင်း အားနည်းချက် တစ်ခုခုတွေ့ပြီ ဆိုတာနဲ့ ချက်ချင်းပြင်ပြီး Update လုပ်ပေးနေတယ် - ဒါပေမယ့် Google Chrome ရဲ့ Source code ဟာ Chromium ကို အခြေခံပြီး ပြည့်စုံအောင်တည်ဆောက်ထားတာမို့လို့ latest features တွေ Chromium လောက် ဘယ်တော့မှ မစုံဘူး - ဒါ့ကြောင့် Google Chrome ကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ Stable channel အောက်မှာပဲ နေလို့ ရမယ်။ Chromium browser လောက် latest features တွေ ဘယ်တော့မှ မရနိုင်ဘူး - 

2) Google Chrome beta


သူကတော့ latest features တွေကို သုံးလည်းသုံး - ဖြစ်တဲ့ ပြဿနာလေးတွေကိုလည်း ကူညီ ဖြေရှင်းပေးချင်တယ်ဆိုတဲ့ Users မျိုးတွေ အသုံးပြုသင့်တဲ့ Dev channel ရဲ့အထက် Beta channel အောက်က Versions တစ်မျိုးပါ - ဒါ့ကြောင့် Beta channel မှာ ရှိနေတဲ့ Google Chrome ဟာ Dev channel မှာရှိနေတဲ့ Google Chrome ထက်ပိုပြီး Stable ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။


3) Google Chrome dev


Dev channel ဆိုတာ developer preview channel ကို ဆိုလိုတာပါ - Dev channel မှာ Google Chrome ဟာ new features တွေပါတယ်ဆိုပေမယ့် တော်တော်ကို မတည်မငြိမ် ဖြစ်နေတဲ့ ( unstable ) အနေအထားမှာ ရှိပါတယ် - ဘယ်သူတွေ သုံးသင့်သလဲဆိုရင် Developers တွေ - ဖြစ်တဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းပေးချင်တဲ့ Code အကြောင်းနားလည်သူတွေ - စမ်းသပ်ချင်သူတွေ သုံးနိုင်ပါတယ်။


4) Chromium




သူကတော့ လုံးဝ အသစ်ချပ်ချွတ် - Latest အကျဆုံး features တွေကိုမှ အသုံးပြုချင်သူတွေ - စမ်းသပ်စစ်ဆေးချင်သူတွေ အသုံးပြုနိုင်ပါတယ် - အမြဲ နောက်ဆုံးပြေးနေတဲ့ Versions ဖြစ်နေတာမို့လို့ bug တာတွေလည်း ရှိသလို - Chromium ဟာ Google chrome မှာပါတဲ့ Crash reporting တို့ - PDF support တို့ - Google updater တို့ ... စသဖြင့် ပါမှာ မဟုတ်ပါဘူး - ဒါပေမယ့် သိထားဖို့ ကောင်းတာ တစ်ခုက Chromium ဟာ အခု Version 11.0.662.0 (73953) ကို ရောက်နေပြီ - Google Chrome က လတ်တလော နောက်ဆုံး Beta တောင် ခုမှ 10.0.648.18 ပဲ ရှိပါသေးတယ်။

Open-source browser "Chromium" အား အသုံးပြုခြင်း 


Open-source browser "Chromium" ကို Open-Source ဖြစ်တဲ့ Ubuntu နဲ့ တစ်ခြား Linux distros တွေမှာတော့ Software center တွေကနေ တိုက်ရိုက် သွင်းယူလို့ ရပေမယ့် Windows မှာ သုံးချင်ရင်တော့ ရှာရခက်ပါတယ် - Chromium ကို သုံးချင်ရင် ကိုယ့်ဘာသာ Build လုပ်ပြီး သုံးရမယ်လို့ ကျွန်တော် အထက်မှာ ပြောခဲ့ပေမယ့် Build လုပ်ပြီးသား .exe ကို အသင့်ယူသုံးနိုင်တဲ့ နေရာတွေ ရှိပါသေးတယ်။

ကိုသွားပါ။




အထက်က ပုံမှာ ဖော်ပြထားတဲ့ အတိုင်း chromium-rel-xp/ ကို ဆက်ဝင်ပါ -



Last modified ကိုနှိပ်ပြီး Latest ဆိုတာရဲ့ အောက်က နောက်ဆုံး folder ထဲကို ဆက်ဝင်ပါ -



အောက်ဆုံးမှာ ရှိနေတဲ့ mini_installer.exe ကို Download ချပြီး စက်မှာ တင်လိုက်ပါ - 



ဒါဆို အောက်ဖော်ပြပါအတိုင်း Google chrome နဲ့ အပြိုင် Open-source browser "Chromium" ကို စက်မှာ သုံးလို့ ရပါပြီ။ 




ခုဖော်ပြခဲ့သလောက်ဆိုရင် Google Chrome ရဲ့ သမိုင်းဖြစ်ရပ်တစ်ချို့ - Chromium ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ Open-Source ရဲ့ သဘောသဘာဝကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ 

KznT.

Google Body Browser

Google chrome ရဲ့ အသုံးဝင်ပုံ အကြောင်းကို နိုင်သလောက်လေး ဖြေးဖြေးချင်း ပြောမယ်ဆိုပြီး အစပျိုးထားခဲ့ပေမယ့် အဲ့ဘက်ကို သိပ်မလှည့်ဖြစ်ဘူး - ဖိုရမ်ရဲ့ သဘောက ကိုယ်ရေးချင်တာချည်းပဲရေးပြီး သူများမေးတာတွေကို ဖြေမပေးပဲ နေလို့ ရတာမျိုး မဟုတ်တော့ တစ်ခါ တစ်လေ စာရေးချင်စိတ် ရှိနေပေမယ့် မေးခွန်းတွေနောက် လိုက်ရင်း စာရေးဖို့ ပေးထားတဲ့ အချိန်ကို အမေးတွေ အတွက် ပေးလိုက်ရတာမျိုး ရှိပါတယ် - အဲ့တာကြောင့် ကျွန်တော်လည်း စိတ်ပဲရှိပြီး ထင်သလောက် စာကို မရေးနိုင်သေးဘူး -


ဒီလိုနဲ့ပဲ ဖြေးဖြေးချင်း သွားရမှာပဲ - ကျွန်တော်တို့မှာ အချိန် ရှိပါသေးတယ် - အဲတာကြောင့် ဒီနေ့ နည်းပညာနဲ့ သိပ်မဆိုင်တဲ့ ခန္ဓာဗေဒ အကြောင်းလေး နဲနဲ မိတ်ဆက်ပေးချင်ပါတယ် - ခန္ဓာဗေဒ ဆိုလို့ အထင်တွေ မှားကုန်ဦးမယ် - ကျွန်တော်က ဆေးပညာနဲ့ ပတ်သတ်လာရင် ကျွမ်းကျင်တာဆိုလို့ တစ်ယောက်ယောက် တစ်ခုခု ဖြစ်တယ် ကြားတာနဲ့ အိတ်ထဲဆောင်ထား သမျှ ဆေးတွေ အကုန်ထုတ်ပြီး တိုက်တတ်တဲ့ အမူအကျင့်လေးပဲ ရှိပါတယ် :P

အခု မိတ်ဆက်ပေးချင်တဲ့ ခန္ဓာဗေဒ ဆိုတာက ကျွန်တော်တို့ နေ့တိုင်း အင်တာနက်ထဲ ဟိုသွားဒီသွား သွားဖို့ သုံးနေတဲ့ web browser ကို သုံးပြီး ကိုယ့် ခန္ဓာကိုယ်ထဲက ဘယ်နေရာတွေမှာ ဘာတွေရှိလဲ - သူတို့တွေရဲ့ အခေါ်အဝေါ်တွေက ဘာတွေလဲ ဆိုတာကို လေ့လာလို့ ရမယ့်နည်းလေး တစ်ခုပါ - ဒီလို လေ့လာနိုင်ဖို့ ဘယ်သူတွေ ဖန်တီးထားလဲဆို Google က ဖန်တီးထား ပါတယ် - Google ရဲ့ Project တွေကိုတော့ တော်တော်ချီးကျူးပါတယ် - ကမ္ဘာကြီး တစ်ခုလုံးမှာ ပင်လယ်ရေအောင် ကြမ်းပြင် ကနေ စလို့ - ဟိုးကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေထိ တစ်နေရာ မကျန် လေ့လာလို့ ရနိုင်အောင် သူကြိုးစား ပေးထားတယ် -  အခုလည်း ခန္ဓာဗေဒနဲ့ ပတ်သတ်ပြီး ခြေလှမ်းသစ်တစ်ခု စတင်လိုက်ပြန်ပါပြီ - သူကတော့ Google Body Browser ပါ -

Google Body Browser ဆိုတာ ကျွန်တော်တို့နဲ့ အကျွမ်းတဝင် ရှိပြီးသား Google Earth ပုံစံမျိုး လူ့ ခန္ဓာကိုယ် အတွင်းက အရိုး - အကြော - ကလီစာ ကနေ စလို့ အာရုံကြော အဖွဲ့အစည်း - ခန္ဓာကိုယ် သွေးလည်ပတ်မှု အဖွဲ့အစည်းတွေထိ အားလုံးကို 3-D model နဲ့ လေ့လာနိုင်အောင် ဖန်တီးပေးထားတဲ့ Body Browser ပါ -

ဒီအောက်မှာ ကျွန်တော် နမူနာ ပုံလေးတွေ နဲနဲ ဖော်ပြချင်ပါတယ် - ဒါက အမျိုးသမီး တစ်ယောက်ပါ -


လူ့ ခန္ဓာကိုယ်က သိပ်စိတ်ဝင်စားဖို့ ကောင်းတယ် - သူ့ရဲ့ အပေါ်ယံဖွဲ့စည်းမှုက နေ့တိုင်း ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့နေရတာမို့လို့ ထူးထူးခြားခြား စိတ်ဝင်စားစရာ မကောင်းလှပေမယ့် ကျွန်တော်တို့ မမြင်ရတဲ့ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းထဲမှာ အဖွဲ့အစည်းတွေ အားလုံးက အချိန်နဲ့ အမျှ တစ်စက်ကလေး အနားမရပဲ သူတို့တာဝန်ကို သူတို့ ကျေပွန်အောင် ထမ်းဆောင်ပေးနေကြတယ် -


ဖြေးဖြေးချင်း ပြောင်းလဲ သွားတဲ့ အနေအထားပါ - နောက်တစ်ဆင့်မှာ ပို အသေးစိတ်သွားပြီ -


ကိုယ့် ခန္ဓာကိုယ်ထဲမှာ ဒါတွေ ရှိနေပါလားဆိုတာ တစ်ခါတစ်လေ မေ့တောင်နေမိတယ် - သူတို့တွေက ကိုယ် အသက်ရှင်ရပ်တည် နိုင်ဖို့အတွက် စက္ကန့်နဲ့ အမျှ တာဝန်ကျေကျေ ထမ်းဆောင်ပေးနေကြတယ် - ဒါပေမယ့် ကျွန်တော်တို့ လူသားတွေကတော့ သူတို့အပေါ် တာဝန်မကျေကြဘူး - သူတို့ လက်မခံနိုင်တဲ့ ဆေးလိပ်ဆိုတာတွေ သောက်ကြတယ် - အရက်ဆိုတာတွေ မျှောချကြတယ် - ကိုယ့်အပေါ် တာဝန် မကျေတဲ့ သူတစ်ယောက်အပေါ် သူတို့ တာဝန်ကျေကျေ ထမ်းဆောင်မပေးနိုင်တာ ကျွန်တော်တို့ အပြစ်ပြောစရာ မရှိဘူး -


တစ်ခုချင်းစီရဲ့ အခေါ်အဝေါ်တွေကို ဖော်ပြထားသလို လေ့လာနိုင်သေးတယ် -


လောလောဆယ်မှာ Google Body Browser က Google Labs အဆင့်မှာပဲ ရှိသေးလို့ အများကြီး ပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး - နောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး ပြည့်စုံလာဖို့ မျှော်လင့်ရပါတယ် - Google Body Browser ကို သုံးပြီး ခန္ဓာဗေဒ ကိုလေ့လာဖို့ အတွက် WebGL ကို Support ပေးတဲ့ browser တစ်ခုခု စက်မှာ install လုပ်ထားဖို့ လိုပြီး - ဒီအောက်မှာ ဖော်ပြထားတဲ့ Browser တွေက WebGL ကို Support ပေးပါတယ် -

  1. Chrome beta
  2. Firefox 4.0b7

တစ်ခြား Builds တွေကို ဒီအောက်မှာ ယူနိုင်ပါတယ် -


ပုံတွေနဲ့ ပြထားတာ အားမရလို့ Google Body Browser ရဲ့ အသုံးချပုံကို အသေးစိတ် လေ့လာချင်သေးသူများ အောက်မှာ ဖော်ပြထားတဲ့ Video clip လေးကို ကြည့်ကြည့်ပါ -


သူ့ကို ကြည့်ပြီးရင် နောက်တစ်ဆင့် အနေနဲ့ ကိုယ်တိုင်လေ့လာဖို့ ဒီနေရာကနေ >> Google Body Browser ကို သွားပါ - လေ့လာကြည့်ပါ - ( အပေါ်မှာ ဖော်ပြပေးထားတဲ့ Browser တွေနဲ့ပဲ ကြည့်လို့ ရပါလိမ့်မယ် )

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -

KznT.

Simplest Way To Regain Gmail Storage Space

ဒီအကြောင်းက အရင် ဖိုရမ်မှာရေးခဲ့ဖူးတဲ့ Did u need extra space in Gmail ??  နဲ့ ဆက်စပ်နေပါတယ် - မိသားစုဝင် တော်တော်များများက Gmail အသုံးများကြတာမို့လို့ ဒါကိုပဲ အလေးထားပြီး ရေးဖြစ်တာပါ - Gmail acc တစ်ခုတည်းကိုပဲ အရောရော အနှောနှော သုံးလေ့ရှိတဲ့သူ - သူငယ်ချင်း အပေါင်းအသင်းများတဲ့သူ - ဝင်ဖြစ်တဲ့ Websites တိုင်းမျာ acc လုပ်ရင် တစ်ခုတည်းသော Gmail ကိုသာ အမြဲပေးလေ့ရှိသူ - စာဝင်စာထွက် ပုံမှန် စစ်ဆေးလေ့ မရှိသူ - ဝင်သမျှစာကို ပုံမှန် စစ်ဆေး ဖျက်ဆီးလေ့ မရှိသူတွေ ဆိုတာ Gmail ကနေ ပေးထားတဲ့ Storage limit ကျော်အောင် သုံးနိုင်မယ့် သူတွေပါပဲ - 



Photo from ebooksmith.com

ဖော်ပြခဲ့တဲ့ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်နေလို့ ကိုယ်သုံးနေတဲ့ Gmail acc ရဲ့ Mail box ထဲမှာ ရှိနေတဲ့ စာတွေက storage limit ကို ကျော်လွန်ပြီး နောက်ထပ် ကိုယ့်ဆီရောက်လာမယ့် စာတွေက မလာတော့ဘူး - ကိုယ့်ဆီ တစ်ယောက်ယောက် က စာတစ်စောင် ပို့လိုက်ရင် ကိုယ့်ဆီ မရောက်ပဲ ပို့တဲ့ သူဆီပဲ ပြန်ပို့ခံရနေပြီ - စသဖြင့် အရေးပေါ် အခြေအနေ တစ်ခုမှာ ကိုယ့်ဆီ နောက်ထပ် ရောက်လာမယ့် စာတွေကို လက်ခံနိုင်ဖို့ အသုံးလိုတဲ့ စာတွေရော မလိုတာတွေရော ပြည့်နှက်နေတဲ့ ဒီ Mail box ထဲက စာတွေကို တစ်ခုချင်းစီ လိုက်စစ်ပြီး ဖျက်ထုတ်ပစ်ဖို့ကျတော့လည်း အချိန်က မပေးနိုင်တော့ဘူး - ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ ?? 



Google က ပြောထားသလို Gmail Inbox အတွက် Extra storage space ထပ်ဝယ်ချင်ပါသလား - Google က Offer ထားတဲ့ တန်ဖိုးက သူပေးထားတဲ့ ဝန်ဆောင်မှုနဲ့ဆို တန်ဖိုး သိပ်မကြီးလှပေမယ့် ငွေကြေးတန်ဖိုး စီစစ်သုံးစွဲ ချင်သူတွေ အတွက် ကျော်လွန်သွားတဲ့ ကိုယ့် Gmail ရဲ့ storage space ကို တစ်ခြားနည်းလမ်း တစ်ခုနဲ့လည်း အလျင်မြန်ဆုံး ပြန်လည် ရယူ နိုင်ပါသေးတယ် - အဲတာကတော့ ကိုယ့် Mail box ထဲက ပမာဏ အများဆုံး ( ဝါ ) attachments အကြီးဆုံး ပါတဲ့ Mails တွေကို စီစစ်ရွေးထုတ်ပြီး ဖျက်ထုတ်ပစ်တဲ့ လုပ်ငန်းစဉ်ပါ -


ဖော်ပြပါ နည်းလမ်းက အပြောလွယ်ပေမယ့် Gmail acc ထဲဝင်ပြီး ထောင်သောင်းချီနေတဲ့ Mails တွေရဲ့ ကြားမှာ စာတစ်စောင်ချင်းစီ ဘယ်ကောင်က ပမာဏ အများဆုံး ( ဝါ ) attachments အကြီးဆုံး ဖြစ်မလဲ ဆိုတာ ရှာဖွေဖို့ ကျတော့ ခက်ပါတယ် - နောက်တစ်ခု ရှိသေးတာက Gmail မှာ ကိုယ့်ဆီရောက်လာတဲ့ Email messages တွေကို အရွယ်အစားကိုလိုက် ပြီး ကြီးစဉ်ငယ်လိုက် စဉ်ပေးနိုင်တဲ့ feature မျိုး မရှိသေးပါဘူး - တကယ်လို့ အဲလို အရွယ်အစားလိုက် စီချင်တယ် ဆိုရင် Gmail ထဲမှာ မဟုတ်တဲ့ တစ်ခြား Email clients မျိုးတွေနဲ့ လုပ်ဆောင်လို့တော့ ရပါတယ်  - ဒါပေမယ့် ဖော်ပြပါ လုပ်ဆောင်နည်းမျိုးက အဆင့်လည်း များသလို Email clients တွေနဲ့ ပတ်သတ်ပြီး သုံးလေ့သုံးထ မရှိသူတစ်ယောက်အတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ - အဲ့လို ကိုယ်ကိုယ်တိုင် လုပ်ဆောင်ဖို့ ခက်ခဲကြန့်ကြာမယ့် အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ ကိုယ်စား လုပ်ဆောင်ပေးမယ် ဝန်ဆောင်မှု တစ်ရပ် ခုချိန်မှာ ရှိနေပါပြီ -




Gmail Messages များအား အရွယ်အစားလိုက် ခန့်ခွဲခြင်း

ဘယ်နည်းတွေ ဘယ်လောက် ခက်ခက် - ဦးနှောက်ခြောက် ခေါင်းစားစရာ မလိုပဲ အားလုံးထက် လွယ်ကူ လျင်မြန်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ် - အဲတာကတော့ Download လည်း ချစရာမလို - Install လည်း လုပ်ဆောင်ဖို့ မလိုတဲ့  Findbigmail ကို အသုံးပြုဖို့ပါ -


ရှုပ်တီးရှုပ်ရှက် မနိုင်တဲ့ Findbigmail ဟာ လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုလည်း သူ့ Site ရဲ့ မျက်နှာစာမှာ တစ်ဆင့်ချင်း ဖော်ပြပေး ထားပါသေးတယ် - သူ့စာမျက်နှာကို သွားရင် တွေ့ရမယ့် Email address နေရာမှာ ကိုယ့်ရဲ့ Storage space ပြည့်နေတဲ့ /ပြည့်လုနီး Email address ကို ထည့်ပေးပြီး အဆင့်လိုက် ဆက်လုပ်သွားရင် သူကနေပြီး ကိုယ့် Gmail acc ထဲက ပမာဏ အကြီးဆုံး Email messages တွေကို ရှာဖွေပေးပါလိမ့်မယ် - နောက် ကိုယ့်ရဲ့ Gmail acc ထဲမှာ FindBigMail ဆိုတဲ့ Labels နဲ့ ပမာဏအများဆုံး Emails တွေကို အထက်မှာ ဖော်ပြထားတဲ့ အတိုင်း ကြီးစဉ်ငယ်လိုက် ခွဲခြားဖော်ပြပေးပါလိမ့်မယ် - အဲ့ဒီ့ သူဖော်ပြထားတဲ့ ပမာဏ အများဆုံး Emails တွေကို စစ်ဆေးပြီး ဖျက်ထုတ်ပစ်ခြင်း အားဖြင့် ကိုယ့်အတွက် အရေးတကြီး လိုနေတဲ့ Storage space ကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် -


ကိုယ့် Mail box ကို Scan ဖတ်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ကြာမြင့်ချိန်ခြင်း မတူညီနိုင်ပါဘူး - စာအရေအတွက် ပမာဏ များရင် များသလို ကြာမြင့်ချိန် ကွာခြားနိုင်ပါတယ် - အဲ့အတွက်လည်း ပူစရာ မရှိပါဘူး - သူက Scan အားလုံးပြီးလို့ Result ထွက်ရင် Mail ပို့ အကြောင်းကြားပါလိမ့်မယ် - သူပို့လာတဲ့ Mail မှာ အောက်ဖော်ပြပါ အတိုင်း ကိုယ့် Inbox ထဲက Mails အားလုံးရဲ့ အခြေအနေကိုပါ တွေ့ရှိနိုင်ပါတယ် -



ဒီ့ထက်မက အသေးစိတ်ချင်လို့ရှိရင် Google ကနေ အတည်ပြုထားတဲ့ Advanced search operators တွေနဲ့ ကိုယ့်အတွက် အသုံးမလိုဆုံး Emails တွေကိုလည်း ရှာဖွေနိုင်ပါသေးတယ် - ဒီအကြောင်းကိုတော့ Did u need extra space in Gmail ?? မှာ အထိုက်လျောက် ဖော်ပြခဲ့ပြီးပြီမို့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး -


နောက်တစ်ခု ရှိသေးတာက Security ပိုင်းကို အလေးထားသူတွေ အတွက် Findbigmail ဟာ Grant access ပေးရတယ် ဆိုပေမယ့် Big Mail ဟာ IMAP ကနေ တစ်ဆင့် Gmail account ထဲက Emails အားလုံးရဲ့ အကြောင်းအရာ အပြည့်အစုံကို ယူငင် စစ်ဆေးတာမျိုး မဟုတ်ပဲ Sizes တစ်ခုကိုပဲ စစ်ဆေးတာမျိုးမို့လို့ Security ပိုင်းဆိုင်ရာမှာ အားသာချက် ရှိတယ်လို့ ဆိုနိုင်ပါတယ် - ဒါ့ကြောင့် Gmail မှာ အရေးပေါ် Storage space လိုသူများ အသုံးပြုနိုင်စေဖို့ လက်ဆင့်ကမ်း လိုက်ပါတယ် -


မိသားစု အားလုံး လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -



KznT.

Related Posts