Free Web Hosting Services

Originally Posted by openeyes 
ကျွန်တော် wordpress နဲ ့ ဘလော့ထားတာလေးကို Hosting တင်ဖို ့ အခက်အခဲဖြစ်နေလို ့ ညီအကိုမောင်နှမများ ကူညီပေးကြပါဦးနော်... -လတ်တလောအသုံးပြုဖို ့ရနိုင်ပြီးတော့ Disk space များများလေး ရရင်လိုချင်ပါတရ်ခင်ဗျာ... တွေ ့သမျှဆိုက်တွေကလဲ အဆင်မပြေလို ့ပါ.... ကူညီပေးကြပါဦး.... ကျေးဇူးအများကြီးတင်ပါတရ်....
Wordpress blog တွေကို self-hosted လုပ်ဖို့ အတွက် Free ရတဲ့ web hosting services တွေဆိုတာ တော်တော်လေး ရှာရ လက်ပေါက်ကပ်ပါတယ်။ အရင် သူများတကာ ညွှန်ထားတာတွေ လိုက်လုပ်ကြည့်တာ စစချင်းတော့ ကောင်းပေမယ့် နောက်ပိုင်းကျတော့ ပြဿနာက အနဲနဲ့ အများ ရှိလာတာ ချည်းပါပဲ - ဒါက ညွှန်ပြတဲ့သူ အပြစ် မဟုတ်ပါဘူး - Free ရတဲ့ web hosting services ဆိုတာ သူတို့လည်း ပိုက်ဆံလိုချင်လို့ အမြည်းချကျွေးတဲ့ သဘောမျိုးပါ - ကိုယ်က အမြည်းချည်း ထိုင်စား နေရင်တော့ ကန်လွှတ်မယ် ဆိုတဲ့ သဘောမျိုးပါပဲ -

ဒါပေမယ့် ကို openeyes အနေနဲ့ Free ရတဲ့ web hosting services ကို စိတ်မကုန်သေးဘူး ဆိုရင်တော့ သုံးဖို့ အဆင်ပြေလောက်မယ့် web hosting services တစ်ချို့နဲ့ ကျွန်တော် မိတ်ဆက်ပေးလိုက်ပါ့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း လတ်တလောမှာ အဲ့ဒီ့တွေမှာပဲ Wordpress blog တွေ လုပ်ထားပါတယ်။ ကျွန်တော်ကတော့ Blog သာ ရှိတာပါဗျာ - စမ်းတဲ့ သဘောလောက် လျှောက်လုပ်တာပါ - ဟုတ်တိ ပတ်တိ ရေးတာမျိုး မရှိတော့ ဘယ်လောက်ထိ ကောင်းတယ် ဘာတယ် ဆိုတာတော့ တပ်အပ်ကြီး ပြောမပြနိုင်ပါဘူး - free ရတဲ့ web hosting services တွေကို search engines တွေကလည်း ရှာဖြွေကည့်နိုင်ပါတယ်။ ဒါပေမယ့် ကိုopeneyes လည်း သိတဲ့ အတိုင်း အဲလိုရှာလိုက်ရင် တွေ့တာတွေတော်တော်များများက အသုံးမဝင်တာတွေ တော်တော်များများပါတယ်။

အဲ့ကြောင့်မို့ ကျွန်တော် ခုဖော်ပြပေးသွားမယ့် web hosting services တွေဟာ ကျွန်တော် စမ်းသုံးခဲ့ဖူးသမျှ ထဲက သုံးရလည်း လွယ်ပြီး Free လည်း ရတဲ့ web hosting services တွေကို လမ်းညွှန်ပေးသွားမှာပါ။ စမ်းသုံးကြည့်ပါ။ အဆင်ပြေတယ် ဆိုရင် တစ်ခြား ကိုopeneyes လို အသုံးလိုနေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှ ပေးလိုက်ပါ။

အဲတော့ ကျွန်တော်တို့ free ရတဲ့ web hosting services တွေကို မစမ်းသပ်ခင်မှာ ဘယ် အချက်တွေပေါ် မူတည်ပြီး ဒီ hosting services တွေကို ကောင်းမကောင်း ဘယ်လိုသုံးသပ်တယ် ဆိုတာလေး အရင် ဖော်ပြပေးပါ့မယ်။ ကျွန်တော်တို့က free လိုချင်တာ ဆိုတော့ အရမ်းကြီး တောင်းဆိုလို့လည်း မရဘူးပေါ့လေ - သူပေးထားတာတွေထဲကမှ hosting services တွေကို တစ်ခုပြီး တစ်ခု နိှုင်းယှဉ်ကြည့်ပြီး ကိုယ်လိုချင်တာနဲ့ ဘယ်ကောင်က အကိုက်ညီဆုံး ဖြစ်မလဲ ဆုံးဖြတ်ရမယ့် သဘောမျိုးပေါ့ - တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူညီကြလို့ ကျွန်တော် သဘောကျတာတွေကို တစ်ခြား သူတွေ သဘောကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဘာကြောင့် သူတို့ကို ရွေးချယ်တယ် ဆိုတာ အကျဉ်းဖော်ပြပေးသွားပါ့မယ်။



ပထမဆုံး အနေနဲ့ web hosting services ဆိုတာမျိုးက အသုံးပြုဖို့ လွယ်ကူရပါမယ်။ Service တွေက တစ်ခုနဲ့ တစ်ခု ပေးတာချင်း မတူတတ်ပေမယ့် ပုံမှန်အားဖြင့် web hosting services တစ်ခုမှာ ကျွန်တော်တို့ မဖြစ်မနေ ပါမပါ ကြည့်ရမှာက -

* Installer script လို့ ခေါ်တဲ့ Wordpress သမားတွေ အတွက် automatic installation ( နောက် တစ်ခြား server-side applications တွေ )
* နောက် web management အတွက် အသုံးပြုရ လွယ်ကူစေမယ့် control panel ပါဝင်မှု
* MySQL နဲ့ PHP latest version ဒါမှမဟုတ် ( အနည်းဆုံးတော့ သိပ် Old မဖြစ်တဲ့ဟာ )
* Files တွေကို upload နဲ့ delete လုပ်ဖို့ FTP access ရမရ
* ကိုယ့်ရဲ့ own domain သုံးလို့ ရမရ ( ဒါမှ ကျွန်တော်တို့ CO.CC တို့ တစ်ခြား Personal Domain တွေ အသုံးချနိုင်ပါမယ်။ )

နောက်တစ်ချက် ကြည့်ရမှာက Free ပေးတယ် ဆိုတဲ့ အချက်ပါ။ များသောအားဖြင့်တော့ သူတို့က Free - Free လို့သာ ပြောတာ တကယ်တော့ အမှန်တကယ် Free မဟုတ်တာ များပါတယ်။ Services တစ်ချို့က free hosting လို့ အမည်ခံပြီး ကြော်ငြာတွေ ထည့်တယ်။ တစ်ချို့ကျတော့ free hosting လို့ အမည်ခံပြီး တကယ်တမ်း သွားလုပ်တော့ activation မပေးဘူး - တစ်ချို့ကျတော့ free hosting လို့ အမည်ခံပြီး သူ့ဆီက Services မရသေးခင် တစ်ခြား ဖိုရမ် တစ်ခုခုမှာ ပို့စ် အရေအတွက် ဘယ်လောက် အနည်းဆုံး တင်ပြီးသား ဖြစ်ရမယ် ဆိုတာမျိုးတွေကလည်း လာပါသေးတယ်။ ဒါတွေက ကိုယ်တွေ့ပါ။ ဒါ့ကြောင့် ခု ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်နိုင်မယ့် free hosting တွေကို ညွှန်ပေးကြည့်ပါမယ်။

တတ်နိုင်သလောက် features အများဆုံး - disk space ပမာဏ အများဆုံး - monthly data transfer ( bandwidth ) အများဆုံး နဲ့ customer service နဲ့ technical support ရနိုင်မယ့် Hosting မျိုးကို အဓိက ထားရွေးပြီး ဖော်ပြပေးထားပါတယ်။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် Free ဆိုတာကိုတော့ မမေ့ပါနဲ့ - Free ဖြစ်တဲ့ အတွက် အနည်းနဲ့ အများတော့ စိတ်ကသိကအောက် ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။

ဒီအောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ ကြိုက်ရာ ကိုသာ ကိုယ့်ဘာသာ နိှုင်းယှဉ်ဆုံးဖြတ်ပြီး သုံးစွဲကြည့်ပါ။

Zymic

* 5 GB disk space per account with unlimited account per users
* 50 GB of monthly data transfer


XtreemHost

* 5.5 GB disk space
* 200 GB of monthly data transfer


Hosting-Engine

* 150 MB disk space
* 4 GB of monthly data transfer


Host-Ed

* 150 MB disk space
* 4 GB of monthly data transfer


Freehostia

* 250 MB disk space
* 6 GB of monthly data transfer


PhpNet

* 350 MB disk space
* 15 GB of monthly data transfer


000Webhost

* 1.5 GB disk space
* 100 GB of monthly data transfer


ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို ကို openeyes ရဲ့ (Wordpress) blog အတွက် အတိုင်းအတာ တစ်ခုထိ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ဖော်ပြခဲ့တာတွေထက် ကောင်းမယ့် တစ်ခြား Free Hosting တွေလည်း ရှိကောင်းရှိပါလိမ့်ဦးမယ်။ သိတဲ့ သူများလည်း ဝိုင်းဝန်းဝေမျှ ပေးကြပါဦး။ အဆင်ပြေပါစေ ကိုopeneyes -

KznT.

Make your Windows Start-up Faster

ကျွန်တော်လည်း စာမရေးဖြစ်ဘူးဗျာ - အဓိကကတော့ ပျင်းတာဗျ - လူတစ်ယောက်အတွက် ကြောက်ဖို့ အကောင်းဆုံး ရောဂါက အပျင်းရောဂါလို့ ကျွန်တော်တော့ ထင်တာပဲ - အဲ့ ရောဂါက ( ၄ ) ရက်လောက်ဖျားပြီး နောက်ပိုင်း ဆက်တိုက်ဆက်ဝင်သွားတော့ ပေါင်းလည်း ပေါင်းလိုက်ရော တစ်ပတ်လောက် ရောဂါက မပျောက်တော့ သလို ဖြစ်သွားတယ် - စာဆိုတာကလည်း တစ်ခါတစ်လေ စိတ်ကူးပေါက်ရင်တော့လည်း ဘယ်လောက် ရှည်အောင် ရေးရ ရေးရ ရေးရတာ မပျင်းဘူး - ခုကျတော့ တစ်ခြား အလုပ်ကိစ္စလေးတွေက တစ်ဖက် ပျင်းရောဂါက တစ်ဖက်နဲ့ ဆိုတော့ ဒီဘက်မှာ စာတစ်မျက်နှာ လောက် ရေးရမှာကိုကို လှည့်မကြည့်ချင်ဘူး - ဆိုးတယ် အဲ့ရောဂါ -

ခုတော့ အဲ့ အပျင်းရောဂါကို ကုစားနိုင်ဖို့ ပထမ ခြေလှမ်း ပြန်ချကြည့်လိုက်ပါပြီ။ ဟုတ်ကဲ့ ရေးနေကျ အတိုင်း တောင်မရောက် မြောက်မရောက် နည်းပညာ အကြောင်း တောက်တိုမယ်ရလေးတွေ စပါဦးမယ်။

ကျွန်တော်တို့ ကွန်ပြူတာဗျာ တင်ထားတာတော့ Microsoft Windows - ကိုယ်ကိုယ်တိုင်ကလည်း ကွန်ပြူတာဆို ဂဃနဏ သိပ်ပြီးတော့ မသုံးတတ် - လေ့လာချင်စိတ်လည်း သိပ်မရှိလှ - ခုနောက်ပိုင်း သတိထားမိသလောက် ကျွန်တော့် ကွန်ပြူတာ အထတော်တော်နှေးလာတယ် - ဖွင့်လိုက်ရင် တော်တော်လေးနဲ့ Windows က တက်မလာဘူး - ကလယ်ကလယ်နဲ့ ဘာတွေ ဖြစ်နေမှန်းလည်း မသိ - အဲတာလည်း ပြေလည်ချင်တာဗျာ - ဘယ်လိုလုပ်ရင်ကောင်းမလဲ ??

ဟုတ်ကဲ့ ဒီလို ပြဿနာမျိုးက ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး - ကျွန်တော်တို့ အားလုံး ကြုံနေရတာပါ - ခုလို ဖြစ်နေတဲ့ ပြဿနာကို Windows ကို Re-install လုပ်ရင် ဖြစ်ဖြစ် - တစ်ခြား New Hardware တစ်ခုခု ထပ်ဆောင်းတပ်လိုက်ရင် ဖြစ်ဖြစ် အလွယ်တကူ ပြေလည်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို အထနှေးတိုင်းသာ Windows ကို Re-install လုပ် - New Hardware တစ်ခုခု ထပ်ဆောင်းတပ် ဆိုရင် ကျွန်တော်တို့အတွက် သိပ်အဆင်မပြေလှပါဘူး - အထနှေးတာကို တိုက်ဖျက်ဖို့ဆိုပြီး အင်တာနက်ထဲမှာ စာအုပ်တွေထဲမှာ ဟိုဟိုဒီဒီရေးထားတဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိပေမယ့် ကျွန်တော် အပါအဝင် တော်တော်များများက အဲလောက်ထိ ဘယ်သူမှ တကူးတက လိုက်မပြင်နိုင်ကြပါဘူး - အဲတော့ အဆင်အပြေဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကို ကျွန်တော် စဉ်းစားကြည့်တယ် - ကွန်ပြူတာ အဖွင့်မှာ အထနှေးတာ ဘာကြောင့်လဲ - ဇစ်မြစ်သိရင် ပြင်ဆင်နိုင်မယ့် အဖြေရှိကောင်း ရှိနိုင်မယ် မလား - အဲတော့ ဒီပြဿနာရဲ့ အဓိက ဇစ်မြစ်ဟာ စက်စဖွင့်တာနဲ့ ကျွန်တော်တို့ သတိမထားမိပဲ အလိုလျောက် Run ခိုင်းထားတဲ့ programs နဲ့ services တွေ များနေလို့ပါ။ ဘာတွေ Run ခိုင်းထားမိလည်းဆိုတာ အကြမ်းဖျဉ်း သိချင်ရင် Windows အတက်မှာ System Tray ကို တစ်ချက်ကြည့်ကြည့်လိုက်ပါ။ အဲမှာ ရှိနေတဲ့ icons တွေက start-up မှာ Run ခိုင်းထားတဲ့ Programs တြွေဖစ်ပါတယ်။ ဒါက အထနှေးနေရခြင်းရဲ့ အဓိက ဇစ်မြစ်ပါပဲ။ ဒါကို တိုက်ဖျက်ဖို့ ဆိုရင် အဲ့ဒီ့ System Tray ထဲမှာ ပေါ်နေတဲ့ icons list တွေကို ဖျက်ထုတ် ပစ်နိုင်ဖို့လိုပါတယ်။ အဲမှာ ပေါ်နေတဲ့ icons တွေကို များများလျော့ချနိုင်လေ Start-up time က သိသိသာသာ မြန်လာလေ ဖြစ်ပါတယ်။ အဲလို ဖျက်ထုတ်နိုင်ဖို့ဆိုတာ နည်းနည်းပါးပါး တောင်ကလိမြောက်ကလိ လုပ်တတ်တဲ့ လူတွေ အတွက် အဆင်ပြေပေမယ့် သာမန် အသုံးပြုသူ တစ်ယောက်အတွက်တော့ အခက်အခဲလေး နည်းနည်း ရှိနိုင်ပါတယ်။ သူတို့အတွက် Options တွေ အများကြီး မပြပဲ တစ်နည်းတည်းနဲ့ အဆင်ပြေနိုင်အောင် ကျွန်တော်တို့ ဘယ်လို လမ်းညွှန်နိုင်ပါမလဲ ??


အဲတာကို တွေးရင်း တွေးရင်း ဟိုတစ်နေ့က အင်တာနက်ထဲ တောင်ကြည့်မြောက်ကြည့် လျှောက်ကြည့်တော့ ကံကောင်း ထောက်မစွာနဲ့  Soluto ဆိုတဲ့ free utility တစ်ခုကို တွေ့မိတယ်။ သူပြောထားတာတော့ Start-up time ကို သိသိသာသာ မြန်လာစေမယ် ဆိုပဲ - ဒါပေမယ့် မစမ်းပဲနဲ့တော့ သိပ်မယုံချင်ဘူး - အဲတာနဲ့ စမ်းသုံးကြည့်လိုက်တော့ တကယ်ပဲ သုံးလို့ အဆင်ပြေတာ သတိထားခဲ့မိပါတယ်။ သူက Windows ကွန်ပြူတာရဲ့ Start-up time ကို 3.15 minutes လောက်ကြာ နေရာကနေ 1.25 minutes လောက်ထိ လျော့ချနိုင်ခဲ့ပါတယ်။ သုံးရလည်း လွယ်ပြီး ဘာမှ နည်းပညာပိုင်းတွေ အတွေးအခေါ် အယူအဆတွေ မပါပါဘူး။



Soluto ကို ကျွန်တော်တို့ install လုပ်ပြီးတာနဲ့ သူကနေပြီး start-up programs တွေကို အပိုင်း သုံးပိုင်း ခွဲထုတ်လိုက်ပါတယ်။ 
  • No-brainer – ဒီအပိုင်းမှာ ရှိနေတဲ့ programs တွေက နှစ်ခါပြန်တွေးမနေပဲ start-up ကနေ ဖြုတ်ထုတ်ပစ်ရမယ့် programs တွေပါ။
  • Potentially removable – ဒီအုပ်စုထဲမှာ ပါတဲ့ ကောင်တွေကလည်း start-up ထဲမှာ ပါနေတဲ့ programs တွေပါပဲ။ ဒါပေမယ့် သူကတော့ ကိုယ်တကယ် အသုံးလိုသလား မလိုသလား ဆိုတာတစ်ချက် ကြည့်ပြီး ဖြုတ်ပစ်နိုင်ပါမယ်။
  • Required – ဒီအုပ်စုကလည်း start-up ထဲမှာ ပါနေတဲ့ programs တွေပါပဲ။ ဒါပေမယ့် ဒီ programs နဲ့ services တွေက Windows ကို ပုံမှန် Run နိုင်ဖို့ အတွက် ဖြုတ်ထုတ်ပစ်လို့ မရပါဘူး - ဒီအတိုင်းထားထားရမှာ ဖြစ်ပါတယ်။
ကိုယ်တွေ့နေရတဲ့ software app ပေါ် မူတည်ပြီး start-up မှာ အတူတက်လာတဲ့ programs တွေကို “Pause”  လုပ်ပြီး start-up ကနေ လုံးဝ ဖြုတ်ထုတ်ပစ်လို့ ရသလို “Delay” လုပ်ပြီး start-up မှာ ချက်ချင်း Run မခိုင်းပဲ နောက်ပိုင်း System idle ဖြစ်တဲ့ အချိန်ကျတော့မှ Run ခိုင်းလို့လည်း ရပါတယ်။


Soluto ကိုယ်ရွေးချယ် ထားတဲ့အတိုင်း “delayed” လုပ်ထားတဲ့ app တွေကို boot နဲ့ အတူ မ Run တော့ပဲ နောက်ပိုင်း Boot ကျော်ပြီး System idle ဖြစ်တဲ့ အချိန်ကျတော့မှ စ Run ပေးပါလိမ့်မယ်။ 



ဒါတင်မက ကိုယ့် mouse ကို ကြိုက်ရာ Program တစ်ခုခုပေါ် ရွှေ့တင်လိုက်တာနဲ့ program name နဲ့ အတူ start-up ထဲမှာ သူ့ကို ထည့် Run ခိုင်းလိုက်တာနဲ့ start-up time ဘယ်လောက်ကြာမယ် ဆိုတာကိုပါ ဖော်ပြပါလိမ့်မယ်။ ကိုယ်က တစ်ခုခု အမှားလုပ်လိုမှာမျိုးကိုလည်း တွေးပြီး စိုးရိမ်ဖို့ မလိုပါဘူး - ဘာပဲ လုပ်ခဲ့လုပ်ခဲ့ အားလုံးကို Soluto က “Undo all”  ပြန်လုပ်လို့ ရပါတယ်။ “Undo all” က ကိုယ်ဘာပဲ ပြင်ထားထား start-up list ကို နဂိုအတိုင်း ပြန်ပြောင်းထားပေးပါလိမ့်မယ်။




အဲလို ပြင်ဆင်စရာ ရှိတာလေးတွေ start-up programs list မှာ ပြင်ဆင်ပြီးပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကို reboot ပေးလိုက်ပါ။ အဲမှာ Start-up time တွေ ဘယ်လောက် ခြားနား သွားတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။ 


Soluto ကို ဘယ်မှာ ယူရမလဲ ??


Soluto ရဲ့ official site soluto.com ပါ - ဒါပေမယ့် Program ကို Download လိုချင်တာ ဆိုရင်တော့ ဒီနေရာက ယူရပါမယ်။


Soluto ကဲ့သို့ အခြား Apps များ


Soluto လိုမျိုး တစ်ခြား သုံးဖို့ သင့်တော်တဲ့ Apps လေးတွေ အကြောင်းကို ဆက်စပ် ဆွေးနွေးရရင် Microsoft ကနေ ထုတ်တဲ့ AutoRuns for Windows ဆိုတဲ့ Utility လေးလည်း ရှိပါတယ်။ သူကလည်း Start-up မှာ မလိုအပ်တဲ့ apps တွေကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ဖြုတ်ထုတ်ပစ်နိုင်ပါတယ်။ ကိုယ်မ Run စေချင်တာကို အောက်ဖော်ပြပါအတိုင်း Uncheck လုပ်ပြီး System ကို Reboot ပေးလိုက်ယုံပါပဲ။


ဒါပေမယ့်လည်း “delay” feature မျိုးကို သုံးချင်ရင်ကျတော့ Startup Delayer ဆိုတာကို ထပ်သုံးရပါလိမ့်ဦးမယ်။ Soluto ကတော့ အဲလို ခွဲသုံးနေဖို့ မလိုပါဘူး သူ့ တစ်ခုတည်းမှာတင် “delay” feature ရော တစ်ခြား start-up programs list  ကို စစ်ဆေးတာတွေပါ အားလုံး ပါဝင်ပြီးသားမို့လို့ သုံးဖို့ ပိုအဆင်ပြေစေပါတယ်။


KznT.

Gmail Labs Features for Everyone

အရင်တုန်းကတော့ Google ၏ ပြောင်းလဲမှုများ အကြောင်း မှာ ခုလိုဆက်ရေးဖို့ စိတ်ကူး မရှိဘူး - ဒါပေမယ့် ခုနောက်ပိုင်းကျတော့ Google က ခဏချင်း ခဏချင်း အပြောင်းအလဲတွေ လုပ်တာ အရမ်းများလာလို့ သူပြောင်းလဲတိုင်းသာ Thread အသစ်ဖွင့်ရရင် မြင်မကောင်းဘူးဆိုပြီး ပေါင်းရေး ဖြစ်သွားတာပါ။ ခုလည်း ဟိုတစ်နေ့က Google ကနေ improves လုပ်လိုက်တဲ့ "Undo Send" အကြောင်းလေး နဲနဲ ဖောက်သည်ချချင်လို့ - "Undo Send" ကိစ္စက တစ်ချို့လည်း သိပြီးသား ဖြစ်မယ် - တစ်ချို့လည်း အစိမ်းသက်သက်ဖြစ်မယ် - Gmail မှာ "Undo Send" ရှိတယ်ဆိုတာ စာဖတ်ဖြစ်သူ တစ်ချို့နဲ့ Gmail Labs ထဲကို ဝင်ဝင်ကလိကြလေ့ ရှိတဲ့သူ တော်တော်များများ သိပါတယ်။

မယဉ်ပါးသေးသူ တစ်ချို့ အတွက် "Undo Send" က ဘာလဲ ဆိုတာ ပြန်ပြီး နဲနဲ ရှင်းပြရရင် ကျွန်တော်တို့ စာတစ်စောင် Gmail ထဲမှာ Compose လုပ်လိုက်တဲ့ အခါ နောက်ဆုံး စာတွေ ဘာတွေ ရေးပြီး သွားရင် တစ်ချို့က ပြီးပြီကွ ဆိုပြီး ချက်ချင်း တန်း Send လုပ်လိုက်ကြတယ် - နောက် ၃ - ၄ စက္ကန့် လောက် နေတော့မှ ဟာာ " ငါ Attach Files တွဲဖို့ မေ့သွားပြီတို့" - " ဟာကွာ ဟိုစာလေး ထပ်ပေါင်းလိုက်ရမှာတို့" - စသဖြင့် ပြန်သတိရပြီး အားမလို အားမရနဲ့ နောက်စာတစ်စောင် ထပ်ရေးရတာမျိုးတွေ မကြာခဏ ရှိခဲ့ကြပါတယ် - ရှိလည်းရှိဖူးကြမှာပါ - အဲလို ပြဿနာမျိုး မဖြစ်အောင် - Gmail ထဲမှာပါတဲ့ "Undo Send" က အကူအညီ ပေးပါတယ်။ ဆိုလိုတာက အလောသုံးဆယ်နဲ့ Send ဆိုတာကို နှိပ်ပြီးပြီးချင်း စက္ကန့်ပိုင်း အတွင်းမှာ ကိုယ်တစ်ခုခု အဲ့စာမှာ ထပ်ဖြည့်ဖို့ လိုသေးတယ်ဆိုတာ သတိရရင် ဒီ Undo send ကို နှိပ်ပြီး ချက်ချင်း ရပ်တန့်နိုင်ပါတယ်။ တစ်ဖက်က ကိုယ်ပို့ချင်သူဆီ ချက်ချင်း မပို့တော့ပဲ ပြန်ပြင်လို့ ရတာမျိုး ပေါ့ -



ဒီ Features မျိုးတွေ ရှိနေတာ ကြာပါပြီ - ဒါပေမယ့် တနေ့က စပြီး ပြောင်းလဲ သွားတာ တစ်ခုက အရင်တုန်းက "Undo Send" ဆိုတာ ကိုယ်က Send လုပ်လိုက်ပြီး 5 seconds အတွင်းပဲ သတိပြန်ရခွင့် ရှိပါတယ်။ ပြောချင်တာ 5 seconds ကျော်ပြီးမှ " ဟာကွာ - .. " လုပ်လို့ မရပါဘူး - ပို့ပြီး သွားပါပြီ - ခုတော့ Google က အဲတာလေး ကို နဲနဲ ပြင်ထားပါတယ်။ အရင်က 5 seconds ဆိုပေမယ့် ခု စက္ကန့် ၃၀ ထိတိုးသွားပါပြီ - ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အောက်မှာ ဖော်ပြသွားပါမယ်။ ( နည်းပညာတွေများ တစ်နေ့ ထက်တစ်နေ့ ထွက်လိုက်တာ အသစ်အဆန်းချည်း လိုက်လေ့လာတဲ့ သူတောင် မနည်းလိုက်နေရတဲ့ အခြေအနေမှာ ဖော်ထုတ်တဲ့ သူတွေ - ပြင်ဆင်တဲ့ သူတွေ ဘယ်လို အတွေးတွေနဲ့များ ဖော်ထုတ်ပြင်ဆင်နေကြတယ် ဆိုတာ မတွေးတတ်လောက်အောင်ပါပဲ။ )

အရင်ဆုံး ဒီအောက်မှာ ဖော်ပြထားတဲ့ Gmail Labs Features ရှိတဲ့ နေရာကို သွားပါမယ်။


နောက် အဲ့ထဲမှာ ရှိနေတဲ့ Gmail Labs Features တွေရဲ့ ကြားက ဒီကောင်ကို ရှာပြီး Enable ပေးပါ။


အားလုံးပြီးသွားရင် ဟိုးအောက်ဆုံးက Save Changes ကိုပေးပါ။


နောက်တစ်ဆင့် အနေနဲ့ ကိုယ် Enable လုပ်ထားတဲ့ Undo send ကို မိနစ်အပိုင်းအခြား ကန့်သတ်ပါမယ်။ ဘယ်နမိနစ်မှ ကိုယ်မေ့နေတာ ပြန်သတိရတတ်လဲ - စဉ်းစားပါ - အဲတာကတော့ ကိုယ့်ပေါ်ပဲ မူတည်ပါတယ် - ( မေ့တတ်သူများသီးသန့် ) အဲလို သတ်မှတ်ပေးဖို့ အောက်ဖော်ပြပါ Gmail Settings နေရာကို သွားပါ။


အဲ့နောက်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ်ပေးချင်သလောက် ပမာဏကို ထားလိုက်ပါ - အများဆုံးရတာကတော့ 30 seconds ပါ။


အားလုံးပြီးသွားရင် ဟိုးအောက်ဆုံးက Save Changes ကိုပေးပါ။


ဒါဆိုရင် နောက်တစ်ခါ စာပို့တဲ့ အခါ Undo ပြန်လုပ်မလုပ် သူက စက္ကန့် ၃၀ စောင့်ပြီးမှ စာပို့ပါလိမ့်မယ်။


"Undo Send" အကြောင်းကတော့ ဒီမှာတင် ပြီးပါပြီ - ဒါပေမယ့် အကြောင်းအရာတစ်ခုတည်း ပြောရတာ သိပ်အားမရသေးလို့ နောက်ထပ် Gmail Labs Features ထဲက ကျွန်တော်နှစ်သက်တဲ့ Features လေးတစ်ချို့ အကြောင်း အသုံးမပြုဖူးသူတွေ သိရှိအောင် မိတ်ဆက်ပေးချင်ပါသေးတယ်။

သူကတော့ ကိုယ့် Gmail ထဲကို Picasa က links တစ်ခုခု အသိမိတ်ဆွေတွေက ပို့လိုက်တဲ့ အခါ Mail ထဲမှာတင် Preview ကြည့်လို့ ရတဲ့ Feature တစ်ခုပါ။ Enable ပေးရမယ့် နေရာကိုတော့ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ အဆင့်အသီးသီး အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


နောက်တစ်ခုက Mail တစ်ခုနဲ့ တစ်ခု အမြန်ကူးကြည့်ချင်ရင် - ကျွန်တော်တို့မှာ ပုံမှန်အတိုင်းဆို လက်ရှိကြည့်နေတဲ့ Mail ကနေ Mail box ကို နောက်ပြန်ထွက်ထွက်နေရပါတယ် - တကယ်လို့ ဒီ Feature On ထားမယ်ဆိုရင်တော့ လက်ရှိကြည့်နေတဲ့ Mail ကနေပဲ နောက် Mails တွေဆီကို တစ်ခုပြီး တစ်ခု ကူးသွားလို့ ရပါတယ်။ လုပ်ဆောင်နည်းကတော့ လက်ရှိရောက်နေတဲ့ Mail ကနေ နောက် Mail တစ်ခုကို Right click နှိပ်ပြီး ဘယ်ညာသွားလိုက်ရင် နောက်စာနဲ့ ရှေ့စာကို Inbox ခံပြီး ပြန်စရာမလိုပဲ ရောက်ပါလိမ့်မယ်။


On ရမှာတော့ ဒီကောင်ပါ -


နောက်တစ်ခု သဘောကျတာက စာထဲမှာပုံပါ တစ်ခါတည်း တွဲလို့ ရတဲ့ကောင်လေး -


အဲတာကို On ပြီးရင် အောက်ဖော်ပြပါအတိုင်း တွဲလို့ ရပါပြီ -


နောက်တစ်ခု ကျွန်တော် သဘောကျမိတာပါ Message Preview ပါ -


သူ့ကို On ထားရင် Inbox ထဲ ဝင်ပြီး ကြည့်စရာ မလိုပဲ အပေါ်ယံကနေ ဘာရေးထားတယ်ဆိုတာ အသေးစိတ်ရှပ်ကြည့်လို့ ရပါတယ်။ များသောအားဖြင့်တော့ ဒီကောင်က စာတွေ အများကြီး ထဲမှာ ကိုယ်ရှာချင်တဲ့ စာကို တစ်ခုချင်းဆီ လိုက်ဖွင့်မနေ တော့ပဲ တစ်စောင်ချင်းစီ အပေါ်ယံ ရှပ်ကြည့်ပြီး ရှာတဲ့ နေရာမှာ အသုံးတည့်ပါတယ်။

ဘယ်လို မြင်ရတာလဲ ဆိုတာ ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ Gmail Labs Features တစ်ချို့ကတော့ ဒီလောက်ပါပဲ - နောက်ထပ် အများကြီး ကျန်ပါသေး တယ် - စိတ်ဝင်စားသူများ အောက်ဖော်ပြပါ နေရာကို မပျက်မကွက်သွားရောက် စမ်းသပ်ကြပါကုန် -


KznT.

Simple Ways to Block Adult Sites

ပြောရမှာ အားလည်း နာပါရဲ့ - မျက်နှာလည်း ပူပါရဲ့ - ဒါပေမယ့် မပြောမပြီး မတီးမမြည် - မသွားမရောက် - မစားမဖြစ် ဆိုသလို - ဝေမျှစရာလေး ပေါ်လာတော့ ပြောရပါဦးမယ် -

မြန်မာနိုင်ငံကနေ အင်တာနက် သုံးတဲ့ သူတွေကတော့ ဒီကိစ္စကို သိပ်သတိထားမိမှာ မဟုတ်ဘူး - နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူ - စာသင်နေတ့ဲ သူတွေ လောက်ပဲ တော်တော်များများ သတိထားမိကြမယ် ထင်တယ် - အဲတာက +18 ကိစ္စပါ - ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးတယ် - Google ပဲ ဖြစ်ဖြစ် တစ်ခြား Search Engine တစ်ခုပဲ ဖြစ်ဖြစ် အကြောင်းအရာ တစ်ခုခု သိချင်လို့ ရှာလိုက်ပြီ ဆိုရင် websites ပေါင်းများစွာ တန်းစီပြီး ကျလာတယ် - websites တွေ အများကြီး တန်းစီ ကျလာတာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာတော့လည်း မကောင်းဘူး - အဲဒီ့ မကောင်းတဲ့အချက်က Adult Sites တွေပါပါလာတတ်တာ - Adult Sites ဆိုတာ ဘာလဲ ဆိုတာကိုတော့ ကျွန်တော်ထပ်ပြီး ရှင်းပြဖို့ လိုမယ် မထင်ပါဘူး - အားလုံးနားလည် ပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ် - ဒီ Adult Sites တွေပါလာတတ်တဲ့ ပြဿနာက နိုင်ငံရပ်ခြားမှာ ဆိုရင်တော့ +18 အထက်ဆို ပြဿနာ တစ်ခု အနေနဲ့ ဘယ်သူမှ မရှုမြင်ကြပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ယဉ်ကျေးမှု အရပဲ ကြည့်ကြည့် ဘယ်ရှု့ထောင့်ကနေ ကြည့်ကြည့် +18 မကလို့ over 30 ကျော်နေလည်း ကြည့်မကောင်းပါဘူး -


ကျွန်တော်က အဖြစ်အပျက်တစ်ခုကို ဖုံးကွယ်ချင်တာ မဟုတ်ပါဘူး - လူရယ်လို့ ဖြစ်လာရင် - လူယဉ်ကျေးစကားနဲ့ ပြောရရင်တော့ မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေး ဆိုတာကတော့ အရွယ်ရောက်သူတိုင်း သိထားသင့်ပါတယ် - သိလည်း သိထားအပ်ပါတယ် - ဒါပေမယ့် Adult Sites ဆိုတာတွေ တော်တော်များများက မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေး မဟုတ်ပဲ လိင်မှု ဆိုင်ရာ ဖျော်ဖြေရေး Websites တွေ ဖြစ်နေကြတာ များပါတယ် - အဲတော့ ကျွန်တော်တို့ အရွယ်ရောက်သူတွေ အနေနဲ့ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာ ချင့်ချိန်နိုင်ပေမယ့် ကျွန်တော်တို့ သားသမီးတွေ - မောင်နှမတွေ - ခုမှ အင်တာနက် ကို စတင်သုံးစွဲသူတွေ - အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အတွက်ကျတော့ Adult Sites တွေကို အင်တာနက်ထဲမှာ လည်ရင်း ပတ်ရင်း တွေ့ရှိသတိထားမိသွားရင် မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေးရှု့ထောင့် ဆိုတာကို သတိမထားမိတော့ပဲ လိင်မှုဆိုင်ရာ ဖျော်ဖြေရေးပိုင်းမှာ သာယာသွားမှာ - စမ်းသပ်ချင်မှာ စိုးရိမ်ရပါတယ် - အဲ့စိတ်က ယောကျာင်္းလေးမှာ ဖြစ်လည်း မကောင်းသလို - မိန်းကလေး တစ်ယောက်မှာ ဝင်သွားရင်လည်း မကောင်းဘူး


ကျွန်တော် ဒီနေ့ ပြောချင်တာကလည်း ဒီအကြောင်းပါပဲ - အဲတော့



လူငယ်တွေ အတွက် မသိအပ် မမြင်အပ်တဲ့ Adult Content တွေကို အင်တာနက်ထဲ လည်ပတ်ကြည့်ရှုတဲ့ အခါ ပါမလာအောင် ဘယ်လို လုပ်ကြမလဲ ??

တစ်ချို့ဆို နိုင်ငံခြားမှာ မိသားစုလိုက် ပြောင်းနေကြတဲ့ သူတွေရှိတယ် - သူတို့မှာ သားတွေ သမီးတွေ - မြေးတွေနဲ့ အိမ်မှာ အင်တာနက်ကလည်း လက်တကမ်းမှာ ခုလို အခြေအနေမှာ ကလေးတွေ အနေနဲ့ အင်တာနက်ထဲ လည်ပတ်ကြည့်ရှုရင်းနဲ့ တစ်နေ့ မဟုတ် တစ်နေ့ Adult Content တွေကို တွေ့မှာပဲ - ဒါက မြေကြီးလက်ခတ် မလွဲဘူး -

ကျွန်တော်တို့တွေ ဆိုတာလည်း နေ့စဉ်နေ့တိုင်း ကိုယ့်သားသမီးနားထိုင်ပြီး သူတို့ ဘာကြည့်နေလဲ ဆိုတာ ထိုင်စစ်နေရ လောက်အောင် မအားဘူး - ကိုယ့်အလုပ်နဲ့ကိုယ် - ဒီလို အခြေအနေမှာ အင်တာနက်ထဲကနေ ပါပါလာတတ်တဲ့ Adult Sites တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ စဉ်းစားရပြီ - ကျွန်တော် ဖတ်ခဲ့ဖူးသလောက် နည်းလမ်းတွေလည်း တော်တော်များများ ရှိပါတယ်။ Software တွေသုံးတာ Trick တွေ လုပ်တာ - စသဖြင့် မျိုးစုံအောင် ရှိပါတယ်။


ဥပမာ ပြောရရင် ကျွန်တော့် သားတွေ သမီးတွေ YouTube မှာ ကာတွန်းကား ကြည့်တယ် ဆိုပါစို့ -



YouTube ထဲမှာ ဟိုရှာဒီရှာနဲ့ Adult Content တွေ သူတို့ တွေ့မသွားနိုင်ပါဘူးလို့ ပြောလို့ မရဘူး - အဲလို အခြေအနေမျိုးကို အတတ်နိုင်ဆုံး ကာကွယ် ပေးထားနိုင်ဖို့ Google ကနေ security filter တစ်ခု ထည့်ပေးထားတာ ရှိတယ် - http://www.youtube.com/ ကို သွားရင် ဟိုးအောက်ဆုံးလေးနားမှာ ခုလိုတွေ့ရပါလိမ့်မယ်။ Default အနေနဲ့တော့ သူက Off ထားပါတယ် အဲ့ဒီ Off ဆိုတာ Click ပေးလိုက်ရင် Choose your safety mode ဆိုတာ ပေါ်လာပြီး On လုပ်နိုင်ဖို့ Sign in ဝင်ခိုင်းပါလိမ့်မယ် - Youtube က Google Account ရှိရင် Sign up ထပ်လုပ်စရာ မလိုတာ မို့လို့ Google acc နဲ့ Sign in ဝင်ပြီး Safe လိုက်လို့ ရပါတယ် - အဲလိုဆို security filter ကနေပြီး Adult Content တွေကို Search Result တွေမှာ မပါဝင်အောင် စစ်ထုတ်ပေးသွားမှာပါ။


ဒါပေမယ့် ဒီ security filter ရာနှုန်းပြည့်နီးပါး စစ်ထုတ်နိုင်မှုတော့ မရှိပါဘူး - ကျွန်တော် စမ်းသပ်ကြည့်သလောက်တော့ security filter - On ထားရက်နဲ့ကို ခုလို ကားမျိုးတွေက Search Results မှာ ပြနေပါသေးတယ် - ဥပမာ ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။ ပုံရဲ့ ဟိုးအောက်ဆုံးမှာ Safety mode: on ထားပေမယ့် မြင်ရတာကတော့ တွေ့တဲ့ အတိုင်းပါပဲ :D

အဲဒီတော့ ကျွန်တော်တို့တွေ ဒီ Adult Content ပါတဲ့ ကိစ္စနဲ့ ပတ်ပြီး ဒီ့ထက်ပို Security မြှင့်တင်ဖို့ လိုအပ်ပါပြီ - အဲ့အတွက် အကောင်းဆုံး အဖြေမဟုတ်ရင်တောင် အကောင်းဆုံးနီးပါး ဖြစ်နိုင်မယ့် ကာကွယ်နည်းကို ကျွန်တော် သိခဲ့ပါတယ်။ အဲတာကတော့ OpenDNS ကို အသုံးပြုဖို့ပါပဲ။


ဒီနေရာမှာ စကားစပ်မိလို့ OpenDNS က ဘာလဲ - သူ့ကို ဘာလို့ ကျွန်တော်တို့ သုံးသင့်လဲ ဆိုတာ knowledge တစ်ခု အနေနဲ့ သိရှိနိုင်အောင် အကျဉ်းမိတ်ဆက်ပေးရရင် ကျွန်တော်တို့ ကွန်ပြူတာကနေ Browser တစ်ခုခုက address bar မှာ URL တစ်ခုခု ( www.yahoo.com ) စသဖြင့် ရိုက်သွင်းလိုက်တဲ့ အခါမှာ ကျွန်တော်တို့က ဒီ URL ကို လိုက်ပြီး ဘယ်သွားလို့ ဘယ်လာရမှန်း နားမလည်ပါဘူး - အဲတော့ သူ့မှာ DNS server ကို လှမ်းမေးရတယ် - DNS server ဆိုတာက လူတွေရိုက်ထုတ်ခိုင်းစေလိုက်တဲ့
( www.yahoo.com ) ကို ကွန်ပြူတာ အချင်းချင်း ဖတ်တတ်အောင် ဒါကတော့ IP address (209.131.36.158) ဖြစ်တယ် - မင်းသွားရမှာ အဲ့ကို ဖြစ်တယ်ဆိုပြီး ဘာသာပြန်ပေးတယ် - ဒါက သူ့အလုပ် ဖြစ်ပါတယ်။ အဲလို IP address (209.131.36.158) ကိုသိတဲ့ အချိန်ကျတော့မှ ကျွန်တော်တို့ ကွန်ပြူတာ သက်ဆိုင်ရာ website နဲ့ ချိတ်ဆက်မိပြီး Webpage တွေကို ကျွန်တော်တို့ ကွန်ပြူတာမှာ ဖော်ပြပေးတာ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ OpenDNS က ကျွန်တော်တို့ သုံးနေတဲ့ Router - Computer နဲ့ ပတ်သတ်ပြီး အင်တာနက်ကို သုံးစွဲတဲ့ အခါမှာ Adult Content တွေ မလိုလားအပ်တဲ့ Websites တွေ မပါဝင်လာအောင် configuration လုပ်ဆောင်ပေးနိုင်ပါတယ်။ သူ့လိုမျိုးပဲ မလိုလားအပ်တဲ့ Sites တွေကို ကလေးတွေရဲ့ အင်တာနက် activity ပေါ်ကြည့်ပြီး လိုအပ်တာကို Block ပေးမယ့် Programs ( ဥပမာ NetNanny ( $ 39.99 ) ... ) ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။ အဲလိုနည်းမျိုး မသုံးချင်လည်း နောက်ထပ် Geek ကျတဲ့ နည်းတွေ ကျန်ပါသေးတယ် - ဥပမာ ပြောရရင် 127.0.0.1 trick လို့ ပြောလို့ ရတဲ့ နည်းတစ်မျိုးပါ - အဲ့နည်းကလည်း Websites တွေကို ကိုယ့် ကွန်ပြူတာမှာ Block တဲ့ နည်းတစ်မျိုးပါပဲ။ လုပ်ဆောင်နည်းကတော့ -

အဆင့် ( ၁ ) - Start > Run ကိုသွားပြီး Run box မှာ c:\WINDOWS\system32\drivers\etc\hosts ကို ရိုက်ပြီး Enter ခေါက်ပါ။
အဆင့် ( ၂ ) - notepad တစ်ခု ပွင့်လာပြီ ဆိုရင် အောက်ဆုံး - နောက်ဆုံးစာကြောင်းကို သွားပါ - ရောက်ရင် Enter တစ်ချက်ခေါက်ပြီး ကိုယ် Block ချင်တဲ့ Sites တွေ ဖော်ပြပါအတိုင်း ရိုက်ထည့်ပါ။


127.0.0.1 orkut.com
127.0.0.1 facebook.com
127.0.0.1 myspace.com


အဆင့် ( ၃ ) အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်ပြီးရင် Save လုပ်ပြီး Exit လုပ်ပါ။

ဒီလိုဆို အပေါ်က ဆိုဒ်တွေ ကိုယ့်ကွန်ပြူတာမှာ ဘယ်လိုမှ ဖွင့်မရတော့ပါဘူး - ဒီနည်းအတိုင်း ကိုယ့်  Block ချင်သမျှ Site အကုန် Block လို့ ရပါတယ်။ ( Unblock လုပ်ချင်ရင် အဲ့ဖိုင်ကိုပဲ ပြန်ဖွင့်ပြီး ခုနက ရိုက်ခဲ့တဲ့ စာကြောင်းတွေ ဖျက်လိုက်ယုံပါပဲ ) ဒါပေမယ့် ဆိုးတာ တစ်ခုက အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းကို ပြန်ဆက်ရရင် internet ထဲမှာ Adult Sites ဆိုတာ ရေတွက် မကုန်နိုင်ဘူး - ကျွန်တော်လည်း အကုန်မသိနိုင်ဘူး - မိသားစုဝင်တွေလည်း အကုန်သိနိုင်မှာ မဟုတ်ဘူး - အဲတော့ ဒီနည်းနဲ့ ကာကွယ်ရင် ကိုယ့် Block လုပ်မထားပဲ ကျန်ခဲ့တဲ့ Sites တစ်ခုခု ကိုယ့်ကလေးက တစ်နေ့ မဟုတ်တစ်နေ့တော့ တွေ့မှာပဲ -

အကောင်းဆုံး အဖြေ

အဲ့အတွက် အကောင်းဆုံး အဖြေကတော့ OpenDNS က Service တစ်ခု ဖြစ်တဲ့ FamilyShield ကို ပြောင်းသုံးဖို့ပါ။ လုပ်ဆောင်နည်း အဆင့်ဆင့် ကိုတော့ အောက်ဖော်ပြပါ ဗွီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။ 


ကျွန်တော်တို့ Youtube ကို ကြည့်မရဘူး ဆိုသူများ ဒီနေရာမှာ Download ရယူနိုင်ပါတယ်။


လုပ်ရမှာ  DNS server entries ကို Change ပေးဖို့ပါ အဲလို လုပ်ပြီး Save လိုက်တာနဲ့ အားလုံး activated ဖြစ်သွားပါလိမ့်မယ်။


တစ်ဆင့်ချင်းစီကို ပုံနဲ့ ဖော်ပြသွားပါဦးမယ် -


အဆင့် ( ၁ ) - Control Panel ကိုသွားပါ။




အဆင့် ( ၂ ) - Network and Sharing Center ကို ဝင်ပါ။


အဆင့် ( ၃ ) - Active ဖြစ်နေတဲ့ Network အောက်က Local Area Connection ကို Click ပေးပါ။


အဆင့် ( ၄ ) - Properties ကို ဝင်ပါ။


အဆင့် ( ၅ ) - Internet Protocol Version - 4 ကို သွားပါ။


အဆင့် ( ၆ ) - အောက်ဖော်ပြပါအတိုင်း DNS Sever Settings ကို ဖော်ပြပါအတိုင်း ပြောင်းပေးလိုက်ပါ။


တကယ်လို့ ကိုယ်က ကိုယ်သုံးနေတဲ့ Router ကို FamilyShield သုံးပြီး ကာလိုက်မယ် ဆိုရင်တော့ adult content တွေပါသမျှ Websites တွေ အားလုံးကို ကိုယ့်အိမ်က ကွန်ပြူတာတွေ အားလုံးမှာရော mobile phones တွေမှာပါမကျန် ကိုယ့် အိမ် network ထဲက အရာမှန်သမျှကို ဝင်လိုက်တာနဲ့ အောက်ဖော်ပြပါအတိုင်း Block လုပ်သွားမှာ ဖြစ်ပါတယ်။




ဒီ့ထက် လွယ်တဲ့နည်းတော့ မရှိတော့ပါဘူး - တကယ်လို့ Router ကို Configuration လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဒီအောက်က Video ကိုကြည့်လိုက်ပါ။



ကျွန်တော် အခု ဖော်ပြခဲ့သလောက်ဆို Adult Sites တွေ Block ဖို့နဲ့ ပတ်သတ်ပြီး အထိုက်လျောက် နားလည်နိုင်ကြလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။

မိသားစုအားလုံး ချမ်းမြေ့သာယာတဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ

KznT.

Using System Restore in Windows 7 and Vista

Originally Posted by arkaraung
ကျွန်တော့W7မှာ ဒီနေ့မှ ပြသနာပေါင်းစုံပေါ်နေပါတယ် အကိုတို့ရေ ကူညီကြပါအုံး...
ကွန်ပြူတာစစဖွင့်ချင်းပဲ ePowerTray has stopped working windows can check online for a solution to the problem. check online for a solution and close the program close the program အဲဒီလိုပေါ်လာပြန်တယ်ဗျာ မိသားစုကအကိုတွေကို မေးအုံးမယ်ဆိုပြီးတော့ snipping toolလေးကိုခေါ်ပြီ ပုံလေးနဲ့မေးမယ်လုပ်တော့ the snipping tool is not working on your computer right now.restart your computer, and then try again. if the problem persists, contact your system administrator. အဲဒီလိုပေါ်လာပြန်ကော နောက််ပြီးတော့ အသံပြသနာကလာသေးတယ် ဂျီတော့မှာလဲ အသံကမလာ သီချင်းဖွင့်ရင်တော့ အသံလေးများလာမလာဆိုပြီး သီချင်းဖွင့်တော့လဲ ဘယ်သီချင်းမှဖွင့်လို့မရ window media player ကလဲ ဖွင့်လိုက်ရင် closeဆိုတာကြီး ပဲပေါ်လာတယ် real playerနဲ့ဖွင့်ကြည့်ပြန်တော့လဲ out of memory. you may need to close some other applications to play this content. အဲဒီလိုမဖြစ်ခင်တော့ မှတ်မှတ်ရရ BearShareဆိုတဲ့ media software တခုကို install လုပ်ပြီးတော့မှ ဖြစ်သွားတာပါ. bearshare ကိုလဲ uninstall လုပ်ပြီးသွားပါပြီ.... အခုဘယ်လိုလုပ်ရမလဲ ဆိုတာကို ကူညီကြပါအုံး..
စကားဝိုင်းထဲမှာ ပြောပြောနေတာတော့ တွေ့မိတယ် - အဆင်ပြေနေပြီ ထင်လို့ ကျွန်တော်လည်း ဘာမှ ဝင်မပြောလိုက်တာ - ပုံစံကြည့်ရတာ အခြေအနေက တော်တော်လေး ဆိုးနေတယ် ထင်မိတယ် ( မျက်စိရှေ့မှာ မြင်ရတာ မဟုတ်တော့ အတိအကျတော့ မခန့်မှန်း နိုင်ဘူးပေါ့ )

ကောင်းတာကတော့ Windows ကို Fresh Install လုပ်လိုက်တာ ကောင်းမယ် ထင်ပါတယ်။

ဒါမှမဟုတ် အလွယ်နည်း System Restore ပြန်ခေါ်လို့လည်း ရပါတယ်။ System Restore Points တွေ ရှိနေမယ် ဆိုရင်ပေါ့ - လုပ်ဆောင်နည်းကတော့ အောက်ဖော်ပြပါ အတိုင်းပါ။

Windows 7 သို့မဟုတ် Windows Vista တွင် System Restore လုပ်ဆောင်ခြင်း

Windows 7 ဒါမှမဟုတ် Windows Vista မှာ software - drivers စတဲ့ အသစ်တစ်ခုခုကို install လုပ်လိုက်တိုင်း registry နဲ့ system files တွေကို အလိုလျောက် Backup လုပ်ပေးနိုင်တဲ့ feature တစ်ခုပါပြီး သူ့ကို ကျွန်တော်တို့က System Restore လုပ်တယ်လို့ ခေါ်ပါတယ်။ သူက ဘာကောင်းလဲဆိုရင် ကျွန်တော်တို့ ကိုယ်မသိတဲ့ Software တစ်မျိုးမျိုးကို မှားယွင်း installed လုပ်ဆောင်မိပြီးကာမှ System မတည်မငြိမ် ဖြစ်လာရင် အရင် Software install မလုပ်ခင်က အခြေအနေကို ပြန်ခေါ်ပေးနိုင်တဲ့ Feature မျိုးပါ။ အဲလို System Restore Feature ကို သုံးပြီး System တစ်ခုလုံးကို Restore လုပ်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကလည်း လက်ရှိ မတည်မငြိမ် ဖြစ်နေတာတွေ ပျောက်ပြီး အရင်လို Stable ပြန်ဖြစ်သွားတတ်ပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ အောက်ဖော်ပြပါအတိုင်းပါ။


System Restore အား အသုံးပြုခြင်း

System restore feature ကို ခေါ်ယူနိုင်တဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ တစ်နေရာက Start menu search box ကနေ restore လို့ ရိုက်လိုက်တာနဲ့ System Restore ကို Start menu ရဲ့ ထိပ်မှာ ခုလိုတွေ့ရပါလိမ့်မယ်။


အဲလိုမှ မဟုတ်လည်း Search box မှာ search box မှာ rstrui လို့ ရိုက်ပြီး enter ပေးပါ - ဘယ်နည်းကို သုံးသုံး ရပါတယ်။

အဲလို ရိုက်ခေါ်လိုက်တာနဲ့ အရင် restore point ကို ပြန်ခေါ်လို့ ရမယ့် Screen တစ်ခုချက်ချင်း ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ အဲကနေ သူဖော်ပြထားတဲ့ Recommended restore point ကိုပဲ ရွေးထားပေးပြီး next နဲ့ ဆက်သွားပါ - တကယ်လို့ ကိုယ်က သူပေးထားတဲ့ Recommended restore point ကို မရွေးပဲ တစ်ခြား restore point တစ်ခုခုကို ရွေးမယ်ဆိုရင်လည်း ကိုယ်နှစ်သက်ရာ restore point ကိုရွေးချယ်ပေးနိုင်ပါတယ်။



တစ်ခြား restore points တွေ ရှိနေမယ် ဆိုရင် အောက်ဖော်ပြပါ ပုံစံမျိုး ဆင်တူ တွေ့ရပါလိမ့်မယ်။ ( စာလုံးတွေတော့ မတူနိုင်ပါ ) အောက်မှာ ဖော်ပြထားတဲ့ ပုံအရ နောက်ဆုံး install လုပ်ခဲ့တာ Virtual CloneDrive ဖြစ်ပြီး သူ့မတိုင်ခင်က NVIDIA drivers installed လုပ်ခဲ့တာပါ - ဆိုလိုတာက ဒီနေရာမှာ ကိုအာကာအောင် လည်း ဒီသဘောကို နားလည်ရပါမယ်။ ဥပမာ ဆိုကြပါစို့ - ကိုအာကာအောင်က Software တစ်ခုခု တင်ပြီး နောက်ပိုင်းမှာ Windows မှာ Error တက်တယ် ဆိုရင် ကျွန်တော်တို့ Restore ပြန်လုပ်ရမှာ အဲ့ဒီ့ Software မလုပ်ရသေးခင်က restore point ကို ပြန်ခေါ်ပြီး System Restore ပေးရမှာပါ။


အဲလို သေသေချာချာ စီစစ် ပိုင်းဖြတ်ပြီးပြီ ဆိုတော့မှ သူတို့ထဲက တစ်ခုကို Click ပေးလိုက်ပါ။ အဲနောက်မှာ လုပ်ဖို့ သေချာပြီ ဆိုတာကို confirm ပေးရပါမယ်။ အဲ့နောက်မှာ ကိုယ့်ကွန်ပြူတာကို အရင် အခြေအနေရှိရာဆီ ပြန်ခေါ်သွင်းဖို့ restart ပေးပါ။


မှတ်ချက်: System Restore လုပ်တဲ့ နေရာမှာ ကိုယ့်စက်ကို အရင်လို အကောင်းဆုံးအခြေအနေ ပြန်ဖြစ်နိုင်ဖို့ အလုပ်သင့်ဆုံးက System Restore ကို safe mode ထဲကနေ လုပ်သင့်ပါတယ်။
တကယ်လို့ ကိုယ်က safe mode ထဲကနေ မလုပ်ပဲ Windows ထဲကနေ လုပ်လိုက်လို့ Restore လုပ်နေစဉ်အတွင်း Error တက်လာရင် safe mode ထဲကနေ ပြန်ပြောင်းဝင်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်။ Safe mode ထဲကို ဝင်ဖို့ကတော့ Reboot ပေးပြီး Windows ပြန်စစတက်လာချင်းမှာ F8 နှိပ်ထားရပါမယ်။ အဲကနေ Safe Mode ကိုဝင်ရောက်နိုင်ပါတယ်။


တကယ်လို့ F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

( ၁ ) Start Button ကို click ပါ။
( ၂ ) Search box မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။


( ၆ ) ပြီးရင် Restart ပေးပါ။

အားလုံး ပြင်ဆင်ပြီး ကိုယ်လုပ်ဆောင်စရာ ရှိတာ လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ “msconfig” ကနေ အထက်ဖော်ပြပါအတိုင်း ပြန်ဝင်ပြီး “Safe Boot” box မှာ uncheck ပေးရပါလိမ့်မယ်။ ဒါမှ Boot Process က Normal ပြန်ဖြစ်မှာပါ။

အကယ်၍ Boot မရဘူး ဆိုလျှင်

တကယ်လို့ Boot လုပ်ပြီး Safe mode ထဲ ဝင်တာ ဝင်မရ ဖြစ်နေရင် Windows installation dvd ကိုထည့်ပြီး အဆင့်လိုက်ဆက်သွားရင် ဘယ်ဘက်ခြမ်း အောက်နားမှာ ပေါ်လာမယ့် “Repair your computer” option ကနေ ဝင်ရောက်ပြီး ပြင်ဆင်လို့ ရပါသေးတယ်။


တကယ်လို့ installation dvd ဒါမှမဟုတ် repair disc မရှိရင် Windows 7 / Vista Recovery CD ကို ဒီနေရာကနေ Download ချလို့ ရပါတယ်။

အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် “Repair your computer” option ကနေ ဝင်သွားပြီး System Restore ကို အောက်ဖော်ပြပါ ပုံအတိုင်း မြင်နေရတဲ့ နေရာကနေ ရွေးပေးရပါမယ်။


ခဏစောင့်လိုက်ရင် Windows ထဲမှာ ကျွန်တော်တိုက မြင်ခဲ့ရတဲ့ အတိုင်း အခုလိုပုံမျိုး ပြန်မြင်ရပြီး အဲ့ကနေ System Restore ဆက်လက်လုပ်ဆောင်သွားလို့ ရပါပြီ။


အဲကနေ next ကိုဆက်သွားပြီး နောက် screen မှာ ကိုယ် Windows 7 ဒါမှမဟုတ် Windows vista တင်ထားတဲ့ Drive ကို ရွေးပေးရပါမယ်။

အားလုံး ပြီးသွားရင် Finish ပေးပါ။ ဒါဆို ကိုယ့် Windows က အလိုလို restore point ကနေ ဟိုးအရင် Stable ဖြစ်ခဲ့ဖူးတဲ့ အခြေအနေ တစ်ခုကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။

အဆင်မပြေရင်တော့ Windows သာ အသစ်ပြန်တင်လိုက်ပါ ကိုအာကာအောင် - ကျွန်တော်ပေးနိုင်တဲ့ အကြံဉာဏ်ကတော့ ဒါအကုန်ပါပဲ

အဆင်ပြေပါစေဗျာ

KznT.

Some Pictures from howtogeek.com

Gmail Video Chat Now Available On Linux

ဒီနေ့တော့ မနက်ပိုင်းက သိပ်မအားတာနဲ့ ညနေပိုင်းလေးမှ စာလိုက် ဖတ်ဖြစ်ပါတယ်။ သတင်းတွေကတော့ ထူးတယ်ဗျို့ - Linux သမားတွေ Ubuntu သမားတွေအတွက်တော့ ပိုတောင်ထူးတယ်လို့ ပြောရမယ် - အဲ့သီတင်းကတော့ -


ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ မျှော်လိုက်ရတဲ့ Gmail Voice နဲ့ Video Chat - အခု Linux မှာ သုံးလို့ ရပါပြီ တဲ့ Ubuntu မှာတင်မက တစ်ခြား Debian-based Linux distributions တွေမှာလည်း သုံးလို့ ရပြီလို့ ဆိုပါတယ်။



အသုံးပြုချင်သူများ Gmail.com/videochat ကိုသွားရောက်ပြီး Plugin ကို Download ချနိုင်ပါတယ်။ လုပ်ထားတာကလည်း သပ်သပ်ရပ်ရပ် .deb package နဲ့ပါဗျာ ကဲ ! ဘယ်လောက်များ ကောင်းလိုက်လဲ :D

ကျွန်တော်တို့ စောင့်နေတာလည်း ကြာပြီ - သူများတွေ Mac တို့ Windows တို့မှာ ဒီဟာက သုံးနေတာ အိုသေတော့မယ် Linux user တွေ သုံးမရနိုင်လို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေလဲ ဆိုပြီး သိချင်နေတဲ့ အဖြေကိုလည်း ဒီနေ့ သိလိုက်ရပါတယ်။



" ကျွန်တော်တို့ ဒီ Release မှာ ရုပ်သံပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသစ်စက်စက် အားလုံးကို ဖန်တီးနိုင်ဖို့ နည်းပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး 64 bit မှာပါ သုံးနိုင်ဖို့ နဲ့ မရေမတွက်နိုင်တဲ့ Webcam တွေ အားလုံးနဲ့ပါ အရံသင့်သုံးနိုင်အောင်လည်း စီစဉ်ခဲ့ရပါတယ်။ ဒါ့အပြင် Windows နဲ့ Mac versions တွေမှာလိုမျိုး Feature အပြည့်အစုံနဲ့ သုံးနိုင်အောင် အသေးစိတ် ပြင်ဆင် နေခဲ့ရလို့ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ ဒါပေမယ့် ခုတော့ Google Voice နဲ့ Video က Desktop platforms အားလုံးအတွက် ထုတ်လုပ်နိုင်ခဲ့ပြီ မို့လို့ အရမ်းကို ကျေနပ် ပျော်ရွှင်နေမိပါတယ် "  လို့ ဆိုသွားပါတယ်။

သူတို့ကို ကျွန်တော် ပြောချင်တာကလည်း ဘာလောက်ပဲကြာကြာ ခုသုံးရပြီ ဆိုတော့ - ကျေနပ်ပါတယ်ဗျာ - အရမ်းလည်း ပျော်ပါတယ် - ကျေးဇူးလည်း တင်ပါတယ်လို့။

KznT.

Related Posts