Simple Ways to Block Adult Sites

Leave a Comment
ပြောရမှာ အားလည်း နာပါရဲ့ - မျက်နှာလည်း ပူပါရဲ့ - ဒါပေမယ့် မပြောမပြီး မတီးမမြည် - မသွားမရောက် - မစားမဖြစ် ဆိုသလို - ဝေမျှစရာလေး ပေါ်လာတော့ ပြောရပါဦးမယ် -

မြန်မာနိုင်ငံကနေ အင်တာနက် သုံးတဲ့ သူတွေကတော့ ဒီကိစ္စကို သိပ်သတိထားမိမှာ မဟုတ်ဘူး - နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူ - စာသင်နေတ့ဲ သူတွေ လောက်ပဲ တော်တော်များများ သတိထားမိကြမယ် ထင်တယ် - အဲတာက +18 ကိစ္စပါ - ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးတယ် - Google ပဲ ဖြစ်ဖြစ် တစ်ခြား Search Engine တစ်ခုပဲ ဖြစ်ဖြစ် အကြောင်းအရာ တစ်ခုခု သိချင်လို့ ရှာလိုက်ပြီ ဆိုရင် websites ပေါင်းများစွာ တန်းစီပြီး ကျလာတယ် - websites တွေ အများကြီး တန်းစီ ကျလာတာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာတော့လည်း မကောင်းဘူး - အဲဒီ့ မကောင်းတဲ့အချက်က Adult Sites တွေပါပါလာတတ်တာ - Adult Sites ဆိုတာ ဘာလဲ ဆိုတာကိုတော့ ကျွန်တော်ထပ်ပြီး ရှင်းပြဖို့ လိုမယ် မထင်ပါဘူး - အားလုံးနားလည် ပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ် - ဒီ Adult Sites တွေပါလာတတ်တဲ့ ပြဿနာက နိုင်ငံရပ်ခြားမှာ ဆိုရင်တော့ +18 အထက်ဆို ပြဿနာ တစ်ခု အနေနဲ့ ဘယ်သူမှ မရှုမြင်ကြပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ယဉ်ကျေးမှု အရပဲ ကြည့်ကြည့် ဘယ်ရှု့ထောင့်ကနေ ကြည့်ကြည့် +18 မကလို့ over 30 ကျော်နေလည်း ကြည့်မကောင်းပါဘူး -


ကျွန်တော်က အဖြစ်အပျက်တစ်ခုကို ဖုံးကွယ်ချင်တာ မဟုတ်ပါဘူး - လူရယ်လို့ ဖြစ်လာရင် - လူယဉ်ကျေးစကားနဲ့ ပြောရရင်တော့ မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေး ဆိုတာကတော့ အရွယ်ရောက်သူတိုင်း သိထားသင့်ပါတယ် - သိလည်း သိထားအပ်ပါတယ် - ဒါပေမယ့် Adult Sites ဆိုတာတွေ တော်တော်များများက မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေး မဟုတ်ပဲ လိင်မှု ဆိုင်ရာ ဖျော်ဖြေရေး Websites တွေ ဖြစ်နေကြတာ များပါတယ် - အဲတော့ ကျွန်တော်တို့ အရွယ်ရောက်သူတွေ အနေနဲ့ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာ ချင့်ချိန်နိုင်ပေမယ့် ကျွန်တော်တို့ သားသမီးတွေ - မောင်နှမတွေ - ခုမှ အင်တာနက် ကို စတင်သုံးစွဲသူတွေ - အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အတွက်ကျတော့ Adult Sites တွေကို အင်တာနက်ထဲမှာ လည်ရင်း ပတ်ရင်း တွေ့ရှိသတိထားမိသွားရင် မျိုးဆက်ပြန့်ပွားမှု ဆိုင်ရာ ပညာပေးရှု့ထောင့် ဆိုတာကို သတိမထားမိတော့ပဲ လိင်မှုဆိုင်ရာ ဖျော်ဖြေရေးပိုင်းမှာ သာယာသွားမှာ - စမ်းသပ်ချင်မှာ စိုးရိမ်ရပါတယ် - အဲ့စိတ်က ယောကျာင်္းလေးမှာ ဖြစ်လည်း မကောင်းသလို - မိန်းကလေး တစ်ယောက်မှာ ဝင်သွားရင်လည်း မကောင်းဘူး


ကျွန်တော် ဒီနေ့ ပြောချင်တာကလည်း ဒီအကြောင်းပါပဲ - အဲတော့



လူငယ်တွေ အတွက် မသိအပ် မမြင်အပ်တဲ့ Adult Content တွေကို အင်တာနက်ထဲ လည်ပတ်ကြည့်ရှုတဲ့ အခါ ပါမလာအောင် ဘယ်လို လုပ်ကြမလဲ ??

တစ်ချို့ဆို နိုင်ငံခြားမှာ မိသားစုလိုက် ပြောင်းနေကြတဲ့ သူတွေရှိတယ် - သူတို့မှာ သားတွေ သမီးတွေ - မြေးတွေနဲ့ အိမ်မှာ အင်တာနက်ကလည်း လက်တကမ်းမှာ ခုလို အခြေအနေမှာ ကလေးတွေ အနေနဲ့ အင်တာနက်ထဲ လည်ပတ်ကြည့်ရှုရင်းနဲ့ တစ်နေ့ မဟုတ် တစ်နေ့ Adult Content တွေကို တွေ့မှာပဲ - ဒါက မြေကြီးလက်ခတ် မလွဲဘူး -

ကျွန်တော်တို့တွေ ဆိုတာလည်း နေ့စဉ်နေ့တိုင်း ကိုယ့်သားသမီးနားထိုင်ပြီး သူတို့ ဘာကြည့်နေလဲ ဆိုတာ ထိုင်စစ်နေရ လောက်အောင် မအားဘူး - ကိုယ့်အလုပ်နဲ့ကိုယ် - ဒီလို အခြေအနေမှာ အင်တာနက်ထဲကနေ ပါပါလာတတ်တဲ့ Adult Sites တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ စဉ်းစားရပြီ - ကျွန်တော် ဖတ်ခဲ့ဖူးသလောက် နည်းလမ်းတွေလည်း တော်တော်များများ ရှိပါတယ်။ Software တွေသုံးတာ Trick တွေ လုပ်တာ - စသဖြင့် မျိုးစုံအောင် ရှိပါတယ်။


ဥပမာ ပြောရရင် ကျွန်တော့် သားတွေ သမီးတွေ YouTube မှာ ကာတွန်းကား ကြည့်တယ် ဆိုပါစို့ -



YouTube ထဲမှာ ဟိုရှာဒီရှာနဲ့ Adult Content တွေ သူတို့ တွေ့မသွားနိုင်ပါဘူးလို့ ပြောလို့ မရဘူး - အဲလို အခြေအနေမျိုးကို အတတ်နိုင်ဆုံး ကာကွယ် ပေးထားနိုင်ဖို့ Google ကနေ security filter တစ်ခု ထည့်ပေးထားတာ ရှိတယ် - http://www.youtube.com/ ကို သွားရင် ဟိုးအောက်ဆုံးလေးနားမှာ ခုလိုတွေ့ရပါလိမ့်မယ်။ Default အနေနဲ့တော့ သူက Off ထားပါတယ် အဲ့ဒီ Off ဆိုတာ Click ပေးလိုက်ရင် Choose your safety mode ဆိုတာ ပေါ်လာပြီး On လုပ်နိုင်ဖို့ Sign in ဝင်ခိုင်းပါလိမ့်မယ် - Youtube က Google Account ရှိရင် Sign up ထပ်လုပ်စရာ မလိုတာ မို့လို့ Google acc နဲ့ Sign in ဝင်ပြီး Safe လိုက်လို့ ရပါတယ် - အဲလိုဆို security filter ကနေပြီး Adult Content တွေကို Search Result တွေမှာ မပါဝင်အောင် စစ်ထုတ်ပေးသွားမှာပါ။


ဒါပေမယ့် ဒီ security filter ရာနှုန်းပြည့်နီးပါး စစ်ထုတ်နိုင်မှုတော့ မရှိပါဘူး - ကျွန်တော် စမ်းသပ်ကြည့်သလောက်တော့ security filter - On ထားရက်နဲ့ကို ခုလို ကားမျိုးတွေက Search Results မှာ ပြနေပါသေးတယ် - ဥပမာ ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။ ပုံရဲ့ ဟိုးအောက်ဆုံးမှာ Safety mode: on ထားပေမယ့် မြင်ရတာကတော့ တွေ့တဲ့ အတိုင်းပါပဲ :D

အဲဒီတော့ ကျွန်တော်တို့တွေ ဒီ Adult Content ပါတဲ့ ကိစ္စနဲ့ ပတ်ပြီး ဒီ့ထက်ပို Security မြှင့်တင်ဖို့ လိုအပ်ပါပြီ - အဲ့အတွက် အကောင်းဆုံး အဖြေမဟုတ်ရင်တောင် အကောင်းဆုံးနီးပါး ဖြစ်နိုင်မယ့် ကာကွယ်နည်းကို ကျွန်တော် သိခဲ့ပါတယ်။ အဲတာကတော့ OpenDNS ကို အသုံးပြုဖို့ပါပဲ။


ဒီနေရာမှာ စကားစပ်မိလို့ OpenDNS က ဘာလဲ - သူ့ကို ဘာလို့ ကျွန်တော်တို့ သုံးသင့်လဲ ဆိုတာ knowledge တစ်ခု အနေနဲ့ သိရှိနိုင်အောင် အကျဉ်းမိတ်ဆက်ပေးရရင် ကျွန်တော်တို့ ကွန်ပြူတာကနေ Browser တစ်ခုခုက address bar မှာ URL တစ်ခုခု ( www.yahoo.com ) စသဖြင့် ရိုက်သွင်းလိုက်တဲ့ အခါမှာ ကျွန်တော်တို့က ဒီ URL ကို လိုက်ပြီး ဘယ်သွားလို့ ဘယ်လာရမှန်း နားမလည်ပါဘူး - အဲတော့ သူ့မှာ DNS server ကို လှမ်းမေးရတယ် - DNS server ဆိုတာက လူတွေရိုက်ထုတ်ခိုင်းစေလိုက်တဲ့
( www.yahoo.com ) ကို ကွန်ပြူတာ အချင်းချင်း ဖတ်တတ်အောင် ဒါကတော့ IP address (209.131.36.158) ဖြစ်တယ် - မင်းသွားရမှာ အဲ့ကို ဖြစ်တယ်ဆိုပြီး ဘာသာပြန်ပေးတယ် - ဒါက သူ့အလုပ် ဖြစ်ပါတယ်။ အဲလို IP address (209.131.36.158) ကိုသိတဲ့ အချိန်ကျတော့မှ ကျွန်တော်တို့ ကွန်ပြူတာ သက်ဆိုင်ရာ website နဲ့ ချိတ်ဆက်မိပြီး Webpage တွေကို ကျွန်တော်တို့ ကွန်ပြူတာမှာ ဖော်ပြပေးတာ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ OpenDNS က ကျွန်တော်တို့ သုံးနေတဲ့ Router - Computer နဲ့ ပတ်သတ်ပြီး အင်တာနက်ကို သုံးစွဲတဲ့ အခါမှာ Adult Content တွေ မလိုလားအပ်တဲ့ Websites တွေ မပါဝင်လာအောင် configuration လုပ်ဆောင်ပေးနိုင်ပါတယ်။ သူ့လိုမျိုးပဲ မလိုလားအပ်တဲ့ Sites တွေကို ကလေးတွေရဲ့ အင်တာနက် activity ပေါ်ကြည့်ပြီး လိုအပ်တာကို Block ပေးမယ့် Programs ( ဥပမာ NetNanny ( $ 39.99 ) ... ) ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။ အဲလိုနည်းမျိုး မသုံးချင်လည်း နောက်ထပ် Geek ကျတဲ့ နည်းတွေ ကျန်ပါသေးတယ် - ဥပမာ ပြောရရင် 127.0.0.1 trick လို့ ပြောလို့ ရတဲ့ နည်းတစ်မျိုးပါ - အဲ့နည်းကလည်း Websites တွေကို ကိုယ့် ကွန်ပြူတာမှာ Block တဲ့ နည်းတစ်မျိုးပါပဲ။ လုပ်ဆောင်နည်းကတော့ -

အဆင့် ( ၁ ) - Start > Run ကိုသွားပြီး Run box မှာ c:\WINDOWS\system32\drivers\etc\hosts ကို ရိုက်ပြီး Enter ခေါက်ပါ။
အဆင့် ( ၂ ) - notepad တစ်ခု ပွင့်လာပြီ ဆိုရင် အောက်ဆုံး - နောက်ဆုံးစာကြောင်းကို သွားပါ - ရောက်ရင် Enter တစ်ချက်ခေါက်ပြီး ကိုယ် Block ချင်တဲ့ Sites တွေ ဖော်ပြပါအတိုင်း ရိုက်ထည့်ပါ။


127.0.0.1 orkut.com
127.0.0.1 facebook.com
127.0.0.1 myspace.com


အဆင့် ( ၃ ) အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်ပြီးရင် Save လုပ်ပြီး Exit လုပ်ပါ။

ဒီလိုဆို အပေါ်က ဆိုဒ်တွေ ကိုယ့်ကွန်ပြူတာမှာ ဘယ်လိုမှ ဖွင့်မရတော့ပါဘူး - ဒီနည်းအတိုင်း ကိုယ့်  Block ချင်သမျှ Site အကုန် Block လို့ ရပါတယ်။ ( Unblock လုပ်ချင်ရင် အဲ့ဖိုင်ကိုပဲ ပြန်ဖွင့်ပြီး ခုနက ရိုက်ခဲ့တဲ့ စာကြောင်းတွေ ဖျက်လိုက်ယုံပါပဲ ) ဒါပေမယ့် ဆိုးတာ တစ်ခုက အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းကို ပြန်ဆက်ရရင် internet ထဲမှာ Adult Sites ဆိုတာ ရေတွက် မကုန်နိုင်ဘူး - ကျွန်တော်လည်း အကုန်မသိနိုင်ဘူး - မိသားစုဝင်တွေလည်း အကုန်သိနိုင်မှာ မဟုတ်ဘူး - အဲတော့ ဒီနည်းနဲ့ ကာကွယ်ရင် ကိုယ့် Block လုပ်မထားပဲ ကျန်ခဲ့တဲ့ Sites တစ်ခုခု ကိုယ့်ကလေးက တစ်နေ့ မဟုတ်တစ်နေ့တော့ တွေ့မှာပဲ -

အကောင်းဆုံး အဖြေ

အဲ့အတွက် အကောင်းဆုံး အဖြေကတော့ OpenDNS က Service တစ်ခု ဖြစ်တဲ့ FamilyShield ကို ပြောင်းသုံးဖို့ပါ။ လုပ်ဆောင်နည်း အဆင့်ဆင့် ကိုတော့ အောက်ဖော်ပြပါ ဗွီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။ 


ကျွန်တော်တို့ Youtube ကို ကြည့်မရဘူး ဆိုသူများ ဒီနေရာမှာ Download ရယူနိုင်ပါတယ်။


လုပ်ရမှာ  DNS server entries ကို Change ပေးဖို့ပါ အဲလို လုပ်ပြီး Save လိုက်တာနဲ့ အားလုံး activated ဖြစ်သွားပါလိမ့်မယ်။


တစ်ဆင့်ချင်းစီကို ပုံနဲ့ ဖော်ပြသွားပါဦးမယ် -


အဆင့် ( ၁ ) - Control Panel ကိုသွားပါ။




အဆင့် ( ၂ ) - Network and Sharing Center ကို ဝင်ပါ။


အဆင့် ( ၃ ) - Active ဖြစ်နေတဲ့ Network အောက်က Local Area Connection ကို Click ပေးပါ။


အဆင့် ( ၄ ) - Properties ကို ဝင်ပါ။


အဆင့် ( ၅ ) - Internet Protocol Version - 4 ကို သွားပါ။


အဆင့် ( ၆ ) - အောက်ဖော်ပြပါအတိုင်း DNS Sever Settings ကို ဖော်ပြပါအတိုင်း ပြောင်းပေးလိုက်ပါ။


တကယ်လို့ ကိုယ်က ကိုယ်သုံးနေတဲ့ Router ကို FamilyShield သုံးပြီး ကာလိုက်မယ် ဆိုရင်တော့ adult content တွေပါသမျှ Websites တွေ အားလုံးကို ကိုယ့်အိမ်က ကွန်ပြူတာတွေ အားလုံးမှာရော mobile phones တွေမှာပါမကျန် ကိုယ့် အိမ် network ထဲက အရာမှန်သမျှကို ဝင်လိုက်တာနဲ့ အောက်ဖော်ပြပါအတိုင်း Block လုပ်သွားမှာ ဖြစ်ပါတယ်။




ဒီ့ထက် လွယ်တဲ့နည်းတော့ မရှိတော့ပါဘူး - တကယ်လို့ Router ကို Configuration လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဒီအောက်က Video ကိုကြည့်လိုက်ပါ။



ကျွန်တော် အခု ဖော်ပြခဲ့သလောက်ဆို Adult Sites တွေ Block ဖို့နဲ့ ပတ်သတ်ပြီး အထိုက်လျောက် နားလည်နိုင်ကြလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။

မိသားစုအားလုံး ချမ်းမြေ့သာယာတဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts