The Best New Features in IE9

Sep 15, 2010 က Internet Explorer 9 Beta ထွက်ပါတယ်။ ဒီအကြောင်းကို ရေးဖို့ အသေးစိတ် ပြင်ဆင်နေတာနဲ့ နောက် နည်းနည်းကျပြီး ဒီနေ့မှပဲ တင်ဖြစ်လိုက်ပါတော့တယ်။ အရင်ကလည်း Internet Explorer 9 အကြောင်းကို Beta မထွက်ခင် Internet Explorer 9 Platform Preview ကတည်းက ဆန်းသစ်မှုများဖြင့် ကျွန်ုပ်တို့၏ Internet Explorer 9 ဆိုပြီး 26-03-2010 က ရေးခဲ့ဖူးပါတယ်။ တော်တော်များများတော့ သိပ်စိတ်မဝင်စားကြဘူးပေါ့ - ဒါပေမယ့် သိပ်မကြာခင်မှာ IE9 က တော်တော်လေး Hot လာတော့မှာပါ - ဘာကြောင့်လည်း ဆိုတော့ အခု ကျွန်တော် Internet Explorer 9 Beta ကိုသုံးနေရင်းနဲ့ တော်တော်လေး User friendly ဖြစ်တာ သတိထားခဲ့မိပါတယ်။ သူ့ရဲ့ ထူးခြားချက်လေးတွေနဲ့ အပြင်အဆင် တစ်ချို့ကို မြန်မာမိသားစုဝင်များ ခံစားနိုင်စေဖို့ တင်ဆက်လိုက်ပါတယ်။

ကျွန်တော့် စက်မှာ လောလောဆယ် Windows 7 Ultimate 32 bit တင်ထားပါတယ်။ Install လုပ်ရတာတော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိလှပါဘူး - မိနစ် နည်းနည်းလောက် စောင့်လိုက်ရင် အောက်ဖော်ပြပါအတိုင်း သူ့ ဘာသာ Install လုပ်ဆောင်သွားပြီး Restart ပေးဖို့ တောင်းပါလိမ့်မယ်။ Restart ပြန်တက်လာရင် အရင် Windows 7 မှာ ပါတဲ့ IE8 နေရာမှာ ကျွန်တော်တို့ သွင်းလိုက်တဲ့ IE9 ဝင်လာပြီး စတင် အသုံးပြုလို့ ရပါပြီ။



အောက်မှာ ဖော်ပြသွားမယ့် ပုံလေးတွေက တစ်ဆင့် Internet Explorer 9 ရဲ့ ပြောင်းလဲချက်လေးတွေ - အပြင်အဆင်လေး တွေကို ခံစားကြည့်ကြပါဦး - အရင်ဦးဆုံး ကျွန်တော် Internet Explorer 9 စစဖွင့် ခြင်းမှာ သတိထားလိုက်မိတာ Address bar နဲ့ Tab bar နဲ့က တစ်တန်းတည်း ဖြစ်သွားတာပါ - ဘာကောင်းလဲ ဆိုတော့ အရင်ကဆို ကျွန်တော်တို့တွေ Menu Bar, Navigation Toolbar, Bookmarks Toolbar, စသဖြင့် Toolbar ပေါင်း မြောက်များစွာနဲ့ အမြင်ရှုပ်နေရာကနေ ခုဆို Browsing Area ကို ကျွန်တော်တို့ ပိုပြီး ကျယ်ကျယ်လွင့်လွင့် မြင်ရပါပြီ။


ဆန်းသစ် ပြောင်းလဲမှုများ

နောက် Address bar မှာ စာလုံးတစ်ချို့ကို စရိုက်လိုက်တာနဲ့ Search Suggestions ကိုသာ Turn On လုပ်ထားမယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း ကိုယ်ရှာဖွေချင်တာကို Google Suggestions နဲ့ ရှာမလား Bing Suggestions နဲ့ ရှာမလား ဆိုတာ မိမိနှစ်သက်သလို ရွေးချယ် ရှာဖွေခိုင်းလို့ ရပါတယ်။ Enter ခေါက်တာနဲ့ Search Result Pages တွေကို တွေ့ရမှာ ဖြစ်ပါတယ်။



အဆင့်အတန်း နှင့် စွမ်းဆောင်ရည်များ

Internet Explorer 9 နဲ့ ပတ်သတ်ပြီး Standards နဲ့ Performance တွေ ဘယ်လို သိသိသာသာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတယ် ဆိုတာ အသေးစိတ် ကျွန်တော်တို့ လေ့လာနိုင်ဖို့ IE9 Test drive ဆိုတာ ရှိနေပါတယ်။ IE9 Test drive စာမျက်နှာမှာ ဘာတွေ စမ်းသပ်လို့ ရမှာလဲ ဆိုရင် လတ်တလောကာလ စမ်းသပ်ပြင်ဆင်နေဆဲ Internet Explorer 9 မှာ ပါဝင်လာမယ့် Features တွေကို ခုလို အပိုင်း ( ၄ ) ပိုင်း ခွဲပြီး မိတ်ဆက်ပေးထားပါတယ်။ အဲတာတွေကတော့ -


* Performance - JavaScript နဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေ ဒီနေရာမှာ လေ့လာကြည့်လို့ ပါတယ်။ ဥပမာပြောရရင် - Flying Images လို့ခေါ်တဲ့ Images တွေက အသေတွေ မဟုတ်တော့ပဲ လေထဲမှာ ပျံနေတာ ၊ Text Size Animated လို့ ခေါ်တဲ့ ကလစ်ပေးလိုက်ရင် စာလုံးတွေက အလိုလို အသက်ဝင်လှုပ်ရှားလာတာ ၊ Test Justification Animated လို့ခေါ်တဲ့ Letter Spacing တွေကို ကျဉ်းနေရင် ကြီးနေတာတွေကို အလောတော် ဖြစ်အောင် လုပ်ပေးတာ၊ Map Zooming လို့ခေါ်တဲ့ မြေပုံကို အသေးစိတ် ချုံ့ချဲ့ ကြည့်နိုင်တာ ... စသဖြင့် အဲ့ခေါင်းစဉ်အောက်မှာ စမ်းသပ်နိုင်ပါတယ်။


* HTML5 Demos - သူ့ခေါင်းစဉ်အောက်မှာတော့ စံမှီတဲ့ web နည်းပညာတွေကို ဘယ်လို မျှဝေပေးထားတယ် ဆိုတာ လေ့လာစမ်းသပ်ကြည့်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - သူ့မှာ Border Radius လို့ခေါ်တဲ့ border-width နဲ့ border-style တွေကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာတွေ၊ CSS3 Selectors လို့ခေါ်တဲ့ nodes တွေကို CSS သုံးပြီး ဘယ်လို အလွယ်တကူ ရွေးချယ်နိုင်မလဲ ဆိုတာတွေ၊ DOM Events လို့ခေါ်တဲ့ Links တစ်ခုနဲ့ ပတ်သတ်ပြီး အဲ့ဒီ့ Links ပေါ်မှာတင် သက်ဆိုင်ရာ အချက်အလက်တွေ အတိုချုံး ဖော်ပြချက်တွေ၊ .. စတာတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။

* Graphics Demos - သူ့အောက်မှာတော့ ထူးခြားတဲ့ ဆန်းသစ်မှုတွေနဲ့ HTML5 Graphics တွေကို ဘယ်လို Create လုပ်ထားလဲဆိုတာ စမ်းသပ်လေ့လာနိုင်ပါတယ်။ ဥပမာ ဆိုရရင် - Falling BallsSVG–oidsBusiness ChartsOrganization Chart ဆိုတာတွေ အတွက် ဘယ်လို စွမ်းဆောင်ပေးထားလဲ ဆိုတာ လေ့လာနိုင်ပါတယ်။

* Browser Demos - Browser တစ်ခုရဲ့ ကြွယ်ဝတဲ့ အရည်အသွေးတွေကို ဒီခေါင်းစဉ်အောက်မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။

Windows 7 အတွက် Application Shortcuts များ

IE9 မှာ ကျွန်တော် သဘောအကျဆုံး Feature လေး တစ်ခုပါလာပါတယ်။ အဲတာက ကိုယ်အမြဲတမ်းသွားနေကျ Sites တွေကို နေ့တိုင်း URL ရိုက်ပြီး သွားနေစရာ မလိုတော့ပဲ ကိုယ့် Windows 7 ရဲ့ Taskbar ကို Pin ထားလို့ ရတဲ့ Feature ပါ။ ( ဘယ်လို လုပ်ဆောင်ရတယ် ဆိုတာ အောက်ဆုံးမှာ ကျွန်တော် ဖော်ပြထားတဲ့ Video ကနေ HD နဲ့ ကြည့်ကြည့်ပါ။ ) အဲလို ကိုယ်အမြဲ သွားနေကျ Sites တွေရဲ့ Page icons တွေကို Shortcut သဘောမျိုး ထုတ်တဲ့ နေရာမှာ နည်းမျိုးစုံ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ Site icon ကို Drag and Drop ဆွဲချတဲ့ နည်းနဲ့ Desktop ပေါ် ထုတ်လိုက်တာပါ။ အောက်မှာ ဆို ကျွန်တော် Facebook icon ကို Desktop ပေါ် Drag ဆွဲပြီး ထုတ်ပြထားပါတယ်။






နောက်နည်းလမ်း တစ်ခုက Tab ကြီး တစ်ခုလုံးကို Taskbar ရှိရာဆီ ဆွဲချပြီး Pin တဲ့ လုပ်ဆောင်ချက်ပါ။ ဒါကလည်း ဘာမှ ခက်ခက်ခဲခဲ မရှိပါဘူး - ကိုယ် Pin ချင်တဲ့ Web စာမျက်နှာဖွင့်ထားတဲ့ Tab ကို Drag ဆွဲချလာပြီး Taskbar ပေါ်လွှတ်ချ လိုက်တာပါပဲ။ အောက်ဖော်ပြပါ ပုံမှာတော့ Taskbar ထဲဝင်နေတဲ့ Facebook Shortcut ကိုတွေ့ရပါလိမ့်မယ်။



အထက်မှာ ဖော်ပြထားတဲ့ အတိုင်း Shortcut တွေကို Taskbar ထဲထည့်ထားတဲ့ နေရာမှာ shortcut တစ်ခုတည်း အနေနဲ့တင် ရောက်လာမှာမျိုး မဟုတ်ပဲ အဲ့ဒီဆိုဒ်ရဲ့ အစိတ်အပိုင်း တစ်ချို့ဆီကိုပါ jumplist နဲ့ သွားလို့ ရပါသေးတယ်။




အခြားသော ပြုပြင်ပြောင်းလဲမှု တစ်ချို့

Firefox တို့ Google Chrome တို့လို တစ်ခြား နာမည်ကြီး browsers တွေနဲ့ နိှုင်းယှဉ်ပြီး Internet Explorer မှာလည်း Download လုပ်ငန်းစဉ် လုပ်ဆောင်တဲ့ အချိန်မှာ အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် Download Windows ကလည်း အောက်ဖော်ပြပါအတိုင်း ပြောင်းလဲပေးထားပါတယ်။




ဒီအောက်မှာကတော့ New Tab တစ်ခု ဖွင့်လိုက်ရင် ကိုယ်သွားခဲ့ဖူးတဲ့ Sites တွေကို စီတန်း ဖော်ပြထားတဲ့ မြင်ကွင်းပါ။ အဲကနေ ကိုယ်သွားချင်တဲ့ နေရာကို စာတစ်လုံး ရိုက်စရာ မလိုပဲ Click ပေးပြီး သွားနိုင်ပါတယ်။




Internet Explorer 9 Beta ကို စမ်းသပ်ကြည့်ချင်သူများ အောက်ဖော်ပြပါ နေရာကနေ သွားရောက် ရယူ စမ်းသပ်နိုင်ပါပြီ။



ဒီအောက်က Video ကတော့ ကျွန်တော့် စက်ထဲက Internet Explorer 9 Beta ရဲ့ အသွင်အပြင်တစ်ချို့ကို မှတ်တမ်းတင်ထားတဲ့ Video file လေးပါ။ HD နဲ့ လေ့လာကြည့်ပါ။


လေ့လာပျော်ရွှင်ကြပါစေ

KznT.

Windows 7 Ebooks Collection

kothu1987 က အသုံးပြုနည်း စာအုပ်လိုချင်တယ် ဆိုလို့ တင်ပေးလိုက်ပါတယ်။ စက်ထဲမှာ ဆောင်ထားသမျှလေးကတော့ ဒါအကုန်ပါပဲ - နောက်ထပ် တစ်ခြား ကောင်းနိုးရာရာ Windows 7 စာအုပ်လေးတွေ ရှိလာရင်လည်း ဒီမှာပဲ ဖြည့်တင်ပေးသွားပါ့မယ်။ အင်္ဂလိပ်လို ရေးထားတယ်ဆိုပေမယ့် တစ်ချို့စာအုပ်တွေက ရုပ်ပုံတွေနဲ့ တစ်ကွ တစ်ဆင့်ချင်း မြှားထိုးရှင်းပြထားတာ မို့လို့ လေ့လာချင်တဲ့ သူတစ်ယောက်အတွက် အရမ်းကို အဆင်ပြေစေပါတယ်။ တစ်ခြား မိသားစုဝင်တွေ အနေနဲ့ ကိုယ့်မှာ ရှိတဲ့ Windows 7 Ebooks လေးတွေကိုလည်း ဒီနေရာမှာ ရှယ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။


400MB ကျော်ကျော်လောက်ရှိပြီး ဒေါင်းလုပ်ချလိုက်ရင် ရရှိလာမယ့် စာအုပ်တွေကတော့ အောက်ဖော်ပြပါအတိုင်းပါ။



Microsoft Windows 7 In Depth.pdf
The Complete Windows 7 Shortcuts.pdf
win7_install_chart.pdf
Windows 7 All-in-One Dummies.pdf
Windows 7 For Dummies Quick Reference Sep 2009.pdf
Windows 7 Inside Out (10-2009).pdf
Windows 7 Inside Out Early Content.pdf
Windows 7 Just the Steps for Dummies (2009).pdf
Windows 7 Pocket Guide v.1. 2009.pdf
Windows 7 Secrets.pdf
Windows 7 Simplified.pdf
Windows 7 Teach Yourself Visually.pdf
Windows 7 The Definitive Guide.pdf
Windows 7 The Definitive Guide (Oct.2009).pdf
Windows 7 Tweaks.pdf
Windows 7 Ultimate Guide - Computer Active - December 2009.pdf
Windows.7.Annoyances.pdf

Windows 7.part01.rar (47.7 MB)
 http://www.multiupload.com/77P7ITNCGF
 

Windows 7.part02.rar (47.7 MB)
 http://www.multiupload.com/QGG7GS0A2G
 

Windows 7.part03.rar (47.7 MB)
 http://www.multiupload.com/EJ15C1DFWD
 

Windows 7.part04.rar (47.7 MB)
 http://www.multiupload.com/SWAZQM43WB
 

Windows 7.part05.rar (47.7 MB)
 http://www.multiupload.com/DBL1BULVCL
 

Windows 7.part06.rar (47.7 MB)
 http://www.multiupload.com/SPGMJ6KCY1
 

Windows 7.part07.rar (46 MB)
 http://www.multiupload.com/VF65I71LLX
KznT.

ZumoCast Makes Your Computer a Personal Cloud

ဒီအကြောင်းရေးမယ် - ရေးမယ်နဲ့ တစ်ပတ်လောက် နောက်ဆုတ်သွားတယ် - အကြောင်းက မဆက်ဖြစ်တာ ကြာတဲ့ Ubuntu ဘက်လှည့်နေလို့ပါ။ ဒီနေ့တော့ အစပျိုးပြီး အချောမသတ်ဖြစ်တဲ့ အကြောင်းအရာလေး ဖော်ပြနိုင်ဖို့ ကြိုးစားလိုက်ပါတယ်။

Remotely access ဆိုတဲ့ သဘောတရားကို ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သူတိုင်း တော်တော်များများ သိထားကြပါတယ်။ နားလည်နားလည်ကြပါတယ်။ သဘောက ကွန်ပြူတာ တစ်လုံးထဲမှာ ရှိတဲ့ အကြောင်းအရာ သတင်းအချက်အလက်တွေကို တစ်ခြား တစ်နေရာကနေ ယူဆောင်သုံးစွဲလို့ ရတာမျိုးကို ခေါ်တာပါ။ အကျယ်ချဲ့ ပြောရင်တော့ အများကြီးပေါ့လေ - အဲလို ကိုယ့် ကွန်ပြူတာ ထဲမှာ ရှိနေတဲ့ ဖိုင်တွေကို အခြား တစ်နေရာကနေ လှမ်းပြီး ရယူသုံးစွဲနိုင်ဖို့ဆိုရင် နညးလမ်းပေါင်း မနည်း ရှိပါတယ်။ ကျွန်တော် အဲ့အကြောင်းအရာတွေကိုလည်း ခေါင်းစဉ်မျိုးစုံနဲ့ ဖော်ပြခဲ့ဖူးပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် လျင်မြန်လွယ်ကူသော Sharing နည်းစနစ်အလွယ်ကူဆုံး File Sharing နည်းပညာအား အသုံးချခြင်းအင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း စတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ရေးသားခဲ့ဖူးပါတယ်။ တစ်ချို့ အကြောင်းအရာတွေက Files sharing ဘက်ကို အသားပေး ဖော်ပြနိုင်ဖို့ ရေးသားခဲ့ပြီး တစ်ခြား အကြောင်းအရာတွေကတော့ အင်တာနက်ကို အသုံးပြုပြီး Remotely access ကို ဘယ်လို အသုံးပြုနိုင်မယ် ဆိုတာ အသားပေးပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နည်းတွေလည်း မနည်းဘူး - တစ်မျိုးနဲ့ တစ်မျိုး ပေးလိုက်ကြတဲ့ service တွေဆိုတာလည်း မနည်းဘူး - တောင်းလိုက်ကြတဲ့ ပိုက်ဆံတွေဆိုတာလည်း မနည်းဘူး - ဒါပေမယ့် အားလုံးထဲမှာမှ လောလောဆယ် ကျွန်တော် သဘောကျနေတာ အသုံးပြုရလွယ်ကူပြီး - limit ကန့်သတ်ချက် မရှိပဲ တစ်နေရာမှာ ရှိတဲ့ ကိုယ့်ဖိုင်တွေကို အခြားတစ်နေရာကနေ Remotely access အလကား အသုံးပြုလို့ ရတဲ့ ZumoCast အကြောင်းပါ -

အသေးစိတ် ပြန်ရှင်းရရင် - ဥပမာ ဆိုကြပါစို့ - ကျွန်တော်တို့က အိမ်မှာ အထိုင် ကွန်ပြူတာ တစ်လုံးရှိတယ် - ကိုယ့်ကြိုက်တဲ့ ဗွီဒီယို ကားလေးတွေ - MP3 သီချင်းလေးတွေ - VCD လေးတွေ - အဲ့ဒီ ကွန်ပြူတာ ထဲမှာ တော်တော်များများထည့် ထားတယ် - အဲတော့ ဟုတ်ပြီ - ကိုယ့်အိမ်ကနေ တစ်နေရာရာကိုသွားပြီ - ဆိုကြပါစို့ - အိမ်ကနေ အလုပ် - အလုပ်ကိုရောက်တော့ လူက နဲနဲ အားနေတယ် - သီချင်းလေး ဘာလေး နားထောင်ချင်တယ် - ဒါပေမယ့် ကိုယ်သဘောကျတဲ့ သီချင်းတွေက အိမ်က ကွန်ပြူတာ ထဲမှာ - အင်တာနက်ကနေလည်း မရှာချင်ဘူး - MP3 player နဲ့ ထည့်ယူလာရအောင်ကလည်း ပမာဏကများ - Flash Drive တို့ External HD တို့နဲ့ ထည့်ရလောက်အောင် ကျတော့လည်း အချိန်က မပေးချင် -  အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း  ထဲကလို Dropbox မှာ တင်ထားဖို့ကျပြန်တော့လည်း Upload တင်ရ - ဒေါင်းလုပ်ချရနဲ့ မဖြစ် - ဒီလိုဆို ကိုယ့် အိမ်က ကွန်ပြူတာ ထဲမှာ ရှိနေတဲ့  ဗွီဒီယို ကားလေးတွေကို တစ်ခြား တစ်နေရာကနေ ကြည့်ချင်သလို ကြည့်ဖို့ - ကိုယ်ကြိုက်တဲ့ MP3 သီချင်းလေးတွေ Download ချစရာ မလိုပဲ Remotely access နဲ့ အိမ်က ကိုယ့်ကွန်ပြူတာထဲက သီချင်းတွေကို အခြားတစ်နေရာကနေ နားထောင်နိုင်ဖို့ဆို ဘယ့်နှယ် လုပ်ကြမလဲ - အဲ့အတွက် အဖြေကတော့ ZumoCast ပါပဲ -



ကျွန်တော်တို့ဟာ ZumoCast ကို installed လုပ်ဆောင်လိုက်တာနဲ့ Dropbox လိုမျိုး ကိုယ့်စက်ထဲက ဖိုင်တွေကို သက်ဆိုင်ရာ website ဆီ Upload တင်ဖို့လည်း မလိုတော့သလို - Upload တင်နေလို့ စောင့်ရမယ့် အချိန်ကိုလည်း စောင့်ဖို့ မလိုတော့ပါဘူး - ဒါတင်မက ကိုယ့် ကွန်ပြူတာကနေ Upload မတင်ထားတဲ့ အဲ့ဒီ့ ဖိုင်တွေကိုပဲ တစ်ခြား တစ်နေရာမှာ ရှိနေတဲ့ ကွန်ပြူတာ တစ်လုံး ရဲ့ Browser ကနေတစ်ဆင့် ZumoCast မှာ ပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ User account ကို ဝင်ရောက်ပြီး ကိုယ့် ဖိုင်တွေ အားလုံးကို  Remotely access လုပ်ဆောင်နိုင်ပါတယ်။ တစ်ခြား ကွန်ပြူတာကတင် မဟုတ်ပါဘူး ကိုယ့်မှာ iOS devices တွေ ရှိတယ် ဆိုရင် အဲတာတွေကနေပါ ကိုယ့်ကွန်ပြူတာထဲက ဖိုင်တွေကို access လုပ်ဆောင်နိုင်ပါတယ်။


ZumoCast ရဲ့ လုပ်ဆောင်ပုံနဲ့ သဘောတရားကို အနည်းအကျဉ်း သိပြီ ဆိုရင် ခု အဆင့်မှာ ကျွန်တော် ZumoCast client ကို  Windows မှာ ဘယ်လို install လုပ်ဆောင်ရမယ် ဆိုတာ အဆင့်အလိုက် ဖော်ပြသွားပါဦးမယ်။ Mac computer သမားတွေလည်း ထိုနည်း လည်းကောင်းပါပဲ။

အရင်ဆုံး ZumoCast application ကို Download ချပြီး အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ချင်း install လုပ်သွားပါမယ်။



ဒီနေရာကိုရောက်ရင် Account အသစ်က မရှိသေးတဲ့သူတွေ အနေနဲ့ Account တစ်ခု မဖြစ်မနေ ပြုလုပ်ရမှာ မို့လို့ အောက်ဖော်ပြပါအတိုင်း ဖန်တီးလိုက်ပါ။



ပုံမှန် အားဖြင့်တော့ ရှေ့ဆက်သွားရင် ဒီလို မြင်ရပါလိမ့်မယ်။ ကျွန်တော်က Windows 7 ဖြစ်လို့ သူက Default အနေနဲ့ Partition C အောက်က Users ဖိုဒါ ထဲမှာ ရှိနေတဲ့ ကျွန်တော့် Account ထဲက အောက်ဖော်ပြပါ ဖိုဒါတွေကို သူရွေးချယ်ပြီး သား ဖြစ်နေပါလိမ့်မယ်။



တကယ်လို့ ကိုယ့်ရဲ့ Media files တွေ နဲ့ တစ်ခြား ဖိုင်တွေက သူဖော်ပြထားတဲ့ ဖိုဒါတွေထဲမှာ မရှိရင် မြင်နေရတဲ့ Add Folder ကနေ တစ်ဆင့် ကိုယ့်စက်ရဲ့ တစ်ခြား Partition အသီးသီးက သက်ဆိုင်ရာ ဖိုဒါတွေကို ဆွဲသွင်းလို့ ရပါတယ်။



အောက်မှာ ဆိုရင် ကျွန်တော် က ကျွန်တော့်စက်ထဲက ကိုယ်လိုချင်တဲ့ ဖိုဒါလေးတွေ ရွေးပြီး Add လိုက်ပါတယ်။



ပြီးသွားရင် တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သွားပါ - ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ သူ ကြော်ငြာနဲနဲ ဝင်ပါလိမ့်မယ်။



အားလုံးပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့ပုံအတိုင်း ZumoCast ရဲ့ Website ကို သွားလိုက်ပါ။ Browser ရဲ့ Address bar မှာ https://www.zumocast.com ဆိုပြီး URL ရိုက်ပြီးမှ သွားချင်လည်း ရပါတယ်။ ဒါပေမယ့် အဲလိုသွားရင်တော့ အပေါ်မှာ ကျွန်တော်တို့ Create လုပ်ခဲ့တဲ့ ကိုယ့် Account နဲ့ ဝင်ပေးရပါလိမ့်မယ်။



အောက်မှာ ကြည့်ကြည့်ပါ - Upload တင်စရာ မလိုပဲ ကျွန်တော်တို့ ဖိုင်တွေ အင်တာနက်ပေါ် ရောက်နေပါပြီ။



သူက သီချင်းတွေ နားထောင်လို့ ရတယ် ပြောတယ် - ဟုတ်မဟုတ် စမ်းကြည့်ဦးမယ် ဆိုပြီး Video ထဲ ခုလို ဆက်သွား လိုက်ပါတယ်။ 




ဟာာ - တကယ်ရောက်နေတာဗျ - အင်တာနက်ပေါ် - :D


သီချင်းလေး ဖွင့်ကြည့်ဦးမှ -
အဲ ဝိုင်းစု သီချင်းတွေ ဆိုနေပြီဗျ - :D



ဒီလောက်တင်ပဲ လား မဟုတ်ပါဘူး - ကိုယ့် စက်ထဲကနေ တစ်ဆင့် ZumoCast မှာ Add လုပ်ထားတဲ့ MP3 သီချင်းတွေလည်း အောက်ဖော်ပြပါအတိုင်း တိုက်ရိုက် နားဆင်လို့ ရပါသေးတယ်။ 



ဒါဆို ကျွန်တော်တို့ ကိုယ့်အိမ်က ကွန်ပြူတာထဲမှာ ရှိနေတဲ့ သီချင်းတွေ - ဗွီဒီယိုတွေကို တစ်ခြားတစ်နေရာမှာ နားထောင်နိုင်ဖို့ MP3 player တို့- Flash Drive တို့ - External HD တို့နဲ့ ယူသွားစရာ မလိုတော့ဘူးပေါ့ - ဟုတ်ပါတယ် - ဘာမှကို ယူဖို့ မလိုတော့ပါဘူး - အခြေအနေလေး တစ်ခုတော့ ရှိပါတယ်။ ကိုယ့်အိမ်က ကွန်ပြူတာက ကိုယ်အလုပ်သွားလည်း ဖွင့်ထားခဲ့ဖို့ လိုပါတယ်။ နောက်ပြီး အဲ့ ကွန်ပြူတာဟာ Internet access ရှိဖို့လိုပါတယ်။ ဒီလိုဆို ZumoCast  တွဲပြီး အသုံးချလို့ ရပါပြီ။


လမ်းသွား လမ်းလာရင်း  iPhone တို့ ဘာတို့ကနေ နားထောင်ချင်သူများလည်း internet access သာ ရှိမယ်ဆို ZumoCast က အလကားမတ်တင်း ဝန်ဆောင်မှု ပေးပါတယ်။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Android အတွက်လည်း ZumoCast က ဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။


အားလုံးပဲ Upload တင်စရာ မလို - ဘယ်သွားသွား သယ်ဆောင်စရာ မလိုပဲ ကိုယ်ရောက်နေတဲ့ နေရာကနေ အင်တာနက် ကနေ တစ်ဆင့် ကိုယ့်အိမ်မှာ ရှိတဲ့ ကွန်ပြူတာထဲက သီချင်းတွေ - VCD တွေ နားထောင်ကြရအောင်လားဗျာ - :)


KznT.

What's new in Ubuntu 10.10 Maverick Meerkat

Ubuntu 10.10 Maverick Alpha 3 release က ထွက်တာ ကြာပါပြီ - ဒါပေမယ့် ကျွန်တော်လည်း ချက်ချင်း မပြောင်း ဖြစ်ဘူး - မပြောင်းဖြစ်ဘူး ဆိုတာကလည်း လတ်တလောက စက်ထဲမှာ Ubuntu 10.04 LTS က ရှိနေတော့ Alpha တွေ မသွင်းချင်ဘူး - သိတဲ့ အတိုင်း Alpha release တွေက အရမ်း Bugs တာတွေ များပါတယ်။ အဲတာနဲ့ စောင့်ရင်း စောင့်ရင်း Beta ထွက်လာတယ်။ Beta ဆိုတော့ ဘာပဲ ပြောပြော Alpha လောက်တော့ မဆိုးလောက်တော့ဘူးပေါ့ - အဲတာနဲ့ မနေ့ညက Ubuntu 10.10 Maverick ကို Download ချပြီး တင်လိုက်ပါတော့တယ်။ Bugs တာတွေ တွေ့လည်း Feedback လုပ်မယ်ပေါ့နော် - ထင်ထားတဲ့ အတိုင်း Beta မို့လို့ Alpha ထက်တော့ Bugs တာတွေ တော်တော်လေး နည်းသွားပါပြီ - ဒါပေမယ့် တစ်ခါတစ်လေ တော့ ဂယောင်ခြောက်ဆယ်လေးတွေ နဲနဲ ဖြစ်နေသေးတာ တွေ့မိတယ်။ ကိုယ်မှားတာလိုလို သူ Bugs တာလိုလိုနဲ့ပေါ့ - လိုက်ပြင်ကြည့်လိုက်တော့ ကောင်းကောင်း သွားတာနဲ့ Bugs တယ်လို့ စာရင်းထဲ မသွင်းလိုက်တော့ဘူး - ကိုယ့် Errors လို့ပဲ မှတ်လိုက်ပါတယ်။

အခု Ubuntu 10.10 Maverick Meerkat Beta ကို တင်ထားရင်း ထူးထူးဆန်းဆန်း တွေ့တာလေးတွေ ပြောင်းလဲ မှုလေးတွေ အကြောင်း မိတ်ဆက်ပေးချင်လို့ ဒီအကြောင်းကို ရေးဖြစ်လိုက်ပါတယ်။

ဆန်းသစ်မှုများ

Ubuntu ရဲ့ default theme ကို Maverick မှာ နည်းနည်းလေး Refined လုပ်ထားတာ တွေ့မိပါတယ်။


Icons


Ubuntu 10.10 Maverick Meerkat မှာ ပြောင်းလဲသွားတဲ့ icon set တွေက အောက်ဖော်ပြပါအတိုင်းပါ။ Home icon - Toolbar buttons နဲ့ တစ်ခြား icons တော်တော်များများလည်း သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ပြောင်းလဲ ထားပါတယ်။ ကျွန်တော်က စက်မှာ Windows 7 နဲ့ Dual-boot တင်ထားတာပါ။




Wallpapers


Wallpapers အသစ် ၁ရ ခု ထပ်ပေါင်းဖြည့်ထားတာ တွေ့မိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံစံလေးတွေပါ - အရင် Ubuntu 10.04 က Wallpapers တွေထက်တော့ ပိုကြည့်ကောင်းနေ သလိုပါပဲ -





Sound Menu


Ubuntu ရဲ့ ပုံစံအသစ် Sound Menu ကတော့ အရင်ကထက် တော်တော်လေးကို ခြားနားသွားပါတယ်။ Buttons ပုံစံတွေကိုလည်းပြန်ပြင်ထားပါတယ်။ နောက် playlist support function - သီချင်း info ကို ပြတဲ့ font တွေရဲ့ size တွေကို လျော့ထားပါတယ်။  




Ubuntu Software Centre

ကျွန်တော့်တို့ရဲ့ အားထားရာ ပင်မအရင်း အမြစ် Ubuntu Software Centre ကိုတော့  Ubuntu 10.10 Maverick Meerkat မှာ ခုလို တွေ့ခဲ့ရပါတယ်။




Installation

Ubuntu 10.10 Maverick Meerkat မှာ install လုပ်ဆောင်တဲ့ အပိုင်းကိုတော့ တော်တော်ကြီးကို ပြုပြင်ပြောင်းလဲထားတာ တွေ့ခဲ့ရပါတယ်။ အဓိကကတော့ install လုပ်ဆောင်ရာမှာ လွယ်သထက် လွယ်ကူအောင်ပေါ့လေ - ဒါပေမယ့် ကိုယ်က မသိတော့ စစချင်း နဲနဲတောင် ကြောင်တောင်တောင် ဖြစ်ခဲ့ပါသေးတယ်။ သိသွားတော့လည်း အရင်ကထက် ပိုလွယ်သွားပါလားပေါ့ - :)



ဘယ်အဆင့်တွေ ဘယ်လိုပြောင်းသွားတယ်ဆိုတဲ့ Installation ပုံစံအသေးစိတ်ကို ဒီအောက်မှာ ကြည့်နိုင်ပါတယ်။





ZawGyi နှင့် Ubuntu 10.10 Maverick Meerkat


Ubuntu 10.10 Maverick Meerkat ကိုတင်တော့ စိတ်ထဲ တစ်ထင့်ထင့် ဖြစ်နေတာ မြန်မာဖောင့်ပေါ့ - ကိုယ်စမ်းတာကလည်း Beta ဖြစ်နေတော့ ပိုပြီး ထင့်မိတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ အဆင်ပြေခဲ့ပါတယ်။ အရင်လိုပါပဲ - ဘာအခက်အခဲမှကို မတွေ့ခဲ့တာ - အဲတာနဲ့ မြန်မာဖောင့်ရရချင်း ဘာမှ ထွေထွေထူးထူး မတင်ရသေးခင် မှတ်မှတ်ရရ Screen Record လေး လုပ်လိုက်ပါတယ်။ အဲတာကိုတော့ ဒီအောက်မှာ ကြည့်ကြည့်ပါ - မြန်မာဖောင့်လေး ဘယ်လို လှလှပပ မြင်ရလည်း ဆိုတာ ခံစားနိုင်ပါတယ်။




Download Ubuntu 10.10 Maverick Meerkat Beta

အဲတော့ စိတ်ပါဝင်စားသူများ စမ်းသပ်နိုင်အောင် Links လေးတွေ ညွှန်လိုက်ပါမယ်။ တစ်ခါမှ မသုံးဖူးသူတွေ - သာမန် လျောလျောလျူလျူ Stable version ကိုပဲ သုံးချင်သူများ မစမ်းသပ်ပါနဲ့ - Beta တွေမှာ Bugs တာတွေ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် စိတ်ရှည်လက်ရှည်စာဖတ်ပြီး စမ်းသပ်မယ်ဆိုသူများ - အတွေ့အကြုံရှိသူများကတော့ စမ်းသပ်နိုင်ပါတယ်။

Release notes ကို  ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


KznT.

Game + Donation = FreeRice

မနေ့က ထင်မှတ်မထားပဲ Profile မှာ ကို hellboy ကနေ ဒီလိုလေး လာရေးသွားပါတယ်။

ကိုကေဇက် တောင်းဆိုတာပါဗျာ အင်္ဂလိပ်စာနဲ့ ဆိုင်တဲ့ ပို့စ်လေးဘာလေးရေးပါလားဗျာ.. ကျနော်ဖတ်ချင်လို့ပါ အကိုက ဘာမဆို အသေးစိတ်ရေးတော့ ဖတ်ရတဲ့ သူလည်း အသေးစိတ်သိတာပေ့ါဗျာ လေ့လာသင့်တဲ့ ဆိုက်တွေ ဒါမှမဟုတ် စာအုပ်တွေ အခွေတွေ .. အစုံပေါ့ဗျာ အကို အဆင်ပြေမှပါ..

ကျွန်တော်လည်း စစချင်း ဘာပြန်ပြောရမှန်း မသိဘူး - ကျွန်တော်က နည်းပညာနဲ့ သက်ဆိုင်တဲ့ ကိုယ်ဖတ်ဖူးခဲ့တာ နားလည် ခဲ့တာတွေလောက်ပဲ စီကာပတ်ကုံး ပြန်ပြောပြတတ်ခဲ့တာ - နည်းပညာနဲ့ တိုက်ရိုက်ကြီး သိပ်မဆိုင်တဲ့ Language မျိုးကျတော့ Post လုပ်ပြီး ရေးရလောက်အောင် ကျွန်တော်က အကြောင်းအရာတွေ မစဉ်တတ်ဘူး - ဘာသာစကား ဆိုတဲ့ ပညာရပ်တစ်ခု က ကျွန်တော် ခုရေးနေတဲ့ တောက်တိုမယ်ရ နည်းပညာဆောင်းပါး တွေထက် အများကြီး ကျယ်ပြန့်ပါတယ် - သူမှ မဟုတ်ဘူး တစ်ခြား ဘယ်ပညာရပ်မဆို တကယ်တမ်း ကျွန်တော်တို့ သင်ကြမယ် ဆိုရင် သူ့ သင်ရိုးနဲ့ စည်းမျဉ်းနဲ့ စသဖြင့် ကျွန်တော်တို့ သင်ကြရတာမျိုး မလား - ကျွန်တော်က သင်ရိုးတွေ စည်းမျဉ်းတွေ သင်ကြားမှု နည်းစနစ် ဆိုတာတွေ မသိတော့ တွေ့တဲ့ အကြောင်းအရာ ဆွဲရေးရင် Language တစ်ခုကို သင်တာ မဟုတ်တော့ပဲ စကားစမည် ပြောသလို ဖြစ်ပြီး ဘယ်သူ့ အတွက်မှ အကျိုးမရှိမှာ စိုးမိပါတယ်။ ဒါက တစ်ပိုင်း -

အဲလိုမျိုး ဟိုလျောက်တွေး ဒီလျောက်တွေး စဉ်းစားရင်း ဘာလုပ်ပေးရင် ကောင်းမလဲ - ငါဘာလုပ်နိုင်မလဲ စဉ်းစားကြည့်မိတယ်။ တစ်ခုခုတော့ လုပ်ပေးချင်တယ်ပေါ့နော် - ကျွန်တော်ကိုယ်၌ကလည်း တကယ်တမ်း ဆရာ မလုပ်ဘူးတော့ စာနဲ့ ပတ်သတ်တာဆို တစ်ယောက်ယောက်က သိချင်တယ် ဆိုရင် ပြပေးချင်စိတ်တော့ ရှိပါရဲ့ ဒါပေမယ့် နားမလည်မှာကလည်း ကြောက်မိတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် က လောဘကြီးတတ်တယ်။ လောဘကြီး တတ်တယ် ဆိုတာ လူတစ်ယောက်က နားမလည်လို့ မေးလာရင် ကိုယ် တကယ်တမ်း နားလည်တာမျိုးဆို သူ နားမလည်မချင်းကို ပြောပေးချင်တာ - ရှင်းပေးချင်တယ် - ဒါပေမယ့် လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု စွမ်းရည်ချင်း မတူညီကြဘူး - တစ်ချို့ကျတော့ တစ်စိတ်လောက် ပြလိုက်တာနဲ့ တစ်အိတ်လောက် သိပြီး - တစ်ချို့ကျတော့ ( ၄ ) - ( ၅ ) ခါ အာပေါက်အောင် ပြောလည်း ရှေ့ပြော - နောက်မေ့ အူလည်လည်နဲ့ လုံးဝ လိုက်မမှီသလို ခေါင်းကုပ်ပြတဲ့ သူမျိုးတွေလည်း ကြုံခဲ့ဖူးတယ်။ ကိုယ်က အာပေါက်အောင် နည်းမျိုးစုံနဲ့ ဘယ်လိုပဲပြောပြော နားမလည်တဲ့ သူမျိုးဆို ကျွန်တော်က အလိုလိုနေရင်း ဒေါသထွက်လာရော - အဲတာနဲ့ ဆုံးဖြတ်လိုက်တယ် - ငါ ဘယ်တော့မှ ဆရာလုပ်လို့ မဖြစ်ဘူး ဆိုပြီး :D



ဒါပေမယ့်လည်း လိုအပ်နေတယ်ဆိုတော့ ကူညီချင်တယ် - အဲတော့ နိုင်သလောက်လေး ကူညီမယ် ဆုံးဖြတ်လိုက်တယ် - အင်္ဂလိပ်စာနဲ့ ပတ်သတ်ပြီး ကူညီမယ် စိတ်ထဲ စဉ်းစားလိုက်တော့ အရင်ဆုံး ဂိမ်းတစ်ခု သွားသတိရတယ်။ :D စာအကြောင်း မေးခါမှ ဂိမ်းဆော့ခိုင်းပြန်ပြီ ထင်ဦးမယ်။ အဲလို မဟုတ်ပါဘူး - ကျွန်တော်လည်း လောလောဆယ် စာဖတ်လိုက် အဲ့ဂိမ်းဆော့လိုက် လုပ်နေတာပါ။ ဘယ် ဂိမ်းတွေ ဘယ်လောက်ကောင်းမှန်း ကျွန်တော် သေသေချာချာ မသိပေမယ့် ဒီ ဂိမ်းလေးကတော့ တကယ်ကို ကောင်းပါတယ်ဗျာ -

ပြောရရင် ဂိမ်းဆော့ရင်းနဲ့ အလှူလုပ်နေတာမျိုးဗျ - ဆော့ရတာက အွန်လိုင်းဂိမ်း - ဂိမ်းဆော့ရင်း တစ်ဖက် ကိုယ့်အတွက်လည်း ပညာရသလို - တစ်ခြားသူတွေကို အလှူပြုသလို ဖြစ်တယ်။ ပြောရရင် တစ်ချက်ခုတ် သုံးချက်ပြတ်ပေ့ါ - အပျင်းလည်းပြေ - ပညာလည်းရ - ကုသိုလ်လည်းယူ -

ဂိမ်းနာမည်ကတော့ Free Rice ပါ။ သူက အောက်မှာ ဖော်ပြထားသလို တူရာ အင်္ဂလိပ်စကားလုံးလေးတွေ ရွေးပေးပြီး - ကိုယ် က သူဖော်ပြထားတဲ့ စကားလုံးကို အဓိပ္ပါယ်တူတဲ့ တစ်ခြား စကားလုံးတစ်လုံး ရွေးပေးရပါတယ်။ တစ်လုံးမှန်တာနဲ့ ဆန်စေ့ ၁၀ စေ့ကို United Nations World Food Program ကို ကိုယ့်အစား လှူဒါန်းပေးပါတယ်။ ကမ္ဘာပေါ်က ငတ်မွတ်ခေါင်းပါးတဲ့ဘေး ခံစားနေရတဲ့ နိုင်ငံ တွေ အတွက်ပေါ့ -


တစ်လုံးမှန်မှ ဆန် ၁၀ စေ့ ဆိုတော့ နည်းလိုက်တာလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ပါ - စကားလုံး တစ်လုံးကို နောက်ဘယ်စာလုံးနဲ့ တူလဲ ဆိုတာ ရှာရတာ တကယ်တမ်း နားလည်တဲ့ သူဆို ၁ စက္ကန့် ၂ စက္ကန့်ပါပဲ - ဒါတင်မက တကယ်တမ်း နိှုင်းယှဉ်ကြည့်ရင် ကိုယ် ဒီလို တစ်လုံးမှန်လို့ ဆန် ၁၀ စေ့ရနေချိန်မှာ တစ်ခြား ကမ္ဘာနဲ့ အဝှမ်းက ကိုယ်နဲ့ အတူ ဆော့နေတဲ့ သူတွေလည်း ဆန် ၁၀ စေ့ - ၁၀ စေ့ နဲ့ ရနေကြမှာပါ - ဒီတော့ အားလုံးပေါင်းလိုက်ရင် ၁ စက္ကန့် - ၂ စက္ကန့်ကို ဆန် ၁၀ စေ့ ကိုယ့်အိတ်ထဲက တစ်ပြားမှ စိုက်စရာ မလိုပဲနဲ့ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းလည်းရ သူများကိုလည်း လှူပြီး ဖြစ် ဘယ်လောက်များ ကောင်းလိုက်လဲဗျာ - Farmville တို့ Mafia တို့တောင် တစ်နေ့ လေး - ငါးနာရီ ပေးဆော့ နေကြတာ ငတ်မွတ်ခေါင်းပါးသူတွေကို ကူညီဖို့ တစ်နေ့ကို တစ်နာရီလေးပဲ ဆော့ပါဦး - ကိုယ့် language လည်း တိုးတက် - တစ်ဖက်သားကို လှူဒါန်းပြီးသားလည်း ဖြစ် ဘယ်လောက်များ ကောင်းလိုက်ပါသလဲ - Free Rice က ဒီနည်းနဲ့ သန်းနဲ့ချီပြီး ငတ်မွတ်ခေါင်းပါးနေသူတွေကို ကူညီနေခဲ့တာ October 2007 တည်းက ဖြစ်ပါတယ်။

စကားလုံး တစ်လုံးမှန်ရင် ဆန် ၁၀ စေ့နဲ့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဆန်စေ့လေးတွေ များလာလိုက်တာ ဆော့နေရင်းနဲ့ ကိုယ် စာလုံး တစ်လုံးမှန်ရင်လည်း ပျော်ရသလို ဆန်စေ့လေးတွေ များလာတာ ကြည့်ပြီး ငါ သူများအတွက် လှူနေဖြစ်ပါလား ဆိုတဲ့ ကုသိုလ်စိတ်လေးကလည်း တကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။




ဖြေတာ မမှန်လို့ မှားသွားလည်း ပြဿနာ မရှိဘူး - Game Over လည်း မရှိဘူး - ကိုယ်အချိန်ပေးနိုင်သလောက် ဆော့လို့ ရသလို ကုသိုလ်ကလည်း မပြတ်တမ်းရနေပါတယ်။ တကယ်လို့ သူအစပျိုးပေးတဲ့ စာလုံးကို ကိုယ်ဖြေတာ မမှန်ရင် သူက နောက်စာလုံးမှာ ဒီ့ထက်လွယ်တဲ့ စာလုံးလေးတွေကို ပြောင်းမေးပေးပါတယ်။ ဖြေတာမှန်ရင်တော့ စာလုံးလေးတွေက နည်းနည်းလေး ပိုခက်လာပါတယ်။ တစ်ချို့က ထင်ကြလိမ့်မယ်။ ဒါက အွန်လိုင်းမှာ တွေ့နေကျ လှည့်ကွက်ကြီးပါကွာ - ညာခိုင်းနေတာပါလို့ - တကယ်တော့ မဟုတ်ပါဘူး - Free Rice ရဲ့ စွမ်းဆောင်ချက်ကြောင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ လူ လေးသန်း ကျော်ကို အစာရေဆာ ငတ်မွတ်မှုကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီ ဂိမ်းလေးကလည်း နာမည်ကြီးလာလိုက်တာ တစ်နေ့ တစ်နေ့ကို ဆော့တဲ့ Players ပေါင်း 40,000 ကျော်ထိလည်း ရှိလာပါပြီ။ ဒီ သီတင်းက ကျွန်တော် လက်တမ်းပြောနေတာ မဟုတ်ပါဘူး - ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီနေရာမှာလည်း ဒီဂိမ်းလေးကနေ Pakistan ဒုက္ခသည်တွေကို ကူညီခဲ့တာ ဖတ်ရှုနိုင်ပါတယ်။ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အွန်လိုင်း ဂိမ်းလေးပါပဲ။

ဒီ ဂိမ်းလေးကို ဆော့မယ် ဆိုရင် Vocabulary မကြွယ်ဝသေးသူတွေ အတွက် စစချင်းမှာ အခက်အခဲ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ ဒီ အခက်ကို ပြေလည်စေဖို့ ကျွန်တော်ပေးချင်တဲ့ အကြံဉာဏ်ကတော့ Babylon ကို စက်ထဲမှာ Install လုပ်ဆောင်ထားဖို့ပါ။ တင်ပြီးသွားရင် Babylon ကို ဖွင့်ထားပြီး သူ့ မေးခွန်း စာလုံးလေးကို ဖတ်လိုက်ပါ။ ကိုယ် နားလည်သလား နားမလည်တာကိုတော့ ရမ်းသမ်း မရွေးပါနဲ့ - တကယ်လို့ နားမလည်ရင် စာလုံးပေါ် Ctrl + Right-click ပေးလိုက်ပါ။ ဒါဆို Babylon က အောက်မှာ ဖော်ပြထားသလိုမျိုး စကားလုံးတွေကို မြန်မာလို ဖော်ပြပေးပါလိမ့်မယ်။ အဲ့ဒီ့ မြန်မာ အဓိပ္ပါယ်ကို  ကိုယ် မသိတဲ့ အင်္ဂလိပ်စာလုံးနဲ့ တစ်ခါတည်း စိတ်ထဲမှာ တွဲကျက်လိုက်ပါ။ နောက် သူနဲ့ ဆင်တူတဲ့ အဓိပ္ပါယ်ကို ရှာပါ။ ကလစ်ပေးပါ - ဒါဆို စာလည်းရ - ဒါနလည်းမြောက် - ဘယ်လောက်များ ကောင်းလိုက်ပါသလဲ။

Babylon အတွက် မြန်မာစာ ဘာသာပြန်ရဖို့က ဒီ padonma-english-myanmar.bgl 4.391 MB ဆိုတာလေးကို ဒေါင်းလုပ်ချပြီး Babylon install လုပ်ဆောင်ပြီးသွားရင် Double-click ပေးဖို့လိုပါတယ်။ ဒါဆို မြန်မာဘာသာပြန် မြင်ရပါပြီ။

ကဲ ကျွန်တော်တို့ အားလုံး ပြည့်စုံပြီ။ ဂိမ်းလေးဆော့ - Language လေး သင်ရင်း - ဒါနလေး တစ်ခု ပြုကြရအောင်လားဗျာ -

KznT.

Google Scribe

Google ကတော့ သိတဲ့ အတိုင်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ Tools တစ်ခုကို ပွဲထုတ်လိုက်ပြန်ပါပြီ။ အဲတာကတော့ ကိုယ် ရိုက်မယ့်စာကို စာလုံး မဆုံးခင် ဘယ်စာလုံး ရိုက်မှာ မလား ?? ဆိုတာ Autocomplete suggestions ပေးတဲ့ Tool တစ်ခုပါပဲ - သူ့ကို  ကျွန်တော်တို့က Google Scribe လို့ ခေါ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ကျွန်တော်က This works sur လို့ စရိုက်လာတဲ့ သူကနေပြီး surprisingly well ရိုက်ချင်နေတာ မလား ဆိုပြီး စသဖြင့် အောက်ဖော်ပြပါအတိုင်း အကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဟုတ်ပဗျာ - ကျွန်တော်ကလည်း အဲဒီ့ surprisingly well ကိုပဲ ရိုက်ချင်နေတာ ဆိုရင်တော့ ကွက်တိပေါ့ sur ပဲ စရသေးတယ် surprisingly well ကို ဆုံးအောင် ရိုက်ဖို့ မလိုတော့ပဲ သူပြထားတဲ့ 1 ဆိုတဲ့ နံပါတ်လေး ကောက်နှိပ်ရင်နှိပ် - ဒါမှမဟုတ် ပထမဆုံး suggestions ဆိုရင် Enter နှိပ်ရင်နှိပ် - ဒါပါပဲ - သက်သာလိုက်တာများဗျာ :D ၁၄ လုံးရိုက်ရမှာ ခုဆို ဂဏန်း တစ်လုံးပဲ ရိုက်ရတယ် - ဘယ်လောက်များ ကောင်းလိုက်လဲ :D




ဒါတင်မက Google Scribe ကနေပြီး စာလုံး အချောသတ် ဝန်ဆောင်မှုကိုလည်း ပေးပါတယ်။ ဆိုလိုတာ ကျွန်တော်တို့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Union of Myanmar, is the largest country by geographical area in mainland Sou - လို့ ရိုက်လာခဲ့ပြီး စာလုံး အဆုံးသတ်တော့မယ်ဆို သူက အလိုလျောက် Southeast Asia ရိုက်မှာ မလားဆိုပြီး ဖော်ပြပေး သွားပါတယ်။ ကိုယ်က 7 ကို ကောက်နှိပ်လိုက်ယုံပါပဲ :D သူတို့ ကြိုးစားထားတဲ့ ဒီ လုပ်ဆောင်မှု နဲ့ ပတ်သတ်ပြီး ဘယ်လို အသုံးပြုနိုင်တယ် ဆိုတာ Google ကနေ ဒီနေရာမှာ ရှင်းပြပေးထားပါတယ်။



Google Scribe ရဲ့ ကောင်းတာလေး တစ်ချက်က ကျွန်တော်တို့ လုပ်ငန်းပိုင်း ဆိုင်ရာ - ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီ - သူငယ်ချင်း တစ်ယောက်ယောက်ဆီ စသဖြင့် အင်္ဂလိပ်လို စာရိုက်ပြီး Mail ပို့လိုတဲ့ အချိန်မှာ  Google Scribe Bookmarklet ကို Browser ရဲ့ Bookmarks Toolbar မှာ ဆွဲတင်ထားလိုက်တာနဲ့ Gmail မှာရော - Blogger မှာရော နောက် တစ်ခြား စာရိုက်လို့ ရတဲ့ Web page တွေမှာပါ Autocomplete suggestions ကို အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ အောက်မှာတော့ ချစ်ချစ်ဆီ Google Scribe ရဲ့ Autocomplete suggestions နဲ့စာ အစမ်းရိုက်ပြထားတာ :)


လောလောဆယ် အခြေအနေမှာတော့ Google Scribe က English လိုပဲ သုံးလို့ ရပါသေးတယ် :( မြန်မာလိုလေးများ autocomplete suggestions ရလိုက်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော် :D အခြား ဘာသာစကား ကျွမ်းကျင်သူတွေ ဥပမာ ကုလား - အစ္စလာမ် - ဟိန္ဒူ - မူဆလင် စသဖြင့် :D တွေ အတွက်တော့ များမကြာခင်မှာ Google ကနေ တစ်ခြား languages တွေ ပေါင်းထည့်ပေးသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

Google Instant

ဒီနေ့ ညနေပိုင်း အားလို့ အင်တာနက်ထဲ စာလိုက်ဖတ်ရင်း Google ရဲ့ ပြောင်းလဲသွားတဲ့ အကြောင်းအရာ တစ်ချို့ တွေ့ခဲ့ရပြန်ပါတယ်။ အသစ်တွေ့ရင် ဝေမျှချင်တဲ့ စိတ်က ရှိနေတော့ ဒီအကြောင်းလေးကို မိသားစုဆီလာပြီး ဖောက်သည် ချလိုက်ပါတယ်။ အဲတာကတော့ Google  Instant အကြောင်းလေးပါ။ Google Instant ဆိုတာ ပုံမှန် လမ်းရိုးအတိုင်း သွားနေတဲ့ Google Search ကို လမ်းသစ်တစ်ခု ဆီ ပြောင်းလဲ မောင်းတင်လိုက်တဲ့ New search enhancement တစ်ခုပါပဲ။ ဘယ်လို ပြောင်းလဲ သွားလဲ ဆိုရင် အရင်က ကျွန်တော်တို့တွေ Google Search Box ကနေ တစ်ခုခုကို ရှာဖွေချင်တဲ့ အခါမျိုးမှာ အရင်ဆုံး Search Box မှာ ကိုယ်ရှာချင်တဲ့ စာလုံးကိုရိုက် နောက် ပြီးရင် Enter ခေါက် ( ဒါမှမဟုတ် ) Google Search ဆိုတာကို Click ပေးပြီးမှ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို ရှာလို့ တွေ့ပါတယ်။ အောက်ဖော်ပြပါအတိုင်းပါ။





Google Instant မှာတော့ အဲလို မဟုတ်တော့ပါဘူး - သူက အရင်လို Steps နှစ်ဆင့် မခံတော့ပဲ ကိုယ် ရိုက်တဲ့ စာလုံးကို လိုက်ပြီး Search Results ကိုပါ တစ်ခါတည်း ဖော်ပြပေးသွားမှာမျိုးပါ။ ဆိုလိုတာ Search Box မှာ စာလုံးရိုက်လိုက်တာနဲ့ သူကနေ Search Results တွေ ဖော်ပြတဲ့ Page ကို တစ်ခါတည်း ခေါ်သွားပြီး ကိုယ့် Search queries ဆုံးတဲ့ အချိန်မှာ ကိုယ် ရှာချင်တဲ့ အကြောင်းအရာကို Enter ခေါက်စရာ မလိုပဲ အောက်ဖော်ပြပါ အတိုင်း ထိပ်ဆုံးမှာ တစ်ခါတည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါတင်မက ကိုယ်တစ်လုံးရိုက်ရင် ရိုက်တဲ့ အတိုင်း ပြောင်းလဲသွားမယ့် Search Results တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း မြင်တွေ့ သွားရမှာ ဖြစ်ပါတယ်။



မှန်ပါတယ် - Google Instant ဟာ အရမ်းကို မြန်ပါတယ်။ အရမ်းကို သပ်ရပ် တိကျပါတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ဘယ်လို မေးခွန်းထုတ်ရမလဲ ဆိုတာ အများကြီး စဉ်းစားဖို့ မလိုတဲ့ အပြင် ကိုယ်မေးမြန်းတဲ့ အကြောင်းအရာပေါ် မူတည်ပြီး  Autocomplete suggestions လုပ်ပေးထားလို့ ကိုယ်မေးချင်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီနေရင် မေးချင်တဲ့ အကြောင်းအရာကို ဆုံးအောင် ရိုက်စရာ မလိုပဲ တန်းပြီး Click ပေးလိုက်ယုံပါပဲ။



Google Instant က ဘာတွေ ထူးခြားသွားသလဲ ??

Faster Searches: ကိုယ် ရှာဖွေချင်တဲ့ အကြောင်းအရာကို Typing မဆုံးခင်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း မြင်တွေ့နေရလို့ အကြောင်းအရာ တစ်ခုကို ရှာဖွေတိုင်း ရှာဖွေတိုင်း 2-5 seconds ကြား တန်ဖိုးရှိတဲ့ အချိန်တွေကို ချွေတာရာ ရောက်ပါတယ်။

Smarter Predictions: အကြောင်းအရာ တစ်ခုကို သိချင်တယ် - ဒါပေမယ့် ဘယ်လိုမေးရမှန်း မသိ ဖြစ်နေတယ် ဆိုရင်တောင် ကိုယ် ရှာဖွေချင်တဲ့ အကြောင်းအရာကို စတင်ရိုက်သွင်း ရှာဖွေချိန်မှာ သူဖော်ပြလာတဲ့ အကြံပြုချက် ( autocomplete suggestions ) ကို လိုက်ပြီး ကိုယ် သိချင်တဲ့ အကြောင်း အရာနဲ့ ကိုက်ညီနေရင် ဆွဲယူအသုံးပြုနိုင်လို့ လိုလားချက်ကို အချိန်အနည်းငယ် အတွင်း ပြည့်စုံစေပါတယ်။

Instant Results: စာလုံး စရိုက်တာနဲ့ ဘယ် Results ရမယ် ဆိုတာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကိုယ့် မျက်စိရှေ့မှာ သိရှိနိုင်လို့ လိုလားချက်နဲ့ သာ ကိုက်ညီရင် စမ်းတဝါးဝါး ရိုက်ရှာစရာ မလိုတော့ပဲ အဖြေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ပါတယ်။

Google Instant ကို On ထားတဲ့ သူတစ်ယောက်ရဲ့ ရှာဖွေချိန် နဲ့ Google Instant ကို Off ထားတဲ့ သူတစ်ယောက်ရဲ့ ရှာဖွေချိန် နှစ်ခုမှာ ဘယ်သူက ပိုပြီး Result ကို မြန်မြန်ဆန်ဆန် ရရှိနိုင်မယ် ဆိုတာ အောက်ဖော်ပြပါ Graph ကို လေ့လာ ကြည့်နိုင်ပါတယ်။



Google Instant ကို Chrome, Firefox, Safari နဲ့ Internet Explorer 8 တွေမှာ အသုံးပြုနိုင်ပြီး သူ့ကို အသုံးပြုချင်တယ် ဆိုရင် ကိုယ့်ရဲ့ Google Account ထဲကို Sign in ဝင်ထားဖို့ လိုပါတယ်။


အဲလို ဝင်ထားပြီး အကြောင်းအရာ တစ်ခုခုကို Google Search Box မှာ စတင်ရှာဖြွေပီ ဆိုတာနဲ့ Google Instant ကနေ ခုလို စတင်ကြိုဆိုပါလိမ့်မယ်။


Google Instant အကြောင်းကို ကျွန်တော် က ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော သဘောမကျနိုင်သူတွေ အတွက် ကိုယ့် Google Account ထဲကို Sign in ဝင်ထားပြီး ဒီနေရာကို သွားပါ။ စာမျက်နှာရဲ့ အောက်ဆုံးနားမှာရှိတဲ့ Google Instant ကို သွားပြီး အောက်ဖော်ပြပါအတိုင်း ရွေးချယ်ပေးပြီး Save Preferences ကို ပေးပါ။


Google Instant အကြောင်းကို ဒီ့ထက်ပိုပြီး အကျယ် လေ့လာလိုသူတွေ အတွက် ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။ လတ်တလော အခြေအနေမှာ ကျွန်တော်  Google Instant  အကြောင်းကို မိတ်ဆက်ပေးလိုက်ပေမယ့် တကယ်လက်တွေ့ စမ်းသပ်ကြည့်လို့ ကျွန်တော် ပြောသလို ဖြစ်မလာခဲ့ရင် ခဏ စောင့်လိုက်ပါ။ မကြာခင် ရက်ပိုင်းအတွင်းမှာ Google ကနေပြီး လူတိုင်းအတွက် အသုံးပြုနိုင်အောင် ဖန်တီးပေးသွားပါလိမ့်မယ်။

ဒါကတော့ Google Instant အကြောင်း ရှင်းလင်းချက် တစ်ချို့ပါ။


ဒါကတော့ Google Instant ကို စမ်းသပ် သုံးစွဲသူ Users တွေရဲ့ ထင်မြင်ချက်လေးတွေပါ။


KznT.

Related Posts