Simplest Way To Regain Gmail Storage Space

ဒီအကြောင်းက အရင် ဖိုရမ်မှာရေးခဲ့ဖူးတဲ့ Did u need extra space in Gmail ??  နဲ့ ဆက်စပ်နေပါတယ် - မိသားစုဝင် တော်တော်များများက Gmail အသုံးများကြတာမို့လို့ ဒါကိုပဲ အလေးထားပြီး ရေးဖြစ်တာပါ - Gmail acc တစ်ခုတည်းကိုပဲ အရောရော အနှောနှော သုံးလေ့ရှိတဲ့သူ - သူငယ်ချင်း အပေါင်းအသင်းများတဲ့သူ - ဝင်ဖြစ်တဲ့ Websites တိုင်းမျာ acc လုပ်ရင် တစ်ခုတည်းသော Gmail ကိုသာ အမြဲပေးလေ့ရှိသူ - စာဝင်စာထွက် ပုံမှန် စစ်ဆေးလေ့ မရှိသူ - ဝင်သမျှစာကို ပုံမှန် စစ်ဆေး ဖျက်ဆီးလေ့ မရှိသူတွေ ဆိုတာ Gmail ကနေ ပေးထားတဲ့ Storage limit ကျော်အောင် သုံးနိုင်မယ့် သူတွေပါပဲ - 



Photo from ebooksmith.com

ဖော်ပြခဲ့တဲ့ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်နေလို့ ကိုယ်သုံးနေတဲ့ Gmail acc ရဲ့ Mail box ထဲမှာ ရှိနေတဲ့ စာတွေက storage limit ကို ကျော်လွန်ပြီး နောက်ထပ် ကိုယ့်ဆီရောက်လာမယ့် စာတွေက မလာတော့ဘူး - ကိုယ့်ဆီ တစ်ယောက်ယောက် က စာတစ်စောင် ပို့လိုက်ရင် ကိုယ့်ဆီ မရောက်ပဲ ပို့တဲ့ သူဆီပဲ ပြန်ပို့ခံရနေပြီ - စသဖြင့် အရေးပေါ် အခြေအနေ တစ်ခုမှာ ကိုယ့်ဆီ နောက်ထပ် ရောက်လာမယ့် စာတွေကို လက်ခံနိုင်ဖို့ အသုံးလိုတဲ့ စာတွေရော မလိုတာတွေရော ပြည့်နှက်နေတဲ့ ဒီ Mail box ထဲက စာတွေကို တစ်ခုချင်းစီ လိုက်စစ်ပြီး ဖျက်ထုတ်ပစ်ဖို့ကျတော့လည်း အချိန်က မပေးနိုင်တော့ဘူး - ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ ?? 



Google က ပြောထားသလို Gmail Inbox အတွက် Extra storage space ထပ်ဝယ်ချင်ပါသလား - Google က Offer ထားတဲ့ တန်ဖိုးက သူပေးထားတဲ့ ဝန်ဆောင်မှုနဲ့ဆို တန်ဖိုး သိပ်မကြီးလှပေမယ့် ငွေကြေးတန်ဖိုး စီစစ်သုံးစွဲ ချင်သူတွေ အတွက် ကျော်လွန်သွားတဲ့ ကိုယ့် Gmail ရဲ့ storage space ကို တစ်ခြားနည်းလမ်း တစ်ခုနဲ့လည်း အလျင်မြန်ဆုံး ပြန်လည် ရယူ နိုင်ပါသေးတယ် - အဲတာကတော့ ကိုယ့် Mail box ထဲက ပမာဏ အများဆုံး ( ဝါ ) attachments အကြီးဆုံး ပါတဲ့ Mails တွေကို စီစစ်ရွေးထုတ်ပြီး ဖျက်ထုတ်ပစ်တဲ့ လုပ်ငန်းစဉ်ပါ -


ဖော်ပြပါ နည်းလမ်းက အပြောလွယ်ပေမယ့် Gmail acc ထဲဝင်ပြီး ထောင်သောင်းချီနေတဲ့ Mails တွေရဲ့ ကြားမှာ စာတစ်စောင်ချင်းစီ ဘယ်ကောင်က ပမာဏ အများဆုံး ( ဝါ ) attachments အကြီးဆုံး ဖြစ်မလဲ ဆိုတာ ရှာဖွေဖို့ ကျတော့ ခက်ပါတယ် - နောက်တစ်ခု ရှိသေးတာက Gmail မှာ ကိုယ့်ဆီရောက်လာတဲ့ Email messages တွေကို အရွယ်အစားကိုလိုက် ပြီး ကြီးစဉ်ငယ်လိုက် စဉ်ပေးနိုင်တဲ့ feature မျိုး မရှိသေးပါဘူး - တကယ်လို့ အဲလို အရွယ်အစားလိုက် စီချင်တယ် ဆိုရင် Gmail ထဲမှာ မဟုတ်တဲ့ တစ်ခြား Email clients မျိုးတွေနဲ့ လုပ်ဆောင်လို့တော့ ရပါတယ်  - ဒါပေမယ့် ဖော်ပြပါ လုပ်ဆောင်နည်းမျိုးက အဆင့်လည်း များသလို Email clients တွေနဲ့ ပတ်သတ်ပြီး သုံးလေ့သုံးထ မရှိသူတစ်ယောက်အတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ - အဲ့လို ကိုယ်ကိုယ်တိုင် လုပ်ဆောင်ဖို့ ခက်ခဲကြန့်ကြာမယ့် အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ ကိုယ်စား လုပ်ဆောင်ပေးမယ် ဝန်ဆောင်မှု တစ်ရပ် ခုချိန်မှာ ရှိနေပါပြီ -




Gmail Messages များအား အရွယ်အစားလိုက် ခန့်ခွဲခြင်း

ဘယ်နည်းတွေ ဘယ်လောက် ခက်ခက် - ဦးနှောက်ခြောက် ခေါင်းစားစရာ မလိုပဲ အားလုံးထက် လွယ်ကူ လျင်မြန်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ် - အဲတာကတော့ Download လည်း ချစရာမလို - Install လည်း လုပ်ဆောင်ဖို့ မလိုတဲ့  Findbigmail ကို အသုံးပြုဖို့ပါ -


ရှုပ်တီးရှုပ်ရှက် မနိုင်တဲ့ Findbigmail ဟာ လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုလည်း သူ့ Site ရဲ့ မျက်နှာစာမှာ တစ်ဆင့်ချင်း ဖော်ပြပေး ထားပါသေးတယ် - သူ့စာမျက်နှာကို သွားရင် တွေ့ရမယ့် Email address နေရာမှာ ကိုယ့်ရဲ့ Storage space ပြည့်နေတဲ့ /ပြည့်လုနီး Email address ကို ထည့်ပေးပြီး အဆင့်လိုက် ဆက်လုပ်သွားရင် သူကနေပြီး ကိုယ့် Gmail acc ထဲက ပမာဏ အကြီးဆုံး Email messages တွေကို ရှာဖွေပေးပါလိမ့်မယ် - နောက် ကိုယ့်ရဲ့ Gmail acc ထဲမှာ FindBigMail ဆိုတဲ့ Labels နဲ့ ပမာဏအများဆုံး Emails တွေကို အထက်မှာ ဖော်ပြထားတဲ့ အတိုင်း ကြီးစဉ်ငယ်လိုက် ခွဲခြားဖော်ပြပေးပါလိမ့်မယ် - အဲ့ဒီ့ သူဖော်ပြထားတဲ့ ပမာဏ အများဆုံး Emails တွေကို စစ်ဆေးပြီး ဖျက်ထုတ်ပစ်ခြင်း အားဖြင့် ကိုယ့်အတွက် အရေးတကြီး လိုနေတဲ့ Storage space ကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် -


ကိုယ့် Mail box ကို Scan ဖတ်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ကြာမြင့်ချိန်ခြင်း မတူညီနိုင်ပါဘူး - စာအရေအတွက် ပမာဏ များရင် များသလို ကြာမြင့်ချိန် ကွာခြားနိုင်ပါတယ် - အဲ့အတွက်လည်း ပူစရာ မရှိပါဘူး - သူက Scan အားလုံးပြီးလို့ Result ထွက်ရင် Mail ပို့ အကြောင်းကြားပါလိမ့်မယ် - သူပို့လာတဲ့ Mail မှာ အောက်ဖော်ပြပါ အတိုင်း ကိုယ့် Inbox ထဲက Mails အားလုံးရဲ့ အခြေအနေကိုပါ တွေ့ရှိနိုင်ပါတယ် -



ဒီ့ထက်မက အသေးစိတ်ချင်လို့ရှိရင် Google ကနေ အတည်ပြုထားတဲ့ Advanced search operators တွေနဲ့ ကိုယ့်အတွက် အသုံးမလိုဆုံး Emails တွေကိုလည်း ရှာဖွေနိုင်ပါသေးတယ် - ဒီအကြောင်းကိုတော့ Did u need extra space in Gmail ?? မှာ အထိုက်လျောက် ဖော်ပြခဲ့ပြီးပြီမို့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး -


နောက်တစ်ခု ရှိသေးတာက Security ပိုင်းကို အလေးထားသူတွေ အတွက် Findbigmail ဟာ Grant access ပေးရတယ် ဆိုပေမယ့် Big Mail ဟာ IMAP ကနေ တစ်ဆင့် Gmail account ထဲက Emails အားလုံးရဲ့ အကြောင်းအရာ အပြည့်အစုံကို ယူငင် စစ်ဆေးတာမျိုး မဟုတ်ပဲ Sizes တစ်ခုကိုပဲ စစ်ဆေးတာမျိုးမို့လို့ Security ပိုင်းဆိုင်ရာမှာ အားသာချက် ရှိတယ်လို့ ဆိုနိုင်ပါတယ် - ဒါ့ကြောင့် Gmail မှာ အရေးပေါ် Storage space လိုသူများ အသုံးပြုနိုင်စေဖို့ လက်ဆင့်ကမ်း လိုက်ပါတယ် -


မိသားစု အားလုံး လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -



KznT.

Alternative DNS Servers You Should use

တစ်နေ့နဲ့ တစ်နေ့ အားလပ်တဲ့ အချိန်လေး အင်တာနက်ထဲဝင်ပြီး Websites တွေ ဖတ်ဖြစ်တဲ့ အခါ - ဟိုကြည့်ဒီကြည့် ကြည့်တဲ့ အခါ အမြဲတမ်းလိုလို နှေးကွေးလေးလံနေတဲ့ Connection နဲ့ နှစ်ပါးသွားနေရတယ်လို့များ ထင်နေပါသလား - ဒါမှမဟုတ် Browser ကနေ URL ရိုက်ပြီး သွားတဲ့ အချိန် သွားချင်တဲ့ နေရာရောက်ဖို့ တော်တော်ကြီး စောင့်နေရတယ်လို့များ ခံစားနေရပါသလား - ဒီလိုဖြစ်တာဟာ Connection မကောင်းတာ တစ်ခုတည်းကြောင့်လို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး - ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ISP က ပေးထားတဲ့  DNS server ကို အောက်မှာဖော်ပြထားတဲ့ DNS sever တွေထဲက တစ်ခုမဟုတ် တစ်ခုကို ပြောင်းသုံးတာခြင်း အားဖြင့်လည်း ပြေလည်စေနိုင်ပါတယ် -



Photo from tech.701panduan.com

Default ISP DNS များအား အကောင်းဆုံး DNS Servers များအဖြစ်သို့ ပြောင်းလဲပါ

ဘာကြောင့်မို့ Default DNS ကို တစ်ခြား အကောင်းဆုံးပါဆိုတဲ့ DNS Servers တွေဆီ ပြောင်းခိုင်းရပါသလဲ ?? ဘာကြောင့်လည်းဆို ကိုယ့် ISP က သုံးတဲ့ DNS server က နှေးရင် ကိုယ့် ကွန်ပြူတာရဲ့ Browser ကနေ URL တစ်ခုကို ခေါ်ယူတဲ့ အချိန်မှာ Website ကို ဆွဲယူတဲ့ Loading time ကလည်း ပိုပြီးကြာသွားတယ် - ဒီကြားထဲ နဂိုကမှ Connection ကမှ ခနော်နီ ခနော်နဲ့ ဆိုရင် Website တစ်ခုဝင်ရဖို့ အဆိုးတကာ့ အဆိုးဆုံး အခြေအနေကို ရောက်သွား တတ်ပါတယ် - 

DNS server တွေရဲ့ လုပ်ဆောင်ချက်ကို အကြမ်းဖျဉ်းလောက် ပြောပြလို့ ရနိုင်မလား ??
DNS server တွေရဲ့ လုပ်ဆောင်ချက်နဲ့ သဘောတရား တစ်ချို့တစ်ဝက်ကို ဒီနေရာမှာ ဖော်ပြထားခဲ့ဖူး ပါတယ် - လေ့လာ ကြည့်နိုင်ပါတယ် -

Windows မှာ ဖော်ပြခဲ့တဲ့ Default DNS ကနေ တစ်ခြား DNS server တွေကို Change ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းက အောက်မှာဖော်ပြထားတဲ့ IP addresses တွေကို LAN မှာဖြည့်သွင်းပေးဖို့ပါ - အောက်မှာတော့ နမူနာ တစ်ခု ပြထားပါတယ် - သွားရမယ့် နေရာက Network Connections > Local Area Connection မှာ Right Click ပေးပြီး > Properties ကို ဝင်ရမှာပါ -




ဥပမာ အနေနဲ့ : ကိုယ့်ကွန်ပြူတာက အထက်ဖော်ပြပါ နေရာမှာ ဖြည့်သွင်းထားတဲ့ default DNS server ကို အောက်မှာ ဖော်ပြ ထားတဲ့  DNS server တွေထဲက ကြိုက်နှစ်သက်ရာကို ပြောင်းဖြည့်ပေးပြီး OK ပေးယုံပါပဲ - ( IP addresses တွေကို အောက်မှာ ဖော်ပြပေးထားပါတယ် )

Surfing Speed အား မြှင့်တင်ပေးမည့် DNS Servers များ

  • Google DNS : လွန်ခဲ့တဲ့ တစ်နှစ်လာက်က Google လည်း DNS servers လောကထဲကို ဝင်ခဲ့ပါတယ် - အကြောင်းက Google users တွေအနေနဲ့ Websites တွေကို လည်ပတ် သွားလာရာမှာ လွယ်ကူလျင်မြန်စေဖို့ အတွက် Google DNS နဲ့ ပံ့ပိုးပေးနိုင်ဖို့ ဖြစ်ပါတယ် - Google DNS ကို အသုံးပြုချင်သူများ Primary DNS မှာ IP address ကို 8.8.8.8 နဲ့ Secondary DNS မှာ 8.8.4.4 လို့ ထားရပါမယ် -
  • OpenDNS : နောက်တစ်မျိုးကတော့ OpenDNS ပါ - သူ့မှာ ကောင်းတဲ့ တစ်ချက်က သူ့ကို အသုံးပြုခြင်းအားဖြင့် အင်တာနက်ထဲက အန္တရာယ်ရှိတဲ့ Websites တွေ - နောက် ကိုယ့်အိမ်က အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ  ကြည့်ရှုဖို့ မသင့်တော်တဲ့ Adult sites တွေ အင်တာနက်ထဲ Surf လုပ်တဲ့ အချိန်ကြည့်ရှုလို့ မရအောင် သူက ကာကွယ်ပေးနိုင်ပါတယ် - ဒီအကြောင်းကိုပဲ +18 Adult sites များ Block ရအောင် ဆိုပြီး ကျွန်တော် ဖိုရမ်မှာ ဖော်ပြခဲ့ဖူး ပါတယ် - အထူးသဖြင့်တော့ ကျောင်းသုံး - ရုံးသုံး အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတွေ အတွက် အထူးသင့်တော်တဲ့ DNS server ပါ - အသုံးပြုချင်သူများ Primary DNS မှာ IP address ကို 208.67.222.222 နဲ့ Secondary DNS မှာ 208.67.220.220 လို့ ထားရပါမယ် -
  • Advantage DNS : Advantage DNS ကလည်း UltraDNS Directory Services Platform ကိုသုံးပြီး တောင်းဆိုသမျှ DNS requests တွေကို အလျင်မြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးပါတယ် - အသုံးပြုချင်သူများ Primary DNS မှာ IP address ကို 156.154.70.1 နဲ့ Secondary DNS မှာ 156.154.71.1 လို့ ထားရပါမယ် -
  • ScrubIT : နောက်ဆုံး ရွေးချယ်ဖို့ ကျန်တာကတော့ ScrubIT ပါ - သူကလည်း အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတဲ့ Websites တွေကို access လုပ်လို့ မရအောင် တားဆီးပေးပါတယ် - အသုံးပြုချင်သူများ Primary DNS မှာ IP address ကို 67.138.54.100 နဲ့ Secondary DNS မှာ 207.225.209.66 လို့ ထားရပါမယ် -

စမ်းသပ်ကြည့်ပါ - ထူးခြားချက်လေးတွေ နောက်ထပ် ကောင်းတာလေးတွေရှိရင်လည်း မိသားစုဝင်ချင်းချင်း လက်တို့လိုက်ကြ ပါဦး -

KznT.

Free Online HTML Editors With Instant Previews

ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ အင်တာနက်ထဲ သွားလာလည်ပတ်နေတဲ့ Web pages တွေကို HTML ( HyperText Markup Language ) လို့ ခေါ်တဲ့ Programming language နဲ့ ရေးသားထားပါတယ် - ဒီ HTML လို့ ခေါ်တဲ့  Programming language ဟာ Web စာမျက်နှာမှာ ပါဝင်တဲ့ အချက်အလက် အကြောင်းအရာတွေကို  ဘယ်လို ပုံစံချပြီး ဖော်ပြမယ်ဆိုတာ Browsers ကို ညွှန်ကြားတဲ့ လုပ်ငန်းဆောင်တာကို လုပ်ဆောင်ပါတယ် - နောက်တစ်မျိုး ပြောရမယ်ဆိုရင် HTML ကို Web ရဲ့ အခြေခံ အဆောက်အအုံ လို့လည်း ပြောလို့ရပါတယ် - ဟိုးတစ်ချိန်တုန်းက ဒီ HTML ဆိုတဲ့ အခြေခံ အဆောက်အအုံဟာ ရှုပ်ရှုပ်ထွေးထွေ သိပ်မရှိလှပါဘူး - အားလုံး ခပ်ရိုးရိုးတွေနဲ့ချည်း တန်ဆာဆင်ထားတာပါ - ဥပမာ - စာသားတွေကို ဘယ်လို ဖော်ပြမယ် - Links တွေ ဘယ်လိုချိတ်ဆက်မယ် - ပုံတွေ ဘယ်လိုဖြည့်သွင်းမယ် - အဲ့လောက်ပဲ ရှိခဲ့ပါသေးတယ် -



ခုမျက်မှောက်ခေတ်မှာတော့ - Web ရဲ့ တည်ဆောက်ပုံက Links တွေချိတ်ဆက်ယုံ - စာသားတွေ ဖော်ပြယုံ - ရုပ်ပုံတွေ ထည့်သွင်းယုံလောက် အဆင့် မကတော့ဘူး - ကျွန်တော်တို့တွေ မျှော်လင့်လာကြတာ ဒီ Web ပေါ်မှာပဲ Online games ( ဥပမာ Chess ) တွေဆော့တဲ့အခါ - ဒီ စာမျက်နှာပေါ်မှာပဲ ရှိနေတဲ့ Map တစ်ခုပေါ်မှာ ဟိုဟိုဒီဒီ လှုပ်ရှားသွားလာချင်တဲ့ အခါ ( ဥပမာ Google Maps ) Web page တစ်ခုလုံးကို Reload ပြန်လုပ်စရာမလိုပဲ ရွှေ့ပြောင်း သွားလာချင်လာတယ် - လှုပ်ရှား ဆော့ကစား ချင်လာတယ် - ကျွန်တော်တို့ လိုချင်တဲ့ စွမ်းဆောင်ရည်ကို Static web pages တွေက မစွမ်းဆောင်နိုင်ပါဘူး - ဒီလို လုပ်ဆောင်နိုင်ဖို့ဆို အရင်တုန်းက တည်ရှိခဲ့တဲ့ Static web pages ကနေ Dynamic web pages ကို ကူးပြောင်းဖို့ လိုလာပါတယ် - ဒီလို Dynamic web pages တစ်ခု အဖြစ် ကူးပြောင်းနိုင်ဖို့ အရင် Static web pages မှာ သုံးခဲ့တဲ့ Language နေရာမှာ အားဖြည့်ဖို့ နောက်ထပ် Scripting language တစ်ခု ထပ်ပေါ်လာရတယ် - အဲ့တာကတော့ JavaScript ပါ - JavaScript ဆိုတာ ပေါ်လာတော့ အရင် Static web pages တွေကနေ ကျွန်တော်တို့ လိုချင်တဲ့ Dynamic web pages တွေ အဖြစ် စပြီး အသက်ဝင်လာတယ် - ဒါတင်မက JavaScript ကြောင့် မျက်မှောက်ခေတ် အဓိက လူသုံးများတဲ့ Web browsers တွေမှာဆိုရင် Web pages တွေက Real-time interactions လို့ ခေါ်တဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း အပြန်အလှန် အကျိုး သက်ရောက်မှုတွေ ရရှိလာပါတယ် -  ဥပမာ ဆိုကြပါစို့ - Online form တစ်ခုကို ကျွန်တော်တို့တွေ Web browsers ထဲမှာ ဖြည့်ကြတယ် - အားလုံးဖြည့်ပြီး “Submit” button ကို နှိပ်လိုက်တာနဲ့ တစ်ပြိုင်တည်းမှာ Web page ကနေ JavaScript ကိုသုံးပြီး ကိုယ့်ဖြည့်လိုက်တဲ့ form ကို စစ်ဆေး - နောက် အဲ့ဒီ့ form မှာ ကိုယ် ဘာတွေမှားလဲ ဘာတွေကျန်ခဲ့လဲ ဆိုတာ တစ်ချိန်တည်း ဖော်ပြ Result ထုတ်ပေးနိုင်တဲ့ အဆင့်ထိ အကျိုးကျေးဇူးတွေ ရလာပါတယ် -


ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ သိထားတဲ့ Dynamic web ဆိုတာဟာ web applications တွေ ဖြစ်တဲ့ Gmail - Google Maps - နောက် Outlook Web App ( OWA ) ဆိုတာတွေမှာ ပထမဆုံး စသုံးခဲ့တဲ့ XHR ( XMLHttpRequest ) ကနေစခဲ့တာပါ - XMLHttpRequest (XHR) ဆိုတာ API တစ်ခုဖြစ်ပြီး JavaScript လိုမျိုးပဲ web browser မှာသုံးကြတဲ့ scripting languages တွေထဲက တစ်ခုဖြစ်ပါတယ် - ဒီ XHR ကြောင့် Web page တစ်ခုပေါ်မှာ ရှိနေတဲ့ Game - Map - Video စတဲ့ အစိတ်အပိုင်း အသီးသီးတွေ တစ်ခုချင်းစီ အပြောင်းအလဲ ဖြစ်တဲ့ အခါမှာ Page ကြီးတစ်ခုလုံး နောက်တစ်ကြိမ် Reload ပြန်လုပ်စရာ မလိုပဲ ရပ်တည်လာနိုင်စေပါတယ် - နောက်ဆုံး ရလာဒ်ကတော့ Web apps တွေ အသုံးပြုတ့ဲ အချိန်မှာ အရင်တုန်းကထက် ပိုမြန်ဆန်လာတယ် - ပိုကောင်းလာတယ် ဆိုတဲ့ သဘောမျိုးပေါ့ -


ဖော်ပြခဲ့တဲ့ အဆင့်လိုက် တိုးတက်ပြောင်းလဲမှုတွေနဲ့ အတူ Web pages တွေမှာ နောက်ထပ် ပြောင်းလဲလာတာ တစ်ခုက ခံစားမှုတွေ အသက်ဝင်နိုင်စေမယ့် တန်ဆာဆင်မှု အပိုင်းပါ - ဒါကို စာစကားနဲ့ ပြောရင် CSS (Cascading Style Sheets) ကို အသုံးချတယ်လို့ ခေါ်ပါတယ် - CSS က ကျွန်တော်တို့ နေ့တိုင်းကြည့်နေတဲ့ Web pages တွေကို အများသူငါ ကြည့်ရှုတဲ့ အချိန်မှာ ရင်သတ်ရှုမောဖြစ်အောင် ဘယ်လို ပုံစံချမလဲ - အလှအပတွေ ဘယ်လိုပေါင်းစပ် ဖန်တီးမလဲ ဆိုတာ programmers တွေကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ် -


ဒီလို JavaScript, XHR, CSS နဲ့ တစ်ခြား Web technologies တွေ ပေါင်းစည်းတည်ဆောက်ထားတာကိုပဲ Web programmers တွေက AJAX (Asynchronous JavaScript and XML) ဆိုပြီး ညွှန်းဆိုကြပါသေးတယ် -  ဒါ့ကြောင့်  Web programmers တစ်ယောက် ဖြစ်ချင်တဲ့ သူဟာ  JavaScript တစ်ခုတည်း တတ်ကျွမ်းလို့ မရသလို CSS တစ်ခုတည်း ပိုင်လို့လည်း မရပါဘူး - အားလုံးကို နားလည်ထားဖို့ လိုသလို - ဆက်စပ်အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ် - 

ဒီအကြောင်းအရာက Web Design ပိုင်းကို အားသန်ကြတဲ့ လေ့လာလိုသူ လူငယ်တွေ ဗဟုသုတဖြစ်အောင် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ပြန်လည်ဖော်ပြပေးတာပါ - လူငယ်တော်တော်များများ Web Design ပိုင်းကို အားသန်ကြတယ် - ဒါပေမယ့် တော်တော်များများက ဘာကိုစပြီး လေ့လာရမှန်း မသိဘူး - တစ်ချို့က သူများ Programming ဆိုတာနဲ့ လိုက် Programming ကြတယ် - သူများ Java ဆိုရင် ကိုယ်လည်းလိုက် Java ကြတယ် - ဒါပေမယ့် ကိုယ်သင်နေတာတွေက ဘယ်နေရာမှာ ဘာအသုံးဝင်မှန်းကျတော့ သေသေချာချာ ဂဃနဏ မလေ့လာကြဘူး - ဒါကျွန်တော်တို့ မြန်မာလူငယ်တွေ အားနည်းချက်ပါပဲ - ကိုယ်ဝါသနာပါတဲ့ အရာကို ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်းဖို့ဆိုရင် ကိုယ်လေ့လာတဲ့ အရာက ဘာလုပ်လို့ ရမယ် ဆိုတာရယ် - အဲလိုဖြစ်အောင်လုပ်ဖို့ ဘာတွေမဖြစ်မနေ တတ်ဖို့လိုမယ် ဆိုတာရယ် တိတိကျကျ သိထားဖို့ လိုကိုလိုပါတယ် - ကျွန်တော်ကတော့ Web programmer လည်း မဟုတ်ဘူး -  ကိုယ်လှုပ်ရှားနေတဲ့ နယ်ပယ် မဟုတ်တော့ အများကြီးလည်း သိပ်မသိဘူး - ဒါပေမယ့် ရံဖန်ရံခါ စိတ်ရူးပေါက်ရင် ဟိုလိုက်စမ်း ဒီလိုက်စမ်း စမ်းတယ် - Blog လည်း ရေးတာရှိတော့ HTML - CSS က အခြေခံလောက်တော့ သိထားသင့်တယ် ဆိုပြီး နိုင်သလောက်လေး လေ့လာဖြစ်တာတော့ ရှိတယ် - ဒီလိုသိထားတော့ ကိုယ့် Blog လေး အမြင်လှအောင် ဟိုပြင်ဒီပြင် ပြင်တဲ့ အခါ - ဟိုပေါင်းဒီပေါင်း ပေါင်းတဲ့ အခါ - ဟိုဖြုတ်ဒီတပ် လုပ်တဲ့ အခါ ပိုအဆင်ပြေတာပေါ့ -

အခုလည်း အဲလိုနဲ့ စာလိုက်ဖတ်ရင်း ဟိုတစ်နေ့က Online html editors နဲ့ ပတ်သတ်တဲ့ tools တွေ သွားတွေ့မိတယ် - အရင်သုံးနေကျ html editors တွေထက် ဒီကောင်က realtime previews မို့လို့ ကျွန်တော်ကတော့ ပိုသဘောကျမိတယ် - လေ့လာလိုသူတွေ သိရှိနိုင်အောင် ဒီအောက်မှာ ဖော်ပြပေးလိုက်ပါတယ် - သူတို့တွေကတော့ -

HTML Instant


သူက အပေါ်မှာ ပြောခဲ့တဲ့ Realtime HTML editor ဆိုတာပါ - HTML ကို လေ့လာလိုသူတွေ web developer တွေအတွက်  အသုံးတည့်ပါတယ် - Web page တစ်ခုလုံး ဖြစ်ဖြစ် - Code လေးနည်းနည်းပါပါး ဖြစ်ဖြစ် စိတ်ရိုက် Edit လုပ်ပြီး ထွက်လာမယ့် Result ကိုတိုက်ရိုက်ကြည့်လို့ ရပါတယ် -

Online HTML Editor


သူကလည်း အပေါ်မှာ ဖော်ပြခဲ့တဲ့ HTML editor တစ်မျိုးပါပဲ - နောက်ပြီး သူ့မှာ WYSWYG editor ပါလို့ Format လုပ်တဲ့ နေရာမှာ အလွယ်တကူနဲ့ ပြင်ဆင်တည်းဖြတ်နိုင်ပါတယ် -

HTMLEdit


သူကတော့ HTML editor ထဲမှာ တော်တော်လေး အမြင်ရိုးတယ် ဆိုရမယ် - ဒါပေမယ့် အထင်မသေးပါနဲ့ Stylesheets နဲ့ CSS tags အားလုံးကို Supports ပေးပါတယ်။ နောက်ပြီး သူ့ကို Mobile browser ကနေလည်း သုံးလို့ ရပါတယ် -

ကျွန်တော်ခု ဖော်ပြခဲ့တာတွေ အားလုံးဟာ အခြေခံတွေပါ - စိတ်ပါဝင်စားသူများ အစပျိုးနိုင်အောင် - လေ့လာနေသူတွေ အထောက်အကူ ဖြစ်အောင် တွန်းအားပေးချင်ယုံသက်သက်ပါပဲ -

မိသားစုဝင်များ ဆထက်တန်ပိုး အောင်မြင်ကြပြီး အနာဂတ်မှာ မိမိတိုင်းပြည်ကို ဒီ့ထက်မက အကျိုးပြုနိုင်ကြပါစေ -

KznT.

Getting started with Google Toolbar

ဒီအကြောင်းက ကိုဝင်းမြင့် ဒီနေရာမှာ မေးထားလို့ ရေးလက်စနေရာနဲ့ မအပ်စပ်တာနဲ့ တစ်ခြားသူတွေလည်း သိရအောင် နေရာပြောင်းပြီး ဖော်ပြလိုက်ပါတယ် -

Google Toolbar အကြောင်း ကိုဝင်းမြင့်မေးထားတာ ကြာပြီ - ဒီနေ့မှပဲ ရေးဖြစ်တော့တယ် - ကျွန်တော် Google toolbar ကို သုံးလာတာတော့ ကြာပြီ - အင်တာနက်ထဲမှာ toolbar တွေ မိှုလိုပေါက်အောင် ရှိပေမယ့် ကျွန်တော်က Search engine ဆိုလည်း Google - Mail ဆိုလည်း Google - Blog ဆိုလည်း Google - Messenger ဆိုလည်း Google - နောက် Google calendar - Google Bookmarks - Googla Analytics - Google Apps - Google Docs အားလုံးသုံးနေတာ ဆိုတော့ Google toolbar နဲ့က သုံးရတာ ပို အဆင်ပြေတယ် ဆိုပြီး သုံးဖြစ်နေတာ - အစကနေ စရင် Google toolbar ကို ဒီနေရာမှာ ယူနိုင်ပါတယ် -Install လုပ်တာတော့ ထူးထူးခြားခြား မရှိဘူး - သူပြထားတဲ့ Install Google Toolbar ကို နှိပ်လိုက်ရင် Firefox မှာဆို နောက် Windows တစ်ခု တက်လာပြီး Install သွားယုံပါပဲ - နောက် Firefox ကို Restart ပေး ပြန်တက်လာရင် Google toolbar ကို စမြင်ရမယ် -


Search box


ဘယ်ဘက်ခြမ်းမှာ အရင်ဆုံး စတွေ့ရမှာ Search box - သူကနေပြီး Internet ထဲက ကိုယ်ရှာချင်တဲ့ အကြောင်းအရာကို တိုက်ရိုက် ရှာလို့ ရတယ် - သူက ဘာနဲ့ တူလဲ ဆိုတော့ ကျွန်တော်တို့ ပုံမှန် ရှာနေကျ Google.com ရဲ့ Search box နဲ့ တူတယ် - ရှာချင်တဲ့ စာလုံးရိုက်လိုက်တာနဲ့ Google search မှာ Popular ဖြစ်တဲ့ စာလုံးတွေကနေ စပြမယ် - နောက် ကိုယ်က Google bookmarks သုံးတယ် ဆိုရင် အဲ့ထဲက စာမျက်နှာတြွေပမယ် - နောက် Web history ကို on ထားတယ် ဆိုရင် အဲ့ထဲမှာ အရင်တုန်းက ကိုယ်ရှာခဲ့တာတွေကို ပြန်ပြမယ် - နောက် သူနဲ့ ကပ်လျက်က Search ကနေ တစ်ဆင့် ကိုယ်က Webpage ရှာချင်တာလား - Images ရှာချင်တာလား - Videos ရှာချင်တာလား ကြိုက်ရာရွေးပြီး ရှာခိုင်းလို့ ရပါတယ် - Search box နဲ့ ပတ်သတ်တဲ့ အကြမ်းဖျဉ်းကတော့ ဒီလောက်ပါပဲ -

Add custom buttons


သူကတော့ မြင်တဲ့ အတိုင်းပဲ bro ရေ - ကိုယ်တိုင်လည်း သုံးလေ့ရှိပြီး လူကြိုက်လည်းများတဲ့ တစ်ခြား Website လေးတွေကို ကလစ်တစ်ချက်နှိပ်ယုံနဲ့ ရောက်အောင် လုပ်ပေးနိုင်တဲ့ buttons လေးတွေ Google toolbar မှာ ပေါင်းထည့်နိုင်တဲ့ နေရာ - လူသုံးများတဲ့ facebook တို့ - youtube တို့ စသဖြင့်ပေါ့ - Google toolbar users တွေ လုပ်ထားတဲ့ buttons လေးတွေကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ် - တကယ်လို့ ကိုယ်နှစ်သက်တဲ့ website အတွက် button မတွေ့မိသေးဘူး ဆိုရင် Google Toolbar API ကို သုံးပြီး ကိုယ်ကိုယ်တိုင် button လေးတွေ လုပ်လို့ ရပါတယ်။

Google Sidewiki


ကိုယ် မသိတဲ့ Website တစ်ခုကို ပထမဆုံး ရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့အတွက် အဦးဆုံး လိုအပ်တာ ဒီဆိုဒ်က ဘာတွေဝန်ဆောင်မှု ပေးတာလဲ - ဒီထဲမှာ ဘာအကြောင်းအရာတွေ ရှိလဲ - ငါ ဒီဆိုဒ်ကနေ ဘာတွေ လေ့လာနိုင်မလဲ ဆိုတာ သိဖို့ပါ - ဒါကို ဆိုဒ်ရဲ့ အနှစ်ချုပ် လမ်းညွှန် လို့ ပြောလို့လည်း ရပါတယ် - Google toolbar မှာ ကောင်းတာ တစ်ချက်က visitors ချင်း ပြန်ပြီး ဆိုဒ်ရဲ့ အားသာချက် အားနည်းချက်လေးတွေ ကောင်းကွက် ဆိုးကွက်လေးတွေ ထောက်ပြလို့ ရအောင် အပေါ်မှာ ပြထားသလို Google Sidewiki ဆိုတာ ထည့်ပေးထားတယ် - ဒီ ဆိုဒ်အပေါ် ထားတဲ့ ကိုယ့် အမြင်လေးတွေ ကောင်း ကွက် ဆိုးကွက်လေးတွေ visitors ချင်းချင်းလမ်းညွှန်တဲ့ သဘောပေါ့ - ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာတော့ ဘယ်သူမှ ရေး ထားကြတာ မတွေ့မိသေးဘူး - အဲတာနဲ့ ကျွန်တော်ပဲ စပြီး မြန်မာမိသားစု အတွက် Google Sidewiki ရေးထား လိုက်တယ် - ဖတ်ချင်သူများ Google toolbar တင်ပြီး အပေါ်မှာ ပြထားတဲ့ Sidewiki button ကနေ ကလစ်ပြီးတဲ့နောက် Browser ရဲ့ Sidebar မှာ ဖတ်နိုင်ပါတယ်

Google Bookmarks


သူ့အကြောင်းကိုတော့ ဒီနေရာမှာ ကျွန်တော် အသေးစိတ် မဖော်ပြတော့ပါဘူး - Google Bookmarks ရဲ့ အသုံးဝင်ပုံကို ဒီနေရာမှာ ကျွန်တော် တစ်ခါ ဖော်ပြခဲ့ဖူးပါတယ် - လေ့လာနိုင်ပါတယ် - အတိုချုံး မိတ်ဆက်ရရင် ဖော်ပြပါ Google Bookmarks Button ကနေပြီး မိမိနှစ်သက်တဲ့ Websites တွေရဲ့ Addresses တွေကို Online ပေါ်မှာ မှတ်သားထားနိုင်ပါတယ် - ကိုယ့်ရဲ့ Google acc ကို login ဝင်လိုက်တာနဲ့ ဘယ်နေရာပဲ ရောက်ရောက် ကိုယ့် Google bookmarks တွေကို access လုပ်နိုင်မှာမျိုးပါ - အသေးစိတ်ကို ဖော်ပြထားတဲ့ link ကနေ လေ့လာကြည့်ပါ -

Spell check


သူကတော့ စာလုံးပေါင်း သတ်ပုံ မှားလား မှန်လား - စာလုံးကျော်သွားတာ ရှိလား ဆိုတာ စစ်ပေးတဲ့ button ပါ - Language 12 မျိုးကို စာလုံးပေါင်း သတ်ပုံ မှန်မမှန် Choose language ကနေ ရွေးပြီး စစ်ခိုင်းလို့ ရပါတယ် - မြန်မာစာ မရပါ - အရမ်းခက်လို့ Google က ခုထက်ထိ Support မလုပ်နိုင်သေးပါဘူး - ဂုဏ်ယူဖို့ ကောင်းပါတယ် -

Translate


ဘာသာစကား လေ့လာရာမှာ အခက်အခဲ ရှိသူတွေ - အင်္ဂလိပ်လို ဖော်ပြမထားတဲ့ Websites တွေကို site တစ်ခုလုံး အင်္ဂလိပ်ဘာသာကို ပြောင်းပြီး လေ့လာလိုသူတွေ အတွက် အရမ်း အသုံးဝင်တဲ့ button ပါ - အသုံးပြုနည်းကတော့ အင်္ဂလိပ်လို ဖော်ပြမထားတဲ့ site ကို ရောက်ရင် ဖော်ပြပါ Translate button ကိုနှိပ်လိုက်ယုံပါပဲ - တစ်ဆိုဒ်လုံးကို အင်္ဂလိပ်လို ပြောင်းပေးပါလိမ့်မယ် -

Form fill


အင်တာနက်သုံးသူတိုင်း Register တော့ လုပ်ဖူးကြပါလိမ့်မယ် - ဆိုဒ်တစ်ခုကို ရောက်လို့ သူ့ဆိုဒ်ကို ဝင်ချင်ရင် Register လုပ်ရတာ - Software ဒေါင်းလုပ်ချချင်ရင် Register လုပ်ရတာ စသဖြင့် ဆိုဒ်တစ်ခု တစ်ခါရောက်တိုင်းသာ သူမေးသမျှမေးခွန်း တစ်ခုချင်း လိုက်ဖြေပြီး Register လုပ်နေရရင် အချိန်ကုန်တာပေါ့ - ဒီလိုမဟုတ်ပဲ Register လုပ်ရာမှာ အချိန်ကုန် သက်သာအောင် ဘယ်တော့မှ မပြောင်းလဲတဲ့ ကိုယ့်ရဲ့ personal info တွေကို Form fill button ကနေ တစ်ဆင့် ကြိုဖြည့်ထားပြီး Register လုပ်တာတို့ Form ဖြည့်ရတာတို့ ဆိုတဲ့ စာမျက်နှာတွေကို ရောက်လာရင် အဲ့ဒီ့ Form fill button ကို ကလစ်တစ်ချက် ပေးလိုက်တာနဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ကိုယ့်ရဲ့ personal info တွေက သက်ဆိုင်ရာ Registration form မှာ keyboard တစ်ချက် ရိုက်စရာ မလိုပဲ အလိုလို ပြည့်သွားမှာ ဖြစ်ပါတယ် - Add/Edit profiles > Add new ကနေ ကိုယ့်ရဲ့ personal info ကို ဖြည့်ထားပေးဖို့ လိုပါတယ် -

Share


အင်တာနက်ထဲ ဟိုဒီ လျှောက်သွားရင် နှစ်သက်မိတာလေး တွေ့ရင် ကိုယ့် သူငယ်ချင်းတွေကို ဝေမျှလိုတဲ့ အခါ ဒီ Share button လေးက အသုံးဝင်ပါတယ် - Blog ရှိတဲ့ သူဆို ကိုယ့် ဘလော့မှာ တင်ပြီး share လုပ်မလား - facebook သမားတွေကို ကိုယ့် profile မှာတင်ပြီး share လုပ်မလား စသဖြင့် စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ် - အသုံးပြုနည်းကတော့ ဝေမျှချင်တဲ့ စာမျက်နှာ ကို ရောက်ရင် Share button ကို click ပေးပြီး ရှေ့ဆက်သွားယုံပါပဲ -

Page Rank


Site တစ်ခုမှာ အရေးအပါဆုံးက Page Rank ပါ - Page Rank ဆိုတာ အင်တာနက်ထဲမှာ ရှိနေတဲ့ Web စာမျက်နှာပေါင်း မြောက်များစွာရဲ့ ကြားထဲမှာ ဒီ Web စာမျက်နှာက ဘယ်လောက် လူသိများသလဲ - ဘယ်လောက်တောင် လူသားတွေ အတွက် အကျိုးပြုနေလဲ ဆိုတာ Google ကနေ စံသတ်မှတ်ထားတဲ့ page rank နဲ့ တိုင်းတာ ပိုင်းဖြတ်ပါတယ် - Google ကနေ စံ သတ်မှတ်ထားတဲ့ Page rank 1 - 10 ရှိပြီး ပုံမှန် သူလိုကိုယ်လို Website တွေဟာ Page Rank 1 ရဖို့တောင် မလွယ်ပါဘူး - မြန်မာမိသားစုကရော ?? လေ့လာကြည့်ပါ - ၃ - ၄ လောက်ဆိုရင်ကို တော်တော်ကောင်းတဲ့ Website ထဲမှာ ပါတယ်လို့ ပြောလို့ ရပါတယ် -

Access and Ajust


ဒီနေရာ နှစ်ခုမှာ ညာဘက်အစွန်ဆုံး button ကတော့ ကိုယ့် google acc ကို login/out လုပ်တဲ့ နေရာပါ - login လုပ်ထားမှ google toolbar ကနေပြီး ကိုယ့် bookmarks တွေကို access လုပ်လို့ ရမယ် - mail ရောက်မရောက် ချက်ချင်း သိနိုင်မယ် - စတဲ့ ကျေးဇူးတွေ ရနိုင်ပါတယ် - နောက်တစ်ခုကတော့ Google toolbar တစ်ခုလုံးရဲ့ အသက်ပါ - သူကနေပြီး toolbar ရဲ့ အနေအထား settings တွေကိုပြင်ဆင်နိုင်ပါတယ် -
ခု ကျွန်တော် ဖော်ပြခဲ့တာ Google Toolbar နဲ့ ပတ်သတ်ပြီး အရမ်း အပြည့်အစုံကြီးတော့ မဟုတ်ပါဘူး - ဒါပေမယ့် ခုဖော်ပြခဲ့သလောက်ဆို Google Toolbar ကို အသုံးပြုဖို့ အတွက် အထိုက်လျောက် အထောက်ကူ ပြုနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ် -

KznT.

20 things I learned about the web


လူတိုင်းလူတိုင်းက ဉာဏ်ရည်ဉာဏ်သွေး မနိမ့်ကြဘူး - ပျင်းတာနဲ့ မလုပ်ချင်တာကြောင့်သာ ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ အစွမ်းအစက တောက်တောက်ပြောင်ပြောင် ဖြစ်မလာတာ - ဘာလို့ ဒီစကားပြောလည်းဆို အရင် ( ၁၀ ) တန်းအောင်ခါစက ( ၁၀ ) တန်းတဖုန်းဖုန်းကျနေတဲ့ သူတွေကို ကြည့်ပြီး ဉာဏ်ကလည်း ထုံလိုက်တာလို့ ထင်ခဲ့ဘူးတယ် - ဒါကို စက်မှုတက္ကသိုလ် တက်တဲ့ အချိန်ကျမှ မှားမှန်း သိတယ် - Major မှာ Roll no ယှဉ်လိုက်ရင် ကိုယ့်နောက်က လူတွေ - ကိုယ်တစ်ညလုံး ကြည့်ပြီး သွားဖြေတဲ့ ဘာသာတွေမှာ ကိုယ်က ဂုဏ်ထူးမရပဲ သူတို့က ရတယ် - ၄ - ၅ မျက်နှာတွက်ပြီးတဲ့ထိ ကိုယ့်မှာ အဖြေ မထွက်နိုင်သေး တဲ့ ပုစ္ဆာကို သူတို့တွက်တော့ စာရွက်မှာလေးငါးကြောင်း ခြစ်ရုံနဲ့ အဖြေဘယ်လောက်ဖြစ်နိုင်မယ် ဆိုတာ ခန့်မှန်းနိုင်ကြတယ် -



သေချာတာတော့ ပါရမီရှင်တွေက လွဲရင် ကျန်တဲ့သူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဉာဏ်ရည်ဉာဏ်သွေး အများကြီး မကွာခြားကြဘူး - အင်တာနက်ထဲမှာလည်း ဒီလိုပဲ မျှဝေသူတွေ ရှိတယ် - စားသုံးသူတွေ ရှိတယ် - ကိုယ်စားသုံးသူ ဖြစ်ခဲ့တဲ့ တစ်ချိန်က မျှဝေသူတြွေကည့်ပြီး သြော် ငါတော်တော်ချာပါလား - ငါ ဘာမေးမေး သူတို့က သိပြီး - သူတို့မေးထားတာတွေ ကျတော့ ငါက ဘာမှမသိ - မေးတာ မပြောနဲ့ ရေးထားတာ နားလည်ဖို့တောင်  မနည်းဖတ်ခဲ့ရတာတွေ ရှိခဲ့ဖူးတယ် - ဘာလို့လည်းဆို အင်တာနက်ထဲမှာ သူတို့ သုံးကြတဲ့ အသုံးအနှုန်းတွေက ကိုယ့်အတွက် မရင်းနှီးတဲ့ Synchronizing - Cloud computing - Malware - Open source - IP addresses - HTML/JavaScript စသဖြင့်


အဲ့တော့ Web နဲ့ ဆိုင်တဲ့ Concepts တွေကို အများနည်းတူ ဖတ်တာနဲ့ နားလည်နိုင်လာဖို့ ဘာလိုမလဲ အရင်စဉ်းစား မိတယ် -  အခြေခံတွေကို မြင်လွယ်သိသာအောင် ဖော်ပြထားတဲ့ စာတွေ ဖတ်ဖြစ်ဖို့ လိုတယ် - အဲ့လို အခြေခံ လိုအပ်ချက်တွေ ပြည့် စုံအောင် ဖော်ပြထားတဲ့ နေရာ ဘယ်နေရာရှိသလဲ -

ဒီမေးခွန်းကို ပြန်ဖြေဖို့ နေရာတစ်နေရာ ဒီနေ့ သိခဲ့ပြီ - အခြေခံကနေ စလို့ သရုပ်ဖော်ပုံလေးတွေနဲ့ စနစ်တကျလေး ဖော်ပြ ထားတယ် - နားလည်ရလွယ်တယ် - ကြီးကြီးကျယ်ကျယ်တွေ မရေးထားဘူး - Browsers - Web နဲ့ ပတ်သတ် ပြီး သိထားသင့် တဲ့ အကြောင်းအရာ အခု ( ၂၀ ) ကို တစ်ဆင့်ချင်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ step-by-step ရှင်းပြထားတယ် - ဖြစ်နိုင်ရင် အားလုံးကို ဘာသာပြန် စာအုပ်ထုတ်ပြီး အလကားတောင် ဝေလိုက်ချင်ရဲ့ - Google Chrome team ကို ကျေးဇူးတင်မိတယ် -
နောက်ပြီး Christoph Niemann ကိုလည်း ကျေးဇူးတင်ရမယ် -

Web အကြောင်း နားမလည်သူ Browser ဘာမှန်း မသိသူတွေ အတွက်တော့ 20 things I learned about the web ဟာ အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ် -

မိသားစုဝင်တွေရော Google ကနေတင်ဆက်လိုက်တ့ဲ ဒီ Internet book လေးကို ဘယ်လိုများ မြင်ကြမယ် မသိဘူး ??

KznT.

Top Ten Tips For New Writers

ကျွန်တော် ၂၀၀ရ ခုနှစ်မှာ စာစရေးခဲ့ပေမယ့် ဖိုရမ်ကို ရောက်တာ သိပ်ကို နောက်ကျတယ်လို့ ဆိုရမယ် - ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှာ ဖိုရမ်ကို စရောက်ခဲ့ပြီး နိုင်သလောက် စာတွေရေးခဲ့ပေမယ့် ခုချိန်ထိ ကျွန်တော်ဟာ ကျွမ်းကျင်သူ တစ်ယောက် မဖြစ်ခဲ့သေးပါဘူး - ကျွန်တော်ဟာ လေ့လာသူ အဆင့်ပါ - စာရေးဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အားကျ အတုယူစရာ တွေလည်း တွေ့ခဲ့ရသလို - အရည်မရ အဖတ်မရ အပုတ်ချ တိုက်ခိုက်မှုတွေ - ရည်ရွယ်ချက် ရှိရှိ ထိပါးနှောင့်ယှက်သူတွေ နဲ့လည်း ကြုံခဲ့ရပါတယ် - ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ် - သူတို့ အားလုံးရဲ့ ကျေးဇူးတရားကို တုံ့ပြန်တဲ့ အနေနဲ့ နောက်လာ နောင်သား အကျိုးပြုစာပေ ရေးသားမျှဝေလိုသူ ညီငယ်/ညီမငယ်များ အတွက် ကျွန်တော့် လေ့လာကြုံတွေ့ သိရှိခဲ့သမျှထဲက စာရေးသူ တစ်ယောက် ခံယူရမယ့် ခံယူချက် သဘောထားနဲ့ မျှဝေမှု လမ်းစဉ်တွေကို စိတ်ရင်းစေတနာမှန်နဲ့ ရေးသားမျှဝေလိုက်ပါတယ် - မြန်မာမိသားစုဖိုရမ်မှာ ဖြစ်စေ - တစ်ခြား မည်သည့် နေရာမျိုးမှာဖြစ်စေ အများအကျိုးအတွက် တတ်စွမ်းသရွေ့ ရေးသားဝေမျှလိုသူ ညီငယ်/ညီမငယ်များ အောက်ဖော်ပြပါ အချက် ( ၁၀ ) ချက်ကို အခြေခံထားပြီး ရေးသားမျှဝေ ကြဖို့ အကြံပြုလိုက်ပါရစေ။


အချက် ( ၁၀ ) ချက်ကို အထက်အောက် ပြောင်းပြန်ရေးသားထားတာ ဖြစ်ပါတယ်။ နံပါတ်စဉ်ကို ကြည့်ပါ - အရေးကြီးဆုံး အချက်ကနေ စတင်ဖတ်ရှုလိုသူများ အောက်ဆုံးအချက်ကနေ စတင်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ၁၀ ) ပုံမှန် Schedule ထားရှိပါ




Photo from my computer

Schedule ထားရှိဖို့က လုပ်ငန်းတစ်ခုကို စနစ်ကျနစွာ လည်ပတ်လိုသူ တစ်ယောက်အတွက် သိပ်အရေးပါပါတယ် - Schedule ရဲ့ သဘောကို လူတိုင်း နားလည်ပေမယ့် အတော်များများကတော့ Schedule နဲ့ လုပ်ဆောင်ရတာထက် အားလပ်ရင် အားလပ်သလို မိမိသန်ရာ သန်ရာကို ဦးစားပေး လုပ်ကိုင်ကြတာကို တွေ့ရပါတယ် - ဘယ်လိုပဲ ဖြစ်ဖြစ် Schedule နဲ့ လုပ်ဆောင် သည်ဖြစ်စေ - မလုပ်ဆောင်သည် ဖြစ်စေ - မိမိရေးသားမယ့် အကြောင်းအရာရဲ့ စလယ်ဆုံး အချိတ်အဆက်မိဖို့နဲ့ ဖော်ပြချက် ပြည့်စုံတိကျစွာ ပါဝင်ဖို့ - ရည်မှန်းရက်အတွင်း ပြီးမြောက်နိုင်ဖို့က စာရေးသူ မိမိအတွက်ရော - စာဖတ်သူ ကိုယ့်ပရိတ်သတ် အတွက်ပါ တန်ဖိုးကြီးပါတယ်။

( ၉ ) ပူးပေါင်း လုပ်ဆောင်ပါ


Photo from openpages.com

တစ်စုံတစ်ယောက်က ကိုယ်ဂဃနဏ မသိခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို မေးမြန်းလာတဲ့ အခါမှာ မိမိယူဆချက်ကို အဦးဆုံးဖွင့်ပြ ရှင်းလင်းတာမျိုးထက် အင်တာနက်ထဲမှာ တတ်ကျွမ်းနားလည်သူ တစ်ယောက်က ဒီအကြောင်းအရာကို ဖြေရှင်းထားပြီးသား ရှိသလား ဆိုတာ အရင်ဆုံး ရှာဖြွေကည့်ပါ - တကယ်လို့ တွေ့ရှိခဲ့ရင် အဲလူဆီ ရောက်အောင်သွားဖို့ လမ်းညွှန်ပေးပါ - ဒါဟာ စာဖတ်သူအပေါ် တာဝန်ကျေသလို - စာရေးသူ အချင်းချင်း မြှင့်တင်ရာလည်း ရောက်ပါတယ် - ဒါကို ကျွန်တော်တို့ Collaborate လုပ်တယ်လို့လည်း ခေါ်ပါတယ် - မိမိ ဂဃနဏ နားမလည်တဲ့ အပိုင်းကို ငါမဖြေနိုင်ရင် အထင်များ သေးသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ ဖြေရှင်းဖို့ကြိုးစားတာဟာ မိမိအတ္တကို မြှင့်တင်ရာ ရောက်သလို စာဖတ်သူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။ တကယ်လို့ လုံးဝ ရှာဖွေမတွေ့ခဲ့ရင်သာ မိမိယူဆချက်ကို နားလည်ခဲ့ဖူးတဲ့ အကြောင်းအရာနဲ့ ပေါင်းစပ်ပြီး မေးမြန်းသူ လိုအပ်တဲ့ လိုလားချက်နဲ့ နီးစပ်အောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားယူပါ။

( ၈ ) မေးခွန်းမေးပါ


Photo from newyork.cbslocal.com

မေးခွန်းမေးတယ် ဆိုတာ အတတ်ပညာရပ် တစ်ခုလို့ ဆိုနိုင်သလို - လေ့လာသူနဲ့ တင်ပြသူကြားက လစ်ဟာနေတဲ့ ကွက်လပ် တစ်ခုကို ပေါင်းကူးပေးတဲ့ တံတားတစ်စင်းလို့လည်း ဆိုနိုင်ပါတယ် - မြန်မာဖိုရမ်တွေမှာ ဖြစ်စေ - ကိုယ်ပိုင်ရေးသားကြတဲ့ မြန်မာနည်းပညာ ဘလော့တွေမှာ ဖြစ်စေ ကျွန်တော်တွေ့ရခဲတာ စာရေးသူကနေ စာဖတ်သူကို ရံဖန်ရံခါ မေးမြန်းတတ်တဲ့ မေးခွန်းတွေပါ - Mashable - Lifehacker - Techcrunch - SixRevisions နဲ့ Smashing Magazine စတဲ့ နာမည်ကြီး လူသိများတဲ့ Websites တွေဟာ စာဖတ်သူကို မကြာခဏ မေးခွန်းမေးလေ့ ရှိသလို - လေ့လာမှု ကွန်ယက်ထဲက  စာဖတ်သူ ပြေးထွက်မသွားနိုင်အောင် မေးခွန်းတွေနဲ့အမြဲ ဖမ်းစားထားလေ့ ရှိပါတယ် - ဒါ့ကြောင့် စဉ်ဆက်မပြတ် ပညာရေးကို အသက်သွင်းနိုင်ဖို့ အကျိုးပြုစာပေရေးသားမယ့် သူတစ်ယောက်ဟာ စာဖတ်သူကို မကြာခဏ မေးခွန်းမေးနေဖြစ်ဖို့ လိုပါတယ်။

( ရ ) သရုပ်ဖော် ပုံများ သုံးစွဲပါ


Photo from shwenyein.blogspot.com

အကြောင်းအရာ တစ်ခုကို ရေးသားဖော်ပြရာမှာ အကြောင်းအရာနဲ့ ပတ်သတ်ပြီး လေ့လာသူတစ်ယောက် အတွက် သိလွယ်မြင်သာအောင် အထောက်အကူ ပြုနိုင်မယ့် သရုပ်ဖော်ပုံတွေ ထည့်သွင်းဖော်ပြပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ် - ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေဟာ ဝတ္ထုကာတွန်း မဟုတ်လို့ တစ်ထိုင်တည်းနဲ့ စာဖတ်သူကို အဆုံးထိ ပါလာအောင် ဆွဲဆောင်နိုင်ဖို့ဆိုတာ တော်ယုံ အရေးအသားမျိုးနဲ့ မလွယ်ကူပါဘူး - ဒီအချိန်မှာ သင့်တင့်တဲ့ အရေးအသားကို စာဖတ်သူ မြင်သာစေမယ့် သရုပ်ပြပုံတွေနဲ့ ယှဉ်တွဲ ဖော်ပြမှသာ အကြောင်းအရာတစ်ခုရဲ့ နိဂုံးတိုင်သည်ထိ လေ့လာသူကို ဆွဲငင်ခေါ်ဆောင် နိုင်မယ့် စာကောင်းတစ်ပုဒ် ဖြစ်နိုင်ပါလိမ့်မယ်။

( ၆ ) ဦးတည်ချက် မပျောက်ပါစေနှင့်


Photo from allrathashanlaytwaye.co.cc

စာရေးသူ တစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို ရေးရင်း ရေးရင်း အချိန်ယူတာ ကြာလာတာနဲ့ အမျှ မလိုအပ်တာတွေကို ဆွဲသွင်းမိပြီး လိုအပ်နေတဲ့ ပန်းတိုင်က ယောင်ဝါးဝါး ဖြစ်သွားတတ်ပါတယ် - ဒါကို သတိထားရပါမယ် - ဦးတည်ချက် ပျောက်သွားတဲ့ ဖော်ပြချက် တစ်ခုဟာ လိုရင်းကို မရောက်နိုင်သလို စာဖတ်သူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုလည်း မရေရာတဲ့ ဖော်ပြချက်တွေနဲ့ ဖတ်ရှုပြုန်းတီး စေရာ ရောက်ပါတယ် - ပန်းတိုင်ထားပါ - နိုင်သမျှ အချက်အလက် ဖြည့်သွင်းပါ - သို့သော် ဦးတည်ချက် မပျောက်ပါစေနဲ့။

( ၅ ) ပုံကြီး မချဲ့မိစေရန် ဂရုပြုပါ


Photo from eskimon.wordpress.com

Gtalk ဆိုတာ ဘာလဲ ?
        " Gtalk ဆိုတာဗျာ - ဒီလိုဗျာ - နားလည်လွယ်အောင် ပြောရရင်ဗျာ - ကျွန်တော်က ဒီမှာ နေတယ်ပေါ့ဗျာ - ကျွန်တော့် သူငယ်ချင်းက ဟိုမှာ နေတယ် ပေါ့ဗျာ - ဟိုမှာ ဆိုတာ ကျွန်တော်နဲ့ သိပ်မနီးတဲ့ နေရာလည်း ဖြစ်ကောင်းဖြစ်မယ် - အဝေးကြီးကလည်း ဖြစ်ကောင်းဖြစ်မယ် - နိုင်ငံခြားက လူလည်း ဖြစ်ကောင်းဖြစ်မယ် - အဲလိုတစ်ယောက်နဲ့ တစ်ယောက် ဝေးတဲ့ နေရာ - ဒါမှမဟုတ် သိပ်မနီးတာတဲ့နေရာ - အဲဒါပေမယ့် နီးကောင်းလည်းနီးချင်နီးမယ် - အဲလို Distance တစ်ခုစီက လူနှစ်ယောက်ကို ........ "
        Gtalk ဆိုတာ Instant Messenger ပါလို့ ပြောရင် ပြီးနိုင်တဲ့ ကိစ္စကို နားထောင်နေရင်း နားရှုပ်အောင် ရှင်းလင်းတာဟာ မလိုအပ်တဲ့ အရာကို ပုံကြီးချဲ့တာ ဖြစ်ပါတယ် - အကျိုးပြုစာပေ ရေးသားမယ့် သူတစ်ယောက်ဟာ မိမိရေးသားမယ့် ဦးတည်ချက်ကို အဓိကထားပြီး မလိုအပ်တာတွေကို ပုံကြီးချဲ့ မရှင်းလင်း မိစေဖို့ သိပ်အရေးကြီးပါတယ် - ဒါမှ စာဖတ်သူအနေနဲ့ ရေးသားတဲ့ အကြောင်းအရာရဲ့ အောက်ကနေ သွေဖယ်ကွဲထွက် မသွားပဲ ဦးတည်ချက် တစ်ခုတည်းရဲ့ အောက်မှာ စာရေးသူ ဖော်ပြချင်တဲ့ ဆိုလိုရင်းကို သဘောပေါက်နိုင်ပါလိမ့်မယ်။

( ၄ ) စာလုံးပေါင်း သတ်ပုံနှင့် ဝါကျ တည်ဆောက်ပုံ မှန်ကန်ပါစေ


Photo from my computer

        အထက်မှာ ဖော်ပြထားတဲ့ စာကို ဖတ်ကြည့်ရင် စာလုံးပေါင်း သတ်ပုံကလည်း မမှန် - ဝါကျတည်ဆောက်ပုံကလည်း မှား ရည်းစားစကား ပြောချင်တာလား - သူ့အစ်ကို မကြည်ဖြူတာကို ပြောချင်တာလား - သူ့အဖေနဲ့ တွေ့တာကို ပြောပြချင်တာလား - ဘာကိုပြောချင်မှန်းမသိ - စာဖတ်သူ နားမလည်နိုင် ဖြစ်နေပါလိမ့်မယ် - ဒါက ဥပမာပါ - အကျိုးပြုစာပေ ရေးသားမယ့် သူတစ်ယောက်ဟာ ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး သဘောပေါက်နေယုံနဲ့ မလုံလောက်ပါဘူး - စာဖတ်သူအတွက် နားလည်လွယ်နိုင် စေမယ့် အရေးအသားနဲ့ ဝါကျတည်ဆောက်ပုံ ပိုင်နိုင်ဖို့လိုပါတယ် - မြန်မာလူမျိုးတစ်ယောက် အနေနဲ့ စာလုံးပေါင်း သတ်ပုံမမှန်တာ မြန်မာလူမျိုးချင်းချင်းမို့ ဖြည့်ဖတ်ပေးလို့ ရပေမယ့် ဝါကျတည်ဆောက်ပုံ မမှန်ရင် မြန်မာလူမျိုးအချင်းချင်း ဖတ်တာတောင် စာရေးသူရဲ့ ရည်ရွယ်ဖော်ပြချက်ကို နားလည်နိုင်ဖို့ မလွယ်ပါဘူး - ကျွန်တော်တို့ ဒီနေ့ခေတ်မှာ မြန်မာလူငယ်တွေက နိုင်ငံရပ်ခြား ဘာသာစကားကိုပဲ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် ကြိုးစားနေကြပြီး ကိုယ့်လူမျိုး ဘာသာစကားကို ဖြောင့်ဖြောင်းဖြူးဖြူး စာလုံးပေါင်း မှန်မှန်နဲ့ ရေးနိုင်ဖို့ မကြိုးစား ကြတော့တာ ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ် - ဒါဟာ လူမျိုးထုတစ်ခုရဲ့ ဘာသာစကား ဆုတ်ယုတ်မှု လမ်းစကို ကိုယ်တိုင် ကတ္တရာခင်းပေးရာရောက်သလို - မိမိရဲ့ စကားပြောစွမ်းရည် နိမ့်ပါးမှုကိုလည်း ဖော်ပြရာ ရောက်ပါတယ်။

( ၃ ) ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းပါ


Photo from sandhyas.blogspot.com
          
        ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းပါ ဆိုတဲ့ အကြောင်းအရာကို မဖော်ပြခင်မှာ အရင်ဆုံး နေရာတစ်ခုကို ခေါ်သွားချင် ပါတယ် - အဲ့နေရာကတော့ Wikipedia ပါ - Wikipedia ဘာကြောင့် အရေးပါလာသလဲ ?? သူဟာ အကြောင်းအရာ တစ်ခုကို ဖော်ပြတဲ့ အချိန်မှာ အကြောင်းအရာနဲ့ ဆက်စပ်ပတ်သတ်နေပြီး ဖော်ပြချက် ခေါင်းစဉ်အောက်မှာ ဖော်ပြဖို့ အခွင့်မသာတဲ့ အကြောင်းအရာတိုင်းကို နောက်ဆက်တွဲ ဆက်စပ်လေ့လာနိုင်အောင် ဆင့်ပွားအတွေးတိုင်း အတွက် လေ့လာရမယ့် နေရာတွေ လက်ဆင့်ကမ်းထားလို့ ဖြစ်ပါတယ် - ဥပမာဆိုကြပါစို့ Wikipedia ရဲ့ Burma ဆိုတဲ့ ခေါင်းစဉ်အောက်က စာကြောင်း တစ်ကြောင်းမှာ ဆိုရင် " Burma, officially the Republic of the Union of Myanmar is a country in Southeast Asia. The country is bordered by the People's Republic of China on the northeast, Laos on the east, Thailand on the southeast, Bangladesh on the west, India on the northwest, and the Bay of Bengal to the southwest, with the Andaman Sea defining its southern periphery. " ဆိုပြီး ဖော်ပြထားပါတယ် -
        ဒီစာကြောင်းဟာ မြန်မာနိုင်ငံရဲ့ တည်နေရာကို အတိုချုံး မိတ်ဆက်တာဆိုပေမယ့် မြန်မာပြည်နဲ့ ထိစပ်နေတဲ့ နေရာဒေသ အသီးသီးကို စာဖတ်သူတစ်ယောက် ဆက်စပ်လေ့လာ နိုင်အောင် တစ်စပ်တစ်ဆက်တည်း ဖော်ပြချိတ်ဆက်ပေးထားပါတယ် - ဒါဟာ ဆင့်ပွားပေါ်ပေါက်လာနိုင်တဲ့ စာဖတ်သူ တစ်ယောက်ရဲ့ အတွေးတွေကို ဆက်စပ်လေ့လာနိုင်အောင် လက်ဆင့်ကမ်းထားတာပါ - ဒီလို လက်ဆင့်ကမ်းထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေ အကြောင်းအရာတစ်ခုကို ဖတ်ရင်းနဲ့ မသိတာ / ပိုပြည့်ပြည့်စုံစုံ သိချင်တာမျိုး ရှိလာရင် နောက်တစ်ကြိမ် ထပ်ရှာဖို့ ကြိုးစားစရာ မလိုတော့ပဲ နေရာမှာတင် Click ပေးပြီး ဆက်စပ်လေ့လာသွားနိုင်ပါတယ် -  ဒီလို ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းတဲ့ အလေ့အကျင့်ဟာ မြန်မာဖိုရမ်တွေနဲ့ ဘလော့ဂါလောကမှာ တော်တော်အားနည်း နေသေးတာကို လည်း တွေ့ရပါတယ် - များသောအားဖြင့် နည်းပညာအကြောင်းရေးသား တဲ့ မြန်မာဖိုရမ် / ဘလော့ တော်တော် များများ ဟာ မိမိလေ့လာ ထားသလောက်ကိုပဲ ရေးသားပြီး စာဖတ်သူ တစ်ယောက် ကို နောက်ဆက်တွဲ ဆင့်ပွားအတွေးတွေ ပေါ်လာအောင် တွန်းအားမပေးကြသလို - ဆက်စပ်လေ့လာနိုင်မယ့် နေရာတွေ ကိုလည်း ချပြထားလေ့ မရှိကြပါဘူး - အဲလို ဆင့်ပွားအတွေး လက်ဆင့် မကမ်းနိုင်မှုကြောင့် နည်းပညာလေ့လာတဲ့ မြန်မာစာဖတ်ပရိတ်သတ်ဟာ စာရေးသူ ဖော်ပြသလောက်ကိုပဲ စားသုံးရပြီး ဆက်စပ်တွေးခေါ်နိုင်စွမ်း အားနည်းနေကြပါတယ် - ဆက်စပ်တွေးခေါ်နိုင်စွမ်း အားနည်းတဲ့ အတွက်ကြောင့် နည်းပညာနဲ့ ပတ်သတ်တဲ့ Creative thinking ကိုလည်း မရနိုင်ကြပါဘူး - ဒါ့ကြောင့် စာရေးသူ တစ်ယောက်ဟာ စာရေးယုံတင် မဟုတ်ပဲ ဆင့်ပွားအတွေးတွေတွေး တတ်လာအောင် စာဖတ်သူကို လက်ဆင့်ကမ်းနိုင်ဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။

( ၂ ) စုတုပြုပါ ( သို့သော် ) ခိုးကူးရူး မဖြစ်ပါစေနှင့်


Photo from blogs.mccombs.utexas.edu

        အများသူငါ အတွက် အကျိုးပြုစာပေ ရေးသားခြင်းဟာ တစ်ကိုယ်ရည်တစ်ကာယ တွေးချင်ရာတွေး ရေးချင်ရာ ရေးလို့ ရတဲ့ Diary ထဲမှာ စာရေးနည်းမျိုးနဲ့ မတူပါဘူး - တစ်ယောက်ကောင်း ရပ်တည်ပြီး စိတ်ထဲထင်ရာ ရေးချင်သလိုရေး ပုံစံနဲ့ ဖြတ်သန်းလို့ ရတာမျိုးလည်း မဟုတ်ပါဘူး - ကိုယ် အကြောင်းအရာတစ်ခုကို ရေးမယ်လို့ စိတ်ကူးရင် အင်တာနက်ထဲမှာ အရင် လိုက်ရှာကြည့်လိုက်ပါ - အင်တာနက်ထဲမှာ ဒီအကြောင်းအရာကိုပဲ ကိုယ့်ထက်ဦးအောင် တွေးမိပြီး ရေးသားတင်ပြထားကြတဲ့  စာမျက်နှာ အများအပြားတွေ့ရပါလိမ့်မယ် - အဲ့ဒီမှာ ငါ့ အကြံသူဦးသွားပြီ ဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်မကျပါနဲ့ - သူရေးထားတာ ကို ဖတ်ပါ - နောက်လူတစ်ယောက် ရေးထားတာကိုလည်း ဖတ်ပါ - အဲ့ကနေ ဒီအကြောင်းအရာ တစ်ခုတည်းကိုပဲ လူပေါင်းစုံက ရှုထောင့်ပေါင်းစုံနဲ့ ရေးထားတာတွေကို အင်တာနက် စာမျက်နှာတော်တော်များများမှာ တွေ့ပါလိမ့်ဦးမယ် - ဆက်ဖတ်ပါ - နောက်ဆုံးမှာ တစ်ယောက်ချင်းစီက လစ်ဟာသွားပြီး မဖော်ပြဖြစ်ပဲ ကျန်ခဲ့တဲ့ အကြောင်းအရာတွေ တွေ့လာပါလိမ့်မယ် - အဲ့ဒီအကြောင်းအရာတွေကို စုစည်းပါ - မိမိတွေးတောမိတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပါ - အများသူငါ လိုချင်တဲ့ အချက်အလက်တွေနဲ့ ပေါင်းစည်းပါ - ဒါဆို ကိုယ်ရေးသားမယ့် အကြောင်းအရာဟာ အကောင်းဆုံးကြီး မဟုတ်တောင် တန်ဖိုးရှိတဲ့ စုတုပြု အကြောင်းအရာတစ်ခု ဖြစ်လာပါလိမ့်မယ်
        ဒီနေရာမှာ တစ်ခု ကွာခြားသွားတာ စုတုပြုနဲ့ ခိုးကူးရူး ဖြစ်ပါတယ် - စုတုပြုဆိုတာ ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့သလို သူများဖော်ပြပြီးသား အကြောင်းအရာတွေထဲက အချက်အလက်တွေ စုစည်းထားတာ ရှိပေမယ်လို့ တစ်ဆင့်ချင်း လေ့လာဆန်းစစ် ဖော်ထုတ်ပြီးမှ ဖော်ပြပြီးသားရော - မဖော်ပြရသေးတာတွေပါ အားလုံးကို ပေါင်းစပ်ပြီး အကြောင်းအရာ တစ်ခုအဖြစ် ပြည့်စုံအောင် ပုံဖော်တာ ဖြစ်ပါတယ် - ခိုးကူးရူး ဆိုတာကတော့ ကိုယ်က Idea တစ်ခုကို တွေးမိတယ် - အဲတာနဲ့ အင်တာနက်ပေါ်မှာ စုတုပြုလို့ရအောင် တစ်ခြားဘယ်သူများ ရေးထားတာရှိဦးမလဲ တက်ရှာတော့ ကိုယ့်ထက်ဦးပြီး သူများရေးထားတာ တော်တော်များများ တွေ့မိတယ် - အဲ့ဒီမှာ ဒီလောက်တောင် လူတွေ အများကြီး ရေးထားပြီးမှတော့ ငါရေးလို့လည်း ထူးပြီး မကောင်းတော့ပါဘူး ဆိုတဲ့ အတွေးနဲ့ တစ်ခြားဘာမှလည်း လိုက်မဖတ်တော့ဘူး - ရှေ့မှာတွေ့တာကို ဘာမှကောင်းအောင် ထပ်ပေါင်းဖြည့်ဖို့ မကြိုးစားတော့ပဲ - Copy - Paste လုပ်ပြီး ဖော်ပြလိုက်တယ် - ဒါကို ခိုးကူးရူးလို့ ခေါ်ပါတယ် - မြန်မာမှု အသိုင်းအဝိုင်းမှာ စုတုပြုစာရေးဆရာတွေလည်း အများအပြား ရှိသလို ခိုးကူးရူး သမားတွေလည်း အများအပြား ရှိပါတယ် - လူတစ်ယောက်ဟာ Creative thinking ကို လိုချင်တယ် ဆိုရင် - ပါရမီ ရှိသူကလွဲလို့ သာမန်သူသူငါငါ လူအားလုံးဟာ စုတုပြုကနေ တစ်ဆင့်ခံပြီး တက်လှမ်းရပါတယ် - စုတုပြု မခံပဲ Creative thinking ကို ကျော်လှမ်းချင်တဲ့ သူဟာ  စုတုပြုဆိုတာရဲ့ သဘောတရားကို နားမလည်ခဲ့လို့ ဘယ်တော့မှလည်း Creative thinking မရနိုင်ပါဘူး - ဒါ့ကြောင့် ကျွန်တော် အကြံပြုချင်တာ မိသားစုဝင်များ စုတုပြုပါ - ခိုးကူးရူး မဖြစ်ပါစေနဲ့။

( ၁ ) မရေးခင်တွေးပါ


Photo from createwithalan.blogspot.com

        စာရေးသူ တစ်ယောက်အတွက် အရေးအကြီးဆုံး အချက်ဟာ ကိုယ်ဦးတည်မယ့် အကြောင်းအရာကို မရေးသားခင်မှာ ကြိုတင်တွေးတော ဆင်ခြင်တာ ဖြစ်ပါတယ် - လူတိုင်း လူတိုင်းမှာ အားသန်ရာ သန်ရာ ရှိကြပေမယ့် - လူတစ်ယောက်ရဲ့ စိတ်ဟာ အချိန်တိုင်း အားသန်ရာ ပေါ်မှာပဲ တည်မှီနေတာ မဟုတ်ပါဘူး - တစ်ခါတစ်ရံမှာ ကိုယ့်စိတ်က ကိုယ်အားသန်ရာကို မတွေးမိပဲ မိမိ နားမလည်တဲ့ ( သို့တည်းမဟုတ် ) မိမိနားလည်ဖို့ ခက်ခဲတဲ့ အကြောင်းအရာ တစ်ခုကို သိချင်တွေးချင် နေမိတာ လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် - ဘယ်လို အားနည်းချက် အားသာချက်မျိူး တွေးမိနေသည်ပဲ ဖြစ်ပါစေ - စာရေးသူ တစ်ယောက် ဖန်တီးမယ့် အကြောင်းအရာဟာ လတ်တလော ကာလတစ်ခုမှာ မိမိအတွက် အမှန်တကယ် ဇန်ဝင်နေတဲ့ အကြောင်းအရာမျိုးသာ ဖြစ်သင့်ပါတယ် - ဇန်မဝင်တာကို ( Popular ဖြစ်ချင်ဇောနဲ့ ) အတင်းမာန်သွင်းပြီး အကြောင်းအရာတစ်ခု ဖန်တီးတာမျိုး မဖြစ်သင့်ပါဘူး - ဇန်မဝင်တာကို အတင်းခြစ်ထုတ်ဖျစ်ညှစ် ဖန်တီးခြင်း အားဖြင့် နောက်ဆက်တွဲ ဘယ်လို ရလဒ်တွေ ရရှိလာနိုင်လဲ ဆိုရင် ကိုယ်ရေးသားဖန်တီး လိုက်တဲ့ အကြောင်းအရာ တစ်ခုက အစကောင်းပြီး အဖျားရှုး သွားတာမျိုးတွေ ဖြစ်လာမယ် - ဂဃနဏ ဖွင့်ဆို ရှင်းပြရမယ့် နေရာမှာ ပြီးစလွယ် စီးစလွယ်ရေးလိုက်မိလို့ စာဖတ်သူတွေ အနေနဲ့ အုတ်ရောရော ကျောက်ရောရော အတွေးတွေဝင်လာမယ် - အဲတာနဲ့ ပတ်သတ်ပြီး စာဖတ်သူဘက်က Response ပြန်လာရင်လည်း ပြန်လည် ဖြေရှင်း ပေးနိုင်ဖို့ အတွက် စိတ်မရှည်နိုင် ဖြစ်လာမယ် - နောက်ဆုံး မိမိရဲ့ နာမည်နဲ့ မိမိရပ်တည် လှုပ်ရှားနေတဲ့ အသိုင်းအဝိုင်း မှာပါ မိမိကြောင့် ထိခိုက် နစ်နာမှုတွေ - ဂုဏ်သရေ ညိှုးနွမ်းပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ် - ဒါ့ကြောင့် မရေးခင် တွေးပါ - ကိုယ်ရေးချင်တဲ့ ဒီအကြောင်းအရာကို ကိုယ်တကယ်ပဲ စိတ်ဝင်စားသလား - လေ့လာနိုင်သလား - ငါ ဘယ်လောက် နားလည်ထား ပြီးပြီလဲ - စာဖတ်သူဘက်က ပြန်လာမယ့် Response တွေအတွက် ငါဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ - ဒါတွေကို အကြောင်းအရာတစ်ခု မရေးသားခင်မှာ ကြိုတင်တွေးတော ဆန်းစစ်ထားရမှာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ တစ်ချိန်က မရေးခင် မတွေးမိခဲ့သလို - စုတုပြု မဖြစ်ပဲ ခိုးကူးရူးလည်း ဖြစ်ခဲ့ဖူးပါတယ် - ဆင့်ပွားအတွေးတွေ လက်ဆင့်မကမ်းတတ်ခဲ့သလို ဝါကျ တည်ဆောက်ပုံ မမှန်ပဲ ပုံကြီးချဲ့ ဖော်ပြခဲ့ဖူးတာတွေလည်း ရှိပါတယ် - တစ်ခါတစ်လေမှာ အကြောင်းအရာ သေးသေးလေးကို ပုံကြီးချဲ့ ဖော်ပြရင်း ဦးတည်ချက်ပျောက်ပြီး သရုပ်ဖော်ပုံ သုံးဖို့ဆိုတာ လည်း မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ဖူးပါတယ် - အတ္တလည်း ကြီးခဲ့ဖူးပါတယ် - Schedule လည်း မရှိခဲ့ပါဘူး - ပူးပေါင်းလုပ်ဆောင်ဖို့ ဆိုတာလည်း မတွေးမိခဲ့ပါဘူး -

ခုဖော်ပြချက်တွေ အားလုံးဟာ တစ်ချိန်က ကျွန်တော် မှားယွင်းခဲ့ဖူးတာတွေကို နောက်လာနောင်သား မျှဝေသူများ မမှားယွင်း နိုင်အောင် အကြံပြုခြင်းသာ ဖြစ်ပါတယ် -

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ

Mg Zin.

Gmail Desktop Clients For Everyone

Gmail အကြောင်းကိုတော့ ထူးပြီး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး - ကျွန်တော် အပါအဝင် မြန်မာမိသားစုတော်တော် များများ အနည်းဆုံး Google account တစ်ခုစီတော့ ရှိကြမှာပါ - Gmail ကို ဘာကြောင့် ကြိုက်လဲဆိုရင် Free ပေးထားတယ် ဆိုပေမယ့် သူ့ Users တွေကို Google က ပစ်စလက်ခတ် ပစ်မထားဘူး - ပြင်ဆင်ရေးတွေ - မြှင့်တင်ရေးတွေ - Features အသစ်အသစ်တွေနဲ့ User friendly ဖြစ်အောင် Google က အမြဲ ပံ့ပိုးပေးနေတယ် - Google acc တစ်ခုရှိယုံနဲ့ တစ်ခြား အလကား သုံးလို့ ရတဲ့ Services တွေ Products တွေ ဆိုတာလည်း နည်းတာ မဟုတ်ဘူး - ဘယ်လောက်တောင် များလဲဆိုတာ ဒီနေရာ - ဒီနေရာ - ဒီနေရာ နဲ့ ဒီနေရာ တွေမှာ လေ့လာကြည့်နိုင်ပါတယ် - ဒါပေမယ့်လည်း လူသားပီသစွာ ရတာမလို - လိုတာမရ ဆိုသလို တစ်ခါတစ်လေ ကျွန်တော့် စိတ်ထဲမှာ ဖြစ်မိတာ တစ်ခုရှိတယ် - အဲတာက Browser ဖွင့်ဖွင့်ပြီး သုံးနေရတ့ဲ Gmail ကို Outlook တို့ Thunderbird တို့လို Email client တွေ မသုံးပဲ ဆော့ဖ်ဝဲလ် install လုပ်ပြီး သုံးသလိုမျိုးလေးများ သုံးလို့ မရနိုင်တော့ဘူးလား ?? ကျွန်တော် ဒီလို မကြာခဏ တွေးမိပါတယ် -


ဘာကြောင့်လည်းဆို တစ်ခုခုလိုတိုင်း ဒီ Browser ကြီးပဲ ဖွင့်ဖွင့်နေရတာ ကြာတော့ ငြီးငွေ့လာပြီလေ - ဒီလို အတွေးမျိုး တစ်ချို့ မိသားစုဝင်တွေမှာလည်း ဖြစ်ခဲ့ဖူးလိမ့်မယ် ထင်ပါတယ် - ဒီ့အတွက်တော့ ကျွန်တော်တို့ အခု အဖြေရှိပါပြီ - ဒီ အဖြေကို သိပြီးတဲ့ နောက်မှာ ကျွန်တော်တို့ လိုချင်နေတဲ့ Browser ဖွင့်စရာမလိုပဲ Gmail ထဲကို ဝင်လို့ ရမယ် - ကိုယ့်ဆီလာတဲ့ စာဖတ်လို့ ရမယ် - Mail ပို့လို့ ရမယ် - ဒီလို ဝန်ဆောင်မှုမျိုး ဘယ်သူက လုပ်ဆောင်နိုင်တာလဲဆို Gmail desktop clients တွေက လုပ်ဆောင်နိုင် ပါတယ်လို့ ဖြေရပါလိမ့်မယ် -

Gmail desktop clients များအကြောင်း

GeeMail

ပထမဆုံး ကြားဖူးကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - ဒီ Geemail က Browser သုံးစရာ မလိုတဲ့ Gmail အတွက် သီးသန့် Special application ပါ - တင်ပြီးသွားလို့ သူ့ကို Double click ပေးလိုက်တာနဲ့ Gmail ထဲတန်းရောက်ပါတယ် - သူ့ကို Install လုပ်ဖို့အတွက် Adobe Air တင်ထားပြီးသား ဖြစ်ရပါမယ် -



No Configuration Required : GeeMail က တစ်ခြား Email client တွေလိုမျိုး POP နဲ့ IMAP settings တွေ သီးခြား ပြင်ဆင်နေဖို့ မလိုပါဘူး - install လုပ်ပြီးတာနဲ့ Gmail ကို တိုက်ရိုက်တန်းပြီး access လုပ်နိုင်ပါတယ် -
Offline Support : တကယ်လို့ စာရိုက်နေတုန်း Connection ကျသွားရင်တောင် ရေးလက်စ Email ကို ဆက်ရေးပြီး  - ပြီးသွားရင် Send ကိုသာ နှိပ်ထားလိုက်ပါ - GeeMail က Internet connection ကို သူဘာသာ detect လုပ်ပြီး Connection ပြန်ရချိန်မှာ ကိုယ် Send နှိပ်ထားတဲ့ Email ကို သူ့ဘာသာ ပို့ပေးသွားပါလိမ့်မယ် -
Gmail User Interface : Geemail ကို သုံးလို့ဆိုပြီး တစ်ခြား Email clients တွေ သုံးသလိုမျိုး New user interface နဲ့ ထိတွေ့စရာ မလိုပါဘူး - အရင်ကျွန်တော်တို့ သုံးနေကျ Online ပေါ်က Gmail UI နဲ့ပဲ တွေ့ရမှာပါ -
Cross Platform : GeeMail က Windows မှာသာမက Mac နဲ့ Linux မှာပါ အသုံးပြုလို့ ရပါတယ် -





Prism ဆိုတဲ့ application ကလည်း ပုံမှန် Browsers ထဲမှာပဲ access လုပ်လို့ ရတဲ့ Web applications တွေကို Browser တွင်းကနေ ဆွဲထုတ်ပြီး Desktop ပေါ်ကနေ တိုက်ရိုက် Run ခိုင်းလို့ ရတဲ့ app တစ်ခုပါ - Adobe AIR - Microsoft Silverlight တို့နဲ့ Prism ကွာသွားတဲ့ တစ်ချက်က Adobe AIR - Microsoft Silverlight ဆိုတာ Web applications တွေကို အစားထိုး လည်ပတ်ပေးနိုင်တဲ့ Platform မဟုတ်ပါဘူး - သူတို့တွေက Windows ထဲမှာ အဲ့ဒီ့ Web applications တွေကို ကိုယ်ပိုင် Own window နဲ့ run နိုင်အောင် ကူညီပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတယ် - ဒါ့ကြောင့် Web applications တွေကို Browser မသုံးပဲ run ချင်တယ် ဆိုရင် Prism ကို ဒီနေရာမှာ သွားရောက် ရယူနိုင်ပါတယ် - အသုံးချနည်းကလည်း ရှုပ်ရှုပ်ရှပ်ရှပ် မရှိပါဘူး - install လုပ်ဆောင်ပြီးသွားတဲ့ အချိန်မှာ Prism ကို စ run လိုက်ပါ ဒီလိုဆို Web application dialog box ပေါ်လာပါလိမ့်မယ် - အဲ့ဒီမှာ ကိုယ်သုံးချင်တဲ့ Web app ရဲ့ URL ကို ပထမဆုံးထည့်ပေးရပါမယ် - ( ဥပမာ - mail.google.com ) - နောက် app အတွက် name ပေးတဲ့ နေရာမှာ ( ဥပမာ - Gmail ) စသဖြင့် ထည့်ပါမယ် - နောက် Shortcut ကို ဘယ်နေရာမှာ ထားမလဲ ဆိုတာ ရွေးပေးရပါမယ် - အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ -



အားလုံး ပြီးသွားရင် OK ပေးပြီး စ run နိုင်ပါပြီ - ဒါက Prism ကို သုံးပြီး Gmail ထဲ ကျွန်တော်ဝင်ထားတဲ့ ပုံစံပါ -




GMDesk သူကတော့ application တစ်ခုတည်းကနေ Gmail, Google Calendar, Google Docs နဲ့ Google Maps ဆိုတာတွေ ကို stand-alone application တစ်ခုတည်း အနေနဲ့ Browser ဖွင့်စရာ မလိုပဲ အသုံးပြုနိုင်တဲ့ app တစ်ခုပဲ ဖြစ်ပါတယ် - GMDesk ကို သုံးတဲ့ အချိန်မှာ ( Windows နဲ့ Linux ) မှာဆို Alt-tab ကနေတစ်ဆင့် ( Mac ) မှာဆို Cmd-tab ကနေတစ်ဆင့် application တစ်ခုကနေ နောက်တစ်ခုကို အလွယ်တကူ ကူးပြောင်းနိုင်ပါတယ် -




GMDesk က Google Apps ကိုလည်း supports ပေးပါတယ် - GMDesk အတွက် Adobe Air application ရှိဖို့လိုပါတယ် -

Gmail desktop clients များအကြောင်း ဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာ နောက်တစ်ခုအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့ Email clients တွေ မှာ Gmail Settings ချပုံတွေကို ဆက်ပြီး လမ်းညွှန်ခဲ့ချင်ပါသေးတယ် -



Email clients တွေနဲ့ ပတ်သတ်ရင် တစ်ယောက်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်း အသုံးပြုတဲ့ sftware ချင်း မတူညီကြလို့ အားလုံးကို တစ်ပြိုင်နက် ပြောပြဖို့ ခက်ပါတယ် - ဒါ့ကြောင့် လူသုံးများ နာမည်ရတဲ့ Email clients အတွက် Gmail ကို ဘယ်လို configuration လုပ်ရမယ် ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ နေရာတွေကနေ တစ်ဆင့် သွားရောက် လေ့လာကြည့်ပါ -


- Supported POP client list
- Supported IMAP client list


ဖော်ပြပါ နေရာတွေမှာ Mail clients တွေ အတွက်သာမက Wireless devices - Mobile devices တွေထိ Gmail ကို ဘယ်လို configuration လုပ်ရမယ် ဆိုတာ အသေးစိတ် ဖော်ပြပေးထားပါတယ် - 

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -


KznT.

Related Posts