Top Ten Tips For New Writers

Leave a Comment
ကျွန်တော် ၂၀၀ရ ခုနှစ်မှာ စာစရေးခဲ့ပေမယ့် ဖိုရမ်ကို ရောက်တာ သိပ်ကို နောက်ကျတယ်လို့ ဆိုရမယ် - ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှာ ဖိုရမ်ကို စရောက်ခဲ့ပြီး နိုင်သလောက် စာတွေရေးခဲ့ပေမယ့် ခုချိန်ထိ ကျွန်တော်ဟာ ကျွမ်းကျင်သူ တစ်ယောက် မဖြစ်ခဲ့သေးပါဘူး - ကျွန်တော်ဟာ လေ့လာသူ အဆင့်ပါ - စာရေးဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အားကျ အတုယူစရာ တွေလည်း တွေ့ခဲ့ရသလို - အရည်မရ အဖတ်မရ အပုတ်ချ တိုက်ခိုက်မှုတွေ - ရည်ရွယ်ချက် ရှိရှိ ထိပါးနှောင့်ယှက်သူတွေ နဲ့လည်း ကြုံခဲ့ရပါတယ် - ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ် - သူတို့ အားလုံးရဲ့ ကျေးဇူးတရားကို တုံ့ပြန်တဲ့ အနေနဲ့ နောက်လာ နောင်သား အကျိုးပြုစာပေ ရေးသားမျှဝေလိုသူ ညီငယ်/ညီမငယ်များ အတွက် ကျွန်တော့် လေ့လာကြုံတွေ့ သိရှိခဲ့သမျှထဲက စာရေးသူ တစ်ယောက် ခံယူရမယ့် ခံယူချက် သဘောထားနဲ့ မျှဝေမှု လမ်းစဉ်တွေကို စိတ်ရင်းစေတနာမှန်နဲ့ ရေးသားမျှဝေလိုက်ပါတယ် - မြန်မာမိသားစုဖိုရမ်မှာ ဖြစ်စေ - တစ်ခြား မည်သည့် နေရာမျိုးမှာဖြစ်စေ အများအကျိုးအတွက် တတ်စွမ်းသရွေ့ ရေးသားဝေမျှလိုသူ ညီငယ်/ညီမငယ်များ အောက်ဖော်ပြပါ အချက် ( ၁၀ ) ချက်ကို အခြေခံထားပြီး ရေးသားမျှဝေ ကြဖို့ အကြံပြုလိုက်ပါရစေ။


အချက် ( ၁၀ ) ချက်ကို အထက်အောက် ပြောင်းပြန်ရေးသားထားတာ ဖြစ်ပါတယ်။ နံပါတ်စဉ်ကို ကြည့်ပါ - အရေးကြီးဆုံး အချက်ကနေ စတင်ဖတ်ရှုလိုသူများ အောက်ဆုံးအချက်ကနေ စတင်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ၁၀ ) ပုံမှန် Schedule ထားရှိပါ




Photo from my computer

Schedule ထားရှိဖို့က လုပ်ငန်းတစ်ခုကို စနစ်ကျနစွာ လည်ပတ်လိုသူ တစ်ယောက်အတွက် သိပ်အရေးပါပါတယ် - Schedule ရဲ့ သဘောကို လူတိုင်း နားလည်ပေမယ့် အတော်များများကတော့ Schedule နဲ့ လုပ်ဆောင်ရတာထက် အားလပ်ရင် အားလပ်သလို မိမိသန်ရာ သန်ရာကို ဦးစားပေး လုပ်ကိုင်ကြတာကို တွေ့ရပါတယ် - ဘယ်လိုပဲ ဖြစ်ဖြစ် Schedule နဲ့ လုပ်ဆောင် သည်ဖြစ်စေ - မလုပ်ဆောင်သည် ဖြစ်စေ - မိမိရေးသားမယ့် အကြောင်းအရာရဲ့ စလယ်ဆုံး အချိတ်အဆက်မိဖို့နဲ့ ဖော်ပြချက် ပြည့်စုံတိကျစွာ ပါဝင်ဖို့ - ရည်မှန်းရက်အတွင်း ပြီးမြောက်နိုင်ဖို့က စာရေးသူ မိမိအတွက်ရော - စာဖတ်သူ ကိုယ့်ပရိတ်သတ် အတွက်ပါ တန်ဖိုးကြီးပါတယ်။

( ၉ ) ပူးပေါင်း လုပ်ဆောင်ပါ


Photo from openpages.com

တစ်စုံတစ်ယောက်က ကိုယ်ဂဃနဏ မသိခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို မေးမြန်းလာတဲ့ အခါမှာ မိမိယူဆချက်ကို အဦးဆုံးဖွင့်ပြ ရှင်းလင်းတာမျိုးထက် အင်တာနက်ထဲမှာ တတ်ကျွမ်းနားလည်သူ တစ်ယောက်က ဒီအကြောင်းအရာကို ဖြေရှင်းထားပြီးသား ရှိသလား ဆိုတာ အရင်ဆုံး ရှာဖြွေကည့်ပါ - တကယ်လို့ တွေ့ရှိခဲ့ရင် အဲလူဆီ ရောက်အောင်သွားဖို့ လမ်းညွှန်ပေးပါ - ဒါဟာ စာဖတ်သူအပေါ် တာဝန်ကျေသလို - စာရေးသူ အချင်းချင်း မြှင့်တင်ရာလည်း ရောက်ပါတယ် - ဒါကို ကျွန်တော်တို့ Collaborate လုပ်တယ်လို့လည်း ခေါ်ပါတယ် - မိမိ ဂဃနဏ နားမလည်တဲ့ အပိုင်းကို ငါမဖြေနိုင်ရင် အထင်များ သေးသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ ဖြေရှင်းဖို့ကြိုးစားတာဟာ မိမိအတ္တကို မြှင့်တင်ရာ ရောက်သလို စာဖတ်သူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။ တကယ်လို့ လုံးဝ ရှာဖွေမတွေ့ခဲ့ရင်သာ မိမိယူဆချက်ကို နားလည်ခဲ့ဖူးတဲ့ အကြောင်းအရာနဲ့ ပေါင်းစပ်ပြီး မေးမြန်းသူ လိုအပ်တဲ့ လိုလားချက်နဲ့ နီးစပ်အောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားယူပါ။

( ၈ ) မေးခွန်းမေးပါ


Photo from newyork.cbslocal.com

မေးခွန်းမေးတယ် ဆိုတာ အတတ်ပညာရပ် တစ်ခုလို့ ဆိုနိုင်သလို - လေ့လာသူနဲ့ တင်ပြသူကြားက လစ်ဟာနေတဲ့ ကွက်လပ် တစ်ခုကို ပေါင်းကူးပေးတဲ့ တံတားတစ်စင်းလို့လည်း ဆိုနိုင်ပါတယ် - မြန်မာဖိုရမ်တွေမှာ ဖြစ်စေ - ကိုယ်ပိုင်ရေးသားကြတဲ့ မြန်မာနည်းပညာ ဘလော့တွေမှာ ဖြစ်စေ ကျွန်တော်တွေ့ရခဲတာ စာရေးသူကနေ စာဖတ်သူကို ရံဖန်ရံခါ မေးမြန်းတတ်တဲ့ မေးခွန်းတွေပါ - Mashable - Lifehacker - Techcrunch - SixRevisions နဲ့ Smashing Magazine စတဲ့ နာမည်ကြီး လူသိများတဲ့ Websites တွေဟာ စာဖတ်သူကို မကြာခဏ မေးခွန်းမေးလေ့ ရှိသလို - လေ့လာမှု ကွန်ယက်ထဲက  စာဖတ်သူ ပြေးထွက်မသွားနိုင်အောင် မေးခွန်းတွေနဲ့အမြဲ ဖမ်းစားထားလေ့ ရှိပါတယ် - ဒါ့ကြောင့် စဉ်ဆက်မပြတ် ပညာရေးကို အသက်သွင်းနိုင်ဖို့ အကျိုးပြုစာပေရေးသားမယ့် သူတစ်ယောက်ဟာ စာဖတ်သူကို မကြာခဏ မေးခွန်းမေးနေဖြစ်ဖို့ လိုပါတယ်။

( ရ ) သရုပ်ဖော် ပုံများ သုံးစွဲပါ


Photo from shwenyein.blogspot.com

အကြောင်းအရာ တစ်ခုကို ရေးသားဖော်ပြရာမှာ အကြောင်းအရာနဲ့ ပတ်သတ်ပြီး လေ့လာသူတစ်ယောက် အတွက် သိလွယ်မြင်သာအောင် အထောက်အကူ ပြုနိုင်မယ့် သရုပ်ဖော်ပုံတွေ ထည့်သွင်းဖော်ပြပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ် - ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေဟာ ဝတ္ထုကာတွန်း မဟုတ်လို့ တစ်ထိုင်တည်းနဲ့ စာဖတ်သူကို အဆုံးထိ ပါလာအောင် ဆွဲဆောင်နိုင်ဖို့ဆိုတာ တော်ယုံ အရေးအသားမျိုးနဲ့ မလွယ်ကူပါဘူး - ဒီအချိန်မှာ သင့်တင့်တဲ့ အရေးအသားကို စာဖတ်သူ မြင်သာစေမယ့် သရုပ်ပြပုံတွေနဲ့ ယှဉ်တွဲ ဖော်ပြမှသာ အကြောင်းအရာတစ်ခုရဲ့ နိဂုံးတိုင်သည်ထိ လေ့လာသူကို ဆွဲငင်ခေါ်ဆောင် နိုင်မယ့် စာကောင်းတစ်ပုဒ် ဖြစ်နိုင်ပါလိမ့်မယ်။

( ၆ ) ဦးတည်ချက် မပျောက်ပါစေနှင့်


Photo from allrathashanlaytwaye.co.cc

စာရေးသူ တစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို ရေးရင်း ရေးရင်း အချိန်ယူတာ ကြာလာတာနဲ့ အမျှ မလိုအပ်တာတွေကို ဆွဲသွင်းမိပြီး လိုအပ်နေတဲ့ ပန်းတိုင်က ယောင်ဝါးဝါး ဖြစ်သွားတတ်ပါတယ် - ဒါကို သတိထားရပါမယ် - ဦးတည်ချက် ပျောက်သွားတဲ့ ဖော်ပြချက် တစ်ခုဟာ လိုရင်းကို မရောက်နိုင်သလို စာဖတ်သူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုလည်း မရေရာတဲ့ ဖော်ပြချက်တွေနဲ့ ဖတ်ရှုပြုန်းတီး စေရာ ရောက်ပါတယ် - ပန်းတိုင်ထားပါ - နိုင်သမျှ အချက်အလက် ဖြည့်သွင်းပါ - သို့သော် ဦးတည်ချက် မပျောက်ပါစေနဲ့။

( ၅ ) ပုံကြီး မချဲ့မိစေရန် ဂရုပြုပါ


Photo from eskimon.wordpress.com

Gtalk ဆိုတာ ဘာလဲ ?
        " Gtalk ဆိုတာဗျာ - ဒီလိုဗျာ - နားလည်လွယ်အောင် ပြောရရင်ဗျာ - ကျွန်တော်က ဒီမှာ နေတယ်ပေါ့ဗျာ - ကျွန်တော့် သူငယ်ချင်းက ဟိုမှာ နေတယ် ပေါ့ဗျာ - ဟိုမှာ ဆိုတာ ကျွန်တော်နဲ့ သိပ်မနီးတဲ့ နေရာလည်း ဖြစ်ကောင်းဖြစ်မယ် - အဝေးကြီးကလည်း ဖြစ်ကောင်းဖြစ်မယ် - နိုင်ငံခြားက လူလည်း ဖြစ်ကောင်းဖြစ်မယ် - အဲလိုတစ်ယောက်နဲ့ တစ်ယောက် ဝေးတဲ့ နေရာ - ဒါမှမဟုတ် သိပ်မနီးတာတဲ့နေရာ - အဲဒါပေမယ့် နီးကောင်းလည်းနီးချင်နီးမယ် - အဲလို Distance တစ်ခုစီက လူနှစ်ယောက်ကို ........ "
        Gtalk ဆိုတာ Instant Messenger ပါလို့ ပြောရင် ပြီးနိုင်တဲ့ ကိစ္စကို နားထောင်နေရင်း နားရှုပ်အောင် ရှင်းလင်းတာဟာ မလိုအပ်တဲ့ အရာကို ပုံကြီးချဲ့တာ ဖြစ်ပါတယ် - အကျိုးပြုစာပေ ရေးသားမယ့် သူတစ်ယောက်ဟာ မိမိရေးသားမယ့် ဦးတည်ချက်ကို အဓိကထားပြီး မလိုအပ်တာတွေကို ပုံကြီးချဲ့ မရှင်းလင်း မိစေဖို့ သိပ်အရေးကြီးပါတယ် - ဒါမှ စာဖတ်သူအနေနဲ့ ရေးသားတဲ့ အကြောင်းအရာရဲ့ အောက်ကနေ သွေဖယ်ကွဲထွက် မသွားပဲ ဦးတည်ချက် တစ်ခုတည်းရဲ့ အောက်မှာ စာရေးသူ ဖော်ပြချင်တဲ့ ဆိုလိုရင်းကို သဘောပေါက်နိုင်ပါလိမ့်မယ်။

( ၄ ) စာလုံးပေါင်း သတ်ပုံနှင့် ဝါကျ တည်ဆောက်ပုံ မှန်ကန်ပါစေ


Photo from my computer

        အထက်မှာ ဖော်ပြထားတဲ့ စာကို ဖတ်ကြည့်ရင် စာလုံးပေါင်း သတ်ပုံကလည်း မမှန် - ဝါကျတည်ဆောက်ပုံကလည်း မှား ရည်းစားစကား ပြောချင်တာလား - သူ့အစ်ကို မကြည်ဖြူတာကို ပြောချင်တာလား - သူ့အဖေနဲ့ တွေ့တာကို ပြောပြချင်တာလား - ဘာကိုပြောချင်မှန်းမသိ - စာဖတ်သူ နားမလည်နိုင် ဖြစ်နေပါလိမ့်မယ် - ဒါက ဥပမာပါ - အကျိုးပြုစာပေ ရေးသားမယ့် သူတစ်ယောက်ဟာ ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး သဘောပေါက်နေယုံနဲ့ မလုံလောက်ပါဘူး - စာဖတ်သူအတွက် နားလည်လွယ်နိုင် စေမယ့် အရေးအသားနဲ့ ဝါကျတည်ဆောက်ပုံ ပိုင်နိုင်ဖို့လိုပါတယ် - မြန်မာလူမျိုးတစ်ယောက် အနေနဲ့ စာလုံးပေါင်း သတ်ပုံမမှန်တာ မြန်မာလူမျိုးချင်းချင်းမို့ ဖြည့်ဖတ်ပေးလို့ ရပေမယ့် ဝါကျတည်ဆောက်ပုံ မမှန်ရင် မြန်မာလူမျိုးအချင်းချင်း ဖတ်တာတောင် စာရေးသူရဲ့ ရည်ရွယ်ဖော်ပြချက်ကို နားလည်နိုင်ဖို့ မလွယ်ပါဘူး - ကျွန်တော်တို့ ဒီနေ့ခေတ်မှာ မြန်မာလူငယ်တွေက နိုင်ငံရပ်ခြား ဘာသာစကားကိုပဲ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် ကြိုးစားနေကြပြီး ကိုယ့်လူမျိုး ဘာသာစကားကို ဖြောင့်ဖြောင်းဖြူးဖြူး စာလုံးပေါင်း မှန်မှန်နဲ့ ရေးနိုင်ဖို့ မကြိုးစား ကြတော့တာ ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ် - ဒါဟာ လူမျိုးထုတစ်ခုရဲ့ ဘာသာစကား ဆုတ်ယုတ်မှု လမ်းစကို ကိုယ်တိုင် ကတ္တရာခင်းပေးရာရောက်သလို - မိမိရဲ့ စကားပြောစွမ်းရည် နိမ့်ပါးမှုကိုလည်း ဖော်ပြရာ ရောက်ပါတယ်။

( ၃ ) ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းပါ


Photo from sandhyas.blogspot.com
          
        ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းပါ ဆိုတဲ့ အကြောင်းအရာကို မဖော်ပြခင်မှာ အရင်ဆုံး နေရာတစ်ခုကို ခေါ်သွားချင် ပါတယ် - အဲ့နေရာကတော့ Wikipedia ပါ - Wikipedia ဘာကြောင့် အရေးပါလာသလဲ ?? သူဟာ အကြောင်းအရာ တစ်ခုကို ဖော်ပြတဲ့ အချိန်မှာ အကြောင်းအရာနဲ့ ဆက်စပ်ပတ်သတ်နေပြီး ဖော်ပြချက် ခေါင်းစဉ်အောက်မှာ ဖော်ပြဖို့ အခွင့်မသာတဲ့ အကြောင်းအရာတိုင်းကို နောက်ဆက်တွဲ ဆက်စပ်လေ့လာနိုင်အောင် ဆင့်ပွားအတွေးတိုင်း အတွက် လေ့လာရမယ့် နေရာတွေ လက်ဆင့်ကမ်းထားလို့ ဖြစ်ပါတယ် - ဥပမာဆိုကြပါစို့ Wikipedia ရဲ့ Burma ဆိုတဲ့ ခေါင်းစဉ်အောက်က စာကြောင်း တစ်ကြောင်းမှာ ဆိုရင် " Burma, officially the Republic of the Union of Myanmar is a country in Southeast Asia. The country is bordered by the People's Republic of China on the northeast, Laos on the east, Thailand on the southeast, Bangladesh on the west, India on the northwest, and the Bay of Bengal to the southwest, with the Andaman Sea defining its southern periphery. " ဆိုပြီး ဖော်ပြထားပါတယ် -
        ဒီစာကြောင်းဟာ မြန်မာနိုင်ငံရဲ့ တည်နေရာကို အတိုချုံး မိတ်ဆက်တာဆိုပေမယ့် မြန်မာပြည်နဲ့ ထိစပ်နေတဲ့ နေရာဒေသ အသီးသီးကို စာဖတ်သူတစ်ယောက် ဆက်စပ်လေ့လာ နိုင်အောင် တစ်စပ်တစ်ဆက်တည်း ဖော်ပြချိတ်ဆက်ပေးထားပါတယ် - ဒါဟာ ဆင့်ပွားပေါ်ပေါက်လာနိုင်တဲ့ စာဖတ်သူ တစ်ယောက်ရဲ့ အတွေးတွေကို ဆက်စပ်လေ့လာနိုင်အောင် လက်ဆင့်ကမ်းထားတာပါ - ဒီလို လက်ဆင့်ကမ်းထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေ အကြောင်းအရာတစ်ခုကို ဖတ်ရင်းနဲ့ မသိတာ / ပိုပြည့်ပြည့်စုံစုံ သိချင်တာမျိုး ရှိလာရင် နောက်တစ်ကြိမ် ထပ်ရှာဖို့ ကြိုးစားစရာ မလိုတော့ပဲ နေရာမှာတင် Click ပေးပြီး ဆက်စပ်လေ့လာသွားနိုင်ပါတယ် -  ဒီလို ဆင့်ပွားအတွေးများ လက်ဆင့်ကမ်းတဲ့ အလေ့အကျင့်ဟာ မြန်မာဖိုရမ်တွေနဲ့ ဘလော့ဂါလောကမှာ တော်တော်အားနည်း နေသေးတာကို လည်း တွေ့ရပါတယ် - များသောအားဖြင့် နည်းပညာအကြောင်းရေးသား တဲ့ မြန်မာဖိုရမ် / ဘလော့ တော်တော် များများ ဟာ မိမိလေ့လာ ထားသလောက်ကိုပဲ ရေးသားပြီး စာဖတ်သူ တစ်ယောက် ကို နောက်ဆက်တွဲ ဆင့်ပွားအတွေးတွေ ပေါ်လာအောင် တွန်းအားမပေးကြသလို - ဆက်စပ်လေ့လာနိုင်မယ့် နေရာတွေ ကိုလည်း ချပြထားလေ့ မရှိကြပါဘူး - အဲလို ဆင့်ပွားအတွေး လက်ဆင့် မကမ်းနိုင်မှုကြောင့် နည်းပညာလေ့လာတဲ့ မြန်မာစာဖတ်ပရိတ်သတ်ဟာ စာရေးသူ ဖော်ပြသလောက်ကိုပဲ စားသုံးရပြီး ဆက်စပ်တွေးခေါ်နိုင်စွမ်း အားနည်းနေကြပါတယ် - ဆက်စပ်တွေးခေါ်နိုင်စွမ်း အားနည်းတဲ့ အတွက်ကြောင့် နည်းပညာနဲ့ ပတ်သတ်တဲ့ Creative thinking ကိုလည်း မရနိုင်ကြပါဘူး - ဒါ့ကြောင့် စာရေးသူ တစ်ယောက်ဟာ စာရေးယုံတင် မဟုတ်ပဲ ဆင့်ပွားအတွေးတွေတွေး တတ်လာအောင် စာဖတ်သူကို လက်ဆင့်ကမ်းနိုင်ဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။

( ၂ ) စုတုပြုပါ ( သို့သော် ) ခိုးကူးရူး မဖြစ်ပါစေနှင့်


Photo from blogs.mccombs.utexas.edu

        အများသူငါ အတွက် အကျိုးပြုစာပေ ရေးသားခြင်းဟာ တစ်ကိုယ်ရည်တစ်ကာယ တွေးချင်ရာတွေး ရေးချင်ရာ ရေးလို့ ရတဲ့ Diary ထဲမှာ စာရေးနည်းမျိုးနဲ့ မတူပါဘူး - တစ်ယောက်ကောင်း ရပ်တည်ပြီး စိတ်ထဲထင်ရာ ရေးချင်သလိုရေး ပုံစံနဲ့ ဖြတ်သန်းလို့ ရတာမျိုးလည်း မဟုတ်ပါဘူး - ကိုယ် အကြောင်းအရာတစ်ခုကို ရေးမယ်လို့ စိတ်ကူးရင် အင်တာနက်ထဲမှာ အရင် လိုက်ရှာကြည့်လိုက်ပါ - အင်တာနက်ထဲမှာ ဒီအကြောင်းအရာကိုပဲ ကိုယ့်ထက်ဦးအောင် တွေးမိပြီး ရေးသားတင်ပြထားကြတဲ့  စာမျက်နှာ အများအပြားတွေ့ရပါလိမ့်မယ် - အဲ့ဒီမှာ ငါ့ အကြံသူဦးသွားပြီ ဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်မကျပါနဲ့ - သူရေးထားတာ ကို ဖတ်ပါ - နောက်လူတစ်ယောက် ရေးထားတာကိုလည်း ဖတ်ပါ - အဲ့ကနေ ဒီအကြောင်းအရာ တစ်ခုတည်းကိုပဲ လူပေါင်းစုံက ရှုထောင့်ပေါင်းစုံနဲ့ ရေးထားတာတွေကို အင်တာနက် စာမျက်နှာတော်တော်များများမှာ တွေ့ပါလိမ့်ဦးမယ် - ဆက်ဖတ်ပါ - နောက်ဆုံးမှာ တစ်ယောက်ချင်းစီက လစ်ဟာသွားပြီး မဖော်ပြဖြစ်ပဲ ကျန်ခဲ့တဲ့ အကြောင်းအရာတွေ တွေ့လာပါလိမ့်မယ် - အဲ့ဒီအကြောင်းအရာတွေကို စုစည်းပါ - မိမိတွေးတောမိတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပါ - အများသူငါ လိုချင်တဲ့ အချက်အလက်တွေနဲ့ ပေါင်းစည်းပါ - ဒါဆို ကိုယ်ရေးသားမယ့် အကြောင်းအရာဟာ အကောင်းဆုံးကြီး မဟုတ်တောင် တန်ဖိုးရှိတဲ့ စုတုပြု အကြောင်းအရာတစ်ခု ဖြစ်လာပါလိမ့်မယ်
        ဒီနေရာမှာ တစ်ခု ကွာခြားသွားတာ စုတုပြုနဲ့ ခိုးကူးရူး ဖြစ်ပါတယ် - စုတုပြုဆိုတာ ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့သလို သူများဖော်ပြပြီးသား အကြောင်းအရာတွေထဲက အချက်အလက်တွေ စုစည်းထားတာ ရှိပေမယ်လို့ တစ်ဆင့်ချင်း လေ့လာဆန်းစစ် ဖော်ထုတ်ပြီးမှ ဖော်ပြပြီးသားရော - မဖော်ပြရသေးတာတွေပါ အားလုံးကို ပေါင်းစပ်ပြီး အကြောင်းအရာ တစ်ခုအဖြစ် ပြည့်စုံအောင် ပုံဖော်တာ ဖြစ်ပါတယ် - ခိုးကူးရူး ဆိုတာကတော့ ကိုယ်က Idea တစ်ခုကို တွေးမိတယ် - အဲတာနဲ့ အင်တာနက်ပေါ်မှာ စုတုပြုလို့ရအောင် တစ်ခြားဘယ်သူများ ရေးထားတာရှိဦးမလဲ တက်ရှာတော့ ကိုယ့်ထက်ဦးပြီး သူများရေးထားတာ တော်တော်များများ တွေ့မိတယ် - အဲ့ဒီမှာ ဒီလောက်တောင် လူတွေ အများကြီး ရေးထားပြီးမှတော့ ငါရေးလို့လည်း ထူးပြီး မကောင်းတော့ပါဘူး ဆိုတဲ့ အတွေးနဲ့ တစ်ခြားဘာမှလည်း လိုက်မဖတ်တော့ဘူး - ရှေ့မှာတွေ့တာကို ဘာမှကောင်းအောင် ထပ်ပေါင်းဖြည့်ဖို့ မကြိုးစားတော့ပဲ - Copy - Paste လုပ်ပြီး ဖော်ပြလိုက်တယ် - ဒါကို ခိုးကူးရူးလို့ ခေါ်ပါတယ် - မြန်မာမှု အသိုင်းအဝိုင်းမှာ စုတုပြုစာရေးဆရာတွေလည်း အများအပြား ရှိသလို ခိုးကူးရူး သမားတွေလည်း အများအပြား ရှိပါတယ် - လူတစ်ယောက်ဟာ Creative thinking ကို လိုချင်တယ် ဆိုရင် - ပါရမီ ရှိသူကလွဲလို့ သာမန်သူသူငါငါ လူအားလုံးဟာ စုတုပြုကနေ တစ်ဆင့်ခံပြီး တက်လှမ်းရပါတယ် - စုတုပြု မခံပဲ Creative thinking ကို ကျော်လှမ်းချင်တဲ့ သူဟာ  စုတုပြုဆိုတာရဲ့ သဘောတရားကို နားမလည်ခဲ့လို့ ဘယ်တော့မှလည်း Creative thinking မရနိုင်ပါဘူး - ဒါ့ကြောင့် ကျွန်တော် အကြံပြုချင်တာ မိသားစုဝင်များ စုတုပြုပါ - ခိုးကူးရူး မဖြစ်ပါစေနဲ့။

( ၁ ) မရေးခင်တွေးပါ


Photo from createwithalan.blogspot.com

        စာရေးသူ တစ်ယောက်အတွက် အရေးအကြီးဆုံး အချက်ဟာ ကိုယ်ဦးတည်မယ့် အကြောင်းအရာကို မရေးသားခင်မှာ ကြိုတင်တွေးတော ဆင်ခြင်တာ ဖြစ်ပါတယ် - လူတိုင်း လူတိုင်းမှာ အားသန်ရာ သန်ရာ ရှိကြပေမယ့် - လူတစ်ယောက်ရဲ့ စိတ်ဟာ အချိန်တိုင်း အားသန်ရာ ပေါ်မှာပဲ တည်မှီနေတာ မဟုတ်ပါဘူး - တစ်ခါတစ်ရံမှာ ကိုယ့်စိတ်က ကိုယ်အားသန်ရာကို မတွေးမိပဲ မိမိ နားမလည်တဲ့ ( သို့တည်းမဟုတ် ) မိမိနားလည်ဖို့ ခက်ခဲတဲ့ အကြောင်းအရာ တစ်ခုကို သိချင်တွေးချင် နေမိတာ လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် - ဘယ်လို အားနည်းချက် အားသာချက်မျိူး တွေးမိနေသည်ပဲ ဖြစ်ပါစေ - စာရေးသူ တစ်ယောက် ဖန်တီးမယ့် အကြောင်းအရာဟာ လတ်တလော ကာလတစ်ခုမှာ မိမိအတွက် အမှန်တကယ် ဇန်ဝင်နေတဲ့ အကြောင်းအရာမျိုးသာ ဖြစ်သင့်ပါတယ် - ဇန်မဝင်တာကို ( Popular ဖြစ်ချင်ဇောနဲ့ ) အတင်းမာန်သွင်းပြီး အကြောင်းအရာတစ်ခု ဖန်တီးတာမျိုး မဖြစ်သင့်ပါဘူး - ဇန်မဝင်တာကို အတင်းခြစ်ထုတ်ဖျစ်ညှစ် ဖန်တီးခြင်း အားဖြင့် နောက်ဆက်တွဲ ဘယ်လို ရလဒ်တွေ ရရှိလာနိုင်လဲ ဆိုရင် ကိုယ်ရေးသားဖန်တီး လိုက်တဲ့ အကြောင်းအရာ တစ်ခုက အစကောင်းပြီး အဖျားရှုး သွားတာမျိုးတွေ ဖြစ်လာမယ် - ဂဃနဏ ဖွင့်ဆို ရှင်းပြရမယ့် နေရာမှာ ပြီးစလွယ် စီးစလွယ်ရေးလိုက်မိလို့ စာဖတ်သူတွေ အနေနဲ့ အုတ်ရောရော ကျောက်ရောရော အတွေးတွေဝင်လာမယ် - အဲတာနဲ့ ပတ်သတ်ပြီး စာဖတ်သူဘက်က Response ပြန်လာရင်လည်း ပြန်လည် ဖြေရှင်း ပေးနိုင်ဖို့ အတွက် စိတ်မရှည်နိုင် ဖြစ်လာမယ် - နောက်ဆုံး မိမိရဲ့ နာမည်နဲ့ မိမိရပ်တည် လှုပ်ရှားနေတဲ့ အသိုင်းအဝိုင်း မှာပါ မိမိကြောင့် ထိခိုက် နစ်နာမှုတွေ - ဂုဏ်သရေ ညိှုးနွမ်းပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ် - ဒါ့ကြောင့် မရေးခင် တွေးပါ - ကိုယ်ရေးချင်တဲ့ ဒီအကြောင်းအရာကို ကိုယ်တကယ်ပဲ စိတ်ဝင်စားသလား - လေ့လာနိုင်သလား - ငါ ဘယ်လောက် နားလည်ထား ပြီးပြီလဲ - စာဖတ်သူဘက်က ပြန်လာမယ့် Response တွေအတွက် ငါဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ - ဒါတွေကို အကြောင်းအရာတစ်ခု မရေးသားခင်မှာ ကြိုတင်တွေးတော ဆန်းစစ်ထားရမှာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ တစ်ချိန်က မရေးခင် မတွေးမိခဲ့သလို - စုတုပြု မဖြစ်ပဲ ခိုးကူးရူးလည်း ဖြစ်ခဲ့ဖူးပါတယ် - ဆင့်ပွားအတွေးတွေ လက်ဆင့်မကမ်းတတ်ခဲ့သလို ဝါကျ တည်ဆောက်ပုံ မမှန်ပဲ ပုံကြီးချဲ့ ဖော်ပြခဲ့ဖူးတာတွေလည်း ရှိပါတယ် - တစ်ခါတစ်လေမှာ အကြောင်းအရာ သေးသေးလေးကို ပုံကြီးချဲ့ ဖော်ပြရင်း ဦးတည်ချက်ပျောက်ပြီး သရုပ်ဖော်ပုံ သုံးဖို့ဆိုတာ လည်း မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ဖူးပါတယ် - အတ္တလည်း ကြီးခဲ့ဖူးပါတယ် - Schedule လည်း မရှိခဲ့ပါဘူး - ပူးပေါင်းလုပ်ဆောင်ဖို့ ဆိုတာလည်း မတွေးမိခဲ့ပါဘူး -

ခုဖော်ပြချက်တွေ အားလုံးဟာ တစ်ချိန်က ကျွန်တော် မှားယွင်းခဲ့ဖူးတာတွေကို နောက်လာနောင်သား မျှဝေသူများ မမှားယွင်း နိုင်အောင် အကြံပြုခြင်းသာ ဖြစ်ပါတယ် -

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ

Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts