Benefits of Linux Distros and Open-source

url
 
တစ်ချိန်တုန်းကတော့ Linux နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အနေစိမ်းခဲ့ကြတယ်။ ခုနောက်ပိုင်းတော့ အင်တာနက်ထဲက Blogger အသိုင်းအဝိုင်းမှာ Linux နဲ့ပတ်သတ်ပြီး အတော် လူပြောများလာပြီ။ Linux အကြောင်း (အထူးသဖြင့် Ubuntu အကြောင်း)ရေးတဲ့ Blog တွေလည်း တော်တော်များလာခဲ့ပြီ။ Linux အကြောင်းကြားဖူးတဲ့သူ အတော်များများ အထူးသဖြင့် သုံးဖူးကြတဲ့ သူတွေဆိုရင် Linux Distributions ကို တစ်ခါတစ်လေ Linux Distros လို့သုံးသုံးပြီး ပြောတတ်ရေးတတ် ကြတာလည်း မြင်ဖူးကြားဖူးကြလိမ့်မယ်။ Linux Distros အကြောင်းနဲ့ပတ်သတ်ပြီး တစ်ချိန်တုန်းက ကျွန်တော် Ubuntu (Linux) for All ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတယ်။
 
Linux Distros ဆိုတာ Linux Distributions ကနေလာပြီး Linux မူကွဲအမျိုးအစားများလို့ အဓိပ္ပါယ်ရပါတယ်။ Linux ကို ခဏတဖြုတ် စမ်းသုံးတာမျိုးမဟုတ်ပဲ မကြာခဏသုံးမယ့် OS တစ်ခုအဖြစ် အတည်ပြုရွေးချယ်တော့မယ်ဆိုရင် ကျွန်တော်တို့မှာ Ubuntu တင်မကပဲ တခြားရွေးချယ်စရာ Distros တွေ အများအပြားရှိသေးတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ Desktop အနေနဲ့ သုံးမလား၊ Server အနေနဲ့သုံးမလား - ကျွန်တော်တို့မှာ ရွေးချယ်စရာ Distros မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ အားလုံးထဲမှာ Ubuntu က လူသိအများဆုံးပါ။ ဒါပေမယ့် အဲ့ဒီ့ Ubuntu ဆိုတာလည်း Linux မျိုးကွဲပေါင်းများစွာထဲက တစ်ခုပါပဲ။
 
Linux Distros ဟူသည်မှာ အဘယ်နည်း။
 
Linux ဟာ Windows မဟုတ်သလို Mac OS X နဲ့လည်း မတူပါဘူး။ Windows မှန်သမျှကို Microsoft ကပဲဖန်တီးပြီး Windows အသစ်ဖန်တီးနိုင်ခွင့်ကိုလည်း Microsoft ကပဲ ပိုင်ဆိုင်ပါတယ်။ တကယ်လို့ Operating System ရွေးချယ်မှုမှာ Windows တစ်ခုတည်းကိုပဲ ပထမဦးစားပေး ထားမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး Microsoft ကချပြတဲ့ လက်ရာတွေကိုပဲ ရွေးချယ်မြည်းစမ်းနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ Operating System မှာ ဘာအားနည်းချက်တွေ ရှိနေနိုင်လဲ ကျွန်တော်တို့ မသိနိုင်ဘူး။ ခုနောက်ပိုင်း တအားလူပြောများလာတဲ့ Privacy ပိုင်းဆိုင်ရာ လုံခြုံမှု ဘယ်လောက်ရှိမလဲ ကျွန်တော်တို့ နားမလည်နိုင်ဘူး။
 
Linux ကတော့ သူတို့တွေနဲ့ တော်တော်လေးကွဲပြားတယ်။ Linux Operating System က Microsoft တို့ Apple တို့လို အဖွဲ့အစည်းတစ်ခုတည်းက ထုတ်လုပ်တာ မဟုတ်ဘူး။ Linux ကို မတူညီတဲ့ အဖွဲ့အစည်း အသီးသီးက ပညာရှင်တွေပေါင်းစည်းပြီး မတူညီတဲ့ကဏ္ဍမျိုးစုံကနေ ဖွဲ့စည်းတည်ဆောက် နေကြတာပါ။ အဲ့ဒီ့မတူညီတဲ့ကဏ္ဍမျိုးစုံထဲမှာ Linux Kernel လို့ခေါ်တဲ့ (OS တစ်ခုရဲ့ ပင်မကျောရိုး)၊ GNU Shell Utilities လို့ခေါ်တဲ့ (ကျွန်တော်တို့ သုံးရတဲ့ Commands တွေနဲ့ Terminal ပိုင်းဆိုင်ရာ)၊ X Server လို့ခေါ်တဲ့ (Graphical Desktop ထုတ်လုပ်မှုပိုင်း) နဲ့ အဲ့ဒီ X Server ပေါ်မှာ Run နိုင်ဖို့ ဖန်တီးရတဲ့ Desktop Environment …. ဆိုပြီး ကဏ္ဍမျိုးစုံပါဝင်ပါတယ်။ ဒါတင်မက System Services, Graphical Programs, Terminal Commands ဆိုတာတွေကလည်း သူ့အစိတ်အပိုင်းအလိုက် ကဏ္ဍခွဲပြီး ပညာရှင်တွေက ဖန်တီးနေကြပါတယ်။ နေရာမျိုးစုံကနေ ကဏ္ဍခွဲပြီး ဖန်တီးနေကြတယ်ဆိုပေမယ့် သူတို့အားလုံးရဲ့ တူညီတဲ့ပန်းတိုင်က ဖန်တီးထားသမျှကို မကွယ်ဝှက်ပဲ တစ်ခြားသူတစ်ဦးကို ဆက်လက်ဖန်တီးခွင့်ပေးတဲ့ Open-Source Software ဖြစ်စေတဲ့ အချက်ပါ။
 
Open-Source Software ဖြစ်ခြင်း/မဖြစ်ခြင်းဟာ နည်းပညာဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် သိပ်အရေးမပါလှပေမယ့် ဒီနေ့ကိုယ်မသေရင် မနက်ဖြန်သူသေ အပြိုင်ကျဲကြရတဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် သိပ်ကိုထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ မရှေးမနှောင်းမှာ ခုထက်မြင့်မားတဲ့ ပညာရေးစနစ် ကျွန်တော်တို့နိုင်ငံ ရရှိခဲ့မယ်ဆိုရင် Open-Source ရဲ့ ကျေးဇူးတရားကြောင့် OS တစ်ခုရဲ့ တည်ဆောက်ပုံ၊ Applications တစ်ခု ဖန်တီးပုံတွေကို Source Code ကနေတဆင့် ကျွန်တော်တို့ လေ့လာခွင့်ရနိုင်သလို၊ နောင်တစ်ချိန်မှာ ကျွန်တော်တို့သာ Source Code တွေကို နားလည်တဲ့ ကျွမ်းကျင် Programmers တွေ ဖြစ်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ Linux Kernel ကနေစလို့ Graphical Programs, Terminal Commands တွေအဆုံး မိမိစိတ်ကြိုက် ဖန်တီးပြင်ဆင်ခွင့် ရနိုင်ပါလိမ့်မယ်။ စိတ်ကြိုက်ဖန်တီး ပြင်ဆင်လို့ရမယ် ဆိုပေမယ့် ကဏ္ဍပေါင်းစုံမှာ ပညာရှင်ပေါင်းစုံက ဖန်တီးထားတဲ့ လက်ရာတွေကို တကယ်တမ်း ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ Linux Distros တစ်ခုဖြစ်လာဖို့ ပြန်လည်ပေါင်းစည်းကြတဲ့ အချိန်မှာ ထင်သလောက် မလွယ်တော့ပါဘူး။ အချိန်ပေါင်းများစွာ ပေးကြရတယ်။ ငွေပေါင်းများစွာ အကုန်အကျခံရတယ်။ ညှိနှိုင်းမှုပေါင်းများစွာ လုပ်ဆောင်ရတယ်။
 
missing-initramfs
 
Open-Source Projects က ဖြန့်ဝေထားတဲ့ Code ကိုယူ၊ လူတိုင်းအတွက် အရံသင့်သုံးနိုင်မယ့် OS တစ်ခု ဖြစ်လာဖို့ - အခက်အခဲများစွာကြားမှာ အကြိမ်ပေါင်းမနည်း Compiling လုပ်ပြီးမှ ရလာဒ်အဖြစ်နဲ့ ပေါ်ထွက်လာတဲ့ Operating System တစ်ခုကို တစ်ဦးတစ်ယောက်/ အဖွဲ့အစည်းတစ်ခုတည်းအတွက် သီးသန့်မရည်ရွယ်ဘဲ လူတိုင်းလွတ်လပ်စွာ သုံးစွဲနိုင်အောင် အခကြေးငွေမယူဘဲ ဖြန့်ဝေပေးခဲ့ကြတယ်။ ဒါတင်မကသေးဘူး အလကားသုံးခိုင်းယုံတင်မက ကိုယ်လိုချင်တဲ့ Desktop Environment၊ ကိုယ်သုံးချင်တဲ့ Browser ကနေစလို့ တစ်ခြား Software အားလုံးကိုလည်း ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် စီစဉ်ပေးထားသေးတယ်။ တစ်ချို့ Distros တွေမှာဆိုရင် OS တင်ပြီးမှ ကောင်းနိုးရာရာတွေကို တစ်ခုချင်းစီလိုက်ရှာ Install လုပ်ရတာမျိုး မဖြစ်အောင် အများစု နှစ်သက်လက်ခံပြီးသား Themes မျိုးတွေ၊ လူသုံးများတဲ့ Software တွေကို တစ်ခါတည်း OS နဲ့အတူ တွဲဖက်ပေးထားတတ်သေးတယ်။
 
တကယ်လို့ Software အသစ်သွင်းချင်တာ၊ အရေးကြီး Security Updates တွေပါတဲ့ Versions အသစ်ကို Upgrade လုပ်ချင်တာမျိုးဆိုရင်လည်း Linux Distribution တိုင်းမှာ Compile အသင့်လုပ်ထားပြီးသား Package ပုံစံနဲ့ စီစဉ်ပေးထားတတ်ပါတယ်။ Linux နဲ့ အကျွမ်းတဝင် မဖြစ်သေးတဲ့ သူတစ်ချို့အတွက် ဒီနည်းလမ်းက လွယ်မယောင်နဲ့ ခက်မလို ဖြစ်နေတတ်ပြီး အနေကြာသွားရင်တော့ Windows မှာသွင်းရတဲ့ Installer တွေထက် အများကြီး အလုပ်ရှုပ်သက်သာ တယ်ဆိုတာကို သတိထားမိလာပါလိမ့်မယ်။
 
selection008
 
Linux Distributions များ၏ကွာခြားချက်များမှာ အဘယ်နည်း။
 
Linux Distributions တိုင်းမှာ ကွာခြားချက် အနည်းနဲ့အများ ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း Distros အကြိုက်ချင်း မတူညီတတ်ကြပါဘူး။ တစ်ချို့က Closed-Source Software တွေမပါစေချင်တော့ Fedora ကိုကြိုက်ကြပြီး၊ တစ်ချို့က ကိုယ့်အတွက် သုံးရပိုလွယ်အောင် Closed-Source Software အသင့်ထည့်ထားပေးတတ်တဲ့ Mint ကို သဘောကျတတ်ကြပါတယ်။ သူတို့အားလုံးမှာ Default အနေနဲ့ပါတဲ့ Software တွေကလည်း မတူတတ်ကြဘူး။ ဥပမာအနေနဲ့ ဆိုရရင် - Ubuntu က Unity သုံးနေတဲ့အချိန်မှာ Fedora က GNOME Shell သုံးပြီး Mint ကျတော့ Cinnamon ဒါမှမဟုတ် MATE ကိုသုံးကြတယ်။
 window-selection-3.10
 
ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုက တစ်ချို့ Distributions တွေဆိုရင် List ထဲကိုရောက်လာပေမယ့် သူ့ Distros ကို သိပ်အကြာကြီး Support မပေးတတ်ကြဘူး။ အဲ့လို Distros မျိုးဆိုရင်တော့ မသုံးခင်တည်းက ရှောင်သင့်ပါတယ်။ Ubuntu LTS တို့ Red Hat Enterprise Linux တို့ဆိုရင် Stable Distributions ဖြစ်နိုင်ဖို့ ဦးတည်ပြီး ဖန်တီးထားတာကြောင့် Security Updates တွေ Bug Fixes တွေကို အချိန်တော်တော်ကြာကြာထိ Support လုပ်ပေးတတ်ပါတယ်။
 
mythbuntu_8-04_screenshot
 
တစ်ချို့ Linux Distributions တွေက Desktop Computers တွေအတွက် ရည်ရွယ်တယ်။ တစ်ချို့ကျတော့ Servers တွေအတွက် ရည်ရွယ်ထားလို့ Graphical Interface မပါဘူး။ ပုံမှန်သမားရိုးကျ သုံးချင်သူတွေအတွက်ဆို Ubuntu။ OS ကို နည်းနည်းလေးလောက်ဖြစ်ဖြစ် ဟိုပြင်ဒီပြင်ပြင်ပြီးမှ သုံးချင်သူတွေအတွက်ဆို Arch Linux။ တစ်ချို့ကိုကျတော့ အိမ်မှာ ဖျော်ဖြေရေး PC တစ်လုံးလိုသုံးနိုင်အောင် စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ ဖန်တီးထားတဲ့ Distros မျိုးစုံ ရှိပါသေးတယ်။
 
မည်သည့် Distros အား ရွေးချယ်သင့်သနည်း။
 
အခုဆို မတူညီကြတဲ့ Linux Distributions တိုင်းက မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ တစေ့တစောင်း သဘောပေါက်ခဲ့ကြပြီ။ အဲ့တာကြောင့် ဘယ် Linux Distribution ကို ရွေးချယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း သုံးစွဲသူရဲ့ လိုလားချက်နဲ့အကြိုက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ Desktop User တစ်ယောက်မို့လို့ Ubuntu နဲ့ Mint ကို အားပြုပြီးသုံးတယ်။ Ubuntu ကိုသုံးခြင်းအားဖြင့် မြန်မာဘလော့တွေမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ အတော်များများ ရေးထားပြီးသားတွေ ရှိနေတယ်။ တခြား Fedora တို့ OpenSUSE တို့ Mageia တို့ စတဲ့ Distros တွေကျတော့ သုံးတဲ့သူများရင်တောင် မြန်မာဘလော့တွေမှာ များများစားစား သိပ်ရေးကြတာ မတွေ့ရသေးဘူး။ အဲ့လို Distros မျိုးတွေကို ကိုယ်ကစသုံးမယ်ဆိုရင်တော့ ကိုယ်တိုင်စပြီး မြေစမ်းခရမ်းပျိုး လုပ်ရပါလိမ့်မယ်။
 
5
 
အဲ့တာကြောင့် Linux Distributions တိုင်းမှာ မဖြစ်မနေရွေးချယ်သင့်ပြီး တစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ Right Distros ဆိုတာ မရှိသလို ရွေးချယ်စရာများပေမယ့် စိတ်ရှုပ်စရာမရှိတဲ့ Linux Distributions ပေါင်းများစွာကြားက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Distros တစ်ခုကို ရွေးချယ်နိုင်စေဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

Maung Zin.

The easiest way to create PDF

PDF Format က ကွန်ပြူတာသုံးပြီး အလုပ်လုပ်နေကြရတဲ့ ရုံးသမားတွေ၊ ကျောင်းသူ/ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက် မသုံးမဖြစ်တဲ့ Format တစ်ခုလို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးရဲ့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ Fonts တွေက စက်တစ်ခုနဲ့ တစ်ခု မတူကြဘူး။
 
ဆိုကြပါစို့ ... ကျွန်တော့်ကွန်ပြူတာထဲက Word နဲ့ဖန်တီးထားတဲ့ Document တစ်ခုကို USB ထဲထည့်ပြီး တစ်ခြား Print ထုတ်မယ့် စက်တစ်ခုမှာသွားတပ်ပြီးဖွင့်ရင် ကိုယ့် Document မှာ သုံးထားတဲ့ Fonts အတိုင်း တစ်ခြားစက်မှာပေါ်ဖို့ဆိုတာ မသေချာဘူး။ စက်တစ်ခုနဲ့တစ်ခုက သွင်းထားတဲ့ Fonts အမျိုးအစား ကွာခြားချက်ရှိတော့ ကိုယ်ရိုက်ထားတုန်းကအမှန်၊ သူ့စက်ရောက်တော့မှ လေးထောင့်ကွက်တွေ ဖြစ်ချင်ဖြစ်နိုင်သလို ကွိကွိကွကွစာတွေလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။
 
2014-02-25_9-17-55

 
အထူးသဖြင့် မြန်မာစာလုံးသုံးပြီး ရိုက်ထားတဲ့ Documents တွေမှာပိုပြီးတော့ အဖြစ်များတယ်။ အင်္ဂလိပ်စာလုံးတော်တော်များများက Font တစ်မျိုးမရှိလည်း တစ်ခြား Font တစ်မျိုးနဲ့ အစားထိုးဖော်ပြနိုင်ပေမယ့် Unicode တန်းမဝင်တဲ့ မြန်မာစာလုံးတွေမှာ မြန်မာစာလုံးချင်းတူတာတောင် တစ်ခုနဲ့တစ်ခု အစားထိုးပြီး ဖော်ပြမပေးနိုင်ကြဘူး။
အဲ့လိုပြဿနာမျိုးဖြစ်လာတဲ့အခါ ကိုယ့် Document မှာ သုံးထားတဲ့ Font အတိုင်း တစ်ခြားစက်မှာ ပေါ်နိုင်အောင် သူ့စက်ကို Fonts မျိုးစုံသွင်းဖို့ ကြိုးစားတာထက် ကိုယ့် Document ကို PDF format ပြောင်းထားပြီးမှ တစ်ခြားစက်မှာဖွင့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ အဲ့တော့ ကိုယ်ဖန်တီးထားတဲ့ Document တစ်ခုကို PDF format ဖြစ်အောင် ပြောင်းလဲရမယ့် နည်းလမ်း ကျွန်တော်တို့ သိထားဖို့လိုလာတယ်။
 
Install a Virtual PDF Printer
 
ပထမနည်းအနေနဲ့ Virtual PDF Printer တစ်ခု ဖန်တီးပြီး Document တွေကို PDF အဖြစ် ပြောင်းလဲတဲ့နည်းလမ်းရှိပါတယ်။ PDF format ပြောင်းဖို့လေးတစ်ခုတည်းအတွက်နဲ့ ဘာကြောင့် Virtual PDF Printer တစ်ခုကို သီးသန့်ထပ်သွင်းရလဲဆို ကျွန်တော်တို့သုံးနေတဲ့ Windows မှာ PDF format ကိုပြောင်းပေးနိုင်တဲ့ ကောင်းကောင်းကန်းကန်း Built-in PDF Printer ဘာတစ်ခုမှ မပါဘူး။ Virtual PDF Printer အမျိုးမျိုးရှိတဲ့ထဲက လူသုံးများတာ CutePDF Writer ပါ။ အရင်တုန်းကတော့ ကျွန်တော် DoPDF တို့ PrimoPDF တို့သုံးတယ်။ နောက်တော့ NovaPDF သုံးတယ်။ သူတို့တွေလည်း Virtual PDF Printer တွေပဲ။ တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ ကိုယ်စီရှိတယ်။
 
တစ်ချို့ Virtual PDF Printer တွေက Freeware မဟုတ်ဘူး။ တစ်ချို့က ခုနောက်ပိုင်း တွင်ကျယ်လာတဲ့ Unicode စာလုံးတွေကို PDF ပြောင်းတဲ့အချိန်မှာ ပုံစံမှန်မှန်နဲ့ ဖော်ပြမပေးနိုင်ဘူး။ သူ့အတွက် သုံးနည်းကလည်း လွယ်တယ်။ Software ကို Install လုပ်ပြီး ကိုယ် PDF ပြောင်းချင်တဲ့ Document တစ်ခုကိုဖွင့်ထား၊ နောက်ပြီး Ctrl+P နှိပ်လိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလို Box မျိုးတက်လာပြီး အဲ့ကနေမှတဆင့် Print ကိုနှိပ်လိုက်ရင် ကျွန်တော်တို့လိုချင်နေတဲ့ PDF ပြောင်းထားပြီးသား Document ကို ရတယ်။
 
2014-02-25_11-40-56
 

Use an Application's Bilt-in PDF Support
 
နောက်တစ်နည်းက တစ်ချို့ Applications တွေမှာပါတဲ့ PDF Export Functions ကနေတဆင့်လည်း PDF အဖြစ် ပြောင်းယူလို့ရတယ်။ ဥပမာအနေနဲ့ပြောရရင် -
Google Chrome - Menu ကနေ Print ကိုနှိပ် Destination ရွေး Save as PDF ဆိုပြီး ပြောင်းလို့ရတယ်။
Microsoft Office - Office 2013 မှာ ဆိုရင် အောက်မှာ ဖော်ပြထားသလို File > Export ကနေတဆင့် Create PDF ဆိုပြီး ပြောင်းလို့ရတယ်။ Office 2010 မှာလည်း ထိုနည်း၎င်းပဲ။
 
2014-02-25_11-49-31

 
ဒီနည်းကို အဓိကအားပြုသုံးမယ်ဆိုရင် အပေါ်မှာ ပြောထားတဲ့ Virtual PDF Printer ဆိုတာမျိုးတောင် Install လုပ်ဖို့မလိုဘူး။
 
Convert to PDF from XPS
 
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် တစ်ခြားသူတစ်ယောက်ရဲ့ စက်ကို သုံးနေရတဲ့အချိန်မှာ Software သွင်းပိုင်ခွင့် Permission လည်း ကိုယ့်မှာ မရှိဘူးဆိုရင် PDF ပြောင်းဖို့ ပထမအဆင့်အနေနဲ့ Microsoft XPS Document Writer printer ကိုသုံးပြီး ကိုယ့် Document ကို XPS file အနေနဲ့ ပြောင်းယူလိုက်ပါ။ တစ်ခုရှိတာ Microsoft XPS Document Writer printer က Windows Vista, 7, 8 or 8.1 တွေမှာပဲ ပါတယ်။ ရလာတဲ့ XPS file ကိုမှ XPS2PDF ဆိုတဲ့ Online PDF Converter ကိုသုံးချင်သုံး ဒါမှမဟုတ် Virtual PDF Printer သွင်းထားတဲ့စက်ဆီ ယူသွားပြီး PDF အဖြစ်ပြောင်းယူ စတဲ့နည်းတွေနဲ့ PDF အဖြစ်ဖန်တီးနိုင်ပါတယ်။
 
2014-02-25_12-03-29
 

Create PDFs from Websites
 
ကိုယ့်စက်မှာ Virtual PDF Printer လည်း မတင်ထားဘူး။ Webpage တစ်ခုကိုလည်း PDF အဖြစ်ပြောင်းပြီး သိမ်းထားချင်တယ်ဆိုရင် Web-based tool တစ်ခုဖြစ်တဲ့ Web2PDF သုံးပြီး ကိုယ်သိမ်းထားချင်တဲ့ Web စာမျက်နှာတွေကို PDF file အဖြစ် ဒေါင်းလုပ်ချပြီး သိမ်းထားနိုင်ပါတယ်။
 
2014-02-25_12-20-53

 
ခုဖော်ပြခဲ့တဲ့နည်းတွေထဲက PDF ဖန်တီးဖို့ ကြိုက်နှစ်သက်ရာနည်းကိုသုံးပါ။ အားလုံးထဲမှာ Virtual PDF Printer သုံးပြီး PDF ဖန်တီးတာကတော့ အမြန်ဆုံးနဲ့ အလွယ်ဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။
 
Maung Zin.

TechSectors has been Deleted and Reinstated

စာပုံမှန် ပြန်ရေးနိုင်ဖို့ ကြိုးစားနေတာ တကယ်တော့ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ အားတယ် မအားဘူးဆိုတာထက် ကိုယ်တိုင်လည်း စာဖတ်ဖြစ်သွားအောင် (၃) ရက်ခြားတစ်ပုဒ်နှုန်းလောက် ရေးမယ်လို့ စိတ်ကူးပြီး စရေးတဲ့ အချိန်မှာ Blogger Team ရဲ့ မျှော်လင့်မထားတဲ့ ကြိုဆိုမှုကို စရတယ်။

Google ရဲ့ Automated System က ဘလော့ကို SPAM Blog လို့သတ်မှတ်ပြီး ဘာမပြော ညာမပြောနဲ့ တစ်ခါတည်း Delete လုပ်ပစ်လိုက်တာ။ တော်တော်အံ့သြသွားတယ်။ ဘလော့ရေးခဲ့တာ ၇ နှစ်ကျော်ပြီ။တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ဘလော့က Broken Links တွေ လိုက်ပြင်နေရင်းနဲ့ ချက်ချင်းကြီး Blog not found. ဖြစ်သွားတယ်။

ခဏနေတော့ Mail ထဲကို Blogger Team နေ စာတစ်စောင် ဝင်လာတယ်။

2014-02-21_18-45-32

Restore Buttom လေးတွေ့လို့ နှိပ်တော့ တကယ် Spam Blog ဟုတ်မဟုတ် Blogger Team ကနေ ပြန်စစ်ဖို့ ၂ ရက်ကြာမယ် ပြောတယ်။ တော်တော် စိတ်ပျက်သွားတာပေါ့။ Automated System က ဘာမပြော ညာမပြောနဲ့ Delete လုပ်လိုက်တဲ့အချိန်မှာ Post အသစ်က ၃ ခုလောက် ရေးပြီးပြီ။ Backup မလုပ်ထားမိဘူး။ နောက်ပြီး ပို့စ်အဟောင်းတွေ ပြန်လိုက်ပြင်နေတာလည်း အပုဒ် ၂၀ လောက် ပြင်ထားပြီးနေပြီ။ (၂)ရက်စောင့်လို့မှ အကြောင်းမပြန်ရင် ဘလော့မရေးတော့ဘူးဆိုတဲ့ စိတ်မျိုးတောင် ဖြစ်သွားပြီ။ ဒါပေမယ့် ကံကောင်းပါတယ်။ (၁)ရက်ပဲ ကြာတယ်။ Blogger Team က စာပြန်ဝင်လာတယ်။

2014-02-21_18-46-35

အမှတ်တရပါပဲ။ နောက်ဆို ဘလော့ကို ခဏခဏ ဖျက်လိုက် Reinstall လုပ်လိုက် လုပ်တာမျိုး ရှောင်ရမယ်။ တနေ့တည်းနဲ့ ပို့စ်အများကြီး ပြင်တာမျိုးလည်း ရှောင်ရတော့မယ်။

Maung Zin.

How To Insert Dummy Text in Microsoft Word

စာစီစာရိုက်သမားတွေ၊ Graphic Design လုပ်ငန်း လုပ်ကိုင်နေသူတွေ အတော်များများ ရင်းနှီးကြပေမယ့် ပုံမှန်ကွန်ပြူတာအသုံးပြုသူတွေ မကြာခဏ မြင်တွေ့ရလေ့ရှိပြီး နားမလည်နိုင်တဲ့ Dummy Text တွေအကြောင်း မိတ်ဆက်ပေးချင်မိတယ်။ 

အဲ့တာကတော့ Blogger Templates မကြာခဏ လဲပြီး သုံးတတ်တဲ့သူတွေ Preview ကြည့်တိုင်း အမြဲလိုလိုတွေ့ရတတ်တဲ့ Sample Posts တွေထဲက Lorem ipsum နဲ့စတဲ့ စာသားတွေပါ။




Dummy Text ဆိုကတည်းက သူ့မှာ စာသားပဲရှိတယ်။ စာလုံးတွေက လက်တင်စာလုံးတွေနဲ့ ဆင်တယ်။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ လောက်လောက်လားလား ဘာမှမရှိဘူး။ အဲ့ဒီ lorem ipsum လို့ခေါ်တဲ့ အဓိပ္ပါယ်တိတိကျကျမရှိ ဘာရေးထားမှန်းမသိတဲ့ စာသားတွေကိုပဲ စာစီစာရိုက်လုပ်ငန်းတွေ၊ ဂျာနယ် မဂ္ဂဇင်းထုတ်ဝေရေးလုပ်ငန်းတွေ၊ Graphic Design လုပ်ငန်းတွေမှာ Placeholder Text အနေနဲ့ တအားအသုံးပြုကြတယ်။ ဘာလို့လည်းဆိုတော့ စာဖတ်သူစိတ်ဝင်စားအောင် ဘယ်စာသားကို ဘယ်နေရာမှာ ထားမယ်။ ဘယ်ဖောင့်ကို ဘယ်နေရာမှာသုံးမယ်၊ Layout ဘယ်လို ခင်းမယ်ဆိုတာ ကြိုတင်နေရာချကြည့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးကြတာပါ။

အရင်တုန်းက Lorem ipsum ကို နားမလည်တော့ ရုံးလုပ်ငန်းမှာ စာရိုက်ဖို့ နေရာချချင်ရင် အခက်အခဲ ခဏခဏ ဖြစ်တယ်။ မြန်မြန်အလွယ်နေရာချလို့ရအောင် တခြားရိုက်ထားတဲ့စာတစ်စောင်ကနေ Copy > Paste လုပ်ရင် အဲ့စာမှာ ထည့်ထားတဲ့ Format က ဒီဘက်စာထိ ဝင်လာတတ်တယ်။ မြန်အောင်ဆိုပြီး


ကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

ဆက်တိုက် Key ကို နှိပ်ထားပြန်တော့လည်း ပုဒ်ဖြတ်၊ပုဒ်မနဲ့ ရေးတာမဟုတ်တော့ စာကြောင်း Format ချတဲ့အချိန်မှာ ပြဿနာတက်ပြန်ရော။

အဲ့ပြဿနာအတွက် အဖြေကျွန်တော်တို့မှာ ရှိပါတယ်။ Microsoft Word ကို သုံးနေတဲ့အချိန် Document ထဲမှာ Layout ချဖို့နဲ့၊ ဘယ်နေရာမှာ ဘယ်လို Typography သုံးမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ Lorem Ipsum Online Generator တွေ လိုက်ရှာသုံးနေစရာမလိုပဲ Word မှာ အရံသင့် ပါဝင်ပြီးသား နည်းနဲ့ အသုံးပြုနိုင်ပါတယ်။


4
အသုံးပြုနည်းကလည်း ခက်ခက်ခဲခဲ မရှိပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း Word ထဲမှာ =lorem() လို့ ရိုက်လိုက်ရင် Paragraph သုံးခု ပါတဲ့ Lorem Ipsum characters တွေကို Document ထဲမှာဖြည့်ပေးပါလိမ့်မယ်။ တကယ်လို့ စာကြောင်းအရေအတွက်နဲ့ စာပိုဒ်ပမာဏကို ကန့်သတ်ချင်တယ် ဆိုရင်လည်း နည်းရှိတယ်။ အောက်မှာဖော်ပြထားတဲ့ Function အတိုင်းသုံးကြည့်ပါ။
=lorem(Number of Paragraphs, Number of Lines)
သူ့ရဲ့အဓိပ္ပါယ်ကတော့ =lorem(2,5) လို့ ရိုက်မယ်ဆိုရင် စာကြောင်း ငါးကြောင်းနဲ့ ဖွဲ့စည်းထားပြီး စာပိုဒ် နှစ်ပိုဒ်ပါဝင်တဲ့  Lorem Ipsum စာသားတွေ Word မှာ ဖြည့်ပေးပါလိမ့်မယ်။ Parameters တွေက မထည့်မနေရ မဟုတ်ပါဘူး။ ဘာမှမထည့်ပေးလည်း Default အနေနဲ့ စာပိုဒ်သုံးပိုဒ် စာကြောင်းငါးကြောင်း ပါတဲ့ Lorem Ipsum စာသားတွေ ဖြည့်ပေးပါတယ်။
 
အထက်မှာ ဖော်ပြခဲ့တဲ့ lorem() function က Word 2007 နဲ့ နောက်ပိုင်း Version တွေမှာ ပဲသုံးလို့ရပါတယ်။ တကယ်လို့ 2007 အရှေ့က Office ကိုသုံးနေတယ်ဆိုရင် အရင်ကျွန်တော်တို့ သိထားတဲ့ rand() function နဲ့ အစားထိုး သုံးလို့ရပါတယ်။ တကယ်လို့ lorem() generator ကို အပေါ်မှာဖော်ပြခဲ့သလို သုံးလို့ မရဖြစ်နေမယ်ဆိုရင် Auto Correct Options ထဲက“Replace text as you type” ကို turned off လုပ်ထားလို့ ဖြစ်ပါလိမ့်မယ်။
 
Maung Zin.

How To Make A Perfect Resume

ဒီဘက်ခေတ်မှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူငယ်တိုင်း ကိုယ်ရေးအကျဉ်းဆိုတာနဲ့ ရင်းနှီးဖူးကြတယ်။ အလွယ်ပြောကြတာတော့ Resume ပေါ့။ ရင်းနှီးဖူးကြတယ်ဆိုပေမယ့် Resume ရဲ့ အရေးပါမှုကိုတော့ ဒီလောက်ကြီးထိ အသိအမှတ် မပြုကြသေးဘူး။ ဘာလို့လည်းဆိုတော့ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ Resume ထက် Background ကို ကြည့်ပြီး လက်ခံတာ ပိုများတယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်မှုရှိတာ၊ မကင်းရာမကင်းကြောင်း ပတ်သတ်နေတာ စသဖြင့် လုပ်ငန်းကျွမ်းကျင်မှုဆိုတာထက် Personal ပတ်သတ်မှုကို ပိုအရေးပေးပြီး အလုပ်ခန့်တတ်ကြတော့ Resume ဆိုတာ လုပ်ထုံးလုပ်နည်းအရ ထည့်ပေးရတဲ့သဘောမျိုး အနေနဲ့ပဲ ရှိခဲ့တယ်။
 
clip_image002
 
Photo >> http://www.careerigniter.com/

ဒါပေမယ့် ခုနောက်ပိုင်း ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်လာတော့ ရင်းနှီးကျွမ်းဝင်မှုကို အရင်ကလောက် ဦးစားမပေးတော့ဘူး။ အတွန်းအတိုက်များတဲ့ နည်းပညာခေတ်မှာ ပုဂ္ဂိုလ်ရေးရာ ရင်းနှီးကျွမ်းဝင်မှုက လုပ်ငန်းခွင် အရည်အသွေးနိမ့်ကျစေတတ်တာ ဘယ်သူမှ မငြင်းနိုင်တော့ဘူးလေ။ ကျွမ်းကျင်တာချင်းတူရင် မကင်းရာမကင်းကြောင်း ပတ်သတ်မှုကို ဦးစားပေးနိုင်တယ်ဆိုပေမယ့် အခြေခံအချက်က လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုတာကို ဦးစားပေးလာကြပြီ။ ဘယ်အလုပ်ပဲခေါ်ခေါ် Experience ဘယ်လောက်ရှိရမယ် ဆိုတာတွေတွေ့လာရပြီ။
 
လူတစ်ယောက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်၊ စီမံခန့်ခွဲနိုင်မှု ဘယ်လောက်ကောင်းတယ် ဆိုတာ တကယ်တော့ ချက်ချင်းဆုံးဖြတ်လို့ ရနိုင်တာမျိုး မဟုတ်ဘူး။ အဲ့တော့ အလုပ်လျှောက်လာသူတစ်ယောက်ရဲ့ အရည်အသွေးကို အမှန်ဆုံးမဟုတ်တောင် အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ လုပ်ငန်းရှင်တိုင်းက Resume ဆိုတာကို အလေးထားလာကြတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းခွင်ဝင်မယ့် လူတစ်ယောက်အတွက် Resume တစ်ခုကို ကိုယ့်လုပ်ငန်းရှင် စိတ်ဝင်စားအောင်၊ ကိုယ့်ရဲ့ Ability ကို ထင်သာမြင်သာရှိအောင် တင်ပြတတ်ဖို့ လိုလာတယ်။
 
အဲ့တော့ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်မှာ တင့်တယ်စေမယ့် Resume ကောင်းတစ်ခုဖြစ်အောင် ဘယ်လိုပြင်ဆင်ကြမလဲ။ လုပ်ငန်းကျွမ်းကျင်မှု အထိုက်လျောက်ပဲရှိပေမယ့် Impressive ဖြစ်စေမယ့် Resume ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ ဘယ်ကနေစကြမလဲ။ 

Resume တစ်ခု ဖန်တီးတော့မယ်ဆိုရင် စိတ်ထဲရှိတာ အကြမ်းခြစ်ပြီး စာစီတာမျိုးထက် Resume တစ်ခုမှာပါသင့်တဲ့ အကြောင်းအရာတွေကို နဂိုတည်းက Format ချထားပြီးသား Resume Templates မျိုးတွေ သုံးစေချင်တယ်။ Resume Templates ကိုသုံးခြင်းအားဖြင့် အားသာချက်အနေနဲ့ Resume တစ်ခုစရေးဖို့ ဘယ်အချက်တွေကို အခြေခံရမလဲဆိုတာ ရှည်ရှည်ဝေးဝေး တွေးနေဖို့ မလိုတော့ဘူး။ ကိုယ့်ရဲ့ အရည်အသွေးကို တစ်ဖက်လူမြင်သာအောင် ဘယ်လိုရေးမလဲဆိုတဲ့ အချက်တစ်ခုတည်းကို အာရုံစိုက်ထားလို့ ရတယ်။
 
clip_image003
 
Resume လို့ ပြောလိုက်ရင် စာစီဖို့အတွက် Microsoft Word ကို အရင်ဆုံး ပြေးမြင်မိလိမ့်မယ်။ ပုံမှန် Computer သုံးတဲ့သူတစ်ယောက်အနေနဲ့ Professional-looking Resume ဖြစ်ဖို့ဆို Format ချနေတာနဲ့တင် အချိန်ကုန်နိုင်တယ်။ Office Web Apps မှာဆိုလည်း Resume Templates ပေးထားတယ်ဆိုပေမယ့် များများစားစား မရှိဘူး။ အဲ့တော့ Resume Templates ကို သုံးဖို့ဆိုရင် Microsoft Office ထက် Google Docs ကို သုံးစေချင်တယ်။ Google Docs Template Gallery မှာ အသင့်သုံးနိုင်တဲ့ Resume Templates တော်တော်များများ ရှိသလို Google Account တစ်ခုရှိယုံနဲ့ Search box မှာ Resume လို့ ရိုက်ပြီး အသင့်သုံး Resume Templates တွေတန်းသုံးနိုင်တယ်။
 
clip_image005
 
Resume Templates တွေများလို့ ရွေးရခက်နေရင် မသုံးသေးခင် Preview ကြည့်လို့ရတယ်။ Preview ကြည့်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ အချက်တွေပါမပါ၊ ကိုယ်ရေးချင်တဲ့ Design မျိုးဟုတ်မဟုတ် တစ်ခါတည်း တန်းသိနိုင်တယ်။
 
clip_image006
 
စာသားတွေ ပြင်ချင်တာ၊ Font Size တွေ ပြောင်းချင်တာ၊ တစ်ခြားအကြောင်းအရာတွေ ဖြည့်ချင်တာ အားလုံးအတွက် Google Docs မှာ အကုန်အသင့်ရှိတယ်။
 
clip_image007
 
အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း မရေးချင်သေးဘူးဆိုရင် Resume Templates ကို ကိုယ့်စက်ထဲ Download ချထားပြီး နောက်မှ ရေးလို့ရတယ်။
 
clip_image008
 
နောက်ဆုံးတစ်ချက်ကတော့ Resume Templates ကို အသုံးချင်တဲ့ သူတွေအတွက် Internet ထဲမှာ Resume Builder ဆိုတာတွေလည်း ရှိသေးတယ်။ သူတို့တွေက Online Resume Builder တွေမို့လို့ တစ်ခြား ဘာမှမလိုဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကို သူပေးထားတဲ့ Templates တွေထဲက ကြိုက်ရာကိုရွေးပြီး သူမေးတဲ့ အချက်အလက်တွေ ဖြည့်လိုက်တာနဲ့ နောက်ဆုံးမှာ Resume တစ်ခါတည်း တန်းထုတ်ပေးတယ်။ စမ်းကြည့်ချင်ရင် အောက်မှာ Online Resume Builder ဖန်တီးပေးတဲ့ နေရာတစ်ချို့ ဖော်ပြထားပါတယ်-
ခုလောက်ဆိုရင် လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် Resume တစ်ခုဖန်တီးဖို့ လိုအပ်မယ့် အခြေခံအချက်တွေ၊ အသုံးပြုနိုင်မယ့်နည်းလမ်းတွေ အတိုင်းအတာတစ်ခုထိ သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းမှုမှာ ပျော်ရွှင်စွာ ရပ်တည်နိုင်ကြပါစေ။
 
Maung Zin.

Easily Download APK Files from Google Play Store

ကျွန်တော့်မှာ Huawei c8600 အမျိုးအစား ဖုန်းတစ်လုံးရှိတယ်။ တော်တော်တော့ ဒိတ်အောက်နေပြီ။ ဒါပေမယ့်လည်း လောလောဆယ်ထိတော့ အဲ့ဖုန်းလေးကိုပဲ ဖတ်တွယ်နေရတုန်းပဲ။ သူနဲ့ပဲ အင်တာနက်သုံးရတယ်။ ခုရေးနေတဲ့ Posts တွေကလည်း သူ့ကျေးဇူးနဲ့ပဲ ရေးနိုင်တာပဲ။

i417P55RzjnkJon6Oxk5c37xMf7D45

Model ကတော်တော်ဟောင်းသွားတော့ ဒီဖုန်းက ခုလက်ရှိ ဖုန်းတော်တော်များမှာ သုံးနိုင်တဲ့ Android Apps တွေ သုံးလို့မရတော့ဘူး။ ဂိမ်းတော်တော်များများလည်း ဆော့လို့မရဘူး။ Google Play Services တင်လို့မရတာ အဆိုးဆုံးပဲ။ Facebook Apps ကတော့ ဒီလောက်ကြီး သိပ်မသုံးတော့ တင်လို့မရလည်း စိတ်မဝင်စားဘူး။

ပြဿနာက အဲ့မှာစတယ်။ Google Play Services တင်မရတော့ လိုချင်တဲ့ Updated Android Apps တွေ ဒေါင်းလုပ်ချရတာ မလွယ်တော့ဘူး။ Dolphin Browser သုံးပြီး ဝင်ပြန်တော့လည်း Compatiable ဖြစ်မဖြစ်စစ်ပြီး တစ်ခါတည်း Install တန်းလုပ်ခိုင်းတယ်။ Google Play တင်မရလည်း 1 mobile market ဆိုတာတော့ ရှိတယ်။ ဒါပေမယ့် သူက Google Play လောက် စုံစုံလင်လင်မရဘူး။ ထားပါတော့။ ပြဿနာတွေက ပြောရင်ကုန်နိုင်မယ် မထင်ဘူး။

လိုချင်တဲ့ အဓိက Target က Google Play Services တင်မရလည်း Google Play မှာရှိတဲ့ Apps တွေ Games တွေထဲက ကိုယ်လိုချင်တာတွေကို နောက်လည်း ပြန်သုံးလို့ရအောင် Offline Download ယူထားချင်တယ်။ တစ်ခြားသူတွေကိုလည်း Share ချင်တယ်။ မြင်သာမြင်ရ မကြင်ရတဲ့ ဘဝမျိုး မဖြစ်ချင်ဘူး။ အဲ့အတွက် နည်းရှိတယ်။

Evozi - သူက Android App Developer - သူ ဖန်တီးထားတဲ့ Online APK download app က သုံးရတာ တော်တော်လေး အဆင်ပြေတယ်။ Google Play Store မှာ ရှိနေတဲ့ Free ပေးထားတဲ့ Android apps အားလုံးကို one-click download လုပ်လို့ရအောင်  စီစဉ်ပေးထားတယ်။ အဲ့ဒီ Downloader App ကိုသုံးဖို့ အောက်က Link ကနေ သွားပါ-
http://apps.evozi.com/apk-downloader/

2014-02-16_18-16-25

စသုံးတော့မယ်ဆိုရင် Google Play Store က ကိုယ်လိုချင်တဲ့ App ရဲ့ URL ကို Copy ကူး -

2014-02-16_18-19-03

2014-02-16_18-20-56

ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း Google Play URL နေရာမှာ ထည့်ပြီး Generate Download Link ကိုနှိပ် -

2014-02-16_18-22-51

နောက် ခဏနေရင် ပေါ်လာမယ့် Click here to download ကနေ ဒေါင်းလုပ်ချလိုက်ရင် ကိုယ်လိုချင်တဲ့ Apps ရပြီ။

2014-02-16_18-23-40

သူ့ရဲ့လုပ်ထုံးလုပ်နည်းက ကျွန်တော်တို့တွေ URL ထည့်ပြီး Generate လုပ်လိုက်တာနဲ့ Google Play မှာ ရှိတဲ့ဖိုင်ကို Own Servers ဆီရောက်အောင် ဆွဲတင်ပြီး ဒေါင်းလုပ်ချလို့ရအောင် လုပ်ပေးတယ်။ တဆင့်ခံပြန်တင်ပေးတာမျိုးမဟုတ်ပဲ Google Play ကနေ တိုက်ရိုက်ဆွဲခေါ်ထားတာမို့လို့ တစ်ခြား Malware တွေပါမှာလည်း ပူဖို့မလိုတော့ဘူး။ တစ်ခုရှိတာ App Privacy ကို ထိန်းတဲ့အနေနဲ့ Google Play Store မှာ Free ပေးထားတဲ့ Apps တွေကိုပဲ ဒေါင်းလုပ်ချလို့ရမယ်။ ပိုက်ဆံပေးဝယ်မှ ရမှာတွေကိုတော့ ဒီနည်းနဲ့ ဒေါင်းလုပ်ချလို့ ရမှာ မဟုတ်ဘူး။

Maung Zin.

11Dreams.net To TechSectors

စာမရေးတာ နှစ်နဲ့ချီပြီး ကြာခဲ့တော့ စာတစ်ကြောင်းပြန်ရေးဖို့ကိုတောင် တော်တော်လေး အပြန်ပြန် အလှန်လှန် စဉ်းစားနေရတယ်။


မြန်မာနိုင်ငံပြန်ရောက်ပြီး နောက်ပိုင်း အကြောင်းအရင်း (၅)ခုကြောင့် စာမရေးဖြစ်ခဲ့ဘူး-
  • အင်တာနက် လက်တစ်ကမ်းမှာ မရှိဘူး။
  • Blog ကို ဇော်ဂျီကနေ ယူနီကုတ်ပြောင်းပြီးနောက်ပိုင်းမှာ Forum မှာ ဇော်ဂျီနဲ့ ဘလော့မှာ သုံးတဲ့ ယူနီကုတ်ကြား ပြဿနာတော်တော် တက်ခဲ့တယ်။
  • အရင်ကသုံးခဲ့တဲ့ Domain Name (11dreams.net) က Expired ဖြစ်သွားတော့ တစ်နှစ်စာ Register ပြန်လုပ်ဖို့ အဆင်မပြေတာနဲ့ အချိန်တစ်ခုစောင့်နေမိတယ်။
  • အရင်ရေးခဲ့တဲ့ ဖိုရမ်မှာလည်း အခုတော့ ရေးမယ့်သူလည်းမရှိ ဖတ်မယ့်သူလည်းမလာနဲ့ ဝင်မရေးဖြစ်တာ တော်တော်ကြာသွားတယ်။
  • ပြန်ရေးမယ်လုပ်ပြန်တော့ Blog မှာ Broken Links တွေ တအားများနေတာရယ် Themes တွေ ပြောင်းတာများပြီး ယူနီကုတ်ပြဿနာ ဖြစ်တာရယ်တွေနဲ့ အချိန်မပေးချင်တော့ ပစ်ထားလိုက်တယ်။
ဒါပေမယ့် စိတ်တိုင်းကျတဲ့ Themes တစ်ခု ပြီးခဲ့တဲ့လက တွေ့ခဲ့တယ်။ အမျိုးမျိုး စမ်းသပ်ကြည့်ပြီး သဘောကျတော့ အရင်ကရခဲ့တဲ့ PageRanks အပျက်ခံပြီး အားလုံး တစ်ကနေ ပြန်စခဲ့တယ်။ လောလောဆယ် -
  • ဖြည်းဖြည်းချင်း Blog က Broken Links တွေပြန်ပြင်နေတယ်။
  • အရင်က ပြဿနာဖြစ်နေတဲ့ Unicode ပြဿနာလည်း တော်တော်လေး အဆင်ပြေသွားပြီ။ ဘယ် Browsers နဲ့ ကြည့်ကြည့် ပုံမှန်မြင်ရပြီ။
  • အင်တာနက်သုံးဖို့လည်း ၁၅၀၀တန် SIM Card တစ်ခု မဲပေါက်တော့ အင်တာနက်လျှောက်ပြီးသုံးတာ အဆင်ပြေနေတယ်။
  • Domain Name ကိုလည်း ပြန်ပြီး Registration လုပ်ဖို့ ကြိုးစားနေတယ်။
  • တစ်ချိန်က လူကြည့်များပြီး အသုံးဝင်ခဲ့တဲ့ Articles တွေကို PDF Version ပြန်ပြောင်းဦးမယ်။
  • သိပ်မကြာခင် Articles တွေလည်း အရင်လို ပြန်ရေးနိုင်တော့မယ်။
TechSectors.

Related Posts