Crazier

Leave a Comment
ဘာမှန်းမသိတဲ့ အချစ်ဆိုတာက အဲဒီကောင်မလေးကို ဂရုစိုက်တတ်လာအောင် သင်ပေးတယ်။ ကောင်မလေး စိတ်ရှုပ်ရအောင် ဘယ်တော့မှ မလုပ်ရဘူးလို့ ကျွန်တော့်ကိုပြောပြတယ်။ သူစိတ်ညစ်စေမယ့် စကားတွေ ဘယ်တော့မှ မပြောရဘူးလို့ကျွန်တော့်ကို အမြဲ သတိပေးတယ်။ သူလိုအပ်ချိန်တိုင်းမှာ သူ့ကိုအမြဲဖြည့်ဆည်း ပေးနိုင်အောင် မင်းကြိုးစားရမယ်လို့ ကျွန်တော့်ကို အမြဲတွန်းအားပေးတယ်။ သူနာကျင်စေမယ့် အပြုအမူတွေ မင်းအမြဲရှောင် ရမယ်လို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ 



Class ကနေပြန်လာတော့ နှင်းတွေကျနေတယ်။ ဟုတ်တယ် မနေ့ကစပြီး နှင်းတွေစကျနေတယ်လေ။ နှင်းစကျတဲ့ညက သတိထားမိတော့ ညဘက် တော်တော်ညဉ့်နက်နေပြီ။ အပြင်မှာ နှင်းတွေဖွေးနေတာပဲ။ လမ်းဘေး ဓာတ်မီးတိုင်တွေရဲ့အောက်မှာ ကတ္တရာလမ်းတွေ အကုန်လုံးနှင်းဖွေးတွေနဲ့ စိုစွတ်နေကြတယ်။ ကားတစ်စီးတစ်စီးဖြတ်သွားလိုက်တိုင်း ခုနတုန်းက ဖွေးဖွေးဖြူနေတဲ့ နှင်းတွေ အကုန်ပျံ့လွင့်ကုန်ကြတယ်။ တချို့လည်း ကားဘီးတွေရဲ့ ဖိကြိတ်တွန်းသိပ််မှုတွေရဲ့အောက်မှာ ဘာစကားမှ မပြောနိုင်ပဲ အရည်ပျော် ပျောက်ဆုံးသွားကြတယ်။ ကျွန်တော်နှင်းတွေကို ချစ်တယ်။ နှင်းတွေပထမဆုံးစကျတဲ့ မနက်က အခန်းရှေ့က ကားပေါ်မှာ မနေ့ညက တစ်ညလုံး အိပ်ပျော်နေခဲ့ကြတဲ့ နှင်းခဲတွေကို ကျွန်တော့်လက်ထဲမှာ ထွေးဆုပ်ကြည့်ပြီး နှင်းကိုတစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ငယ့်ကို သတိရမိတယ်။ နှင်းတွေအကြောင်းပြောပြရင် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရတဲ့ ကလေးတစ်ယောက်လို သဘောကျတတ်တဲ့ ငယ် ... သူ့ကို ကျွန်တော့်ဘေးနားမှာ ရှိစေချင်လိုက်တာ။ နှင်းကို ငယ်လည်းချစ်သလို ကျွန်တော်လည်း ချစ်တယ်။ နှင်းကို မချစ်တဲ့သူဆိုတာရော ရှိရော ရှိလို့လား။ ကျွန်တော်မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ နှင်းတွေက ဖြူစင်တယ်လေ။ အေးချမ်းတယ်။ လူဆိုတာက ဖြူစင်မှူကို မြတ်နိုးကြတယ်။ အေးချမ်းမှူကို လိုလားကြတယ်။ အခုဆိုရင် ကျွန်တော့် အခန်းပြူတင်းပေါက်ဘောင်ပေါ်မှာ၊ ကျွန်တော့် အခန်းရှေ့မှာ၊ ကျွန်တော် သွားတဲ့လမ်းတစ်လျှောက်က ကားလမ်းမပေါ်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ ပတ်ဝန်းကျင်တစ်ခုလုံး ပေါ်က တိုက်တွေရဲ့ ခေါင်မိုးတွေ ... ရေတလျှောက်တွေပေါ်မှာ၊ သစ်ရွက်တစ်ရွက်မှ မရှိတော့တဲ့ အရိုးပြိုင်းကျ သစ်ပင်တွေရဲ့ ပင်စည် သစ်ခက်တွေပေါ်မှာ၊ အရာအားလုံးက ဖြူစွတ်ဖွေးမြတဲ့ နှင်းတွေရဲ့ အသားတကျနေရာ ယူမှူတွေနဲ့။ နှင်းကျတဲ့ နေ့တွေဆိုရင် ကျွန်တော် class မတက်ချင်ဘူး။ နှင်းတွေအရမ်းကျတော့မယ်ဆိုရင် ကျွန်တော်မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်းတစ်ဆုံးက နေရာတွေထိ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်ကျလာတတ်တယ်လေ။ ကျွန်တော် အဲဒီအချိန်ဆိုရင် မီးဖိုခန်းနားက ပြူတင်းပေါက်ဘေးနားလေးမှာ ရပ်ပြီး နှင်းတွေတဖြည်းဖြည်းကျလာတာကို ကြည့်ချင်တယ်။ နှင်းတွေ တဖွဲဖွဲကျလာတာကို မြင်နေရရင် ကျွန်တော် ငယ့်ဘေးနားကို ပြန်ချင်တယ်။ နှင်းတွေမှာသာ နားလည်တတ်တဲ့ မျက်ဝန်းတစ်စုံရှိမယ်ဆိုရင် ကျွန်တော် ဘယ်သူ့ကို လွမ်းနေတယ်ဆိုတာ ကျွန်တော့် မျက်ဝန်းတွေကနေတစ်ဆင့် သူတို့ သိကြမှာပါ။ အချစ်ဆိုတာ အရမ်းကိုထူးဆန်းပါတယ်။

ဘာမှန်းမသိတဲ့ အချစ်ဆိုတာက အဲဒီကောင်မလေးကို ဂရုစိုက်တတ်လာအောင် သင်ပေးတယ်။ ကောင်မလေး စိတ်ရှုပ်ရအောင် ဘယ်တော့မှ မလုပ်ရဘူးလို့ ကျွန်တော့်ကိုပြောပြတယ်။ သူစိတ်ညစ်စေမယ့် စကားတွေ ဘယ်တော့မှ မပြောရဘူးလို့ကျွန်တော့်ကို အမြဲ သတိပေးတယ်။ သူလိုအပ်ချိန်တိုင်းမှာ သူ့ကိုအမြဲဖြည့်ဆည်း ပေးနိုင်အောင် မင်းကြိုးစားရမယ်လို့ ကျွန်တော့်ကို အမြဲတွန်းအားပေးတယ်။ သူနာကျင်စေမယ့် အပြုအမူတွေ မင်းအမြဲရှောင် ရမယ်လို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။

အပြင်မှာ နှင်းတွေကျနေပြန်ပြီ။ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက် အဆောင်ရှေ့က နှင်းတွေဖွေးနေတဲ့ မြေကွက်လပ်လေးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် နှင်းခဲတွေနဲ့ ပစ်ပေါက်ပြီး ဆော့နေကြတယ်။ အချိန်ကတော့ ဒီမှာ ည ၁၁ နာရီ ထိုးနေပြီ။ သူတို့တွေ မအိပ်ကြသေးဘူးလေ။ သူတို့ဘေးနားမှာ မှီခိုရမယ့် ပခုံးတစ်စုံရှိလို့ သူတို့အိပ်ဖို့မစဉ်းစားမိကြသေးတာလား။ ငယ်ရော ... အခုအိပ်နေပြီလား။ ကျွန်တော်ကရော .... ??? မိုးလင်းတော့မယ် ထင်ပါရဲ့။


KznT. 

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts