Creative Commons Licenses and Their Usages

Leave a Comment


Creative Commons အကြောင်းရေးဖို့ လွန်ခဲ့တဲ့ (၄)လလောက်က စိတ်ကူးစရတယ်။ စိတ်ကူးရမိခြင်းရဲ့ အကြောင်းက ဖတ်နေကျ Digital Inspiration မှာ Which Creative Commons License is Right for me?ဆိုတဲ့ ဆောင်းပါးကို ဖတ်မိခဲ့ရာကနေ စတယ်လို့ ဆိုရမယ်။ ဘယ်နေရာကြည့်ကြည့် CopyRight ဆိုတာတွေ တအားပေါများနေတဲ့ ခေတ်မှာ Creative Commons License ဆိုတာလေး ရှိနေသေးတာက စိတ်ထဲမှာ နည်းနည်းလေး အသက်ရှုချောင်သွားသလို ခံစားရတယ်။ 

ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က ခုချိန်ထိ Creative ဖြစ်တဲ့ အဆင့်ကို မတက်နိုင်သေးဘူး။ တက်ဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ ခုလိုချိန်ထိ စုတုပြုတွေ အများကြီး လုပ်နေရတုန်း။ အရင် ဘလော့စရေးချိန်ကဆိုရင် စုတုပြုတောင် မလုပ်နိုင်ဘူး။ ခိုးကူးရူး အဆင့်နဲ့ စခဲ့တာ။ အခုလည်း ဘလော့မှာရေးသမျှ အကြောင်းအရာတွေကို ပုံတူကူးတာ၊ ဘာသာပြန်ရေးတာမျိုး တတ်နိုင်သမျှ နည်းအောင်နဲ့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ရေးနိုင်တဲ့ အနေအထားရောက်အောင် ကြိုးစားနေတယ်။ 


ဒါပေမယ့် ခုချိန်ထိ ဘလော့မှာ သုံးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Screenshots တွေ၊ Screencasts တွေက အင်တာနက်ကနေ Creadit ပေးပြီး ယူသုံးနေရဆဲပဲ။ ဒီနေရာမှာ Creadit ပေးတယ်လို့ လွယ်လွယ်ပြောလိုက်ပေမယ့် Creadit ပေးတယ်ဆိုတဲ့ စကားကို ဘယ်လောက်ထိ နှိုက်နှိုက်ချွတ်ချွတ် နားလည်ထားသလဲလို့ မေးလာရင် ရိုးသားစွာနဲ့ "ဟင့်အင်း" လို့ပဲ ဖြေရလိမ့်ဦးမယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာကိုယ် ပြင်ဆင်နိုင်ဖို့ နဲ့ နောင်တစ်ချိန်မှာ ပြောင်းလဲလာတော့မယ့် နည်းပညာရေစီးကြောင်းမှာ အလိုက်သင့် မျောပါနိုင်ဖို့ Creative Commons License ရဲ့ သဘောတရားနဲ့ အသုံးပြုနည်းတွေကို လိုက်ရှာဖတ်ခဲ့တယ်။ 

ဖတ်ပြီးလို့ အတန်အသင့် နားလည်ခဲ့တဲ့နောက်မှာ နားလည်တဲ့အတိုင်း လက်ဆင့်ကမ်းနိုင်ဖို့ စိတ်ကူးထပ်ရတယ်။ ဒါပေမယ့် ဒီအကြောင်းကို စမရေးခင် ကိုယ့်အရင် အင်တာနက်ထဲ ဘယ်သူများ ရေးထားဖူးတာရှိမလဲဆိုပြီး ရှာကြည့်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ ပန်ဒိုရာဘလော့မှာ ကိုပုထုဇဉ် တစ်ချိန်က ရေးခဲ့တဲ့ Creative Commons License အကြောင်း ဆောင်းပါးတွေ ဝေမျှထားတာ တွေ့ခဲ့ရတယ်။ မူရင်းစာရေးသူ ကိုပုထုဇဉ်ဘလော့ကတော့ မရှိတော့ဘူး။ ရှိမလားလို့လည်း Google မှာ နည်းမျိုးစုံနဲ့ ရှာကြည့်သေးတယ်။ မတွေ့ခဲ့ဘူး။ အဲ့တော့ သူ့နာမည်ကိုပဲ Credit ပေးနိုင်တော့တယ်။ ပြန်လည်ဝေမျှပေးတဲ့ ပန်ဒိုရာဘလော့ က စာရေးသူကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ သူသာ တဆင့်ပြန်ပြီး မဝေမျှခဲ့ရင် အင်တာနက်ထဲမှာ ဒီလိုအဖိုးတန်တဲ့စာ ရှိခဲ့ပါလားဆိုတာတောင် သိခွင့်ရမှာ မဟုတ်ဘူး။ 

စာရေးသူ ကိုပုထုဇဉ်ဟာ Creative Commons License နဲ့ပတ်သတ်ပြီး စာဖတ်သူနားလည်အောင် သူတတ်နိုင်တဲ့အစွမ်းနဲ့ အချိန်အမြောက်အများပေးပြီး ကြိုးစားခဲ့တာ တွေ့ရတယ်။ တကယ်ကို အံ့သြဝမ်းသာမိပါတယ်။ သူ့ကြိုးစားမှုကြောင့် နားမလည်သေးတာတွေ အများကြီး နားလည်ခဲ့ရသလို ဒီအကြောင်းအရာကို လေ့လာချင်မယ့် သူတွေအတွက်လည်း မပျောက်မပျက်ရအောင် PDF စာအုပ် တစ်ခု အဖြစ် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ခုရှိတာ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက ၂၀၀၈ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ ရေးခဲ့တာဆိုတော့ သဘောတရားရေးရာ မပြောင်းလဲပေမယ့် အချက်အလက်ပိုင်းဆိုင်ရာ Update ဖြစ်ဖို့ မသေချာတော့ဘူး။ Creative Commons licenses နဲ့ပတ်သတ်ပြီး လက်ရှိ Update ဖြစ်တဲ့ အကြောင်းအရာကို လေ့လာချင်ရင်တော့ CC Poland က Comic poster ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

 
စာအုပ်ကိုတော့ အများသူငါ ဖတ်ရလွယ်အောင်နဲ့ လိုအပ်ရင် ဒေါင်းလုပ်ချပြီး သိမ်းထားနိုင်အောင် Google Drive မှာ တင်ပေးထားတယ်။ အောက်မှာ ယူနိုင်ပါတယ်။


TechSectors.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts