အခန်း ( ၄ )( ၂ ) ဆင့်ထပ်ထားတဲ့ မှန်ပြူတင်းရဲ့ အပြင်ဘက်ထောင့်တစ်နေရာဆီက ယဉ်ပါးနေခဲ့ပြီးသား သစ်ပင်ရိပ်အောက်ဆီ တစ်ချက်ငဲ့ကြည့်မိတော့ အရင်လို လဲလျောင်းနေဆဲ သစ်ရွက်ခြောက်တစ်ချို့နဲ့ ရော်ရင့်ပျက်ကြွေခါစ ဝါရင့်ရင့် ရွက်ရင့်ဟောင်းတစ်ချို့ ... တစ်ညနေစောင်းခဲ့တိုင်း အဲ့နေရာလေးဆီမှာ ကလေးတစ်ချို့ ခေါက်တုန့်ပြေးလွှား ဆော့ကစား နေတတ်ကြတယ် .. တစ်ခါတစ်လေတော့လည်း သူငယ်ချင်းမှန်း ၊ ချစ်သူမှန်း ဝေခွဲရခက်တဲ့ ကောင်မလေး နဲ့ ကောင်လေး တစ်ချို့ ရောက်ရှိနေတတ်ကြတယ် ... အခုရော ...
ခုလည်း ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် ရောက်နေကြပြန်ပြီ ..
သူတို့ ချစ်သူတွေများ ဖြစ်နိုင်ကြမလား ... ဟင့်အင်း ... ကျွန်တော် မသိဘူး ...
ခပ်အုပ်အုပ်ဆိုင်းနေတဲ့ မိုးသားတစ်ချို့ဆီက မျှော်လင့်မထားတဲ့ မိုးစက်တစ်ချို့ ခပ်သုတ်သုတ် ကြွေကျတော့ ကောင်မလေး ရုတ်ခနဲ ထပြန်ဖို့ ပြင်တယ် ...
ဟင့်အင်း ... မပြန်ပါနဲ့ဦး ...
မင်းတို့တွေကို ကြည့်နေရင်းနဲ့ ငါ ခဏလောက် လွမ်းနေချင်လို့ပါ ...
ကောင်မလေး မတ်တပ်ရပ်တော့ ကောင်မလေးရဲ့ လက်တစ်ဖက်ကို လှမ်းဆုပ်ပြီး ကောင်လေး ကမန်းကတန်းထရပ်တယ် ... သူတို့ ( ၂ ) ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာခဲ့တော့ မလိုပဲ ...
သူတို့ ချစ်သူတွေပဲ နေမှာပါ ...
မိုးနဲ့အတူ လေပြေအေးအေး ခပ်ဆတ်ဆတ်တိုးတော့ ကောင်မလေးရဲ့ ပခုံးသား ၂ ဖက် မသိမသာ လှုပ်ခတ်သွားတယ် ...
သူချမ်းနေပြီနေမှာ ...
နှုတ်ခမ်းအလှုပ်ကို ဘာသာပြန်ကြည့်တော့ " ပြန်ကြရအောင် နော် " လို့များ သူ ပြောနေတာလား ...
ခဏလို့ ကောင်လေး ပြောပြီး သူ့ ဘေးလွယ်အိတ်ထဲဆီကို လက်သွင်းလိုက်တယ် ...
လက်ပြန်အရုတ်မှာ ကျွန်တော် မျှော်လင့်မထားတဲ့ ပါဆယ်ဗူးလေး တစ်ဗူး ...
သူ ကောင်မလေးရဲ့ လက်တစ်ဖက်ကို ပြေလျော့လျော့ဆွဲပြီး အဲ့ဗူးလေး ထည့်ပေးလိုက်တယ် ...
မင်းအတွက်တဲ့ ...
Ohhhh !! ကြည်နူးဖို့ ကောင်းလိုက်တာ ... ထင်မှတ်မထားတဲ့ လက်ဆောင်ပစ္စည်း တစ်ခုအတွက် ကောင်မလေး ပျော်နေတယ်ခဲ့တယ် ဆိုတာ သူ့မျက်နှာပြင် တစ်ခုလုံးက နေရာမလပ်ဖော်ပြနေကြတယ် ...
အင်းပေါ့ ...
" ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု ... " ဆိုတာ သူပိုင်ဆိုင်ခဲ့ပြီပဲ
အဲ့ပစ္စည်းရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိနိုင်မလဲ .. ကျွန်တော် မသိနိုင်ပါဘူး ...
တကယ်တော့ သိဖို့လည်း မလိုအပ်ပါဘူးလေ ...
အဲ့ထဲမှာ ... တန်ဖိုးဖြတ်လို့ မရတဲ့ ... နှောင်တွယ်မှု နဲ့ ချစ်ခြင်းတရား ဖြည့်ဆည်းပါဝင်နေခဲ့ပြီပဲ ...
နောက်ထပ် ဘာလိုဦးမှာ မို့လို့လဲ ...
အခန်း ( ၅ )
" ကို့အတွက် ဘာလိုလဲ ...
ကိုလိုချင်တဲ့ ကို့ အတွက်လိုတာတွေ ငယ့်ကို ပြောပြလေ ...
ကို့အတွက် လိုအပ်မယ့် ဟာတွေပဲ ငယ် ဝယ်ပေးချင်တယ် ...
ကိုယ့်ဘာသာ စိတ်ကူးပြီး ဝယ်ခဲ့လိုက်လို့ တကယ်တမ်း ကို့အတွက် မလိုတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာမျိုး ငယ်က မဖြစ်ချင်ဘူး ... "
ငယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကို ဘာလိုချင်လဲ မေးတဲ့ အခါတိုင်း ကျွန်တော် နှုတ်ပိတ်ခေါင်းရမ်း ဖြစ်ခဲ့တယ် ...
" ဟင့်အင်း .. ကို့အတွက် ဘာမှ မလိုပါဘူး "
ကျွန်တော် တကယ်ရော မလိုအပ်ခဲ့ဘူးလား ... ကျွန်တော့် လိုအပ်ချက်တိုင်း သူ့ကို တောင်းဆိုဖို့ဆိုတာ ကရော ယောကျာင်္းတစ်ယောက်အနေနဲ့ ဖြစ်သင့်ရဲ့လား ...
ဒီလွန်ဆွဲမှုရဲ့ ကြားမှာ ကျွန်တော့်တောင်းဆိုမှုနဲ့ ကျွန်တော့်အတွက် လိုအပ်မယ် ထင်တာတွေထဲက
သူမပင်ပန်းရအောင် ဘီး ( ၂ ) ချောင်းနဲ့ ဇွန်းခက်ရင်း ( ၂ ) စုံ ကျွန်တော်တောင်းခဲ့ဖူးတယ် ...
ကျွန်တော် ဘာလိုချင်တယ်ဆိုတာ ဖွင့်ပြောခဲ့သင့်တာလား ...
ဟင့်အင်း .. ကျွန်တော်လိုချင်ခဲ့တာ
" ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ် လာမယ့် နွေးထွေးမှု ... " တစ်ခုပါ ...
အခန်း ( ၆ )ကျွန်တော် သတိရနေမိတယ် ...
အဲ့ဒီ့နေ့က သူ့ဆီကို သွားတော့ သူ့လက်ထဲမှာ သိုးမွှေးထိုးတံလို အတံလေး တစ်ခု ၊ ချည်လုံးတစ်ချို့နဲ့ အလုပ်ရှုပ်နေခဲ့တာ ... သေချာဂရုစိုက်ကြည့်မိတော့ ပိုက်ဆံအိတ်တစ်ခုဖြစ်ဖို့ ရောင်စုံကြိုးလေးတွေ သီပြီး သူထိုးနေတာပါ ... အရောင်ဆက်စပ်မှုကိုပဲ ကြည့်ကြည့် ... နုရွမှုကိုပဲ ကြည့်ကြည့် ... မိန်းကလေး တစ်ယောက်အတွက်ပဲ သင့်တော်မယ့် ပိုက်ဆံအိတ်တစ်အိတ်မှန်း ကျွန်တော် သိပါတယ် .. ဒါပေမယ့် ကျွန်တော် အဲ့ဒီ့ ထိုးလက်စ ပိုက်ဆံအိတ် သေးသေးလေးကို ကြည့်ရင်း ကျွန်တော် အလိုချင်ခဲ့ဆုံး
" ကို့အတွက် ... " ဆိုတဲ့ စကားတစ်ခွန်းကို ကြားချင်နေခဲ့တယ် ... ရူးတယ်လို့ပဲ ဆိုပါတော့ ... ဟုတ်တယ် ... အဲ့ဒီ့ ကျွန်တော်နဲ့ မသင့်တော်တဲ့ အိတ်တစ်ခုကိုမှ ကျွန်တော် လိုချင်နေမိတယ် ... ဟင့်အင်း ... ကျွန်တော် အိတ်ကို လိုချင်တာ မဟုတ်ပါဘူး ...
သူ့လက်တွေနဲ့ ထိတွေ့နေခဲ့ဖူးတဲ့ အဲ့ဒီ့ပိုက်ဆံအိတ်ပေါ်က ကြိုးမျှင်မျှင် လေး တွေကို သိမ်းထားခဲ့ချင်တာပါ ...
မသိနားမလည်တဲ့ ယောကျာင်္းတစ်ယောက်ရဲ့ အမူအရာမျိုးနဲ့ မျက်မှောင်ခပ်တွန့်တွန့် ချိုးပြီး သူ့လက်ထဲက အိတ်လေးရဲ့ အနာဂတ်ကို မေးကြည့်ဖြစ်တယ် ...
ကျွန်တော့်အတွက်များ သူရည်ရွယ်ထားလေသလား ... ??
" အစ်မတစ်ယောက်က ငယ်ထိုးထားတဲ့ အိတ်လေးကိုတွေ့ပြီး သူလည်းလိုချင်တယ်ဆိုလို့ .. အဲတာသူ့အတွက် ထိုးပေးနေတာ " ....သြော် ....
ကျွန်တော် မဟုတ်ခဲ့ဘူးပဲ ...
သိပ်ချစ်ဖို့ ကောင်းတဲ့ ငယ်က ရွှတ်နောက်နောက်နဲ့တောင်
" ကို့အတွက် ... " လို့ဆိုပြီး ကျွန်တော့်ကို မစခဲ့ပါဘူး ...
ကျွန်တော် မငြိုုငြင်ရက်ပါဘူး ...
ဟင့်အင်း .... ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်နဲ့ မလိုက်ဖက်တဲ့ ပိုက်ဆံအိတ်တစ်အိတ်အတွက် ကျွန်တော့်ကို ပေးဖို့ သူဘယ်တော့မှ စဉ်းစားခဲ့ပုံမရဘူးလေ ...
ငယ် မှန်ပါတယ် ... မဟုတ်ရင် ကျွန်တော် အဲ့ဒီ့ ပိုက်ဆံအိတ်တစ်အိတ်ကို ကိုင်ဖို့တော်တော်အားမွေးရဦးမှာ ...
အခန်း ( ရ )အဲလိုနဲ့ အဲ့ဒီ့နေ့ညက ကျွန်တော် အိပ်ပျော်သွားတော့ အိပ်မက်တစ်ခု မက်တယ် ...
ကျွန်တော့် အိပ်ယာဘေးမှာ ငယ် ငုတ်တုတ်လေးထိုင်လို့ .... အိပ်မက်ထဲမှာ ရုတ်တရက် မျက်လုံးဖွင့်ကြည့် တော့ သူ ကျွန်တော့်ကို ခပ်ဖွဖွ ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ် ...
" ကို့ အတွက် .... "
ကျွန်တော့်လက်ထဲ ငုံ့ကြည့်မိတော့ ဘာပစ္စည်းမှ ရှိမနေဘူး ...
ဒါပေမယ့် ...
သူ့ လက်တစ်စုံတော့ ရှိနေခဲ့တယ် ... ။။
KznT.