A Town from my Heart

Leave a Comment

 စိမ်းမြလှပတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ ကြားကို ကျွန်တော် ရောက်သွားတော့ ဒီရင်ဘတ်တစ်ခုလုံး အေးမြ စိမ်းလန်းသွားတယ် …. သဘာဝ ဆိုတဲ့ ဖန်တီးမှုမပါတဲ့ ဖြစ်တည်မှုတွေရဲ့ ကြားထဲက တိုးထွက်လှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ကျွန်တော် ချစ်တယ် … ငြိမ်းချမ်းအေးမြ တဲ့ ရှင်းသန့်တည်တံ့မှုကို ကျွန်တော် မြတ်နိုးတယ် … တကယ်တော့ ကျွန်တော် မြန်မာမှုအငွေ့အသက် မြန်မာ့ရေမြေသဘာဝတွေရဲ့ ကြားထဲ က ဝေးကွာပြေးထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမယဉ်မိတဲ့ လူတစ်ယောက်ပါ …. လမ်းတစ်ချက်အကွေ့မှာ လှုပ်ခါယိမ်းခတ်သွားတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကို သတိထားမိတော့ ကျွန်တော် အလုံပိတ်ကားတစ်စီးရဲ့ မျက်နှာစာ အတွင်းဘက်မှာပါလား … လဲ့ဖြာစိမ်းလန်းနေတဲ့ မြက်ခင်းပြင် တွေပေါ်က အေးမြစွတ်စိုမှုကို ကျွန်တော် ငေးကြည့်မိတော့ ကျွန်တော် သူတို့ရှိရာဆီသွားပြီး တို့ထိကြည့်ချင်လိုက်တာ … သူတို့တွေ ဒီရေမြေ ပေါ်မှာ အသစ်ပြန်လည် ဖြစ်တည်ခဲ့ကြတာ .. ဘယ်နကြိမ် ဘယ်နခါများ အခွင့်တိုင်ခဲ့ပြီလဲ .. ဒီနေရာနဘေးက ဖြတ်သွားခဲ့တိုင်း အမှုမှတ် ဖြတ်ကျော်သွားမိတဲ့ ကျွန်တော် … ဒီရေမြေကို ချစ်ပါတယ်လို့ ရင့်ကျူးတည်တံ့ပိုင်ခွင့် ရှိနိုင်သေးပါရဲ့လား …..


လမ်းတစ်ဖက် တစ်ချက်ကို မျှော်ကြည့်မိတော့ ဖြတ်သိမ်းရိတ်သင် ပြီးသွားတဲ့ စပါးခင်း ညိှုးခြောက်ခြောက်တွေ … ဒီဒေသမှာ ကျွန်တော် သတိ ထားခဲ့မိသလောက် လယ်ယာစိုက်ပျိုးရေး အတွက် နွားအစား ကျွဲတွေ သုံးကြတာ တွေ့ရတယ် … ကောက်ရိုးပုံချင်းတူပေမယ့် သူတို့ကောက်ရိုး ပုံက တစ်မျိုးအမြင်ဆန်းနေသလိုပဲ … ဟိုးအဝေးတစ်နေရာမှာ မြင်တွေ့နေရတဲ့ ခပ်ရိပ်ရိပ်တောင်တန်းတွေရဲ့ အခြေတစ်နေရာမှာ ခုလို သွေ့ခြောက်နွမ်းပါးတဲ့ ရိတ်သိမ်းပြီး လယ်ခင်းတွေ ရှိနေနိုင်လိမ့်မယ်လို့ ဘယ်သူတွေးမိနိုင်မှာလဲ … သွေ့ခြောက်မှုနဲ့ စိမ်းလန်းမှု ဆိုတဲ့ ခေါင်းစဉ်တွေအကြောင်း ကျွန်တော်ဆက်စပ်ကြည့်မိတော့ ပျောက်ဆုံးသွားတဲ့ လတ်ဆတ်မှုတစ်ခု ကျွန်တော် မြင်လိုက်ရတယ် .. တစ်ချိန်တစ်ခါ တုန်းက ကမ္ဘာကြီးပေါ်မှာ လူသားတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ပဲ သဘာဝမဆန်တဲ့ ဟောင်းနွမ်းသွေ့ခြောက်မှုမျိုး ရှိနေခဲ့ဖူးပါသလား … မြင့်မားတိုးတက် လာခဲ့တဲ့ လူ့သမိုင်းကြောင်း ဖြစ်တည်မှုရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အားလုံး အမှုမဲ့အမှတ်မဲ့ ပျော်ဝင်ခဲ့ကြတယ် … သူတို့အားလုံး ကျော်ဖြတ်ထိုးတက် သွားကြတယ် … ဒါပေမယ့် ကျွန်တော်တို့တော့ မူရင်းအတိုင်း ရပ်မြဲရပ်နေဆဲပဲ … ကျွန်တော် ရှေ့များတိုးမိခဲ့သလား .. ကျွန်တော် လက်ပြတော့ သူအစာရှာကနေ မော့ကြည့်တယ် .. သူ့အကြည့်တွေက နဲနဲ ပင်ပန်းနေသလိုပဲ … သူ့ခေါင်းထက်က ချီပိုးထားရတဲ့ ချိုနှစ်ခု ကြောင့် လည်းထင်ပါရဲ့ ……



ဒီမြို့လေးမှာ ကျွန်တော် မနက်တိုင်း တစ်နေ့ကို ၂ ကြိမ် မနက်တစ်ခေါက် ညနေတစ်ခေါက် ဒီကန်ပတ်လမ်းလေး အတိုင်း အမြဲလျှောက်ဖြစ် တယ် … စိမ်းမြလှုပ်ခတ်တဲ့ ကန်ရေပြင်ပေါ်က ပြေးထွက်တိုးခတ်လာတဲ့ လေနုအေး တွေ …… သူတို့ ကျွန်တော့်ရင်ဘတ်ထဲ ပြေပြေအေးအေး တိုးဝင်လာတော့ ငယ့်ကို သတိရလိုက်တာ … ဟင့်အင်း မဟုတ်သေးဘူး … အဲ့အချိန်က ကျွန်တော် ငယ့်ရင်ခွင် ထက်မှာ နေရာတစ်ခုရယူနိုင်ဖို့ လှုပ်ရှားပြေးလွှား နေရတုန်း ….



ကန်ဘေးပတ်လည်က ပလတ်စတစ်ထိုင်ခုံဖြူဖြူလေးတွေ …. ကျွန်တော် သူတို့တွေနဲ့လည်း မနက်ခင်းတိုင်းမှာ အတူ ရှိနေခဲ့ဖူးတယ် … လက်ဖက်ရည် ကျစိမ့်တစ်ခွက်မှာတော့ ပြည့်ဖောင်းသွယ်ဝန်းတဲ့ အပြုံးချိုချိုနဲ့ ကောင်မလေးတစ်ယောက် … အိမ်ဆိုင်ဖြစ်မလားတော့ မသိ … သူတော်တော် ချစ်ဖို့ကောင်းတာတော့ သိတယ် … သဘာဝတရားရဲ့ ပေးအပ်မှုလား … မိန်းကလေးတစ်ယောက် ချစ်ဖို့ ကောင်းရင် အသိအမှတ်ပြု ငေးကြည့် ဖြစ်တယ် …. ခပ်ရိုးရိုးပါ … ရင်ဘတ်ထဲတော့ သူတို့တိုးဝင်မလာနိုင်ခဲ့ပါဘူး … အထဲမှာ နတ်သမီးရှိတယ်လေ … :)

ကန်ရေပြင်ပေါ်ကဖြတ်ပြီး ပြာလဲ့ရွှန်းစိုတဲ့ ကောင်းကင်အောက်ကို တိုးဝင်ကြည့်မိရင် ဒီမြို့လေးမှာ ရှင်သန်နေရတာ အဓိပ္ပါယ် ပြည့်စုံသွားသလိုပဲ …. ဟိုးခပ်ဝေးဝေးမှာ မြင်နေရတာ ဒီမြို့ရဲ့ ရပ်တော်မူ ဘုရား - 

 ကျွန်တော် တစ်ယောက်တည်း မနက် စောစော ဘုရားပေါ်ရောက်သွားတော့ ဆိုင်ခန်းတွေ ဈေးတန်းတွေ ဘာတစ်ခုမှ မတွေ့ရသေးဘူး …. ရန်ကုန်မှာတော့ ဘုရားတက်ရင် ပန်းသည်တွေရဲ့ တစ်ယောက်နဲ့ တစ်ယောက် ပန်းဝယ်သွားကြဖို့ ဟစ်အော် ဆော်သြသံတွေ … ဘယ်အချိန် ဘယ်အခါသွားသွား ပေါ်ထွက်ပြည့်နှက်လို့ … ငယ်နဲ့တူတူ ရွှေတိဂုံဘုရားမှာ ဘုရားပန်းဝယ်ခဲ့ဖူးသေးတယ် … ဈေးတော့ အတော်များတာပဲ … ဒါပေမယ့်လည်း ကြည်နူးစရာတော့ ကောင်းသား … haha



ကျွန်တော် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကနေကြည့်ကြည့်ရင် ကန်ရဲ့တစ်ခြားဘက်ခြမ်း တည်နေရာကို ခုလိုလှမ်းမြင်ရတယ် … ဒီအချိန်သာ တိမ်ရှင်းကြည်စင်နေတာ … ကျွန်တော် ရှိနေခဲ့ဖူးတုန်းကတော့ မနက်စောစောဆို မြူတွေဆိုင်းလို့ … လေတစ်ချက်တိုးရင်တောင် ကော်ဖီခွက် နှုတ်ခမ်းသားတွေဆီ မြူမှုန်တစ်ချို့ ရိုက်ခတ်တိုးဟပ်သွားတတ်ကြသေးတယ် …



မြို့ရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား …. ကျွန်တော့်အိမ်နဲ့ နီးလို့ ညနေ ( ၅ ) နာရီထိုးတိုင်း ဘုရားရှိရာဆီ လမ်းလျှောက်သွားပြီ ပုတီးစိတ်ဖြစ်တယ် … အထဲမှာ တော်တော်လေး စိတ်ငြိမ်တယ် … ဘုရားဖူးသူရှိပေမယ့် ရုံးပိတ်ရက်တွေ လောက်ကလွဲရင် ညနေပိုင်း လူသိပ်ရှိတာ မတွေ့ရဘူး … ဆူးလေစေတီ လိုပဲ … လမ်းဆုံလမ်းခွမှာ တည်နေတာမို့လို့ ဘုရား ပရဝုဏ်ကတော့ အတော်လေး ကျဉ်းတယ် … ပုတီး စိတ်ပြီးလို့ ဘုရားကို လကျာင်္ရစ် တစ်ပတ်ပတ်တော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ …

သြော် … ဘေးနားမှာ ငယ်ရှိမနေလို့ပါ … :) သူ့ကိုသာ ပြောပြဖြစ်ရင် ဘုရားကိုတစ်ယောက်တည်း သွားလို့ ကျွန်တော့်ကို ဆူနေမလား မသိ … ဘယ်ဟုတ်ပါ့မလဲ … ကျွန်တော်သွားတိုင်း သူ့ကိုလည်း ခေါ်မှာပေါ့ … ဘာလဲ လွမ်းသွားပြီလား … အင်းဟုတ်တယ် ကျွန်တော်လည်း လွမ်းနေ တယ် … :)



ညနေ နေစောင်းရင်တော့ အရာအားလုံးက အေးဆေး ငြိမ်သက်မှုတွေနဲ့ …
ကန်ရေပြင်လည်း မနက်ကလိုပဲ … ငြိမ်သက်အေးချမ်း နေဆဲ ….
လက်ဖက်ရည် ဆိုင်လေးတွေလည်း မနက်ကလိုပဲ … ဖြေးဆေးသက်ဝင်နေဆဲ ….
ဟိုခပ်လှမ်းလှမ်းက ထန်းပင် နှစ်ပင်လည်း … အရင်လို မားမားမတ်မတ် ရှည်ကြာတည်တံ့နေကြဆဲ ….

တကယ်တော့ ဒီမြို့လေးမှာ ကျွန်တော်နေခဲ့ဖူးတာ ( ၁၀ ) ရက် မပြည့်ခဲ့ပါဘူး .. ဒါပေမယ့် နေရာတော်တော် များများ ကျွန်တော် ရောက်ခဲ့ဖူးပြီ . ဒီမြို့လေးရဲ့ သဘာဝ တော်ဝန်ပန်းချီတော်တော် များများ ကို လည်ပတ်ရှုမြင် ခဲ့ဖူးပြီ … မြို့တစ်မြို့ရဲ့ အေးမြငြိမ်သက်မှုတွေ ကျွန်တော် ရက်ပိုင်း လေးလောက်ခံစားခဲ့ရတာ မှန်ပေမယ့် သူ့ရဲ့ ငြိမ်သက်အေးချမ်းလှတဲ့ သဘာဝပန်းချီကားတွေ ကျွန်တော် ခုထက်ထိ မမေ့နိုင်ခဲ့သေးဘူး …



တစ်နေ့နေ့ပေါ့ …..
အဲ့မြို့လေးမှာ ကျွန်တော်ရယ် ….
သူရယ် ….
ကျွန်တော့် မိဘတွေရယ် ….
သူ့မိဘတွေရယ် ….
ကျွန်တော်တို့ရဲ့ မျိုးဆက်တွေရယ် ….
နေဝင်ချိန်တိုင်း အနာဂတ်တစ်ခုကို မျှော်ကြည့်ရင်း ….



သြော် မေ့လို့ … အဲ့မြို့လေးကို … “ ရင်ဘတ်ထဲက မြို့ “ လို့ ကျွန်တော်နာမည် ပေးလိုက်တယ် .....

KznT.
Photos From Google Earth.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts