How to Choose Strong Passwords

Online ပေါ်မှာ လည်ပတ် သွားလာမယ် ဆိုရင် Password တွေရဲ့ လုံခြုံရေးကို အရေးစိုက်သင့်တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော် Passwords များ လုံခြုံရေး သတိပြုနိုင်ကြစေရန်သင့် Password မည်မျှ ကြံ့ခိုင်ပါသနည်း ?? စတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ဆွေးနွေးခဲ့ဖူးသလို မြန်မာမိသားစုဝင် တော်တော်များများလည်း တစ်ယောက်တစ်အားနဲ့ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းအရာ ဆိုတာမျိုးက အကြံပြုတာသာ ဖြစ်ပြီး လိုက်ပါ လုပ်ဆောင်မယ် - မဆောင်ဘူး ဆိုတာ ကာယကံရှင် ပေါ်မှာသာ မူတည်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ဘယ်လိုမှ ဖန်တီးပေးဖို့ မဖြစ်နိုင်ပါဘူး - တစ်ချို့ကတော့ Online accounts တွေ ထားရှိတဲ့ နေရာမှာ Passwords တွေ ပုံစံတူပဲ ဖြစ်စေ - ဆင်တူယိုးမှားပဲ ဖြစ်စေ မသုံးချင်ကြပါဘူး - ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ( Passwords တွေ များလာတဲ့ အခါ မှတ်ရခက်ခဲမှာ စိုးတာ ဖြစ်စေ - အလုပ်ရှုပ် မခံချင်တာ ဖြစ်စေ ) Passwords တစ်ခုနဲ့ တစ်ခု ဆင်တူယိုးမှာ သုံးနေကြရတုန်းပါပဲ - အဲတော့ ကျွန်တော်တို့ ဒီ အခက်အခဲကို ပြေလည်အောင် ဘယ်လို လုပ်ဆောင်နိုင်ပါမလဲ ??

ဒီ မေးခွန်းနဲ့ ပတ်သတ်ပြီး ကျွန်တော်လည်း တော်တော်လေး စဉ်းစားဖြစ်ပါတယ်။ အဲလိုနဲ့ ဟိုတစ်လောက Mozilla ရဲ့ Security Team ကနေပြီး Animated video တစ်ခု နဲ့ လွှင့်ပြတဲ့ Passwords ပြဿနာရဲ့ ပတ်သတ်ပြီး Online accounts အားလုံး အတွက် တစ်ခုနဲ့ တစ်ခု ထပ်တူ မညီတဲ့ Strong passwords တွေ ဘယ်လိုဖန်တီးမလဲ - မှတ်မိလွယ်အောင်လည်း ဘယ်လိုမျိုး လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ ဗွီဒီယိုလေး တစ်ခု သွားကြည့်မိခဲ့ပါတယ်။



သူ့ Idea လေးကတော့ ရိုးပါတယ်။ တကယ်လို့ ကိုယ့်မှာ လက်ကိုင်ထားတဲ့ ဆိုးရိုးစကား ဖြစ်ဖြစ် - ဆောင်ပုဒ် ဖြစ်ဖြစ် ရှိတယ် ဆိုကြပါစို့ - ( ဥပမာ အနေနဲ့ " Help Others to Help Yourself. " - ဒီလိုဆို ဒီစာကြောင်းကနေ အစ စကားလုံး အားလုံး ဆွဲထုတ်လိုက်ပါမယ် - ဒီလိုဆို hothy ဆိုပြီး ဖြစ်သွားပါပြီ။ ) အဲ့နောက်မှာမှ ကိုယ့် Password ကို ပိုခိုင်မာ သွားစေဖို့ တစ်ခြား ကိုယ်နှစ်သက်ရာ Special characters ကြိုက်ရာ စာလုံးကို ဆွဲထုတ်ပြီး ခုနက ရခဲ့တဲ့ hothy ရဲ့ ရှေ့နောက်မှာ ထပ်ပေါင်း ကပ်လိုက်ပါမယ်။ ဒီလိုဆို ( ခုလိုမျိုး #hothy! ဖြစ်သွားပါပြီ ) - အဲ့နောက်မှာ နောက်တစ်ဆင့် အနေနဲ့ စာလုံးရဲ့ ရှေ့တွဲ ဒါမှမဟုတ် နောက်တွဲ စာလုံးလေး တစ်ချို့ ထပ်ကပ်ပါမယ်။ ဒီ ရှေ့တွဲ ဒါမှမဟုတ် နောက်တွဲ စာလုံးတွေကိုတော့ ကိုယ် Login ဝင်ရမယ့် Website name ကနေ ထုတ်ယူပြီး ပေါင်းပါ့မယ်။ 


လိုရင်းကို အတိုချုံးရရင်တော့ ကျွန်တော်တို့ လိုချင်နေတဲ့ Password ဟာ နောက်ဆုံးမှာ Amazon.com အတွက်ဆိုရင် ခုလိုမျိုး #hothy!AmZ ဆိုပြီး ဖြစ်မယ် - တကယ်လို့ Facebook အတွက်ဆိုရင် #hothy!FbK ဆိုပြီး ဖြစ်မယ် - နောက်ဆုံး Youtube အတွက်ဆိုရင် #hothy!YtB ဆိုပြီး ဖြစ်မယ် စသဖြင့် ဖြစ်ပါတယ်။

ဖော်ပြပါ နည်းလမ်းက မှတ်ရလည်း မခက်သလို တစ်ခြား နည်းတွေထက် စာရင် အများကြီး လုံခြုံမှုလည်း ရှိပါတယ်။

ဒါ့ကြောင့် အသုံးပြုနိုင်ကြစေဖို့ လက်ကမ်းမျှဝေရင်း မိသားစုဝင်အားလုံး လုံခြုံအေးချမ်းတဲ့ အနာဂတ်နေ့ရက်များ ရရှိပိုင်ဆိုင် ကြစေဖို့ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ် -

KznT.

Free E-Books for Web Designers

ခုနောက်ပိုင်း Digital ခေတ်မှာ E-books က တော်တော်လေး ခေတ်စားလာတယ် ဆိုပေမယ့် တကယ်တမ်းတော့ စာကြာကြာ ဖတ်မယ်လို့ စိတ်ကူးရင် E-books ကို ကွန်ပြူတာမှာ ဖတ်တာမျိုးထက် စာရွက်နဲ့ Print ထုတ်ပြီး ဖတ်တာမျိုးက လူတိုင်း ပိုပြီး မက်မက်မောမောရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ ကွန်ပြူတာနဲ့ စာဖတ်ရတာ မျက်စိစပ်လာရင် ဖတ်မယ့် အပိုင်း လေး ငါး မျက်နှာလောက်ကို မသုံးတော့တဲ့ တစ်ဖက်လွတ် စာရွက်ကြမ်းလေးတွေ ရှာပြီး Print ထုတ် ဖတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခု မကောင်းတာက စာရွက်နဲ့ Print ထုတ်ဖတ်ရင် နဂိုမူရင်း E-books မှာ Links ချိတ်ထားတဲ့ နေရာတွေကို Mouse နဲ့ ကလစ်ပေးပြီး အင်တာနက်ကနေ တစ်ဆင့် သွားလို့ ရသလိုမျိုး သွားလို့ မရတော့တာ - တစ်ပိုင်း ကနေ နောက်တစ်ပိုင်းကို ကျော်သွားချင်ရင် လွယ်လွယ်နဲ့ သွားဖို့ အဆင်မပြေတော့တာ - အကြောင်းအရာ တစ်ခု သိချင်ရင် E-books လို ရှာဖွေရတာ မလွယ်တော့တာ - နောက် စာရွက်လှန်ရင် ချော်ချော်သွားပြီး နှစ်ရွက်ပူး လှန်မိတာတို့ တံတွေးဆွတ် လှန်ရတာတို့ - နောက် အရေးပါဆုံး တစ်ချက်က - တစ်နေရာရာ သွားချင်ရင် စာအုပ်ဆို သုံး - လေး - ငါးအုပ် သယ်ဖို့တောင် မလွယ်တဲ့ အချိန်မှာ E-books က အုပ် ၅၀ - ၁၀၀ - ၂၀၀ စသဖြင့် အလွယ်တကူ သယ်လို့ ရနေတာ ဆိုတာမျိုးတွေ စသဖြင့် E-books မှာ အားသာချက်လေးတွေ ရှိပါတယ်။


ခုနောက်ပိုင်းကတော့ E-books ဆိုတာ နေရာတိုင်းမှာကို မြင်နေရပါပြီ။ ဒီ ပို့စ်မှာတော့ E-books နဲ့ ဆက်စပ်နေတဲ့ အကြောင်း လေးလည်း ပြောရင်း Designers တွေအတွက် ဖတ်ထားသင့်တဲ့ Free E-books တစ်ချို့ကို ဖော်ပြလိုက်ချင်ပါတယ်။ စုစုပေါင်း ( ၂၂ ) အုပ်ပါ - အဲ့ဒီ စုစုပေါင်း ( ၂၂ ) အုပ်မှာ တစ်ချို့ စာအုပ်တွေက PDFs အဖြစ် Free Download လုပ်ခွင့် ပေးထားပြီး တစ်ချို့က PDFs အတွက် ပိုက်ပိုက် တောင်းပေမယ့် Online HTML version အနေနဲ့ ဖတ်မယ် ဆိုရင်တော့ စာတစ်အုပ်လုံး Free ဖတ်ခွင့် ပေးထားပါတယ်။



တစ်အုပ်ချင်းစီတော့ ကျွန်တော် မိတ်ဆက်ပေးဖို့ လိုမယ် မထင်တော့ပါဘူး - တစ်နေရာစီ သွားပြီး စာမြည်းနဲနဲ ဖတ်ကြည့် လိုက်ရင် ဘယ်စာအုပ်က ဘာအကြောင်းရေးတယ်ဆိုတာ အလွယ်တကူ သဘောပေါက်နိုင်ပါလိမ့်မယ်။


1. Taking Your Talent To The Web

2. Web Designer’s Success Guide

3. Designing For The Web

4. Design Your Imagination

5. Time Management For Creative People

6. Getting Real

7. The Woork Handbook

8. A Practical Guide To Web Typography

9. Integrating Accessibility Throughout Design

10. Web Style Guide

11. Introduction to Good Usability

12. How To Be Creative

13. Why design?

14. The Design Funnel: A Manifesto for Meaningful Design

15. HTML5 Quick Learning Guide

16. Eloquent JavaScript

17. A Concise Guide to Archiving for Designers

18. Type Classification

19. Dive Into HTML 5

20. The Web Book

21. Access by Design

22. jQuery Fundamentals

လေ့လာ အောင်မြင်နိုင်ကြပါစေ -

KznT.

Cloud computing + Adobe = Project Rome ??

Adobe လို့ ပြောလိုက်ရင် ကွန်ပြူတာ သမား အားလုံးနီးပါး ရင်းနှီးပြီးသား ဖြစ်နေလောက်ပါပြီ - ဘာလို့လဲဆို သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေက အဆင့်မြင့်တယ် - Web Design နဲ့ Print အတွက် ထုတ်ထားတဲ့ Desktop based products တွေကလည်း အရမ်းကို အရည်အသွေးကောင်းတယ် - ဒီလို ဘက်စုံဒေါင့်စုံကနေ ဖန်တီးမှု ပေါင်းစုံနဲ့ ကြိုးစားနေတဲ့ Adobe က အခု သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေကို Cloud computing အတွက်ပါ အသက်သွင်းနိုင်ဖို့ ကြိုးစားနေကြပြန်ပါပြီ - 




Cloud computing လို့ ဆိုလိုက်တော့ နားလည်ပြီးသူတွေ အတွက် မဆန်းပေမယ့် လေ့လာစ သူတစ်ယောက် အတွက်တော့ ဆန်းကောင်း ဆန်းနိုင်ပါတယ်။ Cloud computing ဆိုတာ အင်တာနက် ပေါ်မှာ အခြေတည်ထားတဲ့ Computing နည်းပညာရပ် တစ်ခုပါ -  ဆိုကြပါစို့ လတ်တလောမှာဆို ကျွန်တော်တို့ စာရေးမယ် - ဓာတ်ပုံတွေ Editing လုပ်မယ် - စာတွေဖတ်မယ် ဒီလိုဆို စက်ထဲမှာ Microsoft word တို့ - ACDsee တို့ - Photoshop တို့ - Adobe Acrobat တို့ ဆိုတဲ့ Software တွေ Install လုပ်ထားဖို့ လိုမယ် - ဒါက ကျွန်တော်တို့ မျက်မှောက်ခေတ် နည်းပညာ။ နောင်တစ်ချိန် Cloud computing လို့ ခေါ်တဲ့ နည်းပညာရပ်ဝန်း အတည်ပြုတိုးတက်လာရင် ဒီလို စာဖတ် - စာရေး - ပြင်ဆင် - ရောင်းချ စတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ ကိုယ့် ကွန်ပြူတာ ထဲမှာ ဘာ Applications မှ Install လုပ်ဆောင်ထားစရာ မလိုတော့ဘူး - စက်ကိုဖွင့်ပြီး အင်တာနက်ထဲကို ဝင်လိုက်တာနဲ့ စာရေးချင်သလား - စာဖတ်ချင်သလား - ပစ္စည်း ဝယ်ချင်သလား - ပစ္စည်းရောင်းချင်သလား - Sharing လုပ်ချင်သလား - အားလုံးကို တိမ်တိုက်ပေါ်မှာပဲ လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက ဘာနဲ့ တူသလဲ ဆိုတော့ Electricity grid လို့ ခေါ်တဲ့ လျှပ်စစ်ကွန်ရက် တစ်ခု လည်ပတ်လှုပ်ရှားနေတာနဲ့ အဓိပ္ပါယ်ချင်း ဆင်တူပါတယ်။




ဆိုတော့ Cloud computing ဆိုတဲ့ ခေတ်ကို ရောက်လာရင် Presentation တို့ Project တို့ကို စက်ထဲမှာ Application မရှိပဲလည်း အင်တာနက်ထဲ တက်ပြီး တစ်ခြား သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း Collaborate လုပ်လို့ ရပြီ -  Software တွေ Information တွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ - စက်တစ်ခုနဲ့ တစ်ခု အင်တာနက်ထဲမှာတင် ဖလှယ်လို့ ရပီ - ဒီစကားကို ပြောလိုက်တော့ ကိုလင်း စကားဝိုင်းမှာ ပြောပြောနေတတ်တာ တစ်ခုတောင် သွားသတိရမိသေး - လိပ် + ပက်ကျိ + ခရု = အင်တာနက် ဆိုတာနဲ့တော့ Cloud computing က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့ -


Cloud computing ကို အခြေချနိုင်ဖို့ Google ကလည်း Google Apps ဆိုပြီး Clod computing အတွက် လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိပြီ - Microsoft ကလည်း သူနဲ့ အပြိုင် Free online storage ဆိုပြီး 25 GB နဲ့ Sky Drive မှာ ပေးထားတယ်။ ဒါကို ပေးထားတာ အလကား မဟုတ်ဘူး - ဒီ Free online storage ကို သုံးပြီး SkyDrive နဲ့ အတူ ချိတ်ဆက်ထားတဲ့ Office Web Apps ကို သုံးစေချင်တာ - ဒါတင်မက Microsoft Office 365 ဆိုပြီး ကျွန်တော်တို့ အမြဲ သုံးနေကျ Microsoft Office, SharePoint Online, Exchange Online ဆိုတာတွေကို Cloud computing ဆိုတဲ့ ခေါင်းစဉ် အောက်ထဲကို ပစ်ထည့်ပြီး Online မှာတင် သုံးနိုင်အောင် Oct. 19, 2010 က တရားဝင် ကြေငြာ လိုက်ပြီ။ ဒါတင်မက သူတို့ နဲ့ အပြိုင် Acrobat.com ကလည်း အားကျမခံ cloud-based product တွေကို မိတ်ဆက်နေပါသေးတယ်။


ဥပမာ ပြောရရင် Buzzword သူက Acrobat.com ကနေ တင်ဆက်ထားတဲ့ Cloud-based product - Online word processor တစ်ခုပါ - အဲ့နောက်မှာ Acrobat လို့ ပြောလိုက်ရင် လူတိုင်း တွဲသိကြတဲ့ Photoshop - သူ့ကိုလည်း Photoshop Express ဆိုပြီး Cloud-based product - Online image editor အဖြစ် အသွင်ပြောင်းနေပြီ - ဒါတွေ ရှိလာတော့ ဘာထူးလာသလဲ ?? ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ - ဘာ Apps မှ စက်ထဲ ထားထားဖို့ မလိုတော့ဘူး - ကိုယ်က Photoshop သမားလား - ဓာတ်ပုံတွေ ပြင်ဆင်တည်းဖြတ်ချင်နေသလား ဒါဆို Photoshop Express ကို သွားလိုက်ယုံပဲ - စာရေး - စာဖတ် - Presentation လုပ်ချင်သလား ဒါဆို Buzzword တို့ Docs.com တို့ Microsoft Office 365 တို့ Google docs တို့ ဆိုတာတွေဆီ သွားလိုက်ယုံပဲ - အားလုံးကို ကျွန်တော်တို့က  Apps သုံးစရာ မလိုပဲ Browser ကနေ လုပ်ဆောင်နိုင်နေပါပြီ - အရင်လို Hard Disk ပမာဏ အများကြီး ဝယ်ပြီး Apps တွေ သိမ်းထားဖို့ - Windows partition ကို Apps များများ install လုပ်ဆောင်နိုင် ဖို့ဆံ့အောင် ပမာဏ များများ ထားဖို့ ဆိုတာတွေ မလိုတော့ ဘူး -


အခုလည်း Adobe ကနေ နောက်ဆုံး Design tool တစ်ခုကို Project Rome ဆိုတဲ့ နာမည်နဲ့ စင်တင်လိုက်ပြန်ပါပြီ။ အဲတော့ Project Rome ကို သုံးပြီး ဘာတွေ ဖန်တီးနိုင်မလဲ ??



Project Rome နဲ့ အတူ ကျွန်တော်တို့တွေ Presentations တွေ - Scrapbooks နောက် - Flash based websites စတာတွေ အများအပြား ဖန်တီးလို့ ရပါမယ်။ အထက်မှာ ဖော်ပြထားတာ Project Rome ကိုသုံးပြီး Business Card တစ်ခု ကျွန်တော် အကြမ်းခြစ်ထားတာပါ - ဒီ Online version - Project Rome ကို သုံးရင် ဘာမှ Install လုပ်ဆောင်ဖို့လည်း မလိုဘူး - Browser ရှိရင် အားလုံး လုပ်ဆောင်လို့ ရပြီ - ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေး လည်း ဘာမှ မပါဘူး -


စပြီ ဆိုတာနဲ့ သူ အသင့် ဖန်တီးပေးထားပြီးသား Library ထဲမှာ ရှိနေတဲ့ Templates တွေနဲ့ လုပ်ချင်သလား - ဒါမှမဟုတ် ကိုယ့်ဘာသာ Blank canvas တစ်ခုနဲ့ စချင်လား - ကြိုက်သလို စတင်လို့ ရပါမယ်။ အထဲမှာ စာရိုက်ဖို့ - Shapes တွေဆွဲဖို့ -  Freehand drawings လုပ်ဖို့ Built-in tools တွေလည်း အမြောက်အများ ပါဝင်ပါတယ်။ ကျွန်တော်တို့ စိတ်ကြိုက် တိုက်ရိုက် ယူသုံးယုံပါပဲ - 

နောက်ပြီး အဲ့ဒီ့ သူထည့်ထားပေးတဲ့ Tools တွေနဲ့က Google Images တို့ YouTube တို့ Google Maps တို့နဲ့ အကုန်လုံး ချိတ်ဆက်ထားတာ မို့လို့ တစ်ခုခု လိုတာ ရှိရင် တစ်ခုပိတ် တစ်ခုဖွင့် လုပ်ဖို့ မလိုဘူး - အသင့်ယူသုံးယုံပါပဲ - အဲလို Images တွေကို ရှာဖွေတဲ့ နေရာမှာ Creative Commons licenses အောက်မှာ ရှိပြီး စီးပွားရေးလုပ်ငန်း ဆိုင်ရာအတွက်ပါ ရယူသုံးစွဲနိုင်တဲ့ Images တွေကိုပါ အလိုလျောက် ထည့်သွင်းဖော်ပြပေးပါလိမ့်မယ်။



အထက်မှာ ဖော်ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေအပြင် Project Rome မှာ လုပ်ဆောင်လို့ ရတဲ့ တစ်ခြား Features တွေလည်း မြောက်များစွာ ပါဝင်နေပါသေးတယ်။ Project Rome နဲ့ ပတ်သတ်ပြီး လုပ်ဆောင်နိုင်မယ့် အကြမ်းဖျဉ်း အနေအထားကို အောက်ဖော်ပြပါ Video မှာ လေ့လာကြည့်နိုင်ပါတယ်။ 



Project Rome အပါအဝင် တစ်ခြား Cloud-based product တွေတော်တော်များများကလည်း လတ်တလော အခြေအနေမှာ စမ်းသပ် ပြင်ဆင်ဆဲ ကာလမို့လို့ Free ပေးထားပါသေးတယ်။ နောင်တစ်ချိန် Cloud computing အကြောင်း ဒီ့ထက်ပို ဂရုပြု ထင်ရှားလာချိန်မှာတော့ သေချာပါတယ် - Free မရနိုင်တော့ပါဘူး - ဒီတော့ ကျွန်တော်တို့ ဘာတြွေပင်ဆင်ထားဖို့ လိုမလဲ ?? ပိုက်ဆံ ပိုရှာမလား ?? ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နည်းပညာ မြင့်လာအောင် တည်ဆောက်ယူမလား ?? ဒီ အခြေအနေကို ကျွန်တော်တို့ မလွဲမသွေ ရင်ဆိုင် ရပါလိမ့်တော့မယ်။


KznT.

Navigating The RAM Maze

ဒီအကြောင်းအရာက Profile မှာရော စာချွန်လွှာနဲ့ပါ ကိုချစ်သားငယ်လေး မေးထားလို့ တစ်ခြား မိသားစုက လေ့လာလိုသူတွေလည်း သိနိုင်အောင် ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ အတိုကောက် ခေါ်ကြတဲ့ RAM ဆိုတာ Random Access Memory ဆိုတာတော့ ကွန်ပြူတာနဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင်တော့ Memory ပေါ့ - သူက ကွန်ပြူတာတစ်လုံးကို ဘယ်လို ကူညီသလဲ ?? နားလည်လွယ်အောင် ပြောရရင် တကယ်လို့ RAM ဆိုတာ ကျွန်တော်တို့ ခေါင်းထဲက မှတ်ဉာဏ်လိုမျိုးပဲ ကျွန်တော်တို့ စာမေးပွဲတွေ ဖြေကြတယ် - ဘာသာရပ်နဲ့ ဆိုင်တာတွေကို သေသေချာချာ ကျက်မှတ်ထားခဲ့ရင် စာမေးပဲွ ဖြေတဲ့ အခါ ကိုယ်ကျက်မှတ်ထားတွေကို စာအုပ် ပြန်ကြည့်စရာ မလိုပဲ လက်တန်း မှန်မှန် ဖြေဆိုနိုင်တယ် - မကျက်ထားတဲ့သူက မဖြေနိုင်ဘူး - စာကျက်တယ်ဆိုတာ တကယ်တော့ Memory ဆိုတဲ့ ခေါင်းထဲကို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေ လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်အောင် Data တွေ ခဏ သိမ်းထားလိုက်တာပါပဲ - အဲလို သိမ်းထားလိုက်တော့ စာမေးပွဲ ဖြေတဲ့ အချိန်မှာ Hard Disk ဆိုတဲ့ စာအုပ်ကို Access လုပ်စရာ မလိုပဲ ခေါင်းထဲမှာ အလွယ်တကူ ရှိနေတဲ့ Memory ထဲက စာတွေ အလွယ်တကူ ထုတ်ရေးချလို့ ရသွားတယ် - အဲ့မှာ နောက်တစ်မျိုး အနေနဲ့ စာမကျက်ထားတဲ့ ကျောင်းသား တစ်ယောက် စာမေးပွဲ ဖြေမယ် - သူက ခုနက ပြောခဲ့သလို စာမကျက်ထားတော့ Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေက Memory ဆိုတဲ့ သူ့ခေါင်းထဲကို ရောက်မလာဘူး - ပြောရရင် လူမို့လို့ ခေါင်းရှိပေမယ့် သူ့ ခေါင်းက Memory မတပ်ထားတဲ့/Memory မရှိတဲ့ ခေါင်းနဲ့ တူသွားတယ် - အဲတော့ စာမေးပွဲ ခန်းထဲ ရောက်ရင် မေးလာတဲ့ စာတွေကို သူ့ Memory ကနေ ပြန်ခေါ်လို့ မရတော့ဘူး - အဲတော့ ဒီစာမေးပွဲ အောင်ဖို့ဆို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေကို Access ပြန်လုပ်နိုင်မှ ရတော့မယ် - ဒါကို ကျွန်တော်တို့က စာခိုးချတယ် လို့ ခေါ်ပါတယ် -



ကျွန်တော်တို့ RAM ဆိုပြီး ပြောကြတဲ့ Random Access Memory တွေရဲ့ သဘောတရားကလည်း ဒီလိုပါပဲ - တကယ်လို့ ကျွန်တော်တို့ ကွန်ပြူတာက information တွေ လိုလာတဲ့ အခါ သူက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စာကျက်ထားသူ တစ်ယောက်ဟုတ်မဟုတ် ပြန်စစ်တယ် - ဆိုလိုတာ Memory ရှိမရှိပေါ့ - တကယ်လို့ သူက Memory ကို ရှာမတွေ့ဘူး ဆိုရင် Data တွေကို Access လုပ်နိုင်ဖို့ Hard Drive ရှိရာဆီကို သွားရတယ်။ အဲတော့ ကွန်ပြူတာ တစ်လုံးမှာ RAM မရှိတာဟာ စာမေးပွဲ ခန်းထဲမှာ စာခိုးချဖို့ ကြိုးစားနေတဲ့ ကျောင်းသား တစ်ယောက်နဲ့ တူပါတယ်။ လိုချင်တာတွေ ရှိပေမယ့် လိုအပ်တာတွေကို အလွယ်တကူ Access မလုပ်နိုင်ဘူး - လိုချင်တာရဖို့ သူများတကာက Memory ထဲကဟာလေး နဲ့ ချရေးပြီး လေး ငါး ပုဒ် ပြီးနေချိန်မှာ ကိုယ်က Hard Drive ဆိုတဲ့ စာအုပ်တွေဆီကနေ Access လုပ်နိုင်ဖို့ ဟိုလူ့ကြည့်ရ ဒီလူ့ရှောင်ရ ကွေ့ပတ်သွားနေရတယ်။ ဒါ့ကြောင့် ကွန်ပြူတာ တစ်လုံးဟာ RAM မရှိရင် ဖြစ်ဖြစ် OS ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီအောင် RAM မထည့်သွင်းထားနိုင်ရင် ဖြစ်ဖြစ် စက်က အရမ်းနှေးကွေး လေးလံပြီး လိုလားချက်ပြည့်စုံနိုင်ဖို့ အချိန်အရမ်းပေးရတတ်ပါတယ်။

ဒီလို အဖြစ်အပျက်တွေက အရင်တုန်းက ကွန်ပြူတာ အဟောင်းတွေမှာ တော်တော်များများ တွေ့ရတတ်ပြီး အဲလို ဖြစ်လာရင် သင့်တော်တဲ့ Speed ရအောင် RAM ထပ်တိုးရတာတွေ တစ်ခြား Upgrade လုပ်ဆောင်ရတာမျိုးတွေ လုပ်ပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း RAM ထပ်တိုးတယ် ဘာညာ ဆိုတာ တကယ်တော့ ရိုးရိုး ပမာဏ သတ်မှတ်ချက် တစ်ခုပါ - သူ့နောက်မှာ ကျွန်တော်တို့ သိထားသင့်တာတွေ အများကြီး ကျန်ပါသေးတယ်။ RAM မှာမှ Versions တွေ အမျိုးမျိုး ရှိသလို - Speeds တွေလည်း အမျိုးမျိုးရှိပြီး ကွာခြားချက်တွေလည်း အမျိုးမျိုး ရှိပါသေးတယ်။ ဥပမာ အနေနဲ့ ပြောရရင် DDR2 800 RAM နဲ့ 2GB stick တစ်ခုဟာ DDR3 1333 RAM နဲ့ 2GB stick ကို ယှဉ်လိုက်ရင် 2GB ချင်း ပမာဏ တူပေမယ့် စွမ်းဆောင်ရည်ချင်း မတူပါဘူး RAM အမျိုးအစား မတူတာနဲ့ ဘာတွေများ ကွဲသွားသေးတာလဲ - ဒါတွေက ကွန်ပြူတာ သမားပဲ ဖြစ်စေ - ရိုးရိုး ကွန်ပြူတာ သုံးသူ တစ်ယောက် ဖြစ်စေ နားလည်ထားဖို့ သင့်ပါတယ်။


အဲတော့ DDR2 နဲ့ DDR3 ဘာကွာ သလဲ - ဈေးကွက်ထဲမှာ ရှိနေတဲ့ DDR memory အမျိုးအစားတွေကို ကြည့်ပြီး တစ်ခုနဲ့ တစ်ခု ကွာခြားချက်လေးတွေ သုံးသပ်ကြည့်ကြရအောင်။ 

DDR2 နှင့် DDR3 ၏ အကြီးမားဆုံး ကွာခြားချက်များ

၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ Intel ကနေ ပထမဆုံး Core i7 processors ကိုထုတ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုပဲ processors တွေ ထုတ်ခဲ့တာပဲ - ဒါပေမယ့် ဒီတစ်ခါ ပြောင်းလဲ သွားတာက အဲ့ဒီ processors တွေ နဲ့ အတူ X58 လို့ခေါ်တဲ့ Motherboard chipset အသစ် ကိုပါ တွဲပြီး ပွဲထုတ်လိုက်တာပါ။ အဲ့ဒီ chipset က တစ်စပ်တစ်ဆက်တည်း DDR3 ဆိုတဲ့ နောက်ထပ် Memory မင်းသားတစ်လက်ကို ပါ စင်တင်ပါတယ်။ ပြောရရင် သုံးမျိုးတွဲပြီး အချိန်းအပြောင်း လုပ်ပစ်လိုက်တာ ပေါ့ -


အဲလိုပြောင်းပြီး သိပ်မကြာဘူး နောက် ၂ နှစ်လောက်လည်း နေရော Industry တစ်ခုလုံးကိုပါ DDR3 နဲ့ပဲ တွဲသုံးလို့ ရမယ့် ပုံစံမျိုးဖြစ်အောင် Intel က ပြောင်းပစ်လိုက်တယ်။ ခုဆိုရင် Intel ရဲ့ နောက်ပိုင်းထုတ် processors အသစ်တွေ အားလုံးက DDR3 ကို လက်ခံနိုင်တဲ့ Motherboard ကိုပဲ သုံးလို့ ရတော့တယ်။ အခု AMD motherboards တွေကလည်း DDR3 ကို ချိန်းနေပါပြီ - DDR ဆိုတာ Double Data Rate RAM ကို ဆိုလိုတာပါ။ ဒီ စာလုံးက ကျွန်တော်တို့သာ အထူးအဆန်း ဖြစ်နေတာ တကယ်တမ်း DDR ဆိုပြီး စမိတ်တဲ့ အချိန်ကနဲ့ တွက်လိုက်ရင် တော်တော်တောင် ကြာလှပါပြီ - Double Data Rate RAM ဆိုတဲ့ သဘောက အရင် SDRAM တွေ Clock cycle တစ်ပတ်မှာ Data Transfer တစ်ကြိမ်ပဲ ပြုလုပ်နိုင်ချိန်မှာ DDR တွေက Clock cycle တစ်ပတ်မှာ Data Transfer နှစ်ကြိမ် ပြုလုပ်နိုင်တယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါက ကျွန်တော် theoretically ပြောတာပါ။ နောက်ပိုင်း ကွာခြားချက်လေးတွေ လာပါဦးမယ်။


အဲလိုနဲ့ SDRAM နောက် DDR SDRAM သူ့နောက်မှာ DDR2 SDRAM ခု DDR3 SDRAM နောက်ဆုံး DDR4 SDRAM ဆိုပြီး ၂၀၁၂ မှာ ထွက်နိုင်ဖို့ ယာထား ပြီးပါပြီ။ ဒါတွေ အားလုံးက အရင် SDRAM လို့ခေါ်တဲ့ Synchronous dynamic random access memory ကနေ တဖြည်းဖြည်းချင်း ဆင့်ပွားတိုးတက်လာတာ တွေပါ။ ဘယ်လို ဆင့်ပွား တိုးတက်လာတာလဲ ဆိုရင် Clock cycle တစ်ပတ်မှာ Data Transfer ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး သတ်မှတ်လာတာမျိုးပါ။ ဥပမာ အနေနဲ့ ပြောရရင် DDR2 RAM က Cycle တစ်ပတ်မှာ 4 data transfers လုပ်နိုင်တယ် ဆိုရင် - DDR3 က 8 data transfers  လုပ်နိုင်တယ်။ ဒီ့ထက်ရှင်းအောင် ပြောရရင် Clock speed ကို Base အနေနဲ့ 100Mhz ထားပြီးကြည့်ရင် DDR RAM က Bandwidth 1600 MB/s ရှိတဲ့ အချိန်မှာ - DDR2 က 3200 MB/s ရမယ် နောက် DDR3 က 6400 MB/s ရမယ် - ဆိုလိုတာ improvement တွေ ပိုမြင့်လာလေ စွမ်းဆောင်ရည်လည်း ပိုကောင်းလာလေ ဆိုတာမျိုးပေါ့ - ကျွန်တော်တို့ အလွယ်ပြောနေကျ အတိုင်း အများဆုံးက အကောင်းဆုံး ဆိုပြီး အလွယ်ပြောရင်တော့ ခုနောက်ဆုံး DDR3 က အကောင်းဆုံးလို့ ကျွန်တော်တို့ ပြောရမှာပေါ့ -

စွမ်းဆောင်ရည် နှင့် ကန့်သတ်ချက်များ

ဆိုခဲ့သလို DDR3 က အကောင်းဆုံးလို့ ပြောခဲ့တော့ တကယ်ပဲ ထူးထူးခြားခြားကြီး ကြီးကြီးကျယ်ကျယ် ပြောင်းလဲ သွားတာမျိုး ရှိလို့လား ? ဒါက တွေးစရာ ရှိလာပါတယ်။ တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး - ဖော်ပြခဲ့တဲ့ အတိုင်း memory bandwidth တွေ မြင့်လာတာ ကောင်းတာ မှန်ပေမယ်လို့ ကျွန်တော်တို့ ကွန်ပြူတာတွေမှာ သုံးနေတဲ့ Programs တော်တော်များများ ( ၉၉ % ) လောက်က memory bandwidth ကျော်လောက်အောင်ထိ overload ဖြစ်တယ် ဆိုတာမျိုး မရှိပါဘူး - အဲတာကြောင့် memory bandwidth မြင့်တယ် မမြင့်ဘူးဆိုတာ Sever တို့ Workstation products တွေအတွက်ပဲ ပိုပြီး သက်ဆိုင်ပါတယ်။



ဒါ့အပြင် နောက်တစ်ခု သိထားရမှာက ဘယ်လိုပဲ ကွာတယ် မကွာဘူး ဆိုဆို လူ့ သဘောသဘဝ အရ DDR2 နဲ့ DDR3 ယှဉ်လိုက်ရင် ပိုက်ဆံတတ်နိုင်တယ်ဆို အားလုံးက DDR3 RAM ပဲ ဝယ်ချင်ကြမှာပါပဲ - ဒါပေမယ့် DDR2 နဲ့ DDR3 ဝယ်မယ်ဆိုရင် ကိုယ့် အကြိုက်ကို လိုက်ပြီး ဝယ်ချင်သလိုဝယ်လို့ မရပါဘူး - ဘာလို့လည်း ဆိုတော့ DDR2 နဲ့ DDR3 က Compatible မဖြစ်လို့ပါ - ဆိုလိုတာ ကျွန်တော်တို့ စက်မှာ သုံးနေတဲ့ Motherboard က DDR2 သုံးနေတဲ့ Motherboard ဆိုရင် ကိုယ့် Motherboard ကို Upgrade မလုပ်ပဲ DDR3 ကို ပြောင်းသုံးလို့ မရပါဘူး - အဲတော့ ဘယ်လို အဓိပ္ပါယ် ထွက်သွားလဲ ဆိုရင် ကိုယ့်မှာ လတ်တလော သုံးနေတဲ့ DDR2 RAM နဲ့ ကွန်ပြူတာ တစ်လုံးရှိနေတယ် - ဒါပေမယ့် ကိုယ်က ကိုယ့်စက်ကို DDR3 ပြောင်းသုံးချင်တယ် - ဒီလိုဆိုရင် လတ်တလော ကိုယ့်စက်က အကောင်းကြီး အလတ်ကြီး ရှိနေသေးတဲ့ Processor ရော Motherboard ရောကို ချောင်ထိုးပြီး DDR3 နဲ့ Compatible ဖြစ်မယ့် Processor နဲ့ Motherboard တစ်ခု ထပ်ပြောင်း သုံးရပါလိမ့်မယ်။


ဒီလို ဆိုလိုက်ပေမယ့် တစ်ချို့ Motherboard တွေက ချွင်းချက်အနေနဲ့ ဒီကန့်သတ်ချက်ကနေ ကွဲထွက်သွားတာ ရှိပါတယ်။ အဲတာက ဘာကြောင့်လဲဆို သူတို့တွေရဲ့ Motherboard ပေါ်မှာ DDR2 ရော DDR3 RAM slots နှစ်ခုလုံး ပါဝင်နေလို့ပါ။ နောက်ပြီး ဒီချွင်းချက်ဆိုတာကလည်း Chipsets အဟောင်းတွေမှာပဲ ရှိပါတယ်။ ဟုတ်ပါတယ် - ဒီကိစ္စက တော်တော်တော့ ကသိကအောက် နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး - ကိုယ်တွေက ထုတ်လုပ်သူ မဟုတ်ဘူးလေ - သူတို့ လုပ်တာပဲ ခံရမှာပဲ - ခု ဆို Intel ရော AMD ရောက နောက် Products တွေကို DDR3 RAM နဲ့ ဆက်သွားနေကြပါပြီ - အဲတာကြောင့် ကျွန်တော်တို့လည်း နောက်ဆို DDR3 တပ်ဖို့ ပုံး အသစ် ထပ်ဆင်ချင်ဆင် မဆင်ချင်လို့ ချစ်တီးကျမယ် ဆိုရင်တော့ အဟောင်းကြီး သုံး ဒီ Options ၂ မျိုးပဲ ရွေးဖို့ ရှိပါတယ်။

Clock Speed အကြောင်း တစ်စေ့တစ်စောင်း


အပေါ်မှာ Clock cycle - Clock cycle ဆိုပြီး ပြောခဲ့တော့ Clock cycle ဆိုတာ ဘာမှန်း သိလိုစိတ် ဖြစ်ကြပါလိမ့်မယ်။ Clock cycle ဆိုတာ ခု ခေါင်းစဉ်တပ်ထားတဲ့ Clock speed နဲ့ ဆက်စပ်မှု ရှိပါတယ်။ Clock ဆိုတာ ဘာလဲ သူတို့ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို ကျွန်တော် ဒီနေရာမှာ မဖော်ပြတော့ပါဘူး - အသေးစိတ် သိချင်သူများ ဆရာဇော်လင်း ( Youth ) ရေးတဲ့ A+ Computer Hardware Maintenance and System Administration စာအုပ် အခန်း အမှတ် ( ၃ ) စာမျက်နှာ ( ၄၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။ Clock နဲ့ Clock cycle အကြောင်း မပြောတော့ပေမယ့် RAM နဲ့ ပတ်သတ်ပြီး ဆက်စပ်နေတာ ပြောရရင် RAM တစ်ခုကို ကြည့်တဲ့ အခါ Clock speed ရဲ့ specification ကို ထည့်သွင်းစဉ်းစားရပါတယ်။ ဘာကြောင့်လည်းဆို Clock speed ဆိုတာက Processor တစ်ခု ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြသလို RAM ကိုလည်း ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြပါတယ်။ အလွယ်ပြောရင်တော့ Clock speed မြင့်ရင် ပိုကောင်းတယ်ပေါ့ - ဒါပေမယ့် ဟိုးအပေါ်မှာ ရှင်းခဲ့ပြီးသလို ဒီ Clock speed မြင့်တယ် မမြင့်ဘူး ဆိုတဲ့ ကွာခြားချက်တွေက သာမန် ကွန်ပြူတာ တစ်လုံးကို နေ့စဉ်သုံးနေကျ သူတစ်ယောက် အတွက်တော့ ထူးပြီး မသိသာလှပါဘူး - ဒါတင်မက Memory ကို Clock speed ကန့်သတ်ချက်နဲ့ ပဲ တွဲ သုံးလို့ ရတဲ့ Motherboards ဆိုတာမျိုးတွေလည်း ရှိပါသေးတယ် - အဲတာကတော့ Motherboard manufacturer ရဲ့ website မှာ ကိုယ်သုံးမယ့် RAM နဲ့ ကိုက်မကိုက် ကြည့်ရမှာပါ။ Motherboards တော်တော်များများကတော့ သိပ်ကန့်သတ်ချက်ရယ် မရှိပါဘူး - ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ စိတ်ထင်သလို တဲွသုံးတာမျိုးထက် သေသေချာချာ လေ့လာပြီးမှ ဆင်တာမျိုးက ပို ဖြစ်သင့်ပါတယ်။

နိဂုံး

အနှစ်ချုပ် အနေနဲ့ကတော့ ကျွန်တော် ပြောခဲ့တာတွေဟာ အပေါ်ယံတွေလောက်ပါပဲ - အသေးစိတ် လေ့လာချင်သူတွေ တိတိကျကျ Details သိချင်သူတွေကတော့ ဒီ့ထက်ပိုပြီး လေ့လာသင့်ပါသေးတယ်။ လက်လှမ်းမှီရာ စာအုပ်ကို ဖတ်ပါ။ အင်တာနက်မှာ လေ့လာပါ - ကျွမ်းကျင်သူများကို မေးမြန်းပါ - ကိုယ်တိုင်လည်း စေ့စပ်ပါ - သင်တန်းတွေကိုလည်း အားကိုးပါ။ ဒါဆို ဒီ့ထက် တိကျတဲ့ အချက်အလက်တွေ သိရှိနိုင်ပါလိမ့်မယ်။

KznT.

Improve Your Typing Skills With Web-Based Typing Tutors

ခင်ဗျား စာရိုက်တာကလည်း နှေးတာဗျာ - လက်ကွက်ပုံစံကလည်း မမှန်ဘူး - ဒီလိုသာ ရိုက်နေ စာတစ်မျက်နှာရဖို့ ခင်ဗျားကို အချိန်ဘယ်လောက်တောင် ပေးရမှာလဲ ??

ဒီ စကားမျိုးတွေက မြန်မာလူမျိုးချင်းချင်းတော့ အားနာတာရော - ယဉ်ကျေးမှု အရရော တော်ယုံ ဘယ်သူမှ ပြောလေ့ မရှိကြ ပါဘူး - ဒါပေမယ့် ကိုယ့်နိုင်ငံ မဟုတ်တဲ့ တစ်ခြား နိုင်ငံကို ရောက်ရင်တော့ ဒီအကြောင်းအရာတွေက စကားပြောလာပြီ - ကိုယ်နဲ့ ရွယ်တူတွေက ကီးဘုတ်မကြည့်ပဲ ဗြောင်းဗြောင်းပြေး ရိုက်နေနိုင်ချိန်မှာ ကိုယ်ကတော့ ကြက်အစာကောက်တာထက် ဆိုးတဲ့ Typing skill နဲ့ ကီးဘုတ်နဲ့မျက်စိ စက္ကန့်မလပ် မခွာနိုင်ပဲ ရိုက်နေတာတောင် ၁ နာရီကို စာ တစ်မျက်နှာ မပြီးချင်ဘူး - ဒီလို အခက်အခဲတွေက ကွန်ပြူတာနဲ့ ထိတွေ့ဆက်ဆံရသူတိုင်း အရင်ဆုံး ကြုံတွေ့ရတဲ့ အခက်အခဲပါ - နောက်ထပ် ကျွန်တော်တို့မှာ ဆိုးတာက ရိုက်ပါများလို့ အင်္ဂလိပ်လို လက်ကွက်မြန်လာပြီပဲထား - မြန်မာလက်ကွက်က ပြန်ကျင့်ရသေးတယ် - သူတို့နိုင်ငံသား တွေက အင်္ဂလိပ် လက်ကွက် တတ်ရင် ကမ္ဘာပတ်လို့ ရတယ် - ကိုယ်က မြန်မာလက်ကွက်လေးမှ မတတ်ရင် မြန်မာကြားမှာ လူရာမဝင်သလိုလို ( လူရာမဝင်တာတော့ မဟုတ်ပါဘူး အမှန်က သူတို့ ရှလွတ်ရှလွတ် ပြောနေတော့ ကိုယ်လည်း သူတို့လို ကိုယ့်မိရိုးဖလာ ဘာသာစကားနဲ့ မြန်မာလိုလေးရိုက်ပြီး ပြောချင်တာပေါ့ ) - ဒီအခက်အခဲလေးတွေ ပြေလည်စေဖို့ - Typing skill တွေ သွက်လာစေဖို့ ဆိုတာ သူများကျင့်ပေးလို့ မရပါဘူး - ကိုယ်ကိုယ်တိုင် အားကြိုးမာန်တက်ရိုက်မှ ပြေလည်တာမျိုးပါ - မြန်မာ Typing skill ကတော့ ရှင်းတယ် - Chatting များများတက် အလိုလို မြန်လာရော - :D အဲမှာ တစ်ခု စကားပြောလာတာက အင်္ဂလိပ် Typing skill - အဲတာကလည်း ကောင်းတာကတော့ ကိုယ့်လူမျိုးခြား သူငယ်ချင်းနဲ့ Chatting တက်ရင်း ကျင့်နိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ရွေးချယ်စရာနည်းလမ်းက ဒီတစ်ခုတည်း မဟုတ်ပါဘူး - နောက်နည်းလေးတွေ ရှိပါသေးတယ် -  ဒါ့ကြောင့် Typing skill တက်လာဖို့ ပြင်ဆင်ပေးနိုင်မယ့် နေရာကောင်းလေးတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။



Typing skill ကျင့်တာနဲ့ ပတ်သတ်ပြီး ကွန်ပြူတာထဲ Install လုပ် ကျင့်လို့ရတဲ့ Software တွေရှိတာတော့ တော်တော်များများ လည်း သိပြီးသားဖြစ်မှာပါ - ဒါပေမယ့် Typing skill ကျင့်တယ်ဆိုတာ နေ့စဉ်နဲ့ အမျှ ဘယ်သူမှ အားတက်သရော ကျင့်နိုင်ကြတာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့တော့ စက်ထဲ ထည့်ထားပြီး ကျင့်တာထက် အင်တာနက်ထဲမှာရှိနေတဲ့ free typing tests တွေနဲ့ ကျင့်စေချင်ပါတယ်။ ဒါ့ကြောင့် ခု ဒီနေရာမှာ စက်ထဲ ဘာတစ်ခုမှ install လုပ်စရာမလိုပဲ အင်တာနက်ထဲမှာ လေ့ကျင့်လို့ ရမယ့် နေရာကောင်းတွေ ဖော်ပြပေးလိုက်ပါတယ်။ ခု ကျွန်တော်တို့ စပြီး Typing skill ကို စနစ်တကျနဲ့ မြန်ဆန်ဖို့ လေ့ကျင့်ကြည့်ရအောင် -

1. TypingMaster’s Typing Test


ကိုယ့်ရဲ့ Typing skill ကို အမှန်တကယ် စနစ်တကျနဲ့ မြှင့်ချင်တာ သေချာပြီ ဆိုရင် ပထမဆုံး ကျွန်တော်တို့ ပြင်ဆင်ရမှာ လက်တလော ကိုယ်ရိုက်နေတဲ့ Typing skill က ဘယ်လောက်ရှိပြီး Score ဘယ်လောက်ရသလဲ ဆိုတာ မှတ်ထားဖို့ပါ။ အင်တာနက်ထဲမှာ Typing skill ဘယ်လောက် မြန်တယ်ဆိုတာ အလကားစစ်ပေးနေတဲ့ နေရာတွေ အများအပြားရှိပါတယ် - အားလုံးရဲ့ ကြားထဲမှာ သဘောကျမိတာတော့ TypingMaster’s Typing Test က ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပြီး သလိုပဲ Browser ကနေ တစ်ဆင့် Typing Test လုပ်လို့ ရတဲ့ နေရာပါ - သူဖော်ပြထားတဲ့ စာပိုဒ်ကို အတတ်နိုင်ဆုံး မမှားအောင်နဲ့ သတ်မှတ်ထားတ့ဲ အချိန်တွင်းမှာ မြန်နိုင်သမျှ မြန်အောင် ရိုက်ရပါမယ်။ သတ်မှတ်ပေးထားတဲ့ မိနစ်ပြည့်တာနဲ့ ကိုယ့် Typing skill စွမ်းရည် ဘယ်လောက်ရှိသလဲ - မြန်သလား - အလယ်အလတ်လား - နှေးသလား ဆိုတာ သူဖော်ပြပေးပါလိမ့်မယ်။ တကယ်လို့ ထွက်လာတဲ့ Typing skill result က ကောင်းတယ် ဘာညာဆိုရင် Facebook တို့ Twitter တို့ကိုတင်ပြီး သူငယ်ချင်းတွေကိုလည်း ကြွား အဲမှားလို့ Share လုပ်လို့လည်း ရပါတယ်။

2. TypingWeb’s Free Tutorials


ကိုယ့်ကိုယ်ကိုယ် Typing ရိုက်လာတာ ကြာပြီ - ကိုယ့် Typing skill ကိုလည်း ကိုယ်ကိုယ်လည်း မဆိုးလှဘူးလို့ သတ်မှတ်မိပြီ  - ခုနက Score လေး ကြည့်ကြည့်တော့လည်း ရလဒ်က မဆိုးဘူးပဲ ဆိုပါတော့ - ဒီလိုဆိုရင် ကိုယ့် လက်ကွက် အနေအထားတွေက အမှန်တကယ်ရော စနစ်ကျရဲ့လား ဆိုတာ ပြန်ဆန်းစစ်ကြည့်သင့်ပါပြီ။ စနစ်မကျတဲ့ လက်အနေအထားနဲ့ ရိုက်နေတဲ့ Typing ဟာ ဘယ်လောက် မြန်ဆန်ပါတယ်ဆိုဆို စနစ်တကျ လက်ကွက် အနေအထားနဲ့ ရိုက်နေသူ တစ်ယောက်ထက် ကြာရှည်မှာ ပိုပြီး နှေးကွေးလေးလံ လာတတ်ပါတယ်။ ဒါ့အပြင် စနစ်မကျတဲ့ လက်ကွက် အနေအထားကြောင့် ကြာရှည်မှာ စိတ်ရောလူပါ ပင်ပန်းစေပါလိမ့်မယ်။



TypingWeb.com က ဒီ ဆိုးရွားတဲ့ လက်ကွက် အနေအထားမှားယွင်းမှုတွေကို မှန်ကန်တဲ့ အနေအထားရောက်အောင်  beginner level ကနေ စပြီး ပြန်လည် ပြင်ဆင်ပေးနိုင်ပါတယ်။ အခြေခံကနေ ပြန်စပြီး စိတ်ရှည်ရှည်နဲ့ သူပြထားတဲ့ လက်ချောင်း လက်ကွက်အတိုင်း လိုက်နင်းကျင့်ရင် ကျွမ်းကျင်ပြီးသူ လူတစ်ယောက် အတွက် ရက်ပိုင်းအတွင်း  မူလ Typing skill ကို လက်အနေအထားမှန်မှန်နဲ့ ပြန်လည် အခြေချမိပါလိမ့်မယ်။



3. Sense-Lang’s Balloon Game



ကိုယ့် လက်ချောင်းတွေ ဘယ်လိုထားရမလဲ ဆိုတာ သိပြီ ဒီလိုဆို နောက်တစ်ဆင့် အနေနဲ့ ကိုယ့်လက်ချောင်းတွေနဲ့ keyboard ပေါ်က keys တွေ ချိတ်ဆက်မိဖို့ ကြိုးစားရပါမယ်။ ဒီနေရာမှာ screen ကနေ မျက်လုံး မခွာပဲ ကျလာတဲ့ ဘောလုံးလေးတွေက စာလုံးတွေကို လိုက်ရိုက်ကြည့်ပါ။ တော်တော် မြန်လာတာ သတိထားမိပါလိမ့်မယ်။


4. Rapid Typing Zone’s TypeDown


လက်အနေအထားကို သိပြီ - ကိုယ့်လက်ချောင်းတွေနဲ့ keyboard ပေါ်က keys တွေလည်း ချိတ်ဆက်လို့ မိပြီ ဒီလိုဆိုရင် နောက်တစ်ဆင့် အနေနဲ့ Typing speed မြှင့်ရပါမယ်။ ရုတ်တရက် ပေါ်လာတဲ့ စာလုံးတွေကို လက်ကွက် အနေအထား မှန်မှန်နဲ့ လိုက်ရိုက်နိုင်ဖို့ ကြိုးစားကြည့်ပါ - TypeDown က လျှပ်တစ်ပြတ် ပေါ်ပေါ်လာတဲ့ သူရဲ့ Random စာလုံးတွေဟာ ကိုယ့် Speed နှေးရင် နှေးသလောက် တဖြေးဖြေး မြင့်မြင့်တက်လာပြီး Screen ရဲ့ ထိပ်ကို ထိဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရမှာပါ - ကြိုးစားကြည့်ပါ။


5. TypeOnline’s Number Pad Lessons




ကျွန်တော် ခု အပေါ်မှာ ဖော်ပြခဲ့တာတွေဟာ စာလုံးရိုက်မြန်အောင် ကျင့်တာမျိုးပဲ ရှိပါသေးတယ် - နောက်တစ်ဆင့် အနေနဲ့ ဂဏန်းတွေ ရိုက်တာ မြန်အောင် လေ့ကျင့်ရပါဦးမယ် - အဲ့အတွက် လေ့ကျင့်သင့်တဲ့ နေရာကတော့ ဖော်ပြထားတဲ့ TypeOnline ပါပဲ။

ကိုယ့်ကိုယ်ကိုယ် အားလုံး လက်ကွက် အနေအထားနဲ့ လျင်မြန်မှု ပြည့်စုံပြီ လို့ ဆိုနိုင်ပါပြီလား ဒီလိုဆိုရင် TypeRacer ဆိုတဲ့ ဂိမ်းလေး တစ်ခု ဆော့ကြည့် ကြရအောင်ပါ။


TypeRacer ဆိုတာ ပုံမှန် ကျွန်တော်တို့ ဆော့နေကျ online game ပါပဲ - သူက ပြိုင်ပွဲ ကိုယ်စဝင်ပြီ ဆိုတာနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ့်လိုမျိုး ပြိုင်ပွဲ ဝင်လာကြတဲ့ တစ်ခြား player တွေနဲ့ randomly match လုပ်ပေးပါတယ်။  ကိုယ်နှေးရင် နှေးသလို ကျန်ခ့ဲမယ် - မြန်မြန်မှန်မှန် ရိုက်နိုင်ရင် အားလုံးကို ကျော်တက်သွားမယ်။ တကယ်ပျော်ဖို့ ကောင်းပါတယ်။ စမ်းပြိုင်ကြည့်ပါ။

ခုဆို အင်္ဂလိပ်လက်ကွက် Typing skill ကျင့်တာနဲ့ ပတ်သတ်ပြီး တော်တော်များများ အကြံပြုခဲ့ပြီးပါပြီ - ဒါပေမယ့် မပြီးသေးပါဘူး - ကျွန်တော်တို့က အင်္ဂလိပ်လူမျိုး မဟုတ်တဲ့အတွက် နောက်တစ်မျိုး ကျင့်ရပါဦးမယ် - အဲတာကတော့ မိခင် မြန်မာဘာသာစကား ပါ - မြန်မာလက်ကွက်နဲ့ ပတ်သတ်ပြီး လေ့ကျင့်နိုင်မယ့် နေရာတွေကတော့ အင်္ဂလိပ်လက်ကွက် လေ့ကျင့်နိုင်သလိုမျိုး အင်တာနက်ထဲမှာ ပေါပေါများများ မရှိသေးပါဘူး - ဒါပေမယ့် ကျွန်တော် သိထားသလောက် ဖော်ပြပေးပါ့မယ်။

တစ်ခုကတော့ ကိုမျိုးကျော်ထွန်းနဲ့ ကိုမျိုးဟန်ထွန်း တို့ ညီ အစ်ကို နှစ်ယောက် ဖန်တီးထား တဲ့ English Myanmar Typing Tutor ပါ။


တော်တော်လေး အသုံးတည့်တယ်လို့တော့ ပြောလို့ ရပါတယ် - ဘာကြောင့်လည်းဆို မြန်မာစာလက်ကွက်ရော - အင်္ဂလိပ် Typing ကိုပါ ကြိုက်တာရွေးပြီး လေ့ကျင့်နိုင်လို့ပါ။ System Requirements က ဘာတွေလဲ - ဘယ်မှာ Download လုပ်ရမှာလဲ ဆိုတာကတော့ ဒီနေရာကနေသာ သွားကြည့်လိုက်ပါ။ တွေ့ပါလိမ့်မယ်။

နောက် တစ်ခုကတော့ Ko Tin Maung Aye | Web & SEO Specialist ဖန်တီးထားတဲ့ Myanmar Typer ™ Beta Version Myanmar Typing Tutor ခေါ် အွန်လိုင်းမှာ မြန်မာစာလက်ကွက် တိုက်ရိုက် ရိုက်ကျင့်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ လေ့လာကြည့်ကြပါ။

ကျွန်တော် လေ့လာထားမိသလောက်နဲ့ အကြံပြုနိုင်သလောက်ကတော့ ဒီလောက်ပါပဲ - နောက်ထပ် ကောင်းနိုးရာရာ web-based typing tutors လေးများ သိထားကြရင်လည်း အချင်းချင်း လက်တို့ပေးကြပါဦး -

KznT.

Galactic Inbox

ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်ရင် တော်တော်ချာတယ် ပြောရမယ် - သူများတကာတွေ သဘောအကျကြီး ကျပြီး ဆော့နေကြတဲ့ dota allstars တို့ - Manager ဂိမ်းတို့ - နောက် Prince of Persia ဘာတစ်ခုမှကို မဆော့တတ်ဘူး - ကျွန်တော် ဘာဆော့တတ်လဲဆို အာလာဒင်တို့ - မာရီယိုတို့ ရမ်ဘိုတို့ပဲ ဆော့တတ်တယ် - ခုနောက်ပိုင်းတော့ နဲနဲ အဆင့်မြင့်လာပြီ - Farmville တို့ Mafia တို့ ဆော့တတ်လာပီ -:D
ခုလည်း ဂိမ်းအကြောင်းရေးမယ် ဆိုပြီး ခေါင်းစဉ်အောက်သာ ဝင်လာတာ နဲနဲတော့ သိမ်ငယ်နေသလိုပဲ :D ဘာမှ ကောင်းကောင်းမဆော့တတ်ပဲ ကြီးကြီးကျယ်ကျယ် ရေးစရာ ရှိနေလို့တော့ မဟုတ်ပါဘူး - ဒီနေ့ နဲနဲ အားနေတာနဲ့ အင်တာနက်ထဲ စာလိုက်ဖတ်ရင်း ထူးထူးဆန်းဆန်း ကလေးဂိမ်းတစ်ခု တွေ့မိလို့ ဆော့စေချင်တာနဲ့ ဝင်ရေးလိုက်တာပါ။ အသက်ကလည်း ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာ ဆိုတော့ လူကလည်း ကလေးဂိမ်းပဲ ဆော့တတ်တယ်ဗျ

သူက HTML5 ဂိမ်းတစ်ခုပါ - အဲ့တာကြောင့် HTML5 ကို support ပေးတဲ့ Browser နဲ့မှ ဆော့လို့ ရပါမယ်။ လောလောဆယ် ကျွန်တော့် Browser က Firefox 3.6.11 ဆိုတော့ ရတယ် - အဲ့ပတ်ဝန်းကျင်က - version သိမ့်မနိမ့်တဲ့ Browser လည်း ဆော့လို့ ရမယ် ထင်ပါတယ်။



“Galactic Inbox” လို့ အမည်ရတဲ့ ဒီဂိမ်းလေးကို Paul Truong က ဖန်တီးထားတာပါ။ ဖော်ပြပါ နေရာကနေ သွားလို့ ဂိမ်းထဲကို ရောက်သွားရင် အရင်ဆုံး စာပျံလေး တစ်ခု ရမယ် - ပြီးတော့ အဲကောင်လေးက အာကာသထဲ လျှောက်ပျံပြီး ကျောက်ခဲတွေ နဲ့ တစ်ခြား မကောင်းတာတွေကို ဖျက်ဆီးရမယ် - နောက်ဆုံးမှာ boss တစ်ကောင်နဲ့ တွေ့ပြီး ဖြိုခွင်းနိုင်ရင် ဂိမ်းလေးက ပြီးပါပြီ - ဘာမှတော့ မဟုတ်ပါဘူး အပျော်ပါ ဝါသနာပါလို့ HTML5 ဂိမ်းကို ဆော့ကြည့်ချင်သူများ ဆော့ကြည့်နိုင်ပါတယ်။






ကျွန်တော် ဆော့ကြည့်တာတော့ နိုင်တယ်ဗျ - နိုင်မှာပေါ့ ကလေးဂိမ်းကိုး


KznT.

Google Street View in Antarctica


Antarctica  - ကျွန်တော်တို့ မြန်မာအခေါ် အန္တာတိက ဆိုတာ ကမ္ဘာ့တောင်ဘက်ခြမ်း မှာ ရှိနေတဲ့ တောင်ဝင်ရိုးစွန်းဒေသ  ဖြစ်ပြီး သူ့ကို တောင်သမုဒ္ဒရာ က ဝန်းရံထားပါတယ်။ သူက ကျွန်တော်တို့ လူသားအများစု နေထိုင်ကြတဲ့ အာရှ, အာဖရိက, မြောက်အမေရိက နဲ့ တောင်အမေရိက ပြီးရင် ပဥ္စမမြောက် အကြီးဆုံးတိုက်တစ်ခုပါ။ ဒီ အန္တာတိကတိုက်ရဲ့ ၉၈% ကို ရေခဲ့ထုတွေနဲ့ ဖုံးလွှမ်းထားပြီး သူ့ရဲ့ အထူက ပျမ်းမျှအနေနဲ့ အနည်းဆုံး ၁.၆ ကီလိုမီတာ ရှိတယ်လို့ သိရပါတယ်။  အန္တာတိက ဟာ တိုက်တွေ အားလုံးထဲမှာ ရာသီဥတု အဆိုးဝါးဆုံး တိုက်တစ်ခုအဖြစ် သတ်မှတ်ကြသလို ပျမ်းမျှအားဖြင့် တွက်ချက်ရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မားဆုံး တိုက်တစ်ခု အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ အမြဲပုံမှန် နေထိုင်တဲ့ လူရယ်လို့ အန္တာတိကတိုက်မှာ မရှိပေမယ့် သုတေသနလုပ်ငန်းတွေ အတွက် တိုက်ပေါ်က စခန်းအသီးသီးမှာ နှစ်စဉ်နေထိုင်သူ ၁၀၀၀ ကနေ ၅၀၀၀ ကြားရှိတယ်လို့လည်း သိရပါတယ်။ 



Google Street View ဆိုတာ Google Maps နဲ့ Google Earth မှာ ထည့်သွင်းပါဝင်လာတဲ့ နည်းပညာတစ်ခုပါ။ သူက ဘယ်လိုမျိုးလဲ ဆိုရင် Panoramic လို့ ခေါ်တဲ့ ဘက်ပေါင်းစုံကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားတဲ့ Views လို့ အလွယ်ဆိုလို့ ရပါတယ်။ Panoramic views ကြောင့် ကျွန်တော်တို့တွေ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ကိုယ်မရောက်ဖူးတဲ့ နေရာအသီးသီးက လမ်းတွေ - အဆောက်အအုံတွေ - တည်နေရာ အနေအထား အသီးသီးကို ကိုယ်တကယ် ရောက်ရှိသွားသလို ကြည့်ရှုခံစားနိုင်လာပါတယ်။ 



ကျွန်တော်တို့တွေ တော်တော်များများ တစ်နေ့နဲ့ တစ်နေ့ ဒီနေရာမှာပဲ နေ - ဒီနေရာတွေပဲ သွား - ဒီအစားအစာတွေပဲ စားနေရ တာ ငြီးငွေ့ဖို့ ကောင်းလိုက်တာလို့များ တစ်ခါတစ်လေလောက် မတွေးမိကြဘူးလား - သေချာပါတယ် - ကျွန်တော်လည်း တွေးမိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော် တစ်နေရာတည်းမှာ တစ်သမတ်တည်းကြီး အပြောင်းအလဲ မရှိပဲ ငြိမ်နေရတဲ့ ဘဝမျိုးကို ပိုငြီးငွေ့ပါတယ်။ အမြဲ ပြောင်းလဲချင်နေတာမျိုး မဟုတ်ပေမယ့် အသစ်အဆန်းတွေ ကျွန်တော် မြင်ချင်တယ် - ကြားချင်တယ် - ထိတွေ့ကြည့်ချင်တယ် - ကျွန်တော်တို့ မရောက်နိုင် မတွေ့ထိနိုင်တဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ ရင်သပ်ရှုမောလို့ မဆုံးနိုင်တဲ့ သဘာဝဆေးပန်းချီတွေ ရှိနေမယ် ဆိုတာ ကျွန်တော် ကျိန်းသေသိပေမယ့် သူတို့ ဘယ်လိုအနေ အထားရှိနေလဲ ?? ဘယ်လိုပုံပန်းတွေ ဖြစ်နေမလဲ ?? ကျွန်တော် အရင်က မသိနိုင်ခဲ့ဘူး - နားမလည်နိုင်ခဲ့ဘူး - မခံစားခဲ့ရဘူး - အခုတော့ အားလုံး ပြောင်းပြန်ဖြစ်သွားပါပြီ -

အခု ကျွန်တော် Google Maps မှာပါတဲ့ Google Street View ရဲ့ အကူအညီနဲ့ ကျွန်တော် သိပ်ရောက်ဖူးချင်တဲ့ Antarctica ရဲ့ မြင်ကွင်းတွေကို ကျွန်တော် မြင်နိုင်ပြီ - သိနိုင်ပြီ - ခံစားခဲ့ရပါပြီ။ ဒီအကြောင်းအရာရဲ့ ထိပ်ဆုံးမှာ ကျွန်တော် Antarctica နဲ့ Google Street View ကို ယှဉ်တွဲ ဖော်ပြခဲ့တယ် ဆိုတာ တစ်ခုချင်းစီမှာ ရှိတဲ့ အားသာချက် အားနည်းချက်လေးတွေကို တစ်ခုအကူအညီနဲ့ နောက်တစ်ခု ဘယ်လို လေ့လာသုံးသပ်နိုင်မယ် ဆိုတာ မိတ်ဆက်ပေးချင်လို့ ဖြစ်ပါတယ်။



အန္တာတိကတိုက်မှာ ရှိနေတဲ့ ပင်ဂွင်းလေးတွေကို ကြည့်ချင်ရင် ဒီနေရာကနေ အရင်သွားလိုက်ပါ။ ကျောက်တုံးလေးတွေပေါ်မှာ ရပ်နေတဲ့ ပင်ဂွင်းလေးတွေကို စပြီးတွေ့ရပါလိမ့်မယ်။ မြှားနဲ့ထိုးပြထားတဲ့ Direction လမ်းကြောင်းကို Click ပေးရင် ရှေ့ဆက်သွားရင် မြင်ရမယ့် မြင်ကွင်းတွေကို တစပ်တဆက်တည်း တွေ့မြင်နိုင်ပြီး Left-click နဲ့ Mouse ကို ဆွဲလှည့်ရင် ပတ်ဝန်းကျင်ကိုလည်း 360 ဒီဂရီ ရှုမြင်နိုင်ပါသေးတယ်။



ဒီအပေါ်က ပုံကတော့ အန္တာတိကတိုက်မှာ သုတေသနလုပ်ငန်း/လေ့လာရေးခရီး အတွက် ရောက်ရှိနေကြတဲ့ လူတစ်ချို့ပါ။ ကျွန်တော်လည်း သွားချင်လိုက်တာဗျာ -






ခု ကျွန်တော် ဖော်ပြထားတာတွေဟာ အန္တာတိကရဲ့ မြင်ကွင်းအကုန် မဟုတ်သေးပါဘူး - တစ်ခြား လေ့လာနိုင်တာတွေ အများကြီး ရှိပါသေးတယ် - ခု နောက်တစ်ဆင့် အနေနဲ့ Google Maps မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့အထင်ကရ နေရာ တစ်ခုကို သွားကြည့်ပါဦးမယ်။ ဒါကိုတော့ Record လေးလုပ်ပြီး တင်ပေးထားပါတယ် - လေ့လာကြည့်နိုင်ပါတယ်။


အရင် တစ်လောက ဖိုရမ်မှာ Google Maps နဲ့ Google Earth ကို ထိထိရောက်ရောက် အသုံးချတတ်ချင်လို့ ဆိုပြီး မေးထားတာ လေးတွေ့မိခဲ့ပါတယ်။ တကယ်တော့ Google Maps နဲ့ Google Earth ဟာ Users တွေအတွက် အသုံးပြုရ လွယ်ကူအောင် ဖန်တီးပေးထားတာမို့လို့ ခက်ခက်ခဲခဲကြီး လေ့လာရတဲ့ ဘာသာရပ်မျိုး မဟုတ်ပါဘူး - အင်တာနက်လည်း အနီးနားမှာ ရှိပြီး နေ့စဉ်ဝင်ထွက် အသုံးပြုပါ များလာရင် တဖြည်းဖြည်း အသုံးပြုဖို့ ကျွမ်းကျင်လာနိုင်ပါတယ် ဆိုတဲ့ အကြောင်း အကြံပြု လိုပါတယ်။ Google Street View နဲ့ အတူ လေ့လာဖို့ မကုန်နိုင်တဲ့ Google Maps အကြောင်း တစ်စိတ်တစ်ဒေသ ဖော်ပြရင်း ဆက်လက်လေ့လာနိုင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

KznT.

Related Posts