Navigating The RAM Maze

Leave a Comment
ဒီအကြောင်းအရာက Profile မှာရော စာချွန်လွှာနဲ့ပါ ကိုချစ်သားငယ်လေး မေးထားလို့ တစ်ခြား မိသားစုက လေ့လာလိုသူတွေလည်း သိနိုင်အောင် ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ အတိုကောက် ခေါ်ကြတဲ့ RAM ဆိုတာ Random Access Memory ဆိုတာတော့ ကွန်ပြူတာနဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင်တော့ Memory ပေါ့ - သူက ကွန်ပြူတာတစ်လုံးကို ဘယ်လို ကူညီသလဲ ?? နားလည်လွယ်အောင် ပြောရရင် တကယ်လို့ RAM ဆိုတာ ကျွန်တော်တို့ ခေါင်းထဲက မှတ်ဉာဏ်လိုမျိုးပဲ ကျွန်တော်တို့ စာမေးပွဲတွေ ဖြေကြတယ် - ဘာသာရပ်နဲ့ ဆိုင်တာတွေကို သေသေချာချာ ကျက်မှတ်ထားခဲ့ရင် စာမေးပဲွ ဖြေတဲ့ အခါ ကိုယ်ကျက်မှတ်ထားတွေကို စာအုပ် ပြန်ကြည့်စရာ မလိုပဲ လက်တန်း မှန်မှန် ဖြေဆိုနိုင်တယ် - မကျက်ထားတဲ့သူက မဖြေနိုင်ဘူး - စာကျက်တယ်ဆိုတာ တကယ်တော့ Memory ဆိုတဲ့ ခေါင်းထဲကို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေ လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်အောင် Data တွေ ခဏ သိမ်းထားလိုက်တာပါပဲ - အဲလို သိမ်းထားလိုက်တော့ စာမေးပွဲ ဖြေတဲ့ အချိန်မှာ Hard Disk ဆိုတဲ့ စာအုပ်ကို Access လုပ်စရာ မလိုပဲ ခေါင်းထဲမှာ အလွယ်တကူ ရှိနေတဲ့ Memory ထဲက စာတွေ အလွယ်တကူ ထုတ်ရေးချလို့ ရသွားတယ် - အဲ့မှာ နောက်တစ်မျိုး အနေနဲ့ စာမကျက်ထားတဲ့ ကျောင်းသား တစ်ယောက် စာမေးပွဲ ဖြေမယ် - သူက ခုနက ပြောခဲ့သလို စာမကျက်ထားတော့ Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေက Memory ဆိုတဲ့ သူ့ခေါင်းထဲကို ရောက်မလာဘူး - ပြောရရင် လူမို့လို့ ခေါင်းရှိပေမယ့် သူ့ ခေါင်းက Memory မတပ်ထားတဲ့/Memory မရှိတဲ့ ခေါင်းနဲ့ တူသွားတယ် - အဲတော့ စာမေးပွဲ ခန်းထဲ ရောက်ရင် မေးလာတဲ့ စာတွေကို သူ့ Memory ကနေ ပြန်ခေါ်လို့ မရတော့ဘူး - အဲတော့ ဒီစာမေးပွဲ အောင်ဖို့ဆို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေကို Access ပြန်လုပ်နိုင်မှ ရတော့မယ် - ဒါကို ကျွန်တော်တို့က စာခိုးချတယ် လို့ ခေါ်ပါတယ် -



ကျွန်တော်တို့ RAM ဆိုပြီး ပြောကြတဲ့ Random Access Memory တွေရဲ့ သဘောတရားကလည်း ဒီလိုပါပဲ - တကယ်လို့ ကျွန်တော်တို့ ကွန်ပြူတာက information တွေ လိုလာတဲ့ အခါ သူက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စာကျက်ထားသူ တစ်ယောက်ဟုတ်မဟုတ် ပြန်စစ်တယ် - ဆိုလိုတာ Memory ရှိမရှိပေါ့ - တကယ်လို့ သူက Memory ကို ရှာမတွေ့ဘူး ဆိုရင် Data တွေကို Access လုပ်နိုင်ဖို့ Hard Drive ရှိရာဆီကို သွားရတယ်။ အဲတော့ ကွန်ပြူတာ တစ်လုံးမှာ RAM မရှိတာဟာ စာမေးပွဲ ခန်းထဲမှာ စာခိုးချဖို့ ကြိုးစားနေတဲ့ ကျောင်းသား တစ်ယောက်နဲ့ တူပါတယ်။ လိုချင်တာတွေ ရှိပေမယ့် လိုအပ်တာတွေကို အလွယ်တကူ Access မလုပ်နိုင်ဘူး - လိုချင်တာရဖို့ သူများတကာက Memory ထဲကဟာလေး နဲ့ ချရေးပြီး လေး ငါး ပုဒ် ပြီးနေချိန်မှာ ကိုယ်က Hard Drive ဆိုတဲ့ စာအုပ်တွေဆီကနေ Access လုပ်နိုင်ဖို့ ဟိုလူ့ကြည့်ရ ဒီလူ့ရှောင်ရ ကွေ့ပတ်သွားနေရတယ်။ ဒါ့ကြောင့် ကွန်ပြူတာ တစ်လုံးဟာ RAM မရှိရင် ဖြစ်ဖြစ် OS ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီအောင် RAM မထည့်သွင်းထားနိုင်ရင် ဖြစ်ဖြစ် စက်က အရမ်းနှေးကွေး လေးလံပြီး လိုလားချက်ပြည့်စုံနိုင်ဖို့ အချိန်အရမ်းပေးရတတ်ပါတယ်။

ဒီလို အဖြစ်အပျက်တွေက အရင်တုန်းက ကွန်ပြူတာ အဟောင်းတွေမှာ တော်တော်များများ တွေ့ရတတ်ပြီး အဲလို ဖြစ်လာရင် သင့်တော်တဲ့ Speed ရအောင် RAM ထပ်တိုးရတာတွေ တစ်ခြား Upgrade လုပ်ဆောင်ရတာမျိုးတွေ လုပ်ပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း RAM ထပ်တိုးတယ် ဘာညာ ဆိုတာ တကယ်တော့ ရိုးရိုး ပမာဏ သတ်မှတ်ချက် တစ်ခုပါ - သူ့နောက်မှာ ကျွန်တော်တို့ သိထားသင့်တာတွေ အများကြီး ကျန်ပါသေးတယ်။ RAM မှာမှ Versions တွေ အမျိုးမျိုး ရှိသလို - Speeds တွေလည်း အမျိုးမျိုးရှိပြီး ကွာခြားချက်တွေလည်း အမျိုးမျိုး ရှိပါသေးတယ်။ ဥပမာ အနေနဲ့ ပြောရရင် DDR2 800 RAM နဲ့ 2GB stick တစ်ခုဟာ DDR3 1333 RAM နဲ့ 2GB stick ကို ယှဉ်လိုက်ရင် 2GB ချင်း ပမာဏ တူပေမယ့် စွမ်းဆောင်ရည်ချင်း မတူပါဘူး RAM အမျိုးအစား မတူတာနဲ့ ဘာတွေများ ကွဲသွားသေးတာလဲ - ဒါတွေက ကွန်ပြူတာ သမားပဲ ဖြစ်စေ - ရိုးရိုး ကွန်ပြူတာ သုံးသူ တစ်ယောက် ဖြစ်စေ နားလည်ထားဖို့ သင့်ပါတယ်။


အဲတော့ DDR2 နဲ့ DDR3 ဘာကွာ သလဲ - ဈေးကွက်ထဲမှာ ရှိနေတဲ့ DDR memory အမျိုးအစားတွေကို ကြည့်ပြီး တစ်ခုနဲ့ တစ်ခု ကွာခြားချက်လေးတွေ သုံးသပ်ကြည့်ကြရအောင်။ 

DDR2 နှင့် DDR3 ၏ အကြီးမားဆုံး ကွာခြားချက်များ

၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ Intel ကနေ ပထမဆုံး Core i7 processors ကိုထုတ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုပဲ processors တွေ ထုတ်ခဲ့တာပဲ - ဒါပေမယ့် ဒီတစ်ခါ ပြောင်းလဲ သွားတာက အဲ့ဒီ processors တွေ နဲ့ အတူ X58 လို့ခေါ်တဲ့ Motherboard chipset အသစ် ကိုပါ တွဲပြီး ပွဲထုတ်လိုက်တာပါ။ အဲ့ဒီ chipset က တစ်စပ်တစ်ဆက်တည်း DDR3 ဆိုတဲ့ နောက်ထပ် Memory မင်းသားတစ်လက်ကို ပါ စင်တင်ပါတယ်။ ပြောရရင် သုံးမျိုးတွဲပြီး အချိန်းအပြောင်း လုပ်ပစ်လိုက်တာ ပေါ့ -


အဲလိုပြောင်းပြီး သိပ်မကြာဘူး နောက် ၂ နှစ်လောက်လည်း နေရော Industry တစ်ခုလုံးကိုပါ DDR3 နဲ့ပဲ တွဲသုံးလို့ ရမယ့် ပုံစံမျိုးဖြစ်အောင် Intel က ပြောင်းပစ်လိုက်တယ်။ ခုဆိုရင် Intel ရဲ့ နောက်ပိုင်းထုတ် processors အသစ်တွေ အားလုံးက DDR3 ကို လက်ခံနိုင်တဲ့ Motherboard ကိုပဲ သုံးလို့ ရတော့တယ်။ အခု AMD motherboards တွေကလည်း DDR3 ကို ချိန်းနေပါပြီ - DDR ဆိုတာ Double Data Rate RAM ကို ဆိုလိုတာပါ။ ဒီ စာလုံးက ကျွန်တော်တို့သာ အထူးအဆန်း ဖြစ်နေတာ တကယ်တမ်း DDR ဆိုပြီး စမိတ်တဲ့ အချိန်ကနဲ့ တွက်လိုက်ရင် တော်တော်တောင် ကြာလှပါပြီ - Double Data Rate RAM ဆိုတဲ့ သဘောက အရင် SDRAM တွေ Clock cycle တစ်ပတ်မှာ Data Transfer တစ်ကြိမ်ပဲ ပြုလုပ်နိုင်ချိန်မှာ DDR တွေက Clock cycle တစ်ပတ်မှာ Data Transfer နှစ်ကြိမ် ပြုလုပ်နိုင်တယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါက ကျွန်တော် theoretically ပြောတာပါ။ နောက်ပိုင်း ကွာခြားချက်လေးတွေ လာပါဦးမယ်။


အဲလိုနဲ့ SDRAM နောက် DDR SDRAM သူ့နောက်မှာ DDR2 SDRAM ခု DDR3 SDRAM နောက်ဆုံး DDR4 SDRAM ဆိုပြီး ၂၀၁၂ မှာ ထွက်နိုင်ဖို့ ယာထား ပြီးပါပြီ။ ဒါတွေ အားလုံးက အရင် SDRAM လို့ခေါ်တဲ့ Synchronous dynamic random access memory ကနေ တဖြည်းဖြည်းချင်း ဆင့်ပွားတိုးတက်လာတာ တွေပါ။ ဘယ်လို ဆင့်ပွား တိုးတက်လာတာလဲ ဆိုရင် Clock cycle တစ်ပတ်မှာ Data Transfer ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး သတ်မှတ်လာတာမျိုးပါ။ ဥပမာ အနေနဲ့ ပြောရရင် DDR2 RAM က Cycle တစ်ပတ်မှာ 4 data transfers လုပ်နိုင်တယ် ဆိုရင် - DDR3 က 8 data transfers  လုပ်နိုင်တယ်။ ဒီ့ထက်ရှင်းအောင် ပြောရရင် Clock speed ကို Base အနေနဲ့ 100Mhz ထားပြီးကြည့်ရင် DDR RAM က Bandwidth 1600 MB/s ရှိတဲ့ အချိန်မှာ - DDR2 က 3200 MB/s ရမယ် နောက် DDR3 က 6400 MB/s ရမယ် - ဆိုလိုတာ improvement တွေ ပိုမြင့်လာလေ စွမ်းဆောင်ရည်လည်း ပိုကောင်းလာလေ ဆိုတာမျိုးပေါ့ - ကျွန်တော်တို့ အလွယ်ပြောနေကျ အတိုင်း အများဆုံးက အကောင်းဆုံး ဆိုပြီး အလွယ်ပြောရင်တော့ ခုနောက်ဆုံး DDR3 က အကောင်းဆုံးလို့ ကျွန်တော်တို့ ပြောရမှာပေါ့ -

စွမ်းဆောင်ရည် နှင့် ကန့်သတ်ချက်များ

ဆိုခဲ့သလို DDR3 က အကောင်းဆုံးလို့ ပြောခဲ့တော့ တကယ်ပဲ ထူးထူးခြားခြားကြီး ကြီးကြီးကျယ်ကျယ် ပြောင်းလဲ သွားတာမျိုး ရှိလို့လား ? ဒါက တွေးစရာ ရှိလာပါတယ်။ တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး - ဖော်ပြခဲ့တဲ့ အတိုင်း memory bandwidth တွေ မြင့်လာတာ ကောင်းတာ မှန်ပေမယ်လို့ ကျွန်တော်တို့ ကွန်ပြူတာတွေမှာ သုံးနေတဲ့ Programs တော်တော်များများ ( ၉၉ % ) လောက်က memory bandwidth ကျော်လောက်အောင်ထိ overload ဖြစ်တယ် ဆိုတာမျိုး မရှိပါဘူး - အဲတာကြောင့် memory bandwidth မြင့်တယ် မမြင့်ဘူးဆိုတာ Sever တို့ Workstation products တွေအတွက်ပဲ ပိုပြီး သက်ဆိုင်ပါတယ်။



ဒါ့အပြင် နောက်တစ်ခု သိထားရမှာက ဘယ်လိုပဲ ကွာတယ် မကွာဘူး ဆိုဆို လူ့ သဘောသဘဝ အရ DDR2 နဲ့ DDR3 ယှဉ်လိုက်ရင် ပိုက်ဆံတတ်နိုင်တယ်ဆို အားလုံးက DDR3 RAM ပဲ ဝယ်ချင်ကြမှာပါပဲ - ဒါပေမယ့် DDR2 နဲ့ DDR3 ဝယ်မယ်ဆိုရင် ကိုယ့် အကြိုက်ကို လိုက်ပြီး ဝယ်ချင်သလိုဝယ်လို့ မရပါဘူး - ဘာလို့လည်း ဆိုတော့ DDR2 နဲ့ DDR3 က Compatible မဖြစ်လို့ပါ - ဆိုလိုတာ ကျွန်တော်တို့ စက်မှာ သုံးနေတဲ့ Motherboard က DDR2 သုံးနေတဲ့ Motherboard ဆိုရင် ကိုယ့် Motherboard ကို Upgrade မလုပ်ပဲ DDR3 ကို ပြောင်းသုံးလို့ မရပါဘူး - အဲတော့ ဘယ်လို အဓိပ္ပါယ် ထွက်သွားလဲ ဆိုရင် ကိုယ့်မှာ လတ်တလော သုံးနေတဲ့ DDR2 RAM နဲ့ ကွန်ပြူတာ တစ်လုံးရှိနေတယ် - ဒါပေမယ့် ကိုယ်က ကိုယ့်စက်ကို DDR3 ပြောင်းသုံးချင်တယ် - ဒီလိုဆိုရင် လတ်တလော ကိုယ့်စက်က အကောင်းကြီး အလတ်ကြီး ရှိနေသေးတဲ့ Processor ရော Motherboard ရောကို ချောင်ထိုးပြီး DDR3 နဲ့ Compatible ဖြစ်မယ့် Processor နဲ့ Motherboard တစ်ခု ထပ်ပြောင်း သုံးရပါလိမ့်မယ်။


ဒီလို ဆိုလိုက်ပေမယ့် တစ်ချို့ Motherboard တွေက ချွင်းချက်အနေနဲ့ ဒီကန့်သတ်ချက်ကနေ ကွဲထွက်သွားတာ ရှိပါတယ်။ အဲတာက ဘာကြောင့်လဲဆို သူတို့တွေရဲ့ Motherboard ပေါ်မှာ DDR2 ရော DDR3 RAM slots နှစ်ခုလုံး ပါဝင်နေလို့ပါ။ နောက်ပြီး ဒီချွင်းချက်ဆိုတာကလည်း Chipsets အဟောင်းတွေမှာပဲ ရှိပါတယ်။ ဟုတ်ပါတယ် - ဒီကိစ္စက တော်တော်တော့ ကသိကအောက် နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး - ကိုယ်တွေက ထုတ်လုပ်သူ မဟုတ်ဘူးလေ - သူတို့ လုပ်တာပဲ ခံရမှာပဲ - ခု ဆို Intel ရော AMD ရောက နောက် Products တွေကို DDR3 RAM နဲ့ ဆက်သွားနေကြပါပြီ - အဲတာကြောင့် ကျွန်တော်တို့လည်း နောက်ဆို DDR3 တပ်ဖို့ ပုံး အသစ် ထပ်ဆင်ချင်ဆင် မဆင်ချင်လို့ ချစ်တီးကျမယ် ဆိုရင်တော့ အဟောင်းကြီး သုံး ဒီ Options ၂ မျိုးပဲ ရွေးဖို့ ရှိပါတယ်။

Clock Speed အကြောင်း တစ်စေ့တစ်စောင်း


အပေါ်မှာ Clock cycle - Clock cycle ဆိုပြီး ပြောခဲ့တော့ Clock cycle ဆိုတာ ဘာမှန်း သိလိုစိတ် ဖြစ်ကြပါလိမ့်မယ်။ Clock cycle ဆိုတာ ခု ခေါင်းစဉ်တပ်ထားတဲ့ Clock speed နဲ့ ဆက်စပ်မှု ရှိပါတယ်။ Clock ဆိုတာ ဘာလဲ သူတို့ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို ကျွန်တော် ဒီနေရာမှာ မဖော်ပြတော့ပါဘူး - အသေးစိတ် သိချင်သူများ ဆရာဇော်လင်း ( Youth ) ရေးတဲ့ A+ Computer Hardware Maintenance and System Administration စာအုပ် အခန်း အမှတ် ( ၃ ) စာမျက်နှာ ( ၄၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။ Clock နဲ့ Clock cycle အကြောင်း မပြောတော့ပေမယ့် RAM နဲ့ ပတ်သတ်ပြီး ဆက်စပ်နေတာ ပြောရရင် RAM တစ်ခုကို ကြည့်တဲ့ အခါ Clock speed ရဲ့ specification ကို ထည့်သွင်းစဉ်းစားရပါတယ်။ ဘာကြောင့်လည်းဆို Clock speed ဆိုတာက Processor တစ်ခု ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြသလို RAM ကိုလည်း ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြပါတယ်။ အလွယ်ပြောရင်တော့ Clock speed မြင့်ရင် ပိုကောင်းတယ်ပေါ့ - ဒါပေမယ့် ဟိုးအပေါ်မှာ ရှင်းခဲ့ပြီးသလို ဒီ Clock speed မြင့်တယ် မမြင့်ဘူး ဆိုတဲ့ ကွာခြားချက်တွေက သာမန် ကွန်ပြူတာ တစ်လုံးကို နေ့စဉ်သုံးနေကျ သူတစ်ယောက် အတွက်တော့ ထူးပြီး မသိသာလှပါဘူး - ဒါတင်မက Memory ကို Clock speed ကန့်သတ်ချက်နဲ့ ပဲ တွဲ သုံးလို့ ရတဲ့ Motherboards ဆိုတာမျိုးတွေလည်း ရှိပါသေးတယ် - အဲတာကတော့ Motherboard manufacturer ရဲ့ website မှာ ကိုယ်သုံးမယ့် RAM နဲ့ ကိုက်မကိုက် ကြည့်ရမှာပါ။ Motherboards တော်တော်များများကတော့ သိပ်ကန့်သတ်ချက်ရယ် မရှိပါဘူး - ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ စိတ်ထင်သလို တဲွသုံးတာမျိုးထက် သေသေချာချာ လေ့လာပြီးမှ ဆင်တာမျိုးက ပို ဖြစ်သင့်ပါတယ်။

နိဂုံး

အနှစ်ချုပ် အနေနဲ့ကတော့ ကျွန်တော် ပြောခဲ့တာတွေဟာ အပေါ်ယံတွေလောက်ပါပဲ - အသေးစိတ် လေ့လာချင်သူတွေ တိတိကျကျ Details သိချင်သူတွေကတော့ ဒီ့ထက်ပိုပြီး လေ့လာသင့်ပါသေးတယ်။ လက်လှမ်းမှီရာ စာအုပ်ကို ဖတ်ပါ။ အင်တာနက်မှာ လေ့လာပါ - ကျွမ်းကျင်သူများကို မေးမြန်းပါ - ကိုယ်တိုင်လည်း စေ့စပ်ပါ - သင်တန်းတွေကိုလည်း အားကိုးပါ။ ဒါဆို ဒီ့ထက် တိကျတဲ့ အချက်အလက်တွေ သိရှိနိုင်ပါလိမ့်မယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts