Google Street View in Antarctica

Leave a Comment

Antarctica  - ကျွန်တော်တို့ မြန်မာအခေါ် အန္တာတိက ဆိုတာ ကမ္ဘာ့တောင်ဘက်ခြမ်း မှာ ရှိနေတဲ့ တောင်ဝင်ရိုးစွန်းဒေသ  ဖြစ်ပြီး သူ့ကို တောင်သမုဒ္ဒရာ က ဝန်းရံထားပါတယ်။ သူက ကျွန်တော်တို့ လူသားအများစု နေထိုင်ကြတဲ့ အာရှ, အာဖရိက, မြောက်အမေရိက နဲ့ တောင်အမေရိက ပြီးရင် ပဥ္စမမြောက် အကြီးဆုံးတိုက်တစ်ခုပါ။ ဒီ အန္တာတိကတိုက်ရဲ့ ၉၈% ကို ရေခဲ့ထုတွေနဲ့ ဖုံးလွှမ်းထားပြီး သူ့ရဲ့ အထူက ပျမ်းမျှအနေနဲ့ အနည်းဆုံး ၁.၆ ကီလိုမီတာ ရှိတယ်လို့ သိရပါတယ်။  အန္တာတိက ဟာ တိုက်တွေ အားလုံးထဲမှာ ရာသီဥတု အဆိုးဝါးဆုံး တိုက်တစ်ခုအဖြစ် သတ်မှတ်ကြသလို ပျမ်းမျှအားဖြင့် တွက်ချက်ရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မားဆုံး တိုက်တစ်ခု အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ အမြဲပုံမှန် နေထိုင်တဲ့ လူရယ်လို့ အန္တာတိကတိုက်မှာ မရှိပေမယ့် သုတေသနလုပ်ငန်းတွေ အတွက် တိုက်ပေါ်က စခန်းအသီးသီးမှာ နှစ်စဉ်နေထိုင်သူ ၁၀၀၀ ကနေ ၅၀၀၀ ကြားရှိတယ်လို့လည်း သိရပါတယ်။ 



Google Street View ဆိုတာ Google Maps နဲ့ Google Earth မှာ ထည့်သွင်းပါဝင်လာတဲ့ နည်းပညာတစ်ခုပါ။ သူက ဘယ်လိုမျိုးလဲ ဆိုရင် Panoramic လို့ ခေါ်တဲ့ ဘက်ပေါင်းစုံကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားတဲ့ Views လို့ အလွယ်ဆိုလို့ ရပါတယ်။ Panoramic views ကြောင့် ကျွန်တော်တို့တွေ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ကိုယ်မရောက်ဖူးတဲ့ နေရာအသီးသီးက လမ်းတွေ - အဆောက်အအုံတွေ - တည်နေရာ အနေအထား အသီးသီးကို ကိုယ်တကယ် ရောက်ရှိသွားသလို ကြည့်ရှုခံစားနိုင်လာပါတယ်။ 



ကျွန်တော်တို့တွေ တော်တော်များများ တစ်နေ့နဲ့ တစ်နေ့ ဒီနေရာမှာပဲ နေ - ဒီနေရာတွေပဲ သွား - ဒီအစားအစာတွေပဲ စားနေရ တာ ငြီးငွေ့ဖို့ ကောင်းလိုက်တာလို့များ တစ်ခါတစ်လေလောက် မတွေးမိကြဘူးလား - သေချာပါတယ် - ကျွန်တော်လည်း တွေးမိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော် တစ်နေရာတည်းမှာ တစ်သမတ်တည်းကြီး အပြောင်းအလဲ မရှိပဲ ငြိမ်နေရတဲ့ ဘဝမျိုးကို ပိုငြီးငွေ့ပါတယ်။ အမြဲ ပြောင်းလဲချင်နေတာမျိုး မဟုတ်ပေမယ့် အသစ်အဆန်းတွေ ကျွန်တော် မြင်ချင်တယ် - ကြားချင်တယ် - ထိတွေ့ကြည့်ချင်တယ် - ကျွန်တော်တို့ မရောက်နိုင် မတွေ့ထိနိုင်တဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ ရင်သပ်ရှုမောလို့ မဆုံးနိုင်တဲ့ သဘာဝဆေးပန်းချီတွေ ရှိနေမယ် ဆိုတာ ကျွန်တော် ကျိန်းသေသိပေမယ့် သူတို့ ဘယ်လိုအနေ အထားရှိနေလဲ ?? ဘယ်လိုပုံပန်းတွေ ဖြစ်နေမလဲ ?? ကျွန်တော် အရင်က မသိနိုင်ခဲ့ဘူး - နားမလည်နိုင်ခဲ့ဘူး - မခံစားခဲ့ရဘူး - အခုတော့ အားလုံး ပြောင်းပြန်ဖြစ်သွားပါပြီ -

အခု ကျွန်တော် Google Maps မှာပါတဲ့ Google Street View ရဲ့ အကူအညီနဲ့ ကျွန်တော် သိပ်ရောက်ဖူးချင်တဲ့ Antarctica ရဲ့ မြင်ကွင်းတွေကို ကျွန်တော် မြင်နိုင်ပြီ - သိနိုင်ပြီ - ခံစားခဲ့ရပါပြီ။ ဒီအကြောင်းအရာရဲ့ ထိပ်ဆုံးမှာ ကျွန်တော် Antarctica နဲ့ Google Street View ကို ယှဉ်တွဲ ဖော်ပြခဲ့တယ် ဆိုတာ တစ်ခုချင်းစီမှာ ရှိတဲ့ အားသာချက် အားနည်းချက်လေးတွေကို တစ်ခုအကူအညီနဲ့ နောက်တစ်ခု ဘယ်လို လေ့လာသုံးသပ်နိုင်မယ် ဆိုတာ မိတ်ဆက်ပေးချင်လို့ ဖြစ်ပါတယ်။



အန္တာတိကတိုက်မှာ ရှိနေတဲ့ ပင်ဂွင်းလေးတွေကို ကြည့်ချင်ရင် ဒီနေရာကနေ အရင်သွားလိုက်ပါ။ ကျောက်တုံးလေးတွေပေါ်မှာ ရပ်နေတဲ့ ပင်ဂွင်းလေးတွေကို စပြီးတွေ့ရပါလိမ့်မယ်။ မြှားနဲ့ထိုးပြထားတဲ့ Direction လမ်းကြောင်းကို Click ပေးရင် ရှေ့ဆက်သွားရင် မြင်ရမယ့် မြင်ကွင်းတွေကို တစပ်တဆက်တည်း တွေ့မြင်နိုင်ပြီး Left-click နဲ့ Mouse ကို ဆွဲလှည့်ရင် ပတ်ဝန်းကျင်ကိုလည်း 360 ဒီဂရီ ရှုမြင်နိုင်ပါသေးတယ်။



ဒီအပေါ်က ပုံကတော့ အန္တာတိကတိုက်မှာ သုတေသနလုပ်ငန်း/လေ့လာရေးခရီး အတွက် ရောက်ရှိနေကြတဲ့ လူတစ်ချို့ပါ။ ကျွန်တော်လည်း သွားချင်လိုက်တာဗျာ -






ခု ကျွန်တော် ဖော်ပြထားတာတွေဟာ အန္တာတိကရဲ့ မြင်ကွင်းအကုန် မဟုတ်သေးပါဘူး - တစ်ခြား လေ့လာနိုင်တာတွေ အများကြီး ရှိပါသေးတယ် - ခု နောက်တစ်ဆင့် အနေနဲ့ Google Maps မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့အထင်ကရ နေရာ တစ်ခုကို သွားကြည့်ပါဦးမယ်။ ဒါကိုတော့ Record လေးလုပ်ပြီး တင်ပေးထားပါတယ် - လေ့လာကြည့်နိုင်ပါတယ်။


အရင် တစ်လောက ဖိုရမ်မှာ Google Maps နဲ့ Google Earth ကို ထိထိရောက်ရောက် အသုံးချတတ်ချင်လို့ ဆိုပြီး မေးထားတာ လေးတွေ့မိခဲ့ပါတယ်။ တကယ်တော့ Google Maps နဲ့ Google Earth ဟာ Users တွေအတွက် အသုံးပြုရ လွယ်ကူအောင် ဖန်တီးပေးထားတာမို့လို့ ခက်ခက်ခဲခဲကြီး လေ့လာရတဲ့ ဘာသာရပ်မျိုး မဟုတ်ပါဘူး - အင်တာနက်လည်း အနီးနားမှာ ရှိပြီး နေ့စဉ်ဝင်ထွက် အသုံးပြုပါ များလာရင် တဖြည်းဖြည်း အသုံးပြုဖို့ ကျွမ်းကျင်လာနိုင်ပါတယ် ဆိုတဲ့ အကြောင်း အကြံပြု လိုပါတယ်။ Google Street View နဲ့ အတူ လေ့လာဖို့ မကုန်နိုင်တဲ့ Google Maps အကြောင်း တစ်စိတ်တစ်ဒေသ ဖော်ပြရင်း ဆက်လက်လေ့လာနိုင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts