Interview with U Aung Thin

ဆရာအောင်သင်းရဲ့ “ နိုင်ငံခြားရောက် မြန်မာလူငယ်များအပေါ် အမြင် “ ဆိုတဲ့ဆောင်းပါးလေးကို ကျွန်တော့်သူငယ်ချင်း တစ်ယောက် Forward message ပို့လို့ ဖတ်ခဲ့ရပါတယ်။ ဖတ်ဖတ်ပြီးပြီးချင်း ကျွန်တော့် ဘလော့လေးမှာ တင်ဖို့ဆုံးဖြတ်လိုက်မိပါတယ်။ ဆရာရဲ့ စကားတွေက အကျိုးရှိလို့ပါ။ ကျွန်တော်ဆရာ့လို မတွေးတတ်ပါဘူး၊ ဆရာ့လိုလည်း မပြောတတ်ပါဘူး၊ ဆရာ့လိုလည်း အတွေ့အကြုံမရှိသေးပါဘူး။ အဲဒါကြောင့်မို့လို့ ဆရာရဲ့ အတွေးအမြင်လေးကို ကျွန်တော့်ဘလော့လေးမှာ တင်ပြီး မဖတ်ဖြစ်ခဲ့သေးတဲ့သူတွေ ဖတ်ဖြစ်သွားအောင် ကျွန်တော် လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်။



စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လိှုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည််။


ဖြေ။ ။ကိုစိန်ကျော်လိှုင်ရေ။ ဒီဆုံးမသြဝါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘဝကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လိှုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။


အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး။ ။ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့


ဖြေ။ ။အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘဝလေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လိှုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လိှုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။

သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လိှုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမြှဖစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လိှုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လိှုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လိှုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကို်ယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတြွေဖစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လိှုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနီှးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရံှုး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လိှုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကို်ယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဉာဏ်တုန်း သွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကို်ယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကို်ယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး။ ။အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကို်ယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဉာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တ့ဲ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။


မေး။ ။ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတြွေဖစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ။ ။ကိုစိန်ကျော်လိှုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။ 
တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး။ ။ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ။ ။ကျနော်ပြောမယ် ကိုစိန်ကျော်လိှုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရံှုး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။ အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလု့ိရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်း ရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတြွေဖစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။


ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။
အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက် တဲ့အခါကြတော့ ပို်က်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာ မရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံး ဖြစ်တဲ့သူက စီးပာွွးရေး ပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲ ၀င်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရံှုးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတြွေကားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတြွေဖစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကို်ယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘဝမှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘဝ မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။


KznT.

Crazier

ဘာမှန်းမသိတဲ့ အချစ်ဆိုတာက အဲဒီကောင်မလေးကို ဂရုစိုက်တတ်လာအောင် သင်ပေးတယ်။ ကောင်မလေး စိတ်ရှုပ်ရအောင် ဘယ်တော့မှ မလုပ်ရဘူးလို့ ကျွန်တော့်ကိုပြောပြတယ်။ သူစိတ်ညစ်စေမယ့် စကားတွေ ဘယ်တော့မှ မပြောရဘူးလို့ကျွန်တော့်ကို အမြဲ သတိပေးတယ်။ သူလိုအပ်ချိန်တိုင်းမှာ သူ့ကိုအမြဲဖြည့်ဆည်း ပေးနိုင်အောင် မင်းကြိုးစားရမယ်လို့ ကျွန်တော့်ကို အမြဲတွန်းအားပေးတယ်။ သူနာကျင်စေမယ့် အပြုအမူတွေ မင်းအမြဲရှောင် ရမယ်လို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ 



Class ကနေပြန်လာတော့ နှင်းတွေကျနေတယ်။ ဟုတ်တယ် မနေ့ကစပြီး နှင်းတွေစကျနေတယ်လေ။ နှင်းစကျတဲ့ညက သတိထားမိတော့ ညဘက် တော်တော်ညဉ့်နက်နေပြီ။ အပြင်မှာ နှင်းတွေဖွေးနေတာပဲ။ လမ်းဘေး ဓာတ်မီးတိုင်တွေရဲ့အောက်မှာ ကတ္တရာလမ်းတွေ အကုန်လုံးနှင်းဖွေးတွေနဲ့ စိုစွတ်နေကြတယ်။ ကားတစ်စီးတစ်စီးဖြတ်သွားလိုက်တိုင်း ခုနတုန်းက ဖွေးဖွေးဖြူနေတဲ့ နှင်းတွေ အကုန်ပျံ့လွင့်ကုန်ကြတယ်။ တချို့လည်း ကားဘီးတွေရဲ့ ဖိကြိတ်တွန်းသိပ််မှုတွေရဲ့အောက်မှာ ဘာစကားမှ မပြောနိုင်ပဲ အရည်ပျော် ပျောက်ဆုံးသွားကြတယ်။ ကျွန်တော်နှင်းတွေကို ချစ်တယ်။ နှင်းတွေပထမဆုံးစကျတဲ့ မနက်က အခန်းရှေ့က ကားပေါ်မှာ မနေ့ညက တစ်ညလုံး အိပ်ပျော်နေခဲ့ကြတဲ့ နှင်းခဲတွေကို ကျွန်တော့်လက်ထဲမှာ ထွေးဆုပ်ကြည့်ပြီး နှင်းကိုတစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ငယ့်ကို သတိရမိတယ်။ နှင်းတွေအကြောင်းပြောပြရင် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရတဲ့ ကလေးတစ်ယောက်လို သဘောကျတတ်တဲ့ ငယ် ... သူ့ကို ကျွန်တော့်ဘေးနားမှာ ရှိစေချင်လိုက်တာ။ နှင်းကို ငယ်လည်းချစ်သလို ကျွန်တော်လည်း ချစ်တယ်။ နှင်းကို မချစ်တဲ့သူဆိုတာရော ရှိရော ရှိလို့လား။ ကျွန်တော်မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ နှင်းတွေက ဖြူစင်တယ်လေ။ အေးချမ်းတယ်။ လူဆိုတာက ဖြူစင်မှူကို မြတ်နိုးကြတယ်။ အေးချမ်းမှူကို လိုလားကြတယ်။ အခုဆိုရင် ကျွန်တော့် အခန်းပြူတင်းပေါက်ဘောင်ပေါ်မှာ၊ ကျွန်တော့် အခန်းရှေ့မှာ၊ ကျွန်တော် သွားတဲ့လမ်းတစ်လျှောက်က ကားလမ်းမပေါ်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ ပတ်ဝန်းကျင်တစ်ခုလုံး ပေါ်က တိုက်တွေရဲ့ ခေါင်မိုးတွေ ... ရေတလျှောက်တွေပေါ်မှာ၊ သစ်ရွက်တစ်ရွက်မှ မရှိတော့တဲ့ အရိုးပြိုင်းကျ သစ်ပင်တွေရဲ့ ပင်စည် သစ်ခက်တွေပေါ်မှာ၊ အရာအားလုံးက ဖြူစွတ်ဖွေးမြတဲ့ နှင်းတွေရဲ့ အသားတကျနေရာ ယူမှူတွေနဲ့။ နှင်းကျတဲ့ နေ့တွေဆိုရင် ကျွန်တော် class မတက်ချင်ဘူး။ နှင်းတွေအရမ်းကျတော့မယ်ဆိုရင် ကျွန်တော်မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်းတစ်ဆုံးက နေရာတွေထိ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်ကျလာတတ်တယ်လေ။ ကျွန်တော် အဲဒီအချိန်ဆိုရင် မီးဖိုခန်းနားက ပြူတင်းပေါက်ဘေးနားလေးမှာ ရပ်ပြီး နှင်းတွေတဖြည်းဖြည်းကျလာတာကို ကြည့်ချင်တယ်။ နှင်းတွေ တဖွဲဖွဲကျလာတာကို မြင်နေရရင် ကျွန်တော် ငယ့်ဘေးနားကို ပြန်ချင်တယ်။ နှင်းတွေမှာသာ နားလည်တတ်တဲ့ မျက်ဝန်းတစ်စုံရှိမယ်ဆိုရင် ကျွန်တော် ဘယ်သူ့ကို လွမ်းနေတယ်ဆိုတာ ကျွန်တော့် မျက်ဝန်းတွေကနေတစ်ဆင့် သူတို့ သိကြမှာပါ။ အချစ်ဆိုတာ အရမ်းကိုထူးဆန်းပါတယ်။

ဘာမှန်းမသိတဲ့ အချစ်ဆိုတာက အဲဒီကောင်မလေးကို ဂရုစိုက်တတ်လာအောင် သင်ပေးတယ်။ ကောင်မလေး စိတ်ရှုပ်ရအောင် ဘယ်တော့မှ မလုပ်ရဘူးလို့ ကျွန်တော့်ကိုပြောပြတယ်။ သူစိတ်ညစ်စေမယ့် စကားတွေ ဘယ်တော့မှ မပြောရဘူးလို့ကျွန်တော့်ကို အမြဲ သတိပေးတယ်။ သူလိုအပ်ချိန်တိုင်းမှာ သူ့ကိုအမြဲဖြည့်ဆည်း ပေးနိုင်အောင် မင်းကြိုးစားရမယ်လို့ ကျွန်တော့်ကို အမြဲတွန်းအားပေးတယ်။ သူနာကျင်စေမယ့် အပြုအမူတွေ မင်းအမြဲရှောင် ရမယ်လို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။

အပြင်မှာ နှင်းတွေကျနေပြန်ပြီ။ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက် အဆောင်ရှေ့က နှင်းတွေဖွေးနေတဲ့ မြေကွက်လပ်လေးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် နှင်းခဲတွေနဲ့ ပစ်ပေါက်ပြီး ဆော့နေကြတယ်။ အချိန်ကတော့ ဒီမှာ ည ၁၁ နာရီ ထိုးနေပြီ။ သူတို့တွေ မအိပ်ကြသေးဘူးလေ။ သူတို့ဘေးနားမှာ မှီခိုရမယ့် ပခုံးတစ်စုံရှိလို့ သူတို့အိပ်ဖို့မစဉ်းစားမိကြသေးတာလား။ ငယ်ရော ... အခုအိပ်နေပြီလား။ ကျွန်တော်ကရော .... ??? မိုးလင်းတော့မယ် ထင်ပါရဲ့။


KznT. 

Ubuntu FAQs

အမေးအဖြေများနှင့် Ubuntu ဆိုပြီး ကို kyaukphyu က စထားတာ တစ်ခုရှိတယ် - ဒါပေမယ့် မှန်ရာပြောရရင် ကျွန်တော်တို့လည်း သိပ်ပြီး Linux ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေလို့ ဒီလိုလုပ်နေကြတာ မဟုတ်ပါဘူး - ကိုယ်တတ်နိုင်သလောက်လေးတွေ သိထား တာလေးတွေ ဆွေးနွေးပေးချင် ကူညီချင်လို့ ဒီလိုကဏ္ဍမျိုးတွေ ဖွင့်ထားတာ - တစ်ခုသိထားဖို့က Linux ကို ကောင်းကောင်း သုံးတတ်ချင်ရင် စာများများ ဖတ်ဖို့လိုပါတယ် - ဘယ်လောက်တောင် ဖတ်ရမလဲဆို ခု တီးမိခေါက်မိ ဖြစ်နေပါပြီလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ Windows ထက် ၁၀ ဆလောက်ကို ပိုဖတ်ရမယ် - ဖတ်ယုံတစ်ခုတည်းတင် မဟုတ်ဘူး - ကျွန်တော်တို့တွေ မကြောက်မရွ့ံလည်း စမ်းသပ်ရဲရမယ် - တစ်ခုခုနားမလည်တိုင်း ကျွန်တော်တို့တွေကိုချည်း မေးနေလို့ မရဘူး - ခု အမေးအဖြေများနှင့် Ubuntu ဆိုတဲ့ ခေါင်းစဉ်အောက်ကို သတိထားမိကြည့်တော့ မေးတဲ့သူတော့ ရှိပါရဲ့ - အားတက်သရော ပြန်ဆွေးနွေးမယ့် သူက အရမ်းကို နည်းနေတယ် - အပေါ်မှာ ပြောခဲ့သလို ကျွန်တော်တို့က ပညာရှင်တွေ မဟုတ်ဘူး - ပညာရှင်တွေ ဖြစ်သွားရင်တောင် မေးလာ သမျှ ပြန်ဖြေပေးနိုင်ဖို့ ဆိုတာ မလွယ်ဘူး - ဘာကြောင့်လဲဆို ကွန်ပြူတာ တစ်ယောက်တစ်လုံးစီနဲ့ network တစ်ယောက်တစ်ခုစီမှာ ထိုင်နေပြီး - စမ်းချင်သလို စမ်းရင်းနဲ့ ပေါ်လာတဲ့ အမှားကို ဘာမှမမြင်ရတဲ့ နေရာတစ်ခုက ကျွန်တော်တို့ ပြန်ဖြေပေးနိုင်ဖို့ဆိုတာ ကိုယ့်နဲ့ မှားဖူးတာချင်း တူနေလို့/ ဖတ်ဖူးတာလေး ဖြစ်နေလို့သာ အဖြေမှန်ထွက်အောင် ပြောကောင်းပြောနိုင်မယ် - မဟုတ်ရင် ကျွန်တော်တို့လည်း ဒီ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ အင်တာနက်ထဲ လိုက်ရှာဖတ်ပြီး ပြောကြရတာ - ကျွန်တော်တို့ လည်း ဒီလိုကွန်ပြူတာ ဒီလို အင်တာနက်သုံး ဒီလိုစာဖတ်ပြီး suggestion ပေးတာ - ကျန်တဲ့သူတွေလည်း ဘာမပေးနိုင်စရာ ရှိမလဲ - မှားမှာ မကြောက်ကြစမ်းပါနဲ့ - ဝင်ပြောကြစမ်းပါ -



Contributors တွေ ဖိုရမ်မှာ ခေါင်းစဉ်တွေ တစ်ခုပြီး တစ်ခု အသစ်ရေးနေတယ် - ခေါင်းစဉ်သာ တစ်ခုပြီး တစ်ခု ပြောင်းသွားတယ် တစ်ယောက်မှလည်း ဘာမှ ဝင်မပြောကြဘူး - ကြာတော့ ဘယ်လို ဖြစ်နေလည်း ဆိုတော့ တစ်ယောက်ကောင်း ရေးနေသလို ဖြစ်လာတယ် - ဘာဖြစ်လဲ ပြောပစ်လိုက်စမ်းပါ - ကြီးကြပ်သူ တို့ - အထူးအသင်းဝင်တို့ - ဆယ်ကျော်သက်တို့ - မွေးကင်းစကလေးတို့ - ဆိုတာကြီး ကြည့်မနေစမ်းပါနဲ့ - ကျွန်တော်တော့ ဒီလိုထင်တယ် - ဒါကတော့ မှားနေတယ် ထင်တယ် - ဒီလိုလေးဆို ပိုကောင်းမလား မသိဘူး - ကျွန်တော်တော့ ဒီလို နောက်တစ်မျိုး သိထားတယ် ထပ်ဖြည့်လိုက်ချင်တယ် - စသဖြင့် အသေးစိတ် အချက်အလက်တွေနဲ့ အပြုသဘောဆောင်တဲ့ Comments တွေ လာကြစမ်းပါ - ကျေးဇူးတင်ပါတယ် ခလုတ်ကြီး စွတ်နှိပ်နေတော့ ရေးတဲ့သူတွေပဲ ကျေးဇူးအရေအတွက် များလာတာပေါ့ - ကျေးဇူးအရေအတွက် များလာတာ ပီတိပဲ ရတယ် - ဘယ်သူ့အတွက် ဘာမှ အကျိုးမရှိဘူး - အမှားတွေ ထောက်ပြကြစမ်းပါ - ပြည့်သထက် ပြည့်စုံအောင် ဖြည့်ကြစမ်းပါ - ကိုယ့်ကိုယ်ကိုယ် Perfect ဖြစ်အောင် ဟာကွက်နည်းအောင် တည်ဆောက်ပြီး ဘယ်သူတွေဟာနေလဲ ဟာတဲ့သူတွေကို တိုက်ခိုက်တာမျိုး မဟုတ်ပဲ Perfect ဖြစ်လာအောင် ညီအစ်ကို မောင်နှမစိတ်ဓာတ်နဲ့ တည်ဆောက်ပေးကြစမ်းပါ - ပေးသလောက်နဲ့ ဘာလို့ ရောင့်ရဲနေကြတာလဲ - ကျုပ်ဖြင့် နားကိုမလည်ဘူး - မြန်မာတွေက ရောင့်ရဲတယ်ဆိုတာကို တစ်လွဲ အနက်ယူနေကြတယ် - ရောင့်ရဲတယ်ဆိုတာ အားကုန်စိုက်ထုတ်လိုက်ရဲ့သားနဲ့ ရမလာတာတဲ့ အခြေအနေတစ်ခု အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပဲ ရခဲ့သလောက်ကို တင်းတိမ်တာ ( ဒါတောင် နောက်တစ်ကြိမ် ကြိုးစားဦးမယ် ဆိုတဲ့ စိတ်ရှိတယ် ) - အဲတာကို ရောင့်ရဲတယ်လို့ ခေါ်တယ် - ခုကျတော့ ဘာမှကို အားမစိုက်ရသေးဘူး - မဆိုးဘူးပဲ ငါတော်တော်လေး သိလာပြီ - ရပြီ လုံလောက်ပါတယ် ဒီလောက်ဆို ငါ ရောင့်ရဲနိုင်တယ် ဖြစ်နေတယ် - အဲတာ ရောင့်ရဲတာ မဟုတ်ဘူး ပျင်းတာ -

အခု ကျွန်တော် ဒီ Ubuntu FAQs ( Frequently Asked Questions ) ကို စရေးပါမယ် - Ubuntu ကိုစသုံးတဲ့ users တွေ ဘာအခက်အခဲ ရှိမလဲ - ဘာမေးခွန်းတွေ အသိချင်ဆုံး ဖြစ်မလဲ - ဒါတွေကို အဓိကထားပြီး အခြေခံကိုပဲ ရေးမှာပါ - ဒီအကြောင်းက ကို kyaukphyu ဖွင့်ထားတဲ့ အမေးအဖြေများနှင့် Ubuntu ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာမှ သိပ်မခြားဘူး - ဒါပေမယ့် -


အမေးအဖြေများနှင့် Ubuntu က ကိုယ်သုံးရင်း ဖြစ်လာတဲ့ အခက်အခဲကို မေးဖို့ နေရာ
ဒီ Ubuntu FAQs ( Frequently Asked Questions ) က ကိုယ့်ဘာသာ မေးခွန်းပြန်ထုတ်ပြီး ဖြေကြမယ့် နေရာ
မေးခွန်းမေးချင်ရင် ကို kyaukphyu ဖွင့်ထားတဲ့ အမေးအဖြေများနှင့် Ubuntu Thread အောက်မှာ မေးပါ -

ကိုယ် Ubuntu စသုံးခဲ့စဉ်တုန်းက ပြဿနာ အသေးအဖွဲလေးတွေ လူတိုင်း ကြုံခဲ့ဖူးကြပါလိမ့်မယ် - အဲဒီ့အခက်အခဲလေးတွေကို ကိုယ့်နောက်မှာ အသုံးပြုမယ့်သူတွေ မခက်ခဲရအောင် ကိုယ့်ဘာသာ ပြန်စဉ်းစား မေးခွန်းထုတ်ပြီး တိကျတဲ့ အဖြေ - ပြည့်စုံတဲ့ သရုပ်ဖော် ပုံလေးတွေနဲ့ - ဒီခေါင်းစဉ်အောက်မှာ လာရောက်ရေးသား မျှဝေပေးကြပါ - ကျွန်တော်ကိုယ်တိုင်လည်း ရေးပါ့မယ် - ရေးမယ်လို့ ဆုံးဖြတ်ပြီးသူများ ဘယ်လိုရေးရမယ် ဆိုတာ Contributors များတွင် ပြည့်စုံရမည့် အချက်များ ဆိုပြီး ကျွန်တော် ဖော်ပြထားတာလေး ရှိပါတယ် - မဖတ်ရသေးသူများ ဖတ်ပြီးမှ ရေးပေးပါ ( အဲ့ဒီ ခေါင်းစဉ်ကို ကျွန်တော်ရေးခဲ့တာ ဒီအကြောင်းကို ရေးချင်လို့ ကြိုရေးခဲ့တာ ) - မြန်မာလို ရေးသားဖော်ပြရပါမယ် - ဘယ်သူပဲ ဝင်ရေးရေး အကြောင်းအရာ တစ်ခု ( မေးခွန်းတစ်ခု ) ကို ပို့စ်တစ်ခုတည်းမှာပဲ ဆုံးအောင် ဖော်ပြပြီး ရေးသားပေးပါ - ဘာလို့လည်းဆိုတော့ ခေါင်းစဉ်တစ်ခု က မေးခွန်းတစ်ခု ဖြစ်နေမှာမို့လို့ သက်ဆိုင်ရာ ခေါင်းစဉ်တိုင်းကို ကျွန်တော်က မာတိကာ သဘောမျိုး ထိပ်ဆုံးမှာ ရေးသားသူ နာမည်နဲ့ link ပြန်ချိတ်ပေးမှာ မို့လို့ပါ -

ဒီနေရာမှာ ရေးသွားမယ့် အခြေခံ မေးခွန်းလေးတွေဆိုတာ Windows ကနေ Ubuntu ကူးပြောင်းကာစ မှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာလေးတွေ ဥပမာ - Ubuntu ကိုဘယ်လို clean လုပ်မလဲ ဆိုတာမျိုး - မြန်မာဖောင့် ဘယ်လိုသွင်းလဲ ဆိုတာမျိုး စသဖြင့် - အကြောင်းအရာ သေးသေးလေးတွေကို ဦးစားပေး ရေးပါ့မယ် - တစ်နေ့ နည်းနည်းချင်း မေးခွန်းတစ်ခုစ နှစ်ခုစ ရေးပါ့မယ် - ကျွန်တော် တစ်ယောက်ကောင်း မရေးချင်ပါဘူး - ကူညီကြပါ - အကြောင်းအရာ အကြီးကြီး ဖြစ်ဖို့ မလိုဘူး - အသုံးလိုပြီး ကျစ်ကျစ်လျစ်လျစ် တိတိကျကျနဲ့ စနစ်ကျတဲ့ ဟာကွက်နဲတဲ့ ဖော်ပြမှုမျိုး လိုချင်ပါတယ် -

လူတိုင်းက သူများကို မေးခွန်းမေးဖို့တော့ တတ်ကြတယ် - ကိုယ့်ဘာသာ မေးခွန်းပြန်ထုတ်ပြီး ဖြေဖို့ကြ ပျင်းကြတယ် - ဒီ Ubuntu FAQs ဆိုတဲ့ Thread က ကိုယ့်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာလည်း ဖြစ်ချင်ဖြစ်မယ် / ကိုယ်သိချင်တဲ့ မေးခွန်းလည်း ဖြစ်ချင် ဖြစ်မယ် / သူများ ဘာသိချင်မလဲ ဆိုတာ ကိုယ့်ဘာသာတွေးပြီး ထုတ်ထားတဲ့ မေးခွန်းလည်း ဖြစ်ချင်ဖြစ်မယ် / အဓိကက ကိုယ့်ဘာသာ မေးခွန်းပြန်ထုတ်ပြီး ကိုယ့် ဘာသာပြန်ဖြေပါမယ် - ကိုယ့်မေးခွန်းကို သူများ အားမကိုးပဲကိုယ့်ဘာသာ ပြန်အဖြေရှာတဲ့ သဘောမျိုးပါ - အားလုံး ဝိုင်းဝန်း ကြိုးစားကြရအောင် -


------------------------------------------------------------------------------------------------------------------------------------------------

Ubuntu ( Linux ) FAQs ( Self-Study ) မာတိကာ

( ၁ ) Ubuntu မှာ သိထားသင့်တဲ့ ဝေါဟာရတွေက ဘာတွေလဲ ?? - KznT.
( ၂ ) Linux, FLOSS - GPL license တွေဆိုတာ ဘာတွေလဲ ?? - KznT.
( ၃ ) Linux မှာ Distribution တွေကို ဘယ်လို ရွေးချယ်ရမလဲ ?? - KznT.
( ၄ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၁ ) - KznT.
( ၅ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၂ ) - KznT.
( ၆ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၃ ) - KznT.
( ရ ) Ubuntu ဆိုတာ ဘာလဲ ?? - KznT.
( ၈ ) Ubuntu versions တွေရဲ့ ကွာခြားချက်တွေက ဘာတွေလဲ ?? - KznT.
( ၉ ) Ubuntu Nickname တွေနဲ့ Version number တွေဆိုတာ ဘာတွေလဲ ?? - KznT.
( ၁၀ ) Ubuntu ကို ဘယ်နေရာမှာ Download ရယူနိုင်သလဲ ?? - KznT.
( ၁၁ ) Ubuntu ကို ဘယ်လို CD လုပ်ရမှာလဲ ?? - KznT.
( ၁၂ ) Ubuntu ရဲ့ Minimum System Requirements တွေက ဘာတွေလဲ ?? - KznT.
( ၁၃ ) Ubuntu Installation အမျိုးအစား ဘယ်နမျိုး ရှိသလဲ ?? - KznT.
( ၁၄ ) Windows နဲ့ Ubuntu ကို ဘယ်လို Dual-boot တွဲသုံးနိုင်သလဲ - အပိုင်း ( ၁ ) - KznT.
( ၁၅ ) Windows နဲ့ Ubuntu ကို ဘယ်လို Dual-boot တွဲသုံးနိုင်သလဲ - အပိုင်း ( ၂ ) - KznT.
( ၁၆ ) Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ - poekaunglay87
( ၁ရ ) Ubuntu 10.04 Lucid Lynx ကို ဘယ်လို Install လုပ်ဆောင်ရသလဲ ?? - KznT.
( ၁၈ ) Windows နဲ့ Ubuntu နှစ်ခုတွဲတင်ရင် Dual-Boot မှာ Windows ကို Default ဖြစ်နေအောင် ဘယ်လိုထားမလဲ ?? - KznT.
( ၁၉ ) Ubuntu မှာ ဖျက်ထားတဲ့ Panel ကို ဘယ်လို ပြန်ခေါ်မလဲ ?? - KznT.
( ၂၀ ) Ubuntu မှာ Virtual Box ကို ဘယ်လို သုံးမလဲ ?? - kyaukphyu
( ၂၁ ) Ubuntu နဲ့ Windows Password ကို ဘယ်လိုဖြုတ်မလဲ ?? - kyaukphyu
( ၂၂ ) Ubuntu တင်ပြီးတဲ့နောက် အသုံးပြုသင့်တဲ့ Apps တွေက ဘာတွေလဲ ?? - KznT.
( ၂၃ ) ဘာလို့ Ubuntu သုံးသင့်လဲ ..?? - kyaukphyu.
( ၂၄ ) Linux မှာ Squid Proxy Server ဘယ်လို သုံးမလဲ ?? - ရာမညဖိုးလပြည့်
( ၂၅ ) Linux Samba Server ဆိုတာ ဘာလဲ ?? - မိုးလွင်
( ၂၆ ) Ubuntu ကို USB Flash Drive ကနေဘယ်လိုသုံးမလဲ ?? - KznT.
( ၂၇) Ubuntu မှာ CCSM ကို ဘယ်လိုသုံးမလဲ ?? - KznT.
( ၂၈) Linux keyboard shortcuts တွေက ဘာတွေလဲ ?? - yeman.
( ၂၉) Ubuntu Video Tutorials တွေ လေ့လာချင်သလား ?? - kyaukphyu.
( ၃၀ ) Ubuntu မှာ Password ကို ဘယ်လို Reset လုပ်မလဲ ?? - kyaukphyu.
( ၃၁ ) Ubuntu မှာ ဘယ်လို Themes လှလှလေးတွေ ရှိသလဲ ?? - KznT.
( ၃၂ ) Backtrack ဆိုတာ ဘာလဲ ?? - မုန်းရခက်.
( ၃၃ ) Linux Wallpapers နဲ့ Icons တွေ ဘယ်မှာ ယူရမလဲ ?? - kyaukphyu.
( ၃၄ ) Linux အသင်းဝင်တစ်ယောက်ဟာ ဘာတွေ သိထားဖို့ လိုမလဲ ?? - KznT.
( ၃၅ ) ပီစီအဟောင်းတစ်လုံးမှာ Linux ဘယ်လိုသုံးမလဲ ?? - poekaunglay87
( ၃၆ ) အသင့်တော်ဆုံး Linux OS ကို ဘယ်လိုရွေးယူမလဲ ?? - KznT.
( ၃ရ ) RED Hat Linux Installation ကို ဘယ်လိုလုပ်ဆောင်မလဲ ?? - komyo2010
( ၃၈ ) Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ ?? - KznT.

KznT.

Rebecca Win

Rebecca Win သီချင်းတွေ Youtube ကနေ လိုက်ရှာ ပေါင်းပြီး Embed လုပ်ထားလိုက်တယ် - နောက်ပိုင်း တစ်ပုဒ်ချင်း လိုက်ရှာဖို့ မလိုတော့ဘူးပေါ့ -



KznT.

Waiting for What ??

စောင့်စားခြင်း နဲ့ စောင့်ဆိုင်းခြင်း ဆိုတဲ့ စာစုနှစ်ခုကြားက အဓိက ကွားခြားချက်ကို ကျွန်တော်လိုက်ရှာကြည့်မိတယ်။ တိတိကျကျ ကျွန်တော်မသိပေမယ့် စောင့်စားခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်ရှိစောင့်နေရသူ တစ်ယောက်အနေရဲ့ ဇွဲမလျော့ချင်တဲ့ ခံစားချက်ကို ညွန်းဆိုချင်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုစောင့်ဆိုင်းခြင်းကရော .... ? စောင့်ဆိုင်းခြင်းဆိုတာ စောင့်နေရသူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စောင့်မနေချင်ပေမယ့် မဖြစ်မနေ သို့တည်းမဟုတ် အခြေအနေတစ်ခုကြောင့် မစောင့်မနေစောင့်ရတော့မယ့် အနေအထားကို ရည်ညွန်းခြင်းလို့ထင်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ ထင်မြင်ချက်တွေပါ။ မှန်သလား မှားသလား ကျွန်တော်သေချာ မသိပါဘူး။


အခုဆိုရင် ကျွန်တော့်အသက် ၂၄ နှစ်ပြည့်ပါတော့မယ်။ သိပ်မကြာခင်မှာပေါ့။ လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်တော်ကိစ္စတော်တော် များများမှာ လူတော်တော်များများကိုရော ပစ္စည်းတော်တော်များများကိုရော စောင့်နေခဲ့ရဘူးတယ်။ လူတော်တော်များများကို စောင့်ရတယ်ဆိုတာ ကျွန်တော့်သူငယ်ချင်း၊ ဆွေမျိုး .... စသဖြင့်ပေါ့။ ပစ္စည်းတော်တော်များများကို စောင့်ရတယ်ဆိုတာကတော့ ဥပမာပြောရရင် ဘတ်စ်စကား။ :D

စောင့်နေရတဲ့ အလုပ်ကို ကျွန်တော် အရိုးစွဲလောက်အောင်မုန်းပေမယ့် အခုထက်ထိတော့ ကျွန်တော်စောင့်နေရတုန်းပဲ။ မှတ်မှတ်ရရ စောင့်ရတာတွေကို ပြောပြရရင် ... ဟိုးငယ်ငယ်လေးတုန်းကဆို မေမေဈေးက ပြန်အလာကို အမြဲစောင့်ရတယ်။ ဘာလို့စောင့်ရတာလဲ ဆိုတော့ မေမေဈေးက ပြန်လာပြီဆိုရင် ကျွန်တော့်ဖို့ အိုးပုတ်လေးတွေ အရုပ်မလေးတွေ ၀ယ်လာတတ်လို့။ :D

မေမေက ကျွန်တော့်ကို သိပ်ချစ်တာ။ ကျွန်တော်ကယောကျာင်္းလေးဆိုပေမယ့် မေမေက ဘောလုံးကန်တာတို့ ဘာတို့ဆို သိပ်ကြိုက်ချင်တာမဟုတ်ဘူး။ အားလည်းမပေးဘူး။ သူ့သားကျိုးပဲ့သွားမှာ စိုးလို့တဲ့လေ။ ယောကျာင်္းလေးတွေနဲ့ မပေါင်းရပဲ မိန်းကလေးတွေနဲ့ ပဲပေါင်းဖြစ်အောင် အိုးပုတ်တို့ အရုပ်မတို့ပဲ ၀ယ်ပေးတယ်။ အိမ်ဘေးနားက ဖူးဖူးသိန်းတို့ ဘာတို့ ဆိုတာ ကျွန်တော့် ဆော့ဖော်ဆော့ဖက်တွေပေါ့။ အခုတော့ သူလည်း ကျွန်တော်နဲ့ ကွဲသွားတာ နှစ် ၂၀ နီးပါးရှိပါပြီ။ ပူတာအိုကို ပြောင်းသွားတယ်ဆိုလား မသိဘူး။ ကျွန်တော့် ဘဝရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းပေါ့။ အသက်နည်းနည်းကြီးလာပြီး ကျောင်းစတက်တော့ နောက်တစ်ခုကို စောင့်ရပြန်ရော။ ကျောင်းလွှတ်မယ့် အချိန်လေ။ ကျွန်တော်က ငပျင်း ကျောင်းစာဆို ကြည့်ကို မကြည့်ချင်ဘူး။ သူများတွေက ကျောင်းစတက်ပြီဆိုတာနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရည်မှန်းချက် ကိုယ်စီနဲ့။ လူရည်ချွန်ဖြစ်ရမည် ဆရာဝန်ဖြစ်ရမည် ဘာညာပေါ့။ ကျွန်တော့်မှာလည်း ရှိတော့ ရှိတယ်။ ရည်မှန်းချက် ဟုတ်မဟုတ်တော့ မသိဘူး။ ကျွန်တော်စာမကျက်ပဲ စာရချင်တယ်။ ကျွန်တော့်ကို ရည်မှန်းချက်ပြောပါဆိုရင် အဲဒါကျွန်တော့် ရည်မှန်းချက်ပဲ။ အဲလိုနဲ့မုန့်စားဆင်းမယ့် အချိန်စောင့်၊ ကျောင်းလွှတ်မယ့် အချိန်စောင့်၊ ကျူရှင်လွှတ်မယ့်အချိန်စောင့် နဲ့ စောင့်လာလိုက်တာ နောက်ဆုံးကျွန်တော် ချစ်သူတစ်ယောက် ရခဲ့တဲ့အထိ။

ကျွန်တော် စောင့်စားခြင်းနဲ့ စောင့်ဆိုင်းခြင်းကို အရင်က ကွဲကွဲပြားပြားမသိခဲ့ပေမယ့် ငယ့်ကို ချစ်ခဲ့မိတဲ့ နောက်ပိုင်းမှာ အဲဒီစကားစုနှစ်ခုရဲ့ ကွာခြားချက်ကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဟိုးငယ်ငယ်လေးထဲကနေ ငယ်နဲ့မတွေ့ခင်အချိန်ထိ ကျွန်တော် စောင့်ခဲ့ရတဲ့ မုန့်စားဆင်းချိန်၊ ကျောင်းလွှတ်မယ့် အချိန် ဆိုတာတွေဟာ စောင့်ဆိုင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖြစ်ချင်တာကို မျိုသိပ်ထားရတဲ့ မျှော်လင့်ချက် ပြပွဲတစ်ခုပေါ့။ မစောင့်ချင်ဘူး ဒါပေမယ့် အခြေအနေတစ်ခုကြောင့် တော်တော်အောင့်အီး သည်းခံပြီးစောင့်ခဲ့ရတာ။ စောင့်ရတဲ့အလုပ်ကို တော်တော်မုန်းတီးခဲ့တဲ့ ကျွန်တော် ... ငယ်နဲ့ပတ်သတ်ပြီး စောင့်ရတာတွေကိုကျတော့ ပြင်းပြင်းထန်ထန်အားထုတ်စရာ မလိုပဲနဲ့ အဖေတစ်ယောက်က သမီးတစ်ယောက် ကျောင်းဆင်းတာကို ကျောင်းရှေ့က စောင့်နေမိသလိုမျိုး နေတတ်လာခဲ့တယ်။ ဒါဟာစောင့်စားခြင်းပေါ့။ ကျွန်တော်စောင့်ရတဲ့ အလုပ်ကို အရမ်းမုန်းတယ်ဆိုတာ သိတဲ့ငယ်ဟာ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် မဖြစ်မနေ နောက်ကျရတာကလွဲရင် ကျွန်တော်စောင့်နေတဲ့နေရာကို အချိန်မှီရောက်အောင် လာတတ်ပါတယ်။ ကျွန်တော်တို့ချစ်သူသက်တမ်း ၅ နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်သူ့ကို စောင့်ခဲ့ရတာရှိသလို အခြေအနေတစ်ခုကြောင့် သူကျွန်တော့် ကိုစောင့်နေခဲ့ရတာလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှာတူညီတဲ့ နားလည်မှု တွေရှိခဲ့ကြလို့ စောင့်နေရတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွက် ထူးထူးခြားခြား မပင်ပန်းမိခဲ့ကြဘူး။ ကျွန်တော် ငယ်နဲ့ပတ်သတ်ပြီး သူကျွန်တော့် ကိုစောင့်နေဖူးတဲ့ နေ့တွေထဲက နေ့လေးတစ်ရက်ကို အခုထိမှတ်မှတ်ရရ သတိရနေမိသေးတယ်။ နေ့တစ်နေ့ပေါ့ .... အဲဒီနေ့က ကျွန်တော်သူ့ကို လာကြိုမယ် ဆိုပြီး သူသင်တန်းတက်နေတဲ့ ဂျပန်သံရုံးနားက စက်ချုပ်သင်တန်းကျောင်းမှာ ချိန်းထားခဲ့မိတယ်။ တကယ်တော့ ကျွန်တော်ရူးတာပါ။ ကျွန်တော့်အလုပ်က သန်လျင်မှာ။ ကျွန်တော်ရုံးဆင်းချိန်နဲ့ သူသင်တန်းဆင်းတဲ့ အချိန်ဆိုတာ တကယ်တော့ ၄၅ မိနစ်သာသာပဲကွာတာပါ။ ကျွန်တော်က သူ့ထက်နဲနဲပိုစော ဆင်းတယ်ဆိုပေမယ့် သန်လျင်ကနေ ဂျပန်သံရုံးနားကိုရောက်ဖို့ဆိုတာ လိုင်းကားပဲစီးနိုင်တဲ့ ကျွန်တော့်အဖို့သူ့သင်တန်းဆင်းချိန်အမှီ ၄၅ မိနစ်အတွင်း ရောက်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အမြန်ဆုံးဖြစ်နိုင်မယ့် ဟိုင်းလတ်ကား ၁၈၁ ကို ရုံးဆင်းတာနဲ့ အပြေးအလွှားတက်စီးခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က ကံကလည်းချာပါတယ်။ စီးမိတဲ့ကားက ဓာတ်ဆီဆိုင်ဝင်ရော။ မကျေနပ်လို့ နောက်ကားတစ်စီး ပြောင်းစီးမယ်ဆိုပြီး ဓာတ်ဆီဆိုင်ကနေ နောက်ပြန်လျှောက် ကားမှတ်တိုင်မှာ စောင့်ပြန်တော့ ရှားလိုက်တဲ့ကား တစ်စီးမှကို မလာတော့ဘူး။ နောက်ဆုံးကားတစ်စီး တော့ရောက်လာတယ် တခြားကားတော့ မဟုတ်ဘူး။ ခုနက ဓာတ်ဆီဆိုင်မှာ ကျွန်တော်စိတ်မရှည်လို့ ထားပစ်ခဲ့တဲ့ကား ဓာတ်ဆီဖြည့်ပြီးလို့ ပြန်ရောက်လာတာ။ :D

အဲလိုပဲ .... အလွဲလွဲ အချော်ချော်နဲ့ ငယ့်ရှေ့ကိုရောက်ခဲ့တယ်။ ကျွန်တော် ( ၁ ) နာရီကျော်ကျော် လောက် နောက်ကျနေပါပြီ။ ကျွန်တော်ဘယ်လိုပြန်ရှင်းပြရမလဲ။ တကယ်တော့ ချစ်သူနဲ့ ပတ်သတ်ပြီး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေဆိုတာ ဘယ်လောက်ပဲခက်ခဲနေပလေ့စေ ဆင်ခြေပေး ဖြေရှင်းလို့ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ နောက်ဆုံးရလဒ် ကသာ အဓိကကျတာပါ။ ကျွန်တော် တော်တော်နောက်ကျခဲ့ပေမယ့် ငယ်ကျွန်တော့်ကို စောင့်နေပါသေးတယ်။ လမ်းဘေးပလက်ဖောင်း အုတ်ခုံလေးပေါ်မှာ ထမင်းချိုင့်လေးကို ကိုင်ပြီး သူထိုင်စောင့် နေခဲ့ပါတယ်။ ကျွန်တော်ငယ့်ကို အဲဒီနေ့ကစပြီး တော်တော် ချစ်သွားခဲ့မိတယ်။ ကျွန်တော့်ကို နောက်ကျတာနဲ့ ပတ်သတ်ပြီး အပြစ်လုံးဝမပြောခဲ့ဘူး။ စိတ်လည်း ကောက်မနေဘူး။ အရင်လိုပဲ ကျွန်တော် သူ့ထမင်းချိုင့်ကိုကိုင်ပေးတဲ့အချိန်မှာ ကျွန်တော့်ဘေးနားမှာ သူဝင်ရပ်ပြီး ကျွန်တော့်လက်တွေကို သူ့လက်တွေနဲ့ အရင်လိုပဲ နွေးထွေးပေးခဲ့တယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ချစ်သူ ... သူကျွန်တော့်ကို နားလည်တတ်လိုက်တာ။ တော်တော်ချစ်သွားမိလို့ လှည့်ပြီး အာဝါးပေးလိုက်ချင်ပေမယ့် လမ်းမကြီးမှာဖြစ်နေလို့ တော်တော်စိတ်ကို ထိန်းလိုက်ရတယ်။ :D

အရင်တုန်းက ကောင်လေးတွေက သူ့ချစ်သူကောင်မလေးတွေကို ဘာကြောင့်ခဏခဏနမ်းလဲလို့ ကျွန်တော်မသိခဲ့ဘူး။ အခုတော့ ကျွန်တော်သိပြီ ... တော်တော်ချစ်လို့ဆိုတာကို။ အခုကျွန်တော် ငယ်နဲ့အရမ်းဝေးတဲ့ တစ်နေရာမှာနေနေရတယ်။ လူချင်းဝေးနေပေမယ့် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်ကလွဲပြီး တစ်ခြားဘယ်သူမှမသိနိုင်ပါဘူး။ လူချင်းဝေးနေလည်း ကျွန်တော်တို့အခုချိန်ထိစောင့်နေရတုန်းပဲ။ တစ်ခါတစ်ခါ သူ အင်တာနက်ဆိုင်လာမယ့်အချိန်ကို ကျွန်တော်က စောင့်ရတတ်ပြီး တစ်ခါတစ်လေကျရင်တော့့ ကျွန်တော်အိပ်ပုတ်ကြီးလို့ ကျွန်တော်အွန်လိုင်းတက်မယ့် အချိန်ကို သူစောင့်နေရတတ်ပါတယ်။ ဘယ်လောက်ပဲ စောင့်ရစောင့်ရ ကျွန်တော်တို့ မပင်ပန်းခဲ့ကြပါဘူး။

ဒါဟာ စောင့်ဆိုင်း နေတာ မဟုတ်တော့ဘူးလေ။

ကျွန်တော်တို့ ချစ်သူကို စောင့်စား နေတာပါ။

( ၂၀. အောက်တိုဘာ. ၂၀၀၈ ) အမှတ်တရ။

KznT.

Jennifer Paige - Crush

It's just a little crush (crush)
Not like I faint every time we touch
It's just some little thing (crush)
Not like everything I do depends on you
Sha-la-la-la, Sha-la-la-la

Jennifer Paige - Crush



KznT.

Foreign is Sux !!

နိုင်ငံရပ်ခြားဟူသည် အဘယ်နည်း။ နိုင်ငံရပ်ခြားဆိုသည်မှာ မိမိနိုင်ငံနှင့် ရပ်ဝေးမြေခြားနေသော ဒေသကိုခေါ်ပါသည်။ ထိုနိုင်ငံရပ်ခြားတွင် မိမိနိုင်ငံနှင့်မတူသော ယဉ်ကျေးမှုများ၊ မိမိနိုင်ငံသားများနှင့် မတူသော ဘာသာစကားသံများ၊ မိမိနိုင်ငံသားများနှင့် မတူသော အလေ့အကျင့် အပြုအမူ ဓလေ့စရိုက်များ နှင့် အနေအထိုင် ရဲတင်းပွင့်လင်းမှုများ၊ မိမိမွေးရပ်ဌာနေနှင့် ကွဲပြားခြားနားလွန်းလှသည့် အစားအသောက်စီစဉ်မှုများ .... အစရှိသဖြင့် မျိုးစုံကွဲပြားလှပါသည်။


ဟိုးအရင်တစ်ပတ်က သူငယ်ချင်းတစ်ယောက် မွေးနေ့ပွဲသွားရောက်ရန်ရှိသဖြင့် ကျွန်တော် နေထိုင်ရာ အရပ်နှင့် အတန်ငယ်အလှမ်းဝေးလှသောသူ့အိမ်သို့ သွားရောက်ဖြစ်ခဲ့ပါသည်။ ခမ်းနားထည်ဝါလှသည့် မွေးနေ့ ဧည့်ခံပွဲမျိုး မဟုတ်သော်ငြားလည်း ကျွန်တော်မြန်မာတစ်ယောက်အနေဖြင့် မြန်မာထမင်းဟင်း ဧည့်ခံကျွေးမွေးသော ဤမွေးနေ့ပွဲသည် တန်ဖိုးမဖြတ်နိုင်သော ကြုံဆုံမှုတစ်ခုပင် ဖြစ်ပါသည်။ သူတည့်ခင်းသည့် ကြက်သားဟင်း၊ ပဲကုလားဟင်းနှင့် အစိမ်းကြော်သည် ဤဘဝတစ်သက်တာ အတွက်မေ့နိုင်ကောင်းမည် မထင်ပါ။ ထမင်းပွဲ အပြီးတွင် အချို ပွဲအဖြစ် ဌက်ပျောသီး၊ ဘီယာ၊ မြေပဲကြော်နှင့် အစိမ်းကြော် ဧည့်ခံပါသည်။

မြန်မာပြည်တွင်စားခဲ့ဖူးသည့် အချိုပွဲဆိုသည်မှာ အများအားဖြင့် လက်ဖက်၊ ကျောက်ကျော နှင့် ရေနွေးကြမ်း အစရှိသည်များသာများသဖြင့်ကျွန်တော်စားခဲ့ရသည့် အချိုပွဲမှာ အနည်းငယ်ထူးဆန်းနေသယောင်ယောင် ရှိပါသည်။ သို့သော် ကျွန်တော်ဖြေသိမ့်နိုင်ပါသည်။ကျွန်တော်နေထိုင်ရာအရပ်မှာ လက်ဖက်၊ ကျောက်ကျော၊ ထိုးမုန် ့ စသည့် မြန်မာ့ရိုးရာ အစားအစာများ မှ ကင်းဝေးရာအရပ် ဖြစ်ပါသည်။ ဤသာအရပ်ဒေသ မဆိုထားနှင့် ယခုခေတ် မြန်မာနိုင်ငံ ရန်ကုန် မြို ့တွင်ပင် ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ မုန် ့ကျွဲသဲ၊ မုန့်ဦးနှောက် အစရှိသည့် မြန်မာ့ရိုးရာ အစားအစာများ မည်သည့်နေရာ၌ မဆိုလွယ်လင့်တကူ ရရှိနိုင်ပါသေးသလော ..............

ငယ်သည် အရင်က ဘဏ်တစ်ခုတွင် စာရင်းကိုင်အလုပ် လုပ်ကိုင်နေသည့် ဘဏ်ဝန်ထမ်း တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်၏ အလုပ်မှာ ကျွန်တော်အလုပ်အားရက်တိုင်း ညနေသူ၏ရုံးဆင်းချိန်တိုင်းတွင် သူ၏ ထမင်းချိုင့် သေးသေးလေးအား ဘေးမှကိုင်၍ အိမ်ပြန်ခရီး လိုက်ပါ ပို့ဆာင်ရသည့် တာဝန်ဖြစ်ပါသည်။ အိမ်ပြန်ခရီးဟုဆိုသော်ငြားလည်း ကျွန်တော်တို့ မည်သည့်အခါမျှ အိမ်သို့ တန်းတန်းမတ်မတ် မပြန်တတ်ကြပါ။ ရုံး၏နဘေး ပန်းဆိုးတန်းမှတ်တိုင်မှနေ၍ ၄၅ သို့တည်းမဟုတ် ၅၁ ကားစီးကာ ကန်ဘောင်သို့ ရောက်ခဲ့ကြစမြဲ။ ရုံးဆင်းချိန်မှာ နေစောင်းသောအချိန် ဖြစ်သည်မှန်သော်လည်း စိုးရိမ်ပူပန်မူတစ်စုံတစ်ရာ ကျွန်တော်တို့ ထံတွင်မရှိကြပါ။ နှစ်ဘက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း အကုန်နီးပါးမျှ ကျွန်တော်တို ့၏ အနာဂတ်ကို ပုံဖော်ခွင့် ပြုခဲ့ကြပြီးဖြစ်သည်။

ကန်ဘောင်သည် နေစောင်းနေဝန်း မပျောက်ခင် ကာလတစ်ခု၌ စွတ်ပျံ့ အေးမြသော လေပြေရနံ ့တို ့ဖြင့် ချစ်သူစုံတွဲ အသီးသီးတို ့အား ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာ ပေးနိုင်သော ရန်ကုန်မြို ့၏ အေးချမ်းငြိမ်းမြသည့် နေရာတစ်ခု ဟုဆိုလျှင် မှားနိုင်မည်မထင်ပါ။ ထိုသို့ဖြင့်နေ့ပေါင်းများစွာ အားဖြတ်သန်းခဲ့ကြရင်း နေ့တစ်နေ့၌ ငယ် ကမမျှော်လင့်ပဲ ဘိန်းမုန့်စားချင်တယ် ဟုပူဆာခဲ့ပါသည်။ ဘိန်းမုန့်ဟူသည့် သေးငယ်အိထွေးသော မုန့်သေးသေးလေး တစ်ခုအတွက် ကျွန်တော်ဤမျှလောက် ဦးနှောက်မစားခဲ့ပါ။ လွယ်ကူရိုးရှင်းစွာပင် နောက်နေ့လာကြိုရင် ကိုဝယ်လာခဲ့မယ်ဟု ကတိပေးခဲ့မိပါသည်။ အမှန်တကယ်တော့ ကျွန်တော်၏ မှန်းဆချက်သည် လက်တွေ့ဘဝနှင့် ဆန့်ကျင်ဘက်ကျစွာ လွဲချော်ခဲ့ပါသည်။ နောက်တစ်နေ ့ ပန်းဆိုးတန်းမရောက်ခင် သိမ်ဖြူမှတ်တိုင်၌ ဆင်း၍လမ်းဘေး ဈေးဆိုင်လေးများ တစ်လျှောက် ဘိန်းမုန့်ရှာပုံတော်ခရီး စတင်ခဲ့ပါသည်။ ဆိုင်ပေါင်းမြောက်များစွာ ဖြတ်သန်းခဲ့သော်ငြား ဘိန်းမုန် ့၏ အငွေ့အသက်၊ ဘိန်းမုန့်၏အရိပ်အယောင် စိုးစဉ်းမျှမတွေ ့ရှိခဲ့ပါ။ မြန်မာ့ရိုးရာအစားအစာများ ကျွန်တော်ချစ်သော မြန်မာနိုင်ငံတွင် မည်သည့်အချိန်က ပျောက်ဆုံးသွားခဲ့ပါသနည်း။ ကျွန်တော် ကံကောင်းခဲ့ပါသည်။ ခက်ခက်ခဲခဲရှာဖွေမှု၏ ရလဒ်အဖြစ် ကျွန်တော် ဘိန်းမုန့်ရခဲ့ပါသည်။ သို ့သော် ..... ထိုရှာဖွေမှု၏ အကျိုးကြောင့် ရုံးဆင်းချိန်ထက် ၁ နာရီခန် ့မျှ နောက်ကျ၍ ငယ့်ဆီရောက်ခဲ့ပါသည်။ အရာရာနားလည်ပေးတတ်သော ငယ်သည်ကျွန်တော်၏ နောက်ကျမှုအား တစ်စုံတစ်ရာ အပြစ်မဆိုခဲ့ပါ။ ဘိန်းမုန့်မျက်နှာပါ၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ :D

ယခု ကျွန်တော့်ချစ်သူ တမ်းမက်ခဲ့သော အရာအားကျွန်တော် တစ်ဖန်ပြန်၍ လိုချင်နေမိသည်။ မှန်ပါသည်။ ကျွန်တော် ဘိန်းမုန့် စားချင်နေပါသည်။

သို့သော် ........

ဤနေရာတွင် ဘိန်းမုန့်မရှိပါ။

ဤနေရာတွင် ကျွန်တော့်ချစ်သူမရှိပါ။

ဤနေရာသည် အားလုံးသိကြသည့် နိုင်ငံခြားသာလျှင်ဖြစ်ပါသည်။

KznT.

Related Posts