Educated or Uneducated

ကျွန်တော်လား လူပေါ့ဗျာ … ဘာမှန်းမသိသေးခင် တစ်ချိန်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိသေးဘူးပေါ့ .. အဲလိုနဲ့ အသက်လေးရ အရွယ်လေး ရောက်လာတော့ နဲနဲ သွေးကြွချင်လာတယ် .. ကိုယ်သိတာတွေကပဲ အမှန်လိုလို .. ကိုယ့်လောက် မသိတဲ့ သူတွေကပဲ လဒူလိုလို အဲလိုအတွေးတွေ မကြာခဏဝင်တတ်လာတယ် ..

အဲလိုနဲ့ နေလာခဲ့တာ နယ်ပယ်တွေ ကျယ်ပြန့်လာတော့ လူပေါင်းစုံနဲ့လည်း သိလာရပြီ .. ပညာစုံပြီလို့ မပြောနိုင်သေးပေမယ့် ပညာရဲ့ အနှစ်သာရကို သိလာပြီ .. ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် ပညာသင်နေရလည်း ဆိုတာ နားလည်လာပြီ .. အရင်က ထင်ခဲ့တယ် .. သချာင်္တို့ .. အင်္ဂလိပ်တို့ .. ပထဝီတို့ .. လူမှုရေးတို့ .. အဲတာတွေက တကယ့် နယ်ပယ်မှာရော ငါတို့ကို လူလားမြောက် အရွယ်ရောက်အောင် လုပ်ပေးနိုင်ရဲ့လားလို့ .. ဟုတ်တယ်လေ .. ကျွန်တော်တို့ လူလားမြောက်အောင် အရွယ်ရောက်အောင် တစ်နေ့နဲ့ တစ်နေ့ လုပ်ပေးနေတာ အာဟာရလို့ ကျွန်တော်တို့ ပြောပြောနေတဲ့ စားသောက်စရာတွေပဲ မလား .. စာအုပ်တွေ စာပေတွေ ပညာတွေဆိုတာ ဝါးစားလို့မှ မရတာ .. ဒါတွေက ကလေး အတွေးပါ .. အဲလိုနဲ့ နေလာခဲ့တာ .. ခုတော့သိလာရပြီ .. ပညာ ဆိုတဲ့ သူ့ အကြောင်း .. ပညာဆိုတာ ဝါးစားလို့တော့ မရဘူး .. ဒါပေမယ့် လောကကြီးမှာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် .. လူသားချင်းချင်း ဘယ်လို ဆက်ဆံရမယ် .. လူမှုပတ်ဝန်းကျင်ကို ဘယ်လို ရှုမြင်တတ်ရမယ် .. လူသားတွေ အကျိုးကို ဘယ်လိုသယ်ပိုးရမယ် .. မိမိကောင်းရာ ကောင်းကျိုးအတွက် ဘယ်လို သမာသမတ်ကျကျ ရှာဖွေရမယ် ဆိုတာ သင်ပေးတာ .. ဒါဟာ ပညာပေါ့ ..

ဒါပေမယ့် အဲ့ ပညာကနေ ကောင်းရာကောင်းကျိုးတွေ သင်ပေးနေပေမယ့်လို့ လူတစ်ချို့ကတော့ အဲ့ပညာကရလာတဲ့ ဗဟုသုတနဲ့ ရလာဒ်ကောင်းတွေကို အသုံးချပြီ .. လူသားချင်း စာနာထောက်ထားမှု ဆိုတာ ကင်းမဲ့စွာနဲ့ မကြံကောင်း မစည်အပ်တာတွေ ပြုမူခဲ့ကြတယ် .. ပြုမူလာကြတယ် .. ပြုမူနေကြတယ် .. ပြုမူနေကြဦးမယ် …

အဲလိုနဲ့ စကားတစ်ခု ထွက်လာတယ် .. ပညာတတ်တဲ့ သူတွေက သိပ်ကြောက်ဖို့ ကောင်းသတဲ့ … မဟုတ်ပါဘူး အဲတာ မှားပါတယ် .. ပညာတတ်တဲ့ သူတွေက ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး .. ပညာတတ်ပြီး ပညာရပ်ကို လွဲမှားစွာ အသုံးချနေတဲ့ သူတွေက မှားနေတာမျိုးပါ .. သူတို့ကို ကျွန်တော်ကတော့ ပညာတတ်လို့ မသတ်မှတ်ဘူး .. ပညာဖျက်လို့ပဲ သတ်မှတ်တယ် ..

ခုကျွန်တော်တို့ ပညာတတ်ပြီ .. အဲတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ..
ပညာတတ်လုပ်မလား ..
ပညာဖျက် လုပ်မလား ..

Mg Zin.

What If She's An Angel

 
သီချင်းတွေ အမြဲ နားထောင်နေဖြစ်တယ် ...
စိတ်ညစ်တဲ့ အခါ
ပျော်တဲ့ အခါ
တစ်ခုခုကို လွမ်းတဲ့ အခါ
တစ်စုံ တစ်ခုကို အလို မကျတဲ့ အခါ
ဖြေးဆေး ငြိမ်းချမ်းမှုနဲ့ နာရီတစ်ချို့ကို ဖြတ်သန်းချင်တဲ့ အခါ




There's a man standing on the corner
With a sign sayin "will work for food"
You know the man
You see him every morning
The one you never give your money to
You can sit there with your window rolled up
Wondering when the lights going to turn green
Never knowing what a couple more bucks
In his pocket might mean

What if he's an angel sent here from Heaven
And he's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in his face
Knowing deep down it could have been his saving grace
What if he's an angel

There's a man
There's a woman
Living right above you in apartment G
There's alot of noise coming from the ceiling
And it don't sound like harmony
You can sit there with your TV turned up
While the words and his anger fly
Come tomorrow when you see her with her shades on
Can you look her in the eye

What if she's sent here from heaven
And she's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel

A little girl on daddy's lap
Hiding her disease with a baseball cap
You can turn the channel
Most people do
But what if you were sitting in her daddy's shoes

Maybe she's an angel
Sent here from Heaven
And she's making certain you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel


KznT.

Dear my Mom

ငယ့်ကို မေမေ့ အကြောင်း ပြောပြမယ် ဆိုပြီး မပြောပြ ဖြစ်သေးဘူး .. မေမေ့ အကြောင်း စပြောရမယ် ဆိုရင်တော့ အရင်ဆုံး မေမေ့ မွေးနေ့ ကနေ စပြီး ပြောပြမှရမယ် .. မေမေ့ကို ၁၉၆၀ ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တယ် .. မေမေက ဗုဒ္ဓဟူးသမီး .. အဲမှာ ကို တစ်ခု တွေးမိတာက ငယ်ကလည်း ဗုဒ္ဒဟူးနေ့ ညနေပိုင်းမှာ မွေးတဲ့ သူ ဆိုတော့ မေမေနဲ့ ငယ် အဆင်မှ ပြေပါ့မလားလို့ တွေးမိတယ် .. မြန်မာ အယူအဆ အရ ကိုက တွက်မိတာလေးပါ .. သိပ် အယုံအကြည် ရှိနေလို့ တော့ မဟုတ်ပါဘူး။

မေမေ့မှာ မွေးချင်း ကိုးယောက် ရှိပြီး မွေးချင်း ကိုးယောက်မှာမှ မေမေ တစ်ယောက်တည်း ဘွဲ့ ရခဲ့တာ မို့လို့ မေမေက ပညာတတ်ဘွဲ့ရတွေကို လေးစားတယ် အထင်ကြီးတတ်တယ် .. သူကိုယ်တိုင်လည်း ဘွဲ့ ရခဲ့ပေမယ့် ဖေဖေနဲ့ အိမ်ထောင်ကျပြီး ကတည်းက အလုပ် တစ်ခုမှ မလုပ်ဖြစ်ခဲ့ဘူး .. ဒါကလည်း မြန်မာမှု ပတ်ဝန်းကျင်မှာ မိန်းကလေးတိုင်း ဒီလိုပဲ ဖြတ်သန်းနေကြတာပဲလေ .. အဲ့ခေတ် အခြေအနေတုန်းက ယောကျာင်္း တစ်ယောက်ရဲ့ လုပ်အားခက အိမ်ထောင်စု တစ်ခုလုံးကို ထောက်ပံ့လုပ်ကျွေးနေနိုင်တယ်လေ .. ခုခေတ်မှာတော့ အနဲနဲ့ အများ ကွားခြားကုန်ကြပြီ ..

မေမေက အပြင်မှာ လုပ်ငန်း ကိုင်ငန်းနဲ့ အလုပ်လုပ်တဲ့သူ တစ်ယောက် မဟုတ်ပေမယ့် အိမ်ထဲမှာတော့ ထိုင်နေတတ်တဲ့ မိန်းမမျိုး မဟုတ်ဘူး .. အစဉ်သဖြင့် မေမေက အိမ်အလုပ်တွေ တစ်ယောက်တည်း တကုပ်ကုပ်နဲ့ လုပ်နေတတ်လို့ ကိုက “ မေမေက အမြဲအဝတ်လျှော်ရရင် လျှော်ရ .. မလျှော်ရရင် အိမ်ရှင်းနေရမှ နေတတ်တာလား “ လို့ စပြီး မေးတော့ မေမေ အဲတာကိုပဲ ပြုံးပြီး ကျေနပ်နေတတ်တယ် ..

ကို ၅ တန်းနှစ် အရောက် ဖေဖေ အလုပ်တာဝန်နဲ့ နယ်ကို ပြောင်းရတော့ မေမေနဲ့ ကိုတို့ ရန်ကုန်ကို ကိုတို့ ပညာရေးအတွက် နယ်ကို လိုက်မသွားပဲ ကျောင်းတက်ဖို့ ပြောင်းလာ ဖြစ်ခဲ့တယ် ။. ယောကျာင်္းလုပ်သူနဲ့ ကွဲကွာပြီး နေရပေမယ့် မေမေ အိမ်ထောင်ရေးစည်းစောင့်တယ် .. အပျော်အပါးကို ပွဲလမ်းသဘင် ဆိုတာတွေ ဘေးနားမှာ ရှိရင်တောင် မေမေ စိတ်မဝင်စားတတ်ဘူး .. ကိုတို့တွေ လူလားမြောက် ပညာတတ်ဖြစ်ဖို့ကိုပဲ မေမေ အာရုံစိုက်ခဲ့တယ် ..

ကိုတို့ ၁၀ တန်းအောင်တော့ ကျောင်းဆက်တက်ဖို့ အတွက် နယ်မှာရောက်နေတဲ့ ဖေဖေက မထောက်ပံ့နိုင်တော့လို့ မေမေ့အတွက် ဖေဖေဖန်တီးပေးထားတဲ့ အိမ်ကို မေမေက လျော့ဈေးနဲ့ ရောင်းပစ်ခဲ့ပြီး အရင်းအနှီးလုပ်ငန်းတစ်ခုထဲကို ထည့်ခဲ့တယ် .. အရင်းအနှီးလုပ်ငန်းတစ်ခု ဆိုပေမယ့် အမြတ်မရပဲ ကိုယ့်အရင်းကိုယ် ပြန်ထုတ်စားရတဲ့ အရင်းအနှီးတစ်ခုမို့လို့ မေမေနဲ့ ဖေဖေ့အိမ်ဆိုတာ ကိုယ်တို့ရဲ့ ပညာရေးဆိုတဲ့ ဂယက်အောက်မှာ ပျောက်ဆုံးခဲ့ရတယ် …

အမှန်အတိုင်း ပြောရရင်တော့ စီးပွားရေးလုပ်ငန်း မလုပ်ခဲ့ဖူးတဲ့ မေမေဟာ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် အခြေချလုပ်ကိုင်နိုင်ဖို့ ကောင်းကောင်း မစီမံမခန့်ခွဲတတ်ပါဘူး .. အဲတာကြောင့်လည်း ကိုယ်တို့ပိုင်ဆိုင်တဲ့ အိမ်တစ်လုံး ဆုံးရံှုးခဲ့ရတာပေါ့ .. မေမေ့ကို အပြစ်တင်တာ မဟုတ်ပါဘူးလေ .. မဆုံးရှုံး သင့်တဲ့ အရာတစ်ခု ပျောက်ဆုံးခဲ့ရလို့ သင်ခန်းစာယူမိတာပါ .. အိမ်ရောင်းပြီးတဲ့ နောက် ဖေဖေ့နောက်ကို မေမေ လိုက်သွားခဲ့တယ် .. ကိုယ်တို့ကတော့ မေမေတို့နဲ့ ဝေးရာဆီမှာ ကျောင်းဆက်တက်ခဲ့တယ် ..

သူတို့ဆီမှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး ငယ် ..
အိမ်ရောင်းချပြီးတဲ့ နောက်မှာ ကို့အကို အိမ်ထောင်ကျတော့ သူတို့မှာရှိတဲ့ အိမ်ထောင်ပရိဘောဂ တွေထဲက အနဲအကျဉ်းကို ကို့အကို အိမ်ထောင်ဦး အတွက် ထပ်ခွဲတမ်းချ ပေးခဲ့တယ် .. မေမေနဲ့ ဖေဖေ့အကြောင်း ပြောရင်းနဲ့ မိဘမေတ္တာဆိုတာ ပိုပြီး မြင်လာမိတယ် . ကိုတို့တွေ မိဘနေရာ ရောက်လာခဲ့ရင်ရော ကိုယ်တို့ မိဘတွေလောက် သားသမီးအပေါ် တာဝန်ကျေပွန်နိုင်ပါ့မလား .. မေမေ့ အကြောင်း အသေးစိတ် မဟုတ်ပေမယ့် ဒီလောက်ဆိုရင်ပဲ ငယ် မနဲမကျဉ်း သိလောက်ပါပီ ..

ကိုယ်တို့တွေ ဆက်ပြီး စဉ်းစားရမှာက ..
ကိုယ်တို့အပေါ် မိဘဝတ္တရား ကျေပွန်ခဲ့တဲ့ ကိုတို့ မိဘတွေအတွက် ကိုတို့ သားသမီးဝတ္တရား ကျေပွန်နိုင်ဖို့ ဘယ်လိုကြိုးစားကြမလဲ ...
ကိုယ်တို့ရဲ့ မျိုးဆက်အတွက် ကိုယ်တို့ ဘယ်လို ပေးဆပ်ကြမလဲ ဆိုတာ …

KznT.

Gardener ( 2 )

အခန်း ( ၄ )

( ၂ ) ဆင့်ထပ်ထားတဲ့ မှန်ပြူတင်းရဲ့ အပြင်ဘက်ထောင့်တစ်နေရာဆီက ယဉ်ပါးနေခဲ့ပြီးသား သစ်ပင်ရိပ်အောက်ဆီ တစ်ချက်ငဲ့ကြည့်မိတော့ အရင်လို လဲလျောင်းနေဆဲ သစ်ရွက်ခြောက်တစ်ချို့နဲ့ ရော်ရင့်ပျက်ကြွေခါစ ဝါရင့်ရင့် ရွက်ရင့်ဟောင်းတစ်ချို့ ... တစ်ညနေစောင်းခဲ့တိုင်း အဲ့နေရာလေးဆီမှာ ကလေးတစ်ချို့ ခေါက်တုန့်ပြေးလွှား ဆော့ကစား နေတတ်ကြတယ် .. တစ်ခါတစ်လေတော့လည်း သူငယ်ချင်းမှန်း ၊ ချစ်သူမှန်း ဝေခွဲရခက်တဲ့ ကောင်မလေး နဲ့ ကောင်လေး တစ်ချို့ ရောက်ရှိနေတတ်ကြတယ် ... အခုရော ...

ခုလည်း ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် ရောက်နေကြပြန်ပြီ ..
သူတို့ ချစ်သူတွေများ ဖြစ်နိုင်ကြမလား ... ဟင့်အင်း ... ကျွန်တော် မသိဘူး ...
ခပ်အုပ်အုပ်ဆိုင်းနေတဲ့ မိုးသားတစ်ချို့ဆီက မျှော်လင့်မထားတဲ့ မိုးစက်တစ်ချို့ ခပ်သုတ်သုတ် ကြွေကျတော့ ကောင်မလေး ရုတ်ခနဲ ထပြန်ဖို့ ပြင်တယ် ...
ဟင့်အင်း ... မပြန်ပါနဲ့ဦး ...
မင်းတို့တွေကို ကြည့်နေရင်းနဲ့ ငါ ခဏလောက် လွမ်းနေချင်လို့ပါ ...
ကောင်မလေး မတ်တပ်ရပ်တော့ ကောင်မလေးရဲ့ လက်တစ်ဖက်ကို လှမ်းဆုပ်ပြီး ကောင်လေး ကမန်းကတန်းထရပ်တယ် ... သူတို့ ( ၂ ) ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာခဲ့တော့ မလိုပဲ ...
သူတို့ ချစ်သူတွေပဲ နေမှာပါ ...
မိုးနဲ့အတူ လေပြေအေးအေး ခပ်ဆတ်ဆတ်တိုးတော့ ကောင်မလေးရဲ့ ပခုံးသား ၂ ဖက် မသိမသာ လှုပ်ခတ်သွားတယ် ...
သူချမ်းနေပြီနေမှာ ...
နှုတ်ခမ်းအလှုပ်ကို ဘာသာပြန်ကြည့်တော့ " ပြန်ကြရအောင် နော် " လို့များ သူ ပြောနေတာလား ...
ခဏလို့ ကောင်လေး ပြောပြီး သူ့ ဘေးလွယ်အိတ်ထဲဆီကို လက်သွင်းလိုက်တယ် ...
လက်ပြန်အရုတ်မှာ ကျွန်တော် မျှော်လင့်မထားတဲ့ ပါဆယ်ဗူးလေး တစ်ဗူး ...
သူ ကောင်မလေးရဲ့ လက်တစ်ဖက်ကို ပြေလျော့လျော့ဆွဲပြီး အဲ့ဗူးလေး ထည့်ပေးလိုက်တယ် ...
မင်းအတွက်တဲ့ ...
Ohhhh !! ကြည်နူးဖို့ ကောင်းလိုက်တာ ... ထင်မှတ်မထားတဲ့ လက်ဆောင်ပစ္စည်း တစ်ခုအတွက် ကောင်မလေး ပျော်နေတယ်ခဲ့တယ် ဆိုတာ သူ့မျက်နှာပြင် တစ်ခုလုံးက နေရာမလပ်ဖော်ပြနေကြတယ် ...
အင်းပေါ့ ...

" ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု ... " ဆိုတာ သူပိုင်ဆိုင်ခဲ့ပြီပဲ

အဲ့ပစ္စည်းရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိနိုင်မလဲ .. ကျွန်တော် မသိနိုင်ပါဘူး ...
တကယ်တော့ သိဖို့လည်း မလိုအပ်ပါဘူးလေ ...
အဲ့ထဲမှာ ... တန်ဖိုးဖြတ်လို့ မရတဲ့ ... နှောင်တွယ်မှု နဲ့ ချစ်ခြင်းတရား ဖြည့်ဆည်းပါဝင်နေခဲ့ပြီပဲ ...
နောက်ထပ် ဘာလိုဦးမှာ မို့လို့လဲ ...

အခန်း ( ၅ )

" ကို့အတွက် ဘာလိုလဲ ...
ကိုလိုချင်တဲ့ ကို့ အတွက်လိုတာတွေ ငယ့်ကို ပြောပြလေ ...
ကို့အတွက် လိုအပ်မယ့် ဟာတွေပဲ ငယ် ဝယ်ပေးချင်တယ် ...
ကိုယ့်ဘာသာ စိတ်ကူးပြီး ဝယ်ခဲ့လိုက်လို့ တကယ်တမ်း ကို့အတွက် မလိုတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာမျိုး ငယ်က မဖြစ်ချင်ဘူး ... "


ငယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကို ဘာလိုချင်လဲ မေးတဲ့ အခါတိုင်း ကျွန်တော် နှုတ်ပိတ်ခေါင်းရမ်း ဖြစ်ခဲ့တယ် ...
" ဟင့်အင်း .. ကို့အတွက် ဘာမှ မလိုပါဘူး "
ကျွန်တော် တကယ်ရော မလိုအပ်ခဲ့ဘူးလား ... ကျွန်တော့် လိုအပ်ချက်တိုင်း သူ့ကို တောင်းဆိုဖို့ဆိုတာ ကရော ယောကျာင်္းတစ်ယောက်အနေနဲ့ ဖြစ်သင့်ရဲ့လား ...
ဒီလွန်ဆွဲမှုရဲ့ ကြားမှာ ကျွန်တော့်တောင်းဆိုမှုနဲ့ ကျွန်တော့်အတွက် လိုအပ်မယ် ထင်တာတွေထဲက
သူမပင်ပန်းရအောင် ဘီး ( ၂ ) ချောင်းနဲ့ ဇွန်းခက်ရင်း ( ၂ ) စုံ ကျွန်တော်တောင်းခဲ့ဖူးတယ် ...

ကျွန်တော် ဘာလိုချင်တယ်ဆိုတာ ဖွင့်ပြောခဲ့သင့်တာလား ...
ဟင့်အင်း .. ကျွန်တော်လိုချင်ခဲ့တာ " ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ် လာမယ့် နွေးထွေးမှု ... " တစ်ခုပါ ...

အခန်း ( ၆ )

ကျွန်တော် သတိရနေမိတယ် ...
အဲ့ဒီ့နေ့က သူ့ဆီကို သွားတော့ သူ့လက်ထဲမှာ သိုးမွှေးထိုးတံလို အတံလေး တစ်ခု ၊ ချည်လုံးတစ်ချို့နဲ့ အလုပ်ရှုပ်နေခဲ့တာ ... သေချာဂရုစိုက်ကြည့်မိတော့ ပိုက်ဆံအိတ်တစ်ခုဖြစ်ဖို့ ရောင်စုံကြိုးလေးတွေ သီပြီး သူထိုးနေတာပါ ... အရောင်ဆက်စပ်မှုကိုပဲ ကြည့်ကြည့် ... နုရွမှုကိုပဲ ကြည့်ကြည့် ... မိန်းကလေး တစ်ယောက်အတွက်ပဲ သင့်တော်မယ့် ပိုက်ဆံအိတ်တစ်အိတ်မှန်း ကျွန်တော် သိပါတယ် .. ဒါပေမယ့် ကျွန်တော် အဲ့ဒီ့ ထိုးလက်စ ပိုက်ဆံအိတ် သေးသေးလေးကို ကြည့်ရင်း ကျွန်တော် အလိုချင်ခဲ့ဆုံး " ကို့အတွက် ... " ဆိုတဲ့ စကားတစ်ခွန်းကို ကြားချင်နေခဲ့တယ် ... ရူးတယ်လို့ပဲ ဆိုပါတော့ ... ဟုတ်တယ် ... အဲ့ဒီ့ ကျွန်တော်နဲ့ မသင့်တော်တဲ့ အိတ်တစ်ခုကိုမှ ကျွန်တော် လိုချင်နေမိတယ် ... ဟင့်အင်း ... ကျွန်တော် အိတ်ကို လိုချင်တာ မဟုတ်ပါဘူး ... သူ့လက်တွေနဲ့ ထိတွေ့နေခဲ့ဖူးတဲ့ အဲ့ဒီ့ပိုက်ဆံအိတ်ပေါ်က ကြိုးမျှင်မျှင် လေး တွေကို သိမ်းထားခဲ့ချင်တာပါ ...

မသိနားမလည်တဲ့ ယောကျာင်္းတစ်ယောက်ရဲ့ အမူအရာမျိုးနဲ့ မျက်မှောင်ခပ်တွန့်တွန့် ချိုးပြီး သူ့လက်ထဲက အိတ်လေးရဲ့ အနာဂတ်ကို မေးကြည့်ဖြစ်တယ် ...
ကျွန်တော့်အတွက်များ သူရည်ရွယ်ထားလေသလား ... ??

" အစ်မတစ်ယောက်က ငယ်ထိုးထားတဲ့ အိတ်လေးကိုတွေ့ပြီး သူလည်းလိုချင်တယ်ဆိုလို့ .. အဲတာသူ့အတွက် ထိုးပေးနေတာ " ....
သြော် ....
ကျွန်တော် မဟုတ်ခဲ့ဘူးပဲ ...
သိပ်ချစ်ဖို့ ကောင်းတဲ့ ငယ်က ရွှတ်နောက်နောက်နဲ့တောင် " ကို့အတွက် ... " လို့ဆိုပြီး ကျွန်တော့်ကို မစခဲ့ပါဘူး ...
ကျွန်တော် မငြိုုငြင်ရက်ပါဘူး ...
ဟင့်အင်း .... ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်နဲ့ မလိုက်ဖက်တဲ့ ပိုက်ဆံအိတ်တစ်အိတ်အတွက် ကျွန်တော့်ကို ပေးဖို့ သူဘယ်တော့မှ စဉ်းစားခဲ့ပုံမရဘူးလေ ...
ငယ် မှန်ပါတယ် ... မဟုတ်ရင် ကျွန်တော် အဲ့ဒီ့ ပိုက်ဆံအိတ်တစ်အိတ်ကို ကိုင်ဖို့တော်တော်အားမွေးရဦးမှာ ...

အခန်း ( ရ )

အဲလိုနဲ့ အဲ့ဒီ့နေ့ညက ကျွန်တော် အိပ်ပျော်သွားတော့ အိပ်မက်တစ်ခု မက်တယ် ...
ကျွန်တော့် အိပ်ယာဘေးမှာ ငယ် ငုတ်တုတ်လေးထိုင်လို့ .... အိပ်မက်ထဲမှာ ရုတ်တရက် မျက်လုံးဖွင့်ကြည့် တော့ သူ ကျွန်တော့်ကို ခပ်ဖွဖွ ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ် ...

" ကို့ အတွက် .... "

ကျွန်တော့်လက်ထဲ ငုံ့ကြည့်မိတော့ ဘာပစ္စည်းမှ ရှိမနေဘူး ...
ဒါပေမယ့် ...

သူ့ လက်တစ်စုံတော့ ရှိနေခဲ့တယ် ... ။။

KznT.

Gardener ( 1 )

အခန်း ( ၁ )

" ကို့ အတွက် .... "

အဲ့ဒီ့နေ့ ဒီ ကောင်းကင်ကြီး အောက်မှာ ရပ်တည်နေတဲ့ သူအားလုံးရဲ့ ကြားမှာ ကျွန်တော် အပျော်ဆုံး လူသားတစ်ယောက် ဖြစ််နေခဲ့တယ် ... အဲ့ဒီ့နေ့မှာ ကျွန်တော်မြင်ဖူးနေကျ တစိမ်းဆန်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ကျွန်တော့် ရင်ဘတ်တူသူတွေ ဖြစ်သွားကြတယ် ... အဲ့ဒီ့နေ့ကပဲ ဒီရင်ဘတ်တစ်ခုလုံး လဲ့ဖြာစိမ်းလန်းပြီး အနာဂတ်တိုင်းကို စိန်ခေါ်ရဲဖြစ်ခဲ့တယ် ...

ဒါပေမယ့် ...
လွဲမှားနေခဲ့တာ တစ်ခုက
အဲ့ဒီနေ့ ဆိုတာ တကယ်တော့ မရှိခဲ့သေးပါဘူး ...

အခန်း ( ၂ )

" လိုချင်သောအား
စားချင်ငြားက
ဝပ်တွားခယ
တောင်းပါကြ ... "


ကျောင်းသား ဘဝတစ်ခုက သင်ခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ် .. ကျွန်တော် အစအဆုံးတော့မမှတ်မိတော့ ...
ငယ်ငယ်တုန်းက ပစ္စည်းတစ်ခု ကိုယ် အရမ်းလိုချင်နေတဲ့ အချိန် ၊ အစားအသောက်တစ်ခု ကိုယ်အရမ်း စားချင်နေတဲ့ အချိန်မှာ လူကြီးတွေ မသိအောင် မယူမိဖို့ .. လူကြီးတွေထက် ဦးအောင် မစားသောက်မိဖို့ မေမေ အမြဲ ဆုံးမတတ်တာ ကျွန်တော် သတိရမိတယ် ... အဲ့ အလေ့အကျင့်လေးကြောင့်ပဲ ကျွန်တော် လိုချင်လွန်းမိတဲ့ အရာတိုင်း မေမေ ၊ ဖေဖေ့ကို ခွင့်တောင်းပြီး အသိပေးရယူ ဖြစ်ခဲ့တယ် ... လိုချင်တာတိုင်း ရရောရခဲ့ရဲ့လား ... ဟုတ်ကဲ့ ... ရခဲ့တာလည်း ရှိသလို မရခဲ့တာတွေလည်း ရှိတာပေါ့လေ ... ဟုတ်ပါတယ် ...

တကယ်တော့ ကျွန်တော်မှာ အဲ့ဒီ့အချိန်တည်းက ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့သင့်တာ ... အကယ်၍ များ အဲ့ဒီ့အချိန်က ကျွန်တော့်ဘေးမှာ ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့မယ် ဆိုရင် ကျွန်တော်အဲ့စာအုပ် ထဲမှာ စာကြောင်း ( ၁ ) ကြောင်းလောက် ချရေးဖြစ်ခဲ့မယ် ထင်တယ် ...

" ဖွင့်ဟတောင်းဆိုဖြစ်သော ကိစ္စရပ်တိုင်း ရရှိနိုင်မည် ဆိုသည်မှာ မသေချာ ... "


အခန်း ( ၃ )


အချစ်တစ်ခုကို အစပျိုးမိတော့ ကျွန်တော့်ကိုယ် ကျွန်တော် ခံယူဖြစ်ခဲ့တာ တစ်ပွင့်တည်းပျိုးတဲ့ ဥယျာဉ်မှုးတစ်ယောက်လို ... သိပ်သေချာတာပေါ့ ... ကျွန်တော် ဥယျာဉ်မှုးဆိုရင် ကျွန်တော့်ချစ်သူဆိုတာ ကျွန်တော် ပျိုးထားတဲ့ ပန်းတစ်ပွင့်လေ ... တစ်ပွင့်တည်း ပျိုးခဲ့တဲ့ ဥယျာဉ်မှုးတစ်ယောက်ရဲ့ ခံစားချက် ဆိုတာ သိပ်ကို နက်ရိှုင်းလွန်းပါတယ် ... ပန်းတွေအများကြီး ပျိုးထားဖြစ်ခဲ့ရင်တော့ ပန်းတစ်ပွင့် လေလွင့် ဆုံးရံှုးမှု ဆိုတာ ဥယျာဉ်မှုးတစ်ယောက်အတွက် ဘာမှ မသိသာပေမယ်လို့ ... တစ်ပွင့်တည်းပျိုးခဲ့တဲ့ ဥယျာဉ်မှုး အတွက် အဲ့ဒီ့ပန်းတစ်ပွင့်ဆိုတာ သူ့ရဲ့ အနာဂတ် တစ်ခုလိုပါပဲ ...

ဒီပန်းလေး နွမ်းပါးပျက်ကြွေသွားမှာ ... ဒီပန်းလေး ညိှုးရော်ချောက်နွမ်းသွားမှာ ... ဒီပန်းလေး အနာတရတစ်ခုခု ဖြစ်အောင် တစ်စုံတစ်ယောက် သို့တည်းမဟုတ် တစ်စုံတစ်ခုက ဖန်တီးလိုက်မှာ ... သူအချိန်တိုင်း တွေးပူ နေတတ်ခဲ့တယ် ... သူမပင်ပန်းပါဘူးလေ ... ကျွန်တော် တကယ် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး ... ကျွန်တော် နက်နက်ရိှုင်းရိှုင်း တွယ်ငြိမိခဲ့ပြီကိုး ...

သူ့ကို သူငယ်ချင်း တစ်ချို့ မေးကြတယ် ...
" အချစ်ဆိုတာ ဘာလဲ ... ,
ပန်းတစ်ပွင့်ဆီက ဘာရလိမ့်မယ်လို့ မင်းမျှော်လင့်ထားခဲ့လို့လဲ ... , "

အဝေး နေရာတစ်ခုဆီ ခပ်တွေးတွေးငေးကြည့်မိရင်း ဖျော့ဖျော့ပြုံးပြီး ဖြေမိတယ် ...

" အချစ်ဆိုတာ ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးနေသလိုပေါ့ကွာ ...
မင်းဖြန့်ခွဲချစ်တတ်သူဆိုရင်တော့ မင်း ပန်းအများကြီး ပျိုးတဲ့ ဥယျာဉ်မှုးပေါ့ ...
မင်း တစ်ယောက်တည်း ချစ်တတ်ခဲ့တာ ဆိုရင်တော့ တစ်ပွင့်တည်းသော ပန်းပျိုးသူပေါ့ ...
ကိုယ့်ကို မချစ်သေးတဲ့ မိန်းကလေး တစ်ယောက် ကိုယ့်ကို တဖြေးဖြေးချစ်လာအောင် ဖန်တီးယူရတာ .. ဘာမှမရှိတဲ့ မြေဗလာကျင်းတစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လာဖို့ ပြုစုယူရတဲ့ ဥယျာဉ်မှုးတစ်ယောက်နဲ့ ဘာမှ မခြားနားဘူး ..
မြေပမာဏ တစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လန်းလာဖို့ ဥယျာဉ်မှုး တစ်ယောက်မှာ အချိန်လိုတယ် .. ငွေလိုတယ် .. စိတ်ရှည်သည်းခံတတ်ဖို့ လိုတယ် .. အချိန်ပြည့်မဟုတ်ရင်တောင် အချိန်မှန် ပြုစုယုယတတ်ဖို့ လိုတယ် ... အရိပ်တကြည့်ကြည့်မဟုတ်ရင်တောင် ကျရောက်လာမယ့် သဘာဝဘေးအန္တရာယ်တိုင်းအတွက် ကြိုသိနေတတ်ဖို့ ၊ အသင့်ရှိနေတတ်ဖို့ ၊ ကာကွယ်ပေးတတ်ဖို့ လိုတယ် ... စဉ်းစားကြည့်ပါလား .. ပန်းတစ်ပွင့်ကို ပျိုးရတာနဲ့ ... အချစ်တစ်ခုကို ပျိုးရတာ ဘာများကွာနေသေးခဲ့လို့လဲ ... "

သူတို့အားလုံး ခပ်လျော့လျော့ လက်ခံပြီး နောက်ထပ် မေးခွန်းတစ်ခုနဲ့ ကျွန်တော့်ကို ကြိုဆိုကြတယ် ...
" ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးတယ်ဆိုတာရဲ့ နောက်ဆုံး ရလဒ်ကတော့ ပန်းလိုချင်လို့ပေါ့ကွာ ... ဒါကတော့ ရှင်းပါတယ် ... ဒါပေမယ့် အချစ်ပျိုးတဲ့ ဥယျာဉ်မှုး တစ်ယောက်ရဲ့ အဆုံးသတ်မျှော်လင့်ချက်ကရော ဘာဖြစ်မယ်လို့ မင်းထင်လဲ ... အချစ်လိုချင်လို့ပေါ့ကွာ လို့တော့ ငါ့ကို ပြန်မဖြေနဲ့နော် ဟေ့ကောင် ... ငါတို့အဲ့ထက် လေးနက်မယ့် အဖြေတစ်ခုကို လိုချင်တာ .. "

" ဟင့်အင်း ... အချစ်လိုချင်လို့ အချစ်ကို ပျိုးတယ်လို့ ငါဖြေရင် အဲ့ အဖြေက သိပ်ပေါ့ပျက်သွားမှာပေါ့ ...
အချစ်တစ်ခုကို ပျိုးတယ်ဆိုတာ တကယ်တော့ အဲ့လောက် ခံစားချက် မပေါ့ပါးဘူး ... ပေါ့ပါးနေခဲ့ပြီဆိုရင်လည်း အဲတာ အချစ်မဟုတ်ဘူး .. ဟုတ်တယ် ... ပန်းပျိုးသူ တစ်ယောက်မှာ ပိုင်ဆိုင်ရဖို့ မျှော်လင့်ချက်ဆိုတာရှိသလို .. ငါ့မှာလည်း မျှော်လင့်ချက်ဆိုတာ ရှိတာပေါ့ .. ဒါပေမယ့် ပန်းပျိုးသူတစ်ယောက်နဲ့ နိှုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့ ပျော့ပျောင်းနူးညံ့သွားတဲ့ စိတ်ခံစားချက်တစ်ခု အချစ်ပျိုးသူတစ်ယောက်ဆီမှာ အစားထိုး ဝင်ရောက်လာတယ် .. အဲတာက ပန်းပျိုးသူလို ပန်းပွင့်ကိုပိုင်ဆိုင်ဆုပ်ကိုင်နိုင်ဖို့ ဦးတည်ချက်ဆိုတာမျိုး မဟုတ်တော့ဘူး .. ဒီပန်းတစ်ပွင့်ကို သူပျိုးခဲ့လိမ့် မယ် .. သူပိုင်ဆိုင်ရကောင်းလည်း ရချင်မှ ရလိမ့်မယ် .. မပိုင်ဆိုင်ချင်လည်း မပိုင်ဆိုင်ရဘူး .. ဒါပေမယ့် သူ့မှာလောဘမရှိဘူး ..

သူ့မှာရှိနေတာ ပန်းပျိုးသူလို ပိုင်ဆိုင်လိုစိတ် တစ်ခုတည်း မဟုတ်တော့ဘူး ..
အရမ်းကိုခြားနားသွားခဲ့ပြီ ...
သူ ရောင့်ရဲနေနိုင်ခဲ့တယ်လေ ...
ဒါကို တစ်ချို့က ပေးဆပ်တဲ့ အချစ်လို့ ဆိုကြတယ် ... "

" ပေးဆပ်တဲ့ အချစ် ?? "

" အင်း ... ပေးဆပ်တဲ့ အချစ်လို့ ဆိုလိုက်တိုင်း ငါတို့အားလုံး အလွဲလွဲအမှားမှား တွေးနေမိတတ်တဲ့ အကြောင်းအရာတစ်ချို့လည်း ရှိနေသေးတယ် ...
ပေးဆပ်တဲ့ အချစ်ဆိုတိုင်း ဘာတစ်ခုမှ ရယူလိုမှု မရှိပဲ အမြဲပေးအပ်နေချင်တာမျိုးလို့ ငါတို့ ထင်နေမိခဲ့တာ တကယ်တော့ မဟုတ်ဘူး ပေးဆပ်သူတိုင်းရဲ့ စိတ်မှာ ကိုယ်ချစ်ရတဲ့ သူဆီက ကိုယ်အလိုချင်ဆုံး ရလဒ် အဖြေတစ်ခု မဟုတ်ခဲ့ရင်တောင် ကိုယ့်ပေးဆပ်မှုအတွက် အသိအမှတ်ပြုမှု တစ်ခုတော့ တောင့်တတတ် ကြတယ် ... ဒီ ခံစားချက်က ပေးဆပ်သူတစ်ယောက်တည်း မှာမှ မဟုတ်ပါဘူးလေ ... အချစ်တစ်ခုကို ပုံဖော်ခဲ့ကြဖူးတဲ့ ပန်းပျိုးသူ အားလုံးရဲ့ ရင်ထဲက ခံစားချက်ပါ .. ခြားနားသွားခဲ့တာလေး တစ်ခုက အဲ့ဒီ့အသိအမှတ်ပြုမှုဆိုတာ ငါတို့ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို ဖွင့်ဟတောင်းဆိုခဲ့တော့မှ ပေးအပ်လာမယ့် ရယူလိုမှုမျိုးတော့ မဟုတ်ဘူး ...

ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု တစ်ခု ... "

အခန်း ( ၄ )
 
ဆက်ရန် ......

KznT.

A Town from my Heart


 စိမ်းမြလှပတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ ကြားကို ကျွန်တော် ရောက်သွားတော့ ဒီရင်ဘတ်တစ်ခုလုံး အေးမြ စိမ်းလန်းသွားတယ် …. သဘာဝ ဆိုတဲ့ ဖန်တီးမှုမပါတဲ့ ဖြစ်တည်မှုတွေရဲ့ ကြားထဲက တိုးထွက်လှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ကျွန်တော် ချစ်တယ် … ငြိမ်းချမ်းအေးမြ တဲ့ ရှင်းသန့်တည်တံ့မှုကို ကျွန်တော် မြတ်နိုးတယ် … တကယ်တော့ ကျွန်တော် မြန်မာမှုအငွေ့အသက် မြန်မာ့ရေမြေသဘာဝတွေရဲ့ ကြားထဲ က ဝေးကွာပြေးထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမယဉ်မိတဲ့ လူတစ်ယောက်ပါ …. လမ်းတစ်ချက်အကွေ့မှာ လှုပ်ခါယိမ်းခတ်သွားတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကို သတိထားမိတော့ ကျွန်တော် အလုံပိတ်ကားတစ်စီးရဲ့ မျက်နှာစာ အတွင်းဘက်မှာပါလား … လဲ့ဖြာစိမ်းလန်းနေတဲ့ မြက်ခင်းပြင် တွေပေါ်က အေးမြစွတ်စိုမှုကို ကျွန်တော် ငေးကြည့်မိတော့ ကျွန်တော် သူတို့ရှိရာဆီသွားပြီး တို့ထိကြည့်ချင်လိုက်တာ … သူတို့တွေ ဒီရေမြေ ပေါ်မှာ အသစ်ပြန်လည် ဖြစ်တည်ခဲ့ကြတာ .. ဘယ်နကြိမ် ဘယ်နခါများ အခွင့်တိုင်ခဲ့ပြီလဲ .. ဒီနေရာနဘေးက ဖြတ်သွားခဲ့တိုင်း အမှုမှတ် ဖြတ်ကျော်သွားမိတဲ့ ကျွန်တော် … ဒီရေမြေကို ချစ်ပါတယ်လို့ ရင့်ကျူးတည်တံ့ပိုင်ခွင့် ရှိနိုင်သေးပါရဲ့လား …..


လမ်းတစ်ဖက် တစ်ချက်ကို မျှော်ကြည့်မိတော့ ဖြတ်သိမ်းရိတ်သင် ပြီးသွားတဲ့ စပါးခင်း ညိှုးခြောက်ခြောက်တွေ … ဒီဒေသမှာ ကျွန်တော် သတိ ထားခဲ့မိသလောက် လယ်ယာစိုက်ပျိုးရေး အတွက် နွားအစား ကျွဲတွေ သုံးကြတာ တွေ့ရတယ် … ကောက်ရိုးပုံချင်းတူပေမယ့် သူတို့ကောက်ရိုး ပုံက တစ်မျိုးအမြင်ဆန်းနေသလိုပဲ … ဟိုးအဝေးတစ်နေရာမှာ မြင်တွေ့နေရတဲ့ ခပ်ရိပ်ရိပ်တောင်တန်းတွေရဲ့ အခြေတစ်နေရာမှာ ခုလို သွေ့ခြောက်နွမ်းပါးတဲ့ ရိတ်သိမ်းပြီး လယ်ခင်းတွေ ရှိနေနိုင်လိမ့်မယ်လို့ ဘယ်သူတွေးမိနိုင်မှာလဲ … သွေ့ခြောက်မှုနဲ့ စိမ်းလန်းမှု ဆိုတဲ့ ခေါင်းစဉ်တွေအကြောင်း ကျွန်တော်ဆက်စပ်ကြည့်မိတော့ ပျောက်ဆုံးသွားတဲ့ လတ်ဆတ်မှုတစ်ခု ကျွန်တော် မြင်လိုက်ရတယ် .. တစ်ချိန်တစ်ခါ တုန်းက ကမ္ဘာကြီးပေါ်မှာ လူသားတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ပဲ သဘာဝမဆန်တဲ့ ဟောင်းနွမ်းသွေ့ခြောက်မှုမျိုး ရှိနေခဲ့ဖူးပါသလား … မြင့်မားတိုးတက် လာခဲ့တဲ့ လူ့သမိုင်းကြောင်း ဖြစ်တည်မှုရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အားလုံး အမှုမဲ့အမှတ်မဲ့ ပျော်ဝင်ခဲ့ကြတယ် … သူတို့အားလုံး ကျော်ဖြတ်ထိုးတက် သွားကြတယ် … ဒါပေမယ့် ကျွန်တော်တို့တော့ မူရင်းအတိုင်း ရပ်မြဲရပ်နေဆဲပဲ … ကျွန်တော် ရှေ့များတိုးမိခဲ့သလား .. ကျွန်တော် လက်ပြတော့ သူအစာရှာကနေ မော့ကြည့်တယ် .. သူ့အကြည့်တွေက နဲနဲ ပင်ပန်းနေသလိုပဲ … သူ့ခေါင်းထက်က ချီပိုးထားရတဲ့ ချိုနှစ်ခု ကြောင့် လည်းထင်ပါရဲ့ ……



ဒီမြို့လေးမှာ ကျွန်တော် မနက်တိုင်း တစ်နေ့ကို ၂ ကြိမ် မနက်တစ်ခေါက် ညနေတစ်ခေါက် ဒီကန်ပတ်လမ်းလေး အတိုင်း အမြဲလျှောက်ဖြစ် တယ် … စိမ်းမြလှုပ်ခတ်တဲ့ ကန်ရေပြင်ပေါ်က ပြေးထွက်တိုးခတ်လာတဲ့ လေနုအေး တွေ …… သူတို့ ကျွန်တော့်ရင်ဘတ်ထဲ ပြေပြေအေးအေး တိုးဝင်လာတော့ ငယ့်ကို သတိရလိုက်တာ … ဟင့်အင်း မဟုတ်သေးဘူး … အဲ့အချိန်က ကျွန်တော် ငယ့်ရင်ခွင် ထက်မှာ နေရာတစ်ခုရယူနိုင်ဖို့ လှုပ်ရှားပြေးလွှား နေရတုန်း ….



ကန်ဘေးပတ်လည်က ပလတ်စတစ်ထိုင်ခုံဖြူဖြူလေးတွေ …. ကျွန်တော် သူတို့တွေနဲ့လည်း မနက်ခင်းတိုင်းမှာ အတူ ရှိနေခဲ့ဖူးတယ် … လက်ဖက်ရည် ကျစိမ့်တစ်ခွက်မှာတော့ ပြည့်ဖောင်းသွယ်ဝန်းတဲ့ အပြုံးချိုချိုနဲ့ ကောင်မလေးတစ်ယောက် … အိမ်ဆိုင်ဖြစ်မလားတော့ မသိ … သူတော်တော် ချစ်ဖို့ကောင်းတာတော့ သိတယ် … သဘာဝတရားရဲ့ ပေးအပ်မှုလား … မိန်းကလေးတစ်ယောက် ချစ်ဖို့ ကောင်းရင် အသိအမှတ်ပြု ငေးကြည့် ဖြစ်တယ် …. ခပ်ရိုးရိုးပါ … ရင်ဘတ်ထဲတော့ သူတို့တိုးဝင်မလာနိုင်ခဲ့ပါဘူး … အထဲမှာ နတ်သမီးရှိတယ်လေ … :)

ကန်ရေပြင်ပေါ်ကဖြတ်ပြီး ပြာလဲ့ရွှန်းစိုတဲ့ ကောင်းကင်အောက်ကို တိုးဝင်ကြည့်မိရင် ဒီမြို့လေးမှာ ရှင်သန်နေရတာ အဓိပ္ပါယ် ပြည့်စုံသွားသလိုပဲ …. ဟိုးခပ်ဝေးဝေးမှာ မြင်နေရတာ ဒီမြို့ရဲ့ ရပ်တော်မူ ဘုရား - 

 ကျွန်တော် တစ်ယောက်တည်း မနက် စောစော ဘုရားပေါ်ရောက်သွားတော့ ဆိုင်ခန်းတွေ ဈေးတန်းတွေ ဘာတစ်ခုမှ မတွေ့ရသေးဘူး …. ရန်ကုန်မှာတော့ ဘုရားတက်ရင် ပန်းသည်တွေရဲ့ တစ်ယောက်နဲ့ တစ်ယောက် ပန်းဝယ်သွားကြဖို့ ဟစ်အော် ဆော်သြသံတွေ … ဘယ်အချိန် ဘယ်အခါသွားသွား ပေါ်ထွက်ပြည့်နှက်လို့ … ငယ်နဲ့တူတူ ရွှေတိဂုံဘုရားမှာ ဘုရားပန်းဝယ်ခဲ့ဖူးသေးတယ် … ဈေးတော့ အတော်များတာပဲ … ဒါပေမယ့်လည်း ကြည်နူးစရာတော့ ကောင်းသား … haha



ကျွန်တော် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကနေကြည့်ကြည့်ရင် ကန်ရဲ့တစ်ခြားဘက်ခြမ်း တည်နေရာကို ခုလိုလှမ်းမြင်ရတယ် … ဒီအချိန်သာ တိမ်ရှင်းကြည်စင်နေတာ … ကျွန်တော် ရှိနေခဲ့ဖူးတုန်းကတော့ မနက်စောစောဆို မြူတွေဆိုင်းလို့ … လေတစ်ချက်တိုးရင်တောင် ကော်ဖီခွက် နှုတ်ခမ်းသားတွေဆီ မြူမှုန်တစ်ချို့ ရိုက်ခတ်တိုးဟပ်သွားတတ်ကြသေးတယ် …



မြို့ရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား …. ကျွန်တော့်အိမ်နဲ့ နီးလို့ ညနေ ( ၅ ) နာရီထိုးတိုင်း ဘုရားရှိရာဆီ လမ်းလျှောက်သွားပြီ ပုတီးစိတ်ဖြစ်တယ် … အထဲမှာ တော်တော်လေး စိတ်ငြိမ်တယ် … ဘုရားဖူးသူရှိပေမယ့် ရုံးပိတ်ရက်တွေ လောက်ကလွဲရင် ညနေပိုင်း လူသိပ်ရှိတာ မတွေ့ရဘူး … ဆူးလေစေတီ လိုပဲ … လမ်းဆုံလမ်းခွမှာ တည်နေတာမို့လို့ ဘုရား ပရဝုဏ်ကတော့ အတော်လေး ကျဉ်းတယ် … ပုတီး စိတ်ပြီးလို့ ဘုရားကို လကျာင်္ရစ် တစ်ပတ်ပတ်တော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ …

သြော် … ဘေးနားမှာ ငယ်ရှိမနေလို့ပါ … :) သူ့ကိုသာ ပြောပြဖြစ်ရင် ဘုရားကိုတစ်ယောက်တည်း သွားလို့ ကျွန်တော့်ကို ဆူနေမလား မသိ … ဘယ်ဟုတ်ပါ့မလဲ … ကျွန်တော်သွားတိုင်း သူ့ကိုလည်း ခေါ်မှာပေါ့ … ဘာလဲ လွမ်းသွားပြီလား … အင်းဟုတ်တယ် ကျွန်တော်လည်း လွမ်းနေ တယ် … :)



ညနေ နေစောင်းရင်တော့ အရာအားလုံးက အေးဆေး ငြိမ်သက်မှုတွေနဲ့ …
ကန်ရေပြင်လည်း မနက်ကလိုပဲ … ငြိမ်သက်အေးချမ်း နေဆဲ ….
လက်ဖက်ရည် ဆိုင်လေးတွေလည်း မနက်ကလိုပဲ … ဖြေးဆေးသက်ဝင်နေဆဲ ….
ဟိုခပ်လှမ်းလှမ်းက ထန်းပင် နှစ်ပင်လည်း … အရင်လို မားမားမတ်မတ် ရှည်ကြာတည်တံ့နေကြဆဲ ….

တကယ်တော့ ဒီမြို့လေးမှာ ကျွန်တော်နေခဲ့ဖူးတာ ( ၁၀ ) ရက် မပြည့်ခဲ့ပါဘူး .. ဒါပေမယ့် နေရာတော်တော် များများ ကျွန်တော် ရောက်ခဲ့ဖူးပြီ . ဒီမြို့လေးရဲ့ သဘာဝ တော်ဝန်ပန်းချီတော်တော် များများ ကို လည်ပတ်ရှုမြင် ခဲ့ဖူးပြီ … မြို့တစ်မြို့ရဲ့ အေးမြငြိမ်သက်မှုတွေ ကျွန်တော် ရက်ပိုင်း လေးလောက်ခံစားခဲ့ရတာ မှန်ပေမယ့် သူ့ရဲ့ ငြိမ်သက်အေးချမ်းလှတဲ့ သဘာဝပန်းချီကားတွေ ကျွန်တော် ခုထက်ထိ မမေ့နိုင်ခဲ့သေးဘူး …



တစ်နေ့နေ့ပေါ့ …..
အဲ့မြို့လေးမှာ ကျွန်တော်ရယ် ….
သူရယ် ….
ကျွန်တော့် မိဘတွေရယ် ….
သူ့မိဘတွေရယ် ….
ကျွန်တော်တို့ရဲ့ မျိုးဆက်တွေရယ် ….
နေဝင်ချိန်တိုင်း အနာဂတ်တစ်ခုကို မျှော်ကြည့်ရင်း ….



သြော် မေ့လို့ … အဲ့မြို့လေးကို … “ ရင်ဘတ်ထဲက မြို့ “ လို့ ကျွန်တော်နာမည် ပေးလိုက်တယ် .....

KznT.
Photos From Google Earth.

My Par

ဒီနေ့ အဖေများနေ့လို့ ပြောတယ် …
အဖေ့ကို နှစ်နှစ်ကာကာ သတိရလို့ ဒီပို့စ်လေး ရေးဖြစ်ခဲ့ပါတယ် …. ကျွန်တော့်ဖေဖေ ….

ဖေဖေ့ကိုမွေးခဲ့တဲ့ အချိန်က ၁၃၁ရ ဒုတိယဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ ည ၉ နာရီ ၃၅ မိနစ် …. ဖေ့ဖေ့မှာ မွေးချင်းကိုးယောက် ရှိတယ် … မွေးချင်းကိုးယောက်မှာ ဖေဖေက စတုတ္ထသားပါ … ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် ကနေ ၁၉၇ရ ခုနှစ်မှာ Bsc ( Chemistry ) နဲ့ ဘွဲ့ရခဲ့တယ် … မေမေနဲ့ လက်ထပ်တော့ ၁၉၈၀ ဧပြီ ၂ရ ရက်နေ့ … မွေးချင်းကိုးယောက်နဲ့ မိသားစု စီးပွားရေး အကျပ်အတည်းကြားမှာ ဖေဖေ ကြီးပြင်းခဲ့တယ် … မေမေနဲ့ လက်ထပ်ပြီး ကျွန်တော့် အကိုကို ရခဲ့တဲ့ အချိန်ထိ ဖေဖေ့မှာ ဘာစီးပွားရေး လုပ်ငန်းမှ လက်ဆုပ်လက်ကိုင် မရှိခဲ့ဘူး … ဖေဖေရော ကျွန်တော့် မေမေရော ယောက္ခမ ( ကျွန်တော့်ဖေဖေရဲ့ အမေ ) အိမ်မှာ ကပ်နေပြီး ဘဝကိုဖြတ်သန်းခဲ့ကြရတယ် … ဖေဖေက ကားဝပ်ရှော့တစ်ခုမှာ နေ့စား ကားပြင်သမား အလုပ်ကို လုပ်တယ် … မေမေကတော့ ကျွန်တော့်အကို မွေးကင်းစကိုထိန်းပြီး လမ်းဘေးမှာ ပဲပြားကြော်၊ ကြာဇံကြော်၊ အာလူးတုတ်ထိုးရောင်းတဲ့ အလုပ်ကို လုပ်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့တယ် … တကယ်တော့ မေမေတို့မိသားစုက အဲ့အချိန်က ဒီလောက် မချို့တဲ့ခဲ့ပါဘူး … ဘောက်ထော်ထဲမှာ အိမ်ကြီးအိမ်ကောင်းတဲ့နေနိုင်တဲ့ သင့်တင့်ပြည့်စုံတဲ့ အတန်းအစားထဲကပါ … ဒါပေမယ့် ကျွန်တော့်အဖေလို လက်လုပ်လက်စား ကားပြင်စားတဲ့ သူတစ်ယောက်ကို ယူခဲ့ရမလားဆိုပြီး အမြွေဖတ်ထားခဲ့ကြတယ် … မေမေ့ ဆွေမျိုးတွေ မေမေ ဒုက္ခရောက်နေခဲ့တုန်းက ဘယ်သူမှ တစ်ချက်လာငဲ့ မကြည့်ခဲ့ကြဘူး …. ဒါကိုဖေဖေ ဂရုမစိုက်ခဲ့ပါဘူး … ကိုကို့ကို မွေးပြီး ၁ နှစ်အကြာ ၁၉၈၃ ခုနှစ်မှာ မိသားစုအတွက် ဘယ်လိုမှ အဆင်မပြေနိုင် တဲ့ ကားဝပ်ရှော့ပြင်ဆရာဘဝကို ဖေဖေစွန့်လွှတ်ပြီး ဖောင်ကြီးမှာ ဖွင့်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို တက်ခဲ့ တယ် .. သင်တန်းကရတဲ့ သင်တန်းသားလခ ၃၀၀ ကနေ မေမေသုံးဖို့ တစ်လကို ၂၅၀ ဖေဖေ အမြဲပို့ပေး ခဲ့တယ် … တစ်လကို ၅၀ နဲ့ ဖေဖေ ဘယ်လိုများ အဲ့အချိန်က စားသောက်ခဲ့ပါလဲ …. ကျွန်တော် မသိနိုင်ပါဘူး … အဲ့ကနေ ရဲအတတ်သင် သိပ္ပံကိုတက်ပြီး ဖေဖေ ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့တယ် ….

ဟုတ်ပါတယ် … ကျွန်တော့်ဖေဖေဟာ လူတော်တော်များများ အမြင်ကတ်ကြတဲ့ ရဲ ဝန်ထမ်းဘဝနဲ့ အသက်မွေးခဲ့ရတဲ့ သူပါ … ကျွန်တော်ကိုယ်တိုင်လည်း သိတတ်နားလည် လာတဲ့ အရွယ်မှာ လာဘ်ပေး လာဘ်ယူနဲ့ မကင်းကြတဲ့ ရဲဝန်ထမ်းဘဝကို ကြည့်ပြီး ရဲအလုပ်ကို တော်တော်ရွံမုန်းခဲ့ပါတယ် … ဒီအလုပ်မျိုး ကျွန်တော့်ဖေဖေ လုပ်ကိုင်နေတာကို မုန်းတဲ့အကြောင်းမေမေ့ကို ပြောပြဖြစ်တော့ " သား မင်းအဖေလုပ်တဲ့ အလုပ်အကိုင်ကို မင်းမစော်ကားရဘူး … မင်းအဖေ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်း ဟာ သမာအာဇီဝ ကျချင်မှ ကျမယ် .. ဒါပေမယ့် မင်းတို့ လူလားမြောက် ပညာတတ်တွေ ဖြစ်လာအောင် အခုမင်းအဖေ ရှာဖွေကျွေးမွေးတဲ့ ပိုက်ဆံနဲ့ မင်းတို့ အသက်ဆက်ခဲ့တာ .. နောက်ဒီလိုစကားမျိုး ဘယ်တော့မှ မပြောပါနဲ့ " လို့ မေမေ ကျွန်တော့်ကို ရှင်းပြခဲ့တယ် … ကျွန်တော့်ဘဝအတွက် သင်ခန်းစာ တစ်ခုပါပဲ … ကျွန်တော် မေမေပြောခဲ့ပြီးတဲ့ စကားကို ကြားခဲ့ကတည်းက ဖေဖေ့အလုပ်ကို ကျွန်တော် ဘယ်တော့မှ အဆိုးမမြင်တတ်ခဲ့တော့ဘူး … ကျွန်တော့်ဖေဖေ ရဲ့ အလုပ်အတွက် ကျွန်တော်ဂုဏ်ယူခဲ့တယ် … ကျွန်တော် ဖေဖေ့အလုပ်ကို သဘောမကျခဲ့ပေမယ့် ဖေဖေဟာ ကျွန်တော်ထင်ထားသလို အကျင့်ပျက် ဝန်ထမ်းတစ်ယောက်တော့ မဟုတ်ခဲ့တာ ကျွန်တော်သိပါတယ် … ဝန်ထမ်းဘဝဆိုတာ ဘေးပေါက်ကနေရလာတဲ့ ငွေကြေးပမာဏ တစ်ခုနဲ့ အသက်ဆက်ရှင်သန်ကြရတယ် ဆိုတာကို ဝန်ထမ်းဖြစ်ဖူးတဲ့သူ၊ ဝန်ထမ်းမိသားစုမှာ နေဖူးတဲ့သူတိုင်း သိကြပါတယ် … ဟုတ်ပါတယ် .. ကျွန်တော့် ဖေဖေလည်း ကြားပေါက်ဝင်ငွေနဲ့ ရပ်တည်ခဲ့ရတဲ့သူပါ …. ဒါပေမယ့် ဖေဖေ့ဆီ လာခဲ့တ့ဲ အမှုသည်မှန်သမျှဆီက ဖေဖေ ဘယ်တော့မှ လည်ပင်းညှစ်ငွေတောင်းတဲ့ အလုပ်မျိုး မလုပ်ခဲ့ဘူး … လိုအပ်လို့ အကူအညီလာတောင်း ကြတဲ့ သူတိုင်းမှာ ပြေလည်လို့ ကန်တော့ငွေအဖြစ်နဲ့ ဖေဖေ့ကို ပေးကမ်းကြရင် ဖေဖေလက်ခံသလို .. နွမ်းပါးချို့တဲ့တဲ့ မိသားစု မုန့်ဘူးတစ်ဘူးနဲ့ ရောက်လာခဲ့လည်း ဖေဖေ လက်ခံကူညီခဲ့ပါတယ် … ဘယ်ရွေ့ ဘယ်မျှလို့ သဘောမထားပဲ သူနိုင်သမျှ အတိုင်းအတာထိ ကြီးတဲ့အမှုကို ငယ်အောင် .. ငယ်တဲ့ အမှုကို ကွင်းလုံးကျွတ်လွတ်နိုင်အောင် ဖေဖေ အကျိုးဆောင်ပေး ခဲ့တယ် … ဖေဖေ့စေတနာကို နားလည်ကြလို့ မကောင်းမှုနဲ့ စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတိုင်း ရဲကိုမုန်းကြပေမယ့် ဖေဖေ့ကိုတော့ လူချစ်လူခင်များခဲ့တယ် … တစ်ချိန် အိမ်ထောင်ဦး ကာလ မိသားစု မပြေလည်ခဲ့စဉ်တုန်းက တစ်ချက် မထောက်ပံ့မကြည့်ရှုခဲ့ကြတဲ့ မေမေ့ ဆွေမျိုးတွေ ဖေဖေ ပြေလည်ချိန်မှာ အရှက်မရှိစွာရောက်လာကြခဲ့ကြပေမယ့် ဖေဖေ အငြိုှးမရှိ အပြုံး မပျက် ဧည့်ဝတ်ကျေခဲ့ ပါတယ် ….

ရဲဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်တဲ့ ဖေဖေ ၊ အမှုသည်တိုင်းအတွက် စေတနာရှေ့ထား ကူညီတတ်တဲ့ ဖေဖေ … သူ လုပ်ငန်းပိုင်းဆိုင်ရာ နှံ့စပ်ကျွမ်းကျင် ထူးချွန်ခဲ့ပေမယ့် ပုခုံးပေါ်က ကြယ်တစ်ပွင့်ကတော့ ၁၉၈၅ ခုနှစ်ကနေ ခုချိန်ထိ မတက်ခဲ့ဘူး …. သူနဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ရဲမှုးကြီးတွေ ဖြစ်နေကြပေမယ့် ဖေဖေကတော့ အရက်ရဲ့ ဆိုးကျိုးကြောင့် ဒုရဲအုပ်ဘဝမှာပဲ ရပ်နေခဲ့ရတယ် …. ခုချိန်ထိလည်း ဒုရဲအုပ်ပါပဲ .. နောက်လည်း တက်ဖို့ရာ မရှိနိုင်တော့ပါဘူး … ဖေဖေ ပင်စင်ယူဖို့ နီးကပ်လာခဲ့ပြီလေ … ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်လို့ ဖေဖေ့ကို ကျွန်တော် အပြစ်မတင်ပါဘူး … ဖေဖေဘာကြောင့် အရက်ရဲ့ ကျေးကျွန် ဖြစ်ခဲ့ရသလဲ ကျွန်တော် ကောင်းကောင်းနားလည်ပေးနိုင်ပါတယ် .... ဖေဖေ ဒုရဲအုပ်ဘဝနဲ့ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်လုံး ဘွဲ့ရအောင် ပြုစုပျိုးထောင်ပေးခဲ့တယ် … ဖေဖေခြစ်ချုပ်စုဆောင်းပြီး မေမေ့အတွက် ဝယ်ပေးခဲ့တဲ့ အိမ်လေး … ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပညာရေးအတွက် ရောင်းချသုံးစွဲပေးခဲ့ ရတယ် … ဖေဖေဖန်တီးပေးခဲ့လို့ ကျွန်တော် သိပ်ဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ခဲ့ရပြီး ကျွန်တော် BE ဘွဲ့ရတဲ့ အချိန်မှာတော့ ဖေဖေနဲ့ မေမေမှာ နေစရာ အိမ်မရှိတော့ပါဘူး …. အခုဆိုရင် ဖေဖေရော မေမေရော … နိုင်ငံတော်က ပေးတဲ့ ရဲစခန်းက လိုင်းခန်းသာသာ အိမ်ခန်းကျဉ်းကျဉ်းလေးမှာနေပြီး ဘဝကို ဖြတ်သန်းနေကြတယ် … ဒီအချိန်ဒီအရွယ်မှာ နောက်ထပ်အိမ်တစ်လုံး ဖန်တီးနိုင်ဖို့စွမ်းအား သူတို့မှာ မရှိကြတော့ပေမယ့် …. သူတို့ တစ်ချက် မငြီးငြူခဲ့ကြဘူး … သား ၂ ယောက် ပညာပြည့်စုံတာတောင် ဖေဖေ သူ့သားသမီးတွေ အတွက်

ဖြည့်ဆည်းပေးချင်နေတုန်း …
ရှာဖွေပေးချင်နေတုန်း ….
ဆင်မြန်းပေးအပ်ခဲ့ ချင်နေတုန်း ….

ဖေဖေ့မေတ္တာရဲ့ အနိှုင်းမဲ့မေတ္တာကို ရိုသေစွာ ခံယူရင်း ကျွန်တော် တစ်နေ့မှာ ဖေဖေနဲ့မေမေ့အတွက် တစ်ဖန် ပြန်လည်ပေးအပ်နိုင်ဖို့ ကြိုးစားရင်း …. အနာဂတ်နေ့ရက်များဆီသို့ ……….

KznT.

Star's Story

လက်ရန်းတင် စားပွဲတစ်ခု၏ အနားသတ်အစွန်းတစ်ဖက်ပေါ်သို့ သူ့ဘယ်ဘက်လက်အား မှေးတင်၍ ညာဘက်ယွန်းယွန်း လူဝင်ပေါက် ရှိရာဆီ သူ လှမ်းမျှော်ကြည့်လိုက်မိသည်။ ဟိုမှသည်သို့ စည်းချက်မကျစွာ လူးလာခေါက်တုံ့ တွန်းထိုးနေကြသည့် ဖွာရိှုက်သူမဲ့ ဆေးလိပ်တိုအစွန်းအစများ နှင့် ပြန့်ကျဲလူးလွန့် နေကြသည့် မလေးရှားပိတောက် ရွက်ကြွေတစ်စွန်းတစ်စများ ... လေပြင်း တစ်ချက် အသော့၌ မျော့၍လွင့်ပါသွားသော ထို သစ်ရွက်စများ၏ ဦးတည်ရာကား သူမဦးတည်လာမည့် ရှေ့ရှူ့ရာအရပ်တစ်ခုဆီသို့ …

နံနက်ခင်းစောစော ဖြစ်သောကြောင့် ကျောင်းသူ ကျောင်းသား တစ်ချို့၏ အရိပ်အယောင် တစ်ချို့တစ်လေမှ လွဲ၍ သူရှိနေရာ စာသင်ဆောင် ဆီသို့ မည်သူတစ်ဦး တစ်ယောက်မှ ခြေဦးလှည့်ရန် စဉ်းစားမိကြသေးဟန်မတူ။ အရှေ့ဘက်ယွန်းယွန်း ဖယ်ရီ ကားဝင်းရှိရာဆီမှ တစ်စွန်းတစ်စ ပျံ့လွင့်လာခဲ့သည့် နံနက်ခင်း ဂီတသံများနှင့် ရောထွေးယှက်တင်နေသော ကျောင်းသားစုတစ်ချို့၏ ကာရံမဲ့ ရယ်မောသံများက သူ၏ ငြိမ်သက် အေးချမ်းနေသော စိတ်အစဉ်အား ရိုက်ခတ်ထိုးနှက်နေကြသည်။ .... စာရေးဆရာမ ဂျူးရေးသော " မြို့တော်နှင့် ဆူညံသံ " ဆိုသည့် ဆောင်းပါးတစ်ပုဒ်အား သူပြန်လည်သတိရမိလိုက်သည်။

" ဆူညံသံကို တိုင်းတာတဲ့ အခါမှာ အသံရဲ့ ဖိအားအဆင့်ကို တိုင်းလေ့ရှိတယ်။ decibel လို့ခေါ်တဲ့ ယူနစ်တစ်မျိုးပေါ့။ ဥပမာ - ငြိမ်သက်တိတ်ဆိတ်တဲ့ အိပ်ခန်းထဲမှာ နေတဲ့အခါ ရရှိတဲ့အသံနဲ့ သစ်ရွက်တွေလှုပ်ခတ်တဲ့ အသံဟာ 30dBA တဲ့။ ပြတင်းတံခါးပိတ်ထားတဲ့အခါ အခန်းထဲကို အပြင် လမ်းပေါ်ကနေ ရောက်လာတဲ့အသံဟာ 50dBA တဲ့။ ပြတင်းတံခါးဖွင့်ထားရင်တော့ အခန်းထဲကို ရောက်လာတဲ့အသံဟာ 60dBA၊ မြေအောက်ရထားရဲ့ ဆူညံသံဟာ 80dBA၊ ရော့ခ်ဂီတတွေနဲ့ ဆူညံသံက 110dBA၊ လေယာဉ်အတက်အဆင်း ဒေသဝန်းကျင်ရဲ့ ဆူညံသံဟာ 120dBA၊ .... "

ဒါဆို ငါ ကြားနေရတဲ့ ဒီအသံကရော dBA ဘယ်လောက်လောက် ဖြစ်နိုင်မလဲ ... ?? သူ ခန့်မှန်း၍တော့ မတတ်။ သူ့၏ အခြေခံတည်ငြိမ်မှု မရှိသည့် ရင်ခွင်တစ်စုံအတွက် ယခုသူကြားနေရသည့် အသံက 130dBA လည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သူ မပြောတတ်တော့။ ဘယ်ဘက်လက်ကောက်ဝတ် ဆီမှ ယနေ့အတွက် ခပ်လျော့လျော့လေးနေသည်ဟု ခံစားနေရသော အရာတစ်ခုကြောင့် သူ၏ ဘယ်ဘက်လက်အား တင်မှီထားရာ ခုံထက်ဆီမှ ပင့်မြှောက်လိုက်သည်။ သြော် ငါဒီနေ့ နာရီပတ်လာမိခဲ့တာကိုး။ နာရီဆိုသည့် လူတစ်ယောက်အား ချုပ်နှောင်သိမ်းပိုက်ထားတတ်သည့် နှောင်ဖွဲ့မှု တစ်ခုအား အဆင်တန်ဆာ တစ်ခုအနေဖြင့် သူ့အတွက် အလှမဆင်ချင်ပါ။ ဘာလို့များ နာရီကို လူတွေအဆင်တန်ဆာ တစ်ခုလို ဝတ်ဆင်နေကြပါလိမ့် ??? ငါ့စိတ်နဲ့ ငါသာဆိုရင် နာရီတစ်လုံး ဝတ်မယ့် အစား ပန်းကုံးခပ်ကြီးကြီး တစ်ကုံးကုံးကိုပဲ လည်မှာဆွဲပြီး ခပ်ရဲရဲ ရင်ဆိုင်ပစ်လိုက်မယ်။ သူတို့ ပြောပြောနေတဲ့ လွမ်းသူ့ပန်းခွေ ဆိုတာမျိုးပေါ့။

သူ သတိထားကြည့်မိချိန်၌ နာရီလက်တံများ၏ ဦးတည်ရာအရပ်က အရှေ့မြောက်နှင့် အရှေ့တောင် ယွန်းယွန်း ဆီသို့ ရောက်ရှိနေခဲ့ပြီ ... တိုက်ပွဲ တစ်ခု၏ ခေါ်သံဆိုသည်မှာ ဤအရာမျိုးလော ...

တိုက်ပွဲ ...

လူတို့မည်သည့် အတွက်ကြောင့် စစ်ဆိုသည့် ရလာဒ်ဆိုးသော အရာတစ်ခုအား ယှဉ်ပြိုင်တိုက်ခိုက် နေကြရသနည်း .??? ရယူလိုမှုတစ်ခု အတွက်လော .... ပိုင်ဆိုင်သိမ်းပိုက်နိုင်မှု တစ်ခုအတွက်လော ... ဂုဏ်ဒြပ်ယှဉ်ပြိုင်မှု အဆုံးသတ်ရလာဒ် အတွက်လော။ Plato ၏ အဆိုအမိန့် တစ်ခုအား သူ သတိရမိသည်။

" Only The Dead Have Been The End Of War. "

" စစ်ပွဲ၏အဆုံး၌ သေခြင်းတရားသည်သာလျှင် ကြွင်းကျန်ရစ်၏။ "

သူ ယခု တိုက်ပွဲဝင်ရတော့မည် ... သူယခုရပ်တည်နေရာ နေရာသည်ကား ရွက်ကုန်ဖွင့်ခဲ့ပြီးသော ပြန်လမ်း မရှိတော့သည့် စစ်မျက်နှာပြင် ... သို့သော် ဤစစ်ပွဲ၌ ဓားလက်နက်မရှိ၊ မြှားလှံလေးကြိုးမရှိ၊ သူလူအများ ရုပ်သဲကျိုးပြတ်မှုမရှိ။ ပကတိငြိမ်သက် အေးချမ်းလွန်းသည့် တိုက်ပွဲ ... သူစီးချင်းထိုးရမည် ... လက်ရုံးရည် ချင်းတော့မဟုတ် ... နူးညံ့နွေးထွေးသော ခံစားမှုရပ်ဝန်းများ ဆီမှ ပေါက်ဖွား ဆင်းသက်လာခဲ့သည့် နှလုံးသားနှစ်ခု၏ စီးချင်းထိုးပွဲ .... ပြောင်းလဲ၍ ရနိုင်မည် ဆိုလျှင် Plato ၏ အဆိုအမိန့်အား သူအနည်းငယ် ပြောင်းလဲ ကြည့်ချင်မိသည် …

" Only She Has Been The End Of Love. "

" ချစ်ခြင်း၏ အဆုံးသတ်၌ သူမတစ်ဦးသာလျှင် ကြွင်းကျန်ရစ်၏။ "

……………………………………………………………

သူဒီနေရာသို့ ရောက်နေသည်မှာ နာရီဝက်ခန့်ရှိပြီဖြစ်သည် ... သို့သော် ... သူမ ရောက်မလာသေး ..

ယောကျာင်္းတစ်ဦး၏ ချစ်ခြင်းမေတ္တာအား တုံ့ပြန်ရန်အတွက် သတ်မှတ်ထားသည့်အချိန်အား နောက်ကျ၍ သွားရမည်ဟု မည်သူများ ပထမဆုံး အဆိုပြုခဲ့ပါသနည်း ... သူတည်ရှိနေသော စာကြည့်ခုံစားပွဲမှ ရပ်၍ အနောက်ဘက်ယွန်းယွန်းရှိ ကော်ရစ်ဒါလက်ရန်းများရှိရာဆီသို့ ဖြေးဆေးးလေးညှင်းစွာ ဖြတ်လျှောက်လာခဲ့ မိသည့်ခဏ သူ့စိတ်ထဲတွင်လည်း အနဲငယ် တင်းကျပ်လာမိသည်။

သူမ မလာတော့ ဘူးလား။

ကော်ရစ်ဒါ လက်ရန်းရှိရာ အုတ်ဘောင်စွန်းပေါ်သို့ သူ၏လက်နှစ်ဖက်အား မှေးတင်၍ အဆောင်ဆင်ဝင် အောက် ရှိရာဆီသို့ မျှော်ငေး လိုက်မိသည်။

" ငါဒီနေ့ Physics Practical လစ်လိုက်တော့မယ် ... ကောင်မလေးနဲ့ တိုင်းရင်းသားကျေးရွာသွားဖို့ ချိန်းထားတယ်ကွ .. ကျော်ကြီး …. ဒီနေ့ Record ကိစ္စ မင်းဖြည့်လိုက်ကွာ နော် ... "

" အာာ မဖြစ်ဘူး ငါလည်း လစ်မလို့ ဒီနေ့ သမ္မတမှာ ကားကောင်းတယ် .. ပြီးရင် ငါ ဟိုစော်ကိစ္စလည်း မပြတ်သေးဘူးကွ .. ရှင်းရဦးမယ် ... တိုင်လာပတ်နေတယ်ကွာ ရှင်းလို့ကို မနိုင်ဘူး .. နောက်တစ်ကောင် ခိုင်းလိုက်ကွာနော် ... "

" ဟေ့ ဟေ့ ငါ့လာမကြည့်နဲ့ ငါလည်းလစ်မှာ ... "

သူ့နားမှ ချဉ်းကပ်ကျော်လွန်သွားခဲ့ကြသော ကျောင်းသားများ၏ စကားသံ တစ်စွန်းတစ်စကြားတွင် ဖယ်ရီကား ပေါ်မှ မနက်တိုင်းသူမြင်တွေ့ နေကျ ကျောင်းအဝင်အဝမှ ဆောင်ပုဒ်ကလေးအား သူ ပြန်သတိရမိ သည်။

" ပညာထူးချွန် လူရည်မွန်များ မွေးဖွားရိပ်ခို တို့တက္ကသိုလ် "

............................................................................

စောင့်နေတာ ကြာပြီလား .. ??

ဟင့်အင်း ခုနလေးတင်ပါ ...

သူမရောက်လာခဲ့ပြီ ..

ဟုတ်တယ် သူငယ်ချင်းတွေပေါ့ သွားမယ်ဆိုတာကို အတင်းဆွဲထားတာ .. ဟိုမှာ နန်း လည်းပါတယ်လေ .. သူလိုက်ပို့တာ ..

သူမ မေးဖျားညွှန်ပြရာဆီသို့ လှည့်ကြည့်မိသည့်နောက် အသိအမှတ်ပြု အပြုံးတစ်ပွင့်နှင့် လိမ္မာပါးနပ်စွာ ရှောင်ထွက်သွားသော သူမ၏ သူငယ်ချင်းအား သူတွေ့လိုက်ရသည်။ ကျေးဇူးရှင်မလေး ...

ဟိုမှာထိုင်ရအောင်လေ ...

သူမရောက်မလာခင်ကတည်းက သူမနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေနိုင်စေရန် သူ၏ လက်တန်းတင် စာကြည့်ထိုင်ခုံ ရှိရာဆီသို့ အခြားထိုင်ခုံတစ်ခု သူ နီးကပ်စွာ ကြိုတင်စီမံ အကွက်ချထားခဲ့မိသည် .. “ ဉာဏ်များခြင်း “ …. ရယူလိုမှုတစ်ခု အတွက် ကြိုးစားကြတဲ့ ယောကျာင်္းတိုင်းမှာ ဉာဏ်မများတဲ့ ယောကျာင်္းဆိုတာ .. ရှိခဲ့သေးလို့လား .. ဤမေးခွန်း တစ်ခုအတွက် ရလာဒ်အဖြေနှစ်ခု တည်ရှိနေနိုင်သည်ဟု သူယုံကြည်မိသည်။ ရိုးစင်းရှင်းသန့်သော နှင်းအပ်လိုမှု တစ်ခု ၊ သို့တည်းမဟုတ် ရောင်စုံခြယ်သထားသော ဆုပ်ကိုင်ခြယ်လှယ်လိုမှု …. သူဆုပ်ကိုင်ထားမိသည့် ယုံကြည်ချက်အား ရင်ဘတ်တွင်းသို့ တခဏမျှလှစ်အကြည့်တွင် ဖြူစင်မှုများ တောင်ပံတဖျတ်ဖျတ် ခတ်ကြသည်။

မျက်ဝန်းနှစ်ခု အမှတ်တမဲ့ တွန်းတိုက်မိခိုက် ... သူ ခိုကိုးရာမဲ့စွာ မျက်နှာလွှဲလိုက်မိသည်။ ငါ့ကို အဲဒီ့မျက်ဝန်း မျိုးတွေနဲ့ ကျေးဇူးပြုပြီး မကြည့်ပါနဲ့လား ငယ် … မင်းမျက်ဝန်းက အဓိပ္ပါယ်တွေကို ငါ တကယ် မဖော် တတ်ခဲ့လို့ပါ …

အဖြေပေးမယ်ဆို …

အင်းလေ ပေးမှာပေါ့ …

အမှတ်မဲ့စွာ သူမ လက်ပတ်နာရီအား ငေးကြည့်မိတော့ စက္ကန့်တံများ ရပ်တန့်နေကြသည် …
သူ့နာရီ … စက္ကန့်တံများ မရွေ့ကြ …
စာသင်ခန်းနံရံမှ နာရီ … နာရီလက်တံပြောင်းပြန် လည်နေသည် …
စိတ်စေစားရာနောက်တွင် အချိန်ဆိုသော စက္ကန့်အလျားများ နောက်ပြန်တစ်ပတ် လှည့်နေခဲ့ကြသည် … ရင်ဆိုင်ရပ်တည်ရ အခက်ခဲအရှည်ကြာဆုံး အချိန် တစ်ခုပါလား … နာရီတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ငါ့ကို တစ်ခုခု ပြောလိုက်ပါတော့ …

အရောင်ခြယ်သမထားသော ဖွေးဆွတ် သေးသွယ်သည့် လက်သည်းခွံများနောက်မှ သူမ လက်ချောင်းငယ်များ လွယ်အိတ် အတွင်း ဝင်ရောင်သွားကြပြီး … ဝါဆင်းပြည့်ဝန်းသော ဗူးငယ် တစ်ခုနှင့် ပြန်လည်တိုးထွက် လာခဲ့သည် …

ရော့ ဒီမှာ …

…………….

အဲ့ထဲမှာ အဖြေရှိတယ် …

ခပ်လျော့လျော့ စေ့ဟထားသော …. သူမပေးသည့် ထိုဗူးငယ်အတွင်း၌ သူမျှော်လင့်မထားသော အရာများ …...
မွှေးမြအေးချမ်းသော ရနံ့တစ်မျိုးဆုပ်ကိုင် သိမ်းပိုက်ထားသည့် “ စက္ကူ ကြယ်ပွင့် “ တစ်ချို့ … မသိနားမလည် နိုင်သော သူ့မျက်ဝန်း အကြည့်တွင် သူမ ခပ်ဖွဖြွပုံး၍ စကားတစ်ခွန်းဆိုသည် …

ကြယ်တွေ ရေ ကြည့်လေ …

ခုံအနားစွန်း တစ်ဖက်ရှိ လက်ရန်းတန်းပေါ်သို့ ကြယ်ပွင့်လေးများ သွန်မှောက်၍ သူ တစ်လုံးချင်ရေကြည့်ခဲ့သည် …





………………………….

သိသာထင်ရှားစွာ လှုပ်ခတ်တုန်ခါနေသည့် သူ၏ လက်များအား သူမ မြင်တွေ့နိုင်ခဲ့မည် ဆိုလျှင် ဘယ်လောက်ထိ သူမအပေါ် တွယ်တာ နေခဲ့မိကြောင်း သူမ ရိပ်မိနားလည်သင့်ပါပြီ ….

၇၉ ….

၇၉ လုံးပဲ ရှိတယ် … အဲဒါဘာအဓိပ္ပါယ်လဲ ??

မဟုတ်ဘူးမှားတယ် … သေသေချာချာ ပြန်ရေ …





……………………

၈၁

အားးးးးးး ၈၁ လုံး ဖြစ်သွားပြန်ပြီ …. ကျွန်တော် တကယ် မသိတော့ဘူး ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့နော် … ဒါတွေက ဘာအဓိပ္ပါယ်လဲဟင် ……. စိတ်မရှည်နိုင်စွာ သူမ လက်ဖဝါးနှစ်ဖက်အား ရုတ်တရက် ခပ်တင်းတင်း ဆုပ်ကိုင်၍ မေးမိတော့ သူမ မျက်မှောက်ကျုံ၍ မျက်စောင်းလှလှ ထိုးသည် …

အာာာ … လွှတ်ပါ ..

သူမ ခပ်ဆဆ ရုန်းသည် …

မလွှတ်ဘူး .. မပြောရင် ကိုင်ထားမှာ

အဲဒါဆို ပြောရင်လွှတ်ရမှာနော် …

အင်း …

အဲထဲမှာ ကြယ်လေး အလုံး ၈၀ ရှိတယ် … ရ၉ လည်း မဟုတ်ဘူး ၈၁ လည်း မဟုတ်ဘူး …

" ၈၀ " ဆိုတာ …. " …… "
ထိုနေ့ည ကောင်းကင်ပြင်အား သူမော့ကြည့်မိတော့ ကောင်းကင်ယံတစ်ခုလုံး တောက်ပပွင့်ဖူးနေကြသည့် ကြယ်ပွင့်များအား သူတွေ့ခဲ့ရသည် …

မေမေ … ကောင်းကင်မှာ ကြယ် ဘယ်နှစ်လုံးရှိလဲ မေမေ ရေနိုင်လား …

အယ် ပေါက်တီးပေါက်ကရ .. ဒီလောက်အများကြီး ဘယ်လိုလုပ် ရေလို့ ရမှာလည်း …



သားရေပြနိုင်တယ် … မေမေ့ကို ရေ ပြမယ် နားထောင် ..





၈၀

ကောင်းကင်မှာ ကြယ်လေးတွေ အလုံး ၈၀ ရှိတယ် မေမေရဲ့ … မေမေ မသိရင် မှတ်ထား ... ဟဟ

လေးလေးနက်နက်ပြော၍ သူ ခပ်ဖွဖွ ရီမိသည်။

မေမေ သူ့ကိုကြည့်၍ ပါးလျလျ ပြုံးသည် …. ခေတ်လူငယ်များသာ သုံးနှုန်းကြသည့် “ ၈၀ “ ဆိုတာ “ ချစ်တယ် “ ဆိုသည့် အဓိပ္ပါယ်ကို မေမေ နားလည်သွားခဲ့လေ မလား … ??
သူမသိနိုင်တော့ပါ … သူ တစ်ခုသာ နားလည်ခဲ့ပါသည် ….
ကြယ်ပြောလှသော စကြာဝဋ္ဌာအတွင်းရှိ ကြယ် အရေအတွက်အား သူသိနိုင်ခဲ့လေပြီ ဟူ၍ ……..

ချစ်ခြင်းအားဖြင့် အရာအားလုံး ဆုပ်ကိုင်သိမ်းပိုက်နိုင်ကြပါစေ။

KznT.

My love and My Morning



မနက်အိပ်ယာက နိုးတော့ တော်တော်လေးတောင် နောက်ကျနေပြီ။ မျက်နှာသစ်ပြီး သူပြင်ပေး ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းတွေကခပ်ဖွဲဖွဲ … ဒီအတိုင်းဆို အပြင်မှာ တော်တော်အေးမယ် ထင်ပါရဲ့။


“ ကို ဒီနေ့ class မသွားတော့ဘူး “

“ ကိုရယ် ကလေးကျနေတာပဲ။ ဘွဲ့ယူဖို့လာတာ class တက်ရမှာပေါ့ … “

ဟုတ်ပါတယ် တကယ်တော့ သူနဲ့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် နောက်ဘွဲ့တစ်ခုယူဖို့ ရောက်လာ တာပါ။ ရည်မှန်းချက်ဆိုတာ ငယ်ငယ်ကတာ့ လေတစ်လုံး မိုးတစ်လုံးနဲ့ တစ်ချို့လူတွေလို လေထဲ တိုက်အိမ်ဆာက် ခဲ့ဖူးပေမယ့် အခုတော့ ကျွန်တော် လေထဲမှာ တိုက်အိမ်လည်း မဆောက်ချင်တော့ပါဘူး။ တဲအိမ်လည်း မထိုးချင်တော့ပါဘူး။ ထားပါတော့လေ။ ငယ် လှမ်းပေးလာတဲ့ ကျွန်တော့်ဘေးလွယ် အိတ်ကို ကျွန်တော် လှမ်းယူပြီး တစ်သက်လုံး နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မဝတ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ လေးလံလွန်းတဲ့ အနွေးထည်တစ်ထည် ကို ထပ်ဝတ်လိုက်ရတယ်။ အနှုတ်ရဲ့ အောက်ကို အမြဲ ရောက်နေတတ်တဲ့ ဒီ ရာသီဥတုက ဒီ အနွေးထည်နဲ့မှ ခံနိုင်တော့မှာတဲ့လား။ ဟင်းလင်းပြင်ထဲကို ဘာတစ်ခုမှ မဝတ်ပဲ ပြေးထွက် သွားလိုက်ချင်ပေမယ့် ကျွန်တော် အသက် ရှင်နေဖို့တော့ လိုအပ် နေသေးတယ်လေ။ ငယ့်အတွက် ကျွန်တော် ရှင်သန်ဖို့ လိုနေသေးတယ်။

“ ကိုရော့ ဦးထုပ် …. “

“ တော်ပြီ ငယ်ရာ မဆောင်းချင်တော့ဘူး … “

“ အာာ ကိုကလည်းလေ ဦးထုပ်မဆောင်းရင် နှင်းထဲမှာ ကို ဘယ်လို သွားမှာလဲ … ပြီးရင် နှာစီးပြီး ချောင်းက ဆိုးဦးမယ် … “

နှင်းတွေရဲ့ အာနိသင်က ဘယ်လိုမျိုးလဲ။ နှင်းတွေကို လူတိုင်းချစ်တတ်ကြပေမယ့် နှင်းကြောင့် ကျွန်တော်တို့ ရခဲ့တဲ့ အကျိုးကျေးဇူးက ဘာလဲ ….

( ၁ ) နှင်းထဲမှာ သွားရင် ကျွန်တော် အရင်တုန်းက အမြဲ စီးနေကျ ဖိနပ်ပါးပါးလေးတွေ မစီးရပဲ ဘယ်တော့မှ စီးချင်စိတ်မရှိတဲ့ ဖိနပ် အလေးကြီးတွေ စီးရတယ် ..
( ၂ ) ကျကျချင်းတော့ ဖွဖွရွရွလေး ဖြစ်နေတတ်တဲ့ နှင်းတွေ … လူတွေနင်းပါများလို့ ရေခဲပြင် ဖြစ်သွားတဲ့ အခါကျတော့ လူတိုင်းကို တဗိုင်းဗိုင်း ချော်လဲစေတတ်ပြန်ရော …
( ၃ ) ဒီနှင်းတွေကြောင့်ပဲ ကားတွေ လမ်းချော်ကြ ၊ စက်ဘီးတွေ ခဏခဏ လဲကျ ၊ ယာဉ်တွေ ခဏခဏ မှောက်ကြရ …
( ၄ ) မနက်တိုင်း ထူထဲ ပိတ်သည်းအောင် ကျတတ်တဲ့ ဒီနှင်းတွေ ကြောင့်ပဲ လူတစ်ချို့ ချမ်းချမ်းစီးစီး ထဲမှာ နှင်းကျုံးတဲ့ အလုပ်ကို လုပ်ကြရ …
( ၅ ) စတိုးဆိုင်တွေ စူပါမားကတ်တွေမှာ ဗွက်ထနေတဲ့ နှင်းရည်တွေကြောင့် သန့်ရှင်းရေး သမားတွေ ပြာယာခတ်အောင် သန့်ရှင်းရေး လုပ်ကြရ …
( ၆ ) အိမ်ခေါင်မိုးရဲ့ အစွန်း ရေတံလျှောက်အောက်က ဖြတ်လျှောက်ဖို့ မဝံ့မရဲ ဖြစ်ကြရ …

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. နှင်းရဲ့ ဆိုးကျိုးတွေ ဘယ်လောက်ပဲ များများ လူတော်တော်များများက တော့ နှင်းကို ချစ်ခဲ့ကြတယ် ချစ်နေကြတယ် ကျွန်တော်လည်း အပါအဝင်ပါပဲ .. ဘာလို့လည်း ဆိုတော့ နှင်းတွေက ဖြူစင်တယ်လေ အဲဒီ ဂုဏ်ပုဒ်တစ်ခုတည်းကြောင့်ပဲ သူ့မှာ မကောင်းတဲ့ အချက်လေးတွေ ဘယ်လောက်များများ ကျွန်တော် သူ့ကို ချစ်နေနိုင်ခဲ့တာပါပဲ။ ငယ် .. သူကလည်း ကျွန်တော့် အတွက်တော့ ဖြူစင်လွန်းတဲ့ နှင်းတစ်ပွင့်ပါပဲ …

“ လာပါ ကိုရယ် … စကားကို နားထောင်ပါ။ ဆောင်းသွားလိုက်ပါ ဖျားမှာ စိုးလို့ … ငယ်ပြောတာ ကိုနားထောင်ပါနော် … “

“ တော်ပြီ မဆောင်းဘူးဆို မဆောင်းဘူးပဲ … “

“ ကဲကြည့် … မဆောင်းရင် ဒီနေ့ ကို့အတွက် ငယ် စိတ်ကူးထားတာ မလုပ်ပေးတော့ဘူး … “

ကျွန်တော် နဲနဲ စိတ်ဝင်စားသွားတယ်။

“ ဘာလဲ ပြော … “

“ ကိုနဲ့ တူတူ ကျောင်းလိုက်ခဲ့မလို့လေ … ကို့ကို ကျောင်းလိုက်ပို့ပေးမယ် … “

“ ဟဟ ….. ကိုက ကလေးမှ မဟုတ်တာ … အင်း ဒါပေမယ့် ငယ် တကယ်ပြောတာလား … “

“ အင်း တကယ်ပေါ့ …. “

“ တကယ်ဆိုရင် ပေး … ဦးထုပ် … ဆောင်းမယ် “

“ ကြည့် အပြောင်းအလဲကလည်း မြန်လိုက်တာ … “

ပြောင်းလဲမှုတဲ့လား။ ပြောင်းလဲမှုဆိုတာ တည်ရှိသင့်တာ မှန်ပေမယ့် ပြောင်းလဲမှု တိုင်းကတော့ ကောင်းကျိုးတစ်ခုကို ဖြစ်မလာစေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ငယ်သိလား … ကို အပြောင်းအလဲ မြန်တတ်တာ မှန်ပေမယ့် ငယ့်ကို ချစ်ခဲ့တာတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး ဒါက ပြောင်းလဲသင့်တဲ့ အရာမဟုတ်ခဲ့သလို ကို့အတွက် ဘယ်တော့မှ ပြောင်းလဲလို့ ရနိုင်တဲ့ အရာ တစ်ခုလည်း မဟုတ်ခဲ့ဘူးလေ။
အဆောင်ကနေထွက်တော့ ထင်ထားသလောက် သိပ်မအေးဘူး။ ကျွန်တော် စိတ်ထင်လို့ နေမှာပါ။ တကယ်တော့ တစ်ကိုယ်လုံးမှာ ဒီနေ့မနက် အရင်နေ့တွေကထက် ပိုနွေးနေတာ ကျွန်တော့် ဘယ်ဘက် လက်ချောင်းလေးတင်ပါပဲ။ ငယ် လက်ချောင်းလေးတွေ ကျွန်တော့် လက်ကြားမှာ ညှက်နေတယ်လေ။ ငယ် ကတိတည်ပါတယ်။ သူ ကျောင်းကို လိုက်လာ ခဲ့တယ်။ ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးတာတဲ့။ ကျွန်တော်ကလေး ပြန်ဖြစ်ခွင့် ရခဲ့သလိုပဲ။

ကလေး … ကလေးတဲ့လား ?

ကျွန်တော် စကားတစ်ခွန်းကြားခဲ့ရဖူးတယ်။ ယောကျာင်္းဆိုတာ ဘယ်တော့မှ အသက်မကြီးတော့တဲ့ ကလေးတွေတဲ့လေ။ ဟုတ်လောက်ပါ တယ်။ ဘာပဲ ဖြစ်ဖြစ်ပါ …. ဘာတွေပဲ ပြောပြော ငယ်နဲ့ ပတ်သတ်ခဲ့ရင် ကျွန်တော် ကလေးတစ်ယောက် လို့ အသတ်မှတ်ခံရလည်း ဝမ်းမနည်းမိပါဘူး။ ကျွန်တော်က ကလေးဆိုရင် သူက ကျွန်တော့်ရဲ့ အုပ်ထိန်းသူပေါ့။ ငယ်ဟာ ကျွန်တော့်အတွက်တော့ အရာရာတိုင်းကို စီမံခန့်ခွဲ ပေးတတ်တဲ့ ကြီးကြပ်သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကျောင်းကို သွားတဲ့ လမ်းတစ်လျှောက်မှာ ငယ် မမြင်ဘူးတဲ့ နေရာလေးတွေ ကျွန်တော် ပြောပြ တယ်။ ငယ်နားမလည်တဲ့ စကားလုံး တစ်ချို့တွေ ကျွန်တော်ဖတ်ပြတယ်။

“ ငယ်တွေ့လား … ရှေ့က တံတားကို “

“ ဘယ်မှာလဲ ကို … “

“ ဟိုရှေ့ကလေ … “

“ ဟုတ် … တွေ့တယ်လေ … “

တံတား တစ်စင်းရဲ့ အရေးပါမှု ဆိုတာ သူ့ကို တည်ဆောက်ထားတဲ့ ခမ်းနား ကြီးကျယ်မှု အပေါ် မှာ တကယ်တော့ မမူတည်ပါဘူး။ သူ့အပေါ် ဖြတ်သန်း သွားကြတဲ့ လူသား အားလုံး အတွက် သူဘယ်လောက် ကျေနပ်မှု ပေးနိုင်ခဲ့ပြီလဲ ဆိုတာက တံတားတစ်စင်းရဲ့ အဓိက လိုအပ်ချက်ပေါ့။ ငယ်သိလား … ဒီမြို့လေးမှာ လက်ထပ်ကြတဲ့ ချစ်သူစုံတွဲတိုင်းဟာ ဒီတံတား လေးပေါ်ကနေ သူတို့ရဲ့ လက်ထပ်ရက်တိုင်းမှာ ဖြတ်လျှောက်ကြရတယ်။ ရိုးရိုးတော့ မဟုတ်ဘူး။ သတို့သား ကောင်လေးက သတို့သမီးကောင်မလေးကို သူ့ လက်နှစ်ဖက်ထဲမှာ ချီပြီး ပွေ့သွားကြရတာ လေ။ တံတားအစကနေ အဆုံးထိပေါ့။ ငယ် ကျွန်တော့်ကို မျက်လုံးလေး ပြူးပြီး ကြည့်တယ်။ သူနဲနဲ အံ့သြသွားတယ် ထင်ပါရဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ မရောက်ဘူးကြတဲ့ နေရာတိုင်းမှာ ဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ ဆန်းကြယ်မှုတွေ ရှိတတ်တယ်လေ။

ဆန်းကြယ်မှုတဲ့လား … ?? ဆန်းကြယ်မှုဆိုတာ လူတစ်ယောက်အတွက် ဆန်းသစ်မှု တစ်ခုကို အမြဲပေးတတ်တယ်လို့ ကျွန်တော်ယုံကြည်မိတယ်။ ဆန်းသစ်မှု တစ်ခုစီတိုင်းက လူတစ် ယောက်ရဲ့ ခံစားချက်နဲ့ ဘဝ ရှင်သန်မှုကို လန်းဆန်းစေတတ်တယ် လို့ ကျွန်တော် ဖွင့်ဆိုခဲ့မယ်ဆိုရင် ကျွန်တော့်ကို ထောက်ခံကြမှာလား။ ငယ်ဟာ တကယ်တော့ ကျွန်တော့်အတွက် ဆန်းသစ်မှုနဲ့ ဆန်းကြယ်မှုတိုင်းကို ဖန်ဆင်းပေးနိုင်စွမ်းတဲ့ နတ်သမီး တစ်ပါးပါပဲ။

ငယ့်လက်သေးသေးလေးကို ဆုပ်ကိုင်ထားရင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်တူတူ အဲဒီ့တံတား လေးပေါ်ကနေ ဖြတ်လျှောက်ခဲ့ကြတယ်။ တံတားရဲ့ ဟိုးအောက်ဘက်မှာ ဖွေးဖွေးဖြူမြနေတဲ့ နှင်းတွေ ….
လေတစ်ချက် အဝှေ့မှာ အဆုပ်လိုက်ကျနေတဲ့ နှင်းဖွဲတစ်ချို့အကာအဆီးမရှိတဲ့ ဟင်းလင်းပြင် ထဲက ကျွန်တော်တို့ နှစ်ယောက်ဆီကို ပြေးလာကြိုကြတယ်။ သူတို့တွေ နှုတ်ဆက်တာက ချစ်ဖို့ ကောင်းလိုက်တာ။ ငယ့် ကို လှည့်ကြည့်တော့ ငယ့် မျက်တောင်မွှေး သေးသေး တိုတို လေးတွေပေါ်မှာ နှင်းမှုန်လေးတွေ တွယ်ကပ်နေကြတယ်။ ငယ်ကတော့ သတိထားမိမယ် မထင်ဘူး။ သူ နှင်းတြွေကားမှာ ပျော်နေတယ်လေ။ ငယ်နဲ့ တူတူ လှမ်းနေခဲ့တဲ့ ခြေလှမ်းတွေကို ကျွန်တော် ခဏရပ်လိုက်မိတော့ ငယ့် ခြေလှမ်းတွေလည်း တုန့်ခနဲ ရပ်သွားတယ်။

“ ကို ဘာဖြစ်လို့လဲ … ?? “

“ ငယ့်ကို ပြောစရာ တစ်ခုရှိလို့ …. “

“ ဘာပြောမလို့လဲ ကို … “

“ ငယ့်ကို အရမ်းချစ်တယ်လို့ ပြောမလို့ … “

ကျွန်တော့် ပတ်ဝန်းကျင်က ဟိုဒီပြေးလွှားနေခဲ့တဲ့ မိုးသားတိမ်တိုက်တွေ တခဏတာလာက် ရပ်တန့်သွားကြတယ် … ငယ့် နှုတ်ခမ်းပါးပေါ်မှာ မှေးစက်နားခိုချင်လို့ အပြေးအလွှား ပြေးဆင်းလာခဲ့ကြတဲ့ နှင်းစက်ပွင့်လေးတွေ သူတို့ရဲ့မျက်လုံးတစ်ဖက်ကို ခပ်လျော့လျော့ ထိုးပိတ်ပြီး နောက်ပြန်လှည့်ထွက် သွားခဲ့ကြတယ် … ငယ့် မျက်တောင်မွှေးလေးတွေပေါ်က နှင်းခဲလေးတွေ လည်း ကျွန်တော့်ကို ကြောက်လို့ ဟိုးအဝေးဆီကို ချက်ချင်းပြေးထွက် ရှောင်ပုန်းသွားကြတယ် ..
အရမ်းရှက်တတ်တဲ့ ကောင်မလေး တစ်ယောက်ကို နမ်းခဲ့ဖူးကြပါသလား … အနမ်းတစ်ခုရဲ့ သိမ်မွေ့မှုနဲ့ စွမ်းအားကိုရော သင်တို့ ခံစားခဲ့ကြဖူးပြီလား … အနမ်းဆိုတာ ကျွန်တော့်အတွက် တော့ ဘယ်စွမ်းအားနဲ့မှ အစားထိုးလို့ မရပဲ ငယ်တစ်ယောက်တည်း ပေးစွမ်းနိုင်တဲ့ အားဆေး တစ်ခွက်ပါပဲ။
ငယ် အရမ်းရှက်သွားတယ် ထင်ပါရဲ့။ သူ ကျွန်တော့် ဘေးနားကနေ ဟိုးတစ်နေရာကို ပြေးထွက် သွားခဲ့တယ် …

ငယ် ဘယ်ရောက်သွားတာလဲ ??

ကျွန်တော် ဘာသံမှ မကြားရတော့ ဘူး … ကျွန်တော့်ဘေးနားမှာ ငယ်လည်း မရှိတော့ဘူး …
ငယ် ဘယ်ကို ထွက်သွားတာလဲ ….

“ ကို …. “

“ ငယ် ဘယ်ကိုမှ ထွက်သွားတာ မဟုတ်ပါဘူး …. “

“ ကို့ ရင်ဘတ်ရဲ့ အနီးဆုံးတစ်နေရာမှာ ငယ် အမြဲတမ်း ရှိနေပါတယ်။ “

“ ကို ကြည့်ကြည့်လိုက်လေ …. “

ဘယ်ကရောက်လာခဲ့မှန်း မသိလိုက်တဲ့ ပါးလျညင်းသွဲ့လွန်းတဲ့ ငယ့် အသံ တိုးတိုးလေးကို ကျွန်တော် ကြားလိုက်ရတယ်။ အနွေးထည် အကျီင်္ရဲ့ ဇစ်ကို ခပ်ဖြည်းဖြည်း ဆွဲဟပြီး ကျွန်တော့် ရင်ဘတ်အပေါ်က အတွင်း အကျီင်္အိတ်ကို စမ်းကြည့်မိတယ်။ ငယ့်ဓာတ်ပုံသေးသေးလေး …. ငယ် ကျွန်တော့် ရင်ခွင်ထဲကို ပြေးဝင် သွားခဲ့တာပဲ။

ဟိုးခပ်ဝေးဝေး Church ကျောင်းက လာတဲ့ တီးလုံးသံ တစ်ချို့ ….
လက်ကနာရီကို ငဲ့ကြည့်လိုက်မိတော့  ….

" ငါ class နောက်ကျနေပါရောလား "

ငယ် ဒီစာက ကို မနက် ကို class သွားတက်တိုင်း ငယ့်အကြောင်းကို တွေးမိနေဖြစ်တာလေးကို သတိရလို့ ငယ်ဖတ်ရအောင် ရေးထားတာလေ။ ဒီစာလေးကို ကိုက ငယ့်ကို မွေးနေ့လက်ဆောင် အဖြစ် ပေးချင်တယ်။ ကိုက ငယ့်နားမှာ လောလောဆယ် မရှိတော့ ငယ်စိတ်ညစ်မှာ အားငယ်မှာ စိုးတယ်။ ငယ့်မွေးနေ့မှာ ကို ငယ့်ဘေးနားကို ရောက်မလာနိုင်ခဲ့ပေမယ့် ကို့စိတ်တွေက အမြဲငယ့်ဘေးနားမှာ ရှိနေမယ် ဆိုတာကို ငယ်ယုံပါ။ ငယ့်ကို နောက်တစ်ခုလည်း လက်ဆောင်ပေးချင်သေးတယ်။

ငယ့်ကို ကို အရမ်းချစ်တယ်။

မွေးနေ့ကနေစပြီး နောက်နှစ်ပေါင်း များစွာတိုင် အောင်မြင်ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ကိုယ်နဲ့တူတူ ဖန်တီးနိုင်ပြီး မိဘတွေကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ကိုဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင် ပါစေ။

၁. မေ. ၂၀၀၉။

Far Pavilions

တစ်ယောက်ကို ၅၀၀ မထည့်မနေရ ... မထည့်ရင် +^%#-@+

အတန်းခေါင်းဆောင် ပြောသော စကားသံ အဆုံးတွင် အတန်းတွင်း ကျောင်းသားများဆီမှ ဇာတ်တိုက်မထားသော စကားသံ တစ်ချို့ ခပ်
အဲ့အဲ့ တိုးထွက်လာကြသည်။

ဘာကြီးတုန်း ....




ဘာအတွက်လဲ ....

ဘာလုပ်မှာ မို့လို့လဲဟ ... +^%#-@+

သို့လော သို့လော အတွေးများ သူတို့အားလုံး၏ စိတ်ထဲတွင် တမဟုတ်ခြင်း ပြန့်နှံ့ သွားကြသည်။
( ၅၀၀ ) ဆိုသည်မှာ အမှန်တကယ်တော့ သူတို့ အားလုံးအတွက် အတော်ကလေး များပြားသော ပမာဏ ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် သူတို့အားလုံး၏ တစ်နေ့မုန့်ဖိုးငွေမှာ ၅ ကျပ် လျော့လျော့သာရသော ၆ တန်း ကျောင်းသား ကျောင်းသူများ
ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ ကျောင်းသားအားလုံး တိုးတိုးတိတ်တိတ် တမျိုး ကျယ်ကျယ်လောင်လောင် တစ်ဖုံ ကျပ် ၅၀၀ ၏
အရေးပါပုံ အကြောင်း နှုတ်ဖျားအသီးသီးတွင် စာစီကုံးနေကြသည်။

ဟဲ့ အဲဒီ အခန်းက ငါတို့ နောက်နှစ်ကနေစပြီး ဝင်ရတော့မှာ တဲ့ဟဲ့ .... သိလား ..
ဟုတ်လား ... နင် အဲဒါကို အရင်က သုံးဖူးလား ...
ဟင့်အင်း သုံးဖို့ ဝေးလို့ အပြင်မှာတောင် တစ်ခါမှ မမြင်ဖူးဘူး .... :D

ပတ်ဝန်းကျင် တစ်ခုလုံး ပြောဆိုနေကြသော ထို အကြောင်းအရာအား သူ စိတ်မဝင်စားမိသော်လည်း နားစွန်နားဖျား ရိုက်ခတ်လာတတ်သည့်
ခေါင်းစဉ်တစ်ချို့ကြောင့် သူ၏စိတ်အစဉ်မှာလည်း ထို အကြောင်းအရာ ဆီသို့သာလျှင် ရည်ရွယ်ချက် ရှိမထားဘဲ မျောလွင့်သွားခဲ့ရတော့သည်။

သြော် .... ဒါကြောင့်မို့လို့ ဒီ ပုပျက်ပျက် အဆောင်ကို ငါ ကျောင်းအဝင်ဝနားမှာ တွေ့တွေ့ နေရတာကိုး ....
ထိုအဆောင်လေးအား သူသတိထားမိနေသည်မှာ ကြာတော့ ကြာပြီ ဖြစ်သည်။ မှတ်မှတ် ရရ ပြောရလျှင် သူ ၅ တန်း နှစ် ထိုကျောင်းကို စရောက်
ကတည်းက ထို အဆောင်လေး ရှိရာနေရာအား အုတ်မြစ်ချ သယောင်ယောင် မြက်ရှင်းသယောင်ယောင် လုပ်နေခဲ့သည်ကို သူ သတိထားခဲ့မိသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ လုပ်နေကြသည်ကို ကလေးပီပီ သူလိုက်တွေးမကြည့်မိသော်လည်း ၂ လခြား တစ်ခါလောက် ထိုနေရာအား
ကျောင်းမှ လူတစ်ချို့မြက်လာလာ ရှင်းတတ်သောကြောင့် သူမျက်စိ စပါးမွှေးစူးနေမိခြင်း ဖြစ်သည်။ မည်သည့် အတွက်ကြောင့် သူ မျက်စိ စပါးမွှေး
စူးနေရပါသနည်း။ မရှက်တန်း ဝန်ခံရလျှင် သူ၏ ကျောင်းတွင် စာအသင်အပြ လွန်စွာကောင်း၍ ကျောင်းသားများ အပေါ်စေတနာ ပြည့်ဝသော
ဆရာဆရာမများ ရှိသော်လည်း သူ၏ကျောင်းသည် ကျောင်းအဂါင်္ရပ်နှင့် မညီညွတ်သေးသော ကျောင်းတစ်ကျောင်း ဖြစ်သည်ဟု သူထင်ပါသည်။

သူ၏ ကျောင်းတွင် ဘောလုံးကွင်း မရှိ၊ အားကစားကွင်း မရှိ၊ ပန်းခြံမရှိ ....
၁၀ စုနှစ်အတွင်း တစ်ခါမျှ သန့်ရှင်းရေး မရှိခဲ့သော မိန်းကလေး အိမ်သာ ၅ လုံး နှင့် ယောကျာင်္းလေး အိမ်သာ ၅ လုံး ....
မိုးရာသီများတွင်သာ ရေပြည့်တတ်သည့် သောက်ရေကန် တစ်ကန် ....
မိုးရွာလျှင် ဖိနပ်ချွတ် ခါးတောင်းကျိုက်၍ သွားရသော မုန့်ဈေးတန်း တစ်ခု ....
ကြယ် ၁၄ လုံး မတွေ့ရတော့သော အလံတိုင် တစ်ခု နှင့်
တိမ်ယံထက်သို့ လွင့်တက်တော့မည့် မြက်ပင်ရှည်များ .... ဤ လက္ခဏာရပ်များသည် သူရှိနေသော ကျောင်း၏ ဂုဏ်အဂါင်္ ရပ်တစ်ချို့ ဖြစ်ပါသည်။
သူ့ကျောင်းတွင် ကျောင်းနှင့် မညီညွတ်လှသော အဆင်တန်ဆာများ မြောက်များလှစွာ ရှိလှသော်လည်း ထိုလူတစ်ချို့ ထိုနေရာလေးကိုပင် မည်သည့်
အတွက်ကြောင့် အစဉ်သဖြင့် သန့်ရှင်းရေး လုပ်နေကြပါသနည်း။ ထို့ကြောင့်လည်း သူ မျက်စိပါးမွှေးစူး နေမိခြင်း ဖြစ်သည်။ စဉ်းစားကြည့်သော်လည်း
ဉာဏ်မမှီခဲ့သည့် အဖြေအား သူယခု သိခဲ့ရပြီ ဖြစ်သည်။ ၅၀၀ ဆိုသော အသိကြောင့် သူ့အိမ် အခြေအနေနှင့် စိတ်ထဲ အနဲငယ် ငြိှုးနွမ်းသွားသော်လည်း
ရင်ထဲမှာတော့ အမျိုးအမည်မသိသော ခံစားချက် တစ်ခုကြောင့် လှုပ်ခတ် ရွှင်မြူးသွားခဲ့သည်။

ရိုးသားစွာ ဝန်ခံရမည်ဆိုလျှင် ထိုအရာအား သူ ကြည့်ခဲ့ဖူးသော တီဗွီ အစီအစဉ် တစ်ချို့တွင်သာ ယောင်ဝါးဝါး တွေ့ခဲ့ရဖူးသော်လည်း
တစ်သက်နဲ့ တစ်ကိုယ် အနီးကပ် သူ မမြင်ဖူးခဲ့ပါ
ဘယ်လိုကြီးများပါလိမ့် ...
ပြားပြားကြီးကြီးလား .... ချွန်တွန်တွန် ကြီးကြား ....
သူများတွေ ပြောသံကြားတာတော့ လုံးတုံးတုံးကြီးတဲ့ ....

သူ့ အတွေးကမ္ဘာတွင် မျိုးစုံပုံဖော်ကြည့်ရင်း စာသင်ခန်း ပြူတင်းပေါက်မှ တစ်ဆင့် လှမ်းမျှော်ကြည့်မိတော့ သူမနက်တိုင်းတွေ့နေကျထက်
အောက်ခြေမှ ၃ ပေခန့်မြင့်တက် လာပြီဟု ထင်ရသည့် ပုပျက်ပျက် အုတ်စီ အဆောင်လေးအား ဝိုးတဝါး လှမ်းမြင်တွေ့ရသည်။
ပတ်ပတ်လည်တွင်တော့ ဟိုးအရင် အခြေအနေများနှင့် မည်ကဲ့သို့မျှ ထူးခြားမလာသေးသည့် ဝေဆာမြင့်မား မြက်ပင်ရှည်များ ....

အားလုံးမတ်တပ်ရပ် ဆရာမကို နှုတ်ဆက် ...
အတန်းခေါင်းဆောင်၏ ဆော်သြော်သံကြောင့် သူ့ အတွေးစများ ပြတ်တောက် လွင့်စင်သွားခဲ့သည်.... ဆရာမ အခန်းထဲ ဝင်ရောက်လာပြီ ဖြစ်သည် ..
မင်္ဂလာပါ ဆရာမ ...
မင်္ဂလာပါ တပည့်တို့ ... ထိုင်ကြပါ။
ကျေးဇူးတင်ပါတယ် ဆရာမ ...

-------------------- ။ --------------------

ဖြတ်သန်းခဲ့သော ဘဝတစ်ခု၏ နေရက်ပေါင်း မြောက်များစွာ ထဲမှ သူ့အတွက် အမြဲအမှတ်တရ ရှိနေမည့် နေ့ရက်တစ်ခုအား နောက်တစ်ကြိမ် ပြန်လည်
မှန်းဆကြည့်မည်ဆိုလျှင် ထိုနေ့သည်လည်း သူ့ဘဝ၏ အမှတ်အရဆုံးနေ့များထဲမှ တစ်ရက် ဖြစ်လေသည်။ မနက်က ( ၁၀ ) တန်း အောင်စာရင်း ထွက်သည်။
တစ်ညလုံး သူ့မိခင် အိပ်မပျော်။ သူ့ကို ၁၀ တန်း အလွန်အောင်စေချင်လှသည် ထင်၏။ ည ၁၂ နာရီ ကျော်ကျော်ကတည်းက အောင်စာရင်း သွားစောင့်ရန်
သူ့ကို အတင်းတိုက်တွန်း နေသော်လည်း သူကတော့ သွားမကြည့်ချင်ပါ။ စာမေးပွဲ အောင်ခြင်း မအောင်ခြင်းအား သူစိတ်မဝင်စားပါ။ အောင်ခဲ့လျှင်
နောက်တစ်တန်း တက်ရမည်။ မအောင်လျှင်ရော .. မအောင်လျှင်လည်း သရေဟုပဲ သူထင်သည်။ ကိုယ့်ကိုယ်ကို စာမေးပွဲကျတယ် ဟူ၍တော့
သူဘယ်တော့မှ မြင်လိမ့်မည် မဟုတ်။ ၁၀ တန်းကျ၍ ၉ တန်းရောက်သွားသည် ဆိုသည်ကို သူတစ်ခါမှ မကြားခဲ့ဖူး။ အလွန်ဆုံး စာမေးပွဲ မအောင်
ခဲ့လျှင်လည်း သူ့အတွက်တော့ သရေပဲ ဖြစ်သည်။ ၁၀ တန်းက ၁၀ တန်း။ တစ်တန်းလျော့ မသွား။ တစ်ညလုံး ကောင်းကောင်းအိပ်၍ မနက် ၅ နာရီမှ
အောင်စာရင်း သွားကြည့်ခဲ့သည်။ သူ သရေ မကျခဲ့ပါ။

၂ ဘာသာဟေ့
၃ ဘာသာကွ ....
ငါတော့ ဒီနှစ်လည်း လစ်ပြန်ပြီကွာ ....
ငါ့ ခုံနံပါတ်နားကျမှ တစ်ခုကျော်သွားတာကွ .... စာရိုက်တဲ့သူကလည်း ဒီခုံနံပါတ်မှ မေ့ကျန်ခဲ့ရတယ်လို့ကွာ....
အဟင့်ဟင့် ...
မငိုပါနဲ့ သမီးရယ် နောက်ထပ်အချိန်တွေ အများကြီး ကျန်ပါသေးတယ် .... နောက်တစ်နှစ်ပေါ့
တော်ပြီကွာ ဒီနှစ်ကတော့ နောက်ဆုံးပဲ နောက်ဘယ်တော့မှ မဖြေတော့ဘူး ...

စကားသံပေါင်း မြောက်များစွာ သူကျော်လွန်ခဲ့ပြီး ဤကျောင်းနှင့်အတူ သူဖြတ်သန်းခဲ့သည့် လွန်ခဲ့သည့် ၆ နှစ်တာ ကာလအား ပြန်လည် မြင်ယောင်
ကြည့်မိရင်း တစ်နေရာသို့ အရောက် ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာသော သူ၏ ခြေလှမ်းများ ခေတ္တရပ်တန့်လိုက်မိသည်။ သူ့ရှေ့တည့်တည့်တွင်
လွန်ခဲ့သည့် ၆ နှစ်တာ ကာလတစ်လျှောက်လုံး သူ သတိထားနေမိခဲ့သည့် ပုပျက်ပျက် အဆောင်လေး။ စာသင်ခန်း ပြူတင်းပေါက်မှ လှမ်းကြည့်မိတိုင်း
၃ ပေထက် ပိုမမြင့်ခဲ့သည့် အဆောက်အအုံလေး ယခု ရုပ်လုံးပေါ်ခဲ့သည်မှာ ၅ နှစ်ကျော်ကြာခဲ့ပြီ။ ကျောင်းသားတစ်ယောက်အဖြစ် နောက်တစ်
ကြိမ် ပတ်သတ်ခွင့် မရတော့သော နောက်ဆုံးနှုတ်ဆက်မှု အဖြစ် သူ့ရင်ထဲမှ အနှစ်နှစ်အလလ မျိုသိပ်ထားခဲ့သော ဆန္ဒတစ်ခုအား အကောင်အထည်
ဖော်ရန် ဆုံးဖြတ်ခဲ့မိသည်။

အဆောင်တည်ရှိရာ ရှေ့မျက်နှာစာထဲမှ လှေကားထစ်သုံးခုအား သူလှမ်းတက်ခဲ့မိပြီး နောက် ...
သူအနှစ်နှစ်အလလ တွေ့ဖူးချင်ခဲ့မိသော အရာ ...
သူ ဤ အခန်းထဲမှာ ရှိနေသည့် ထိုအရာအား ကြည့်ချင်နေမိခဲ့သည်လေ။
လေအဝှေ့တွင် မျောပါလာသော သစ်ရွက်ခြောက် တစ်ချို့နှင့် ခပ်လျော့လျော့ ဖုန်သင်းနံ့ တစ်ချို့ သူ့ရှေ့မှ ဒရောသောပါးဖြတ်ပြေးသွားကြသည်။
အခန်းတံခါးဝ အရောက်တွင်တော့ သူ အရင် ၅ နှစ်တာကာလက တွေ့နေကျအတိုင်း ဖုန်တက်နေသော သော့ နှစ်ထပ်ကွမ်း။
မျှော်လင့်ချက်မဲ့သွားခဲ့သော်လည်း သူအားမလျော့ချင်သေးပါ။

ပြူတင်းပေါက်များ ....
ဟုတ်တယ် တံခါးတွေဖွင့်မထားပေမယ့် အထဲကို မြင်နိုင်ရလောက်တဲ့ မှန်ပြူတင်းတံခါးတွေ ရှိနေသေးတယ်လေ။ သူ့ခြေထောက်များအား ပင့်ထောက်
၍ ပြူတင်းတံခါးမှ တစ်ဆင့် ......

ဟဲ့ကောင်လေး .. ဒီမှာ ဘာလာလုပ်နေတာလဲ ...
သြော် ဟို ဟို ....
သွားသွား ... ဘာမှ အကြောင်းကိစ္စမရှိပဲ နဲ့ ဒီနားမှာ လာနေမနေနဲ့ ကြားလား။ ဒီ အထဲမှာက တန်ဖိုးကြီး ပစ္စည်းတွေ ချည်းပဲ။ တစ်ခုခု ဖြစ်သွား
လို့ မဖြစ်ဘူးသဘောပေါက်လား။

ခင်းကျင်းပြသခွင့် မရတော့သော တန်ဖိုးကြီး ပန်းချီကားတစ်ချပ်ကဲ့သို့ သူ၏ မျှော်လင့်ချက်များအား ပြန်လည်သိမ်းဆည်း၍ လှေကားထစ်များ
အား ဒုတိယအကြိမ် သူ နင်းဖြတ်ခဲ့လိုက်သည်။

ငါတို့ နောက်နှစ်က စပြီး ဒီအခန်းထဲမှာ လက်တွေ့ လာသင်ရတော့မှာတဲ့။
ဟုတ်လို့လား ဟယ် .... နင်ကလဲ !
...................................

သူ၏ နားသို့ အမှတ်မထင် တိုးဝင်လာသည့် ကျောင်းသူနှစ်ဦး၏ စကားသံနှင့်အတူ သူတို့ မျက်ဝန်းထောင့်စွန်းများ ရွေ့လျားသွားရာ ထိုအခန်း၏
ခေါင်းစီးဆီသို့ သူ နောက်ဆုံးအကြိမ် နှုတ်ဆက် ငဲ့ကြည့်မိလိုက်သည်။
" Multimedia classroom "

Believe in Love

သူငါ့ကို တကယ်ရော ချစ်ရဲ့လား .. ?? သူတကယ် ချစ်လာအောင်ရော ငါစွမ်းဆောင်နိုင်ပါ့မလား .. သူငါ့ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ ?? သူတကယ် ချစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးမျိုးတွေဟာ ချစ်သူနှစ်ယောက်ရဲ့ကြားမှာ မကြာခဏ တွေးနေမိတတ်တဲ့ အကြောင်းအရာ တွေပေါ့။

ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ချစ်သူတွေက ကျွန်တော်တို့ကို တကယ်ချစ်တတ် လာအောင် တန်ဖိုးထားတတ်လာအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ?? အပေါ်မှာ ရေးပြထားခဲ့သလို တန်ဖိုးမရှိတဲ့ အကြောင်း အရာတွေ ကိုတောင်စဉ်ရေ မရ လျှောက်တွေးပြီး ကျွန်တော်တို့ အဖြေထုတ်နေကြမှာလား။ တကယ်တော့ ကိုယ်ချစ်တဲ့ လူတစ်ယောက် ကိုယ့်ကို တန်ဖိုးထားချစ်တတ်လာအောင် စွမ်းဆောင်နိုင်ဖို့ဆိုတာ သိပ်ကြီးကျယ်ခက်ခဲလှတဲ့ ကိစ္စရပ်ကြီး တစ်ခုတော့ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော်တို့ အချက်တစ်ချက်တည်း အပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင် ကြည့်လို့ရပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ကျွန်တော့်ကို ဒီလိုပြောပြပါတယ်။

စတိဗ်ဘလပ်စ် ( Steve Blass ) ဟာ ၁၉၇၂ ခုနှစ်က အမေရိကန်နိုင်ငံ မှာ အဓိကကျတဲ့ ဘေ့စ် ဘော အသင်းကြီးတစ်ခုရဲ့ ဘောလုံးပစ် အကျော်အမော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တကယ်ဆိုရရင် သူဟာ အကောင်းဆုံး ဘောလုံးပစ်သူစာရင်းထဲမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်လောက် ကစားပြီးတဲ့နောက်မှာ သူဟာ ဘေ့စ်ဘောလောက ကနေ ကျောခိုင်းခဲ့ပါတယ်။ ဘာလို့များလဲ။ သူအနာတရ ဖြစ်သွားလို့လား။ မဟုတ်ပါဘူး။ ဒါမှ မဟုတ်ရင် တစ်စုံတစ်ခု အပြောင်းအလဲများ ရှိသွားလို့လား။
အဲဒါတော့ ဟုတ်ပါတယ်။ တစ်စုံတစ်ခု အပြောင်းအလဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါ ဘူး။ စတိဗ် ဘလပ်စ် ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုပဲ ဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ မယုံကြည် တော့ပါဘူး။ " ယုံကြည်မှု ဆိုတာ ထွက်ခွာသွားပြီဆိုရင် အပြီးအပိုင် ထွက်သွားတော့တာပဲ " လို့ ဘလပ်စ်က ပြောခဲ့ပါတယ်။ သူဟာ အဲဒီ့အကြောင်းကို စတွေးမိကတည်းက ဘေ့စ်ဘော ကစားတဲ့ အခါမှာ တလွဲတချော် ဖြစ်နိုင်တဲ့ အကြောင်းတွေကို သာစတင်စဉ်းစား မိလာခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူစဉ်းစားနေမိတဲ့ တလွဲတချော် ကိစ္စရပ်တွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒါကြောင့်မို့လို့ပဲ ဘလပ်စ်ဟာ သူ့ကိုယ်သူ အတော်ဆုံး ဘောလုံးပစ်သမားတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိလာခဲ့တယ်။ သူ့အထင်တွေအတိုင်းပဲ လက်တွေ့မှာလည်း တကယ်ဖြစ်လာခဲ့တယ်။ အခုဆိုရင် သူဟာ အတော်ဆုံး ဘောလုံး ပစ်သမား တစ်ယောက် မဟုတ်တော့ပါဘူး။ .........
ကျွန်တော်ပြောပြချင်တာက ဒီ ဥပမာလေးထဲက အတိုင်းပါပဲ။ ကျွန်တော်တို့ ချစ်သူတွေ ကျွန်တော် တို့ကို တကယ်ချစ်လာစေချင်ပြီ ဆိုရင် ကျွန်တော်တို့အတွက် ပထမဆုံး လိုအပ်တာက ဘာလဲ။ သိပ်များများစားစားကြီး မဟုတ်ပါဘူး။ ယုံကြည်မှု တစ်ခုတည်း ပါပဲ။ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုသလို၊ ကိုယ့်ချစ်သူအပေါ်မှာလည်း သူ့ကို ယုံကြည်မှုရှိဖို့ သိပ်လိုအပ်ပါတယ်။ ချစ်သူ နှစ်ယောက် ကြားမှာ ဘာကို ယုံကြည်မှု ရှိရမှာလဲ .. ဒါကမေးစရာ ရှိလာပါပြီ။ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ အချစ်ကိုယ်စီကို ယုံကြည်မှု ရှိကြဖို့ပါ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာင်္းလေးပဲ ဖြစ်ဖြစ် တစ်ဖက်သား ရဲ့ အချစ်ကို အရေးတကြီး လိုအပ်နေပြီလား .. ဒါဆိုရင် ကိုယ့်အချစ်ကိုကိုယ် တခဏတာ လောက်တော့ ပြန်စမ်းစစ် ကြည့်မိဖို့ လိုပါတယ်။ ငါသူ့ကို တကယ်ချစ်တာ သေချာပြီလားလို့။ သေချာပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အချစ်ကို ကျွန်တော်တို့ ယုံကြည်လို့ ရပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အချစ်ဆိုတာ တစ်ဖက်သားက ကိုယ်ချစ်တာကို ယုံကြည်လာဖို့အတွက် အနီးစပ်ဆုံးခြေလှမ်းတစ်ခု ကို အစပျိုးလိုက်တာပါပဲ။

ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်လို့ စိတ်ထဲကနေ ထင်လာတော့မှ တကယ်လုပ်နိုင် လာတတ်ကြပါတယ်။ ရှေးသူဟောင်းတို့ရဲ့ အဆိုအမိန့်တစ်ခုကို ကြားခဲ့ဘူးပါတယ်။ " သင်သည် သင်လုပ်နိုင်သည်ဟု ယုံကြည်ခဲ့သော် တကယ်ပင်လုပ်နိုင်လိမ့်မည် ဖြစ်ပြီး၊ မလုပ်နိုင်ဟု ယုံကြည်ခဲ့သော် တကယ်ပင် မလုပ်နိုင်မှာ သေချာပါသည်။ " တဲ့။ အဲတော့ .... ကျွန်တော်တို့ တွေအားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနဲ့ ကိုယ့်ချစ်သူ ကိုယ့်အိမ်ထောင်ဖက် အားလုံးကို သစ္စာမဖောက်ဖျက်ပဲ မြတ်နိုးကြရအောင်။ ငါတကယ်ချစ်ခဲ့တာလည်း သူတစ်ယောက်တည်းပဲ၊ အဲဒါကြောင့်မို့လို့ သူတကယ်ချစ်တတ်လာအောင် စွမ်းဆောင်နိုင်တဲ့ သူဆိုတာလည်း ငါတစ်ယောက်တည်းပဲ လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ပါ။ ဒါဆို ကျွန်တော်တို့ မျှော်လင့်နေကြတဲ့ သူတို့တွေရဲ့ အချစ်ဆိုတာကလည်း ကျွန်တော်တို့ အတွက် ကလွဲရင် ဘယ်သူတွေအတွက် ဖြစ်နိုင်ဦးမှာ မို့လို့လဲ။

ဒီစာလေးက တစ်ခါတစ်လေမှာ ကျွန်တော့်ကို စိတ်မချဖြစ်တတ်တဲ့ ကျွန်တော့်ချစ်သူ ငယ့်အတွက်ပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ သူ့ကို ချစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ဆီက ကျွန်တော်တမ်းတတဲ့ အချစ်ကိုလည်း ပြန်ရခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီစာလေးကိုဖတ်ပြီးရင် ငယ်လည်း ယုံကြည်မှုနဲ့ အတူချစ်တတ်တဲ့ သူတစ်ယောက် ဖြစ်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

ဒီစာလေးကို ရေးဖို့အတွက် David Niven Ph.D နဲ့ ဒေါက်တာ ကျော်စိန် တို့ ရေးသားခဲ့တဲ့ The 100 Simple Secrets of Happy People စာအုပ်ကို မှီငြမ်းခဲ့ပါတယ်။

Selection songs - Yay Bacca Win

A Silent Love

ဟိုး အစောကြီးကတည်းက ကျွန်မရဲ့ မိဘတွေက ကျွန်မကို မောင်နဲ့ မပတ်သတ် မဆက်ဆံဖို့ တင်းတင်းကျပ်ကျပ် ကန့်ကွက်ခဲ့ကြပါတယ်။ မောင့်ရဲ့ မိသားစုအခြေအနေ အလုံးစုံကို သိထားခဲ့ကြပြီ မို့လို့ တကယ်လို့သာ ကျွန်မ မောင်နဲ့လက်ထပ် ဖို့ဆုံးဖြတ် လိုက်ပြီဆိုရင် ကျွန်မ ဘဝတစ်သက်တာလုံး ဘယ်တော့မှ စိတ်ချမ်းသာစရာဆိုတာ ရှိလာမှာ မဟုတ်တော့ဘူးလို့လည်း သူ တို့တွေက ပြောခဲ့ကြပါတယ်။


မိသားစုက ပေးတဲ့ ဖိအားတွေကြောင့် ကျွန်မတို့ ချစ်သူနှစ်ယောက်လည်း အခုနောက်ပိုင်း တွေ ဆိုရင် မကြာခဏဆိုသလို ခဏခဏ ပြဿနာ ဖြစ်တတ်လာကြတယ်။ ကျွန်မ မောင့်ကို လေးလေးနက်နက် ချစ်ခဲ့တယ် ဆိုတာမှန်ပေမယ့် မောင်နဲ့တွေ့တိုင်း မောင် ကျွန်မကို တကယ် လေးလေးနက်နက် ချစ်တာရော ဟုတ်ရဲ့လားလို့ ခဏခဏ မေးနေမိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မေးခွန်းတွေအတွက် မောင့်ဆီမှာ လှပတဲ့ စကားလုံးတွေ မရှိခဲ့ပါဘူး။ အဲဒါမျိုးတွေ က တစ်ခါတစ်ခါကျရင် ကျွန်မကို သိပ်စိတ်ပျက်စေတာပဲ။ ကျွန်မ မိဘကပေးတဲ့ ဖိအားတွေ ရယ်၊မောင့်ရဲ့ အဲဒီလို အပြုအမူတွေရယ်ကြောင့် ကျွန်မရဲ့ ဒေါသတွေကို မောင့်အပေါ် ခဏခဏ ပုံချမိခဲ့တယ်။ မောင်ကတော့ အရင်လိုပါပဲ ... ကျွန်မပြောသမျှကို နှုတ်ဆိတ်ခေါင်းငုံပြီး သည်းခံနေခဲ့တာပဲ။

အဲဒီလိုနဲ့ ( ၂ ) နှစ်လောက်ကြာခဲ့ပြီးတော့ နောက်ဆုံး ... မောင် ဘွဲ့ရခဲ့တယ်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြီး နောက်ထပ်ဘွဲ့တစ်ခုယူဖို့ သူ ဆုံးဖြတ်ခဲ့တယ်တဲ့လေ။ မောင် ကျွန်မဘေးနားက ထွက်မသွားခင် မောင် ပြောခဲ့တဲ့ စကားတွေကို ကျွန်မ အခုထိ အမှတ်ရနေမိသေးတယ်။

ငါ့ကိုယ်ငါ စကားပြော မကောင်းမှန်း ငါသိပါတယ်ဟာ ... ဒါပေမယ့် ငါ့စိတ်ထဲမှာ သေသေချာချာ သိနေတာ တစ်ခုက နင့်ကို တကယ်ချစ်တယ်ဆိုတာပါ ... တကယ်လို့ နင်ခွင့်ပြုနိုင်မယ်ဆိုရင် နင့် ဘဝတစ်ခုလုံးကို ငါစောင့်ရှောက်ခွင့်ရပါရစေလား .... နင့်ရဲ့ မိဘနဲ့ အသိုင်းအဝိုင်းတွေ အတွက် တော့ ငါ့ဘက်က အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုးစားပြီး ရင်ဆိုင်ကြည့်ပါ့မယ်။ နင် ငါ့ကို လက်ထပ် ခွင့်ပြုနိုင်မလား ဟင်.... တဲ့။

မောင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကျွန်မ မောင့်ကို လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။ ကျွန်မရဲ့ မိဘတွေဘက်ကလည်း ကျွန်မတို့နှစ်ယောက်ရဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို မကန့်ကွက်ချင်ကြ တော့လို့ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့ကိစ္စကို သဘောတူခဲ့ကြပါတယ်။ အဲဒါကြောင့်မို့လို့ မောင် ထွက်မသွားခင် သူတို့ ကျွန်မတို့ နှစ်ယောက်ကို စေ့စပ်ပေးဖြစ်ခဲ့ကြတယ်။

မောင် နိုင်ငံခြားကို ရောက်နေတဲ့ အချိန်မှာ ကျွန်မလည်း ကျွန်မရဲ့ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားဖြစ်ခဲ့ တယ်။ အီမေးလ်တွေ ၊ ဖုန်းတွေကနေတစ်ဆင့် ကျွန်မတို့ နှစ်ယောက် ..... တစ်ယောက်ရဲ့ ရင်ခုန်သံကို တစ်ယောက်နားထောင်ရင်းနဲ့ အချစ်ဆိုတာကို အသက်သွင်းခဲ့ကြတယ်။ ဒီအခြေ အနေက ကျွန်မတို့ နှစ်ယောက်အတွက် သိပ်ခက်ခဲမှန်း ကျွန်မတို့သိပါတယ်။ ဘယ်ချစ်သူ မဆို ကိုယ့်ချစ်ရတဲ့သူကို ဘေးနားမှာ ရှိစေချင်ကြတဲ့ သူချည်းပဲလေ။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်လုံး ဒီအခြေအနေကို ဘယ်တော့မှ အရှုံးမပေး ခဲ့ကြပါဘူး။

ကံကြမ္မာဆိုတာ တစ်ခါတစ်ခါကျရင် သိပ်ကို ဆန်းကြယ်လွန်းလှပါတယ်။ အဲဒီ့ကံကြမ္မာက တစ်ခါ တစ်လေကျရင် ကျွန်မ မျှော်လင့်ထားတာတွေထဲက နဲနဲပါးပါးကို ကျွန်မဆီ ယူလာတတ်ပေမယ့် အကြိမ်တော်တော်များများမှာတော့ ကျွန်မလုံးဝမျှော်လင့်မထားတာတွေကို တစ်နင့်တစ်ပိုး ယူလာတတ်ပြန်သေးတယ်။ ကျွန်မတစ်သက်မှာ တစ်ခါမှ မျှော်လင့်မထားခဲ့ဘူးတဲ့ ကံကြမ္မာဆိုးတစ်ခု အဲဒီ့နေ့က ကျွန်မဆီရောက်လာခဲ့တယ်။ ကျွန်မ ရုံးကိုသွားတဲ့ လမ်းမှာပေါ့။ ထိန်းချုပ်မှု နဲ့ ဦးတည်ရာဆိုတာကို လမ်းပြရဲတစ်ယောက်ရဲ့ မျက်စိအောက်ကို ရောက်မှ နားလည်တတ်တဲ့ ... လူတစ်ယောက်ရဲ့ ကားတစ်စီးကြောင့် ကျွန်မဘဝတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရတယ်။ ကျွန်မသတိရလာတော့ ဆေးရုံပေါ်မှာ။ကျွန်မကုတင်ဘေးနားမှာ ကျွန်မရဲ့ မိဘတွေကို ကျွန်မမြင် နေရတယ်။ ကျွန်မကိုယ် ကျွန်မ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီဆိုတာ ကျွန်မသိလိုက်ပါပြီ။ ကျွန်မ မေမေကျနေတဲ့ မျက်ရည်တွေကို ကျွန်မကြည့်ပြီး ... ကျွန်မလေ ... မေမေ့ကို နှစ်သိမ့်ပေးချင်လိုက်တာ။ ကျွန်မပါးစပ်က မေမေ့ကို နှစ်သိမ့်ဖို့ စကားပြောလိုက် မိတယ်လို့ ကျွန်မထင်ပေမယ့် တကယ်တော့ ဘာစကားသံမှ ထွက်မလာဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ တကယ်တော့ ကျွန်မပါးစပ်က ထွက်သွားတာ ကျွန်မစကားပြောနေတယ်ဆိုတာကို သိသာစေယုံ သင်္ကေတ လောက်တင်ပါပဲ ..........

ကျွန်မရဲ့ အသံတွေ ကွယ်ပျောက်ခဲ့ပြီလေ။ ............

ခေါင်းကို ထိရိုက်ခဲ့တဲ့ ပြင်းထန်တဲ့ ထိခိုက်မှုကနေတစ်ဆင့် ကျွန်မစကားသံတွေ ကွယ်ပျောက် သွားခဲ့တာလို့ ဆရာဝန်က ပြောပြခဲ့ပါတယ်။ ဖေဖေ နဲ့ မေမေပြောနေတဲ့ နှစ်သိမ့်အားပေးစကား တွေ ကျွန်မကြားနေရပေမယ့် ကျွန်မအတွက်တော့ ဘာမှ ထူးခြားမလာတော့ပါဘူး။ ကျွန်မ ဘဝက သေဆုံးခဲ့ပြီလေ။ ...........

ဆေးရုံမှာ နေနေရတဲ့ အချိန်တိုင်းမှာ ကျွန်မဘေးနားမှာ အမြဲလိုလိုရှိနေတာကတော့ အသံမထွက်ကြတော့တဲ့ ရိှုက်ငိုသံတွေနဲ့ လူတချို့ရဲ့ ဂရုဏာမျက်ဝန်းတွေပါပဲ။ စက္ကန့် တိုင်း စက္ကန့်တိုင်းမှာ ဒီ ရိှုက်သံတွေနဲ့ပဲ ကျွန်မ အဖော်ပြုနေခဲ့ရတယ်။ ဆေးရုံကဆင်းပြီး အိမ်ကို ပြန်ရောက်လာခဲ့ပေမယ့် အရာအားလုံးက ကျွန်မအတွက်တော့ အရင်တုန်းကလိုပါပဲ။ တယ်လီဖုန်းသံတစ်ခုက လွဲရင်ပေါ့။ ဖုန်းသံတစ်ချက် မြည်လိုက်တိုင်းမှာ ကျွန်မရဲ့ နှလုံးသားတွေ အစိတ်စိတ်အမွှာ ကြေမွကွဲထွက်သွားသလို ကျွန်မ ခံစားရတယ်။ ကျွန်မရဲ့ အခြေအနေအမှန်ကို ကျွန်မ မောင့်ကို မသိစေချင်ပါဘူး။ မောင့်အတွက် ကျွန်မ ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေချင်ဘူးလေ။ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချပြီး မောင့်ဆီကို စာတစ်စောင်ရေးဖြစ်ခဲ့တယ်။

ကျွန်မ သူ့ ကို နောက်ထပ် ထပ်ပြီး အကြာကြီး မစောင့်နိုင်တော့ဘူးလို့ .... ။

မောင်ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ကို ကျွန်မ မောင့် ဆီကို ပြန်ပို့ပေးခဲ့ပါတယ်။ ကျွန်မလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်ရဲ့ အကျိုးရလဒ် အဖြစ် မောင့်ဆီက အရေမတွက်နိုင်တဲ့ ပြန်စာတွေနဲ့ တယ်လီဖုန်းသံတွေ ကြားခဲ့ရတယ်။ ဒါပေမယ့် ကျွန်မဘာတတ်နိုင်တော့မှာလဲ .... ငိုရမယ် ...

ငိုပြီးလည်း ထပ်ငိုရဦးမယ် ...

ကျွန်မတတ်နိုင်တာ မျက်ရည်တွေပဲ ကျန်တော့တယ်လေ။ ...

ကျွန်မ အရာအားလုံးကို မေ့ပျောက်ပြီး ပြန်လည်ပျော်ရွှင်လာဖို့အတွက် ကျွန်မရဲ့ မိဘတွေက နေရာသစ်တစ်ခုကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နေရာသစ်မှာ ကျွန်မအတွက် အသံမဲ့ ဘာသာစကားကို ကျွန်မသင်ကြားခဲ့ပြီး ကျွန်မရဲ့ ဘဝသစ်ကို ကျွန်မ အစပျိုးခဲ့တယ်။ အဲဒီ့ရက်တွေတိုင်းမှာ တစ်နေ့ကျရင်တော့ မောင့်ကိုမေ့သွားမှာပါလို့ ကျွန်မကိုယ်ကျွန်မ အထပ်ထပ် ပြန်ပြောနေရင်းနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်မရဲ့ သူငယ်ချင်းတွေ ကျွန်မဆီရောက်လာကြပြီး မောင် ပြန်ရောက်နေပြီလို့ ကျွန်မကို ပြောပြကြတယ်။ ကျွန်မ ဘာဖြစ်ခဲ့တယ်ဆိုတာ မောင့် ကို လုံးဝမပြောပြကြဖို့ သူငယ်ချင်းတွေကို ကျွန်မပြောထားခဲ့ပြီးသားလေ။ အဲဒါကြောင့်မို့လို့ သူ့အကြောင်းတွေကိုလည်း ကျွန်မသိဖို့ မလိုတော့ပါဘူး။

နောက်ထပ် တစ်နှစ်လောက်ကြာပြီးတော့ ကျွန်မရဲ့ သူငယ်ချင်းတွေ ကျွန်မဆီ နောက်တစ် ခေါက် ထပ်ရောက်လာကြပြန်တယ်။ စာအိတ်လေးတစ်အိတ်နဲ့ တူတူပေါ့။ စာအိတ်လေးထဲမှာ ပါလာတာကတော့ မောင့်ရဲ့ လက်ထပ်ပွဲအတွက် ဖိတ်စာပါပဲ။

ကျွန်မရင်တစ်ခုလုံး တစ်စစီ လွင့်စင်ကြေမွ သွားရတော့မလိုပါပဲ။ ဖိတ်စာစာရွက်ကို ကျွန်မ ဖွင့်ကြည့်လိုက်တော့ ကျွန်မလုံးဝမျှော်လင့် မထားခဲ့မိတဲ့ နာမည်တစ်ခု။ သတို့သမီး နေရာမှာ ...............

ကျွန်မ နာမည်ပါလား။

ဘာတွေဘယ်လို ဖြစ်ကုန်ကြတာလဲ။ သူငယ်ချင်းတွေကို မေးဖို့ ခေါင်းမော့ကြည့်လိုက်မိတဲ့ အချိန်မှာတော့ ကျွန်မသူငယ်ချင်းတွေ မရှိကြတော့ပါဘူး။သူတို့တွေရဲ့နေရာမှာ ကျွန်မအနှစ်နှစ်အလလက စောင့်မျှော်နေခဲ့ရတဲ့ ကျွန်မချစ်ရတဲ့ သူ။ ကျွန်မရဲ့ ချစ်သူ။ မောင် ကျွန်မ ရှေ့မှာ ရောက်နေပြီလေ။ စကားမပြောနိုင်ကြတဲ့ လူအချင်းချင်းသာ မှာသာသုံးကြတဲ့ အသံမဲ့ ဘာသာစကားလို့ ခေါ်တဲ့ လက်ချောင်းလေးတွေကနေပြောတဲ့ စကားပြောနည်းကို သုံးပြီး မောင် ကျွန်မကို စကားတွေပြောပြတယ်။

ငါ ဒီအသံမဲ့ ဘာသာစကားပြောနည်းကို တတ်ဖို့ တစ်နှစ်လောက် အချိန်ပေးနေခဲ့ရလို့ပါ။ ပြီးတော့ ငါတို့နှစ်ယောက် လက်ထပ်ဖို့ ကတိထားခဲ့ကြတာကို ငါဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးဆိုတာ နင့်ကို သိစေချင်တယ်။ ခွင့်ပြုနိုင်မယ်ဆိုရင် နင့်ရဲ့ ပျောက်ဆုံးသွားတဲ့ စကားသံတွေရဲ့ နေရာမှာ ငါရပ်တည်ပေးပါရစေ။ နင့်ကိုငါ အရမ်းချစ်ပါတယ် ...... တဲ့။

ကျွန်မ ရပ်တည်နေတာ ပစ္စုပ္ပန်မှာလား။ အတိတ်မှာလား ... ဒါမှမဟုတ် မောင်နဲ့အတူ လျှောက် လှမ်းရတော့မယ့် အနာဂတ်ထဲမှာလား။ ကျွန်မ ဘာတစ်ခုကိုမှ နားမလည်နိုင်တော့ပေမယ့် အနှစ်နှစ်အလလက တမ်းတခဲ့ရတဲ့ မောင့်ရင်ခွင်ထဲကို နောက်တစ်ခေါက် နားခိုခွင့်ရခဲ့တယ်။

မောင်မကြားရပေမယ့် ကျွန်မ ပါးစပ်က မောင့်ကို တိုးတိုးလေး ပြောခဲ့မိပါတယ်။

မောင့်ကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်မလည်း မောင့်ကို အရမ်းချစ်တယ်။ လို့ ....

ပြီးတော့ မောင် ကျွန်မရဲ့ လက်မှာ ကျွန်မသူ့ကို ပြန်ပေးခဲ့တဲ့ စေ့စပ် လက်စွပ်လေး ကို နောက်တစ်ကြိမ် ပြန်ဝတ်ပေးခဲ့ပါတယ်။ အချစ်တစ်ခုရဲ့ သိမ်မွေ့မှုကို ကျွန်မအခုတော့ ကောင်းကောင်းနားလည် ခဲ့ပါပြီ။ အဓိပ္ပါယ်ဖွင့်ဆိုထားကြတဲ့ အချစ်ရဲ့ definition တွေ အများကြီးရှိပေမယ့် ကျွန်မအတွက်တော့ တစ်ခုတည်းပါပဲ။

မောင်ဟာ ကျွန်မ ဘဝအတွက် ဘယ်တော့မှ အဓိပ္ပါယ်ဖွင့်လို့ မပြည့်စုံနိုင်တော့တဲ့ definition တစ်ခုလို့ကျွန်မပြောခဲ့မယ်ဆိုရင် ရှင်တို့ အံ့သြနေကြမှာလား ....

မှတ်ချက် .... smilez_22 ရေးသားသော A Silent Love အား ဘာသာပြန်၍ ကိုယ်ပိုင် စာကြောင်းတစ်ချို့ဖြင့် ပေါင်းစပ်ခံစားရေးသားခဲ့ပါသည်။

Valentine

ကျွန်တော်ခံစားမိတဲ့ သီချင်းလေး တစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်။ သီချင်းလေး နာမည်က Valentine ပါ။ ဆိုထားတဲ့ သူက Martina McBride ပါ။ သီချင်းလေးထဲက စာသားတွေကို သီချင်းနားထောင်ရင်း ခံစားလို့ရအောင် ကျွန်တော် တိတိကျကျကြီး မဟုတ်ပဲ အနီးစပ်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်။ သီချင်းလေးနားထောင်ရင်းနဲ့ စာသားတွေကို ခံစားကြည့်ရင် ဒီသီချင်းလေးထဲက ပြောပြချင်နေတဲ့သိပ်ချစ်မိနေ တဲ့ သူတစ်ယောက်အကြောင်းကို နားလည်နိုင်လာကြမယ် ထင်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ တကယ်ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ကျွန်တော်တို့တွေ မျက်စိနဲ့ မြင်လို့မရ၊ ဖမ်းဆုပ်ပြလို့ မရနိုင်ပေမယ့် အချစ်ဆိုတာ ခံစားမှုအားလုံးထဲက အနူးညံ့ဆုံး စိတ်ခံစားမှု တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ငယ့်ကို သိပ်ချစ်တယ် လေ။ ဒီသီချင်းက သူ့အတွက်ပေါ့။



မျက်မှောက်ခေတ်ရဲ့ Country သီချင်းသီဆိုသူတွေထဲမှာ လူသိများတဲ့ Martina McBride ဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ စတင်ကျော်ကြားလာခဲ့ပြီး ပုံမှန်လမ်းရိုးအတိုင်း လျောက်လှမ်းနေရာ ကနေ နောက်ပိုင်းမှာ သူ့ကို Pop ဂီတလောက နယ်ပယ်မှာပါ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။ Martina McBride ကို အမေရိကန်နိုင်ငံ Sharon, Kansas မှာ သူ့မိခင်ဖြစ်သူ Martina Mariea Schiff က July 29, 1966 မှာ မွေးဖွားခဲ့ပါတယ်။

သူမဟာ Country သီချင်းတွေကို သူ့ဖခင်ဖြစ်သူ Schifters နဲ့ တူတူ စတင်ထိတွေ့ခဲ့ဖူးတာ ဖြစ်ပြီး သူ့ဖခင်ဖြစ်တဲ့သူကလည်း အဲဒီ့ အချိန်တုန်းက Music band တစ်ခုကို ဦးစီးဦးဆောင် ပြုနေတဲ့သူလည်း ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ Martina McBride ဟာ အသက် ၁၃ နှစ် ပတ်ဝန်းကျင်ကတည်းကနေစပြီး သူ့ဖခင်ဖြစ်သူ Schifters နဲ့တူတူ ကီးဘုတ်တီးခတ်မှုနဲ့ တေးသီချင်းသီဆိုမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်း ပြီးတဲ့နောက်မှာ Martina McBride ဟာ Music Band ပေါင်းမြောက်များ စွာနဲ့ သူ့မွေးရပ်ဒေသ ပတ်ဝန်းကျင် နေရာ တော်တော်များများမှာ ဖျော်ဖြေဖြစ်ခဲ့ပါတယ်။

သူမဟာ သူ့ရဲ့လက်တွဲဖော်အဖြစ် John McBride ကို ရွေးချယ် လက်ထပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာပဲ Nashville ကို ပြောင်းရွေ့နေထိုင် အခြေချခဲ့ကြပါတယ်။ သူ့ရဲ့ ပွဲဦးထွက် အခွေအဖြစ် The Time Has Come ကို ၁၉၉၂ ခုနှစ်မှာ စတင် ဖြန့်ချီခဲ့ပြီး အဲဒီ့အခွေရဲ့နောက်မှာ The Way That I Am နဲ့ My Baby Loves Me အခွေကိုပါဆက်လက် ဖြန့်ချီခဲ့ပါတယ်။ အဲဒီ့အထဲက My Baby Loves Me အခွေဟာ နိုင်ငံရဲ့ အရောင်းရဆုံး အခွေစာရင်းမှာ နံပါတ် ( ၂ ) နေရာကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ နောက်မှာ Independence Day နဲ့ နောက်ထပ် တစ်ကိုယ်တော်ခွေ Life #9 ပါထွက်ရှိခဲ့ပြီး Life #9 ဟာ အရောင်းရဆုံး Top Ten စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။


If there were no words
No way to speak
I would still hear you

If there were no tears
No way to feel inside
I'd still feel for you

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
You're all i need
My love, my valentine

All of my life
I have been waiting for
All you give to me
You've opened my eyes
And showed me how to love unselfishly

I've dreamed of this a thousand times before
In my dreams i couldnt love you more
I will give you my heart
Until the end of time
You're all i need
My love, my valentine

La da da
Da da da da

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
Cuz all i need
Is you, my valentine

You're all i need
My love, my valentine

KznT.

Related Posts