What is the difference between Chrome and Chromium ?

Google Chrome ကို ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြပြီ - Browsers လောကမှာ သူ့ရှေ့က အိုမင်းရွတ်တနေတဲ့ Browsers ပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီး January 2011 မှာ အမြန်ဆုံး - အပေါ့ဆုံး - အပြစ်အကင်းဆုံး နဲ့ ကမ္ဘာ့လူသုံးအများဆုံး တတိယမြောက် Browser တစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါပြီ - အဲ့တော့ Google Chrome ကို သိပြီဆိုကြပါစို့ - 
( ၁ ) သူ့နောက်ကွယ်ကနေပြီး သူ့ရဲ့ ရပ်တည်မှုကို ယိုင်လဲမကျအောင် အဓိက ပံ့ပိုးပေးနေတဲ့ ဇာတ်ရံနေရာရောက် အဓိက ဇာတ်ဆောင်မင်းသား Open-source browser "Chromium" ဆိုတာကော ကြားဖူးကြပါရဲ့လား ??

( ၂ ) ကြားဖူးတယ်ဆိုရင် Google Chrome နဲ့ Chromium က ဘာတွေ ကွာသလဲ ?? ဘယ်ဟာတွေ ဘယ်လိုကွာပြီး တစ်ခုချင်းစီမှာ ဘာတွေများ အားသာချက် အားနည်းချက်တွေ ရှိနေသလဲ ??

( ၃ ) တကယ်လို့ Google က Chromium team ရဲ့ code ကို ယူသုံးနေတာဆိုရင် ဘာလို့များ Chromium team က အပင်ပန်းခံပြီး ဒီ project ကို လုပ်နေရတာလဲ ??

( ၄ ) Open-source browser ဆိုတဲ့ သဘောကိုရော နားလည်ခ့ဲကြပြီလား ??

The Chromium Projects


Chromium project ဟာ တကယ်တော့ Google Chrome browser နဲ့ Google Chrome OS နဲ့ နောက်ကွယ်က သိပ်ချီးကျူးစရာကောင်းတဲ့ Open-source project တစ်ခုပါ - September 2008 ခုနှစ်မှာ Google ကနေပြီး V8 JavaScript engine အပါအဝင် - Chrome အဖြစ် နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် Google Chrome ရဲ့ Source Code တွေထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို Open-source project "Chromium" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ခွဲထုတ်ခဲ့ပါတယ် - ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က Chrome projects ထဲမှာ မပါဝင်တဲ့ ပြင်ပက third-party developers တွေကို Chrome မှာပါတဲ့ Code ရဲ့ အားနည်းချက်တွေ လေ့လာပြင်ဆင်နိုင်အောင်နဲ့ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Open-source projects တွေရဲ့ အကြောင်းကို တကယ်တော့ အရင်က ကျွန်တော် လုံးလုံးကို သဘောမပေါက်ခဲ့ဘူး - Ubuntu သုံးဖြစ်ခဲ့ပြီးနောက်ပိုင်း Open-source နဲ့ ထိတွေ့ပါများလာတဲ့ နောက်ပိုင်းမှသာ Open-source projects တွေရဲ့ သဘောကို နားလည်လာခဲ့မိတယ် - Open-source project ဆိုတာ မြင်သာအောင် နိှုင်းရရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ - သူတို့တွေမှာ ရယူလိုစိတ် မရှိဘူး - အကျိုးခံစားခွင့်ဆိုတာကို ဘယ်သူမှ ရှေ့တန်းမတင်ကြဘူး - နောက်လာနောင်သားတွေ အကျိုးရှိအောင် အကျိုးဖြစ်ထွန်းအောင် ပံ့ပိုးပေးချင်တဲ့ စိတ်ပဲရှိကြတယ် - တကယ်တော့ လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပရဟိတစိတ်ရှိပါတယ် ပြောပြော - ကိုယ်ကျိုးအတွက် ပြည့်စုံလောက်ပြီ ဆိုတော့မှ တစ်ဖက်လူအတွက် ကြည့်ပေးနိုင်ကြတဲ့သူတွေများတယ် - ကျွန်တော်အပါအဝင်ပဲ - ဒါ့ကြောင့် Open-source project တွေကို ကျွန်တော်ချစ်တယ် - ကျွန်တော်ဟာ Developer တစ်ယောက်မဟုတ်ပေမယ့် "ကိုယ်ကျိုးအတွက် ရှေ့တန်းမတင်ပဲ ခုလို အများကောင်းကျိုးကို ဦးတည်လှုပ်ရှားနေတဲ့ Open-source project" တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်အောင် Ubuntu နဲ့ ပတ်သတ်ပြီး ကျွန်တော်သိခဲ့တဲ့ အခြေခံလေးတွေ မျှဝေပေးခဲ့တယ် - တကယ်တော့ ကျွန်တော်ရေးနေတာတွေဟာ Open-source projects တွေက Developers တွေရဲ့ ပံ့ပိုးမှုနဲ့ နိှုင်းယှဉ်လိုက်ရင် မြူမှုန်လောက်ပါ - Chromium projects ကလည်း ဒီသဘောပါပဲ - သူဟာ ခု Google ကနေ ယူသုံးနေတဲ့ Google Chrome browser ကိုရော - Google Chrome OS ကိုရော Open-source projects အဖြစ်နဲ့ အဦးဆုံး အစပျိုးခ့ဲတဲ့ နေရာပါ - 



Chromium projects မှာ Chromium လို့ ခေါ်တဲ့ Open-source browser နဲ့ Chromium OS လို့ ခေါ်တဲ့ Open-source OS project ဆိုတဲ့ Projects နှစ်ခုရှိပြီး - သူ့ဆီမှာ ရှိတဲ့ Projects နှစ်ခုလုံးက Documentation တွေ Source code တွေကို Developers တွေနဲ့ Code တည်ဆောက်ပုံ လေ့လာလိုသူ မည်သူကိုမဆို လေ့လာနိုင်အောင် Chromium projects က Free တင်မက Open-source အဖြစ်နဲ့ပါ ပေးထားပြီး Chromium projects မှာ ပါဝင်မျှဝေနိုင်လာအောင် ပံ့ပိုးပေးထားပါတယ် - ဒီ Chromium projects မှာ ဘက်ပေါင်းစုံက Developers တွေ ပြင်ဆင်တည်ဆောက်ရာက ရလာတဲ့ Source code ကို Google က ယူပြီး သူ့ အဲ့ဒီ့ Source code က ဟာကွက်တွေကို ထပ်ရှာတယ် - ထပ်ဖြည့်တယ် - Flash Player လေးထည့်တယ် - Google ဆိုတဲ့ Name နဲ့ Logo ကိုတပ်တယ် - GoogleUpdate လို့ ခေါ်တဲ့ auto-updater system လေးထပ်ပေါင်းတယ် - စသဖြင့် တစ်ခြား တိုတိုထွာထွာလေးတွေ ထပ်ဖြည့်ပြီး ခု ကျွန်တော်တို့ သိထားတဲ့ Google Chrome ဆိုပြီး ဖြစ်လာတာပါ - ကျွန်တော် ဒီလို ပြောလိုက်လို့ Google က Chromium projects က ရင်းမြစ်ကို မတရားသဖြင့် ယူသုံးနေတယ်လို့ ဆိုလိုသလို ဖြစ်နေတယ် - ကျွန်တော် အဲ့လို ဆိုလိုတာမဟုတ်ပါဘူး - ဒါတွေအားလုံးက တရားဝင်လုပ်ဆောင်နေကြတာပါ - Chromium projects အဖြစ် စတင်ခဲ့ပေမယ့် Google Chrome ဆိုပြီး အောင်မြင်လာတဲ့ အချိန်မှာ Chromium ကို ဘယ်သူမှ မသိကြတော့ဘူး - သိတဲ့သူတွေကျတော့လည်း Chromium ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး - နောက်ကွယ်က အဓိက ဇာတ်ဆောင်မင်းသား Chromium က ဇာတ်ပို့ တစ်ယောက်အဖြစ်နဲ့ပဲ မထင်မရှားဇနပုဒ်မှာ အရောင်ခပ်မှိန်မှိန်နဲ့ ကျန်နေရစ်ခဲ့ရတယ်။



ဒီလို အဖြစ်အပျက်တွေဟာ Open-source projects တွေတိုင်း ရင်ဆိုင်ကြရတာပါ - ဒါပေမယ့် Chromium ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးခဲ့ကြတဲ့ ဘယ် Developers မှာ ဒါကို မကျေမနပ် မဖြစ်ကြဘူး - သူတို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်က အောင်မြင်ခဲ့တယ်လေ - လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ အရှိန်အဝါနဲ့ ကျော်ကြားမှုကို သူတို့ မပိုင်ဆိုင်ခဲ့ကြရပေမယ့် မြင့်မြတ်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတည်သရွေ့ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့တယ် - ဒါကို ကျွန်တော်တို့က Open-source လို့ ခေါ်ပါတယ်။



Google Chrome ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သူတို့တွေက ခုလို ရှင်းပြခဲ့ကြပါတယ် - 



Google Chrome နဲ့ Chromium ၏ ကွာခြားချက်များ




Photo from fergytech.com


Google Chrome ဟာ End user တွေ အတွက် အဓိက ဦးတည်ပြီး Google က ထုတ်ထားတာ မို့လို့ Freeware ပေးတဲ့ Software sites မှန်သမျှ တိုက်ရိုက် ဒေါင်းလုပ်ချလို့ ရသလို google.com/chrome မှာလည်း တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ် - Chromium ကတော့ Developers နဲ့ Code တွေအကြောင်း လေ့လာလိုသူ - အသစ်အသစ်တွေကို စမ်းသပ်ချင်သူများအတွက် ဦးတည်ချက်ထားတာ မို့လို့ သူ့ရဲ့ မူရင်းဆိုဒ် မှာ End users အတွက် သီးသန့် Build လုပ်ပြီး မြင်သာအောင် တင်ထားပေးတယ် ဆိုတာမျိုး မရှိပဲ - အသုံးပြုချင်ရင် ကိုယ်ကိုယ်တိုင် built or debugged လုပ်ပြီးမှ Chromium ကို သုံးကြရပါတယ်။ ဒါ့ကြောင့် ခြောက်ပစ်ကင်း သဲလည်းစင်ကိုမှ သုံးချင်တဲ့သူ Code အကြောင်းကိုလည်း နားမလည်သူ - အသစ်ကိုလည်း မစမ်းသပ်ချင်သူတွေဟာ End users တွေအတွက် သီးသန့်ထုတ်ထားတဲ့ Google Chrome လို့ ခေါ်တဲ့ Stable ဖြစ်ပြီးသား Versions တွေကို အသုံးပြုဖို့ သင့်တော်ပါတယ် - Open-source browser "Chromium" ကတော့ Code တွေရဲ့ ဖွဲ့စည်းပုံကို နားလည်တဲ့ Developers တွေ - Code တွေရဲ့ တည်ဆောက်ပုံကို လေ့လာလိုသူ Advanced users တွေ - အသစ်အသစ်ဆိုတာတွေကိုမှ စမ်းသပ်လိုသူတွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ် - Google Chrome နဲ့ Chromium ကြားက ဆက်စပ်ပုံအဆင့်ဆင့်ကို အကြမ်းဖျဉ်း လေ့လာရင် အောက်ဖော်ပြပါအတိုင်း အဆင့် လေးဆင့် ထွက်ပါတယ်။


1) Google Chrome (stable)


Users တော်တော်များများက ပြဿနာကင်းပြီး အလုပ်ရှုပ်သက်သာတဲ့ Google Chrome ဆိုတဲ့ Stable channel မှာပဲ နေကြတဲ့သူများတယ် - Stable channel ဆိုတဲ့အတိုင်း Google Chrome ဟာ Beta channel မှာ စေ့စေ့စပ်စပ် စမ်းသပ်ရင်း အားနည်းချက် တစ်ခုခုတွေ့ပြီ ဆိုတာနဲ့ ချက်ချင်းပြင်ပြီး Update လုပ်ပေးနေတယ် - ဒါပေမယ့် Google Chrome ရဲ့ Source code ဟာ Chromium ကို အခြေခံပြီး ပြည့်စုံအောင်တည်ဆောက်ထားတာမို့လို့ latest features တွေ Chromium လောက် ဘယ်တော့မှ မစုံဘူး - ဒါ့ကြောင့် Google Chrome ကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ Stable channel အောက်မှာပဲ နေလို့ ရမယ်။ Chromium browser လောက် latest features တွေ ဘယ်တော့မှ မရနိုင်ဘူး - 

2) Google Chrome beta


သူကတော့ latest features တွေကို သုံးလည်းသုံး - ဖြစ်တဲ့ ပြဿနာလေးတွေကိုလည်း ကူညီ ဖြေရှင်းပေးချင်တယ်ဆိုတဲ့ Users မျိုးတွေ အသုံးပြုသင့်တဲ့ Dev channel ရဲ့အထက် Beta channel အောက်က Versions တစ်မျိုးပါ - ဒါ့ကြောင့် Beta channel မှာ ရှိနေတဲ့ Google Chrome ဟာ Dev channel မှာရှိနေတဲ့ Google Chrome ထက်ပိုပြီး Stable ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။


3) Google Chrome dev


Dev channel ဆိုတာ developer preview channel ကို ဆိုလိုတာပါ - Dev channel မှာ Google Chrome ဟာ new features တွေပါတယ်ဆိုပေမယ့် တော်တော်ကို မတည်မငြိမ် ဖြစ်နေတဲ့ ( unstable ) အနေအထားမှာ ရှိပါတယ် - ဘယ်သူတွေ သုံးသင့်သလဲဆိုရင် Developers တွေ - ဖြစ်တဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းပေးချင်တဲ့ Code အကြောင်းနားလည်သူတွေ - စမ်းသပ်ချင်သူတွေ သုံးနိုင်ပါတယ်။


4) Chromium




သူကတော့ လုံးဝ အသစ်ချပ်ချွတ် - Latest အကျဆုံး features တွေကိုမှ အသုံးပြုချင်သူတွေ - စမ်းသပ်စစ်ဆေးချင်သူတွေ အသုံးပြုနိုင်ပါတယ် - အမြဲ နောက်ဆုံးပြေးနေတဲ့ Versions ဖြစ်နေတာမို့လို့ bug တာတွေလည်း ရှိသလို - Chromium ဟာ Google chrome မှာပါတဲ့ Crash reporting တို့ - PDF support တို့ - Google updater တို့ ... စသဖြင့် ပါမှာ မဟုတ်ပါဘူး - ဒါပေမယ့် သိထားဖို့ ကောင်းတာ တစ်ခုက Chromium ဟာ အခု Version 11.0.662.0 (73953) ကို ရောက်နေပြီ - Google Chrome က လတ်တလော နောက်ဆုံး Beta တောင် ခုမှ 10.0.648.18 ပဲ ရှိပါသေးတယ်။

Open-source browser "Chromium" အား အသုံးပြုခြင်း 


Open-source browser "Chromium" ကို Open-Source ဖြစ်တဲ့ Ubuntu နဲ့ တစ်ခြား Linux distros တွေမှာတော့ Software center တွေကနေ တိုက်ရိုက် သွင်းယူလို့ ရပေမယ့် Windows မှာ သုံးချင်ရင်တော့ ရှာရခက်ပါတယ် - Chromium ကို သုံးချင်ရင် ကိုယ့်ဘာသာ Build လုပ်ပြီး သုံးရမယ်လို့ ကျွန်တော် အထက်မှာ ပြောခဲ့ပေမယ့် Build လုပ်ပြီးသား .exe ကို အသင့်ယူသုံးနိုင်တဲ့ နေရာတွေ ရှိပါသေးတယ်။

ကိုသွားပါ။




အထက်က ပုံမှာ ဖော်ပြထားတဲ့ အတိုင်း chromium-rel-xp/ ကို ဆက်ဝင်ပါ -



Last modified ကိုနှိပ်ပြီး Latest ဆိုတာရဲ့ အောက်က နောက်ဆုံး folder ထဲကို ဆက်ဝင်ပါ -



အောက်ဆုံးမှာ ရှိနေတဲ့ mini_installer.exe ကို Download ချပြီး စက်မှာ တင်လိုက်ပါ - 



ဒါဆို အောက်ဖော်ပြပါအတိုင်း Google chrome နဲ့ အပြိုင် Open-source browser "Chromium" ကို စက်မှာ သုံးလို့ ရပါပြီ။ 




ခုဖော်ပြခဲ့သလောက်ဆိုရင် Google Chrome ရဲ့ သမိုင်းဖြစ်ရပ်တစ်ချို့ - Chromium ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ Open-Source ရဲ့ သဘောသဘာဝကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ 

KznT.

Google Chrome and Mouse middle button shortcuts

ကျွန်တော်တို့ Mouse ကို ဘာအတွက် သုံးနေကြသလဲ ??


ကျွန်တော်အရင်က သိပ်မစဉ်းစားမိဘူး - ကွန်ပြူတာ စသုံးခါစက ကွန်ပြူတာနဲ့ တွဲပါလာလို့ သုံးတယ်လို့ပဲ မှတ်ထားတာ  - ဘယ်လောက်ထိ တုံးသလဲ ဆိုရင် Mouse ကွန်ပြူတာမှာ တပ်ထားတာ မတွေ့ရင် ဘာမှကို မလုပ်တတ်တော့တဲ့ အဆင့်ထိပဲ -  - တကယ်ကို အဲလို ဖြစ်ခဲ့ဖူးတယ် - တစ်ခါတစ်လေ ရုပ်တည်ကြီးနဲ့ ကိုယ့်လောက်မသိသေးတဲ့ သူတစ်ယောက်ယောက် မေးလာရင် သူ့ကွန်ပြူတာမှာ Mouse မပါလာတဲ့ အခါ - Mouse မှ မပါလာတာ ကျုပ် ဘယ်လိုလုပ်ပေးလို့ ရမှာလဲ ဆိုပြီး အတည်ပေါက်နဲ့ ဟောက်ခဲ့ဖူးသေးတယ် ( ဆိုလိုတာ ကိုယ့်အပြစ်မဟုတ်ဘူး သူ့ကွန်ပြူတာ အပြစ်ပေါ့ )  ဒီလောက်ဆို ကျွန်တော် ဘယ်လောက်ထူသလဲ သိလောက်ပြီ 
တကယ်တော့ ကွန်ပြူတာမှာ လည်ပတ်ပေးနေတဲ့ ကိစ္စရပ်တော်တော်များများက Mouse မပါပဲနဲ့လည်း စီမံခန့်ခွဲလို့ ရတယ် - ကျွန်တော်တို့က Mouse ကြီး ဘေးနားမှာ ရှိနေလို့သာ Keyboard shortcuts ဆိုတာတွေကို စိတ်မဝင်စားပဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတာ - တကယ်က အဲလို မဖြစ်သင့်ဘူး - Mouse ကို ကျွန်တော်တို့ အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က OS ထဲမှာဖြစ်ဖြစ် - အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန်မှာဖြစ်ဖြစ် - လုပ်ဆောင်စရာ ရှိတဲ့ ကိစ္စရပ်တွေကို မြန်မြန်မှန်မှန်နဲ့ အချိန်ကုန် သက်သာအောင် စီမံခန့်ခွဲနိုင်စေဖို့ပါ - OS ထဲမှာ ဆိုရင်လည်း Mouse မပါပဲ သုံးလို့ရအောင် ဖန်တီးပေးထားပြီးသား Keyboard shortcuts တွေ အပြည့်အစုံ ရှိသလို - တစ်ခြား Apps တွေမှာလည်း သူ့စွမ်းဆောင်ရည်နဲ့သူ အသင့် ပြင်ဆင်ပေး ထားပြီးသား Keyboard shortcuts တွေ အပြည့်ရှိပါတယ် - ဒါပေမယ့် Keyboard shortcuts ဆိုတာ သိထားဖို့သာ သင့်တာ တကယ်တမ်း သုံးရင် လက်ပေါက်ကပ်တာတော့ အမှန်ပဲ - တစ်ချို့နေရာတွေမှာ Keyboard shortcuts ကို သုံးရင် Mouse ထက် လုပ်ဆောင်ချက် ပိုသွက်ပေမယ့် - တစ်ချို့နေရာတွေမှာ ကျတော့ Mouse နဲ့ မသုံးရင် လုပ်ဆောင်ချက်တစ်ခု ပြီးနိုင်ဖို့ နာရီနဲ့ ချီပြီး ကြာသွားတတ်ပါတယ် -


အဲ့တော့ လူသိပ်စိတ်မဝင်စားတဲ့ Keyboard shortcuts တွေအကြောင်း နောက်ထားပြီး အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန် Google Chrome နဲ့ အတူ လုပ်ဆောင်ချက်တွေ စီမံခန့်ခွဲရာမှာ မှန်မှန်နဲ့ မြန်မြန် ပြီးနိုင်မယ့် Mouse အကြောင်းလေး ရေးချင်မိပါတယ် - 

Google Chrome browser နှင့် Mouse ၏ စွမ်းဆောင်ရည်များ

Mouse လို့ ပြောလိုက်ရင် ကျွန်တော်တို့ အားလုံးနီးပါးက Left click - Right click ဒီလောက်ပဲ အသုံးများတော့ တစ်ခြား click တွေအကြောင်း မစဉ်းစားမိကြဘူး - ကျွန်တော်တို့ နောက်ထပ် သိထားဖို့လိုတဲ့ Click တစ်မျိုး ကျန်ပါသေးတယ် - ဥပမာ ပြရရင် Middle click / Middle mouse button / Mousewheel



Mouse တစ်ခုမှာပါတဲ့ Middle button က Google Chrome browser မှာ ဘာသုံးလို့ ရမလဲ ??


Google Chrome browser မှာ Mouse ရဲ့ Middle buttom ကို သုံးမယ်ဆိုရင် သာမန် သုံးနေကျ Right click ရဲ့ လုပ်ဆောင်ချက်ထက်တွေထက် Click ပေးရတာ နှစ်ဆ ပိုသက်သာပါမယ်။ Google Chrome browser မှာ အသုံးပြုနိုင်မယ့် Mouse တစ်ခုရဲ့ Middle button shortcuts စာရင်းကို အောက်မှာ လေ့လာကြည့်ပါ -



( ၁ ) Google Chrome နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတစ်ခုခုပေါ်က Links တွေပေါ်မှာ Middle button လို့ခေါ်တဲ့ ( နောက်တစ်မျိုးအခေါ် Mousewheel ) ကို Click ပေးရင် အဲ့စာမျက်နှာဟာ New tab အဖြစ်နဲ့ Background မှာပွင့်ပါလိမ့်မယ်။ တကယ်လို့ Links ပေါ်ကို click ပေးတဲ့အချိန်မှာ Middle button အပြင် Shift key ကိုပါတွဲပြီးနှိပ်ထားရင်တော့ အဲ့စာမျက်နှာကို new tab မှာ ဖွင့်ပေးတဲ့အပြင် အဲ့စာမျက်နှာရှိရာဆီကိုပါ တစ်ခါတည်း တွဲခေါ်သွားပါလိမ့်မယ်။




( ၂ ) Menu buttons တြွေဖစ်တဲ့ forward, back, refresh, home buttons တွေကိုလည်း Middle mouse button / Mousewheel နဲ့ click ပေးပြီး New tab အဖြစ်နဲ့ Background မှာပွင့်အောင် စေခိုင်းလို့ ရပါတယ်။ 




( ၃ ) Google Chrome browser မှာ ဖွင့်ထားတဲ့ tabs တွေကို Middle mouse button / Mousewheel နဲ့ click ပေးပြီး ပိတ်ပစ်လို့ ရပါတယ်။ 




( ၄ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်မှာ Ctrl key ကို နှိပ်ထားပြီး Mousewheel ကို ရှေ့ဘက်ကို လှိမ့်ရင် Web စာမျက်နှာက သေးသေးကွေးကွေး အကြောင်းအရာတွေ ကို အကျယ်ချဲ့ပြီး မြင်ရပါလိမ့်မယ်။ သူ့ ပြောင်းပြန် Ctrl key ကို နှိပ်ထားပြီး Mousewheel ကို နောက်ဘက်ကို လှိမ့်ရင် Web စာမျက်နှာပေါ်က ကြီးကြီးမားမား စာလုံးတွေ/အကြောင်းအရာတွေ သေးသေးကွေးကွေး ဖြစ်သွားပါလိမ့်မယ်။




( ၅ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်က လွတ်တဲ့ တစ်နေရာမှာ Middle mouse button / Mousewheel ကို နှိပ်ရင် Auto scrolling ဖြစ်ပါတယ် - တစ်ချိန်လုံး Mousewheel ကြီးကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ဖို့ မလိုတော့ဘူးပေါ့ - တကယ်လို့ အထက်အောင် Vertically သွားချင်တာ မဟုတ်ပဲ မျက်နှာစာကျယ်တဲ့ Webpage တွေမှာ အလျားလိုက် Horizontally သွားချင်တာ ဆိုရင် Shift ကို နှိပ်ထားပြီး Mousewheel ကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ပါ - ဒါဆို ဘေးဘယ်ညာ သွားပါလိမ့်မယ် - 




Google Chrome browser နဲ့ ပတ်သတ်တဲ့ Keyboard shortcuts တွေအကြောင်း လေ့လာချင်ရင်တော့ ဒီနေရာကနေသွားရောက်လေ့လာနိုင်ပါတယ်။ 

KznT.

Peace with Nature

တစ်ခါတစ်လေ ဘာမှ မလုပ်ချင်တော့လောက်အောင် ဖြစ်မိတယ် - Home sick တော့ မဟုတ်တော့ပါဘူး - အဲ့အဆင့်တွေက လွန်ခဲ့ပြီလေ - ကြာပဲ ကြာပြီပဲ - ဖြစ်နေတာက မြင်နေကျ အရာတွေ မမြင်ချင်တာ - တွေ့နေကျအရာတွေ မတွေ့ချင်တာ - ကြားနေကျ အသံတွေ မကြားချင်တာ - Facebook စာမျက်နှာကို မတွေ့ချင်သလို - Email notifications တွေလည်း မမြင်ချင်ဘူး - Incoming calls တွေလည်း မလိုချင်သလို - နေ့တိုင်း နှုတ်ဆက်နေရတဲ့ Homepage ကိုလည်း အသစ်လဲရပါ များလွန်းလို့ ကွန်ပြူတာဆိုတဲ့ အကောင်ကိုပါ နားရွက်ကနေ ဆွဲမ ပြူတင်းပေါက်ကနေ ခြေထောက်နဲ့ နောက်ပြန်ဆောင့်ကန်ချလိုက်ချင်ပြီ ( ရှေ့လှည့်ပြီး ကန်ရင် သနားတာနဲ့ မကန်မိမှာစိုးလို့  )- ဒါမှမဟုတ်လည်း ထက်ဝက်ဖြတ်ရင်ဖြတ် -

Photo from cartoonstock.com


အဲလို ဖြစ်တာကို တစ်ချို့က Stress လို့ ခေါ်ကြတယ် - ဟုတ်မယ် ကျွန်တော်လည်း Stress တွေများနေတာဖြစ်မယ် - ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး - ကျွန်တော့်လို ဖြစ်နေမယ့် မိသားစုဝင်တွေလည်း ရှိကောင်းရှိမှာပဲ - အဲ့လို ဖြစ်နေမယ့် မိသားစုဝင်တွေ အတွက် ဖြေဖျောက်နည်း တစ်ချို့ ကျွန်တော်ရှာတွေ့ထားတာ ရှိတယ် - ကျွန်တော် သဘောကျပေမယ့် လူတိုင်းတော့ သဘောကျမယ်/မကျဘူး ကျိန်းသေ မပြောနိုင်ဘူးပေါ့ - ဒါပေမယ့် ဒီနည်းလေးတွေက အရမ်းရိုးပြီး ချစ်ဖို့ ကောင်းတယ် - ကျွန်တော်ဖော်ပြမယ့် နည်းတွေထဲမှာ သီချင်း နားထောင်ခိုင်းမှာတွေ မပါဘူး - ဗွီဒီယိုတွေ မကြည့်ခိုင်းဘူး - ပုတီးလည်း စိတ်မခိုင်းသလို - တရားလည်း မထိုင်ခိုင်းဘူး - 


ကျွန်တော်တို့တွေ သဘာဝကို ခံစားကြမှာပါ -

သဘာဝတရားဖြင့် ငြိမ်းချမ်းမှု ရှာဖြွေခင်း


ကျွန်တော် အိမ်နဲ့ခွဲပြီး တစ်ယောက်တည်း နေလာတာ ( ၁၂ ) နှစ်လောက်ရှိပြီ - တစ်ယောက်တည်း နေလာတာ များတော့ အားလုံးကထုံနေသလိုပဲ - ဘယ်အရာကမှ ထူးပြီး ကျွန်တော့်ကို ခံစားချက် အသစ် ဆိုတာမျိုး မပေးနိုင်တော့ဘူး - ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိတယ်ဗျ - အဲ့တာက သဘာဝတရား - ဥပမာ ပြောရရင် မိုးတွေအုံ့လာရင် ကျွန်တော် တစ်ခုခုကို လွမ်းသလို ဖြစ်တတ်တယ် - မိုးတွေ သည်းသည်းမဲမဲ ရွာရင်ကျတော့ ပျော်နေတတ်ပြန်ရော - နေပူရင်ကျတော့ ကျွန်တော် ဒေါသထွက် တယ် - နှင်းတွေကျရင် တစ်ခါတစ်လေ စိတ်ညစ်ပြီး တစ်ခါတစ်လေ သူတို့ကို ချစ်တယ် - အဲ့တာကြောင့် လူတစ်ယောက်ရဲ့ စိတ်ကို အလွယ်တကူ အမြဲ အသွင်ပြောင်းစေနိုင်တာ သဘာဝတရားလို့ ကျွန်တော် ယုံကြည်မိတယ် - ကိုယ့်စိတ်ကို ကိုယ်သတိထားမိလာတဲ့ အခါကျတော့ လူတွေဖန်တီးထားမှုကြောင့် ဖြစ်လာတာ မဟုတ်တဲ့ သဘာဝတရားရဲ့ အလိုလျောက်ဖန်တီးမှုတွေကို ကျွန်တော် ချစ်တတ်လာတယ် - လမ်းလျှောက်ရင် ကတ္တရာလမ်းတွေ လူသွားလမ်းတွေပေါ်က မလျှောက်ပဲ မြေကြီးသားရှိတဲ့ ဘက်ကနေ သွားလျှောက်တယ် - ဘာလို့လည်းဆို ကတ္တရာလမ်းတို့ လူသွားလမ်းတို့ဆိုတာ ခြေထောက်ချလိုက်ရင် ကျွန်တော့်ကို ဘယ်တော့မှ အလိုက်သင့် မကြိုဆိုကြဘူး - မတတ်သာလို့ စာအုပ်ထုတ်ဌားရတဲ့ စာကြည့်တိုက်က အသားခပ်မဲမဲ ကုလားမလိုပဲ - သူ့ကြိုဆိုပုံက မာခြောက်ခြောက်ကြီးလို့ ကျွန်တော် ခံစားရတယ် - မြေကြီးသားကတော့ ဘယ်အချိန်ချနင်းနင်း အလိုက်တသင့်နဲ့ ပျော့ပျောင်းမှုကို ပေးတတ်တယ် - မိုးရွာပြီးခါစဆို ပိုသိသာတယ် - သူတို့တွေ ပျော့ပျော့ပျောင်းပျောင်း ကြိုဆိုတတ် လွန်းလို့ ကျွန်တော်တို့ ခြေရာတွေတောင် ထင်ကျန်ခဲ့ဖူးတယ် မလား - မြက်ခင်းတွေ တွေ့ရင် လမ်းဆက်မလျှောက်ပဲ စကားမပြောတတ်တဲ့ သူတို့တွေနဲ့ ခဏလောက် ဆော့ဖြစ်တယ် - တစ်ခါ တစ်လေ ဗွက်အိုင်ထဲ ခြေဆုံဆင်းရပ်ချင်လည်း ရပ်နေတတ်တယ် - ဘေးလူတွေကတော့ ကျွန်တော့်ကို ရူးများနေလားလို့ ထင်မလားပဲ - ကျွန်တော် မရူးပါဘူး - ကျွန်တော် သဘာဝကို ချစ်တာပါ -



ဒါပေမယ့် သဘာဝတရားဆိုတာ လိုချင်တဲ့ အချိန်တိုင်း လိုချင်တဲ့ ပုံစံမရဘူးဗျ - ဥပမာ - ကျွန်တော်ဆို စိတ်ဖိစီးမှု အရမ်းများလာရင် မိုးရွာစေချင်တယ် - မိုးရွာတဲ့အချိန် မှာ မြင်ရတဲ့ မြင်ကွင်းတွေ - မိုးစက် မိုးပေါက်တွေရဲ့ အသံတွေကို ကြားရင် စိတ်ဖိစီးမှုတွေ နည်းနည်းလျော့သွားသလိုပဲ - ဒါပေမယ့် ခု မိုးမရွာဘူးလေ - ခု ကျွန်တော်မြင်နေရတာ ဒီ ကွန်ပြူတာ - ကျွန်တော်ကြားနေရတာ CPU fan က မြည်နေတဲ့ လည်သံ - ဒီလို အခြေအနေမှာ သဘာဝတရားကို ဘယ်နေရာမှာ ကျွန်တော်သွားရှာရမှာလဲ ?? 



ဒါပေမယ့် သဘာဝတရားကို ရှာယူလို့ ရပါတယ် - တကယ်ပါ - 

( 1 ) Do Nothing For 2Minutes




ချောင်းသာတို့ ငွေဆောင်တို့ဆိုတဲ့ ကမ်းခြေတစ်ခုခုကိုများ မိသားစုဝင်တွေ ရောက်ဖူးကြမလား - ကမ်းစပ်မှာ ထိုင်ပြီး နေဝင်ချိန်ကိုကြည့်၊ လိှုင်းရိုက်သံတွေကို နားစွင့်ဖူးမယ်ဆိုရင် တစ်ချိန်က ရခဲ့ဖူးတဲ့ သဘာဝတရားရဲ့ ငြိမ်းချမ်းမှုကို လူတိုင်း သတိရမိကြမှာပါ - ခု ကျွန်တော်တို့ ချောင်းသာသွားလို့တော့ မရဘူးပေါ့ - ဒါပေမယ့် လိှုင်းရိုက်သံတွေကပေးမယ့် သဘာဝတရားရဲ့ ငြိမ်းချမ်းမှုကိုတော့ Do Nothing For 2Minutes မှာ သူ အကြံပြုထားတဲ့ အတိုင်း ၂ မိနစ်လောက် ဘာမှမလုပ်ပဲ မျက်လုံးလေး မှိတ်ပြီး ခံစားကြည့်နိုင်ပါတယ် - 


( 2 ) MoodTurn


သူကတော့ Do Nothing For 2Minutes ထက် ရွေးချယ်ခံစားနိုင်စရာ သဘာဝတရားရဲ့ ရိုက်ခတ်သံတွေ ပိုများပါတယ် - ပြောရရင် ကျွန်တော်တော့MoodTurn ကို ပိုသဘောကျတယ် - 





သဘာဝတရားကနေသာ ခံစားလို့ ရတဲ့ မိုးစက်မိုးပေါက်တွေရဲ့ အသံကို နားစွင့်ချင်သလား - ကမ်းခြေက လိှုင်းရိုက်သံတွေနဲ့ မှေးစက်ချင်သလား - သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရာသီရဲ့ သရုပ်ကို ခံစားကြည့်ချင်သလား နှစ်သက်သလို ရွေးပြီး ခံစားနိုင်ပါတယ် - စိတ်ဖိစီးမှုတွေ လျော့ကျဖို့ အတွက်ပေါ့ -

( 3 ) RainyMood




သူကတော့ မိုးရာသီသီးသန့် - မိုးရာသီကို ချစ်တဲ့သူ - မိုးစက်မိုးပေါက်တွေကို သဘောကျတတ်တဲ့ သူတွေကို မိုးရာသီရဲ့ သဘာဝသံစဉ်တွေနဲ့ ပတ်ဖျန်းပေးပါလိမ့်မယ်

( 4 ) Dream Aquarium




သူကတော့ ငါးလေးတွေ မွေးရတာ - သူ့ ဆော့ဖ်ဝဲလ်လေး တင်လိုက်ရင် ကိုယ့်ကွန်ပြူတာက ငါးကန်လေး ဖြစ်သွားပြီး ဂဏန်းလေးတွေ ငါးသေးသေးလေးတွေ မွေးလို့ ရတယ် - တတ်နိုင်ရင်တော့ မူရင်းဆိုဒ်မှာ ပိုက်ပိုက်ပေးဝယ်ပြီး သုံးနိုင်ပါတယ် - $19.95 ပါ - မတတ်နိုင်တာဖြစ်ဖြစ် - တတ်နိုင်ပေမယ့် ဝယ်ဖို့ အခက်အခဲ ဖြစ်နေတာ ဖြစ်ဖြစ် ရှိနေရင်တော့ ဒီအောက်မှာ full version အသင့်တင်ပေးထားပါတယ်  - ဘယ်လိုလုပ်ရမယ် ဆိုတာတော့ အထဲမှာ Instructions ဖိုင်ပါပြီးသားမို့လို့ ဒီမှာ အကျယ်ချဲ့ မပြောတော့ပါဘူး ကျွန်တော်တော့ ရေသံလေးတွေနားထောင်ရင်း ငါးလေးတွေ မွေးပြီး အစာကျွေးရတာလည်း သဘောကျတယ် -

Download

DreamAquarium.rar (7.87 MB)
http://up4vn.com/?d=2IYISONC

ဒီအကြောင်းလေး ဖတ်ပြီးရင် မိသားစုဝင်တွေမှာ ရှိနေမယ့် Stress တွေများနဲနဲ လျော့သွားမလား - ဒါဆို ကျွန်တော်ရေးရကြိုး နပ်တာပေါ့ - 

အားလုံးကျေးဇူးပါ 

KznT.

Myanmar Wiki

ဒီရက်ပိုင်း လေးငါးရက်လောက် ဖိုရမ်ကို မဝင်ဖြစ်ခဲ့ဘူး - အကြောင်းက တစ်ခြားနေရာတစ်ခု ရောက်နေခဲ့ လို့ပါ - 


Wikipedia ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ် - ဟုတ်ကဲ့ သူက အွန်လိုင်းစွယ်စုံကျမ်းလို့ ပြောရမှာပါပဲ - အကြောင်းအရာ တစ်ခုခု သိချင်လို့ Google မှာ ရှာလိုက်ရင် Search result မှာ များသောအားဖြင့် ထိပ်ဆုံးက တွေ့ရတတ်တာ ဒီ Wikipedia ပါ။


ဘာကြောင့် ဒီလိုတွေ့ရလဲဆိုရင် Wikipedia က အွန်လိုင်းစွယ်စုံကျမ်းဆိုတဲ့ နာမည်နဲ့ လိုက်အောင်ကို အကြောင်း အရာသေးသေးလေးကနေ စပြီး အကြောင်းအရာအကြီးကြီးတွေထိ စုံလင်တာတွေ့ရတယ် - ဘာသိချင်သိချင် သူ့မှာရှိတယ် - ဘာ နားလည်ချင် နားလည်ချင် သူတော်တော်များများ ပြောပြနိုင်တယ် - တကယ်ကို အံ့သြဖို့ကောင်းတဲ့ စွယ်စုံကျမ်းတစ်ခုပါ - ပြောရရင် ကျွန်တော် Wikipedia သုံးခဲ့တာ တော်တော်နောက်ကျနေတယ် လို့တောင် ပြောရမလားပဲ - ဒါ့ကြောင့် မိသားစုဝင်တွေကို ကျွန်တော့်လို နောက်မကျစေချင်ဘူး - မသိသေးတဲ့သူတွေ သိစေချင်တယ် - မသုံးဖြစ်သေးသူတွေ သုံးကြည့်စေချင်တယ် - သတိထားမိပေမယ့် စိတ်မဝင်စားတဲ့သူတွေ လေ့လာကြည့်စေချင်တယ် - 



အဲ့လိုစိတ်ကူးပေါ်လာတော့ Wikipedia အကြောင်း ငါ ရေးဦးမယ်ဆိုပြီး စိတ်ကူးထဲ ရှိလာတဲ့ အချိန်မှာ Wikipedia ဟာ ဘာသာရပ်မျိုးစုံနဲ့ ရှိနေတာ ကျွန်တော် သိထားတယ် - နောက်ပြီး မြန်မာဝီကီ ဆိုတာကိုလည်း ကျွန်တော် ရင်းနှီးနေတာ ကြာပြီ - ဒါပေမယ့် မှန်ရာပြောရရင် - ကျွန်တော်အပါအဝင် users တော်တော်များများက မြန်မာဝီကီ ကို ဒီလောက် အားမကိုးကြဘူး - တစ်ချို့ဆို မြန်မာဝီကီပိဒိယ ရှိမှန်းတောင် မသိကြဘူး - ဒီကြားထဲ ယူနီကုတ်နဲ့ ဇော်ဂျီဆိုတဲ့ ပြဿနာက မြန်မာဝီကီရဲ့ ကဏ္ဍကို မှေးမှိန်အောင် ဖန်တီးနေသေးတယ် - မြန်မာတွေ အားလုံးနီးပါးက စနစ်မမှန်တဲ့ ဇော်ဂျီနဲ့ လက်ပွန်းတတီး ဖြစ်နေကြတာ ကြာပြီ - အဲလို ဖြစ်နေတဲ့ အချိန်မှာ Unicode5.2 ဆိုပြီး standard မှီတဲ့ မြန်မာယူနီကုတ် စနစ်ပေါ်လာတယ် - ဒါပေမယ့် သူ့ဘာသာသူ standard ဘယ်လောက်မှီပါတယ် ပြောပြော ရိုက်နေကျ လက်ကွက်တစ်ခုက keyboard မှာ စာလုံးတစ်လုံးနှစ်လုံးလောက် နေရာလွဲရင်ကို ရိုက်ရတာ တော်တော်ကသောင်း ကနင်းဖြစ်တယ် - မြန်မာစာရေးထုံးဘက်က ကြည့်ရင်Unicode5.2 က တကယ် စနစ်ကျ လာတာတွေ့ရပေမယ့် အသုံးပြုသူ ဘက်က ပြန်ကြည့်ရင် keyboard လက်ကွက်တွေ လွဲနေတဲ့ စနစ်တစ်ခုကို ဘယ်လောက် စံကျပါတယ်ပြောပြော ဘယ်သူမှ မသုံးချင်ကြဘူး - ဒါပေမယ့် စံပြုထားတဲ့ စနစ်တစ်ခုဟာ ဘယ်တော့မှ လက်လွတ်လို့ မရဘူး - ခုမသုံးရင်တောင် တစ်ချိန် ကျွန်တော်တို့ သုံးကြရမှာပါပဲ - အဲလို ယူနီကုတ်နဲ့ ဇော်ဂျီပြဿနာကြောင့် ကျွန်တော် အပါအဝင် မြန်မာဝီကီ သမားတွေ တော်တော် စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ် - မြန်မာဝီကီမှာ Contribute လုပ်ချင်တယ် - ဒါပေမယ့် ဇော်ဂျီ သမားတွေက လက်ကွက်ကို ပြောင်းပြီး မရိုက်ချင်ဘူး - Unicode သမားကျပြန်တော့လည်း နောင်တစ်ချိန်မှာ စံဖြစ်လာမယ့် ဒီUnicode က အတည်ပြုခံရမယ် ဆိုတာ သိနေတော့ ဇော်ဂျီ နဲ့ မြန်မာဝီကီကို အသက်မသွင်းချင်ဘူး - ဒီလိုနဲ့ မြန်မာဝီကီပိဒိယ ဟာ -



( ၁ ) Wikipedia Foundation ကနေ အတည်ပြုထားတဲ့ my.wikipedia.org နဲ့



( ၂ ) ဇော်ဂျီ သမားတွေအတွက် မူရင်းဇော်ဂျီ လက်ကွက်အတိုင်း Contribute လုပ်နိုင်မယ့် wikimyanmar.co.cc 

ဆိုပြီး site နှစ်ခုကွဲထွက်သွားတယ် - 


တော်တော်လေးကို ကသိကအောက် ဖြစ်ခဲ့ပါတယ် - လတ်တလော အခြေအနေမှာ wikimyanmar.co.cc ဟာ လူတိုင်း ရင်းနီှးနေတဲ့ ဇော်ဂျီလက်ကွက်နဲ့ မို့လို့ Contributors လည်းများသလို အကြောင်းအရာ တော်တော်များများ ကိုလည်း မြန်မာလိုရေးထားပြီးပြီ - ဒါပေမယ့် ဘာဖြစ်လဲဆို Wikipedia Foundation က အဲ့ဒီ့ wikimyanmar.co.cc ကို အသိအမှတ်မပြုဘူး - သူတို့ အတည်ပြုထားတဲ့ my.wikipedia.org ကိုပဲ မြန်မာဝီကီပိဒိယ အဖြစ် အသိအမှတ်ပြုတယ် - အဲ့တော့ မြန်မာဝီကီက Contributors တွေ Administrators တွေမှာ မြန်မာဘာသာဇော်ဂျီနဲ့ ရေးထားပြီးသား ဆောင်းပါးပေါင်း ၄၂၀၀ ကျော်ကို ဟိုဘက်က my.wikipedia.org ထဲ Unicode standard ရှိတဲ့ Font ပြန်ပြောင်းပြီး သွင်းရတဲ့ ပြဿနာ ပေါ်လာတယ် - တော်တော် ကသောင်းကနင်းနိုင်တဲ့ အလုပ်ပါ - မှန်ရာပြောရရင် အဲ့ ပြဿနာတွေကို ကျွန်တော်လည်း အရင်က နားမလည်ဘူး - မြန်မာဝီကီပိဒိယ ဆိုလို့ အားကိုးတကြီးနဲ့ ဝင်ကြည့်လိုက်တိုင်း ဖောင့်တွေက ကသောင်းကနင်းဖြစ်နေတတ်တာရယ် -my.wikipedia.org နဲ့ wikimyanmar.co.cc ဆိုပြီး နှစ်မျိုး ကွဲနေတာတွေ ရယ်ကြောင့် ဘယ်ဟာက ဘယ်လိုမှန်းမသိ စိတ်ရှုပ်တယ်ဆိုပြီး ခေါင်းရှုပ်မခံချင်တာနဲ့ မြန်မာဝီကီပိဒိယကို ချောင်ထိုး အင်္ဂလိပ်ဝီကီဆီပဲ ခြေချဖြစ်ခဲ့တယ် - ပြီးခဲ့တဲ့ လေးရက်လောက်ကမှ ဒီစာကိုရေးမယ် ကြံတော့ အရင်က ချောင်ထိုးခဲ့တဲ့ ဒီပြဿနာက ဘာကြောင့်လဲဆိုတာ သိချင်လို့ စာလိုက်ဖတ်ရင်း ခုလိုမျိုး မြန်မာဝီကီပိဒိယမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိခဲ့ရတာပါ - သိခဲ့ပြီးတဲ့ နောက်ပိုင်း ကိုယ့် မြန်မာဝီကီပိဒိယအတွက် စိတ်မကောင်းဖြစ်မိခဲ့တယ် - သူများ ဘာသာစကားနဲ့ ရေးထားတဲ့ စွယ်စုံကျမ်းတွေ ဘာသိချင်သိချင် ဘာရှာရှာ လိုတရနေချိန်မှာ ကိုယ့်မြန်မာစာနဲ့ ရေးထားတဲ့ ဝီကီပိဒိယက ခုချိန်ထိ Font standard ပြဿနာကို အံတုဖြေရှင်းဖို့ ကြိုးစားနေရတုန်းဆိုတာ သိလာတော့ တတ်နိုင်သလောက် ကူညီချင်တာနဲ့ မြန်မာဝီကီမှာ အဖွဲ့ဝင်လုပ်ရင်း ယခုဖိုရမ်က ပျောက်နေတဲ့ ရက်ပိုင်းအတွင်းမှာ ပံ့ပိုးမှုတွေ စလုပ်ခဲ့ ပါတယ် - နက်နက်နဲနဲ တိုးဝင်ကြည့်လေ ပြဿနာတွေ ပိုမြင်လေ ပါပဲ - တစ်ခြားနိုင်ငံတွေများ ဝီကီကို ရေးလိုက်ကြတာ - ကိုယ့်မြန်မာတွေက ရေးဖို့နေနေ သာသာ မြန်မာဝီကီပိဒိယ ရှိမှန်းတောင် မသိကြသေးဘူး - Active Contributors ဆိုတာကလည်း လက်ချိုးရေလို့ ရနိုင်လောက်အောင်ကို နည်းနေသေးတယ် - Contributors အသစ်တွေကို လမ်းညွှန်ပေးနိုင်မယ့် အကူအညီကဏ္ဍတွေကလည်း မပြည့်စုံသေးဘူး - ရှိပြီးသားတွေ ကလည်း ဘာသာပြန်ပြီးသားတွေကော - ဘာသာပြန်လို့ မပြီးသေးပဲ တစ်ဝက်တစ်ပျက်နဲ့ ဖြစ်နေတာတွေရော - ပြောရမယ် ဆိုရင် အများကြီးပါပဲ - လောလောဆယ်တော့ ကျွန်တော် ဖိုရမ်နဲ့ မြန်မာဝီကီပိဒိယမှာ အချိန်ခွဲပေးပြီး စာရေးနေပါတယ် - ဒီမြန်မာမိသားစုဖိုရမ် ဆိုတာကလည်း ကိုယ့် မိသားစုဝင်တွေနဲ့ ဆိုတော့ မရေးပဲနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - မြန်မာဝီကီပိဒိယဆိုတာကျပြန်တော့လည်း နောက်လာနောင်သား တွေအတွက် မရှိမဖြစ်လိုတယ် - အဲ့တာကြောင့် နှစ်နေရာလုံးမှာ နိုင်သလောက်ရေးမယ် ဆိုတဲ့ စိတ်နဲ့ ဒီကဏ္ဍလေးကို စဖြစ်လိုက်ပါတယ် - ဒီကဏ္ဍလေးမှာ ဝီကီပိဒိယနဲ့ ပတ်သတ်ပြီး မြန်မာဝီကီပိဒိယ မှာရော အင်္ဂလိပ်ဝီကီပိဒိယမှာရော တွေ့ရမယ့် အခက်အခဲလေးတွေ အသုံးပြုပုံလေးတွေ အားတဲ့ အချိန်တိုင်း ရေးသားပေးသွားဖို့ ဆန္ဒရှိပါတယ် - ဝီကီပိဒိယနဲ့ ပတ်သတ်ပြီး ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေ ရှိရင်လည်း ကျွန်တော့်ကို အားဖြည့်ကူညီနိုင်ပါတယ် - 

KznT.

Google Desktop Notifications

Google က ဒီနေ့ပဲ desktop notifications ဆိုတဲ့ Gmail အတွက် feature အသစ်ထပ်ထုတ်လိုက်တယ် - ရည်ရွယ်ချက်က ကိုယ့် Mail box ထဲကို Email ရောက်လာရင် ဒါမှမဟုတ် တစ်ယောက်ယောက်က instant messages ကိုယ့်ဆီ ပို့ထားရင် အရင်ကဆို Gmail notifier တို့ - Mozilla firefox add-ons ထဲက Gmail Notifier add-ons တို့ - Google toolbar တို့ ဆိုတာမျိုး စသဖြင့် မသုံးထားရင် ကိုယ့် Mail ထဲကို စာဝင်နေမှန်း - ကိုယ့်ဆီကို တစ်ယောက်ယောက်က instant messages ပို့ထားမှန်း အချိန်နဲ့ တပြေးညီ မသိနိုင်ဘူး - ခုတော့ Google က Gmail users တွေရဲ့ ဒီလိုအပ်ချက်ကို သိလို့ တစ်ခြား add-ons တွေ ဘာညာသာဓကာ အပိုစာသားတွေ မသုံးရအောင် desktop notifications ဆိုပြီး Gmail ထဲမှာ ထည့်ပေးလိုက်တယ် -


လုပ်ဆောင်ပုံကတော့ အထက်ဖော်ပြပါအတိုင်း Gmail ထဲကို ဝင် - ညာဘက်ခြမ်း အပေါ်ထောင့်မှာ ရှိနေတဲ့ Settings link ကို Click ပေးပြီး - General tab အောက်က Desktop Notifications: မှာ အောက်မှာရှိနေတဲ့ ဖော်ပြပါ နေရာနှစ်ခုကို Select လုပ်ပေးပြီး Save changes လုပ်ယုံပါပဲ -


ဒါကလည်း ကျွန်တော့် အနေနဲ့ Rule အရ ပြောတာပါ - တကယ်တမ်း မိသားစုဝင်တွေအနေနဲ့ ကိုယ့်ဆီရောက်လာတာတွေထဲက chat messages ကိုပဲ Notifications လုပ်စေချင်လဲ ရသလို - Priority Inbox သုံးတဲ့သူဆိုရင်လည်း ကိုယ့်အတွက်အရေးကြီးတဲ့ messages ကိုပဲ Notifications လုပ်ထားလို့ ရပါတယ် - Settings ကို အဲ့ကနေပဲ စိတ်ကြိုက် ပြင်ဆင်ထားလို့ ရပါတယ် - လောလောဆယ် အခြေအနေမှာတော့ ဒီ Desktop Notifications ဟာ HTML5 support ပေးတဲ့ Google Chrome မှာပဲ အလုပ်လုပ်ပါသေးတယ် - ဒါပေမယ့် HTML5 support ပေးတဲ့ တစ်ခြား browsers တွေ ( Firefox 4 - Internet Explorer 9 ) မှာလည်း ဒီ feature အလုပ်လုပ်နိုင်ဖို့ Google က လတ်တလော ပြင်ဆင်နေပါတယ် - Settings ထဲမှာ အားလုံး ပြင်ဆင်ပြီးသွားရင် မြင်ရမယ့် Desktop Notifications ပုံစံက အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါ -


ကျွန်တော့်စိတ်ထင်တော့ Google Chrome ရဲ့ စွမ်းဆောင်ရည်ကို Users တွေ သတိထားမိအောင် Google က တစ်ဖက်လှည့်နဲ့ ပွဲထုတ်တာလားတော့ မပြောတတ်ဘူး - ဘာပဲဖြစ်ဖြစ် Chrome users တွေ အတွက်တော့ အားသာချက် တစ်ခုရလို့ ကျွန်တော်တော့ သဘောကျမိတာ အမှန်ပါပဲ -

KznT.

Best Disposable Email services

ဒီနေ့ ကျွန်တော် မိတ်ဆက်ပေးချင်တာ တစ်ခါသုံး Email Services တွေ အကြောင်းပါ - ဒီအကြောင်းက ကျွန်တော်တို့ မိသားစုဝင်တွေနဲ့ သိပ်အများကြီး မစိမ်း လောက်ဘူးလို့ ထင်မိတယ် – ဘာကြောင့်လဲဆို ဒီ တစ်ခါသုံး Email services တွေ အကြောင်းက ချစ်သမီးသို့ ပေးစာများ မှာရော - တစ်ခြား ကျွန်တော်ရေးခဲ့ဖူးတဲ့ အကြောင်းအရာ တစ်ချို့မှာပါ မကြာခဏဆိုသလို တွဲပြီး ဖော်ပြခဲ့ဖူးပါတယ် – မှတ်မိကြလိမ့်မယ် ထင်ပါတယ် – 10minutemail ဆိုတာ - အခု ဆွေးနွေးချင်တဲ့ တစ်ခါသုံး Email Services တွေ ဆိုတာလည်း 10minutemail လိုမျိုးပဲ – အရင်က ပြောခဲ့ဖူးတယ်ဆိုပေမယ့် တစ်ချို့က ခုမှ စဖတ်မိတာမျိုး ဖြစ်နိုင်တာမို့လို့ သူ့ရဲ့ သဘောတရားကို နည်းနည်းလေး အကျဉ်းချုံးပြီး ပြန်ရှင်းပြချင် ပါသေးတယ် -
 
ဘာကြောင့် တစ်ခါသုံး Email Services တွေ အသုံးပြုသင့်သလဲ ??

အင်တာနက်ကို ခုမှ စတင် အသုံးပြုသူဖြစ်ဖြစ် – အသုံးပြုတာ အကျွမ်းတဝင် ဖြစ်နေသူတွေ ပဲဖြစ်ဖြစ် နေ့စဉ်လည်ပတ်နေကျ အင်တာနက်လမ်းကြောင်းမှာ လူတိုင်းနီးပါး ဖိုရမ်တွေ – Websites တွေ ဆိုတာနဲ့ ပတ်သတ်ဆက်နွယ်နေကြရတယ် – တစ်ခုခု လိုချင်တာရှိရင် ( MP3, Ebooks, Videos, Software စသဖြင့် ) ဘာပဲလိုလို ဒီဖိုရမ်တွေ – Websites တွေကနေပဲ ကျွန်တော်တို့ ရှာယူကြရတာ မလား – ဒါပေမယ့် တစ်ခုရှိတာ ဖိုရမ်တော်တော်များများနဲ့ Websites တော်တော်များများဟာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ခွင့်မပြုပါဘူး – တစ်ခုခု ရှာချင်တယ် – Registration လုပ်ရတယ် – တစ်ခုခု Download ချချင်တယ် – ဒါဆို  Registration လုပ်ခိုင်းတယ် – စသဖြင့် ကိုယ့်ဘက်က လိုလားချက် တစ်ခုအတွက် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ( Email address ) တစ်ခုကို ပြန်ပေးကြရတယ် – အဲ့လို Registration လုပ်တဲ့ အချိန်မှာ ကိုယ့်ဘက်က Email address တစ်ခုပေးမှ Registration confirmation link တစ်ခုကို ကိုယ့် Mail Address ထဲ အဲ့ဒီ့ Websites သို့မဟုတ် ဖိုရမ်ကနေ ပြန်ပို့ပေးပြီး ကိုယ့် Mail စစ်မှန်ကြောင်း အတည်ပြုခိုင်းတယ် - အဲလိုနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ Personal Email Address တစ်ခုက ကိုယ်မရည်ရွယ်ထားတဲ့ တတိယလူကို ပေးမိလျက်သား ဖြစ်သွားတယ် – ပုံမှန်အားဖြင့် Registration process တစ်ခုက ဒီလောက်နဲ့ ပြီးသွားပေမယ့် တစ်ချို့ ဖိုရမ်တွေ – Websites တွေကတော့ Registration process ရဲ့ နောက်မှာ Marketing process ကိုပါ ဆက်ပြီး လုပ်ဆောင်ကြပါတယ် - ဆိုလိုတာ Users တွေဆီက ရလာတဲ့ Email address တွေကို Websites owner တွေ – ဖိုရမ်ကြီးကြပ် တည်ထောင်သူတွေ ( ကျွန်တော်တို့ ဖိုရမ်မပါ ) ကနေပြီး အရောင်းမြှင့်တင်ရေးအတွက် Email address ဝယ်ယူသူတွေဆီ ပြန်ပြီး ရောင်းစားကြတယ် -အဲ့လိုနဲ့ ကျွန်တော်တို့အယုံလွယ်ခဲ့တဲ့ ဖိုရမ်တွေ - Websites တွေကနေပြီး နောက်ထပ် နောက်ထပ် ကိုယ်နဲ့ မသိသူတွေထိပါ ကိုယ့်ရဲ့ Personal Email Address က ပြန့်သွားတယ် – ရလာဒ်ကတော့ အဲ့လိုမျိုး ရည်ရွယ်ချက် မကောင်းတဲ့ ဖိုရမ်တွေမှာ ကိုယ်က ဘုမသိ ဘမသိနဲ့ Registration လုပ်ပြီးနောက်ပိုင်း ကိုယ့် Email ထဲကို ဘယ်ကမှန်း ဘယ်သူ့ဆီကမှန်း မသိတဲ့ Mails တွေ စဝင်လာမယ် – စစချင်းတစ်စောင်စ နှစ်စောင်စကနေ နောက်ပိုင်း တစ်နေ့တစ်နေ့ ရာနဲ့ချီတဲ့ အထိ ဘယ်ကမှန်း မသိတဲ့ Emails တွေ ဝင်လာတာခံရမယ် – ကိုယ်က ဘာမှန်းညာမှန်း မသိပဲ အဲ့လိုမျိုး စာတွေမှာ ပါလာတတ်တဲ့ Attachments တွေကို ဖွင့်ရင်းကနေ ကိုယ့် ကွန်ပြူတာမှာ Virus ကိုက်ခံရတာ - Spyware ဝင်တာမျိုးတွေပါ နောက်ဆက်တွဲ ဖြစ်လာတတ်ပါတယ်။ အဲလိုတွေ ဖြစ်လာတော့ အရင်က ကိုယ်တန်ဖိုးထားရတဲ့ Account မှာ သုံးရတာ မပျော်တော့ဘူး – အဲ့တာကြောင့် အခြားတစ်ခုကို ပြောင်းသုံးချင်ပေမယ့်လည်း သူငယ်ချင်း ဆွေမျိုးသားချင်းရဲ့ Nick တွေကလည်း အများကြီး ရှိနေတော့ ပြောင်းဖို့ကလည်း ခက်နဲ့ စိတ်ဆင်းရဲရတတ် ပါတယ် -

အခုလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ ကိုယ့်အတွက် တကယ်အရေးမပါ / အမြဲလည်း ဝင်ဖြစ်မှာ မဟုတ်တဲ့ Websites တွေ ဖိုရမ်တွေမှာ တစ်ခါလောက်လေး ရောက်ဖြစ်ယုံနဲ့ Registration လုပ်မိတဲ့ မိမိအပြစ်ကြောင့်ပါ – ကိုယ့်အတွက် တကယ်လည်း အရေးပါပြီး အမြဲတမ်း ရောက်ဖြစ် ပတ်သတ်နေမယ့် ဖိုရမ်တွေ - Websites တွေမှာ ကိုယ်အမြဲသုံးနေကျ Email address ကို ပေးပြီး Registration လုပ်တာ အကြောင်းမဟုတ်ပေမယ့် အမြဲ မရောက်ဖြစ်မယ့် Sites တွေကို လိုလားချက်တစ်ခုတည်း အတွက်နဲ့ Registration လုပ်တဲ့အချိန်မှာ Personal Email Address ကို မပေးမိဖို့ သိပ်အရေးကြီးပါတယ် – အဲ့လိုဆိုရင် ဒီ Email Address မှ မပေးရရင် ဘယ် Email Address ပေးရမလဲ နောက်တစ်ခု အသစ်ထပ်လုပ်ရမှာလားဆိုတဲ့ အမေးတွေ ရှိလာပါပြီ – အဲ့အတွက် အဖြေရှိပါတယ် -



10MinuteMail ဟာ တစ်ခါသုံး Email Address တွေကို ( ၁၀ ) မိနစ်တစ်ခုကျ ထုတ်ပေးနေတဲ့ Disposable Email Service တစ်ခုပါ - ဖိုရမ်တွေ – Websites တွေမှာ Registration လုပ်ဖို့ Email အရေးပေါ်လိုလာပြီ ဆိုရင် ကိုယ်အမြဲ မဝင်မသုံးဖြစ်မယ့် Sites မျိုးတွေအတွက် 10MinuteMail ကနေ ၁၀ မိနစ်ခံ Email Address တစ်ခု ရယူပြီး Registration လုပ်ဆောင်နိုင်ပါတယ် – ၁၀ မိနစ်ခံ Email ဆိုပေမယ့် သူပေးထားတဲ့ အချိန်တွင်းမှာ Registration confirmation link ရောက်မလာခဲ့သေးဘူးဆိုရင် သူသတ်မှတ်ထားတဲ့ ၁၀ မိနစ်မပြည့်မီ နောက်ထပ် ၁၀ မိနစ် – ၁၀ မိနစ်စီ တိုးတောင်းလို့ ရပါတယ် - တကယ်လို့ တိုးမတောင်းခဲ့ရင်တော့ သတ်မှတ်ထားတဲ့ ၁၀ မိနစ်အတွင်းမှာ ကိုယ့်ကိုထုတ်ပေးထားတဲ့ ၁၀ မိနစ်ခံ Email Address ကို ဖျက်သိမ်းသွားမှာဖြစ်ပါတယ် -



10MinuteMail ထက်စာရင် OneWayMail က ပိုသုံးလို့ ကောင်းတယ်လို့တောင် ကျွန်တော် ထင်မိတယ် – အကြောင်းက တစ်ခါသုံး Email Address လိုလာတဲ့အချိန်မှာ 10MinuteMail လိုမျိုး သူ့ဆိုဒ်ကို သွားစရာမလိုပဲ Registration လုပ်တဲ့နေရာမှာ XYZ@onewaymail.com ဖြစ်ဖြစ် abc@onewaymail.com ဖြစ်ဖြစ် @onewaymail.com ရဲ့ ရှေ့မှာနှစ်သက်ရာ စာလုံးထည့်ပြီး Registration တန်းလုပ်လိုက်လို့ ရပါတယ် – ပြီးရင် Website ကနေ ပြန်လာမယ့် Registration confirmation link ကိုစောင့်ဖို့ http://onewaymail.com/ ကိုသွား အောက်မှာ မြင်ရတဲ့ အတိုင်း ကိုယ်ပေးလိုက်တဲ့ နာမည်ကို @onewaymail.com ရဲ့ ရှေ့က box မှာ ရိုက်ထည့်ပြီး Go လိုက်တာနဲ့ ကိုယ့်ရဲ့ Virtual Mail Box ထဲကို ရောက်သွားပါလိမ့်မယ် -


အထဲရောက်တာနဲ့ Registration confirmation link က အသင့်စောင့်ကြိုနေပြီး အဲ့ကနေ ကိုယ့် Registration ကို အဆုံးသတ်နိုင်ပါပြီ – ( ၃ ) ရက်ကြာပြီးသွားရင်တော့ Inbox ထဲက စာတွေကို OneWayMail က အလိုလျောက် ဖျက်သွားပါလိမ့်မယ် -




TrashMail ကတော့ ကျွန်တော်သုံးဖူးသမျှ တစ်ခါသုံး Email Services တွေ ထဲမှာ Feature အများဆုံး Email Services လို့ကို ဆိုနိုင်ပါတယ် – သူ့ရဲ့ အကောင်းဆုံး အားသာချက်ကတော့ တစ်ခြား Disposable Email Services တွေလိုမျိုး Email address ပေးပြီးရင် သူ့ Website ကိုသွားပြီး Confirmation links ကို စောင့်စရာမလိုဘူး – သူ့ဆီမှာ ကိုယ့်ပေးချင်တဲ့ နာမည်နဲ့ တစ်ခါသုံး Custom Email Address တစ်ခုလုပ်ပြီး – Real Email Address နေရာမှာ ကိုယ့် Email address အစစ်ကိုထည့်ပေးလိုက်ရင် ရပါပြီ


ပြီးရင် ကြိုက်တဲ့ Websites – ဖိုရမ်မှာ Registration လုပ် – Email Address တောင်းရင် ခုနက လုပ်ထားတဲ့ တစ်ခါသုံး Mail Address ကိုထည့်ပေးလိုက်ရင်ရပါပြီ – အဲလိုဆိုရင် ကိုယ် Registration လုပ် လိုက်တဲ့ ဆိုဒ်ကနေပြီး Registration confirmation link ကို တစ်ခါသုံး Mail Address ဆီ လှမ်းပို့ပေးမယ် – အဲလိုရောက်လာတဲ့ စာကို TrashMail ကနေပြီး ကျွန်တော်တို့ရဲ့ Real Email ဆီ Forward ပြန်လုပ်ပေးမယ် – အဲ့ဒီ့နည်းနဲ့ ကိုယ်အမြဲသုံးမယ့် Real Email Address ကို ကာကွယ်နိုင်ပါတယ် – ကိုယ်ဖန်တီးခဲ့တဲ့ တစ်ခါသုံး Mail Address ကိုတော့ ဘယ်နရက်နေရင် ဖျက်ပစ်စေချင်လဲ ဆိုတာကိုပါ အထက်ဖော်ပြပါအတိုင်း စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါသေးတယ် -

ဒီအကြောင်းအရာကို ရေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အမြဲသုံးနေကျ Email Address ကို တန်ဖိုးထားတတ်စေဖို့နဲ့ မလိုလားအပ်ပဲ Inbox ထဲကို ဝင်လာတတ်တဲ့ Spam messages တွေရဲ့ ရန်ကနေ မိသားစုဝင်များ ကာကွယ်နိုင်အောင် ဖြစ်ပါတယ် -

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ

KznT.

Screen Capturing Tools

ဒီနေ့တော့ တော်တော်များများ သိထားပြီးသား အကြောင်းအရာ သေးသေးလေး တစ်ခုကို အကျယ်ချဲ့ပြီး ဆွေးနွေးကြည့်ချင်ပါတယ် - ဖိုရမ်အတွက် တစ်ခြား အကြောင်းအရာ တစ်ခု ရေးနေရာကနေ ဒီအကြောင်းက မရေးလို့ မဖြစ်လို့ အရင်စရေးလိုက်တာပါ - Screen Capturing Tool ဆိုတာ မှန်ရာပြောရရင် ကျွန်တော် ကွန်ပြူတာ စသုံးခဲ့စဉ်ကာလကနေ အချိန်တော်တော်ကြာတဲ့အထိ ဘာမှန်း မသိခဲ့သေးဘူး - သုံးရကောင်းမှန်း မသိတာလည်းပါတယ် - Screen Capturing Tool ဆိုတာထက် တစ်ခုခုကို Screenshot ဖို့ဆိုရင် keyboard မှာပါတဲ့ Prt Sc ဆိုတဲ့ Print screen ကိုပဲ အမြဲ အားကိုးခဲ့တာ 

Window မှာပါတဲ့ Print screen ဆိုတာ ကျွန်တော်တော့ သုံးလို့ရယုံ အဖြစ်ထည့်ထားတဲ့ သဘောလောက်ပဲလို့ ထင်မိတယ် - ဘာလို့လည်းဆို Print screen key ကို သုံးပြီး Screenshot ဖူးသူတိုင်း သိပါလိမ့်မယ် - သူ့ key ကို နှိပ် နောက် mspaint ကို run ကနေ ခေါ် paste လုပ် - ပြန် save အဆင့်က ( ၄ ) ဆင့်လောက် လုပ်နေရတယ် - ဒီကြားထဲ ကိုယ်လုပ်ထားတဲ့ screenshot မှာ တစ်ခြား စာလေး ဘာလေး effect လေး ထပ်ထည့်ချင်ရင် mspaint က အဆင်မပြေတော့ဘူး - ဒါပေမယ့် Windows 7 မှာပါတဲ့ mspaint ကတော့ အရင်ကထက် စာရင် တော်တော်လေး သုံးရ အဆင်ပြေလာတာ သတိထားမိတယ် -



ဘာကြောင့် Screen Capturing Tool ကို သုံးသင့်သလဲ


အဲ့တော့ ကျွန်တော်တို့တွေ Screen Capturing Tools တွေအကြောင်း အကြမ်းဖျဉ်း မိတ်ဆက်ပြီးတဲ့ နောက်မှာ Screen Capturing Tool ကို ဘာကြောင့်/ဘယ်အချိန်မှာ သုံးသင့်လဲဆိုတဲ့ အကြောင်းအရာ က စဉ်းစားဖို့လိုလာပါပြီ - Screen Capturing Tool တွေကို ဖိုရမ်မှာ ဆွေးနွေးချက်တစ်ခုခု စတင်ရေးသားတဲ့ အခါ ကိုယ်ရေးသားတဲ့ အကြောင်းကို ဖတ်ရှုလေ့လာသူတွေ မြင်သာသိလွယ်အောင် သရုပ်ဖော်ပုံတွေနဲ့ ဝေဝေဆာဆာ တင်ပြချင်တဲ့အခါမှာဖြစ်စေ – ဖိုရမ်မိသားစုဝင် တစ်ယောက်ယောက် ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုခုဖြစ်လို့ ကိုယ်ကိုယ်တိုင် ဝင်ရောက် ကူညီဖြေရှင်းပေး ချင်တဲ့အခါ လုပ်ဆောင်ချက် အကြောင်းအရာကို သိလွယ်မြင်သာအောင် သရုပ်ပြ လမ်းညွှန်ချင်တဲ့ အခါမှာဖြစ်စေ - မိမိကွန်ပြူတာမှာ အခက်အခဲ တစ်စုံတစ်ရာရှိလာလို့ ဖိုရမ်မှာ အကူအညီတောင်းချင်တဲ့ အချိန်မှာ ကူညီပေးမယ့်သူ မြင်သာအောင် errors တွေကို ဖော်ပြချင်တဲ့ အခါမှာဖြစ်စေ Screen Capturing Tool တွေကို အသုံးပြုပါတယ် -

ဥပမာဆိုကြပါစို့ - တစ်စုံတစ်ယောက်က ကျွန်တော် မြန်မာမိသားစုဖိုရမ်ကို မသွားတတ်လို့ လမ်းညွှန်ပေးပါ ခင်ဗျ ဆိုရင် - ကျွန်တော်တို့ ဘယ်လို လမ်းညွှန်ကြမလဲ ?? Browser ကိုဖွင့်ပါ - Address bar မှာ http://www.myanmarfamily.org ဆိုတဲ့ URL ကိုရိုက်ပြီး Enter ခေါက်ပါ - မြန်မာမိသားစုဖိုရမ်ဆိုတဲ့ Webpage ပေါ်လာရင် ဘယ်ဘက်ခြမ်း ခေါင်းစဉ်အောက်နားမှာ ရှိနေတဲ့ ပင်မအချက်အလက်များအောက်က မြန်မာမိသားစုဖိုရမ် ဆိုတဲ့ link ကနေ ဝင်ပါ ဆိုတာမျိုးထက် - အောက်မှာ ဖော်ပြထားတဲ့အတိုင်း Screen Capturing Tool တစ်ခုခုကိုသုံးပြီး သွားရမယ့် နေရာကို Screenshot ဖော်ပြလိုက်တာက ပိုပြီး ထိရောက်မယ် မဟုတ်ပါလား -


ဒီ သဘောတရားက Screen Capturing Tool တွေကို အသုံးပြုရခြင်းရဲ့ အသက်ပါပဲ - Screen Capturing Tool ကို သုံးခြင်းအားဖြင့် အကြောင်းအရာ အများကြီးကို စီကာပတ်ကုံး ပြောပြနေဖို့ မလိုသလို လိုချင်တဲ့ Target ကို လေ့လာသူတွေ အလွယ်တကူနဲ့ နားလည်နိုင်စေပါတယ် - ဒီ သဘောကို အခြေခံပြီး မိသားစုဝင်များလည်း ဖိုရမ်မှာ ကွန်ပြူတာနဲ့ ပတ်သတ်လို့ အခက်အခဲ တစ်ခုခု ရှိလာတဲ့ အချိန် မေးမြန်းတဲ့ အခါ ကျွန်တော့် ကွန်ပြူတာကြီး ဘာဖြစ်သွားမှန်း မသိလို့တို့ / သုံးနေရင်း ဘာ Errors တွေတက်နေမှန်း မသိတော့ဘူး ကူညီပါအုံး ဆိုတဲ့ မေးခွန်းမျိုးတွေ မမေးကြပဲ - လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားကို ဝိုင်းဝန်းကူညီပေးမယ့်သူတွေ မြင်သာအောင် Screenshot နဲ့ တကွ ဖော်ပြပေးကြဖို့အကြံပြုလိုပါတယ် -

အသုံးပြုသင့်သော Screen Capturing Tools များ


Screen Capturing Tools တွေနဲ့ ပတ်သတ်ပြီး တစ်ချိန်က ကျွန်တော် 2010 2011 Ultimate Software Guide for Windows Users ထဲမှာ သုံးဖို့သင့်မယ့် Screen Capturing Tools နှစ်ခုအကြောင်း ကို မိတ်ဆက်ပေးခဲ့ဖူးပါတယ် - ကျွန်တော်ကိုယ်တိုင်လည်း အချိန်တော်တော်များများမှာ စာရေးဖြစ်တိုင်း အဲ့ဒီ့ Tools နှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုကို အမြဲသုံးလေ့ ရှိခဲ့တယ် - Snagit နဲ့ FastStone Capture ပေါ့ - အကြမ်းဖျဉ်း သုံးသပ်ရရင် FastStone Capture က ပေါ့ပြီး သုံးရလွယ်တယ် - Snagit က နဲနဲလေးပြီး features ပိုစုံတယ် - သူ့ အားသာချက်နဲ့ သူတော့ ရှိကြတယ် - ဒါပေမယ့် သူတို့နှစ်ခုလုံးဟာ Freeware မဟုတ်ကြဘူး - သုံးချင်ရင် keys တို့ crack တို့ ရှာသုံးရတယ် - keys တို့ crack တို့ဆိုတာ ရှာရတာ ဘာမှ မခက်လှပါဘူး - ဒီအကြောင်းကို အင်တာနက်အတွင်း Software ရှာဖြွေခင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် တော်တော်များများကို ရေးခဲ့ပြီးပြီ - အလကားမပေးတာတွေထဲက ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ Applications အကြီးစားတွေကို Crack လုပ်ပြီးသုံးတာ သဘာဝကျပေမယ့် ကိုယ်တတ်နိုင်နေတဲ့ Applications အသေးအဖွဲလေးကအစ အလကားရအောင် လုပ်ယူပြီး သုံးတယ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ရှင်သန်မှုကို ဖျက်ဆီးရာကျပါတယ် - ဒါ့ကြောင့် စွမ်းဆောင်ရည်ချင်း တူမယ်ဆိုရင် Shareware ကို crack လုပ်ပြီး သုံးမယ့် အစား freeware လေးတွေ ပြောင်းသုံးကြည့်နိုင်ကြစေဖို့ Screen Capturing Tools အမျိုးအစားများစွာထဲက အလကားရပြီး စွမ်းဆောင်ရည်ကောင်းတဲ့ freeware တစ်ချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ် -


Shotty ကိုသုံးဖြစ်တာ သိပ်မကြာသေးဘူး - ဒါပေမယ့် freeware ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် လိုချင်တာ အားလုံးနီးပါး ပြည့်စုံနေတော့ သဘောကျမိတယ် - Desktop တစ်ခုလုံးကို Screenshot မလား - Screen ပေါ်က rectangular region ကိုပဲ Screenshot မလား - Window တစ်ခုချင်း ကြိုက်ရာကိုပဲ ရွေးပြီး Screenshot မလား စိတ်ကြိုက် ရိုက်ယူလို့ ရတယ် - Screenshot ပြီးရင် သူပေးထားတဲ့ hosting ငါးခုထဲက နှစ်သက်ရာ တစ်ခုခုဆီကို တန်းပြီး upload တင်နိုင်ပါသေးတယ် -


သူ့ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုကတော့ screen captures လုပ်တဲ့ နေရာမှာ Windows Aero Glass effects ရအောင် captures လုပ်ပေးနိုင်တာပါ - အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် -


PicPick ကလည်း Personal use နဲ့ non-profit educational use အတွက် Free ပေးထားတဲ့ Screen Capturing Tool တစ်ခုပါ - သူ့ရဲ့ အပြင်အဆင်က mspaint နဲ့ ဆင်ပြီး mspaint ထက် သုံးရ ပိုကောင်းပါတယ် - သူ့ရဲ့ အားသာချက်က တစ်ခြား Tools တွေကို Registry နဲ့ System folder ထဲထိ access မလုပ်တဲ့ အတွက် သူ့ဖိုင်ကို USB ထဲထည့်သွားပြီး ရောက်ရာ ကွန်ပြူတာမှာ install လုပ်စရာ မလိုပဲ အသင့်သုံးနိုင်ပါတယ် - တစ်ခြား အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။


Windows XP ရဲ့ program windows တွေမှာ rounded corners တွေ ရှိသလို တကယ်လို့ Windows 7 - Vista မှာ Aero ကို Enabled ပေးသုံးနေတာဆိုရင်လည်း အောက်ဖော်ပြပါအတိုင်း program windows တွေမှာ rounded corners ရှိတာ မိသားစုဝင်များ သတိပြုမိကြပါလိမ့်မယ် -


အဲ့ဒီ့ rounded corners တွေကို ကျွန်တော်တို့တွေ ပုံမှန် သုံးနေကျ print screen key ကိုသုံးပြီးဖြစ်ဖြစ် - တစ်ခြား အရည်အသွေးနိမ့်တဲ့ Screen capturing tools တစ်ခုခုကို သုံးပြီး capture လုပ်ရင် ဖြစ်ဖြစ် “rounded corners” တွေကို တိတိကျကျ Capture မလုပ်နိုင်ပါဘူး - ဒါ့ကြောင့် ပုံတွေနဲ့ ပတ်သတ်ပြီး တိတိကျကျ အသေးစိတ် Screenshot ချင်တဲ့အခါ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ Shotty - Snagit နဲ့ 7capture စတဲ့ အရည်အသွေးမြင့် Screen Capturing Tools တွေကို အသုံးပြုသင့်ပါတယ် - Normal Screen Capture နဲ့ Semi-Transparent Screen Capture ရဲ့ ကွာခြားချက်ကို အောက်ဖော်ပြပါ ပုံတွေမှာ အရည်အသွေးချင်း လေ့လာနိုင်ပါတယ် -

Normal Screen Capture


Semi-Transparent Screen Capture



Greenshot ဟာ Windows အတွက် open-source screen capture tool တစ်ခုဖြစ်ပြီး တစ်ခြား Screen Capturing Tools တွေနည်းပါး စွမ်းဆောင်ရည်ရှိတဲ့ freeware တစ်ခု ဖြစ်ပါတယ် - တစ်ခြား Screen Capturing Tools တွေလိုပဲ Screenshot လုပ်ပြီးသွားရင် ဖြတ်ညှပ်ကပ် လုပ်တာ လိုတာပေါင်းဖြည့်တာ စာထည့်တာ စသဖြင့် အားလုံးလုပ်ဆောင်နိုင်ပါတယ် -

တစ်ချို့ သတိမထားမိကြတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် - ကျွန်တော်တို့ သုံးနေတဲ့ Office 2010 မှာလည်း built-in screen clipping utility ပါပါတယ် - နေရာတစ်ခုချင်းစီကို မြင်သာအောင် ဖော်ပြလိုက်ပါတယ် -

Screen clipping in Word 2010


Screen clipping in PowerPoint 2010




Screen clipping in Onenote 2010



အောက်မှာ ဖော်ပြထားတဲ့ Video ကတော့ Onenote2010 မှာပါတဲ့ built-in screen clipping utility ကို အသုံးပြုနည်းပါ -



Screen Capturing Tools တွေ အကြောင်းနဲ့ ပတ်သတ်လို့တော့ ဒီလောက်ပါပဲ - ခု ဖော်ပြခဲ့သလောက်ဆို လေ့လာသူ မိသားစုဝင်များ ဘယ်လို Screen Capturing Tool ကို အသုံးပြုသင့်မယ် - ဘာ့ကြောင့် အသုံးပြုသင့်တယ်ဆိုတာ သုံးသပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် -

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -

KznT.

How can i contribute to Myanmarfamily ?

ကျွန်တော် မြန်မာမိသားစု ဖိုရမ်ကို ရောက်တာ တစ်နှစ်ကျော်ခဲ့ပြီ - ဖိုရမ်မှာ စာရေးရင်း လိုအပ်နေတာလေးတွေ အချိန်တိုင်း လိုက်ကြည့်ဖြစ်တယ် - လိုအပ်နေတာတွေကတော့ အများကြီးပေါ့လေ - ဒါပေမယ့် ဖိုရမ်တစ်ခု ရပ်တည်ရာမှာ မဖြစ်မနေ လိုအပ်တဲ့ အကြောင်းအရာလေးတစ်ခုကို ဖိုရမ်ဝင် မိသားစုများ သိရှိနိုင်အောင် သတိထားမိနိုင်အောင် အကြောင်းအရာ အများကြီးထဲက အချက်တစ်ချို့ကို ဒီနေရာမှာ ဖော်ပြပေးချင်ပါတယ် - အဲ့တာတွေအားလုံးရဲ့ အနှစ်ချုပ်ကတော့ -
ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို မိသားစုဝင်တော်တော်များများက အမေးအဖြေ ဆိုဒ်တစ်ခုလို ထင်နေကြတယ် - ဖိုရမ်ဆိုတာ အမေးအဖြေလုပ်ဖို့ တစ်ခုတည်း အတွက် တည်ထောင်ထားတဲ့ နေရာ မဟုတ်ပါဘူး - မသိတာလာမေး ပြီးရင်ပြန်ဆိုတာ အမေးအဖြေ ဆိုဒ်တွေရဲ့ သဘောသဘာဝပါ - ဖိုရမ်က အဲလိုဆိုဒ်တွေနဲ့ ရပ်တည်မှုခြင်း မတူပါဘူး - ဖိုရမ်ဆိုတာ လူအားလုံးရဲ့ အသိပညာ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေကို စုပေါင်း မျှဝေတဲ့နေရာ - ကိုယ်သိထား တာတွေကို အခြေခံကျကျ ပြောပြမယ် - လေ့လာနိုင်မယ့် နေရာကောင်းတွေ လက်ဆင့်ကမ်းမယ် - တစ်ယောက်ယောက် အခက်အခဲရှိရင် ကိုယ်နားလည်ထားသလောက် ဝင်ပြောပေးမယ် - ကိုယ်မသိသေးတာတွေကိုလည်း တစ်ခြားသူတွေရဲ့ အတွေ့အကြုံ မျှဝေမှုတွေကနေ ရယူမယ် - ဒါက ဖိုရမ်တစ်ခုရဲ့ အသက်ပါ - ဒါကို မိသားစုဝင်အများစု အခုထိ ရုပ်လုံးမကွဲကြ သေးဘူး -

ကျွန်တော်တို့ ဖိုရမ်အပါအဝင် မြန်မာဖိုရမ်တော်တော်များများကို လိုက်ကြည့်ရင် ဆွေးနွေးချက်နဲ့ အမေးအဖြေဆို တစ်နေ့နဲ့ တစ်နေ့ ဆွေးနွေးချက်ထက် အမေးအဖြေက နေ့တိုင်းလိုလို ပိုတက်ပြီး ဆွေးနွေးချက်က ပျောက်ပျောက်နေတာ တွေ့နေရတယ် - အဲတာတွေက အားမနာတမ်း ပြောရရင် အလားအလာ မကောင်းဘူး - ဘာလို့လည်းဆိုတော့ -
ပြဿနာတစ်ခုကို ပြေလည်စေတာဟာ ပြဿနာ အားလုံးကို ပြေလည်စေမယ့် ဖြေရှင်းချက် မဟုတ်လို့ပါပဲ
ဝလုံးရေးတတ်ချင်တဲ့ ကလေးတစ်ယောက် ဝလုံးရေးတတ်တဲ့ ကျွန်တော်တို့ဆီကို ဝလုံးရေးနည်း လာသင်ပြီ ဆိုကြပါစို့ - ကျွန်တော်တို့ သူ့ကို ဝလုံးရေးတတ်သွားအောင် ဝလုံးရေးနည်း ဘယ်လိုသင်ပေးကြမလဲ ??

- ကျောက်သင်ပုန်း ကျောက်တံယူ - ကလေးကို ဒီမှာကြည့် "ဦး"/"ဒေါ်လေး" ဆွဲတာ - ပြီးရင် "ဦး"/"ဒေါ်လေး" ဆွဲသလို လိုက်ဆွဲဆိုပြီး သင်ပေးမလား ??
- ကျောက်သင်ပုန်း ပေါ်မှာ ကျောက်တံကို သူ့လက်နဲ့ သူ့ဘာသာသူ ကိုင်ခိုင်းပြီး ကိုယ်က ဘေးကနေ ပါးစပ်ပြောနဲ့ ဟိုလိုလုပ် ဒီလိုလုပ်နဲ့ သင်မလား ??
- ကျောက်သင်ပုန်း ကျောက်တံပေါ်မှာ သူ့လက်ကို ကိုယ့်လက်နဲ့ ထပ်ကိုင် စနစ်တကျ နေသားချပေးပြီး - ညာလက်နဲ့ ဝလုံးရေးရင် မှားတတ်တဲ့ အမှား - ဘယ်လက်နဲ့ ဝလုံးရေးရင် မှားတတ်တဲ့ အမှား - ခဲတံ အနေအထားနဲ့ လက်ကိုင်အသုံးပြုပုံ - လက်ကောက်ဝက် အနေအထားနဲ့ စာလုံးဆက်စပ်မှု ဆိုတဲ့ ဝလုံးရေးဆွဲနည်း ဥပဒေသတွေ အားလုံးကို နားလည်လွယ်အောင် ရှင်းပြ သင်ပေးမလား ??

အဲ့တော့ ဘယ်သင်ကြားနည်းကို ကျွန်တော်တို့ ရွေးကြမလဲ ??

Contributors များ၏ အခန်းကဏ္ဍ

ဝလုံးရေးနည်း ဆိုတာ တကယ်တော့ ကျွန်တော်တို့ စာရေးတတ် ဖတ်တတ်လာအောင် သင်ခဲ့ရတဲ့ ပညာရပ်တစ်ခုလုံးရဲ့ အဦးဆုံး အခြေခံ - ဝလုံးရေးနည်းတောင် ကလေးတစ်ယောက် စနစ်တကျ တတ်မြောက်သွားဖို့ ဒီလောက် အချိန်ပေးရရင် ဖိုရမ်ဆိုတဲ့ ပညာရပ်စုံတဲ့ နယ်ပယ်တစ်ခုမှာ မသိနားမလည်သေးတဲ့ လေ့လာသူတွေကို လက်တွဲခေါ်နိုင်ဖို့ ကျွန်တော်တို့ ဒီ့ထက်ပိုပြီး အချိန်ပေးကြရမယ် -

( ၁ ) ကူညီလိုစိတ်မွေးပါ

လူတိုင်း လူတိုင်း မွေးကတည်းက ပါလာတာ ပျင်းတဲ့ရောဂါ - လူတိုင်း ပျင်းတတ်တယ် - ကျွန်တော်လည်း ပျင်းတယ် - တစ်ခုခု သိချင်တယ် ဒါပေမယ့် ရှာရမှာ ပျင်းတယ် - တစ်ခုခု နားလည်ချင်တယ် ဒါပေမယ့် ဖတ်ရမှာ ပျင်းတယ် - ဖိုရမ်ကို ရောက်လာတော့ မေးခွန်းတွေ အများကြီး တွေ့ရတယ် - အဲ့ကျတော့လည်း ဖြေဖို့ ပျင်းပြန်ရော - ပျင်းတယ်ဆိုတာထက် တစ်ချို့ အကြောင်းအရာ တွေက မှန်ရာပြောရရင် ကိုယ်တိုင်လည်း အပေါ်ယံကြောလောက်ပဲ သိတာ - အတွင်းကျကျ မသိဘူး - အဲတာကို ပြန်ရှင်းဖို့ဆိုရင် အတွင်းကျကျ သိနိုင်ဖို့ စာပြန်လိုက်ဖတ်ရတယ် - အဲ့ကျတော့ ပျင်းလို့ မရတော့ဘူး - ဒါကို ကျွန်တော်တို့က ကူညီလိုစိတ် မွေးတယ်လို့ ခေါ်တယ် - ကိုယ့် အခက်အခဲ မဟုတ်ပေမယ့် တစ်ခြားသူတစ်ယောက်ရဲ့ အခက်အခဲကို တတ်နိုင်မယ်ဆိုရင် ကူညီနိုင်ဖို့ ကြိုးစားကြည့်ပါ - ငါက ဘာမှမှ မသိတာဆိုတဲ့ စကားလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချ မပစ်လိုက်ပါနဲ့ - ငါက ဘာမှမှ မသိတာဆိုတဲ့ အတွေးမျိုး တွေးတတ်ရင် ငါသူတို့ထက် စာပိုဖတ်ဖြစ်ဖို့လိုတယ်ဆိုတဲ့ အတွေးမျိုး တွေးမိဖို့လည်း သိပ်အရေးကြီးပါတယ် - ဖိုရမ်ကို ရောက်ဖြစ်တုန်းခဏ အင်တာနက် လက်တစ်ကမ်း ရှိတုန်းအချိန်မှာ ကိုယ်သိထားတာတွေထဲက ဘယ်အကြောင်းအရာပဲ ဖြစ်ပါစေ တစ်ခုတစ်လေလောက် မျှဝေနိုင်ဖို့ ကြိုးစားကြည့်ပါ - အဲ့ဒီ့ မျှဝေမှုကနေ လက်ဆုပ်လက်ကိုင် ပြနိုင်စရာ ဆုလာဒ်ကောင်းတစ်ခု ရဖို့ မသေချာပေမယ့် လိုအပ်လေ့လာ သူတွေကနေပေးမယ့် မေတ္တာတရားကိုတော့ အတိုင်းအဆမရှိ ရရှိပါလိမ့်မယ်။

( ၂ ) အလှမ်းကျယ်ပါစေ သို့သော် ...

လူတိုင်း အောင်မြင်ချင်တာပဲ - လူတိုင်း ကြီးကျယ်မြင့်မြတ်ချင်တာပဲ - လူတိုင်း လူထင်ကြီး မခံရရင်တောင် လူထင်သေးမခံချင် ကြတဲ့ သူချည်းပဲ - ဒီစိတ်မျိုး ကျွန်တော့်မှာ ရိှသလို မိသားစုဝင်တိုင်းမှာလည်း ရှိတယ် - ဒါပေမယ့် အဲ့စိတ်ကို ခုခေတ် လူငယ်တွေမှာ ရှိနေတဲ့ စိတ်နဲ့ ချိန်ထိုးကြည့်တော့ အများကြီး လွဲမှားနေတာ သွားတွေ့ရတယ် - မြန်မာလူငယ်တွေ အောင်မြင်ချင်တာ ကြီးကျယ်မြင့်မြတ်ချင်တာတော့ တအားပဲ - ဒါပေမယ့် တော်တော်များများ က ဖြတ်လမ်းနည်းနဲ့ အောင်မြင်ချင်နေကြတယ် - ဥပမာ ပေးရရင် Computer နဲ့ ပတ်သတ်ပြီး ဆိုကြပါစို့ Programmers တို့ Game developers တို့ Web designers တို့ စသဖြင့် အောင်မြင်တဲ့ သူတွေ တွေ့ရင် သူတို့လို ဖြစ်ချင်လိုက်ကြတာ တအား - သူတို့လို ဖြစ်ချင်ရင် သူတို့ဘယ်လို ကြိုးစားခဲ့လဲ သူတို့ ဒီလို ဖြစ်လာဖို့ ဘယ်လောက် ရင်းနှီးပေးဆပ်ခဲ့ရလဲ - အဲတာတွေသိပြီးရင် ငါဘယ်လို ပြင်ဆင်သင့်သလဲ ဆိုတာ အရင်မလေ့လာဘူး - ဖြတ်လမ်းနည်းနဲ့ အခြေခံဘာမှမသိပဲ ကိုယ့်ကိုယ်ဆရာတစ်ဆူလို အထင်ခံ ရအောင် လုပ်ချင်နေကြတယ် - ပြောရရင် အလှမ်းကျယ်ပြီး အလယ်လပ် နေကြတာပေါ့ - ဒီလိုဖြစ်နေတာ လူငယ်တွေရဲ့ အပြစ်မဟုတ်ဘူး - အဲတာ လူကြီးတွေရဲ့ အပြစ် - ဘာလို့လည်းဆို တတ်ပြီးသိပြီးသား လူတွေက မတတ်သေး မသိသေးသူတွေ လေ့လာနိုင်အောင် အခြေခံကို ပြန်ဆင်းပြီး ဘယ်သူမှ တော်ယုံ မရှင်းပြကြတော့ဘူး - ကျွန်တော် ကွန်ပြူတာနဲ့ ပတ်သတ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘာမှမဟုတ်တဲ့ အခြေခံလေးတွေကို မြန်မာလို မဖတ်ရပဲ - အင်္ဂလိပ်လို လိုက်ဖတ်နေရတာ အများကြီး - အင်္ဂလိပ်လိုဖတ်ရတာ ဘာမှ မဖြစ်ပါဘူး - မြန်မာလူမျိုး အဲ့လောက် အင်္ဂလိပ်စာ ညံ့တဲ့သူ တစ်ယောက်မှ မရှိဘူး - အားလုံး ဖတ်နိုင်တယ် - ဒါပေမယ့် သိထားဖို့ ကောင်းတာ ကျုပ်တို့ ခု အင်္ဂလိပ်လိုဖတ်နေတဲ့ စာတွေထဲက တစ်ချို့ အကြောင်းအရာတွေ ဟာ သူများနိုင်ငံမှာ အခြေခံ အဆင့်လောက်တည်းက သိခဲ့တာတွေဗျ - ဒါတွေ ဘာလို့ ကျွန်တော်တို့ မသိခဲ့လဲ - ငါ့တုန်းကလည်း ဒီလိုပဲ အင်္ဂလိပ်လို ဖတ်ခဲ့တာပဲ - မင်းသိချင်ရင်လည်း အင်္ဂလိပ်ဖတ်ပေါ့ ဆိုတဲ့ လူကြီးတွေကြောင့် ကျွန်တော်တို့ သိသင့်တဲ့ အရွယ်မှာ ဒီ အခြေခံ အဆင့်တွေကို မသိခဲ့တာ - ဒါတွေကို အခုမှ ဒရောသောပါး လိုက်ဖတ်နေရတော့ သူများနိုင်ငံကသူတွေ ဟော တစ်စင်း ဟောတစ်စင်းနဲ့ အာကာသပေါ် ယာဉ်ပျံတွေ တက်နေတဲ့ အချိန် ဒီကလူတွေက ခုချိန်ထိ Browser ဆိုသည်မှာ - Torrent ဆိုသည်မှာ လုပ်နေရတယ် - ကျွန်တော်တို့တွေ Basic မရှိပဲ Advance ကို ကျော်တက်ချင်လို့ မရဘူး - အဲတာကို မမေ့ကြပါနဲ့ - မြန်မာလူမျိုးထဲမှာ Advance ပိုင်းကို ကောင်းကောင်းရေးနိုင်တဲ့သူတွေ အများကြီး ရှိတယ် - ဒါပေမယ့် Advance ပိုင်းကို ရောက်ပြီးသားသူတွေဆိုတာ တော်တော်များများ ဘယ်သူမှ Basic ပိုင်းကိုပြန်ရေးဖို့ စိတ်မကူးချင်ကြတော့ဘူး - ဒါ သူတို့ အပြစ်မဟုတ်ဘူး - သူတို့က Advance ပိုင်းကို ကောင်းကောင်းရေးနိုင်နေပြီမို့လို့ အလယ်အလတ် သိနေတဲ့ သူတွေကို Advance ပိုင်းကို ဆွဲခေါ်သွားလိမ့်မယ် - ကျွန်တော်တို့က ကိုယ့်လောက်မသိသေးတဲ့ လူငယ်တွေကို အလယ်အလတ် လောက် နားလည်တဲ့ အဆင့်ထိ Basic ကနေဆွဲခေါ်မယ် - အဲ့တာကြောင့် ဘယ်အကြောင်းအရာ ကိုရေးရေး တတ်နိုင်သမျှ အသေးစိတ်ပြီး ရေးပေးကြပါ - ကျွန်တော်တို့ လူမျိုးတွေ အဓိက လိုနေတာ အခြေခံပါ - အခြေခံကို နားလည်သွားတဲ့ လူငယ်တွေဟာ Advance ပိုင်းကို ဘယ်လိုသွားရမယ်ဆိုတာ သူတို့ကိုယ်သူတို့ ပိုင်းဖြတ်သွားနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အလှမ်းကျယ်ကျယ် လှမ်းဖို့ ကြံတဲ့ အခါတိုင်း အလယ်မလပ်စေဖို့ ကိုပါ ဂရုပြုကြဖို့ အသိပေး လိုက်ပါရစေ။

( ၃ ) တို့ကနန်း ဆိတ်ကနန်း မလုပ်ပါနှင့်

တစ်ချို့က ကူညီချင်တယ်ဆိုတာထက် - ဒါလေးများ ငါတောင်သိတယ်ဆိုတဲ့ မသိစိတ်က ပညာဝင်ပြချင်တာ - ဒါလေးများကွာ ဟိုဟာကို ဟိုလိုလုပ်ပြီး ဒီဟာကို ဒီလိုလုပ်လိုက်ပေါ့ ဆိုတဲ့ နှစ်ကြောင်းလောက် ဝင်ရေးတာဟာ ကိုယ့်အတွက် ဘာမှမပင်ပန်းပေမယ့် လေ့လာသူကို ဇဝေဇဝါဖြစ်စေသလို - သိမ်ငယ်စိတ်ပါ စိုးမိုးစေပါတယ် - အဲလို တို့ကနန်း ဆိတ်ကနန်း ဆွေးနွေးမှုတွေကြောင့် နောက် ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေက Thread တွေ ဖောင်းပွ တယ် - တကယ်တန်ဖိုးရှိတဲ့ Thread တစ်ခုကို တို့ကနန်း ဆိတ်ကနန်း Thread က ဖုံးပြီး နောက်လူတွေကလည်း တို့ကနန်း ဆိတ်ကနန်းကိုပဲ အဟုတ်လိုထင် - သူတို့ဆွေးနွေးတဲ့ အချိန်ကျရင်လည်း တို့ကနန်း ဆိတ်ကနန်းတွေပဲ လုပ်လာကြ - ပြည့်ပြည့်စုံစုံ ဝင်ပြောပေးတ့ဲသူကပဲ ဆရာကြီး ဝင်လုပ်သလိုလို - လူ့စိတ်က ကောင်းတာမြင်ရင်သာ အတုခိုးဖို့ ခက်တာ မကောင်းတာ မြင်ရင်ကျ မကောင်းမှန်း သိနေတာတောင် အလိုလို အတုခိုးမိလျက်သွား ဖြစ်နေကြရော - သိချင်လို့ မေးတဲ့လူခမျာလည်း အေးလေ ငါကလည်း ဒါလေးတောင် မသိဘူး - သူတို့ပြောတော့လည်း လွယ်လွယ်လေးလိုပဲ ဆိုတဲ့ အတွေးနဲ့ ဖိုရမ်ကနေ Reply သာရသွားတယ် သိချင်တာကို ဂဃနဏ မသိရ - ဘာလုပ်ရမှန်းမသိပဲ လေ့လာချင်စိတ်ကုန်ပြီး စိတ်ဓာတ်ပျက်သွားတတ်ကြတယ် - အဲ့တာကြောင့် မိသားစုဝင်များ မေးမြန်းချက် အကြောင်းအရာ တစ်ခုနဲ့ ပတ်သတ်လို့ ဝင်ရောက်ဆွေးနွေးချင်တာဖြစ်ဖြစ် - တစ်ခြားသူ ဆွေးနွေးထားတာ မရှိသေးလို့ ( သို့တည်းမဟုတ် ) ဆွေးနွေးထားတာ မတွေ့မိလို့ ကိုယ်ကစပြီး ဆွေးနွေးချင်ပြီဆိုရင် တတ်နိုင်သလောက် တို့ကနန်း ဆိတ်ကနန်း မလုပ်ကြပါနဲ့ - မရေးကြပါနဲ့ - ကိုယ်တိုင်လည်း မသိ - လေ့လာ ရမှာလည်း ပျင်းတယ်ဆိုရင် တို့ကနန်း ဆိတ်ကနန်း ဝင်ဆွေးနွေးမယ့် အစား လက်ရှောင် နေလိုက်ပါ - ဒီစကားက မသိရင် ဝင်မရေးရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး - ကိုယ့်စိတ်က တစ်ခုခု ပြောပြလိုက်ချင်တယ် - ကူညီလိုက်ချင်တယ်ဆိုတာ သေချာရင် တစ်ခြားသူအတွက်လည်း တကယ်အကျိုးရှိအောင် ကိုယ်သိထားတာကို စာလေးနည်းနည်းပြန်ဖတ် အကိုးအကားလေးနဲ့ ဆွေးနွေးပေးပါ - နည်းနည်းလောက် သိထားတယ်ဆိုရင် ကိုယ်သိထားသလောက်ကို တိတိကျကျ ချပြပြီး - ပြည့်ပြည့်စုံစုံဆွေးနွေး ချင်တယ်ဆိုရင်တော့ သိထားတာကို နောက်ထပ် အကိုးအကား လေ့လာနိုင် မယ့် နေရာတွေ - Screenshots တွေ Screencasts တွေနဲ့ပါ စုပေါင်းပြီး ဆွေးနွေးပေးကြ စေလိုပါတယ်။

( ၄ ) လူထင်ကြီး မခံရသည်ကို မြတ်နိုးပါ

ခေါင်းစဉ်ကို ဖတ်ရင် နည်းနည်းထူးဆန်းနေလိမ့်မယ် - ကျွန်တော် ကြုံခဲ့ဖူးတဲ့ လူတော်တော်များများဟာ သူတို့ ဘာပဲလုပ်လုပ် လူထင်ကြီးခံရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာမျိုး မရှိသလောက်ရှားကြတယ် - ဒါပေမယ့် လူ့စိတ်ဆိုတာ ဆန်းတယ် - လူထင်ကြီးခံရအောင် ကျွန်တော်တို့ လုပ်နေကြတာ မဟုတ်ပေမယ့် အခြားဘက်မှာ ကိုယ့်မသိစိတ်က ကိုယ်တစ်ခုခု လုပ်လိုက်ရင် လူထင်သေးခံရမလား ဆိုတဲ့ ကြောက်စိတ် အမြဲရှိနေတယ် - အဲ့စိတ်ကြောင့်ပဲ လူထင်သေးမခံရအောင် လုပ်ရင်းနဲ့ နောက်ပိုင်းမှာ လူထင်ကြီးခံရအောင် မသိစိတ်က လုပ်မိလျက်သား ဖြစ်သွားတတ်ပါတယ် - ဘာလို့လည်းဆိုတော့ လူထင်သေးမခံရအောင် လုပ်ရတာက ခက်ပြီး - လူထင်ကြီးခံရအောင် လုပ်ရတာက သိပ်လွယ်လို့ပါ - ခက်တာဆိုရင် လူ့သဘာဝက ဘယ်သူမှ အပင်ပန်းခံပြီး နေ့စဉ်ရက်ဆက် မကြိုးစားချင်ဘူး - အဲ့ဒီ့ စိတ်ကို ဦးစားပေးမိတာတွေ များလာတဲ့ အခါ နောက်ပိုင်းကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက လူထင်သေးမခံရအောင် ကြိုးစားနေတဲ့ စိတ်မျိုးကနေ ငါဟာ မသိတာ မရှိဘူး - သူတို့ ဘာမေးမေး ငါသိတယ်ဆိုတဲ့ ပုံစံမျိုး လူထင်ကြီးခံရအောင် လုပ်ဆောင်နေတဲ့ လူတစ်ယောက်အဖြစ် ပုံသွင်းခံလိုက်ရတယ် - အဲ့နောက်မှာ ဘာတြွေဖစ်လာမလဲဆိုတော့ ကိုယ် လူထင်သေးမခံရအောင် ကြိုးစားခဲ့စဉ် တစ်ချိန်တုန်းက ကိုယ့်ကို တစ်ခဲနက် အားပေးထောက်ခံခဲ့တဲ့ သူတွေအားလုံး ကိုယ့်ကို စွန့်ခွာသွားတာ ခံရမယ် - လူတွေရဲ့ အထင်ကြီးတာ ခံရပြီး အမြင့်ကို ရောက်တဲ့ အချိန်ကျတော့မှာ ကိုယ့်ကို စွန့်ခွာသွားတာခံရတော့ အမြင့်ကိုရောက်လေ အကျနာလေ ဆိုတဲ့ စကားက ပေါ်လာတယ် - တကယ်တော့ ကျွန်တော်တို့ လူထင်ကြီး ခံရသည် ဖြစ်စေ - မခံရသည်ဖြစ်စေ ကိုယ့်လုပ်ဆောင်ချက် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေဖို့ပဲ လိုပါတယ် - လူထင်ကြီး မခံရတာ ပြဿနာ မရှိပါဘူး - ဖြစ်နိုင်ရင် လူထင်ကြီးမခံရတာလေးကိုပဲ မြတ်မြတ်နိုးနိုး ဖက်တွယ်ပြီး ကိုယ်လုပ်စရာ ရှိတာတွေကိုပဲ အကောင်းဆုံး လုပ်ဆောင်ဖြစ်အောင် ကျွန်တော်တို့ Contributors တွေ ကြိုးစားနေကြဖို့ပဲ လိုပါတယ်။

( ၅ ) လူမကြောက်ပါနှင့်

ဒီအကြောင်းကိုတော့ ပြောချင်ခဲ့တာ တော်တော်ကိုကြာပါပြီ - ဖိုရမ်မှာ မိသားစုဝင် တစ်ယောက်ယောက် ဆွေးနွေးချက်တစ်ခု စရေးတော့မယ်ဆိုရင် ဆွေးနွေးချက် မစခင်တည်းက -

ကျွန်တော်/ကျွန်မကတော့ ဖိုရမ်မှာ အခုမှ စရေးဖူးတာပါ - အရင်က တစ်ခါမှ မရေးခဲ့ဖူးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးစေ ချင်ပါတယ် - ခုပြောမယ့် အကြောင်းကို သိထားပြီးသူလည်း ရှိပါလိမ့်မယ် - ဒါပေမယ့် မသိသေးတဲ့သူတွေ အတွက်ပါ - သိပြီးပြီး သူများအတွက် မရည်ရွယ်ပါဘူး - နားလည်ပြီးသူများ ကျော်သွားနိုင်ပါတယ် - အမှားတွေပါရင်လည်း ခွင့်လွှတ်ပေးပါ
စသဖြင့် ... အကြောင်းအရာတစ်ခု အစမပျိုးခင်တည်းက တောင်းပန်စကားတွေ အရမ်းများနေတာ သတိထားမိပါတယ် - ကျွန်တော် မိသားစုဝင်များကို အသိပေးချင်တာ ဖိုရမ်ဟာ စာစစ်ဌာန မဟုတ်ပါဘူး - တစ်ခြားဖိုရမ်မှာ ဘယ်လို ကြီးကြပ်တယ် ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ ဖိုရမ်မှာ သိစေတတ်စေ နားလည်စေလိုတဲ့ စေတနာနဲ့ ကိုယ်တိုင်အချိန်ပေးပြီး အားတတ်သရော ရေးတင်ထားတဲ့ စာကို ဘယ် အုပ်ချုပ် ကြီးကြပ်သူတွေကမှ မျက်လုံးဒေါက်ထောက်ကြည့်ပြီး အမှားမရှာပါဘူး - ရေးပါ လွတ်လွတ်လပ်လပ် ရေးပါ - ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ - မိသားစုစိတ်ဓာတ်နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အမှားတွေ့ခ့ဲရင်လည်း ထောက်ပြပါ - လူကြောက်ဖို့ မလိုပါဘူး - တကယ်လို့ ကိုယ့်ဘက်က စေတနာအပြည့်နဲ့ တတ်စွမ်း သလောက် အချိန်ပေးပြီး ကိုယ်တိုင် ဆွေးနွေးပေးနေတာကို ကဖျက်ယဖျက်သဘောနဲ့ ပညာဝင်ပြချင်တဲ့သူတွေ့ရင် ကျွန်တော်တို့ အုပ်ချုပ် ကြီးကြပ်သူတွေရော မိသားစုဝင်တွေရော အားလုံး အမဲဖျက်သလို ဖျက်ပေးမယ် - လုံးဝ စိတ်မပူပါနဲ့ - စေတနာ မှန်ဖို့ပဲ လိုပါတယ် -

အနှစ်ချုပ်အနေနဲ့ Contributors များရဲ့ အခန်းကဏ္ဍမှာ Contributors အားလုံးကို ကျွန်တော် နောက်ဆုံး အကြံပြုချင်တာ ကတော့ -

ပြဿနာအားလုံးကို ပြေလည်စေမယ့် နည်းလမ်းဟာ ပြဿနာအားလုံးကို လိုက်လံဖြေရှင်းပေးတဲ့နည်းလမ်း မဟုတ်ပါဘူး - ပြဿနာဖြစ်ပေါ်စေမယ့် လမ်းကြောင်းအားလုံးကို ကြိုတင်တားဆီး ကာကွယ်တဲ့နည်းလမ်းပါ
မိသားစုဝင်များ - Contributors များ ဒါကို မမေ့ကြပါနဲ့ - ဆွေးနွေးချက်ကို များများရေးပါ - ဝိုင်းဝန်းဆွေးနွေးပါ - စုပေါင်း အဖြေရှာပါ - နားမလည်တာတွေကို ထပ်မေးပါ - ကိုယ်ကိုယ်တိုင်လည်း သူများပြောတိုင်း မယုံပါနဲ့ - အဲ့လူပြောတဲ့ အဖြေကို ကိုယ်ကိုယ်တိုင် စာလိုက်ဖတ်ပြီး သေချာမှု ရှိမရှိ ဆန်းစစ်ပါ - ဒါဟာ ပြဿနာအားလုံးနီးပါးကို ဖြေရှင်းပေးဖို့ မလိုတဲ့ ကြိုတင်တားဆီးကာကွယ်မှု နည်းလမ်းပါပဲ -

KznT.

11Dreams with Simplex Enews Template

Template သဘောမကျလို့ ဆိုပြီး ပြင်နေတာ ၁ ပတ်လောက်ကြာသွားတယ် - အရင် Template ကို သဘောမကျလို့တော့ မဟုတ်ဘူး - အရင် Template က Simplexdesign ကနေ ယူပြီးသုံးထားတာ - ကိုယ်လိုချင်တဲ့ ပုံစံမျိုး အဲ့ဒီ Template မှာတော်တော်များများ ပါလို့ အရင်ကဆို Template တစ်ခုကို ၁ ပတ် တစ်ခါလောက် ပြောင်းနေရာကနေ ခု အဲ့ဒီ့ Template လေးနဲ့ တော်တော်ကြာခဲ့တယ် - ဒါပေမယ့် ဒီ လဆန်းပိုင်းက SIMPLEX ENEWS TEMPLATE ကိုပဲ  Simplexdesign မှာ Version အသစ်ထပ် ထုတ်တယ် - အရင်ကနဲ့ ဘာမှ ထူးထူးခြားခြား အမြင်ပြောင်းသွားတာမျိုး မရှိပေမယ့် ဒီ Features အသစ်လေးတွေ ပါလာတော့ လူကမျက်စိကျမိပြန်ရော - 


- Disqus comment systemt ,a recent comment tab from Disqus
- Widgets in the footer
- A page for embeded forum ( sidebar is hidden when you enter this page )
- Lightbox effect
- Reduce loading time
- Number of post in each category is different .

အထူးသဖြင့်တော့ Reduce loading time ကို သဘောကျတာ - အရင်က Blog က တော်တော်ကြီးကို နှေးနေတယ် - ကိုယ်သုံးနေတဲ့ Connection က ဒီလောက် အဆိုးကြီး မဟုတ်တာတောင် ဒီလောက် လေးနေရင် မြန်မာနိုင်ငံက စာလာဖတ်တတ်တဲ့သူတွေ ဘယ်လိုများ သုံးနေရမလဲ ဆိုပြီး စိတ်မကောင်းတာနဲ့ ပြောင်းပေးချင်နေတာ - ဒါပေမယ့် Template တစ်ခု ပြောင်းရတာ အရမ်းကို အလုပ်ရှုပ်တယ် - Features များလေး ခေါင်းရှုပ်လေပဲ - နောက်ပြီး ကိုယ့်ဘာသာ ထပ်ပေါင်းထည့်ချင် ပြင်ချင်တာတွေကလည်း ရှိနေတော့ ပြောင်းချင်တာပဲရှိတယ် လူကလည်း မအားတာနဲ့ စိတ်ထဲတွေ့တဲ့ 2 Column Template လေးတစ်ခု အရင်ကောက်တင်ထားလိုက်ပြီး မနေ့ညကမှ အသစ်ထွက်တဲ့ နောက် SIMPLEX ENEWS TEMPLATE အသစ်ကို ပြောင်းတင်ဖြစ်တယ် - တင်တင်ခြင်း Errors တွေ အရမ်းတက်နေလို့ စာဖတ်သူတွေ စိတ်ရှုပ်မှာ စိုးတာနဲ့ အသိမပေးပဲ ခဏ ပိတ်ထား လိုက်ရတယ် - အားလုံးကို တောင်းပန်ပါတယ် - ဒီကြားထဲ Disqus comment system ထည့်လိုက်တာမှာ အရင် ( ၄ ) နှစ်နီးပါး ရေးခဲ့တုန်းက မှတ်မှတ်ရရ ရခဲ့တဲ့ Comments လေး ( ၆ ) ခုမှာ ( ၄ ) ခု ပျက်သွားတယ် - Comments ပေးခဲ့တဲ့သူတွေ ဒီကနေပဲ တောင်းပန်ပါရစေ  - ကောင်းစေချင်လို့ လုပ်ပေမယ့် မထင်မှတ် ထားတာလေး ပါသွားတော့ စိတ်ထဲ မကောင်းဘူး - 

ဘယ်လိုပဲ ဖြစ်ဖြစ် အရင်ကထက် loading time သိသိသာသာလေး လျော့သွားတာရော - တစ်ခြား ထပ်ပေါင်း ဖြည့်ချင်တာလေး ဖြည့်လိုက်ရတာရော - ဖတ်သူနည်းပေမယ့် ဖတ်ရတဲ့သူ စိတ်ချမ်းသာအောင် တတ်နိုင်သလောက်လေး ပြင်ပေးလိုက်ရလို့ စိတ်တော့ ချမ်းသာပါတယ် - အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ -

KznT.

Related Posts