Screen Capturing Tools

Leave a Comment
ဒီနေ့တော့ တော်တော်များများ သိထားပြီးသား အကြောင်းအရာ သေးသေးလေး တစ်ခုကို အကျယ်ချဲ့ပြီး ဆွေးနွေးကြည့်ချင်ပါတယ် - ဖိုရမ်အတွက် တစ်ခြား အကြောင်းအရာ တစ်ခု ရေးနေရာကနေ ဒီအကြောင်းက မရေးလို့ မဖြစ်လို့ အရင်စရေးလိုက်တာပါ - Screen Capturing Tool ဆိုတာ မှန်ရာပြောရရင် ကျွန်တော် ကွန်ပြူတာ စသုံးခဲ့စဉ်ကာလကနေ အချိန်တော်တော်ကြာတဲ့အထိ ဘာမှန်း မသိခဲ့သေးဘူး - သုံးရကောင်းမှန်း မသိတာလည်းပါတယ် - Screen Capturing Tool ဆိုတာထက် တစ်ခုခုကို Screenshot ဖို့ဆိုရင် keyboard မှာပါတဲ့ Prt Sc ဆိုတဲ့ Print screen ကိုပဲ အမြဲ အားကိုးခဲ့တာ 

Window မှာပါတဲ့ Print screen ဆိုတာ ကျွန်တော်တော့ သုံးလို့ရယုံ အဖြစ်ထည့်ထားတဲ့ သဘောလောက်ပဲလို့ ထင်မိတယ် - ဘာလို့လည်းဆို Print screen key ကို သုံးပြီး Screenshot ဖူးသူတိုင်း သိပါလိမ့်မယ် - သူ့ key ကို နှိပ် နောက် mspaint ကို run ကနေ ခေါ် paste လုပ် - ပြန် save အဆင့်က ( ၄ ) ဆင့်လောက် လုပ်နေရတယ် - ဒီကြားထဲ ကိုယ်လုပ်ထားတဲ့ screenshot မှာ တစ်ခြား စာလေး ဘာလေး effect လေး ထပ်ထည့်ချင်ရင် mspaint က အဆင်မပြေတော့ဘူး - ဒါပေမယ့် Windows 7 မှာပါတဲ့ mspaint ကတော့ အရင်ကထက် စာရင် တော်တော်လေး သုံးရ အဆင်ပြေလာတာ သတိထားမိတယ် -



ဘာကြောင့် Screen Capturing Tool ကို သုံးသင့်သလဲ


အဲ့တော့ ကျွန်တော်တို့တွေ Screen Capturing Tools တွေအကြောင်း အကြမ်းဖျဉ်း မိတ်ဆက်ပြီးတဲ့ နောက်မှာ Screen Capturing Tool ကို ဘာကြောင့်/ဘယ်အချိန်မှာ သုံးသင့်လဲဆိုတဲ့ အကြောင်းအရာ က စဉ်းစားဖို့လိုလာပါပြီ - Screen Capturing Tool တွေကို ဖိုရမ်မှာ ဆွေးနွေးချက်တစ်ခုခု စတင်ရေးသားတဲ့ အခါ ကိုယ်ရေးသားတဲ့ အကြောင်းကို ဖတ်ရှုလေ့လာသူတွေ မြင်သာသိလွယ်အောင် သရုပ်ဖော်ပုံတွေနဲ့ ဝေဝေဆာဆာ တင်ပြချင်တဲ့အခါမှာဖြစ်စေ – ဖိုရမ်မိသားစုဝင် တစ်ယောက်ယောက် ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုခုဖြစ်လို့ ကိုယ်ကိုယ်တိုင် ဝင်ရောက် ကူညီဖြေရှင်းပေး ချင်တဲ့အခါ လုပ်ဆောင်ချက် အကြောင်းအရာကို သိလွယ်မြင်သာအောင် သရုပ်ပြ လမ်းညွှန်ချင်တဲ့ အခါမှာဖြစ်စေ - မိမိကွန်ပြူတာမှာ အခက်အခဲ တစ်စုံတစ်ရာရှိလာလို့ ဖိုရမ်မှာ အကူအညီတောင်းချင်တဲ့ အချိန်မှာ ကူညီပေးမယ့်သူ မြင်သာအောင် errors တွေကို ဖော်ပြချင်တဲ့ အခါမှာဖြစ်စေ Screen Capturing Tool တွေကို အသုံးပြုပါတယ် -

ဥပမာဆိုကြပါစို့ - တစ်စုံတစ်ယောက်က ကျွန်တော် မြန်မာမိသားစုဖိုရမ်ကို မသွားတတ်လို့ လမ်းညွှန်ပေးပါ ခင်ဗျ ဆိုရင် - ကျွန်တော်တို့ ဘယ်လို လမ်းညွှန်ကြမလဲ ?? Browser ကိုဖွင့်ပါ - Address bar မှာ http://www.myanmarfamily.org ဆိုတဲ့ URL ကိုရိုက်ပြီး Enter ခေါက်ပါ - မြန်မာမိသားစုဖိုရမ်ဆိုတဲ့ Webpage ပေါ်လာရင် ဘယ်ဘက်ခြမ်း ခေါင်းစဉ်အောက်နားမှာ ရှိနေတဲ့ ပင်မအချက်အလက်များအောက်က မြန်မာမိသားစုဖိုရမ် ဆိုတဲ့ link ကနေ ဝင်ပါ ဆိုတာမျိုးထက် - အောက်မှာ ဖော်ပြထားတဲ့အတိုင်း Screen Capturing Tool တစ်ခုခုကိုသုံးပြီး သွားရမယ့် နေရာကို Screenshot ဖော်ပြလိုက်တာက ပိုပြီး ထိရောက်မယ် မဟုတ်ပါလား -


ဒီ သဘောတရားက Screen Capturing Tool တွေကို အသုံးပြုရခြင်းရဲ့ အသက်ပါပဲ - Screen Capturing Tool ကို သုံးခြင်းအားဖြင့် အကြောင်းအရာ အများကြီးကို စီကာပတ်ကုံး ပြောပြနေဖို့ မလိုသလို လိုချင်တဲ့ Target ကို လေ့လာသူတွေ အလွယ်တကူနဲ့ နားလည်နိုင်စေပါတယ် - ဒီ သဘောကို အခြေခံပြီး မိသားစုဝင်များလည်း ဖိုရမ်မှာ ကွန်ပြူတာနဲ့ ပတ်သတ်လို့ အခက်အခဲ တစ်ခုခု ရှိလာတဲ့ အချိန် မေးမြန်းတဲ့ အခါ ကျွန်တော့် ကွန်ပြူတာကြီး ဘာဖြစ်သွားမှန်း မသိလို့တို့ / သုံးနေရင်း ဘာ Errors တွေတက်နေမှန်း မသိတော့ဘူး ကူညီပါအုံး ဆိုတဲ့ မေးခွန်းမျိုးတွေ မမေးကြပဲ - လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားကို ဝိုင်းဝန်းကူညီပေးမယ့်သူတွေ မြင်သာအောင် Screenshot နဲ့ တကွ ဖော်ပြပေးကြဖို့အကြံပြုလိုပါတယ် -

အသုံးပြုသင့်သော Screen Capturing Tools များ


Screen Capturing Tools တွေနဲ့ ပတ်သတ်ပြီး တစ်ချိန်က ကျွန်တော် 2010 2011 Ultimate Software Guide for Windows Users ထဲမှာ သုံးဖို့သင့်မယ့် Screen Capturing Tools နှစ်ခုအကြောင်း ကို မိတ်ဆက်ပေးခဲ့ဖူးပါတယ် - ကျွန်တော်ကိုယ်တိုင်လည်း အချိန်တော်တော်များများမှာ စာရေးဖြစ်တိုင်း အဲ့ဒီ့ Tools နှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုကို အမြဲသုံးလေ့ ရှိခဲ့တယ် - Snagit နဲ့ FastStone Capture ပေါ့ - အကြမ်းဖျဉ်း သုံးသပ်ရရင် FastStone Capture က ပေါ့ပြီး သုံးရလွယ်တယ် - Snagit က နဲနဲလေးပြီး features ပိုစုံတယ် - သူ့ အားသာချက်နဲ့ သူတော့ ရှိကြတယ် - ဒါပေမယ့် သူတို့နှစ်ခုလုံးဟာ Freeware မဟုတ်ကြဘူး - သုံးချင်ရင် keys တို့ crack တို့ ရှာသုံးရတယ် - keys တို့ crack တို့ဆိုတာ ရှာရတာ ဘာမှ မခက်လှပါဘူး - ဒီအကြောင်းကို အင်တာနက်အတွင်း Software ရှာဖြွေခင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် တော်တော်များများကို ရေးခဲ့ပြီးပြီ - အလကားမပေးတာတွေထဲက ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ Applications အကြီးစားတွေကို Crack လုပ်ပြီးသုံးတာ သဘာဝကျပေမယ့် ကိုယ်တတ်နိုင်နေတဲ့ Applications အသေးအဖွဲလေးကအစ အလကားရအောင် လုပ်ယူပြီး သုံးတယ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ရှင်သန်မှုကို ဖျက်ဆီးရာကျပါတယ် - ဒါ့ကြောင့် စွမ်းဆောင်ရည်ချင်း တူမယ်ဆိုရင် Shareware ကို crack လုပ်ပြီး သုံးမယ့် အစား freeware လေးတွေ ပြောင်းသုံးကြည့်နိုင်ကြစေဖို့ Screen Capturing Tools အမျိုးအစားများစွာထဲက အလကားရပြီး စွမ်းဆောင်ရည်ကောင်းတဲ့ freeware တစ်ချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ် -


Shotty ကိုသုံးဖြစ်တာ သိပ်မကြာသေးဘူး - ဒါပေမယ့် freeware ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် လိုချင်တာ အားလုံးနီးပါး ပြည့်စုံနေတော့ သဘောကျမိတယ် - Desktop တစ်ခုလုံးကို Screenshot မလား - Screen ပေါ်က rectangular region ကိုပဲ Screenshot မလား - Window တစ်ခုချင်း ကြိုက်ရာကိုပဲ ရွေးပြီး Screenshot မလား စိတ်ကြိုက် ရိုက်ယူလို့ ရတယ် - Screenshot ပြီးရင် သူပေးထားတဲ့ hosting ငါးခုထဲက နှစ်သက်ရာ တစ်ခုခုဆီကို တန်းပြီး upload တင်နိုင်ပါသေးတယ် -


သူ့ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုကတော့ screen captures လုပ်တဲ့ နေရာမှာ Windows Aero Glass effects ရအောင် captures လုပ်ပေးနိုင်တာပါ - အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် -


PicPick ကလည်း Personal use နဲ့ non-profit educational use အတွက် Free ပေးထားတဲ့ Screen Capturing Tool တစ်ခုပါ - သူ့ရဲ့ အပြင်အဆင်က mspaint နဲ့ ဆင်ပြီး mspaint ထက် သုံးရ ပိုကောင်းပါတယ် - သူ့ရဲ့ အားသာချက်က တစ်ခြား Tools တွေကို Registry နဲ့ System folder ထဲထိ access မလုပ်တဲ့ အတွက် သူ့ဖိုင်ကို USB ထဲထည့်သွားပြီး ရောက်ရာ ကွန်ပြူတာမှာ install လုပ်စရာ မလိုပဲ အသင့်သုံးနိုင်ပါတယ် - တစ်ခြား အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။


Windows XP ရဲ့ program windows တွေမှာ rounded corners တွေ ရှိသလို တကယ်လို့ Windows 7 - Vista မှာ Aero ကို Enabled ပေးသုံးနေတာဆိုရင်လည်း အောက်ဖော်ပြပါအတိုင်း program windows တွေမှာ rounded corners ရှိတာ မိသားစုဝင်များ သတိပြုမိကြပါလိမ့်မယ် -


အဲ့ဒီ့ rounded corners တွေကို ကျွန်တော်တို့တွေ ပုံမှန် သုံးနေကျ print screen key ကိုသုံးပြီးဖြစ်ဖြစ် - တစ်ခြား အရည်အသွေးနိမ့်တဲ့ Screen capturing tools တစ်ခုခုကို သုံးပြီး capture လုပ်ရင် ဖြစ်ဖြစ် “rounded corners” တွေကို တိတိကျကျ Capture မလုပ်နိုင်ပါဘူး - ဒါ့ကြောင့် ပုံတွေနဲ့ ပတ်သတ်ပြီး တိတိကျကျ အသေးစိတ် Screenshot ချင်တဲ့အခါ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ Shotty - Snagit နဲ့ 7capture စတဲ့ အရည်အသွေးမြင့် Screen Capturing Tools တွေကို အသုံးပြုသင့်ပါတယ် - Normal Screen Capture နဲ့ Semi-Transparent Screen Capture ရဲ့ ကွာခြားချက်ကို အောက်ဖော်ပြပါ ပုံတွေမှာ အရည်အသွေးချင်း လေ့လာနိုင်ပါတယ် -

Normal Screen Capture


Semi-Transparent Screen Capture



Greenshot ဟာ Windows အတွက် open-source screen capture tool တစ်ခုဖြစ်ပြီး တစ်ခြား Screen Capturing Tools တွေနည်းပါး စွမ်းဆောင်ရည်ရှိတဲ့ freeware တစ်ခု ဖြစ်ပါတယ် - တစ်ခြား Screen Capturing Tools တွေလိုပဲ Screenshot လုပ်ပြီးသွားရင် ဖြတ်ညှပ်ကပ် လုပ်တာ လိုတာပေါင်းဖြည့်တာ စာထည့်တာ စသဖြင့် အားလုံးလုပ်ဆောင်နိုင်ပါတယ် -

တစ်ချို့ သတိမထားမိကြတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် - ကျွန်တော်တို့ သုံးနေတဲ့ Office 2010 မှာလည်း built-in screen clipping utility ပါပါတယ် - နေရာတစ်ခုချင်းစီကို မြင်သာအောင် ဖော်ပြလိုက်ပါတယ် -

Screen clipping in Word 2010


Screen clipping in PowerPoint 2010




Screen clipping in Onenote 2010



အောက်မှာ ဖော်ပြထားတဲ့ Video ကတော့ Onenote2010 မှာပါတဲ့ built-in screen clipping utility ကို အသုံးပြုနည်းပါ -



Screen Capturing Tools တွေ အကြောင်းနဲ့ ပတ်သတ်လို့တော့ ဒီလောက်ပါပဲ - ခု ဖော်ပြခဲ့သလောက်ဆို လေ့လာသူ မိသားစုဝင်များ ဘယ်လို Screen Capturing Tool ကို အသုံးပြုသင့်မယ် - ဘာ့ကြောင့် အသုံးပြုသင့်တယ်ဆိုတာ သုံးသပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် -

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts