Bring the Start Menu Back in Windows 8


Windows 8 ကို စသုံးကြပြီ ဆိုတာနဲ့ ကျွန်တော်တို့ ပထမဆုံး ရင်ဆိုင်ရမယ့် ပြဿနာက Start Menu ပြဿနာပါ - ဘာကြောင့်လဲဆိုတော့ ဒီ Start Button ဆိုတာ ကျွန်တော်တို့နဲ့ ရင်းနှီးလာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး - ကျွန်တော်တို့ အရင်အစဉ်အဆက် သုံးခဲ့တဲ့ Windows XP, Vista, 7 အားလုံးမှာ တရင်းတနှီး ဖြစ်ခဲ့ပြီးသား ဒီ button ကို Microsoft ကနေ Windows 8 မှာ ဖယ်ရှားပစ်လိုက်တယ် - Windows 8 ကို သုံးတာ နည်းနည်းကြာလာရင် Start Screen နဲ့ ရင်းနှီးသွားမှာမို့ ဒီ Button ကို အဲ့လောက် မတမ်းတတော့ပေမယ့် ခုမှ စသုံးမယ့် သူတစ်ယောက်အတွက် ဆိုရင်တော့ Start Button မရှိတဲ့ အခြေအနေက Windows 8 ကို ဘယ်လို Windows ကြီးလဲဆိုပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။
အဲ့လို မဖြစ်ပါနဲ့ - ကျွန်တော်တို့မှာ အဖြေရှိပါတယ် - လက်ရှိ Windows 7 သုံးနေကြတဲ့သူတွေ - Start menu ကိုမှ တမ်းတမ်းစွဲ ဖြစ်နေသူတွေအတွက် Windows 8 မှာ Start menu ပြန်ရောက်လာအောင် လုပ်ဆောင်ပေးနိုင်မယ့် ရွေးချယ်စရာ programs တွေ မနည်းမနော ကျွန်တော်တို့မှာ ရှိပါတယ်။ အဲ့တာတွေအားလုံးထဲက ကောင်းနိုးရာရာ Apps သုံးမျိုးလောက် ကျွန်တော် အောက်မှာ မိတ်ဆက်ပေးပါ့မယ်။

Start8
 

သူကတော့ Windows 8 ကနေ ဖယ်ရှားခံလိုက်ရတဲ့ Start menu ကို အရင်အခြေအနေ အတိုင်း ပြန်ရောက်လာအောင် စွမ်းဆောင်ပေးနိုင်မယ့် program တစ်ခုပါ - Start8 ကို သုံးရင် Windows 8 မှာ မြင်ရမယ့် Start Menu Button ပုံစံက အထက်မှာ ပြထားတဲ့ ပုံစံအတိုင်းခပ်ပြားပြား ဖြစ်သွားပြီး မကြိုက်ရင် Windows 7 မှာတုန်းက သုံးခဲ့သလို အဝိုင်းပုံလည်း ပြန်ပြောင်းလို့ ရပါတယ် - ဒါတင်မက Windows 8 hot corners တို့ Charms bar တို့ကို Disable လုပ်ထားလို့ရသလို အရင် Windows တွေမှာတုန်းကလိုပဲ Sign in ဝင်တာနဲ့ Desktop ပေါ် တန်းရောက်အောင် စီစဉ်ထားလို့လည်းရပါတယ်။ Start8 နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့အတွက် ခက်ခဲတဲ့ တစ်ချက်က သူက အလကားပေးမသုံးဘူး ၅ ဒေါ်လာပေးဝယ်ရမယ်။ Torrent မှာ ရှာကြည့်တော့ ဒီနေရာမှာ တွေ့တာ တစ်ခုရှိတယ်။ သုံးလို့ ရမယ်ထင်တယ်။ ကျွန်တော်က Upload တင်ပေးဖို့ ခက်တော့ လွယ်ကူသူတွေ ဒေါင်းပြီး မိသားစုဝင်တွေ သုံးနိုင်အောင် Upload လုပ်ပေးကြပါ။ အကြောင်းကြောင်းကြောင့် Start8 ကို မသုံးချင်ကြရင် နောက်ထပ် စမ်းသပ်ကြည့်နိုင်တာ Classic Shell ပါ။

Classic Shell


Classic Shell က ကျွန်တော့်စိတ်ထင် Start8 လောက်တော့ ကြည့်မကောင်းဘူး - ဒါပေမယ့် သူ့ရဲ့ အားသာချက်က open source program ဖြစ်ပြီး ကျွန်တော်တို့ တရားဝင် free သုံးလို့ရတယ် - သူလည်းပဲ Start8 လိုပဲ Windows 8 မှာ Start Menu Button ပြန်သုံးလို့ရအောင် လုပ်ပေးတယ် - စစချင်းသုံးတဲ့အချိန်မှာ သူ့ Start Button က Windows XP မှာ မြင်ရတဲ့ Start Button ပုံစံလိုမျိုး ခပ်တုန်းတုန်းကြီး ဖြစ်နေလိမ့်မယ် - ဒါပေမယ့် settings ထဲကို ဝင်ကြည့်ရင် တော်တော်များများကို အသေးစိတ်ပြင်နိုင်တာတွေ့ရပါလိမ့်မယ်။ Tweak လုပ်တာ ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ Classic Shell က သုံးဖို့ အဆင်ပြေမှာပါ။
StartMenu8

အပေါ်မှာ ကျွန်တော်ညွှန်းထားခဲ့ပြီးတဲ့ options နှစ်ခုထဲက တစ်ခုကိုမှ သဘောမကျဘူး ဆိုရင်တော့ ခုညွှန်းချင်တဲ့ StartMenu8 ကို စမ်းသပ်ကြည့်ပါ။ သူ့ကို သုံးမယ်ဆိုရင် အရင် Windows 7 မှာတုန်းက Start Menu Button ကျွန်တော်တို့ ပြန်ရမယ် - ဒါပေမယ့် သူ့မှာ ကြည့်ရနဲနဲဆိုးတဲ့ Send Feedback Button တစ်ခုပါတယ် - ဒါပေမယ့် ကိုယ့်အတွက် ဘာမှထိခိုက်လောက်တဲ့ ကိစ္စ မဟုတ်လို့ သုံးမယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုရမှာပါ။

အနှစ်ချုပ် အနေနဲ့ ကျွန်တော့် အကြိုက်ဆုံးကို ပြောရမယ်ဆိုရင်တော့ Start8 ပါ - ခု အကြံပြုခဲ့တာတွေ တစ်ခုမှ မကြိုက်ခဲ့ရင်လည်း Internet ထဲမှာ Start menu replacements နဲ့ ပတ်သတ်ပြီး ပြင်ဆင်လို့ ရမယ့်နည်းလမ်းတွေ မနည်းမနော ရှိနေပါသေးတယ်။ လေ့လာကြည့်ပါ။ မတူတဲ့ အမြင်တွေ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ပြန်လည်မျှဝေပေးပါ။

KznT.

Make your life easier with windows 8

Windows 8 အကြောင်းကို တစ်ချိန်က ကိုပေါ်ဦး စရေးခဲ့တဲ့ Thread အောက်မှာပဲ ကျွန်တော် လိုက်ပေါင်းပြီး ရေးခဲ့ဖူးပါတယ် - အဲ့တုန်းကတော့ Windows 8 ဆိုတာ တကယ်ဖြစ်လာမလာ သေချာ မသိသေးတဲ့ အခြေအနေတစ်ခုပါ - အင်တာနက်ထဲက သူများတွေပြောတာကို လျှောက်ဖတ်ပြီး ရမ်းသမ်းရေးတာ - တကယ်သုံးဖူးလို့ ရေးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် မြန်မာပြည် ပြန်ရောက်တော့ 29 February 2012 မှာ Windows 8 Consumer Preview ဆိုပြီး တကယ်ထွက်လာတယ်။


Windows 8 Beta Version လို့ ပြောရမှာပေါ့ - Beta Version ဆိုတဲ့အတိုင်း ကျွန်တော်စမ်းသုံးကြည့်တော့ ဒီလောက်ကြီးထိ အဆင်မပြေသေးဘူး - သဘောမကျမိဘူးပေါ့ - Windows 8 သာဆိုတယ် - အားလုံးလိုလိုက Windows 7 လိုပဲ - Interface လေးတော့ နည်းနည်း Change သွားတာပေါ့လေ - Bugs တာတွေကလည်း အများကြီး။ အဲ့နောက် May 31, 2012 ကျတော့ Windows 8 Release Preview ဆိုပြီး ထပ်ထွက်ပြန်တယ် - အဲ့တာလည်း သုံးဖြစ်လိုက်သေးတယ် - ဒါပေမယ့် Windows 8 Release Preview ကျတော့ တော်တော်လေး သုံးရတာ အဆင်ပြေလာပြီ - အင်တာနက်က လက်တကမ်းမှာ ရှိမနေတော့ သုံးနေရင်း မသိတာတွေကလည်း အများကြီးတွေ့ရတယ် - ဘယ်သူမှလည်း မေးလို့မရဘူး - အင်တာနက်လည်း မရှိတော့ လိုက်ဖတ်လို့ကလည်း မလွယ်ဘူး - ဒါပေမယ့် ဖြစ်တဲ့ပြဿနာတိုင်းကို စာအုပ်ထဲမှာ မှတ်ထားတယ် - အင်တာနက်ဆိုင် ထိုင်ဖြစ်ရင် ဘာကြောင့်ဖြစ်တယ် - ဘယ်လို ဖြေရှင်းလို့ ရမယ်ဆိုတာ အဖြေလိုက်ရှာတယ် - အားလုံးစုံအောင် သိခဲ့ပြီလားဆိုတော့ မသိသေးဘူးလို့ပဲ ဝန်ခံပါရစေ - အဲ့လို သုံးလိုက် မသိလိုက် ရှာလိုက် နဲ့ August 1, 2012 ရက်နေ့က Windows 8 RTM (Build 9200) ထွက်တယ် - ဒါပေမယ့် အဲ့တာက Developers တွေအတွက်ဆိုပြီး MSDN subscriptions မှာ ပေးတာဆိုတော့ မသုံးကြည့်ဖြစ်လိုက်ဘူး။ 
အဲ့နောက် October 26, 2012 က Windows 8 စရောင်းတယ် - အဲ့သတင်းကြားတော့ အရင်တုန်းကဆိုရင် အင်တာနက်ကနေ ဒေါင်းလုပ်ချသုံးပေမယ့် ခုတော့ ခွေဆိုင်မှာ လိုက်ရှာဝယ်ရတယ် - အင်တာနက်ဆိုင်ကနေ ဒေါင်းလုပ်ချသုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ - ခုတော့ ရန်ကုန်က အခွေဆိုင်တော်တော်များများမှာ Windows 8 ဝယ်လို့ရနေပြီ - Windows 8 editions အနေနဲ့က -
  • Windows 8 ( Basic edition ဖြစ်ပြီး Beginner များ Starter များအတွက် သင့်တော်သည် )
  • Windows 8 Pro ( Windows 7 Professional နှင့် Ultimate ကဲ့သို့ဖြစ်ပြီး Pro သမားများ သုံးစွဲရန် )
  • Windows 8 Enterprise ( Windows 8 Pro တွင်ပါဝင်သော Features အားလုံးပါဝင်ပြီး Business သမားများ အသုံးပြုရန် )
  • Windows RT ( Tablet PCs ကဲ့သို့သော ARM-based devices များတွင် အသုံးပြုရန် )
ဆိုပြီး လေးမျိုးရှိပေမယ့် တကယ်တမ်း ကျွန်တော်တို့ သုံးသင့်တာ / လူတော်တော်များ အသုံးပြုကြတာကတော့ Windows 8 Pro (သို့) Windows 8 Enterprise ပါ။ ကျွန်တော်ကတော့ လောလောဆယ် Windows 8 Enterprise သုံးနေတယ်။ တကယ်လို့ Upgrade လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ဒီနေရာက Upgrade compatibility ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်လို့ရတယ် - အဲ့မှာ Comparison chart လည်း ပြထားတော့ Editions အလိုက် ဘာတွေကွာတယ်ဆိုတာလည်း အလွယ်တကူ သိနိုင်တယ် - Windows 8 system requirements ကို သိချင်ရင်တော့ ဒီနေရာမှာ ရေးထားတာ ပြည့်စုံပါတယ်။ Windows 8 Pro ဖြစ်ဖြစ် Enterprise ဖြစ်ဖြစ် အခွေဝယ်ချင်ကြတယ်ဆိုရင် မြေနီကုန်း စမ်းချောင်းလမ်းထဲက Active အခွေဆိုင် မှာဝယ်လို့ရတယ်။ ကျွန်တော်ဖွင့်ထားတဲ့ ဆိုင်မို့လို့ ညွှန်းတာမဟုတ်ပါ - ပေါက်ပန်းဈေးအခွေတွေနဲ့ တွေ့မှာစိုးလို့ ကျွန်တော်ဝယ်ခဲ့တဲ့ အခွေဆိုင်ကို ပြောပြတာ ဒီ Thread ကို အသစ်ဖွင့်ဖြစ်တဲ့ အဓိက အကြောင်းအရင်းက လောလောဆယ် ကျွန်တော်သုံးဖြစ်နေတဲ့ Windows 8 နဲ့ ပတ်သတ်ပြီး တွေ့ရ တဲ့ ပြဿနာလေးတွေ ပြင်ဆင် ပုံလေးတွေကို ကျွန်တော် သိထားသလောက် ဖတ်မိသလောက် မိသားစုဝင်တွေလည်း သိရအောင် Sharing ပြန်လုပ်ချင်လို့ပါ။ ကျွန်တော် အချိန်ပေးနိုင်သလောက် အကောင်းဆုံး ရေးနိုင်အောင် ကြိုးစားသွားပါမယ်။ 

KznT.

Circle

Windows 7 Themes ပြင်ဆင်တာနဲ့ ပတ်သတ်ပြီး အတော်အသင့် ကျွန်တော် နားလည်ထားသလောက် ဒီနေရာမှာ ရေးပေးခဲ့တယ်။ ဒါပေမယ့် အသိပေးစရာလေး တစ်ချို့ရှိနေလို့ ဒီအကြောင်းကို ထပ်ရေး ဖြစ်ပါတယ်။

ဟိုအရင်တစ်နေ့က Themes တွေ Wallpapers တွေမြင်ရင် အရမ်းသဘောကျတတ်တဲ့ ကျွန်တော့် အသိတစ်ယောက်တောင်းလို့ အဲ့ဒီ့ Thread မှာ တင်ထားပြီးတဲ့ Themes ဖိုင်တွေအားလုံး ပေးလိုက်သလို သုံးဖို့ အဆင်ပြေအောင် အသုံးပြုနည်း ရေးထားသမျှကို ဖတ်လို့ ရအောင်လည်း စီစဉ်ပေးလိုက်တယ်။ ဒါပေမယ့် နောက်နေ့ သူနဲ့ ကျွန်တော် ပြန်တွေ့တော့ Themes တွေ Install လုပ်ဖို့ ကြိုးစားရင်း ဘာတွေ ဖြစ်ကုန်မှန်း မသိတော့လို့ Windows ပြန်တင်လိုက်ရသတဲ့။

ဟုတ်ပါတယ်။ ကျွန်တော် ဖော်ပြခဲ့တဲ့ Themes တွေထဲက တော်တော်များများဟာ System files တွေကို ပြင်ပြီးမှ သုံးလို့ ရတာမျိုးပါ။ အဲ့တာကြောင့် အသုံးမတတ်ရင် မသွေမုတ်ချ Windows ပြန်တင်ရပါလိမ့်မယ်။ ဒါကို ဘာလို့ အစောတည်းက အသိမပေးခဲ့သလဲလို့ ကျွန်တော့်ကို ထောက်ချင်ကြလိမ့်မယ်။ မှန်ပါတယ် တမင်သက်သက်ကို သတိပေးချက် ဆိုပြီး မပြောခဲ့တာပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ System files တွေကို ပြင်ပြီး Themes တွေပြင်ရင်းနဲ့ ပြဿနာတက်ပြီး သုံးမရတော့တဲ့ အခါ မသကာ စက်ကို System restore ပေး ( ဒါမှမဟုတ် ) အလွန့်အလွန်ဆုံး Windows အသစ်ပြန်တင်ရယုံပေါ့။ ဒါဟာ သေမယ်မှန်း သိလျက်နဲ့ လူတစ်ယောက်ကို ကားရှေ့ မှောက်အိပ် ခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့တွေ နယ်ပယ် အသစ်တစ်ခုထဲ တိုးဝင်ချင်တယ်ဆိုတဲ့အခါ အနည်းနဲ့ အများတော့ ပေးဆပ်မှု ပြုကြရတယ်။ အသစ်လည်း စမ်းချင်တယ် - အရာအားလုံးကိုလည်း အဆင်ပြေချင်တယ် ဆိုတာမျိုးတော့ ဘယ်တော့မှ မရဘူး။ အဲ့လို့ရတဲ့ အချိန်ထိစောင့်မယ်ဆိုရင်လည်း သူများသုံးပြီး ဟောင်းလို့ကျလာတဲ့ အကြွင်းအကျန်ပဲ ရလိမ့်မယ်။ ကျုပ်တို့ မြန်မာတွေ အဟောင်းသံသရာမှာ လည်နေတာ ဆယ်စုနှစ် ဘယ်နှစ်ခုတောင် ရှိပြီလဲ။

မြန်မာလူမျိုး အထူးသဖြင့် ခုခေတ် မြန်မာလူငယ်တွေက ဆုံးရှုံးရမယ် ဆိုရင်တော့ သေမလောက် ကြောက်ကြပြီး ပိုင်ဆိုင်မှုရမယ် ဆိုရင်ကျ Limitless လိုချင်ကြတယ်။ ဒီအတွေးအခေါ်မျိုးက လူငယ်မှ မဟုတ်ဘူး ခုခေတ်မှာ မိဘဖြစ်နေတဲ့ လူကြီးပေါက်စတွေထိ ရှိနေပြီ။ ဒီနည်းနဲ့သွား ကျွန်တော်တို့ ဘယ်တော့မှ နောက်ဘိတ်ကနေ တတ်နိုင်မှာ မဟုတ်ဘူး။ အသိပေးချက်တို့ သတိပေးချက်တို့ ဆိုတာတွေက ဆုံးရှုံးမှုကြီးကြီး ပေးဆပ်ရမယ် ဆိုတဲ့ အချိန်မှာ အသိပေးသင့်တာ။ သေးသေးကွေးကွေးကစပြီး ဘယ်လိုဖြစ်မယ် ညာလိုဖြစ်မယ်နဲ့ ကလေးတစ်ယောက်ကို တစ်ချိန်လုံးနောက်ကနေလိုက် အသိလိုက်ပေးနေရင် သူစိတ်ကူးထားတဲ့ အိပ်မက်က ဘယ်တော့မှ အထမြောက်မှာ မဟုတ်တော့ဘူး။ ဆုံးရှုံးမှု ဆိုတာ တစ်ခါတစ်လေတော့ ခံစားတတ်မယ် ဆိုရင် ချိုမြိန်မှုကို ပေးပါတယ်။ သူများ ပြောပြလို့ သိရတဲ့ အသိပေးချက်ထက် ကိုယ်ကိုယ်တိုင်မှားပြီး ရခဲ့တဲ့ အသိက တစ်သက်စာ စွဲမြဲစေသလို အဲ့ကလေးရဲ့ ဘဝအတွက် အနာဂတ် ရဲရင့်မှုကိုလည်း ပေးတယ်။


Photo: Donald Zolan watercolor painting of children 1-10

ကျေးဇူးပြုပြီး လူငယ်တွေရဲ့ အိပ်မက်ကို ထမြောက်ခွင့် ပေးကြည့်ပါ။ မဖြစ်စလောက် ဆုံးရှုံးမှုကို စိုးရိမ်မှုဆိုတဲ့ ခေါင်းစဉ်အကြီးကြီးတပ်ပြီး ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို မဖျက်ဆီးကြပါနဲ့။


KznT.

Kaspersky Rescue Disk 10

Originally Posted by Mr.Zero
အဲဒီထဲမှာ Kaspersky virus အခွေ ကိုထည့်ပြီးလို့ ဗိုင်းရပ်စ်ရှင်းခိုင်းနီးကျရင် update လုပ်၇တယ်လို့ရေးထားပါတယ်.. အင်တာနက်ရှိတဲ့စက်တွေကတော့ ဒါကလွယ်ပါတယ်... မရှိတဲ့စက်မှာကျတော့ ဒီအဆင့်က ပြသနာပေးပါသလား.. update မလုပ်ရင်ကော ဗိုင်းရပ်စ်သတ်ဖို့ ခွင့်ပေးသလား
Virus definitions က Out of date ဖြစ်နေရင် Virus သတ်ဖို့ ခွင့်ပေးမှာ မဟုတ်သလို - သတ်လို့လည်း ရမှာ မဟုတ်ပါဘူး။ Kaspersky Rescue Disk 10 က viruses နဲ့ ပတ်သတ်ရင် scan လုပ်နိုင်တယ် remove လုပ်ပေးနိုင်တယ် ဆိုပေမယ့် သူရဲ့ အကြီးမားဆုံး အားနည်းချက်က Kaspersky Rescue Disk မှာသုံးတဲ့ Virus definitions ဆိုတာ အမြဲ update မဖြစ်ပါဘူး။ ဒီ့ထက်ရှင်းအောင် ပြောရရင် rescue disk ထဲမှာပါတဲ့ virus definitions ဆိုတာ အမြဲ out of date ဖြစ်နေတာချည်းပါ။ ကိုZero ပြောထားသလို rescue disk မှာ virus definitions ကို အင်တာနက်ကနေ update လုပ်ဖို့ option ပါတယ်ဆိုပေမယ့် အဲ့တာကလည်း တကယ်တမ်းတော့ ဒီလောက်ကြီးထိ အသုံးမတည့်ဘူး။ အဲ့နည်းကို သုံးမယ်ဆိုရင် rescue disk သုံးတိုင်း virus definitions ကို ဒေါင်းလုပ်ချဖို့လိုလာရော။ အဲ့နည်းက အင်တာနက် မရှိတဲ့ ကွန်ပြူတာမှာ rescue disk သုံးချင်ပြီဆို တော်တော် ဒုက္ခရောက်တယ်။ အဲ့လို မဖြစ်ရအောင် ကိုပေါ်ဦး ပြောထားသလို Kaspersky Offline Update လုပ်ဆောင်နည်းနဲ့ virus definitions updates တွေကို ယူထားပြီး သုံးလို့ရတာတော့ မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က အချိန်တိုင်း စက်တိုင်းမှာ Kaspersky သုံးနေကြတာ မဟုတ်တော့ virus definitions ကို အဲ့ကနေခွဲယူဖို့ ကလည်း အခက်အခဲရှိတယ်။ တစ်ခြားနည်းတွေ ရှိပေမယ့် အားလုံးက ဒေါင်းလုပ်ချရမယ် Update ပေးရမယ် ဆိုတဲ့ နည်းတွေချည်းပဲ။ အဲ့တာတွေ အားလုံးရဲ့ ကြားထဲက အကောင်းဆုံးနည်းကတော့ Kaspersky Rescue Disk Updater ကို သုံးတဲ့နည်းပါ။ သူ့ရဲ့ အသုံးပြုနည်းကို ဒီနေရာမှာ အသေးစိတ်ရေးထားပေးတယ်။ ဒေါင်းလုပ်ချရမယ့် ဖိုင်တွေလည်း အဲ့နေရာမှာ တစ်ခါတည်း တင်ပေးထားတယ်။


Kaspersky Rescue Disk Updater ရဲ့ လုပ်ဆောင်ချက်က ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ Kaspersky Rescue Disk 10 ( .iso ) ခွေထဲက virus definitions ကို Update လုပ်ပေးပြီး updated Rescue Disk အသစ်တစ်ခု ထပ်ထုတ်ပေးတယ်။ အဲ့တာကို CD+RW ထဲ ရိုက်ပြီး သုံးနေယုံပဲ။ ဒီတစ်ခေါက်သုံးပြီးလို့ နောက်တစ်လလောက်ကြာမှ ပြန်သုံးဖို့ ကိစ္စပေါ်လာရင် Kaspersky Rescue Disk Updater ကို သုံးပြီး Kaspersky Rescue Disk 10 ထဲက virus definitions ကို Update ပြန်လုပ် - ရလာတဲ့ iso ကို ခုနက သုံးခဲ့တဲ့ CD+RW ထဲမှာ အသစ်ပြန်ရိုက် ပြန်သုံး။ အဲ့လို လည်သွားလို့ရတယ်။ တကယ်လို့ CD+RW မသုံးချင်ရင်လည်း Kaspersky Rescue Disk 10 Bootable USB Creator ဆိုတာ ရှိတယ်။ သူ့အသုံးပြုပုံကို ဒီနေရာမှာ အသေးစိတ် ရေးထားပေးတယ်။ သူ့ရဲ့ အားသာချက်ကတော့ CDROM မရှိတဲ့ စက်တွေမှာ USB ကနေ Virus သတ်လို့ရတာပေါ့။ Kaspersky Rescue Disk 10 အသုံးပြုပုံတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နေရာမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

http://www.howtogeek.com/howto/36403...r-infected-pc/
http://agnipulse.com/2010/03/kaspersky-rescue-disk-10/
http://support.kaspersky.com/downloa...cuedisk_en.pdf

ခုဖော်ပြခဲ့သလောက်ဆို ကိုZero သိချင်တဲ့ အကြောင်းတွေ ပြည့်စုံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တကယ်လို့ ကျွန်တော် အပေါ်မှာ ညွှန်းခဲ့တဲ့ စာမျက်နှာတွေမှာ ဖတ်လို့ ရပေမယ့် ဒေါင်းလုပ်ချဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် အောက်မှာ ဖိုင်အားလုံးကို တစ်ပေါင်းတစ်စည်းတည်း စုပြီး တင်ပေးထားပါတယ်။ ဘာတွေပါမလဲဆိုတော့ -

Kaspersky Rescue Disk 10
Kaspersky Rescue Disk Updater နဲ့
Kaspersky Rescue Disk 10 Bootable USB Creator

Download!!

Kaspersky Rescue Disk Updater.part1.rar 50 MB
http://ifile.it/bep93is
Kaspersky Rescue Disk Updater.part2.rar 50 MB
http://ifile.it/tq5xol0
Kaspersky Rescue Disk Updater.part3.rar 50 MB
http://ifile.it/earotk1
Kaspersky Rescue Disk Updater.part4.rar 43.886 MB
http://ifile.it/3znvro8

KznT.

“Preview” & “Preview (Dense)”

ဒီနေ့ Gmail အတွက် Themes နှစ်ခု အသစ်ထွက်တယ်။ “Preview” နဲ့ “Preview (Dense)” အရင်ထွက်ခဲ့ဖူးသမျှ Themes တွေနဲ့ ယှဉ်ရင်တော့ တော်တော်လေး အရောင်ငြိမ်တယ် ပြောရမယ်။ ကျွန်တော် သဘောကျတဲ့ Android theme လေးလိုပဲ။ အသစ်ထွက်လာတဲ့ Themes နှစ်ခုက တစ်ခုနဲ့ တစ်ခု ပုံစံဘယ်လောက်မှ မကွာဘူး - အားလုံးနီးပါးတူတူလောက်ပဲ။ အောက်မှာ မြင်သာအောင် ကြည့်ပါ။

“Preview”


“Preview (Dense)”


စမ်းပြောင်းသုံးကြည့်ချင် Gmail Settings အောက်က Themes tab ကို သွားပါ။ အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ်။


အဲ့ကနေ နှစ်သက်ရာ Themes အသစ်နှစ်ခုကို စမ်းပြောင်းပြီး သုံးကြည့်ပါ။


KznT.

Google +

ဒီအကြောင်းကို မနက်တည်းက ရေးမလို့။ ဒါပေမယ့် တို့လို့တန်းလန်း ဖြစ်နေတဲ့ Recovery နှင့် MyanmarFamily ကို ရေးရင်ကောင်းမလား - ဒီ Google Plus ကို ရေးရင်ကောင်းမလား စဉ်းစားရင်းနဲ့ ဘာတစ်ခုမှ မရေးဖြစ်ပဲ ဖြစ်သွားတယ်။ အဆုံးသတ်တော့ တစ်ချို့ သတင်းတွေက နောက်ကျပြီး ရေးတာမကောင်းဘူး။ ကိုယ့်လူတွေ သူများနောက်မှ လိုက်သိရသလို ဖြစ်နေမှာစိုးတယ်။ အဲ့တာကြောင့် ပြောင်းလဲမှု အသစ်ကိုပဲ အရင်ဆုံး မိတ်ဆက်ပေးတော့မယ် ဆိုပြီး Google Plus ( Google + ) အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

အရင်နေ့တည်းက Google Home Page မှာ Google Bar က အဖြူရောင်ကနေ black bar ဖြစ်သွားတာ အားလုံးလည်း သတိထားမိကြမှာပါ။ ဒါကို တစ်ချို့လည်း သတိထားမိကြလိမ့်မယ်။ တစ်ချို့လည်း အမှုမဲ့ အမှတ်မဲ့ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ အရောင်ပြောင်းယုံလေးလောက်ပဲ ဘာမှ ထူးမှာ မဟုတ်ပါဘူးလို့ ထင်ကောင်းလဲ ထင်မိလိမ့်မယ်။ ဒါပေမယ့် black bar ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်က သေးသေးဖွဲဖွဲမဟုတ်ဘူး။ ဒါဟာ Google + လို့ ခေါ်တဲ့ Google ရဲ့ ထိပ်တန်းလျှို့ဝှက် social project တစ်ခု စတင်အခြေချခြင်းပါ။

Google+ ဆိုတာဘာလဲ ?

Google+ ဆိုတာ Social network လောကမှာ ပြိုင်ဘက်အားလုံးကို နလံမထူနိုင်အောင် အပြတ်အသတ် အနိုင်ပိုင်းထားတဲ့ facebook အတွက် ပြိုင်ဘက်ကောင်းလို့ပဲ ပြောရမလား။ ဒီအကြောင်းကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ အရင်ဆုံး Social network တွေရဲ့ အဓိက ဦးတည်ချက်ကို ပြန်သုံးသပ်ရလိမ့်မယ်။ Social network တွေ ပေါ်ပေါက်လာရခြင်းရဲ့ အဓိက ဦးတည်ချက်က လူအားလုံးရဲ့ အတွင်းစိတ် သဏ္ဍန်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ မျှဝေမှုဆိုတဲ့ စိတ်အစဉ်ကို ထမြောက်ရှင်သန်နိုင်အောင် ပုံဖော်ပေးနိုင်ဖို့ ကြိုးစားရာကနေ ပေါ်ပေါက်လာတာ။ ဆိုလိုတာ ကိုယ်သိထားတာလေးတွေ သူများကို သိစေချင်တယ်။ သူ သိထားတာလေးတွေလည်း ကိုယ်ကြည့်ချင်တယ်။ ကိုယ်စိတ်ဝင်စားတာလေးတွေ သူ့ကို မျှဝေချင်သလို - သူဘာတွေ စိတ်ဝင်စားသလဲ ဆိုတာကိုလည်း ကိုယ်က ခံစားချင်တယ်။ ဒါတွေကို လက်တစ်ဆုပ်စာ လူနည်းစု အချင်းချင်း လည်ပတ်မျှဝေနေကြတဲ့ အဖြစ်ကနေ အင်တာနက် ဆိုတာပေါ် ရောက်လာတော့ Social network ဆိုတာ ဖြစ်လာပြီး sharing ပုံစံကလည်း ပိုပြီး ကျယ်ပြန့်သွားတယ်။ အရင်ကလို အိမ်ဘေးနားက / ခြံချင်းကပ်လျက် / တစ်ရပ်ကွက်ထဲနေ / တစ်မြို့တည်းသား ဆိုတာမျိုးကို ဝေမျှတဲ့ အဆင့်မဟုတ်တော့ဘူး။ နိုင်ငံနဲ့ ချီလာတယ်။ လူမျိုးပေါင်း စုံလာတယ်။ ကမ္ဘာနေရာအသီးသီးက လူတွေ ပါလာကြတယ်။ ဒီလိုလားချက်တွေ အားလုံးကို တစ်နေရာတည်းကနေပြီး လူအများစုအတွက် အနီးစပ်ဆုံး ပံ့ပိုးပေးနိုင်အောင် ကြိုးစားနိုင်တော့ facebook ဆိုတဲ့ Social network က နာမည်ရသွားတယ်။

အခု Google ကနေ မိတ်ဆက်လိုက်တဲ့ Google+ ဆိုတာလည်း ဒီသဘောပဲ။ Google+ ကို သူတို့က "Google + You" လို့ အဓိပ္ပါယ် ဖွင့်တယ်။ ဆိုလိုတာ Facebook လိုမျိုးပဲ Google+ ဆိုတဲ့ Social network တစ်ခုတည်းကနေ ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ၊ ကိုယ့် ဓာတ်ပုံ သူ့ဓာတ်ပုံ ၊ ကိုယ့် ဗွီဒီယို သူ့ ဗွီဒီယို ၊ သူနဲ့ ကိုယ်ရဲ့ conversations အားလုံး တစ်နေရာတည်းကနေ အသုံးပြုနိုင်ပြီ။ Google + service မှာ ကဏ္ဍခွဲ ( ၅ ) ခုနဲ့ မိတ်ဆက်ပေးထားပြီး တစ်ခုချင်းရဲ့ သဘောက ဘယ်လိုလဲ ဆိုတာ ကျွန်တော် အကြမ်းဖျဉ်း မိတ်ဆက်ပေးပါမယ်။

+Circles: ဒီအကြောင်းကို မပြောခင် ကျွန်တော်တို့ အရင်ဆုံး သတိရသင့်တာ relationships တွေအကြောင်း။ ကျွန်တော်တို့တွေ အင်တာနက် ဆိုတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်လာပြီ ဆိုတာနဲ့ သူငယ်ချင်းဆိုတာတွေ ရှိလာကြတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် သူငယ်ချင်း ဆိုတာတိုင်းက ကျွန်တော်တို့အတွက် အရင်းနှီးဆုံးလူတွေ မဟုတ်ဘူး။ အနွေးထွေးဆုံး ဖေးမသူတွေ မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ့်မိသားစုအကြောင်း အူမ ချေးခါးမကျန် သိသင့်တဲ့သူတွေ မဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ အားလုံး သိကြတယ်။ အဲ့တာကြောင့် Social network တစ်ခုထဲမှာ နေလေ့ရှိကြတဲ့ ကျွန်တော်တို့တွေ အကြောင်းအရာတစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး Sharing လုပ်တော့မယ် ဆိုတဲ့အခါ ဒီအကြောင်းအရာကို တစ်ခြားလူတွေ သိဖို့ သင့်တော်ပါ့မလားဆိုတာ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ပြန်တွေးခဲ့ဖူးကြမယ် ထင်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ Social network ကမ္ဘာမှာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ပဲ ပြောရလိမ့်မယ်။ ဆိုလိုတာ ကိုယ် Sharing လုပ်မယ့် အကြောင်းအရာကို ဘယ်သူတွေကိုတော့ သိစေ။ ဘယ်သူတွေကိုတော့ မသိစေနဲ့ ဆိုတာမျိုး ဖန်တီးဖို့ မလွယ်ဘူး။ Sharing မလုပ်ချင် မလုပ်နဲ့ လုပ်မယ်ဆိုရင်လည်း အကုန်လုံး ပေးသိရင်သိ။ တစ်ယောက်စ နှစ်ယောက်စကိုပဲ ပေးသိစေမယ် ဆိုတာမျိုးက ဖန်တီးလို့ ရပေမယ့် သုံးစွဲဖို့ မလွယ်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ ဒီလိုအခြေအနေကို Google+ မှာပါတဲ့ +Circles က ပြောင်းပြန်လှန်ပစ်လိုက်တယ်။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို Contacts ထဲမှာ ရှိနေတဲ့ လူတွေအားလုံးထဲက ခင်မင်ရင်းနှီးမှု lvl အမျိုးအစားအလိုက် drag and drop ဆွဲယူပြီး Group တစ်ခုဖွဲ့ - ပြီးမှ ကိုယ် သိစေလိုတဲ့ အကြောင်းအရာကို Sharing လုပ်တဲ့နည်းနဲ့ သိစေလိုတဲ့ အကြောင်းအရာကို သိစေလိုတဲ့ အသိုက်အဝန်းတစ်ခုတည်းမှာပဲ လည်ပတ်နိုင်အောင် Circles တစ်ခုသဘောမျိုး ထိန်းချုပ်ထားလိုက်တယ်။ ဒါဟာ ကျွန်တော်တို့ လည်ပတ်နေတဲ့ Sharing လောကရဲ့ အကြီးမားဆုံး ပြောင်းလဲမှုပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Circles tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Sparks: Web ထဲမှာ လည်ပြီ ပတ်ပြီ ဆိုတည်းက စိတ်ဝင်စားစရာဆိုတာ အများသား။ လူဖြစ်လာပြီ ဆိုတည်းက တစ်သက်လုံး တစ်မျိုးတည်း ကြိုက်တယ်ဆိုတဲ့ လူရယ်လို့မှ မရှိတာ။ ဒါကြောင့်လည်း တစ်နေ့ ဟင်းတစ်မျိုး ကျွန်တော်တို့ ပြောင်းစားနေကြတာပေါ့ Sharing ဆိုတာကလည်း ဒီသဘောပဲ။ Web ထဲကို လည်ပြီ ပတ်ပြီဆိုရင် ဟိုသတင်းလေးတွေ့ သဘောကျပြန်ပြီ။ ဒီဓာတ်ပုံလေးတွေ့ ကြိုက်သွားမိပြန်ပြီ။ ဒီအကြောင်းအရာလေးဖတ် သိမ်းထားချင်ပြန်ပြီ စသဖြင့် လူတိုင်း ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလို သဘောကျစရာတွေတော်တော်များများ စုနေလို့လည်း အင်တာနက်ဆိုတာ လူငယ်တွေ ပါးစပ်ဖျားမှာ တမဟုတ်ချင်း ရေပန်းစားလာခဲ့တာပေါ့။ အင်တာနက်ဆိုတာ စိတ်ဝင်စားစရာများတာ မှန်ပေမယ့်လို့ တစ်နေ့နဲ့ တစ်နေ့ ကိုယ်စိတ်ဝင်စားတာ မှန်သမျှကို အချိန်ကုန်ခံ အလုပ်ပျက်ခံပြီး ဘယ်သူမှ တစ်ချိန်လုံးတက်ရှာမနေနိုင်ကြဘူး။ အဲ့တော့ နောက်ဆက်တွဲ ဘာဖြစ်လာလဲဆို မအားတာရယ် မရှာဖြစ်တာရယ် ပေါင်းပြီး ကိုယ်သိချင်တာက ဘာမှ မသိရတော့သလောက် ဖြစ်သွားတယ်။ ဒီအခက်အခဲကို ပြေလည်စေဖို့ Google+ မှာပါတဲ့ +Sparks က online sharing engine တစ်ခုလိုမျိုး ကူညီပေးပါတယ်။ Web ပေါ်ကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုဖြစ်စေ တစ်ခုမက ဖြစ်စေ ရိုက်သွင်းထားပြီး Add Interest လုပ်ထားလိုက်တာနဲ့ Sparks ကနေပြီး ကိုယ်သိလိုတဲ့ Topic အလိုက် သတင်းတွေ ( feed ) ကို အင်တာနက်ကနေတစ်ဆင့် ရှာဖွေ ပို့ဆောင်ပေးသွားပါလိမ့်မယ်။


ကိုယ်ကိုယ်တိုင် ဖတ်ကြည့်လို့ သဘောကျတာရှိရင်လည်း သူငယ်ချင်း အသိမိတ်ဆွေတွေကို Circles ကနေ ဖြစ်စေ - တစ်ဦးတစ်ယောက်ချင်း ဖြစ်စေတိုက်ရိုက် ပြန်လည်မျှဝေနိုင်ပါတယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Sparks tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Hangouts: တစ်နေ့နဲ့ တစ်နေ့ Online ပေါ်တက်ရင် တစ်ယောက်နဲ့ တစ်ယောက် Hi ရိုက်ပြီး နှုတ်ဆက်ရတာ အရမ်း တစိမ်းဆန်တယ်လို့များ မထင်မိကြဘူးလား။ တစ်ဖက်လူက ဘာလုပ်လို့ ဘာကိုင်နေမှန်း မသိ။ မျက်နှာလည်း မြင်ရတွေ့ရတာမဟုတ်။ ကိုယ်က Hi လိုက်လို့ တစ်ဖက်က ပြန်မ Hi ရင်ပဲ တစ်စိမ်းဆန်တာလိုလို အဖက်မလုပ်တာလိုလို မအားပဲ မအားတာလိုလို။ ခင်မင်ရင်းနှီးမှု ဆိုတဲ့ အသုံးအနှုန်းဟာ အွန်လိုင်းလောကမှာ လက်ဖျားကလာတဲ့ စကားလုံးတွေထက် face to face ကနေ ရတဲ့ မျက်ဝန်းအကြည့်တွေ့က ပိုလေးနက်တာ အားလုံးသိပြီး ဖြစ်ကြမှာပါ။


Google+ ရဲ့ +Hangouts မှာတော့ ဒါမျိုး မရှိတော့ဘူး။ သူငယ်ချင်းအားလုံးကို တစ်နေရာတည်းမှာ စုလိုက်တယ်။ အားလုံးကို ပျော်ရွှင်စေတယ်။ လေးနက်စေတယ်။ အချိန်တိုင်းကို Face-to-face-to-face ပဲ ကုန်ဆုံးစေလိမ့်တော့မယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Hangouts tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Instant Upload: လူတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ ဝါသနာ တစ်မျိုးစီတော့ ရှိတတ်ကြတယ်။ ကျွန်တော့် ဝါသနာတစ်မျိုးကတော့ ဓာတ်ပုံရိုက်ရတာ။ ရှုခင်းတွေ - နောက် လူတွေရဲ့ ကိုယ်နေဟန်ထား မျက်နှာသွင်ပြင်တွေ ရိုက်ရတာ ကျွန်တော် သဘောကျတယ်။ ဒါပေမယ့် ဓာတ်ပုံဆိုတာ ကိုယ်ဘာသာ တစ်ယောက်တည်းရိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ခံစားလို့ ကောင်းတဲ့ အရာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ရိုက် - ကိုယ်ရိုက်ထားတဲ့ ပုံလေးတွေလည်း တစ်ခြား သူငယ်ချင်းတွေကို ပြ - ကောင်းသည် ဆိုးသည် ဝေဖန်ခံ - စသဖြင့် အဲ့လို ပုံစံလေးက ပိုစိတ်ဝင်စားစရာကောင်းတယ် မဟုတ်ပါလား။ ဒီ အခြေအနေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ Google + ရဲ့ +Instant Upload က ပံ့ပိုးပေးထားပါတယ်။ ကိုယ့် ဖုန်းကနေ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီ ဆိုတာနဲ့ Google+ ကနေ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံကို Cloud ပေါ်မှာ ရှိတဲ့ ကိုယ့်ရဲ့ private album ထဲကို Instant Upload လုပ်ပေးသွားတယ်။ ဒါပေမယ့် လူတိုင်းကို ဝင်ကြည့်ခွင့် permission ပေးလိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ကိုယ် စိတ်အေးလက်အေး ရှိတဲ့အချိန်ကျတော့မှ ဘယ်ပုံတွေကိုတော့ ဘယ်သူ့ကို ပြမယ်ဆိုပြီး Google+ ရဲ့ ပံ့ပိုးမှုနဲ့ Share လုပ်လို့ ရတယ်။ အဆင်မပြေပါလား


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Instant Upload tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Huddle: တစ်နေရာစီ အချိန်တစ်ခုစီမှာ ရှိနေကြတဲ့ ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အကြောင်းအရာ တစ်ခုတည်းကို အားလုံး ခေါင်းချင်းဆိုင် ဆွေးနွေးနိုင်ဖို့ ဆိုတာ တကယ်ကို မလွယ်ဘူး။ တစ်ယောက်ကို ပြောရင် နောက်တစ်ယောက်က မသိဘူး။ အဲ့ဒီ့ မသိတဲ့ တစ်ယောက်ကို သိအောင်လုပ်ဖို့ ကြိုးစားပြန်တော့ ခုနက ပြောခဲ့တဲ့ တစ်ယောက်က နောက်အစီအစဉ်တစ်မျိုး ပြောင်းချင်ပြန်ရော စသဖြင့် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ လူ့စိတ်ကို instant messenger တွေလည်း မတတ်နိုင်ကြတော့ဘူး။ ဒီ အခက်အခဲကို Online လောကနဲ့ မကင်းသူတိုင်း ခံစားဖူးကြတယ်။ ဒါ့ကြောင့် +Huddle မှာ အကြောင်းကိစ္စတစ်ခုကို လူအားလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဦးတည်ဆွေးနွေးနိုင်အောင် အရိုးရှင်းဆုံး ပြောင်းလဲပေးထားတယ်။ Group chat လို့ပဲ ပြောရမှာပေါ့။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ခုဆို Circle ထဲမှာနေပြီး ကိုယ်ဘာလုပ်ချင်တယ် - ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ စက္ကန့်တစ်ခု ပြောင်းလဲသွားတိုင်း တစ်ယောက်ချင်းစီကို သိစေနိုင်ပြီ။ ဒါဟာ +Huddle ရဲ့ အားသာချက်ပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Huddle tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


လတ်တလော အခြေအနေမှာတော့ Google+ project က စမ်းသပ်ဆဲကာလ Field Trial ပါ။ လူနည်းစုနဲ့ စမ်းသပ်လည်ပတ်ဆဲ ကာလမို့ လူတိုင်း သုံးလို့ မရသေးပါဘူး။ သူ့ကို စမ်းသပ်ချင်မယ် ဆိုရင် လောလောဆယ်မှာ invitation ရဖို့လိုပါတယ်။ နောက်မကြာခင် လပိုင်းမှာ Google+ မှာ ကျွန်တော်တို့ ဆုံတွေ့ကြပါစို့။

KznT.

Google Takeout

Google နဲ့ Facebook နဲ့ကလည်း အပြိုင်လိုကို ဖြစ်နေတယ်။ Facebook အသုံးပြုသူတွေအတွက် ကိုယ့် Facebook မှာ ရှိနေတဲ့ Data တွေကို Export လုပ်ထားနိုင်အောင် နည်းလမ်းအမျိုးမျိုး ဖော်ပြပေးနေချိန်မှာ ခု Google ကလည်း Google users တွေအတွက် ကိုယ့် Google account ထဲမှာ ရှိနေတဲ့ Data တွေကို Online တင်မက Offline မှာပါ သိမ်းဆည်းထားနိုင်အောင် Google Takeout ဆိုပြီး မိတ်ဆက်လိုက်ပြန်ပါပြီ။


Google Takeout မှာ ဟိုးအရင်တစ်လောလေးကမှ Google က မိတ်ဆက်ပေးတဲ့ Google+ အပါအဝင် User တစ်ယောက်အတွက် မဖြစ်မနေ Backup လုပ်ထားဖို့လိုမယ့် Buzz, Contacts and Circles, Picasa Web Albums နဲ့ Profile ဆိုတာတွေပါပါလာတယ်။



Export လုပ်ထားဖို့ Data တွေအားလုံးကို စုပြီး Archive လုပ်လို့ရသလို standalone service အနေနဲ့လည်း သုံးနိုင်တယ်။



Click လေးတစ်ချက်နဲ့ ကိုယ့်ရဲ့ အရေးကြီး Data တွေအားလုံး Online ပေါ်ကနေ ကိုယ့်စက်ထဲမှာ Backup လုပ်ပြီးသား ဖြစ်သွားမှာပါ။


ဒီအောက်မှာ ဖော်ပြထားတာကတော့ Download ချပြီးရင် ကိုယ့်စက်ထဲကို ရောက်လာမယ့် Google Account Backup File ပါ။



Google Takeout ကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့် Account ဆုံးရှုံးရမယ် ဆိုရင်တောင် ကိုယ့် Account ထဲမှာ ရှိနေတဲ့ Contacts တွေ ၊ Picasa ထဲ တင်ထားတဲ့ ကိုယ့်ဓာတ်ပုံတွေ - စသဖြင့် ကိုယ့်ရဲ့ အရေးကြီး Data တွေ မဆုံးရှုံးရတော့ဘူးပေါ့။ ဒါတင်မက portable နဲ့ open formats ဖြစ်လို့ တစ်ခြား services တွေဆီကိုလည်း အလွယ်တကူ import လုပ်လို့ ရသေးတယ်။ ဒါက Google Takeout ရဲ့ စွမ်းဆောင်ရည်တွေပါပဲ။ Google Takeout ရှိရာဆီ အပြေးသွားရောက် သိမ်းဆည်းလိုက်ကြပါဦး။

KznT.

Related Posts