Google +

Leave a Comment
ဒီအကြောင်းကို မနက်တည်းက ရေးမလို့။ ဒါပေမယ့် တို့လို့တန်းလန်း ဖြစ်နေတဲ့ Recovery နှင့် MyanmarFamily ကို ရေးရင်ကောင်းမလား - ဒီ Google Plus ကို ရေးရင်ကောင်းမလား စဉ်းစားရင်းနဲ့ ဘာတစ်ခုမှ မရေးဖြစ်ပဲ ဖြစ်သွားတယ်။ အဆုံးသတ်တော့ တစ်ချို့ သတင်းတွေက နောက်ကျပြီး ရေးတာမကောင်းဘူး။ ကိုယ့်လူတွေ သူများနောက်မှ လိုက်သိရသလို ဖြစ်နေမှာစိုးတယ်။ အဲ့တာကြောင့် ပြောင်းလဲမှု အသစ်ကိုပဲ အရင်ဆုံး မိတ်ဆက်ပေးတော့မယ် ဆိုပြီး Google Plus ( Google + ) အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

အရင်နေ့တည်းက Google Home Page မှာ Google Bar က အဖြူရောင်ကနေ black bar ဖြစ်သွားတာ အားလုံးလည်း သတိထားမိကြမှာပါ။ ဒါကို တစ်ချို့လည်း သတိထားမိကြလိမ့်မယ်။ တစ်ချို့လည်း အမှုမဲ့ အမှတ်မဲ့ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ အရောင်ပြောင်းယုံလေးလောက်ပဲ ဘာမှ ထူးမှာ မဟုတ်ပါဘူးလို့ ထင်ကောင်းလဲ ထင်မိလိမ့်မယ်။ ဒါပေမယ့် black bar ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်က သေးသေးဖွဲဖွဲမဟုတ်ဘူး။ ဒါဟာ Google + လို့ ခေါ်တဲ့ Google ရဲ့ ထိပ်တန်းလျှို့ဝှက် social project တစ်ခု စတင်အခြေချခြင်းပါ။

Google+ ဆိုတာဘာလဲ ?

Google+ ဆိုတာ Social network လောကမှာ ပြိုင်ဘက်အားလုံးကို နလံမထူနိုင်အောင် အပြတ်အသတ် အနိုင်ပိုင်းထားတဲ့ facebook အတွက် ပြိုင်ဘက်ကောင်းလို့ပဲ ပြောရမလား။ ဒီအကြောင်းကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ အရင်ဆုံး Social network တွေရဲ့ အဓိက ဦးတည်ချက်ကို ပြန်သုံးသပ်ရလိမ့်မယ်။ Social network တွေ ပေါ်ပေါက်လာရခြင်းရဲ့ အဓိက ဦးတည်ချက်က လူအားလုံးရဲ့ အတွင်းစိတ် သဏ္ဍန်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ မျှဝေမှုဆိုတဲ့ စိတ်အစဉ်ကို ထမြောက်ရှင်သန်နိုင်အောင် ပုံဖော်ပေးနိုင်ဖို့ ကြိုးစားရာကနေ ပေါ်ပေါက်လာတာ။ ဆိုလိုတာ ကိုယ်သိထားတာလေးတွေ သူများကို သိစေချင်တယ်။ သူ သိထားတာလေးတွေလည်း ကိုယ်ကြည့်ချင်တယ်။ ကိုယ်စိတ်ဝင်စားတာလေးတွေ သူ့ကို မျှဝေချင်သလို - သူဘာတွေ စိတ်ဝင်စားသလဲ ဆိုတာကိုလည်း ကိုယ်က ခံစားချင်တယ်။ ဒါတွေကို လက်တစ်ဆုပ်စာ လူနည်းစု အချင်းချင်း လည်ပတ်မျှဝေနေကြတဲ့ အဖြစ်ကနေ အင်တာနက် ဆိုတာပေါ် ရောက်လာတော့ Social network ဆိုတာ ဖြစ်လာပြီး sharing ပုံစံကလည်း ပိုပြီး ကျယ်ပြန့်သွားတယ်။ အရင်ကလို အိမ်ဘေးနားက / ခြံချင်းကပ်လျက် / တစ်ရပ်ကွက်ထဲနေ / တစ်မြို့တည်းသား ဆိုတာမျိုးကို ဝေမျှတဲ့ အဆင့်မဟုတ်တော့ဘူး။ နိုင်ငံနဲ့ ချီလာတယ်။ လူမျိုးပေါင်း စုံလာတယ်။ ကမ္ဘာနေရာအသီးသီးက လူတွေ ပါလာကြတယ်။ ဒီလိုလားချက်တွေ အားလုံးကို တစ်နေရာတည်းကနေပြီး လူအများစုအတွက် အနီးစပ်ဆုံး ပံ့ပိုးပေးနိုင်အောင် ကြိုးစားနိုင်တော့ facebook ဆိုတဲ့ Social network က နာမည်ရသွားတယ်။

အခု Google ကနေ မိတ်ဆက်လိုက်တဲ့ Google+ ဆိုတာလည်း ဒီသဘောပဲ။ Google+ ကို သူတို့က "Google + You" လို့ အဓိပ္ပါယ် ဖွင့်တယ်။ ဆိုလိုတာ Facebook လိုမျိုးပဲ Google+ ဆိုတဲ့ Social network တစ်ခုတည်းကနေ ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ၊ ကိုယ့် ဓာတ်ပုံ သူ့ဓာတ်ပုံ ၊ ကိုယ့် ဗွီဒီယို သူ့ ဗွီဒီယို ၊ သူနဲ့ ကိုယ်ရဲ့ conversations အားလုံး တစ်နေရာတည်းကနေ အသုံးပြုနိုင်ပြီ။ Google + service မှာ ကဏ္ဍခွဲ ( ၅ ) ခုနဲ့ မိတ်ဆက်ပေးထားပြီး တစ်ခုချင်းရဲ့ သဘောက ဘယ်လိုလဲ ဆိုတာ ကျွန်တော် အကြမ်းဖျဉ်း မိတ်ဆက်ပေးပါမယ်။

+Circles: ဒီအကြောင်းကို မပြောခင် ကျွန်တော်တို့ အရင်ဆုံး သတိရသင့်တာ relationships တွေအကြောင်း။ ကျွန်တော်တို့တွေ အင်တာနက် ဆိုတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်လာပြီ ဆိုတာနဲ့ သူငယ်ချင်းဆိုတာတွေ ရှိလာကြတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် သူငယ်ချင်း ဆိုတာတိုင်းက ကျွန်တော်တို့အတွက် အရင်းနှီးဆုံးလူတွေ မဟုတ်ဘူး။ အနွေးထွေးဆုံး ဖေးမသူတွေ မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ့်မိသားစုအကြောင်း အူမ ချေးခါးမကျန် သိသင့်တဲ့သူတွေ မဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ အားလုံး သိကြတယ်။ အဲ့တာကြောင့် Social network တစ်ခုထဲမှာ နေလေ့ရှိကြတဲ့ ကျွန်တော်တို့တွေ အကြောင်းအရာတစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး Sharing လုပ်တော့မယ် ဆိုတဲ့အခါ ဒီအကြောင်းအရာကို တစ်ခြားလူတွေ သိဖို့ သင့်တော်ပါ့မလားဆိုတာ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ပြန်တွေးခဲ့ဖူးကြမယ် ထင်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ Social network ကမ္ဘာမှာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ပဲ ပြောရလိမ့်မယ်။ ဆိုလိုတာ ကိုယ် Sharing လုပ်မယ့် အကြောင်းအရာကို ဘယ်သူတွေကိုတော့ သိစေ။ ဘယ်သူတွေကိုတော့ မသိစေနဲ့ ဆိုတာမျိုး ဖန်တီးဖို့ မလွယ်ဘူး။ Sharing မလုပ်ချင် မလုပ်နဲ့ လုပ်မယ်ဆိုရင်လည်း အကုန်လုံး ပေးသိရင်သိ။ တစ်ယောက်စ နှစ်ယောက်စကိုပဲ ပေးသိစေမယ် ဆိုတာမျိုးက ဖန်တီးလို့ ရပေမယ့် သုံးစွဲဖို့ မလွယ်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ ဒီလိုအခြေအနေကို Google+ မှာပါတဲ့ +Circles က ပြောင်းပြန်လှန်ပစ်လိုက်တယ်။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို Contacts ထဲမှာ ရှိနေတဲ့ လူတွေအားလုံးထဲက ခင်မင်ရင်းနှီးမှု lvl အမျိုးအစားအလိုက် drag and drop ဆွဲယူပြီး Group တစ်ခုဖွဲ့ - ပြီးမှ ကိုယ် သိစေလိုတဲ့ အကြောင်းအရာကို Sharing လုပ်တဲ့နည်းနဲ့ သိစေလိုတဲ့ အကြောင်းအရာကို သိစေလိုတဲ့ အသိုက်အဝန်းတစ်ခုတည်းမှာပဲ လည်ပတ်နိုင်အောင် Circles တစ်ခုသဘောမျိုး ထိန်းချုပ်ထားလိုက်တယ်။ ဒါဟာ ကျွန်တော်တို့ လည်ပတ်နေတဲ့ Sharing လောကရဲ့ အကြီးမားဆုံး ပြောင်းလဲမှုပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Circles tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Sparks: Web ထဲမှာ လည်ပြီ ပတ်ပြီ ဆိုတည်းက စိတ်ဝင်စားစရာဆိုတာ အများသား။ လူဖြစ်လာပြီ ဆိုတည်းက တစ်သက်လုံး တစ်မျိုးတည်း ကြိုက်တယ်ဆိုတဲ့ လူရယ်လို့မှ မရှိတာ။ ဒါကြောင့်လည်း တစ်နေ့ ဟင်းတစ်မျိုး ကျွန်တော်တို့ ပြောင်းစားနေကြတာပေါ့ Sharing ဆိုတာကလည်း ဒီသဘောပဲ။ Web ထဲကို လည်ပြီ ပတ်ပြီဆိုရင် ဟိုသတင်းလေးတွေ့ သဘောကျပြန်ပြီ။ ဒီဓာတ်ပုံလေးတွေ့ ကြိုက်သွားမိပြန်ပြီ။ ဒီအကြောင်းအရာလေးဖတ် သိမ်းထားချင်ပြန်ပြီ စသဖြင့် လူတိုင်း ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလို သဘောကျစရာတွေတော်တော်များများ စုနေလို့လည်း အင်တာနက်ဆိုတာ လူငယ်တွေ ပါးစပ်ဖျားမှာ တမဟုတ်ချင်း ရေပန်းစားလာခဲ့တာပေါ့။ အင်တာနက်ဆိုတာ စိတ်ဝင်စားစရာများတာ မှန်ပေမယ့်လို့ တစ်နေ့နဲ့ တစ်နေ့ ကိုယ်စိတ်ဝင်စားတာ မှန်သမျှကို အချိန်ကုန်ခံ အလုပ်ပျက်ခံပြီး ဘယ်သူမှ တစ်ချိန်လုံးတက်ရှာမနေနိုင်ကြဘူး။ အဲ့တော့ နောက်ဆက်တွဲ ဘာဖြစ်လာလဲဆို မအားတာရယ် မရှာဖြစ်တာရယ် ပေါင်းပြီး ကိုယ်သိချင်တာက ဘာမှ မသိရတော့သလောက် ဖြစ်သွားတယ်။ ဒီအခက်အခဲကို ပြေလည်စေဖို့ Google+ မှာပါတဲ့ +Sparks က online sharing engine တစ်ခုလိုမျိုး ကူညီပေးပါတယ်။ Web ပေါ်ကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုဖြစ်စေ တစ်ခုမက ဖြစ်စေ ရိုက်သွင်းထားပြီး Add Interest လုပ်ထားလိုက်တာနဲ့ Sparks ကနေပြီး ကိုယ်သိလိုတဲ့ Topic အလိုက် သတင်းတွေ ( feed ) ကို အင်တာနက်ကနေတစ်ဆင့် ရှာဖွေ ပို့ဆောင်ပေးသွားပါလိမ့်မယ်။


ကိုယ်ကိုယ်တိုင် ဖတ်ကြည့်လို့ သဘောကျတာရှိရင်လည်း သူငယ်ချင်း အသိမိတ်ဆွေတွေကို Circles ကနေ ဖြစ်စေ - တစ်ဦးတစ်ယောက်ချင်း ဖြစ်စေတိုက်ရိုက် ပြန်လည်မျှဝေနိုင်ပါတယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Sparks tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Hangouts: တစ်နေ့နဲ့ တစ်နေ့ Online ပေါ်တက်ရင် တစ်ယောက်နဲ့ တစ်ယောက် Hi ရိုက်ပြီး နှုတ်ဆက်ရတာ အရမ်း တစိမ်းဆန်တယ်လို့များ မထင်မိကြဘူးလား။ တစ်ဖက်လူက ဘာလုပ်လို့ ဘာကိုင်နေမှန်း မသိ။ မျက်နှာလည်း မြင်ရတွေ့ရတာမဟုတ်။ ကိုယ်က Hi လိုက်လို့ တစ်ဖက်က ပြန်မ Hi ရင်ပဲ တစ်စိမ်းဆန်တာလိုလို အဖက်မလုပ်တာလိုလို မအားပဲ မအားတာလိုလို။ ခင်မင်ရင်းနှီးမှု ဆိုတဲ့ အသုံးအနှုန်းဟာ အွန်လိုင်းလောကမှာ လက်ဖျားကလာတဲ့ စကားလုံးတွေထက် face to face ကနေ ရတဲ့ မျက်ဝန်းအကြည့်တွေ့က ပိုလေးနက်တာ အားလုံးသိပြီး ဖြစ်ကြမှာပါ။


Google+ ရဲ့ +Hangouts မှာတော့ ဒါမျိုး မရှိတော့ဘူး။ သူငယ်ချင်းအားလုံးကို တစ်နေရာတည်းမှာ စုလိုက်တယ်။ အားလုံးကို ပျော်ရွှင်စေတယ်။ လေးနက်စေတယ်။ အချိန်တိုင်းကို Face-to-face-to-face ပဲ ကုန်ဆုံးစေလိမ့်တော့မယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Hangouts tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Instant Upload: လူတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ ဝါသနာ တစ်မျိုးစီတော့ ရှိတတ်ကြတယ်။ ကျွန်တော့် ဝါသနာတစ်မျိုးကတော့ ဓာတ်ပုံရိုက်ရတာ။ ရှုခင်းတွေ - နောက် လူတွေရဲ့ ကိုယ်နေဟန်ထား မျက်နှာသွင်ပြင်တွေ ရိုက်ရတာ ကျွန်တော် သဘောကျတယ်။ ဒါပေမယ့် ဓာတ်ပုံဆိုတာ ကိုယ်ဘာသာ တစ်ယောက်တည်းရိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ခံစားလို့ ကောင်းတဲ့ အရာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ရိုက် - ကိုယ်ရိုက်ထားတဲ့ ပုံလေးတွေလည်း တစ်ခြား သူငယ်ချင်းတွေကို ပြ - ကောင်းသည် ဆိုးသည် ဝေဖန်ခံ - စသဖြင့် အဲ့လို ပုံစံလေးက ပိုစိတ်ဝင်စားစရာကောင်းတယ် မဟုတ်ပါလား။ ဒီ အခြေအနေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ Google + ရဲ့ +Instant Upload က ပံ့ပိုးပေးထားပါတယ်။ ကိုယ့် ဖုန်းကနေ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီ ဆိုတာနဲ့ Google+ ကနေ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံကို Cloud ပေါ်မှာ ရှိတဲ့ ကိုယ့်ရဲ့ private album ထဲကို Instant Upload လုပ်ပေးသွားတယ်။ ဒါပေမယ့် လူတိုင်းကို ဝင်ကြည့်ခွင့် permission ပေးလိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ကိုယ် စိတ်အေးလက်အေး ရှိတဲ့အချိန်ကျတော့မှ ဘယ်ပုံတွေကိုတော့ ဘယ်သူ့ကို ပြမယ်ဆိုပြီး Google+ ရဲ့ ပံ့ပိုးမှုနဲ့ Share လုပ်လို့ ရတယ်။ အဆင်မပြေပါလား


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Instant Upload tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Huddle: တစ်နေရာစီ အချိန်တစ်ခုစီမှာ ရှိနေကြတဲ့ ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အကြောင်းအရာ တစ်ခုတည်းကို အားလုံး ခေါင်းချင်းဆိုင် ဆွေးနွေးနိုင်ဖို့ ဆိုတာ တကယ်ကို မလွယ်ဘူး။ တစ်ယောက်ကို ပြောရင် နောက်တစ်ယောက်က မသိဘူး။ အဲ့ဒီ့ မသိတဲ့ တစ်ယောက်ကို သိအောင်လုပ်ဖို့ ကြိုးစားပြန်တော့ ခုနက ပြောခဲ့တဲ့ တစ်ယောက်က နောက်အစီအစဉ်တစ်မျိုး ပြောင်းချင်ပြန်ရော စသဖြင့် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ လူ့စိတ်ကို instant messenger တွေလည်း မတတ်နိုင်ကြတော့ဘူး။ ဒီ အခက်အခဲကို Online လောကနဲ့ မကင်းသူတိုင်း ခံစားဖူးကြတယ်။ ဒါ့ကြောင့် +Huddle မှာ အကြောင်းကိစ္စတစ်ခုကို လူအားလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဦးတည်ဆွေးနွေးနိုင်အောင် အရိုးရှင်းဆုံး ပြောင်းလဲပေးထားတယ်။ Group chat လို့ပဲ ပြောရမှာပေါ့။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ခုဆို Circle ထဲမှာနေပြီး ကိုယ်ဘာလုပ်ချင်တယ် - ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ စက္ကန့်တစ်ခု ပြောင်းလဲသွားတိုင်း တစ်ယောက်ချင်းစီကို သိစေနိုင်ပြီ။ ဒါဟာ +Huddle ရဲ့ အားသာချက်ပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Huddle tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


လတ်တလော အခြေအနေမှာတော့ Google+ project က စမ်းသပ်ဆဲကာလ Field Trial ပါ။ လူနည်းစုနဲ့ စမ်းသပ်လည်ပတ်ဆဲ ကာလမို့ လူတိုင်း သုံးလို့ မရသေးပါဘူး။ သူ့ကို စမ်းသပ်ချင်မယ် ဆိုရင် လောလောဆယ်မှာ invitation ရဖို့လိုပါတယ်။ နောက်မကြာခင် လပိုင်းမှာ Google+ မှာ ကျွန်တော်တို့ ဆုံတွေ့ကြပါစို့။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts