How to Setup Z.com Domain in Blogger

စာပြန်ရေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး ကြိုးစားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ဝန်းကျင်ကလို နေ့တိုင်းနီးပါး ရေးဖြစ်ဖို့ မသေချာပေမယ့် စိတ်ကူးထဲပေါ်သလို ရေးမယ်လို့ပဲ ဆုံးဖြတ်ပြီး Blogspot ကနေ Domain name ကို အရင်ရေးနေကျ .net အဖြစ် ပြန်ပြောင်းလိုက်တယ်။ ဘလော့ရေးတယ်ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ အလုပ်လို့တောင် ပြောရမလားပဲ။ ဘာလို့လည်း ဆိုတော့ Blogger ဆိုတာ အရင်က Blogging Platform တွေမှာ ရေးတဲ့လူကိုခေါ်တာ။ အထူးသဖြင့်တော့ ကျွန်တော်တို့ ဘလော့စရေးကာစက နိုင်ငံခြားရောက် မြန်မာတော်တော်များများ ဘလော့ ရေးကြတယ်။ ရေးတယ်ဆိုတဲ့နေရာမှာလည်း အထူးသဖြင့်တော့ ပိုက်ဆံမကုန်ဘဲ FOC ရတဲ့ Blogging Platform မှာ ရေးကြတာ။ အသုံးများကြတော့ Google Blogger ပေါ့။ Wordpress တို့ ဘာတို့က ပိုပြီး Features စုံပေမယ့် ပိုက်ဆံမပေးနိုင်ရင် မျက်နှာငယ်ရတယ်။

FB-instant-article-Blogger

မြန်မာအများစုကလည်း Google Blogger Platform မှာ အရေးများကြတော့ ကိုယ့်အဝန်းအဝိုင်းလေးနဲ့ ကိုယ်ဖြစ်ပြီး ပျော်စရာလည်း ကောင်းတာပေါ့လေ။ သူ့ဘလောက် ကိုယ်သွားလည် ကိုယ့်ဘလောက် သူလာလည်နဲ့။ အဲ့လိုနေကြတဲ့သူကို ဘလော့ဂါလို့ခေါ်တာ။ ဒီဘက်ခေတ်ရောက်တော့ ဘလော့ဂါဆိုတာ အဲ့လိုမဟုတ်တော့ဘူး။ ဘလော့ဂါဆိုတာ Facebook မှာ Page ထောင်ပြီး စာရေးတဲ့သူကို ခေါ်တာ ဖြစ်သွားပြီ။ ဥပမာ - Beauty Blogger နေခြည်ဦး တို့ ဘာတို့ပေါ့။ ဘလော့ဂါတော်တော်များများလည်း Blog မှာ ရေးနေရာကနေ Facebook Page ဘက်ကို ပြောင်းကြတယ်။ မပြောင်းဘဲလည်း မနေနိုင်ဘူးလေ။ ဘလော့ဆိုတာ လူသိပ်မလာတော့ဘူး။ လူအများစုက ဖေ့ဘုတ် မှာပဲနေကြတော့တယ်။ ဘလော့က Feeds ကို Facebook Like ကနေတဆင့် လင့်ပေးပြီးချိတ်ထားရင်တောင် တကူးတက ကလစ်နှိပ်ပြီး လာရတာပျင်းလို့ ဘယ်သူမှမကြည့်ချင်ကြဘူး။ ဖေ့ဘုတ်မှာ ရေးထားတာကိုပဲ အဖတ်များကြတဲ့ ခေတ်ကိုရောက်သွားပြီ။ အဲ့တာကြောင့်လည်း ကျွန်တော် အပေါ်မှာပြောခဲ့တာ ဘလော့ရေးတယ်ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ အလုပ်လို့။”

ဒါပေမယ့်ပေါ့လေ ကိုယ်က ဘလော့လောကမှာ နေခဲ့တဲ့သူဖြစ်တာတစ်ကြောင်း ဖေ့ဘုတ်မှာရေးရတာထက် ဘလော့မှာရေးရတာကို ပိုသဘောကျတာကတစ်ကြောင်းကြောင့် ဘလော့မှာပဲ ပြန်ရေးဖို့ ဆုံးဖြတ် လိုက်တယ်။ Facebook မှာစာရေးတဲ့အခါ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ပုံကို သက်ဆိုင်တဲ့နေရာမှာ တစ်ဆက်လည်း တွဲပြဖို့ အဆင်မပြေဘူးလေ။ စာကသပ်သပ် ပုံကသပ်သပ် ဖြစ်နေတော့ ဖတ်ရတာလည်း အဆင်မပြေဘူး။ နောက်ပြီး ဘလော့ရေးသလို HTML Styles တွေကို ပြောင်းဖို့လည်း မလွယ်ဘူး။ အဲ့ဒါ့ကြောင့် အရင်လိုပဲ Domain Name ဝယ်ပြီး ဘလော့မှာပဲ ဆက်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ Domain Name Registration လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အခု Services ပေးနေတဲ့ ဆိုဒ်တွေ တော်တော်များများ ရှိပါတယ်။ အရင်က ကျွန်တော် Godaddy ကနေ Domain Name ဝယ်သုံးတယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ဈေးကလည်းသိပ်မကွာတာရယ် ကိုယ့် Language နဲ့ ကိုယ်သုံးလို့ရတာရယ်ကြောင့် z.com ကို ရွေးလိုက်တယ်။

2018-08-11_075038

စစချင်းတော့ Domain Name ကို .com.mm ဝယ်ဖို့စဉ်းစားတာပါ။ ဒါပေမယ့် တစ်နှစ်စာကို တစ်သိန်းနီးပါးလောက်ကျနေတော့ မဝယ်နိုင်ဘူး။ ဘလော့ရေးတာ ဝါသနာပါလို့သာရေးတာ ဝင်ငွေရလောက်တဲ့ထိ စိုက်လိုက်မတ်တပ် လုပ်ဖြစ်တဲ့အလုပ်လည်းမဟုတ် ပိုက်ဆံအဝင်ဆိုတာလည်း မရှိဘူးလေ။ အဲ့တော့ .net ကိုပဲ ၁ သောင်းခွဲဝန်းကျင်နဲ့ ဝယ်လိုက်တယ်။ အဲ့မှာ အားနည်းချက်တစ်ခုတွေ့ရတာက အရင်သုံးခဲ့တဲ့ Godaddy တို့ဘာတို့မှာ Domain Name Registration လုပ်သူအတွက် ဘယ် Blogging Domain နဲ့ Link လုပ်ချင်တာလဲဆိုတာပေါ်မူတည်ပြီး FAQs တွေက တင်းပြည့်ကျပ်ပြည့်ရှိတယ်။ ဘာမှအုံးစားစရာ မရှိဘူး။ ကျွန်တော်က Blogger သမားဆိုတော့ Google Blogger နဲ့ ချိတ်ချင်ရင် CNAMEs ကို ဘယ်လို ပြောင်းရတယ် ဘယ်နေရာမှာ ဘာပြင်ရတယ်ဆိုတာကအစ ပုံနဲ့အပြည့်အစုံရှင်းပြထားတာရှိတယ်။ z.com ကတော့ အဲ့တာအားနည်းတယ်ဗျ။ FAQs တွေ မစုံသေးဘူး။ သူတို့အများကြီး ဖြည့်ရဦးမယ်။ အဲ့တော့ ဘာဖြစ်လည်းဆို Domain Name ကို Blogger Settings ထဲ ဝင်ဖြည့်တဲ့အခါ Error တက်ရော။ DNS Settings ကို ဘယ်မှာ ဝင်ပြင်လို့ပြင်ရမယ်မသိ။ CNAMEs Records မှာ ဘယ်လိုဖြည့်လို့ ဖြည့်ရမယ် မသိနဲ့။

11

ကျွန်တော် ညံ့သွားတဲ့တစ်ချက်က စာရေးချင်ဇောများပြီး Domain Name သာ ဝယ်လိုက်တာ ကိုယ်ရေးတဲ့ Blogging Platform နဲ့ ကိုယ်ဝယ်မယ့် Domain Name ကို ဘယ်လို Link ချိတ်ရတယ်ဆိုတာ Support ကနေ ကြိုစစ်ကြည့်ဖို့ သတိမရလိုက်မိဘူး။ ဝယ်ပြီးတော့မှ ရပါ့မလား ရပါ့မလားနဲ့ စမ်းတဝါးဝါး လိုက်လုပ်ရတယ်။ Feedback ကနေ GMOACE ကို လှမ်းမေးတော့ Services ပေးတဲ့ဝန်ထမ်းတွေလည်း ကျွန်တော်ဝယ်ထားတဲ့ Domain Name ကို Blogging Platform နဲ့ ချိတ်လို့ရအောင် ကြိုးစားပြီးတော့တော့ အဖြေရှာပေးကြပါတယ်။ ဖုန်းတွေလည်းဆက်ကြတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ နောက်ကိုယ့်ဘာသာ ကိုယ့်အားကိုယ်ကိုးပြီး Google ကပြောထားတဲ့ Suggestions တွေအတိုင်း လိုက်ဖတ်ပြီး လုပ်ကြည့်တော့မှ အဆင်ပြေသွားတယ်။ သိပ်ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။ z.com မှာ Domain Name ဝယ်ဖြစ် ခဲ့သော်ရှိ ကိုယ့်အကောင့်ထဲ ကိုယ်ဝင်ပြီး DNS Tab အောက်ကိုသွား၊ ကိုယ်ဝယ်ထားတဲ့ Website လိပ်စာ ကို Search Box ကနေ ရိုက်ရှာပြီးတော့ Edit (Pencil Icon) ကနေ အပေါ်ပုံမှာ ဘောင်ခေတ်ပြထားတဲ့ CNAMEs တွေကို အောက်မှာပြထားတဲ့ Values နဲ့ ဖြည့်ပြီး Save လိုက်ယုံပဲ။ ချက်ချင်းတော့ ရချင်မှရမယ်။ ၄၈ နာရီလောက် စောင့်ရလိမ့်မယ်။ အဲ့တာပြီးရင်တော့ Error ပျောက်ပြီး ကိုယ်ဝယ်ထားတဲ့ Domain Name နဲ့ Blogspot ကို ဝင်လို့ရပြီ။

2018-08-10_105004

ဒီလောက်ပဲဗျာ။ နောက်ရက်တွေကျရင်တော့ အရင်ရေးနေကျပုံစံအတိုင်း ဘာရေးမယ်လို့ မဟုတ်ဘဲ ရေးချင်ရာရေး ပုံစံနဲ့ ထပ်ရေးပါဦးမယ်။

Windows 10 & Myanmar Fonts (Unicode + Non-Unicode) Installation Guide

2016-02-07_131112

Windows 10, Myanmar Fonts and Configuration Settings Review ဆိုပြီး ၂၀၁၄ ခုနှစ် Windows 10 ပေါ်ခါစတုန်းက စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း ဘလော့ကို ပုံစံပြင်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်၊ စာလည်း မရေးဖြစ်ခဲ့တာ တစ်နှစ်တောင် ကျော်ခဲ့ပြီပေါ့။ မှတ်မှတ်ရရ ၂၀၁၅ ခုနှစ်ထဲမှာ ဘာတစ်ခုမှကို မရေးဖြစ်ခဲ့ဘူး။ အဲ့နောက်ပိုင်း Windows 10 ကို တင်လိုက်ချလိုက်၊ Virtual နဲ့စမ်းလိုက်တော့ လုပ်ဖြစ်တယ်။ အဲ့လိုစမ်းဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရုံးသုံးအဖြစ် အခုနောက်ပိုင်း အတော်နေရာရလာတဲ့ မြန်မာယူနီကုတ်နဲ့ အဆင်ပြေ/မပြေဆိုတာရယ်၊ ရုံးသုံးမဟုတ်ပေမယ့် အင်တာနက် စာမျက်နှာ အများစုမှာ အသုံးများတဲ့ ဇော်ဂျီနဲ့ အဆင်ပြေ/မပြေ သိချင်တာရယ်၊ Non-Unicode Fonts တွေ ဆက်သုံးလို့ ဖြစ်/မဖြစ်ဆိုတာရယ် သိချင်တာကြောင့်ပါ။

Creative Commons Licenses and Their Usages



Creative Commons အကြောင်းရေးဖို့ လွန်ခဲ့တဲ့ (၄)လလောက်က စိတ်ကူးစရတယ်။ စိတ်ကူးရမိခြင်းရဲ့ အကြောင်းက ဖတ်နေကျ Digital Inspiration မှာ Which Creative Commons License is Right for me?ဆိုတဲ့ ဆောင်းပါးကို ဖတ်မိခဲ့ရာကနေ စတယ်လို့ ဆိုရမယ်။ ဘယ်နေရာကြည့်ကြည့် CopyRight ဆိုတာတွေ တအားပေါများနေတဲ့ ခေတ်မှာ Creative Commons License ဆိုတာလေး ရှိနေသေးတာက စိတ်ထဲမှာ နည်းနည်းလေး အသက်ရှုချောင်သွားသလို ခံစားရတယ်။ 

ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က ခုချိန်ထိ Creative ဖြစ်တဲ့ အဆင့်ကို မတက်နိုင်သေးဘူး။ တက်ဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ ခုလိုချိန်ထိ စုတုပြုတွေ အများကြီး လုပ်နေရတုန်း။ အရင် ဘလော့စရေးချိန်ကဆိုရင် စုတုပြုတောင် မလုပ်နိုင်ဘူး။ ခိုးကူးရူး အဆင့်နဲ့ စခဲ့တာ။ အခုလည်း ဘလော့မှာရေးသမျှ အကြောင်းအရာတွေကို ပုံတူကူးတာ၊ ဘာသာပြန်ရေးတာမျိုး တတ်နိုင်သမျှ နည်းအောင်နဲ့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ရေးနိုင်တဲ့ အနေအထားရောက်အောင် ကြိုးစားနေတယ်။ 


ဒါပေမယ့် ခုချိန်ထိ ဘလော့မှာ သုံးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Screenshots တွေ၊ Screencasts တွေက အင်တာနက်ကနေ Creadit ပေးပြီး ယူသုံးနေရဆဲပဲ။ ဒီနေရာမှာ Creadit ပေးတယ်လို့ လွယ်လွယ်ပြောလိုက်ပေမယ့် Creadit ပေးတယ်ဆိုတဲ့ စကားကို ဘယ်လောက်ထိ နှိုက်နှိုက်ချွတ်ချွတ် နားလည်ထားသလဲလို့ မေးလာရင် ရိုးသားစွာနဲ့ "ဟင့်အင်း" လို့ပဲ ဖြေရလိမ့်ဦးမယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာကိုယ် ပြင်ဆင်နိုင်ဖို့ နဲ့ နောင်တစ်ချိန်မှာ ပြောင်းလဲလာတော့မယ့် နည်းပညာရေစီးကြောင်းမှာ အလိုက်သင့် မျောပါနိုင်ဖို့ Creative Commons License ရဲ့ သဘောတရားနဲ့ အသုံးပြုနည်းတွေကို လိုက်ရှာဖတ်ခဲ့တယ်။ 

ဖတ်ပြီးလို့ အတန်အသင့် နားလည်ခဲ့တဲ့နောက်မှာ နားလည်တဲ့အတိုင်း လက်ဆင့်ကမ်းနိုင်ဖို့ စိတ်ကူးထပ်ရတယ်။ ဒါပေမယ့် ဒီအကြောင်းကို စမရေးခင် ကိုယ့်အရင် အင်တာနက်ထဲ ဘယ်သူများ ရေးထားဖူးတာရှိမလဲဆိုပြီး ရှာကြည့်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ ပန်ဒိုရာဘလော့မှာ ကိုပုထုဇဉ် တစ်ချိန်က ရေးခဲ့တဲ့ Creative Commons License အကြောင်း ဆောင်းပါးတွေ ဝေမျှထားတာ တွေ့ခဲ့ရတယ်။ မူရင်းစာရေးသူ ကိုပုထုဇဉ်ဘလော့ကတော့ မရှိတော့ဘူး။ ရှိမလားလို့လည်း Google မှာ နည်းမျိုးစုံနဲ့ ရှာကြည့်သေးတယ်။ မတွေ့ခဲ့ဘူး။ အဲ့တော့ သူ့နာမည်ကိုပဲ Credit ပေးနိုင်တော့တယ်။ ပြန်လည်ဝေမျှပေးတဲ့ ပန်ဒိုရာဘလော့ က စာရေးသူကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ သူသာ တဆင့်ပြန်ပြီး မဝေမျှခဲ့ရင် အင်တာနက်ထဲမှာ ဒီလိုအဖိုးတန်တဲ့စာ ရှိခဲ့ပါလားဆိုတာတောင် သိခွင့်ရမှာ မဟုတ်ဘူး။ 

စာရေးသူ ကိုပုထုဇဉ်ဟာ Creative Commons License နဲ့ပတ်သတ်ပြီး စာဖတ်သူနားလည်အောင် သူတတ်နိုင်တဲ့အစွမ်းနဲ့ အချိန်အမြောက်အများပေးပြီး ကြိုးစားခဲ့တာ တွေ့ရတယ်။ တကယ်ကို အံ့သြဝမ်းသာမိပါတယ်။ သူ့ကြိုးစားမှုကြောင့် နားမလည်သေးတာတွေ အများကြီး နားလည်ခဲ့ရသလို ဒီအကြောင်းအရာကို လေ့လာချင်မယ့် သူတွေအတွက်လည်း မပျောက်မပျက်ရအောင် PDF စာအုပ် တစ်ခု အဖြစ် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ခုရှိတာ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက ၂၀၀၈ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ ရေးခဲ့တာဆိုတော့ သဘောတရားရေးရာ မပြောင်းလဲပေမယ့် အချက်အလက်ပိုင်းဆိုင်ရာ Update ဖြစ်ဖို့ မသေချာတော့ဘူး။ Creative Commons licenses နဲ့ပတ်သတ်ပြီး လက်ရှိ Update ဖြစ်တဲ့ အကြောင်းအရာကို လေ့လာချင်ရင်တော့ CC Poland က Comic poster ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

 
စာအုပ်ကိုတော့ အများသူငါ ဖတ်ရလွယ်အောင်နဲ့ လိုအပ်ရင် ဒေါင်းလုပ်ချပြီး သိမ်းထားနိုင်အောင် Google Drive မှာ တင်ပေးထားတယ်။ အောက်မှာ ယူနိုင်ပါတယ်။


TechSectors.

10 URLs That Every Google User Should Know



တစ်ခုခုကို Google မှာ ရှာတိုင်း လိုအပ်တာနဲ့ အနီးစပ်ဆုံး ထပ်တူကျနိုင်တဲ့ ကြော်ငြာတွေ ဘယ်ကနေ ရောက်လာသလဲ ? အရင်ကရောက်ခဲ့တဲ့ နေရာကတွေကို ကိုယ်ကိုယ်တိုင်က မမှတ်မိပေမယ့် Google ကဘာလို့ အကုန်မှတ်မိနေရတာလဲ ? မတော်လို့များ Administrator Password မေ့သွားခဲ့သော် ဘယ်လိုဆက်လုပ်ရမလဲ ? ကိုယ်က ဘာစိတ်ဝင်စားတယ် ဆိုတာ Google က ဘယ်လိုဆုံးဖြတ်သလဲ ? နောင်တစ်ချိန်မှာ Google နဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်မိရင် Google Services မှာသိမ်းထားမိတဲ့ ကိုယ့် ​ဒေတာတွေကို ဘယ်လိုပြန်ယူရမလဲ ?

Google ကို အားကိုးအားထားပြုပြီး ရပ်တည်နေကြတဲ့ သူတိုင်း သိထားသင့်တဲ့ နေရာ (၁၀) ခုအကြောင်း မိတ်ဆက်ပေးပါရစေ။ 

၁။ ပုံမှန် Google Account သစ်တစ်ခု လုပ်မယ်ဆိုရင် @gmail.com နဲ့ ဆုံးတဲ့ address ပဲ ရမယ်ဆိုတာ အားလုံး သိကြတယ်။ တကယ်လို့ ကိုယ့်မှာ အရင်တည်းက သုံးနေတဲ့ Email Address တစ်ခုရှိနေပြီး အဲ့ဒီ့ Email နဲ့ပဲ Google Account တစ်ခု ဖန်တီးဖို့ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ Special URL ကနေသွားရင် ကိုယ်သုံးနေတဲ့ တစ်ခြား Email Address တစ်ခုကို Google Username အဖြစ်ဖန်တီး အသုံးပြုနိုင်ပါတယ်။

https://accounts.google.com/SignUpWithoutGmail

၂။ Google ကနေပြီး ကိုယ်နေ့စဉ် လည်ပတ်သွားလာခဲ့တဲ့ နေရာတွေ၊ Google+ Account မှာ ထည့်သွင်းထားတဲ့ ဒေတာတွေနဲ့ တစ်ခြား အချက်အလက်တွေပေါ် အခြေခံပြီး လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Profile တွေ နောက်ကွယ်မှာ ဖန်တီးထားပါတယ်။ ရည်ရွယ်ချက်ကတော့ အသုံးပြုသူဟာ အသက်ဘယ်လောက်ရှိပြီလဲ၊ ကျားလား-မလား၊ ဘာတွေ စိတ်ဝင်စားတတ်လဲ ဆိုတာပေါ် အခြေခံပြီး ရှာဖွေသူရဲ့ လိုလားချက်နဲ့ ကိုက်ညီမယ့် ads တွေ ဖော်ပြပေးနိုင်ဖို့ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ URL ကိုသွားကြည့်ပါ။ အင်တာနက်မှာ ကိုယ့်အပေါ် သုံးသပ်ထားတဲ့ Google ရဲ့ အမြင်ကို တွေ့ရှိရပါလိမ့်မယ်။

https://www.google.com/ads/preferences/


၃။ Google ကို သုံးခဲ့တဲ့ အချိန် ကြာလာတာနဲ့အမျှ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဒေတာတွေကလည်း အနည်းနဲ့ အများ Google ရဲ့ ​ Products အသီးသီးမှာ ပျံ့နှံ့ ကုန်ကြတယ်။ ဥပမာပြရရင် - Gmail Messages တွေ၊ ဓာတ်ပုံတွေ၊ Contacts တွေ နောက် Youtube Videos တွေ ...။ ဒါတွေအားလုံးကို နောင်တစ်ချိန်မှာ အသုံးချနိုင်ဖို့ Backup လုပ်ထားချင်ရင် ဘယ်နည်းလမ်းကို သုံးကြမလဲ။ အဲ့အတွက် တစ်ခုတည်းသော အဖြေက Google Takeout ပါ။ တစ်နေရာတည်းက ကိုယ့် အကောင့်နဲ့ ပတ်သတ်သမျှ ဒေတာ အားလုံး ဒေါင်းလုပ်ချနိုင်ပါတယ်။

https://www.google.com/takeout


၄။ ကိုယ်ဖန်တီးထားတဲ့ ကိုယ်ပိုင်အကြောင်းအရာတွေ၊ ကိုယ့် Products တွေကို ကိုယ့်ကိုယ်အသိမပေးပဲ တစ်ခြားတစ်နေရာမှာ သုံးနေတာတွေ့ရရင် DMCA ဥပဒေ (Digital Millennium Copyright Act) အရ Google မှာ ဖယ်ရှားပေးဖို့ တောင်းဆိုနိုင်သလို အဲ့ဒီ့ Websites ကို Google Search Results ကနေ ပျောက်သွားတဲ့အထိ အရေးယူပေးဖို့ အကူအညီ တောင်းခံနိုင်ပါတယ်။ 

https://support.google.com/legal


၅။ Android Device တစ်ခုခုကနေ အင်တာနက် သုံးဖြစ်နေတယ်ဆိုရင် အဲ့ဒီ့ Devices တွေက ကိုယ့်ရဲ့ လက်ရှိတည်နေရာ၊ တစ်နေရာကနေ တစ်နေရာကို သွားနေတယ်ဆိုရင်လည်း ဘယ်လောက် အမြန်နှုန်းနဲ့ သွားနေတယ် ဆိုတာတွေထိ Google Servers ဆီကို လှမ်းပြီး Report လုပ်ကြပါတယ်။ အဲ့တာကို လေ့လာချင်ရင် အောက်ဖော်ပြပါ URL ကနေသွားကြည်ပါ။ ကိုယ့်ရဲ့ Location History ကို ရက်အလိုက် လအလိုက် ပြန်တွေ့ရပါလိမ့်မယ်။ ဒီအချက်အလက်တွေကို KML files အနေနဲ့ Export လုပ်ထားနိုင်ပြီး Google Earth မှာ ပြန် အသုံးပြုနိုင်ပါတယ်။

https://maps.google.com/locationhistory


၆။ ကိုယ့်အကောင့်ထဲကို Login ဝင်ထားတဲ့အချိန် Search Boxes မှာ ရိုက်ပြီး ရှာခဲ့သမျှတွေ ကိုယ် Click ခဲ့သမျှ Google ad တွေကိုလည်း Google ကနေ Log တစ်ခုနဲ့ မှတ်ထားတတ်သေးတယ်။ Google ဘာတွေမှတ်ထားသလဲ ဆိုတာကို အောက်က Links တွေကနေ ကြည့်ကြည့်ပါ။

https://history.google.com
https://history.google.com/history/audio


၇။ Google Account တစ်ခု ဖန်တီးထားရင် အနည်းဆုံးတော့ ကိုးလမှာ တစ်ကြိမ် Login ဝင်ပေးဖို့ လိုပါတယ်။ အဲ့လိုမှမဟုတ်ရင် Google ရဲ့ Program Policies အရ အကောင့်ကို ဖျက်သိမ်းခွင့် ရှိပါတယ်။ အကောင့်တစ်ခုတည်းရှိပြီး အဲ့တာကိုပဲ အမြဲသုံးတဲ့သူတွေအတွက် ပြဿနာမဟုတ်ပေမယ့် ကိုယ့်မှာ တခြား Google Accounts တွေရှိပြီး ပုံမှန် ဝင်မကြည့်ဖြစ်ဘူးဆိုရင် ဖျက်သိမ်းခံရတာမျိုး မဖြစ်ရအောင် လက်ရှိ ကိုယ်အမြဲသုံးဖြစ်တဲ့ အကောင့်ကို Secondary Accounts ရဲ့ Trusted Content အနေနဲ့ ထားသင့်ပါတယ်။ အဲ့လိုဆိုရင် အချိန်ကာလတစ်ခုရောက်တိုင်း ဒုတိယအကောင့်ကို Login ဝင်ပေးဖို့ Google ကနေ အသိပေးပါလိမ့်မယ်။ 

https://www.google.com/settings/account/inactive


၈။ တစ်စုံတစ်ယောက်က ကိုယ့် Google Account ကို ဝင်သုံးမှာကိုများ စိတ်မပူမိကြဘူးလား။ ဒီခံစားချက်ကိုတော့ လူတိုင်း ခံစားဖူးကြမှာပါ။ အောက်မှာ ပေးထားတဲ့ Activity Report ကိုသွားကြည့်ပါ။ ကိုယ့် Google Account ကို ဘယ်နေရာကနေ ဘာ Devices သုံးပြီးဝင်ခဲ့တယ်ဆိုတာ ပြန်တွေ့ရပါလိမ့်မယ်။ ကိုယ်မဟုတ်တဲ့ သူတစ်ယောက် တစ်ခြားနေရာကနေ အသုံးပြုနေတာ တွေ့ရမယ်ဆိုရင် IP address နဲ့ ခန့်မှန်းတည်နေရာကိုပါ သိရှိနိုင်တာကြောင့် လိုအပ်ရင် Password ကို အမြန်ပြောင်းထားဖို့ လိုပါလိမ့်မယ်။ 

https://security.google.com/settings/security/activity


၉။ တစ်ခါတစ်လေမှာ အမှုမဲ့အမှတ်မဲ့နဲ့ Web apps တွေ Browser extensions တွေ Google Scripts တွေနဲ့ တခြား Mobile apps တွေကို ကိုယ့်ကိုယ်စား Read or Write access ပေးမိတာမျိုး ရှိတတ်တယ်။ Google User တစ်ယောက် ဖြစ်လာရင် ဒီအချက်ကို Control လုပ်နိုင်ဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ နေရာမှာ စစ်ဆေးကြည့်ပါ။ ဘယ် အရာတွေကို ဘယ်လောက်ထိ Permission level ပေးထားမိတယ်ဆိုတာ ပြန်တွေ့ရပါလိမ့်မယ်။ ကိုယ့်အတွက် မလိုအပ်တာတွေကို Revoke Access လုပ်ထားဖို့ အကြံပြုပါရစေ။ 

https://security.google.com/settings/security/permissions

၁၀။ ဒီအောက်ဆုံး တစ်ခုကတော့ Google App Users များအတွက်ပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့် Google Account သူများလက်ထဲ ရောက်သွားတယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ Secret link ကနေတဆင့် ကိုယ့်ရဲ့ Admin password ကို Reset ပြန်လုပ်နိုင်ပါတယ်။ 

https://admin.google.com/domain.com/VerifyAdminAccountPasswordReset

domain.com ဆိုတဲ့ နေရာမှာ ကိုယ့် Web Domain အမည်ကို ထည့်သွင်းပေးရပါမယ်။

TechSectors.

How To Sync Any Folder To Dropbox Easily


Cloud Storage နဲ့ ပတ်သတ်ရင် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးနေဖြစ်သေးတယ်။ ခုချိန်မှာ Dropbox ထက် Storage Space ပိုပေးနိုင်တဲ့ တခြား Services တွေ အများကြီး ရှိနေပြီ ဆိုပေမယ့် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်နေရတဲ့ အကြောင်းက သုံးရလွယ်တယ်။ သစ္စာရှိတယ်။ အလကားသုံးနေတဲ့ User ပဲ ဆိုပြီး ဘယ်တော့မှ ပြစ်ပြစ်ခါခါ မလုပ်တတ်ဘူး။ လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က Dropbox နဲ့ စရင်းနှီးခဲ့ပြီး အကောင့်တစ်ခု စလုပ်ခဲ့တယ်။ ပိုက်ဆံပေးမသုံးနိုင်တော့ အလကားရတဲ့ 2GB ပမာဏလေးကို ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးပြီး ပျောက်ပျက်လို့ မရတဲ့ Data တွေ သိမ်းခဲ့တယ်။ ကိုယ့်နိုင်ငံကို ပြန်မယ်လုပ်တော့ အဲ့ဒေတာတွေ အားလုံး ပြန်ယူခဲ့ပေမယ့် အကောင့်ထဲ ကိုတော့ အရေးကြီးတဲ့ ဒေတာတွေကလွဲရင် ကျန်တာတွေ မဖျက်ခဲ့ဘူး။ 

ဖျက်ဖို့လည်း မလိုအပ်ဘူးလေ။ Cloud Storage Service ပေးတဲ့နေရာ အတော်များများက ပုံမှန်အားဖြင့် သူ့တို့ Service ကို Access မလုပ်တာ တစ်လနဲ့ အထက်ကြာပြီ ဆိုရင် အဲ့လို Active မဖြစ်တဲ့ အကောင့်တွေကို ဖျက်ပစ်တတ်ကြတယ်။ ဒါပေမယ့် ကျွန်တော် ထင်ခဲ့တာ ဒီတစ်ခါတော့ မှားတယ်။ Dropbox ကတော့ အဲ့လို မဟုတ်ဘူး။ ကျွန်တော့်အတွက် မလိုအပ်တော့တဲ့ အကောင့်တစ်ခုကို မသုံးခဲ့တာ ၃ နှစ်နီးပါး ကြာပေမယ့် လုံးဝမဖျက်ခဲ့သလို အထဲက ဒေတာတွေကလည်း နဂိုအတိုင်း အရာမယွင်း ကျန်နေခဲ့သေးတယ်။

ဒါ့ကြောင့်လည်း အတော်များများက Cloud Storage ဆို Box တို့ Google Drive တို့ SkyDrive တို့ ရှိပေမယ့် Dropbox ကိုပဲ အရင်ဆုံး ပြေးမြင်ကြတယ်။ ခုလို အားသာချက်တွေ Dropbox မှာ ရှိပေမယ့် တကယ်တမ်း Dropbox ကို သုံးကြတဲ့အခါ လူတိုင်းနီးပါး ဘဝင်မကျဖြစ်ရတဲ့ အချက်တစ်ချက်လည်း ရှိသေးတယ်။ အဲ့တာက ကိုယ့်စက်ထဲကနေ Cloud Storage ပေါ် တင်ချင်တဲ့ Files တိုင်း Folders တိုင်းကို Dropbox Sync folder ထဲ သွားသွားထည့်ရတဲ့ အချက်ပဲ။ Dropbox ကလည်း သူ့ဖိုဒါထဲကို လာထည့်တဲ့ ဖိုင်တွေ ဖိုဒါတွေကိုပဲ Synchronize လုပ်ပေးတယ်။ ဒီကြားထဲ ကိုယ်က စက်ထဲမှာရှိတဲ့ Directories အမျိုးမျိုးက ဖိုင်တွေ ဖိုဒါတွေကို Dropbox Account နဲ့ ချိတ်ပြီး Synchronize လုပ်ချင်ရင် ပိုပြီးအာရုံနောက်ရတယ်။ 

အဲ့တာတွေ အားလုံးကို ပြေလည်စေတဲ့ တစ်ခြားနည်းလမ်း ရှိတယ်ဆိုတာ အရင်က လုံးဝမသိခဲ့ဘူး။ ဒါပေမယ့် ခုချိန်မှာ အဲ့လောက်ထိ မခက်ခဲတော့ဘူး။ ဒီအခက်အခဲကို ပြေလည်စေမယ့် Third-party Windows application လေးတစ်ခု တွေ့ထားတာ ရှိတယ်။ Dropbox Folder Sync လို့ခေါ်တယ်။ သူက Symbolic Link လို့ခေါ်တဲ့ Reference File အမျိုးအစားကို သုံးထားတယ်။ ဘာနဲ့ အနီးစပ်ဆုံး တူသလဲဆို Windows တိုင်းမှာ အမြဲလိုလို တွေ့ရတဲ့ Shortcut files လိုမျိုးပဲ။ ဒီနေရာမှာ မြင်နေရတဲ့ ဖိုင်က နောက်တစ်နေရာမှာ ရှိတဲ့နေရာကို ပြန်ညွှန်းတယ်။ ဒီနည်းနဲ့ Directories တစ်ခုစီက ကိုယ် Synchronize လုပ်ချင်တဲ့ ဖိုင်တွေ ဖိုဒါတွေကို Dropbox folder နဲ့ ချိတ်ဆက်ပေးတယ်။

Dropbox Folder Sync ရဲ့ အလုပ်လုပ်ပုံ အသေးစိတ်ကို Features in detail ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်နိုင်တယ်။ သုံးပုံသုံးနည်းကလည်း တအားကို ရိုးရှင်းတယ်။ Dropbox Folder Sync ကို တင်ပြီး တစ်ခြား Directories အသီးသီးက ကိုယ် Synchronize လုပ်ချင်တဲ့ ဖိုင်တွေ ဖိုဒါတွေကို Right Click ကနေတဆင့် Dropbox Folder Sync > Sync with Dropbox ဆိုပြီး နှိပ်လိုက်ရင် ရပြီ။ 


တကယ်လို့ နောက်ပိုင်း Synchronize မလုပ်ချင်တော့ရင် နဂို Synchronize လုပ်ခဲ့တဲ့ Directory ကိုပြန်သွားပြီး Right Click ကနေတဆင့် Dropbox Folder Sync > Unsync with Dropbox ပြန်လုပ်လို့ ရတယ်။ အဲ့လို လုပ်လိုက်ရင် Symbolic Link ကိုဖျက်ပြီး မူလနေရာကို နဂိုအခြေအနေအတိုင်း ဖိုဒါ ပြန်ရောက်လာလိမ့်မယ်။ 

Dropbox Folder Sync ကို Windows XP, Vista, 7, 8 နဲ့ 8.1 တွေမှာ သုံးလို့ရတယ်။ ဒါပေမယ့် Network Drives တွေမှာတော့ သုံးလို့ မရဘူး။

TechSectors.

Why You Should Know Privacy Statements for Windows 10 Technical Preview


Windows 10 အကြောင်း စရေးခဲ့တာ မကောင်းကြောင်းရေးချင်လို့ စခဲ့တာတော့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း တစ်စိုက်မတ်မတ် Windows ကို တောင်လျှောက် သုံးလာခဲ့တာ။ Linux ကို ဗဟုသုတရအောင်လို့ သုံးခဲ့တယ်ဆိုပေမယ့် စွဲစွဲမြဲမြဲကြီး မဟုတ်ဘူး။ အလုပ်နဲ့ ပတ်ဝန်းကျင်က Windows ကို တောင်းဆိုနေချိန်မှာ ကိုယ်တစ်ယောက်လည်း Ubuntu လုပ်လို့လည်း မရဘူး။ 

Windows 10 နဲ့ ပတ်သတ်လို့ ရေးပြီးခဲ့တဲ့ ပို့စ် တွေ ပြန်ကြည့်ကြည့်တော့ ကောင်းကြောင်းထက် မကောင်းကြောင်းကို ဇောင်းပေးရေးသလိုတောင် ဖြစ်နေတယ်။ အခုရေးမယ့် အကြောင်းကလည်း ကောင်းကြောင်းဖြစ်နိုင်သလား၊ မကောင်းကြောင်းဖြစ်နိုင်သလား။ အဲ့တာကတော့ စာဖတ်သူရဲ့ သုံးသပ်ချက်အပေါ်ပဲ မူတည်လိမ့်မယ်။

Windows 10 ထွက်လာတော့ ဘယ်နေရာကြည့်ကြည့် နေရာတကာမှာ Windows 10 အကြောင်း အသားပေးရေးကြတယ်။ အသစ်အဆန်းဆိုတော့ စာဖတ်သူလည်း စိတ်ဝင်စားတယ်။ နောက်ပြီး Windows 10 Technical Preview က လောလောဆယ်မှာ လူတိုင်းကို အလကားမတ်တင်း သုံးခွင့်ပေးထားတော့ ဘလော့တိုင်းကလည်း စမ်းသုံးဖို့ တိုက်တွန်းကြတယ်။ ဒါပေမယ့် လက်ရှိစမ်းသုံးကြည့်ဖို့ ထုတ်ပေးလိုက်တဲ့ Windows 10 ကို အသုံးခင်မှာ သိထားသင့်တာလေးတွေ လက်ဆင့်ကမ်းလိုက်ချင်တယ်။ 

Windows 10 ကို စမ်းသုံးဖို့ မကန့်ကွက်လိုပေမယ့် ပင်မဝင်းဒိုးအနေနဲ့ အဓိကထားပြီး မသုံးဖို့ကို အရင်ပို့စ်မှာလည်း ရေးခဲ့တယ်။ ဘာလို့လည်းဆိုတော့ Microsoft ကနေ Windows 10 Technical Preview နဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ Privacy Statements တွေထဲက ဖော်ပြချက် တစ်ချို့မှာ စဉ်းစားစရာတွေ ရှိနေလို့။


Data We Collect ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေထဲက တစ်ချို့စာကြောင်းတွေဟာ ပုံမှန် OS တစ်ခုကနေ စုဆောင်းလေ့ရှိတဲ့ အတိုင်းအတာထက် ကျော်လွန်လာတာ တွေ့ရတယ်။ ဥပမာ -

  • ပရိုဂရမ်တစ်ခုကို Install လုပ်ပြီး သုံးတာနဲ့ ဘယ်သူသုံးတယ်၊ ဘယ် Devices ကနေသုံးတယ်၊ ဘယ် Network ကနေ သုံးတယ်ဆိုတဲ့ အချက်အလက်တွေ သူယူမယ်လို့ ပြောတယ်။
  • အဲ့ထဲမှာ နာမည်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ဘာတွေ စိတ်ဝင်စားသလဲ၊ ဘယ်လို အပြင်အဆင်ကို ကြိုက်သလဲ၊ အင်တာနက်မှာ ဘာတွေကြည့်ခဲ့သလဲ၊ ဘယ်ဖိုင်တွေကို ရှာသလဲ၊ ဘယ်တွေကို ဖုန်းခေါ်သလဲ ... ဆိုတာတွေ အကုန်ပါမယ်။
  • ဖိုင်တစ်ခုကို ဖွင့်လိုက်တာနဲ့ ဖိုင်က ဘာဖိုင်လဲ၊ အဲ့ဖိုင်ကို ဘယ် App သုံးပြီး ဖွင့်သလဲ၊ ဘယ်လောက်ကြာအောင် ဖွင့်သလဲ ဆိုတာတွေလည်း အကုန်သိချင်တယ်။ (ရည်ရွယ်ချက်က Performance ကောင်းအောင် ပြင်ချင်လို့ပါလို့ ပြောထားတယ်။)
  • နောက်ပြီး စာစရိုက်တာနဲ့ ဘယ်စာလုံးတွေရိုက်တယ်ဆိုတာကိုလည်း သိချင်တယ်။ (ရည်ရွယ်ချက်က Autocomplete နဲ့ Spellcheck Features ပိုကောင်းအောင် သုံးချင်လို့ပါလို့ ပြောထားတယ်။)

အဲ့တော့ သူရေးထားတာကို မျက်မြင်အတိုင်း သုံးသပ်ကြည့်ရင် Keylogger သုံးဖို့ Microsoft ကနေ တရားဝင် ခွင့်ပြုချက် တောင်းခံထားတာလားလို့တောင် ထင်ရတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်လည်း လူအများစုရဲ့ အကြိုက်နဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုကို ထောင့်စေ့စေ့ အကွက်ကျကျ ခြေရာကောက်နိုင်မှာပဲ ဖြစ်နိုင်တယ်။ နောက်ပြီး Microsoft ဟာ နာမည်ရပြီးသား ကော်ပိုရေးရှင်းကြီး တစ်ခုပါ။ သူပြောထားသလို တကယ် Improvement လုပ်ချင်လို့ ဒီအချက်အလက်တွေ စုဆောင်းတာ ဖြစ်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ ရှိတယ်။ တစ်ချို့ လျှို့ဝှက်ချက်တွေက လူသိသွားလည်း အကြောင်းမဟုတ်ပေမယ့် တစ်ချို့ကိစ္စတွေမှာ လုံးဝလူသိမခံချင်ကြတဲ့ လျှို့ဝှက်ချက်မျိုးတွေ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရှိကောင်းရှိနိုင် ကြသေးတယ်။ အဲ့တာကြောင့် Windows 10 Technical Preview စမ်းသုံးဖို့ စိတ်ကူးရှိသူများ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေ သတိပြုပါ။ အချိန်ပေးနိုင်ရင် Privacy Statements ကို လေ့လာပါ။ ကိုယ့်အတွက် Sensitive ဖြစ်မယ့် အကြောင်းအရာတွေကို Windows 10 Technical Preview ထဲ Log in ဝင်တိုင်း သတိလေးကပ်ပြီး အသုံးပြုနိုင်ကြဖို့ လက်ဆင့်ကမ်းချင်ပါတယ်။

TechSectors.

Windows 10, Myanmar Fonts and Configuration Settings Review


Windows 10 ကို Virtual Box နဲ့ စမ်းသုံးကြည့်လိုက်တော့ အမြင်အားဖြင့် ဘာမှ သိပ်ထူးခြားမှု မရှိသလို ထင်ရပေမယ့် လက်တွေ့မှာ အပြောင်းအလဲ အတော်များများ ပြုလုပ်ထားတာ တွေ့လာရတယ်။ ဝင်းဒိုးထဲစဝင်ဝင်ချင်းမှာ ပထမဆုံး သတိထားမိတာက Start Menu - သိရသလောက် Desktop နဲ့ Laptop Users အများစုက Charms Bar နဲ့ Start Menu Screen ကို သဘောမကျကြဘူး။ လှသလိုလို ခံစားရပေမယ့် Touch-Enabled Devices မဟုတ်လို့ ထင်သလောက် အသုံးမတဲ့ဘူးလို့ ယူဆလို့ရတယ်။ ဒါကို မိုက်ကရိုဆော့ဖ်ကလည်း လက်ခံတယ်။ နောက်လာမယ့် Windows 10 Final Version မှာ Charms Bar က Touch-Enabled Devices တွေကလွဲရင် ပါလာမှာ မဟုတ်တော့ဘူး။ Start Menu Screen ကတော့ "Taskbar and Start Menu Properties" Dialog Box အောက်က "Start Menu" Tab အောက်မှာရှိတဲ့ "Use the Start menu insted of the Start Screen" ကို Deselect လုပ်ပေးလိုက်ရင် အရင်လို ပြန်ရပါတယ်။


ပြီးတော့ Restart နဲ့ Shut Down ကလည်း အရင်တုန်းကထက်စာရင် Access လုပ်ဖို့ အများကြီး လွယ်ကူသွားပြီ။ အိမ်မှာ တစ်လခြား တစ်ခါလောက် ဝင်းဒိုးပြောင်းတင်လေ့ရှိတော့ Windows 8 တင်တိုင်း အိမ်ကမိန်းမနဲ့ အမြဲပြဿနာ တက်ရတယ်။ သူက Restart နဲ့ Shut Down ဘယ်နားရှိတယ်ဆိုတာ မရှာတတ်ဘူး။ နောက်ပိုင်း သင်ပေးလို့ သုံးတတ်သွားပေမယ့် Windows 8 တို့ 8.1 တို့ဆို သူအာရုံ သိပ်မလာတာ ကျွန်တော် သတိထားမိတယ်။ ခုတိုင်းဆို Windows 10 မှာတော့ အာရုံပြန်လာမယ့် သဘောရှိတယ်။


နောက်ပြီး ဝင်းဒိုးထဲ စရောက်ရောက်ခြင်းမှာ တစ်ခြား ဘာမှ လိုက်မကြည့်ပဲ  မြန်မာဘာသာနဲ့ ပြောင်းသုံးလို့ ရမရ ပထမဆုံး သွားကြည့်ဖြစ်တယ်။ အဖြေကတော့ လက်ရှိအချိန်ထိ "No" ပါ။ အရင် Windows 8 မှာတုန်းကတော့ Windows စတင်တင်ချင်း Keyboard or Input Method မှာ Myanmar ဆိုပြီး ရွေးစရာပါလာတာ သတိထားမိတယ်။ စမ်းလည်း စမ်းကြည့်ခဲ့ဖူးတယ်။ အဲ့လိုတင်လိုက်ရင် မြန်မာလက်ကွက်နဲ့ Keyboard တစ်ခုပါလာပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါ တစ်ခြား မြန်မာကီးဘုတ်တွေ ထပ်တင်ရင် Conflict ဖြစ်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ ကိုယ့်စက်တစ်ခုတည်း ဖြစ်တာလားတော့ မပြောတတ်ဘူး။ အခုလည်း Windows 10 မှာ Myanmar Fonts ဆိုလို့ Myanmar Text ဆိုတဲ့ ဖောင့်တစ်မျိုးတည်းကိုပဲ Regular နဲ့ Bold ဆိုပြီး ၂ မျိုးခွဲ ထည့်ပေးထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ အားမရဘူး။


နောက်ထပ် စပ်စုမိတာတစ်ခုက အရင် x32-bit Windows တွေမှာ မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး ပြဿနာ မရှိခဲ့ဘူး။ မြန်မာလိုမြင်ချင် မြန်မာလိုရိုက်ချင်ရင် သုံးနေကျ Alpha Zawgyi Version 2.0.0.12 သုံးလိုက်ရင် အားလုံးအဆင်ပြေသွားတယ်။ ဒါပေမယ့် x64-bit ကိုပြောင်းသုံးတော့ ကီးဘုတ်က အဆင်ပြေပေမယ့် တချို့ Apps တွေမှာ မြန်မာလို ကောင်းကောင်းမပေါ်တာ တွေ့လာရတယ်။ ဒါပေမယ့် Windows 7 x64-bit အထိ အဲ့တာက ပြဿနာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ Personalization အောက်က Window Color and Apperence ကို ဝင်လိုက်ရင် Advanced Apperance Settings ဆိုတာရှိတယ်။ အဲ့မှာ Item တစ်ခုချင်းစီကို လိုချင်တဲ့ Font ပြောင်းလို့ရတယ်။ ဒီလောက် အဆင်ပြေနေတဲ့ Apperance Settings က Windows 8 နဲ့ 8.1 လည်း ရောက်ရော ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ အဲ့ဒီ့ Advanced Apperance Settings မပါတာက x32-bit Windows မှာ Alpha Zawgyi Version 2.0.0.12 ရှိနေလို့ ပြဿနာ မဟုတ်ပေမယ့် x64-bit ကိုလည်း ပြောင်းရော အဆင်မပြေတော့ဘူး။ ဒီပြဿနာတွေ ပြေလည်ဖို့ Advanced Apperance Settings များ Windows 10 မှာ ပြန်ပါမလားဆိုပြီး ရှာကြည့်မိတယ်။ လက်ရှိ Windows 10 Technical Preview မှာ ပါမလာသေးတာတော့ သေချာသွားပါပြီ။ Final မှာ ပြန်ပါလာနိုင်မလား ဒါကိုတော့ စောင့်ကြည့်ရဦးမယ်။


နောက်ထပ်ထူးခြားတာတွေကတော့ အရင်က သီးခြားစီဖြစ်နေတဲ့ Metro / Modern / Universal / Windows Store Apps တွေ အခုဆို Desktop ပေါ်မှာ Run နိုင်နေပြီ။ နောက်ပြီး Linux မှာ ရှေးပဝေသဏီတည်းက သုံးလို့ရတဲ့ Virtual Desktops အခု Windows မှာလည်း သုံးနိုင်ပြီ။ နောက် Command Prompt မှာလည်း အများကြီး ပြောင်းလဲမှုလုပ်ထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ နောက်မှ ထပ်ရေးဦးမယ်။

TechSectors.

Related Posts