Acquiring Silas and Observing precepts

Leave a Comment
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
နယုန်လဆန်း ၈ ရက်၊ တနင်္ဂနွေနေ့။ (ဥပုသ်နေ့)

သီလဆိုတာ ကျွန်တော်တို့အတွက်တော့ သိပ်မစိမ်းလှတဲ့ စကားလုံးပါ။ ဘာကြောင့်လည်းဆိုရင် ကျောင်းသားအရွယ်ကတည်းက ငါးပါးသီလဆိုတာ ကျောင်းမှာ ဘုရားရှိခိုးကြတိုင်း ရွတ်ကြရတယ်၊ အလှူပွဲအစရှိသည် သွားလို့ ရေစက်ချ အနုမောဓနာတရား နာဆိုရင်လည်း အနည်းဆုံးတော့ ငါးပါးသီလယူတာက ထိပ်ဆုံးက စလေ့ရှိတယ်။ အဲ့တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံးအတွက် ငါးပါးသီလဆိုတာ မစိမ်းဘူး။


ဒါပေမယ့် နည်းနည်း စာဖတ်နိုင်တဲ့ အရွယ်ရောက်လာတော့ ငါးပါးသီလတင်မဟုတ်ဘူး၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ အာဇီဝဋ္ဌမကသီလ စသဖြင့် တခြားသီလတွေကိုလည်း ကြားဖူးနားဝ ရှိလာတယ်။ ဆောက်တည်ဖြစ်လားဆိုရင်တော့ ပုံမှန်ရွတ်နေကျ ငါးပါးသီလကလွဲရင် ထူးပြီး တခြားဘာသီလမှ မဆောက်တည်ဖြစ်ခဲ့ပါဘူး။ သီလတွေရဲ့ တစ်ခုနဲ့ တစ်ခု ခြားနားချက်ကိုလည်း သိပ်နားမလည်ခဲ့ပါဘူး။

နောက်ပိုင်း အကြောင်းတိုက်ဆိုင်လို့ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူဖြစ်ခဲ့တဲ့ အချိန်အခါတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့သီလတွေယူရင် ညနေစာမစားရတာ၊ သီချင်း-ဗွီဒီယို မနားထောင်မကြည့်ရတာ၊ မိတ်ကပ်-ပန်းနံ့သာ-ရေမွှေး မလိမ်းရဖူးဆိုတာတွေလောက်ပဲ အကြမ်းဖျဉ်းနားလည်ထားပြီး ဥပုသ်ဆောက်တည်ထားသူတစ်ယောက် ကိုယ်ဆောက်တည်ထားတဲ့ ဥပုသ်ရက်တစ်နေ့တာကို ဘယ်လိုနေထိုင် ဖြတ်သန်းရမယ်၊ စိတ်ကို ဘယ်လိုသန့်ရှင်းဖြူစင်အောင် ထားရမယ်၊ ဘယ်လိုစကားမျိုးတွေပဲ ပြောသင့်တယ်ဆိုတာ မသိခဲ့ဘူး။ ရှင်းရှင်းပြောရရင် "ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဆိုတဲ့ သိက္ခာပုဒ်ကိုတောင် သေချာ နားမလည်ခဲ့သလို "အဗြဟ္မစရိယာ" ဆိုတဲ့ အနက်ကိုလည်း သေချာမသိခဲ့ဘူး။

သီလယူခြင်း၊ ဥပုသ်ဆောက်တည်ခြင်းရဲ့ လေးနက်မှုကို ပြည့်ပြည့်ဝဝ နားမလည်ကြတဲ့အခါ သီလရဲ့ အကျိုးတရားကို ပြည့်ပြည့်ဝဝ မရရှိကြ တော့သလို ပုံမှန်ဥပုသ်သီလယူဖြစ်ဖို့ကိုလည်း မေ့လျော့လာခဲ့ကြတယ်။ သီလနည်းပါးလာကြတဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းနဲ့ နေပျော်စရာ မဖြစ်နိုင်တော့တာကို အားလုံးလည်း သတိထားမိကြမှာပါ။

ဒီစာဟာ ဥပုသ်မစောင့်ဖြစ်တဲ့ သူတစ်ယောက်ကို ဥပုသ်စောင့်လာဖို့ အတင်းတိုက်တွန်းပြီး ရေးတာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အကြောင်းတိုက်ဆိုင်လို့ ဥပုသ်သီလ ခံယူဆောက်တည် ဖြစ်ကြတဲ့အခါ ဘယ်လိုနေထိုင်ပြုမူပြီး ဘယ်လိုခံယူ ဆောက်တည်ရမယ်ဆိုတာ နားလည်ကြစေဖို့နဲ့ အဲ့ဒီ့ကနေမှ တဆင့်တက်ပြီး ပုံမှန် ဥပုသ်သီလ ဆောက်တည်သူတွေ ဖြစ်လာကြစေဖို့ပါ။ အဲ့ဒီ့အတွက် သီလယူ၊ ဥပုသ်ဆောက်တည် ဖြစ်ကြတဲ့အခါ မသိလိုက် မသိဘာသာနဲ့ နေ့တစ်နေ့ကို ကုန်လွန်စေမယ့်အစား အောက်မှာ ဖော်ပြထားတဲ့ စာအုပ်(၄) အုပ်ကို ဖတ်စေချင်မိပါတယ်။

(၁) ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံသ (စာမျက်နှာ ၁၆၉ မှ ၂၁၂ ထိ)
http://www.kbrl.gov.mm/book/details/000417

(၂) ဥပုသ်စောင့်လက်စွဲကျမ်း - ခန္တီးဆရာတော်ဘုရားကြီး
http://www.kbrl.gov.mm/book/details/000517?categoryId=29

(၃) ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် - ဒေါက်တာနန္ဒမာလာဘိဝံသ
http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-UPoteSaukChinAhDaitePair.pdf

(၄) ဥပုသ်သည်တို့ စကားဝိုင်း - ဒေါက်တာနန္ဒမာလာဘိဝံသ
http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-UPoteThairTawSakarWine.pdf

Dhamma Review
၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်။

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts