Lifetime Record of AShin Ānanda

Leave a Comment
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
နယုန်လပြည့်ကျော် ၇ ရက်၊ တနင်္လာနေ့။ (အဖိတ်နေ့)

ဒီစာအုပ်ကို မထင်မှတ်ပဲ ဖတ်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ ဘာကြောင့် "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကိုမှ ရွေးချယ်ခဲ့တာလဲဆိုရင် တစ်ချိန်က နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတစ်ခုကြောင့်လို့ ပြောရလိမ့်မယ်။ မှတ်မှတ်ရရ အဲ့ဒီ့ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုက အရှင်အာနန္ဒာရဲ့ "ပယ်လေးတန်၊ ပန်လေးပါး" ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ဖူးတယ်။ အဲ့ဒီ့ကတည်းကစပြီး အရှင်အာနန္ဒာဆိုတာ စိတ်ထဲမှာ တော်တော်လေး မှတ်မှတ်သားသားရှိခဲ့တယ်။ ဒါပေမယ့် ညီတော်အာနန္ဒာရဲ့ ရုပ်ပုံလွှာကို စိတ်ထဲမှာ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိခဲ့သေးဘူး။ မြတ်စွာဘုရားရှင်ရဲ့ ညီတော်ဖြစ်တယ် ဆိုတာလောက်ကလွဲရင် သူ့ရဲ့ မိဘအသိုင်းအဝိုင်း၊ မြတ်စွာဘုရားရှင်အပေါ်ထားတဲ့ သူ့ရဲ့ခံယူချက်၊ သာသနာရေးကြိုးပမ်းချက်၊ ဘုရားရှင်ရဲ့ သာသနာတော်မှာ သူဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ ဘာတစ်ခုမှ မသိခဲ့သေးဘူး။


ဒီလိုနဲ့ ဒီစာအုပ်ကိုတွေ့မိတော့ မဖတ်ရသေးခင် စိတ်ထဲမှာ နဲနဲအင်တင်တင် ဖြစ်သွားခဲ့သေးတယ်။ စာအုပ်တွဲက စုစုပေါင်း (၅) အုပ်ရှိတယ်။ တစ်အုပ်ကို အနည်းလေး စာမျက်နှာ ၄၀၀ ပါတယ်။ ကိုယ်က ပုံမှန် တစ်ရက်ကို စာမျက်နှာ ၃၀ ဝန်းကျင်ပဲ ဖတ်နိုင်တာမို့လို့ တစ်တွဲလုံးပြီးဖို့ဆိုရင် တော်တော်အချိန်ပေးရမယ် ဆိုပြီး ကျမ်းလေးကြီးများ ဖြစ်နေမလားလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ကိုယ်သိချင်နေတဲ့ သူတစ်ယောက်ရဲ့ အကြောင်းအရာပဲဆိုပြီး ပထမဆုံး စာမျက်နှာ ၃၊ ၄ မျက်နှာလောက်ကို စပြီး မြည်းစမ်းကြည့်လိုက်တယ်။

ပုံမှန်အားဖြင့် ကျွန်တော် အတ္ထုပ္ပတ္တိ စာအုပ်တွေ ဖတ်ရတာ ပျင်းပါတယ်။ တခြားဖတ်စရာ ရှိနေခဲ့ရင် အတ္ထုပ္ပတ္တိ စာအုပ်မျိုးက ကျွန်တော့်အတွက် ဘယ်တော့မှ ပထမဦးစားပေး စာအုပ်ဖြစ်လာလေ့ မရှိဘူး။ ဒါပေမယ့် ဆရာတော် အရှင်ဝဏ္ဏသီရိဟာ အလွန်ကို စာရေးကောင်းပါတယ်။ "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" လို့ ပြောထားပေမယ့် ဒီစာအုပ်ထဲမှာ အရှင်အာနန္ဒာရဲ့ ဘဝမှတ်တမ်းချည်း သက်သက်မရေးဘဲနဲ့ မြတ်စွာဘုရားရှင်နဲ့ အတူတူ သူ့ဘဝတစ်သက်တာမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဘဝမှတ်တိုင်တွေကို မြတ်စွာဘုရားရှင်ရဲ့ ဘေးနံပါးကနေ အနီးကပ် လိုက်ပါနေရင်းနဲ့ ကိုယ့်ကို တဆင့်ပြန် ရှင်းပြနေသလိုမျိုး ကြွယ်ဝတဲ့ စကားပြေအရေးအသားနဲ့ ရေးသားသွားတယ်။

ကျွန်တော် ဒီစာအုပ်(၅)အုပ်ကို ဖတ်နေစဉ်အတောအတွင်းမှာ ဒါပြီးရင် ဘာလာမှာလဲ သူဘယ်လိုအခက်အခဲတွေများ ကြုံရဦးမှာလဲ ဆိုတာပဲ စိတ်ထဲရောက်နေခဲ့တယ်။ ဒီစာအုပ်ဖတ်ပြီးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ ဝေနေယျသတ္တဝါတွေ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတာ  မဟာဗုဒ္ဓဝင်အကျဉ်းကို ဖတ်လိုက်ရသလို အတိုင်းအတာတစ်ခုထိ ဗဟုသုတတွေ ရရှိသွားလိမ့်မယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို အကျဉ်းချုပ်ပြီး တိုတိုနဲ့ လိုရင်းကို ထိထိမိမိ ရှင်းပြထားတာတွေ ပါသလို၊ ဝိနည်းတွေကို ဘာကြောင့် ဘယ်ကိစ္စကို အကြောင်းပြုပြီး ပညတ်တော်မူခဲ့ရတယ်ဆိုတာကအစ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ရှုရလိမ့်မယ်။ နောက်ပြီး ဓမ္မဆိုတာ ဒီလိုပါလားဆိုတဲ့ အသိကိုလည်း ပိုပြီးထိထိရှရှနားလည်လာလိမ့်မယ်။


ခုမှစဖတ်မယ့် သူတွေအတွက် ကံကောင်းတဲ့တစ်ချက်က ကျွန်တော်စဖတ်စဉ်တုန်းက "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကို စာအုပ်(၅) အုပ်တွဲနဲ့ ဖတ်ခဲ့ရတယ်ဆိုပေမယ့် အခုနောက်ပိုင်းရှာရင်းဖွေရင်းနဲ့ ဒီစာအုပ်ကိုပဲ စာအုပ်(၅)အုပ်ကို (၂)အုပ်တွဲအဖြစ်ပြန်ပေါင်းပြီး သတ္တမအကြိမ်မြောက် ထုတ်ဝေထားတဲ့ Ebook ကို ရှာလို့တွေ့ခဲ့တယ်။ အဲ့ဒီ့တော့ Dhammadownload ကနေ တင်ပေးထားတဲ့ လင့်ကနေတဆင့် ဒေါင်းလုပ်ချပြီး ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း - ပထမတွဲ
http://dhammadownload.com/File-Library/other/WunnaThiri-NyiTawArNandaEiTaThetTarMhetTen-vol-1.pdf

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း - ဒုတိယတွဲ
http://dhammadownload.com/File-Library/Wana-Thiri/Wana-Thiri-NyiTawArnandarEiTaThatTarMyatTan.pdf

Dhamma Review.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts