Windows XP Professional Step By Step Installation Guide

Windows XP Installation က မခက်ပါဘူး .. တော်တော်များများလည်း ရေးဖူးကြတယ် .. ဒါပေမယ့် ဒီအကြောင်းကိုပဲ အိမ်ပြန်ရင် ကိုယ့်ကလေးတွေ ကိုယ်ပြောပြနိုင်ဖို့ အမှတ်တရ ရေးလိုက်တယ်။



အဆင့် ( ၁ ) 


ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး  မြင်ရမယ့် Screen က ဒီလို။

အဆင့် ( ၂ ) 


Welcome to Setup Screen နဲ့ အတူ Continuing Setup, Repair a previous installation, or Quitting Options တွေပါ ပါလာတယ် .. Clean installation လုပ်မှာမို့လို့ Enter ကို နှိပ်ပြီး Continue Setup ကို ရွေးမယ် .. ဒီနေရာမှာ R ကို နှိပ်ရင် အရင် ရှိပြီးသား ဝင်းဒိုးကို Repair လုပ်ဖို့ အတွက် ဖြစ်ပြီး F3 ကို နှိပ်ရင်တော့ လက်ရှိလုပ်ဆောင်နေတဲ့ Setup ကနေ ထွက်သွားပြီး Reboot ကျသွားမယ်။

အဆင့် ( ၃ )


Windows XP Licensing Agreement Screen ပေါ်လာမယ် .. Windows XP Licensing Agreement ဆိုတာ သူတို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း နည်းဥပဒေသတွေကို သဘောတူမတူ မေးတာ .. သဘောတူရင် F8 ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားလို့ ရပြီ .. သဘောမတူရင် ESC ကို နှိပ်လို့ ရတယ် .. ESC နှိပ်လိုက်ရင် Reboot ကျပြီး Installation လုပ်ဆောင်ခွင့်လည်း ရမှာ မဟုတ်ဘူး .. သူပြောထားတဲ့ Windows XP Licensing Agreement တွေကို ဆက်ဖတ်ချင်သေးရင် PAGE UP , PAGE DOWN နဲ့ ဆက်ဖတ်ကြည့်လို့ ရတယ်။

အဆင့် ( ၄ )


ကိုယ့်စက်က Hard Drive ရဲ့ information ကို ပြတဲ့ Screen ကို ရောက်လာပြီ .. ဒီပုံမှာ သူကတော့ ပါတေးရှင်း တစ်ခါတည်း လုပ်ပြီးသား ပြထားတယ် .. ဒါပေမယ့် မလိုချင်ဘူး လုံးဝ HD အသစ် တစ်လုံးလို အစကနေ ပါတေးရှင်း ပြန်ခွဲမယ် .. သူ ရွေးထားပြီးသား ပါတေးရှင်းကိုပဲ ပါတေးရှင်း တစ်ခု အနေနဲ့ အသစ်ပြန်ဖွဲ့ဖို့ အရင်ရှိပြီးသား ပါတေးရှင်းကို Delete အရင်လုပ်ရမယ် .. Screen ရဲ့ အောက်နားလေးမှာ ပါတဲ့ အညွှန်းအတိုင်း Delete လုပ်ချင်ရင် D ကို နှိပ် နောက်တစ်ဆင့် ဆက်သွား .. ဒီနေရာမှာ Enter  နှိပ်လိုက်ရင် ဒီ ပါတေးရှင်း အတိုင်းပဲ ဘာမှ မပြောင်းမလဲ install ဆက်လုပ် .. F3 နှိပ်ရင် လုပ်နေတဲ့ လုပ်ဆောင်မှု အားလုံးကနေ Quit ပြီး Reboot ကျ .. Windows ပါတေးရှင်း ခွဲနည်းတွေ အများကြီး ရှိသေးတယ် .. ဒီကောင်ကတော့ နဂိုဝင်းဒိုးခွေကနေ ပါတဲ့ အတိုင်း သမားရိုးကျနည်းနဲ့ ခွဲတာ .. ပါတေးရှင်း တစ်ခုတည်း မဟုတ်ဘူး နဂိုရှိပြီးသား HD တစ်ခုတည်းကို ပါတေးရှင်း ၃ ၄ ခု ခွဲချင်လည်း ရသေးတယ် .. ဖြည်းဖြည်းချင်း နောက်မှ ဆက်ရေးတော့မယ် .. လောလောဆယ်တော့ ပါတေးရှင်း တစ်ခုတည်းကိုပဲ Delete လုပ်ပြီး အသစ်ကိုလည်း ပါတေးရှင်း တစ်ခုပဲ ထားတော့မယ် .. အဲတော့ Delete လုပ်ဖို့ D ကို နှိပ်ပြီ

အဆင့် ( ၅ )




စာလေးတွေ ဖတ်ကြည့်ပါ .. ဒါက သတိပေး screen လို့ ပြောလို့ ရတယ် .. မင်းဖျက်မှာ System ပါတေးရှင်း .. ဒီထဲမှာ Windows ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ စီစဉ်ထားတဲ့ ဖိုင်တွေ ပါတယ် .. မင်းတကယ်ဖျက်မှာ သေချာပြီလား .. ဘာညာ .. ဖျက်မှာ သေချာရင် Enter ကို နှိပ် .. တကယ်လို့ မဟုတ်သေးဘူး .. ငါ စက်ထဲမှာ တစ်ခုခု သိမ်းဖို့ ကျန်နေသေးတယ် ဆို ESC နှိပ်ပြီး ဖျက်မယ့် အစီအစဉ်ကို Cancel လုပ် အချိန်မှီ ပြန်သွားယူလို့ ရသေးတယ်။

အဆင့် ( ၆ )


ဒီကောင်ကတော့ ဒုတိယ တစ်ကြိမ်သေချာအောင် Confirmation တောင်းတာပဲ .. ဖျက်မှာ သေချာရင် L ကိုနှိပ် .. မသေချာ ဖြစ်ပြန်ပြီဆို ESC ကို ပြန်နှိပ် Cancel ပြန်လုပ်။

အဆင့် ( ရ )


သေချာပြီ ဆိုပြီး Delete လုပ်ခိုင်းလိုက်တဲ့ အချိန်မှာ မဖျက်ခင်က ပါတေးရှင်း ရှိပြီးသားကောင် ပါတေးရှင်း ပျောက်ပြီး Unpartitioned space ဖြစ်သွားတယ် .. လုပ်ထုံးလုပ်နည်းအရ ပါတေးရှင်း မရှိတဲ့ ကောင်ကို ပါတေးရှင်း ပြန် Create လုပ်ပေးရမယ် .. ပါတေးရှင်း ဘယ်နခု လိုချင်သလဲ လိုချင်သလောက် လုပ်ယူလို့ ရတယ် .. ဒါပေမယ့် ဒီနေရာမှာတော့ ပါတေးရှင်း တစ်ခုကိုပဲ Create လုပ်ပြီး ဝင်းဒိုးတင်သွားမယ် .. စာမှာရေးထားတဲ့ အတိုင်း ပါတေးရှင်း မရှိတဲ့ HD ကို ပါတေးရှင်း Create လုပ်ဖို့ C ကိုနှိပ် .. နောက်တစ်ခေါက် ထပ်ဖျက်ချင်ရင် D ကိုနှိပ် .. တစ်ခါတည်း ဒီကောင်မှာပဲ ဝင်းဒိုးတန်းတင်မယ်ဆို Enter ကိုနှိပ် .. အခုတော့ Create လုပ်ဖို့ C ကို နှိပ်။

အဆင့် ( ၈ )


ဒီနေရာမှာ ကိုယ် ပါတေးရှင်း ဘယ်နခု ထားချင်လဲ ဆိုတာပေါ် မူတည်ပြီး ကိန်းဂဏန်း အနဲအများကို ချိန်ညိှယူရမယ် .. လောလောဆယ်တော့ ပါတေးရှင်းက တစ်ခုပဲ ထားမှာ မို့လို့ သူ ပြထားတဲ့ အတိုင်းကိုပဲ ဘာမှ မပြောင်းလဲပဲ Create လုပ်ဖို့ Enter နှိပ်မယ်။

အပိုင်း ( ၉ )


Create လုပ်ပြီးသွားချိန်မှာ ပါတေးရှင်း ရှိပြီးသား အပိုင်းကြီး တစ်ခုနဲ့ ပါတေးရှင်း မရှိသေးတဲ့ အပိုင်းသေး သေးလေး တစ်ခု ဆိုပြီး ၂ ခုပေါ်လာတယ် .. ဒါ normal ပါပဲ .. အပိုင်းသေးလေးကို ထည့်မတွက်ပါနဲ့ .. ဆက်ပြီး ဝင်းဒိုးတင်သွားဖို့ အပေါ်က အပိုင်းကြီးကို ရွေးပြီး Enter ကို နှိပ် .. သဘောမကျသေးဘူး နောက်တစ်ခေါက် ပြန်ဖျက်ချင်တယ် ဆိုရင်တော့ သူ ပြထားတဲ့ အတိုင်း D ကိုနှိပ်ပေါ့။

အပိုင်း ( ၁၀ )


ဒီ OS က NTFS ဖိုင် System ကို Support ပေးတာမို့လို့ သူ့ နဂိုမူရင်း အတိုင်းပဲ NTFS ပေးထားတာ ကောင်းတယ် .. တကယ်လို့ Windows 9x နဲ့  Me တို့နဲ့ တွဲပြီး Dual Boot ကို သုံးချင်တာ ဆိုရင်တော့ ဒီပါတေးရှင်းကို FAT32 သုံးရမယ် .. မဟုတ်ရင် ပါတေးရှင်းကို access မလုပ်နိုင်ဘူး .. NTFS ကို သုံးခြင်း အားဖြင့် အားသာချက်ကတော့ ဖိုဒါ features တွေနဲ့ file security features တွေ ပိုကောင်းလာတယ် .. တကယ်လို့ NTFS ပါတေးရှင်းကို network drive တစ်ခုအနေနဲ့ ထားပြီး access လုပ်မယ်ဆိုရင်လည်း ရပါတယ် .. လောလောဆယ်တော့ ပါတေးရှင်းကို NTFS နဲ့ ပဲ format ချမှာ မို့လို့ Enter နှိပ်ပြီး ဆက်သွားလိုက်တယ်။

အပိုင်း ( ၁၁ )


အခု အဆင့်ကတော့ ပါတေးရှင်း ကို NTFS နဲ့ format ချနေတာ စောင့်ကြည့်နေရယုံ အဆင့်ပေါ့ .. ခဏနားနေလို့ ရတယ်။

အပိုင်း ( ၁၂ )


Setup စပါပြီ .. လိုအပ်တဲ့ ကော်ပီ ကူးဖို့ ဖိုင် စာရင်းကို သူ ပြုစု ပါလိမ့်မယ် .. စောင့်နေပါ။

အဆင့် ( ၁၃ )


စာရင်း ပြုစုပြီးသွားတဲ့ နောက်မှာ Setup အတွက် လိုအပ်တဲ့ ဖိုင်တွေကို CD ကနေ တစ်ဆင့် HD ထဲကို သူကူးယူပါလိမ့်မယ် .. ဆက်စောင့်ပါ။

အဆင့် ( ၁၄ )


Setup အတွက် လိုအပ်တဲ့ အခြားဖိုင်တွေကို creates လုပ်ဦးမယ်။

အဆင့် ( ၁၅ )


ပထမဆုံး အကြိမ် Reboot ကျပြီး နောက်မှာပေါ်နေတဲ့ အပြာရောင် bcakground screen ကြီးလည်း Reboot ပြန်တက်လာတာနဲ့ မြင်ရတော့မှာ မဟုတ်ဘူး .. စောင့် ရတာ စိတ်မရှည်ရင် Enter နှိပ်ပြီး တစ်ခါတည်း တန်း Reboot ကျခိုင်းလို့ ရတယ်။
 
အဆင့် ( ၁၆ )


မြင်ရပါပြီ သူ့ကို စောင့်နေတာ။

အဆင့် ( ၁ရ )

 
ထိုင်နေပါဦး။ ကြာဦးမှာ။

အဆင့် ( ၁၈ )


Microsoft က သူ့ ဝင်းဒိုး ဘယ်လောက်တောင် ကောင်းကြောင်း တစ်ဆင့်ပြီး တစ်ဆင့် ကြော်ငြာဝင်ပါ လိမ့်မယ်။ သီးခံပါ အကျင့်ပါနေလို့ နေမှာပါ :D

အဆင့် ( ၁၉ )


ဘယ်မှာနေတယ် ဒီကွန်ပြူတာကို ဘယ်ဘာသာနဲ့ သုံးမယ်ဆိုတာတွေ ဖြည့်စွက်ပေးဖို့ Customize ကို နှိပ်မယ်။

အဆင့် ( ၂၀ )


နာမည်ထည့်ပါ .. Org ကတော့ထည့်ချင်တာထည့်။

အဆင့် ( ၂၁ )


သိပ်စိတ်ညစ် မခံပါနဲ့ .. ဒီကီးတွေက ပေါပါတယ် .. တစ်ချို့ အခွေတွေဆို Activated တွေတောင် ရှိတယ် .. ကီးဆိုတာ တောင်းလာရင်တော့ အခွေဝယ်တုန်းက ပါလာတဲ့ ဟာ ထည့်ပေးလိုက်။ ခုနောက်ပိုင်းကတော့ ကီးထည့်သုံးကြတာ ထက် Activated လုပ်ပြီးသားတွေကိုပဲ သုံးလာကြတယ် .. Activated မဖြစ်သေးရင်လည်း ဘာမှတော့ မဖြစ်ဘူး Windows Genuine Crack တွေ အများကြီး ရှိပါတယ်။

အဆင့် ( ၂၂ )


ကွန်ပြူတာ အမည်ပေးပြီး Administrator password ပေးခိုင်းတယ် .. လူသုံးများတဲ့ ကွန်ပြူတာမျိုး ဆိုရင်တော့ ပေးတာကောင်းပါတယ် .. တစ်ယောက်တည်း သုံးတာ ဆိုရင်တော့ Administrator password ကို မပေးချင်လည်း ရတယ်။

အဆင့် ( ၂၃ )


လက်ရှိရောက်နေတဲ့ အချိန်နဲ့ ကိုယ်နေနေတဲ့ ဒေသ time zone ကိုရွေးပေး။

အဆင့် ( ၂၄ )


ကွန်ပြူတာ အတွက် Network ကို အင်စတော လုပ်ပါလိမ့်မယ်။

အဆင့် ( ၂၅ )


ပုံမှန်အားဖြင့်တော့ Typical Settings ပါပဲ .. Custom ဆိုရင်တော့ ဟိုဖြုတ်ဒီဖြုတ်ပေါ့ လုပ်လို့ ရတယ်။

အဆင့် ( ၂၆ )


တကယ်လို့ Custom နဲ့ သွားရင် ဒီ Options လေးတွေ မြင်ရတယ် ..လိုတာတွေ ဒီအတိုင်းထားပြီး မလိုတာတွေ ဖြုတ် .. ဆက်ပြီး Internet Protocol ဆိုတာကို နှိပ်မယ်။

အဆင့် ( ၂ရ )


လိုအပ်တာတွေ ဖြည့် Ok ..

အဆင့် ( ၂၈ )

 
ဒီနေရာမှာတော့ ကိုယ့် ကွန်ပြူတာဟာ Domain ရှိတဲ့ network တစ်ခု ထဲမှာလား ဒါမှ မဟုတ် Domain မရှိတဲ့ Network တစ်ခု ထဲမှာလား ဆိုတာ ရွေးပေးရမယ် .. Default အနေနဲ့ Work Group လို့ ပေးထားပေမယ့် ကိုယ့်ကွန်ပြူတာကို တစ်ခြား network ထဲမှာ ရှိစေချင်တာဆိုရင် အဲ့ network name ကို ဒီနေရာမှာ ထည့်ပေးရမယ်။

အဆင့် ( ၂၉ )


ဒါကတော့ နားနေရမယ့် အဆင့်ပါ သူ့ဘာသာသူ လိုတာလုပ်လိမ့်မယ်။

အဆင့် ( ၃၀ )


မကြာခင်ပြီးတော့မယ် .. Windows တက်တော့မယ် .. ဒါ နောက်ဆုံး အဆင့်ပဲ။

အဆင့် ( ၃၁ )

 

Screen Resolutions ကို auto ချိန်ပေးတာ Ok ပဲပေးရမယ်။
အဆင့် ( ၃၂ ) 


ဒီကောင်ပေါ်လာလည်း Ok ပဲ။

အဆင့် ( ၃၃ )


ကိုယ်ပေးခဲ့တဲ့ password ရိုက်ပြီး ဝင်ပါ။

အဆင့် ( ၃၄ )


ပထမဆုံး အကြိမ် ဝင်းဒိုးတက်လာတာမို့လို့ လိုအပ်တဲ့ settings တွေ သူ့ဘာသာ ချိန်ညိှပါလိမ့်မယ် .. စောင့်ကြည့်ပါ။

အဆင့် ( ၃၅ )


ဒါနောက်ဆုံး ငါတို့ တင်လိုက်တဲ့ Windows ပဲ .. လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၃၅ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။

VMware Workstation

VMware Workstation ဆိုတာကို သိချင်လို့ အင်တာနက်ထဲ လိုက်ဖတ်ကြည့်တယ် .. သမိုင်းကြောင်းကနေ စပြီး .. ခုနောက်ဆုံး ဖြစ်ပျက်နေတာတွေ အသုံးချပုံတွေ မနည်းဘူး တွေ့ရတယ် .. ဒါပေမယ့် အကုန်လုံးတော့လည်း လိုက်မဖတ်နိုင်ဘူး .. အဲလောက်လည်း အချိန်မပေးနိုင်သေးဘူး ဖြစ်နေတယ် .. အဲတော့ အဓိက ကျတာကိုပဲ အရင်လိုက်ရှာဖတ်လိုက်တယ် .. VMware ဆိုတာဘာလဲ .. သူက ဘာလုပ်တာလဲ .. သူရေးပြထားတာတော့ VMware ဆိုတာ အလွယ်ပြောရရင်တော့ ကွန်ပြူတာ တစ်လုံးတည်းမှာပဲ နောက်ကွန်ပြူတာ တစ်လုံး ထပ်ဆင်ထားသလိုမျိုးပေါ့ .. မဟုတ်ဘူး အဲလို ပြောရင် ရှုပ်မယ် .. ဆိုလိုချင်တာက Operating System တစ်ခုပဲ ရှိတဲ့ ကွန်ပြူတာ တစ်ခုရဲ့ ဒီ ဝင်းဒိုး တစ်ခုတည်းမှာပဲ နောက် OS တစ်ခုကို အဌားခေါ်သုံးတာလို့ ပြောရမယ် .. VMware ကို သုံးပြီး OS တစ်ခု တည်းမှာပဲ x86 ရော x64 ကိုရော Virtual Machine တစ်ခု အနေနဲ့ သုံးလို့ ရသလို နောက်ထပ် နောက်ထပ် တစ်ခြား OS တွေကိုလည်း ( Linux , Solaris ... ) အဌား ခေါ်သုံးလို့ ရသေးသတဲ့။

အဲတော့ အလွယ်ပြောမယ် ဆိုရင် VMware ဆိုတာ One Physical Machine စက်တစ်လုံးတည်းမှာပဲ အခြားသော OS တစ်ခု ( Multiple Operating System ) တစ်ခုကို တစ်ပြိုင်နက်တည်း အသုံးချပိုင်ခွင့် ရှိတဲ့ Machine လို့ ပြောရမယ်။


မြန်မာလို နားမလည်ရင် အင်္ဂလိပ်လို ဖတ်တာ ပိုကောင်းမယ်။

VMware Workstation is a virtual machine software suite for x86 and x86-64 computers from VMware, a division of EMC Corporation. This software suite allows users to set up multiple x86 and x86-64 virtual computers and to use one or more of these virtual machines simultaneously with the hosting operating system. Each virtual machine instance can execute its own guest operating system, such as Windows, Linux, BSD variants, or others. In simple terms, VMware Workstation allows one physical machine to run multiple operating systems simultaneously. Other VMware products help manage or migrate VMware virtual machines across multiple host machines.

ဘယ်လိုအခြေအနေမျိုးတွေမှာ သုံးလို့ ကောင်းလဲ .. သုံးလို့ ရတဲ့ နေရာတွေကတော့ အများကြီးပေါ့ .. အလွယ်ပြောရရင်တော့ ကိုယ့်မှာ ဝင်းဒိုးခွေ အသစ်တစ်ခု ရလာတယ် .. ဒေါင်းလုပ်ချပြီး ရလာတဲ့ iso ဖိုင်ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် .. အဲကောင်ကို စမ်းဖို့ ဆိုရင် ပုံမှန်လမ်းစဉ်က ရှိပြီးသား ဝင်းဒိုးကြီးကို ချ ၊နောက် ရလာတဲ့ ကောင်ကို စမ်းတင် ( ဒါမှမဟုတ် ) ပါတေးရှင်း နောက်တစ်ခု ထပ်ခွဲ အသစ်ဝင်းဒိုးကို အဲမှာတင် အဲလိုလုပ်ရမယ် .. ဒီနည်းလမ်းတွေက ရှုပ်တယ် .. ရှုပ်တယ် ဆိုတာ ထက် ဆိုးတာက အချိန်ပေးရတာ .. တကယ်တော့ အဲလောက်ကြီးလည်း အခွေ တစ်ခွေကောင်းမကောင်း ဒီဝင်းဒိုးကို ကိုယ်ကြိုက်မကြိုက် ဆိုတာလောက်လေး သိဖို့ အဲလောက်ထိ အချိန်ပေးနေရမယ် ဆိုတာကလည်း မဟုတ်သေးဘူး.. အဲတော့ VMware သုံးပေါ့ .. ဒီကောင်သုံးရင် ခုနက Process တွေ လုပ်ဖို့ မလိုဘူး .. ဒီ OS မှာပဲ အနေအစားမပျက် ကိုယ်စမ်းချင်တဲ့ ကောင်ကို စမ်းလို့ ရမယ် .. ဒါလေး မဆိုးဘူး .. ဒါ VMware ရဲ့ ကောင်းကျိုးထဲက တစ်ခုပဲ ..

VMWare ဆိုတာ ဒီကောင်တစ်ခုတည်း ရှိတာမဟုတ်ဘူး VirtualBox ဆိုတာ ရှိသေးတယ် .. သူကတော့ Open Source ပဲ .. Free လည်းပေးတယ် .. သူလည်း ကောင်းပါတယ် ..


H33T ကနေ တွေ့တာ Seeds လည်းများတယ် .. ဒေါင်းလုပ်ချဖို့ လွယ်တယ် . အဲ့ကြောင့် မှတ်ထား လိုက်တယ် ..


VMware Workstation 7.0.0.203709 full with serials [h33t] [clairvoyant]

Selection songs - Chan Chan

Selection songs - Wine Su Khine Thein

Assignment

ဒီနေ့ ငါ စိတ်တွေ နောက်နေတယ် .. စိတ်မကြည်သလို ဖြစ်နေရင် လူက ဘာမှလုပ်လို့ စိတ်မကြည်ဘူး .. ငယ့်ဘေးနားကို ပြန်ချင်နေတယ် .. ငယ့်နားမှာနေချင်တယ် .. ငယ့်ဘေးနားကို ရောက်ရင် အားလုံး ငြိမ်းချမ်းနေသလိုပဲ .. ငါ့ဘဝမှာ အဲလို ခံစားချက် ပေးနိုင်တဲ့ မိန်းမ နှစ်ယောက် တွေ့ဘူးတယ် .. တစ်ယောက်က မေမေ .. တစ်ယောက်က ငယ် .. သူတို့ ၂ ယောက်က တစ်နေရာစီမှာနေပြီး သဘောသဘာဝခြင်း မတူပေမယ့် တူညီတဲ့ ငြိမ်းချမ်းမှုကို ဘာလို့ ငါ့ကို ပေးနိုင်နေရတာလဲ ..

စိုင်းစိုင်း သီချင်း နားထောင်နေတာ .. မစဉ်းစားပဲနဲ့ အတွေးထဲရောက်လာ သူ့အကြောင်းတဲ့ .. haha ..ငါ့များစောင်းဆိုနေတာလား မသိပါဘူး ..



စိုင်းစိုင်းခမ်းလိှုင်သီချင်းတွေ သဘောကျလားလို့ မေးတော့ ကိုယ့်ကိုယ်ကိုယ်တောင် သေချာ မသိဘူး .. သေချာတာတော့ ကြိုက်တာရယ်လို့ မဟုတ်ဘူး .. ဒါပေမယ့် တစ်ခါတစ်လေ သူ့ သီချင်းတွေက တစ်ယောက်တည်း ဖြစ်နေတဲ့ အချိန်ဆို အပျင်းပြေစေသလိုပဲ .. ဘယ်လိုပြောရမလဲ .. စကားပြောဖော်မရှိ တဲ့ အချိန်ဘေးနားမှာ ဆက်တိုက် လာစကားပြောနေသလိုမျိုးပေါ့ .. haha

မချစ်သီချင်းဆို တော်တော်လေးတော့ သဘောကျသား .. မိန်းမမကောင်းကြောင်းလေ .. မိန်းမက မကောင်းတာလား ၊ ယောကျာင်္းက မကောင်းတာလား .. လူတွေအားလုံးပဲ ကောင်းတာလုပ်ဖို့ မေ့နေကြတာလား .. သေချာတာတော့ မွေးလာတည်းက မကောင်းတာလုပ်မယ်ဆိုပြီး မွေးလာတဲ့သူ တစ်ယောက်မှ မရှိဘူး ထင်တာပဲ .. ဖြစ်နိုင်ပါတယ် .. သူတို့တွေ မကောင်းတာတွေ လုပ်တာများသွားပြီး ကောင်းတာလုပ်ဖို့ မေ့နေကြတာနေမှာပါ .. ငါကရော .. ငါလည်း မကောင်းဘူး ထင်တာပဲ ..

ကိုယ့်ကိုယ်ကိုယ်သိတယ် .. ငါက တစ်ခါတစ်လေ ကိစ္စအကြီးကြီးတွေကို အားတက်သရော ကူညီတတ်ပြီး တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ့်ဘာမှ မထိခိုက်လောက်တဲ့ ကိစ္စသေးသေးလေးတွေကို ကပ်သတ်ပြီး လုပ်မပေးရင် လုပ်မပေးပဲ နေပစ်တတ်တယ် ..

ဒါကလည်း သူတို့မသိလို့ပါ .. သူတို့အမြင်မှာ သေးတယ်ဆိုပေမယ့် အဲ့အချိန်မှာ ခံစားနေရတဲ့ ငါ့စိတ်ထဲမှာ အဲ့ကိစ္စက အကြီးကြီး ဖြစ်နေလို့လည်းနေမှာပေါ့ ..

KznT.

Ghosts

ငါတို့ အသက်ရှင်နေတဲ့ ဝန်းကျင်မှာ ဝိဉာဉ်ဆိုတာ တကယ်များ ရှိနေလား .. မြတ်စွာဘုရားရဲ့ တရားတော် အရရော .. သိပ္ပံနည်းကျ တွေ့ရှိချက်တွေ အရရော .. ဝိဉာဉ်တွေ ငါတို့ ဘေးနား ဒါမှမဟုတ် .. ငါတို့ မရောက်နိုင်တဲ့ နေရာတစ်ခုစီမှာ ပျံ့နံှ့နေကြလိမ့်မယ် ထင်တယ် .. ဒါကို ငါယုံကြည်တယ် ..




ဒီကားကို ငါ ကြည့်ဖူးခဲ့တာ ကြာပါပြီ .. ဘယ်တုန်းလောက်က ဖြစ်မလဲ ..ငါ တော်တော် ငယ်ငယ်လောက်က ဖြစ်မယ် ထင်တယ် .. အဲ့တုန်းကတော့ အချစ်ဆိုတာ ဘာမှန်း မသိဘူးပေါ့ .. ငယ်ဆိုတာလည်း ကလေးလေးပဲ နေမှာ .. ဟဟ .. အဲ့ကားကို ကြည့်ပြီး အချစ်ဆိုတာ ပုံဖော်ကြည့်မိတယ် .. သူ့ကို ပြည့်စုံအောင် ငါ အဓိပ္ပါယ် မဖော်နိုင်သေးဘူး .. ငါ့စိတ်ထဲမှာ ခိုင်မာနေတာ တစ်ခုပဲ ငါသိတယ် .. ငါ သူ့ကို ချစ်တယ် .. ငယ်ပေါ့ .. သူ့အတွက် အားလုံးက အကောင်းဆုံးတွေချည်း ဖြစ်စေချင်တယ် .. သူ့ကို မနာကျင်စေဘူး .. မထိခိုက်စေချင်ဘူး .. သူ စိတ်ညစ်မှာတွေ မလိုလားဘူး .. သူ ငေးမောနေတာတွေ မဖြစ်စေချင်ဘူး .. ငါ သူ့ဘေးနားမှာ ရှိနေချိန်ရော . မရှိနေချိန်ရော .. သူဟာ ကမ္ထာပေါ်မှာ မိမိကိုယ်ကိုယ် … မိမိဘဝကို မိမိချစ်သူကြောင့် မိမိခင်ပွန်းကြောင့် အကျေနပ် အရောင့်ရဲနိုင်ဆုံးသူ .. အပျော်ရွှင်ဆုံးသောသူ ဖြစ်နေစေချင်တယ် .. ဒါ အချစ်ဆိုတာလား ..
ငါမသိဘူး ..


ငါကတော့ မင်းလို မဟုတ်ပါဘူး .. ငါ အမြဲတမ်း ငယ့်ကို အရမ်းချစ်တယ်လို့ပြောခဲ့တာ ..မင်း အချိန်ဆိုတဲ့ အကြောင်းနဲ့ .. ဘဝတစ်ခုရဲ့ မသေချာမှု အကြောင်းကို ကြိုတွေးထားမိဖို့ နဲနဲနောက်ကျသွားတယ် ထင်တယ် .. ဘဝဆိုတာ တိုတိုလေးပါ။ ငါကတော့ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ကိုယ်ချစ်နေကြောင်း ဖွင့်ပြခွင့်ရဖို့ ဘယ်တော့မှ နောက်မကျသင့်ဘူးလို့ ထင်တယ် ..

KznT.

Happy New Year 2010


လူတစ်ယောက်က လူတစ်ယောက်ကို ကူညီတယ် .. အဲ့ဒီ့ကူညီမှုဟာ ဘာအရောင်အဆင်း - ဆိုလိုတာ ဘာရယူလိုမှုမှ မပါဘူး အဖြူထည် သက်သက်ဆိုရင် သိပ်တန်ဖိုးထားသင့်တဲ့ ကူညီမှု .. အဲ့ကူညီမှုကြောင့် ကိုယ် ကူညီလိုက်တဲ့သူမှာလည်း အထိုက်အလျောက် - ဆိုလိုတာ တဘဝလုံး ဖြစ်စေ ၊ ကာလအပိုင်း အခြား တစ်ခု ဖြစ်စေ ကျေနပ်စရာ ပျော်ရွှင်စရာ ရသွားတယ် ဆိုရင်လည်း တကယ်ကို ကြည်နူးစရာ ကောင်းတဲ့ ဖြစ်ရပ် .. အဲလို ဖြစ်ခဲ့တယ် ဆိုရင် ကူညီခံရတဲ့သူကလည်း ကူညီတဲ့ သူကို တကယ်နှစ်နှစ်ကာကာ စိတ်ထဲမှာ ကျေးဇူးတင် တန်ဖိုးထားမယ်ဆိုတာ သေချာတယ် .. ကျေးဇူးတင်ခံချင်လို့ ကူညီတာ မဟုတ်ပေမယ့် ကိုယ့်ကူညီမှုကို တန်ဖိုးထားတယ်ဆိုရင် ဘာပဲ ပြောပြော ကူညီရတဲ့သူမှာလည်း ဖော်ပြဖို့ ခက်ခဲတဲ့ ကျေနပ်နှစ်သိမ့်မှု တစ်ခု ရမှာပဲ။

ခုတော့ ကူညီချင်တဲ့သူကလည်း မနှစ်လို .. ကူညီခံရမယ့်သူကလည်း ကျေးဇူးမတင် .. အင်းလေ ကိုယ်ကူညီရမယ် ဆိုတဲ့ ကိစ္စကလည်း ဘာသူမှ တန်ဖိုးမထားတဲ့ ဘယ်သူမှ မလုပ်ချင်တဲ့ ကိုယ်လုပ်တာကိုလည်း ဘယ်သူမှ အသိအမှတ်မပြု မလေးစားတဲ့ ကူညီမှုမျိုးပဲကိုး .. ကိုယ်တိုင်လုပ်နေနိုင်တဲ့ ကိစ္စကို ကိုယ်တိုင်မလုပ်ချင်လို့ သူများကို အကူအညီတောင်းတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တာဝန်ပေးတယ် .. ကိုယ်တိုင်တောင် မလုပ်ချင်မှတော့ ဘယ်သူကရော လုပ်ချင်မှာတဲ့လဲ .. မတတ်သာလို့ လုပ်ရပါပြီတဲ့ .. အဖြစ်ပဲ ရမှာပေါ့။

မရှိဘူးလေ .. စေတနာ ..
မရှိဘူးလေ .. မေတ္တာတရား ..
မရှိဘူးလေ .. ဖြစ်မြောက်စေလိုမှု ..

တစ်ချို့တွေက ဒါကို နားမလည်ကြဘူး .. မဟုတ်ဘူး နားမလည်ကြတာ မဟုတ်ဘူး .. သူတို့လည်း နားလည်တယ် .. နားမလည်ချင်ယောင် မသိချင်ယောင်ဆောင်နေတာ .. ဘာလို့လည်း ဆိုတော့ သူတို့ သက်သာတယ်လေ .. သိတယ်မလား .. လူဆိုတာ ကိုယ်သက်သာရင်ပြီးရော သူများလွှဲချချင်တဲ့ သူကခက်များများ .. စိတ်ချ အဲလိုစိတ်မျိုးနဲ့တော့ မြန်မာနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူး .. မြန်မာလူမျိုး ဘယ်တော့မှ လူရာမဝင်ဘူး .. မြန်မာလူမျိုးဘယ်တော့မှ ထိပ်ကို မရောက်ဘူး။

ထပ်ပြောမယ် ငါမြန်မာဟေ့လို့ ဘယ်တော့မှ ကြွေးကြော်လို့ မရဘူး ..မသေမချင်း မှတ်ထား .. ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကို နောက်ကွယ်က အခွင့်အာဏာသုံးပြီး အကူအညီတောင်းတယ်ဆိုတဲ့ စကားလုံးလှလှဖုံးလို့ သူများကို လုပ်ခိုင်းဖို့ ဘယ်တော့မှ မကြိုးစားနဲ့ .. အေး မင်း အကူအညီတောင်းလိုက်တဲ့ သူက မကောင်းတတ်လို့ ကူညီကောင်း ကူညီလိုက်လိမ့်မယ် .. ဒါပေမယ့် အဲ့ကူညီမှုထဲမှာ စေတနာပါလာမှာ မဟုတ်ဘူး .. မေတ္တာဝင်နေမှာ မဟုတ်ဘူး .. ဘယ်သူမှလည်း တခဲနက် အားပေးကြမှာ မဟုတ်ဘူး။

KznT.

Selection songs - Chit Thu Wai

Educated or Uneducated

ကျွန်တော်လား လူပေါ့ဗျာ … ဘာမှန်းမသိသေးခင် တစ်ချိန်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိသေးဘူးပေါ့ .. အဲလိုနဲ့ အသက်လေးရ အရွယ်လေး ရောက်လာတော့ နဲနဲ သွေးကြွချင်လာတယ် .. ကိုယ်သိတာတွေကပဲ အမှန်လိုလို .. ကိုယ့်လောက် မသိတဲ့ သူတွေကပဲ လဒူလိုလို အဲလိုအတွေးတွေ မကြာခဏဝင်တတ်လာတယ် ..

အဲလိုနဲ့ နေလာခဲ့တာ နယ်ပယ်တွေ ကျယ်ပြန့်လာတော့ လူပေါင်းစုံနဲ့လည်း သိလာရပြီ .. ပညာစုံပြီလို့ မပြောနိုင်သေးပေမယ့် ပညာရဲ့ အနှစ်သာရကို သိလာပြီ .. ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် ပညာသင်နေရလည်း ဆိုတာ နားလည်လာပြီ .. အရင်က ထင်ခဲ့တယ် .. သချာင်္တို့ .. အင်္ဂလိပ်တို့ .. ပထဝီတို့ .. လူမှုရေးတို့ .. အဲတာတွေက တကယ့် နယ်ပယ်မှာရော ငါတို့ကို လူလားမြောက် အရွယ်ရောက်အောင် လုပ်ပေးနိုင်ရဲ့လားလို့ .. ဟုတ်တယ်လေ .. ကျွန်တော်တို့ လူလားမြောက်အောင် အရွယ်ရောက်အောင် တစ်နေ့နဲ့ တစ်နေ့ လုပ်ပေးနေတာ အာဟာရလို့ ကျွန်တော်တို့ ပြောပြောနေတဲ့ စားသောက်စရာတွေပဲ မလား .. စာအုပ်တွေ စာပေတွေ ပညာတွေဆိုတာ ဝါးစားလို့မှ မရတာ .. ဒါတွေက ကလေး အတွေးပါ .. အဲလိုနဲ့ နေလာခဲ့တာ .. ခုတော့သိလာရပြီ .. ပညာ ဆိုတဲ့ သူ့ အကြောင်း .. ပညာဆိုတာ ဝါးစားလို့တော့ မရဘူး .. ဒါပေမယ့် လောကကြီးမှာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် .. လူသားချင်းချင်း ဘယ်လို ဆက်ဆံရမယ် .. လူမှုပတ်ဝန်းကျင်ကို ဘယ်လို ရှုမြင်တတ်ရမယ် .. လူသားတွေ အကျိုးကို ဘယ်လိုသယ်ပိုးရမယ် .. မိမိကောင်းရာ ကောင်းကျိုးအတွက် ဘယ်လို သမာသမတ်ကျကျ ရှာဖွေရမယ် ဆိုတာ သင်ပေးတာ .. ဒါဟာ ပညာပေါ့ ..

ဒါပေမယ့် အဲ့ ပညာကနေ ကောင်းရာကောင်းကျိုးတွေ သင်ပေးနေပေမယ့်လို့ လူတစ်ချို့ကတော့ အဲ့ပညာကရလာတဲ့ ဗဟုသုတနဲ့ ရလာဒ်ကောင်းတွေကို အသုံးချပြီ .. လူသားချင်း စာနာထောက်ထားမှု ဆိုတာ ကင်းမဲ့စွာနဲ့ မကြံကောင်း မစည်အပ်တာတွေ ပြုမူခဲ့ကြတယ် .. ပြုမူလာကြတယ် .. ပြုမူနေကြတယ် .. ပြုမူနေကြဦးမယ် …

အဲလိုနဲ့ စကားတစ်ခု ထွက်လာတယ် .. ပညာတတ်တဲ့ သူတွေက သိပ်ကြောက်ဖို့ ကောင်းသတဲ့ … မဟုတ်ပါဘူး အဲတာ မှားပါတယ် .. ပညာတတ်တဲ့ သူတွေက ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး .. ပညာတတ်ပြီး ပညာရပ်ကို လွဲမှားစွာ အသုံးချနေတဲ့ သူတွေက မှားနေတာမျိုးပါ .. သူတို့ကို ကျွန်တော်ကတော့ ပညာတတ်လို့ မသတ်မှတ်ဘူး .. ပညာဖျက်လို့ပဲ သတ်မှတ်တယ် ..

ခုကျွန်တော်တို့ ပညာတတ်ပြီ .. အဲတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ..
ပညာတတ်လုပ်မလား ..
ပညာဖျက် လုပ်မလား ..

Mg Zin.

What If She's An Angel

 
သီချင်းတွေ အမြဲ နားထောင်နေဖြစ်တယ် ...
စိတ်ညစ်တဲ့ အခါ
ပျော်တဲ့ အခါ
တစ်ခုခုကို လွမ်းတဲ့ အခါ
တစ်စုံ တစ်ခုကို အလို မကျတဲ့ အခါ
ဖြေးဆေး ငြိမ်းချမ်းမှုနဲ့ နာရီတစ်ချို့ကို ဖြတ်သန်းချင်တဲ့ အခါ




There's a man standing on the corner
With a sign sayin "will work for food"
You know the man
You see him every morning
The one you never give your money to
You can sit there with your window rolled up
Wondering when the lights going to turn green
Never knowing what a couple more bucks
In his pocket might mean

What if he's an angel sent here from Heaven
And he's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in his face
Knowing deep down it could have been his saving grace
What if he's an angel

There's a man
There's a woman
Living right above you in apartment G
There's alot of noise coming from the ceiling
And it don't sound like harmony
You can sit there with your TV turned up
While the words and his anger fly
Come tomorrow when you see her with her shades on
Can you look her in the eye

What if she's sent here from heaven
And she's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel

A little girl on daddy's lap
Hiding her disease with a baseball cap
You can turn the channel
Most people do
But what if you were sitting in her daddy's shoes

Maybe she's an angel
Sent here from Heaven
And she's making certain you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel


KznT.

Dear my Mom

ငယ့်ကို မေမေ့ အကြောင်း ပြောပြမယ် ဆိုပြီး မပြောပြ ဖြစ်သေးဘူး .. မေမေ့ အကြောင်း စပြောရမယ် ဆိုရင်တော့ အရင်ဆုံး မေမေ့ မွေးနေ့ ကနေ စပြီး ပြောပြမှရမယ် .. မေမေ့ကို ၁၉၆၀ ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တယ် .. မေမေက ဗုဒ္ဓဟူးသမီး .. အဲမှာ ကို တစ်ခု တွေးမိတာက ငယ်ကလည်း ဗုဒ္ဒဟူးနေ့ ညနေပိုင်းမှာ မွေးတဲ့ သူ ဆိုတော့ မေမေနဲ့ ငယ် အဆင်မှ ပြေပါ့မလားလို့ တွေးမိတယ် .. မြန်မာ အယူအဆ အရ ကိုက တွက်မိတာလေးပါ .. သိပ် အယုံအကြည် ရှိနေလို့ တော့ မဟုတ်ပါဘူး။

မေမေ့မှာ မွေးချင်း ကိုးယောက် ရှိပြီး မွေးချင်း ကိုးယောက်မှာမှ မေမေ တစ်ယောက်တည်း ဘွဲ့ ရခဲ့တာ မို့လို့ မေမေက ပညာတတ်ဘွဲ့ရတွေကို လေးစားတယ် အထင်ကြီးတတ်တယ် .. သူကိုယ်တိုင်လည်း ဘွဲ့ ရခဲ့ပေမယ့် ဖေဖေနဲ့ အိမ်ထောင်ကျပြီး ကတည်းက အလုပ် တစ်ခုမှ မလုပ်ဖြစ်ခဲ့ဘူး .. ဒါကလည်း မြန်မာမှု ပတ်ဝန်းကျင်မှာ မိန်းကလေးတိုင်း ဒီလိုပဲ ဖြတ်သန်းနေကြတာပဲလေ .. အဲ့ခေတ် အခြေအနေတုန်းက ယောကျာင်္း တစ်ယောက်ရဲ့ လုပ်အားခက အိမ်ထောင်စု တစ်ခုလုံးကို ထောက်ပံ့လုပ်ကျွေးနေနိုင်တယ်လေ .. ခုခေတ်မှာတော့ အနဲနဲ့ အများ ကွားခြားကုန်ကြပြီ ..

မေမေက အပြင်မှာ လုပ်ငန်း ကိုင်ငန်းနဲ့ အလုပ်လုပ်တဲ့သူ တစ်ယောက် မဟုတ်ပေမယ့် အိမ်ထဲမှာတော့ ထိုင်နေတတ်တဲ့ မိန်းမမျိုး မဟုတ်ဘူး .. အစဉ်သဖြင့် မေမေက အိမ်အလုပ်တွေ တစ်ယောက်တည်း တကုပ်ကုပ်နဲ့ လုပ်နေတတ်လို့ ကိုက “ မေမေက အမြဲအဝတ်လျှော်ရရင် လျှော်ရ .. မလျှော်ရရင် အိမ်ရှင်းနေရမှ နေတတ်တာလား “ လို့ စပြီး မေးတော့ မေမေ အဲတာကိုပဲ ပြုံးပြီး ကျေနပ်နေတတ်တယ် ..

ကို ၅ တန်းနှစ် အရောက် ဖေဖေ အလုပ်တာဝန်နဲ့ နယ်ကို ပြောင်းရတော့ မေမေနဲ့ ကိုတို့ ရန်ကုန်ကို ကိုတို့ ပညာရေးအတွက် နယ်ကို လိုက်မသွားပဲ ကျောင်းတက်ဖို့ ပြောင်းလာ ဖြစ်ခဲ့တယ် ။. ယောကျာင်္းလုပ်သူနဲ့ ကွဲကွာပြီး နေရပေမယ့် မေမေ အိမ်ထောင်ရေးစည်းစောင့်တယ် .. အပျော်အပါးကို ပွဲလမ်းသဘင် ဆိုတာတွေ ဘေးနားမှာ ရှိရင်တောင် မေမေ စိတ်မဝင်စားတတ်ဘူး .. ကိုတို့တွေ လူလားမြောက် ပညာတတ်ဖြစ်ဖို့ကိုပဲ မေမေ အာရုံစိုက်ခဲ့တယ် ..

ကိုတို့ ၁၀ တန်းအောင်တော့ ကျောင်းဆက်တက်ဖို့ အတွက် နယ်မှာရောက်နေတဲ့ ဖေဖေက မထောက်ပံ့နိုင်တော့လို့ မေမေ့အတွက် ဖေဖေဖန်တီးပေးထားတဲ့ အိမ်ကို မေမေက လျော့ဈေးနဲ့ ရောင်းပစ်ခဲ့ပြီး အရင်းအနှီးလုပ်ငန်းတစ်ခုထဲကို ထည့်ခဲ့တယ် .. အရင်းအနှီးလုပ်ငန်းတစ်ခု ဆိုပေမယ့် အမြတ်မရပဲ ကိုယ့်အရင်းကိုယ် ပြန်ထုတ်စားရတဲ့ အရင်းအနှီးတစ်ခုမို့လို့ မေမေနဲ့ ဖေဖေ့အိမ်ဆိုတာ ကိုယ်တို့ရဲ့ ပညာရေးဆိုတဲ့ ဂယက်အောက်မှာ ပျောက်ဆုံးခဲ့ရတယ် …

အမှန်အတိုင်း ပြောရရင်တော့ စီးပွားရေးလုပ်ငန်း မလုပ်ခဲ့ဖူးတဲ့ မေမေဟာ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် အခြေချလုပ်ကိုင်နိုင်ဖို့ ကောင်းကောင်း မစီမံမခန့်ခွဲတတ်ပါဘူး .. အဲတာကြောင့်လည်း ကိုယ်တို့ပိုင်ဆိုင်တဲ့ အိမ်တစ်လုံး ဆုံးရံှုးခဲ့ရတာပေါ့ .. မေမေ့ကို အပြစ်တင်တာ မဟုတ်ပါဘူးလေ .. မဆုံးရှုံး သင့်တဲ့ အရာတစ်ခု ပျောက်ဆုံးခဲ့ရလို့ သင်ခန်းစာယူမိတာပါ .. အိမ်ရောင်းပြီးတဲ့ နောက် ဖေဖေ့နောက်ကို မေမေ လိုက်သွားခဲ့တယ် .. ကိုယ်တို့ကတော့ မေမေတို့နဲ့ ဝေးရာဆီမှာ ကျောင်းဆက်တက်ခဲ့တယ် ..

သူတို့ဆီမှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး ငယ် ..
အိမ်ရောင်းချပြီးတဲ့ နောက်မှာ ကို့အကို အိမ်ထောင်ကျတော့ သူတို့မှာရှိတဲ့ အိမ်ထောင်ပရိဘောဂ တွေထဲက အနဲအကျဉ်းကို ကို့အကို အိမ်ထောင်ဦး အတွက် ထပ်ခွဲတမ်းချ ပေးခဲ့တယ် .. မေမေနဲ့ ဖေဖေ့အကြောင်း ပြောရင်းနဲ့ မိဘမေတ္တာဆိုတာ ပိုပြီး မြင်လာမိတယ် . ကိုတို့တွေ မိဘနေရာ ရောက်လာခဲ့ရင်ရော ကိုယ်တို့ မိဘတွေလောက် သားသမီးအပေါ် တာဝန်ကျေပွန်နိုင်ပါ့မလား .. မေမေ့ အကြောင်း အသေးစိတ် မဟုတ်ပေမယ့် ဒီလောက်ဆိုရင်ပဲ ငယ် မနဲမကျဉ်း သိလောက်ပါပီ ..

ကိုယ်တို့တွေ ဆက်ပြီး စဉ်းစားရမှာက ..
ကိုယ်တို့အပေါ် မိဘဝတ္တရား ကျေပွန်ခဲ့တဲ့ ကိုတို့ မိဘတွေအတွက် ကိုတို့ သားသမီးဝတ္တရား ကျေပွန်နိုင်ဖို့ ဘယ်လိုကြိုးစားကြမလဲ ...
ကိုယ်တို့ရဲ့ မျိုးဆက်အတွက် ကိုယ်တို့ ဘယ်လို ပေးဆပ်ကြမလဲ ဆိုတာ …

KznT.

Gardener ( 2 )

အခန်း ( ၄ )

( ၂ ) ဆင့်ထပ်ထားတဲ့ မှန်ပြူတင်းရဲ့ အပြင်ဘက်ထောင့်တစ်နေရာဆီက ယဉ်ပါးနေခဲ့ပြီးသား သစ်ပင်ရိပ်အောက်ဆီ တစ်ချက်ငဲ့ကြည့်မိတော့ အရင်လို လဲလျောင်းနေဆဲ သစ်ရွက်ခြောက်တစ်ချို့နဲ့ ရော်ရင့်ပျက်ကြွေခါစ ဝါရင့်ရင့် ရွက်ရင့်ဟောင်းတစ်ချို့ ... တစ်ညနေစောင်းခဲ့တိုင်း အဲ့နေရာလေးဆီမှာ ကလေးတစ်ချို့ ခေါက်တုန့်ပြေးလွှား ဆော့ကစား နေတတ်ကြတယ် .. တစ်ခါတစ်လေတော့လည်း သူငယ်ချင်းမှန်း ၊ ချစ်သူမှန်း ဝေခွဲရခက်တဲ့ ကောင်မလေး နဲ့ ကောင်လေး တစ်ချို့ ရောက်ရှိနေတတ်ကြတယ် ... အခုရော ...

ခုလည်း ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် ရောက်နေကြပြန်ပြီ ..
သူတို့ ချစ်သူတွေများ ဖြစ်နိုင်ကြမလား ... ဟင့်အင်း ... ကျွန်တော် မသိဘူး ...
ခပ်အုပ်အုပ်ဆိုင်းနေတဲ့ မိုးသားတစ်ချို့ဆီက မျှော်လင့်မထားတဲ့ မိုးစက်တစ်ချို့ ခပ်သုတ်သုတ် ကြွေကျတော့ ကောင်မလေး ရုတ်ခနဲ ထပြန်ဖို့ ပြင်တယ် ...
ဟင့်အင်း ... မပြန်ပါနဲ့ဦး ...
မင်းတို့တွေကို ကြည့်နေရင်းနဲ့ ငါ ခဏလောက် လွမ်းနေချင်လို့ပါ ...
ကောင်မလေး မတ်တပ်ရပ်တော့ ကောင်မလေးရဲ့ လက်တစ်ဖက်ကို လှမ်းဆုပ်ပြီး ကောင်လေး ကမန်းကတန်းထရပ်တယ် ... သူတို့ ( ၂ ) ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာခဲ့တော့ မလိုပဲ ...
သူတို့ ချစ်သူတွေပဲ နေမှာပါ ...
မိုးနဲ့အတူ လေပြေအေးအေး ခပ်ဆတ်ဆတ်တိုးတော့ ကောင်မလေးရဲ့ ပခုံးသား ၂ ဖက် မသိမသာ လှုပ်ခတ်သွားတယ် ...
သူချမ်းနေပြီနေမှာ ...
နှုတ်ခမ်းအလှုပ်ကို ဘာသာပြန်ကြည့်တော့ " ပြန်ကြရအောင် နော် " လို့များ သူ ပြောနေတာလား ...
ခဏလို့ ကောင်လေး ပြောပြီး သူ့ ဘေးလွယ်အိတ်ထဲဆီကို လက်သွင်းလိုက်တယ် ...
လက်ပြန်အရုတ်မှာ ကျွန်တော် မျှော်လင့်မထားတဲ့ ပါဆယ်ဗူးလေး တစ်ဗူး ...
သူ ကောင်မလေးရဲ့ လက်တစ်ဖက်ကို ပြေလျော့လျော့ဆွဲပြီး အဲ့ဗူးလေး ထည့်ပေးလိုက်တယ် ...
မင်းအတွက်တဲ့ ...
Ohhhh !! ကြည်နူးဖို့ ကောင်းလိုက်တာ ... ထင်မှတ်မထားတဲ့ လက်ဆောင်ပစ္စည်း တစ်ခုအတွက် ကောင်မလေး ပျော်နေတယ်ခဲ့တယ် ဆိုတာ သူ့မျက်နှာပြင် တစ်ခုလုံးက နေရာမလပ်ဖော်ပြနေကြတယ် ...
အင်းပေါ့ ...

" ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု ... " ဆိုတာ သူပိုင်ဆိုင်ခဲ့ပြီပဲ

အဲ့ပစ္စည်းရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိနိုင်မလဲ .. ကျွန်တော် မသိနိုင်ပါဘူး ...
တကယ်တော့ သိဖို့လည်း မလိုအပ်ပါဘူးလေ ...
အဲ့ထဲမှာ ... တန်ဖိုးဖြတ်လို့ မရတဲ့ ... နှောင်တွယ်မှု နဲ့ ချစ်ခြင်းတရား ဖြည့်ဆည်းပါဝင်နေခဲ့ပြီပဲ ...
နောက်ထပ် ဘာလိုဦးမှာ မို့လို့လဲ ...

အခန်း ( ၅ )

" ကို့အတွက် ဘာလိုလဲ ...
ကိုလိုချင်တဲ့ ကို့ အတွက်လိုတာတွေ ငယ့်ကို ပြောပြလေ ...
ကို့အတွက် လိုအပ်မယ့် ဟာတွေပဲ ငယ် ဝယ်ပေးချင်တယ် ...
ကိုယ့်ဘာသာ စိတ်ကူးပြီး ဝယ်ခဲ့လိုက်လို့ တကယ်တမ်း ကို့အတွက် မလိုတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာမျိုး ငယ်က မဖြစ်ချင်ဘူး ... "


ငယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကို ဘာလိုချင်လဲ မေးတဲ့ အခါတိုင်း ကျွန်တော် နှုတ်ပိတ်ခေါင်းရမ်း ဖြစ်ခဲ့တယ် ...
" ဟင့်အင်း .. ကို့အတွက် ဘာမှ မလိုပါဘူး "
ကျွန်တော် တကယ်ရော မလိုအပ်ခဲ့ဘူးလား ... ကျွန်တော့် လိုအပ်ချက်တိုင်း သူ့ကို တောင်းဆိုဖို့ဆိုတာ ကရော ယောကျာင်္းတစ်ယောက်အနေနဲ့ ဖြစ်သင့်ရဲ့လား ...
ဒီလွန်ဆွဲမှုရဲ့ ကြားမှာ ကျွန်တော့်တောင်းဆိုမှုနဲ့ ကျွန်တော့်အတွက် လိုအပ်မယ် ထင်တာတွေထဲက
သူမပင်ပန်းရအောင် ဘီး ( ၂ ) ချောင်းနဲ့ ဇွန်းခက်ရင်း ( ၂ ) စုံ ကျွန်တော်တောင်းခဲ့ဖူးတယ် ...

ကျွန်တော် ဘာလိုချင်တယ်ဆိုတာ ဖွင့်ပြောခဲ့သင့်တာလား ...
ဟင့်အင်း .. ကျွန်တော်လိုချင်ခဲ့တာ " ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ် လာမယ့် နွေးထွေးမှု ... " တစ်ခုပါ ...

အခန်း ( ၆ )

ကျွန်တော် သတိရနေမိတယ် ...
အဲ့ဒီ့နေ့က သူ့ဆီကို သွားတော့ သူ့လက်ထဲမှာ သိုးမွှေးထိုးတံလို အတံလေး တစ်ခု ၊ ချည်လုံးတစ်ချို့နဲ့ အလုပ်ရှုပ်နေခဲ့တာ ... သေချာဂရုစိုက်ကြည့်မိတော့ ပိုက်ဆံအိတ်တစ်ခုဖြစ်ဖို့ ရောင်စုံကြိုးလေးတွေ သီပြီး သူထိုးနေတာပါ ... အရောင်ဆက်စပ်မှုကိုပဲ ကြည့်ကြည့် ... နုရွမှုကိုပဲ ကြည့်ကြည့် ... မိန်းကလေး တစ်ယောက်အတွက်ပဲ သင့်တော်မယ့် ပိုက်ဆံအိတ်တစ်အိတ်မှန်း ကျွန်တော် သိပါတယ် .. ဒါပေမယ့် ကျွန်တော် အဲ့ဒီ့ ထိုးလက်စ ပိုက်ဆံအိတ် သေးသေးလေးကို ကြည့်ရင်း ကျွန်တော် အလိုချင်ခဲ့ဆုံး " ကို့အတွက် ... " ဆိုတဲ့ စကားတစ်ခွန်းကို ကြားချင်နေခဲ့တယ် ... ရူးတယ်လို့ပဲ ဆိုပါတော့ ... ဟုတ်တယ် ... အဲ့ဒီ့ ကျွန်တော်နဲ့ မသင့်တော်တဲ့ အိတ်တစ်ခုကိုမှ ကျွန်တော် လိုချင်နေမိတယ် ... ဟင့်အင်း ... ကျွန်တော် အိတ်ကို လိုချင်တာ မဟုတ်ပါဘူး ... သူ့လက်တွေနဲ့ ထိတွေ့နေခဲ့ဖူးတဲ့ အဲ့ဒီ့ပိုက်ဆံအိတ်ပေါ်က ကြိုးမျှင်မျှင် လေး တွေကို သိမ်းထားခဲ့ချင်တာပါ ...

မသိနားမလည်တဲ့ ယောကျာင်္းတစ်ယောက်ရဲ့ အမူအရာမျိုးနဲ့ မျက်မှောင်ခပ်တွန့်တွန့် ချိုးပြီး သူ့လက်ထဲက အိတ်လေးရဲ့ အနာဂတ်ကို မေးကြည့်ဖြစ်တယ် ...
ကျွန်တော့်အတွက်များ သူရည်ရွယ်ထားလေသလား ... ??

" အစ်မတစ်ယောက်က ငယ်ထိုးထားတဲ့ အိတ်လေးကိုတွေ့ပြီး သူလည်းလိုချင်တယ်ဆိုလို့ .. အဲတာသူ့အတွက် ထိုးပေးနေတာ " ....
သြော် ....
ကျွန်တော် မဟုတ်ခဲ့ဘူးပဲ ...
သိပ်ချစ်ဖို့ ကောင်းတဲ့ ငယ်က ရွှတ်နောက်နောက်နဲ့တောင် " ကို့အတွက် ... " လို့ဆိုပြီး ကျွန်တော့်ကို မစခဲ့ပါဘူး ...
ကျွန်တော် မငြိုုငြင်ရက်ပါဘူး ...
ဟင့်အင်း .... ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်နဲ့ မလိုက်ဖက်တဲ့ ပိုက်ဆံအိတ်တစ်အိတ်အတွက် ကျွန်တော့်ကို ပေးဖို့ သူဘယ်တော့မှ စဉ်းစားခဲ့ပုံမရဘူးလေ ...
ငယ် မှန်ပါတယ် ... မဟုတ်ရင် ကျွန်တော် အဲ့ဒီ့ ပိုက်ဆံအိတ်တစ်အိတ်ကို ကိုင်ဖို့တော်တော်အားမွေးရဦးမှာ ...

အခန်း ( ရ )

အဲလိုနဲ့ အဲ့ဒီ့နေ့ညက ကျွန်တော် အိပ်ပျော်သွားတော့ အိပ်မက်တစ်ခု မက်တယ် ...
ကျွန်တော့် အိပ်ယာဘေးမှာ ငယ် ငုတ်တုတ်လေးထိုင်လို့ .... အိပ်မက်ထဲမှာ ရုတ်တရက် မျက်လုံးဖွင့်ကြည့် တော့ သူ ကျွန်တော့်ကို ခပ်ဖွဖွ ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ် ...

" ကို့ အတွက် .... "

ကျွန်တော့်လက်ထဲ ငုံ့ကြည့်မိတော့ ဘာပစ္စည်းမှ ရှိမနေဘူး ...
ဒါပေမယ့် ...

သူ့ လက်တစ်စုံတော့ ရှိနေခဲ့တယ် ... ။။

KznT.

Gardener ( 1 )

အခန်း ( ၁ )

" ကို့ အတွက် .... "

အဲ့ဒီ့နေ့ ဒီ ကောင်းကင်ကြီး အောက်မှာ ရပ်တည်နေတဲ့ သူအားလုံးရဲ့ ကြားမှာ ကျွန်တော် အပျော်ဆုံး လူသားတစ်ယောက် ဖြစ််နေခဲ့တယ် ... အဲ့ဒီ့နေ့မှာ ကျွန်တော်မြင်ဖူးနေကျ တစိမ်းဆန်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ကျွန်တော့် ရင်ဘတ်တူသူတွေ ဖြစ်သွားကြတယ် ... အဲ့ဒီ့နေ့ကပဲ ဒီရင်ဘတ်တစ်ခုလုံး လဲ့ဖြာစိမ်းလန်းပြီး အနာဂတ်တိုင်းကို စိန်ခေါ်ရဲဖြစ်ခဲ့တယ် ...

ဒါပေမယ့် ...
လွဲမှားနေခဲ့တာ တစ်ခုက
အဲ့ဒီနေ့ ဆိုတာ တကယ်တော့ မရှိခဲ့သေးပါဘူး ...

အခန်း ( ၂ )

" လိုချင်သောအား
စားချင်ငြားက
ဝပ်တွားခယ
တောင်းပါကြ ... "


ကျောင်းသား ဘဝတစ်ခုက သင်ခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ် .. ကျွန်တော် အစအဆုံးတော့မမှတ်မိတော့ ...
ငယ်ငယ်တုန်းက ပစ္စည်းတစ်ခု ကိုယ် အရမ်းလိုချင်နေတဲ့ အချိန် ၊ အစားအသောက်တစ်ခု ကိုယ်အရမ်း စားချင်နေတဲ့ အချိန်မှာ လူကြီးတွေ မသိအောင် မယူမိဖို့ .. လူကြီးတွေထက် ဦးအောင် မစားသောက်မိဖို့ မေမေ အမြဲ ဆုံးမတတ်တာ ကျွန်တော် သတိရမိတယ် ... အဲ့ အလေ့အကျင့်လေးကြောင့်ပဲ ကျွန်တော် လိုချင်လွန်းမိတဲ့ အရာတိုင်း မေမေ ၊ ဖေဖေ့ကို ခွင့်တောင်းပြီး အသိပေးရယူ ဖြစ်ခဲ့တယ် ... လိုချင်တာတိုင်း ရရောရခဲ့ရဲ့လား ... ဟုတ်ကဲ့ ... ရခဲ့တာလည်း ရှိသလို မရခဲ့တာတွေလည်း ရှိတာပေါ့လေ ... ဟုတ်ပါတယ် ...

တကယ်တော့ ကျွန်တော်မှာ အဲ့ဒီ့အချိန်တည်းက ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့သင့်တာ ... အကယ်၍ များ အဲ့ဒီ့အချိန်က ကျွန်တော့်ဘေးမှာ ဒိုင်ယာရီ စာအုပ်တစ်အုပ် ရှိနေခဲ့မယ် ဆိုရင် ကျွန်တော်အဲ့စာအုပ် ထဲမှာ စာကြောင်း ( ၁ ) ကြောင်းလောက် ချရေးဖြစ်ခဲ့မယ် ထင်တယ် ...

" ဖွင့်ဟတောင်းဆိုဖြစ်သော ကိစ္စရပ်တိုင်း ရရှိနိုင်မည် ဆိုသည်မှာ မသေချာ ... "


အခန်း ( ၃ )


အချစ်တစ်ခုကို အစပျိုးမိတော့ ကျွန်တော့်ကိုယ် ကျွန်တော် ခံယူဖြစ်ခဲ့တာ တစ်ပွင့်တည်းပျိုးတဲ့ ဥယျာဉ်မှုးတစ်ယောက်လို ... သိပ်သေချာတာပေါ့ ... ကျွန်တော် ဥယျာဉ်မှုးဆိုရင် ကျွန်တော့်ချစ်သူဆိုတာ ကျွန်တော် ပျိုးထားတဲ့ ပန်းတစ်ပွင့်လေ ... တစ်ပွင့်တည်း ပျိုးခဲ့တဲ့ ဥယျာဉ်မှုးတစ်ယောက်ရဲ့ ခံစားချက် ဆိုတာ သိပ်ကို နက်ရိှုင်းလွန်းပါတယ် ... ပန်းတွေအများကြီး ပျိုးထားဖြစ်ခဲ့ရင်တော့ ပန်းတစ်ပွင့် လေလွင့် ဆုံးရံှုးမှု ဆိုတာ ဥယျာဉ်မှုးတစ်ယောက်အတွက် ဘာမှ မသိသာပေမယ်လို့ ... တစ်ပွင့်တည်းပျိုးခဲ့တဲ့ ဥယျာဉ်မှုး အတွက် အဲ့ဒီ့ပန်းတစ်ပွင့်ဆိုတာ သူ့ရဲ့ အနာဂတ် တစ်ခုလိုပါပဲ ...

ဒီပန်းလေး နွမ်းပါးပျက်ကြွေသွားမှာ ... ဒီပန်းလေး ညိှုးရော်ချောက်နွမ်းသွားမှာ ... ဒီပန်းလေး အနာတရတစ်ခုခု ဖြစ်အောင် တစ်စုံတစ်ယောက် သို့တည်းမဟုတ် တစ်စုံတစ်ခုက ဖန်တီးလိုက်မှာ ... သူအချိန်တိုင်း တွေးပူ နေတတ်ခဲ့တယ် ... သူမပင်ပန်းပါဘူးလေ ... ကျွန်တော် တကယ် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး ... ကျွန်တော် နက်နက်ရိှုင်းရိှုင်း တွယ်ငြိမိခဲ့ပြီကိုး ...

သူ့ကို သူငယ်ချင်း တစ်ချို့ မေးကြတယ် ...
" အချစ်ဆိုတာ ဘာလဲ ... ,
ပန်းတစ်ပွင့်ဆီက ဘာရလိမ့်မယ်လို့ မင်းမျှော်လင့်ထားခဲ့လို့လဲ ... , "

အဝေး နေရာတစ်ခုဆီ ခပ်တွေးတွေးငေးကြည့်မိရင်း ဖျော့ဖျော့ပြုံးပြီး ဖြေမိတယ် ...

" အချစ်ဆိုတာ ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးနေသလိုပေါ့ကွာ ...
မင်းဖြန့်ခွဲချစ်တတ်သူဆိုရင်တော့ မင်း ပန်းအများကြီး ပျိုးတဲ့ ဥယျာဉ်မှုးပေါ့ ...
မင်း တစ်ယောက်တည်း ချစ်တတ်ခဲ့တာ ဆိုရင်တော့ တစ်ပွင့်တည်းသော ပန်းပျိုးသူပေါ့ ...
ကိုယ့်ကို မချစ်သေးတဲ့ မိန်းကလေး တစ်ယောက် ကိုယ့်ကို တဖြေးဖြေးချစ်လာအောင် ဖန်တီးယူရတာ .. ဘာမှမရှိတဲ့ မြေဗလာကျင်းတစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လာဖို့ ပြုစုယူရတဲ့ ဥယျာဉ်မှုးတစ်ယောက်နဲ့ ဘာမှ မခြားနားဘူး ..
မြေပမာဏ တစ်ခုပေါ်က ပန်းတစ်ပွင့် ပွင့်လန်းလာဖို့ ဥယျာဉ်မှုး တစ်ယောက်မှာ အချိန်လိုတယ် .. ငွေလိုတယ် .. စိတ်ရှည်သည်းခံတတ်ဖို့ လိုတယ် .. အချိန်ပြည့်မဟုတ်ရင်တောင် အချိန်မှန် ပြုစုယုယတတ်ဖို့ လိုတယ် ... အရိပ်တကြည့်ကြည့်မဟုတ်ရင်တောင် ကျရောက်လာမယ့် သဘာဝဘေးအန္တရာယ်တိုင်းအတွက် ကြိုသိနေတတ်ဖို့ ၊ အသင့်ရှိနေတတ်ဖို့ ၊ ကာကွယ်ပေးတတ်ဖို့ လိုတယ် ... စဉ်းစားကြည့်ပါလား .. ပန်းတစ်ပွင့်ကို ပျိုးရတာနဲ့ ... အချစ်တစ်ခုကို ပျိုးရတာ ဘာများကွာနေသေးခဲ့လို့လဲ ... "

သူတို့အားလုံး ခပ်လျော့လျော့ လက်ခံပြီး နောက်ထပ် မေးခွန်းတစ်ခုနဲ့ ကျွန်တော့်ကို ကြိုဆိုကြတယ် ...
" ဥယျာဉ်မှုး တစ်ယောက် ပန်းပျိုးတယ်ဆိုတာရဲ့ နောက်ဆုံး ရလဒ်ကတော့ ပန်းလိုချင်လို့ပေါ့ကွာ ... ဒါကတော့ ရှင်းပါတယ် ... ဒါပေမယ့် အချစ်ပျိုးတဲ့ ဥယျာဉ်မှုး တစ်ယောက်ရဲ့ အဆုံးသတ်မျှော်လင့်ချက်ကရော ဘာဖြစ်မယ်လို့ မင်းထင်လဲ ... အချစ်လိုချင်လို့ပေါ့ကွာ လို့တော့ ငါ့ကို ပြန်မဖြေနဲ့နော် ဟေ့ကောင် ... ငါတို့အဲ့ထက် လေးနက်မယ့် အဖြေတစ်ခုကို လိုချင်တာ .. "

" ဟင့်အင်း ... အချစ်လိုချင်လို့ အချစ်ကို ပျိုးတယ်လို့ ငါဖြေရင် အဲ့ အဖြေက သိပ်ပေါ့ပျက်သွားမှာပေါ့ ...
အချစ်တစ်ခုကို ပျိုးတယ်ဆိုတာ တကယ်တော့ အဲ့လောက် ခံစားချက် မပေါ့ပါးဘူး ... ပေါ့ပါးနေခဲ့ပြီဆိုရင်လည်း အဲတာ အချစ်မဟုတ်ဘူး .. ဟုတ်တယ် ... ပန်းပျိုးသူ တစ်ယောက်မှာ ပိုင်ဆိုင်ရဖို့ မျှော်လင့်ချက်ဆိုတာရှိသလို .. ငါ့မှာလည်း မျှော်လင့်ချက်ဆိုတာ ရှိတာပေါ့ .. ဒါပေမယ့် ပန်းပျိုးသူတစ်ယောက်နဲ့ နိှုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့ ပျော့ပျောင်းနူးညံ့သွားတဲ့ စိတ်ခံစားချက်တစ်ခု အချစ်ပျိုးသူတစ်ယောက်ဆီမှာ အစားထိုး ဝင်ရောက်လာတယ် .. အဲတာက ပန်းပျိုးသူလို ပန်းပွင့်ကိုပိုင်ဆိုင်ဆုပ်ကိုင်နိုင်ဖို့ ဦးတည်ချက်ဆိုတာမျိုး မဟုတ်တော့ဘူး .. ဒီပန်းတစ်ပွင့်ကို သူပျိုးခဲ့လိမ့် မယ် .. သူပိုင်ဆိုင်ရကောင်းလည်း ရချင်မှ ရလိမ့်မယ် .. မပိုင်ဆိုင်ချင်လည်း မပိုင်ဆိုင်ရဘူး .. ဒါပေမယ့် သူ့မှာလောဘမရှိဘူး ..

သူ့မှာရှိနေတာ ပန်းပျိုးသူလို ပိုင်ဆိုင်လိုစိတ် တစ်ခုတည်း မဟုတ်တော့ဘူး ..
အရမ်းကိုခြားနားသွားခဲ့ပြီ ...
သူ ရောင့်ရဲနေနိုင်ခဲ့တယ်လေ ...
ဒါကို တစ်ချို့က ပေးဆပ်တဲ့ အချစ်လို့ ဆိုကြတယ် ... "

" ပေးဆပ်တဲ့ အချစ် ?? "

" အင်း ... ပေးဆပ်တဲ့ အချစ်လို့ ဆိုလိုက်တိုင်း ငါတို့အားလုံး အလွဲလွဲအမှားမှား တွေးနေမိတတ်တဲ့ အကြောင်းအရာတစ်ချို့လည်း ရှိနေသေးတယ် ...
ပေးဆပ်တဲ့ အချစ်ဆိုတိုင်း ဘာတစ်ခုမှ ရယူလိုမှု မရှိပဲ အမြဲပေးအပ်နေချင်တာမျိုးလို့ ငါတို့ ထင်နေမိခဲ့တာ တကယ်တော့ မဟုတ်ဘူး ပေးဆပ်သူတိုင်းရဲ့ စိတ်မှာ ကိုယ်ချစ်ရတဲ့ သူဆီက ကိုယ်အလိုချင်ဆုံး ရလဒ် အဖြေတစ်ခု မဟုတ်ခဲ့ရင်တောင် ကိုယ့်ပေးဆပ်မှုအတွက် အသိအမှတ်ပြုမှု တစ်ခုတော့ တောင့်တတတ် ကြတယ် ... ဒီ ခံစားချက်က ပေးဆပ်သူတစ်ယောက်တည်း မှာမှ မဟုတ်ပါဘူးလေ ... အချစ်တစ်ခုကို ပုံဖော်ခဲ့ကြဖူးတဲ့ ပန်းပျိုးသူ အားလုံးရဲ့ ရင်ထဲက ခံစားချက်ပါ .. ခြားနားသွားခဲ့တာလေး တစ်ခုက အဲ့ဒီ့အသိအမှတ်ပြုမှုဆိုတာ ငါတို့ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို ဖွင့်ဟတောင်းဆိုခဲ့တော့မှ ပေးအပ်လာမယ့် ရယူလိုမှုမျိုးတော့ မဟုတ်ဘူး ...

ဖွင့်ဟတောင်းဆိုမှု မရှိတဲ့ လိုအပ်မှုတစ်ခုအတွက် ချစ်သူဆီက ပေးအပ်လာမယ့် နွေးထွေးမှု တစ်ခု ... "

အခန်း ( ၄ )
 
ဆက်ရန် ......

KznT.

A Town from my Heart


 စိမ်းမြလှပတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ ကြားကို ကျွန်တော် ရောက်သွားတော့ ဒီရင်ဘတ်တစ်ခုလုံး အေးမြ စိမ်းလန်းသွားတယ် …. သဘာဝ ဆိုတဲ့ ဖန်တီးမှုမပါတဲ့ ဖြစ်တည်မှုတွေရဲ့ ကြားထဲက တိုးထွက်လှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ကျွန်တော် ချစ်တယ် … ငြိမ်းချမ်းအေးမြ တဲ့ ရှင်းသန့်တည်တံ့မှုကို ကျွန်တော် မြတ်နိုးတယ် … တကယ်တော့ ကျွန်တော် မြန်မာမှုအငွေ့အသက် မြန်မာ့ရေမြေသဘာဝတွေရဲ့ ကြားထဲ က ဝေးကွာပြေးထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမယဉ်မိတဲ့ လူတစ်ယောက်ပါ …. လမ်းတစ်ချက်အကွေ့မှာ လှုပ်ခါယိမ်းခတ်သွားတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကို သတိထားမိတော့ ကျွန်တော် အလုံပိတ်ကားတစ်စီးရဲ့ မျက်နှာစာ အတွင်းဘက်မှာပါလား … လဲ့ဖြာစိမ်းလန်းနေတဲ့ မြက်ခင်းပြင် တွေပေါ်က အေးမြစွတ်စိုမှုကို ကျွန်တော် ငေးကြည့်မိတော့ ကျွန်တော် သူတို့ရှိရာဆီသွားပြီး တို့ထိကြည့်ချင်လိုက်တာ … သူတို့တွေ ဒီရေမြေ ပေါ်မှာ အသစ်ပြန်လည် ဖြစ်တည်ခဲ့ကြတာ .. ဘယ်နကြိမ် ဘယ်နခါများ အခွင့်တိုင်ခဲ့ပြီလဲ .. ဒီနေရာနဘေးက ဖြတ်သွားခဲ့တိုင်း အမှုမှတ် ဖြတ်ကျော်သွားမိတဲ့ ကျွန်တော် … ဒီရေမြေကို ချစ်ပါတယ်လို့ ရင့်ကျူးတည်တံ့ပိုင်ခွင့် ရှိနိုင်သေးပါရဲ့လား …..


လမ်းတစ်ဖက် တစ်ချက်ကို မျှော်ကြည့်မိတော့ ဖြတ်သိမ်းရိတ်သင် ပြီးသွားတဲ့ စပါးခင်း ညိှုးခြောက်ခြောက်တွေ … ဒီဒေသမှာ ကျွန်တော် သတိ ထားခဲ့မိသလောက် လယ်ယာစိုက်ပျိုးရေး အတွက် နွားအစား ကျွဲတွေ သုံးကြတာ တွေ့ရတယ် … ကောက်ရိုးပုံချင်းတူပေမယ့် သူတို့ကောက်ရိုး ပုံက တစ်မျိုးအမြင်ဆန်းနေသလိုပဲ … ဟိုးအဝေးတစ်နေရာမှာ မြင်တွေ့နေရတဲ့ ခပ်ရိပ်ရိပ်တောင်တန်းတွေရဲ့ အခြေတစ်နေရာမှာ ခုလို သွေ့ခြောက်နွမ်းပါးတဲ့ ရိတ်သိမ်းပြီး လယ်ခင်းတွေ ရှိနေနိုင်လိမ့်မယ်လို့ ဘယ်သူတွေးမိနိုင်မှာလဲ … သွေ့ခြောက်မှုနဲ့ စိမ်းလန်းမှု ဆိုတဲ့ ခေါင်းစဉ်တွေအကြောင်း ကျွန်တော်ဆက်စပ်ကြည့်မိတော့ ပျောက်ဆုံးသွားတဲ့ လတ်ဆတ်မှုတစ်ခု ကျွန်တော် မြင်လိုက်ရတယ် .. တစ်ချိန်တစ်ခါ တုန်းက ကမ္ဘာကြီးပေါ်မှာ လူသားတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ပဲ သဘာဝမဆန်တဲ့ ဟောင်းနွမ်းသွေ့ခြောက်မှုမျိုး ရှိနေခဲ့ဖူးပါသလား … မြင့်မားတိုးတက် လာခဲ့တဲ့ လူ့သမိုင်းကြောင်း ဖြစ်တည်မှုရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အားလုံး အမှုမဲ့အမှတ်မဲ့ ပျော်ဝင်ခဲ့ကြတယ် … သူတို့အားလုံး ကျော်ဖြတ်ထိုးတက် သွားကြတယ် … ဒါပေမယ့် ကျွန်တော်တို့တော့ မူရင်းအတိုင်း ရပ်မြဲရပ်နေဆဲပဲ … ကျွန်တော် ရှေ့များတိုးမိခဲ့သလား .. ကျွန်တော် လက်ပြတော့ သူအစာရှာကနေ မော့ကြည့်တယ် .. သူ့အကြည့်တွေက နဲနဲ ပင်ပန်းနေသလိုပဲ … သူ့ခေါင်းထက်က ချီပိုးထားရတဲ့ ချိုနှစ်ခု ကြောင့် လည်းထင်ပါရဲ့ ……



ဒီမြို့လေးမှာ ကျွန်တော် မနက်တိုင်း တစ်နေ့ကို ၂ ကြိမ် မနက်တစ်ခေါက် ညနေတစ်ခေါက် ဒီကန်ပတ်လမ်းလေး အတိုင်း အမြဲလျှောက်ဖြစ် တယ် … စိမ်းမြလှုပ်ခတ်တဲ့ ကန်ရေပြင်ပေါ်က ပြေးထွက်တိုးခတ်လာတဲ့ လေနုအေး တွေ …… သူတို့ ကျွန်တော့်ရင်ဘတ်ထဲ ပြေပြေအေးအေး တိုးဝင်လာတော့ ငယ့်ကို သတိရလိုက်တာ … ဟင့်အင်း မဟုတ်သေးဘူး … အဲ့အချိန်က ကျွန်တော် ငယ့်ရင်ခွင် ထက်မှာ နေရာတစ်ခုရယူနိုင်ဖို့ လှုပ်ရှားပြေးလွှား နေရတုန်း ….



ကန်ဘေးပတ်လည်က ပလတ်စတစ်ထိုင်ခုံဖြူဖြူလေးတွေ …. ကျွန်တော် သူတို့တွေနဲ့လည်း မနက်ခင်းတိုင်းမှာ အတူ ရှိနေခဲ့ဖူးတယ် … လက်ဖက်ရည် ကျစိမ့်တစ်ခွက်မှာတော့ ပြည့်ဖောင်းသွယ်ဝန်းတဲ့ အပြုံးချိုချိုနဲ့ ကောင်မလေးတစ်ယောက် … အိမ်ဆိုင်ဖြစ်မလားတော့ မသိ … သူတော်တော် ချစ်ဖို့ကောင်းတာတော့ သိတယ် … သဘာဝတရားရဲ့ ပေးအပ်မှုလား … မိန်းကလေးတစ်ယောက် ချစ်ဖို့ ကောင်းရင် အသိအမှတ်ပြု ငေးကြည့် ဖြစ်တယ် …. ခပ်ရိုးရိုးပါ … ရင်ဘတ်ထဲတော့ သူတို့တိုးဝင်မလာနိုင်ခဲ့ပါဘူး … အထဲမှာ နတ်သမီးရှိတယ်လေ … :)

ကန်ရေပြင်ပေါ်ကဖြတ်ပြီး ပြာလဲ့ရွှန်းစိုတဲ့ ကောင်းကင်အောက်ကို တိုးဝင်ကြည့်မိရင် ဒီမြို့လေးမှာ ရှင်သန်နေရတာ အဓိပ္ပါယ် ပြည့်စုံသွားသလိုပဲ …. ဟိုးခပ်ဝေးဝေးမှာ မြင်နေရတာ ဒီမြို့ရဲ့ ရပ်တော်မူ ဘုရား - 

 ကျွန်တော် တစ်ယောက်တည်း မနက် စောစော ဘုရားပေါ်ရောက်သွားတော့ ဆိုင်ခန်းတွေ ဈေးတန်းတွေ ဘာတစ်ခုမှ မတွေ့ရသေးဘူး …. ရန်ကုန်မှာတော့ ဘုရားတက်ရင် ပန်းသည်တွေရဲ့ တစ်ယောက်နဲ့ တစ်ယောက် ပန်းဝယ်သွားကြဖို့ ဟစ်အော် ဆော်သြသံတွေ … ဘယ်အချိန် ဘယ်အခါသွားသွား ပေါ်ထွက်ပြည့်နှက်လို့ … ငယ်နဲ့တူတူ ရွှေတိဂုံဘုရားမှာ ဘုရားပန်းဝယ်ခဲ့ဖူးသေးတယ် … ဈေးတော့ အတော်များတာပဲ … ဒါပေမယ့်လည်း ကြည်နူးစရာတော့ ကောင်းသား … haha



ကျွန်တော် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကနေကြည့်ကြည့်ရင် ကန်ရဲ့တစ်ခြားဘက်ခြမ်း တည်နေရာကို ခုလိုလှမ်းမြင်ရတယ် … ဒီအချိန်သာ တိမ်ရှင်းကြည်စင်နေတာ … ကျွန်တော် ရှိနေခဲ့ဖူးတုန်းကတော့ မနက်စောစောဆို မြူတွေဆိုင်းလို့ … လေတစ်ချက်တိုးရင်တောင် ကော်ဖီခွက် နှုတ်ခမ်းသားတွေဆီ မြူမှုန်တစ်ချို့ ရိုက်ခတ်တိုးဟပ်သွားတတ်ကြသေးတယ် …



မြို့ရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား …. ကျွန်တော့်အိမ်နဲ့ နီးလို့ ညနေ ( ၅ ) နာရီထိုးတိုင်း ဘုရားရှိရာဆီ လမ်းလျှောက်သွားပြီ ပုတီးစိတ်ဖြစ်တယ် … အထဲမှာ တော်တော်လေး စိတ်ငြိမ်တယ် … ဘုရားဖူးသူရှိပေမယ့် ရုံးပိတ်ရက်တွေ လောက်ကလွဲရင် ညနေပိုင်း လူသိပ်ရှိတာ မတွေ့ရဘူး … ဆူးလေစေတီ လိုပဲ … လမ်းဆုံလမ်းခွမှာ တည်နေတာမို့လို့ ဘုရား ပရဝုဏ်ကတော့ အတော်လေး ကျဉ်းတယ် … ပုတီး စိတ်ပြီးလို့ ဘုရားကို လကျာင်္ရစ် တစ်ပတ်ပတ်တော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ …

သြော် … ဘေးနားမှာ ငယ်ရှိမနေလို့ပါ … :) သူ့ကိုသာ ပြောပြဖြစ်ရင် ဘုရားကိုတစ်ယောက်တည်း သွားလို့ ကျွန်တော့်ကို ဆူနေမလား မသိ … ဘယ်ဟုတ်ပါ့မလဲ … ကျွန်တော်သွားတိုင်း သူ့ကိုလည်း ခေါ်မှာပေါ့ … ဘာလဲ လွမ်းသွားပြီလား … အင်းဟုတ်တယ် ကျွန်တော်လည်း လွမ်းနေ တယ် … :)



ညနေ နေစောင်းရင်တော့ အရာအားလုံးက အေးဆေး ငြိမ်သက်မှုတွေနဲ့ …
ကန်ရေပြင်လည်း မနက်ကလိုပဲ … ငြိမ်သက်အေးချမ်း နေဆဲ ….
လက်ဖက်ရည် ဆိုင်လေးတွေလည်း မနက်ကလိုပဲ … ဖြေးဆေးသက်ဝင်နေဆဲ ….
ဟိုခပ်လှမ်းလှမ်းက ထန်းပင် နှစ်ပင်လည်း … အရင်လို မားမားမတ်မတ် ရှည်ကြာတည်တံ့နေကြဆဲ ….

တကယ်တော့ ဒီမြို့လေးမှာ ကျွန်တော်နေခဲ့ဖူးတာ ( ၁၀ ) ရက် မပြည့်ခဲ့ပါဘူး .. ဒါပေမယ့် နေရာတော်တော် များများ ကျွန်တော် ရောက်ခဲ့ဖူးပြီ . ဒီမြို့လေးရဲ့ သဘာဝ တော်ဝန်ပန်းချီတော်တော် များများ ကို လည်ပတ်ရှုမြင် ခဲ့ဖူးပြီ … မြို့တစ်မြို့ရဲ့ အေးမြငြိမ်သက်မှုတွေ ကျွန်တော် ရက်ပိုင်း လေးလောက်ခံစားခဲ့ရတာ မှန်ပေမယ့် သူ့ရဲ့ ငြိမ်သက်အေးချမ်းလှတဲ့ သဘာဝပန်းချီကားတွေ ကျွန်တော် ခုထက်ထိ မမေ့နိုင်ခဲ့သေးဘူး …



တစ်နေ့နေ့ပေါ့ …..
အဲ့မြို့လေးမှာ ကျွန်တော်ရယ် ….
သူရယ် ….
ကျွန်တော့် မိဘတွေရယ် ….
သူ့မိဘတွေရယ် ….
ကျွန်တော်တို့ရဲ့ မျိုးဆက်တွေရယ် ….
နေဝင်ချိန်တိုင်း အနာဂတ်တစ်ခုကို မျှော်ကြည့်ရင်း ….



သြော် မေ့လို့ … အဲ့မြို့လေးကို … “ ရင်ဘတ်ထဲက မြို့ “ လို့ ကျွန်တော်နာမည် ပေးလိုက်တယ် .....

KznT.
Photos From Google Earth.

My Par

ဒီနေ့ အဖေများနေ့လို့ ပြောတယ် …
အဖေ့ကို နှစ်နှစ်ကာကာ သတိရလို့ ဒီပို့စ်လေး ရေးဖြစ်ခဲ့ပါတယ် …. ကျွန်တော့်ဖေဖေ ….

ဖေဖေ့ကိုမွေးခဲ့တဲ့ အချိန်က ၁၃၁ရ ဒုတိယဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ ည ၉ နာရီ ၃၅ မိနစ် …. ဖေ့ဖေ့မှာ မွေးချင်းကိုးယောက် ရှိတယ် … မွေးချင်းကိုးယောက်မှာ ဖေဖေက စတုတ္ထသားပါ … ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် ကနေ ၁၉၇ရ ခုနှစ်မှာ Bsc ( Chemistry ) နဲ့ ဘွဲ့ရခဲ့တယ် … မေမေနဲ့ လက်ထပ်တော့ ၁၉၈၀ ဧပြီ ၂ရ ရက်နေ့ … မွေးချင်းကိုးယောက်နဲ့ မိသားစု စီးပွားရေး အကျပ်အတည်းကြားမှာ ဖေဖေ ကြီးပြင်းခဲ့တယ် … မေမေနဲ့ လက်ထပ်ပြီး ကျွန်တော့် အကိုကို ရခဲ့တဲ့ အချိန်ထိ ဖေဖေ့မှာ ဘာစီးပွားရေး လုပ်ငန်းမှ လက်ဆုပ်လက်ကိုင် မရှိခဲ့ဘူး … ဖေဖေရော ကျွန်တော့် မေမေရော ယောက္ခမ ( ကျွန်တော့်ဖေဖေရဲ့ အမေ ) အိမ်မှာ ကပ်နေပြီး ဘဝကိုဖြတ်သန်းခဲ့ကြရတယ် … ဖေဖေက ကားဝပ်ရှော့တစ်ခုမှာ နေ့စား ကားပြင်သမား အလုပ်ကို လုပ်တယ် … မေမေကတော့ ကျွန်တော့်အကို မွေးကင်းစကိုထိန်းပြီး လမ်းဘေးမှာ ပဲပြားကြော်၊ ကြာဇံကြော်၊ အာလူးတုတ်ထိုးရောင်းတဲ့ အလုပ်ကို လုပ်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့တယ် … တကယ်တော့ မေမေတို့မိသားစုက အဲ့အချိန်က ဒီလောက် မချို့တဲ့ခဲ့ပါဘူး … ဘောက်ထော်ထဲမှာ အိမ်ကြီးအိမ်ကောင်းတဲ့နေနိုင်တဲ့ သင့်တင့်ပြည့်စုံတဲ့ အတန်းအစားထဲကပါ … ဒါပေမယ့် ကျွန်တော့်အဖေလို လက်လုပ်လက်စား ကားပြင်စားတဲ့ သူတစ်ယောက်ကို ယူခဲ့ရမလားဆိုပြီး အမြွေဖတ်ထားခဲ့ကြတယ် … မေမေ့ ဆွေမျိုးတွေ မေမေ ဒုက္ခရောက်နေခဲ့တုန်းက ဘယ်သူမှ တစ်ချက်လာငဲ့ မကြည့်ခဲ့ကြဘူး …. ဒါကိုဖေဖေ ဂရုမစိုက်ခဲ့ပါဘူး … ကိုကို့ကို မွေးပြီး ၁ နှစ်အကြာ ၁၉၈၃ ခုနှစ်မှာ မိသားစုအတွက် ဘယ်လိုမှ အဆင်မပြေနိုင် တဲ့ ကားဝပ်ရှော့ပြင်ဆရာဘဝကို ဖေဖေစွန့်လွှတ်ပြီး ဖောင်ကြီးမှာ ဖွင့်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို တက်ခဲ့ တယ် .. သင်တန်းကရတဲ့ သင်တန်းသားလခ ၃၀၀ ကနေ မေမေသုံးဖို့ တစ်လကို ၂၅၀ ဖေဖေ အမြဲပို့ပေး ခဲ့တယ် … တစ်လကို ၅၀ နဲ့ ဖေဖေ ဘယ်လိုများ အဲ့အချိန်က စားသောက်ခဲ့ပါလဲ …. ကျွန်တော် မသိနိုင်ပါဘူး … အဲ့ကနေ ရဲအတတ်သင် သိပ္ပံကိုတက်ပြီး ဖေဖေ ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့တယ် ….

ဟုတ်ပါတယ် … ကျွန်တော့်ဖေဖေဟာ လူတော်တော်များများ အမြင်ကတ်ကြတဲ့ ရဲ ဝန်ထမ်းဘဝနဲ့ အသက်မွေးခဲ့ရတဲ့ သူပါ … ကျွန်တော်ကိုယ်တိုင်လည်း သိတတ်နားလည် လာတဲ့ အရွယ်မှာ လာဘ်ပေး လာဘ်ယူနဲ့ မကင်းကြတဲ့ ရဲဝန်ထမ်းဘဝကို ကြည့်ပြီး ရဲအလုပ်ကို တော်တော်ရွံမုန်းခဲ့ပါတယ် … ဒီအလုပ်မျိုး ကျွန်တော့်ဖေဖေ လုပ်ကိုင်နေတာကို မုန်းတဲ့အကြောင်းမေမေ့ကို ပြောပြဖြစ်တော့ " သား မင်းအဖေလုပ်တဲ့ အလုပ်အကိုင်ကို မင်းမစော်ကားရဘူး … မင်းအဖေ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်း ဟာ သမာအာဇီဝ ကျချင်မှ ကျမယ် .. ဒါပေမယ့် မင်းတို့ လူလားမြောက် ပညာတတ်တွေ ဖြစ်လာအောင် အခုမင်းအဖေ ရှာဖွေကျွေးမွေးတဲ့ ပိုက်ဆံနဲ့ မင်းတို့ အသက်ဆက်ခဲ့တာ .. နောက်ဒီလိုစကားမျိုး ဘယ်တော့မှ မပြောပါနဲ့ " လို့ မေမေ ကျွန်တော့်ကို ရှင်းပြခဲ့တယ် … ကျွန်တော့်ဘဝအတွက် သင်ခန်းစာ တစ်ခုပါပဲ … ကျွန်တော် မေမေပြောခဲ့ပြီးတဲ့ စကားကို ကြားခဲ့ကတည်းက ဖေဖေ့အလုပ်ကို ကျွန်တော် ဘယ်တော့မှ အဆိုးမမြင်တတ်ခဲ့တော့ဘူး … ကျွန်တော့်ဖေဖေ ရဲ့ အလုပ်အတွက် ကျွန်တော်ဂုဏ်ယူခဲ့တယ် … ကျွန်တော် ဖေဖေ့အလုပ်ကို သဘောမကျခဲ့ပေမယ့် ဖေဖေဟာ ကျွန်တော်ထင်ထားသလို အကျင့်ပျက် ဝန်ထမ်းတစ်ယောက်တော့ မဟုတ်ခဲ့တာ ကျွန်တော်သိပါတယ် … ဝန်ထမ်းဘဝဆိုတာ ဘေးပေါက်ကနေရလာတဲ့ ငွေကြေးပမာဏ တစ်ခုနဲ့ အသက်ဆက်ရှင်သန်ကြရတယ် ဆိုတာကို ဝန်ထမ်းဖြစ်ဖူးတဲ့သူ၊ ဝန်ထမ်းမိသားစုမှာ နေဖူးတဲ့သူတိုင်း သိကြပါတယ် … ဟုတ်ပါတယ် .. ကျွန်တော့် ဖေဖေလည်း ကြားပေါက်ဝင်ငွေနဲ့ ရပ်တည်ခဲ့ရတဲ့သူပါ …. ဒါပေမယ့် ဖေဖေ့ဆီ လာခဲ့တ့ဲ အမှုသည်မှန်သမျှဆီက ဖေဖေ ဘယ်တော့မှ လည်ပင်းညှစ်ငွေတောင်းတဲ့ အလုပ်မျိုး မလုပ်ခဲ့ဘူး … လိုအပ်လို့ အကူအညီလာတောင်း ကြတဲ့ သူတိုင်းမှာ ပြေလည်လို့ ကန်တော့ငွေအဖြစ်နဲ့ ဖေဖေ့ကို ပေးကမ်းကြရင် ဖေဖေလက်ခံသလို .. နွမ်းပါးချို့တဲ့တဲ့ မိသားစု မုန့်ဘူးတစ်ဘူးနဲ့ ရောက်လာခဲ့လည်း ဖေဖေ လက်ခံကူညီခဲ့ပါတယ် … ဘယ်ရွေ့ ဘယ်မျှလို့ သဘောမထားပဲ သူနိုင်သမျှ အတိုင်းအတာထိ ကြီးတဲ့အမှုကို ငယ်အောင် .. ငယ်တဲ့ အမှုကို ကွင်းလုံးကျွတ်လွတ်နိုင်အောင် ဖေဖေ အကျိုးဆောင်ပေး ခဲ့တယ် … ဖေဖေ့စေတနာကို နားလည်ကြလို့ မကောင်းမှုနဲ့ စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတိုင်း ရဲကိုမုန်းကြပေမယ့် ဖေဖေ့ကိုတော့ လူချစ်လူခင်များခဲ့တယ် … တစ်ချိန် အိမ်ထောင်ဦး ကာလ မိသားစု မပြေလည်ခဲ့စဉ်တုန်းက တစ်ချက် မထောက်ပံ့မကြည့်ရှုခဲ့ကြတဲ့ မေမေ့ ဆွေမျိုးတွေ ဖေဖေ ပြေလည်ချိန်မှာ အရှက်မရှိစွာရောက်လာကြခဲ့ကြပေမယ့် ဖေဖေ အငြိုှးမရှိ အပြုံး မပျက် ဧည့်ဝတ်ကျေခဲ့ ပါတယ် ….

ရဲဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်တဲ့ ဖေဖေ ၊ အမှုသည်တိုင်းအတွက် စေတနာရှေ့ထား ကူညီတတ်တဲ့ ဖေဖေ … သူ လုပ်ငန်းပိုင်းဆိုင်ရာ နှံ့စပ်ကျွမ်းကျင် ထူးချွန်ခဲ့ပေမယ့် ပုခုံးပေါ်က ကြယ်တစ်ပွင့်ကတော့ ၁၉၈၅ ခုနှစ်ကနေ ခုချိန်ထိ မတက်ခဲ့ဘူး …. သူနဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ရဲမှုးကြီးတွေ ဖြစ်နေကြပေမယ့် ဖေဖေကတော့ အရက်ရဲ့ ဆိုးကျိုးကြောင့် ဒုရဲအုပ်ဘဝမှာပဲ ရပ်နေခဲ့ရတယ် …. ခုချိန်ထိလည်း ဒုရဲအုပ်ပါပဲ .. နောက်လည်း တက်ဖို့ရာ မရှိနိုင်တော့ပါဘူး … ဖေဖေ ပင်စင်ယူဖို့ နီးကပ်လာခဲ့ပြီလေ … ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်လို့ ဖေဖေ့ကို ကျွန်တော် အပြစ်မတင်ပါဘူး … ဖေဖေဘာကြောင့် အရက်ရဲ့ ကျေးကျွန် ဖြစ်ခဲ့ရသလဲ ကျွန်တော် ကောင်းကောင်းနားလည်ပေးနိုင်ပါတယ် .... ဖေဖေ ဒုရဲအုပ်ဘဝနဲ့ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်လုံး ဘွဲ့ရအောင် ပြုစုပျိုးထောင်ပေးခဲ့တယ် … ဖေဖေခြစ်ချုပ်စုဆောင်းပြီး မေမေ့အတွက် ဝယ်ပေးခဲ့တဲ့ အိမ်လေး … ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပညာရေးအတွက် ရောင်းချသုံးစွဲပေးခဲ့ ရတယ် … ဖေဖေဖန်တီးပေးခဲ့လို့ ကျွန်တော် သိပ်ဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ခဲ့ရပြီး ကျွန်တော် BE ဘွဲ့ရတဲ့ အချိန်မှာတော့ ဖေဖေနဲ့ မေမေမှာ နေစရာ အိမ်မရှိတော့ပါဘူး …. အခုဆိုရင် ဖေဖေရော မေမေရော … နိုင်ငံတော်က ပေးတဲ့ ရဲစခန်းက လိုင်းခန်းသာသာ အိမ်ခန်းကျဉ်းကျဉ်းလေးမှာနေပြီး ဘဝကို ဖြတ်သန်းနေကြတယ် … ဒီအချိန်ဒီအရွယ်မှာ နောက်ထပ်အိမ်တစ်လုံး ဖန်တီးနိုင်ဖို့စွမ်းအား သူတို့မှာ မရှိကြတော့ပေမယ့် …. သူတို့ တစ်ချက် မငြီးငြူခဲ့ကြဘူး … သား ၂ ယောက် ပညာပြည့်စုံတာတောင် ဖေဖေ သူ့သားသမီးတွေ အတွက်

ဖြည့်ဆည်းပေးချင်နေတုန်း …
ရှာဖွေပေးချင်နေတုန်း ….
ဆင်မြန်းပေးအပ်ခဲ့ ချင်နေတုန်း ….

ဖေဖေ့မေတ္တာရဲ့ အနိှုင်းမဲ့မေတ္တာကို ရိုသေစွာ ခံယူရင်း ကျွန်တော် တစ်နေ့မှာ ဖေဖေနဲ့မေမေ့အတွက် တစ်ဖန် ပြန်လည်ပေးအပ်နိုင်ဖို့ ကြိုးစားရင်း …. အနာဂတ်နေ့ရက်များဆီသို့ ……….

KznT.

Related Posts