Waiting for What ??

စောင့်စားခြင်း နဲ့ စောင့်ဆိုင်းခြင်း ဆိုတဲ့ စာစုနှစ်ခုကြားက အဓိက ကွားခြားချက်ကို ကျွန်တော်လိုက်ရှာကြည့်မိတယ်။ တိတိကျကျ ကျွန်တော်မသိပေမယ့် စောင့်စားခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်ရှိစောင့်နေရသူ တစ်ယောက်အနေရဲ့ ဇွဲမလျော့ချင်တဲ့ ခံစားချက်ကို ညွန်းဆိုချင်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုစောင့်ဆိုင်းခြင်းကရော .... ? စောင့်ဆိုင်းခြင်းဆိုတာ စောင့်နေရသူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စောင့်မနေချင်ပေမယ့် မဖြစ်မနေ သို့တည်းမဟုတ် အခြေအနေတစ်ခုကြောင့် မစောင့်မနေစောင့်ရတော့မယ့် အနေအထားကို ရည်ညွန်းခြင်းလို့ထင်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ ထင်မြင်ချက်တွေပါ။ မှန်သလား မှားသလား ကျွန်တော်သေချာ မသိပါဘူး။


အခုဆိုရင် ကျွန်တော့်အသက် ၂၄ နှစ်ပြည့်ပါတော့မယ်။ သိပ်မကြာခင်မှာပေါ့။ လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်တော်ကိစ္စတော်တော် များများမှာ လူတော်တော်များများကိုရော ပစ္စည်းတော်တော်များများကိုရော စောင့်နေခဲ့ရဘူးတယ်။ လူတော်တော်များများကို စောင့်ရတယ်ဆိုတာ ကျွန်တော့်သူငယ်ချင်း၊ ဆွေမျိုး .... စသဖြင့်ပေါ့။ ပစ္စည်းတော်တော်များများကို စောင့်ရတယ်ဆိုတာကတော့ ဥပမာပြောရရင် ဘတ်စ်စကား။ :D

စောင့်နေရတဲ့ အလုပ်ကို ကျွန်တော် အရိုးစွဲလောက်အောင်မုန်းပေမယ့် အခုထက်ထိတော့ ကျွန်တော်စောင့်နေရတုန်းပဲ။ မှတ်မှတ်ရရ စောင့်ရတာတွေကို ပြောပြရရင် ... ဟိုးငယ်ငယ်လေးတုန်းကဆို မေမေဈေးက ပြန်အလာကို အမြဲစောင့်ရတယ်။ ဘာလို့စောင့်ရတာလဲ ဆိုတော့ မေမေဈေးက ပြန်လာပြီဆိုရင် ကျွန်တော့်ဖို့ အိုးပုတ်လေးတွေ အရုပ်မလေးတွေ ၀ယ်လာတတ်လို့။ :D

မေမေက ကျွန်တော့်ကို သိပ်ချစ်တာ။ ကျွန်တော်ကယောကျာင်္းလေးဆိုပေမယ့် မေမေက ဘောလုံးကန်တာတို့ ဘာတို့ဆို သိပ်ကြိုက်ချင်တာမဟုတ်ဘူး။ အားလည်းမပေးဘူး။ သူ့သားကျိုးပဲ့သွားမှာ စိုးလို့တဲ့လေ။ ယောကျာင်္းလေးတွေနဲ့ မပေါင်းရပဲ မိန်းကလေးတွေနဲ့ ပဲပေါင်းဖြစ်အောင် အိုးပုတ်တို့ အရုပ်မတို့ပဲ ၀ယ်ပေးတယ်။ အိမ်ဘေးနားက ဖူးဖူးသိန်းတို့ ဘာတို့ ဆိုတာ ကျွန်တော့် ဆော့ဖော်ဆော့ဖက်တွေပေါ့။ အခုတော့ သူလည်း ကျွန်တော်နဲ့ ကွဲသွားတာ နှစ် ၂၀ နီးပါးရှိပါပြီ။ ပူတာအိုကို ပြောင်းသွားတယ်ဆိုလား မသိဘူး။ ကျွန်တော့် ဘဝရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းပေါ့။ အသက်နည်းနည်းကြီးလာပြီး ကျောင်းစတက်တော့ နောက်တစ်ခုကို စောင့်ရပြန်ရော။ ကျောင်းလွှတ်မယ့် အချိန်လေ။ ကျွန်တော်က ငပျင်း ကျောင်းစာဆို ကြည့်ကို မကြည့်ချင်ဘူး။ သူများတွေက ကျောင်းစတက်ပြီဆိုတာနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရည်မှန်းချက် ကိုယ်စီနဲ့။ လူရည်ချွန်ဖြစ်ရမည် ဆရာဝန်ဖြစ်ရမည် ဘာညာပေါ့။ ကျွန်တော့်မှာလည်း ရှိတော့ ရှိတယ်။ ရည်မှန်းချက် ဟုတ်မဟုတ်တော့ မသိဘူး။ ကျွန်တော်စာမကျက်ပဲ စာရချင်တယ်။ ကျွန်တော့်ကို ရည်မှန်းချက်ပြောပါဆိုရင် အဲဒါကျွန်တော့် ရည်မှန်းချက်ပဲ။ အဲလိုနဲ့မုန့်စားဆင်းမယ့် အချိန်စောင့်၊ ကျောင်းလွှတ်မယ့် အချိန်စောင့်၊ ကျူရှင်လွှတ်မယ့်အချိန်စောင့် နဲ့ စောင့်လာလိုက်တာ နောက်ဆုံးကျွန်တော် ချစ်သူတစ်ယောက် ရခဲ့တဲ့အထိ။

ကျွန်တော် စောင့်စားခြင်းနဲ့ စောင့်ဆိုင်းခြင်းကို အရင်က ကွဲကွဲပြားပြားမသိခဲ့ပေမယ့် ငယ့်ကို ချစ်ခဲ့မိတဲ့ နောက်ပိုင်းမှာ အဲဒီစကားစုနှစ်ခုရဲ့ ကွာခြားချက်ကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဟိုးငယ်ငယ်လေးထဲကနေ ငယ်နဲ့မတွေ့ခင်အချိန်ထိ ကျွန်တော် စောင့်ခဲ့ရတဲ့ မုန့်စားဆင်းချိန်၊ ကျောင်းလွှတ်မယ့် အချိန် ဆိုတာတွေဟာ စောင့်ဆိုင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖြစ်ချင်တာကို မျိုသိပ်ထားရတဲ့ မျှော်လင့်ချက် ပြပွဲတစ်ခုပေါ့။ မစောင့်ချင်ဘူး ဒါပေမယ့် အခြေအနေတစ်ခုကြောင့် တော်တော်အောင့်အီး သည်းခံပြီးစောင့်ခဲ့ရတာ။ စောင့်ရတဲ့အလုပ်ကို တော်တော်မုန်းတီးခဲ့တဲ့ ကျွန်တော် ... ငယ်နဲ့ပတ်သတ်ပြီး စောင့်ရတာတွေကိုကျတော့ ပြင်းပြင်းထန်ထန်အားထုတ်စရာ မလိုပဲနဲ့ အဖေတစ်ယောက်က သမီးတစ်ယောက် ကျောင်းဆင်းတာကို ကျောင်းရှေ့က စောင့်နေမိသလိုမျိုး နေတတ်လာခဲ့တယ်။ ဒါဟာစောင့်စားခြင်းပေါ့။ ကျွန်တော်စောင့်ရတဲ့ အလုပ်ကို အရမ်းမုန်းတယ်ဆိုတာ သိတဲ့ငယ်ဟာ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် မဖြစ်မနေ နောက်ကျရတာကလွဲရင် ကျွန်တော်စောင့်နေတဲ့နေရာကို အချိန်မှီရောက်အောင် လာတတ်ပါတယ်။ ကျွန်တော်တို့ချစ်သူသက်တမ်း ၅ နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်သူ့ကို စောင့်ခဲ့ရတာရှိသလို အခြေအနေတစ်ခုကြောင့် သူကျွန်တော့် ကိုစောင့်နေခဲ့ရတာလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှာတူညီတဲ့ နားလည်မှု တွေရှိခဲ့ကြလို့ စောင့်နေရတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွက် ထူးထူးခြားခြား မပင်ပန်းမိခဲ့ကြဘူး။ ကျွန်တော် ငယ်နဲ့ပတ်သတ်ပြီး သူကျွန်တော့် ကိုစောင့်နေဖူးတဲ့ နေ့တွေထဲက နေ့လေးတစ်ရက်ကို အခုထိမှတ်မှတ်ရရ သတိရနေမိသေးတယ်။ နေ့တစ်နေ့ပေါ့ .... အဲဒီနေ့က ကျွန်တော်သူ့ကို လာကြိုမယ် ဆိုပြီး သူသင်တန်းတက်နေတဲ့ ဂျပန်သံရုံးနားက စက်ချုပ်သင်တန်းကျောင်းမှာ ချိန်းထားခဲ့မိတယ်။ တကယ်တော့ ကျွန်တော်ရူးတာပါ။ ကျွန်တော့်အလုပ်က သန်လျင်မှာ။ ကျွန်တော်ရုံးဆင်းချိန်နဲ့ သူသင်တန်းဆင်းတဲ့ အချိန်ဆိုတာ တကယ်တော့ ၄၅ မိနစ်သာသာပဲကွာတာပါ။ ကျွန်တော်က သူ့ထက်နဲနဲပိုစော ဆင်းတယ်ဆိုပေမယ့် သန်လျင်ကနေ ဂျပန်သံရုံးနားကိုရောက်ဖို့ဆိုတာ လိုင်းကားပဲစီးနိုင်တဲ့ ကျွန်တော့်အဖို့သူ့သင်တန်းဆင်းချိန်အမှီ ၄၅ မိနစ်အတွင်း ရောက်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အမြန်ဆုံးဖြစ်နိုင်မယ့် ဟိုင်းလတ်ကား ၁၈၁ ကို ရုံးဆင်းတာနဲ့ အပြေးအလွှားတက်စီးခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က ကံကလည်းချာပါတယ်။ စီးမိတဲ့ကားက ဓာတ်ဆီဆိုင်ဝင်ရော။ မကျေနပ်လို့ နောက်ကားတစ်စီး ပြောင်းစီးမယ်ဆိုပြီး ဓာတ်ဆီဆိုင်ကနေ နောက်ပြန်လျှောက် ကားမှတ်တိုင်မှာ စောင့်ပြန်တော့ ရှားလိုက်တဲ့ကား တစ်စီးမှကို မလာတော့ဘူး။ နောက်ဆုံးကားတစ်စီး တော့ရောက်လာတယ် တခြားကားတော့ မဟုတ်ဘူး။ ခုနက ဓာတ်ဆီဆိုင်မှာ ကျွန်တော်စိတ်မရှည်လို့ ထားပစ်ခဲ့တဲ့ကား ဓာတ်ဆီဖြည့်ပြီးလို့ ပြန်ရောက်လာတာ။ :D

အဲလိုပဲ .... အလွဲလွဲ အချော်ချော်နဲ့ ငယ့်ရှေ့ကိုရောက်ခဲ့တယ်။ ကျွန်တော် ( ၁ ) နာရီကျော်ကျော် လောက် နောက်ကျနေပါပြီ။ ကျွန်တော်ဘယ်လိုပြန်ရှင်းပြရမလဲ။ တကယ်တော့ ချစ်သူနဲ့ ပတ်သတ်ပြီး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေဆိုတာ ဘယ်လောက်ပဲခက်ခဲနေပလေ့စေ ဆင်ခြေပေး ဖြေရှင်းလို့ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ နောက်ဆုံးရလဒ် ကသာ အဓိကကျတာပါ။ ကျွန်တော် တော်တော်နောက်ကျခဲ့ပေမယ့် ငယ်ကျွန်တော့်ကို စောင့်နေပါသေးတယ်။ လမ်းဘေးပလက်ဖောင်း အုတ်ခုံလေးပေါ်မှာ ထမင်းချိုင့်လေးကို ကိုင်ပြီး သူထိုင်စောင့် နေခဲ့ပါတယ်။ ကျွန်တော်ငယ့်ကို အဲဒီနေ့ကစပြီး တော်တော် ချစ်သွားခဲ့မိတယ်။ ကျွန်တော့်ကို နောက်ကျတာနဲ့ ပတ်သတ်ပြီး အပြစ်လုံးဝမပြောခဲ့ဘူး။ စိတ်လည်း ကောက်မနေဘူး။ အရင်လိုပဲ ကျွန်တော် သူ့ထမင်းချိုင့်ကိုကိုင်ပေးတဲ့အချိန်မှာ ကျွန်တော့်ဘေးနားမှာ သူဝင်ရပ်ပြီး ကျွန်တော့်လက်တွေကို သူ့လက်တွေနဲ့ အရင်လိုပဲ နွေးထွေးပေးခဲ့တယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ချစ်သူ ... သူကျွန်တော့်ကို နားလည်တတ်လိုက်တာ။ တော်တော်ချစ်သွားမိလို့ လှည့်ပြီး အာဝါးပေးလိုက်ချင်ပေမယ့် လမ်းမကြီးမှာဖြစ်နေလို့ တော်တော်စိတ်ကို ထိန်းလိုက်ရတယ်။ :D

အရင်တုန်းက ကောင်လေးတွေက သူ့ချစ်သူကောင်မလေးတွေကို ဘာကြောင့်ခဏခဏနမ်းလဲလို့ ကျွန်တော်မသိခဲ့ဘူး။ အခုတော့ ကျွန်တော်သိပြီ ... တော်တော်ချစ်လို့ဆိုတာကို။ အခုကျွန်တော် ငယ်နဲ့အရမ်းဝေးတဲ့ တစ်နေရာမှာနေနေရတယ်။ လူချင်းဝေးနေပေမယ့် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်ကလွဲပြီး တစ်ခြားဘယ်သူမှမသိနိုင်ပါဘူး။ လူချင်းဝေးနေလည်း ကျွန်တော်တို့အခုချိန်ထိစောင့်နေရတုန်းပဲ။ တစ်ခါတစ်ခါ သူ အင်တာနက်ဆိုင်လာမယ့်အချိန်ကို ကျွန်တော်က စောင့်ရတတ်ပြီး တစ်ခါတစ်လေကျရင်တော့့ ကျွန်တော်အိပ်ပုတ်ကြီးလို့ ကျွန်တော်အွန်လိုင်းတက်မယ့် အချိန်ကို သူစောင့်နေရတတ်ပါတယ်။ ဘယ်လောက်ပဲ စောင့်ရစောင့်ရ ကျွန်တော်တို့ မပင်ပန်းခဲ့ကြပါဘူး။

ဒါဟာ စောင့်ဆိုင်း နေတာ မဟုတ်တော့ဘူးလေ။

ကျွန်တော်တို့ ချစ်သူကို စောင့်စား နေတာပါ။

( ၂၀. အောက်တိုဘာ. ၂၀၀၈ ) အမှတ်တရ။

KznT.

Jennifer Paige - Crush

It's just a little crush (crush)
Not like I faint every time we touch
It's just some little thing (crush)
Not like everything I do depends on you
Sha-la-la-la, Sha-la-la-la

Jennifer Paige - Crush



KznT.

Foreign is Sux !!

နိုင်ငံရပ်ခြားဟူသည် အဘယ်နည်း။ နိုင်ငံရပ်ခြားဆိုသည်မှာ မိမိနိုင်ငံနှင့် ရပ်ဝေးမြေခြားနေသော ဒေသကိုခေါ်ပါသည်။ ထိုနိုင်ငံရပ်ခြားတွင် မိမိနိုင်ငံနှင့်မတူသော ယဉ်ကျေးမှုများ၊ မိမိနိုင်ငံသားများနှင့် မတူသော ဘာသာစကားသံများ၊ မိမိနိုင်ငံသားများနှင့် မတူသော အလေ့အကျင့် အပြုအမူ ဓလေ့စရိုက်များ နှင့် အနေအထိုင် ရဲတင်းပွင့်လင်းမှုများ၊ မိမိမွေးရပ်ဌာနေနှင့် ကွဲပြားခြားနားလွန်းလှသည့် အစားအသောက်စီစဉ်မှုများ .... အစရှိသဖြင့် မျိုးစုံကွဲပြားလှပါသည်။


ဟိုးအရင်တစ်ပတ်က သူငယ်ချင်းတစ်ယောက် မွေးနေ့ပွဲသွားရောက်ရန်ရှိသဖြင့် ကျွန်တော် နေထိုင်ရာ အရပ်နှင့် အတန်ငယ်အလှမ်းဝေးလှသောသူ့အိမ်သို့ သွားရောက်ဖြစ်ခဲ့ပါသည်။ ခမ်းနားထည်ဝါလှသည့် မွေးနေ့ ဧည့်ခံပွဲမျိုး မဟုတ်သော်ငြားလည်း ကျွန်တော်မြန်မာတစ်ယောက်အနေဖြင့် မြန်မာထမင်းဟင်း ဧည့်ခံကျွေးမွေးသော ဤမွေးနေ့ပွဲသည် တန်ဖိုးမဖြတ်နိုင်သော ကြုံဆုံမှုတစ်ခုပင် ဖြစ်ပါသည်။ သူတည့်ခင်းသည့် ကြက်သားဟင်း၊ ပဲကုလားဟင်းနှင့် အစိမ်းကြော်သည် ဤဘဝတစ်သက်တာ အတွက်မေ့နိုင်ကောင်းမည် မထင်ပါ။ ထမင်းပွဲ အပြီးတွင် အချို ပွဲအဖြစ် ဌက်ပျောသီး၊ ဘီယာ၊ မြေပဲကြော်နှင့် အစိမ်းကြော် ဧည့်ခံပါသည်။

မြန်မာပြည်တွင်စားခဲ့ဖူးသည့် အချိုပွဲဆိုသည်မှာ အများအားဖြင့် လက်ဖက်၊ ကျောက်ကျော နှင့် ရေနွေးကြမ်း အစရှိသည်များသာများသဖြင့်ကျွန်တော်စားခဲ့ရသည့် အချိုပွဲမှာ အနည်းငယ်ထူးဆန်းနေသယောင်ယောင် ရှိပါသည်။ သို့သော် ကျွန်တော်ဖြေသိမ့်နိုင်ပါသည်။ကျွန်တော်နေထိုင်ရာအရပ်မှာ လက်ဖက်၊ ကျောက်ကျော၊ ထိုးမုန် ့ စသည့် မြန်မာ့ရိုးရာ အစားအစာများ မှ ကင်းဝေးရာအရပ် ဖြစ်ပါသည်။ ဤသာအရပ်ဒေသ မဆိုထားနှင့် ယခုခေတ် မြန်မာနိုင်ငံ ရန်ကုန် မြို ့တွင်ပင် ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ မုန် ့ကျွဲသဲ၊ မုန့်ဦးနှောက် အစရှိသည့် မြန်မာ့ရိုးရာ အစားအစာများ မည်သည့်နေရာ၌ မဆိုလွယ်လင့်တကူ ရရှိနိုင်ပါသေးသလော ..............

ငယ်သည် အရင်က ဘဏ်တစ်ခုတွင် စာရင်းကိုင်အလုပ် လုပ်ကိုင်နေသည့် ဘဏ်ဝန်ထမ်း တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်၏ အလုပ်မှာ ကျွန်တော်အလုပ်အားရက်တိုင်း ညနေသူ၏ရုံးဆင်းချိန်တိုင်းတွင် သူ၏ ထမင်းချိုင့် သေးသေးလေးအား ဘေးမှကိုင်၍ အိမ်ပြန်ခရီး လိုက်ပါ ပို့ဆာင်ရသည့် တာဝန်ဖြစ်ပါသည်။ အိမ်ပြန်ခရီးဟုဆိုသော်ငြားလည်း ကျွန်တော်တို့ မည်သည့်အခါမျှ အိမ်သို့ တန်းတန်းမတ်မတ် မပြန်တတ်ကြပါ။ ရုံး၏နဘေး ပန်းဆိုးတန်းမှတ်တိုင်မှနေ၍ ၄၅ သို့တည်းမဟုတ် ၅၁ ကားစီးကာ ကန်ဘောင်သို့ ရောက်ခဲ့ကြစမြဲ။ ရုံးဆင်းချိန်မှာ နေစောင်းသောအချိန် ဖြစ်သည်မှန်သော်လည်း စိုးရိမ်ပူပန်မူတစ်စုံတစ်ရာ ကျွန်တော်တို့ ထံတွင်မရှိကြပါ။ နှစ်ဘက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း အကုန်နီးပါးမျှ ကျွန်တော်တို ့၏ အနာဂတ်ကို ပုံဖော်ခွင့် ပြုခဲ့ကြပြီးဖြစ်သည်။

ကန်ဘောင်သည် နေစောင်းနေဝန်း မပျောက်ခင် ကာလတစ်ခု၌ စွတ်ပျံ့ အေးမြသော လေပြေရနံ ့တို ့ဖြင့် ချစ်သူစုံတွဲ အသီးသီးတို ့အား ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာ ပေးနိုင်သော ရန်ကုန်မြို ့၏ အေးချမ်းငြိမ်းမြသည့် နေရာတစ်ခု ဟုဆိုလျှင် မှားနိုင်မည်မထင်ပါ။ ထိုသို့ဖြင့်နေ့ပေါင်းများစွာ အားဖြတ်သန်းခဲ့ကြရင်း နေ့တစ်နေ့၌ ငယ် ကမမျှော်လင့်ပဲ ဘိန်းမုန့်စားချင်တယ် ဟုပူဆာခဲ့ပါသည်။ ဘိန်းမုန့်ဟူသည့် သေးငယ်အိထွေးသော မုန့်သေးသေးလေး တစ်ခုအတွက် ကျွန်တော်ဤမျှလောက် ဦးနှောက်မစားခဲ့ပါ။ လွယ်ကူရိုးရှင်းစွာပင် နောက်နေ့လာကြိုရင် ကိုဝယ်လာခဲ့မယ်ဟု ကတိပေးခဲ့မိပါသည်။ အမှန်တကယ်တော့ ကျွန်တော်၏ မှန်းဆချက်သည် လက်တွေ့ဘဝနှင့် ဆန့်ကျင်ဘက်ကျစွာ လွဲချော်ခဲ့ပါသည်။ နောက်တစ်နေ ့ ပန်းဆိုးတန်းမရောက်ခင် သိမ်ဖြူမှတ်တိုင်၌ ဆင်း၍လမ်းဘေး ဈေးဆိုင်လေးများ တစ်လျှောက် ဘိန်းမုန့်ရှာပုံတော်ခရီး စတင်ခဲ့ပါသည်။ ဆိုင်ပေါင်းမြောက်များစွာ ဖြတ်သန်းခဲ့သော်ငြား ဘိန်းမုန် ့၏ အငွေ့အသက်၊ ဘိန်းမုန့်၏အရိပ်အယောင် စိုးစဉ်းမျှမတွေ ့ရှိခဲ့ပါ။ မြန်မာ့ရိုးရာအစားအစာများ ကျွန်တော်ချစ်သော မြန်မာနိုင်ငံတွင် မည်သည့်အချိန်က ပျောက်ဆုံးသွားခဲ့ပါသနည်း။ ကျွန်တော် ကံကောင်းခဲ့ပါသည်။ ခက်ခက်ခဲခဲရှာဖွေမှု၏ ရလဒ်အဖြစ် ကျွန်တော် ဘိန်းမုန့်ရခဲ့ပါသည်။ သို ့သော် ..... ထိုရှာဖွေမှု၏ အကျိုးကြောင့် ရုံးဆင်းချိန်ထက် ၁ နာရီခန် ့မျှ နောက်ကျ၍ ငယ့်ဆီရောက်ခဲ့ပါသည်။ အရာရာနားလည်ပေးတတ်သော ငယ်သည်ကျွန်တော်၏ နောက်ကျမှုအား တစ်စုံတစ်ရာ အပြစ်မဆိုခဲ့ပါ။ ဘိန်းမုန့်မျက်နှာပါ၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ :D

ယခု ကျွန်တော့်ချစ်သူ တမ်းမက်ခဲ့သော အရာအားကျွန်တော် တစ်ဖန်ပြန်၍ လိုချင်နေမိသည်။ မှန်ပါသည်။ ကျွန်တော် ဘိန်းမုန့် စားချင်နေပါသည်။

သို့သော် ........

ဤနေရာတွင် ဘိန်းမုန့်မရှိပါ။

ဤနေရာတွင် ကျွန်တော့်ချစ်သူမရှိပါ။

ဤနေရာသည် အားလုံးသိကြသည့် နိုင်ငံခြားသာလျှင်ဖြစ်ပါသည်။

KznT.

Once upon a Time

ချစ်သူများနေ့ အမှတ်တရအဖြစ် ငယ့်ကိုပေးရန် ကျွန်တော် နှင့့် ကျွန်တော့်သူငယ်ချင်း ပျိုးပင်၊ အလှပန်းပင်လေးများ စုံလင်စွာရောင်းချသော ပျိုးဆိုင်လေးတစ်ဆိုင်သို့ ရောက်ခဲ့ကြသည်။


ယခင်နှစ် ချစ်သူများနေ့ ဆိုလျှင် ဖုန်းဆက်ရုံ လောက်ကလွဲ၍ မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ဘူးသောကျွန်တော် ... ထိုနှစ်က ကျွန်တော့် သူငယ်ချင်းဆီတွင်တွေ့ခဲ့ရသော အမျိုးအမည်မသိ ချစ်စရာကောင်းသည့် ပန်းပင်လေးတစ်ပင်ကြောင့် ဤဆိုင်လေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ နူးညွတ်တိမ်းမူးဖွယ်ကောင်းသော အရောင်အသွေး စုံလင်စွာဖြင့် လန်းဆန်းမွှေးပျံ့ နေကြသည့် ပန်းပေါင်းစုံများကြားတွင် ကျွန်တော် မိနစ်ပေါင်းများစွာကြာကြာ မည်သည့်ပန်းပင်လေးအား ချစ်သူအတွက် နှင်းအပ်သင့်မည်နည်းဟု ဝေခွဲမရဖြစ်နေခဲ့မိပြီး .... နီနီရဲရဲ အငုံအဖူး ပေါင်းမြောက်များစွာဖြင့် လန်းဆန်းပွင့်ဖူး လာတော့မည့် ပုပုရဲရဲ အပင်လေးတစ်ပင်အား ရွေးချယ်ဖြစ်ခဲ့သည်။ ချစ်သူနှင့် အစဉ် သဖြင့် ဝေးကွာသောနေရာတွင် နေရတတ်သည့် ကျွန်တော်သည် ချစ်သူများနေ့ ချစ်သူဘေးနား ရောက်ရှိရေးအတွက် အတော်ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပါသည်။ မှတ်မိပါသေးသည်။ ထိုနေ့ချစ်သူဆီသို့ အပြန် Express ကားပေါ်၌ ကားမူးတတ်သူတစ်ယောက်နှင့် ဘေးချင်းယှဉ်ရက်ကျခဲ့ ၍ ကျွန်တော့်ပန်းပင်လေးအား Express ကား၏ လျှောက်လမ်းပေါ်သို ့မချရဲတော့ပဲ ပေါင်ပေါ်တွင်ပင်သူ ့ကိုတစ်ညလုံး တင်သိပ်ခဲ့ရသည်။ အပင်လေးအားပွေ့ပိုက်ရင်း မှေးခနဲတစ်ရေး အိပ်ပျော်သွားသော်လည်း အိပ်မက်ဆိုးတစ်ခုကြောင့် လန် ့နိုးခဲ့မိသည်။ အိပ်မက်ထဲတွင် ထိုသူက ကျွန်တော့် ပန်းပင်လေးပေါ်သို့ အမူးရေစဉ်များ သွန်းချခဲ့သည်ဟူ၍ .... ချစ်သူတစ်ယောက်အား ပန်းပင်တစ်ပင် လက်ဆောင်ပေးခြင်းသည် စံတင်လောက်အောင် ကဗျာဆန်လွန်းသည့် စွမ်းဆောင်ချက် တစ်ခုမဟုတ်သော်လည်း ကျွန်တော် အမှန်တကယ်ပင်ပန်းခဲ့ပါသည်။ ထိုအကြောင်းအရာအား ချစ်သူနားမလည်နိုင်မည်မှာ သေချာသော်ငြားလည်း ကျွန်တော်ကျေနပ် ပါသည်။ ကျွန်တော်၏ တန်ဖိုးထားခြင်းနှင့် ထပ်တူ ထိုအပင်လေးအား ချစ်သူလည်း မြတ်နိုးခဲ့သည်တဲ့လေ။

အပင်တစ်ပင်၏ ရှင်သန်ခြင်းသည် နှစ်ပေါင်းမည်မျှ တည်တံ့နိုင်ပါသနည်း။ နှစ်ပေါင်း တစ်ရာလော ... နှစ်ရာလော ... တစ်ထောင်လော ....မည်သူတပ်အပ်သိနိုင်ပါမည်နည်း။ ကျွန်တော်လည်း မသိနိုင်ခဲ့ပါ။ ခန့်မှန်းရန်ခက်ခဲသော သစ်ပင်တစ်ပင်၏ ရှည်ကြာတည်တံ့နိုင်မှုဆိုသည်မှာ ကျွန်တော့်အတွက်တော့ ၁ လတာခန့်မျှ သာ ရှင်သန်ခွင့်ရခဲ့ပါသည်။ ဖုန်းထဲတွင် ချစ်သူပြောခဲ့သည့် အပင်လေး သေသွားပြီဆိုသော ညက တစ်ညလုံး ကျွန်တော်အိပ်မပျော်ခဲ့ပါ။ မည်သည့်အတွက် ကျွန်တော်တို ့၏ အမှတ်တရ ပန်းပင်လေး သေဆုံးခဲ့ရပါသနည်း။

ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်လော .....ချစ်သူ၏ ဖယ်ကျဉ်မှုကြောင့်လော .....

မဖြစ်နိုင်ပါ။ ငယ်သည် ကျွန်တော့်ထက်ပို၍ ဂရုစိုက်တတ်သည့် သူဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့်နည်း။ ဤကမ္ဘာပေါ်၌ ရှင်သန်နေထိုင်နေကြသည့် သက်ရှိသတ္တဝါ မှန်သမျှတို့သည် မိမိစွမ်းဆောင်နိုင်ရည်အား ဖော်ထုတ်အသုံးချနိုင်သည့် အရွယ်သို့ ရောက်ရှိသည်နှင့် ငယ်စဉ်ဘဝရှင်သန်ခိုလံှုခဲ့ရာ လောင်းရိပ်အောက်မှနေ၍ ဖယ်ခွာစွန့်ထွက်ပြီး မိမိဘဝခရီးအား ကိုယ်တိုင်အားပြု ကြိုးစားလျှောက်လှမ်း ကြရသည်မှာ သဘာဝ၏ အမှန်တရားတစ်ခု ဖြစ်ပါသည်။ ထိုသို့ ကြိုးစားခွင့်ရမှသာ လူငယ်တို ့၏ စွမ်းဆောင်ရည် နှင့် ကြံ့ကြံ့ခံနိုင်မှုတို ့သည် ဘဝလမ်းခရီးတစ်ခုတွင် အတွေ့အကြုံတစ်ခုအဖြစ် ကျန်ရစ်စေပြီး အခက်အခဲများအား ရင်ဆိုင်တွန်းလှန် နိုင်သည့်၊ စွမ်းဆောင်ရည်မြင့်မားသော လူငယ်ထုအဖြစ်သို ့ကျန်ရစ်စေမည်ဖြစ်သည်။သို့ရာတွင် အချို ့သော လန်းဆန်းပျိုမြစ်သည့် လူငယ်တချို ့မှာ ... မိဘ သို ့တည်းမဟုတ် လောင်းရိပ်တစ်ခု၏ ပုံသွင်းမှုကြောင့် မိမိ လျှောက်လှမ်းရမည့် ဘဝခရီးလမ်းအား လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းခွင့် မရကြတော့ပဲ လောင်းရိပ်မိသော ပင်ငယ်တချို့ကဲသို ့သူတို ့၏ လောင်းရိပ်အသီးသီးအောက်၌ပင် အသက်ရှင်လျက်နှင့် ဘဝသေခဲ့ကြရသည်။ လောင်းရိပ်ဆိုသည်မှာ အရွယ်မတိုင်သေးသည့် ကလေးငယ်များ အတွက်သာလျှင် သင့်တော်သောနေရာတစ်ခု မဟုတ်ပါလော။ နောက်တစ်နေ့ မနက်စောစီးစွာ... ငယ့်ဆီသို ဖုန်းဆက်၍ ပန်းပင်လေးမည်သည့်အတွက် သေဆုံးခဲ့ရသနည်းဟု မေးမိခဲ့သည်။ ကျွန်တော့် မျှော်မှန်းချက်များ ထပ်တူကျခဲ့ပါသည်။ ထိုပန်းပင်လေးအား လောင်းရိပ်အောက်တွင် ရှင်သန်စေခဲ့မိသည် ဟူ၍ .....

ကျွန်တော်တို့ လူငယ်ဘဝဆိုသည်မှာ မျှော်လင့်ချက်ပေါင်းမြောက်များစွာနှင့် ရှင်သန်နေကြသည့် ပင်ငယ်များနှင့်သဏ္ဍန် တူပါသည် ....လောင်းရိပ်မိသော အပင်ငယ်တစ်ပင် သေဆုံးသွားခြင်းဆိုသည်မှာ ထိုအပင်ငယ်၌ ဘဝမရှိ၍ မည်သို့မျှ ထူးခြားမှုမရှိသော်ငြားလည်း လူငယ်တစ်ယောက် လောင်းရိပ်မိခဲ့လျှင်ကား ဘဝတစ်ခုလုံး အညွန့်တုံးတတ်သောကြောင့် ကျွန်တော်တို့ လူငယ်များအနေဖြင့် လောင်းရိပ်မမိစေရန် ဆိုသည်မှာ လွန်စွာမှ သတိပြုသင့်လှသော အကြောင်းချင်းရာတစ်ရပ် ဖြစ်ပါသည်။

KznT.

Far away .....


ကျွန်တော် မရောက်နိုင်တဲ့ ကျွန်တော့်ချစ်သူဆီကိုလား ...


သီချင်းတစ်ခုကို နားထောင်မိရင်း အပြင်ကိုငေးကြည့်မိတယ်။ လေမထန်၊ မိုးမပြင်းတဲ့ ကောင်းကင်မှာ ခပ်အုပ်အုပ်တိမ်စိုင်မည်းမည်းတွေ ဟိုးအဝေးတစ်နေရာကနေ ကျွန်တော့်ဆီကိုရွေ ့လာနေကြသလိုပဲ။ သူတို့ ရဲ ့ဦးတည်ရာက ဘယ်ကိုလဲ ...ကျွန်တော့်ဆီကိုလား ... ကျွန်တော်မရောက်နိုင်တဲ့ ကျွန်တော့် ချစ်သူဆီကိုလား ... ကျွန်တော်နဲ ့မိုင်ထောင်ချီဝေးတဲ့ တစ်နေရာမှာရှိနေတဲ့ အင်းလျားကန်ဘောင်ပေါ်က ချစ်သူစုံတွဲတွေဆီကိုလား ... သူတို ့ဘယ်ကိုဦးတည်ကြမှာလဲ ...
ကျွန်တော်ကရော ...ဒီနေရာကို ဘာဦးတည်ချက်နဲ ့ရောက်နေတာလဲ ...
ကျွန်တော်ရဲ ့ဦးတည်ချက်ကရော ...ဘယ်ကိုလဲ....


လေးဖြူရဲ ့ လမ်း ဆိုတဲ့သီချင်း လေး။ ဒီသီချင်းတစ်ခေါက်ပြီးဆုံးသွားတဲ့ အချိန်တိုင်း ကျွန်တော့်စိတ်ထဲမှာ အမြဲကျန်ရစ်နေခဲ့တဲ့ စာကြောင်းလေးကြောင်း ....

မင်းနဲ ့ငါကြား တံခါးတစ်ချပ်ခြားလို ့ထား ...
မျက်စိနဲ ့ကြည့်လို ့မတွေ ့တဲ့သော့နဲ ့ခတ်ပိတ်ထား ...
မင်းနဲ ့ငါကြားထဲပျောက်ပျက်သွားတဲ့ မိနစ်များ ...
မင်းနဲ ့ငါချစ်ခွင့်မရတဲ့ နေ ့ရက်တို ့ရဲ ့ပြက္ခဒိန်ဟောင်းတြွေကား ...

ဒီသီချင်းရဲ ့နောက်ကွယ်က အင်အားတစ်ခုခုမှာ ကျွန်တော့စိတ်ကို တစ်ခုခုလစ်ဟာနေအောင်ဖမ်းစားနိုင်တဲ့
စွမ်းအားတစ်ခုရှိနေသလိုပဲ။ကျွန်တော် တံခါးတစ်ချပ်ကိုမုန်းတယ်။ ကျွန်တော့်ချစ်သူရဲ ့ပတ်ဝန်းကျင်နဲ့ ကျွန်တော်ရပ်တည်နေရတဲ့ပတ်ဝန်းကျင်ရဲ ့ကြားက ဒီမတူညီတဲ့ ပတ်ဝန်းကျင် (၂) ခုကိုခြားထားတဲ့ တံခါးတစ်ချပ် ....

ဖန်ဆင်းရှင်တစ်ယောက်ရဲ ့စွမ်းအားတွေ ဒီကျွန်တော့်ကိုယ်ထဲမှာသာ ရိှနေခဲ့မယ်ဆိုရင် ကျွန်တော်တို့ ချစ်သူနှစ်ယောက်ကြားက တွေ ့ဆုံခွင့်မရပဲ ပျောက်ပျက်ခဲ့တဲ့ ပြက္ခဒိန်ဟောင်းတွေထဲက နေ ့ဟောင်းတွေဆီ ကျွန်တော်ပြန်ရောက်ချင်တယ်။လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာဆိုရင် ဒီကမ္ဘာမှာ မျှော်လင်ချက် အများဆုံးသူဟာ ကျွန်တော်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။

အလွမ်းညတွေ ကုန်လွန်ပါရစေတော့ ....
ဝေးကွာမှုတွေ အဆုံးသတ်ပါရစေတော့ ....
ဆုံတွေ ့ခွင့်ရပါရစေတော့။



KznT.

Set Windows as Default OS when Dual Booting Ubuntu

ကျွန်တော်တို့တွေကို Ubuntu ကို Windows နဲ့ dual-boot တွဲသုံးတဲ့ အခါမှာ Windows ကို ပိုအားကိုးပြီး သုံးနေကြရတဲ့ သူတစ်ယောက် အတွက် စိတ်ပျက်ဖို့ ကောင်းတာ တစ်ခုက Grub loader လို့ခေါ်တဲ့ Windows အခေါ် Boot loader မှာ Default Operating System က Ubuntu ဖြစ်နေတာပါ - Restart ပေးရင် ဖြစ်ဖြစ် - ကွန်ပြူတာ စဖွင့်ရင် ဖြစ်ဖြစ် အဲ့ဒီ့ Grub loader ပေါ်တဲ့ အထိစောင့်ပြီး Windows ကို ရွေးရွေးပေးနေရတာ တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေပါတယ် - အဲလို စိတ်ကသိကအောက် ဖြစ်နေရရင် Grub loader မှာ Default Operating System ကို Ubuntu ကနေ Windows  ပြန်ဖြစ်အောင် bootup options မှာ ပြောင်းယူလို့ ရတဲ့ နည်းလမ်းတွေတော်တော်များများ ရှိပါတယ် -  အောက်မှာဖော်ပြထားတဲ့ နည်းက အဲလိုနည်းလမ်းပေါင်း များစွာထဲက လွယ်ကူတဲ့ နည်းတစ်နည်းပါ -

အရင်ဆုံး System --> Administration ကိုသွားပြီး သူ့အောက်မှာ Startupmanager ဆိုတာ ရှိမရှိ ကြည့်ပါ - တကယ်လို့ မရှိဘူး ဆိုရင် Applications --> Accessories --> Terminal ကိုသွားပြီး အောက်ဖော်ပြပါ စာကြောင်းတွေကို ရိုက်သွင်းပါ -



sudo apt-get install startupmanager
အဲလိုရိုက်ပြီး Enter ခေါက်လိုက်ရင် Password တောင်းပါလိမ့်မယ် - Password ထည့်လိုက်ပါ - နောက် သူ့ဘာသာ သူ ရှေ့ဆက်သွားပါလိမ့်မယ် - နောက်တစ်ဆင့်မှာ
Do you want to continue {y/n}?
ဆိုပြီး မေးပါလိမ့်မယ် - "y" ဆိုပြီး ရိုက် Enter ခေါက်ပါ - လုပ်ဆောင်နည်း အသေးစိတ်ကို အောက်ဖော်ပြပါ ပုံမှာ ပြထားပါတယ် - လေ့လာကြည့်ပါ -


အဲလို ဆက်သွားလိုက်ပြီး ပြီးသွားရင် Terminal ကို ပိတ်ပြီး System --> Administration အောက်မှာ Startupmanager ရှိမရှိ ထပ်ကြည့်လိုက်ပါ - သူ့ကို အောက်မှာ ဖော်ပြထားသလို တွေ့ရပါလိမ့်မယ် -


အဲ့ဒီ Startupmanager button ကိုနှိပ်လိုက်ရင် Administrative tasks တွေလုပ်ဆောင်ဖို့ အတွက် Password ထပ်တောင်း ပါလိမ့်မယ် - ပုံမှန်အတိုင်း ကိုယ့် Password ကို ပေးပြီး ရှေ့ဆက်သွားလိုက်ရင် အောက်ဖော်ပြပါ အတိုင်း Window တစ်ခု ပွင့်လာပါလိမ့်မယ် - အဲ့ဒီကနေ Timeout နေရာမှာ ကိုယ် ကြာစေချင်သလောက် ရွေးပေး - နောက် Default operating system မှာ ကိုယ်ထားချင်တဲ့ Windows ကို ရွေးပေးပြီး Close လိုက်ပါ။


ခုဆိုရင် Grub loader မှာ Ubuntu ကနေ windows ကို ပြောင်းသွားပါပြီ - System ကို Restart ပေးပြီး ကြည့်ကြည့်ပါ - အရင်လို Choice လုပ်စရာမလိုတော့ပဲ Windows တက်လာပါလိမ့်မယ် - Ubuntu ဝင်ချင်ရင်တော့ ပြန်ရွေးပေးပြီး ဝင်ရပါလိမ့်မယ်။

KznT.

Romance

ချစ်ခြင်းတစ်ခုရဲ ့သိမ်မွေ ့မှုတွေ ....
ချစ်ခြင်းတစ်ခုရဲ ့နက်ရိှုင်းမှုတွေ ....


ကျွန်တော် အချစ် ဆိုတဲ့အရာကို ကောင်းကောင်း မသိပါဘူး။ အချစ်မှာ တစ်ခါမှလည်း မက်မက်မောမော နက်နက်ရှိုုင်းရိှုင်း မပျော်ဝင်ခဲ့ ဘူး ဘူး။ ကျွန်တော် အချစ်ကို အချစ်လို ့ပဲမြင်ခဲ့ဘူးပါတယ်။ 
ချစ်ခြင်းတစ်ခုရဲ ့ သိမ်မွေ ့မှုတွေ .....
ချစ်ခြင်းတစ်ခုရဲ ့ နက်ရိှုင်းမှုတွေ .....
ဖန်တီးပုံဖော်ပြလို ့မရတဲ့ ချစ်ခြင်းတရားရဲ ့ လွှမ်းမိုးမှုတွေ .....
သူတို ့တွေအားလုံးဟာ အချစ်တစ်ခုမှာပျော်ဝင်နစ်မျောခဲ့ကြဘူးတဲ့သူတိုင်း ကြုံဆုံခဲ့ရဘူးပါတယ်။ ကျွန်တော်လည်း သူတို ့လိုပဲပေါ့။

ပျော်ဝင်ခြင်းဆိုတာ ပျောက်ဆုံးခြင်းရဲ ့ နိဒါန်းတစ်ခုလို ့ပြောလို ့ရပေမယ့်ကျွန်တော့်အတွက်တော့ ငယ်ဟာ ဘယ်တော့မှပျောက်ဆုံးသွားမှာ မဟုတ်သလို .... ဘယ်တော့မှ ဝေးကွာသွားမှာလည်း မဟုတ်ပါဘူး။
သူနဲ ့ကျွန်တော် အခုဝေးကွာနေပေမယ့် သူနဲ ့ကျွန်တော်နဲ ့ကြားက မိုင်တိုင်တွေရဲ ့ကြားမှာ ကျွန်တောတို ့ရဲ့ နှလုံးသားတစ်စုံစီ နေရာချခဲ့ပြီးသား ...

ကျွန်တော်တို ့ချစ်သူဘဝရဲ ့ မှတ်တိုင်တစ်ခု .. 


KznT.

Related Posts