Photoshop Keyboard Shortcuts

ကျွန်တော် ဒီ post မှာတော့ MF မိသားစုဝင်များထဲက Photoshop အသုံးပြုနေသူများ အတွက် အသုံးတည့်လောက်မယ့် PDF-File အဖြစ် ပြောင်းလဲထားတဲ့ Keyboard Shortcuts လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့မှာ ဆိုရင် Adobe Photoshop  ထဲမှာ ပါဝင်တဲ့ keyboard shortcuts တွေထဲကမှ အသုံးအဝင်ဆုံး shortcuts လေးတွေကို စုစည်းပြီး သုံးရလွယ်ကူအောင် ပြုလုပ်ပေးထားတာပါ။ ဒီ cheat sheet လေးကို Kenneth Setzer က ဖန်တီးထားတာ ဖြစ်ပါတယ်။




ဒီ cheat sheet က mousepad-sized နဲ့ ဖြစ်ပြီး PC keyboard မှာပါဝင်တဲ့ Features တွေနဲ့ လည်း ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် Photoshop’s keyboard shortcuts တွေကိုလည်း ကီး တစ်ခုချင်းစီမှာ လိုက်ပြီး ပေါင်းထည့်ပေးထားပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ shortcut တွေက Ctrl key နဲ့ ပေါင်းပြီး နှိပ်ရမယ့် shortcut တြွေဖစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Photoshop မှာ "t" ဆိုတဲ့ စာလုံးဟာ Type tool ကို activate လုပ်ဖို့ ဖြစ်ပြီး ၊ Ctrl+t ကို နှိပ်မယ် ဆိုရင်တော့ ကျွန်တော်တို့တွေ Transformation tool ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ keys (  ၂ ) ခုထက်ပိုပြီး တွဲသုံးရမယ့် shortcuts တွေအတွက်လည်း စာရင်းပြုစုပေးထားပါတယ်။



Using Windows Live Movie Maker

Microsoft ကနေ တတိယလိှုင်း လွှင့်ထုတ်မှု အဖြစ်နဲ့ Windows Live Essentials Suite ကို January လက ထုတ်လွှတ်ပြီးခဲ့တဲ့ နောက်မှာ အရေးကြီးဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အရာတစ်ခု ကျန်ရစ်နေခဲ့ပါတယ်။ အဲတာကတော့ သိပ်ကောင်းလှတယ်လို့ မဆိုသာပေမယ့် အသုံးတည့်လှတဲ့ Windows Movie Maker ပါ။ Microsoft ကနေ အတည်ပြုပြီးသွားတဲ့ Windows Live Movie Maker 1.0 အတွက် နေ့ရက်တွေကတော့ ကျွန်တော်တို့ရဲ့ နောက်မှာ ကျန်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ မှန်ကန်မြန်ဆန်တဲ့ တည်းဖြတ်မှုတွေနဲ့ အချိန်နဲ့ တပြေးညီ ဖြန့်ဝေမှု ( Sharing ) တွေကို လုပ်ဆောင်ချင်မယ် ၊ နောက်ပြီး Home movies တွေ - ကျွန်တော်တို့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဓာတ်ပုံတွေအတွက် အရည်အသွေးပြည့်မှီပြီး ထိမိတိုတောင်းတဲ့ ဗွီဒီယိုဇာတ်လမ်း တစ်ခု စတာတွေကို အလွယ်ကူ အလျင်မြန်ဆုံး လုပ်ဆောင်ချင်မယ် ဆိုရင်တော့ အဝေးကြီးကို လိုက်ရှာမနေပါနဲ့။ သူကတော့ Windows Movie Maker ပါပဲ။



အသုံးပြုတဲ့ Users တွေ အနေနဲ့ ဘာတွေ လိုအပ်နေမလဲ ဆိုတာ အစဉ်သဖြင့် ဈေးကွက်ကိုလေ့လာနေတဲ့ Microsoft အတွက် Users အတော်များများ တောင့်တနေကြတဲ့ ကိုယ်ပိုင် Home videos တစ်ခုခု ကိုယ်ပိုင်ဖန်တီးတဲ့ လုပ်ငန်းစဉ်တွေ ဓာတ်ပုံတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အရည်အသွေးမြင့် ဗွီဒီယိုတွေကို နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ကို အသေးစိတ် တိတိကျကျ သိနားလည်စရာမလိုပဲ အလွယ်တကူ ၂ မိနစ် ၃ မိနစ် အတွင်း သာမာန် အသုံးပြုသူ ကိုယ်တိုင် ဖန်တီးနိုင်အောင် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကိုရော တစ်ခြား ကဏ္ဍလိုက် ပြုပြင်ပြောင်းလဲမှုတွေကိုပါ Windows Movie Maker မှာ အသစ်ထပ်မံ ပြုလုပ်ခဲ့ပါတယ်။


Windows Movie Maker မှာ ဘာတွေ စီစဉ်ထားရှိသလဲ ဆိုတာကို အတိုချုံး ပြောရရင် ကျွန်တော်တို့ရဲ့ ဓာတ်ပုံတွေ ၊ ဗွီဒီယိုတွေကို အတူတကွ ပေါင်းစည်းပြီး တစ်ခြားသူတွေဆီ အရည်အသွေးမြင့်မားတဲ့ ဗွီဒီယို ဖိုင် တစ်ခုအဖြစ် ဝေမျှနိုင်အောင် စွမ်းဆောင်နိုင်စေဖို့ ကူညီထားပါတယ်။ အရည်အသွေးမြင့်မားတယ်ဆိုပေမယ့် နည်းပညာပိုင်းဆိုင်ရာ အသုံးပြုရ ခက်ခဲမှု ဆိုတာတွေမျိုးတွေလည်း မရှိအောင် ၊ နည်းနိုင်သမျှ နည်းအောင် စီစဉ်ထားပါတယ်။ ဒီနေ့ ခေတ်မှာတော့ လူအတော်များများ မှာ သူတို့နိုင် အချိန်တိုင်းလိုလို မပြတ်တမ်းဆောင်ထားကြတဲ့ ကင်မရာ ဒါမှမဟုတ် Phone camera ဆိုတာရှိနေတတ်ကြပြီး သူတို့တွေ အလည်အပတ်ခရီး သွားကြလာကြတဲ့ အခါမှာလည်း သူတို့နဲ့ အတူ အဲ့ဒီ့ပစ္စည်းတွေက မပြတ်တမ်းမှတ်တမ်းတင်နိုင်ဖို့ ရှိနေကြပါပြီ။ ဒါပေမယ့် ဒီ အမှတ်တရ ခရီးစဉ်မှာ ပါဝင်လာတဲ့ ကိုယ့်ရဲ့ဗွီဒီယိုထဲက ရုပ်ပုံတွေကို ကျွန်တော်တို့တွေ ဆုပ်ကိုင်နိုင်ဖို့ လွယ်တယ်၊ ဒါပေမယ့် တည်းဖြတ်ဖို့တော့ ခက်နေပါတယ်။ နောက်ပြီး လူအတော်များများက Video Sharing Sites တွေနဲ့ ပတ်သတ်လာရင် အတော်များများ တော်တော်ကြည့်ရ အဆင်မပြေတဲ့ ဥပမာပြောရရင် Youtube လို sites မျိုးတွေနဲ့ အကျွမ်းတဝင် ဖြစ်နေခဲ့တာလည်း ကြာပါပြီ။ ဒီအခက်အခဲတွေ ပြေလည်စေဖို့ Windows Movie Maker နဲ့ ပြင်ဆင်ကြည့်ပါမယ်။

Windows Movie Maker အား အသုံးပြုခြင်း

ဒါဘယ်လိုမျိုးပါလိမ့်လို့ ကျွန်တော်တို့တွေ စဉ်းစားနေစရာ မလိုလောက်အောင်ကို Windows Movie Maker က အသုံးပြုရလွယ်ပါတယ်။ သူ့မှာပါဝင်လာတဲ့ UI က လုပ်ဆောင်ဖို့ ကိရိယာတန်ဆာပလာ စုံလင်တဲ့ Toolbar ( Windows 7 ရဲ့ Paint နဲ့ WordPad မှာ ပါတဲ့ Toolbar တွေနဲ့ အပြင်အဆင်ခြင်း တူညီသယောင်ရှိပေမယ့် Windows Movie Maker အတွက် ထည့်သွင်းထားတဲ့ Toolbar ကတော့ ပိုပြီး အံ့သြလောက်အောင် ပြည့်စုံပါတယ်။ ) ၊ Video Preview Pane နဲ့ Content Pane တို့ပဲ ဖြစ်ပါတယ်။



ကျွန်တော်တို့ ထည့်သွင်းချင်တဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ စတာတွေကို Drag ဆွဲပြီး Application ထဲထည့်လိုက်တဲ့ အခါ သူတို့တွေ အားလုံး Content Pane ထဲမှာ အစီအစဉ်တကျ နေရာချ တင်ပြထားတဲ့ ပုံစံမျိုးနဲ့ စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာပဲ ကိုယ်သဘောမကျတဲ့ စီစဉ်မှုတွေရှိနေရင် အပေါ်ကနေ အောက်ကို ၊ ဘယ်ကနေ ညာကို စသဖြင့် မိမိအလိုရှိသလို Drag ဆွဲ ရွှေ့ပြောင်းပြီး အစီအစဉ်ချလို့ ရပါတယ်။ ဒါတင်မက ကျွန်တော်တို့ရဲ့ ဗွီဒီယိုတွေကို ဓာတ်ပုံတွေနဲ့ အတူတကွ ရောစပ်တွဲဖက်လို့ ရပါသေးတယ်။ ဒီနေရာကနေပြီး တစ်ခြားအသုံးဝင်လှတဲ့ လုပ်ဆောင်နည်းတွေနဲ့ အသုံးချနည်းတွေကို ကိုယ်တိုင်ရှာဖွေဖန်တီးလို့ ရပါသေးတယ်။ သူတို့တွေကို ဘယ်လို အသုံးပြုသွားမယ်ဆိုတာ အောက်မှာ ဆက်လက် ဖော်ပြသွားပါမယ်။



Auto Movie


Auto Movie ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဓာတ်ပုံတွေကို Movies အဖြစ် ပြောင်းလဲတဲ့ နေရာမှာ ကျွန်တော်တို့ပြုလုပ်လိုက်တဲ့ Movies ကို ပညာရှင်တစ်ယောက် လုပ်ဆောင်ချက်နဲ့ မခြား အများသူဌာ ထင်ယောင်မှားစေလောက်အောင် ကွန်ပြူတာ ကနေ လုပ်ဆောင်ပေးမယ့် Features တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဓာတ်ပုံတွေကို Movies အဖြစ် ပြောင်းလဲပြီး နောက်ခံ မိမိနှစ်သက်ရာ သီချင်း တစ်ပုဒ်ကို ထည့်သွင်းဖန်တီး အသက်သွင်းနိုင်ဖို့ လွယ်ကူလွန်းလှတဲ့ အောက်ပါလုပ်ဆောင်ချက်တွေအတိုင်း ဖန်တီးကြည့်ပါ။
  • မိမိနှစ်သက်ရာ Folder တစ်ခုထဲကနေပြီး စိတ်ကူးတည့်ရာ ဓာတ်ပုံတိုင်းကို ညာဘက်က Content Pane ထဲ ထည့်သွင်းပြီးတဲ့ နောက်မှာ နောက်ခံ တေးသီချင်း တစ်ပုဒ် ထည့်သွင်းနိုင်ဖို့ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကနေ တစ်ဆင့် ကလစ်ပေးပြီး ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ထည့်သွင်းလိုက်ပါ။
  • ကျွန်တော်တို့ ထည့်သွင်းလိုက်တဲ့ သီချင်းဟာ ထည့်သွင်းပြီးပြီးချင်းမှာ သီချင်းရဲ့ ကြာမြင့်ချိန်နဲ့ ဓာတ်ပုံအရေအတွက်နဲ့ အံဝင်ဂွင်ကျ မဖြစ်ပဲ ရှိနေတတ်ပါတယ်။ ဒါကိုချိန်ညိှနိုင်ဖို့ ကျွန်တော် အညိုရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို ကလစ်ပေးပြီး ချိန်ညိှခိုင်းလိုက်ယုံပါပဲ။
  • တတိယအဆင့် အနေနဲ့ ဓာတ်ပုံတစ်ခုနဲ့ တစ်ခု အကူးအပြောင်းမှာ Effect လေးတွေကို ကိုယ်တိုင် တစ်ခုချင်း လိုက်ဖန်တီးနေစရာ မလိုပဲ အလိုလို သင့်တော်ရာကို အကောင်းဆုံး ရွေးချယ် ဖန်တီးနိုင်ဖို့အတွက် ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ AutoMovie ကို ကလစ်ထပ်ပေးလိုက်ပါမယ်။ ဒီအချိန်မှာ Box တစ်ခု တက်လာပြီး သင့်ရဲ့ Movie ကို အလျင်မြန်ဆုံး ဖန်တီးနိုင်ဖို့ AutoMovie ကို သုံးချင်တာလား ဆိုတဲ့ Conformation တောင်းပါလိမ့်မယ်။ OK ပေးလိုက်ရင် နောက် Box တစ်ခု ထပ်တက်လာပြီး AutoMovie is Done. ဆိုပြီး ပြောပါလိမ့်မယ်။
ဒါဆို ကျွန်တော်တို့ ဖန်တီးချင်တဲ့ နောက်ခံ တေးသီချင်း ပါဝင်ပြီးသား Quality မြင့်မားတဲ့ ကိုယ်တိုင်ဖန်တီးမှု Movie တစ်ခု အကြမ်းထည်ရရှိပြီ ဖြစ်ပါတယ်။


AutoMovie process နဲ့ လုပ်ဆောင်လိုက်တဲ့ ကျွန်တော်တို့ရဲ့ အကြမ်းထည် Movie ပြီးဆုံးပြီးသွားတဲ့ နောက်မှာ သူ့ကို အချောသတ်နိုင်ဖို့ အတွက် ပြုပြင်မွမ်းမံလို့ ရတဲ့ တစ်ခြားကဏ္ဍတွေ များစွာ ကျန်နေပါသေးတယ်။ ဓာတ်ပုံ အသီးသီးမှာ ကျွန်တော်တို့ ထည့်သွင်းချင်တဲ့ စာသားတွေ အရောင်တွေ အဲ့ဒီ့စာသား အဝင်အထွက် ပြုပြင်မှုတွေ နောက်ပြီး အချိန်အတိုးအလျော့ ခေါင်းစဉ် အချိန်းအပြောင်း စတာတွေကိုလည်း Windows Movie Maker မှာပါဝင်တဲ့ Toolbar ကနေမှ တဆင့် တစ်ဆင့်ချင်းပြောင်းလဲ လုပ်ဆောင်သွားလို့ ရပါတယ်။ ဘာ အတွေ့အကြုံ ဘာ Experience မှာ မလိုအပ်ပါဘူး တစ်ကြိမ်လောက် စမ်းဘူးသွားတာနဲ့ နောက်အကြိမ်တွေမှာ ( ၂ ) ခါထပ်တွေးစရာ မလိုအောင် သုံးရလွယ်ကူပါတယ်။



Manual Editing


တကယ်လို့ ကျွန်တော်တို့ဟာ ဒီ့ထက်ပိုပြီး Professional ကျကျ ပြင်ဆင်တည်းဖြတ်မှုတွေ လုပ်ဆောင်ချင်သေးတယ် ဆိုရင်လည်း Windows Live Movie Maker ထဲမှာ နောက်ထပ် အသုံးချလို့ ရတဲ့ Function ပေါင်း မြောက်များစွာ ကျန်ရှိနေပါသေးတယ်။ ဥပမာပြောရရင် မိမိကြိုက်နှစ်သက်ရာ စာသားခေါင်းစဉ်တွေ ထည့်သွင်းချင်တယ် ဆိုရင်လည်း ပုံတစ်ခုချင်းစီ ဒါမှမဟုတ် movie clip တစ်ခုချင်းစီရဲ့ တည်နေရာတွေ ဒါမှမဟုတ် သူတို့နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို အလွယ်တကူ ဖြည့်သွင်းနိုင်ပါတယ်။ ကျွန်တော်တို့ ထည့်သွင်းလိုက်တဲ့ စာတွေဆိုတာလည်း ဘယ်တော့မှ အသေဖြစ်မသွားပါဘူး သူ့ကို မိမိကြိုက်နှစ်သက်ရာ နေရာဆီ အလွယ်တကူ ရွေ့ပြောင်းလို့ ရပါတယ်။ ဒါတင်မက တစ်ခြား နှစ်သက်ရာ fonts ရွေးချယ်နိုင်မှုတွေ၊ transparency ပြောင်းလဲ နိုင်မှုတွေ၊ အဝင်အထွက် အချိန်အကူးအပြောင်း ချိန်ညှိနိုင်မှုတွေဆိုတာလည်း များစွာ ပါဝင်ပါသေးတယ်။




Video transitions နဲ့ ပတ်သတ်လို့ ကတော့ သူက Photo clips တွေလည်း ကောင်းကောင်းတွဲဖက် အသုံးချနိုင်ပါတယ်။ video transitions အမျိုးအစားပေါင်း ခြောက်ဆယ်ကျော်ထဲကနေ ပြီး မိမိနှစ်သက်ရာကို သက်ဆိုင်ရာ Movies တွေ ပြင်ဆင်တဲ့ အချိန်မှာ နှစ်သက်သလို အသုံးချနိုင်ပါတယ်။ တကယ်လို့ ဓာတ်ပုံတစ်ပုံကို ဖန်တီးနေတာ ဆိုရင်လည်း Screen မှာ ဖော်ပြတဲ့ အခါ သူ့ကို ဘယ်လို စိတ်ကူးပုံဖော်မှုမျိုးနဲ့ တင်ပြမလဲ ဘယ်အချိန်မှာ ဘယ်လို zooms လုပ်မလဲ ဆိုတာကအစ အသေးစိတ်ပြင်ဆင်နိုင်ပါတယ်။


Windows Live Movie Maker မှာ brightness control ကိုထိန်းချုပ်ဖို့ အတွက်ကလည်း လွယ်ကူပါတယ်။ Windows Live Movie Maker ထဲမှာ visual effects ပေါင်း ၂၀ ကျော် ပါဝင်ပြီးတော့ ကျွန်တော်တို့သာ အသုံးချချင်မယ် ဆိုရင် Clip တစ်ခုတည်းမှာပဲ visual effects တွေကို ၂ မျိုးမကတွဲပြီး အသုံးပြုနိုင်ပါသေးတယ်။


ဝေမျြှခင်း

လူအတော်များများ ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ လုပ်ဆောင်ချက်တွေကို အများသူငါ ခံစားကြည့်ရှုနိုင်ဖို့ ဝေဌရတာ စိတ်ကြည်နူးစရာ ဖြစ်ရပ်တစ်ခု အနေနဲ့ မှတ်ယူကြပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ Windows Live Movie Maker မှာ Features တစ်ချို့ပါရှိပါတယ်။ ကျွန်တော်တို့ ဖန်တီးထားတဲ့ လက်ရာကို တစ်ကမ္ဘာလုံးက ခံစားကြည့်ရှုနိုင်အောင် ဝေမျှပေးနိုင်တဲ့ Youtube မှာ High-definition ( 1080p ) နဲ့ ဖော်ပြနိုင်မှာ ဖြစ်သလို ၊ မိမိစက်ထဲမှာ သိမ်းထားချင်တာ မျိုးပဲ ဖြစ်ဖြစ် ၊ DVD အဖြစ် ဖန်တီးပြီး အခြားသူ တစ်ဦးတစ်ယောက်ဆီ ဝေမျှ ချင်တာပဲ ဖြစ်ဖြစ် တစ်နေရာတည်းကနေ လုပ်ဆောင်လို့ ရနေပါပြီ။

Youtube

Microsoft ကထုတ်တဲ့ Windows Live Movie Maker မှာ သူတို့ရဲ့ own video sharing site ဖြစ်တဲ့ MSN Soapbox ကို မသုံးပဲ Youtube ကို ထည့်သွင်းထားတာတော့ အနည်းငယ် အံ့အားသင့်စရာ ကောင်းနေပါတယ်။ ဒါပေမယ့်လည်း MSN Soapbox ဆိုတာ လူသိနည်းပြီး စိတ်မဝင်စားကြတဲ့ နေရာဖြစ်နေလို့ သူတို့ Youtube ကို နေရာပေးလာရတာ သိပ်တော့ မဆန်းလှပါဘူး။ သူက အအောင်မြင်ဆုံး video sharing site တစ်ခုပဲ မလား။

ကျွန်တော်တို့ ဖန်တီးထားတဲ့ Movie တစ်ခုကို YouTube မှာ သိမ်းပြီး ဝေမျှရတယ်ဆိုတာ အပျင်းပြေ ပဲကြီးလှော် ဝါးရသလောက်တောင် မခက်ပါဘူး။ ညာဘက် အပေါ်ထိပ်နားလေးမှာ ရှိတဲ့ YouTube button ကို နှိပ်လိုက်ရင်ပဲ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Box တစ်ခု တက်လာပြီး YouTube Account ကို ဝင်ခိုင်းပါလိမ့်မယ်။ မရှိလည်း စိတ်ညစ်စရာ မရှိပါဘူး။ Account အသစ် ထပ်လုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့မှာ Google Account ရှိတယ်မလား။ ပုံမှာပြထားသလို ကိုယ့် Google account နဲ့ ကိုယ့်ဘာသာ ဝင်လိုက်လို့ ရပါတယ်။ ပြီးသွားရင် Publish ကိုပေးလိုက်တာနဲ့ Windows Live Movie Maker ကနေ ပထမဆုံးစတင်ပြီး ကျွန်တော်တို့ ဖန်တီးထားတဲ့ Movie ကို Create လုပ်ပါလိမ့်မယ်။ နောက်မှာတော့ သူဖန်တီးထားတဲ့ Movie ကို အလိုလျောက်မှာ YouTube မှာရှိတဲ့ မိမိ Account ဆီကို Upload တင်ပေးပါလိမ့်မယ်။ ကိုယ်ဖန်တီးထားတဲ့ Movie ရဲ့ Length ပေါ်မူတည်ပြီး အချိန်အနည်းငယ်တော့ ကြာမြင့်နိုင်ပါတယ်။


ဒါကတော့ ကျွန်တော် ဖန်တီးပြီး YouTube မှာ တင်ထားတဲ့ Lotus Foundation ရဲ့ စွမ်းဆောင်ချက် တစ်ရပ်ပါ။ ဒီနေရာကနေ ကြည့်ရှုလို့လည်း ရပါတယ်။






KznT.

About Google SE

ကျွန်တော်ကတော့ အင်တာနက်ထဲမှာ ရှာစရာရှိလာတဲ့ အခါ Google ကိုသုံးပြီးပဲ ရှာလိုက်တာပဲ။

ဒီစကားက အရပ်သုံးစကားတစ်ခုလို သုံးသပ်မယ်ဆိုရင် မှားယွင်းတဲ့ စကားတစ်ခွန်း မဟုတ်ပေမယ့် နည်းပညာ နယ်ပယ်ထဲက ကြည့်မယ် ဆိုရင် ဒီစကားဟာ အနည်းငယ် လွဲမှားနေသလို ရှိနေပါတယ်။ ဘာကြောင့် ဒီစကား ပြောနိုင်လဲ ဆိုပါရင် Google မှာ လုပ်ငန်းတာဝန် ထမ်းဆောင်နေတဲ့ Engineer - Matt Cutts ကနေ ခုလိုရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့ အင်တာနက်ထဲမှာ Google ကို သုံးပြီး ရှာဖွေတဲ့ အခါ ကျွန်တော်တို့ World Wide Web တစ်ခုလုံးထဲကို လှည့်ပတ်မွှေနှောက်ပြီး ရှာဖွေနေတာမျိုး မဟုတ်ပါဘူး။ Google ကို သုံးပြီး အင်တာနက်ထဲမှာ ရှာဖွေနေတယ် ဆိုတာ အင်တာနက် စာမျက်နှာပေါင်း မြောက်များစွာထဲကနေမှ Google ကနေရှာဖွေစုဆောင်း ညွှန်းဆိုထားတဲ့ Google Index ထဲမှာ ရှိနေတဲ့ စာမျက်နှာတွေပေါ်ကနေသာ ရှာဖွေနေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် Google Index ထဲမှာ ပါဝင်တဲ့ Website တွေဆိုတာ အမှန်တကယ် အင်တာနက်ပေါ်မှာ တည်ရှိနေတဲ့ Wesite တစ်ခုချင်းစီအရေအတွက်နဲ့ ကိုက်ညီမှု မရှိသလို Websites တိုင်းဟာလည်း Google Index ရဲ့ ရည်ညွှန်းကိန်းထဲမှာ ပါဝင်နေမှာ မဟုတ်ပါဘူး။


ကျွန်တော်တို့ ဒီ Google Index ကို ဘယ်လို ဖန်တီးလုပ်ဆောင်ထားပါသလဲ .. ကျွန်တော်တို့ ဒါကို ဖန်တီးဖို့ အတွက် Spiders လို့ ခေါ်တဲ့ Software တစ်မျိုးကို အသုံးချခဲ့ပါတယ်။




Spiders ရဲ့ လုပ်ဆောင်ပုံကတော့ သူဟာ ပထမဦးဆုံး အနေနဲ့ web pages အနည်းငယ်ကို စတင်စုဆောင်းပါတယ်။ အဲ့ဒီ့ နောက်မှာတော့ သူစုဆောင်းရရှိလာခဲ့တဲ့ web pages တွေပေါ်မှာ ရှိနေတဲ့ လာရောက်ချိတ်ဆက်ထားတဲ့ Links တွေကနေ တစ်ဆင့် ထပ်မံခြေရာခံပြီး တစ်ခြား web pages တွေကို ထပ်မံ စုဆောင်းပါတယ်။ အဲ့နောက်ကနေမှ တဆင့်ထပ်ပြီး နောက်ထပ်ရရှိလာတဲ့ web pages တွေအပေါ်မှာ ပါရှိလာတဲ့ သူ့ကို လာရောက်ချိတ်ဆက်ထားတဲ့ Links တွေကနေ နောက်တဆင့်ထပ်မံ ခြေရာခံပြီး တစ်ခြား web pages တွေကို ထပ်မံ စုဆောင်းပြန်ပါတယ်။ ဘယ်လောက်ထိတောင် စုဆောင်းသလဲ ဆိုရင် User တစ်ယောက်ယောက်ကနေ သက်ဆိုင်ရာ အကြောင်းအရာတစ်ခုခုကို ရှာဖွေလိုက်တဲ့ အခါမှာ အသင့်ခေါ်ယူ ညွှန်းဆိုနိုင်လောက်တဲ့ ပမာဏ ရတဲ့ထိ ဘီလီယံနဲ့ ချီတဲ့ web pages တွေကို သောင်းနဲ့ချီတဲ့ စက်တွေပေါ်မှာ သိမ်းဆည်း သိုလှောင်ထားပါတယ်။




လုံလောက်တဲ့ ပမာဏ ရလာပြီပဲ ဆိုကြပါဆို့။ ကျွန်တော်သိချင်တဲ့ အကြောင်းအရာတစ်ခုခုကို Google ကိုသုံးပြီး ရှာဖွေလိုက်တဲ့ အခါမှာ ဘယ်လောက် အမြန်နှုန်းနဲ့ ရှာဖွေသလဲ ဆိုတာ ကျွန်တော် စမ်းသပ်ကြည့်ချင်ပါတယ်။ အဲတာကြောင့် Search box ထဲမှာ ကျွန်တော်က Cheetah running speed ပြီးတော့ ကျွန်တော် Enter ကို နှိပ်လိုက်ပါတယ်။ အဲလို Enter ကို နှိပ်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ software က ကျွန်တော်တို့ ရှာဖွေစုဆောင်းထားတဲ့ Index တွေရှိရာဆီ အရောက်သွားပြီး စာမျက်နှာတစ်ခုချင်းစီပေါ်ကနေမှ တဆင့် ကျွန်တော် ခုနက ရှာဖွေခိုင်းလိုက်တဲ့ Cheetah running speed ဆိုတဲ့ စာလုံးတွေ ပါမပါ ပထမဆုံး စတင် ရှာဖွေစစ်ဆေးပါတယ်။




ဒီလိုအခြေအနေမှာ ဖြစ်နိုင်ချေဆိုတာ Web pages ဆိုတာ သောင်းနဲ့ချီအောင် တည်ရှိနေနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ တိကျတဲ့ အဖြေ သို့တည်းမဟုတ် ရှာဖွေသူလိုချင်တဲ့ အနီးစပ်ဆုံး ရလာဒ် အဖြေဖြစ်အောင် စစ်ထုတ်နိုင်ဖို့ လိုလာပါတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုစီစဉ်ပါမလဲ ?? ရှာဖွေသူလိုချင်တဲ့ အနီးစပ်ဆုံး ရလာဒ် အဖြေဖြစ်နိုင်ဖို့ အတွက် မြောက်များစွာသော web pages တွေရဲ့ ကြားထဲက စစ်ထုတ်ရရှိလာတဲ့ သောင်းနဲ့ချီတဲ့ web pages တွေကို ကျွန်တော်တို့က မေးခွန်းတွေနဲ့ ထပ်မံ စစ်ထုတ်ယူပါတယ်။ ဘယ်လိုမေးခွန်းမျိုးတွေလဲ ဆိုတာ ဥပမာ အနေနဲ့ ပြောရရင်




  • ရှာဖွေသူ လိုချင်တဲ့ keywords တွေ စာမျက်နှာပေါ်မှာ အကြိမ်ဘယ်လောက်များများ ပါဝင်နေသလဲ -



  • နောက်ထပ် အဲဒီ့ keywords တွေ Web pages ပေါ်က Title တွေထဲမှာ သို့တည်းမဟုတ် .. URL ထဲမှာ .. ဒါမှမဟုတ် အနီးစပ်ဆုံး နေရာတွေမှာများ ပါဝင်နေပါသလား ..
  • ဒါ့တင်မက ဒီစကားလုံး keywords တွေနဲ့ စာလုံးချင်းကွဲပြီး သဘောတရားချင်းဆင်တူတဲ့ စာလုံးမျိုးတွေများ အဲ့ဒီ web pages တွေပေါ်မှာများ ပါဝင်နေသေးသလား
  • သက်ဆိုင်ရာ keywords တွေ ပါဝင်နေတဲ့ web pages ဟာ လူသိများ ထင်ရှားတဲ့ Quality websites တွေက လာတာလား သို့တည်းမဟုတ် လူသိနည်းပြီး အရည်အချင်း မပြည့်မှီသေးတဲ့ Low quality sites တွေဆီကနေ လာတာလား …



  • အဲ့ဒီ Sites တွေရဲ့ PageRank ကရော ဘယ်လောက်လဲ … စသဖြင့် အသေးစိတ် စစ်ဆေးယူပြီး ရှာဖွေသူလိုချင်တဲ့ အနီးစပ်ဆုံး ရလာဒ် အဖြေဖြစ်လာနိုင်ဖို့ စစ်ထုတ်ယူပါတယ်။ ဒီနေရာမှာ PageRank ဆိုတာကို စိမ်းနေသူတွေ အတွက် အတိုချုံးပြီး ရှင်းပြချင်ပါတယ်။ PageRank ဆိုတဲ့ Formula ဟာ Google founders တြွေဖစ်တဲ့ Larry Page နဲ့ Sergey Brin တို့ တွေ့ရှိထားတဲ့ web pages တစ်ခုရဲ့ အရေးပါပုံ ဖြစ်ပြီး သူ့ကို ဘယ်လိုသတ်မှတ်သလဲ ဆိုရင် သက်ဆိုင်ရာ Web pages တစ်ခုဆီကို ပြင်ပကနေ Links ဘယ်နခုလောက် လာရောက်ချိတ်ဆက်ထားလဲ ဆိုတာရယ် အဲဒီ့ Links တွေဟာ အင်တာနက်အပေါ်မှာ ဘယ်လောက်ထိ အရေးပါလဲ ဆိုတာရယ် အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဒီ အချက်အလက်တွေ အားလုံးကို အသုံးချပြီး ဖြစ်နိုင်ချေရှိတဲ့ ရလာဒ်တွေကို စာတစ်မျက်နှာတည်းမှာ စုပေါင်းလိုက်ပါတယ်။ ရလာတဲ့ ရလာဒ်နဲ့ အတူ ရှာဖွေသူ ဆီကို သူ Enter ကို နှိပ်ပြီး နောက် ခန့်မှန်းခြေ စက္ကန့်ဝက်အကြာလောက်မှာ ပို့လွှတ် လိုက်ပါတယ်။
ဒီလိုနည်းနဲ့ ကျွန်တော်တို့တွေဟာ အင်တာနက်ပေါ်မှာ ရှာဖွေဖို့ ခက်ခဲတာတွေကို Google Index တွေထဲကနေ တဆင့် ရှာဖွေနေကြတာပါ။ ဒါအကြောင်းအရာ အပြည့်အစုံကြီး မဟုတ်သေးပါဘူး။ Google ရဲ့ အခြေခံလုပ်ဆောင်ပုံ လေးပဲ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာနဲ့ ပတ်သတ်ပြီး စစ်မှန်တဲ့ စကားကိုပြောကြမယ်ဆိုရင် -
  • ကျွန်တော်တို့တွေဟာ Google ကိုသုံးပြီး အင်တာနက်ထဲမှာ ရှာဖွေနေတာ မဟုတ်ပါဘူး။
  • Google ကိုသုံးပြီး Google index ထဲမှာ ရှိနေတဲ့ web pages တွေထဲကနေမှ ကျွန်တော်တို့ အလိုရှိရာ web pages တွေကို ရှာဖွေနေတာသာ ဖြစ်ပါတယ်။


ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အသေးစိတ်လေ့လာချင်သေးမယ် ဆိုရင် ဒီစာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

MF မိသားစုဝင်များ အားလုံး ဗဟုသုတ တိုးပွားနိုင်ကြပါစေ။

KznT.

Simple private real-time sharing and collaboration by Opera

ကျွန်တော်တို့တွေ အင်တာနက်ပေါ်ကနေ တစ်ဆင့် ကျွန်တော်တို့ သဘောကျတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအခြားသော ဖိုင်တွေ အပါအဝင် မိမိမျှဝေချင်ရာ မှန်သမျှကို တစ်စုံတစ်ယောက်ဆီ ပို့ဆောင်တော့မယ် ဆိုတဲ့ အခါ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ၊ လုပ်ဆောင်လို့ ရနိုင်မယ့် နည်းလမ်းတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါပေမယ့် အဲ့ထဲကမှ ကျွန်တော်တို့ရဲ့ ငွေ ၊ ကျွန်တော်တို့ရဲ့ အချိန်တွေကို ချွေတာပြီး အရာအားလုံးထဲမှာ အလွယ်တကူနဲ့ အသုံးအတည့်ဆုံး ဖြစ်နိုင်မယ့် File Sharing တစ်ခု အကြောင်း ကျွန်တော် ဆွေးနွေးသွားပါ့မယ်။




ကျွန်တော်တို့တွေ သဘောကျတဲ့ ရုပ်ရှင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေကို သူငယ်ချင်းတွေနဲ့ မျှဝေခံစားချင်တဲ့ အခါမှာ အလွယ်ကူဆုံး အလျင်မြန်ဆုံး နဲ့ လုံခြုံမှု ရှိရှိ ဆောင်ရွက်ချင်တဲ့ အခါ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်လို့ ရနိုင်မလဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့မှာ ရှိနေတဲ့ ပမာဏ ကြီးမားတဲ့ ဖိုင်တွေကို အလွယ်တကူ လွှဲပြောင်း ဝေဌနိုင်မယ့် ဝေမျှနည်းက ဘာများ ဖြစ်မလဲ။

အဖြေကတော့ - Opera Unite ပါ။

ကျွန်တော်တို့မှာ ရှိနေတဲ့ ပမာဏ ကြီးမားတဲ့ ဖိုင်တွေကို အလွယ်တကူ လွှဲပြောင်း ဝေဌနိုင်မယ့်  နည်းလမ်းကတော့ Opera Unite ကို အသုံးပြုဖို့ ပါပဲ။ သူ့ကို အသုံးပြုရတာ သိပ်လွယ်ကူပါတယ်။ Opera Unite ကို ကျွန်တော်တို့ ကွန်ပြူတာမှာ ထည့်သွင်းပြီး လိုအပ်တဲ့ Configuration တွေ ပြင်ဆင်ပြီးပြီ ဆိုတာနဲ့ ၊ မိမိစက်မှာ ရှိနေတဲ့ မိမိဝေမျှချင်တဲ့ ဖိုင်အတွက် URL ကို Opera Unite ကနေ တစ်ဆင့် ဖန်တီးပြီး Password နဲ့အတူ ကျွန်တော်တို့ ဝေမျှချင်သူဆီ ပို့လွှတ်လိုက်ပါမယ်။ မိမိပေးပို့လိုက်တဲ့ URL ကို ရရှိတဲ့ သူက မိမိပေးတဲ့ URL အတိုင်း ဖိုင်ရှိရာဆီ Password နဲ့ အတူ ဝင်ရောက်ပြီးသူ အလိုရှိရာဖိုင်ကို Browser ကနေ တဆင့် ဒေါင်းလုပ်ရယူသွားယုံပါပဲ။

ဒီနည်းလမ်းက ကျွန်တော်တို့ အင်တာနက်ပေါ်မှာ မြင်တွေ့နေကျ File Sharing နည်းလမ်းတွေနဲ့ မတူညီပါဘူး။ ကျွန်တော်တို့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့ ဖိုင်ဝေမျှမှု ပုံစံက ကျွန်တော်တို့ ဝေမျှချင်တဲ့ ဖိုင်ကို File Sharing ဆိုဒ် တစ်ခုခုဆီ အရင် Upload တင်ရမယ်။ အဲလို Upload တင်ပြီးမှ တဆင့် ရလာမယ့် အဲ့ဖိုင်အတွက် URL ကို ဝေမျှချင်သူထံ ပေးပို့မယ်။ ဒါကတစ်နည်း ပါ။ နောက်တစ်နည်း အနေနဲ့ ပမာဏကြီးမားတဲ့ ဖိုင်တွေကို Sharing လုပ်ဖို့ ဆိုရင် BitTorrent နည်းပညာနဲ့ လုပ်ဆောင်တဲ့ နည်းလည်းရှိပါတယ်။ ဒါပေမယ့် ဒီ ( ၂ ) မျိုးလုံးမှာ မကောင်းတဲ့ အချက်က မိမိဝေမျှချင်ရာ ဖိုင်တစ်ခု ရှိလာယုံနဲ့ မိမိပေးပို့ချင်သူဆီ ရောက်နိုင်ဖို့အရေး ကြားကမဆိုင်တဲ့ Third Parties ဆိုဒ် တစ်ခုဆီ ကိုယ့်ဖိုင်ကို အလဟဿ Bandwidth အကုန်ခံပြီး တင်ပေးနေရတဲ့ ပြဿနာပါ။ ( တစ်ခြား နည်းလမ်း တစ်ခု အနေနဲ့ ကိုယ်ပိုင် Private Torrents တစ်ခု ဖန်တီးပြီး ဝေမျှလို့ရတာမျိုးလည်း ရှိသေးပေမယ့် Tracking Sever တစ်ခု အမြဲရနိုင်ဖို့ အရေးလုပ်ဆောင်ရတာ ကလည်း အမြဲတမ်း မလွယ်ကူလှပါဘူး။ ) Opera Unite ကတော့ ဒီပြဿနာတွေ ကင်းပါတယ်။ Setup လုပ်ဆောင်ရတာလည်း လျင်မြန်လွယ်ကူသလို၊ အလိုရှိရာဖိုင်ကို ဝေမျှချင်သူနဲ့ ရယူချင်သူ ကြားမှာ Direct connection ရယူပြီး Sharing လုပ်ဆောင်သွားယုံပါပဲ။ သုံးစွဲရလွယ်ကူသလို Free လည်း ဖြစ်တာကြောင့် စမ်းသပ်ကြည့်ဖို့လက်မနှေးသင့်ပါဘူး။

File sharing နဲ့ မစိမ်းလှတဲ့ ကျွန်တော်တို့ Myanmar Family အနေနဲ့ကတော့ တစ်ခုခု Sharing လုပ်မယ်ဆို Ifile.it နဲ့ Mediafire ကို ဦးတည်ကြတာများပါတယ်။ ကျွန်တော်လည်း အဲ့ဒီ့ ဆိုဒ် နှစ်ခုရဲ့ အနှစ်သာရကို သိလို့ စိတ်ထဲကနေ လိှုက်လိှုက်လှဲလှဲ ထောက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ပေးချင်တဲ့ ဝေမျှချင်တဲ့ ဖိုင်က အများအတွက် မဟုတ်ပဲ တစ်ဦးတစ်ယောက်တည်းသော သူအတွက် သို့တည်းမဟုတ် မိမိရဲ့ မိသားစုဝင်တွေ အတွက် ဖြစ်မယ် ဆိုရင်တော့ ifile တို့ mediafire တို့ dropbox တို့အစား Opera Unite က ပိုပြီး အသုံးတည့်လှမယ် ထင်ပါတယ်။ ဘာကြောင့်လည်းဆို ifile တို့ mediafire တို့ဆို ဖိုင်တွေက တင်လိုက် ဖျက်ခံရလိုက် dropbox ဆိုရင်လည်း free accounts တစ်ခုအတွက် အများဆုံး limit က 2GB ... ဒီလို အခြေအနေမျိုးတွေအပြင် တစ်ခုခု ကို ဝေမျှဖို့ အရေး Upload တင်ရတဲ့ ပြဿနာကရှိ ... ဒီ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ Opera Unite တစ်ခုတည်းနဲ့ ကျော်ဖြတ်သွားပါမယ်။

လွယ်ကူသော ပြင်ဆင်မှုများဖြင့် Opera Unite

ကျွန်တော်ပြောပြောနေတဲ့ Opera Unite ဆိုတာ Opera Browser ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လို့ သူ့ကို install လုပ်ဆောင်ချင်တယ် ဆိုရင် ပထမဆုံး အနေနဲ့ Opera Browser Latest Version ကို ဒေါင်းလုပ်ချပြီး install လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Opera Browser ကို install လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ Opera Unite ကလည်း တဆက်တစပ်တည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ချက်ချင်း အသုံးချလို့ မရသေးပါဘူး။ အနည်းငယ် ပြင်ဆင်မှု လုပ်ဆောင်ရပါဦးမယ်။ ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့ နေရာကနေ တဆင့်ချင်းသွားပြီး Opera Unite ကို Enable လုပ်ပါမယ်။


နောက်ပေါ်လာမယ့် Box တွေကနေ တဆင့်ချင်း ဆက်သွားရင် Setup လုပ်ငန်းစဉ် ပြီးဆုံးသွားပါလိမ့်မယ်။ Enable ဖြစ်လာတဲ့ Opera Unite ကို အသုံးချပြီး File Sharing လုပ်ဆောင်ဖို့ အတွက် အောက်ဖော်ပြပါ ပုံအတိုင်း လုပ်ဆောင်ပါ့မယ်။


ဖော်ပြပါ ပုံအတိုင်း File Sharing > Start ကို စတင်လိုက်တာနဲ့ မိမိစက်ထဲမှာရှိနေတဲ့ မိမိ Share လုပ်ဆောင်ချင်ရာ ဖိုင်တစ်ခုကို Box တစ်ခု တက်လာပြီး Browse ကနေ တဆင့် ရွေးချယ်ခိုင်းပါလိမ့်မယ်။


လတ်တလောမှာ ကျွန်တော့်စက်ထဲမှာ ရှိနေတဲ့ Apple နဲ့ အတူ လူသိများတဲ့ CEO - Steve Jobs ရဲ့ Presentation Secrets အကြောင်း စာအုပ်လေး ကို အရင် Sharing လုပ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ပြီးရင် OK လိုက်ပါ။ ဒါဆိုရင် အဲ့ စာအုပ်ကို ဒေါင်းလုပ်ချနိုင်ဖို့ အတွက် Link တစ်ခု ကို ခုလိုတွေ့ရပါလိမ့်မယ်။ ဖော်ပြပါ Link ကို ကော်ပီ ကူးပြီး မိမိဝေဌချင်သူဆီ ပို့လိုက်ပါ။ အဲ့ Link အတိုင်း တစ်ဖက်လူဝင်လိုက်မယ် ဆိုရင် password တစ်ခု တောင်းပါလိမ့်မယ်။ သူတောင်းတဲ့ password ကို cNzf ဆိုတဲ့ link အောက်မှာ ဖော်ပြထားတဲ့ ဟာကိုထည့်ပေးရပါမယ်။ အဲတာကြောင့် တဆက်တစပ်တည်း သိထားရမှာက မိမိ Share ပေးလိုက်တဲ့ ဖိုင်ကို သက်ဆိုင်သူ တစ်ဦးတည်းကို Privacy နဲ့ ပေးချင်တယ် ဆိုရင် file link ကိုရော password ကိုပါတွဲပြီး ပေးလိုက်ရမှာ ဖြစ်ပါတယ်။


ဖော်ပြပါ link အတိုင်း ဝင်ရောက်လိုက်တဲ့ အချိန်မှာ download ချဖို့အတွက် ပိုင်ရှင်ဖြစ်သူ Share ပေးထားတဲ့ ဖိုင်တွေကို ခုလို မြင်တွေ့ရပါပြီ။ မိမိဒေါင်းလုပ်ချချင်ရာ ဖိုင်ရဲ့ အလယ်နားလေးကို mouse ပွတ်ထိလိုက်တဲ့ အခါမှာ Download ဆိုတာ အလိုလျောက်ပေါ်လာမှာ ဖြစ်ပြီး သူ့ကို နှိပ်လိုက်တာနဲ့ download လုပ်ငန်းစဉ် စတင်ပါလိမ့်မယ်။


Opera Unite ဆိုတာ ခုလိုမျိုး File Sharing လုပ်ဆောင်ဖို့ တစ်ခုတည်း အသုံးချလို့ ရတာ မဟုတ်ပါဘူး။ တစ်ခြား စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်ချက်တွေ များစွာ ကျန်ပါသေးတယ်။ တဆက်တစပ်တည်း ကျွန်တော် အသိပေးချင်တာက Opera unite ဟာ Perfect ဖြစ်တဲ့ File Sharing လုပ်ဆောင်နည်း တစ်ခုတော့ မဟုတ်သေးပါဘူး။ သူ့မှာလည်း အားနည်းချက်တွေရှိနေပါသေးတယ်။ ဥပမာ အနေနဲ့ ဆိုရရင် ကျွန်တော်တို့ Opera Unite ကို သုံးပြီး Share ပေးထားတဲ့ အချိန်မှာ တစ်ဖက်လူက ကိုယ် Share ပေးထားတာကို ဆက်ခံရရှိနိုင်ဖို့ မိမိဘက်မှာ Opera Browser ကိုဖွင့်ပြီး Sharing လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ထားပြီးသား ဖြစ်နေဖို့ လိုပါတယ်။ မဟုတ်ရင် တစ်ဖက်လူက ကျွန်တော်တို့ Share ပေးထားတဲ့ ဖိုင်ကို Access လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခု အနေနဲ့ အသုံးမတတ်ရင် 404 error ပေါ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပညာ တစ်ခုကို စမ်းသပ်ကြည့်တာ အကျိုးမယုတ်ပါဘူး။ ခုချိန်မှာ ပြည့်စုံဖို့ လိုအပ်နေသေးပေမယ့် နောင်တစ်ချိန်မှာ Opera Unite က တစ်ခေတ်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူဆိုနိုင်မလဲ .... အဲတော့ ကျွန်တော် Steve Jobs ပြောတဲ့ စကားနဲ့ အဆုံးသတ်လိုက်ပါမယ်။

" Stay hungry .. Stay Foolish. "
  Thanks u all.

KznT.

What is Torrent ?

ကျွန်တော်အပါအဝင် လူအတော်များများ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးဖြစ်တယ်ဆိုတာ ဟိုဝင်လိုက် ဒီထွက်ထိုက် .. ဟိုဂိမ်းဆော့လိုက် ၊ ဒီဂိမ်းဆော့လိုက် ၊ Facebook ဝင်လိုက် ၊ Blogging လိုက် …  စာအုပ်ဖတ်လိုက် ၊ သီချင်းနားထောင်လိုက် ဆိုပြီး ပုံစံမျိုးစုံနဲ့ အင်တာနက်ဆိုတာကြီးကို အသုံးချနေခဲ့ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်းနဲ့ ဒီသီချင်းလို့ ကြိုက်လို့ ဒေါင်းလုပ်ချပြီး သိမ်းထားလိုက်ချင်တယ် .. တစ်ခါတစ်လေကျ တော့ Sherlock Holmes, Avater, တို့လို အခွေကောင်းလေးတွေတွေ့ရင် ကိုယ်လည်းကြည့် သူများလည်း ပြရအောင် စက်ထဲမှာ ထည့်ထားလိုက်ချင်တယ် .. တစ်ခါတစ်လေ ကွန်ပြူတာ အတွက် မဖြစ်မနေလိုလို့ အရေးကြီး ဆော့ဖ်ဝဲလ်လေးတွေ အပူတပြင်းလိုက်ရှာ ပြီး ဒေါင်းလုပ်ချရတယ် .. တစ်ခါတစ်လေ ကျောင်းက၊ အလုပ်က ပေးတဲ့ Projects တွေ ၊ Assignments တွေ အတွက် အထောက်အကူပြု မှီငြမ်းကိုးကား လို့ ရအောင် E-Books လေးတွေ လိုချင်ပြန်ရော .. အဲလိုနဲ့ တစ်နေ့နဲ့တစ်နေ့ ကျွန်တော်တို့တွေ ရလိုမှုတပွေ့တပိုက်ကို ရင်မှာပိုက်ပြီး နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ကြတယ်။ ခုလည်း ဖြတ်သန်းနေတယ်။ နောက်လည်း ဖြတ်သန်းနေရဦးမယ်။ အဲတော့ ဖြတ်သန်းနေရမယ့် ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့အတွက် အမြဲပတ်သတ်နေမှာ ဘာလဲလို့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒါကတော့ ကျွန်တော်တို့ အတွက် ဘယ်တော့မှ ဖြည့်တင်းလို့ မပြည့်နိုင်တဲ့ “ Downloading “ လုပ်ငန်းစဉ်ကြီးပါပဲ။


Downloading ဆိုတာ File Sharing လုပ်ခြင်းကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တဲွ ရလာဒ်တစ်ခုပါ။ File Sharing ဆိုတာ စီးပွားရေး ရှုဒေါင့်ကနေ ကြည့်ရင် ဝယ်လိုအား နဲ့ ရောင်းလိုအားကြားက ပေါင်းကူး တံတားတစ်ခုလိုပါပဲ။ ဝယ်လိုအားလို့ ပြောလို့ရတဲ့  Downloader တွေရဲ့ တောင်းဆိုမှု တွေကြောင့် ရောင်းလိုအားလို့ဆိုလို့ရတဲ့ Up loader တွေပေါ်ပေါက်လာပြီး သူတို့ ၂ ယောက်ကြားမှာ ဆက်သွယ်ပေါင်းစည်းမှု အဖြစ် File Sharing ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ File Sharing ကိုအရင်တစ်ချိန်ကတော့ ဘယ်သူမှ ဒီလောက်ကြီး စိတ်လည်းမဝင်စားခဲ့ကြဘူး။ စိတ်ကူးထဲလည်း မရှိခဲ့ကြဘူး။ ဒါပေမယ့် ခုခေတ်မှာတော့ အရာရာ အင်တာနက် ခေတ်ဖြစ်လာခဲ့ပြီ .. ဘယ်လောက်ထိတောင်လဲ ဆို အရင်တစ်ချိန်က Applications တွေ ဗြွတ်လိုက်တင်ပြီး အလုပ်လုပ်နေကြတဲ့ Desktop တွေ ၊ Laptop တွေကိုတောင် အသုံးမလိုတော့ သယောင်ထားခဲ့ပြီး ipad တို့ netbook တို့ဆိုတာ ပေါ်လာခဲ့ပြီ .. စီးပွားရေး သမားတွေက အင်တာနက်ရဲ့ အသုံးဝင်ပျံ့နှံ့လာမှုနဲ့ File Sharing အကြောင်းကို ကောင်းကောင်း ရိပ်စားမိပြီး RapidShare တို့လို .. Megaupload တို့လို့ Hotfile တို့လို Uploading တို့လို အစရှိသဖြင့် Downloader နဲ့ Up loader တြွေကားမှာ Hosting Service ဆိုတဲ့ နာမည်လှလှ သုံးပြီး စီးပွားရေးတွေ လုပ်လာကြပြီ။ RapidShare မှာဆို FreeUser တစ်ယောက်အတွက် Applications လေး တစ်ခုဒေါင်းလုပ်ချဖို့ သွားရင် Wait ….. Minutes ဆိုတာကြီး တက်လာပြီ .. တစ်ခါတစ်ခါ ကိုယ်လည်း ဘာမှဒေါင်းလုပ်မချရသေးပဲ မင်း ip က ဒေါင်းလုပ်ချနေပြီလည်း ပြောရဲ့ .. ရံဖန်ရံခါ ကျတော့ ခုလေးတင် မင်းဒေါင်းလုပ်ချပြီးတာ နောက်ထပ် ဘယ်နမိနစ်စောင့်ပါဦးလို့လည်း ဆိုရဲ့ .. နောက်ပြီး နောက်ထပ် လာသေးတာက လတ်တလော ဆိုဒ်မှာ ဒေါင်းလုပ်ချသူတွေ အရမ်းပြည့်ကျပ်နေလို့ မင်းလို FreeUser တွေအတွက် နေရာလပ်မရှိဘူးလို့လည်း ပြောရဲ့ .. မျက်နှာငယ်လိုက်ရတာ။ နာရီလိုလိုဘာလိုလို Speed တိုင်းတဲ့ ဟာကြီးနဲ့လည်း ပြထားသေးတယ် Free User ဆိုရင် Download speed က 0 နားမှာ .. Premium User ဆို Max: ( Premium user ဆိုတာ အဲ့ဒီ Hosting ပေးထားတဲ့ ဆိုဒ်မှာ ပိုက်ဆံထည့်ပြီး သုံးတဲ့သူကို ပြောတာ။ )

သူပြတဲ့ ဘယ်နမိနစ်စောင့်ပါ ဆိုတာကြီးသာ ထိုင်စောင့်နေရလို့ကတော့ အိုသေရချည်ရဲ့ .. ဒါပေမယ့်လည်း ဒီပြဿနာ ကို ယှဉ်ပြိုင်အံတုဖို့ နည်းပညာ သစ်တွေ  ဆက်တိုက် ဆက်တိုက် ပေါ်လာခဲ့ပါတယ်။ KaZzA , Morpheus , WinMX သူတို့တွေဟာ ဒီ File Sharing ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကနဦးပေါ်ပေါက်လာခဲ့တဲ့ ဆော့ဖ်ဝဲလ်တွေပါပဲ။ ဒီ ပရိုဂရမ်တွေရဲ့ လုပ်ဆောင်မှုက Download လုပ်ချင်သူ နဲ့ Upload လုပ်ပေးမယ့်သူကို ချိတ်ဆက်ပေးပြီး File Sharing လုပ်စေတဲ့ သဘောမျိုးပါ။ ဒီလိုလုပ်လိုက်ခြင်း အားဖြင့် ကိုယ်လိုချင်တဲ့ ဖိုင်တွေ ဒေတာတွေကို ကြားခံနယ်မလိုပဲ ရရှိနိုင်မယ်။ ငွေကုန်ကြေးကျလည်း မများတော့ဘူး။ ဒီ Software တွေရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ ဒါပေမယ့် ထင်သလောက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီ File Sharing type ကို သုံးမယ် ဆိုရင် Downloader ဘက်က ဒေါင်းလုပ် Speed ဘယ်လောက်ကောင်းကောင်း Up loader လုပ်သူဘက်က Speed မကောင်းလို့ မြန်မြန်ဆန်ဆန် တင်မပေးနိုင်တဲ့ အခါ File တစ်ခု ရရှိဖို့အရေး အရမ်းကြန့်ကြာ သွားတတ်လို့ပါ။ ဒါအတော် စိတ်ပျက်ဖို့ ကောင်းတဲ့ လက္ခဏာရပ်ပါပဲ။

ဒါပေမယ့်ခုတော့ ဒီပြဿနာရပ်ကို ဖြေရှင်းဖို့ အတွက် နောက်ထပ် နည်းပညာရပ်တစ်ခု ရှိနေခဲ့ပါပြီ။ ဒါကတော့ BitTorrent ( ခေါ် ) Torrent နည်းပညာရပ်ပါပဲ။ Torrent ဆိုတာ P2P protocol ခေါ် method တစ်ခု ဖြစ်ပြီး အဲ့ကောင်က ဒေါင်းလုပ်ချမယ့်သူနဲ့ ရှယ်ယာပေးမယ့်သူရဲ့ ကြားမှာ Speed ကောင်းကောင်း အရည်အသွေးမြင့်မြင့်နဲ့ File Sharing လုပ်နိုင်တဲ့ Method လို့ ပြောရမှာပါ။ လူတော်တော်များများက Torrent အကြောင်းကို ကြားဖူးနားဝ ရှိကြပေမယ့် သူ့ရဲ့ လုပ်ဆောင်မှု ကိုတော့ ခုချိန်ထိ စမ်းတဝါးဝါးပဲ သိကြပါသေးတယ်။ အဲ့ဒီ့ စမ်းတဝါးဝါးသိကြတဲ့ အတွေးကြောင့် Torrent ဆိုတဲ့ နယ်ပယ်သစ်ဆီ ဘယ်သူမှ ခြေဦးမလှည့်ချင်ခဲ့ကြဘူး။

နေ့စဉ် ပုံမှန်လည်ပတ်နေကျ ဒီသမားရိုးကျ Internet Download Manager တို့Download Accelerator တို့ကိုပဲ အားကိုးပြီး ယက်ကန်ယက်ကန် ကော်နက်ရှင်မှာ ချလိုက်ပျက်လိုက်နဲ့ Rapidshare တို့ Hotfile တို့ Uploading တို့ဆီပဲ သွားသွား ဒူးထောက်နေခဲ့ကြရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲကာလ ၊ နည်းပညာနဲ့မယဉ်ပါးနိုင်သေးတဲ့ နိုင်ငံဆို ပိုဆိုးပေါ့။ တကယ်တော့ ဘာမှမသိတာ ရှက်စရာ မဟုတ်ပါဘူး။ ရယူလိုစိတ်တစ်ခုပဲ လိုပါတယ်။ အဲဒီ့စိတ်ရှိရင် အရာအားလုံး ပိုင်ဆိုင်နိုင်ပါတယ်။

ကျွန်တော်တို့ ခဏလောက် ဖြစ်ဖြစ် Rapidshare တို့ Hotfile တို့ ကနေခွဲထွက်ပြီး Torrent ကမ္ဘာ ထဲကို တိုးဝင်ကြည့်ရအောင်ဗျာ ..

ဒီ ကျွန်တော်ပြထားတဲ့ ဖိုင်တွေဆိုတာ Torrent ဆိုဒ်တစ်ခုဖြစ်တဲ့ Thepiratebay တစ်ခုတည်းကယူပြထားတာပါ။ လက်ရှိလည်း သူတို့အားလုံး Torrent မှာ တကယ်ရှိနေပါတယ်။ Limit ကန့်သတ်ချက် မရှိပဲလည်း ဒေါင်းလုပ်ချလို့ ရနေပါတယ်။ ဖိုင် တစ်ခုချဖို့ ငွေပေးစရာလည်း မလိုပါဘူး။ ပြောရရင် ဒါဟာ User အချင်း Free Share ပေးထားတဲ့သဘောပါ။ ဒီလိုအသုံးတည့်တဲ့ အရာမျိုးတွေကို ငွေပေးစရာမလိုပဲ ဒေါင်းလုပ်ချနိုင်ဖို့ Torrent နည်းပညာအကြောင်း သိထားဖို့ မလိုဘူးလား။ ဒါကို တစ်ချက်တွေးကြည့်စေချင်ပါတယ်။Torrent နဲ့ အကြောင်းအရာကို ကျွန်တော်မဆွေးနွေးခင်မှာ Forum ထဲမှာ ဆွေးနွေးထားပြီးသား သူ ရှိမရှိ ကျွန်တော်လိုက်ရှာ ကြည့်တော့ ဒီနေရာတွေမှာ ( ) ဆွေးနွေးထားတာလေး တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းအရာက နဲနဲ များမယ် ထင်လို့ ကျွန်တော် Topic အသစ်ဖွင့်ဖြစ်လိုက်တာပါ။ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

အဲတော့ Torrent ဆိုတာ ဘယ်လိုမျိုးလဲ .. သူဘယ်လို အလုပ်လုပ်သလဲ .. သူ့ရဲ့ အခေါ်အဝေါ်တွေက ဘာတွေလဲ .. Torrent ဆို Speed မကောင်းဘူးပဲ ပြောကြတယ် .. Speed ကောင်းအောင် ဘယ် Torrent မျိုးကို ရွေးရမလဲ .. ဘယ် Torrent Client မျိုးကို သုံးမလဲ .. ဘယ် Torrent Search Engines တွေနဲ့ Torrent Files တွေရှာမလဲ .. ဘယ် Torrent ဆိုဒ်တွေက ကောင်းသလဲ .. Torrent ရဲ့ ကောင်းကျိုးက ဘာလဲ .. ဆိုးကျိုးတွေက ဘာလဲ … စသဖြင့် ကျွန်တော် နားလည်သိရှိထားသလောက် အချိန်တစ်ခုပေးပြီး ပြောပြသွားပါမယ်။ Torrent ကို သုံးစွဲဖူးပြီးသား လူလည်းပါမယ် .. အခုမှ အသစ်စမယ့် သူတွေလည်းပါမယ်။ ခပ်ရဲရဲ တိုးဝင်ကြည့်ပါ .. အရံှုးမရှိပါဘူး .. ဘာမှ မရရင်တောင် ဗဟုသုတတော့ ရတာပေါ့ ..

Torrent ဆိုတာ ဘာလဲ ??

ကျွန်တော်တို့ User အတော်များများဟာ File sharing လုပ်ကြပြီဆိုရင် သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်နေကျ FTP ဒါမှမဟုတ် Email စတာတွေနဲ့ပဲ လုပ်ဆောင်ဖို့ အတွက် အကျွမ်းတဝင်ရှိကြပါတယ်။ Torrent ဆိုတာကတော့ သူတို့နဲ့ မတူပါဘူး။ သူက ကျွန်တော်တို့ အလွယ်တကူ အသုံးချနိုင်ဖို့ အတွက် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အပြည့်အစုံပါဝင်တဲ့ သီးခြား File sharing protocol တစ်ခုပါ။ Email ဒါမှမဟုတ် FTP ကို အသုံးပြုပြီး File sharing လုပ်တယ် ဆိုတာဟာ မိမိအလိုရှိရာဖိုင်ကို သိမ်းဆည်းသိုလှောင်ပေးထားတဲ့ ကွန်ပြူတာတစ်ခုနဲ့ သူ့ကို လာရောက်ဆက်သွယ်ပြီး ဖိုင်လက်ခံရယူမယ့် အခြားကွန်ပြူတာတို့ရဲ့ ဆက်သွယ်ချက်ကို ကိုယ်စားပြုတဲ့ Sharing လုပ်ဆောင်နည်း ဖြစ်ပါတယ်။ Torrent ကတော့ သူတို့နဲ့ မတူပါဘူး - FTP မှာ ဖိုင်တစ်ခုကို နေရာတစ်ခုတည်းမှာ သိုလှောင်ပြီး အခြားနေရာ အနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းက မိမိအလိုရှိရာဖိုင်ကို ဆွဲကြပေမယ့် - Torrent မှာကတော့ Peer-to-Peer ဆိုတဲ့ နည်းပညာရပ်ကို သုံးပြီး ဒီ ဖိုင်တစ်ခုတည်းကိုပဲ နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းမှာ သိမ်းဆည်းပေးသလို နေရာအနှံ့အပြားမှာရှိနေတဲ့ ကွန်ပြူတာတိုင်းကနေလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့တွေ Torrent နည်းပညာကို အသုံးပြုပြီး မိမိမှာရှိနေတဲ့ exe, mp3, AVI, JPEG, Doc စတဲ့ ဖိုင်အမျိုးအစား မျိုးစုံကို Share ပေးလို့ရသလို .. Download ချပိုင်ခွင့်လည်း ရှိပါတယ်။

 အထက်ဖော်ပြပါပုံကနေ တစ်ဆင့် ပုံမှန် ကျွန်တော်တို့ လည်ပတ်နေကျ Network Sharing တစ်ခုနဲ့ Torrent Network ပေါ်မှာ ရှိနေတဲ့ Sharing တစ်ခုရဲ့ ကွာခြားပုံကို သိသာစေနိုင်ပါတယ်။ အကြောင်းအရာ တစ်ခုကို မစတင်သေးခင် စိတ်ပျက်မသွားပါနဲ့ဦး။ ပုံကိုကြည့်လိုက်ရင် မျက်စိရှုပ်စရာ ကောင်းနေပေမယ်လို့ သူ့အကြောင်းအရာက ဒီလောက်ထိ ခက်ခက်ခဲခဲ နက်နက်နဲနဲကြီး မဟုတ်ပါဘူး။

Torrent Language အား စတင်လေ့လာခြင်း

နည်းပညာရပ် တစ်ခုအကြောင်းကို စုံစုံစေ့စေ့ နားလည်နိုင်ဖို့ဆိုရင် သူ့နည်းပညာရပ်ထဲမှာ အသုံးပြုနေတဲ့ စကားလုံးတွေ အကြောင်းကို အရင်ဆုံး ထိတွေ့ထားဖူး ပြီးသား ဖြစ်သင့်ပါတယ်။ ဒီအောက်က စကားလုံးတွေနဲ့ ရှင်းလင်းချက်တွေကတော့ ကျွန်တော်တို့ Torrent နည်းပညာအကြောင်းကို ရှင်းလင်းတဲ့ အခါမှ အလွယ်တကူ နားလည်လွယ်အောင် ယဉ်ပါးပြီးသား ဖြစ်နေသင့်တဲ့ Torrent Language ထဲက စကားလုံး တစ်ချို့ပါ။

( ၁ ) Torrent - အစပထမဆုံး စပြောရရင်တော့ အပေါ်မှာလည်း အစပျိုး ပြောထားခဲ့ပြီးသား torrent ဆိုတဲ့ စကားလုံးနဲ့ပဲ စပါ့မယ်။ ကျွန်တော်တို့ Torrent ဖိုင်တွေ အစပထမဆုံး ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ .torrent ဆိုတဲ့ စာလုံးနဲ့ဆုံးတဲ့ ဖိုင်တစ်ခု ကို အဦးဆုံးတွေ့ရပါလိမ့်မယ်။  အဲဒီ့ ဒေါင်းလုပ်ချလို့ ပထမဆုံး ရလာတဲ့ .torrent ဆိုတာ ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်တစ်ခုလုံး မဟုတ်သေးပါဘူး။ သူ့ပမာဏက အရမ်းသေးငယ်ပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ သူ့ထဲမှာ ပါဝင်တာက ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လတ်တလောမှာ အဲ့ဒီ့ဖိုင်ကို ဘယ်သူတွေက Sharing လုပ်ထားတယ် ဆိုတာကိုပဲ ရည်ညွှန်းဖော်ပြချင်တဲ့ ဖော်ညွှန်းချက်ပဲ ပါဝင်တာပါ။ သူက ဘာနဲ့ တူသလဲ ဆိုရင်  Torrent အတွက် အသုံးပြုတဲ့ မြေပုံညွှန်းတစ်ခုနဲ့ တူပြီး ကိုယ်အလိုရှိရာဖိုင်ကို ဘယ်နေရာကနေ စုစည်းရယူနိုင်မယ်ဆိုတဲ့ သတင်းအချက်အလက်ကို စုစည်းပေးထားတဲ့ ဖိုင်အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

( ၂ ) BitTorrent client - BitTorrent client ဆိုတာ Torrent နည်းပညာကို အသုံးပြုပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ ဖိုင်တွေထဲမှာပါဝင်နေတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေကို ဖတ်ရှုပြီး အလိုရှိရာ ဖိုင်တွေကို တည်နေရာ အသီးသီးက စုစည်းဒေါင်းလုပ် ရယူနိုင်အောင် စွမ်းဆောင်ပေးတဲ့ Software တစ်ခုပဲ ဖြစ်ပါတယ်။ Torrent Client အမျိုးအစား အမျိုးမျိုးရှိပြီး လူသုံးများကြတဲ့ Client တွေကတော့ 

ဒီဖော်ပြထားတာတွေ အားလုံးက လူသိများတဲ့ Torrent Client တွေပါ။ တစ်ခြား Client တွေလည်း အများအပြားရှိနေပါသေးတယ်။

( ၃ ) Peer - Peer ဆိုတာ Torrent ဖိုင်တစ်ခုချင်းစီရဲ့ Download ဒါမှမဟုတ် Upload လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ ကွန်ပြူတာ အားလုံးကို ဆိုလိုပါတယ်။

( ၄ ) Seeder - Seed သို့တည်းမဟုတ် Seeder ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားတဲ့ သူကို ဆိုလိုပါတယ်။ ဒီလောက်နဲ့တင် မပြည့်စုံသေးပါဘူး။ Seeder ရဲ့ အကြောင်းတရားက Torrent မှာ တော်တော်လေး အရေးပါပါတယ်။ ကျန်တဲ့ ဝေါဟာရတွေ မသိနားမလည်ရင် နေပါ။ ဒီ Seeder အကြောင်းကိုတော့ ကောင်းကောင်း နားလည်ထားဖို့ လိုပါတယ်။ Torrent Network အတွင်းက မိမိအလိုရှိရာ ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားယုံနဲ့ Seeder တစ်ယောက် မဖြစ်ပါဘူး။ Torrent ဆိုတာ Peer-to-Peer နောက်တစ်မျိုးအခေါ် User to User Share ပေးထားတဲ့ သဘောထားမျိုး ဖြစ်တာမို့လို့ ကိုယ် ဒေါင်းလုပ်ချချင်တဲ့ ဖိုင်ကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ ဖိုင်ရှိနေပြီးသား User တစ်ယောက် သို့တည်းမဟုတ် အများကနေ Seeder အမည်ခံပြီး ကိုယ့်ကို Share ပေးထားရတာ ဖြစ်သလို၊ ကိုယ် အဲ့ဒီ့ဖိုင်ကို ရရှိပြီးသွားတဲ့ အချိန်မှာလည်း ကိုယ့်လိုပဲ အဲ့ဖိုင်ကို လိုချင်နေကြမယ့် တစ်ခြား User တွေအတွက် ကိုယ်ကတစ်ဖန် ပြန်ပြီး Seeder အဖြစ်နဲ့ Share ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲလို Torrent Network ကနေ ကိုယ်လက်ခံရရှိပြီးသား ဖိုင်တစ်ခုကို Seeder အမည်ခံနဲ့ Upload တင်ပြီး share ပေးထားသူမျိုးကိုသာ ကျွန်တော်တို့က Seeder အစစ်အမှန် တစ်ယောက် အဖြစ် သတ်မှတ်လို့ ရပါတယ်။ တကယ်လို့ ကိုယ်က Torrent Network ကနေ ဖိုင်တစ်ခုခုကို ပြီးဆုံးအောင် download ချခဲ့တယ် ဒါပေမယ့် သူများတွေ အဲ့ဖိုင်ကို ဒေါင်းလုပ်ချနိုင်ဖို့ အတွက်ကျတော့ ကိုယ်က seeder တစ်ယောက်အဖြစ်နဲ့ ကိုယ်ဒေါင်းလုပ်ချခဲ့တဲ့ ဖိုင်ကို Upload တင်ပြီး share မပေးခဲ့ဘူးဆိုရင် သူ့လိုလူမျိုးကို Seeder အဖြစ် မသတ်မှတ်ပါဘူး။ Leecher အဖြစ်ပဲ သတ်မှတ်ပါတယ်။

( ၅ ) Leecher - Leecher ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို Download ချနေဆဲ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးသူများကို ဆိုလိုပါတယ်။ Leecher ဆိုသူတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာသက်ဆိုင်ရာ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ်ပြီးဆုံးသွားမယ့် အချိန်မှာတော့ Network အတွင်းမှာ သူ ဒေါင်းလုပ်ချထားရာ ဖိုင်ကို Share ပြန်ပေးရင်းနဲ့ Seeder ဖြစ်လာနိုင်ချေရှိသူများ လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Leecher တိုင်းက Seeder ဖြစ်လာမယ်လို့ ပြောလို့ မရပါဘူး။ ဆိုလိုတာက Leecher တစ်ယောက်ဟာ သက်ဆိုင်ရာဖိုင်တစ်ခုကို ဒေါင်းလုပ်ချလို့ ပြီးသွားရင်တောင် တစ်ခြားသူအတွက် Share ပြန်မပေးခဲ့ဘူးဆိုရင် သူဟာ Seeder ဖြစ်လာမှာ မဟုတ်ပဲ Leecher နေရာမှာပဲ ရပ်တည်နေမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သဘောတရားနဲ့ ဆင်ပါတယ်။

( ၆ ) Share Ratio - Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။  ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး  5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ်  1 ထက်ကျော်မယ်ဆိုရင် +  ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

( ရ ) Swam - Swam ဆိုတာ Torrent Network ထဲမှာ ရှိနေပြီး Torrent Process အတွင်းမှာ ရှိနေသူ Seeders နဲ့ Leechers များ ( ကွန်ပြူတာများ ) အားလုံးရဲ့ စုစုပေါင်း အရေအတွက်ကို ခေါ်ပါတယ်။

( ၈ ) Tracker - Tracker ဆိုတာ Sever တစ်ခုဖြစ်ပြီး သူ့အထဲမှာမှ Torrent Network ထဲမှာ ရှိနေတဲ့ ကွန်ပြူတာတွေထဲက ဘယ်သူ့ဆီမှာ ဘယ်ဖိုင်တွေ ရှိနေပြီး ဘယ်သူကတော့ ဘယ်ဖိုင်တွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို တံတားတစ်စင်းပမာ Seeders တွေနဲ့ Leechers တြွေကား ဆက်သွယ်ပေါင်းကူးပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Tracker အများစုကတော့ Public ဖြစ်ပြီး တစ်ချို့ Tracker တွေကတော့ Register လုပ်ဖို့ လိုအပ်တဲ့ Private Tracker တွေ အဖြစ်လည်း ရှိနေတတ်ပါတယ်။

( ၉ ) Index - Index ဆိုတာ Website ပေါ်မှာ သိမ်းဆည်းထားတဲ့ .torrent ဖိုင်စာရင်းတွေကို ရှာဖွေနိုင်ဖို့ ရည်ညွှန်းပေးတဲ့ ရည်ညွှန်းအမည် တစ်ခု ဖြစ်ပါတယ်။

Torrent နှင့် Copyright Laws များ အကြောင်း

Torrent Network ကို အသုံးပြုတော့ မယ် ဆိုရင် မဖြစ်မနေ သိထားသင့်တာ Copyright Laws အကြောင်းပါ။ လိုရင်းကို မရောက်နိုင်ပဲ ဒီအကြောင်းကို အရင်စပြောရတယ်ဆိုတာကလည်း မဖြစ်မနေ သိထားသင့်ထားသင့်လို့ ပြောပြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုးကူးခွေတွေနဲ့ ပတ်သတ်ပြီး အဆိုတော်တွေ ထုတ်လုပ်သူတွေ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ပရိတ်သတ်တွေက မူရင်းခွေတွေ မဝယ်ကြတော့ပဲ ဈေးပေါပေါနဲ့ ရတဲ့ ခိုးကူးခွေတွေ ဝယ်ကြတယ်။ ခိုးကူးခွေနဲ့ ပတ်သတ်ပြီး မရောင်းချကြဖို့ မဝယ်ယူကြဖို့ သတိပေးစာတွေ တိုက်တွန်းချက်တွေ ရှိနေပေမယ့် အမြစ်ပျက်အောင်တော့ မနှိမ်နှင်းနိုင်သေးပါဘူး။ ဒီအကြောင်းအရာနဲ့ Torrent က ဘယ်လို ပတ်သတ်သလဲ ဆိုရင် Torrent Network ကို အသုံးပြုပြီး Share လုပ်ထားတဲ့ Software, VCD, Ebooks ဆိုတာတွေထဲမှာ မူရင်းထုတ်လုပ်သူကနေ Copyright လုပ်ထားပြီးသား အရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ Torrent Network ကို အသုံးပြုပြီး Copyright လုပ်ထားတဲ့ Software, VCD, Ebooks တွေကို ဒေါင်းလုပ်ချတယ် အသုံးပြုတယ် ဖြန့်ဝေတယ်ဆိုတာ Copyright ဥပဒေသကို ချိုးဖောက်ရာရောက်ပြီး ပြစ်မှုလည်းမြောက်ပါတယ်။ ခိုးကူးခွေရောင်းသူကို အားပေးတဲ့သူနဲ့ အတူတူပါပဲ။ နောက်ပြီး အပေါ်မှာ ပြောခဲ့တဲ့ definitions ထဲကလို Seeder အဖြစ်ကိုယ်ကကိုယ်ရထားတဲ့ Files ကို Sharing ပြန်လုပ်ပေးမှာ ဖြစ်လို့ ခိုးကူးခွေကို အားပေးသူ အဖြစ်ကနေ အလိုလိုနေရင်း ခိုးကူးခွေရောင်းသူ ဘဝကို ရောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါက နားလည်လွယ်အောင် ဥပမာပေးတာပါ။ Peer to Peer file sharing ဆိုတာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ချက် ဖြစ်ပေမယ့် Copyright လုပ်ထားတဲ့ ဖိုင်တစ်ခုကို digital distribution ကို အသုံးချပြီး လက်ဝယ်ထားရှိမယ်ဆိုရင်တော့ Copyright Laws ကို ချိုးဖောက်ရာ ကျပါတယ်။ တစ်ချို့နိုင်ငံ အနည်းငယ်မှာတော့ Copyright လုပ်ထားတဲ့ ဖိုင်တွေကို ဒေါင်းလုပ်ချ အသုံးပြုတဲ့ နေရာမှာ Personal use အတွက် ခွင့်ပြုပေးထားပြီး ဖြန့်ဖြူးခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Copyright ဥပဒေသကို တင်းတင်းကျပ်ကျပ် ပြဌာန်းထားတာ မရှိသေးလို့ လတ်တလော အခြေအနေမှာ ခိုးကူးခွေတွေကိုပဲ မူရင်းခွေလို သဘောထားပြီး User တွေက သုံးနေကြပါတယ်။

တစ်ချို့နိုင်ငံတွေမှာ ဆိုရင် နိုင်ငံမှာ ပြဌာန်းထားတဲ့ Copyright နည်းဥပဒေအရ Torrent trackers တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ပိတ်ပစ်တဲ့ အဖြစ်အပျက်တွေလည်း အမြောက်အများရှိနေပါတယ်။ အမေရိကန်နိုင်ငံက Org တြွေဖစ်တဲ့ RIAA ( Recording Industry Association of America ) နဲ့ MPAA ( Motion Picture Association of America ) တွေဟာ ဆိုရင်လည်း Copyright ထိမ်းချုပ်မှုမှာ လူသိများတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

Copyright ပြဿနာရပ်နဲ့ ပတ်သတ်ပြီး Torrent Site တွေထဲက နာမည်ရှိတဲ့ Site တစ်ခုဖြစ်တဲ့ Mininova ရဲ့ဖော်ပြချက်ကို ဒီနေရာကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ နောက်တစ်ခုသိထားသင့်တာက အင်တာနက်ကပဲ လူမသိနိုင်ပါဘူး ဆိုပြီး ရှောက်ပြေးလို့ မရပါဘူး။ သူတို့အားလုံးမှာ downloader အားလုံးရဲ့ IP addresses ကိုလိုက်ပြီး အသေးစိတ်အချက်အလက်တွေ စုံစမ်းရယူနိုင်တာကြောင့် ရှောက်ပြေးဖို့ဆိုတာလည်း မလွတ်နိုင်ပါဘူး။ အားလုံးကို သိပြီ နားလည်ပြီ ဆိုရင်တော့ Torrent Network ထဲကို စဝင်လို့ ရပါပြီ။

Torrent Network တွင်းသို့ စတင်ဝင်ရောက်ခြင်း

Torrent Network ထဲကို ဝင်ရောက်ပြီး မိမိအလိုရှိရာ အချက်အလက်တွေ ရယူရင်း အခြားသူတွေ အတွက်လည်း ဝေမျှမှု လုပ်ဆောင်မယ်ဆိုရင် ပထမဆုံးအနေနဲ့ အပြောမှာ ပြောပြခဲ့ပြီး ဖြစ်တဲ့ Torrent Client တစ်ခု ရွေးချယ်ရပါမယ်။ ကျွန်တော်ကတော့ အားလုံးထဲက uTorrent ကိုပဲ ရွေးချယ်လိုက်ပါတယ်။ သုံးနေကျဖြစ်ပြီး စွမ်းဆောင်ရည်လည်း ကောင်းလို့ပါ။ uTorrent ကို သုံးရင် ကျွန်တော်ကတော့ Beta version ကိုပဲ သုံးဖြစ်ပါတယ်။ Beta version ဆိုတာ တည်ငြိမ်ပြီးသား version တစ်ခုကနေ features အသစ်ထပ်မံဖြည့်သွင်းထားတဲ့ version အသစ်တစ်ခုဆီ တက်လှမ်းနိုင်ဖို့အတွက် စမ်းသပ်ပြင်ဆင်ဆဲကာလ အမှားမကင်းသေးတဲ့ version ကို ဆိုလိုတာပါ။ မူရင်းဆိုဒ်မှာ ဒေါင်းလုပ်ချမယ်ဆိုရင် သူတို့ကတော့ Stable Version ကိုပဲ ဒေါင်းလုပ်ချဖို့ ဦးစားပေးပါတယ်။ ဒါပေမယ့် Beta ကိုပဲ သုံးကြည့်ပါ။ ဘာလို့လည်း ဆိုတော့ Beta ဆိုပေမယ့် ထင်သလောက်ကြီး Error မများပါဘူး။ အသုံးပြုရလည်း ပိုပြီးလွယ်ကူလာပါတယ်။ မူရင်းဆိုဒ်ကနေ Beta version ကို ဒေါင်းလုပ်ချလို့ ရသလို ဒီနေရာကနေ လည်း ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချလို့ ရလာရင် install လုပ်လိုက်ပါ။ install လုပ်ပြီးနောက်မှာ ပထမဆုံးအကြိမ် utorrent ကို စ run ပြီ ဆိုတာနဲ့ အောက်ဖော်ပြပါ box တစ်ခု တက်လာပြီး ပြင်ဆင်မှု အနည်းငယ် လုပ်ဆောင်ရပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း utorrent setup guide တက်လာပြီ ဆိုရင် အနီနဲ့ ကျွန်တော် ဝိုင်းပြထားတဲ့ နေရာမှာ မိမိယခုလက်ရှိနေထိုင်ရာ နေရာနဲ့ အနီးဆုံးနေရာဒေသ တစ်ခုကို Down arrow ကနေ တစ်ဆင့်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။  အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့နေရာမှာတော့ ကိုယ့်ရဲ့ Upload Speed ကို အနီးစပ်ဆုံး ခန့်မှန်း ဖြည့်သွင်းပေးရပါမယ်။ တကယ်လို့ ကိုယ်နဲ့ နီးစပ်ရာနေရာ သူဖော်ပြထားတဲ့ထဲမှာ မရှိဘူး ၊ ကိုယ့်ရဲ့ Upload Speed ကိုလည်း မသိဘူးဆိုရင်တော့ ဒီနေရာကနေ သွားရောက် စစ်ဆေးပြီး ရလဒ်ကို ဖြည့်သွင်းနိုင်ပါတယ်။



ကျွန်တော်ကတော့ အဲ့ဒီ့နေရာမှာ အောက်မှာ ဖော်ပြထားသလို ကျွန်တော်နေထိုင်ရာ နေရာနဲ့ နီးစပ်ရာ ဒေသ တစ်ခုရယ် ၊ ကျွန်တော် တင်ပေးနိုင်မယ့် Upload Speed ရယ်ကို ဒီအောက်က ပုံလို ဖြည့်သွင်းလိုက်ပါတယ်။ အားလုံးရွေးချယ် ဖြည့်သွင်းပြီးရင်တော့ သူ့အောက်ဆုံးမှာ ကျွန်တော် အမည်းရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Run Tests ကို နှိပ်ပါမယ်။ ဒီအဆင့်တွေကို ကျွန်တော်တို့ ဘာကြောင့်လုပ်ဆောင်နေရလဲ ဆိုရင် ကျွန်တော်တို့ uTorrent ကို သုံးပြီး ဒေါင်းလုပ်ချတာ Upload တင်တာတွေမှာ မိမိနေထိုင်ရာဒေသအလိုက် မှန်ကန်သင့်တော်မယ့် Speed ကို ရရှိနိုင်စေဖို့ပါ။ ဒီလိုရရှိထားမှလည်း Upload တင်တဲ့ အခါမှာ ဖြစ်စေ ဒေါင်းလုပ်ချတဲ့ အခါမှာ ဖြစ်စေ သင့်တော်တဲ့ Speed ကို ရရှိပြီး အလျင်မြန်ဆုံး အလိုရှိရာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။



မိမိရွေးချယ်ရာ ဒေသနဲ့ မိမိရွေးချယ်ဖြည့်သွင်းလိုက်တဲ့ Upload Speed ဟာ မိမိ Bandwidth မိမိ Network နဲ့ ကိုက်ညီမှုရှိရင် အောက်ဖော်ပြပါပုံလို Run Tests နှိပ်ပြီး စစ်ဆေးလိုက်တဲ့နောက်မှာ အစိမ်းရောင် အမှန်ခြစ်နဲ့ ဖော်ပြမှာ ဖြစ်ပြီး တကယ်လို့ မသင့်တော်ဘူး ဆိုရင်တော့ အမှားလက္ခဏာနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ကျွန်တော် အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Save & Close ကိုနှိပ်ပေးပါ။



တကယ်လို့ နောက်အချိန်များမှာ ဒီလုပ်ငန်းစဉ်အတိုင်း မိမိရဲ့ Speed Test ကို ပြန်စမ်းသပ်ချင်တယ် ဆိုရင်လည်း uTorrent toolbar မှာ ရှိနေတဲ့ Options > Speed Guide ကနေ နောက်တစ်ကြိမ် ပြန်လည် စမ်းသပ်ကြည့်နိုင်ပါတယ်။ အားလုံး ပြီးဆုံးသွားရင်တော့ ကျွန်တော်တို့ Torrent Network ထဲက Torrent ဖိုင်တွေကို ဒေါင်းလုပ်ချဖို့ အားလုံး အဆင်သင့် ဖြစ်ပါပြီ။

Torrent Sites နှင့် Torrent Search engines များရွေးချယ်ခြင်း

Torrent နဲ့ ဒေါင်းလုပ်ချတယ် ဆိုတာ ကျွန်တော်တို့ နေ့စဉ် Website တွေကနေ ဒေါင်းလုပ်ချနေတဲ့ လုပ်ငန်းစဉ်နဲ့ အများကြီး မကွာခြားလှပါဘူး။ ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခု ရဖို့ ကိုယ်သိထားတဲ့ Torrent ဆိုဒ်တိုင်းကို သွားပြီး ကိုယ်အလိုရှိရာ ဖိုင်ရှိမရှိ ရှာဖွေရတဲ့ ပြဿနာမျိုး ခုခေတ်မှာ မရှိတော့ပါဘူး .. ကျွန်တော်တို့ နေ့စဉ် သုံးနေကျ Google လိုမျိုး Torrent Search Engines တွေ အများအပြားရှိနေပါပြီ။ သူတို့တွေကို သုံးပြီး မိမိအလိုရှိရာ Torrent Files တွေ ဘယ် Torrent Sites တွေမှာများ ရှိနေလဲ ဆိုတာ အချိန်တိုတွင်း ရှာဖွေ ရယူနိုင်ပါပြီ။ Torrent Search Engines ကိုသုံးရတာ ကိုယ်လိုချင်တာ ရဖို့ ဆိုဒ်တစ်ခုချင်း လည်ပတ်မွှေနှောက် ရတာထက်တော့ အများကြီး သက်သာပါတယ်။ Torrent Sites တွေထဲမှာမှ ဆိုဒ် တစ်ခုနဲ့ တစ်ခုကလည်း မတူပါဘူး။ တစ်ချို့ ဆိုဒ်တွေက မိမိဆိုဒ်မှာ ဘယ် Torrent တွေရှိတယ်ဆိုတာ အတိအကျ ဖော်ပြမထားပဲ သူ့ဆိုဒ်မှာရှိနေတဲ့ torrent ဖိုင်တွေနဲ့ သက်ဆိုင်ရာအလိုက် စုပေါင်း ရည်ညွှန်းချက်တွေကိုပဲ ဖော်ပြထားတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့က အင်္ဂလိပ်လို အခေါ် indexes လို့ ခေါ်ဝေါ်ကြပါတယ်။ Torrent Sites တစ်ခုဆီက အလိုရှိရာဖိုင်ကို အဆင်ပြေပြေ အရည်အသွေး မြင့်မြင့် ရရှိနိုင်ဖို့ ဆိုတာ ဘယ် Torrent Sites က Quality ကောင်းတယ်ဆိုတာ သိထားဖို့လည်း လိုအပ်ပါတယ်။ Torrent Sites တိုင်း ခြောက်ပစ်ကင်း သဲလည်းစင် မဟုတ်ပါဘူး။ ဥပမာပြောရရင် ကျွန်တော်တို့ Avater စထွက်ထွက်ခြင်း ရုံတင်ခါစကာလက ကမ္ဘာတစ်ဝှမ်းက လူတွေ ရုပ်ရှင်ရုံမှာ သွားကြည့်ဖို့လောက်ထိ အချိန်မပေးနိုင် တော့ Quality ကောင်းကောင်းနဲ့ DvD version ရှိမလား ဆိုပြီး Torrent Sites တွေ ရှိရာမှာ အရမ်းကာရော ရှာကြတယ်။ တကယ်တော့ အဲ့အချိန်က DvD version မထွက်သေးပါဘူး။  ဒီအကြောင်းကို သိတဲ့ မသမာသူ လူတစ်ချို့က လူအများ လိုချင်နေတဲ့ Avater ဇာတ်ကားမဟုတ်တဲ့ တစ်ခြားဖိုင်တစ်ခုကို Rar password ခံပြီး Avater DvD version ဆိုပြီး ခေါင်းစဉ်တပ် နောက်ပြီး Torrent Network ပေါ်တင်ကြတယ်။ User တွေက အဟုတ်ထင်ပြီး ဒေါင်းလုပ်တွေ ချကြ ရတော့ ကိုယ်ကြည့်ချင်တဲ့ ဖိုင်လည်း မဟုတ် password က ခံထား ဖွင့်လို့က မရ။ Password ကို လိုချင်ရင် ဘယ်ဆိုဒ်ကို လာခဲ့ပါဆိုပြီး Credit ညွှန်းထားတာပါလာလို့ လိုက်သွားပြန်တော့လည်း အဲ့ဆိုဒ်က အင်တာနက်မှာ မရှိတဲ့ ဆိုဒ် စသဖြင့် လူကို အရူးလုပ်တဲ့ ဖြစ်စဉ်တွေအများကြီး  ရှိပါတယ်။ တစ်ချို့ကြတော့လည်း လူကြိုက်များတဲ့ ဆော့ဖ်ဝဲလ်ဆိုရင် Trojan တွေ virus တွေ ထည့်ပြီး တစ်ဖက်သား ဒုက္ခရောက်အောင် နှောင့်ယှက်တတ်ကြပါတယ်။ ဒါကြောင့် Torrent ဖိုင်တစ်ခုကို ဒေါင်းလုပ်ချဖို့ ဆိုရင် ဘယ် Torrent Sites ကိုသုံးမလဲ ဘယ် Torrent Search engines ကို သုံးပြီး ရှာမလဲ ဆိုတာ သိထားဖို့ သိပ်အရေးကြီးပါတယ်။ ဒီလိုသိထားမှ မိမိအလိုရှိရာ ဖိုင်ကို Error အနည်းဆုံးနဲ့ စိတ်အချရဆုံး ရရှိနိုင်မှာပါ။ အောက်ဖော်ပြပါ ဆိုဒ်တွေကတော့ Torrent နယ်ပယ်မှာ နာမည်ရှိပြီး လူသိများတဲ့ Site တစ်ချို့ ဖြစ်ပါတယ်။

ThePirateBay - သူကတော့ Torrent နဲ့ ပတ်သတ်ရင် တော်တော်လူသိများပြီး စိတ်ချရတဲ့ ဆိုဒ်တစ်ခု လို့ ပြောလို့ ရပါတယ်။ အသုံးပြုသူ Users ပေါင်း ၃.၅ သန်းကျော် ရှိပြီး အသုံးပြုသူလည်း အမြဲတိုးပွားနေပါတယ်။ သူ့ဆိုဒ်မှာ ထူးခြားချက် တစ်ခုက torrent ဖိုင်တွေထဲမှာ ဘယ် Torrent ဖိုင်ကတော့ ယုံကြည်ရတယ် ဘယ်ဖိုင်ကတော့ ဆိုဒ်ရဲ့ အယုံကြည် အားအကိုးရဆုံး သူကိုယ်တိုင်တင်ပေးထားတဲ့ ဖိုင် စသဖြင့် icons တွေနဲ့ ဖော်ပြချက်တွေ ပါရှိပါတယ်။

Mininova - သူကလည်း Torrent နဲ့ ရပ်တည်ခဲ့တဲ့ သက်တမ်း တော်တော်ရှည်ကြာတဲ့ ဆိုဒ် တစ်ခုလို့ ပြောလို့ ရပါတယ်။ သူ့ ဆိုဒ်မှာ ရှိတဲ့ ဖိုင်တွေက ယုံကြည်ရတယ် စိတ်ချရတယ် ဆိုပြီး လူဝင်များတဲ့ ဆိုဒ်တစ်ခု ဆိုလည်း မမှားပါဘူး။

Demonoid - ဒီဆိုဒ်ကတော့ အကောင်းဆုံး လို့ ပြောကြပါတယ်။ လူကြိုက်လည်း တော်တော်များပါတယ်။ Demonoid ကနေ ဒေါင်းလုပ်ချမယ်ဆိုရင် မိမိမှာ အကောင့်တစ်ခု ရှိမှ အဆင်ပြေမှာပါ။ အကောင့်လုပ်မထားခဲ့ဘူး ဆိုရင် ကြိုက်တဲ့ဖိုင် ဒေါင်းလုပ်ချ တစ်ပတ်မှာ ၅ ကြိမ်ပဲ ချခွင့်ရှိပါတယ်။ registration ကတော့ Free ပါ။ ဒါပေမယ့်  ထူးခြားချက်က အကောင့်တစ်ခုရဖို့  Registration က အချိန်တိုင်း မဖွင့်ပါဘူး။ လူမသိ သူမသိ အချိန်မှာ ဘယ်သူ့ကိုမှ ကြိုတင် အသိပေးထားခြင်း မရှိပဲ Registration လုပ်ပိုင်ခွင့်ကို တိတ်တဆိတ်ဖွင့်ပေးတတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ပိတ်သွားတတ်ပါတယ်။ Free ဆိုပေမယ့်လည်း ဒီအချက်ကြောင့် လူတော်တော်များများက Demonoid ကို သည်းသည်းလှုပ်ဖြစ်ကြပါတယ်။ Registration လုပ်ပိုင်ခွင့် ဖွင့်မထားတဲ့ အချိန်မှာ သူ့ဆိုဒ်မှာ Registration လုပ်ချင်တယ်ဆို နဂိုဆိုဒ်မှာ အကောင့်ရှိပြီးသား User တစ်ယောက်က Invite လုပ်မှ Registration လုပ်လို့ရပါတယ်။

Vertor - သူ့ဆိုဒ်က ဖိုင်တွေကလည်း Clean ပြီး Quality ကောင်းတယ်လို့ လူပြောများပါတယ်။

Isohunt - သူလည်း ဆိုဒ်ကောင်း တစ်ခုပါပဲ။

နောက်ထပ်ရှိတာတွေကိုတော့

Kick Ass Torrents
RocketTorrents
NEWTorrents
TorrentBox
TorrentReactor.net
Fulldls.com
BushTorrent
TorrentPortal
BiteNova 
BT Sites
SeedPeer
Torrent Matrix
TopTorrents
BitTorrent Monster
HDBits
Torrent Trackz
Torrentini
Monova.org
Torrentzap.com
BT Junkie
ExtraTorrent
FlixFlux
Bittorrent.am 
BitMe
Spynova
1337x
TorrentHound
YouTorrent
TorrentReactor
TorrentZap
ExtraTorrent
YourBittorrent
ShareReactor  .....

Torrent Meta-search engines ထဲမှာတော့

Torrent-Finder နဲ့ Torrentz ကို သဘောကျပါတယ်။ Torrent Sites တွေနဲ့ Torrent Search Engines တွေအကြောင်း သိရှိပြီးတဲ့ နောက်မှာ နောက်တစ်ဆင့် အနေနဲ့ သက်ဆိုင်ရာ ဆိုဒ် အသီးသီးက မိမိအလိုရှိရာ Torrent ဖိုင်တွေကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားပါ့မယ်။

Torrent File များအား ရွေးချယ်ခြင်း

ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Torrent Client တစ်ခုခု တင်ပြီးပြီ .. ဘယ် Torrent Sites မှာ ကိုယ်လိုချင်တဲ့ ဒေါင်းလုပ်ချမယ် ဆိုတာလည်း ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ အလိုရှိရာ Torrent File တစ်ခု ရရှိဖို့ ဘယ်လိုရွေးချယ်မယ် ဆိုတာ ဆက်ဆွေးနွေးသွားပါမယ်။ Torrent File ရွေးချယ်တတ်မှုဟာ Torrent Network ဆီကနေ မိမိအလိုရှိရာ ဖိုင်တစ်ခုကို တိတိကျကျ ရရှိနိုင်မယ် ၊ မရှိနိုင်ဘူး ဆိုတဲ့ အဖြေအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အခု ဥပမာ အနေနဲ့ ကျွန်တော် Pirate Bay ကို ကျွန်တော်အလိုရှိရာ ဖိုင် ဒေါင်းလုပ်ချဖို့ စံနမူနာ ဆိုဒ် တစ်ခု အနေနဲ့ ရွေးချယ်လိုက်ပါ့မယ်။


ယေဘုယျအားဖြင့် မိမိအလိုရှိရာ torrent ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် အဲ့ဖိုင်ကို ဒေါင်းလုပ်ချထားပြီး share ပေးထားတဲ့  seeder တစ်ယောက် အနည်းဆုံး လိုအပ်ပါတယ်။ တကယ်လို့ seeder နေရာမှာ ( 0 ) ဖြစ်နေတယ် သို့တည်းမဟုတ် seeder အရေအတွက် အရမ်းနည်းနေတယ် ဆိုရင် ကိုယ်လိုချင်တဲ့ ဖိုင်ကို ပြီးဆုံးအောင် ဒေါင်းလုပ်ရယူဖို့ အတော်ကြီး ခက်ခဲပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံ နှစ်ခုကို နိှုင်းယှဉ်ကြည့်ပါ။ တဆင့်ချင်း ထပ်ရှင်းပြပေးပါမယ်။ Torrent site တစ်ခုကိုရောက်သွားရင် ယေဘုယျအားဖြင့် မြင်ရလေ့ရှိတဲ့ ဒေါင်းလုပ်ချလို့ ရနိုင်တဲ့ ဖိုင်တွေရဲ့ မြင်ကွင်းက ဒီလိုမျိုးပါ။ ဒီအောက်က ပုံကတော့ ကျွန်တော် ThePirateBay ကနေ Screen shot လုပ်ထားတာပါ။ ဆိုဒ် တစ်ခုနဲ့ တစ်ခု ပြင်ဆင်ပုံချင်း မတူလို့ လုံးဝကြီး ဆင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသဘောအတိုင်းပဲ ပြင်ဆင်ထားကြတာ များပါတယ်။ ပုံမှာ ကျွန်တော်အစိမ်းရောင် လေးထောင့်နဲ့ ဝိုင်းပြထားတာ Seeder အရေအတွက်ပါ။ ဆိုလိုတာက သက်ဆိုင်ရာ ဖိုင်အလိုက် ဒေါင်းလုပ်ချပြီးတဲ့အပြင် သူများတွေပါ ဒေါင်းလုပ်ယူလို့ ရအောင် Share ပြန်ပေးထားတဲ့ တစ်နည်းအားဖြင့် Seed ပြန်လုပ်ထားတဲ့ သူ အရေအတွက် ဖြစ်ပါတယ်။ အနီရောင်နဲ့ ဝိုင်းပြထားတာကတော့ Leecher အရေအတွက်ပါ။ Seeder အရေအတွက်မှာ ပုံမှာထဲကလို ထောင်ဂဏန်း ဖြစ်စေ ဒါမှမဟုတ် ရာဂဏန်းလောက်ဖြစ်စေ အနဲဆုံး ဆယ်ဂဏန်း လောက် ဖြစ်စေ ရှိနေမယ်ဆိုရင် မိမိလိုချင်တဲ့ ဖိုင်ကို ဒေါင်းလုပ်ချဖို့ အဆင်ပြေလွယ်ကူမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Seeder များလေ မိမိအလိုရှိရာဖိုင်ကို အလျင်မြန်ဆုံး ဒေါင်းလုပ်ချနိုင်လေ ဖြစ်ပါတယ်။ ( မိမိသုံးတဲ့ အင်တာနက် speed ကလည်း အနဲနဲ့ အများတော့ အသင့်အတင့်လောက်ရှိတဲ့ Speed မျိုးတော့ ရှိသင့်တာပေါ့လေ။ ) တကယ်လို့ မိမိအလိုရှိရာဖိုင်ဟာ MB ပမာဏ ၊ သို့တည်းမဟုတ် GB ပမာဏ အရမ်းများမယ်ဆိုရင်တော့ Seeder ပမာဏ ရာဂဏန်းကျော် ထောင်ဂဏန်းကျော် လောက် ဖြစ်မှ ကောင်းမှာပါ။ ၁၀ ဂဏန်းလောက်ပဲ ရှိနေမယ် ဆိုရင် အဲ့ဖိုင် တစ်ခုရဖို့ ၂ ၊ ၃ ရက်လောက် အချိန်ပေးကောင်း ပေးရပါလိမ့်မယ်။


Seeder ပမာဏ များခြင်းအားဖြင့် မိမိအလိုရှိရာ ဖိုင်ကို အလွယ်တကူ လျင်လျင်မြန်မြန်နဲ့ ရရှိနိုင်ယုံမက အဲ့ဒီ့ Torrent ဖိုင်နဲက အတူ တဆက်တစပ်တည်း ဖော်ပြထားတဲ့ ကော်မန့်တွေကို ဖတ်ရှု့လေ့လာကြည့်ခြင်း အားဖြင့် ဒီ Torrent ဟာ Fate လား Real လား။ ဆိုလိုတာ ကိုယ်ဒေါင်းလုပ်ချလိုက်ရင် တကယ်အကျိုးရှိစေမယ့် ဖိုင်လား ဆိုတာ ဒေါင်းလုပ်မချခင်ကတည်းက ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။ Seed များတိုင်းလည်း Torrent ကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာ ဖိုင်နဲ့ အတူ ပူးတွဲပါရှိတဲ့ Comments အရေအတွက်နဲ့ ကိုယ့်လိုမျိုး အဲ့ဖိုင်ကို ဒေါင်းလုပ်ချခဲ့ပြီးသူများရဲ့ ထင်မြင်ချက်ကို ဖတ်ရှု သုံးသပ်ကြည့်ပြီး ဆုံးဖြတ်ခြင်းအားဖြင့်သာ မိမိအမှန်တကယ်အလိုရှိရာဖိုင်ကို တိတိကျကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံတွေကို ဆက်ကြည့်ကြည့်ပါ။

အောက်ဖော်ပြပါ ပုံကတော့ Microsoft Windows 7 Ultimate Retail(Final) x86 and x64 ဆိုတဲ့ Torrent File ကို ဒေါင်းလုပ်ချဖို့ အတွက် ဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေ ဖြစ်ပါတယ်။  သူ့မှာ Seeders အရေအတွက် Leecher အရေအတွက်နဲ့ Comments အရေအတွက်ကိုပါ အသေးစိတ် ဖော်ပြထားပါတယ်။



ဟုတ်ပြီး ကျွန်တော်တို့ ဒီ Microsoft Windows 7 Ultimate Retail(Final) x86 and x64  ကို လိုချင်ပြီ။ ဒါပေမယ့် မလောပါနဲ့ဦး။ ကျွန်တော်တို့ သူနဲ့ ပတ်သတ်နေတဲ့ ဖော်ပြချက်တွေ အရင်စစ်ဆေးပါမယ်။ ပထမဆုံး Seeder ကို စစ်ကြည့်ပါတယ်။ Seeder ပေါင်း ၂၉၄၅ ရှိတယ်လို့ ပြပါတယ်။ ဒီလောက်ဆို အဆင်ပြေပါတယ်။ Leecher ပေါင်း ၃၁၆၁ ရှိပါတယ်။ ဒါကလည်း မဆိုးပါဘူး။ အကြမ်းအားဖြင့်တော့ သူ့ကို ဒေါင်းလုပ်ချဖို့ ရွေးချယ်လို့ ဖြစ်နိုင်ပါပြီ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို Seeder များတိုင်း Torrent ကောင်း တစ်ခု မဖြစ်နိုင်ဘူး ဆိုတဲ့ စကားအတိုင်း သူနဲ့ ဆက်စပ်နေတဲ့ Comments ၁၁၄၈ ကို စစ်ဆေးကြည့်ပါဦးမယ်။ ဒီနေရာမှာတော့ အကြမ်းဖျင်း အနေနဲ့ Comments ၃ ၊ ၄ ခု ကိုပဲ ရွေးချယ်ဖော်ပြပေးသွားပါမယ်။


ကျွန်တော် ဖော်ပြထားသလိုမျိုး Uploader ကိုကျေးဇူးတင်စကား ချီးမွန်းစကား အားပေးစကားတွေ များနေပြီ ဆိုရင်တော့ ဒီ Torrent က စိတ်ချရပါပြီ။ ရွေးချယ်သင့်ပါပြီ။ တကယ်လို့ ပြောင်းပြန်အနေနဲ့ ဒီ Torrent ဖိုင်ကို အကြီးအကျယ် ရံှုချတာတွေ. ဆဲဆိုတိုင်းထွာတာတွေ ဆိုရင်တော့ Seeder များနေလည်း မချပါနဲ့ အချိန်ကုန်ပြီး အကျိုးမရှိတာတွေပဲ ရပါလိမ့်မယ်။ တဆက်တစပ်တည်း အောက်ဖော်ပြပါ ပုံကို ဆက်ကြည့်ပေးပါ။ Games > XBOX360 ဆိုတဲ့ 10.37GB ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကိုတွေ့ပါလိမ့်မယ်။ သူ့မှာဆိုရင် ဒေါင်းလုပ်ချရမယ့် ပမာဏက များ Seeder ကိုကြည့်တော့ ၁ ၊ Leecher ကိုကြည့်တော့ ၃ ဒီလိုဆိုရင်တော့ ဝေးဝေးကသာ ရှောင်ပါ။ အရမ်းလိုချင်လို့ ချမယ်ဆိုရင်တောင် Week နဲ့ ချီပြီး ကြာနိုင်တဲ့ အပြင် ရဖို့ မရဖို့ ဆိုတာလည်း မသေချာပါဘူး။ တစ်ခြား Torrent ဖိုင်တွေလည်း ဒီသဘောပါပဲ။


မိမိသဘောကျရာ ဖိုင်ကို တွေ့ပြီး ကျန်တဲ့ အချက်အလက် အားလုံးလည်း စစ်ဆေးပြီးပြီ ဆိုရင်တော့ အဲ့ဒီ Torrent ဖိုင်ကို ဒေါင်းလုပ်ချဖို့ ဒီလို နေရာမျိုးကို ရှာပါ။ ပြီးရင် click ပေးလိုက်ပါ။



အဲ့အချိန်ကျရင် တကယ်လို့ ကိုယ့်စက်မှာသာ Torrent Client တစ်ခုတင်ထားပြီးသား ရှိနေမယ်ဆို အောက်ဖော်ပြပါ ပုံစံမျိုး တက်လာပါလိမ့်မယ်။



ဖော်ပြပါ နေရာကနေ တစ်ဆင့် မိမိ အလိုမရှိ တစ်ခုခုပါနေမယ် ဆိုရင် Click ဖြုတ်ပြီး ဒေါင်းလုပ်ချတဲ့ နေရာမှာ ပါမလာအောင် ချန်ထားခဲ့နိုင်ပါသေးတယ်။ အားလုံးပြီးသွားရင်တော့ စတင် ဒေါင်းလုပ်ချဖို့ အတွက် OK ကို Click ပေးလိုက်ပါ။ ကျွန်တော် ခု ဆွေးနွေးခဲ့သလောက်ဆိုရင် ဘယ်လို Torrent ဖိုင်မျိုးကို ရွေးချယ် ဒေါင်းလုပ်ချရမယ် ဆိုတာ အနဲအကျဉ်း သဘောပေါက်လောက်မယ် ထင်ပါတယ်။ ဆက်လက်ပြီး ဒေါင်းလုပ်ချနေစဉ် အတောအတွင်းမှာ Seeder နဲ့ Leecher တွေ ဘယ်လိုအလုပ်လုပ်သလဲ Share Ratio ကို မြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားပါ့မယ်။

Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း

ကျွန်တော်လည်း ဒီအကြောင်းအရာကို ရှေ့မဆက်ဖြစ်ပဲ တစ်ခြား အကြောင်းအရာတွေဘက် ရောက်နေရာကနေ အဆုံးသတ်ဖို့ သတိပြန်ဝင်လာလို့ ဒီနေ့ အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်ခုပြောနေတဲ့ Torrent အကြောင်းဟာ ပြည့်ပြည့်စုံစုံကြီး မဟုတ်သေးပါဘူး။ Torrent နည်းပညာကို အသုံးချဖို့ ရနိုင်ယုံသာ ကျွန်တော်နားလည်သလောက် ဖတ်မှတ်လေ့လာခဲ့ဖူး သလောက် စုစည်းရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လေ့လာမယ်ဆိုရင်တော့ ဒီ့ထက်ကျယ်ပြန့်တဲ့ နည်းပညာ အကြောင်းတရားတွေ ရှိနေသေးတယ် ဆိုတာ ကျွန်တော် အသိပေးပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပြောပြချင်တာ Seeder Leecher နှင့် Share Ratio တွေဟာ မိမိ ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်အလိုက် ဘယ်လိုဆက်စပ် နေသလဲ .. သူတို့ဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဘယ်လို ရပ်တည်နေသလဲ ဆိုတဲ့ အကြောင်းလေးပါ။ ဒီအကြောင်းအရာကို ကျွန်တော် Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုပြီး အမည်ပေးလိုက်ပါတယ်။


ဥပမာပေး ပြောပြလို့ ရအောင် ကျွန်တော် Torrent နဲ့ Download ၂ ခု ချလိုက်ပါတယ်။

* ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတာ power dvd 10.rar နဲ့ VSO ConvertXToDVD 4.0.10.324 Final Incl Serial ဆိုတာပါ။ ဒီ Torrent ဖိုင်နှစ်ခု ကို ဥပမာပေးလို့ ရအောင် အရင် ကျွန်တော် ဒေါင်းလုပ်ချလိုက်ပါတယ်။ Status နေရာမှာ power dvd 10.rar အတွက်က Downloading ဖြစ်နေပြီး VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်က Seeding ဖြစ်နေပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ ဆိုရင် power dvd 10.rar ဆိုတာဟာ ကျွန်တော် ဒေါင်းလုပ်ချနေဆဲဖြစ်တယ် ၊ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးဘူး ဆိုတာကို ဆိုလိုတာပါ။ VSO ConvertXToDVD 4.0.10.324 Final Incl Serial ကတော့ ကျွန်တော့်စက်ကနေ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ် ပြီးဆုံးလို့ တစ်ခြားသူ တစ်ယောက် အတွက် ကျွန်တော်ကနေပြီး ပြန်ပြီး Sharing လုပ်ထားတာကို Torrent စကားအခေါ် Seeding ဆိုပြီး ဖော်ပြထားခြင်း ဖြစ်ပါတယ်။

* ကျွန်တော် အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ power dvd 10.rar အတွက် Seeds အရေအတွက် ( Shar ပေးထားသူများ ) 211 ခု ရှိနေတဲ့ အနက်က ကျွန်တော် ချိတ်ဆက်မိထားတဲ့ Seeds အရေအတွက် 21 ခုရှိတယ်ဆိုတာကို ကွင်းစကွင်းပိတ်ရဲ့ အပြင်မှာ ပြပေးထားပါတယ်။ 21 ဆိုတာ ပုံသေဂဏန်း မဟုတ်ပါဘူး။ ရံဖန်ရံခါ Seeder တစ်ယောက်ယောက်က သူ Sharing လုပ်ထားတာကို ဖြတ်ချလိုက် ကျွန်တော်ဆီမှာ လတ်တလော မိထားတဲ့ Seeds အရေအတွက် 21 ကနေ 20,19 ... စသဖြင့်လျော့သွားနိုင်သလို ကျွန်တော့်ဘက်က နောက်ထပ် Seeder အသစ် တောက်နဲ့ ထပ်ချိတ်မိမယ်ဆိုရင်လည်း လတ်တလော ဖြစ်နေတဲ့ 21 ကနေ 22,23 .. စသဖြင့် Seeds အရေအတွက် တိုးလာမှာ ဖြစ်ပါတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ကတော့ ကျွန်တော် ကိုယ်တိုင် Seeder တစ်ယောက် ဖြစ်နေပြီ မို့လို့ ( ဒေါင်းလုပ်ချဖို့ရာ မလိုအပ်တော့တာမို့လို့ ) တစ်ခြား Seeder တွေနဲ့ ချိတ်ဆက်စရာ မလိုတော့ပဲ 0 ( 176 ) အနေနဲ့ ဖော်ပြနေပါတယ်။

* ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတာကတော့ Peers အရေအတွက်ပါ။ တစ်နည်းအားဖြင့် သူ့ကို Leecher လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ သူဟာ power dvd 10.rar ဆိုရင် ကျွန်တော့်လိုပဲ ဖိုင်တစ်ခုလုံး အပြည့်မရသေးပဲ ဒေါင်းလုပ်ချနေဆဲ User တွေကို ဆိုလိုတာပါ။ ဒီနေရာမှာ ထူးခြားသွားတာ တစ်ခုက Leecher ဆိုတာနဲ့ ဒေါင်းလုပ်ချနေတဲ့ သူချည်းပဲလို့ ပြောလို့ မရပါဘူး။ Leecher ကနေလည်း Seeder ဖြစ်နိုင်နေပါသေးတယ်။ ဆိုလိုတာက ဥပမာ လူ ( ၂ ) ယောက် ( A နဲ့ B ) ဟာ power dvd 10.rar ဖိုင်တစ်ခုကို Seeder တစ်ယောက်ဆီကနေ ဒေါင်းလုပ်ချနေတယ် ဆိုပါစို့။ A ဆိုတဲ့ သူက power dvd 10.rar ဆိုတဲ့ဖိုင်ကိုပဲ ဒေါင်းလုပ်ချနေတာ 90 % ရောက်နေပြီ မကြာခင် သူပြီးတော့မယ်။ ဒီအချိန်မှာ B ဆိုတဲ့ သူက ခုမှ power dvd 10.rar ဆိုတဲ့ဖိုင်ကို ဒေါင်းလုပ်ချနေတာ 25 % ပဲ ရှိနေသေးတယ် ဆိုရင် A ဆိုတဲ့သူက သူ ဒေါင်းလုပ်ချပြီးသွားတဲ့ 90 % ထဲကနေ B ဆိုတဲ့သူအတွက် ဒေါင်းလုပ်မချရသေးတဲ့ အပိုင်းတွေကို Seeder အဖြစ် တစ်ဖန်ပြန်လုပ်ပြီး ဝေမျှလို့ရနေပါတယ်။ ဒါကြောင့် Leecher ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် ဒေါင်းလုပ်ချသူ သီးသန့်ချည်း မဟုတ်ပါဘူး။ ဝေမျှသူ Seeders တစ်ယောက် အနေနဲ့လည်း ပြောလို့ တင်စားလို့ ရပါတယ်။ ဒါပေမယ့်သူက တစ်ဝက်တစ်ပျက် ဝေမျှသူလို့ ဆိုရမှာပေါ့။

* ကျွန်တော် အနက်ရောင်နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် Torrent မှာချနေတဲ့ Download Speed ဖြစ်ပါတယ်။ ဒီ Speed က ဝေမျှသူ များရင် များသလောက် ပိုတက်ပါတယ်။ မိမိသုံးနေတဲ့ Internet Speed ကလည်း အထိုက်အလျောက်တော့ သွက်သင့်ပါတယ်။

* ကျွန်တော် အစိမ်းရောင်နု နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် ဒေါင်းလုပ်ချနေစဉ် အတောအတွင်း တစ်ဆက်တစ်စပ်တည်း ကျွန်တော့်ဆီကနေ ပြန်ဆွဲနေတဲ့သူ Leecher တစ်ယောက်ယောက်ရှိနေရင် ကျွန်တော့်ဘက်ကနေ Upload ပြန်တင်ပေးနေတဲ့ နှုန်းကိုပြတာပါ။

* ကျွန်တော် အညိုရောင်နဲ့ ဝိုင်းပြထားတာကတော့ ETA လို့ ခေါ်တဲ့ ခန့်မှန်းခြေကြာမြင့်နိုင်မယ့်နှုန်းပါ။ ဆိုလိုတာက ကိုယ်က ဒေါင်းလုပ်ချနေတဲ့သူ ဆိုရင် နောက် ဘယ်လောက်လောက် အချိန်တွင်းမှာ ဒီ ဒေါင်းလုပ်ပြီးမယ်။ ဒါမှမဟုတ် ကိုယ်က Seeder အဖြစ် လုပ်ဆောင်နေတာဆိုရင် နောက် ဘယ်လောက်လောက် အကြာမှာမှ ဒီ Uploading လုပ်ငန်းစဉ်ပြီးဆုံးမယ် ဒါကိုဖော်ပြတာပါ။ ဒီနေရာမှာ တစ်ခု မေးစရာရှိလာတာက Uploading လုပ်ငန်းစဉ်က Torrent မှာ တကယ်ရောပြီးဆုံးဦးမှာလား ဆိုတဲ့ မေးခွန်းပါ။ တကယ်တော့ Torrent မှာ လုပ်ဆောင်နေတဲ့ Uploading လုပ်ငန်းစဉ်ဟာ ကိုယ် Seeder ဖြစ်နေသ၍ ကိုယ့်ဆီကနေ Leecher တစ်ယောက်မဟုတ် တစ်ယောက် အမြဲ ဆွဲယူနေသ၍ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ Leecher တစ်ယောက်လောက်က ဆွဲယူနေတာ အကြောင်း မဟုတ်ပေမယ့် ဆွဲယူတဲ့သူ များလာတာနဲ့ အမျှ ကိုယ့်ရဲ့ Internet အသုံးပြုမှုကိုလည်း အနည်းနဲ့ အများထိခိုက်လာနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Share ပေးတဲ့ တစ်နည်းအားဖြင့် Seeder အဖြစ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ ဖြတ်တောက်ပစ်မလဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ Share Ratio ကိုကြည့်ရပါမယ်။

* ကျွန်တော်လိမေ္မာ်ရောင်နဲ့ ဝိုင်းပြထားတာ Share Ratio ပါ။ Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒီအကြောင်းက အပေါ်မှာ Def: မှာတုန်းက ပြောပြခဲ့ပြီးသားပါ။ ဒါကြောင့် Downloading လုပ်ငန်းစဉ်ပြီးဆုံးသွားလို့ Torrent ဖိုင်ကို List ထဲကနေ ဖျက်ထုတ်ပစ်တော့မယ် ဆိုတဲ့အခါ ကျွန်တော် လိမေ္မာ်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်ကြည့်ပေးပါ။ အပေါ်က ပုံအရပြောရရင် power dvd 10.rar အတွက် ကျွန်တော့် Share Ratio ဟာ 0.013 ပဲ ရှိပါသေးတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ဆိုရင်လည်း Share Ratio ဟာ 0.014 ပဲရှိပါသေးတယ်။ ဖိုင် ( ၂ ) ခုလုံးဟာ Share Ratio ( 1 ) မရသေးတာက တစ်ကြောင်း လတ်တလော အခြေအနေ Peers နေရာမှာလည်း power dvd 10.rar အတွက် Peers ( 6 ) ယောက်ရှိနေပြီး ConvertXToDVD 4.0.10.324 Final Incl Serial အတွက် Peers ( 1 ) ယောက် ရှိနေလို့ မဖျက်ထုတ်သင့်သေးပါဘူး။ Share Ratio ( 1 ) ပြည့်မှ Share ပေးထားတာကို ရပ်ချင်ရပ် သို့တည်းမဟုတ် လတ်တလော မိမိဖျက်ထုတ်မယ့် အခြေအနေမှာ မိမိဆီကနေ Peers လုပ်ဆောင်သူ ရှိမနေဘူး ဆိုရင်သာ ဖျက်ထုတ်သင့်ပါတယ်။

* ကျွန်တော် မရမ်းရောင်နဲ့ ဝိုင်းပြထားတာတော့ ကျွန်တော်ဒေါင်းလုပ်ချပြီးတဲ့ အထဲကမှ Peers တွေကဆွဲယူလို့ ကျွန်တော် ဒေါင်းလုပ်ပြန်တင်ပေးပြီးသွားတဲ့ ပမာဏပါ။ ဒီပမာဏကလည်း ကိုယ် Share ပေးထားသရွေ့ ကိုယ့်ဆီကနေ ဆွဲယူနေတဲ့ Peers တွေရှိနေသရွေ့တက်နေမှာ ဖြစ်ပါတယ်။

ကျွန်တော် အခုပြောခဲ့သလောက်ဆိုရင် Torrent အကြောင်း အတော်များများ နားလည် သဘောပေါက်ပြီး Torrent ဖိုင်တစ်ခုရဲ့ လုပ်ဆောင်ပုံ၊ အခေါ်အဝေါ်တွေနဲ့ မိမိအလိုရှိရာ Torrent ဖိုင်ရှာဖွေပုံတွေကအစ နားလည်သိရှိနိုင်လောက်မယ် ထင်ပါတယ်။ Torrent နဲ့ MF မိသားစုဝင်များ အစစအရာရာ အဆင်ပြေနိုင်ကြပါစေ။

KznT.

Check Out Your Password Security

ကျွန်တော်တို့ Web form တစ်ခုကို ဖြည့်တဲ့အခါ Internet Explorer မှာပဲ ဖြစ်ဖြစ် Firefox မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဖြည့်သွင်းလိုက်တဲ့ Password ကို မှတ်ထားမှာလား ဆိုပြီး Browser ကနေ မေးတာကို ကြုံဖူးကြမှာပါ။ ခုလိုမျိုးပေါ့။


Mozilla Firefox တွင် မေးမြန်းပုံ။

Internet Explorer တွင် မေးမြန်းပုံ။

တကယ်လို့ ဒီလိုမေးခွန်းမျိုးဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကွန်ပြူတာမှာ သုံးစွဲနေတုန်း မေးမြန်းတာမျိုး ဆိုခဲ့ရင်တော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် Yes လို့ Click ပေးလိုက်ပြီး ကွန်ပြူတာမှာ မှတ်သားထားဖို့ စေခိုင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မှတ်ထားသင့်တာက Web browsers တွေမှာပါတဲ့ " Remember Me " option ဆိုတာ အသုံးဝင်တာမှန်ပေမယ့် သတိထားသင့်တဲ့ မိမိ password လုံခြုံရေးအတွက် သတိထားသင့်တဲ့ အရာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကွန်ပြူတာကို ဖျော်ဖြေရေး သဘောမျိုးအသုံးပြုတဲ့သူ ဒါမှမဟုတ် ကွန်ပြူတာနဲ့ မရင်းနှီးတဲ့ သူ တော်တော်များများဟာ ကွန်ပြူတာက မေးတဲ့ မေးခွန်းတိုင်းကို စာကြောင်းဆုံးအောင် မဖတ်ကြပဲ စိတ်မရှည်စွာနဲ့ OK ပေးမလားမေးရင် OK ပေးတယ် ၊ Yes ပေးမလား မေးရင် Yes ပေးကြတယ် ၊ Yes or No ဆိုရင်လည်း ဘာမှန်းမသိပဲ Yes ကိုပဲပေးကြတာများပါတယ်။ ဒီ အလေ့အကျင့်တွေက တော်တော် မကောင်းပါဘူး ရှိနေတယ် ဆိုရင်လည်း ပြင်သင့်ပါတယ်။ တစ်ခြား နေရာတွေမှာ ဘယ်လိုပဲ ပေးပေး ခုလို မိမိ Password လုံခြုံရေးအတွက် Confirm တောင်းတဲ့ မေးခွန်းမျိုးမှာတော့ Yes ပေးလိုက်မိရင် ဘာဖြစ်နိုင်တယ် ဆိုတာ ကျွန်တော် အောက်မှာ တဆင့်ချင်း ဖော်ပြပေးသွားပါ့မယ်။ 

Internet Explorer အတွင်း Auto-Complete မှတ်သားထားသော Passwords များအား ပြန်လည်ဖော်ယူခြင်း

တကယ်လို့ ကျွန်တော်တို့ဟာ အထက်မှာ ဖော်ပြခဲ့သလိုမျိုး Internet Explorer မှာ ဒါမှမဟုတ် Mozilla Firefox မှာ မိမိ Password ကို Remember လုပ်ဖို့ မှတ်သားခိုင်းလိုက်ပြီ ဆိုရင် မိမိမှတ်သားခိုင်းလိုက်တဲ့ Password နဲ့ Username ကို Internet Explorer မှာ ဆို 35kb လောက်ပဲ ရှိတဲ့ IE PassView လို့ ခေါ်တဲ့ အပေါ့စား tool လေး တစ်ခုသုံးပြီး Windows Registry ထဲထိ ဝင်ကြည်စရာ မလိုပဲ ဆိုဒ်တစ်ခုအတွက် ကျွန်တော်တို့ ရိုက်သွင်းလိုက်တဲ့ Username နဲ့ Password ကို အခြားလူတစ်ယောက်က အလွယ်တကူရရှိသွားနိုင်ပါတယ်။ ဒီ Tool လေးဟာ IE ထဲမှာ မှတ်သားထားသမျှ Username တွေ Password တွေအကုန်လုံးကို အလွယ်တကူ ဖော်ပြသွားနိုင်ပါတယ်။ ဒီအောက်က ပုံကို ကြည့်ပါ။ 


Mozilla Firefox အတွင်း Auto-Complete မှတ်သားထားသော Passwords များအား ပြန်လည်ဖော်ယူခြင်း

Firefox မှာတော့ User တစ်ယောက် မှတ်သားထားတဲ့ Password ကို ဖော်ယူရတာ Mouse ကို ဘယ်လိုရွှေ့ရတယ် ဆိုတာ သိသူဆိုရင်တောင် အလွယ်တကူ ဖော်ယူနိုင်ပါတယ်။
နည်းလမ်းကတော့ Tools > Options > Security > Saved Passwords > Show Password ဆိုရင် ရပါပြီ။ အဲ့ထဲမှာ ကျွန်တော်တို့ Browsers တွင်းမှာ မှတ်ခိုင်းထားသမျှ Passwords အားလုံးရော Username အားလုံးရော ရှိနေပါတယ်။


ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် IE မှာပဲ ဖြစ်ဖြစ် Firefox မှာပဲ ဖြစ်ဖြစ် " Remember me " option ကို သုံးတော့မယ် ဆိုတဲ့ အခါ မိမိသုံးနေကျ အင်တာနက်ဆိုင်မျိုးတင် မကပဲ ကိုယ့်ကွန်ပြူတာမှာ ကိုယ်သုံးမယ် ဆိုရင်တောင် သတိထားသင့်ပါတယ်။ မသမာသူ ဆိုတာ ဘယ်အချိန်မှာ ဘာကို ကြံစည်မယ်မှန်း ကျွန်တော်တို့ မရိပ်မိနိုင်ပါဘူး။ အဲတာကြောင့် Internet Explorer ကို သုံးမယ် ဆိုတဲ့ အခါ မိမိ Password လုံခြုံရေးကို တိုးမြှင့်ချင်မယ် ဆိုရင်တော့ အောက်ဖော်ပြပါ ပုံစံအတိုင်း Internet Explorer ထဲက Tools > Options ထဲမှာ ရှိတဲ့ Check boxes အားလုံးကို ကလစ်ဖြုတ်ထားသင့်ပါတယ်။ ဒီလိုလုပ်ထားခြင်း အားဖြင့် အင်တာနက်နဲ့ ပတ်သတ်ပြီး မိမိရဲ့ လှုပ်ရှားမှု အားလုံးကို လုံခြုံစေနိုင်ပါလိမ့်မယ်။ 


Mozilla Firefox မှာတော့ " Remember me " option ကို အသုံးပြုချင်တယ် ဆိုရင် အကောင်းဆုံးကတော့ Use a master password. ကို အသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။ အသုံးပြုဖို့ကတော့ Tools > Options > Security > Use a mater password ကို Click ပေးပြီး မိမိ ဝှက်ထားချင်တဲ့ Password တစ်ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 


ဒီလိုလုပ်ဆောင်လိုက်ခြင်း အားဖြင့် ဘာများ ထူးခြားသွားလဲ ဆိုရင် တစ်စုံ တစ်ယောက်က ကိုယ် Remember လုပ်ထားတဲ့ Password တွေကို ကိုယ်မရှိချိန် ခိုးကြည့်ဖို့ ကြိုးစားတဲ့ အခါမှ အရင်ကလို အလွယ်တကူ ကြည့်လို့ မရတော့ပဲ ကိုပေးထားတဲ့  Master password ကို ဖြည့်ပေးဖို့ တောင်းခံပါလိမ့်မယ်။ 


ဒီလိုဆို ကိုယ့် Password ကို သိနိုင်ဖို့ ကြိုးစားတဲ့ သူ အနဲနဲ့ အများ လက်တွန့် သွားလောက်ပါပြီ။
သူတို့လိုမျိုး မိမိ Password လုံခြုံရေးအတွက် Online ကနေ အာမခံ ဝန်ဆောင်မှု ပေးနေတဲ့ Software တွေလည်း ခုချိန်မှာ အတော်များများ ပေါ်ထွက်နေပါပြီ။ ဝါသနာပါမယ် ဆိုရင်တော့ ဒီအောက်ဖော်ပြပါ နေရာတွေကို သွားပြီး စမ်းသပ်နိုင်ပါပြီ။ 

( 1 ) Roboform
( 2 ) LastPass
( 5 ) KeePass
( 6 ) iMacros
( 7 ) OpenID
( 8 ) Billeo

သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ နေ့စဉ်နေ့တိုင်း လည်ပတ်သွားလာနေကျ ဆိုဒ်တွေ ၊ ( ဥပမာ - Yahoo, Google, MSN ကနေ စပြီး မိမိ Register လုပ်ထားရာ ဘယ်ဆိုဒ်ကို မဆို ) ရောက်သွားတဲ့ အချိန်မှာ ကိုယ့် Password ကို ၂ ခါထပ် ဖြည့်သွင်းစရာ မလိုပဲ တစ်ခါ ဖြည့်ထားယုံနဲ့ အဲ့ Software တွေက အလုံခြုံဆုံး ဖြစ်အောင် encrpted လုပ်ထားပေးပြီး လိုအပ်ချိန်မှာ အသင့်သုံး အနေအထားဖြစ်အောင် ကလစ်ပေးယုံနဲ့ အားလုံး ပြည့်စုံအောင် စွမ်းဆောင်ပေးတဲ့ Software တွေပါ။ ဒါက အတိုချုံး ပြောတာပါ။ နောက်ထပ် စွမ်းဆောင်ရည်တွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်ကတော့ အားလုံးထဲမှာ Roboform ကို သဘောကျပါတယ်။ ဒီအကြောင်းအရာက သိပြီးသား သူတွေလည်း ရှိနိုင်ပါတယ်။ နောက်ထပ် ဆက်စပ်နေတဲ့ Keylogger တွေအကြောင်း ပြောဖို့ ရှိပါသေးတယ်။ ဒါပေမယ့် Keylogger အကြောင်းက အတော်တော်များများ သိပြီးသားဖြစ်လောက်ပြီ မို့လို့ ထူးပြီး မပြောခဲ့တော့ပါဘူး။ မိသားစု အားလုံး အင်တာနက်တွင်းမှာ လုံခြုံချောမွေ့စွာနဲ့ လှည့်လည်သွားလာနိုင်ကြပါစေ။

KznT.

Making Custom Recovery CD

Recovery Software များစုထားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Recovery Software အကြောင်းဆိုတော့ဒီနေရမှာပဲမေးပါရစေ။နေရာမှားရင်ခွင့်လွှတ်ပါ။အခု computer အသစ်တလုံးဝယ်မယ်ဆို အရင်လို window cd မထည့်ပေးတော့ပဲ Recovery cd ပဲပါလာတော့တယ်။အဲ့ဒီ cd ကို Recovery Software သုံးပြီးပြုလုပ်လို့ရလား။window အသစ်တင်ပြီ software အားလုံးသွင်းပြီးတဲ့အခါ Recovery cd လုပ်ချင်လို့ပါ။ဘယ် Recovery Software ကိုသုံးရမလဲ လမ်းညွှန်ပေးပါခင်ဗျာ။ကျေးဇးအများကြီးတင်ပါတယ်။



ဒီအကြောင်းအရာကို ဝင်ဆွေးနွေးထားသူ မတွေ့သေးလို့ ကျွန်တော် စတင်ဆွေးနွေးလိုက်ပါ့မယ်။ ကိုဝင်းထွန်းမေးထားတဲ့ အကြောင်းအရာက တိုတိုလေးပေမယ့် သေသေချာချာရှင်းရမယ် ဆိုရင် တော်တော်များများ ပြောမှ အဆင်ပြေမှာပါ။ နောက်ပိုင်း ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အရှည်ပြန်ရေးပါဦးမယ်။ လတ်တလောတော့ အတိုချုံးပြီး ပြောပြပေးပါမယ်။ ပထမဆုံး ကိုဝင်းထွန်းပေးထားတာတွေ ထဲက ကျွန်တော် မရှင်းတာလေး နဲနဲလောက် ပြန်မေးကြည့်ချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ အဲ့အဖြေပေါ် လိုက်ပြီး ကျွန်တော့်အဖြေကလည်း ပြောင်းလဲသွားနိုင်လို့ပါ။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတာတွေ အလိုက် အဖြေကိုပါ တစ်ခါတည်း ထုတ်ပေးသွားပ့ါမယ်။  " အခု computer အသစ်တလုံးဝယ်မယ်ဆို အရင်လို window cd မထည့်ပေးတော့ပဲ Recovery cd ပဲပါလာတော့တယ်။ " လို့ ကိုဝင်းထွန်းက ပြောပါတယ်။ Recovery CD ပဲ ထည့်ပေးတော့တယ် ဆိုတဲ့ စကားက အဓိပ္ပါယ် ( ၂ ) ခွထွက်ပါတယ်။ ပထမဆုံး ဖြစ်နိုင်ချေရှိတဲ့ အဓိပ္ပါယ်က  ဥပမာ ပြောရရင် Paragon ကနေ ထုတ်တဲ့ Software တွေမှာလည်း သူတို့ ဆော့ဖ်ဝဲလ်အားလုံးအတွက် ဝင်းဒိုးအတွက် အရေးပေါ်အခြေအနေတွေမှာ Boot တက်ပြီး ပြင်ဆင်လို့ ရအောင် သူတို့ software နဲ့အတူ အဲ့ဒီ့ ဆော့ဖ်ဝဲလ်ကိုပဲ Recovery CD အဖြစ် အသုံးချနိုင်အောင် တစ်လက်စတည်း ထည့်သွင်းပေးလိုက်ပါတယ်။ ကိုဝင်းထွန်း ပြောချင်တာ အဲ့ဒီ့ Recovery CD ကိုပြောချင်တာလား။ အဲဒီလို Recovery CD မျိုး ဆိုရင်တော့ သူ့ဆော့ဖ်ဝဲလ်ထဲကနေ ပဲ တစ်ခါတည်း ရိုက်ထုတ်လိုက်လို့ ရပါတယ်။ နောက်ပြီး Hiren's Boot CD တို့ Acronic တို့ နောက် Recovery Applications  တွေ အများကြီးကို တစ်ခွေတည်းမှာ ပေါင်းထည့်ထားတဲ့ Recovery CD တို့ စသဖြင့် သူတို့တွေကိုလည်း Recovery CD လို့ ခေါ်ကြပါတယ်။

ဒါမှမဟုတ် ကိုဝင်းထွန်း ပြောခဲ့တဲ့ စကားအားလုံးကို ဆက်စပ်ပြီး တွေးကြည့်ရင် ဒုတိယဖြစ်နိုင်ချေရှိတဲ့ အဓိပ္ပါယ်က လက်ရှိသုံးနေတဲ့ Windows တစ်ခုလုံးကို Backup သဘောမျိုး လုပ်ထားပြီးသား၊ ကိုယ့်စက်နဲ့ပတ်သတ်တဲ့ သက်ဆိုင်ရာ Hardware တိုင်းအတွက် Drivers တွေအားလုံးလည်းပါပြီးသား၊ တစ်ခြား ကိုယ်သုံးနေကျ software တွေလည်း ပါဝင်နေပြီးသား၊ ဝင်းဒိုးမှာ ကိုယ်ပြုပြင်ပြောင်းလဲထားတဲ့ configuration တွေလည်း အားလုံးပါဝင်ပြီးသား Recovery CD မျိုးကိုများ ပြောချင်တာလား။ ဒါကတော့ ပိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က ဒီ Recovery CD ကို သုံးပြီး ကိုယ့်ကွန်ပြူတာရဲ့ အရေးပေါ် အခြေအနေမှာ ပြန်လည် ပြင်ဆင်မှုတွေ လုပ်ဆောင်လို့ ရမယ်။ နဂို မတည်ငြိမ်တဲ့ အခြေအနေကနေ ဟိုးယခင် အကောင်းအတိုင်း တည်ငြိမ်တဲ့ အခြေအနေကို ပြန်ရမယ်။ ဒီလို Recovery CD  မျိုး လုပ်ချင်တာလို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီအတွက်က ဆော့ဖ်ဝဲလ်တွေရှိပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Acronic True Image, Norton Ghost, နောက် Mondo Rescue စသဖြင့် တော်တော်များများ ရှိပါတယ်။ Acronic True Image, Norton Ghost ကတော့ လူသုံးများပါတယ်။ သူတို့ကို သုံးပြီး ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ Recovery CD မျိုး လုပ်ဆောင်လို့ ရပါတယ်။ ဘယ်လို လုပ်ဆောင်ရတယ် ဆိုတာတော့ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး။ " computer အသစ်တလုံးဝယ်မယ်ဆို အရင်လို window cd မထည့်ပေးတော့ပဲ Recovery cd ပဲပါလာတော့တယ်။ "ဆိုတာကတော့ ကွန်ပြူတာ ဆိုင်တွေက လုပ်စားတာပါ။ ဆိုလိုတာက တကယ်လို့ ကွန်ပြူတာ တစ်ခုခု ပျက်လို့ သူတို့ဆီ ရောက်လာရင် အလွယ်ပြင်ဆင်နိုင်ဖို့ အတွက် Recovery CD သုံးပြီး System restore ပြန်ခေါ်ပေးလိုက်တဲ့ သဘောပါပဲ။ ဒီလိုလုပ်လိုက်ခြင်း အားဖြင့် သူတို့အတွက် လုပ်ရကိုင်ရ သက်သာတယ်။ ပိုင်ရှင်ဖြစ်တဲ့ သူကလည်း ဝင်းဒိုးလေး ပြန်မြင်ရရင် ကောင်းသွားပြီ ထင်ပြီး ကျေနပ်သွားတယ်။ တောင်းတဲ့ လက်ခလေး ပေးလိုက် အိုကေလို့။ တကယ်လို့ Recovery CD သုံးပြီး System restore ပြန်ခေါ်ပေးလိုက်လို့မှ အဆင်မပြေတော့ရင်ကျတော့ ဆိုင်တွေက အစ်ကို/ အစ်မ ကွန်ပြူတာကတော့ လစ်သွားပြီ ဝင်းဒိုးက လုံးဝ အလုပ်မလုပ်တော့ဘူး .. ပြန်ကောင်းချင်ရင်တော့ ဝင်းဒိုးအသစ်ကို ပြန်တင်ရတော့မယ် ဘာညာနဲ့ ပြောပြီး ၄၅ မိနစ်လောက်တင်ရင် ပြီးတဲ့ ဝင်းဒိုးတစ်ခုကို တစ်ပတ်လောက် အချိန်ပေးရတော့မယောင်ပြောပြီး လက်ခပိုတောင်းချင်တဲ့ သဘောပါ။ ဒါကိုတော့ Recovery CD သုံးပြီး System restore ပြန်ခေါ်ပေးလို့ မရတဲ့ အခြေအနေမှာ Fresh Windows ပြန်တင်ရတယ်လို့ ပြောလို့ရပါတယ်။ ဆိုင်တွေက User တွေကို မူရင်း Windows CD မပေးလိုက်ခြင်း အားဖြင့် ဒီလို ပြဿနာကြုံတဲ့ အခါ ကိုယ်တိုင် ဝင်းဒိုးတင်လို့ မရတော့ဘူး။ သူတို့ဆီ ပြန်လာရတယ်။ အကူအညီတောင်းရတယ်။ ဒီအတွက် သူတို့ ပိုက်ဆံထပ်ရတယ်။ ဒီသဘောပါပဲ။ ဒါကြောင့် ဝင်းဒိုး CD ကို ထည့်မပေးကြတာပါ။ နိုင်ငံခြားတွေမှာတော့ ကိုယ်ဝယ်တဲ့ ကွန်ပြူတာရဲ့ တန်ဖိုးကို လိုက်ပြီး သက်ဆိုင်ရာ Windows CD တစ်ခု အမြဲ ထည့်ပေးကြပါတယ်။ ဆိုလိုတာက ကိုယ်ဝယ်တဲ့ ဝင်းဒိုးမှာ မူရင်းလာကတည်းက Windows Vista Home Premium တင်ထားပြီးသားပါတယ် ဆိုရင် သူတို့က Windows Vista Home Premium အခွေကို တစ်ခါတည်း ထည့်ပေးကြပါတယ်။ အဲ့ဝင်းဒိုးတွေက OEM informations နဲ့ လာတာမို့လို့ Activation လုပ်ဖို့ မလိုပါဘူး။ OEM ဆိုတာ Original Equipment Manufacture ကို ပြောတာပါ။

အဲတော့ အနှစ်ပြန်ချုပ်ရရင် Windows အသစ်တင်ပြီး Software အားလုံး တင်ပြီးတဲ့ အခါ Recovery CD လုပ်ချင်တယ်ဆိုရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ Acronic True Image, Norton Ghost, Mondo Rescue စတဲ့ ဆော့ဖ်ဝဲလ်တွေ သုံးပြီး လုပ်ဆောင်ပါ။ Recovery Software တိုင်း Recovery CD လုပ်လို့ မရပါဘူး။ ဒီလောက်ပါပဲ။ အဆင်ပြေကြပါစေဗျာ။

KznT.

Related Posts