How to create and upload a torrent?

တစ်ချို့က Torrent ဆိုတာကို ကြားပဲ ကြားဖူးတယ် မသုံးဖူးဘူး - တစ်ချို့ကကျတော့ သုံးနေတယ် - ဒါပေမယ့် Torrent ရဲ့ သဘောတရားကို သေသေချာချာ မသိဘူး - ဒေါင်းလုပ်ချလို့ရပြီးရော ပုံစံမျိုးနဲ့ သုံးနေတယ် - တစ်ချို့ကကျတော့ Torrent ကို သုံးကြည့်ချင်တယ် ဒါပေမယ့် မသုံးတတ်ဘူး - ဒီလိုလူတွေ အားလုံးအတွက် Torrent အကြောင်းကို အပြည့်စုံဆုံး ဖြစ်အောင် လနဲ့ချီပြီး ရေးခဲ့တဲ့ What is Torrent ? ဆိုတဲ့ post တစ်ခု ရှိတယ် - ဒါပေမယ့် Torrent က လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်နေတုန်းပဲ - အခုလည်း Torrent ဘာလဲဆိုတာ သိပြီး သုံးတတ်သွားတော့ Torrent Upload တင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာကြတာ ရှိတယ် - သူတို့တွေကို နိုင်သလောက်ကူညီရင်း တစ်ခြားသူတွေလည်း လေ့လာနိုင်အောင် ဒီမှာ ဖော်ပြလိုက်တယ် -

   
Originally Posted by phoetharlay View Post
အကိုKznt ခင်ဗျာ ကျွန်တော်မသိတာလေးမေးချင်လို့ပါ အခုအကိုရေးထားခဲ့တာက Torrent ကနေဒေါင်းလုတ်ချနည်းတို့ ဖိုင်ရွေးချယ်နည်းတို့ပေါ့နော် အခုကျွန်တော်မေးချင်တာလေးက Torrent မှာ ဘယ်လို Upload တင်ပေးလို့ရလဲဆိုတာတွေကို အကိုနားလည်မယ်ဆိုရင်ရှင်းပြစေချင်ပါတယ် ကျွန်တော်တို့ Torrent ကနေဒေါင်းလုတ်ချတာအဆင်ပြေတယ်ဗျ လူပင်ပန်းတာသက်သာတယ် ဒီတော့ကျွန်တော်တို့ ဘယ်လို Upload တင်မယ် ဘယ်လို လင့်တွေကိုယူမယ် ဖိုရမ်တွေ ဝက်ဘ်ဆိုဒ်တွေမှာဘယ်လိုတင်မယ်ဆိုတာကိုဖြစ်နိုင်ရင် အကိုခင်ဗျာဆွေးနွေးပေးစေချင်ပါတယ် ..........
ဟုတ်ကဲ့ မေးထားတာတော့ ကြာပါပြီ - ချက်ချင်း ပြန်ဖြေပေးဖို့အတွက် အချိန်မလုံလောက်တာရယ် ပြောရင်လည်း အကြောင်းအရာက ရှည်မှာမို့ သေသေချာချာ အားမယ့် တစ်ရက် စောင့်နေရင်း ကြာသွားတာပါ - Torrent မှာ Upload တင်တဲ့ လုပ်ငန်းစဉ်က ကျွန်တော်တို့ ပုံမှန် Uploading ဆိုဒ်တွေမှာ Upload တင်တဲ့ လုပ်ငန်းစဉ်တွေထက် မသိရင် ပိုပြီး ရှုပ်တီး ရှုပ်ရှက် နိုင်သလို - တော်တော်လည်း စိတ်ရှည်ရပါတယ် - အဆင့်တွေလည်း များသလို - ကန့်သတ်ချက်တွေလည်း တော်တော်များပါတယ် - နောက် Torrent site တွေ မတူရင် သလို - ကန့်သတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကလည်း မတူပါဘူး - ကျွန်တော်က Demonoid.me မှာ Torrent upload တင်လေ့ ရှိပါတယ် - နောက် ကျွန်တော် အမြဲ သုံးနေကျ H33T မှာလည်း ကျွန်တော် upload တင်ပေးလေ့ ရှိပါတယ် -

အဲ့မှာ ကျွန်တော် စသိခဲ့တာက Torrent site တွေဟာ သူတို့ ဆိုဒ်တွေကနေ တစ်ဆင့် upload တင်ချင်ပြီ ဆိုရင် ပထမအဆင့် ဆိုဒ်ကို အရင်ဝင်ရမယ် - အဲမှာ တစ်ချို့ဆိုဒ်တွေက Acc ရှိပြီး login ဝင်လိုက်တာနဲ့ trackers ကိုယူပြီး တန်းတင်လို့ ရတာရှိတယ် - တစ်ချို့ကျတော့ Acc ရှိလည်း ချက်ချင်း တန်းတင်ခွင့် မပေးဘူး - သူတို့ ဆိုဒ်တွေကနေ တစ်ဆင့် upload တင်ချင်ရင် ခွင့်ပြုချက်ဆိုတာ သက်ဆိုင်ရာ ဖိုရမ်မှာ ထပ်တောင်းရတယ် -

- နောက်ထပ် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းဆိုတာတွေ ရှိသေးတယ် - ဥပမာ - ဘယ်ဖိုင် မတင်ရ - ဘာဖိုင်တင်ရင် ဘယ်ကွာလတီပြည့်ရမယ် - ဒီကောင်ရဲ့ အကြောင်းအရာက ဘယ်လို - ဘယ်နေရာမှာ အသုံးချနိုင်တယ် စသဖြင့် အသေးစိတ် ဖော်ပြရတာမျိုးရှိတယ် - ဆိုဒ်က ဘယ်ဖိုင်ပါထည့်ပေးရမယ် ဆိုရင် သူတို့တောင်းဆိုတဲ့ ဖိုင်ကိုပါ ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ် - တစ်ချို့ဆိုဒ်က rule ရှိပေမယ့် လိုက်မလုပ်လည်း ဘာမှ မပြောဘူး - တစ်ချို့ကျတော့ သတိပေး - မလိုက်နာရင် permanently banned တယ် -

ဆိုဒ်အားလုံးက တစ်ခုနဲ့ တစ်ခု လုပ်ထုံးလုပ်နည်းချင်း မတူတာမို့လို့ ကျွန်တော် တစ်ခုချင်းစီတော့ လိုက်ပြဖို့ မလွယ်ပါဘူး - ဒါပေမယ့် Upload တင်နည်း သဘောတရားကိုတော့ ခြုံငုံမိအောင် ဖော်ပြပေးပါ့မယ် - ဆိုကြပါစို့ Demonoid.me နဲ့ ဒီနေရာမှာ ဥပမာ ပေးသွားပါ့မယ် -

( ၁ ) - ကျွန်တော်တို့မှာ Demonoid.me အကောင့်တစ်ခုရှိတယ် - အဲတာဆို အကောင့်ထဲ ဝင်ထားလိုက်ပါ ( Demonoid.me အကောင့်က လုပ်ချင်တိုင်းလုပ်လို့ မရဘူး - သူက Registration ကို ဖွင့်ချင်တဲ့ အချိန်ဖွင့်ပြီး ပိတ်ချင်တဲ့ အချိန် ပိတ်တယ် - သုံးဖူးသမျှ torrent sites တွေထဲမှာ Demonoid.me နဲ့ Piratebay ကို သဘောအကျဆုံးပဲ - )

( ၂ ) - နောက်တစ်ဆင့် အနေနဲ့ ကိုယ့် ကွန်ပြူတာထဲက ကိုယ်ဝေမျှချင်တဲ့ ( Torrent မှာ Upload တင်ချင်တဲ့ ) ဖိုင်တွေကို အောက်ဖော်ပြပါအတိုင်း ဖိုဒါအောက်မှာ စနစ်တကျ စုစည်းပြီး torrent sites တွေအလိုက် သူတို့ သူကန့်သတ်ထားတဲ့ ဘယ်ဖိုင်ပါ ထည့်ပေးရမယ် ဆိုတဲ့ ဖိုင်ကိုပါ ကိုယ်ဝေမျှချင်တဲ့ ဖိုင်တွေနဲ့ အတူ ယှဉ်လျှက် ထည့်ထားရပါမယ် - ( ဆိုလိုတာ Demonoid.me မှာဆို သူ့ဆိုဒ်ကနေ Torrent upload တင်ချင်တယ် ဆိုရင် အောက်မှာ မြင်နေရတဲ့ "Torrent download from demonoid ...." ဆိုတဲ့ txt ဖိုင်တစ်ခုပါ ထည့်ပေးရတာမျိုးပါ - သူက အဲတာမပါရင် upload က အလိုလို reject ဖြစ်ပါတယ် )


( ၃ ) - နောက်တစ်ဆင့်မှာ uTorrent ကိုဖွင့်ပါ - ( တစ်ခြား torrent apps တွေကလည်း Upload တင်ဖို့ သုံးလို့ ရတာရှိပါတယ် - ဒါပေမယ့် uTorrent က သုံးရပိုလွယ်ပါတယ် ) နောက် Menu က File -> Create new torrent ကို click ပေးပါ - အောက်ဖော်ပြပါအတိုင်း မြင်ရပါလိမ့်မယ် -


( ၄ ) - နောက်တစ်ဆင့် အနေနဲ့ "Add directory" ကို နှိပ်ပြီး အဆင့် ( ၂ ) မှာ Torrent upload တင်ဖို့ ကျွန်တော်တို့ စုစည်းခဲ့တဲ့ directory ကို copy ကူးပြီး ထည့်ပေးရပါမယ် - "Trackers:" ဆိုတဲ့ နေရာမှာတော့ သက်ဆိုင်ရာ Torrent sites တွေအလိုက် torrent upload စာမျက်နှာမှာ ရှိနေတဲ့ http နဲ့ စတဲ့ tracker list ကို ထည့်ပေးရပါမယ် - Demonoid အတွက်ကတော့ ဒီကောင်ပါ - http://inferno.demonoid.me:3411/announce ပါ - tracker list ထည့်တဲ့ နေရာမှာ Demonoid က ပေးထားတဲ့ tracker တစ်ခုတည်းတင် မကပဲ တစ်ခြား public trackers တွေကိုလည်း တစ်ခါတည်း ထည့်လို့ ရပါတယ် - "Comment" ဆိုတဲ့ နေရာမှာတော့ ကိုယ့် Torrent အကြောင်း အတိုချုံး မိတ်ဆက်လေး ရေးထည့်ပေးပါ - နောက် "Start seeding" မှာ အမှန်ခြစ် ပေးပါ - နောက်ဆုံးမှာ "Create and save as" ကို click ပေးပြီး ကိုယ့်ကွန်ပြူတာထဲက တစ်နေရာရာ ( Desktop ပေါ်မှာ ) သိမ်းလိုက်ပါ - အဲကောင်လေးကို ကလစ်ပေးလိုက်တာနဲ့ .torrent နဲ့ ဆုံးတဲ့ ဖိုင်သေးသေးလေး တစ်ခု ရလာပါလိမ့်မယ် - ပြီးရင် "Close" လိုက်ပါ - မပြီးသေးပါဘူး - နောက်ထပ်ကျန်ပါသေးတယ် -


( ၅ ) - အဲလိုလုပ်ပြီးသွားတာနဲ့ uTorrent's list ထဲမှာ ကိုယ်ဖန်တီးလိုက်တဲ့ torrent လေးပေါ်လာပါလိမ့်မယ် - တကယ်လို့ torrent ရပ်သွားရင် right click ပေးပြီး "Force start" ကို ရွေးပေးပါ -


( ၆ ) - အဲလိုလုပ်လိုက်ရင် error message တစ်ခု အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ် - အဲတာ ဘာလို့လည်း ဆိုတော့ သက်ဆိုင်ရာ Torrent upload sites ( ကျွန်တော်တို့ခုလုပ်နေတာ Demonoid ) မှာ .torrent နဲ့ ဆုံးတဲ့ ဖိုင်လေးကို upload မတင်ရသေးလို့ပါ - သူ့ကို ဒီအတိုင်း ခဏမေ့ထားပြီး အဆင့် ( ၁ ) မှာ ဖွင့်ထားတဲ့ Demonoid.me ကို ပြန်သွားပါ -


( ရ ) - Menu မှာ မြင်နေရတဲ့ Upload a torrent ဆိုတဲ့ tab ကို ဝင်ပြီး "I understand and agree to the rules" ကို အမှန်ခြစ်ပေး - "torrent category" ကို ရွေးပေးပြီး ရှေ့ဆက်သွားရင် အောက်ဖော်ပြပါ အတိုင်းေ တွ့ရပါလိမ့်မယ် -


( ၈ ) ဒီအဆင့်မှာ အထက်က ပုံမှာပြထားတဲ့ "browse" button ကနေ အဆင့် ( ၄ ) မှာ ကျွန်တော်တို့ Create လုပ်ထားတဲ့ .torrent ဖိုင်လေးကို ရွေးပေးပြီး - ကျန်တဲ့ အပိုင်းတွေမှာ သူဖော်ပြထားချက်အတိုင်း ဖြည့်ရမှာလေးတွေ ဖြည့်ပေး - ရွေးပေးလိုက်ပါ - ဘာတွေလုပ်ရမလဲ ဆိုတော့ name ဖြည့်ရမယ် - ကိုယ့် torrent နဲ့ ပတ်သတ်တဲ့ မိတ်ဆက် သဘောမျိုး description ဖြည့်ရမယ် - အဲ့ဒီ description က at least 30 characters long ဖြစ်ရမယ် ( ဆိုဒ်တစ်ခုနဲ့ တစ်ခု မတူ ) စသဖြင့် စည်းကမ်းတွေ လိုက်နာပြီး ဖြည့်သွင်းရပါမယ် -

( ၉ ) - နောက် tracker နဲ့ ကိုယ့် torrent ချိတ်ဆက်မိအောင် ၃ မိနစ်လောက် စောင့်ပြီး ခုနက ကျော်ခဲ့တဲ့ အဆင့် ( ၆ ) က uTorrent ကို ပြန်သွားပါ - torrent ပေါ်မှာ right click ပေးပြီး "Update tracker" ကို click လိုက်ပါ - အဲလိုဆို နောက်ဆုံးမှာ "Tracker status: Working" ဆိုတာကို အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ်။ ဒါဆို ကိုယ့်အနေနဲ့ Torrent upload လုပ်ဆောင်ထားပြီးပါပြီ -


 ( ၁၀ ) - Torrent upload လုပ်ဆောင်ထားပြီးပြီ ဆိုပေမယ့် ဒီ သဘောတရားက ကို g00gle မေးတဲ့ အကြောင်းအရာနဲ့ ဆက်စပ်သွားပြန်ပါတယ် - ဟိုး အပေါ်မှာတော့ ဖော်ပြခဲ့ပြီးပါပြီ - ဒါပေမယ့် နောက်တစ်ခေါက် ထပ်ပြောပေးပါ့မယ်

Originally Posted by g00gle View Post
ကျွန်တော် မသိလို. တခုလောက်မေးချင် လို.ပါ။ တကယ်လို. ကိုယ်က seed လုပ်တာ 100% ပြည်.သွားပြီ။
နောက် ကျွန်တော် က ကိုယ် download လုပ်ထားတဲ. file ကော၊ torrent file ကိုပါဖျက်လိုက်တယ်။
ဒါဆိုကော ကိုယ် seed လုပ်ထားတာ အလကားဖြစ်သွားသလားဆိုတာ သိချင် ပါတယ်။
Torrent upload လုပ်ဆောင်ထားပြီးပြီဆိုပေမယ့် Torrent uploading ဆိုတဲ့ သဘောဟာ 100% ပြည့်တယ်ရယ်လို့ ပြောလို့ မရပါဘူး - ကိုယ်က အပေါ်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း upload လုပ်ထားပေမယ့် ကိုယ် share လုပ်ထားတဲ့ ဖိုင်ကို တစ်ယောက်ကမှ ပြီးဆုံးအောင် Download မဆွဲဘူးဆိုရင် အချိန်တွေသာ ကြာသွားမယ် တစ်ယောက်မှ Seed မဖြစ်တဲ့ အတွက် 100% ပြည့်တယ်လို့ မဆိုနိုင်ပါဘူး - တကယ်လို့ ဆွဲသွားတယ်ပဲ ထား - ကိုယ့်ဆီက ဆွဲသွားတဲ့ သူက Seeder အဖြစ် ပြန်လုပ်မပေးဘူး ဆိုရင်လည်း ရတဲ့သူ အရေအတွက်သာ တိုးသွားမယ် နောက်တိုး Seeder မရှိတဲ့ အတွက် ကိုယ်က ဒီ Seeding လောကကနေ ထွက်လို့ ရမှာ မဟုတ်ပါဘူး - ထွက်လိုက်ရင် ကိုယ် seed လုပ်ထားတာ အလကားဖြစ်သွားပါလိမ့်မယ် - နောက်ထပ် ဘယ်သူမှ ရနိုင်တော့မှာ မဟုတ်ပါဘူး - ထွက်ချင်ရင် ကိုယ် Upload ပေးထားတဲ့ ဖိုင်ကို လူဘယ်နှစ်ယောက်လောက် ရပြီးသွားပြီလဲ - သူတို့ကရော တကယ် Seed ပြန်လုပ်ထားရဲ့လား ဆိုတာ ဆန်းစစ်လေ့လာပြီး - ကိုယ့်ရဲ့ Ratio က ဘယ်လောက်ရှိပြီလဲ ဆိုတာ ကြည့်ပြီးမှပဲ ထွက်ရပါမယ် - ပြောရရင်တော့ ကိုယ့်ဖိုင်ကို လိုချင်တဲ့သူများတယ် - Download လည်းဆွဲကြတယ် - ရသွားတဲ့ သူတွေကလည်း Seed ပြန်လုပ်ပေးတယ်ဆိုရင် Seeder များသွားလို့ ကိုယ်ထွက်လည်း အကြောင်းမဟုတ်ပေမယ့် - Download ချပြီး Seed မလုပ်ပဲ ပြေးတဲ့သူ များနေတဲ့ အချိန်မှာ ကိုယ်ကပါ Seeding လုပ်တာ ရပ်ပစ်လိုက်ရင် ကျန်တဲ့သူတွေပါ ဒုက္ခရောက်မယ့် အခြေအနေပါ - ဂျာအေးသူ့အမေရိုက် - မုန့်လုံးစက္ကူကပ် အခြေအနေမျိုးပေါ့ -

ကျွန်တော်ခု ဖော်ပြခဲ့သလောက်ဆို Torrent upload ဘယ်လိုတင်တယ်ဆိုတာနဲ့ Seed သဘောတရားကို ပိုနားလည်နိုင်မယ် ထင်ပါတယ် -

KznT.

SAVE AS WWF, SAVE A TREE


ကမ္ဘာပေါ်မှာ ရှင်သန်ပေါက်ရောက်နေကြတဲ့ အပင်သန်းပေါင်းများစွာဟာ စက္ကူထုတ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေး တစ်ခုတည်း အတွက်နဲ့ နှစ်စဉ်နှစ်တိုင်း ခုတ်လှဲခံနေကြရပါတယ် -



စက္ကူ

စာရွက် ( စက္ကူ ) ကို အသုံးပြုကြတဲ့ နေရာမှာ နေရာတိုင်း အမှန်တကယ် သုံးစွဲဖို့ မလိုအပ်တဲ့ Documents တွေ Print ထုတ်ဖို့ ကနေ စလို့ - Emails တွေ - နောက်ဆုံး စာအုပ် တစ်အုပ်လုံး ဖြစ်လာဖို့ထိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြတာ ရှိပါတယ် - ဒီမှာ ကျွန်တော်တို့တွေ သတိမမူမိတဲ့ တစ်ချက်က ခုလို စက္ကူ ( စာရွက် ) ဆိုတာ ဖြစ်လာဖို့ အတွက် နေ့စဉ်နေ့တိုင်း သစ်တော အမြောက်အများ သေဆုံးနေကြရတယ် ဆိုတာပါ -

ခုလို မလိုအပ်ပဲ Print ထုတ်ပြီး စာရွက် ( စက္ကူ ) တွေကို သုံးစွဲနေကြမယ့်အစား မလိုလားအပ်ပဲ စာရွက်တွေ ဆုံးရံှုးနေရတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး သိထားပြီးသား PDF file format ရှိနေတယ်ဆိုတာ မှန်ပေမယ့် PDF format ဆိုတာကလည်း သူ့ထဲမှာ သစ်တစ်ပင်လုံးကို စက္ကူ ( စာရွက် ) တွေအဖြစ် အသွင်ပြောင်းနိုင်တဲ့ စာမျက်နှာပေါင်း မြောက်များစွာ ပါဝင်နေပါသေးတယ် -



ဒါ့ကြောင့် ပုံမှန်တွေးရင် PDF ကို အသုံးပြုခြင်း အားဖြင့် သစ်တစ်ပင်လုံးကို ကာကွယ်ရာ ရောက်တယ်လို့ ဆိုနိုင်စရာ ရှိပေမယ့် နောက်ထပ် ပြဿနာ ရှိနေသေးတာ တစ်ခုက PDF format နဲ့ ဖွဲ့စည်းထားပါတယ် ဆိုတဲ့ ဖိုင်တွေကလည်း အပင်တွေရဲ့ ဇီဝိန်တွေကို မပြတ်တမ်း ချွေနေတဲ့ စက္ကူ ( စာရွက် ) ပြုန်းတီးရာ လမ်းကြောင်းတွေထဲက Print ထုတ်ယူမှု လမ်းကြောင်းကို အကန့်အသတ်မရှိ ပံ့ပိုးပေးနေသေးတယ် ဆိုတာပါ - PDF file format ဆိုတာ ရှိနေသရွေ့ စက္ကူ ( စာရွက် ) ကို လက်လွှတ်စပါယ် အသုံးပြုတတ်သူတွေရဲ့ လက်ထဲမှာ ကမ္ဘာ့သစ်တောတွေရဲ့ ဇီဝိန်တွေဆိုတာလည်း ပြုန်းတီးနေဦးလိမ့် ဦးမယ် ဆိုတာ အသေအချာပါပဲ -

WWF

ဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် နောက်ထပ် File format တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ - အဲတာကတော့ WWF လို့ အမည်ပေး ထားတဲ့ New Green File Format ပါ -



ဒီ New Green File Format ရဲ့ ထူးခြားချက်က Documents တွေကိုဖွင့်လို့ ဖတ်လို့ ပဲ ရမယ် - Print ထုတ်ခွင့် မပြုဘူးဆိုတဲ့ ထူးခြားချက်ပါ ဒါ့ကြောင့် လူသားနဲ့ သစ်ပင် - လူသားနဲ့ သဘာဝပတ်ဝန်းကျင် ခွဲခြားရပ်တည်ဖို့ မဖြစ်နိုင်တဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်မှာ မလိုလားအပ်ပဲ သစ်ပင်သန်းပေါင်းများစွာ နေ့စဉ်နေ့တိုင်း ပျက်စီး ဆုံးရံှုးခြင်းကနေ ကာကွယ်နိုင်အောင် New Green File Format ဖြစ်တဲ့ WWF ကို အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ် -



သစ်တော သစ်ပင်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို ဆုပ်ကိုင်ထားတဲ့ လူသားတိုင်းအတွက် WWF ရဲ့ ဆောင်ပုဒ်က အောက်ဖော်ပြပါ အတိုင်းပါပဲ


ဒီ ရည်မှန်းချက်ဟာ တစ်ယောက်ကောင်း ရပ်တည်လည်ပတ်လို့ ရတ့ဲ လုပ်ငန်းစဉ် မဟုတ်တဲ့ အတွက် ကိုယ်နဲ့ ဆက်စပ် ပတ်သက်ရာ အနီးစပ်ဆုံး အသိုင်းအဝိုင်းကနေ စလို့ ကုမ္ပဏီ အဖွဲ့အစည်း စီးပွားရေး လုပ်ငန်းတွေထိ တိုင်အောင် WWF ရဲ့ အရေးပါပုံကို လက်ဆင့်ကမ်းကြဖို့ လိုပါတယ် -


ဒါ့ကြောင့် လူအများကိုလည်း လက်ဆင့်ကမ်းရင်း - မိမိကိုယ်တိုင်လည်း ဘယ် Documents ကတော့ အမှန်တကယ် Print ထုတ်ဖို့ မလိုအပ်ဘူး - လိုအပ်လဲဆိုတာ စဉ်းစားဆုံးဖြတ်ပြီး WWF ဆီ ကူးပြောင်းရင်း သစ်တော သစ်ပင်များနဲ့ အနာဂတ်ကမ္ဘာကို စောင့်ရှောက်ကြဖို့ တိုက်တွန်း လိုက်ချင်ပါတယ် -


WWF file format ကို ပြောင်းလဲ သုံးစွဲချင်သူများ အောက်ဖော်ပြပါ နေရာကနေ Software သွားရောက် ရယူနိုင်ပါပြီ -  စတင်အသုံးပြုဖို့ အတွက် WWF Software ကို Download ရယူပြီး documents, emails, web pages, စတာတွေကို save လုပ်တဲ့ နေရာမှာ “Save as .WWF” အနေနဲ့ ပြောင်းလဲ Save သွားရမှာ ဖြစ်ပါတယ် -


လောလောဆယ်မှာ Software က Mac OS X အတွက်ပဲ အတည်ပြုရပါသေးတယ် - များမကြာခင်မှာ Windows အတွက် Version ထွက်ရှိလာတော့မှာပါ -


New Green File Format - WWF ကို အသုံးပြုပြီး အနာဂတ် ကမ္ဘာကို ကယ်တင်ကြပါစို့ -

KznT.

We All Do Stupid Things

လူတိုင်း လူတိုင်း အမှားတွေ လုပ်ခဲ့ဖူးကြတယ် - လုပ်နေကြသေးတယ် - လုပ်နေကြလိမ့်ဦးမယ် - မှားယွင်းခဲ့ဖူးတာ အပြစ်တစ်ခု မဟုတ်ပေမယ့် တစ်ခါမှားဖူးတဲ့ အမှားကို နောက်တစ်ခါ ထပ်မမှားမိစေဖို့နဲ့ ကိုယ် ကြုံခဲ့ဖူးတဲ့ အမှားကို တစ်ခြားသူတွေ မကြုံတွေ့ရအောင် မျှဝေပေးဖို့ ဆိုတာကသာ လူ့ဘောင်တစ်ခုရဲ့ အရေးအကြီးဆုံး ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက် တစ်ခုပါ - အခု ကျွန်တော်တို့ လေ့လာနေကြတဲ့ Computer ကဏ္ဍမှာလည်း အသုံးပြုရာမှာ တစ်ခုခု မှားယွင်းလုပ်ဆောင်မိရင် ဘွာတေး ပြောပြီး နောက်ပြန်သွားလို့ မရတဲ့ ကဏ္ဍတွေ အများအပြားရှိပါတယ် - ဘယ်ကမှန်း မသိပေါ်လာတဲ့ dialog box တစ်ခုမှာ ဘာမှန်းညာမှန်း မသိပဲ OK ပေးလိုက်မိတာ - Key combination တွေ မှားနှိပ်မိတာ - နောက် အရေးကြီးတဲ့ settings တွေကို ဂဃနဏ မသိပဲ ပြင်မိရာကနေ System crash ဖြစ်တာ စသဖြင့် မျိုးစုံ ဖြစ်ခဲ့ဖူးကြပါလိမ့်မယ် - ဒါ့ကြောင့် သေးသေးလေး လို့ ထင်ထားပေမယ့် ဂရုမပြုပဲ ထားရင် / ဂရုမပြုပဲ လုပ်ဆောင်မိရင် ကြီးကြီးကျယ်ကျယ် ထိခိုက်စေမယ့် အကြောင်းအရာ တစ်ချို့ကို စုစည်းပြီး ပြုနေမိသော အမှားအယွင်းများ ဆိုတဲ့ ခေါင်းစဉ်တစ်ခု အနေနဲ့ တင်ဆက်လိုက်ပါတယ် - ဒီအကြောင်းအရာဟာ ကွန်ပြူတာနဲ့ ရင်းနှီးပြီးသား သူတွေ အတွက်လည်း အကျိုးရှိနိုင်သလို - စတင်အသုံးပြုစ လေ့လာသူတွေ အတွက်လည်း အတိုင်းအတာ တစ်ခုထိ အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် -
( ၁ ) မြင်သမျှ Plug ပေါက် အကုန်ထိုးပါ


Photo from wired.com

ကွန်ပြူတာ တစ်လုံးမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတော်တော်များများကို နှစ်ခါပြန် မမေးပဲ ပျက်စီးစေတာ အကာအကွယ် မထားရှိပဲ မြင်သမျှ အပေါက်ကို Plug လိုက်ထိုးတဲ့ ပြဿနာပါ - တစ်ချို့က လုံးဝ မစဉ်းစားမိပဲ အမှုမဲ့ အမှတ်မဲ့ ထိုးတယ် - တစ်ချို့က မီးအားဆောင့်မတက်ရင် ဘာမှ မဖြစ်ပါဘူးဆိုပြီး ထိုးတယ် - တစ်ချို့က သိသိကြီးနဲ့ ဘာမှ မဖြစ်လောက် ပါဘူးဆိုပြီး ထိုးတယ် - ဘယ်လို ခံယူချက်နဲ့ပဲ ထိုးထိုး လက်ခံနိုင်မယ့် ပမာဏထက် ကျော်လွန်တဲ့ လျှပ်စီးကြောင်းတစ်ခု System ထဲကို ဝင်သွားရင် တည်ဆောက်ထားတဲ့ Electrical circuit တွေ ကမောက်ကမ ဖြစ်ပြီး ကွန်ပြူတာထဲမှာ ရှိတဲ့ အစိတ်အပိုင်း တစ်ခုမဟုတ်တစ်ခု ( ဒါမှမဟုတ် ) တော်တော်များများ ပျက်စီးနိုင်ပါတယ် - ဒါတင်မကသေးပါဘူး - ပလက်ပေါက် တစ်ခုတည်း မှာပဲ တစ်ခြား voltage အဆွဲများတဲ့ ပစ္စည်းမျိုး ( လေအေးပေးစက် - Hair dryer ) ဆိုတာမျိုးတွေနဲ့ တူတူ တပ်ထားမိရင်လည်း ဗို့အား အတက်အကျ ပိုဖြစ်လွယ်ပြီး အကာအကွယ် မရှိတဲ့ ကိုယ့် ကွန်ပြူတာက အလိုလျောက် ဒုက္ခရောက်တတ်ပါတယ် - ဒါ့ကြောင့် မီးခဏခဏ ပျက်လေ့ ရှိတဲ့နေရာ - မီးအား မမှန်တဲ့ နေရာမျိုးတွေမှာ ကိုယ့် ကွန်ပြူတာကို သုံးမယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာ surge protector ကို အသုံးပြုကြဖို့ပါ - ဒါပေမယ့် surge protector တွေ ဆိုတာ ဈေးပေါရင် ပေါသလို ခဏခဏပျက်လွယ်ပြီး မကြာခဏ အသစ်လဲရတတ်ပါတယ် - ဒါ့ကြောင့် surge protector ထက်ပိုကောင်းတဲ့ Uninterruptible Power Supply ခေါ် ( UPS ) ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ် - ဘာကြောင့်လဲဆို သူ့ထဲမှာပါတဲ့ battery က လျှပ်စီးကြောင်း အပြောင်းအလဲ ဖြစ်သည့်တိုင်အောင် ကိုယ့် ကွန်ပြူတာအတွက် ထိခိုက်မှုမရှိအောင် Current ကို ထိန်းထားပေး နိုင်ပါတယ်။

( ၂ ) အကာအကွယ် မရှိပဲ အင်တာနက်ထဲ ဝင်ပါ



Photo from en.wikipedia.org

ကွန်ပြူတာကို စတင် အသုံးပြုသူ အားလုံးနီးပါးနဲ့ ဖျောက်ဖြေရေး သဘော အသုံးပြုသူ Home users တော်တော် များများဟာ Viruses နဲ့ Hackers လို့ ခေါ်တဲ့ Privacy တိုက်ခိုက်တတ်သူတွေ အကြောင်းကို လုံးဝ စိတ်ကူးထဲ မထည့်ပဲ Network cable ကို စက်မှာ ထိုးပြီး အင်တာနက်ထဲ ဟော့ဟော့ရမ်းရမ်း ဝင်တတ်ကြပါတယ် - Wireless နဲ့ပဲ အင်တာနက်ထဲ ဝင်ဝင် - Wired နဲ့ပဲ ဝင်ဝင် သိထားဖို့ သင့်တာ တစ်ခုက အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ မှန်သမျှဟာ Firewall ခံထားဖို့ သင့်ပါတယ် - Firewall ရဲ့ အကြောင်းကို ကြားဖူးနားဝ ရှိပြီး လုပ်ဆောင်ချက်ကို သဘောမပေါက်သူတွေ အတွက် အတိုချုံး မိတ်ဆက်ပေးရရင် Firewall ဆိုတာ Computer system ရဲ့ အစိတ်အပိုင်းတစ်ခု ( သို့မဟုတ် ) Network အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အမျိုးအမည် မသိတဲ့ အဖွဲ့အစည်း တစ်ခုကနေ ကိုယ်မသိစေပဲ ကိုယ့် ကွန်ပြူတာဆီ ချိတ်ဆက်ဖို့ ရောက်လာတဲ့ အမျိုးအမည်မသိ လှုပ်ရှားမှုတိုင်းကို ကာကွယ်ပေးထားနိုင်တဲ့ အစိတ်အပိုင်းကို ခေါ်ပါတယ် - ဒါ့ကြောင့် ကိုယ့်ကွန်ပြူတာဟာ Firewall ကာမထားဘူးဆိုရင် အမျိုးအမည်မသိတဲ့ နေရာအသီးသီးက ဘာမှန်းမသိနိုင်တဲ့ အဖွဲ့အစည်းတွေ ကနေ ကိုယ့်ကွန်ပြူတာကို ကိုယ်ကိုယ်တိုင် မသိနိုင်ပဲ နောက်ကွယ်ကနေ ထိန်းချုပ် စေခိုင်းသွားနိုင်ပါတယ် - Firewall အမျိုးအစား အမျိုးမျိုးရှိပြီး သူတို့ကို အမျိုးအစား ခွဲခြားမယ်ဆိုရင် Broadband modem သို့မဟုတ် Router ထဲမှာ ထည့်သွင်းပါဝင်တဲ့ Firewall - Modem/router နဲ့ ကွန်ပြူတာ ကြားမှာ ခွဲခြားထားတဲ့ Firewall - Windows XP မှာ built in ပါတဲ့ ICF/Windows Firewall - နောက်  Kerio - ZoneAlarm စတဲ့ တစ်ကိုယ်ရေ တစ်ကာယသုံး - Server သုံး third-party firewall program ဆိုပြီး အမျိုးအစား အမျိုးမျိုး ကွဲပါသေးတယ် - အားလုံးရဲ့ ကြားထဲမှာ အခြေခံအားဖြင့် မဖြစ်မနေ သုံးသင့်တဲ့ Firewall ကတော့ Windows ထဲမှာ Built-in ပါဝင်တဲ့ Windows Firewall ပါ - တကယ်တော့ သူတစ်ခုတည်း ရှိနေယုံနဲ့ မလုံလောက်ပါဘူး - Security ပိုင်းဆိုင်ရာ အရေးကြီးသူတွေ - Privacy ကို အလေးထားသူတွေ အတွက် ဖြစ်သင့်တာ သူ့တစ်ခုတည်းတင် အဟုတ်ပဲ တစ်ခြား third-party firewall program တစ်ခုခုကိုပါ ပူးတွဲ အသုံးပြုသင့်ပါတယ်။

( ၃ ) Antivirus နှင့်  Anti-spyware programs များအား မ Run ပါနှင့် - Update မပေးပါနှင့်


Photo from galaktikaa-mak.blogspot.com

Virus အကြောင်းနဲ့ ပတ်သတ်ပြီး Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ဖော်ပြခဲ့ဖူးသလို မိသားစုဝင်များလည်း သီးခြားစီ ဆွေးနွေးထားကြတဲ့ အကြောင်းအရာ တော်တော်များများ ဖိုရမ်မှာ ရှိနေပါတယ် - Antivirus ဆိုတာ တကယ်တော့ စွဲသောက်လည်း မပျောက်တဲ့ ရောဂါတစ်မျိုးပါ - သောက်ပြန်တော့လည်း အဆင်မပြေ - မသောက်ပြန်တော့လည်း  ပိုဆိုး - ဥပမာ ပြောရရင် Antivirus တွေက တစ်ခါတစ်လေ အူတိအူကြောင်နဲ့ ကိုယ်သုံးနေကျ applications တွေကို Block ပစ်တတ်တယ် - အထူးသဖြင့် IDM သမားတွေ Kaspersky သုံးရင် ဖြစ်ဖူးကြမှာပါ - တစ်ခါတစ်လေ Software အသစ်တစ်ခု install လုပ်ဖို့  Antivirus ကို Disable ပေးထားမှ ရတယ် -

ဟိုးအရင်တစ်ချိန်က Virus ဆိုတာက Windows မှာ ဒီလောက်ကြီးထိ ခေတ်မစားသေးပါဘူး - စိတ်ထဲအခန့်မသင့်ရင် ဖြုတ်ထားထား - Disable လုပ်ထားထား တော်ယုံ ဘာမှ မဖြစ်ဘူး - ခုခေတ် အခြေအနေမှာတော့ Virus protection ဆိုတာ မရှိပဲ ဘယ်မှသွားဖို့ မလွယ်တော့ သလို - ဘာမှ စိတ်ချလက်ချ လုပ်ဖို့လည်း အဆင်မပြေတော့ဘူး - Antivirus မရှိရင် Malicious programs လို့လည်း ခေါ်တဲ့ viruses, Trojans, worms, ဆိုတာတွေက ကိုယ့်ကွန်ပြူတာ တစ်ခုတည်းတင်မက ကိုယ့် System ကနေ Network ပေါ်ပါတက်ပြီး သူများ ကွန်ပြူတာတွေကိုပါ ဒုက္ခပေးနိုင်လာပြီ - အခြေအနေ မကောင်းရင် Network တစ်ခုလုံးပါ Down သွားနိုင်တဲ့ အထိ အဖျက်စွမ်းအားကလည်း ကြီးလာပြီ - သူတို့နောက်မှာ ထပ်ပြီး ခေတ်စားလာတာ Spyware - သူက အားလုံး သိထားတဲ့ အတိုင်း ကိုယ့်ကွန်ပြူတာထဲ ကိုယ်မသိအောင် ဝင်နေပြီး ကိုယ့် System ထဲက သတင်းအချက်အလက်တွေ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို အခြားလူတစ်ယောက်ဆီ ( spyware program ပိုင်ရှင် ) ပြန်ပို့တယ် - ဘယ်လောက်ထိ ဆိုးလဲ ဆိုရင် Antivirus programs တွေတောင် နောက်ဆုံးထွက် Spyware တွေကို အမိမဖမ်းပေးနိုင်သေးဘူး - ဒါ့ကြောင့် ကွန်ပြူတာ တစ်လုံး ကိုယ့်လက်ထဲမှာ ရှိနေရင် ခုခေတ်မှာ Antivirus နဲ့ Anti-spware programs တွေကို စက်မှာ install လုပ်ထားဖို့ - ပုံမှန် Run ပေးဖို့နဲ့ Disable မပေးပဲ ပုံမှန် Update လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

( ၄ ) Programs အများအပြား မကြာခဏ Install - Uninstall လုပ်ပါ - အထူးသဖြင့် Betas များ အသုံးပြုပါ


Photo from crystalxp.net

ကွန်ပြူတာ စတင်အသုံးပြုသူ တစ်ချို့နဲ့ လက်တည့်စမ်းလိုသူ အတော်များများဟာ Programs အသစ်တွေ့ရင် မနေနိုင်ပဲ ကိုယ်တိုင် စမ်းသုံးကြည့်လိုကြပါတယ် - သာမန် အားဖြင့် အသုံးပြုရင်း ကိုယ်မနှစ်သက်တဲ့ Programs အနည်းအကျဉ်းကို Uninstall လုပ်ဆောင်တာ အကြောင်းမဟုတ်ပေမယ့် Programs အတော်များများကို ဖြုတ်လိုက် တင်လိုက် လုပ်တာမျိုးက System ရဲ့ ပုံမှန် စွမ်းဆောင်ရည်ကို ထိခိုက်စေသလို - OS ရဲ့ စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာတွေကိုလည်း အနှောင့်အယှက် ဖြစ်ပေါ်စေပါတယ် - အဲလိုမျိုး Programs အတော်များများကို ဖြုတ်လိုက် တင်လိုက် လုပ်တဲ့ အထဲမှာ အထူးသဖြင့် အဓိက သတိထားသင့်တာ Beta programs လို့ခေါ်တဲ့ စမ်းသပ်ပြင်ဆင်ဆဲကာလ Errors ရှိပြီး အတည်မပြုရသေးတဲ့ Programs တွေပါ - Beta programs တွေ ဖြစ်ပေါ်တိုးတက်ပုံ အဆင့်ဆင့်ကို ဒီနေရာမှာ ရှင်းလင်းထားပါတယ် -


Beta programs တွေရဲ့ အားသာချက်ဟာ အမြဲလည်း Free ပေးသလို New features တွေလည်း ထည့်သွင်းပါဝင်တာမို့လို့ Users တိုင်းက  Beta ရဲ့ သဘောတရားကို တိတိကျကျမသိပဲ မက်မော စမ်းသပ်ချင်ကြပါတယ် - ဖော်ပြခဲ့ပြီးသလို Beta programs တွေဟာ Errors နဲ့ မလွတ်ကင်းသေးတဲ့ Applications အမျိုးအစားတွေမို့လို့ သာမန်အသုံးပြုမယ် ဆိုရင်တောင် ချွင်းချက်နဲ့ သတိထားပြီး အသုံးပြုရမယ့် အနေအထားမှာ ခဏခဏ တင်လိုက်ဖြုတ်လိုက် လုပ်မယ်ဆိုရင် ပုံမှန် Software တစ်ခုကို Install/Uninstall လုပ်တာထက် နှစ်ဆပိုပြီး အန္တရာယ်ရှိပါတယ် - နောက်တစ်ခု သိထားသင့်သေးတာ Pirated software တွေ အကြောင်းပါ - ကျွန်တော်တို့ ဖိုရမ်မှာတင်မက နိုင်ငံခြားဖိုရမ်တော်တော်များများမှာပါ တစ်နေ့နဲ့ တစ်နေ့ အလကားတင်ပေးနေကြတဲ့ Software တွေဆိုတာ Pirated software အမျိုးအစားတွေပါ - ဒီ Software တွေဟာ တရားဝင် မဟုတ်သလို Copy righted တင်းကျပ်ထားတဲ့ နိုင်ငံတွေမှာ သုံးစွဲသူ - မျှဝေသူ - ရောင်းချသူ အားလုံး အဖမ်းခံရနိုင်ပါတယ် - ဒါတင်မက Pirated software တွေဟာ တရားဝင်မဟုတ်တဲ့ အတွက်ကြောင့် သူ့ထဲမှာ  မသမာသူ Programmers တစ်ယောက် ယောက်/အဖွဲ့အစည်းတစ်ခုခုက ကိုယ့်ကွန်ပြူတာထဲက သတင်း အချက်အလက်တွေကို ခိုးယူဖို့ ( သို့မဟုတ် ) ကိုယ့်ကွန်ပြူတာ ရဲ့ System ပိုင်းဆိုင်ရာကို အန္တရာယ်ပြုဖို့ ထည့်သွင်း ရေးသားထားတဲ့ Programs တွေလည်း ပါကောင်းပါဝင်နေနိုင်ပါတယ် - Pirated software တိုင်းဟာ အန္တရာယ်ရှိတာမျိုး မဟုတ်ပေမယ့် အမှုမှတ် အမှတ်မဲ့ သတိမမူပဲ အသုံးပြုမိရင် ကိုယ့် System ကို Crash ဖြစ်စေယုံသာ မက - ကိုယ်အလေးထားတဲ့ Privacy လည်း ကျိုးပေါက်နိုင်ပါတယ် -

တကယ်လို့ ကိုယ်က Licensed လုပ်ပြီးသား Software တွေ - နောက်ဆုံးထွက် commercial software တွေ - စိတ်ချရတဲ့ Freeware တွေပဲ သုံးတယ် ဆိုရင်တောင် ခဏခဏ Install/Uninstall လုပ်ဆောင်တာဟာ Windows ရဲ့ Registry ပိုင်းကို ကမောက်ကမ ဖြစ်စေတဲ့ အတွက် သတိထားသင့်ပါတယ် - သိထားသင့်တဲ့ နောက်တစ်ခုက Uninstall လုပ်ဆောင်တယ်ဆိုတာ သဘောတရား ရေးရာ အရသာ စက်ထဲကနေ ဖြုတ်ထုတ်ပစ်တယ်လို့ ယူဆရပေမယ့် ပုံမှန်အားဖြင့် ကိုယ်ဖြုတ်ထုတ်လိုက်တဲ့ Programs တစ်ခုဟာ စက်ထဲကနေ လုံးဝ အကုန်အစင် ပျက်သွားတာမျိုး မဟုတ်ပဲ စက်ထဲမှာ ဖျက်ထုတ်ပစ်လို့ မရတဲ့ အစိတ်အပိုင်းတစ်ချို့ ကျန်နေခဲ့ပြီး အဲ့ဒီ့ အစိတ်အပိုင်းတွေက System ရဲ့ စွမ်းဆောင်ရည်ကို နှေးကွေးလေးလံစေတယ် ဆိုတာပါ - ဒါ့ကြောင့် ကိုယ့်စက်ထဲမှာ အသုံးပြုနေတဲ့ Programs တွေနဲ့ ပတ်သတ်ပြီး ခဏခဏ အတင်အချ မလုပ်သင့်သလို - အနှစ်သက်ဆုံး Programs တွေ ကိုပဲ အဓိကထား ရွေးချယ် အသုံးပြုဖို့ အကြံပြုချင်ပါတယ် -

( ၅ ) ပြည့်အောင်ထားပါ - လျှံအောင်သုံးပါ - ဘယ်တော့မှ မပြင်ဆင်ပါနှင့်





Photo from greenbiz.com


Programs တွေကို ခဏခဏ install - uninstall လုပ်တာဟာ အန္တရာယ်ရှိကြောင်း အပေါ်မှာ ဆွေးနွေးခဲ့ပြီးပါပြီ - သူနဲ့ ဆက်စပ်ပြီး နောက်တစ်ခု သိထားသင့်တာက Programs တွေကို ခဏခဏ install - uninstall လုပ်ဆောင်တာဟာ Hard Disk ကို fragments ဖြစ်စေတယ်ဆိုတာပါ - Computer storage နဲ့ သက်ဆိုင်ပြီး ပေါ်ပေါက်လာတဲ့ Fragmentation ဆိုတာ Hard Disk တစ်ခုမှာ ရှိနေတဲ့ storage space က အကျိုးမရှိပဲ အသုံးချခံနေရတဲ့ ဖြစ်စဉ်ကို ဆိုလိုပါတယ် - ဆိုလိုတာ Hard disk တစ်ခုဟာ Fragmentation ဖြစ်နေပြီဆိုရင် မူရင်းဝင်ဆံ့ပါတယ်လို့ သိထားတဲ့ storage capacity ကို အပြည့်အဝ အသုံးချလို့မရတော့ဘူး - နောက်ပြီး Hard disk နဲ့ ပတ်သတ်နေတဲ့ System ရဲ့ Performance တွေလည်း ကျဆင်းသွားမယ် စတဲ့ ဖြစ်စဉ်မျိုးတွေ ပေါ်ပေါက်လာပါတယ် - အလွယ်ဆုံး အတိုချုံးရရင် ကိုယ့် space ကို ကိုယ်ပြန်ဖြုန်းတီးနေတဲ့ သဘောမျိုးပါပဲ -  Disk fragmentation က ဘယ်လို အခြေအနေမှာ ဖြစ်သလဲဆိုရင် Data တစ်ခုခုကို Disk ပေါ် သိမ်းတဲ့ အချိန်မှာ စဖြစ်ပါတယ် - ဆိုကြပါစို့ file တစ်ခုခုကို ကျွန်တော်တို့တွေ ဘာမှမရှိသေးတဲ့ Disk တစ်ခုပေါ် စသိမ်းလိုက်တဲ့ အချိန်မှာ  Operating system ကနေ တစ်ခုနဲ့ တစ်ခု ထိစပ်နေတဲ့ Clusters တွေ အဖြစ်နဲ့ စပြီး သိမ်းဆည်းလိုက်ပါတယ် - တကယ်လို့ ကျွန်တော်တို့က အဲ့လို သိမ်းထားတာတွေ ထဲက Clusters ( ၅ ) ခုစာရှိတဲ့ file တစ်ခုကို ဖျက်လိုက်ပြီး နောက်ထပ်  Clusters ( ၈ ) ခုစာရှိတဲ့ file တစ်ခု ကို ပြောင်းထည့်မယ်ဆိုရင် ဖျက်ထုတ်လိုက်လို့ လွတ်သွားတဲ့ Clusters ( ၅ ) ခုစာနေရာမှာ နောက်အသစ်ထပ်ထည့်မယ့် Clusters ( ၈ ) ခုစာရှိတဲ့ file ရဲ့ Clusters ( ၅ ) ခုက အစားဝင်ပြီး နောက်ကျန်တဲ့ ( ၃ ) ခုက တစ်ခြားလွတ်တဲ့ နေရာတစ်ခုမှာ နေရာယူပါလိမ့်မယ် - ခုလို file တစ်ခုတည်းက ဖြစ်ပြီး တစ်ခုတစ်စည်းထဲ ရှိနေရမယ့် Data တွေက တစ်ခုတစ်စည်းထဲ မဖြစ်ပဲ လွတ်တဲ့နေရာ အစားဝင်ယူရာကနေ Fragmentation ဆိုတာ ဖြစ်ပေါ်လာပါတယ် - အဲလို Fragmentation ဖြစ်တာတွေ များလာရင် ဖိုင်တစ်ခုခုကို ခေါ်ယူတဲ့ အခါ ကိုယ့် Hard Disk က တစ်နေရာစီ ပြန့်ကျဲနေတဲ့ အဲ့ဒီ့ file ရဲ့ အစိတ်အပိုင်းတွေကို ကြက်အစာကောက်ကို လိုက်ကောက်နေရလို့ file တစ်ခုခု ဖွင့်လိုက်ရင် အကြာကြီး စောင့်နေရတာမျိုးတွေ - hang သွားတာမျိုး တွေ ဖြစ်လာမယ် - Program တစ်ခုခု ဖွင့်ရင်လည်း အထနှေးပြီး အကြာကြီး စောင့်နေရတာမျိုးတွေ ရှိလာမယ် - စသဖြင့် ဖြစ်လာတတ်ပါတယ် -


ဒါကို ကာကွယ်ဖို့ အတွက် Windows မှာ built-in ပါတဲ့ (Programs | Accessories | System Tools) Disk defragmenter  ဆိုတာ ရှိသလို တစ်ခြား third-party defrag program ဆိုတာတွေလည်း အများအပြားရှိပါတယ် - Disk defragmenter တွေရဲ့ လုပ်ဆောင်ချက်ကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း တစ်နေရာစီ တောင်ရောက် မြောက်ရောက်ဖြစ်နေတဲ့ Clusters တွေကို အစီအစဉ်တကျ ဖြစ်အောင် ပြန်လည် စီစစ်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တာပါ - ဒါကို ကျွန်တော်တို့က Defragmentation လုပ်တယ်လို့ ခေါ်ကြပါတယ် -



နောက်တစ်ခု ရှိသေးတာ ကွန်ပြူတာရဲ့ Performance ပိုင်းဆိုင်ရာကို ပြဿနာနဲ့ Applications Error တွေ ဖြစ်ပေါ်စေတာ Programs တွေကို ခဏခဏ install - uninstall လုပ်တာ တစ်ခုတည်းကြောင့်တင် မဟုတ်ပဲ - Disk ကို ပြည့်လုနီးပါး ဖြစ်အောင် အသုံးပြုထားတာကြောင့်လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါ - ဘာကြောင့်လဲဆို programs တော်တော်များများ လည်ပတ်လုပ်ဆောင်ဖို့ အတွက်ဆိုရင် temporary files ဆိုတာတွေ ဖန်တီးရပြီး - သူတို့ ဖန်တီးနိုင်ဖို့ အတွက်ဆိုတာကလည်း လုံလောက်တဲ့ နေရာတစ်ခု ရှိနေဖို့လိုပါတယ် - ဒါ့ကြောင့် Hard Disk တစ်ခုကို နေရာလွတ်ရှိသေးတာပဲ ဆိုပြီး အတင်းကာရော ထိုးသိပ်ထည့်တာမျိုးကနေ ရှောင်ကျဉ်သင့်ပါတယ် - Temporary files တွေ ဖျက်ဖို့အတွက် Windows မှာပါတဲ့ Disk Cleanup Tool ဆိုတာ ရှိသလို တစ်ခြား CCleaner လိုမျိုး third-party program တွေလည်း အများအပြားရှိပါတယ် -

ဆက်လက်ဖော်ပြပါမည် -

Web-based alternatives to PowerPoint

Presentation လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘာလဲ ??
Presentation လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ချပြနိုင်ဖို့ - ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ အဆုံးသတ် ရလာဒ်တွေကို လူအများ သိရှိနားလည် နိုင်စေဖို့ နဲ့ ကိုယ့်ရဲ့ ဟောပြောချက်ကို နားဆင်သူ လူအများ မငြီးငွေ့စေ ပဲ ဟောပြောချိန် တစ်လျှောက်လုံး ဖမ်းစားထားနိုင်စေဖို့ ဆိုတဲ့ အခြေခံ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ Presentation ဆိုတာကို ပြင်ဆင်ကြပါတယ် -

အရင်တစ်ချိန် ကျွန်တော်တို့ ငယ်စဉ်ဘဝက ကြုံခဲ့ရတဲ့ ဟောပြောပွဲ - ရှင်းလင်းပွဲတွေ ဆိုတာ မိုက်တစ်လုံးနဲ့ Stand တစ်ခု ရှေ့ချပြီး ရှေ့ကပြောတဲ့ သူကလည်း ပြောချင်ရာပြော - နောက်က နားထောင်သူကလည်း လုပ်ချင်ရာလုပ် နဲ့ ဖြတ်သန်း ခဲ့ကြရတာပါ -


ဒီအခြေအနေကို အံတုပြီး Presenter တွေ အနေနဲ့ ကိုယ်ဟောပြောမယ့် အကြောင်းအရာမှာ ပရိတ်သတ် ငြီးငွေ့မသွားအာင် ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ပြင်ဆင်ကြရပါတယ် - ဝတ်စားဆင်ယင်မှု - ကိုယ်နေဟန်ထား - စကားလုံးအသုံးအနှုန်း - လေယူလေသိမ်းက စလို့ - ကိုယ်လက်အမူအယာ အချက်အလက် အားလုံးက ပရိတ်သတ်ကို သိမ်းကြုံး ဆွဲဆောင်နိုင်အောင် အသေးစိတ် ပြင်ဆင်ရသလို - မိုက်တစ်လုံး - Stand တစ်ခု ထက်ပိုပြီး ဆွဲဆောင်နိုင်အောင် Presentation ဆိုတဲ့ အကြောင်း အရာ အနှစ်ချုပ် တင်ဆက်မှု အပိုင်းကိုလည်း အသေးစိတ် ပြင်ဆင်ရေးဆွဲကြရပါတယ် -

Presentation လို့ ဆိုလိုက်ရင် တစ်ချိန်က Presentation လောကမှာ Microsoft PowerPoint က စံထားရတဲ့ Presentation application တစ်ခု အနေနဲ့ ရပ်တည်ခဲ့ရာကနေ - ခုနောက်ပိုင်းမှာ Microsoft PowerPoint နဲ့ စံထားယှဉ်တုလို့ ရလာတဲ့  Web-based Apps တွေ ပေါ်ပေါက်လာခဲ့ပါပြီ - သူတို့တွေက Web-based  Apps ဆိုပေမယ့် Microsoft PowerPoint နီးပါး စွမ်းဆောင်ရည် တူညီပြီး - တစ်ချို့ နေရာတွေမှာ PowerPoint ထက်ပိုကောင်းတာမျိုး ရှိသလို - တစ်ချို့နေရာတွေမှာ function ပိုင်းဆိုင်ရာ အားနည်းချက်လေးတွေ ရှိတာလည်း တွေ့ရပါတယ် - Web-based presentations တွေမှာ ရှိတဲ့ အကွာခြားဆုံး အားသာချက် တစ်ခုက ကိုယ် ဖန်တီးထားတဲ့ Presentations အားလုံးကို cloud ထဲမှာ သိမ်းထားလို့ ရတဲ့ အားသာချက်ပါ - ဒီ အားသာချက်ကြောင့် ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ကို တစ်ခြားသူတစ်ယောက် ခိုးယူဖျက်ဆီးဖို့ မလွယ်သလို - ပုံတူကူးချဖို့လည်း မလွယ်ကူတော့ပါဘူး -

Prezi


Presentation ဆိုရင် ပုံမှန် သွားနေကျ slide ပြီး နောက် slide တစ်ခုလာတဲ့ slide-by-slide-style presentation တွေက အရမ်းကို ရိုးသွားပါပြီ - သူနဲ့ မတူပဲ အသွင်ဆန်း အမြင်ဆန်းနဲ့ ထိုးဖောက်လာတဲ့ နောက်ထပ် Presentation style တစ်မျိုး ကတော့ Prezi ပါ - Prezi ကို သုံးလိုက်ရင် အရင်လို ပုံမှန် သွားနေကျ Slide ပုံစံမျိုးကနေ ကွဲထွက်ပြီး ကိုယ့်ရဲ့ Presentation တွေကို zoom in / zoom out ပုံစံနဲ့ Presentation တစ်ခုလုံးက နှစ်သက်ရာ အပိုင်းလေးတွေကို စိတ်ကြိုက် ပြင်ဆင် တည်းဖြတ်သွားလို့ ရပါတယ် - အောက်မှာ ဖော်ပြထားတဲ့ Prezi Presentation တစ်ခုကို လေ့လာကြည့်ပါဦး -


SlideRocket


SlideRocket ဆိုတာ UI သိပ်ကြည့်လို့ ကောင်းတဲ့ Web-based application တစ်ခုပါ - SlideRocket နဲ့ Presentations တွေ လုပ်မယ်ဆိုရင် Web-based application ဖြစ်တဲ့ အတွက်ကြောင့် users တွေရဲ့ comment ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရယူနိုင်တဲ့ အပြင် အမေးအဖြေ ကဏ္ဍသဘောမျိုးပါ ယှဉ်တွဲ လုပ်ဆောင်သွားလို့ ရပါတယ် - သူက တစ်ခြား  third parties apps တြွေဖစ်တဲ့ Google Docs - Flickr ဆိုတာတွေနဲ့လည်း ချိတ်ဆက်ထားပြီး အချက်အလက် အကြောင်းအရာတွေ ဆွဲယူ အသုံးပြုဖို့ အတွက် လွယ်ကူ အဆင်ပြေစေပါတယ် -

280 Slides


သူကလည်း Web apps တွေထဲက အပြင်အဆင်ပိုင်းရော - လက်တွေ့မှာပါ အသုံးဝင်တဲ့ app တစ်ခုပါ - သူ့ရဲ့ အားသာချက် တွေက အထက်မှာ ဖော်ပြပြီးခဲ့တဲ့ Web apps တွေလိုပဲ Internet connection ရှိတဲ့ ဘယ်နေရာကမဆို အသုံးပြုလို့ ရမယ် - မပြီး သေးတဲ့ PowerPoint presentations တွေကို 280 slides မှာ Import လုပ်ပြီး ဆက်ဆွဲလို့ ရသလို - အားလုံး ပြီးသွားရင်လည်း Export လုပ်ပြီး PowerPoint မှာ ပြန်သုံးလို့ ရမယ် - Flickr တို့ YouTube တို့က ကြိုက်နှစ်သက်ရာ ဓာတ်ပုံနဲ့ Video clips တွေ တိုက်ရိုက်ထည့်သွင်းလို့ ရမယ် - ဒါတင်မက အလုပ်တစ်ခုတည်းကိုပဲ လူအများနဲ့ စုစုစည်းစည်း collaborate လုပ်ဆောင်လို့ ရလိမ့်ဦးမယ် - ဒီ့ထက် အကောင်းဆုံး အချက်ကတော့ free ရတာပါ -

Google Presentations


ကျွန်တော် ဖိုရမ်မှာ ရေးထားတာတွေကိုပဲ Google Docs မှာ သိမ်းထားတာ ရှိတယ် - Google docs ကို စသုံးတုန်းက စာရေးယုံလောက်ပဲ - တစ်ခြား ဘာမှ ကောင်းကောင်း မသုံးဖြစ်ဘူး - Presentations နဲ့ ပတ်သတ်လာရင်လည်း Powerpoint လောက်ကောင်းတာ မရှိဘူးလို့လည်း ခံယူထားတယ် - မှန်သင့် သလောက်လည်း မှန်ပါတယ် - ဒါပေမယ့် နောက်ပိုင်း Cloud-based office suite ဆိုတာတွေ တွင်ကျယ်လာတော့ Microsoft office ဆိုတာကြီးကို သုံးကို မသုံးချင်တော့ဘူး - ကြီးကျယ်တာ မဟုတ်ပါဘူး - ဝန်မကြီးချင်တာ - Windows တစ်ခု တင်ပြီးသွားရင် အဲ့ဒီ့ Microsoft office ဆိုတာကြီး နေရာကို မပေးချင်တော့ဘူး - တစ်ချို့ကတော့ ပြောလိမ့်မယ် - Install မလုပ်ချင် Portable သုံးပေါ့လို့ - Portable ဆိုလည်း နေရာတော့ ပေးရတာပဲလေ - ခု Google က ပေးထားတဲ့ Cloud-based office suite ဆိုတာ Microsoft office ထက်တော့ function တွေ နည်းတာ လက်ခံတယ် - ဒါပေမယ့် စက်မှာ Install လုပ်ဖို့ မလိုဘူး - Portable ထားဖို့ နေရာ မပေးရဘူး - သုံးလို့ အရမ်း လွယ်တယ် - Presentation တစ်ခု တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ကိရိယာတွေ အစုံရှိတယ် - အလကားလည်း သုံးလို့ရ နေသေးတယ် - အဲတော့ ဘာလိုသေးလဲ - သုံးဖို့ပဲ ကျန်တော့တာပေါ့ -

Zoho Show



Google Docs နဲ့ တစ်ခြား Web apps တွေလိုပဲ Zoho ကလည်း Presentation တစ်ခု ဖန်တီးဖို့ အတွက် function တွေ ပြည့်ဝစုံလင်တဲ့ app တစ်ခုပါ - သူ့ကိုသုံးမယ်ဆိုရင် အားလုံးအတွက် မဖြစ်မနေလိုတဲ့ Sharing and Collaboration ပါဝင်တယ် -  Internet ရှိတဲ့ ဘယ်နေရာကမဆို ကိုယ့် Presentation ကို ပြင်ဆင်တည်းဖြတ်လို့ ရမယ် - blog ဒါမှမဟုတ် website ရှိသေးရင် ကိုယ့် Presentation တွေကို Embed လုပ်ထားပြီး ကိုယ့် Readers တွေကို ပြလို့ ရသေးတယ် -

Presentations တွေ ပြုလုပ်လို့ ရမယ့် နေရာကောင်းတွေ သိပြီ - Presentations ဘာ့ကြောင့် လိုအပ်လဲ ဆိုတာ သိပြီ - ဒီလိုဆို နောက်တစ်ကြိမ် Presentation လုပ်ဖို့ ကြုံတဲ့အခါ ကိုယ့် ပရိတ်သတ်ကို ခုလို ဖြစ်အောင် ကြိုးစားနိုင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါပြီ -



ဟုတ်ပါတယ် - အင်တာနက်ထဲမှာ သူတို့လိုမျိုး Cloud-based office suite တွေ အများကြီးကို ကျန်နေပါသေးတယ် - တစ်ခုချင်း လိုက်ရေးနိုင်ရင် ကုန်နိုင်မယ် မထင်ပါဘူး - အဲတာကြောင့် တစ်ယောက် တစ်လက် တစ်တပ်တစ်အားနဲ့ ကျွန်တော်မရေးဖြစ်သေး တဲ့ တစ်ခြား Web apps တွေ အကြောင်းလည်း ကိုယ်တိုင် ကြိုးစားရေးသားလို့ တစ်ခြားသူတွေ သိရှိနိုင်အောင် မျှဝေပေးကြပါဦး

KznT.

Google Demo Slam: Extra Spicy

ဒီနေ့ Digital Inspiration မှာ စာဖတ်ဖြစ်တယ် - ကျွန်တော် အဲ့မှာ စာဖတ်ခဲ့တာ ကြာပြီ - အဲ့က စာရေးဆရာ Amit Agarwal က တော်တော် စေတနာ ထားတယ် ဆိုရမယ် - အကြောင်းအရာ တစ်ခုကို ဘယ်တော့မှ ဖြစ်သလို မရေးဘူး - ကိုယ်တွေလို အကြောင်းအရာသေးသေးလေးကို ပုံကြီးချဲ့ မရေးသလို - ရေးပြီ ဆိုရင်လည်း စာဖတ်သူအတွက် တစ်ခုခု အကျိုးပြုနိုင်မယ့် အကြောင်းအရာတွေကို သေသေချာချာ စုစည်းပြီး အသေးစိတ် ရေးတာတွေ့ရတယ် - English blog ဆိုပေမယ့် သူက အင်္ဂလိပ် လူမျိုးမဟုတ်လို့ သူရေးတဲ့ Blog မှာ သုံးနှုန်းထားတဲ့ စကားလုံး အသုံးအနှုန်း တော်တော်များများက လေ့လာသူ တစ်ယောက်အတွက် မစိမ်းတာ တွေ့ရတယ် - နည်းပညာနဲ့ ပတ်သတ်ပြီး လေ့လာလိုသူတွေ အတွက် ဖတ်သင့်တဲ့ အင်္ဂလိပ် blog ကောင်းတစ်ခုပါ -


ဒီနေ့လည်း အဲ့မှာ စာဖတ်ရင်း အရင်ကျွန်တော် ဖော်ပြဖူးတဲ့ Google Translate's Conversation Mode နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တစ်ခု သွားတွေ့မိတယ် - Google Translate's Conversation Mode ဆိုတာ အတိုပြန်ချုံးရရင် Google Translate ပါပဲ - ပို့စ်နံပါတ် ( ၁၁ ) မှာ ဖော်ပြခဲ့ပြီးသားမို့လို့ ဒီနေရာမှာ အကျယ်ပြန်မချဲ့တော့ပါဘူး - သူ့ထူးခြားချက်က အားလုံးလည်း သိထားပြီးတဲ့ အတိုင်း ကိုယ်နားမလည်တဲ့ ဘာသာနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို တစ်ခြား language တစ်ခုကနေ ကိုယ်နားလည်တဲ့ language တစ်ခုစီ ပြောင်းလဲ ပေးတယ် - အဲလိုပြောင်းလဲ ပေးတဲ့ နေရာမှာ စာသားပြောင်းလဲယုံတင် မဟုတ်ပဲ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း စကားပြောအနေနဲ့ပါ နားထောင်လို့ ရအောင် ပြောင်းလဲပေးတာမျိုးပါ - Listen ဆိုတဲ့ icon ကို click ပေးလိုက်ရင် ကိုယ် ပြောင်းလိုက်တဲ့ ဘာသာစကားရဲ့ အသံထွက်ကိုပါ သူက ရွတ်ပြပေးပါတယ် -


သဘောတရား ရေးရာအရ ကြည့်မယ်ဆိုရင်တော့ ဒီ Google translate ဆိုတာ အကြောင်းအရာ တစ်ခုကို ကိုယ့်ဘာသာ လေ့လာတဲ့ နေရာမျိုးမှာပဲ သုံးလို့ ရမယ်လို့ ထင်စရာရှိပါတယ် - တကယ်လို့ ဒီ Google translate feature ကို နောက် အခြေအနေတစ်မျိုး ဥပမာ - ကိုယ့်ဘာသာကို သူနားမလည်တဲ့ သူရယ် - သူ့ဘာသာစကားကို ကိုယ်နားမလည်တဲ့ သူရယ် နှစ်ယောက်သား ဖုန်းပြောကြတဲ့ နေရာမှာ အသုံးချမယ် ဆိုရင်ရော ?? အရင်ဆုံး ကိုယ်ပြောချင်တဲ့ စကားတွေကို ကိုယ့်မိခင်ဘာသာစကားနဲ့ Google translate မှာ အရင်စာရိုက်ပြီး translate လုပ်ထားမယ် - နောက် အဲလို translate လုပ်ပြီး ထွက်လာတဲ့ စာသားကို listen icon ကနေ တစ်ဆင့် စကားပြောခိုင်းပြီး ဖုန်းပေါ်ကနေ တစ်ဆင့် တစ်ဖက်လူကို နားထောင်ခိုင်းမယ်

ဒီနည်းက တကယ်ရော အလုပ်ဖြစ်ပါ့မလား ??

မယုံမရှိပါနဲ့ - ဒီနည်းကိုသုံးပြီး မိန်းကလေး နှစ်ယောက် ကိုယ်နားမလည်နဲ့ Hindi ဘာသာစကားကို Google Translate က “Text to Speech” feature ကို သုံးပြီး ဖုန်းကနေ တစ်ဆင့် Indian restaurant မှာ Order လှမ်းမှာခဲ့တဲ့ Video လေး Demo Slam မှာ ဖော်ပြထားတာ ရှိပါတယ် - တော်တော်လည်း တတ်နိုင်တဲ့ မိန်းကလေးတွေ

Google chrome မှာ Google Translate ကို tab bar တွေ အများကြီးနဲ့ ဖွင့်ထားပြီး ကိုယ်ပြောချင်တာတွေ အားလုံးကို သူတို့ဘာသာ English ကနေ Hindi version ကို Translate လုပ်ထားတယ် - နောက်တော့ စားသောက်ဆိုင်ကို ဖုန်းလှမ်းခေါ်တယ် - ဖုန်းကိုင်တော့ listen ခလုတ်ကို နှိပ်ပြီး Hindi လို ပြောခိုင်းတယ် - သူတို့ဘာသာ သူတို့တော့ ဟုတ်နေတာပဲ - ဒါပေမယ့် တကယ်တော့ အလုပ်ဖြစ်သွားတယ်ဗျ - ခဏစောင့်တော့ သူတို့ မှာထားတဲ့ အတိုင်း ရောက်ချလာတယ်



ဒီအကြောင်းက ဘာရယ်တော့ မဟုတ်ဘူး သူတို့ရဲ့ စူးစမ်းတတ်တဲ့ စိတ်ကူးလေးရယ် - စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ပြီး ဖြစ်မြောက်အောင် ကြိုးစားတဲ့ အမူအကျင့်လေးရယ်ကို သဘောကျလို့ ဝေမျှလိုက်တာပါ -

လေ့လာစမ်းသပ်ကြည့်ကြပါဦး - အဆင်ပြေရင် ဗွီဒီယိုလေးပါ ရိုက်ကူး မှတ်တမ်းတင်ပြီး မိသားစုမှာ တင်ပေးကြပါဦးဗျာ

KznT.

Start YouTube Video At Specific Time

ဒီအကြောင်းကို လေ့လာမယ့် သူတွေ အနေနဲ့ အရင် ဖော်ပြခဲ့ပြီးတဲ့ Useful Tips For Youtube Lovers ရယ် - How To Embed Youtube Playlists ရယ်ကို မဖတ်ရသေးရင် ပြန်ဖတ်ကြစေ လိုပါတယ် - ပို့စ် ( ၃ ) ခုက တစ်ခုပြီးမှ နောက်တစ်ခု ဆက်လာ တာမို့လို့ တိုက်တွန်းတာပါ -

မေးခွန်း အမှတ် ( ၁၃ ) - YouTube က Video clip တစ်ခုထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အပိုင်းလေး တစ်ပိုင်းပါလို့ တစ်ယောက်ယောက်ကို ကျွန်တော်က ကြည့်ဖို့ ဝေမျှချင်တဲ့အခါ Video clip ကြီး တစ်ခုလုံးပါတဲ့ Link ပေးပြီး ကြည့်ခိုင်းရတာမျိုးထက် ကြည့်စေချင်တဲ့ အပိုင်းလေးကနေပဲ ဖြတ်ပြီး သူကြည့်လို့ ရအောင်လုပ်လို့ မရဘူးလား - မဟုတ်ရင် သူ့မှာ ကျွန်တော် ကြည့်စေချင်တဲ့ အပိုင်းလေး ကြည့်ရဖို့ အရေး အဲ့အပိုင်း မရောက်မချင်း ပြနေမယ့် Video clip တစ်ခုလုံးပဲ ကြည့်ရတော့ မလိုလို - ဒါမှမဟုတ် ကျွန်တော်က မိနစ်မှတ်ပြီး ဘယ်နမိနစ်ကို ကျော်ကြည့်လိုက်လေ - ဘာညာနဲ့ အပိုင်းလေး တစ်ခု ကြည့်ရဖို့ အရေး တစ်ယောက်နဲ့ တစ်ယောက် အချိန်ညှိနေရမှာ အဆင်မပြေလှဘူး - အဲတာ နည်းလမ်းလေး သိရင် ဝေမျှပါဦး -


အဲ့အတွက်ကတော့ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ် - ကျွန်တော်တို့ ပုံမှန် Youtube ကြည့်နေကျ သူတွေ သိထားတဲ့ YouTube URLs တွေဆိုတာ သူ့ကို click ပေးလိုက်ရင် သက်ဆိုင်ရာ Video clip ရှိရာဆီကို ရောက်အောင် ခေါ်သွားပေးယုံကလွဲလို့ တစ်ခြား ဘာမှ ထူးထူးခြားခြား မလုပ်ဆောင်ပါဘူး - တကယ်လို့ အပေါ်မှာ မေးထားသလို ကိုယ်ပြချင်တဲ့ Video clip ကိုလည်း ရောက်အောင် ခေါ်မယ် - ဒါတင်မက အဲ့ဒီ့ Video clip ကမှ ကိုယ်ကြည့်စေချင်တဲ့ အပိုင်းလေးကနေပဲ တစ်ဖက်က ကြည့်ရှုသူကို စပြချင်မယ် ဆိုရင် ပုံမှန် ကျွန်တော်တို့ သိထားတဲ့ YouTube URLs မှာ “time” parameter ကို ထည့်သွင်းပေးရပါမယ် - အဲလို လုပ်ဆောင်လိုက်ခြင်းအားဖြင့် ထူးခြားသွားချက်က ကိုယ်ပေးလိုက်တဲ့ link ကို တစ်ဖက်လူ click ပေးလိုက်တာနဲ့ ကိုယ့်ဝေမျှချင်တဲ့ Video clip ကို သူ ရောက်သွားတဲ့ အပြင် အဲ့ Video clip ထဲကမှ ကိုယ်စပြီး ကြည့်စေချင်မယ့် အပိုင်းဆီ သူက အလိုလျောက် ကျော်လွှားခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် -

ဥပမာ ဆိုကြပါစို့ - ကျွန်တော် ချမ်းချမ်း ရဲ့ ရှိသည် ဖြစ်သည် ချစ်သည် ဆိုတဲ့ သီချင်းမှာ သီချင်းရဲ့ အစဟာ အချစ်စစ်တစ်ခုကို ရှာတွေ့ပြီ ကနေ စပေမယ့် ကျွန်တော်က အဲ့ဒီ့ အစပိုင်းကို မကြည့်စေချင်ပဲ ဒုတိယပိုင်း Intro ပြန်စဝင်တဲ့ မုန်းလို့မရအောင် ချစ်သွားပြီး ကနေ စပြီး ပဲ တစ်ဖက်လူကို ကြည့်စေချင်တယ် ဆိုပါစို့ -

ဒီလိုဆို အဲ့ဒီ့ သီချင်းရဲ့ မုန်းလို့မရအောင် ချစ်သွားပြီး ဆိုတဲ့ အစနေရာကို ကိုယ်အရင် ရောက်အောင်သွားပြီး Player က Pause ခလုတ်ကို နှိပ်ထားလိုက်ပါ - နောက် Video player ပေါ်မှာ အောက်ဖော်ပြပါ အတိုင်း Right click ပေးပြီး "Copy video URL at current time" ကို click ပေးလိုက်ပါ - ( ဒါဆို “time” parameter ထည့်သွင်းပါဝင်ပြီးသား မုန်းလို့မရအောင် ချစ်သွားပြီး ကနေ စမယ့် Video clip ရဲ့ URL ကို Copy လုပ်ပြီးသွားတာနဲ့ တူတူပါပဲ )


နောက် ကိုယ်ကြည့်စေချင်တဲ့ သူကို Mail ကနေ ဖြစ်ဖြစ် - Messenger box ကနေ ဖြစ်ဖြစ် URL ကို Paste လုပ်ပေးလိုက်ပြီး ကြည့်ခိုင်းလိုက်ပါ -

ဒါဆို တစ်ဖက်လူက ကိုယ်ပေးလိုက်တဲ့ URL ကို နှိပ်လိုက်တဲ့ အချိန်မှာ ကြည့်စေချင်တဲ့ Video clip ကို ရောက်ယုံတင်မက ကိုယ်ကြည့်စေချင်တဲ့ အပိုင်းကနေပါ စတင်ကြည့်ရှုလို့ ရပါလိမ့်မယ်။ အထက်မှာ ဖော်ပြထားတဲ့ URL ကို စမ်းဖွင့်ကြည့်ပြီး စစ်ဆေးကြည့်ပါ - မူရင်း သီချင်း စဖွင့်တဲ့ နေရာနဲ့ ကွာခြားသွားပြီး မုန်းလို့မရအောင် ချစ်သွားပြီး ကနေ စတာတွေ့ရပါလိမ့်မယ်။

တစ်ခုရှိတာက YouTube က Video clip တွေကို တစ်ခြားသူတစ်ယောက်ဆီ မျှဝေတဲ့ နေရာမှာ စချင်တဲ့ နေရာကနေ စခိုင်းလို့ ရပေမယ့် - ဆုံးချင်တဲ့ နေရာမှာ ဆုံးခိုင်းလို့ ရနိုင်မယ့် နည်းလမ်းတော့ လတ်တလောမှာ မရှိသေးပါဘူး - နောက်ပိုင်းတော့ ရကောင်း ရလာနိုင်ပါတယ်။

ဒါကတော့ ကျွန်တော် ကြိုက်တဲ့ ချမ်းချမ်း သီချင်းလေး - သိပြီးသား ဖြစ်မှာပါ - ဒါပေမယ့် အားပေးသွားကြပါဦး -


KznT.

My wish

ကျုပ်လေ ဖြစ်နိုင်ရင် ဆိုက်ကားတစ်စီးလောက် ပိုင်တဲ့ ဆိုက်ကားဆရာ တစ်ယောက် ဖြစ်ချင်မိတယ်


Photo from thanlwin.com  

    ဆိုက်ကားဆရာမို့ ခင်ဗျားတို့ အထင်သေးမလား - ဆိုက်ကားသမားဆို ပညာမတတ်/ပိုက်ဆံမရှိလို့ ဆိုက်ကားနင်းရတယ် ဆိုပြီး ခင်ဗျားတို့ ထင်ချင် ထင်နိုင်ပေမယ့် ဆိုက်ကားသမားဆိုတာ ခရီးသည်မလာရင် ကိုယ့်ဆိုက်ကားပေါ်မှာ ကိုယ့်ကွမ်းကိုယ်ဝါးပြီး ကိုယ်ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကို အပူအပင်မရှိပဲ ဖတ်နေနိုင်တယ် - တစ်ခုခုသွားစရာ လာစရာ ရှိလာရင် ဘယ်သူ့ဆိုက်ကားမှ ဌားစီးစရာ မလိုပဲ ကိုယ့်ဆိုက်ကား ကိုယ်စီးသွားလို့ ရတယ် - ကိုယ့်လုပ်အားနဲ့ ကိုယ်မို့ ခင်ဗျားတို့ ကားတွေမှာ မဖြစ်မနေလိုတဲ့ ဒီဇယ်တွေ ဓာတ်ဆီတွေ ဆိုတာလည်း ဝယ်ဖို့ မလိုဘူး - ဒီဇယ် ၊ ဓာတ်ဆီဆိုတာတွေ သုံးဖို့ မလိုလို့ ကျုပ်ဆိုက်ကားက ကမ္ဘာကြီးကို အနှောင့်အယှက် ဖြစ်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုတာလည်း ထွက်မှာမဟုတ်ဘူး - နောက်ပြီး ကျုပ်သမီးတွေ ကျောင်းဆင်း/ကျောင်းတက်ချိန် ရောက်ရင်လည်း ကလေးတွေကို ဆိုက်ကားရဲ့ ရှေ့ခုံ နောက်ခုံတင်ပြီး လမ်းမှာ သမီးတွေကို စကားပြောရင်းနဲ့ အိမ်ကနေ ကျောင်း - ကျောင်းကနေ အိမ် ပုံမှန် အပို့အကြို လုပ်လို့ ရတယ် - ကျုပ်မိန်းမ ဈေးသွားချင်ရင် လည်း ကျုပ်လုပ်အားနဲ့ နင်းမှ လိုရာအရပ်ကို ရောက်မယ့် ဒီဆိုက်ကားပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ မိန်းမကို တင်ပြီး သူသွားချင်မယ့် နေရာကို လိုက်ပို့နိုင်သေးတယ် - အင်းပေါ့လေ - ခင်ဗျားတို့ ကားတစ်စီးပိုင်သလိုမျိုးတော့ အဝေးကြီးတွေထိ ကျုပ် နင်းမပို့နိုင်ဘူးပေါ့ - ဒါပေမယ့် လူရယ်လို့ ဖြစ်လာရင် အဲ့ဒီ့ အဝေးကြီးတွေကို မျှော်ကြည့်ရင်းနဲ့ ကျုပ်တို့တွေနေ့တိုင်း မောနေကြရတာမလား - ကျုပ်တော့ ကားပိုင်ပြီး မောနေရမယ့် လူတစ်ယောက် အဖြစ်မျိုးထက် ဆိုက်ကား နင်းပြီး  ဘဝအမော တွေကို မေ့ထားလို့ ရတဲ့ ဆိုက်ကားဆရာ တစ်ယောက်ပဲ ဖြစ်ချင်မိတယ် -

ကျုပ်လေ ဖြစ်နိုင်ရင် အဖိုးအခ မပေးရတဲ့ ကျောင်းဆရာတစ်ယောက် ဖြစ်ချင်မိတယ်


Photo from successfulteaching.blogspot.com
  
    ကျုပ်မိန်းမက ပြောတယ် - ကို ဆရာလုပ်ပါလားတဲ့ - ကျုပ် အမြဲ ခေါင်းခါ ဖြစ်တယ် - ဟုတ်တယ် ကျုပ် ကျောင်းဆရာ မဖြစ်ချင်ပါဘူး - ကျောင်းဆရာ ဖြစ်ရင် ကျုပ်ကို သူတို့တွေက လခဆိုတာ ပေးကြမှာပေါ့ - ကျုပ် လခယူပြီး စာသင်ရင် လခမပေးနိုင်တဲ့ လက်လုပ်လက်စား ကလေးတစ်စုကျတော့ ဘယ်လိုလုပ်မလဲ ?? သူတို့ ကျုပ်ဆီစာလာသင်ဖို့ ခက်ကုန်မှာပေါ့ - ဟင့်အင်း ကျုပ်က လခလိုချင်တဲ့ သူမှ မဟုတ်တာ - ကျုပ်က အဖိုးအခ ပေးဖို့ မလိုတဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ချင်တာ - လခပေးပြီး စာကိုစိတ်မဝင်စားပဲ စာမေးပွဲ အောင်ယုံလောက် လာသင်နေကြမယ့် ကျောင်းသားမျိုးတွေထက် - စာတကယ်တတ်ချင်ပြီး ပညာရပ်တိုင်းကို လိုလိုလားလားနဲ့ ငံ့လင့်နေမယ့် ကျောင်းသားတွေကိုပဲ ကျုပ်လိုချင်တာ - အဲ့ဒါကြောင့် ကျုပ် ဆရာလုပ်ရမယ် ဆိုရင် အဖိုးအခ မပေးရတဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ချင်မိတယ် -

ကျုပ်လေ ဖြစ်နိုင်ရင် သိပ်တော်တဲ့ ခေါင်းဆောင်တွေ နောက်မှာ တာဝန် တစ်ချက် မလစ်ဟင်းအောင် ထမ်းဆောင်နိုင်တဲ့ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ချင်မိတယ်


Photo from ec.gc.ca

    လူတော်တော်များများကို မေးကြည့်ရင်တော့ ခေါင်းဆောင်လုပ်မလား နောက်လိုက် လုပ်မလားဆို အာလုံးနီးပါး ခေါင်းဆောင် လုပ်မယ်ချည်းပဲ ဖြေကြမှာပဲ - ကျုပ်ကတော့ သူတို့တွေနဲ့ ဖြေတာချင်း လွဲလိမ့်မယ် - ကျုပ်က နောက်လိုက်ကောင်းပဲ ဖြစ်ချင်တာ - နောက်လိုက်ဆိုလို့ ခင်ဗျား အထင်သေးမလား ?? မြန်မာ့ ရာဇဝင်ကနေ စလို့ - ကမ္ဘာ့ရာဇဝင်ထိ ကြိုက်တဲ့ နေရာကိုကြည့် - အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်တိုင်းမှာ နောက်လိုက်ကောင်းဆိုတာ ရှိတယ် - မြန်မာ့သမိုင်းမှာ ကျော်ကြားခဲ့တဲ့ - အနော်ရထာ ( သူ့မှာ စစ်သည်လေးသိန်းအားနဲ့ ညီတဲ့ သူရဲကောင်း လေးယောက်ရှိခဲ့တယ် ) - နောက် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ တပင်ရွှေထီး ( သူ့မှာ ကျော်ထင်နော်ရထာ ဘွဲ့ပေးပြီး ညီအစ်ကို ရင်းလောက် ချစ်ခင်အားကိုးရတဲ့ ဘုရင့်နောင် ဆိုတာ ရှိတယ် ) - နောက် သိပ်ထင်ရှားတ့ဲ မွန်ဘုရင် ရာဇာဓိရာဇ် ( သူ့မှာ သမိန်ဗြဇ္ဇ၊ အမတ်ဒိန်၊ အဲမွန်ဒယာ၊ အဲကောင်ဗိန်၊ စောလဂွန်းအိန် ( မသံလုံ ) ၊ ဥပါကောင်း ဆိုတဲ့ နောက်လိုက် အမတ်ကောင်းတွေ အများကြီး ရှိခဲ့ဖူးတယ် ) -

    လူဆိုတာ ဘယ်တော့မှ တစ်ယောက်တည်း ကောင်းလို့ တော်လို့ မရဘူး - ခေါင်းဆောင်ကောင်း အရည်အချင်း ရှိတဲ့သူဆိုတာ နောက်လိုက်ကောင်း ရှိဖို့ လိုကိုလိုတယ် - အားလုံး ခေါင်းဆောင်ဖြစ်ချင်နေကြပြီး တစ်ယောက်မှ နောက်လိုက် မဖြစ်ချင်ကြတဲ့ တစ်နေ့ အဲ့ဒီနိုင်ငံပျက်တာပဲ - နောက်လိုက် မကောင်းလို့ ပျက်သုန်းရတဲ့ ဥပမာတွေကိုကြည့်ရင် ရာဇာဓိရာဇ် နန်းမတက်မီှ ဟံသာဝတီခေတ်က မုတ္တမထီးနန်းကို စိုးစံခဲ့ကြတဲ့ မင်း ( ရ ) ဆက်မှာ ( မဂဒူး မှ ဗညားအဲလော ထိ ) စောအော နဲ့ ဗညားအဲလော ဆိုတဲ့ မင်းနှစ်ပါးပဲ ရိုးရိုးတန်းတန်း ကံတော်ကုန်ခဲ့ရတယ် - ကျန်တဲ့ မင်းတွေ အကုန်လုံးက သူများ လုပ်ကြံလို့ သေခဲ့ရတာ ချည်းပဲ - မြန်မာတွေ ဘာကြောင့် သူ့ကျွန်ဘဝ ရောက်သလဲ ?? အကုန်လုံး ခေါင်းဆောင်ဖြစ်ချင်နေလို့ သူ့ကျွန်ဘဝရောက်တယ် - ဗိုလ်ချုပ် ဘာကြောင့် လုပ်ကြံခံရသလဲ ?? သူ့ထက်ကိုယ် သာတယ် တတ်တယ် ထင်ပြီး နောက်လိုက် မလုပ်ချင်ကြလို့ လုပ်ကြံခံရတယ် - ဒါတွေကို သိခဲ့ရတော့ ဆရာ ဒေါက်တာသန်းထွန်း ပြောခဲ့တာကို သွားသတိရမိတယ် - သမိုင်းဘာကြောင့် သင်သလဲ - မ " အ " ဖို့ သင်သတဲ့ - နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်း အများကြီး မလိုဘူး - ခေါင်းဆောင် ကောင်းရဲ့ နောက်မှာ တာဝန်တစ်ချက် မလစ်ဟင်းအောင် ထမ်းဆောင်ချင်မယ့် နောက်လိုက်ကောင်းတွေ ရှိနေဖို့ပဲလိုတယ် - ဒါ့ကြောင့် ကျုပ် နောက်လိုက်ကောင်းပဲ ဖြစ်ချင်တယ်။

ကျုပ်လေ ဖြစ်နိုင်ရင် လက်လုပ်လက်စား ယာပိုင်ရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်


Photo from tachy-on.deviantart.com

    ကျုပ်ပိုင်မယ့် ယာတွေထဲမှာ ကျုပ်ပတ်ဝန်းကျင်က တစ်နေ့နဲ့ တစ်နေ့ အလုပ်ရှာရင်း မောပန်းနေကြတဲ့ လူငယ်တွေ အတွက် အလုပ်တစ်ခုဆီ ပေးပြီး ကိုယ်စိုက်တဲ့ ယာက ထွက်လာမယ့် သီးနှံတိုင်းအတွက် ကိုယ့်လုပ်အားကိုယ် စားသုံးနိုင်ဖို့ အခွင့်အရေး ပေးချင်တယ် - အင်းပေါ့ - ခင်ဗျားတို့ သိသလို သူတို့တွေ ကွန်ပြူတာတို့ အင်တာနက်တို့ ဆိုတာတော့ သိမှာ မဟုတ်ဘူးပေါ့ - ဒါပေမယ့် သူတို့တွေက ခင်ဗျားတို့လို Internet အကြောင်း သိပြီးလို့ - Virus အကြောင်း သိဖို့ မလိုဘူး - Virus အကြောင်း သိပြီးလို့ Antivirus အကြောင်း ထပ်လေ့လာဖို့ မလိုဘူး - ဘယ်တော့မှ လေ့လာလို့ မကုန်ဆုံးနိုင်မယ့် ပညာရပ်တွေ အကြောင်း စဉ်းစားရင်း ခေါင်းခြောက်ဖို့ မလိုသလို - တစ်နေ့ပြီးတစ်နေ့ ယှဉ်ပြိုင်စိန်ခေါ်မှုတွေနဲ့ချည်း လုံးထွေးရစ်ပတ်ထားတဲ့ လောကကြီးထဲမှာ စားဝတ်နေရေး အတွက် တစ်ယောက်ပေါ် တစ်ယောက် နင်းတက်နိုင်ဖို့/ ခေါင်းပုံဖြတ်နိုင်ဖို့/ ဂတုံးပေါ် ထိပ်ကွက်နိုင်ဖို့ - သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ဖို့ ဆိုတာလည်း သိဖို့လိုမှာ မဟုတ်ဘူး - ကျုပ်သူတို့ကို သိပ္ပံပညာရှင် တစ်ယောက် ဖြစ်အောင် မကူညီနိုင်ပေမယ့် ဗီလိန်တစ်ယောက် မဖြစ်အောင်တော့ ပံ့ပိုးနိုင်လိမ့်မယ် - လုပ်အားရဲ့ တန်ဖိုးကို နားလည်မယ့် လူငယ်လေးတွေ ဖြစ်လာအောင်လည်း ကူညီကောင်း ကူညီနိုင်လိမ့်မယ် - ဒါ့ကြောင့် ကျွန်တော် ယာပိုင်ရှင် တစ်ယောက် ဖြစ်ချင်မိတယ်။

ကျုပ်လေ ဖြစ်နိုင်ရင် ဘုရားသားတော် တစ်ပါးလည်း ဖြစ်ချင်သေးတယ်


Photo from kooo002.multiply.com

    ကျုပ်ငယ်ငယ်တုန်းက ကျုပ်ဦးလေး တစ်ယောက် ဘုန်းကြီး ဝတ်သွားတယ် - သူဝတ်သွားတုန်းက ဘယ်လိုမှ စိတ်ထဲ မဖြစ်မိဘူး - သာမန် ဒုလ္လဘ ဝတ်တယ်ပဲ ထင်ထားခဲ့တာ - နောက်တော့ သိပ်မကြာဘူး သူ့မိန်းမ ( ကျွန်တော့် အဒေါ်နဲ့ ) သူ့ သမီး နှစ်ယောက် ( ကျွန်တော့် အစ်မနဲ့ ညီမ ) ပါ သာသနာ့ဘောင်ကို ဝင်သွားကြတယ် - နောက်တော့ လုံးဝ မယုံနိုင်တဲ့ သတင်းတစ်ခု ထပ်ကြားခဲ့ရတယ် - ရာသက်ပန်တဲ့ - ရှိသမျှ အိမ်တွေ - ပိုင်သမျှ စီးပွားရေး အားလုံးကို အပြတ်ရောင်းပြီး လူ့ဘောင်ကနေ စွန့်ခွာသွားကြတာ - ကျုပ်ဖြင့် အံ့သြလို့ မဆုံးဘူး - သူတို့တွေက စီးပွားရေး အဆင်မပြေကြတာလည်း မဟုတ်ဘူး - အိုးပိုင်အိမ်ပိုင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းနဲ့ - သားသမီးတွေကိုလည်း တင့်တောင့်တင့်တယ် ထားနိုင်ကြတဲ့ မိသားစု တစ်ခု - ဘာကြောင့် သူတို့ မိသားစု လူ့ဘောင်ကို စွန့်ခွာ သွားကြသလဲ ?? ကျုပ်ခေါင်းထဲ လုံးဝ စဉ်းစားလို့ မမှီခဲ့ဘူး -

    ကျုပ် နိုင်ငံခြားကို ထွက်မယ်လုပ်တော့ ကျုပ်အဖေနဲ့ အတူ သူတို့မိသားစု ရာသက်ပန် သီတင်းသုံးရာ အမရပူရက ဘုန်းကြီးကျောင်း ကို ရောက်ခဲ့တယ် - ကျုပ်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ် - မတွေ့ရတာ နှစ် ၂၀ လောက် ကြာခဲ့တဲ့ တူဝရီးတွေ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေကြသလဲ - ကျုပ်မသိဘူး - ကျုပ်ဦးလေးမိသားစုက သာသနာ့ဘောင် ထဲက ဆိုပေမယ့် ကျုပ်ကို တရားတော့ မဟောကြပါဘူး - ဒါပေမယ့် သူတို့ပြောတဲ့ စကားတွေထဲမှာ ကျုပ်တော်တော် ပျော်ဝင်ခဲ့ တယ် - ဦးဇင်းက မိန့်တယ် - ဒကာလေးက လောကီမှာ ထူးချွန်ဖို့ ကြိုးစားနေတယ် - ဦးဇင်းတို့က လောကုတ္တရာမှာ ပေါက်မြောက်ဖို့ ကြိုးစားနေတယ် - ဦးဇင်းတို့မှာ ဒကာလေးလို လုပ်ဆုပ်လက်ကိုင်ပြစရာ ပန်းတိုင် ဆိုတာမျိုးတော့ ဒကာလေး မြင်သာအောင် ပြဖို့မရှိဘူး - ဒါပေမယ့် ဦးဇင်းတို့ ပြောနိုင်တာ တစ်ခုက ဦးဇင်းတို့တွေ ဒီအချိန်မှာ သေဖို့ အသင့်ဖြစ်နေပြီ တဲ့ - ဒီ စကားကို ကျုပ် အတုန်လှုပ်ဆုံးပဲ - ကျုပ် ပြန်စဉ်းစား ကြည့်တယ် - ကျုပ်ရော သေဖို့ အသင့်ဖြစ်ပြီလား ?? ပြန်ခါနီးတော့ ဦးဇင်းက ပဆစ်တုပ်ထိုင်ထားပြီး လက်အုပ်ချီထားတဲ့ ကျုပ်ခေါင်းပေါ်ကို သူ့လက်ဖဝါးနဲ့ အုပ်မိုးပြီး ဆုပေးတယ် - ဆုပေးတယ်ဆိုတာ ကျန်းမာပါစေ - ချမ်းသာပါစေ ဆိုတာမျိုး မဟုတ်ဘူး - ကျုပ်သွားလေရာ လာလေရာမှာ ဘေးကင်းစေဖို့ မေတ္တာဓာတ်နဲ့ အမြဲ စောင့်ရှောက်ပေးနေနိုင်အောင် မြတ်စွာဘုရားရှင်ဆီမှာ တောင်းဆုပြုတာ - အမှန်တကယ်လည်း ခုချိန်ထိ နိုင်ငံရပ်ခြားမှာ ကျုပ် ပြဿနာ တစ်ကြိမ် မတက်ခဲ့ဖူးဘူး - အံ့သြဖို့ ကောင်းတာ တစ်ခုက အဲ့ဒီ့ တစ်ချိန်တည်း ဦးဇင်းပေးခဲ့တဲ့ မေတ္တာဓာတ်ဟာ ဘုရားကို အာရုံပြုဖြစ်တိုင်း  ကျုပ် ခေါင်းပေါ်ကနေ ခန္ဓာကိုယ်ထဲကို ပြန်စီးဝင်လာသလိုပဲ -

    ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာထက် မပိုခဲ့တဲ့ ကျုပ် - ခုတော့ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတရား တစ်ခုရဲ့ နက်ရိှုင်းမှုကို အရင်ကထက် လေးလေးနက်နက် ဂရုပြုလာမိပြီ - ညဘက်ရောက်တိုင်း ပုတီးစိတ် - ပဋ္ဌာန်းရွတ်ဖြစ်တယ် - ဒါပေမယ့် ကျုပ် လုပ်ဖြစ်တယ်ဆိုတာ တကယ်လေးနက်တဲ့ ဘာသာတရား တစ်ခုရဲ့ မြှုမှုန်လေးလောက်ပါ -  ကျုပ် ဒီ့ထက်ပိုပြီး နက်နက်ရိှုင်းရိှုင်း တိုးဝင်ရဦးမယ် - ကျင့်ကြံရဦးမယ် - ဒါ့ကြောင့် ကျုပ် ဘုရားရဲ့ သားတော် တစ်ပါးလည်း ဖြစ်ချင်သေးတယ် -

KznT.

Related Posts