My wish

Leave a Comment
ကျုပ်လေ ဖြစ်နိုင်ရင် ဆိုက်ကားတစ်စီးလောက် ပိုင်တဲ့ ဆိုက်ကားဆရာ တစ်ယောက် ဖြစ်ချင်မိတယ်


Photo from thanlwin.com  

    ဆိုက်ကားဆရာမို့ ခင်ဗျားတို့ အထင်သေးမလား - ဆိုက်ကားသမားဆို ပညာမတတ်/ပိုက်ဆံမရှိလို့ ဆိုက်ကားနင်းရတယ် ဆိုပြီး ခင်ဗျားတို့ ထင်ချင် ထင်နိုင်ပေမယ့် ဆိုက်ကားသမားဆိုတာ ခရီးသည်မလာရင် ကိုယ့်ဆိုက်ကားပေါ်မှာ ကိုယ့်ကွမ်းကိုယ်ဝါးပြီး ကိုယ်ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကို အပူအပင်မရှိပဲ ဖတ်နေနိုင်တယ် - တစ်ခုခုသွားစရာ လာစရာ ရှိလာရင် ဘယ်သူ့ဆိုက်ကားမှ ဌားစီးစရာ မလိုပဲ ကိုယ့်ဆိုက်ကား ကိုယ်စီးသွားလို့ ရတယ် - ကိုယ့်လုပ်အားနဲ့ ကိုယ်မို့ ခင်ဗျားတို့ ကားတွေမှာ မဖြစ်မနေလိုတဲ့ ဒီဇယ်တွေ ဓာတ်ဆီတွေ ဆိုတာလည်း ဝယ်ဖို့ မလိုဘူး - ဒီဇယ် ၊ ဓာတ်ဆီဆိုတာတွေ သုံးဖို့ မလိုလို့ ကျုပ်ဆိုက်ကားက ကမ္ဘာကြီးကို အနှောင့်အယှက် ဖြစ်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုတာလည်း ထွက်မှာမဟုတ်ဘူး - နောက်ပြီး ကျုပ်သမီးတွေ ကျောင်းဆင်း/ကျောင်းတက်ချိန် ရောက်ရင်လည်း ကလေးတွေကို ဆိုက်ကားရဲ့ ရှေ့ခုံ နောက်ခုံတင်ပြီး လမ်းမှာ သမီးတွေကို စကားပြောရင်းနဲ့ အိမ်ကနေ ကျောင်း - ကျောင်းကနေ အိမ် ပုံမှန် အပို့အကြို လုပ်လို့ ရတယ် - ကျုပ်မိန်းမ ဈေးသွားချင်ရင် လည်း ကျုပ်လုပ်အားနဲ့ နင်းမှ လိုရာအရပ်ကို ရောက်မယ့် ဒီဆိုက်ကားပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ မိန်းမကို တင်ပြီး သူသွားချင်မယ့် နေရာကို လိုက်ပို့နိုင်သေးတယ် - အင်းပေါ့လေ - ခင်ဗျားတို့ ကားတစ်စီးပိုင်သလိုမျိုးတော့ အဝေးကြီးတွေထိ ကျုပ် နင်းမပို့နိုင်ဘူးပေါ့ - ဒါပေမယ့် လူရယ်လို့ ဖြစ်လာရင် အဲ့ဒီ့ အဝေးကြီးတွေကို မျှော်ကြည့်ရင်းနဲ့ ကျုပ်တို့တွေနေ့တိုင်း မောနေကြရတာမလား - ကျုပ်တော့ ကားပိုင်ပြီး မောနေရမယ့် လူတစ်ယောက် အဖြစ်မျိုးထက် ဆိုက်ကား နင်းပြီး  ဘဝအမော တွေကို မေ့ထားလို့ ရတဲ့ ဆိုက်ကားဆရာ တစ်ယောက်ပဲ ဖြစ်ချင်မိတယ် -

ကျုပ်လေ ဖြစ်နိုင်ရင် အဖိုးအခ မပေးရတဲ့ ကျောင်းဆရာတစ်ယောက် ဖြစ်ချင်မိတယ်


Photo from successfulteaching.blogspot.com
  
    ကျုပ်မိန်းမက ပြောတယ် - ကို ဆရာလုပ်ပါလားတဲ့ - ကျုပ် အမြဲ ခေါင်းခါ ဖြစ်တယ် - ဟုတ်တယ် ကျုပ် ကျောင်းဆရာ မဖြစ်ချင်ပါဘူး - ကျောင်းဆရာ ဖြစ်ရင် ကျုပ်ကို သူတို့တွေက လခဆိုတာ ပေးကြမှာပေါ့ - ကျုပ် လခယူပြီး စာသင်ရင် လခမပေးနိုင်တဲ့ လက်လုပ်လက်စား ကလေးတစ်စုကျတော့ ဘယ်လိုလုပ်မလဲ ?? သူတို့ ကျုပ်ဆီစာလာသင်ဖို့ ခက်ကုန်မှာပေါ့ - ဟင့်အင်း ကျုပ်က လခလိုချင်တဲ့ သူမှ မဟုတ်တာ - ကျုပ်က အဖိုးအခ ပေးဖို့ မလိုတဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ချင်တာ - လခပေးပြီး စာကိုစိတ်မဝင်စားပဲ စာမေးပွဲ အောင်ယုံလောက် လာသင်နေကြမယ့် ကျောင်းသားမျိုးတွေထက် - စာတကယ်တတ်ချင်ပြီး ပညာရပ်တိုင်းကို လိုလိုလားလားနဲ့ ငံ့လင့်နေမယ့် ကျောင်းသားတွေကိုပဲ ကျုပ်လိုချင်တာ - အဲ့ဒါကြောင့် ကျုပ် ဆရာလုပ်ရမယ် ဆိုရင် အဖိုးအခ မပေးရတဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ချင်မိတယ် -

ကျုပ်လေ ဖြစ်နိုင်ရင် သိပ်တော်တဲ့ ခေါင်းဆောင်တွေ နောက်မှာ တာဝန် တစ်ချက် မလစ်ဟင်းအောင် ထမ်းဆောင်နိုင်တဲ့ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ချင်မိတယ်


Photo from ec.gc.ca

    လူတော်တော်များများကို မေးကြည့်ရင်တော့ ခေါင်းဆောင်လုပ်မလား နောက်လိုက် လုပ်မလားဆို အာလုံးနီးပါး ခေါင်းဆောင် လုပ်မယ်ချည်းပဲ ဖြေကြမှာပဲ - ကျုပ်ကတော့ သူတို့တွေနဲ့ ဖြေတာချင်း လွဲလိမ့်မယ် - ကျုပ်က နောက်လိုက်ကောင်းပဲ ဖြစ်ချင်တာ - နောက်လိုက်ဆိုလို့ ခင်ဗျား အထင်သေးမလား ?? မြန်မာ့ ရာဇဝင်ကနေ စလို့ - ကမ္ဘာ့ရာဇဝင်ထိ ကြိုက်တဲ့ နေရာကိုကြည့် - အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်တိုင်းမှာ နောက်လိုက်ကောင်းဆိုတာ ရှိတယ် - မြန်မာ့သမိုင်းမှာ ကျော်ကြားခဲ့တဲ့ - အနော်ရထာ ( သူ့မှာ စစ်သည်လေးသိန်းအားနဲ့ ညီတဲ့ သူရဲကောင်း လေးယောက်ရှိခဲ့တယ် ) - နောက် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ တပင်ရွှေထီး ( သူ့မှာ ကျော်ထင်နော်ရထာ ဘွဲ့ပေးပြီး ညီအစ်ကို ရင်းလောက် ချစ်ခင်အားကိုးရတဲ့ ဘုရင့်နောင် ဆိုတာ ရှိတယ် ) - နောက် သိပ်ထင်ရှားတ့ဲ မွန်ဘုရင် ရာဇာဓိရာဇ် ( သူ့မှာ သမိန်ဗြဇ္ဇ၊ အမတ်ဒိန်၊ အဲမွန်ဒယာ၊ အဲကောင်ဗိန်၊ စောလဂွန်းအိန် ( မသံလုံ ) ၊ ဥပါကောင်း ဆိုတဲ့ နောက်လိုက် အမတ်ကောင်းတွေ အများကြီး ရှိခဲ့ဖူးတယ် ) -

    လူဆိုတာ ဘယ်တော့မှ တစ်ယောက်တည်း ကောင်းလို့ တော်လို့ မရဘူး - ခေါင်းဆောင်ကောင်း အရည်အချင်း ရှိတဲ့သူဆိုတာ နောက်လိုက်ကောင်း ရှိဖို့ လိုကိုလိုတယ် - အားလုံး ခေါင်းဆောင်ဖြစ်ချင်နေကြပြီး တစ်ယောက်မှ နောက်လိုက် မဖြစ်ချင်ကြတဲ့ တစ်နေ့ အဲ့ဒီနိုင်ငံပျက်တာပဲ - နောက်လိုက် မကောင်းလို့ ပျက်သုန်းရတဲ့ ဥပမာတွေကိုကြည့်ရင် ရာဇာဓိရာဇ် နန်းမတက်မီှ ဟံသာဝတီခေတ်က မုတ္တမထီးနန်းကို စိုးစံခဲ့ကြတဲ့ မင်း ( ရ ) ဆက်မှာ ( မဂဒူး မှ ဗညားအဲလော ထိ ) စောအော နဲ့ ဗညားအဲလော ဆိုတဲ့ မင်းနှစ်ပါးပဲ ရိုးရိုးတန်းတန်း ကံတော်ကုန်ခဲ့ရတယ် - ကျန်တဲ့ မင်းတွေ အကုန်လုံးက သူများ လုပ်ကြံလို့ သေခဲ့ရတာ ချည်းပဲ - မြန်မာတွေ ဘာကြောင့် သူ့ကျွန်ဘဝ ရောက်သလဲ ?? အကုန်လုံး ခေါင်းဆောင်ဖြစ်ချင်နေလို့ သူ့ကျွန်ဘဝရောက်တယ် - ဗိုလ်ချုပ် ဘာကြောင့် လုပ်ကြံခံရသလဲ ?? သူ့ထက်ကိုယ် သာတယ် တတ်တယ် ထင်ပြီး နောက်လိုက် မလုပ်ချင်ကြလို့ လုပ်ကြံခံရတယ် - ဒါတွေကို သိခဲ့ရတော့ ဆရာ ဒေါက်တာသန်းထွန်း ပြောခဲ့တာကို သွားသတိရမိတယ် - သမိုင်းဘာကြောင့် သင်သလဲ - မ " အ " ဖို့ သင်သတဲ့ - နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်း အများကြီး မလိုဘူး - ခေါင်းဆောင် ကောင်းရဲ့ နောက်မှာ တာဝန်တစ်ချက် မလစ်ဟင်းအောင် ထမ်းဆောင်ချင်မယ့် နောက်လိုက်ကောင်းတွေ ရှိနေဖို့ပဲလိုတယ် - ဒါ့ကြောင့် ကျုပ် နောက်လိုက်ကောင်းပဲ ဖြစ်ချင်တယ်။

ကျုပ်လေ ဖြစ်နိုင်ရင် လက်လုပ်လက်စား ယာပိုင်ရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်


Photo from tachy-on.deviantart.com

    ကျုပ်ပိုင်မယ့် ယာတွေထဲမှာ ကျုပ်ပတ်ဝန်းကျင်က တစ်နေ့နဲ့ တစ်နေ့ အလုပ်ရှာရင်း မောပန်းနေကြတဲ့ လူငယ်တွေ အတွက် အလုပ်တစ်ခုဆီ ပေးပြီး ကိုယ်စိုက်တဲ့ ယာက ထွက်လာမယ့် သီးနှံတိုင်းအတွက် ကိုယ့်လုပ်အားကိုယ် စားသုံးနိုင်ဖို့ အခွင့်အရေး ပေးချင်တယ် - အင်းပေါ့ - ခင်ဗျားတို့ သိသလို သူတို့တွေ ကွန်ပြူတာတို့ အင်တာနက်တို့ ဆိုတာတော့ သိမှာ မဟုတ်ဘူးပေါ့ - ဒါပေမယ့် သူတို့တွေက ခင်ဗျားတို့လို Internet အကြောင်း သိပြီးလို့ - Virus အကြောင်း သိဖို့ မလိုဘူး - Virus အကြောင်း သိပြီးလို့ Antivirus အကြောင်း ထပ်လေ့လာဖို့ မလိုဘူး - ဘယ်တော့မှ လေ့လာလို့ မကုန်ဆုံးနိုင်မယ့် ပညာရပ်တွေ အကြောင်း စဉ်းစားရင်း ခေါင်းခြောက်ဖို့ မလိုသလို - တစ်နေ့ပြီးတစ်နေ့ ယှဉ်ပြိုင်စိန်ခေါ်မှုတွေနဲ့ချည်း လုံးထွေးရစ်ပတ်ထားတဲ့ လောကကြီးထဲမှာ စားဝတ်နေရေး အတွက် တစ်ယောက်ပေါ် တစ်ယောက် နင်းတက်နိုင်ဖို့/ ခေါင်းပုံဖြတ်နိုင်ဖို့/ ဂတုံးပေါ် ထိပ်ကွက်နိုင်ဖို့ - သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ဖို့ ဆိုတာလည်း သိဖို့လိုမှာ မဟုတ်ဘူး - ကျုပ်သူတို့ကို သိပ္ပံပညာရှင် တစ်ယောက် ဖြစ်အောင် မကူညီနိုင်ပေမယ့် ဗီလိန်တစ်ယောက် မဖြစ်အောင်တော့ ပံ့ပိုးနိုင်လိမ့်မယ် - လုပ်အားရဲ့ တန်ဖိုးကို နားလည်မယ့် လူငယ်လေးတွေ ဖြစ်လာအောင်လည်း ကူညီကောင်း ကူညီနိုင်လိမ့်မယ် - ဒါ့ကြောင့် ကျွန်တော် ယာပိုင်ရှင် တစ်ယောက် ဖြစ်ချင်မိတယ်။

ကျုပ်လေ ဖြစ်နိုင်ရင် ဘုရားသားတော် တစ်ပါးလည်း ဖြစ်ချင်သေးတယ်


Photo from kooo002.multiply.com

    ကျုပ်ငယ်ငယ်တုန်းက ကျုပ်ဦးလေး တစ်ယောက် ဘုန်းကြီး ဝတ်သွားတယ် - သူဝတ်သွားတုန်းက ဘယ်လိုမှ စိတ်ထဲ မဖြစ်မိဘူး - သာမန် ဒုလ္လဘ ဝတ်တယ်ပဲ ထင်ထားခဲ့တာ - နောက်တော့ သိပ်မကြာဘူး သူ့မိန်းမ ( ကျွန်တော့် အဒေါ်နဲ့ ) သူ့ သမီး နှစ်ယောက် ( ကျွန်တော့် အစ်မနဲ့ ညီမ ) ပါ သာသနာ့ဘောင်ကို ဝင်သွားကြတယ် - နောက်တော့ လုံးဝ မယုံနိုင်တဲ့ သတင်းတစ်ခု ထပ်ကြားခဲ့ရတယ် - ရာသက်ပန်တဲ့ - ရှိသမျှ အိမ်တွေ - ပိုင်သမျှ စီးပွားရေး အားလုံးကို အပြတ်ရောင်းပြီး လူ့ဘောင်ကနေ စွန့်ခွာသွားကြတာ - ကျုပ်ဖြင့် အံ့သြလို့ မဆုံးဘူး - သူတို့တွေက စီးပွားရေး အဆင်မပြေကြတာလည်း မဟုတ်ဘူး - အိုးပိုင်အိမ်ပိုင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းနဲ့ - သားသမီးတွေကိုလည်း တင့်တောင့်တင့်တယ် ထားနိုင်ကြတဲ့ မိသားစု တစ်ခု - ဘာကြောင့် သူတို့ မိသားစု လူ့ဘောင်ကို စွန့်ခွာ သွားကြသလဲ ?? ကျုပ်ခေါင်းထဲ လုံးဝ စဉ်းစားလို့ မမှီခဲ့ဘူး -

    ကျုပ် နိုင်ငံခြားကို ထွက်မယ်လုပ်တော့ ကျုပ်အဖေနဲ့ အတူ သူတို့မိသားစု ရာသက်ပန် သီတင်းသုံးရာ အမရပူရက ဘုန်းကြီးကျောင်း ကို ရောက်ခဲ့တယ် - ကျုပ်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ် - မတွေ့ရတာ နှစ် ၂၀ လောက် ကြာခဲ့တဲ့ တူဝရီးတွေ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေကြသလဲ - ကျုပ်မသိဘူး - ကျုပ်ဦးလေးမိသားစုက သာသနာ့ဘောင် ထဲက ဆိုပေမယ့် ကျုပ်ကို တရားတော့ မဟောကြပါဘူး - ဒါပေမယ့် သူတို့ပြောတဲ့ စကားတွေထဲမှာ ကျုပ်တော်တော် ပျော်ဝင်ခဲ့ တယ် - ဦးဇင်းက မိန့်တယ် - ဒကာလေးက လောကီမှာ ထူးချွန်ဖို့ ကြိုးစားနေတယ် - ဦးဇင်းတို့က လောကုတ္တရာမှာ ပေါက်မြောက်ဖို့ ကြိုးစားနေတယ် - ဦးဇင်းတို့မှာ ဒကာလေးလို လုပ်ဆုပ်လက်ကိုင်ပြစရာ ပန်းတိုင် ဆိုတာမျိုးတော့ ဒကာလေး မြင်သာအောင် ပြဖို့မရှိဘူး - ဒါပေမယ့် ဦးဇင်းတို့ ပြောနိုင်တာ တစ်ခုက ဦးဇင်းတို့တွေ ဒီအချိန်မှာ သေဖို့ အသင့်ဖြစ်နေပြီ တဲ့ - ဒီ စကားကို ကျုပ် အတုန်လှုပ်ဆုံးပဲ - ကျုပ် ပြန်စဉ်းစား ကြည့်တယ် - ကျုပ်ရော သေဖို့ အသင့်ဖြစ်ပြီလား ?? ပြန်ခါနီးတော့ ဦးဇင်းက ပဆစ်တုပ်ထိုင်ထားပြီး လက်အုပ်ချီထားတဲ့ ကျုပ်ခေါင်းပေါ်ကို သူ့လက်ဖဝါးနဲ့ အုပ်မိုးပြီး ဆုပေးတယ် - ဆုပေးတယ်ဆိုတာ ကျန်းမာပါစေ - ချမ်းသာပါစေ ဆိုတာမျိုး မဟုတ်ဘူး - ကျုပ်သွားလေရာ လာလေရာမှာ ဘေးကင်းစေဖို့ မေတ္တာဓာတ်နဲ့ အမြဲ စောင့်ရှောက်ပေးနေနိုင်အောင် မြတ်စွာဘုရားရှင်ဆီမှာ တောင်းဆုပြုတာ - အမှန်တကယ်လည်း ခုချိန်ထိ နိုင်ငံရပ်ခြားမှာ ကျုပ် ပြဿနာ တစ်ကြိမ် မတက်ခဲ့ဖူးဘူး - အံ့သြဖို့ ကောင်းတာ တစ်ခုက အဲ့ဒီ့ တစ်ချိန်တည်း ဦးဇင်းပေးခဲ့တဲ့ မေတ္တာဓာတ်ဟာ ဘုရားကို အာရုံပြုဖြစ်တိုင်း  ကျုပ် ခေါင်းပေါ်ကနေ ခန္ဓာကိုယ်ထဲကို ပြန်စီးဝင်လာသလိုပဲ -

    ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာထက် မပိုခဲ့တဲ့ ကျုပ် - ခုတော့ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတရား တစ်ခုရဲ့ နက်ရိှုင်းမှုကို အရင်ကထက် လေးလေးနက်နက် ဂရုပြုလာမိပြီ - ညဘက်ရောက်တိုင်း ပုတီးစိတ် - ပဋ္ဌာန်းရွတ်ဖြစ်တယ် - ဒါပေမယ့် ကျုပ် လုပ်ဖြစ်တယ်ဆိုတာ တကယ်လေးနက်တဲ့ ဘာသာတရား တစ်ခုရဲ့ မြှုမှုန်လေးလောက်ပါ -  ကျုပ် ဒီ့ထက်ပိုပြီး နက်နက်ရိှုင်းရိှုင်း တိုးဝင်ရဦးမယ် - ကျင့်ကြံရဦးမယ် - ဒါ့ကြောင့် ကျုပ် ဘုရားရဲ့ သားတော် တစ်ပါးလည်း ဖြစ်ချင်သေးတယ် -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts