We All Do Stupid Things

Leave a Comment
လူတိုင်း လူတိုင်း အမှားတွေ လုပ်ခဲ့ဖူးကြတယ် - လုပ်နေကြသေးတယ် - လုပ်နေကြလိမ့်ဦးမယ် - မှားယွင်းခဲ့ဖူးတာ အပြစ်တစ်ခု မဟုတ်ပေမယ့် တစ်ခါမှားဖူးတဲ့ အမှားကို နောက်တစ်ခါ ထပ်မမှားမိစေဖို့နဲ့ ကိုယ် ကြုံခဲ့ဖူးတဲ့ အမှားကို တစ်ခြားသူတွေ မကြုံတွေ့ရအောင် မျှဝေပေးဖို့ ဆိုတာကသာ လူ့ဘောင်တစ်ခုရဲ့ အရေးအကြီးဆုံး ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက် တစ်ခုပါ - အခု ကျွန်တော်တို့ လေ့လာနေကြတဲ့ Computer ကဏ္ဍမှာလည်း အသုံးပြုရာမှာ တစ်ခုခု မှားယွင်းလုပ်ဆောင်မိရင် ဘွာတေး ပြောပြီး နောက်ပြန်သွားလို့ မရတဲ့ ကဏ္ဍတွေ အများအပြားရှိပါတယ် - ဘယ်ကမှန်း မသိပေါ်လာတဲ့ dialog box တစ်ခုမှာ ဘာမှန်းညာမှန်း မသိပဲ OK ပေးလိုက်မိတာ - Key combination တွေ မှားနှိပ်မိတာ - နောက် အရေးကြီးတဲ့ settings တွေကို ဂဃနဏ မသိပဲ ပြင်မိရာကနေ System crash ဖြစ်တာ စသဖြင့် မျိုးစုံ ဖြစ်ခဲ့ဖူးကြပါလိမ့်မယ် - ဒါ့ကြောင့် သေးသေးလေး လို့ ထင်ထားပေမယ့် ဂရုမပြုပဲ ထားရင် / ဂရုမပြုပဲ လုပ်ဆောင်မိရင် ကြီးကြီးကျယ်ကျယ် ထိခိုက်စေမယ့် အကြောင်းအရာ တစ်ချို့ကို စုစည်းပြီး ပြုနေမိသော အမှားအယွင်းများ ဆိုတဲ့ ခေါင်းစဉ်တစ်ခု အနေနဲ့ တင်ဆက်လိုက်ပါတယ် - ဒီအကြောင်းအရာဟာ ကွန်ပြူတာနဲ့ ရင်းနှီးပြီးသား သူတွေ အတွက်လည်း အကျိုးရှိနိုင်သလို - စတင်အသုံးပြုစ လေ့လာသူတွေ အတွက်လည်း အတိုင်းအတာ တစ်ခုထိ အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် -
( ၁ ) မြင်သမျှ Plug ပေါက် အကုန်ထိုးပါ


Photo from wired.com

ကွန်ပြူတာ တစ်လုံးမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတော်တော်များများကို နှစ်ခါပြန် မမေးပဲ ပျက်စီးစေတာ အကာအကွယ် မထားရှိပဲ မြင်သမျှ အပေါက်ကို Plug လိုက်ထိုးတဲ့ ပြဿနာပါ - တစ်ချို့က လုံးဝ မစဉ်းစားမိပဲ အမှုမဲ့ အမှတ်မဲ့ ထိုးတယ် - တစ်ချို့က မီးအားဆောင့်မတက်ရင် ဘာမှ မဖြစ်ပါဘူးဆိုပြီး ထိုးတယ် - တစ်ချို့က သိသိကြီးနဲ့ ဘာမှ မဖြစ်လောက် ပါဘူးဆိုပြီး ထိုးတယ် - ဘယ်လို ခံယူချက်နဲ့ပဲ ထိုးထိုး လက်ခံနိုင်မယ့် ပမာဏထက် ကျော်လွန်တဲ့ လျှပ်စီးကြောင်းတစ်ခု System ထဲကို ဝင်သွားရင် တည်ဆောက်ထားတဲ့ Electrical circuit တွေ ကမောက်ကမ ဖြစ်ပြီး ကွန်ပြူတာထဲမှာ ရှိတဲ့ အစိတ်အပိုင်း တစ်ခုမဟုတ်တစ်ခု ( ဒါမှမဟုတ် ) တော်တော်များများ ပျက်စီးနိုင်ပါတယ် - ဒါတင်မကသေးပါဘူး - ပလက်ပေါက် တစ်ခုတည်း မှာပဲ တစ်ခြား voltage အဆွဲများတဲ့ ပစ္စည်းမျိုး ( လေအေးပေးစက် - Hair dryer ) ဆိုတာမျိုးတွေနဲ့ တူတူ တပ်ထားမိရင်လည်း ဗို့အား အတက်အကျ ပိုဖြစ်လွယ်ပြီး အကာအကွယ် မရှိတဲ့ ကိုယ့် ကွန်ပြူတာက အလိုလျောက် ဒုက္ခရောက်တတ်ပါတယ် - ဒါ့ကြောင့် မီးခဏခဏ ပျက်လေ့ ရှိတဲ့နေရာ - မီးအား မမှန်တဲ့ နေရာမျိုးတွေမှာ ကိုယ့် ကွန်ပြူတာကို သုံးမယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာ surge protector ကို အသုံးပြုကြဖို့ပါ - ဒါပေမယ့် surge protector တွေ ဆိုတာ ဈေးပေါရင် ပေါသလို ခဏခဏပျက်လွယ်ပြီး မကြာခဏ အသစ်လဲရတတ်ပါတယ် - ဒါ့ကြောင့် surge protector ထက်ပိုကောင်းတဲ့ Uninterruptible Power Supply ခေါ် ( UPS ) ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ် - ဘာကြောင့်လဲဆို သူ့ထဲမှာပါတဲ့ battery က လျှပ်စီးကြောင်း အပြောင်းအလဲ ဖြစ်သည့်တိုင်အောင် ကိုယ့် ကွန်ပြူတာအတွက် ထိခိုက်မှုမရှိအောင် Current ကို ထိန်းထားပေး နိုင်ပါတယ်။

( ၂ ) အကာအကွယ် မရှိပဲ အင်တာနက်ထဲ ဝင်ပါ



Photo from en.wikipedia.org

ကွန်ပြူတာကို စတင် အသုံးပြုသူ အားလုံးနီးပါးနဲ့ ဖျောက်ဖြေရေး သဘော အသုံးပြုသူ Home users တော်တော် များများဟာ Viruses နဲ့ Hackers လို့ ခေါ်တဲ့ Privacy တိုက်ခိုက်တတ်သူတွေ အကြောင်းကို လုံးဝ စိတ်ကူးထဲ မထည့်ပဲ Network cable ကို စက်မှာ ထိုးပြီး အင်တာနက်ထဲ ဟော့ဟော့ရမ်းရမ်း ဝင်တတ်ကြပါတယ် - Wireless နဲ့ပဲ အင်တာနက်ထဲ ဝင်ဝင် - Wired နဲ့ပဲ ဝင်ဝင် သိထားဖို့ သင့်တာ တစ်ခုက အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ မှန်သမျှဟာ Firewall ခံထားဖို့ သင့်ပါတယ် - Firewall ရဲ့ အကြောင်းကို ကြားဖူးနားဝ ရှိပြီး လုပ်ဆောင်ချက်ကို သဘောမပေါက်သူတွေ အတွက် အတိုချုံး မိတ်ဆက်ပေးရရင် Firewall ဆိုတာ Computer system ရဲ့ အစိတ်အပိုင်းတစ်ခု ( သို့မဟုတ် ) Network အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အမျိုးအမည် မသိတဲ့ အဖွဲ့အစည်း တစ်ခုကနေ ကိုယ်မသိစေပဲ ကိုယ့် ကွန်ပြူတာဆီ ချိတ်ဆက်ဖို့ ရောက်လာတဲ့ အမျိုးအမည်မသိ လှုပ်ရှားမှုတိုင်းကို ကာကွယ်ပေးထားနိုင်တဲ့ အစိတ်အပိုင်းကို ခေါ်ပါတယ် - ဒါ့ကြောင့် ကိုယ့်ကွန်ပြူတာဟာ Firewall ကာမထားဘူးဆိုရင် အမျိုးအမည်မသိတဲ့ နေရာအသီးသီးက ဘာမှန်းမသိနိုင်တဲ့ အဖွဲ့အစည်းတွေ ကနေ ကိုယ့်ကွန်ပြူတာကို ကိုယ်ကိုယ်တိုင် မသိနိုင်ပဲ နောက်ကွယ်ကနေ ထိန်းချုပ် စေခိုင်းသွားနိုင်ပါတယ် - Firewall အမျိုးအစား အမျိုးမျိုးရှိပြီး သူတို့ကို အမျိုးအစား ခွဲခြားမယ်ဆိုရင် Broadband modem သို့မဟုတ် Router ထဲမှာ ထည့်သွင်းပါဝင်တဲ့ Firewall - Modem/router နဲ့ ကွန်ပြူတာ ကြားမှာ ခွဲခြားထားတဲ့ Firewall - Windows XP မှာ built in ပါတဲ့ ICF/Windows Firewall - နောက်  Kerio - ZoneAlarm စတဲ့ တစ်ကိုယ်ရေ တစ်ကာယသုံး - Server သုံး third-party firewall program ဆိုပြီး အမျိုးအစား အမျိုးမျိုး ကွဲပါသေးတယ် - အားလုံးရဲ့ ကြားထဲမှာ အခြေခံအားဖြင့် မဖြစ်မနေ သုံးသင့်တဲ့ Firewall ကတော့ Windows ထဲမှာ Built-in ပါဝင်တဲ့ Windows Firewall ပါ - တကယ်တော့ သူတစ်ခုတည်း ရှိနေယုံနဲ့ မလုံလောက်ပါဘူး - Security ပိုင်းဆိုင်ရာ အရေးကြီးသူတွေ - Privacy ကို အလေးထားသူတွေ အတွက် ဖြစ်သင့်တာ သူ့တစ်ခုတည်းတင် အဟုတ်ပဲ တစ်ခြား third-party firewall program တစ်ခုခုကိုပါ ပူးတွဲ အသုံးပြုသင့်ပါတယ်။

( ၃ ) Antivirus နှင့်  Anti-spyware programs များအား မ Run ပါနှင့် - Update မပေးပါနှင့်


Photo from galaktikaa-mak.blogspot.com

Virus အကြောင်းနဲ့ ပတ်သတ်ပြီး Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ဖော်ပြခဲ့ဖူးသလို မိသားစုဝင်များလည်း သီးခြားစီ ဆွေးနွေးထားကြတဲ့ အကြောင်းအရာ တော်တော်များများ ဖိုရမ်မှာ ရှိနေပါတယ် - Antivirus ဆိုတာ တကယ်တော့ စွဲသောက်လည်း မပျောက်တဲ့ ရောဂါတစ်မျိုးပါ - သောက်ပြန်တော့လည်း အဆင်မပြေ - မသောက်ပြန်တော့လည်း  ပိုဆိုး - ဥပမာ ပြောရရင် Antivirus တွေက တစ်ခါတစ်လေ အူတိအူကြောင်နဲ့ ကိုယ်သုံးနေကျ applications တွေကို Block ပစ်တတ်တယ် - အထူးသဖြင့် IDM သမားတွေ Kaspersky သုံးရင် ဖြစ်ဖူးကြမှာပါ - တစ်ခါတစ်လေ Software အသစ်တစ်ခု install လုပ်ဖို့  Antivirus ကို Disable ပေးထားမှ ရတယ် -

ဟိုးအရင်တစ်ချိန်က Virus ဆိုတာက Windows မှာ ဒီလောက်ကြီးထိ ခေတ်မစားသေးပါဘူး - စိတ်ထဲအခန့်မသင့်ရင် ဖြုတ်ထားထား - Disable လုပ်ထားထား တော်ယုံ ဘာမှ မဖြစ်ဘူး - ခုခေတ် အခြေအနေမှာတော့ Virus protection ဆိုတာ မရှိပဲ ဘယ်မှသွားဖို့ မလွယ်တော့ သလို - ဘာမှ စိတ်ချလက်ချ လုပ်ဖို့လည်း အဆင်မပြေတော့ဘူး - Antivirus မရှိရင် Malicious programs လို့လည်း ခေါ်တဲ့ viruses, Trojans, worms, ဆိုတာတွေက ကိုယ့်ကွန်ပြူတာ တစ်ခုတည်းတင်မက ကိုယ့် System ကနေ Network ပေါ်ပါတက်ပြီး သူများ ကွန်ပြူတာတွေကိုပါ ဒုက္ခပေးနိုင်လာပြီ - အခြေအနေ မကောင်းရင် Network တစ်ခုလုံးပါ Down သွားနိုင်တဲ့ အထိ အဖျက်စွမ်းအားကလည်း ကြီးလာပြီ - သူတို့နောက်မှာ ထပ်ပြီး ခေတ်စားလာတာ Spyware - သူက အားလုံး သိထားတဲ့ အတိုင်း ကိုယ့်ကွန်ပြူတာထဲ ကိုယ်မသိအောင် ဝင်နေပြီး ကိုယ့် System ထဲက သတင်းအချက်အလက်တွေ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို အခြားလူတစ်ယောက်ဆီ ( spyware program ပိုင်ရှင် ) ပြန်ပို့တယ် - ဘယ်လောက်ထိ ဆိုးလဲ ဆိုရင် Antivirus programs တွေတောင် နောက်ဆုံးထွက် Spyware တွေကို အမိမဖမ်းပေးနိုင်သေးဘူး - ဒါ့ကြောင့် ကွန်ပြူတာ တစ်လုံး ကိုယ့်လက်ထဲမှာ ရှိနေရင် ခုခေတ်မှာ Antivirus နဲ့ Anti-spware programs တွေကို စက်မှာ install လုပ်ထားဖို့ - ပုံမှန် Run ပေးဖို့နဲ့ Disable မပေးပဲ ပုံမှန် Update လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

( ၄ ) Programs အများအပြား မကြာခဏ Install - Uninstall လုပ်ပါ - အထူးသဖြင့် Betas များ အသုံးပြုပါ


Photo from crystalxp.net

ကွန်ပြူတာ စတင်အသုံးပြုသူ တစ်ချို့နဲ့ လက်တည့်စမ်းလိုသူ အတော်များများဟာ Programs အသစ်တွေ့ရင် မနေနိုင်ပဲ ကိုယ်တိုင် စမ်းသုံးကြည့်လိုကြပါတယ် - သာမန် အားဖြင့် အသုံးပြုရင်း ကိုယ်မနှစ်သက်တဲ့ Programs အနည်းအကျဉ်းကို Uninstall လုပ်ဆောင်တာ အကြောင်းမဟုတ်ပေမယ့် Programs အတော်များများကို ဖြုတ်လိုက် တင်လိုက် လုပ်တာမျိုးက System ရဲ့ ပုံမှန် စွမ်းဆောင်ရည်ကို ထိခိုက်စေသလို - OS ရဲ့ စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာတွေကိုလည်း အနှောင့်အယှက် ဖြစ်ပေါ်စေပါတယ် - အဲလိုမျိုး Programs အတော်များများကို ဖြုတ်လိုက် တင်လိုက် လုပ်တဲ့ အထဲမှာ အထူးသဖြင့် အဓိက သတိထားသင့်တာ Beta programs လို့ခေါ်တဲ့ စမ်းသပ်ပြင်ဆင်ဆဲကာလ Errors ရှိပြီး အတည်မပြုရသေးတဲ့ Programs တွေပါ - Beta programs တွေ ဖြစ်ပေါ်တိုးတက်ပုံ အဆင့်ဆင့်ကို ဒီနေရာမှာ ရှင်းလင်းထားပါတယ် -


Beta programs တွေရဲ့ အားသာချက်ဟာ အမြဲလည်း Free ပေးသလို New features တွေလည်း ထည့်သွင်းပါဝင်တာမို့လို့ Users တိုင်းက  Beta ရဲ့ သဘောတရားကို တိတိကျကျမသိပဲ မက်မော စမ်းသပ်ချင်ကြပါတယ် - ဖော်ပြခဲ့ပြီးသလို Beta programs တွေဟာ Errors နဲ့ မလွတ်ကင်းသေးတဲ့ Applications အမျိုးအစားတွေမို့လို့ သာမန်အသုံးပြုမယ် ဆိုရင်တောင် ချွင်းချက်နဲ့ သတိထားပြီး အသုံးပြုရမယ့် အနေအထားမှာ ခဏခဏ တင်လိုက်ဖြုတ်လိုက် လုပ်မယ်ဆိုရင် ပုံမှန် Software တစ်ခုကို Install/Uninstall လုပ်တာထက် နှစ်ဆပိုပြီး အန္တရာယ်ရှိပါတယ် - နောက်တစ်ခု သိထားသင့်သေးတာ Pirated software တွေ အကြောင်းပါ - ကျွန်တော်တို့ ဖိုရမ်မှာတင်မက နိုင်ငံခြားဖိုရမ်တော်တော်များများမှာပါ တစ်နေ့နဲ့ တစ်နေ့ အလကားတင်ပေးနေကြတဲ့ Software တွေဆိုတာ Pirated software အမျိုးအစားတွေပါ - ဒီ Software တွေဟာ တရားဝင် မဟုတ်သလို Copy righted တင်းကျပ်ထားတဲ့ နိုင်ငံတွေမှာ သုံးစွဲသူ - မျှဝေသူ - ရောင်းချသူ အားလုံး အဖမ်းခံရနိုင်ပါတယ် - ဒါတင်မက Pirated software တွေဟာ တရားဝင်မဟုတ်တဲ့ အတွက်ကြောင့် သူ့ထဲမှာ  မသမာသူ Programmers တစ်ယောက် ယောက်/အဖွဲ့အစည်းတစ်ခုခုက ကိုယ့်ကွန်ပြူတာထဲက သတင်း အချက်အလက်တွေကို ခိုးယူဖို့ ( သို့မဟုတ် ) ကိုယ့်ကွန်ပြူတာ ရဲ့ System ပိုင်းဆိုင်ရာကို အန္တရာယ်ပြုဖို့ ထည့်သွင်း ရေးသားထားတဲ့ Programs တွေလည်း ပါကောင်းပါဝင်နေနိုင်ပါတယ် - Pirated software တိုင်းဟာ အန္တရာယ်ရှိတာမျိုး မဟုတ်ပေမယ့် အမှုမှတ် အမှတ်မဲ့ သတိမမူပဲ အသုံးပြုမိရင် ကိုယ့် System ကို Crash ဖြစ်စေယုံသာ မက - ကိုယ်အလေးထားတဲ့ Privacy လည်း ကျိုးပေါက်နိုင်ပါတယ် -

တကယ်လို့ ကိုယ်က Licensed လုပ်ပြီးသား Software တွေ - နောက်ဆုံးထွက် commercial software တွေ - စိတ်ချရတဲ့ Freeware တွေပဲ သုံးတယ် ဆိုရင်တောင် ခဏခဏ Install/Uninstall လုပ်ဆောင်တာဟာ Windows ရဲ့ Registry ပိုင်းကို ကမောက်ကမ ဖြစ်စေတဲ့ အတွက် သတိထားသင့်ပါတယ် - သိထားသင့်တဲ့ နောက်တစ်ခုက Uninstall လုပ်ဆောင်တယ်ဆိုတာ သဘောတရား ရေးရာ အရသာ စက်ထဲကနေ ဖြုတ်ထုတ်ပစ်တယ်လို့ ယူဆရပေမယ့် ပုံမှန်အားဖြင့် ကိုယ်ဖြုတ်ထုတ်လိုက်တဲ့ Programs တစ်ခုဟာ စက်ထဲကနေ လုံးဝ အကုန်အစင် ပျက်သွားတာမျိုး မဟုတ်ပဲ စက်ထဲမှာ ဖျက်ထုတ်ပစ်လို့ မရတဲ့ အစိတ်အပိုင်းတစ်ချို့ ကျန်နေခဲ့ပြီး အဲ့ဒီ့ အစိတ်အပိုင်းတွေက System ရဲ့ စွမ်းဆောင်ရည်ကို နှေးကွေးလေးလံစေတယ် ဆိုတာပါ - ဒါ့ကြောင့် ကိုယ့်စက်ထဲမှာ အသုံးပြုနေတဲ့ Programs တွေနဲ့ ပတ်သတ်ပြီး ခဏခဏ အတင်အချ မလုပ်သင့်သလို - အနှစ်သက်ဆုံး Programs တွေ ကိုပဲ အဓိကထား ရွေးချယ် အသုံးပြုဖို့ အကြံပြုချင်ပါတယ် -

( ၅ ) ပြည့်အောင်ထားပါ - လျှံအောင်သုံးပါ - ဘယ်တော့မှ မပြင်ဆင်ပါနှင့်





Photo from greenbiz.com


Programs တွေကို ခဏခဏ install - uninstall လုပ်တာဟာ အန္တရာယ်ရှိကြောင်း အပေါ်မှာ ဆွေးနွေးခဲ့ပြီးပါပြီ - သူနဲ့ ဆက်စပ်ပြီး နောက်တစ်ခု သိထားသင့်တာက Programs တွေကို ခဏခဏ install - uninstall လုပ်ဆောင်တာဟာ Hard Disk ကို fragments ဖြစ်စေတယ်ဆိုတာပါ - Computer storage နဲ့ သက်ဆိုင်ပြီး ပေါ်ပေါက်လာတဲ့ Fragmentation ဆိုတာ Hard Disk တစ်ခုမှာ ရှိနေတဲ့ storage space က အကျိုးမရှိပဲ အသုံးချခံနေရတဲ့ ဖြစ်စဉ်ကို ဆိုလိုပါတယ် - ဆိုလိုတာ Hard disk တစ်ခုဟာ Fragmentation ဖြစ်နေပြီဆိုရင် မူရင်းဝင်ဆံ့ပါတယ်လို့ သိထားတဲ့ storage capacity ကို အပြည့်အဝ အသုံးချလို့မရတော့ဘူး - နောက်ပြီး Hard disk နဲ့ ပတ်သတ်နေတဲ့ System ရဲ့ Performance တွေလည်း ကျဆင်းသွားမယ် စတဲ့ ဖြစ်စဉ်မျိုးတွေ ပေါ်ပေါက်လာပါတယ် - အလွယ်ဆုံး အတိုချုံးရရင် ကိုယ့် space ကို ကိုယ်ပြန်ဖြုန်းတီးနေတဲ့ သဘောမျိုးပါပဲ -  Disk fragmentation က ဘယ်လို အခြေအနေမှာ ဖြစ်သလဲဆိုရင် Data တစ်ခုခုကို Disk ပေါ် သိမ်းတဲ့ အချိန်မှာ စဖြစ်ပါတယ် - ဆိုကြပါစို့ file တစ်ခုခုကို ကျွန်တော်တို့တွေ ဘာမှမရှိသေးတဲ့ Disk တစ်ခုပေါ် စသိမ်းလိုက်တဲ့ အချိန်မှာ  Operating system ကနေ တစ်ခုနဲ့ တစ်ခု ထိစပ်နေတဲ့ Clusters တွေ အဖြစ်နဲ့ စပြီး သိမ်းဆည်းလိုက်ပါတယ် - တကယ်လို့ ကျွန်တော်တို့က အဲ့လို သိမ်းထားတာတွေ ထဲက Clusters ( ၅ ) ခုစာရှိတဲ့ file တစ်ခုကို ဖျက်လိုက်ပြီး နောက်ထပ်  Clusters ( ၈ ) ခုစာရှိတဲ့ file တစ်ခု ကို ပြောင်းထည့်မယ်ဆိုရင် ဖျက်ထုတ်လိုက်လို့ လွတ်သွားတဲ့ Clusters ( ၅ ) ခုစာနေရာမှာ နောက်အသစ်ထပ်ထည့်မယ့် Clusters ( ၈ ) ခုစာရှိတဲ့ file ရဲ့ Clusters ( ၅ ) ခုက အစားဝင်ပြီး နောက်ကျန်တဲ့ ( ၃ ) ခုက တစ်ခြားလွတ်တဲ့ နေရာတစ်ခုမှာ နေရာယူပါလိမ့်မယ် - ခုလို file တစ်ခုတည်းက ဖြစ်ပြီး တစ်ခုတစ်စည်းထဲ ရှိနေရမယ့် Data တွေက တစ်ခုတစ်စည်းထဲ မဖြစ်ပဲ လွတ်တဲ့နေရာ အစားဝင်ယူရာကနေ Fragmentation ဆိုတာ ဖြစ်ပေါ်လာပါတယ် - အဲလို Fragmentation ဖြစ်တာတွေ များလာရင် ဖိုင်တစ်ခုခုကို ခေါ်ယူတဲ့ အခါ ကိုယ့် Hard Disk က တစ်နေရာစီ ပြန့်ကျဲနေတဲ့ အဲ့ဒီ့ file ရဲ့ အစိတ်အပိုင်းတွေကို ကြက်အစာကောက်ကို လိုက်ကောက်နေရလို့ file တစ်ခုခု ဖွင့်လိုက်ရင် အကြာကြီး စောင့်နေရတာမျိုးတွေ - hang သွားတာမျိုး တွေ ဖြစ်လာမယ် - Program တစ်ခုခု ဖွင့်ရင်လည်း အထနှေးပြီး အကြာကြီး စောင့်နေရတာမျိုးတွေ ရှိလာမယ် - စသဖြင့် ဖြစ်လာတတ်ပါတယ် -


ဒါကို ကာကွယ်ဖို့ အတွက် Windows မှာ built-in ပါတဲ့ (Programs | Accessories | System Tools) Disk defragmenter  ဆိုတာ ရှိသလို တစ်ခြား third-party defrag program ဆိုတာတွေလည်း အများအပြားရှိပါတယ် - Disk defragmenter တွေရဲ့ လုပ်ဆောင်ချက်ကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း တစ်နေရာစီ တောင်ရောက် မြောက်ရောက်ဖြစ်နေတဲ့ Clusters တွေကို အစီအစဉ်တကျ ဖြစ်အောင် ပြန်လည် စီစစ်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တာပါ - ဒါကို ကျွန်တော်တို့က Defragmentation လုပ်တယ်လို့ ခေါ်ကြပါတယ် -



နောက်တစ်ခု ရှိသေးတာ ကွန်ပြူတာရဲ့ Performance ပိုင်းဆိုင်ရာကို ပြဿနာနဲ့ Applications Error တွေ ဖြစ်ပေါ်စေတာ Programs တွေကို ခဏခဏ install - uninstall လုပ်တာ တစ်ခုတည်းကြောင့်တင် မဟုတ်ပဲ - Disk ကို ပြည့်လုနီးပါး ဖြစ်အောင် အသုံးပြုထားတာကြောင့်လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါ - ဘာကြောင့်လဲဆို programs တော်တော်များများ လည်ပတ်လုပ်ဆောင်ဖို့ အတွက်ဆိုရင် temporary files ဆိုတာတွေ ဖန်တီးရပြီး - သူတို့ ဖန်တီးနိုင်ဖို့ အတွက်ဆိုတာကလည်း လုံလောက်တဲ့ နေရာတစ်ခု ရှိနေဖို့လိုပါတယ် - ဒါ့ကြောင့် Hard Disk တစ်ခုကို နေရာလွတ်ရှိသေးတာပဲ ဆိုပြီး အတင်းကာရော ထိုးသိပ်ထည့်တာမျိုးကနေ ရှောင်ကျဉ်သင့်ပါတယ် - Temporary files တွေ ဖျက်ဖို့အတွက် Windows မှာပါတဲ့ Disk Cleanup Tool ဆိုတာ ရှိသလို တစ်ခြား CCleaner လိုမျိုး third-party program တွေလည်း အများအပြားရှိပါတယ် -

ဆက်လက်ဖော်ပြပါမည် -

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts