List of common misconceptions

၁၀ စုနှစ် တစ်နှစ်ကို ကျော်ဖြတ်ပြီးခဲ့တဲ့ Wikipedia ဟာ ခု ၂၀၁၀ ကုန်ပိုင်းက Wikipedia ကို ဝင်လိုက်ရင် ခေါင်းစီးမှာတွေ့တွေ့နေခဲ့ရတဲ့ Wikipedia Founder - Jimmy Wales ရဲ့ မေတ္တာရပ်ခံချက်ကနေ အမေရိကန် ဒေါ်လာ $16 million ထိ အလှူငွေအဖြစ် လက်ခံ ရရှိခဲ့ပါတယ် - ဒီ သတင်းကို ကြားရတော့ ဝမ်းလည်းသာမိသလို ကျေလည်းကျေနပ်မိတယ် - ရယူလိုစိတ် အလျင်းမရှိပဲ ပေးဆပ်ချင်တဲ့ မေတ္တာတရားဆိုတာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူမျိုးခြား - ဘာသာခြား - ပညာမဲ့ - ပညာရှိ - ဥစ္စာရှိ - ဥစ္စာမဲ့ လူတန်းစား အားလုံးရဲ့ အတွင်းစိတ်ကို အောင်နိုင်စေတဲ့ တစ်ခုတည်းသော လက်နက်ပဲဆိုတာ ကျွန်တော် အကျွင်းမဲ့ ယုံကြည်မိပါတယ် -

Wikipedia အကြောင်းပြောရင် ကုန်နိုင်မယ် မထင်ဘူး - ခုလည်း သိခဲ့တာလေး တစ်ခု ပြောစရာ ရှိလာလို့ တစ်ခြား ရေးလက်စ အကြောင်းအရာတွေ မပြီးသေးခင် ဒီအကြောင်းကို ရေးဖြစ်ခဲ့ပါတယ် - Wikipedia မှာ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်တွေကို ခေါင်းစဉ်ခွဲတွေ အဖြစ် သီးခြားဆက်စပ် ဖော်ပြထားတာတွေ ရှိသလို - ကဏ္ဍတစ်ခုချင်းဆီ အလိုက် အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းချက်တွေ - နိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြချက်တွေ ရှိနေတယ် ဆိုတာ Wikipedia လေ့လာသူတိုင်း သတိထားမိကြမှာပါ -

ခုလည်း အားလုံးထဲကမှ ကျွန်တော် အကြိုက်ဆုံး စာမျက်နှာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ် -အဲတာကတော့ နေ့စဉ်ကမ္ဘာမှာ ကျွန်တော်တို့ ဖြတ်သန်းရင်း ကြုံတွေ့သိရှိခဲ့ပြီး ခုချိန်ထိ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ မရေရာသေးတဲ့ ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲ ဆိုတာ အကြောင်းအရာတစ်ခု ချင်းစီအလိုက် ရှင်းလင်း ဖွင့်ဆို ပြသထားတဲ့ - မှားယွင်းနေသော ယုံကြည်မှုများ အကြောင်းဆိုတဲ့ စာမျက်နှာ ဖြစ်ပါတယ် - သူကတော့ အင်္ဂလိပ်လို List of common misconceptions လို့ ရေးပါတယ် - ကျွန်တော်ကတော့ အပြည့်ဘာသာ မပြန်ပဲ မြန်မာစာကို မြန်မာလို နားလည်အောင် ရေးပါတယ်

မှားယွင်းနေသော ယုံကြည်မှုများ 

ခု ကျွန်တော်ဖော်ပြမယ့် မှားယွင်းနေသော ယုံကြည်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အကြောင်းအရာတွေဟာ တစ်ချိန်က ကျွန်တော်တို့ လေ့လာခဲ့ - ကြားသိခဲ့တဲ့ စာအုပ် စာပေတွေထဲက ကျွန်တော်တို့ မှားမှန်းမသိ လက်ခံနေခဲ့တဲ့ Ideas တွေကို ဘယ်ဟာမှားတယ် - ဘယ်ဟာမှန်တယ် ဆိုတာ မြင်သာအောင် ဖွင့်ဆို ရှင်းပြထားတဲ့ စာမျက်နှာဖြစ်ပြီး ကျွန်တော်ခုဖော်ပြသွားမှာ အဲ့ဒီ့ ဖော်ပြချက်တွေထဲက ကောက်နှုတ်ချက် တစ်ချို့ ဖြစ်ပါတယ် -

ကောက်နှုတ်ချက် ( ၁ ) - ပထမဆုံး ကောက်နှုတ်ချက်ကတော့ နပိုလီယံ အကြောင်းပါ - Napoleon Bonaparte ( နပိုလီယံ ဘိုနာပတ် ) က အရပ် မပုပါဘူး - ၁၈၂၁ ခုနှစ်က သူသေတော့ သူ့အရပ်ကို ပြင်သစ်စံညွှန်း အတိုင်းအတာ နဲ့ တိုင်းတာရာမှာ သူ့ အရပ်က ( ၅ ) ပေ ( ၂ ) လက်မ ရှိတယ် ဆိုပေမယ့် International စံညွှန်း နဲ့ ပြန်နိှုင်းယှဉ်ကြည့်ရင် ( ၅ ) ပေနဲ့ ( ၆.၅ ) လက်မ ( 1.686 metres ) ရှိပါတယ် - ဒီအရပ်ဟာ ပုတယ်လို့ ပြောလို့ မရပါဘူး -


ကောက်နှုတ်ချက် ( ၂ ) - ဒုတိယ ကောက်နှုတ်ချက်ကတော့ ရာသီဥတု ပြောင်းလဲရခြင်း အကြောင်းပါ - ရာသီဥတုတွေ ပေါ်ပေါက်လာရခြင်းဟာ ကမ္ဘာက နွေဥတုမှာ ဆောင်းဥတုထက်ပိုပြီး နေနဲ့ပိုနီးသွားလို့ပါ ဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး - တကယ်တော့ ကမ္ဘာ့မြောက်ခြမ်းမှာ နွေရာသီကျရောက်နေတဲ့ အချိန်မှာတောင် ကမ္ဘာက နေနဲ့ ဝေးနေတဲ့ အနေအထားမှာ ရှိနေပါတယ် - ရာသီဥတုတွေ ပေါ်ပေါက်လာရတဲ့ အထိက အကြောင်းအရင်းဟာ ကမ္ဘာက 23.5 degrees စောင်းနေတဲ့ ဝင်ရိုးပေါ်မှာ လည်ပတ်နေတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ - နေပတ်လမ်းကြောင်းကို လိုက်ပြီး ကမ္ဘာ နေရာ အသီးသီးကလည်း နေရောင် တိုက်ရိုက်ရရှိမှု ကွာခြားသွားကြပါတယ် -

ကောက်နှုတ်ချက် ( ၃ ) - တတိယ ကောက်နှုတ်ချက်ကတော့ အမွှေးအမျှင် ရိတ်တာနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆမှားတစ်ခု အကြောင်းပါ - အမွှေးအမျှင်တွေကို ရိတ်ရင် ပြန်ပေါက်တဲ့ အခါ ပိုပြီး နက်လာမယ် - သန်လာမယ် - ကြမ်းလာမယ် ဆိုတာ မဟုတ်ပါဘူး - ဒီလိုယုံကြည်ချက် ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အမွှေးအမျှင်တွေ ရိတ်တဲ့အခါ သေသေချာချာ ပြောင်စင်အောင် အစွန်းအစပါ မကျန် မရိတ်ခဲ့မိလို့ ဖြစ်ပါတယ် - ဒါ့ကြောင့် ပြန်ပေါက်လာတဲ့ အခါ အရင် ရိတ်တုန်းက ကျန်ခဲ့ပြီး မညီမညာ ထွက်လာတဲ့ ထိပ်ဆုံးအနားစက ပိုကြီး - ပိုထူ- ပိုကြမ်းသလို ထင်နေကြရတာပါ -

ကောက်နှုတ်ချက် ( ၄ ) - စတုတ္ထ ကောက်နှုတ်ချက်ကတော့ Gyroscopic forces နဲ့ ပတ်သတ်တဲ့ အယူအဆပါ - စက်ဘီးစီးတဲ့ အခါ စက်ဘီး တစ်စီးကို ငြိမ်အောင်ထိန်းဖို့ အတွက် Gyroscopic forces ဆိုတာ မလိုအပ်ပါဘူး - စက်ဘီး တစ်စီးရဲ့ stability ဖြစ်မှု မဖြစ်မှုကို အဆုံးအဖြတ်ပေးတာ - Inertia, Steering geometry နဲ့ စက်ဘီးစီးသူရဲ့ Steering အပေါ် ကျွမ်းကျင်စွာ ထိန်းသိမ်းတတ်မှု အပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ပါတယ် -


ကောက်နှုတ်ချက် ( ၅ ) - ပဥ္စမမြောက် ကောက်နှုတ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းနဲ့ ပတ်သတ်တဲ့ အချက်တစ်ခုပါ - တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းက လပေါ်က ကြည့်မယ်ဆိုရင် လူသားတွေဖန်တီးပြုလုပ်ချက်တွေထဲက တစ်ခုတည်းသော မြင်ရတဲ့ အရာဆိုတဲ့ အချက်ဟာ မှားယွင်းပါတယ် - Apollo နဲ့ အတူ လကမ္ဘာပေါ်ကို လိုက်ပါ ပျံသန်းသွားကြတဲ့ ဘယ် အာကာသယာဉ်မှုးမှ လပေါ်ကနေပြီး ကမ္ဘာကိုကြည့်တဲ့ အချိန် လူသားတွေ လုပ်ထားတဲ့ အရာ တွေ့မိတယ်ဆိုတာမျိုး မရှိခဲ့ဖူးသလို - ကမ္ဘာပတ်ပျံသန်းရုံလောက် ပျံသန်းလိုက်ပါကြတဲ့ အာကာသယာဉ်မှုးတွေတောင် မဟာတံတိုင်းကို တွေ့တယ်ဆိုယုံလောက်လေးပဲ ရှိခဲ့ကြပါတယ် -


ကောက်နှုတ်ချက် ( ၆ ) - ဆဌမမြောက် ကောက်နှုတ်ချက်ကတော့ Aerodynamic နဲ့ပိုပြီး သက်ဆိုင်ပါတယ် - ဒီအကြောင်းကို ကျွန်တော် 4th year - Fluid Mechanics မှာတုန်းက သင်ခဲ့ရဖူးတယ် - အကြောင်းက လေယာဉ်တောင်ပံရဲ့ အထက်နဲ့ အောက်ကို ဖြတ်ပြီး သွားတဲ့ Upper Streamline နဲ့ Lower Streamline က Airflow နှစ်ခုရဲ့ time travel ဟာ တူညီတယ် ဆိုတဲ့ သဘောတရားဟာ မမှန်ပါဘူး - Textbooks တော်တော်များများနဲ့ Non-technical reference books တော်တော်များများက အောက်ဖော်ပြချက် အတိုင်း သဘောတရားကို လွဲမှားပြီး ဖော်ပြနေတာ ရှိပါတယ် -


အမှန်က လေယာဉ်တောင်ပံရဲ့ အပေါ်ဘက် မျက်နှာပြင်မှာ ဖြတ်စီးတဲ့ Airflow ဟာ တောင်ပံအောက်က Airflow ထက် အမြဲ ပိုပြီး မြန်ပါတယ် - ပုံသဏ္ဍန် အမှန်က အောက်ဖော်ပြပါ အတိုင်းပါ -


ကောက်နှုတ်ချက် ( ရ ) - သတ္တမမြောက် ကောက်နှုတ်ချက် ကတော့ ကြွက်နို့နဲ့ ပတ်သတ်တဲ့ အယူအဆပါ - လူ့ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ဆိုတာ ဖားတို့ တစ်ခြား တိရစ္ဆာန် တစ်ကောင်ကောင် ဆီကနေ ကူးစက်လာတာ မဟုတ်ပါဘူး - ကြွက်နို့ ဖြစ်ရခြင်းဟာ human papillomavirus လို့ ခေါ်တဲ့ papillomavirus အမျိုးအနွယ်ဝင် virus တစ်မျိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ် -

ဒီအကြောင်းအရာလေးတွေက ကျွန်တော် ဖတ်မိတာတွေထဲကနေ ထုတ်နှုတ်ပြီး ဝေမျှ ပေးတာပါ - တစ်ခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း List of common misconceptions အောက်မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ် -

Photos from Wikipediarangs.co.ukshinysquirrel.typepad.com

KznT.

Health is Wealth

အောင်မြင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ဆိုတာ ကိုယ်လုပ်ဆောင်စရာရှိတဲ့ လုပ်ငန်းဆောင်တာ မှန်သမျှကို အားသွန်ခွန်စိုက် မနားမနေ ကြိုးပမ်း လုပ်ဆောင်နေယုံ တစ်ခုတည်းနဲ့ မပြီးမြောက်ပါဘူး - အဲလို စိတ်သွားတိုင်း ကိုယ်ပါ လုပ်ငန်းတိုင်းကို ခဏချင်း ပြီးမြောက်နိုင်ဖို့ဆိုတာ နေ့စဉ်နဲ့ အမျှ လှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ပြည့်ဝတဲ့ ကြံ့ခိုင်မှု ရှိနေဖို့လိုပါတယ် - မြန်မာ အမျိုးသား လူငယ်ထု နဲ့ အမျိုးသမီးလူငယ်ထု အများစုဟာ ကိုယ့်နိုင်ငံတွင်းမှာ နေရင်သာ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလြှပီ ထင်တာ - တကယ်တမ်းနိုင်ငံတကာ နယ်ပယ်ကို ဝင်လာတဲ့ အခါမှာ အရပ်အားဖြင့် - ကိုယ်လုံးကိုယ်ထည်အားဖြင့် တစ်ခြားနိုင်ငံသားတွေနဲ့ လုံးဝ မယှဉ်သာနိုင် လောက်အောင် သေးကွေးကြပါတယ်
ကျွန်တော်လည်း မြန်မာမှာရှိခဲ့စဉ်က ဘတ်စ်ကားပေါ်တက်လိုက်ရင် အမိုးနဲ့ ထိလွန်းလို့ ခေါင်းငုံပြီး နေနေရတာကို ငါ့အရပ်မြင့်လှချည်ရဲ့လို့ ကျိတ်ပျော်နေခဲ့တာ ( တကယ်တမ်း ဘတ်စ်ကားအမိုးက ဘယ်လောက်မှမှ မမြင့်တာ  ) - တကယ်တမ်း သူများနိုင်ငံရောက်မှ ကိုယ့်အရပ်က အဖြစ်စလောက်ဆိုတာ သတိထားမိတယ် - ဘာလို့လည်း ဆိုတော့ မြန်မာအမျိုးသား လူငယ်ထုနဲ့ အမျိုးသမီးထု တစ်ရပ်လုံး နီးပါးက အားကစားမလိုက်စားကြဘူး - မလိုက်စားကြတာ ကလည်း အပြစ်တော့ မဟုတ်ဘူး - မိရိုးဖလာကိုက မလိုက်စားတာ - ကျွန်တော့်အဖေ မနက်မိုးလင်းလို့ လေ့ကျင့်ခန်းဆင်း ကိုယ်လက်အကြောလျော့ လုပ်တယ်ဆိုတာ တစ်သက်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးသလို - ကျွန်တော့်အမေလည်း ဝိတ်ချမယ် ဘော်ဒီထိန်းမယ်ဆိုပြီး ရွရွလေး ပြေးတာမျိုးလောက် လုပ်တာကို တစ်ခါမှ မမြင်မိဖူးဘူး - 



အဲလိုနဲ့ ဘာအားကစားမှ မလုပ် - ရုန်းကန်နေရလို့သာ ကိုယ့်ခန္ဓာကိုယ်က သိသိသာသာကြီး ပုံမပျက်သေးတာ အရွယ်ရလာတာနဲ့ အမျှ အိမ်ထောင်တွေကျ ကလေးတွေရနဲ့ မလှုပ်ရှားနိုင်တဲ့ အရွယ်လည်း ရောက်ရော တဖြည်းဖြည်း ပုံပျက်လာကြရော - အထူးသဖြင့် မြန်မာမိန်းကလေးများ ပိုပြီး ခံယူချက် မှားယွင်းနေကြတာ တွေ့မိပါတယ် - အိမ်ထောင်ကျသွားရင် အိမ်ထောင့်တာဝန် ယောကျာင်္းတာဝန် ကလေးတာဝန်နဲ့ တာဝန်များရင် များသလို ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ဂရုမစိုက်ပဲ လျော့တိလျော့ရဲ နေလာကြတာ သတိထားမိတယ် - ဘယ်လောက်ဝဝ - ဝချင်သလောက် ဝပါစေ - ဘယ်သူမှလည်း ငါ့လာကြိုက်တော့မှာ မဟုတ်ဘူး - ငါ့ယောကျာင်္းနဲ့ ငါ ဆိုပြီးများ ခံယူထားကြသလား မသိ - ကျွန်တော် သူများနိုင်ငံမှာ ကလေးသုံးလေးယောက် လောက် မွေးထားပြီးတဲ့ထိ အပျိုတစ်ယောက် လို ခန္ဓာကိုယ် အလှမပျက်တဲ့ အမျိုးသမီးတွေ တွေ့ဖူးတယ် - မြန်မာမိန်းကလေးတွေ ကတော့ ကလေး ( ၁ ) ယောက်လောက် မွေးပြီးရင်ကို အသိအမှတ်ပြုလောက်အောင် ပုံပျက်သွားပြီ - ဒါကို ဘယ်မြန်မာ အမျိုးသမီးမှလည်း အလေးသိပ်ထားတာ မတွေ့ရသလို - ဘယ်အိမ်ထောင်ရှင် မြန်မာအမျိုးသား ကမှ ကိုယ့်အမျိုးသမီး ကို ကျန်းမာရေး လိုက်စားဖို့ တိုက်တွန်းရကောင်းမှန်း သတိမရကြဘူး - ( သူတို့ကိုယ်တိုင်လည်း မလိုက်စားကြတာ ပါတယ်  ) - နိုင်ငံတစ်ခုရဲ့ မျိုးဆက်ဆိုတာ သိပ်အရေးကြီး သလို - ကိုယ့်ကျန်းမာရေးနဲ့ ခန္ဓာကိုယ် တည်ဆောက်မှု ဆိုတာကလည်း ကိုယ့် အနာဂတ်အတွက် သိပ်ကို အရေးကြီးပါတယ် - 


လူတိုင်း လူတိုင်းက နေ့စဉ်နဲ့ အမျှ စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်နေရတော့ အားကစားဆို တာကို စိတ်ကူးယဉ် အိပ်မက်တစ်ခုလိုပဲ သဘောထားနိုင်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လူမကူးနိုင်ကြတာ ကျွန်တော်နားလည်ပါတယ် - ဒါပေမယ့် အားကစားဆိုတာ အားမှ ကစားလို့ ရတာ မဟုတ်ပါဘူး - နေ့စဉ် ကိုယ်စားသုံးနေတဲ့ အစာအာဟာရတွေကနေလည်း ကိုယ့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ်နဲ့ ပြည့်စုံပြီး ကျန်းမာဖွံ့ဖြိုးစေမယ့် အစာအာဟာရကို စားသုံးခြင်း အားဖြင့်လည်း အချိန်မကုန်ပဲ ကျန်းမာရေးလိုက်စားရာ ရောက်ပါတယ် - နောက်ပြီး တစ်နေ့နဲ့ တစ်နေ့ အွန်လိုင်းမှာ အင်တာနက် သုံးပြီး လည်ပတ်နေကြတဲ့ လူငယ်တွေ - စားလည်း ကွန်ပြူတာရှေ့ - အိပ်လည်း ကွန်ပြူတာရှေ့နဲ့ တစ်နေ့နဲ့ တစ်နေ့ ဘာမှမလှုပ်ရှားပဲ ကွန်ပြူတာရှေ့မှာ နေနေတာဟာ မိမိ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ မျက်စိအမြင်အာရုံကို ဘယ်လောက်တောင် ချို့တဲ့စေလဲ ဆိုတာ သတိထားမိကြပါရဲ့လား -


အားကစားလို့ ဆိုလိုက်ရင် ဘောလုံးကန်တာ ခြင်းခတ်တာ အပြေးလေ့ကျင့်တာလောက်ကို အားကစားလို့ ခံယူနေကြတဲ့ ကျွန်တော်တို့ မြန်မာလူငယ် အမျိုးသားနဲ့ အမျိုးသမီးထု အတွက် -

- လေ့လာသင့်တဲ့ အခြေခံ အားကစား ( ကာယဗလနဲ့ ကာယအလှ ) 
- စားသောက်ပုံ နည်းစနစ် 
- ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း အစုစုနဲ့
- ရှောင်ရှားသင့်တဲ့ အပြုအမူတွေကို 



MyanmarFitness.com က စာရေးဆရာ နဲ့ ကာယဆရာ ကိုနိုင်ဦး - ကိုနိုင်ဝေဝင်း နဲ့ အခြား ကာယဆရာများ မြန်မာလို ပြုစုရေးသားထားတဲ့ စာအုပ်တွေကို ရှာဖွေစုဆောင်းပြီး မြန်မာမိသားစု လူငယ်ထု အတွက် လက်ဆင့်ကမ်းလိုက်ပါတယ် - 









































လူသစ်များ အတွက်.docx
http://www.InterUpload.com/files/0I8...___.docx_links


ဒီစာအုပ်တွေ ဖြစ်မြောက်လာဖို့ အားသွန်ခွန်စိုက်နဲ့ စိတ်ရောကိုယ်ပါ နှစ်ပြီး ရေးပေးနေတဲ့ ကိုနိုင်ဦး - ကိုနိုင်ဝေဝင်းနဲ့ အခြားသော စာရေးဆရာများ အားလုံးကို ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ချင်ပါတယ် - ဝါသနာရှင် ညီငယ် ညီမငယ်များ MyanmarFitness.com မှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကျိုးပြုဆောင်းပါးများ သွားရောက် ဖတ်ရှုနိုင်ပါသေးတယ် -


မြန်မာလူငယ်များ ပျော်ရွှင်တဲ့ ဘဝ - သန်စွမ်းကျန်းမာ စိတ်ခန္ဓာနဲ့ - မိသားစု အကျိုး - နိုင်ငံအကျိုးကို ဆထက်တပိုး သယ်ပိုး ရွက်ဆောင် နိုင်ကြပါစေ - 

KznT.

How to Install Microsoft Office on Ubuntu Linux

ကျွန်တော် Ubuntu ကို သုံးနေတယ် ဆိုပေမယ့် တစ်ချို့ apps တွေက အများနဲ့ တွဲပြီး အသုံးချနေရတာတွေ ရှိနေတော့ တစ်ချို့ Windows apps ကို ခုချိန်ထိ ကျွန်တော့်မှာ စွန့်လို့မရသေးဘူး ဖြစ်နေတယ် - အဲ့ထဲမှာ ထိပ်ဆုံးက ပြဿနာ ဖြစ်နေတာ Office apps - Openoffice ကို Default Office apps တစ်ခု အနေနဲ့ Ubuntu မှာ အတည်ပြုထားပေမယ့် - မှန်ရာပြောရရင် သူ့ရဲ့ UI ကို သိပ်ပြီး သဘောမကျလှဘူး - ဒါပေမယ့် ဟိုတစ်ပတ်က - LibreOffice 3.3 Release Candidate 2 ဆိုပြီး ထွက်တယ် - LibreOffice ကို နောက်ထွက်မယ့် Ubuntu version မှာ အတည်ပြုသွားမယ်လို့ Mark Shuttleworth ပြောထားတဲ့ သတင်း ကလည်း ထွက်ထားတော့ ကျွန်တော်လည်း သူ့ကို စမ်းသုံးကြည့်လိုက်တယ် - Openoffice ထက်တော့ ကျွန်တော် ပိုသဘောကျမိတာ အမှန်ပဲ - နောက်ဆို ကျွန်တော် Office apps နဲ့ ပတ်သတ်ပြီး Windows ကို တော်ယုံ ပြန်ဝင်ဖြစ်တော့မယ် မထင်ဘူး - LibreOffice နဲ့ နေသားကျသွားမယ် ထင်မိတယ် 


ဒါပေမယ့် ဘာတွေ ဘယ်လောက် ကောင်းတယ်ပြောပြော ဘယ်သူမဆို OS တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့ အခါ အထူးသဖြင့် - ကျောင်းသားတွေ / လုပ်ငန်းလည်ပတ်နေတဲ့ သူတွေက သုံးနေကျ Office apps တစ်ခုကနေ နောက်တစ်ခုကို ဘယ်သူမှ တော်ယုံ ကူးချင်ကြမှာ မဟုတ်ဘူး - ဘာလို့လည်း ဆိုတော့ မစမ်းသပ်ခင်ကတည်းက အသစ်ဆိုတဲ့ အသိကြောင့် 70% လောက်က စိတ်ကုန်နေကြပြီ - အထဲမှာ UI လေး နဲနဲ ပြောင်းတာ - ကိုယ်သုံးနေကျ shortcuts လေးတွေ နေရာမှာ မတွေ့တာနဲ့များ ပေါင်းလို့ ကတော့ တော်ပါပြီ စိတ်ကုန်တယ် ဖြစ်သွားရော -

ဒီလိုမျိုး မဖြစ်ရအောင် ရုံးသမား ကျောင်းသမားတွေ Windows users တွေအနေနဲ့ OS အကူးအပြောင်းမှာ ကိုယ်သုံးနေကျ Office apps လေးကိုပါ တစ်ပါတည်း Ubuntu ဆီ ဆွဲခေါ်လာနိုင်အောင် ဒီ Microsoft Office ကို Ubuntu မှာ ဘယ်လိုတင်မလဲ ?? ဆိုတဲ့ အကြောင်းကို ရေးဖြစ်သွားပါတယ် - ကျွန်တော် အရင်တည်းကလည်း Windows မှာ မဖြစ်မနေ သုံးနေရတဲ့ apps တွေကို ငါသုံးနေတဲ့ Ubuntu ကို ရောက်အောင် ဘယ်လိုခေါ်မလဲ ဆိုပြီး စာတွေ လိုက်ဖတ် လိုက်ဖတ်နဲ့ - နောက်ဆုံး “Play On Linux” ကို စတွေ့တယ် - သူ့အပြင်အဆင်ရော အခေါ်အဝေါ်ရောက ဘာမှကို ကြီးကြီးကျယ်ကျယ် မရှိဘူး မှန်တယ် - ဒါပေမယ့် သူဘယ်လောက် အသုံးဝင်တယ်ဆိုတာတော့ ခု ကျွန်တော့်ရဲ့ Linux machine မှာ Microsoft Office ကို စတင်တော့မှပဲ သိလိုက်ရတော့တယ် - ဒီ Play On Linux မတိုင်ခင်တုန်းက တစ်ခြား linux users တွေရေးတဲ့ Microsoft Office ကို Linux မှာ သုံးနိုင်ဖို့ Scripts ဆိုတာတွေ တွေ့ဖူးတယ် စမ်းဖူးတယ် - အဲ့ဒီ့ scripts တွေသုံးရင် ပုံမှန်အားဖြင့် manually လုပ်ရမယ့် DLLs တွေ install လုပ်တာ - ဘယ် Wine version ကို သုံးရမယ် ဆိုတာမျိုးတွေ manually ရွေးပေးဖို့ မလိုတော့ဘူး - စသဖြင့် အားသာချက်တွေ ရှိတယ် - အဲလို Scripts မျိုးတွေကို တစ်ချို့ သဘောကျတဲ့ သူတွေလည်း ရှိတယ် - တစ်ချို့လည်း သဘောမကျကြဘူး -

ဘယ်နည်းလမ်းကိုပဲ သုံးသုံး ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့် အသိုင်းအဝိုင်းမှာ ဒါကို အားထားပြီး သုံးနေကြတယ်ဆိုရင် ကိုယ့်အနေနဲ့ကလည်း ချက်ချင်းကြီး ကန့်လန့်တိုက်ပြီး စွန့်ပစ်လို့ မရဘူး - အဲ့အတွက် Play On Linux ကို သုံးပြီး Microsoft Office 2000, 2003 - 2007 စတာတွေကို Ubuntu machine မှာ ဘယ်လို သွင်းမယ် ဆိုတာ တစ်ဆင့်ချင်း ဆွေးနွေးပေးသွားပါ့မယ် - ဒီနေရာမှာတော့ Microsoft Office 2007 ကိုပဲ အဓိက ထားပြီး ဖော်ပြပေး သွားပါမယ် - တစ်နည်းသိထားရင် နောက်နည်းတွေကလည်း ထိုနည်းလည်းကောင်း ဖြစ်သွားလို့ပါ -

Play On Linux အား ရယူခြင်း

Play On Linux ကို ပုံမှန်အတိုင်း Ubuntu Software Center ( Applications > Ubuntu Software Center ) ကနေ Search box မှာ PlayOnLinux လို့ ရိုက်ရှာပြီး သွင်းယူပါမယ် - တစ်ခြား Linux အမျိုးအစားတွေ အတွက် Deb packages တွေကို လိုချင်ရင် ဒီစာမျက်နှာမှာ သွားရောက် ရယူနိုင်ပါတယ် - PlayOnLinux ကို သွင်းပြီးသွားရင် သူ့ကို Applications > Games > PlayOnLinux ကနေ ခုလို ခေါ်ယူနိုင်ပါတယ် -


အဲလိုခေါ်လိုက်လို့ တက်လာတဲ့ box ကနေ install button ကိုရွေးပေးပြီး အဲ့ကမှ နောက်တစ်ဆင့် မှာ Microsoft Office 2007 ကို install လုပ်ဆောင်ဖို့ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Office > Microsoft Office 2007 ကို သွားပါ -


Install လုပ်ဆောင်ရန် ပြင်ဆင်ခြင်း

ဒီနေရာမှာ နှစ်မျိုးကွဲပါတယ် - တစ်ချို့က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးတယ် - တစ်ချို့ကတော့ Office ISO ကို တိုက်ရိုက် ဒေါင်းလုပ်ချထားပြီး ဖိုင်တွေအားလုံး Extract လုပ်ပြီး သုံးတယ် - တစ်နည်းချင်းစီ အတွက် ပြောပြပေးပါ့မယ် -

တကယ်လို့ ကိုယ်က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးနေတဲ့သူ ဆိုပါစို့ - ဒီလိုဆို CD ခွေကို ယူပြီး ကိုယ့်စက်က Drive ထဲကို ထည့်ပါ - နောက်ပြီး ကိုယ့်အခွေ mount လုပ်ထားတဲ့ directory ကို သိနိုင်ဖို့ File browser ကိုဖွင့်ပြီး CD ထဲကို ဝင်ပါ - နောက်ပြီး Ctrl+L ကို နှိပ်ရင် ကိုယ့် CD ရဲ့ Location ကိုတွေ့ပါလိမ့်မယ် - အဲတာလေးကို Copy ကူးထားပြီး အပေါ်မှာ ပြထားတဲ့ ပုံက Microsoft Office 2007 ဆိုတဲ့ နေရာကနေ ရှေ့ဆက် သွားပါ - အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ် -

တကယ်လို့ ကိုယ်က CD နဲ့ သုံးတဲ့သူ မဟုတ်ရင် ISO ကနေ Extract လုပ်ထားတဲ့ Folder လမ်းကြောင်းကို အထက် မှာဖော်ပြခဲ့တဲ့ နည်းအတိုင်း Copy ကူးထားပြီး ရှေ့ဆက်သွားပါ - ဘယ်နည်းနဲ့ သွားသွား ဒီအဆင့်ကတော့ တူတူပါပဲ


The Installation Process

အဲ့ကနေ ရှေ့ဆက်သွားရင် ပထမဆုံး မေးခံရမှာ ဒီ အောက်ကလို ဟာမျိုးပါ -


တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နေရာမျိုးမှာ ကိုယ့် CD ကို တွေ့ရင်တော့ အဲ့တာကို တန်း click ပေးပြီး ရှေ့ဆက် သွားပါ - တကယ်လို့ အဲ့လိုမှ မဟုတ်ရင် ဖော်ပြထားတဲ့ အတိုင်း "Other" ကိုရွေးပြီး ရှေ့ဆက်ပါ -

နောက်တစ်ဆင့်မှာ အပေါ်မှာ ကျွန်တော်တို့ မှတ်လာခဲ့တဲ့ location ကို သူက တောင်းပါလိမ့်မယ် - အဲတာကို ထည့်ပေး ပြီး ရှေ့ဆက်သွားတာနဲ့ အောက်ကလိုမျိုး Office ကို install လုပ်ဖို့ ကီး တောင်းပါလိမ့်မယ် -


အဲ့နောက်မှာတော့ ထိုင်စောင့်နေဖို့ပဲ လိုပါတော့တယ် - PlayOnLinux ကနေ ပြီး Microsoft Office run ဖို့အတွက် လိုအပ်တာတွေအကုန်လုံးကို သူ့ဘာသာသူ ပြင်ဆင်ပြီး install လုပ်ဆောင်ပေးသွားပါလိမ့်မယ် - ဒီကြားထဲမှာ ကျွန်တော်တို့ လုပ်ပေးဖို့လိုတာဆိုလို့ Next လေးနှိပ်ပေးယုံလောက်ပဲ လိုမှာပါ - သည်းခံပြီး စောင့်ပါ - တစ်ခါတစ်လေမှာ Installation process က သာမန်ထက် နည်းနည်းလေး ပိုကြာတတ်ပါတယ် - အားလုံးပြီးခါနီးရင် Microsoft Office ရဲ့ shortcuts တွေကို Menu မှာ ထားမှာလား Desktop ပေါ်တင်မှာလားဆိုပြီး ခုလို မေးပါလိမ့်မယ် -


Menu မှာ ထားမယ်လို့ ရွေးပေးလိုက်ရင် အောက်ဖော်ပြပါ အတိုင်းမြင်ရမှာ ဖြစ်ပြီး - Desktop ပေါ်ထားမယ်လို့ ရွေးရင်တော့ Desktop ပေါ် Shortcuts တွေတက်လာပါလိမ့်မယ် -


တစ်ခါတစ်လေမှာ shortcuts တွေတက်လာဖို့ အမေးမခံရဘူး ဖြစ်တတ်တာမျိုး ရှိပါတယ် - စိတ်မညစ်ပါနဲ့ နောက် တစ်ခေါက် ပြန် install လုပ်ပါ - အဆင်ပြေပါလိမ့်မယ် -

နိဂုံး


တကယ်တော့ OS platform တစ်ခုမှာ အလုပ်လုပ်နေတဲ့ Software တစ်ခုကို တစ်ခြား OS platform တစ်ခုမှာ ပြောင်းပြီး အလုပ်လုပ်အောင် လုပ်ဖို့ဆိုတာ သဘာဝအားဖြင့် မလွယ်ကူပါဘူး - ဒါပေမယ့် ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကိုပဲ Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? ဆိုတဲ့ Thread မှာ ကျွန်တော် မိတ်ဆက်ခဲ့ပေးပြီးတဲ့ PlayOnLinux ကနေ တတ်နိုင်သမျှ အဆင်ပြေအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် - မိသားစုဝင်တွေရော PlayOnLinux နဲ့ Microsoft Office ကို သုံးရတာ ဘယ်လိုများ မြင်မလဲ မသိဘူး - တစ်ခြားနည်းလမ်းကောင်းလေးတွေများ ရှိရင်လည်း သိပါရစေဦးခင်ဗျ -

KznT.

Ubuntu & Software Management

ဘယ်အချိန်ထိ ရေးနိုင်လိမ့်ဦးမယ်တော့ ကျွန်တော် မသိဘူး - ဒါပေမယ့် အဲ့အချိန် မရောက်သေးခင်ထိ ကျွန်တော် စာတွေ ရေးနေချင်သေးတယ် - Ubuntu နဲ့ ပတ်သတ်ပြီး နဲနဲလေး နားထားတာ ကြာသွားပြီ - ဒီနေ့တော့ OS တစ်ခုကို အခြေခံကျကျလေ့လာ ရာမှာ လေ့လာသူ တစ်ယောက် အတွက် မဖြစ်မနေ လိုအပ်မယ့် အကြောင်းအရာ တစ်ခုအကြောင်း ဖြေးဖြေးချင်း ရေးသွားဖို့ စိတ်ကူး ထားပါတယ် - တစ်နေ့တည်းနဲ့ အများကြီး ရေးဖို့ မတတ်နိုင်ပေမယ့် အရင်လို ဖြေးဖြေးချင်း ပေါင်းရေး သွားပြီး နောက်ဆုံးမှာ ရည်မှန်းချက် တစ်ခုကို ဆုပ်ကိုင်မိမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် -

အကြောင်းအရာကတော့ Ubuntu သုံးစွဲသူတိုင်းအတွက် မဖြစ်မနေ သိထားဖို့ လိုအပ်မယ့် - Software Management ( Software များ စီမံခန့်ခွဲမှု ) အကြောင်းပါ - ကျွန်တော် Software တွေအကြောင်းနဲ့ ပတ်သတ်ပြီး Ubuntu စရေးခဲ့ ကတည်းက အသုံးပြုသင့်တဲ့ Software တွေအကြောင်း တော်တော်များများ မိတ်ဆက်ခဲ့ပေး ပြီးပါပြီ - ဘာကြောင့် Software တွေ အကြောင်းကို အဓိက ဦးစားပေး ရေးနေရသလဲ ?? OS တစ်ခုဟာ ဘယ်လောက် ကောင်းပါတယ်ဆိုဆို အရည်အသွေးကောင်းပြီး တန်ဖိုးရှိတဲ့ Software တွေကို စနစ်တကျ စီမံခန့်ခွဲပြီး မသုံးစွဲတတ်ရင် ဆားမပါတဲ့ ဟင်းကို - မကျက်တကျက် ချက်ထားတဲ့ ထမင်းနဲ့ စားနေရသလိုပါပဲ - Ubuntu မှာမှ မဟုတ်ဘူး ကျွန်တော်တို့ Windows မှာဆိုရင်လည်း ကွန်ပြူတာ စသုံးခဲ့စဉ် အခါက ဘယ် Software က ဘာ စွမ်းဆောင်ရည် ရှိသလဲ - ဘယ် Software ကို ဘယ်နေရာ သုံးရသလဲ - ကိုယ် တကယ်အသုံးလိုတဲ့ Software ကို ဘယ်နေရာမှာ ရှာလို့ ရနိုင်သလဲ - စသဖြင့် ဂဃနဏ မသိခဲ့တော့ သူများတကာ လေး ငါး မိနစ်နဲ့ ပြီးတဲ့ အလုပ်တစ်ခုကို ကိုယ့်မှာ နာရီနဲ့ ချီအောင် စဉ်းစားပြီး အဖြေရှာမထွက်ခဲ့တာမျိုး ဖြစ်ခဲ့ဖူးပါလိမ့်မယ် -



ဒါတွေ အားလုံးရဲ့ အနှစ်ချုပ်ဟာ Software စီမံခန့်ခွဲမှု ရဲ့ အခြေခံတွေကို စနစ်တကျ မလေ့လာခဲ့လို့ ဖြစ်ပါတယ် - ခု ကျွန်တော် ဒီ အသစ်ဖွင့်လိုက်တဲ့ Thread မှာ ကျွန်တော် ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြောင်းအရာတွေကို အခြေခံထားပြီး ဖြတ်သန်းကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်လို့ စာဖတ်သူ နားလည်လွယ်အောင် Ubuntu မှာ ကြုံတွေ့ရမယ့် Software စီမံခန့်ခွဲမှု အကြောင်းကို ဖြေးဖြေးချင်း ရေးသားသွားပါ့မယ် - ဟုတ်ကဲ့ - အကြောင်းအရာက များလို့ ချက်ချင်းတော့ လိုရင်းရောက်မှာ မဟုတ်ပါဘူး - အားလုံးပေါင်းစပ်မိသွားရင်းတော့ နောက်ဆုံး တစ်နေ့မှာ လေ့လာသူ တစ်ယောက်အတွက် အထိုက်လျောက် အကျိုးပြုမယ့် စာတစ်ပုဒ် ဖြစ်လာမယ်လို့ ယူဆမိပါတယ် -



Ubuntu နှင့် Software စီမံခန့်ခွဲမှု နိဒါန်း

Windows ကနေ Ubuntu ကို စတင်ကူးပြောင်းတဲ့ အခါမှာ ဖြစ်စေ - လူသစ်တစ်ယောက် အနေနဲ့ Ubuntu ကို စတင်ထိတွေ့တဲ့ အခါမှာ ဖြစ်စေ OS အပြောင်းအလဲ ကြောင့် သုံးစွဲသူ Users တွေ အခက်အခဲ မရှိရအောင် နေ့စဉ်သုံး လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သတ်ပြီး OS နဲ့ အတူ အရံသင့် အသုံးပြုနိုင်စေမယ့် Default apps တွေ installed စတင် လုပ်ဆောင်လိုက် ကတည်းက Ubuntu မှာ အသင့်ထည့်သွင်း ပေးထားပါတယ် - ဒါပေမယ့်လည်း လူဆိုတာမျိုးက မင်းကွန်း ဆရာတော် ဘုရားကြီး ဟောကြားခဲ့ သလိုမျိုး " ဟင်းတစ်မျိုးတည်း စားနေရတော့ အာရုံက သိပ်မကျေနပ်ဘူး - နှစ်မျိုးလောက် အာရုံ ပြောင်းချင်သလိုပဲ " ဆိုသလို Default apps တွေချည်းပဲသုံးရတာ ကြာလာ တဲ့ အခါမှာ Browser ဆိုလည်း တစ်ခြား Browser တစ်ခုခု - Email client ဆိုလည်း နဂို ပါလာတာကို မသုံးချင်တော့ပဲ တစ်ခြားဟာ ပြောင်းသုံး ချင်တယ် ဆိုတာမျိုး စသဖြင့် ဖြစ်လာ တတ်ပါတယ် - အဲ့တော့ ကျွန်တော်တို့တွေ ဒီ အာသီသ ကို ပြေပျောက်ဖို့ အတွက်ဆို ကိုယ့် စိတ်အာရုံ အလိုကျ ကျေနပ်စေနိုင်အောင် Software အသစ်တွေ install လုပ်ဖို့ လိုလာပါတယ် - လူ့စိတ် အပြောင်း အလဲနဲ့ လူတွေရဲ့ အာရုံခံစားမှုကို သိနားလည်တဲ့ Ubuntu အဖွဲ့အစည်းကလည်း အသုံးပြုသူ Users တွေကို သူ့ OS ကနေ ညစ်ညူး ပြေးထွက်မသွားရအောင် Software packages အသစ်အသစ်တွေ ရှာဖွေစမ်းသပ်ရာမှာ လွယ်ကူ သထက် လွယ်ကူအောင် - လျင်မြန်သထက် လျင်မြန်အောင် စဉ်ဆက်မပြတ် လေ့လာဆန်းစစ် မှုတွေ - ရလာဒ်ဖော်ထုတ် ဖြည့် ဆည်းမှုတွေ လုပ်ဆောင်ပေးနေပါတယ် - ဒါ့ကြောင့် Ubuntu ကို အသုံးပြုနေတဲ့ သူတစ်ယောက် အတွက် Default ပါလာတဲ့ apps တွေကိုသာမက ကိုယ်နှစ်သက်ရာ apps တွေကို library ထဲမှာ စာအုပ်ရှာသလို နှစ်သက်ရာ စိတ်ကြိုက်ရှာဖြွေပီး အကန့်အသတ်မရှိ တရားဝင် အခမဲ့ သုံးခွင့်ရှိနေပါတယ် -

အခြားသော Operating Systems များနှင့် ကွာခြားချက်များ

OS တစ်ခုကို အသစ်တစ်ခုအနေနဲ့ စပြီး လှမ်းတက် စမ်းသပ်တော့မယ့် သူတစ်ယောက်အတွက် အဓိက သိချင်ကြတာ - ကိုယ်လက်ရှိသုံးနေတဲ့ OS တစ်ခုနဲ့ ကိုယ်လှမ်းတက်မယ့် OS တစ်ခုဟာ ဘယ်နေရာတွေမှာ ကွာခြားမှုတွေ ရှိနေသလဲ ဆိုတဲ့ အချက်ပါ - Operating Systems တော်တော်များများဟာ ယေဘုယျအားဖြင့် ကိုယ် သုံးချင်တဲ့ Software အတော်များများကို အပြင်မှာရောင်းချတဲ့ ဆိုင်တွေ ဒါမှမဟုတ် အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ Online store တွေကနေ တဆင့် ပေးချေ ဝယ်ယူကြရပါတယ် - အဲလိုမှ မဟုတ်ရင်လည်း ချွေတာချင်တဲ့ သူဆိုရင် အင်တာနက်ထဲက အလကားပေးတဲ့ freeware လေးတွေ ရှာစုသုံး - ဒါမှမဟုတ် အရှာကျွမ်းသူတွေ မျှဝေတဲ့ Pirated software လေးတွေကို သိမ်းထားပြီးသုံး စသဖြင့် လည်ပတ်ကြရပါတယ် - အဲ့လို သိမ်းထားတဲ့ နေရာမှာလည်း ဘယ်နကြိမ် ဘယ်နခါ လိုအပ်လို့ပဲ install လုပ်လုပ် install လုပ်ဆောင်ချိန်တိုင်းမှာ installation prompts လို့ ခေါ်တဲ့ -

  • မင်း ဒီ terms တွေကို လက်ခံလား ?? Yes or No
  • ဒါကို မင်း သဘောတူသလား ?? Yes or No
  • မင်း ဒါကိုရော ထည့်ချင်သေးလား ?? Yes or No
  • သဘောလည်း တူရမယ် ဒါကိုလည်း သွင်းရမယ် လက်ခံမှာလား ?? Yes or No

စသဖြင့် Q & A ပေါင်းမြောက်များစွာကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ပြီး ရှေ့ဆက်ကြရပါတယ် - ဒါကို Software တစ်ကြိမ်တစ်ခါပဲ install လုပ်ဆောင်ဖူးပါတယ်ဆိုတဲ့ Windows user တစ်ယောက်ပဲ ဖြစ်ပါလေ့စေဦး မလွဲမသွေ ကြုံခဲ့ဖူးမှာပါ -

ဒီလိုဆို Ubuntu မှာရော ?? Windows နဲ့ ကွာခြားသွားတဲ့ တစ်ချက်က Ubuntu ရဲ့ Software Installation process တွေဟာ အရမ်းကို ရိုးစင်းပြီး တော်တော်ကို မြန်ဆန် ပါတယ် - ဒီလို အလွယ်တကူနဲ့ အလျင်မြန်ဆုံး ရှာဖွေ ထည့်သွင်း နိုင်အောင်လို့လည်း Ubuntu Software Center ဆိုတာ ဖန်တီးပေးထားပြီး User တစ်ယောက်အတွက် အရည်အသွေးနဲ့ စွမ်းဆောင်ရည် ယုံကြည်စိတ်ချရတဲ့ apps အားလုံးကို ထည့်သွင်းပေးထားပါတယ် -


Ubuntu Software Center နဲ့ ပတ်သတ်ပြီး အရင်တည်းက ကြိုကြား ကြိုကြား ကျွန်တော် ပြောခဲ့ဖူးတာတွေ ရှိသလို Ubuntu လေ့လာသူ တစ်ယောက်အနေနဲ့လည်း ဒီ အကြောင်းအရာက မစိမ်းလောက်တော့ပါဘူး - Ubuntu Software Center ဆိုတာ Software အသစ်အသစ် မှန်သမျှကို တို့ထိစမ်းသပ်နိုင်ရာ OS တစ်ခုလုံးရဲ့ Software ဗဟိုအချက်အချာ ပင်မ အဆောက်အဦ တစ်ခု ဖြစ်ပါတယ် - ဒီ အဆောက်အဦဟာ Ubuntu မှာ ပထမဆုံး မဖြစ်မနေ စတင်ထိတွေ့ရမယ့် Basic concept တစ်ခုဖြစ်ပြီး သူ့ကို အမည်အားဖြင့် Repositories လို့ သတ်မှတ် ခေါ်ဆိုပါတယ် -


Repositories ဆိုတာကို ကျွန်တော်တို့ မြင်သာအောင် အလွယ်မှတ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Software အသစ်အသစ် မှန်သမျှကို တစ်နေရာတည်းကနေ Download ချနိုင်အောင် စီမံစုစည်းပေးထားတဲ့ Software packages တွေရဲ့ Catalog တစ်ခု အဖြစ် မှတ်ယူလို့ ရပါတယ် - ဒါ့ကြောင့် ကျွန်တော်တို့ဟာ Ubuntu ကို installed လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ Ubuntu Repositories ဆိုတာကိုလည်း အလိုလျောက် access လုပ်ပိုင်ခွင့် ရရှိပြီးသား ဖြစ်သွားပါတယ် - ဒီနေရာမှာ နောက်တိုးသိထားဖို့ တစ်ခုရှိတာက Ubuntu မှာ အသုံးပြုနိုင်တဲ့ Software တွေနဲ့ ပတ်သတ်ပြီး Download ရယူနိုင်တဲ့ Repositories တွေဆိုတာ နေရာတစ်ခုတည်း ရှိတာ မဟုတ်ပါဘူး - Windows လိုမျိုးပဲ တစ်ယောက်တစ်မျိုးစီ အသုံးတည့်မယ့် Software တွေ နေရာတစ်ခုစီက ဖန်တီးကြရာကနေ Repositories တွေဆိုတာလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတာ ရှိပါတယ် - ဒါကို နောက်ပိုင်း ရေးသားသွားမယ့် ကဏ္ဍတွေမှာ Software အသစ်အသစ်တွေ အသုံးပြုနိုင်စေဖို့ Repositories တွေဘယ်လို ပေါင်းထည့်ရမယ် ဆိုတာ တဆင့်ချင်း ဖော်ပြပေးသွားပါမယ် -

ဆက်ရန် -

KznT.

Free Web Based Screen Recording Tools

Chrome Web Store ဆိုပြီး Google က အတည်ပြုလိုက်တော့ အရင်တည်းက ထိုးဖောက်ဖို့ အရှိန်ယူနေတဲ့ Web Based Apps တွေရဲ့ အခန်းကဏ္ဍကလည်း ခုချိန်မှာ အရမ်းကို Popular ဖြစ်လာခဲ့ပြီ - Chrome Web Store အကြောင်း ရေးဦးမယ်ဆိုပြီး စိတ်ကူးရှိခဲ့ပေမယ့် စေတနာထားပြီး အသေးစိတ် ရေးလေ့ရှိတဲ့ Myanmar Tutorials ရဲ့ ပင်တိုင်ဆောင်းပါးရှင် ကိုသီဟ ရဲ့ လက်ရာ Google Chrome Web Store ကို လေ့လာသုံးသပ်ခြင်း ဆိုတဲ့ ဆောင်းပါး ကို ဖတ်လိုက်ရင်ပဲ အထိုက်လျောက် ပြည့်စုံနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ် -

ခု ကျွန်တော် ပြောချင်တာလည်း Web Based Apps တွေ အကြောင်းပဲ - ဒါပေမယ့် Chrome Web Store ကတော့ မဟုတ်ဘူး - အဲ့ဒီ့ Web Based Apps က ဘယ်သူတွေ အတွက် အဓိက အသုံးဝင်လောက်မလဲ ဆိုရင် နည်းပညာနဲ့ သက်ဆိုင်တဲ့ Tutorials တွေ - အကြောင်းအရာ တစ်ခုခုကို စကားလုံး အများကြီးနဲ့ အရှည်ကြီး မပြောပဲ Screencast လုပ်ပြီး ဖော်ပြလိုမယ့် မျှဝေသူတွေ အတွက် အသုံးတည့်လိမ့်မယ်လို့ ယုံကြည်မိပါတယ် -



အရင်က ကျွန်တော်တို့ သိထားခဲ့တာ ကိုယ့် Desktop မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို recording လုပ်ထားချင်တယ်ဆိုရင် Snagit တို့ Fraps တို့ စသဖြင့် Desktop ကို Record လုပ်နိုင်မယ့် Screen Recorder Software တစ်ခုခုကို သုံးရမယ်ဆိုပြီး ပုံသေ သိထားခဲ့ကြတာ - ဒါပေမယ့် ကိုယ်ပဲ အသိနောက်ကျတယ် ပြောရမလား - ကိုယ်သိထားတာတွေက တစ်ခါတစ်လေ အင်တာနက်ထဲ စာလိုက်ဖတ်ရင် ကလေးသာသာတွေ ဖြစ်ဖြစ်နေတယ် - ခုလည်း Video Screen Capture အတွက် Online မှာ Free ပေးတဲ့ Web Based Tools တွေရှိသတဲ့ - ဖတ်ကြည့်ကြည့်ချင်း ယုံတောင် မယုံနိုင်ဘူး - ငါပဲ မျက်စိမှားသလား - သူတို့ပဲ ဟာသလုပ်သလား ဆိုပြီး :D တကယ်တော့ ကိုယ်တုံးတာပါ - Video Screen Capture လုပ်ဖို့အတွက် ဘာ Software - ဘာ Installation လုပ်ဆောင်ဖို့မှ မလိုပဲ Online မှာ Free ပေးတဲ့ Web Based Tools တွေ တကယ်ကို ရှိနေပါတယ် - Windows, Mac, Linux ဘယ်ကဖြစ်ဖြစ် သုံးလို့ရနေလို့ OS တစ်မျိုး ပြောင်းတိုင်း Software နောက်တစ်မျိုး လိုက်ရှာနေဖို့လည်း မလိုတော့ဘူး - ဒါတွေက Web Based Tools တွေရဲ့ အားသာချက်ပါ -

အဲတာနဲ့ အရင်ဆုံး ရောက်ဖြစ်တာ -

( 1 ) ScreenCastle

သူ့ဆီသွားရင် အရင်ဆုံး ကျွန်တော်တို့ ခုလို စတွေ့ရပါလိမ့်မယ် -



သူဖော်ပြထားတဲ့ အတိုင်း button ကို Click ပေးပြီး Recorder ကို load လုပ်လိုက်ရင် အောက်ဖော်ပြပါအတိုင်း screen capture setting window တစ်ခု တက်လာပါလိမ့်မယ် - ကိုယ်ထားချင်တဲ့ အလျားအနံကို အဲ့ဒီ setting window ကနေ ချိန်ညှိပြီး အောက်မှာဖော်ပြထားတဲ့ အတိုင်း "OK, open the recorder" ကနေ ဆက်သွားရပါမယ် -


အဲလို ဆက်သွားရင် ကျွန်တော်တို့ Record လုပ်ဖို့ Frame တစ်ခု ရလာပြီး ကိုယ် screencast လုပ်မယ့် နေရာကို ကျွန်တော်တို့ နေရာရွှေ့ချထားရပါမယ် - နောက် အားလုံး နေသားတစ်ကျ ဖြစ်ပြီဆိုတာနဲ့ Start Recording ကို click လိုက်ပါ -


အဲလို စလိုက်တာနဲ့ Screen ပေါ်မှာ လှုပ်ရှားသမျှ Mouse ရွှေ့လျားမှုကနေ စပြီး သူက Record လုပ်ပါလိမ့်မယ် - ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ အားလုံးပြီးသွားရင် Finish This Screencast. နဲ့ Save This Screencast. ကို နှိပ်ပြီး အဆုံးသတ်လိုက်ပါ - သူက အလိုလျောက် ကိုယ်ဖန်တီးထားတဲ့ Screencast ကို Hosting ဆီ တိုက်ရိုက် တင်ပေးသွားပါလိမ့်မယ် -


Uploading Process ပြီးသွားတဲ့ နောက်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အများသူငါကို ကိုယ့်ရဲ့ Screencast ဝေမျှလို့ ရမယ့် Link တွေ - Website တွေ - Blog တွေမှာ ထည့်ဖို့ Embed code တွေ အပြည့်အစုံ ချပြထားတဲ့ စာမျက်နှာတစ်ခုကို အောက်ဖော်ပြပါအတိုင်း ပုံစံတူ တွေ့ရပါလိမ့်ဦးမယ် -


ScreenCastle ကိုသုံးပြီး ကျွန်တော် ဖန်တီးထားတဲ့ Video clip ကို အောက်မှာ နမူနာ အနေနဲ့ ကြည့်နိုင်ပါတယ် -


အကယ်၍ အပေါ်မှာ ဖော်ပြခဲ့တဲ့ လုပ်ဆောင်ပုံ အသေးစိတ်ကို သဘောမပေါက်ခဲ့ သေးရင် အသေးစိတ်ကို အောက်မှာ ဖော်ပြထားတဲ့ Video clip ကနေ ကြည့်နိုင်ပါတယ် -


အချုပ်အားဖြင့် ဆိုရင်တော့ ကျွန်တော် ပြောချင်တဲ့ Video Screen Capture အတွက် Online မှာ Free ရတဲ့ Web Based Tools တွေရဲ့ အကြောင်းက ဒီမှာတင်ပြီးပါပြီ - ဒါပေမယ့် ScreenCastle လို့ ဖော်ပြလိုက်တော့ နောက်ထပ် သူ့လိုမျိုး စွမ်းဆောင်ရည် တူညီပြီး လူသုံးများတဲ့ Web Based Tools တွေ မရှိတော့ဘူးလား - ကျွန်တော်တို့ ဒါမျိုး ထပ်တွေးကြဖို့ လိုပါတယ် - ဘာလို့ လည်းဆို တစ်ခုတည်းရပြီး တစ်ခုတည်းမှာ ရပ်နေရင် လူက ပုံသေကားချပ်ကျပြီး Inspiration ပျောက်ပျောက်သွား တတ်လို့ - အဲ့တာကြောင့် ကျွန်တော်တို့ နောက်တစ်နေရာကို သွားကြည့်ပါဦးမယ် - များများ သိထားတော့ ပိုပြီး ကျွန်တော်တို့ ရွေးချယ်လို့ ရတာပေါ့ -

ကျွန်တော့်စိတ်ထဲ Screencast-O-Matic ကို အပေါ်မှာ ဖော်ပြခဲ့တဲ့ ScreenCastle ထက် ပိုသဘောကျမိတယ် - Recording time ကို 15 မိနစ်ကြီးများတောင် ပေးထားတယ် - Recording ပြီးသွားရင်လည်း Youtube ကိုတိုက်ရိုက် Upload တင်လို့ ရတယ် - တစ်ခြား Features တွေ လည်း တော်တော်များများ ပါသေးတယ် -

Screencast-O-Matic နဲ့ ပတ်သတ်ပြီး လုပ်ဆောင်နည်း အသေးစိတ်ဟာ ScreenCastle နဲ့ အားလုံးနီးပါး တူညီတာမို့လို့ ဒီနေရာမှာ ကျွန်တော် မဖော်ပြတော့ပါဘူး - စမယ်ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း Start Recording ကနေ စပြီး - လုပ်ထုံး လုပ်နည်းကို နားမလည်ခဲ့ရင် သူဖော်ပြထားတဲ့ Quick Demo ကို လေ့လာကြည့်နိုင်ပါတယ် -



သူကလည်း Windows, Mac OS X, Linux ကြိုက်တ့ဲ OS ကနေ screencasts လုပ်နိုင်တဲ့ နေရာပါ - Screen Toaster ကို သုံးမယ်ဆိုရင် သူများဖန်တီးထားတဲ့ public videos တွေကို Account လုပ်စရာမလိုပဲ - ကြည့်နိုင် Comment ပေးနိုင်ပေမယ့် - ကိုယ့် Own videos ကို ကိုယ့်ဘာသာ Create လုပ်ချင်တာ ဆိုရင်တော့ Account တစ်ခု Register လုပ်ဖို့ လိုပါလိမ့်မယ် - လောလောဆယ်မှာ Screen recording is currently unavailable. ဖြစ်နေပါတယ် - မကြာခင် ပြန်ရပါလိမ့်မယ် -


ကျွန်တော် ခုဖော်ပြခဲ့တာတွေက သိပ်အများကြီးတော့ မဟုတ်သေးဘူး - နောက်ထပ် သူတို့တွေလိုမျိုး အသုံးပြုဖို့ သင့်တော်မယ့် Web Based Tools ကောင်းကောင်းတွေ အင်တာနက်ထဲမှာ တော်တော်များများ ရှိဦးမှာပါ - ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ကိုယ်မသိ တာလေးတွေ နောက်လိုက်ရင်း - သိထားတာလေးတွေ မျှဝေရင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ မသိသေးတာတွေ တော်တော်များများ သိလာလိမ့်ဦးမယ်လို့ ကျွန်တော်တော့ ယုံကြည်နေမိပါတယ် -

KznT.

Youth, Education and Culture


Photo from eu2010.es

အဲ့တုန်းက -

( ၉ ) တန်းအောင်ပြီး ( ၁၀ ) တန်းနှစ် စတက်မယ်လုပ်တော့ ဝိုင်းခေါ်သင်တဲ့သူ Guide ဌားတဲ့သူတွေ ရှိပေမယ့် ကျွန်တော်တို့ ခေတ်က ဝိုင်း တို့ Guide တို့ ဆိုတာ အဲ့လောက်ကြီးထိ ခေတ်မစားသေးဘူး - ခေတ်စားခဲ့ရင်တောင် အဲ့လောက်ထိ ကျွန်တော်တို့ မိသားစု မတတ်နိုင်ဘူး - ကျွန်တော်တို့ မိသားစုက ဝင်ငွေနဲ့ ထွက်ငွေ ဘယ်တော့မှ ကာရန်မညီတဲ့ ဝန်ထမ်းမိသားစု - အဖေ သက်ရှိထင်ရှား ရှိပေမယ့် တာဝန်ကြောင့် ကျွန်တော်တို့ မိသားစု တစ်ကွဲတစ်ပြား ဖြစ်နေကြတယ် - ဘယ်မှာနေလဲ ဆို ရန်ကုန်လို့ ပြောဖြစ်ပေမယ့် တကယ်တော့ ကျွန်တော်နေခဲ့တာ ရန်ကုန်မြို့ရဲ့ အစွန်အဖျား ၁၉၉၅ ခုနှစ် အခြေအနေက ဒဂုံမြို့သစ်တောင်ပိုင်းမှာ - 

ဒဂုံတောင်ပိုင်းလို့ ဆိုလိုက်ရင် ခုခေတ် အခြေအနေမှာတောင် Taxi သမားတွေ လိုက်မပို့ချင်ကြဘူး - မြန်မာကားတွေ ကြည့်လိုက်လို့ ဆင်းဆင်းရဲရဲ အခြေခံ လူတန်းစားတွေကို ပြရင် ဒဂုံတောင်ပိုင်းမှာ နေတယ်လို့ နာမ်စားသုံးပြီး ပြောကြတယ် - ဟုတ်ပါတယ် - ကျွန်တော်တို့က အခြေခံ လူတန်းစားပါ - အဲ့တုန်းက ဒဂုံတောင်ပိုင်းမှာ ရှိတ့ဲ ကတ္တရာလမ်း ဆိုတာ လက်ချိုးရေလို့ ရတယ် - ဘယ်နေရာသွားသွား - ဂဝံလမ်း - မြေနီလမ်းနဲ့ လယ်ကွင်းတွေချည်းပဲ - ကျွန်တော်သွားတဲ့ ကျောင်းက အထက ( ၂ ) ဒဂုံမြို့သစ်တောင်ပိုင်း -

- သောက်ရေကန်ရှိတယ် - ဒါပေမယ့် မိုးရာသီမှာပဲ ရေပြည့်တယ် 
- အလံတိုင်ရှိတယ် - ဒါပေမယ့် ကြယ် ၁၄ လုံး မရှိဘူး 
- ကျောင်းအဝင်လမ်းက လွဲရင်ကျောင်းဝင်း တစ်ခုလုံးက ခါးဝက်လောက် ရှည်တဲ့ မြက်ပင်တွေချည်းပဲ 
- ယောကျာင်္းလေး မိန်းကလေး အိမ်သာခွဲထားပေးပေမယ့် တံခါးတွေက အလုပ်မလုပ်တော့ဘူး 
- မိုးရွာရင် မုန့်စားဈေးတန်းဆိုတာ မိုးခိုစရာ နေရာ မရှိဘူး 
- စာသင်ခန်းက မိုးရာသီရောက်ရင် မိုးယိုတာ မိုးပတ်တာတွေကြောင့် သံမံတလင်းမရှိတ့ဲ မြေကြီးသားက ဗွက်အရမ်းထပြီး ခြေထောက်တွေကို ထိုင်ခုံပေါ်တင်ပြီး စာသင်ကြရတယ်။

မနက်ဆို ၅ နာရီလောက်ထ ဘတ်စ်ကားတိုးစီးပြီး ဒဂုံတောင်ပိုင်းကနေ မြို့ထဲ ပန်းဆိုးတန်းမှာ ရှိတဲ့ ကျူရှင်ထိ ထမင်းဗူးနဲ့ ကျူရှင်တက်ရတယ် - ဘာလို့လည်းဆို အိမ်ပြန်စားဖို့ အချိန်မလောက်ဘူး - အပြင်မှာဝယ်စားဖို့ ပိုက်ဆံမရှိဘူး - နောက်ပြီး အဲ့အချိန်က ဒဂုံတောင်ပိုင်းကို နာမည်ရ ဘယ်ကျူရှင် ဆရာမှ စာလာမပြကြဘူး - ရန်ကုန်မြို့ထဲက လာရင် ခရီးလည်း အရမ်းဝေးသလို ခါးပိုက်နိှုက်နဲ့ လူဆိုးသူခိုးလည်း အလွန်ပေါတယ်လို့ ဒဂုံတောင်ပိုင်းက နာမည်ကြီးတယ် - အဲလိုနဲ့ နောက်ပိုင်း ကျောင်းတွေ ဖွင့်တော့ ဘာသာစုံ ကျူရှင်ယူဖို့ အမေပြောပေမယ့် အိမ်ရဲ့ အခြေအနေ ကြောင့် သိပ္ပံတွဲ တစ်ခုပဲ ကျူရှင်ယူပြီး ဝိဇ္ဇာတွဲကို ကိုယ့်ဘာသာ ကျက်ခဲ့တယ် - နေ့တိုင်း ကျောင်းတက်တယ် - ဘာလို့လည်း ဆို လူမှုရေး ဘာသာတွဲအတွက် မေးစရာ ဆရာ/ဆရာမ ဆိုတာ ကျွန်တော့်အတွက် ကျောင်းမှာပဲ ရှိတယ် - အဲ့တုန်းက ကျွန်တော်နားမလည်တဲ့ အပိုင်းတွေကို ကျောင်းမှာ အမြဲတမ်း စိတ်ရှည်ရှည် ရှင်းပြပေးတဲ့ ဆရာမ ရှိတယ် - ဆရာမ နာမည်က "ဒေါ်အေမီသန်း" - ဆရာမ အသင်အပြကောင်းလို့ ဝိုင်း ခေါ်သင်ကြတဲ့ သူတွေ ရှိပေမယ့် ဝိုင်း မတက်နိုင်တဲ့ ကျောင်းသားတွေ အတွက်လည်း ဆရာမက ကျောင်းမှာပဲ စာတွေ ရှင်းပြပေးတယ် - ဆရာမ ဘယ်မှာ ရှိနေဦးမယ်ဆိုတာ ကျွန်တော် မသိတော့ပေမယ့် ကျွန်တော် ဆရာမရဲ့ ကျေးဇူးတရားကို ကနေ့အထိ အမှတ်တရ ရှိနေဆဲပါ -

( ၁၀ ) တန်းအောင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် စက်မှုတက္ကသိုလ်ပဲ တက်ခဲ့တယ် - ဆေးကျောင်းဆိုတာ M.B.B.S လောက်နဲ့ ရပ်နေလို့ သင့်တာမျိုးမှ မဟုတ်တာ - သူ့နောက်မှာ M.Med.Sc ဆိုတာ ရှိတယ် - နောက် M.R.C.P - F.R.C.S - လိုက်လို့ မဆုံးနိုင်တဲ့ ဘွဲ့တွေနောက်မှာ ဒီမိသားစု အခြေအနေနဲ့ ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - တကယ်တော့ ဘွဲ့ဆိုတာ
ပန်းတိုင်တစ်ခုပဲ - ဆရာဝန် - အင်ဂျင်နီယာ - ကွန်ပြူတာ .... ဆိုတာတွေနဲ့ တစ်ခြားဘွဲ့ တွေဆိုတာ အမည်ခြားနား သွားတာက လွဲရင် လူတစ်ယောက်ရဲ့ တန်ဖိုးကို ပိုင်းဖြတ်လို့ ရတဲ့ အရာတွေ မဟုတ်ဘူး - လူတစ်ယောက်ဟာ ဘယ်လို ဘွဲ့မျိုး ရခဲ့သည်ပဲ ဖြစ်စေ ကိုယ်ရခဲ့တဲ့ ဘွဲ့ဟာ လက်တွေ့မှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အဖြစ် အသုံးချလို့ မရဘူးဆိုရင်တောင် အဲ့ဒီ ဘွဲ့ကို သုံးစားလို့ မရဘူးဆိုပြီး သတ်မှတ်ပစ်လို့ မရဘူး - ခုခေတ် လူငယ်တွေက အတွေးအခေါ်နဲ့ ခံယူချက်တွေ လွဲမှားနေကြတယ် - လူငယ်တွေတော်တော်များများက ဘွဲ့ တစ်ခုရဲ့ ဂုဏ်ပုဒ်ကို ကျောင်းပြီးလို့ လခကောင်းကောင်းနဲ့ အလုပ်ရရှိမှုပေါ် မူတည်ပြီး တိုင်းတာနေကြတယ် - တကယ်တော့ ဘွဲ့ ဆိုတာ လူတစ်ယောက်ရဲ့ -

( ၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း -
( ၂ ) ဆက်စပ် ချင့်ချိန်နိုင်စွမ်း နဲ့
( ၃ ) ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်မှု
 တွေကို ဆန်းစစ်မှတ်တမ်းတင်ပေးတဲ့ လက်မှတ်တစ်ခုပါ -

ကိုယ့်နိုင်ငံက အဘက်ဘက်က ဖွံ့ဖြိုးမှု အားနည်းနေသေးလို့ ရရှိတဲ့ ဘွဲ့နဲ့ လျှော်ညီအောင် လုပ်ငန်းခွင် ရပ်တည်နိုင်ခွင့် အာမခံချက် အပြည့်အဝ မပေးနိုင်သေးပေမယ့် ကျွန်တော်တို့ ကျောင်းတွေ တက္ကသိုလ် တွေက သင်ပေးခဲ့တဲ့ ပညာရပ်တွေမှာ ဘယ်နိုင်ငံကိုပဲ သွားသွား နောက်ကောက်မကျနိုင်တဲ့ တွေးခေါ် မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်းကို သင်ကြားပေးနိုင်တဲ့ အရည်အချင်းတော့ ရှိနေပါသေးတယ် -

ဒါကို လူငယ်တွေ သတိမထားမိကြဘူး - အောင်မြင်တဲ့ ပညာရေး စနစ်နဲ့ ဘဝရပ်တည်မှုကို နိုင်ငံခြားသွား ကျောင်းတက်မှ ရမယ် - အင်္ဂလိပ်လို သင်တဲ့ကျောင်းတက်မှ ဘဝရပ်တည်မှု ခိုင်မာတော့ မလို ထင်နေကြတယ် - နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ သင်ပေးနေတဲ့ ပညာရေးစနစ်က ကျွန်တော်တို့ သင်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေက ပညာရေး စနစ်ထက် အားသာချက်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် မငြင်းလိုပါဘူး - ဒါပေမယ့် သူတို့တွေနိုင်ငံမှာ ဘာကြောင့် အောင်မြင်တဲ့ ပညာရေး စနစ်ရှိနေသလဲ - ဒါကို ကျုပ်တို့ ထည့်စဉ်းစားဖို့ လိုတယ် - သူတို့နိုင်ငံမှာ ရှိနေတဲ့ အောင်မြင်တဲ့ ပညာရေး စနစ်ဆိုတာ နေ့ချင်း ညချင်း ဥုံဖွဆိုပြီး ရောက်လာတာ မဟုတ်ဘူး - သူတို့လည်း ဘာမှမအောင်မြင်တဲ့ ကျွန်တော်တို့လို အခြေခံအဆင့်ကနေ စခဲ့ရတာပဲ - အောင်မြင်တဲ့ ပညာရေးစနစ်ဆိုတာ သင်ကြားမှု ပြည့်စုံယုံ တစ်ခုတည်းနဲ့ မရဘူး - သင်ယူသူရဲ့ စိတ်ပါဝင်စားမှုနဲ့ လိုက်ပါလုပ်ဆောင်မှု အချိုးညီမှသာ အောင်မြင်တဲ့ ပညာရေးစနစ် တစ်ခု ရရှိနိုင်တယ် -

ပညာဆိုတာဟာ အရင် ကိုယ့်အရင်, အရင်က မွေးဖွားကြီးပြင်းခဲ့တဲ့သူတွေ ကြုံခဲ့ သိခဲ့ မှားခဲ့တာတွေကို စုစည်းမှတ်တမ်းတင်ပြီး သင်ရိုးတစ်ခုအဖြစ် ပုံသွင်းထားတာ - ဒါကို ဘက်ပေါင်းစုံကနေ သိအောင်တတ်အောင် မျှအောင် သင်ကြားနိုင်ဖို့ သင်ရိုးရေးဆွဲပြီး အချိန်နဲ့ စနစ်တကျ သင်ကြားစေခဲ့ရာ ကနေ ပညာရေးစနစ်ဆိုတာ ပေါ်ပေါက်လာတယ် - ပညာဘာလို့ သင်ရသလဲ - နေရာတိုင်းမှာ ပညာတတ်ကို ဘာကြောင့် ဦးစားပေးရွေးချယ်သလဲဆိုတော့ ပညာတတ်ဆိုတာ အမှားတစ်ခုကို ကိုယ်တိုင်မှားယွင်းပြီးမှ သင်ခန်းစာယူစရာ မလိုပဲ - တစ်ခြား သူတစ်ယောက်ရဲ့ အတွေ့အကြုံကို ကြည့်ပြီး ရှောင်ရှားနိုင်တယ် - အမှန်အမှားကို လက်တွေ့ဘဝနယ်ပယ် မဝင်ခင်တည်းက စာတွေ့သိခဲ့ ပြီးသားမို့လို့ လက်တွေ့ လုပ်ငန်းခွင် ဝင်ရောက်တဲ့ အချိန်မှာ လုပ်ဆောင်ချက် တစ်ခုကို အစပျိုး လိုက်တာနဲ့ မှားနိုင်သလား မှန်သလား - မှားမှန်းသိလျက်နဲ့ ဆက်လုပ်မယ် ဆိုရင်တောင် ဘယ်လို အကျိုးအပြစ် ရမယ် - ဒါကို ငါဘယ်လို ရင်ဆိုင်မယ် ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည် ရှိကြတယ် - ဒီစွမ်းရည်တွေက ပညာတတ်နဲ့ ပညာမဲ့ ( ဘွဲ့ရပေမယ့် ပညာမတတ်ခဲ့တဲ့သူ ) ကြားမှာ အဓိက ကွာခြားသွားတဲ့ အချက်ပဲ - 

ပညာသင်ယူရခြင်းရဲ့ အနှစ်သာရကို တက္ကသိုလ် ရောက်လာခဲ့တဲ့တိုင်အောင် ဘာကြောင့် စာသင်နေကြရသလဲ ဆိုတာ လူငယ်တွေ ဂဃနဏ မသိတော့ တက္ကသိုလ် တစ်ခုရဲ့ ပညာရေးစနစ်က နဂို အားနည်းနေတဲ့ အခြေခံမှာ နားမလည်တာပေါင်းပြီး ပို ပုံပျက်သွားတယ် - ကိုယ်တက်တဲ့ တက္ကသိုလ်ဟာ အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေးနေတဲ့ တက္ကသိုလ် မဟုတ်တော့ရင် လူငယ်တွေရဲ့ စိတ်က အလိုလိုနေရင်း ကိုယ်ယူရမယ့် ဘွဲ့ကို တန်ဖိုးမထားကြတော့ဘူး - အတန်းချိန်တွေကို ရှောင်တယ် - Practical ချိန်တွေကို လူစားထိုးတယ် - စာမေးပွဲ နီးရင် နီးစပ်ရာ နီးစပ်ရာ အဆင်ပြေသလို လုပ်ပြီး တစ်နှစ်တစ်တန်း ပုံမှန် အောင်ဖို့ကိုပဲ အားထားကြတော့တယ် - စာမေးပွဲတွေ ပုံမှန် အောင်ပြီး ဘွဲ့တွေ ရသွားကြတာပဲရှိတယ် - အပေါ်မှာ ပြောခဲ့တဲ့ သင်ရိုးတစ်ခုကနေ သင်ကြားပေးတဲ့ ဆက်စပ်တွေးခေါ်မှု Concept ကို ရမသွားခဲ့ကြဘူး - အဲ့တော့ အနှစ်ချုပ်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ကျောင်းပြီးလို့ ပညာစုံသွားတယ်သာ ဆိုတယ် တက္ကသိုလ် တစ်ခုက အဓိက ပေးချင်တဲ့ ( ၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ( ၂ ) ဆက်စပ် ချင့်ချိန်နိုင်စွမ်းကို ကျောင်းသားလူငယ်တွေ မရခဲ့ကြသလို ( ၃ ) ကဏ္ဍအလိုက် ကျွမ်းကျင် တတ်မြောက်မှု ကိုလည်း မရရှိခဲ့ကြဘူး - ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်မှု ဆိုတာ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှု တစ်ချို့နဲ့ သင်ထောက်ကူ ပစ္စည်း မပြည့်စုံနိုင်မှုကြောင့် ပြည့်ဝတဲ့ ကျွမ်းကျင်မှု မရရှိခဲ့သေးဘူး ဆိုရင်တောင် လုပ်ငန်းခွင်ရောက်ရင် ပြန်လည်လေ့လာယူလို့ ရနိုင်ပြီး - တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်း မရခဲ့တာကျတော့ လုပ်ငန်းခွင်ဝင်တဲ့ အချိန် - လူအများနဲ့ ပေါင်းသင်းဆက်ဆံ ပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့ အချိန်မှာ အရမ်းကို စကားပြောသွားပြီ - ဘွဲ့ရထားပေမယ့် တွေးခေါ်မျှော်မြင်နိုင်စွမ်း - ဆက်စပ်ချင့်ချိန်နိုင်စွမ်းကို ပညာကနေ မရခဲ့တော့ တစ်ခုခုကို အထက်က ခိုင်းလိုက်ရင် ပိုကောင်းအောင် လုပ်ဖို့နေနေသာသာ အမှားကင်းအောင်ကို မနည်းကြိုးစားလာကြရတယ် - ဘာလို့လည်းဆိုတော့ ပညာကမရခဲ့တဲ့ အမှားအမှန် ဆန်းစစ်ပိုင်းခြားမှုနဲ့ တွေးခေါ်မျှော်မြင် နိုင်စွမ်းကို လုပ်ငန်းခွင်ရောက်မှ ကိုယ်တိုင်မှားပြီး သင်ခန်းစာတစ်ခုအဖြစ် သင်ယူနေကြရလို့ပဲ -

ဒီလို လူငယ်တွေ နိုင်ငံခြားထွက်တော့လည်း သူများနိုင်ငံမှာ တစ်ခုခုလုပ်တိုင်း အမှားနဲ့ မကင်းလို့ အထက်က မကြည်ဖြူ - lvl တူချင်း ဆိုရင်တောင် ကိုယ့်ရခ့ဲတဲ့ ပညာရပ်က အတွေ့အကြုံဆိုတာ သူတို့တွေထက် အများကြီးနိမ့်သွားလို့ လုပ်ငန်းခွင်မှာ အနှိမ်ခံရနဲ့ - နောက်ဆုံး မကျေနပ်ချက်က ဘယ်လိုရောက်သွားလဲဆို အင်တာနက်ထဲက လူမှုဆက်ဆံရေး ကွန်ယက်တွေ - နိုင်ငံရေး ဆိုဒ်တွေ ... စသဖြင့် ရောက်သွား - အဲ့မှာ စိတ်ထဲအခန့်မသင့်တာနဲ့ တွေ့ရင် မှားတာဆိုလည်း ဆဲ - မှန်တာ ဆိုလည်း ဆဲ နဲ့ စိတ်ထွက်ပေါက် တစ်ခု ရှာနေကြတဲ့ လူငယ်တွေ ဖြစ်လာကြတယ် - တွေးခေါ်မျှော်မြင် နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်း ဆိုတာတွေက ဘယ်နိုင်ငံက ဘယ်ကျောင်းသွားသင်သင် ကိုယ်ကိုယ်တိုင်က ကိုယ်သင်ယူရတဲ့ ဘာသာရပ်ကို အပတ်တကုတ် လေ့လာဆည်းပူး အားထုတ်မှ ရတာ - နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး အပေါ်မှာ ပြောခဲ့သလို အတန်းချိန်ကိုရှောင် - ကျောင်းက ပုံမှန်မတက် - စာမေးပွဲကို နံကြားထောက် ကျက်ပြီး ဖြေဖို့ ကြိုးစားနေရင် Havard မှာပဲ သွားတက်ဦး ဖွတ်ပဲ ဖြစ်မှာပဲ 

ကိုယ်ပိုင် အရည်အချင်းဆိုတာ လူတိုင်း လူတိုင်းမှာ မွေးကတည်းပါလာပြီး အဲ့အရည်အချင်းဆိုတာ နိုင်ငံခြားမှာ ကျောင်းသွားတက်ရမှ ရနိုင်တာ မဟုတ်ဘူး - နိုင်ငံခြားမှာပဲ ကျောင်းတက်တက် - ကိုယ့်နိုင်ငံတွင်းမှာပဲ ဘွဲ့ရရ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာ တည်ဆောက်ခန့်ခွဲနိုင်တဲ့သူဆိုတာ တစ်ချိန်မှာ ထိပ်ကို ရောက်လာတာပဲ - ဒီအကြောင်းကို ကျွန်တော်ရေးနေပေမယ့် ကျွန်တော်လည်း ဘက်ပေါင်းစုံက ပြည့်စုံနေတဲ့သူ မဟုတ်သေးဘူး - ကျွန်တော်လည်း ခုထက်ထိ ကိုယ့်ကိုယ်ကိုယ် အခြေကျအောင် တည်ဆောက်နေရတုန်းပဲ - ဒီစာကို ရေးဖြစ်တဲ့ ရည်ရွယ်ချက်က ခုခေတ်လူငယ်တွေ နောက်တစ်ချိန်မှာ မိသားစုတည်ဆောက်ပြီး မျိုးဆက်တွေကို မြေတောင်မြှောက်ပေးကြမယ့် မိဘလောင်းတွေအတွက် ကိုယ်သိခဲ့တဲ့ အတွေ့အကြုံကို စာတစ်စောင်အဖြစ် လက်ဆင့်ကမ်းချင်တဲ့ သဘောပါပဲ - 

စိတ်မကောင်းမိတာ တစ်ခုက ခုခေတ်မှာ ( ၁၀ ) တန်းတက်နေတဲ့ ကလေးတွေကို မေးမေး - ကိုယ့်သားသမီး ( ၁၀ ) တန်းရောက်နေတဲ့ မိဘကိုပဲ မေးမေး - ( ၁၀ ) တန်းအောင်ရင် ဘာလုပ်မလဲပဲ ဖြစ်ဖြစ် - ကျောင်းပြီးရင် ဘာလုပ်မလဲပဲ ဖြစ်ဖြစ် မေးလိုက်မိရင် တတ်နိုင်တဲ့သူဆို နိုင်ငံခြားသွား ကျောင်းဆက်တက်မယ်နဲ့ - သာမန် မိသားစု တစ်ခုထဲကဆို နိုင်ငံခြားသွား အလုပ်လုပ်မယ် ဆိုတဲ့ အတွေးအခေါ်တွေပဲ ကြီးစိုးနေကြတော့တယ် - ဘယ်ကပြန်လာလဲဆို နိုင်ငံခြား - ဘယ်မှာ အလုပ်လုပ်လဲဆို နိုင်ငံခြား - ကျွန်တော် ပြောပြချင်တာ နိုင်ငံခြားဆိုတာ လက်ရှိ မီဒီယာတွေ ဖော်ပြနေသလိုမျိုး ဝင်ချင်တိုင်းဝင် - ထွက်ချင်တိုင်းထွက် - ကိုယ်လိုချင်သမျှ သင်ပေးမယ့် တိုင်းပြည် မဟုတ်ဘူး - နိုင်ငံခြားဆိုတာ ကိုယ့်မှာပညာမရှိ - အတွေးအခေါ်မရှိပဲ ရပ်တည်လို့ ကောင်းတဲ့ အရပ်ဒေသ မဟုတ်ဘူး - နိုင်ငံခြားက ကျုပ်တို့လူငယ်တွေကို လက်ခံနေတယ် ဆိုတာ သူတို့ ကိုယ်ကျိုးအတွက် ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လက်ခံနေတာ - ကျုပ်တို့ တော်နေ တတ်နေရင်သာ ကျုပ်တို့ကို နေရာပေးရင် ပေးထားမယ် - ကျုပ်တို့သာ ဘာစာမှ မတတ်ပဲ အမိှုက်ကောက်စားတဲ့ အလုပ်လုပ်ကြည့် - မြန်မာနိုင်ငံသားတစ်ယောက်အတွက် ပြည်ဝင်ခွင့်ကို လျောလျောရှုရှုနဲ့ လက်ခံမယ့် နိုင်ငံဆိုတာ မြန်မာနိုင်ငံက လွဲပြီး တစ်ခြား ဘယ်နိုင်ငံမှ မရှိဘူး - 


Photo from life.com

အဲ့တော့ ပြီးခဲ့တာတွေကို အတိတ်မှာ ချန်ထားပြီး ပစ္စုပ္ပန်ကို ကြည့်ရင် ကျွန်တော်တို့အတွက် စဉ်းစားစရာ နှစ်ခု ရှိလာတယ် -

( ၁ ) နိုင်ငံခြားထွက်မယ့် လူငယ်တွေ - နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေ စွမ်းဆောင်ရည်ရှိတဲ့ အရွယ်မှာ တစ်ချိန်လုံး သူများနိုင်ငံအတွက် လုပ်ပေးပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်ရောက်မှ မြန်မာနိုင်ငံ ပြန်လာကြတော့မှာလား ?? 

( ၂ ) ဒါမှမဟုတ် ခုကတည်းက နိုင်ငံရပ်ခြားမှာ ကိုယ်ပေးဆပ်လိုက်ရတဲ့ လူငယ်ဘဝအတွက် အချိန်ကို တန်ဖိုးရှိရှိနဲ့ မိမိဘဝ ရပ်တည်နိုင်ဖို့ ကြိုးစားပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်မတိုင်ခင် နိုင်ငံအတွက် မဟုတ်ရင်တောင် ကိုယ့် မြန်မာမျိုးဆက်အတွက် ကိုယ့်မြေကိုယ့်ရေပေါ်မှာ တစ်ချိန်က ကိုယ်မရခဲ့တဲ့ အခွင့်အလမ်း နဲ့ ဘဝရပ်တည်မှုကို အနာဂတ်မျိုးဆက်တွေအတွက် ရရှိနိုင်အောင် ကြိုးစားပေးခဲ့မလား ??

နိုင်ငံခြားထွက်ပြီး စာသင် - နိုင်ငံခြားမှာ အခြေချဖို့ ကြိုးစားပြီး - ကိုယ့်လူမျိုးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ မကြိုးစားကြပဲ အဆင်မပြေတိုင်း နိုင်ငံခြားထွက်ဖို့ချည်း နည်းမျိုးစုံနဲ့ တိုက်တွန်း နေကြမယ် ဆိုရင်တော့့ ကိုယ့်နိုင်ငံထဲမှာ နောက်ဆုံး သက်ကြီးရွယ်အို - မသန်မစွမ်း နဲ့ ဘိန်းစား အရက်သမားပဲ ကျန်ခဲ့လိမ့်တော့မယ် - လူဆိုတာ ဘယ်တော့မှ ငယ်မနေဘူး - ခုချိန်မှာ စွမ်းဆောင်နိုင်တဲ့ လူငယ်ဆိုတာ နောင်တစ်ချိန်မှာ စွမ်းဆောင်ရည် အားလုံးလျော့ကျသွားတဲ့ လူကြီးတွေ ဖြစ်လာမယ် - ခုချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ကိုယ် ခြေကုန်လက်ပမ်းကျချိန်မှာ တစ်ချိန်က ကိုယ်တည်ရှိခဲ့တဲ့  နေရာကို အစားထိုးလာကြမယ် - အဲ့လို သူတို့နေရာယူတဲ့ အချိန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ ကိုယ့်ထက် အများကြီး တော်နေဖို့ မြင့်မားနေဖို့လိုတယ် - ရှေ့မျိုးဆက်ရဲ့ စွမ်းဆောင်ရည်ကို နောက်မျိုးဆက်က ကျော်မတက်နိုင်တဲ့ နိုင်ငံဟာ အနာဂတ်မှာ နောက်ကောက်ကျရင်း ကျရင်း နဲ့ တတိယလိှုင်း ( Third Wave ) က ရုန်းမထွက်နိုင်တဲ့ နိုင်ငံ အဖြစ်ရှိနေခဲ့ဦးမှာပဲ - ခုချိန်မှာ ရှေ့ရေးအတွက် ကြိုတင်မပြင်ဆင်ပဲ ရေလိုက်ငါးလိုက်နေမယ်ဆိုရင် နောင်တစ်ချိန် ကိုယ့် အသက်အရွယ် ခြေကုန်လက်ပမ်းကျလို့ မီးစာကုန်ရေခမ်းဖို့ နီးစပ်လာတဲ့အခါ ကိုယ်ခေါင်းချမယ့် မြေဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ရှာတွေ့ နိုင်ပါလိမ့်မယ်လို့ ဘယ်သူမှအာမခံနိုင်မှာ မဟုတ်တော့သလို - ကမ္ဘာမှာ မြန်မာဟေ့ ဆိုတာလည်း ဘယ်တော့မှ ကြွေးကြော်ဖို့ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး -

အဲ့တော့ ရှေ့လျှောက် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ??


KznT.

Zawgyi-One for Google Chrome


ဒီနေ့တော့ တော်တော်ပျော်တယ် ပြောရမယ် - ညနေပိုင်း ဖိုရမ်ကို ဝင်တော့ ဒီနေရာမှာ ကိုဖိုးသားလေးနဲ့ ကိုsAnDViper တို့ Chrome မှာ ဖောင့် မပေါ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အခြေအတင် ဆွေးနွေးထားကြတာ တွေ့မိတယ် - အဲတာနဲ့ ကိုယ်သိထားတာလေး ဝင်ပြောပြီး ပြန်ထွက်လာလိုက်တယ် - ဒါပေမယ့် လူက သိပ်တော့ အစာမကျေဘူးဗျ - အစာမကျေဘူးဆိုတာ ကျွန်တော်လည်း Google chrome ကို သုံးလာတာ ကြာ ကြာလာလြှပီ - မြန်မာဖောင့် ဆိုတာ တစ်ချိန် Chrome စထုတ်စက ကောင်းကောင်းပေါ်ခဲ့ပြီး ခု version မြင့်မြင့်လာတော့မှ ကသောင်းကနင်းတွေ ဖြစ်ဖြစ်လာတော့ တော်တော်ခံပြင်းလွန်းတယ် - အဲ့ကတည်းက ငါ ဒီကောင်ကို ဘယ်လို ပြင်ရမလဲဆိုတာ နည်းမျိုးစုံနဲ့ လိုက်စမ်းဖူးတယ် - ခက်တာက ကျွန်တော် Programmer မဟုတ်ဘူးဗျ - ကွန်ပြူတာ ကျောင်းဆင်းလည်း မဟုတ်ဘူး - HTML တို့ CSS တို့ဆိုတာ blogger နဲ့ wordpress သုံးနေတာ မို့လို့သာ လေ့လာဖြစ်တာ လောက်ပဲရှိတယ် - ခုလည်း မြန်မာဖောင့်မပေါ်တဲ့ ပြဿနာ Chrome မှာ ဖြစ်လာတော့ CSS မှာ ငါပြင်ကြည့်ရင် ကောင်းမယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်လလောက်က အသည်းအသန်ကြိုးစားဖူးတယ် - ဒါပေမယ့်ဗျာ - ကိုယ်ကလည်း အဲ့လိုင်းမှ မဟုတ်တာ - ပြင်ချင်တာပဲ သိတယ် ဘယ်လိုရေးရမယ် မသိဘူး - ဒါပေမယ့် ဇွဲကတော့ မလျော့ဘူး - Chrome ရဲ့ custom.css ကို မတွေ့တွေ့အောင် ရှာပြီး ကြားဖူးနားဝတွေနဲ့ လိုက်သွင်းကြည့်တယ် - စမ်းတယ် - ဘယ်လိုမှ အဆင်မပြေဘူး - အဲတာနဲ့ လက်လျော့ထားလိုက်တယ် - ကိုယ်ကိုယ်တိုင်လည်း ပြင်မရေးတတ်ဘူးလေ - ကိုယ်သိတာက ဟိုနေရာ ဟိုဟာသွင်း - ဒီနေရာ ဒီဟာသွင်းဆိုတာလောက်ပဲ တတ်တာ  လက်လျော့တယ်ဆိုတာ နောက်ဆုတ်တာတော့ မဟုတ်ဘူး - တစ်ခုခု ဖြစ်နိုင်ချေ ရှိတာတွေ့ရင် ပြန်စမ်းမယ် ဆိုပြီး အားခဲထားတာ - 



အဲတာနဲ့ ဒီနေ့ ကိုဖိုးသားလေးနဲ့ ကိုsAnDViper တို့ Chrome မှာ ဖောင့် မပေါ်တဲ့ ကိစ္စ -သိသလောက်လေး ဝင်ရေးပေးပြီးတော့ စိတ်က နေရင်း ထိုင်ရင်း Safari ဘက် လှည့်သွားတယ် - အရင်က Safari သုံးဖူးတယ် - ခဏပဲ - သုံးနေရင်း နဲနဲ လေးသလို စိတ်ထဲ ထင်ထင်လာလို့ ဖြုတ်ဖြုတ်ချပစ်တာ - ဒီနေ့တော့ ထူးထူးခြားခြား ပြန်သုံးကြည့်ချင်နေတာနဲ့ တင်လိုက်တယ် - တင်ပြီး ပြဿနာ စတက်တော့တာပဲ - မြန်မာဖောင့် လုံးဝ မပေါ်ဘူး - ဘယ်လိုပြောင်းပြောင်းကို မပေါ်တာ - ဒါပေမယ့် ie က ယူသုံးနေတဲ့ ie.css ကို သတိရမိလို့ Advanced အောက်က Style-sheet: ကနေ ပြန်ညွှန်းကြည့်တယ် - အဲတာလည်း မရဘူး - အဲတာနဲ့ မရတော့ Google ဆီတက်ရှာတယ် - ကို Saturngod ဆီမှာ Safari with Zawgyi ဆိုပြီး တွေ့ခဲ့တယ် - သူပြောသလို လုပ်လိုက်တာ အဆင်ပြေသွားရော - 

အဲ့မှာ သဘောအကျကြီး ကျပြီး Safari သုံးနေတုန်း ဘာကို ဆင့်ပွား သွားတွေးမိလဲ ဆိုတော့ ကို Saturngod က Safari အတွက် zawgyi-safari.css ဆိုပြီးရေးတယ် - အဲ့တော့ သူရေးထားတဲ့ zawgyi-safari.css က Code က Chrome မှာပါတဲ့ Custom.css မှာ သုံးလို့ မရနိုင်ဘူးလား - ဒီလို ဆင့်ပွားအတွေး သွားတွေးမိတယ် - အရင်တည်းကလည်း Chrome မှာပါတဲ့ Custom.css ရှိတဲ့နေရာကို အခေါက်ခေါက် အခါခါ ဝင်နေကျဆိုတော့ အလွတ်မှတ်မိတယ် -

အဲတာနဲ့ ချက်ချင်း Windows Vista တင်ထားတဲ့ ကျွန်တော့် ကွန်ပြူတာက ( Windows 7 မှာလဲ ဒီ Directory ပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ) - ( Windows XP သမားများတော့ Directory လွဲနိုင်ပါတယ် ) ( အနီနဲ့ ပြထားတဲ့ user နေရာမှာတော့ နာမည်ပြောင်းသွားပါလိမ့်မယ် ) -

   C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\User StyleSheets

ထဲကို ဝင်ပြီး Custom.css ကိုဖွင့် - နောက် သူ့ထဲမှာ zawgyi-safari.css အတွက် ကို Saturngod ရေးထားတဲ့ အတိုင်း Copy > Paste လုပ်ပြီး Safe ပစ်လိုက်တယ် - 

သွင်းရမယ့် စာသားက ဒီကောင် -

* , html, body, div,p {font-family:Zawgyi-One !important;}



ဟောဗျာ - တကယ်ပါပဲ ကြည့်ကြည့်ပါဦး - Firefox မှာ မြင်နေရတဲ့ အတိုင်းပဲ - စာရိုက်ရတာ - စာဖတ်ရတာ - လုံးဝ ခြောက်ပစ်ကင်းပဲ - Gmail ထဲမှာ စာဝင်ရိုက်လိုက်သေးတယ် - ဘာအတုန်းမှလည်း အပေါ်တော့ဘူး - ဒီမှာပြောခဲ့သလို ဘာ font မှလည်း ရွေးပေးစရာ မလိုတော့ဘူး - ရိုက်ချင်သလိုရိုက် လှမလှပဲ -



ဘယ်သူတွေကို ကျေးဇူးတင်မိလဲ ဆိုတော့ ဒီမေးခွန်းကို စမေးပြီး ငြင်းခုံခဲ့ကြတဲ့ ကိုဖိုးသားလေးနဲ့ ကိုsAnDViper ကို အရင်ကျေးဇူးတင်မိတယ် ( သူတို့ မစခဲ့ရင် ကျွန်တော် ဒါကို ထပ်ကြိုးစား ဖြစ်ဦးမှာ မဟုတ်ဘူး ) - နောက် ကို Saturngod - Custom.css ထဲမှာ ထည့်ဖို့ code က zawgyi-safari.css အတွက် သူရေးထားတာ - ကျွန်တော်ကတော့ တောင်ရှာ မြောက်ရှာ ဟိုထည့် ဒီထည့်ပေါ့ - ဘာပဲ ပြောပြော Chrome သမားတွေ ခု ဖော်ပြချက်ကြောင့် အရင်ကထက် ပိုအဆင်ပြေသွားမယ်ဆို ပျော်မိမှာ အမှန်ပါပဲ -

အဆင်ပြေရင် အချင်းချင်း လက်တို့လိုက်ကြပါဦးဗျာ - ကျုပ်တို့ Firefox ကနေ Chrome ပြောင်းဖို့ သင့်တာ ကြာကြာလြှပီမလား - 

KznT.

Related Posts