Youth, Education and Culture

1 comment

Photo from eu2010.es

အဲ့တုန်းက -

( ၉ ) တန်းအောင်ပြီး ( ၁၀ ) တန်းနှစ် စတက်မယ်လုပ်တော့ ဝိုင်းခေါ်သင်တဲ့သူ Guide ဌားတဲ့သူတွေ ရှိပေမယ့် ကျွန်တော်တို့ ခေတ်က ဝိုင်း တို့ Guide တို့ ဆိုတာ အဲ့လောက်ကြီးထိ ခေတ်မစားသေးဘူး - ခေတ်စားခဲ့ရင်တောင် အဲ့လောက်ထိ ကျွန်တော်တို့ မိသားစု မတတ်နိုင်ဘူး - ကျွန်တော်တို့ မိသားစုက ဝင်ငွေနဲ့ ထွက်ငွေ ဘယ်တော့မှ ကာရန်မညီတဲ့ ဝန်ထမ်းမိသားစု - အဖေ သက်ရှိထင်ရှား ရှိပေမယ့် တာဝန်ကြောင့် ကျွန်တော်တို့ မိသားစု တစ်ကွဲတစ်ပြား ဖြစ်နေကြတယ် - ဘယ်မှာနေလဲ ဆို ရန်ကုန်လို့ ပြောဖြစ်ပေမယ့် တကယ်တော့ ကျွန်တော်နေခဲ့တာ ရန်ကုန်မြို့ရဲ့ အစွန်အဖျား ၁၉၉၅ ခုနှစ် အခြေအနေက ဒဂုံမြို့သစ်တောင်ပိုင်းမှာ - 

ဒဂုံတောင်ပိုင်းလို့ ဆိုလိုက်ရင် ခုခေတ် အခြေအနေမှာတောင် Taxi သမားတွေ လိုက်မပို့ချင်ကြဘူး - မြန်မာကားတွေ ကြည့်လိုက်လို့ ဆင်းဆင်းရဲရဲ အခြေခံ လူတန်းစားတွေကို ပြရင် ဒဂုံတောင်ပိုင်းမှာ နေတယ်လို့ နာမ်စားသုံးပြီး ပြောကြတယ် - ဟုတ်ပါတယ် - ကျွန်တော်တို့က အခြေခံ လူတန်းစားပါ - အဲ့တုန်းက ဒဂုံတောင်ပိုင်းမှာ ရှိတ့ဲ ကတ္တရာလမ်း ဆိုတာ လက်ချိုးရေလို့ ရတယ် - ဘယ်နေရာသွားသွား - ဂဝံလမ်း - မြေနီလမ်းနဲ့ လယ်ကွင်းတွေချည်းပဲ - ကျွန်တော်သွားတဲ့ ကျောင်းက အထက ( ၂ ) ဒဂုံမြို့သစ်တောင်ပိုင်း -

- သောက်ရေကန်ရှိတယ် - ဒါပေမယ့် မိုးရာသီမှာပဲ ရေပြည့်တယ် 
- အလံတိုင်ရှိတယ် - ဒါပေမယ့် ကြယ် ၁၄ လုံး မရှိဘူး 
- ကျောင်းအဝင်လမ်းက လွဲရင်ကျောင်းဝင်း တစ်ခုလုံးက ခါးဝက်လောက် ရှည်တဲ့ မြက်ပင်တွေချည်းပဲ 
- ယောကျာင်္းလေး မိန်းကလေး အိမ်သာခွဲထားပေးပေမယ့် တံခါးတွေက အလုပ်မလုပ်တော့ဘူး 
- မိုးရွာရင် မုန့်စားဈေးတန်းဆိုတာ မိုးခိုစရာ နေရာ မရှိဘူး 
- စာသင်ခန်းက မိုးရာသီရောက်ရင် မိုးယိုတာ မိုးပတ်တာတွေကြောင့် သံမံတလင်းမရှိတ့ဲ မြေကြီးသားက ဗွက်အရမ်းထပြီး ခြေထောက်တွေကို ထိုင်ခုံပေါ်တင်ပြီး စာသင်ကြရတယ်။

မနက်ဆို ၅ နာရီလောက်ထ ဘတ်စ်ကားတိုးစီးပြီး ဒဂုံတောင်ပိုင်းကနေ မြို့ထဲ ပန်းဆိုးတန်းမှာ ရှိတဲ့ ကျူရှင်ထိ ထမင်းဗူးနဲ့ ကျူရှင်တက်ရတယ် - ဘာလို့လည်းဆို အိမ်ပြန်စားဖို့ အချိန်မလောက်ဘူး - အပြင်မှာဝယ်စားဖို့ ပိုက်ဆံမရှိဘူး - နောက်ပြီး အဲ့အချိန်က ဒဂုံတောင်ပိုင်းကို နာမည်ရ ဘယ်ကျူရှင် ဆရာမှ စာလာမပြကြဘူး - ရန်ကုန်မြို့ထဲက လာရင် ခရီးလည်း အရမ်းဝေးသလို ခါးပိုက်နိှုက်နဲ့ လူဆိုးသူခိုးလည်း အလွန်ပေါတယ်လို့ ဒဂုံတောင်ပိုင်းက နာမည်ကြီးတယ် - အဲလိုနဲ့ နောက်ပိုင်း ကျောင်းတွေ ဖွင့်တော့ ဘာသာစုံ ကျူရှင်ယူဖို့ အမေပြောပေမယ့် အိမ်ရဲ့ အခြေအနေ ကြောင့် သိပ္ပံတွဲ တစ်ခုပဲ ကျူရှင်ယူပြီး ဝိဇ္ဇာတွဲကို ကိုယ့်ဘာသာ ကျက်ခဲ့တယ် - နေ့တိုင်း ကျောင်းတက်တယ် - ဘာလို့လည်း ဆို လူမှုရေး ဘာသာတွဲအတွက် မေးစရာ ဆရာ/ဆရာမ ဆိုတာ ကျွန်တော့်အတွက် ကျောင်းမှာပဲ ရှိတယ် - အဲ့တုန်းက ကျွန်တော်နားမလည်တဲ့ အပိုင်းတွေကို ကျောင်းမှာ အမြဲတမ်း စိတ်ရှည်ရှည် ရှင်းပြပေးတဲ့ ဆရာမ ရှိတယ် - ဆရာမ နာမည်က "ဒေါ်အေမီသန်း" - ဆရာမ အသင်အပြကောင်းလို့ ဝိုင်း ခေါ်သင်ကြတဲ့ သူတွေ ရှိပေမယ့် ဝိုင်း မတက်နိုင်တဲ့ ကျောင်းသားတွေ အတွက်လည်း ဆရာမက ကျောင်းမှာပဲ စာတွေ ရှင်းပြပေးတယ် - ဆရာမ ဘယ်မှာ ရှိနေဦးမယ်ဆိုတာ ကျွန်တော် မသိတော့ပေမယ့် ကျွန်တော် ဆရာမရဲ့ ကျေးဇူးတရားကို ကနေ့အထိ အမှတ်တရ ရှိနေဆဲပါ -

( ၁၀ ) တန်းအောင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် စက်မှုတက္ကသိုလ်ပဲ တက်ခဲ့တယ် - ဆေးကျောင်းဆိုတာ M.B.B.S လောက်နဲ့ ရပ်နေလို့ သင့်တာမျိုးမှ မဟုတ်တာ - သူ့နောက်မှာ M.Med.Sc ဆိုတာ ရှိတယ် - နောက် M.R.C.P - F.R.C.S - လိုက်လို့ မဆုံးနိုင်တဲ့ ဘွဲ့တွေနောက်မှာ ဒီမိသားစု အခြေအနေနဲ့ ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - တကယ်တော့ ဘွဲ့ဆိုတာ
ပန်းတိုင်တစ်ခုပဲ - ဆရာဝန် - အင်ဂျင်နီယာ - ကွန်ပြူတာ .... ဆိုတာတွေနဲ့ တစ်ခြားဘွဲ့ တွေဆိုတာ အမည်ခြားနား သွားတာက လွဲရင် လူတစ်ယောက်ရဲ့ တန်ဖိုးကို ပိုင်းဖြတ်လို့ ရတဲ့ အရာတွေ မဟုတ်ဘူး - လူတစ်ယောက်ဟာ ဘယ်လို ဘွဲ့မျိုး ရခဲ့သည်ပဲ ဖြစ်စေ ကိုယ်ရခဲ့တဲ့ ဘွဲ့ဟာ လက်တွေ့မှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အဖြစ် အသုံးချလို့ မရဘူးဆိုရင်တောင် အဲ့ဒီ ဘွဲ့ကို သုံးစားလို့ မရဘူးဆိုပြီး သတ်မှတ်ပစ်လို့ မရဘူး - ခုခေတ် လူငယ်တွေက အတွေးအခေါ်နဲ့ ခံယူချက်တွေ လွဲမှားနေကြတယ် - လူငယ်တွေတော်တော်များများက ဘွဲ့ တစ်ခုရဲ့ ဂုဏ်ပုဒ်ကို ကျောင်းပြီးလို့ လခကောင်းကောင်းနဲ့ အလုပ်ရရှိမှုပေါ် မူတည်ပြီး တိုင်းတာနေကြတယ် - တကယ်တော့ ဘွဲ့ ဆိုတာ လူတစ်ယောက်ရဲ့ -

( ၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း -
( ၂ ) ဆက်စပ် ချင့်ချိန်နိုင်စွမ်း နဲ့
( ၃ ) ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်မှု
 တွေကို ဆန်းစစ်မှတ်တမ်းတင်ပေးတဲ့ လက်မှတ်တစ်ခုပါ -

ကိုယ့်နိုင်ငံက အဘက်ဘက်က ဖွံ့ဖြိုးမှု အားနည်းနေသေးလို့ ရရှိတဲ့ ဘွဲ့နဲ့ လျှော်ညီအောင် လုပ်ငန်းခွင် ရပ်တည်နိုင်ခွင့် အာမခံချက် အပြည့်အဝ မပေးနိုင်သေးပေမယ့် ကျွန်တော်တို့ ကျောင်းတွေ တက္ကသိုလ် တွေက သင်ပေးခဲ့တဲ့ ပညာရပ်တွေမှာ ဘယ်နိုင်ငံကိုပဲ သွားသွား နောက်ကောက်မကျနိုင်တဲ့ တွေးခေါ် မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်းကို သင်ကြားပေးနိုင်တဲ့ အရည်အချင်းတော့ ရှိနေပါသေးတယ် -

ဒါကို လူငယ်တွေ သတိမထားမိကြဘူး - အောင်မြင်တဲ့ ပညာရေး စနစ်နဲ့ ဘဝရပ်တည်မှုကို နိုင်ငံခြားသွား ကျောင်းတက်မှ ရမယ် - အင်္ဂလိပ်လို သင်တဲ့ကျောင်းတက်မှ ဘဝရပ်တည်မှု ခိုင်မာတော့ မလို ထင်နေကြတယ် - နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ သင်ပေးနေတဲ့ ပညာရေးစနစ်က ကျွန်တော်တို့ သင်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေက ပညာရေး စနစ်ထက် အားသာချက်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် မငြင်းလိုပါဘူး - ဒါပေမယ့် သူတို့တွေနိုင်ငံမှာ ဘာကြောင့် အောင်မြင်တဲ့ ပညာရေး စနစ်ရှိနေသလဲ - ဒါကို ကျုပ်တို့ ထည့်စဉ်းစားဖို့ လိုတယ် - သူတို့နိုင်ငံမှာ ရှိနေတဲ့ အောင်မြင်တဲ့ ပညာရေး စနစ်ဆိုတာ နေ့ချင်း ညချင်း ဥုံဖွဆိုပြီး ရောက်လာတာ မဟုတ်ဘူး - သူတို့လည်း ဘာမှမအောင်မြင်တဲ့ ကျွန်တော်တို့လို အခြေခံအဆင့်ကနေ စခဲ့ရတာပဲ - အောင်မြင်တဲ့ ပညာရေးစနစ်ဆိုတာ သင်ကြားမှု ပြည့်စုံယုံ တစ်ခုတည်းနဲ့ မရဘူး - သင်ယူသူရဲ့ စိတ်ပါဝင်စားမှုနဲ့ လိုက်ပါလုပ်ဆောင်မှု အချိုးညီမှသာ အောင်မြင်တဲ့ ပညာရေးစနစ် တစ်ခု ရရှိနိုင်တယ် -

ပညာဆိုတာဟာ အရင် ကိုယ့်အရင်, အရင်က မွေးဖွားကြီးပြင်းခဲ့တဲ့သူတွေ ကြုံခဲ့ သိခဲ့ မှားခဲ့တာတွေကို စုစည်းမှတ်တမ်းတင်ပြီး သင်ရိုးတစ်ခုအဖြစ် ပုံသွင်းထားတာ - ဒါကို ဘက်ပေါင်းစုံကနေ သိအောင်တတ်အောင် မျှအောင် သင်ကြားနိုင်ဖို့ သင်ရိုးရေးဆွဲပြီး အချိန်နဲ့ စနစ်တကျ သင်ကြားစေခဲ့ရာ ကနေ ပညာရေးစနစ်ဆိုတာ ပေါ်ပေါက်လာတယ် - ပညာဘာလို့ သင်ရသလဲ - နေရာတိုင်းမှာ ပညာတတ်ကို ဘာကြောင့် ဦးစားပေးရွေးချယ်သလဲဆိုတော့ ပညာတတ်ဆိုတာ အမှားတစ်ခုကို ကိုယ်တိုင်မှားယွင်းပြီးမှ သင်ခန်းစာယူစရာ မလိုပဲ - တစ်ခြား သူတစ်ယောက်ရဲ့ အတွေ့အကြုံကို ကြည့်ပြီး ရှောင်ရှားနိုင်တယ် - အမှန်အမှားကို လက်တွေ့ဘဝနယ်ပယ် မဝင်ခင်တည်းက စာတွေ့သိခဲ့ ပြီးသားမို့လို့ လက်တွေ့ လုပ်ငန်းခွင် ဝင်ရောက်တဲ့ အချိန်မှာ လုပ်ဆောင်ချက် တစ်ခုကို အစပျိုး လိုက်တာနဲ့ မှားနိုင်သလား မှန်သလား - မှားမှန်းသိလျက်နဲ့ ဆက်လုပ်မယ် ဆိုရင်တောင် ဘယ်လို အကျိုးအပြစ် ရမယ် - ဒါကို ငါဘယ်လို ရင်ဆိုင်မယ် ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည် ရှိကြတယ် - ဒီစွမ်းရည်တွေက ပညာတတ်နဲ့ ပညာမဲ့ ( ဘွဲ့ရပေမယ့် ပညာမတတ်ခဲ့တဲ့သူ ) ကြားမှာ အဓိက ကွာခြားသွားတဲ့ အချက်ပဲ - 

ပညာသင်ယူရခြင်းရဲ့ အနှစ်သာရကို တက္ကသိုလ် ရောက်လာခဲ့တဲ့တိုင်အောင် ဘာကြောင့် စာသင်နေကြရသလဲ ဆိုတာ လူငယ်တွေ ဂဃနဏ မသိတော့ တက္ကသိုလ် တစ်ခုရဲ့ ပညာရေးစနစ်က နဂို အားနည်းနေတဲ့ အခြေခံမှာ နားမလည်တာပေါင်းပြီး ပို ပုံပျက်သွားတယ် - ကိုယ်တက်တဲ့ တက္ကသိုလ်ဟာ အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေးနေတဲ့ တက္ကသိုလ် မဟုတ်တော့ရင် လူငယ်တွေရဲ့ စိတ်က အလိုလိုနေရင်း ကိုယ်ယူရမယ့် ဘွဲ့ကို တန်ဖိုးမထားကြတော့ဘူး - အတန်းချိန်တွေကို ရှောင်တယ် - Practical ချိန်တွေကို လူစားထိုးတယ် - စာမေးပွဲ နီးရင် နီးစပ်ရာ နီးစပ်ရာ အဆင်ပြေသလို လုပ်ပြီး တစ်နှစ်တစ်တန်း ပုံမှန် အောင်ဖို့ကိုပဲ အားထားကြတော့တယ် - စာမေးပွဲတွေ ပုံမှန် အောင်ပြီး ဘွဲ့တွေ ရသွားကြတာပဲရှိတယ် - အပေါ်မှာ ပြောခဲ့တဲ့ သင်ရိုးတစ်ခုကနေ သင်ကြားပေးတဲ့ ဆက်စပ်တွေးခေါ်မှု Concept ကို ရမသွားခဲ့ကြဘူး - အဲ့တော့ အနှစ်ချုပ်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ကျောင်းပြီးလို့ ပညာစုံသွားတယ်သာ ဆိုတယ် တက္ကသိုလ် တစ်ခုက အဓိက ပေးချင်တဲ့ ( ၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ( ၂ ) ဆက်စပ် ချင့်ချိန်နိုင်စွမ်းကို ကျောင်းသားလူငယ်တွေ မရခဲ့ကြသလို ( ၃ ) ကဏ္ဍအလိုက် ကျွမ်းကျင် တတ်မြောက်မှု ကိုလည်း မရရှိခဲ့ကြဘူး - ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်မှု ဆိုတာ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှု တစ်ချို့နဲ့ သင်ထောက်ကူ ပစ္စည်း မပြည့်စုံနိုင်မှုကြောင့် ပြည့်ဝတဲ့ ကျွမ်းကျင်မှု မရရှိခဲ့သေးဘူး ဆိုရင်တောင် လုပ်ငန်းခွင်ရောက်ရင် ပြန်လည်လေ့လာယူလို့ ရနိုင်ပြီး - တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်း မရခဲ့တာကျတော့ လုပ်ငန်းခွင်ဝင်တဲ့ အချိန် - လူအများနဲ့ ပေါင်းသင်းဆက်ဆံ ပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့ အချိန်မှာ အရမ်းကို စကားပြောသွားပြီ - ဘွဲ့ရထားပေမယ့် တွေးခေါ်မျှော်မြင်နိုင်စွမ်း - ဆက်စပ်ချင့်ချိန်နိုင်စွမ်းကို ပညာကနေ မရခဲ့တော့ တစ်ခုခုကို အထက်က ခိုင်းလိုက်ရင် ပိုကောင်းအောင် လုပ်ဖို့နေနေသာသာ အမှားကင်းအောင်ကို မနည်းကြိုးစားလာကြရတယ် - ဘာလို့လည်းဆိုတော့ ပညာကမရခဲ့တဲ့ အမှားအမှန် ဆန်းစစ်ပိုင်းခြားမှုနဲ့ တွေးခေါ်မျှော်မြင် နိုင်စွမ်းကို လုပ်ငန်းခွင်ရောက်မှ ကိုယ်တိုင်မှားပြီး သင်ခန်းစာတစ်ခုအဖြစ် သင်ယူနေကြရလို့ပဲ -

ဒီလို လူငယ်တွေ နိုင်ငံခြားထွက်တော့လည်း သူများနိုင်ငံမှာ တစ်ခုခုလုပ်တိုင်း အမှားနဲ့ မကင်းလို့ အထက်က မကြည်ဖြူ - lvl တူချင်း ဆိုရင်တောင် ကိုယ့်ရခ့ဲတဲ့ ပညာရပ်က အတွေ့အကြုံဆိုတာ သူတို့တွေထက် အများကြီးနိမ့်သွားလို့ လုပ်ငန်းခွင်မှာ အနှိမ်ခံရနဲ့ - နောက်ဆုံး မကျေနပ်ချက်က ဘယ်လိုရောက်သွားလဲဆို အင်တာနက်ထဲက လူမှုဆက်ဆံရေး ကွန်ယက်တွေ - နိုင်ငံရေး ဆိုဒ်တွေ ... စသဖြင့် ရောက်သွား - အဲ့မှာ စိတ်ထဲအခန့်မသင့်တာနဲ့ တွေ့ရင် မှားတာဆိုလည်း ဆဲ - မှန်တာ ဆိုလည်း ဆဲ နဲ့ စိတ်ထွက်ပေါက် တစ်ခု ရှာနေကြတဲ့ လူငယ်တွေ ဖြစ်လာကြတယ် - တွေးခေါ်မျှော်မြင် နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်း ဆိုတာတွေက ဘယ်နိုင်ငံက ဘယ်ကျောင်းသွားသင်သင် ကိုယ်ကိုယ်တိုင်က ကိုယ်သင်ယူရတဲ့ ဘာသာရပ်ကို အပတ်တကုတ် လေ့လာဆည်းပူး အားထုတ်မှ ရတာ - နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး အပေါ်မှာ ပြောခဲ့သလို အတန်းချိန်ကိုရှောင် - ကျောင်းက ပုံမှန်မတက် - စာမေးပွဲကို နံကြားထောက် ကျက်ပြီး ဖြေဖို့ ကြိုးစားနေရင် Havard မှာပဲ သွားတက်ဦး ဖွတ်ပဲ ဖြစ်မှာပဲ 

ကိုယ်ပိုင် အရည်အချင်းဆိုတာ လူတိုင်း လူတိုင်းမှာ မွေးကတည်းပါလာပြီး အဲ့အရည်အချင်းဆိုတာ နိုင်ငံခြားမှာ ကျောင်းသွားတက်ရမှ ရနိုင်တာ မဟုတ်ဘူး - နိုင်ငံခြားမှာပဲ ကျောင်းတက်တက် - ကိုယ့်နိုင်ငံတွင်းမှာပဲ ဘွဲ့ရရ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာ တည်ဆောက်ခန့်ခွဲနိုင်တဲ့သူဆိုတာ တစ်ချိန်မှာ ထိပ်ကို ရောက်လာတာပဲ - ဒီအကြောင်းကို ကျွန်တော်ရေးနေပေမယ့် ကျွန်တော်လည်း ဘက်ပေါင်းစုံက ပြည့်စုံနေတဲ့သူ မဟုတ်သေးဘူး - ကျွန်တော်လည်း ခုထက်ထိ ကိုယ့်ကိုယ်ကိုယ် အခြေကျအောင် တည်ဆောက်နေရတုန်းပဲ - ဒီစာကို ရေးဖြစ်တဲ့ ရည်ရွယ်ချက်က ခုခေတ်လူငယ်တွေ နောက်တစ်ချိန်မှာ မိသားစုတည်ဆောက်ပြီး မျိုးဆက်တွေကို မြေတောင်မြှောက်ပေးကြမယ့် မိဘလောင်းတွေအတွက် ကိုယ်သိခဲ့တဲ့ အတွေ့အကြုံကို စာတစ်စောင်အဖြစ် လက်ဆင့်ကမ်းချင်တဲ့ သဘောပါပဲ - 

စိတ်မကောင်းမိတာ တစ်ခုက ခုခေတ်မှာ ( ၁၀ ) တန်းတက်နေတဲ့ ကလေးတွေကို မေးမေး - ကိုယ့်သားသမီး ( ၁၀ ) တန်းရောက်နေတဲ့ မိဘကိုပဲ မေးမေး - ( ၁၀ ) တန်းအောင်ရင် ဘာလုပ်မလဲပဲ ဖြစ်ဖြစ် - ကျောင်းပြီးရင် ဘာလုပ်မလဲပဲ ဖြစ်ဖြစ် မေးလိုက်မိရင် တတ်နိုင်တဲ့သူဆို နိုင်ငံခြားသွား ကျောင်းဆက်တက်မယ်နဲ့ - သာမန် မိသားစု တစ်ခုထဲကဆို နိုင်ငံခြားသွား အလုပ်လုပ်မယ် ဆိုတဲ့ အတွေးအခေါ်တွေပဲ ကြီးစိုးနေကြတော့တယ် - ဘယ်ကပြန်လာလဲဆို နိုင်ငံခြား - ဘယ်မှာ အလုပ်လုပ်လဲဆို နိုင်ငံခြား - ကျွန်တော် ပြောပြချင်တာ နိုင်ငံခြားဆိုတာ လက်ရှိ မီဒီယာတွေ ဖော်ပြနေသလိုမျိုး ဝင်ချင်တိုင်းဝင် - ထွက်ချင်တိုင်းထွက် - ကိုယ်လိုချင်သမျှ သင်ပေးမယ့် တိုင်းပြည် မဟုတ်ဘူး - နိုင်ငံခြားဆိုတာ ကိုယ့်မှာပညာမရှိ - အတွေးအခေါ်မရှိပဲ ရပ်တည်လို့ ကောင်းတဲ့ အရပ်ဒေသ မဟုတ်ဘူး - နိုင်ငံခြားက ကျုပ်တို့လူငယ်တွေကို လက်ခံနေတယ် ဆိုတာ သူတို့ ကိုယ်ကျိုးအတွက် ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လက်ခံနေတာ - ကျုပ်တို့ တော်နေ တတ်နေရင်သာ ကျုပ်တို့ကို နေရာပေးရင် ပေးထားမယ် - ကျုပ်တို့သာ ဘာစာမှ မတတ်ပဲ အမိှုက်ကောက်စားတဲ့ အလုပ်လုပ်ကြည့် - မြန်မာနိုင်ငံသားတစ်ယောက်အတွက် ပြည်ဝင်ခွင့်ကို လျောလျောရှုရှုနဲ့ လက်ခံမယ့် နိုင်ငံဆိုတာ မြန်မာနိုင်ငံက လွဲပြီး တစ်ခြား ဘယ်နိုင်ငံမှ မရှိဘူး - 


Photo from life.com

အဲ့တော့ ပြီးခဲ့တာတွေကို အတိတ်မှာ ချန်ထားပြီး ပစ္စုပ္ပန်ကို ကြည့်ရင် ကျွန်တော်တို့အတွက် စဉ်းစားစရာ နှစ်ခု ရှိလာတယ် -

( ၁ ) နိုင်ငံခြားထွက်မယ့် လူငယ်တွေ - နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေ စွမ်းဆောင်ရည်ရှိတဲ့ အရွယ်မှာ တစ်ချိန်လုံး သူများနိုင်ငံအတွက် လုပ်ပေးပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်ရောက်မှ မြန်မာနိုင်ငံ ပြန်လာကြတော့မှာလား ?? 

( ၂ ) ဒါမှမဟုတ် ခုကတည်းက နိုင်ငံရပ်ခြားမှာ ကိုယ်ပေးဆပ်လိုက်ရတဲ့ လူငယ်ဘဝအတွက် အချိန်ကို တန်ဖိုးရှိရှိနဲ့ မိမိဘဝ ရပ်တည်နိုင်ဖို့ ကြိုးစားပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်မတိုင်ခင် နိုင်ငံအတွက် မဟုတ်ရင်တောင် ကိုယ့် မြန်မာမျိုးဆက်အတွက် ကိုယ့်မြေကိုယ့်ရေပေါ်မှာ တစ်ချိန်က ကိုယ်မရခဲ့တဲ့ အခွင့်အလမ်း နဲ့ ဘဝရပ်တည်မှုကို အနာဂတ်မျိုးဆက်တွေအတွက် ရရှိနိုင်အောင် ကြိုးစားပေးခဲ့မလား ??

နိုင်ငံခြားထွက်ပြီး စာသင် - နိုင်ငံခြားမှာ အခြေချဖို့ ကြိုးစားပြီး - ကိုယ့်လူမျိုးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ မကြိုးစားကြပဲ အဆင်မပြေတိုင်း နိုင်ငံခြားထွက်ဖို့ချည်း နည်းမျိုးစုံနဲ့ တိုက်တွန်း နေကြမယ် ဆိုရင်တော့့ ကိုယ့်နိုင်ငံထဲမှာ နောက်ဆုံး သက်ကြီးရွယ်အို - မသန်မစွမ်း နဲ့ ဘိန်းစား အရက်သမားပဲ ကျန်ခဲ့လိမ့်တော့မယ် - လူဆိုတာ ဘယ်တော့မှ ငယ်မနေဘူး - ခုချိန်မှာ စွမ်းဆောင်နိုင်တဲ့ လူငယ်ဆိုတာ နောင်တစ်ချိန်မှာ စွမ်းဆောင်ရည် အားလုံးလျော့ကျသွားတဲ့ လူကြီးတွေ ဖြစ်လာမယ် - ခုချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ကိုယ် ခြေကုန်လက်ပမ်းကျချိန်မှာ တစ်ချိန်က ကိုယ်တည်ရှိခဲ့တဲ့  နေရာကို အစားထိုးလာကြမယ် - အဲ့လို သူတို့နေရာယူတဲ့ အချိန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ ကိုယ့်ထက် အများကြီး တော်နေဖို့ မြင့်မားနေဖို့လိုတယ် - ရှေ့မျိုးဆက်ရဲ့ စွမ်းဆောင်ရည်ကို နောက်မျိုးဆက်က ကျော်မတက်နိုင်တဲ့ နိုင်ငံဟာ အနာဂတ်မှာ နောက်ကောက်ကျရင်း ကျရင်း နဲ့ တတိယလိှုင်း ( Third Wave ) က ရုန်းမထွက်နိုင်တဲ့ နိုင်ငံ အဖြစ်ရှိနေခဲ့ဦးမှာပဲ - ခုချိန်မှာ ရှေ့ရေးအတွက် ကြိုတင်မပြင်ဆင်ပဲ ရေလိုက်ငါးလိုက်နေမယ်ဆိုရင် နောင်တစ်ချိန် ကိုယ့် အသက်အရွယ် ခြေကုန်လက်ပမ်းကျလို့ မီးစာကုန်ရေခမ်းဖို့ နီးစပ်လာတဲ့အခါ ကိုယ်ခေါင်းချမယ့် မြေဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ရှာတွေ့ နိုင်ပါလိမ့်မယ်လို့ ဘယ်သူမှအာမခံနိုင်မှာ မဟုတ်တော့သလို - ကမ္ဘာမှာ မြန်မာဟေ့ ဆိုတာလည်း ဘယ်တော့မှ ကြွေးကြော်ဖို့ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး -

အဲ့တော့ ရှေ့လျှောက် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ??


KznT.

1 comment:

  1. ဒီလိုအတွေးခေါ်တွေ လူတိုင်းလူတိုင်းမှာရှိသင့်တယ်..။

    ReplyDelete

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts