List of common misconceptions

Leave a Comment
၁၀ စုနှစ် တစ်နှစ်ကို ကျော်ဖြတ်ပြီးခဲ့တဲ့ Wikipedia ဟာ ခု ၂၀၁၀ ကုန်ပိုင်းက Wikipedia ကို ဝင်လိုက်ရင် ခေါင်းစီးမှာတွေ့တွေ့နေခဲ့ရတဲ့ Wikipedia Founder - Jimmy Wales ရဲ့ မေတ္တာရပ်ခံချက်ကနေ အမေရိကန် ဒေါ်လာ $16 million ထိ အလှူငွေအဖြစ် လက်ခံ ရရှိခဲ့ပါတယ် - ဒီ သတင်းကို ကြားရတော့ ဝမ်းလည်းသာမိသလို ကျေလည်းကျေနပ်မိတယ် - ရယူလိုစိတ် အလျင်းမရှိပဲ ပေးဆပ်ချင်တဲ့ မေတ္တာတရားဆိုတာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူမျိုးခြား - ဘာသာခြား - ပညာမဲ့ - ပညာရှိ - ဥစ္စာရှိ - ဥစ္စာမဲ့ လူတန်းစား အားလုံးရဲ့ အတွင်းစိတ်ကို အောင်နိုင်စေတဲ့ တစ်ခုတည်းသော လက်နက်ပဲဆိုတာ ကျွန်တော် အကျွင်းမဲ့ ယုံကြည်မိပါတယ် -

Wikipedia အကြောင်းပြောရင် ကုန်နိုင်မယ် မထင်ဘူး - ခုလည်း သိခဲ့တာလေး တစ်ခု ပြောစရာ ရှိလာလို့ တစ်ခြား ရေးလက်စ အကြောင်းအရာတွေ မပြီးသေးခင် ဒီအကြောင်းကို ရေးဖြစ်ခဲ့ပါတယ် - Wikipedia မှာ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်တွေကို ခေါင်းစဉ်ခွဲတွေ အဖြစ် သီးခြားဆက်စပ် ဖော်ပြထားတာတွေ ရှိသလို - ကဏ္ဍတစ်ခုချင်းဆီ အလိုက် အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းချက်တွေ - နိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြချက်တွေ ရှိနေတယ် ဆိုတာ Wikipedia လေ့လာသူတိုင်း သတိထားမိကြမှာပါ -

ခုလည်း အားလုံးထဲကမှ ကျွန်တော် အကြိုက်ဆုံး စာမျက်နှာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ် -အဲတာကတော့ နေ့စဉ်ကမ္ဘာမှာ ကျွန်တော်တို့ ဖြတ်သန်းရင်း ကြုံတွေ့သိရှိခဲ့ပြီး ခုချိန်ထိ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ မရေရာသေးတဲ့ ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲ ဆိုတာ အကြောင်းအရာတစ်ခု ချင်းစီအလိုက် ရှင်းလင်း ဖွင့်ဆို ပြသထားတဲ့ - မှားယွင်းနေသော ယုံကြည်မှုများ အကြောင်းဆိုတဲ့ စာမျက်နှာ ဖြစ်ပါတယ် - သူကတော့ အင်္ဂလိပ်လို List of common misconceptions လို့ ရေးပါတယ် - ကျွန်တော်ကတော့ အပြည့်ဘာသာ မပြန်ပဲ မြန်မာစာကို မြန်မာလို နားလည်အောင် ရေးပါတယ်

မှားယွင်းနေသော ယုံကြည်မှုများ 

ခု ကျွန်တော်ဖော်ပြမယ့် မှားယွင်းနေသော ယုံကြည်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အကြောင်းအရာတွေဟာ တစ်ချိန်က ကျွန်တော်တို့ လေ့လာခဲ့ - ကြားသိခဲ့တဲ့ စာအုပ် စာပေတွေထဲက ကျွန်တော်တို့ မှားမှန်းမသိ လက်ခံနေခဲ့တဲ့ Ideas တွေကို ဘယ်ဟာမှားတယ် - ဘယ်ဟာမှန်တယ် ဆိုတာ မြင်သာအောင် ဖွင့်ဆို ရှင်းပြထားတဲ့ စာမျက်နှာဖြစ်ပြီး ကျွန်တော်ခုဖော်ပြသွားမှာ အဲ့ဒီ့ ဖော်ပြချက်တွေထဲက ကောက်နှုတ်ချက် တစ်ချို့ ဖြစ်ပါတယ် -

ကောက်နှုတ်ချက် ( ၁ ) - ပထမဆုံး ကောက်နှုတ်ချက်ကတော့ နပိုလီယံ အကြောင်းပါ - Napoleon Bonaparte ( နပိုလီယံ ဘိုနာပတ် ) က အရပ် မပုပါဘူး - ၁၈၂၁ ခုနှစ်က သူသေတော့ သူ့အရပ်ကို ပြင်သစ်စံညွှန်း အတိုင်းအတာ နဲ့ တိုင်းတာရာမှာ သူ့ အရပ်က ( ၅ ) ပေ ( ၂ ) လက်မ ရှိတယ် ဆိုပေမယ့် International စံညွှန်း နဲ့ ပြန်နိှုင်းယှဉ်ကြည့်ရင် ( ၅ ) ပေနဲ့ ( ၆.၅ ) လက်မ ( 1.686 metres ) ရှိပါတယ် - ဒီအရပ်ဟာ ပုတယ်လို့ ပြောလို့ မရပါဘူး -


ကောက်နှုတ်ချက် ( ၂ ) - ဒုတိယ ကောက်နှုတ်ချက်ကတော့ ရာသီဥတု ပြောင်းလဲရခြင်း အကြောင်းပါ - ရာသီဥတုတွေ ပေါ်ပေါက်လာရခြင်းဟာ ကမ္ဘာက နွေဥတုမှာ ဆောင်းဥတုထက်ပိုပြီး နေနဲ့ပိုနီးသွားလို့ပါ ဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး - တကယ်တော့ ကမ္ဘာ့မြောက်ခြမ်းမှာ နွေရာသီကျရောက်နေတဲ့ အချိန်မှာတောင် ကမ္ဘာက နေနဲ့ ဝေးနေတဲ့ အနေအထားမှာ ရှိနေပါတယ် - ရာသီဥတုတွေ ပေါ်ပေါက်လာရတဲ့ အထိက အကြောင်းအရင်းဟာ ကမ္ဘာက 23.5 degrees စောင်းနေတဲ့ ဝင်ရိုးပေါ်မှာ လည်ပတ်နေတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ - နေပတ်လမ်းကြောင်းကို လိုက်ပြီး ကမ္ဘာ နေရာ အသီးသီးကလည်း နေရောင် တိုက်ရိုက်ရရှိမှု ကွာခြားသွားကြပါတယ် -

ကောက်နှုတ်ချက် ( ၃ ) - တတိယ ကောက်နှုတ်ချက်ကတော့ အမွှေးအမျှင် ရိတ်တာနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆမှားတစ်ခု အကြောင်းပါ - အမွှေးအမျှင်တွေကို ရိတ်ရင် ပြန်ပေါက်တဲ့ အခါ ပိုပြီး နက်လာမယ် - သန်လာမယ် - ကြမ်းလာမယ် ဆိုတာ မဟုတ်ပါဘူး - ဒီလိုယုံကြည်ချက် ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အမွှေးအမျှင်တွေ ရိတ်တဲ့အခါ သေသေချာချာ ပြောင်စင်အောင် အစွန်းအစပါ မကျန် မရိတ်ခဲ့မိလို့ ဖြစ်ပါတယ် - ဒါ့ကြောင့် ပြန်ပေါက်လာတဲ့ အခါ အရင် ရိတ်တုန်းက ကျန်ခဲ့ပြီး မညီမညာ ထွက်လာတဲ့ ထိပ်ဆုံးအနားစက ပိုကြီး - ပိုထူ- ပိုကြမ်းသလို ထင်နေကြရတာပါ -

ကောက်နှုတ်ချက် ( ၄ ) - စတုတ္ထ ကောက်နှုတ်ချက်ကတော့ Gyroscopic forces နဲ့ ပတ်သတ်တဲ့ အယူအဆပါ - စက်ဘီးစီးတဲ့ အခါ စက်ဘီး တစ်စီးကို ငြိမ်အောင်ထိန်းဖို့ အတွက် Gyroscopic forces ဆိုတာ မလိုအပ်ပါဘူး - စက်ဘီး တစ်စီးရဲ့ stability ဖြစ်မှု မဖြစ်မှုကို အဆုံးအဖြတ်ပေးတာ - Inertia, Steering geometry နဲ့ စက်ဘီးစီးသူရဲ့ Steering အပေါ် ကျွမ်းကျင်စွာ ထိန်းသိမ်းတတ်မှု အပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ပါတယ် -


ကောက်နှုတ်ချက် ( ၅ ) - ပဥ္စမမြောက် ကောက်နှုတ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းနဲ့ ပတ်သတ်တဲ့ အချက်တစ်ခုပါ - တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းက လပေါ်က ကြည့်မယ်ဆိုရင် လူသားတွေဖန်တီးပြုလုပ်ချက်တွေထဲက တစ်ခုတည်းသော မြင်ရတဲ့ အရာဆိုတဲ့ အချက်ဟာ မှားယွင်းပါတယ် - Apollo နဲ့ အတူ လကမ္ဘာပေါ်ကို လိုက်ပါ ပျံသန်းသွားကြတဲ့ ဘယ် အာကာသယာဉ်မှုးမှ လပေါ်ကနေပြီး ကမ္ဘာကိုကြည့်တဲ့ အချိန် လူသားတွေ လုပ်ထားတဲ့ အရာ တွေ့မိတယ်ဆိုတာမျိုး မရှိခဲ့ဖူးသလို - ကမ္ဘာပတ်ပျံသန်းရုံလောက် ပျံသန်းလိုက်ပါကြတဲ့ အာကာသယာဉ်မှုးတွေတောင် မဟာတံတိုင်းကို တွေ့တယ်ဆိုယုံလောက်လေးပဲ ရှိခဲ့ကြပါတယ် -


ကောက်နှုတ်ချက် ( ၆ ) - ဆဌမမြောက် ကောက်နှုတ်ချက်ကတော့ Aerodynamic နဲ့ပိုပြီး သက်ဆိုင်ပါတယ် - ဒီအကြောင်းကို ကျွန်တော် 4th year - Fluid Mechanics မှာတုန်းက သင်ခဲ့ရဖူးတယ် - အကြောင်းက လေယာဉ်တောင်ပံရဲ့ အထက်နဲ့ အောက်ကို ဖြတ်ပြီး သွားတဲ့ Upper Streamline နဲ့ Lower Streamline က Airflow နှစ်ခုရဲ့ time travel ဟာ တူညီတယ် ဆိုတဲ့ သဘောတရားဟာ မမှန်ပါဘူး - Textbooks တော်တော်များများနဲ့ Non-technical reference books တော်တော်များများက အောက်ဖော်ပြချက် အတိုင်း သဘောတရားကို လွဲမှားပြီး ဖော်ပြနေတာ ရှိပါတယ် -


အမှန်က လေယာဉ်တောင်ပံရဲ့ အပေါ်ဘက် မျက်နှာပြင်မှာ ဖြတ်စီးတဲ့ Airflow ဟာ တောင်ပံအောက်က Airflow ထက် အမြဲ ပိုပြီး မြန်ပါတယ် - ပုံသဏ္ဍန် အမှန်က အောက်ဖော်ပြပါ အတိုင်းပါ -


ကောက်နှုတ်ချက် ( ရ ) - သတ္တမမြောက် ကောက်နှုတ်ချက် ကတော့ ကြွက်နို့နဲ့ ပတ်သတ်တဲ့ အယူအဆပါ - လူ့ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ဆိုတာ ဖားတို့ တစ်ခြား တိရစ္ဆာန် တစ်ကောင်ကောင် ဆီကနေ ကူးစက်လာတာ မဟုတ်ပါဘူး - ကြွက်နို့ ဖြစ်ရခြင်းဟာ human papillomavirus လို့ ခေါ်တဲ့ papillomavirus အမျိုးအနွယ်ဝင် virus တစ်မျိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ် -

ဒီအကြောင်းအရာလေးတွေက ကျွန်တော် ဖတ်မိတာတွေထဲကနေ ထုတ်နှုတ်ပြီး ဝေမျှ ပေးတာပါ - တစ်ခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း List of common misconceptions အောက်မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ် -

Photos from Wikipediarangs.co.ukshinysquirrel.typepad.com

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts