Ubuntu & Software Management

Leave a Comment
ဘယ်အချိန်ထိ ရေးနိုင်လိမ့်ဦးမယ်တော့ ကျွန်တော် မသိဘူး - ဒါပေမယ့် အဲ့အချိန် မရောက်သေးခင်ထိ ကျွန်တော် စာတွေ ရေးနေချင်သေးတယ် - Ubuntu နဲ့ ပတ်သတ်ပြီး နဲနဲလေး နားထားတာ ကြာသွားပြီ - ဒီနေ့တော့ OS တစ်ခုကို အခြေခံကျကျလေ့လာ ရာမှာ လေ့လာသူ တစ်ယောက် အတွက် မဖြစ်မနေ လိုအပ်မယ့် အကြောင်းအရာ တစ်ခုအကြောင်း ဖြေးဖြေးချင်း ရေးသွားဖို့ စိတ်ကူး ထားပါတယ် - တစ်နေ့တည်းနဲ့ အများကြီး ရေးဖို့ မတတ်နိုင်ပေမယ့် အရင်လို ဖြေးဖြေးချင်း ပေါင်းရေး သွားပြီး နောက်ဆုံးမှာ ရည်မှန်းချက် တစ်ခုကို ဆုပ်ကိုင်မိမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် -

အကြောင်းအရာကတော့ Ubuntu သုံးစွဲသူတိုင်းအတွက် မဖြစ်မနေ သိထားဖို့ လိုအပ်မယ့် - Software Management ( Software များ စီမံခန့်ခွဲမှု ) အကြောင်းပါ - ကျွန်တော် Software တွေအကြောင်းနဲ့ ပတ်သတ်ပြီး Ubuntu စရေးခဲ့ ကတည်းက အသုံးပြုသင့်တဲ့ Software တွေအကြောင်း တော်တော်များများ မိတ်ဆက်ခဲ့ပေး ပြီးပါပြီ - ဘာကြောင့် Software တွေ အကြောင်းကို အဓိက ဦးစားပေး ရေးနေရသလဲ ?? OS တစ်ခုဟာ ဘယ်လောက် ကောင်းပါတယ်ဆိုဆို အရည်အသွေးကောင်းပြီး တန်ဖိုးရှိတဲ့ Software တွေကို စနစ်တကျ စီမံခန့်ခွဲပြီး မသုံးစွဲတတ်ရင် ဆားမပါတဲ့ ဟင်းကို - မကျက်တကျက် ချက်ထားတဲ့ ထမင်းနဲ့ စားနေရသလိုပါပဲ - Ubuntu မှာမှ မဟုတ်ဘူး ကျွန်တော်တို့ Windows မှာဆိုရင်လည်း ကွန်ပြူတာ စသုံးခဲ့စဉ် အခါက ဘယ် Software က ဘာ စွမ်းဆောင်ရည် ရှိသလဲ - ဘယ် Software ကို ဘယ်နေရာ သုံးရသလဲ - ကိုယ် တကယ်အသုံးလိုတဲ့ Software ကို ဘယ်နေရာမှာ ရှာလို့ ရနိုင်သလဲ - စသဖြင့် ဂဃနဏ မသိခဲ့တော့ သူများတကာ လေး ငါး မိနစ်နဲ့ ပြီးတဲ့ အလုပ်တစ်ခုကို ကိုယ့်မှာ နာရီနဲ့ ချီအောင် စဉ်းစားပြီး အဖြေရှာမထွက်ခဲ့တာမျိုး ဖြစ်ခဲ့ဖူးပါလိမ့်မယ် -



ဒါတွေ အားလုံးရဲ့ အနှစ်ချုပ်ဟာ Software စီမံခန့်ခွဲမှု ရဲ့ အခြေခံတွေကို စနစ်တကျ မလေ့လာခဲ့လို့ ဖြစ်ပါတယ် - ခု ကျွန်တော် ဒီ အသစ်ဖွင့်လိုက်တဲ့ Thread မှာ ကျွန်တော် ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြောင်းအရာတွေကို အခြေခံထားပြီး ဖြတ်သန်းကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်လို့ စာဖတ်သူ နားလည်လွယ်အောင် Ubuntu မှာ ကြုံတွေ့ရမယ့် Software စီမံခန့်ခွဲမှု အကြောင်းကို ဖြေးဖြေးချင်း ရေးသားသွားပါ့မယ် - ဟုတ်ကဲ့ - အကြောင်းအရာက များလို့ ချက်ချင်းတော့ လိုရင်းရောက်မှာ မဟုတ်ပါဘူး - အားလုံးပေါင်းစပ်မိသွားရင်းတော့ နောက်ဆုံး တစ်နေ့မှာ လေ့လာသူ တစ်ယောက်အတွက် အထိုက်လျောက် အကျိုးပြုမယ့် စာတစ်ပုဒ် ဖြစ်လာမယ်လို့ ယူဆမိပါတယ် -



Ubuntu နှင့် Software စီမံခန့်ခွဲမှု နိဒါန်း

Windows ကနေ Ubuntu ကို စတင်ကူးပြောင်းတဲ့ အခါမှာ ဖြစ်စေ - လူသစ်တစ်ယောက် အနေနဲ့ Ubuntu ကို စတင်ထိတွေ့တဲ့ အခါမှာ ဖြစ်စေ OS အပြောင်းအလဲ ကြောင့် သုံးစွဲသူ Users တွေ အခက်အခဲ မရှိရအောင် နေ့စဉ်သုံး လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သတ်ပြီး OS နဲ့ အတူ အရံသင့် အသုံးပြုနိုင်စေမယ့် Default apps တွေ installed စတင် လုပ်ဆောင်လိုက် ကတည်းက Ubuntu မှာ အသင့်ထည့်သွင်း ပေးထားပါတယ် - ဒါပေမယ့်လည်း လူဆိုတာမျိုးက မင်းကွန်း ဆရာတော် ဘုရားကြီး ဟောကြားခဲ့ သလိုမျိုး " ဟင်းတစ်မျိုးတည်း စားနေရတော့ အာရုံက သိပ်မကျေနပ်ဘူး - နှစ်မျိုးလောက် အာရုံ ပြောင်းချင်သလိုပဲ " ဆိုသလို Default apps တွေချည်းပဲသုံးရတာ ကြာလာ တဲ့ အခါမှာ Browser ဆိုလည်း တစ်ခြား Browser တစ်ခုခု - Email client ဆိုလည်း နဂို ပါလာတာကို မသုံးချင်တော့ပဲ တစ်ခြားဟာ ပြောင်းသုံး ချင်တယ် ဆိုတာမျိုး စသဖြင့် ဖြစ်လာ တတ်ပါတယ် - အဲ့တော့ ကျွန်တော်တို့တွေ ဒီ အာသီသ ကို ပြေပျောက်ဖို့ အတွက်ဆို ကိုယ့် စိတ်အာရုံ အလိုကျ ကျေနပ်စေနိုင်အောင် Software အသစ်တွေ install လုပ်ဖို့ လိုလာပါတယ် - လူ့စိတ် အပြောင်း အလဲနဲ့ လူတွေရဲ့ အာရုံခံစားမှုကို သိနားလည်တဲ့ Ubuntu အဖွဲ့အစည်းကလည်း အသုံးပြုသူ Users တွေကို သူ့ OS ကနေ ညစ်ညူး ပြေးထွက်မသွားရအောင် Software packages အသစ်အသစ်တွေ ရှာဖွေစမ်းသပ်ရာမှာ လွယ်ကူ သထက် လွယ်ကူအောင် - လျင်မြန်သထက် လျင်မြန်အောင် စဉ်ဆက်မပြတ် လေ့လာဆန်းစစ် မှုတွေ - ရလာဒ်ဖော်ထုတ် ဖြည့် ဆည်းမှုတွေ လုပ်ဆောင်ပေးနေပါတယ် - ဒါ့ကြောင့် Ubuntu ကို အသုံးပြုနေတဲ့ သူတစ်ယောက် အတွက် Default ပါလာတဲ့ apps တွေကိုသာမက ကိုယ်နှစ်သက်ရာ apps တွေကို library ထဲမှာ စာအုပ်ရှာသလို နှစ်သက်ရာ စိတ်ကြိုက်ရှာဖြွေပီး အကန့်အသတ်မရှိ တရားဝင် အခမဲ့ သုံးခွင့်ရှိနေပါတယ် -

အခြားသော Operating Systems များနှင့် ကွာခြားချက်များ

OS တစ်ခုကို အသစ်တစ်ခုအနေနဲ့ စပြီး လှမ်းတက် စမ်းသပ်တော့မယ့် သူတစ်ယောက်အတွက် အဓိက သိချင်ကြတာ - ကိုယ်လက်ရှိသုံးနေတဲ့ OS တစ်ခုနဲ့ ကိုယ်လှမ်းတက်မယ့် OS တစ်ခုဟာ ဘယ်နေရာတွေမှာ ကွာခြားမှုတွေ ရှိနေသလဲ ဆိုတဲ့ အချက်ပါ - Operating Systems တော်တော်များများဟာ ယေဘုယျအားဖြင့် ကိုယ် သုံးချင်တဲ့ Software အတော်များများကို အပြင်မှာရောင်းချတဲ့ ဆိုင်တွေ ဒါမှမဟုတ် အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ Online store တွေကနေ တဆင့် ပေးချေ ဝယ်ယူကြရပါတယ် - အဲလိုမှ မဟုတ်ရင်လည်း ချွေတာချင်တဲ့ သူဆိုရင် အင်တာနက်ထဲက အလကားပေးတဲ့ freeware လေးတွေ ရှာစုသုံး - ဒါမှမဟုတ် အရှာကျွမ်းသူတွေ မျှဝေတဲ့ Pirated software လေးတွေကို သိမ်းထားပြီးသုံး စသဖြင့် လည်ပတ်ကြရပါတယ် - အဲ့လို သိမ်းထားတဲ့ နေရာမှာလည်း ဘယ်နကြိမ် ဘယ်နခါ လိုအပ်လို့ပဲ install လုပ်လုပ် install လုပ်ဆောင်ချိန်တိုင်းမှာ installation prompts လို့ ခေါ်တဲ့ -

  • မင်း ဒီ terms တွေကို လက်ခံလား ?? Yes or No
  • ဒါကို မင်း သဘောတူသလား ?? Yes or No
  • မင်း ဒါကိုရော ထည့်ချင်သေးလား ?? Yes or No
  • သဘောလည်း တူရမယ် ဒါကိုလည်း သွင်းရမယ် လက်ခံမှာလား ?? Yes or No

စသဖြင့် Q & A ပေါင်းမြောက်များစွာကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ပြီး ရှေ့ဆက်ကြရပါတယ် - ဒါကို Software တစ်ကြိမ်တစ်ခါပဲ install လုပ်ဆောင်ဖူးပါတယ်ဆိုတဲ့ Windows user တစ်ယောက်ပဲ ဖြစ်ပါလေ့စေဦး မလွဲမသွေ ကြုံခဲ့ဖူးမှာပါ -

ဒီလိုဆို Ubuntu မှာရော ?? Windows နဲ့ ကွာခြားသွားတဲ့ တစ်ချက်က Ubuntu ရဲ့ Software Installation process တွေဟာ အရမ်းကို ရိုးစင်းပြီး တော်တော်ကို မြန်ဆန် ပါတယ် - ဒီလို အလွယ်တကူနဲ့ အလျင်မြန်ဆုံး ရှာဖွေ ထည့်သွင်း နိုင်အောင်လို့လည်း Ubuntu Software Center ဆိုတာ ဖန်တီးပေးထားပြီး User တစ်ယောက်အတွက် အရည်အသွေးနဲ့ စွမ်းဆောင်ရည် ယုံကြည်စိတ်ချရတဲ့ apps အားလုံးကို ထည့်သွင်းပေးထားပါတယ် -


Ubuntu Software Center နဲ့ ပတ်သတ်ပြီး အရင်တည်းက ကြိုကြား ကြိုကြား ကျွန်တော် ပြောခဲ့ဖူးတာတွေ ရှိသလို Ubuntu လေ့လာသူ တစ်ယောက်အနေနဲ့လည်း ဒီ အကြောင်းအရာက မစိမ်းလောက်တော့ပါဘူး - Ubuntu Software Center ဆိုတာ Software အသစ်အသစ် မှန်သမျှကို တို့ထိစမ်းသပ်နိုင်ရာ OS တစ်ခုလုံးရဲ့ Software ဗဟိုအချက်အချာ ပင်မ အဆောက်အဦ တစ်ခု ဖြစ်ပါတယ် - ဒီ အဆောက်အဦဟာ Ubuntu မှာ ပထမဆုံး မဖြစ်မနေ စတင်ထိတွေ့ရမယ့် Basic concept တစ်ခုဖြစ်ပြီး သူ့ကို အမည်အားဖြင့် Repositories လို့ သတ်မှတ် ခေါ်ဆိုပါတယ် -


Repositories ဆိုတာကို ကျွန်တော်တို့ မြင်သာအောင် အလွယ်မှတ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Software အသစ်အသစ် မှန်သမျှကို တစ်နေရာတည်းကနေ Download ချနိုင်အောင် စီမံစုစည်းပေးထားတဲ့ Software packages တွေရဲ့ Catalog တစ်ခု အဖြစ် မှတ်ယူလို့ ရပါတယ် - ဒါ့ကြောင့် ကျွန်တော်တို့ဟာ Ubuntu ကို installed လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ Ubuntu Repositories ဆိုတာကိုလည်း အလိုလျောက် access လုပ်ပိုင်ခွင့် ရရှိပြီးသား ဖြစ်သွားပါတယ် - ဒီနေရာမှာ နောက်တိုးသိထားဖို့ တစ်ခုရှိတာက Ubuntu မှာ အသုံးပြုနိုင်တဲ့ Software တွေနဲ့ ပတ်သတ်ပြီး Download ရယူနိုင်တဲ့ Repositories တွေဆိုတာ နေရာတစ်ခုတည်း ရှိတာ မဟုတ်ပါဘူး - Windows လိုမျိုးပဲ တစ်ယောက်တစ်မျိုးစီ အသုံးတည့်မယ့် Software တွေ နေရာတစ်ခုစီက ဖန်တီးကြရာကနေ Repositories တွေဆိုတာလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတာ ရှိပါတယ် - ဒါကို နောက်ပိုင်း ရေးသားသွားမယ့် ကဏ္ဍတွေမှာ Software အသစ်အသစ်တွေ အသုံးပြုနိုင်စေဖို့ Repositories တွေဘယ်လို ပေါင်းထည့်ရမယ် ဆိုတာ တဆင့်ချင်း ဖော်ပြပေးသွားပါမယ် -

ဆက်ရန် -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts