7th Anniversary

ALTERNATE

ဇန်နဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ်

ဒီနေ့ ချစ်သူ သက်တမ်း ( ရ ) နှစ်ပြည့်


- ဖြတ်သန်းပြီးခဲ့တဲ့ နှစ်တွေကို နောက်ပြန်ငဲ့ကြည့်တော့ ဘာမှ သိပ်မကြာခဲ့သေးသလိုပဲ - ဒါပေမယ့် ငါတို့ နှစ်ယောက်လုံး တော်တော် ပင်ပန်းခဲ့ကြတယ် - ကျေးဇူးတင်ပါတယ် ငယ် - ( ရ ) နှစ်တာ ဖြတ်သန်းပြီးခဲ့တဲ့ ကာလမှာ ငါတို့ နှစ်ယောက် တစ်ခါမှ စိတ်မကောက်ခဲ့ကြဖူးဘူး - စိတ်မဆိုးခဲ့ကြဖူးဘူး - ရန်မဖြစ်ခဲ့ကြဖူးဘူး - အဆုံးအစွန်ဆုံး လေသံမာမာတောင် မပြောခဲ့ကြဖူးဘူး - သူတို့တွေကို ပြောပြဖြစ်တိုင်း ကြည်နူးရတယ် - သူတို့ အံ့သြကြတယ် - ငယ် - မင်းက ပြောတယ် - ကိုနဲ့ ချစ်သူဖြစ်ရတာ ကံကောင်းသတဲ့ - ဘယ်ဟုတ်ပါ့မလဲ - တကယ်ကံကောင်းခဲ့တာ ငါပါ -

- နှစ်ယောက်တူတူသွားတိုင်း မင်းကို သက်တောင့် သက်သာနဲ့ ပို့ပေးနိုင်မယ့် ကားမျိုး ငါ့မှာ မရှိသေးဘူး - ဒါပေမယ့် မင်း ငါနဲ့ တူတူ ဘတ်စ်ကားပဲ လိုက်စီးခဲ့တယ်
- ငါ့အိတ်ကပ်ထဲမှာ ကုန်လုနီးနီး ဖြစ်နေတတ်တဲ့ ပိုက်ဆံကို ငါ သတိမရမိအောင် မင်းအတွက် ဘာမှ မလိုအပ်သလို မင်း ဟန်ဆောင်နေတတ်တယ်
- ဘာလိုလဲဆို မလိုဘူး
- ဘာစားချင်လဲဆို ဗိုက်မဆာသေးဘူး
- ဘယ်သွားချင်လဲဆို ကိုသွားချင်တဲ့နေရာ လိုက်မယ်

တကယ်တမ်း ပြန်စဉ်းစားကြည့်တော့ - မင်းလိုအင်ကို ငါဖြည့်ဖြစ်ခဲ့တာထက် ငါ့လိုအပ်ချက်တွေ ငါ့ စိတ်ဆန္ဒတွေကိုပဲ မင်းအမြဲ ဖြည့်ဖို့ ကြိုးစားခဲ့တာပါ - အချစ်အကြောင်းကို ချစ်တယ်လို့ မင်းကို ပြောခဲ့တုန်းက ခပ်ပေါ့ပေါ့ပဲ - လိုချင်တဲ့ အရာတစ်ခုကို ရအောင်ဝယ်ထားလိုက်ချင်တဲ့ ကလေးတစ်ယောက်ရဲ့ တပ်မက်မှုမျိုးပဲ ငါ့မှာ ရှိခဲ့တာ - တဖြေးဖြေး နှစ်တွေ ကြာလာတော့ အချစ် တစ်ခုရဲ့ နက်ရိှုင်းမှုကို သိလာတယ် - ဒါပေမယ့် သိရင် ပြောပြပါလားဆို ငါ မပြောပြတတ်ဘူး - ငါ ပြောလိုက်မယ့် စကားထဲမှာ ပါသွားမယ့် စကားလုံးတွေက မင်းကို သိပ်ချစ်တဲ့ ငါ့သွေးထဲက ခံစားချက်တွေကို လိုက်မမှီမှာ စိုးလို့ပါ -

မင်းကို အဲ့လောက် ချစ်တယ်ငယ် -

ဘဝမှာ အဖြစ်ချင်ဆုံး အရာလို့ မေးရင် လူတိုင်းမှာ အဖြေတစ်ခုစီ ရှိမှာပဲ - ငါ့မှာလည်း ရှိတယ် - အဲ့ အဖြေက အမြဲတမ်း ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ယုံကြည်နေတဲ့ မိန်းမတစ်ယောက် မင်းကို ဖြစ်စေချင်တာပဲ
- မင်းဟာ ငါ့အတွက်နဲ့ မပူပင်စေရဘူး
- မင်းဟာ မင်းမိသားစုအတွက် မပူပင်စေရဘူး
- မင်းဟာ မင်းဘဝရှေ့ရေးအတွက် မပူပင်စေရဘူး
- မင်းဟာ မင်းရဲ့ အနာဂတ်တိုင်းကို မင်းကိုယ်တိုင် စိတ်ကြိုက် ပုံဖော်နိုင်ခွင့်ရှိတဲ့ မိန်းမမျိုး ငါ ဖြစ်စေချင်တယ်

ငါက မင်းကို ချစ်တယ် - မင်းက ငါ့ကို ယုံတယ် - ယုံကြည်မှုနဲ့ ပေါင်းစပ်ထားတဲ့ ချစ်ခြင်းတရားဟာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း မရှိပေမယ့် - အနာဂတ်ကို ထိုးဖောက်နိုင်စွမ်းရှိတယ် ငယ် - အဲ့ဒီ့ အားနဲ့ ငါတို့ ရှေ့ဆက်ကြရအောင် - ဘဝနှစ်ခုဆုံးတဲ့ ထိပေါ့ -

KznT.

Webpages For Offline Browsing

ALTERNATE

ခု ဒီဘက်ခေတ်မှာ အင်တာနက်က တဖြည်းဖြည်းနဲ့ တော်တော်နေရာယူလာပြီ - ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ချိန် အင်တာနက် စသုံးခါ စက လူငယ်တွေ chatting တက် - လေပန်းတဲ့ အဆင့်ကနေ အင်တာနက်သုံးပြီး ဘလော့တွေ ရေးလို့ရတာ - ကိုယ်သိချင်တဲ့ အကြောင်းအရာ တွေ စဉ်ဆက်မပြတ် လေ့လာနိုင်တာ တဖြည်းဖြည်း ပိုပြီး နားလည် လက်ခံလာကြပြီ - ဘာကြောင့် ဒီလို ပြောလဲဆို တစ်ချိန်က မြန်မာ နည်းပညာဆိုဒ်တွေ ဘလော့တွေ ကြည့်လိုက်ရင် အရမ်းကို လူဝင်နည်းတယ် - စာရေးသူက ဝါသနာပါလို့ ရေးနေပေမယ့် ဖတ်မယ့်သူ သိပ်မရှိ ဘူး - များသောအားဖြင့် Person တို့ mIRC တို့မှာလောက်ပဲ လူစီတာ  - ခုနောက်ပိုင်းကျတော့ နည်းပညာဆိုဒ်တွေ သတင်းရေးတဲ့ ဘလော့ တွေမှာ ကြည့်လိုက်ရင် လူငယ်တွေ ကျိတ်ကျိတ်တိုးပဲ -

Chatting လောကကို ကိုယ်တိုင်လည်း ကြုံခဲ့ဖူးလို့ တိကနဲ ဖြတ်ဖို့ ကျွန်တော် မတိုက်တွန်းပါဘူး - ဒါပေမယ့် လတ်တလော အင်တာနက် သုံးနေတဲ့ လူငယ်တွေ ကိုယ့် အခြေအနေကို တစ်ချက် ပြန်စဉ်းစား ကြစေချင်တယ် -
ငါ တစ်သက်လုံး အင်တာနက်ရတဲ့ နေရာမှာ နေပြီး - အပူအပင် အကြောင့်အကြ မရှိ keyboard နဲ့ computer လေးပဲ ကိုင်နေရမယ့် သူလား ??
မိသားစုဝင် တော်တော်များများ နိုင်ငံခြားမှာ နေကြတဲ့သူ ရှိတယ် - တစ်ချို့ မြန်မာနိုင်ငံထဲမှာ - ဘယ်မှာပဲ နေနေ ကျွန်တော်တို့တွေ လတ်တလော ထိတွေ့နေတဲ့ အင်တာနက်က သိပ်တန်ဖိုးကြီး ပါတယ် - ဥပမာ ပြောရရင် အလုပ်လုပ်ဖို့ နိုင်ငံခြား ရောက်လာတဲ့သူ - ကျောင်းတက်ဖို့ နိုင်ငံခြား ထွက်လာတဲ့သူ စသဖြင့် ရပ်တည်မှု အမျိုးမျိုးရှိနဲ့ အင်တာနက်ကို ထိတွေ့နေကြပေမယ့် ကိုယ့်မှာ ဒီလို အဆင်ပြေပြေ အင်တာနက် သုံးနေနိုင်မယ့် ရက် ဘယ်နရက် ကျန်သေးလဲ ပြန်တွက်ကြည့်ကြပါ - နိုင်ငံခြား အခြေချဖို့ ဆုံးဖြတ်မထားရင် ၄ - ၅ - ၆ နှစ်ထက် ဘယ်သူမှ မပိုဘူး - အလွန်ဆုံး ၁၀ နှစ် - ခုလို အင်တာနက်ကို အပူအပင် အကြောင့်အကြ မရှိ အဆင်ပြေပြေ သုံးနေနိုင်မယ့် နှစ်တွေမှာ တစ်နေ့ကို chatting အတွက် ၄ - ၅ နာရီ ပေးနိုင်ရင် အင်တာနက်ထဲက ကိုယ်ဝါသနာပါရာ အကျိုးရှိမယ့် စာ တစ်နေ့ကို တစ်ပုဒ်လောက် ဖတ်ဖို့ အချိန်မပေးသင့်ဘူးလား ??

ဒီလို စဉ်းစားမိတော့ မြန်မာနိုင်ငံက မိသားစုဝင်တွေအတွက်ရော - နိုင်ငံတကာမှာ အင်တာနက်ကြေးကို လစဉ် ပိုက်ဆံထည့်သုံးနေရတဲ့ လူငယ်တွေ အတွက်ပါ အခက်အခဲတစ်ခု သွားမြင်မိပါတယ် - အဲတာက ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာကို အချိန်ပြည့် ဖတ်ရှုနိုင်ဖို့ အင်တာနက်ကြေး မတတ်နိုင်ကြတဲ့ ပြဿနာပါ - တစ်ချို့ဆို လေ့လာချင်တယ် - အင်တာနက်ဆိုင် ရောက်တဲ့ အချိန်လေး တစ်နာရီ နှစ်နာရီလောက်ကို ကုတ်ကပ်ပြီး စာဖတ်ရတယ် - အင်တာနက်ကြေး အများကြီး မတတ်နိုင်တော့ တစ်နေ့ နည်းနည်း - နည်းနည်း နဲ့ နေ့တိုင်း လာဖတ်ရအောင်လည်း မတတ်နိုင်သလို - ပိုက်ဆံ အများကြီးပေးပြီး တစ်နေကုန် ထိုင်ဖတ်ဖို့လည်း မတတ်နိုင်ပြန်ဘူး - ခုလို လေ့လာလိုသူ လူငယ်တွေ အတွက် အချိန်နည်းနည်းပေးပြီး အများကြီး လေ့လာနိုင်အောင် Offline Browsing အကြောင်း ဒီနေရာမှာ ဆွေးနွေးပေးသွားပါ့မယ် - 
  
Offline Browsing ဆိုတာ Websites တစ်ခုလုံးကို internet connection မရှိပဲ မူလအခြေအနေအတိုင်း ကြည့်လို့ရတဲ့ အနေအထားဖြစ်အောင် ဖန်တီးခြင်းကို ခေါ်ဆိုတာပါ - ဒီလို Offline Browsing လုပ်ဆောင်နိုင်ဖို့ ဆိုရင် ကိုယ်ဖတ်ချင်တဲ့ Website က အကြောင်းအရာတွေအားလုံးကို ကိုယ့်စက်ထဲမှာ download ချထားဖို့ လိုပါတယ် - ဆိုလိုတာ Website တစ်ခုလုံးကို offline ကြည့်ဖို့ စက်ထဲ copy ကူးထည့်ထားတဲ့ သဘောမျိုးပေါ့ - website တစ်ခုလုံးကို ဒေါင်းလုပ်ချရမှာ ဖြစ်တဲ့ အတွက် သတိထားသင့်တာ ကိုယ် download ချမယ့် ဆိုဒ်က အကြောင်းအရာ အရမ်းမများပဲ ကျစ်ကျစ်လျစ်လျစ် ရှိတဲ့ site မျိုး ဖြစ်ဖို့လိုပါတယ် - အကြောင်းအရာနဲ့ ဖော်ပြချက် အရမ်းများတဲ့ site မျိုးကို ဒေါင်းလုပ်ချမိရင် Hard disk မှာ နေရာမလောက်တဲ့ ပြဿနာမျိုး ကြုံလာနိုင်သလို - Site မှာ ဖော်ပြထားတဲ့ Content အနည်းအများနဲ့ ကိုယ်သုံးနေတဲ့ Connection speed ကိုလိုက်ပြီး Downloading time ကလည်း သာမန်ထက် ကြာမြင့်သွားနိုင်ပါတယ် - ဒါ့ကြောင့် Websites တွေကို Offline Browsing လုပ်ဖို့အတွက် download ချမယ်ဆိုရင် ပထမဆုံး သိထားရမယ့် တစ်ချက်က mall websites ဖြစ်ဖို့ လိုတယ်ဆိုတဲ့ အချက်ပါ -

Offline websites အဖြစ် ဖန်တီးခြင်း


သဘောတရားရေးရာကို မိတ်ဆက်ပေးပြီးတဲ့နောက်မှာ Websites တွေကို Offline Browsing ဘယ်လို လုပ်ဆောင်မယ်ဆိုတာ ဆက်ပြီး ဖော်ပြသွားပါမယ် -

( 1 ) Fresh WebSuction - သူက Website တစ်ခုမှာ ရှိတဲ့ Web pages တွေနဲ့ web contents ( reference material, software files, online books, ... ) တွေအားလုံးကို offline viewing လုပ်လို့ ရအောင် Website တစ်ခုလုံးကို Download ချပေးနိုင်ဖို့ ကူညီပေးပါတယ် - အင်တာနက်ဆိုင်ကို တစ်နေ့တစ်ခါ လာပြီး စာဖတ်ဖို့ မလိုတော့သလို - တစ်နေကုန် အင်တာနက်ကြေး အများကြီးပေးပြီး စာထိုင်ဖတ်ဖို့လည်း မလိုတော့ဘူးပေါ့ - ကိုယ် ဖတ်ချင်တဲ့ website က အကြောင်းအရာအားလုံးကို ဒေါင်းလုပ်ချသွားပြီး အိမ်မှာ အေးအေးဆေးဆေး offline ဖတ်ယုံပါပဲ -


Photo from topsoftzone.com

သူ့ရဲ့ UI က အသုံးပြုရလည်း လွယ်ပြီး Address ကိုထည့် Download ချယုံပါပဲ - software က 100% free - no spyware ပါ - နောက်ပြီး download ချတဲ့နေရာမှာ ဘယ် file types နဲ့ ဘယ် file extensions ကိုပဲ ချမယ်ဆိုပြီး Fresh Websuction မှာ ကန့်သတ်ထားလို့ ရပါတယ် - File types တွေကတော့ - HTML, Images, Audio, Video, Documents, Archived, စတာတွေနဲ့ File extensions တွေကတော့ - htm, html, shtm, shtml, htms, htmlx, asp, pl, stm, stml,idc, htx, xsp, xml, cfm, cgi, htmp, php, php3, nsf, jsp, aspx ဆိုတာတွေပါ - အသုံးပြုနည်း အသေးစိတ်ကို >> Softoxi.com က လုပ်ထားတဲ့ WebSuction Video Tutorial မှာကြည့်နိုင်ပါသေးတယ် -

( 2 ) BackStreet Browser - သူကတော့ free အသုံးပြုခွင့်ပေးထားတဲ့ offline browser ပါ - အသုံးပြုတာကတော့ Website တစ်ခုလုံး ဒေါင်းလုပ်ချဖို့ ဖြစ်ဖြစ် - Site ထဲက ကိုယ်စိတ်ဝင်စားတဲ့ အစိတ်အပိုင်း တစ်ပိုင်းလေးလောက်ကိုပဲ ဒေါင်းလုပ်ချဖို့ ဖြစ်ဖြစ် အသုံးပြုနိုင်ပြီး နောင်တစ်ချိန်မှာ offline browsing အနေနဲ့ ပြန်လည်ကြည့်ရှုနိုင်ပါတယ် -

သူ့ရဲ့ ထူးခြားချက်တွေက download ချပြီးသွားရင် offline browsing လုပ်ရာမှာ အဆင်ပြေစေဖို့ web စာမျက်နှာပေါ်မှာ အချင်းချင်းချိတ်ဆက်ထားတဲ့ links တွေအားလုံးကို Hard drive ပေါ်မှာလည်း offline browsing အတွက် အသင့်အသုံးပြုနိုင်အောင် ပြန်လည်ချိတ်ဆက်ပေးပြီး - တကယ်လို့ Download ချနေတုန်း Connection ကျသွားတာ ဘာညာ ဖြစ်ရင်လည်း Connection ပြန်ရတဲ့ အချိန်မှာ ရောက်နေတဲ့ နေရာကနေ ဒေါင်းလုပ်ပြန်ချနိုင်စေဖို့ Resume Session လည်း ပါဝင်ပါတယ် -

( 3 ) HTTrack - သူကလည်း Internet ပေါ်မှာ ရှိရှိသမျှ ဆိုဒ်တွေထဲက ကိုယ် Offline browsing လုပ်ချင်တဲ့ ဆိုဒ်တွေကို Download ချနိုင်ဖို့ ကူညီပေးနေတဲ့ freeware တစ်ခုပါ -


Download ချပြီးသွားရင်လည်း link-structure အားလုံးကို မူရင်းဆိုဒ်အတိုင်း ဖြစ်အောင် အသင့်ဖန်တီးပေးထားတာမို့လို့ offline browsing လုပ်ဆောင်ချိန်မှာ အခက်အခဲ မရှိ ပုံမှန်အတိုင်း အင်တာနက်ထဲ ကြည့်နေရသလို Internet connection မရှိပဲ လေ့လာနိုင်ပါတယ် - သုံးရတာ တစ်ခုခု အခက်အခဲ ရှိမယ်ဆိုရင် သူ့မူရင်းဆိုဒ်မှာ ဖော်ပြထားတဲ့ Manual မှာ အသေးစိတ်ကို လေ့လာနိုင်ပါတယ် -

( 4 ) Internet Download Manager Grabber - လူသုံးနည်းသလို လူသိလည်း နည်းသေးတဲ့ Internet Download Manager ရဲ့ feature တစ်ခုက Site Grabber လို့ ခေါ်တဲ့ အင်တာနက် စာမျက်နှာပေါ်က websites တစ်ခုလုံးကို ဖြစ်စေ - site ရဲ့ အစိတ်အပိုင်း တစ်ခုခု ( all pictures from a web site, or all audio files from a web site ... ) ကို ဖြစ်စေ offline browsing အတွက် အသုံးပြုနိုင်အောင် Download ချလို့ ရတဲ့ feature ပါ -


အသုံးပြုနည်း အသေးစိတ်ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသေးတယ် -

တန်ဖိုးရှိသော မနက်ဖြန်တိုင်းအား အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ -

KznT.

Can't Download Youtube Videos ?

Youtube ပြဿနာက တစ်ချို့လည်း သတိထားမိနေကြပြီ - တစ်ချို့လည်း သတိမထားမိကြသေးဘူး - သတိမထားမိတာ ကျွန်တော်တို့ မြန်မာက မိသားစု တော်တော်များများက Youtube သိပ်မကြည့်ကြတာရော - ကျော်ကြည့်မှ ရတာမျိုးဆိုတော့ သိပ်မဝင်ဖြစ်ကြတာနဲ့ သတိမထားမိတာ ဖြစ်မယ် ထင်မိတယ် -

ခုနောက်ပိုင်း အရင်က ပေးထားတဲ့ Youtube video downloading applications တော်တော်များများ ( တော်တော်များများဆိုတာ အကုန်တော့ မဟုတ်သေး ) အလုပ်မလုပ်တော့ပါဘူး - ဘာလို့လည်း ဆိုတော့ Youtube (Google) က သူတို့ဆီမှာရှိတဲ့ favorite videos တွေကို သူတို့အတွက် အကျိုးအမြတ် တစ်ပြားတစ်ချပ် မရပဲ အလကားမတ်တင်း ဒေါင်းလုပ်ချနေကြတာကို လက်မခံနိုင်တော့လို့ပါ -


အဲတာကလည်း Youtube (Google) အပြစ်တော့ မဟုတ်ဘူး - သူတို့မလည်း တစ်နေ့နဲ့ တစ်နေ့ ဒီ သန်းနဲ့ချီတဲ့ Video clips တွေအတွက် ထိန်းသိမ်းခ ကုန်ကျစရိတ်တွေ ဆိုတာ ရှိသေးတယ် မလား - အဲတာကြောင့် ခုလို ဝင်ငွေရှာတဲ့ ဘက်ကို ကူးသွားတာပါ - ဒါပေမယ့် လောလောဆယ်တော့ Youtube video downloading applications တွေ သုံးလို့ မရဘူးလို့ ဆိုပေမယ့် တစ်ချို့ သုံးလို့ ရနေသေးတာတွေ ရှိသလို - ကျွန်တော် လက်ရှိသုံးနေတဲ့ Internet Download Manager v6.04 Build 2 ကလည်း Youtube ကနေ ဒေါင်းလုပ်ချလို့ ရနေပါသေးတယ် - ကျွန်တော် အရင် သတိထားမိသလောက် IDM မှာမှ 6.03 Beta အမြင့်ပိုင်း version တွေလည်း ရသေးတာ သတိထားမိပါတယ် - ဆိုလိုတာ Internet Download Manager v6.03 Beta 11 - Beta 14 စတာမျိုးတွေပေါ့ - Beta အနိမ့်ပိုင်း တွေတော့ ကျိန်းသေ မပြောတတ်ပါဘူး - Internet Download Manager v6.04 ကလည်း ကျွန်တော် သတိထားမိသလောက် လတ်တလော သိပ်မငြိမ်သေးဘူးဗျ - ခဏခဏ Key ပြဿနာ တက်နေတယ် - လတ်တလော ကျွန်တော်သုံးနေတဲ့ Internet Download Manager v6.04 build 2 နောက်အသစ်လေးတော့ ခုထက်ထိ ပြဿနာ မတက်သေးဘူး - လိုမယ်ဆို အောက်မှာ ယူလို့ရပါတယ် - အရင်တုန်းက သုံးခဲ့တဲ့ Cracked အဟောင်းကို Crack Updated On: January 11, 2011 မှ အသစ်လဲပြီးသုံး ထားတာမို့လို့ အားလုံးအဆင်ပြေလိမ့်မယ်လို့ ယူဆမိပါတယ် -
   
Internet_Download_Manager__IDM__v6.04_Build2.rar(7.56 MB)
http://up4vn.com/?d=0NGDTHU8                     


အဲ့တော့ ကျွန်တော်တို့ ပထမနည်းလမ်း အနေနဲ့ အပေါ်မှာ ဖော်ပြထားတဲ့ IDM နဲ့ Youtube က Video clips တွေ Download ချလို့ ရမယ် - ဒါ့အပြင်နောက်ထပ် နည်းတွေ ရှိပါသေးတယ် -

ဥပမာ ပြောရရင် -




- အဲ့ကို သွားရင် အဆင့်လေးဆင့် ထည့်ပေးရမှာ ရှိတယ်



Step ( 1 ) မှာ ကိုယ် Download ချချင်တဲ့ Youtube ရဲ့ URL ထည့် - နောက်တစ်ဆင့်မှာ ဘယ်လို ဖိုင်မျိုး လိုချင်လဲ ရွေး - နောက်တစ်ဆင့်မှာ သူက ကိုယ့်ဆီ Download link ပို့ပေးလို့ ရအောင် Email ထည့်ပေး - နောက်ဆုံး တစ်ဆင့်မှာ Convert ပေါ့ -

 


တစ်ခုရှိတာ က Email ပေးရင် ကိုယ် အမြဲသုံးတဲ့ Email အစား Secondary Email ထည့်ပေးတာ ပိုကောင်းပါတယ် - Secondary Email မှ ထည့်မပေးချင်ဘူးဆိုရင်လည်း 10minutemail.com က Email တစ်ခုကို ခဏယူသုံးပြီး ထည့်ပေးနိုင်ပါတယ် - ကောင်းတာကတော့ Secondary Email သုံးတာ ဒီနေရာမှာ ပိုကောင်းပါတယ် - ဘာကြောင့်လည်းဆို Zamzar က Download ချဖို့ Email ပို့ပေးမယ် ဆိုပေမယ့် လူအများနဲ့ လုပ်ဆောင်နေရတာမို့ စာအဝင် နဲနဲ ကြာတတ်ပါတယ် - 10minutemail.com က Email က 10 မိနစ်ခံ Mail ပါ - ဒါ့ကြောင့် ကိုယ်သွင်းပေးလိုက်တဲ့ Mail က 10 မိနစ်နေရင် ပျက်မှာမို့လို့ Zamzar ကနေ စာဝင်မလာခင် Mail ဖျက်သွားရင် လုပ်ထားသမျှ အလကားဖြစ်နိုင်ပါတယ် - အဲလို မဖြစ်ချင်ရင် 10minutemail.com မှာ မိနစ်ပိုတောင်းလို့ ရတာရှိသေးပေမယ့် စာရောက်မလာသေးတိုင်း မိနစ် တိုးတောင်းနေဖို့ကလည်း အဆင်မပြေပြန်ပါဘူး - ဒါ့ကြောင့် Secondary Email ကို သုံးစေချင်တာပါ - Secondary Email သုံးစေချင်တဲ့ တစ်ခြား အကြောင်းတွေ သိချင်သေးရင် ချစ်သမီးသို့ ပေးစာ အမှတ် ( ၁ ) ရှင်းပြထားတာ ရှိပါတယ် - လေ့လာကြည့်ပါ -


သူလည်း လတ်တလော အလုပ်လုပ်သေးတယ် - ဘာလို့လည်းဆိုတော့ သူက Webpage ကနေပြီး Video ကို တိုက်ရိုက် ဆွဲယူတာမို့လို့ -




သူကနေပြီးလည်း ကိုယ်ဒါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချလို့ ရပါသေးတယ် - တစ်ခုချွင်းချက်ရှိတာ အဲလို ဆိုဒ်မျိုးတွေကနေ Youtube video ကို download ချချင်တယ်ဆိုရင် Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - Java Runtime Environment က Free ပါ - ဖော်ပြထားတဲ့ နေရာမှာ ယူနိုင်ပါတယ် -




သူကလည်း KeepHD နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -




သူကလည်း KeepVid နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -

( 6 ) kissyoutube.com



သူက website ကို သွားဖို့ မလိုဘူး - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube Video clip ရဲ့ URL ရှေ့မှာ kiss ဆိုတဲ့ စာလုံးလေးလုံးရိုက်ပြီး Enter ခေါက်လိုက်ပါ - အဲလိုဆို သူ့ website မူရင်း စာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Video clip ကို ဒေါင်းလုပ်ချဖို့ အသင့် အနေအထားနဲ့ ရောက်သွားပါလိမ့်မယ် -
   
သတိပြုရန် !! - တစ်ခု သိထားဖို့က အထက်ပါ နည်းတွေ အကုန်လုံးဟာ Java Runtime Environment စက်မှာ installed လုပ်ထားပြီးသား ဖြစ်ဖို့လိုပြီး အောက်ဖော်ပြပါလိုမျိုး သတိပေးစာ တက်လာတဲ့ အခါ Always trust content from this publisher. မှာ အမှန်ခြစ်ပေးပြီး run ပေးဖို့ လိုပါတယ် -        


တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် ခုဖော်ပြခဲ့သလောက်ဆို Youtube ကနေ ဒေါင်းလုပ်ချဖို့ အဆင်ပြေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် -

KznT.

How to use the function keys

တစ်နေ့နဲ့ တစ်နေ့ ကွန်ပြူတာ ရှေ့မှာထိုင် - အင်တာနက် ဆိုင်ကိုလာ - စာတွေဖတ် စာတွေရေး လုပ်နေကြပေမယ့် ကိုယ်နေ့စဉ်နဲ့ အမျှ နှိပ်နေတဲ့ Keyboard က key တွေအကြောင်းကိုရော ဂဃနဏ သိကြပါရဲ့လား - တစ်ချို့ သိထားပြီးသား လူတွေလည်း ရှိမယ် - တစ်ချို့လည်း ပြည့်ပြည့်စုံစုံ မသိသေး - တစ်ချို့က လုံးဝကို မသိ - အားလုံးအတွက် အဆင်ပြေအောင် အပျော်ဖတ်  F keys လေးတွေ အကြောင်း ရေးလိုက်ပါတယ် - F1, F2, F10, F6, F11 စတဲ့  function keys လေးတွေရဲ့ အသုံးပြုပုံ အကြောင်းပါ - 

F1 ( Help )

Windows 7 - Windows XP - Windows Vista မှာမှ မဟုတ်ဘူး Office အပါအဝင် တစ်ခြား apps တွေမှာလည်း F1 function key ကိုနှိပ်ခြင်းဟာ Help and Support page လို့ ခေါ်တဲ့ ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာကို ရှာဖွေနိုင်တဲ့ အဖြေ ရှာပေးနိုင်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရှိစေပါလိမ့်မယ် - တစ်နေ့နဲ့ တစ်နေ့ ကွန်ပြူတာမှာ ပြဿနာ တစ်ခုခုတက်ရင် ဖိုရမ်မှာ မေးဖို့ပဲ စိတ်စောနေမိတာ တကယ်တမ်း Window မှာဖြစ်ဖြစ် Apps တွေမှာဖြစ်ဖြစ် F1 ကို နှိပ်ပြီး ဖတ်တာနဲ့ ကိုယ်သိချင်တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး အဖြေရှိနေပြီးသားဆိုတာ အားလုံး သတိရသင့်ပါတယ် - 



Windows Help and Support center ထဲမှာဆိုရင် ကိုယ်သိချင်တဲ့ အကြောင်းအရာကို အထက်ဖော်ပြပါ ပုံအတိုင်း Search box ကနေ ရှာယူနိုင်သလို - ပြဿနာတစ်ခုခု တက်ရင်လည်း ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုတာ ဖြေရှင်းပုံနည်းအဆင့်ဆင့် ဖော်ပြထားပြီး သား အချက်အလက်တွေ အသင့်ရှိနေပါတယ် - 

F2 ( Rename Files, Folders )

Windows ထဲမှာ File ဒါမှမဟုတ် Folder တစ်ခုခုကို Select ပေးပြီး F2 ကို နှိပ်ကြည့်ပါ - ဒီ key က Rename ပေးလို့ ရတဲ့ Function key ဖြစ်ပါတယ် - Windows 7 မှာ ထူးသွားတဲ့ တစ်ချက်က ကျွန်တော်တို့တွေ folder settings ထဲမှာ  file extensions ကို always show ပြထားမယ်ဆိုရင် F2 key ကိုနှိပ်တဲ့ အခါ Windows 7 က file name တစ်ခုတည်းကို ပဲ select လုပ်ပေးပြီး - Windows XP ကတော့ အုတ်ရောရော ကျောက်ရောရောနဲ့ File name ရော Extensions ကိုပါ Select လုပ်တတ်ပါတယ် :) ဒါ့ကြောင့် F2 key က Windows 7 မှာပိုသုံးလို့ ကောင်းပါတယ် -


F3 ( Search )

Windows 7 မှာရှိတဲ့ အကောင်းဆုံး features တွေထဲက တစ်ခုက ရှာဖွေရေး ကဏ္ဍပါ - ဘာကြောင့်လဲဆို သူက Google Instant ရဲက Concept လိုမျိုးပဲ - ကိုယ်လိုချင်တဲ့ / သွားချင်တဲ့ / တွေ့ချင်တဲ့ စာသားကို နဲနဲလေး ရိုက်လိုက်တာနဲ့ Results ကို အောက်မှာ ဖော်ပြထားတဲ့ အတိုင်း တန်းပြီးပြတယ် - 


နောက်တစ်ခုက Desktop ပေါ်ကနေပြီး F3 ကို နှိပ်ရင် ကိုယ့် ကွန်ပြူတာထဲက ဖိုင်တွေ ရှာဖို့အတွက် Explorer ပွင့်ပါတယ် - Explorer Window ထဲမှာ F3 ကိုသုံးပြီး ဖြစ်ဖြစ် Ctrl+F ကိုသုံးပြီး ဖြစ်ဖြစ် Folder အောက်မှာရှိနေတဲ့ ကိုယ်ရှာချင်တဲ့ File ကို Highlight လုပ်ပြီး ရှာခိုင်းနိုင်ပါသေးတယ် - 


F4 ( Search Address Bar, Show Folder Path )


IE browser ကို သုံးမယ်ဆိုရင်တော့ F4 က ပိုလို့ အသုံးတည့်ပါတယ် - IE browser ဖွင့်ပြီး F4 ကိုနှိပ်ရင် Browser တစ်ခုမှာ မသွားမဖြစ် အမြဲသွားနေရတဲ့ address bar ကိုတန်းရောက်ပြီး ကိုယ် သွားချင်တဲ့ URL ကို တန်းရိုက်ယုံပါပဲ -


Windows Explorer ထဲမှာတော့ F4 ကိုနှိပ်ရင် တစ်နေရာဆီ ကူးသွားလို့ ရတဲ့ Links မျိုးအစား ကိုယ်ရောက်နေတဲ့ Folder Path ကို သိနိုင်ပါတယ် - 

F5 ( Refresh )


Browser မှာ webpage တစ်ခုခု ပုံမကျ ပန်းမကျ ပေါ်နေတာ ဖြစ်ဖြစ် loading လုပ်နေရင်း ရပ်သွားတာ ဖြစ်ဖြစ် Refresh button ကို လူတိုင်း နှိပ်ဖူးကြလိမ့်မယ် - တစ်ခါတစ်လေ အဲဒီ့ buttom ကို မနှိပ်ပဲ F5 လေးကို ပြောင်းနှိပ်ကြည့်ပါ - သဘောတရား တူတူပါပဲ - အဲလိုမျိုးပဲ Windows Explorer မှာလည်း Folder ထဲမှာ ရှိတဲ့ Contents တစ်ခုခုကို ဖျက်လိုက်လို့ အစီအစဉ်တကျ ပြန်မဖြစ်တဲ့ အခါ F5 ကို နှိပ်ပြီး အစီအစဉ်တကျ ဖြစ်အောင် ပြန်ညှိနိုင်ပါတယ် - 

F6 ( Toggle Elements )

သူကတော့ Tab key အသုံးပြုတာနဲ့ ဆင်ပါတယ် -  Windows Explorer ထဲမှာ F6 ကို နှိပ်ရင် အထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ ရှိရာဆီ cycles ထပ်ခါထပ်ခါ ပြန်လည်ပေးပါတယ် - ကိုယ်သွားချင်တဲ့ File/Folder ကိုရောက်ရင် Enter ကိုနှိပ်ပြီး Activate လုပ်ရမှာပါ - အထူးသဖြင့် Mouse မသုံးချင်တဲ့ အချိန်/ Mouse မရှိတဲ့ အချိန်တွေမှာ အသုံးတည့်ပါတယ် -

F10 ( Display Menu Bar in Windows 7 )


Windows 7 မှာ default အနေနဲ့ menu bar က ဖျောက်ထားပါတယ် - သူ့ကို ပြန်မြင်ချင်ရင် F10 ကိုနှိပ်ပြီး activate လုပ်နိုင်ပါတယ် - အဲ့ဒီ့ IE8 တို့ IE9 တို့မှာလည်း ဖျောက်ထားတတ်ပါတယ် - F10 ကို နှိပ်ပြီး ပြန်ခေါ်ပါ -  

F11 ( View Full Screen Mode )

Programs တော်တော်များများမှာ full screen mode ရှိပါတယ် - ကပ်သီးကပ်သပ်ကြည့်နေရတာတွေကို အကျယ်ချဲ့ကြည့်ချင်တဲ့ အခါ F11 က အသုံးတည့်ပါတယ် - Windows Explorer မှာလည်း Screen အပြည့်ကြည့်ချင်ရင် F11 သုံးလို့ ရပါတယ် - 

F7 F8 F9 F12 (Not yet assigned)

တစ်ချို့ ကတ်သီးကတ်သတ် ပြောမှာ စိုးလို့ - F8 ကို Windows boot တက်တဲ့ အချိန်နှိပ်ရင် start-up menu ထဲ ရောက်ဖို့ လည်း သုံးပါတယ်ခင်ဗျ - ကျွန်တော်က Windows ထဲမှာ သုံးတဲ့ Function Keys တွေအကြောင်း ပြောချင်တာမို့လို့ မထည့်ထားတာပါ -

အားလုံး အပျင်းပြေပါခင်ဗျာ - 
အပျင်းပြေ မပြေတော့ မသိဘူး - ကျွန်တော်တော့ လက်တကယ် ညောင်းတယ် ခင်ဗျ 

KznT.

List of common misconceptions

၁၀ စုနှစ် တစ်နှစ်ကို ကျော်ဖြတ်ပြီးခဲ့တဲ့ Wikipedia ဟာ ခု ၂၀၁၀ ကုန်ပိုင်းက Wikipedia ကို ဝင်လိုက်ရင် ခေါင်းစီးမှာတွေ့တွေ့နေခဲ့ရတဲ့ Wikipedia Founder - Jimmy Wales ရဲ့ မေတ္တာရပ်ခံချက်ကနေ အမေရိကန် ဒေါ်လာ $16 million ထိ အလှူငွေအဖြစ် လက်ခံ ရရှိခဲ့ပါတယ် - ဒီ သတင်းကို ကြားရတော့ ဝမ်းလည်းသာမိသလို ကျေလည်းကျေနပ်မိတယ် - ရယူလိုစိတ် အလျင်းမရှိပဲ ပေးဆပ်ချင်တဲ့ မေတ္တာတရားဆိုတာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူမျိုးခြား - ဘာသာခြား - ပညာမဲ့ - ပညာရှိ - ဥစ္စာရှိ - ဥစ္စာမဲ့ လူတန်းစား အားလုံးရဲ့ အတွင်းစိတ်ကို အောင်နိုင်စေတဲ့ တစ်ခုတည်းသော လက်နက်ပဲဆိုတာ ကျွန်တော် အကျွင်းမဲ့ ယုံကြည်မိပါတယ် -

Wikipedia အကြောင်းပြောရင် ကုန်နိုင်မယ် မထင်ဘူး - ခုလည်း သိခဲ့တာလေး တစ်ခု ပြောစရာ ရှိလာလို့ တစ်ခြား ရေးလက်စ အကြောင်းအရာတွေ မပြီးသေးခင် ဒီအကြောင်းကို ရေးဖြစ်ခဲ့ပါတယ် - Wikipedia မှာ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်တွေကို ခေါင်းစဉ်ခွဲတွေ အဖြစ် သီးခြားဆက်စပ် ဖော်ပြထားတာတွေ ရှိသလို - ကဏ္ဍတစ်ခုချင်းဆီ အလိုက် အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းချက်တွေ - နိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြချက်တွေ ရှိနေတယ် ဆိုတာ Wikipedia လေ့လာသူတိုင်း သတိထားမိကြမှာပါ -

ခုလည်း အားလုံးထဲကမှ ကျွန်တော် အကြိုက်ဆုံး စာမျက်နှာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ် -အဲတာကတော့ နေ့စဉ်ကမ္ဘာမှာ ကျွန်တော်တို့ ဖြတ်သန်းရင်း ကြုံတွေ့သိရှိခဲ့ပြီး ခုချိန်ထိ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ မရေရာသေးတဲ့ ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲ ဆိုတာ အကြောင်းအရာတစ်ခု ချင်းစီအလိုက် ရှင်းလင်း ဖွင့်ဆို ပြသထားတဲ့ - မှားယွင်းနေသော ယုံကြည်မှုများ အကြောင်းဆိုတဲ့ စာမျက်နှာ ဖြစ်ပါတယ် - သူကတော့ အင်္ဂလိပ်လို List of common misconceptions လို့ ရေးပါတယ် - ကျွန်တော်ကတော့ အပြည့်ဘာသာ မပြန်ပဲ မြန်မာစာကို မြန်မာလို နားလည်အောင် ရေးပါတယ်

မှားယွင်းနေသော ယုံကြည်မှုများ 

ခု ကျွန်တော်ဖော်ပြမယ့် မှားယွင်းနေသော ယုံကြည်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အကြောင်းအရာတွေဟာ တစ်ချိန်က ကျွန်တော်တို့ လေ့လာခဲ့ - ကြားသိခဲ့တဲ့ စာအုပ် စာပေတွေထဲက ကျွန်တော်တို့ မှားမှန်းမသိ လက်ခံနေခဲ့တဲ့ Ideas တွေကို ဘယ်ဟာမှားတယ် - ဘယ်ဟာမှန်တယ် ဆိုတာ မြင်သာအောင် ဖွင့်ဆို ရှင်းပြထားတဲ့ စာမျက်နှာဖြစ်ပြီး ကျွန်တော်ခုဖော်ပြသွားမှာ အဲ့ဒီ့ ဖော်ပြချက်တွေထဲက ကောက်နှုတ်ချက် တစ်ချို့ ဖြစ်ပါတယ် -

ကောက်နှုတ်ချက် ( ၁ ) - ပထမဆုံး ကောက်နှုတ်ချက်ကတော့ နပိုလီယံ အကြောင်းပါ - Napoleon Bonaparte ( နပိုလီယံ ဘိုနာပတ် ) က အရပ် မပုပါဘူး - ၁၈၂၁ ခုနှစ်က သူသေတော့ သူ့အရပ်ကို ပြင်သစ်စံညွှန်း အတိုင်းအတာ နဲ့ တိုင်းတာရာမှာ သူ့ အရပ်က ( ၅ ) ပေ ( ၂ ) လက်မ ရှိတယ် ဆိုပေမယ့် International စံညွှန်း နဲ့ ပြန်နိှုင်းယှဉ်ကြည့်ရင် ( ၅ ) ပေနဲ့ ( ၆.၅ ) လက်မ ( 1.686 metres ) ရှိပါတယ် - ဒီအရပ်ဟာ ပုတယ်လို့ ပြောလို့ မရပါဘူး -


ကောက်နှုတ်ချက် ( ၂ ) - ဒုတိယ ကောက်နှုတ်ချက်ကတော့ ရာသီဥတု ပြောင်းလဲရခြင်း အကြောင်းပါ - ရာသီဥတုတွေ ပေါ်ပေါက်လာရခြင်းဟာ ကမ္ဘာက နွေဥတုမှာ ဆောင်းဥတုထက်ပိုပြီး နေနဲ့ပိုနီးသွားလို့ပါ ဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး - တကယ်တော့ ကမ္ဘာ့မြောက်ခြမ်းမှာ နွေရာသီကျရောက်နေတဲ့ အချိန်မှာတောင် ကမ္ဘာက နေနဲ့ ဝေးနေတဲ့ အနေအထားမှာ ရှိနေပါတယ် - ရာသီဥတုတွေ ပေါ်ပေါက်လာရတဲ့ အထိက အကြောင်းအရင်းဟာ ကမ္ဘာက 23.5 degrees စောင်းနေတဲ့ ဝင်ရိုးပေါ်မှာ လည်ပတ်နေတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ - နေပတ်လမ်းကြောင်းကို လိုက်ပြီး ကမ္ဘာ နေရာ အသီးသီးကလည်း နေရောင် တိုက်ရိုက်ရရှိမှု ကွာခြားသွားကြပါတယ် -

ကောက်နှုတ်ချက် ( ၃ ) - တတိယ ကောက်နှုတ်ချက်ကတော့ အမွှေးအမျှင် ရိတ်တာနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆမှားတစ်ခု အကြောင်းပါ - အမွှေးအမျှင်တွေကို ရိတ်ရင် ပြန်ပေါက်တဲ့ အခါ ပိုပြီး နက်လာမယ် - သန်လာမယ် - ကြမ်းလာမယ် ဆိုတာ မဟုတ်ပါဘူး - ဒီလိုယုံကြည်ချက် ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အမွှေးအမျှင်တွေ ရိတ်တဲ့အခါ သေသေချာချာ ပြောင်စင်အောင် အစွန်းအစပါ မကျန် မရိတ်ခဲ့မိလို့ ဖြစ်ပါတယ် - ဒါ့ကြောင့် ပြန်ပေါက်လာတဲ့ အခါ အရင် ရိတ်တုန်းက ကျန်ခဲ့ပြီး မညီမညာ ထွက်လာတဲ့ ထိပ်ဆုံးအနားစက ပိုကြီး - ပိုထူ- ပိုကြမ်းသလို ထင်နေကြရတာပါ -

ကောက်နှုတ်ချက် ( ၄ ) - စတုတ္ထ ကောက်နှုတ်ချက်ကတော့ Gyroscopic forces နဲ့ ပတ်သတ်တဲ့ အယူအဆပါ - စက်ဘီးစီးတဲ့ အခါ စက်ဘီး တစ်စီးကို ငြိမ်အောင်ထိန်းဖို့ အတွက် Gyroscopic forces ဆိုတာ မလိုအပ်ပါဘူး - စက်ဘီး တစ်စီးရဲ့ stability ဖြစ်မှု မဖြစ်မှုကို အဆုံးအဖြတ်ပေးတာ - Inertia, Steering geometry နဲ့ စက်ဘီးစီးသူရဲ့ Steering အပေါ် ကျွမ်းကျင်စွာ ထိန်းသိမ်းတတ်မှု အပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ပါတယ် -


ကောက်နှုတ်ချက် ( ၅ ) - ပဥ္စမမြောက် ကောက်နှုတ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းနဲ့ ပတ်သတ်တဲ့ အချက်တစ်ခုပါ - တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းက လပေါ်က ကြည့်မယ်ဆိုရင် လူသားတွေဖန်တီးပြုလုပ်ချက်တွေထဲက တစ်ခုတည်းသော မြင်ရတဲ့ အရာဆိုတဲ့ အချက်ဟာ မှားယွင်းပါတယ် - Apollo နဲ့ အတူ လကမ္ဘာပေါ်ကို လိုက်ပါ ပျံသန်းသွားကြတဲ့ ဘယ် အာကာသယာဉ်မှုးမှ လပေါ်ကနေပြီး ကမ္ဘာကိုကြည့်တဲ့ အချိန် လူသားတွေ လုပ်ထားတဲ့ အရာ တွေ့မိတယ်ဆိုတာမျိုး မရှိခဲ့ဖူးသလို - ကမ္ဘာပတ်ပျံသန်းရုံလောက် ပျံသန်းလိုက်ပါကြတဲ့ အာကာသယာဉ်မှုးတွေတောင် မဟာတံတိုင်းကို တွေ့တယ်ဆိုယုံလောက်လေးပဲ ရှိခဲ့ကြပါတယ် -


ကောက်နှုတ်ချက် ( ၆ ) - ဆဌမမြောက် ကောက်နှုတ်ချက်ကတော့ Aerodynamic နဲ့ပိုပြီး သက်ဆိုင်ပါတယ် - ဒီအကြောင်းကို ကျွန်တော် 4th year - Fluid Mechanics မှာတုန်းက သင်ခဲ့ရဖူးတယ် - အကြောင်းက လေယာဉ်တောင်ပံရဲ့ အထက်နဲ့ အောက်ကို ဖြတ်ပြီး သွားတဲ့ Upper Streamline နဲ့ Lower Streamline က Airflow နှစ်ခုရဲ့ time travel ဟာ တူညီတယ် ဆိုတဲ့ သဘောတရားဟာ မမှန်ပါဘူး - Textbooks တော်တော်များများနဲ့ Non-technical reference books တော်တော်များများက အောက်ဖော်ပြချက် အတိုင်း သဘောတရားကို လွဲမှားပြီး ဖော်ပြနေတာ ရှိပါတယ် -


အမှန်က လေယာဉ်တောင်ပံရဲ့ အပေါ်ဘက် မျက်နှာပြင်မှာ ဖြတ်စီးတဲ့ Airflow ဟာ တောင်ပံအောက်က Airflow ထက် အမြဲ ပိုပြီး မြန်ပါတယ် - ပုံသဏ္ဍန် အမှန်က အောက်ဖော်ပြပါ အတိုင်းပါ -


ကောက်နှုတ်ချက် ( ရ ) - သတ္တမမြောက် ကောက်နှုတ်ချက် ကတော့ ကြွက်နို့နဲ့ ပတ်သတ်တဲ့ အယူအဆပါ - လူ့ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ဆိုတာ ဖားတို့ တစ်ခြား တိရစ္ဆာန် တစ်ကောင်ကောင် ဆီကနေ ကူးစက်လာတာ မဟုတ်ပါဘူး - ကြွက်နို့ ဖြစ်ရခြင်းဟာ human papillomavirus လို့ ခေါ်တဲ့ papillomavirus အမျိုးအနွယ်ဝင် virus တစ်မျိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ် -

ဒီအကြောင်းအရာလေးတွေက ကျွန်တော် ဖတ်မိတာတွေထဲကနေ ထုတ်နှုတ်ပြီး ဝေမျှ ပေးတာပါ - တစ်ခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း List of common misconceptions အောက်မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ် -

Photos from Wikipediarangs.co.ukshinysquirrel.typepad.com

KznT.

Health is Wealth

အောင်မြင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ဆိုတာ ကိုယ်လုပ်ဆောင်စရာရှိတဲ့ လုပ်ငန်းဆောင်တာ မှန်သမျှကို အားသွန်ခွန်စိုက် မနားမနေ ကြိုးပမ်း လုပ်ဆောင်နေယုံ တစ်ခုတည်းနဲ့ မပြီးမြောက်ပါဘူး - အဲလို စိတ်သွားတိုင်း ကိုယ်ပါ လုပ်ငန်းတိုင်းကို ခဏချင်း ပြီးမြောက်နိုင်ဖို့ဆိုတာ နေ့စဉ်နဲ့ အမျှ လှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ပြည့်ဝတဲ့ ကြံ့ခိုင်မှု ရှိနေဖို့လိုပါတယ် - မြန်မာ အမျိုးသား လူငယ်ထု နဲ့ အမျိုးသမီးလူငယ်ထု အများစုဟာ ကိုယ့်နိုင်ငံတွင်းမှာ နေရင်သာ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလြှပီ ထင်တာ - တကယ်တမ်းနိုင်ငံတကာ နယ်ပယ်ကို ဝင်လာတဲ့ အခါမှာ အရပ်အားဖြင့် - ကိုယ်လုံးကိုယ်ထည်အားဖြင့် တစ်ခြားနိုင်ငံသားတွေနဲ့ လုံးဝ မယှဉ်သာနိုင် လောက်အောင် သေးကွေးကြပါတယ်
ကျွန်တော်လည်း မြန်မာမှာရှိခဲ့စဉ်က ဘတ်စ်ကားပေါ်တက်လိုက်ရင် အမိုးနဲ့ ထိလွန်းလို့ ခေါင်းငုံပြီး နေနေရတာကို ငါ့အရပ်မြင့်လှချည်ရဲ့လို့ ကျိတ်ပျော်နေခဲ့တာ ( တကယ်တမ်း ဘတ်စ်ကားအမိုးက ဘယ်လောက်မှမှ မမြင့်တာ  ) - တကယ်တမ်း သူများနိုင်ငံရောက်မှ ကိုယ့်အရပ်က အဖြစ်စလောက်ဆိုတာ သတိထားမိတယ် - ဘာလို့လည်း ဆိုတော့ မြန်မာအမျိုးသား လူငယ်ထုနဲ့ အမျိုးသမီးထု တစ်ရပ်လုံး နီးပါးက အားကစားမလိုက်စားကြဘူး - မလိုက်စားကြတာ ကလည်း အပြစ်တော့ မဟုတ်ဘူး - မိရိုးဖလာကိုက မလိုက်စားတာ - ကျွန်တော့်အဖေ မနက်မိုးလင်းလို့ လေ့ကျင့်ခန်းဆင်း ကိုယ်လက်အကြောလျော့ လုပ်တယ်ဆိုတာ တစ်သက်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးသလို - ကျွန်တော့်အမေလည်း ဝိတ်ချမယ် ဘော်ဒီထိန်းမယ်ဆိုပြီး ရွရွလေး ပြေးတာမျိုးလောက် လုပ်တာကို တစ်ခါမှ မမြင်မိဖူးဘူး - 



အဲလိုနဲ့ ဘာအားကစားမှ မလုပ် - ရုန်းကန်နေရလို့သာ ကိုယ့်ခန္ဓာကိုယ်က သိသိသာသာကြီး ပုံမပျက်သေးတာ အရွယ်ရလာတာနဲ့ အမျှ အိမ်ထောင်တွေကျ ကလေးတွေရနဲ့ မလှုပ်ရှားနိုင်တဲ့ အရွယ်လည်း ရောက်ရော တဖြည်းဖြည်း ပုံပျက်လာကြရော - အထူးသဖြင့် မြန်မာမိန်းကလေးများ ပိုပြီး ခံယူချက် မှားယွင်းနေကြတာ တွေ့မိပါတယ် - အိမ်ထောင်ကျသွားရင် အိမ်ထောင့်တာဝန် ယောကျာင်္းတာဝန် ကလေးတာဝန်နဲ့ တာဝန်များရင် များသလို ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ဂရုမစိုက်ပဲ လျော့တိလျော့ရဲ နေလာကြတာ သတိထားမိတယ် - ဘယ်လောက်ဝဝ - ဝချင်သလောက် ဝပါစေ - ဘယ်သူမှလည်း ငါ့လာကြိုက်တော့မှာ မဟုတ်ဘူး - ငါ့ယောကျာင်္းနဲ့ ငါ ဆိုပြီးများ ခံယူထားကြသလား မသိ - ကျွန်တော် သူများနိုင်ငံမှာ ကလေးသုံးလေးယောက် လောက် မွေးထားပြီးတဲ့ထိ အပျိုတစ်ယောက် လို ခန္ဓာကိုယ် အလှမပျက်တဲ့ အမျိုးသမီးတွေ တွေ့ဖူးတယ် - မြန်မာမိန်းကလေးတွေ ကတော့ ကလေး ( ၁ ) ယောက်လောက် မွေးပြီးရင်ကို အသိအမှတ်ပြုလောက်အောင် ပုံပျက်သွားပြီ - ဒါကို ဘယ်မြန်မာ အမျိုးသမီးမှလည်း အလေးသိပ်ထားတာ မတွေ့ရသလို - ဘယ်အိမ်ထောင်ရှင် မြန်မာအမျိုးသား ကမှ ကိုယ့်အမျိုးသမီး ကို ကျန်းမာရေး လိုက်စားဖို့ တိုက်တွန်းရကောင်းမှန်း သတိမရကြဘူး - ( သူတို့ကိုယ်တိုင်လည်း မလိုက်စားကြတာ ပါတယ်  ) - နိုင်ငံတစ်ခုရဲ့ မျိုးဆက်ဆိုတာ သိပ်အရေးကြီး သလို - ကိုယ့်ကျန်းမာရေးနဲ့ ခန္ဓာကိုယ် တည်ဆောက်မှု ဆိုတာကလည်း ကိုယ့် အနာဂတ်အတွက် သိပ်ကို အရေးကြီးပါတယ် - 


လူတိုင်း လူတိုင်းက နေ့စဉ်နဲ့ အမျှ စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်နေရတော့ အားကစားဆို တာကို စိတ်ကူးယဉ် အိပ်မက်တစ်ခုလိုပဲ သဘောထားနိုင်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လူမကူးနိုင်ကြတာ ကျွန်တော်နားလည်ပါတယ် - ဒါပေမယ့် အားကစားဆိုတာ အားမှ ကစားလို့ ရတာ မဟုတ်ပါဘူး - နေ့စဉ် ကိုယ်စားသုံးနေတဲ့ အစာအာဟာရတွေကနေလည်း ကိုယ့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ်နဲ့ ပြည့်စုံပြီး ကျန်းမာဖွံ့ဖြိုးစေမယ့် အစာအာဟာရကို စားသုံးခြင်း အားဖြင့်လည်း အချိန်မကုန်ပဲ ကျန်းမာရေးလိုက်စားရာ ရောက်ပါတယ် - နောက်ပြီး တစ်နေ့နဲ့ တစ်နေ့ အွန်လိုင်းမှာ အင်တာနက် သုံးပြီး လည်ပတ်နေကြတဲ့ လူငယ်တွေ - စားလည်း ကွန်ပြူတာရှေ့ - အိပ်လည်း ကွန်ပြူတာရှေ့နဲ့ တစ်နေ့နဲ့ တစ်နေ့ ဘာမှမလှုပ်ရှားပဲ ကွန်ပြူတာရှေ့မှာ နေနေတာဟာ မိမိ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ မျက်စိအမြင်အာရုံကို ဘယ်လောက်တောင် ချို့တဲ့စေလဲ ဆိုတာ သတိထားမိကြပါရဲ့လား -


အားကစားလို့ ဆိုလိုက်ရင် ဘောလုံးကန်တာ ခြင်းခတ်တာ အပြေးလေ့ကျင့်တာလောက်ကို အားကစားလို့ ခံယူနေကြတဲ့ ကျွန်တော်တို့ မြန်မာလူငယ် အမျိုးသားနဲ့ အမျိုးသမီးထု အတွက် -

- လေ့လာသင့်တဲ့ အခြေခံ အားကစား ( ကာယဗလနဲ့ ကာယအလှ ) 
- စားသောက်ပုံ နည်းစနစ် 
- ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း အစုစုနဲ့
- ရှောင်ရှားသင့်တဲ့ အပြုအမူတွေကို 



MyanmarFitness.com က စာရေးဆရာ နဲ့ ကာယဆရာ ကိုနိုင်ဦး - ကိုနိုင်ဝေဝင်း နဲ့ အခြား ကာယဆရာများ မြန်မာလို ပြုစုရေးသားထားတဲ့ စာအုပ်တွေကို ရှာဖွေစုဆောင်းပြီး မြန်မာမိသားစု လူငယ်ထု အတွက် လက်ဆင့်ကမ်းလိုက်ပါတယ် - 









































လူသစ်များ အတွက်.docx
http://www.InterUpload.com/files/0I8...___.docx_links


ဒီစာအုပ်တွေ ဖြစ်မြောက်လာဖို့ အားသွန်ခွန်စိုက်နဲ့ စိတ်ရောကိုယ်ပါ နှစ်ပြီး ရေးပေးနေတဲ့ ကိုနိုင်ဦး - ကိုနိုင်ဝေဝင်းနဲ့ အခြားသော စာရေးဆရာများ အားလုံးကို ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ချင်ပါတယ် - ဝါသနာရှင် ညီငယ် ညီမငယ်များ MyanmarFitness.com မှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကျိုးပြုဆောင်းပါးများ သွားရောက် ဖတ်ရှုနိုင်ပါသေးတယ် -


မြန်မာလူငယ်များ ပျော်ရွှင်တဲ့ ဘဝ - သန်စွမ်းကျန်းမာ စိတ်ခန္ဓာနဲ့ - မိသားစု အကျိုး - နိုင်ငံအကျိုးကို ဆထက်တပိုး သယ်ပိုး ရွက်ဆောင် နိုင်ကြပါစေ - 

KznT.

How to Install Microsoft Office on Ubuntu Linux

ကျွန်တော် Ubuntu ကို သုံးနေတယ် ဆိုပေမယ့် တစ်ချို့ apps တွေက အများနဲ့ တွဲပြီး အသုံးချနေရတာတွေ ရှိနေတော့ တစ်ချို့ Windows apps ကို ခုချိန်ထိ ကျွန်တော့်မှာ စွန့်လို့မရသေးဘူး ဖြစ်နေတယ် - အဲ့ထဲမှာ ထိပ်ဆုံးက ပြဿနာ ဖြစ်နေတာ Office apps - Openoffice ကို Default Office apps တစ်ခု အနေနဲ့ Ubuntu မှာ အတည်ပြုထားပေမယ့် - မှန်ရာပြောရရင် သူ့ရဲ့ UI ကို သိပ်ပြီး သဘောမကျလှဘူး - ဒါပေမယ့် ဟိုတစ်ပတ်က - LibreOffice 3.3 Release Candidate 2 ဆိုပြီး ထွက်တယ် - LibreOffice ကို နောက်ထွက်မယ့် Ubuntu version မှာ အတည်ပြုသွားမယ်လို့ Mark Shuttleworth ပြောထားတဲ့ သတင်း ကလည်း ထွက်ထားတော့ ကျွန်တော်လည်း သူ့ကို စမ်းသုံးကြည့်လိုက်တယ် - Openoffice ထက်တော့ ကျွန်တော် ပိုသဘောကျမိတာ အမှန်ပဲ - နောက်ဆို ကျွန်တော် Office apps နဲ့ ပတ်သတ်ပြီး Windows ကို တော်ယုံ ပြန်ဝင်ဖြစ်တော့မယ် မထင်ဘူး - LibreOffice နဲ့ နေသားကျသွားမယ် ထင်မိတယ် 


ဒါပေမယ့် ဘာတွေ ဘယ်လောက် ကောင်းတယ်ပြောပြော ဘယ်သူမဆို OS တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့ အခါ အထူးသဖြင့် - ကျောင်းသားတွေ / လုပ်ငန်းလည်ပတ်နေတဲ့ သူတွေက သုံးနေကျ Office apps တစ်ခုကနေ နောက်တစ်ခုကို ဘယ်သူမှ တော်ယုံ ကူးချင်ကြမှာ မဟုတ်ဘူး - ဘာလို့လည်း ဆိုတော့ မစမ်းသပ်ခင်ကတည်းက အသစ်ဆိုတဲ့ အသိကြောင့် 70% လောက်က စိတ်ကုန်နေကြပြီ - အထဲမှာ UI လေး နဲနဲ ပြောင်းတာ - ကိုယ်သုံးနေကျ shortcuts လေးတွေ နေရာမှာ မတွေ့တာနဲ့များ ပေါင်းလို့ ကတော့ တော်ပါပြီ စိတ်ကုန်တယ် ဖြစ်သွားရော -

ဒီလိုမျိုး မဖြစ်ရအောင် ရုံးသမား ကျောင်းသမားတွေ Windows users တွေအနေနဲ့ OS အကူးအပြောင်းမှာ ကိုယ်သုံးနေကျ Office apps လေးကိုပါ တစ်ပါတည်း Ubuntu ဆီ ဆွဲခေါ်လာနိုင်အောင် ဒီ Microsoft Office ကို Ubuntu မှာ ဘယ်လိုတင်မလဲ ?? ဆိုတဲ့ အကြောင်းကို ရေးဖြစ်သွားပါတယ် - ကျွန်တော် အရင်တည်းကလည်း Windows မှာ မဖြစ်မနေ သုံးနေရတဲ့ apps တွေကို ငါသုံးနေတဲ့ Ubuntu ကို ရောက်အောင် ဘယ်လိုခေါ်မလဲ ဆိုပြီး စာတွေ လိုက်ဖတ် လိုက်ဖတ်နဲ့ - နောက်ဆုံး “Play On Linux” ကို စတွေ့တယ် - သူ့အပြင်အဆင်ရော အခေါ်အဝေါ်ရောက ဘာမှကို ကြီးကြီးကျယ်ကျယ် မရှိဘူး မှန်တယ် - ဒါပေမယ့် သူဘယ်လောက် အသုံးဝင်တယ်ဆိုတာတော့ ခု ကျွန်တော့်ရဲ့ Linux machine မှာ Microsoft Office ကို စတင်တော့မှပဲ သိလိုက်ရတော့တယ် - ဒီ Play On Linux မတိုင်ခင်တုန်းက တစ်ခြား linux users တွေရေးတဲ့ Microsoft Office ကို Linux မှာ သုံးနိုင်ဖို့ Scripts ဆိုတာတွေ တွေ့ဖူးတယ် စမ်းဖူးတယ် - အဲ့ဒီ့ scripts တွေသုံးရင် ပုံမှန်အားဖြင့် manually လုပ်ရမယ့် DLLs တွေ install လုပ်တာ - ဘယ် Wine version ကို သုံးရမယ် ဆိုတာမျိုးတွေ manually ရွေးပေးဖို့ မလိုတော့ဘူး - စသဖြင့် အားသာချက်တွေ ရှိတယ် - အဲလို Scripts မျိုးတွေကို တစ်ချို့ သဘောကျတဲ့ သူတွေလည်း ရှိတယ် - တစ်ချို့လည်း သဘောမကျကြဘူး -

ဘယ်နည်းလမ်းကိုပဲ သုံးသုံး ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့် အသိုင်းအဝိုင်းမှာ ဒါကို အားထားပြီး သုံးနေကြတယ်ဆိုရင် ကိုယ့်အနေနဲ့ကလည်း ချက်ချင်းကြီး ကန့်လန့်တိုက်ပြီး စွန့်ပစ်လို့ မရဘူး - အဲ့အတွက် Play On Linux ကို သုံးပြီး Microsoft Office 2000, 2003 - 2007 စတာတွေကို Ubuntu machine မှာ ဘယ်လို သွင်းမယ် ဆိုတာ တစ်ဆင့်ချင်း ဆွေးနွေးပေးသွားပါ့မယ် - ဒီနေရာမှာတော့ Microsoft Office 2007 ကိုပဲ အဓိက ထားပြီး ဖော်ပြပေး သွားပါမယ် - တစ်နည်းသိထားရင် နောက်နည်းတွေကလည်း ထိုနည်းလည်းကောင်း ဖြစ်သွားလို့ပါ -

Play On Linux အား ရယူခြင်း

Play On Linux ကို ပုံမှန်အတိုင်း Ubuntu Software Center ( Applications > Ubuntu Software Center ) ကနေ Search box မှာ PlayOnLinux လို့ ရိုက်ရှာပြီး သွင်းယူပါမယ် - တစ်ခြား Linux အမျိုးအစားတွေ အတွက် Deb packages တွေကို လိုချင်ရင် ဒီစာမျက်နှာမှာ သွားရောက် ရယူနိုင်ပါတယ် - PlayOnLinux ကို သွင်းပြီးသွားရင် သူ့ကို Applications > Games > PlayOnLinux ကနေ ခုလို ခေါ်ယူနိုင်ပါတယ် -


အဲလိုခေါ်လိုက်လို့ တက်လာတဲ့ box ကနေ install button ကိုရွေးပေးပြီး အဲ့ကမှ နောက်တစ်ဆင့် မှာ Microsoft Office 2007 ကို install လုပ်ဆောင်ဖို့ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Office > Microsoft Office 2007 ကို သွားပါ -


Install လုပ်ဆောင်ရန် ပြင်ဆင်ခြင်း

ဒီနေရာမှာ နှစ်မျိုးကွဲပါတယ် - တစ်ချို့က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးတယ် - တစ်ချို့ကတော့ Office ISO ကို တိုက်ရိုက် ဒေါင်းလုပ်ချထားပြီး ဖိုင်တွေအားလုံး Extract လုပ်ပြီး သုံးတယ် - တစ်နည်းချင်းစီ အတွက် ပြောပြပေးပါ့မယ် -

တကယ်လို့ ကိုယ်က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးနေတဲ့သူ ဆိုပါစို့ - ဒီလိုဆို CD ခွေကို ယူပြီး ကိုယ့်စက်က Drive ထဲကို ထည့်ပါ - နောက်ပြီး ကိုယ့်အခွေ mount လုပ်ထားတဲ့ directory ကို သိနိုင်ဖို့ File browser ကိုဖွင့်ပြီး CD ထဲကို ဝင်ပါ - နောက်ပြီး Ctrl+L ကို နှိပ်ရင် ကိုယ့် CD ရဲ့ Location ကိုတွေ့ပါလိမ့်မယ် - အဲတာလေးကို Copy ကူးထားပြီး အပေါ်မှာ ပြထားတဲ့ ပုံက Microsoft Office 2007 ဆိုတဲ့ နေရာကနေ ရှေ့ဆက် သွားပါ - အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ် -

တကယ်လို့ ကိုယ်က CD နဲ့ သုံးတဲ့သူ မဟုတ်ရင် ISO ကနေ Extract လုပ်ထားတဲ့ Folder လမ်းကြောင်းကို အထက် မှာဖော်ပြခဲ့တဲ့ နည်းအတိုင်း Copy ကူးထားပြီး ရှေ့ဆက်သွားပါ - ဘယ်နည်းနဲ့ သွားသွား ဒီအဆင့်ကတော့ တူတူပါပဲ


The Installation Process

အဲ့ကနေ ရှေ့ဆက်သွားရင် ပထမဆုံး မေးခံရမှာ ဒီ အောက်ကလို ဟာမျိုးပါ -


တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နေရာမျိုးမှာ ကိုယ့် CD ကို တွေ့ရင်တော့ အဲ့တာကို တန်း click ပေးပြီး ရှေ့ဆက် သွားပါ - တကယ်လို့ အဲ့လိုမှ မဟုတ်ရင် ဖော်ပြထားတဲ့ အတိုင်း "Other" ကိုရွေးပြီး ရှေ့ဆက်ပါ -

နောက်တစ်ဆင့်မှာ အပေါ်မှာ ကျွန်တော်တို့ မှတ်လာခဲ့တဲ့ location ကို သူက တောင်းပါလိမ့်မယ် - အဲတာကို ထည့်ပေး ပြီး ရှေ့ဆက်သွားတာနဲ့ အောက်ကလိုမျိုး Office ကို install လုပ်ဖို့ ကီး တောင်းပါလိမ့်မယ် -


အဲ့နောက်မှာတော့ ထိုင်စောင့်နေဖို့ပဲ လိုပါတော့တယ် - PlayOnLinux ကနေ ပြီး Microsoft Office run ဖို့အတွက် လိုအပ်တာတွေအကုန်လုံးကို သူ့ဘာသာသူ ပြင်ဆင်ပြီး install လုပ်ဆောင်ပေးသွားပါလိမ့်မယ် - ဒီကြားထဲမှာ ကျွန်တော်တို့ လုပ်ပေးဖို့လိုတာဆိုလို့ Next လေးနှိပ်ပေးယုံလောက်ပဲ လိုမှာပါ - သည်းခံပြီး စောင့်ပါ - တစ်ခါတစ်လေမှာ Installation process က သာမန်ထက် နည်းနည်းလေး ပိုကြာတတ်ပါတယ် - အားလုံးပြီးခါနီးရင် Microsoft Office ရဲ့ shortcuts တွေကို Menu မှာ ထားမှာလား Desktop ပေါ်တင်မှာလားဆိုပြီး ခုလို မေးပါလိမ့်မယ် -


Menu မှာ ထားမယ်လို့ ရွေးပေးလိုက်ရင် အောက်ဖော်ပြပါ အတိုင်းမြင်ရမှာ ဖြစ်ပြီး - Desktop ပေါ်ထားမယ်လို့ ရွေးရင်တော့ Desktop ပေါ် Shortcuts တွေတက်လာပါလိမ့်မယ် -


တစ်ခါတစ်လေမှာ shortcuts တွေတက်လာဖို့ အမေးမခံရဘူး ဖြစ်တတ်တာမျိုး ရှိပါတယ် - စိတ်မညစ်ပါနဲ့ နောက် တစ်ခေါက် ပြန် install လုပ်ပါ - အဆင်ပြေပါလိမ့်မယ် -

နိဂုံး


တကယ်တော့ OS platform တစ်ခုမှာ အလုပ်လုပ်နေတဲ့ Software တစ်ခုကို တစ်ခြား OS platform တစ်ခုမှာ ပြောင်းပြီး အလုပ်လုပ်အောင် လုပ်ဖို့ဆိုတာ သဘာဝအားဖြင့် မလွယ်ကူပါဘူး - ဒါပေမယ့် ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကိုပဲ Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? ဆိုတဲ့ Thread မှာ ကျွန်တော် မိတ်ဆက်ခဲ့ပေးပြီးတဲ့ PlayOnLinux ကနေ တတ်နိုင်သမျှ အဆင်ပြေအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် - မိသားစုဝင်တွေရော PlayOnLinux နဲ့ Microsoft Office ကို သုံးရတာ ဘယ်လိုများ မြင်မလဲ မသိဘူး - တစ်ခြားနည်းလမ်းကောင်းလေးတွေများ ရှိရင်လည်း သိပါရစေဦးခင်ဗျ -

KznT.

Related Posts