7th Anniversary

Leave a Comment
ALTERNATE

ဇန်နဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ်

ဒီနေ့ ချစ်သူ သက်တမ်း ( ရ ) နှစ်ပြည့်


- ဖြတ်သန်းပြီးခဲ့တဲ့ နှစ်တွေကို နောက်ပြန်ငဲ့ကြည့်တော့ ဘာမှ သိပ်မကြာခဲ့သေးသလိုပဲ - ဒါပေမယ့် ငါတို့ နှစ်ယောက်လုံး တော်တော် ပင်ပန်းခဲ့ကြတယ် - ကျေးဇူးတင်ပါတယ် ငယ် - ( ရ ) နှစ်တာ ဖြတ်သန်းပြီးခဲ့တဲ့ ကာလမှာ ငါတို့ နှစ်ယောက် တစ်ခါမှ စိတ်မကောက်ခဲ့ကြဖူးဘူး - စိတ်မဆိုးခဲ့ကြဖူးဘူး - ရန်မဖြစ်ခဲ့ကြဖူးဘူး - အဆုံးအစွန်ဆုံး လေသံမာမာတောင် မပြောခဲ့ကြဖူးဘူး - သူတို့တွေကို ပြောပြဖြစ်တိုင်း ကြည်နူးရတယ် - သူတို့ အံ့သြကြတယ် - ငယ် - မင်းက ပြောတယ် - ကိုနဲ့ ချစ်သူဖြစ်ရတာ ကံကောင်းသတဲ့ - ဘယ်ဟုတ်ပါ့မလဲ - တကယ်ကံကောင်းခဲ့တာ ငါပါ -

- နှစ်ယောက်တူတူသွားတိုင်း မင်းကို သက်တောင့် သက်သာနဲ့ ပို့ပေးနိုင်မယ့် ကားမျိုး ငါ့မှာ မရှိသေးဘူး - ဒါပေမယ့် မင်း ငါနဲ့ တူတူ ဘတ်စ်ကားပဲ လိုက်စီးခဲ့တယ်
- ငါ့အိတ်ကပ်ထဲမှာ ကုန်လုနီးနီး ဖြစ်နေတတ်တဲ့ ပိုက်ဆံကို ငါ သတိမရမိအောင် မင်းအတွက် ဘာမှ မလိုအပ်သလို မင်း ဟန်ဆောင်နေတတ်တယ်
- ဘာလိုလဲဆို မလိုဘူး
- ဘာစားချင်လဲဆို ဗိုက်မဆာသေးဘူး
- ဘယ်သွားချင်လဲဆို ကိုသွားချင်တဲ့နေရာ လိုက်မယ်

တကယ်တမ်း ပြန်စဉ်းစားကြည့်တော့ - မင်းလိုအင်ကို ငါဖြည့်ဖြစ်ခဲ့တာထက် ငါ့လိုအပ်ချက်တွေ ငါ့ စိတ်ဆန္ဒတွေကိုပဲ မင်းအမြဲ ဖြည့်ဖို့ ကြိုးစားခဲ့တာပါ - အချစ်အကြောင်းကို ချစ်တယ်လို့ မင်းကို ပြောခဲ့တုန်းက ခပ်ပေါ့ပေါ့ပဲ - လိုချင်တဲ့ အရာတစ်ခုကို ရအောင်ဝယ်ထားလိုက်ချင်တဲ့ ကလေးတစ်ယောက်ရဲ့ တပ်မက်မှုမျိုးပဲ ငါ့မှာ ရှိခဲ့တာ - တဖြေးဖြေး နှစ်တွေ ကြာလာတော့ အချစ် တစ်ခုရဲ့ နက်ရိှုင်းမှုကို သိလာတယ် - ဒါပေမယ့် သိရင် ပြောပြပါလားဆို ငါ မပြောပြတတ်ဘူး - ငါ ပြောလိုက်မယ့် စကားထဲမှာ ပါသွားမယ့် စကားလုံးတွေက မင်းကို သိပ်ချစ်တဲ့ ငါ့သွေးထဲက ခံစားချက်တွေကို လိုက်မမှီမှာ စိုးလို့ပါ -

မင်းကို အဲ့လောက် ချစ်တယ်ငယ် -

ဘဝမှာ အဖြစ်ချင်ဆုံး အရာလို့ မေးရင် လူတိုင်းမှာ အဖြေတစ်ခုစီ ရှိမှာပဲ - ငါ့မှာလည်း ရှိတယ် - အဲ့ အဖြေက အမြဲတမ်း ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ယုံကြည်နေတဲ့ မိန်းမတစ်ယောက် မင်းကို ဖြစ်စေချင်တာပဲ
- မင်းဟာ ငါ့အတွက်နဲ့ မပူပင်စေရဘူး
- မင်းဟာ မင်းမိသားစုအတွက် မပူပင်စေရဘူး
- မင်းဟာ မင်းဘဝရှေ့ရေးအတွက် မပူပင်စေရဘူး
- မင်းဟာ မင်းရဲ့ အနာဂတ်တိုင်းကို မင်းကိုယ်တိုင် စိတ်ကြိုက် ပုံဖော်နိုင်ခွင့်ရှိတဲ့ မိန်းမမျိုး ငါ ဖြစ်စေချင်တယ်

ငါက မင်းကို ချစ်တယ် - မင်းက ငါ့ကို ယုံတယ် - ယုံကြည်မှုနဲ့ ပေါင်းစပ်ထားတဲ့ ချစ်ခြင်းတရားဟာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း မရှိပေမယ့် - အနာဂတ်ကို ထိုးဖောက်နိုင်စွမ်းရှိတယ် ငယ် - အဲ့ဒီ့ အားနဲ့ ငါတို့ ရှေ့ဆက်ကြရအောင် - ဘဝနှစ်ခုဆုံးတဲ့ ထိပေါ့ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts