USEFUL TIPS TO LEARN ENGLISH EFFECTIVELY

အင်္ဂလိပ်စကားပြောနိုင်ငံတစ်ခုမှာ အခြေချဖို့ (အခြေချဖို့ဆိုတာမှာ အလုပ်လည်းလုပ်ရသလို၊ ရတဲ့ဝင်ငွေနဲ့ ပညာကိုလည်းရှာဖွေနေရတဲ့ သူမျိုးကို ဆိုလိုတာပါ) ကြိုးစားနေသူတစ်ယောက်အတွက် အင်္ဂလိပ်စာဟာ အနည်းနဲ့အများ အခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်ရစမြဲပါ။ တချို့ အခြေခံကောင်းသူတွေအတွက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဟာ အတားအဆီးတစ်ခု မဟုတ်ပေမယ့် အခြေခံအားနည်းသူတွေ/ လုပ်ငန်းခွင်ဝင်မှ လုပ်ငန်း သဘောသဘာဝအရ အင်္ဂလိပ်စာကို မဖြစ်မနေ ပြန်လည်လေ့လာရသူတွေမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်လေ့ရှိတတ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုးပဲ ရှိပါစေ အင်္ဂလိပ်စာဟာ ဘဝတက်လမ်းအတွက် အတားအဆီးတစ်ခု မဟုတ်ပါဘူး။ ပဋ္ဌာန်း(၂၄)ပစ္စည်းရဲ့ အဓိပတိပစ္စည်းမှာလည်း "ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။" ဆိုပြီး မြတ်စွာဘုရားရှင် ဟောထားတာရှိပါတယ်။ သိချင်စိတ်၊ တတ်ချင်စိတ်၊ နားလည်ချင်စိတ် ... ဆိုလိုတာ ဆန္ဒပြင်းပြဖို့သာ အဓိကပါ။

အဲ့ဒီ့အတွက် အင်္ဂလိပ်စာလေ့လာမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။ ဒါပေမယ့် ကြိုပြီးအသိပေးထားချင်တာတစ်ခုက ဒီမှာအကြံပြုသွားမယ့် အင်္ဂလိပ်စာတိုးတက်ဖို့ လေ့လာနိုင်မယ့် စာမျက်နှာတွေ၊ လေ့ကျင့်ခန်းတွေ ဆိုတာက IELTS လိုမျိုး အင်္ဂလိပ်ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲတွေ ဖြေဆိုမယ့် သူမျိုးအတွက် တိုက်ရိုက်မရည်ရွယ်ပါဘူး။ အင်္ဂလိပ်စာကို ပြောဖို့ထက် ဖတ်နိုင်ဖို့၊ နားလည်နိုင်ဖို့၊ ရေးနိုင်ဖို့ ဦးစားပေးတဲ့သူတွေ/ သင်တန်းတက်နိုင်ဖို့ အခက်အခဲရှိပြီး အလုပ်တစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှား နေရသူတွေအတွက် အဓိကဦးတည်ပြီး ရေးတာပါ။

အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးခြင်း

အင်္ဂလိပ်စာ လေ့လာသူတစ်ယောက်အတွက် ဘာမှမလေ့လာခင်မှာ အရင်ဆုံး ကိုယ့်အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုရင် အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် လေ့လာစရာ စာအုပ်တွေ ကများပါတယ်။ အချိန်တိုအတွင်းမှာ ထိထိရောက်ရောက် လေ့လာနိုင်ဖို့ဆိုတာ ကိုယ့်အရည်အချင်းကို အတိအကျကြီး မဟုတ်တောင် အကြမ်းဖျဉ်း ဆန်းစစ်သိထားနိုင်မှ ကိုယ့်အင်္ဂလိပ်စာ lvl က ဘယ်လောက်ဆိုတာသိပြီး ဘယ်အဆင့်ကနေ စလေ့လာရမယ်ဆိုတာ အကြမ်းဖျဉ်း သုံးသပ်နိုင်မှာပါ။


ပုံမှန်အားဖြင့် အနောက်နိုင်ငံမှာ ကျောင်းတက်ဖို့ အလုပ်လုပ်ဖို့ နိုင်ငံတကာက လာရောက်ကြသူတွေရဲ့ အင်္ဂလိပ်စာအရည်အချင်းကို CEFR (Common European Framework of Reference for Languages) နဲ့ ပိုင်းဖြတ်ကြတယ်။ ဒါတွေကို ကြားဖူးနားဝရှိပြီး ဖြစ်မှာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ lvl တွေထဲမှာ ကိုယ့်အင်္ဂလိပ်စာ အရည်အချင်း ဘယ်အဆင့်လောက်မှာ ရှိနေသလဲဆိုတာ အကြမ်းဖျဉ်းသိနိုင်ဖို့ ဒီအောက်မှာ ဖော်ပြထားတဲ့ နေရာကနေ စစ်ကြည့်ပါ။

Test your english level - http://learnenglish.britishcouncil.org/online-english-level-test

တစ်ခုရှိတာ ရလာတဲ့ ရလဒ်ကိုကြည့်ပြီး ကိုယ်မှန်းထားသလောက် အဆင့်မရခဲ့ရင် စိတ်ပျက်သွားဖို့ မလိုသလို မထင်မှတ်ထားပဲ ရလဒ်ကောင်းနေခဲ့ရင်လည်း သွေးနားထင်မရောက်ဖို့လိုပါတယ်။

အင်္ဂလိပ်စာသင်ခန်းစာ စာအုပ်များဖြင့် လေ့လာခြင်း


အခု ပထမဆုံး ကျွန်တော်တို့ လေ့လာမယ့်နည်းလမ်းက ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီး လေ့ကျင့်ခန်းစာအုပ်တွေရဲ့ အကူအညီနဲ့ အင်္ဂလိပ်စာကို ပုံမှန်အချိန်တစ်ခုပေးပြီး လေ့လာသွားမယ့်နည်းလမ်းပါ။ လေ့လာသင့်တဲ့ စာအုပ်တွေကို ကျွန်တော် Upload တင်ပေးထားပါတယ်။ ကျွန်တော့်မှာရှိတဲ့ စာအုပ်တွေ အများကြီးထဲကမှ တကယ်အသုံးတည့်မယ့် စာအုပ်တွေလောက်ကိုပဲ စိစစ်ရွေးထုတ်ပြီး Upload တင်ပေးထားတာပါ။ စာအုပ်တွေဒေါင်းလုပ်မချခင်မှာ တင်ပေးထားတဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး အရင်ရှင်းပြချင်ပါတယ်။

Basic Grammar Collection - အင်္ဂလိပ်စာရဲ့အခြေခံ ဝါစင်္ဂ(၈)မျိုး ကနေစပြီး လေ့လာနိုင်ပါတယ်။ အခြေခံလည်း ဖြစ်သလို သင်ပေးတာတွေလည်းရှင်းတဲ့ စာအုပ်ကောင်း ၂ အုပ်ပါ။

4000 Essential English Words - Grammar ဘယ်လောက်ပိုင်ပိုင် စကားလုံး (Vocabulary) မကြွယ်ဝရင်လည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ထိထိမိမိပြောနိုင်ဖို့ အခက်အခဲရှိပါတယ်။ အဲ့ဒီ့အတွက် ပုံမှန်အားဖြင့် အသုံးများတဲ့ အင်္ဂလိပ်စာလုံး ၄၀၀၀ ကို စာအုပ် ၆ အုပ်ခွဲပြီး စုပေးထားတဲ့ စာအုပ်တွေရှိပါတယ်။ စာအုပ်တစ်အုပ်မှာ Unit 30 စီပါပြီး Unit တစ်ခုစီကို Target Words စာလုံး ၂၀ စီ လေ့လာခိုင်းပါတယ်။ Vocabulary ထိုင်ကျက်ရသလိုမျိုးမဟုတ်ဘဲ လေ့လာရမယ့် စာလုံး ၂၀ ကို Story ပုံစံမျိုးလေးတွေ ရေးပေးထားလို့ ဗဟုသုတရသလို လေ့လာရတာလည်း လွယ်ကူစေပါတယ်။

BBC Learning English_Articleshttps://learnenglish.britishcouncil.org/articles က ဆောင်းပါးတွေပါ။ ဗဟုသုတလည်း ရသလို စကားလုံးအသစ်တွေလည်း အများကြီး လေ့လာနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေကလည်း Interactive ဖြစ်ပါတယ်။ သူ့ရဲ့လေ့လာနည်းက စာမဖတ်ခင် စာပိုဒ်ထဲမှာပါတဲ့၊ စာဖတ်သူမသိနိုင်လောက်တဲ့ ဝေါဟာရစကားလုံးတွေကို အရင်စစ်ဆေး လေ့လာခိုင်းပါတယ်။ ပြီးမှ စာပိုဒ်ဖတ်ရတယ်။ ဖတ်ပြီးရင် ကိုယ့်ရဲ့နားလည်မှုပမာဏကို မေးခွန်းနဲ့ ပြန်စစ်ဆေးပေးပါတယ်။

BBC Learning English_Magazineshttps://learnenglish.britishcouncil.org/magazine က ဆောင်းပါးတွေပါ။ အပေါ်က အတိုင်းပါဘဲ။

BBC Learning English_Storieshttps://learnenglish.britishcouncil.org/stories က ဆောင်းပါးတွေပါ။ အပေါ်က အတိုင်း ပါဘဲ။

Business Vocabulary in Use – Business Vocabulary လေ့လာမယ်ဆိုရင် ဒီဖိုဒါထဲမှာပါတဲ့ စာအုပ်တွေက အတော်လေး ကောင်းပါတယ်။ သူ့ရဲ့ အဓိက Target ကတော့ စီပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Phone Calls တွေ၊ Business Writing ရေးရတာတွေ၊ Presentation လုပ်ရတာတွေနဲ့ Meetings တွေမှာ အသုံးများတဲ့ အင်္ဂလိပ်စာလုံးတွေကို အဓိကလေ့ကျင့်ပေးတာပါ။ Elementry ကနေစပြီး Advance ထိ ပါဝင်ပါတယ်။ သင့်တော်ရာကို လေ့လာပါ။

English Collocations in Use – Vocabulary ဘယ်လောက်သိသိ တချို့စကားလုံးတွေက သူ့အတွဲနဲ့သူရှိတော့ ဒီစာအုပ်တွေကိုလည်း အချိန်ပေးနိုင်ရင် လေ့လာသင့်ပါတယ်။ 

English Idioms in Use – Idioms တွေကလည်း အထိုက်အလျောက်တော့ အရေးပါပါတယ်။ မဖြစ်မနေတော့ မဟုတ်ပါ။

English Phrasal Verbs in Use - Phrasal Verbs တွေလေ့လာနိုင်အောင်ပါ။

English Vocabulary in Use - အင်္ဂလိပ်ဝေါဟာရကို ကြွယ်ကြွယ်ဝဝ နားလည်နိုင်ဖို့ Vocabulary လေ့ကျင့်မယ်ဆိုရင် ဒီဖိုဒါထဲမှာပါတဲ့ စာအုပ်တွေက အတော်လေးကောင်းပါတယ်။ Basic ကနေစပြီး Advance ထိ ပါပါတယ်။ သင့်တော်ရာကို လေ့လာပါ။

Essential Grammar in Use – Grammar ကို Target ထားပြီး လေ့လာမယ်ဆိုရင် ဒီဖိုဒါထဲက စာအုပ်တွေကို ဦးစားပေး လေ့လာစေချင်ပါတယ်။ Elementry ကနေစပြီး Advance ထိ ပါပါတယ်။ သင့်တော်ရာကို လေ့လာပါ။

Oxford Practical English Usage - Grammar ကို အဆင့်လိုက် လေ့လာပြီးလို့ Test လေးတွေ စမ်းဖြေကြည့်ချင်ရင် ဒီဖိုဒါထဲက စာအုပ်မှာ လေ့ကျင့်နိုင်ပါတယ်။ Upper Intermediate – Advance နဲ့ Expert lvl အထိ Tests တွေရှိပါတယ်။

Grammar Practise Book - သူကလည်း Grammar လေ့ကျင့်ဖို့ စာအုပ်ကောင်းတွေပါ။

Oxford English Grammar Course - သူကလည်း Grammar လေ့ကျင့်ဖို့ စာအုပ်တွေပါပဲ။

စာအုပ်တွေကို ဒီအောက်က နှစ်နေရာမှာ Download ယူပါ။

https://yadi.sk/d/0lL6eTC6DAZszg  (or)
https://drive.google.com/drive/folders/1gNYDoh8jK8ODVRpg7VGQjbADBEdU1JvO

စာအုပ်တွေကို Folder (၁၄) ခုခွဲပြီး yandex.com မှာ တစ်နေရာ၊ Google Drive မှာ တစ်နေရာ တင်ပေးထားပါတယ်။ နှစ်နေရာခွဲပြီး တင်ပေးထားတဲ့အကြောင်းက Yandex/Google ကို တချို့နိုင်ငံတွေကနေ Access လုပ်လို့မရရင် တစ်ခြားတစ်ခုကနေ ယူလို့ရအောင်ပါ။ နောက်တစ်ချက်က Yandex ကို ဝင်လို့ရတယ်ဆိုရင် အဲ့ဒီမှာက Folder လိုက် တင်ပေးထားတာဆိုတော့ ဖိုင်တစ်ခုချင်းစီ ဝင်ကြည့်ပြီး ကြိုက်တဲ့စာအုပ်ကို တစ်အုပ်ချင်း ဒေါင်းလုပ်ချလို့ရပါမယ်။ Google Drive မှာတော့ Copyright နဲ့ ငြိနိုင်တာကြောင့် ဖိုဒါနဲ့ မတင်ဘဲ Folder အားလုံးကို Zip ချုံ့ပြီး တင်ပေးထားပါတယ်။ အဲ့ဒီ့တော့ Folder ထဲမှာပါတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကြည့်လို့မရနိုင်ပါဘူး။ ဘယ်ကပဲယူယူ ဒေါင်းလုပ်ချရင်ရမယ့် စာအုပ်ကတော့ အတူတူပါပဲ။

အွန်လိုင်းမှာ တင်ပေးထားတဲ့ စာအုပ်တွေထဲမှာ BBC Learning English_Articles/ Magazines/ Stories ဆိုတဲ့ ဖိုဒါတွေ တွေ့ရလိမ့်မယ်။ အဲ့တာတွေက ကိုယ့်ဘာသာ အားရင်အားသလို ဖတ်ဖို့ ဒေါင်းလုပ်ချပြီး PDF လုပ်ထားတာတွေပါ။ လိုအပ်ရင်ယူပါ။ စာအုပ်အများစုကို Updated Versions ဖြစ်အောင် ရှိတာတွေထဲကနေ ရွေးထုတ်ပြီး စုပေးထားတယ်။ File Name တွေရဲ့နောက်ဆုံးမှာလည်း ထုတ်တဲ့ခုနှစ် ထည့်ပေးထားတယ်။ မဟုတ်ရင် အများကြီး ဒေါင်းလုပ်ချရပြီး ဘယ်စာအုပ်က စကိုင်ရမယ်ဆိုတာ မသိမှာစိုးလို့ပါ။

အင်္ဂလိပ်စာသင်ကြားမှု အင်တာနက်စာမျက်နှာများမှတဆင့် လေ့လာခြင်း

တစ်ခုရှိတာ စာအုပ်တွေဆိုတာ ဖတ်နိုင်ရင် ဖတ်နိုင်သလောက် အကျိုးရှိပေမယ့် အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရသူတစ်ယောက်အတွက် ရေရှည်မှာ စာအုပ်ကို ထိထိရောက်ရောက် မဖတ်နိုင်မှာ စိုးရိမ်ရပါတယ်။ စာအုပ်ဆိုတာ Interactive မဖြစ်ဘူးလေ။ အဲ့တော့ အများစုက ၂ ပတ် ၃ ပတ်၊ ၄/၅/၆ ခန်းလောက် ဖတ်ပြီးရင် ပျင်းသွားပြီး ဆက်မလုပ်ဖြစ်ကြတော့ဘူး။ အဲ့လိုမဖြစ်ရအောင် စာအုပ်တွေအပြင် English Learning Websites တွေကိုလည်း အဖော်ပြုသင့်ပါတယ်။ ဒီအောက်ဘက်မှာ English 4 Skills လုံးလေ့ကျင့်လို့ရတဲ့ ဝက်ဘ်ဆိုဒ်လိပ်စာတွေ ဖော်ပြပေးထားပါတယ်။

(၁) https://learnenglishkids.britishcouncil.org/ (ကလေးတွေ လေ့လာဖို့)
အခြေခံအကျဆုံး သင်ခန်းစာတွေ၊ ကလေးလေးတွေ အင်္ဂလိပ်စာသင်ရတာ မပျင်းရအောင် စီစဉ်ပေးထားတဲ့ သင်ခန်းစာတွေ အတော်များများရှိပါတယ်။


(၂) https://learnenglishteens.britishcouncil.org/ (လူငယ်တွေ လေ့လာဖို့)
လူငယ်တွေလေ့လာဖို့ ဆိုပေမယ့် တချို့အင်္ဂလိပ်စာအခြေခံ မကျေညက်သေးသူတွေ၊ ဒွိဟ ဖြစ်စရာ အခြေခံသင်ခန်းစာတွေ ပြန်လေ့လာဖို့အတွက် အသုံးဝင်ပါတယ်။


(၃) https://learnenglish.britishcouncil.org/ (အရွယ်ရောက်သူတွေ လေ့လာဖို့)
လူလတ်ပိုင်းတွေ/ လုပ်ငန်းခွင်ဝင်နေသူတွေ/ အင်္ဂလိပ်စာတိုးတက်ဖို့ စဉ်ဆက်မပြတ် လေ့လာလိုသူတွေအတွက် ရည်ရွယ်ပါတယ်။ ပုံမှန်အားဖြင့်တော့ CEFR lvl B1, B2, C1, C2 ရှိသူ အများစု ဒီမှာလေ့လာကြပါတယ်။ Grammar အားနည်းရင် Grammar၊ Reading ပိုင်း အားနည်းရင် Reading Section၊ Vocabulary ပိုင်းအားနည်းရင် Vocabulary ကိုယ် အားနည်းတဲ့အပိုင်းကို ရွေးချယ်ပြီး လေ့လာလို့ရပါတယ်။ 4 Skills အားလုံးကိုလည်း လေ့ကျင့်နိုင်ပါတယ်။ 


(၄) https://www.teachingenglish.org.uk/ (အင်္ဂလိပ်စာ သင်ကြားသူတွေ လေ့လာဖို့)
အင်္ဂလိပ်စာ ပြန်သင်ပေးမယ့် ဆရာ/ဆရာမတွေအတွက် ရည်ရွယ်လမ်းညွှန်ပေးပါတယ်။


(၅) http://www.bbc.co.uk/learningenglish/ နောက်ထပ် English 4 Skills ကို Lower Intermediate ကနေစပြီး Towards Advance အထိ လေ့လာနိုင်တဲ့ နေရာနောက်တစ်ခုက ဒီစာမျက်နှာပါ။ သူက lvl တစ်ခုကို Unit 30 ပါပြီး ပုံမှန် လေ့လာပေးနိုင်မယ်ဆိုရင် စနစ်ကျပြီး တန်ဖိုးရှိတာတွေ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ Courses တွေအပြင် EVERYDAY ENGLISH- GRAMMAR- PRONUNCIATION- VOCABULARY- BUSINESS ENGLISH ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ တခြားလေ့လာစရာတွေလည်း အဲ့ဒီ့နေရာမှာ အများကြီး ရှိပါသေးတယ်။

  1. Lower Intermediate 
  2. Intermediate
  3. Upper Intermediate 
  4. Towards Advance
(၆) https://web2.uvcs.uvic.ca/courses/elc/studyzone/ - Canada တက္ကသိုလ်တစ်ခုဖြစ်တဲ့ Victoria University ကနေ လွှင့်တင်ထားတဲ့ Web စာမျက်နှာတစ်ခုပါ။ အင်္ဂလိပ်စာလေ့လာသူတွေအတွက် အမှန်တကယ်အထောက်အကူပြုတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်။


(၇) အကယ်၍ စာဖတ်သူဟာ အမေရိကန်သုံး အင်္ဂလိပ်စကားနဲ့ ရင်းနှီးချင်တယ်ဆိုရင် VOA ရဲ့ ဒီအောက်က စာမျက်နှာတွေနဲ့လည်း ထိတွေ့သင့်ပါတယ်။

  1. American Idioms
  2. Ma KyaeMone English 
  3. English from the Film 
အင်္ဂလိပ်စာလေ့လာမှု အထောက်အကူပြု သင်ထောက်ကူဖိုင်များဖြင့် လေ့လာခြင်း

အပေါ်မှာ ညွှန်းခဲ့တဲ့ Websites တွေက Interactive ဖြစ်တဲ့ လေ့လာမှုမျိုးလို့ ပြောလို့မရပေမယ့် E-book ဖတ်ပြီး လေ့လာရတာထက်တော့ အများကြီး ကျေနပ်စရာကောင်းပါတယ်။ သူ့ထက်ပိုပြီး Interactive ဖြစ်တဲ့နည်းနဲ့တွဲပြီး လေ့ကျင့်ချင်မယ် ဆိုရင်တော့ ဒီအောက်မှာ ဖော်ပြထားတဲ့ Learning Kit တွေကိုလည်း ပူးတွဲအသုံးပြု လေ့လာသင့်ပါတယ်။
  1. New Headway 
  2. American Headway 
  3. Interchange 
Download ချလို့ရမယ့် Link တွေတစ်ခါတည်း တွဲပေးထားတယ်။ Website က Iran ကနေ တင်ထားတာမို့လို စာကတော့ Persian စာတွေ ဖြစ်နေပါလိမ့်မယ်။ Google Chrome နဲ့ ဖွင့်ရင် Auto Translate လုပ်ပေးတယ်။ ကွန်ပျူတာမှာ English to English အဘိဓာန် ကောင်းကောင်းလည်းရှိသင့်ပါတယ်။ သုံးဖူးတဲ့ အတွေ့အကြုံအရတော့ ဒီအောက်က အဘိဓာန် (၃) ခုက အကောင်းဆုံးပါ။
  1. Longman Dictionary of Contemporary English 
  2. Oxford Advanced Learner's Dictionary 
  3. Cambridge Advanced Learner's Dictionary 
တခြား လေ့လာနိုင်မယ့် Web စာမျက်နှာတွေကတော့ Googling လုပ်ရင်ဖြစ်စေ၊ Facebook မှာ Learning English လို့ ရိုက်ရှာရင်ဖြစ်စေ Page တွေအများကြီး တွေ့နိုင်တာမို့ အထူးမညွှန်းတော့ပါဘူး။ တစ်ခုရှိတာ Software တွေက Pirated တွေ ဖြစ်နေတော့ အနောက်နိုင်ငံမှာ နေသူတွေအတွက် Copyright နဲ့ ငြိမှာစိုးပါတယ်။ တတ်နိုင်ရင်တော့ ဝယ်သုံးပါ။

FlashCards များဖြင့် လေ့လာခြင်း


ခုနောက်ဆုံး အကြံပြုချင်တဲ့ လေ့လာနည်းတစ်ခုက ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံမှာ လူသိနည်း/လူသုံးနည်းသေးတဲ့ လေ့လာနည်းတစ်မျိုးပါ။ Language တစ်ခုကို လေ့လာရင် စကားလုံးပဲဖြစ်ဖြစ်၊ Usage ပဲ ဖြစ်ဖြစ် မြန်မြန်နဲ့ စွဲစွဲမြဲမြဲမှတ်မိဖို့က အရေးကြီးပါတယ်။ ဘယ်လောက်ပဲ လေ့လာလေ့လာ ဉာဏ်ကြီးရှင်မဟုတ်တဲ့ သူလိုကိုယ်လို ပုံမှန်လူတစ်ယောက်က တစ်ခါဖတ်လိုက်ယုံနဲ့ ရေရှည်မှတ်မိနေဖို့ဆိုတာ တော်ယုံမလွယ်ပါဘူး။ ဦးဏှောက်က အဲ့လောက်မမှတ်နိုင်ဘူး/ဉာဏ်မကောင်းဘူးပဲ ပြောရမှာပေါ့။ စာအုပ်ဆိုတာမျိုးက တစ်ခါဖတ်ပြီးသွားရင် ဖတ်ပြီးပြီပဲ/လေ့လာပြီးပြီပဲ ကိုယ်တွေက ယူဆလိုက်တာ။ တကယ်က Applied မလုပ်မချင်း ခေါင်းထဲမှာ ဘာမှသိပ်ကျန်တာမဟုတ်ပါဘူး။ အဲ့ဒီ့အတွက် Grammar ပဲ ဖြစ်ဖြစ်၊ Vocabulary ပဲဖြစ်ဖြစ် ထပ်ခါထပ်ခါ ဖတ်နေဖို့ အကူအညီပေးနိုင်တဲ့ Software တစ်ခုရှိပါတယ်။ ANKI လို့ခေါ်ပါတယ်။ Open Source ဆိုတော့ Copyright နဲ့လည်း မငြိဘူး။ Apple Devices တွေမှာလည်း သုံးလို့ရသလို Windows/Android မှာလည်း သုံးလို့ရတယ်။ ဘယ်လိုသုံးတယ် ဆိုတာကိုတော့ 1_How To Use Anki မှာ လေ့လာကြည့်ပါ။ FlashCards တွေလည်း တစ်ခါတည်း တင်ပေးထားတယ်။ သုံးလို့အဆင်ပြေမယ့် Dictionary တစ်ခုလည်း Longman Dictionary of Contemporary English နာမည်နဲ့ တင်ပေးထားတယ်။ Install လုပ်နည်းကိုတော့ Read Me How To Install မှာ ဖတ်ပေးပါ။

ANKI + Flash Cards နဲ့ LONGMAN DISTIONARY Software တွေကိုတော့ ဒီအောက်မှာတင်ပေးထားပါတယ်။
https://yadi.sk/d/xbXVEKnHkABH3Q

စာအုပ်တွေ၊ ညွှန်းထားတဲ့ Websites တွေထဲက ကိုယ့်အဆင့်လိုက် သင့်တော်ရာစာအုပ်၊ သင့်တော်ရာ သင်ခန်းစာ၊ သင့်တော်ရာ အကြောင်းအရာကို ရွေးချယ်လေ့လာပေးပါ။ လေ့လာအားကောင်းတဲ့၊ ကြိုးစားတဲ့ သူတွေအတွက် အခုညွှန်းပေးခဲ့တာတွေထဲက တချို့တလေကတော့ အထောက်အပံ့ ရနိုင်ကောင်းပါရဲ့။

TECHSECTORS
http://www.techsectors.net

5 Books To Understand What The Buddha Taught


လက်ရှိ လုပ်ငန်းခွင်ဝင်ရတဲ့ အရွယ်ရောက်သွားတော့ အရင်ကလို အချိန်ပို/ကိုယ်ပိုင်ချိန်ဆိုတာ မရှိသလောက် ဖြစ်သွားတယ်။ အရင်ကျောင်းသားဘဝက ကိုယ်ပိုင်ချိန်များတော့ စာဖတ်ဖို့အတွက် စာအုပ်ရွေးစရာ သိပ်မလိုဘူး။ ကိုယ့်အနီးဝန်းကျင်က အလွယ်တကူ ရနိုင်သမျှ ဖတ်ခဲ့တာပဲ။ ဒါပေမယ့် ဘာသာပြန်ဝတ္ထုတွေ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ၊ သမိုင်းစာအုပ်တွေနဲ့ သိပ္ပံ/သုတေသနနဲ့ ဆိုင်တဲ့ စာအုပ်မျိုးတွေ ပိုဦးစားပေး ဖတ်ဖြစ်တယ်။


အခုတော့ အဲ့တာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေပဲ အဓိက အဖတ်များတော့တယ်။ ဘာသာရေးလုပ်နေတယ်လို့တော့ ခေါင်းစဉ်မတပ်ပါနဲ့။ ဘာသာရေးစာအုပ် ဖတ်တာနဲ့ ဘာသာရေးလုပ်တာနဲ့ တော်တော်လေးကွာခြားတယ်။ ဘာသာရေးလုပ်တယ်ဆိုတာ တချို့က ဘာသာတရားကို ထဲထဲဝင်ဝင် နားလည်သဘောပေါ​က်ပြီး လုပ်တာ။ တချို့ကကျတော့ ရလိုမှုတစ်စုံတစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးချတာ။ ထားပါတော့ အဲ့တာတွေကို အဓိပ္ပါယ်မဖွင့်လိုဘူး။

ကိုယ် ဘာသာရေးစာအုပ်တွေ ဖတ်တယ်ဆိုတာက ဘာသာတရားကို နားလည်ချင်တာ။
ဗုဒ္ဓဘာသာရယ်လို့ အများစုခေါ်ကြတဲ့ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ ဓမ္မတရားတော်ရဲ့ အနှစ်သာရကဘာလဲ။ ကိုယ်တွေ ဖိရိုးဖလာကိုးကွယ်နေကြတဲ့ ဗုဒ္ဓဝါဒနဲ့ လမ်းဆုံးပန်းတိုင်ကဘာလဲ။ ယုံကြည်မှုနဲ့ ကိုးကွယ်နေတာလား။ လိုလားချက်အတွက် ကိုးကွယ်နေတာလား။ လက်ဆင့်ကမ်းလို့ ကိုးကွယ်နေတာလား။ သံသရာဆိုတာ တကယ်ရှိတာလား။ ကံကံ၏ အကျိုးဆိုတာဘာလဲ။ တခြားဘာသာတရားတွေနဲ့ ကိုယ့်ဘာသာတရားက ဘယ်နေရာမှာ အဓိကကွာနေတာလဲ။ သူတို့ကရော ဘာလို့ ကိုယ့်ဘာသာကို မကိုးကွယ်ကြတာလဲ။ ကိုယ်တွေ နေ့စဉ်ရွတ်နေတဲ့ ဓမ္မစကြာ၊ ပဋ္ဌာန်းဆိုတာတွေရဲ့ အနှစ်သာရကဘာလဲ။ ဘယ်ကနေစပြီး လူဖြစ်လာတာလဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတာ တကယ်လား။ သစ္စာလေးပါးဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ။ .....

ဒီမေးခွန်းတွေ နားလည်ချင်လို့ စာဖတ်တယ်။ ဖတ်ရင်းနဲ့ ဗုဒ္ဓစာပေဟာ ဘာသာရေး သက်သက်ချည်း မဟုတ်ဘူး ဆိုတာသိလာတယ်။ သူ့အထဲမှာ လောကီရေးရာ တိုးတက်ကြီးပွား ချမ်းသာစေကြောင်း အကြောင်းကိစ္စရပ်တွေကနေစလို့ လောကုတ္တရာရေးရာ အောင်မြင်ပေါက်မြောက်ဖို့အထိ နည်းလမ်းတွေ အကုန်ဖော်ပြထားတယ်။ လောကီမှာရော လောကုတ္တရာဘက်မှာပါ အောင်မြင်ပေါက်မြောက်စေဖို့ ညွှန်ကြားပြသနိုင်တဲ့ စာပေဆိုတာ ဗုဒ္ဓစာပေကလွဲရင် တစ်ခြားဘယ်မှာမှ မတွေ့ဖူးဘူး။

အထူးသဖြင့်တော့ ခုနောက်ပိုင်းမှာ နိကာယ် ငါးရပ်၊ ပိဋကတ် သုံးပုံကို မြန်မာပြန်ထားတဲ့ စာအုပ်တွေ ဦးစားပေး ဖတ်ဖြစ်တယ်။ မြန်မာလို ပြန်ထားတာ မှန်ပေမယ်လို့ ဖတ်ကြည့်တဲ့အခါ ထင်သလောက် ခရီးမရောက်ဘူး။ နားမလည်တဲ့အပိုင်းတွေမှာ ဘာကိုဆိုလိုချင်တာလဲဆိုတာ သိအောင်ရှာဖတ်ပြန်တော့ ဘယ်အဌကထာ၊ ဘယ်ဋီကာမှာတော့ ဘယ်လိုဖွင့်ပါတယ်ဆိုပြီး ညွှန်းတာတွေ တွေ့ရတယ်။ ဒါပေမယ့် ကိုယ်တိုင်က ပါဠိလို မဖတ်နိုင်တော့ ပိဋကတ်တွေရဲ့ ဆိုလိုရင်း အနက်ကို အကျယ်ပြန်ပြီး ဖွင့်ပြထားတဲ့ အဌကထာ၊ ဋီကာတွေကိုလည်း နားမလည်နိုင်ဘူး။ ပါဠိလို မဖတ်နိုင်ဘဲနဲ့ မြန်မာပြန်ထားတာလေးကို အပေါ်ယံလောက် ရှပ်ဖတ်ပြီး ကိုယ့်စိတ်ထဲ ထင်ရာစွဲတွေးဖို့ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။

ဒီလိုအခက်အခဲတွေက ဗုဒ္ဓစာပေလေ့လာသူတိုင်း တွေ့ကြုံရမယ့် အခက်အခဲတွေပါ။ ဒီအခက်အခဲတွေကို အထိုက်အလျောက် ပြေလည်စေမယ့် ပိဋကတ်မိတ်ဆက် စာအုပ် (၅) အုပ်ကို စာဖတ်ရင်းနဲ့ သိပ်မကြာခင်က ရှာလို့တွေ့ခဲ့တယ်။ တန်ဖိုးမဖြတ်နိုင်ဘူး။ ဈေးဖြတ်ပြီး ရောင်းရမယ့် စာအုပ်မျိုးတွေထဲမှာ ဒီစာအုပ်တွေ မပါဘူး။ မြတ်စွာဘုရားရှင် (၄၅)နှစ်တာ/၄၅ ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို မူရင်းပါဠိတော်/မြန်မာပြန်တွေအတိုင်း အနှစ်သာရမပျက်ဘဲ ဖတ်ချင်တယ်ဆိုရင် ဒီစာအုပ် ၅ အုပ်ကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်တယ်။ ဒါတွေကို ရှာဖွေတင်ဆက်ပေးနေတဲ့ ဓမ္မဒေါင်းလုပ် မိသားစုကိုလည်း အထူးကျေးဇူးတင်မိပါတယ်။

၁။ ပိဋကတ်ပါဠိတော် မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ - ဗုဒ္ဓသာသနာအဖွဲ့
၂။ နိကာယ်ငါးရပ် ပိဋကတ်အဖွင့် (ဒီဃနိကာယ်) -  ဓမ္မာစရိယ ဦးမောင်မောင်လေး
၃။ ပိဋကတ် အနှစ်ချုပ် (မဇ္ဈိမနိကာယ်) -  ဓမ္မာစရိယ ဦးမောင်မောင်လေး
၄။ ပိဋကတ် အနှစ်ချုပ် (သံယုတ္တနိကာယ်) -  ဓမ္မာစရိယ ဦးမောင်မောင်လေး
၅။ ပိဋကတ် အနှစ်ချုပ် (အင်္ဂုတ္တရနိကာယ်) -  ဓမ္မာစရိယ ဦးမောင်မောင်လေး

သုခီအတ္တာနံ ပရိဟရန္တု
Dhamma review
30-7-2019
၁၄၅၆

How To Access Wikipedia Offline - Kiwix

လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် (ဇန်နဝါရီ ၁၅၊ ၂၀၀၁) က ဝီကီ (Wikipedia) ကို စပြီးအသက်ဝင်ခဲ့တယ် ဆိုပေမယ့် ၂၀၀၇ ခုနှစ်မှာမှ ထဲထဲဝင်ဝင် စဖတ်ဖြစ်ခဲ့တယ်။ အဲ့မတိုင်ခင်က ကွန်ပျူတာဆိုတာ ကောင်းကောင်းမသုံးတတ်သလို အင်တာနက် ဆိုတာလည်း လက်လှမ်းမမှီသေးဘူး။

လက်ရှိအချိန်ထိ ဝီကီမှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးပေါင်း က ၅၀၀၀၀ မပြည့်သေးပေမယ့် အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးပေါင်းက သန်းနဲ့ချီရှိနေပြီ။ ဆိုတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုခုကို အချိန်တိုအတွင်း အဖြေရှာတွေ့ချင်ရင် ဝီကီကို အားကိုးတာ အသင့်တော်ဆုံးပဲ။ ဝီကီကို စဖတ်ဖြစ်ခဲ့တဲ့နောက်ပိုင်း ဒီဝီကီရဲ့ ဝက်ဘ်စာမျက်နှာတိုင်းကို ဒေါင်းလုပ်ချပြီး သိမ်းထားလို့ရရင် ဘယ်လောက်များ ကောင်းမလဲလို့ မကြာခဏတွေးမိတယ်။ Website Grabber တွေနဲ့ လက်တွေ့ဒေါင်းလုပ်ချကြည့်ဖို့လည်း ကြိုးစားဖူးတယ်။ ဒါပေမယ့် Database ပမာဏ အရမ်းများတဲ့ Website တစ်ခုကို ဒေါင်းလုပ်ချဖို့ဆိုတာ ကိုယ့်မှာရှိတဲ့ 500GB Hard Disk နဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။


ဒါပေမယ့် တကယ်လိုချင်နေတဲ့သူအတွက်တော့ အဖြေဆိုတာရှိတယ်။ Wikipedia ကို Offline Access နဲ့ ကြည့်လို့ရအောင် စီစဉ်ပေးထားတဲ့ Kiwix ဆိုတာရှိတယ်လေ။ သူ့ကိုရှာတွေ့တော့ စိတ်ချမ်းသာလိုက်တာ။ တစ်ခါတစ်လေ နယ်တွေဘာတွေ ခရီးသွားလို့ အင်တာနက်မရှိတဲ့နေရာကို ရောက်တဲ့အခါ တစ်ခုခုသိချင်တဲ့အချိန်တိုင်း ဝီကီမှာဆို ရှာလို့ရမှာလို့ အမြဲတွေးမိတယ်။ ကိုယ်နဲ့ ကံအကြောင်း တိုက်ဆိုင်လို့ကြုံရတဲ့ ကလေးတွေကိုလည်း မင်းတို့သိချင်တာရှိရင် ဒီမှာရှာလို့ရတယ်ဆိုတာ ပြောပြချင်တယ်။ ဒေါင်းလုပ်ချရမယ့် ပမာဏကလည်း သိပ်အများကြီး မဟုတ်ဘူး။ မြန်မာလိုရေးထားတဲ့ ဝီကီစာမျက်နှာတွေကို Offline ကြည့်နိုင်ဖို့ဆိုရင် ဒေါင်းလုပ်ချရမယ့် ပမာဏက 286MB (2019/5) ပဲရှိတယ်။ အင်္ဂလိပ်လို Wikipedia စာမျက်နှာ (ဓာတ်ပုံအပါ) အားလုံးလိုချင်တာဆိုရင်တော့ ဒေါင်းလုပ်ချရမယ့် ပမာဏက နည်းနည်းများသွားမယ်။ 79GB (2018/10) ရှိတယ်။ ဒါပေမယ့် Website Grabber တွေနဲ့ ဒေါင်းလုပ်ချတာထက်စာရင် ဒီနည်းက ပိုပြီးထိရောက်တယ်။ တစ်ခြား ကိုယ်ဖတ်နိုင်တဲ့ ဘာသာတွေနဲ့ ဒေါင်းလုပ်ချထားချင်တယ်ဆိုရင်လည်း ဒီနေရာမှာ အစုံရှိတယ်။ တစ်ခုရှိတာ ဒေါင်းလုပ်မချခင် အများသူငါ မေးလေ့ရှိတဲ့ မေးခွန်းတွေ ကိုတော့ ကြိုဖတ်ကြည့် ထားသင့်တယ်။


အခုဆိုရင် Wikipedia က ကိုယ့်လက်တစ်ကမ်းမှာရှိနေပြီ။ လေ့လာကြည့်ပါ ပြီးတော့ ကိုယ့်ရဲ့အတွေ့အကြုံ လေးတွေကိုလည်း မှတ်ချက်ပြုပေးပါ။


သုခီအတ္တာနံ ပရိဟရန္တု။
၂၆-၇-၂၀၁၉
၁၅၂၇

Power, Politics, and the Cult of Personality

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်နေတဲ့ပါတီကို ဘယ်လိုမြင်လဲဆိုပြီး လာလာမေးကြတယ်။ တကယ်တော့ သူတို့သိချင်တာ ကိုယ့်အမြင်သက်သက်ကို သိချင်တာလည်း ဟုတ်ချင်မှဟုတ်မယ်။ တစ်ခြားရည်ရွယ်ချက် တစ်ခုခုလည်း ရှိချင်ရှိကောင်း ရှိလိမ့်မယ်။


များသောအားဖြင့်လည်း အဲ့လိုသုံးသပ်ချက်တွေ မပြောဖြစ်အောင်ရှောင်တယ်။ ရှောင်တယ်ဆိုတာ နားမလည်လို့လည်း မဟုတ်ဘူး။ စိတ်မဝင်စားလို့လည်း မဟုတ်ဘူး။ ကိုယ်ပြောလိုက်တဲ့သူက ကိုယ်မပြောခင်ကတည်းက ဘောင်ခတ်ခံထားရတဲ့သူတစ်ယောက် ဖြစ်နေမှာစိုးလို့။ ဘောင်ပြင်ကို ထွက်မတွေးတတ်ဘဲ ကိုယ်ဘာပြောပြော သူ့ဘာသာသူ စံသတ်မှတ်ထားတဲ့ ဘောင်ထဲကနေပြီး မဝင်ဝင်အောင် လိုက်တွေးနေမှာမျိုးတော့ ကိုယ်တွေမလိုလားဘူး။


ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲဆိုရင် "နိုင်ငံ့ခေါင်းဆောင်တစ်ယောက်" လို့မြင်တယ်။ တချို့က လေးစားသမှုနဲ့ "အမေ" လို့ ခေါ်ကြသူတွေလည်းရှိတယ်။ တကယ်တော့ သူက ကိုယ့်အမေထက်တောင် အသက်ကြီးတဲ့သူပါ။ ဒါပေမယ့် "အမေ" ခေါ်ခြင်း မခေါ်ခြင်းထက် ကိုယ့်လုပ်ရပ်တွေက သူ့အတွက် အထောက်အကူမပြုတောင် အနှောင့်အယှက် မဖြစ်စေဖို့ပဲ သတိထားတယ်။ သူခေါင်းဆောင်နေတဲ့ ပါတီထဲက လူတွေကိုရော၊ သူ့ကိုရော ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (Cult of Personality) နဲ့ သုံးသပ်တာမျိုးမဟုတ်ဘဲ သူ့ရဲ့နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု၊ ရပ်တည်ချက်၊ ခံယူချက် ဆိုတာတွေနဲ့ပဲ ရှုမြင်နိုင်အောင် ကြိုးစားတယ်။

သူဆုံးဖြတ်သမျှ သူ့ပါတီဝင်တွေလုပ်သမျှ ကြိုက်နေတယ်ရယ်လို့တော့ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ အံမဝင်တာတွေလဲရှိတယ်။ ဒါပေမယ့် ကိုယ်သိပ်လက်ခံလို့မရတဲ့ ဆုံးဖြတ်ချက်တစ်ခု သူပေးလိုက်တယ်ဆိုရင် သူဘာကြောင့် ဒီလိုဆုံးဖြတ်တာလဲဆိုတာ သူ့နေရာကနေ လိုက်တွေးကြည့်တယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံရဲ့ စာရင်းအင်းအချက်အလက်တွေ၊ အဲ့ကိစ္စတွေနဲ့ ပတ်သက်နေတဲ့ အစီရင်ခံစာတွေ၊ အရင်က ဖြစ်ခဲ့ဖူးတာတွေ၊ အဲ့အကြောင်းအရာကို ပံ့ပိုးပေးနေတဲ့ ဥပဒေကြောင်းတွေကို လက်လှမ်းမီသလောက် လိုက်ဖတ်တယ်။ ဆိုတော့ ကိုယ့်အတွေ့အကြုံအရ သူ့လောက်မတွေးနိုင်ပေမယ့် သူဘာကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာ အနီးစပ်ဆုံး လက်လှမ်းမီသွားတယ်။



ဟုတ်တယ် အရင်ကတော့ အဲ့လောက်ထိ အချက်အလက်တွေရဖို့ ပြည့်ပြည့်စုံစုံ ဖတ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ အခုကျတော့ သတင်းအချက်အလက်နဲ့ ပတ်သက်ရင် MYANMAR NATIONAL PORTAL ဆိုတာ ရှိနေပြီ။ အစိုးရအဖွဲ့ရုံးတွေရဲ့ ဝက်ဘ်ဆိုဒ်တွေဆိုတာလည်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိလာပြီ။ ဆိုကြပါစို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ရဲ့ ဝက်ဘ်စာမျက်နှာ ကိုဝင်လိုက်တာနဲ့ တခြားအစိုးရအဖွဲ့ရုံးတွေကိုလည်း သိနိုင်ပြီ။ စာရင်းအင်းဆိုင်ရာ အချက်အလက်နဲ့ ပတ်သက်ရင် ဗဟိုစာရင်းအင်းအဖွဲ့ - Central Statistical Organization (CSO) ကနေ လွှင့်တင်ထားတဲ့ Myanmar Statistical Information Service ဆိုတာရှိနေပြီ။


Photo - https://www.mlis.gov.mm/

ဥပဒေတွေ နည်းဥပဒေတွေနဲ့ သက်ဆိုင်တာတွေဆိုရင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ကနေ လွှင့်တင်ထားတဲ့ မြန်မာဥပဒေသတင်းအချက်အလက်စနစ် ဆိုတဲ့ ဝက်ဘ်စာမျက်နှာရှိနေပြီ။ အရင်လို ပန်းဆိုးတန်းသွားပြီး ဥပဒေစာအုပ် ရှာစရာမလိုတော့ဘူး။ လက်ရှိ Hot နေတဲ့ မြန်မာနိုင်ငံသားဥပဒေတို့၊ ကလေးသူငယ်ဥပဒေတို့၊ ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေတို့ ဆိုတာတွေကအစ အကုန် Up-to-Date သိနိုင်နေပြီ။

နိုင်ငံတစ်ခု ခေါင်းဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ နိုင်ငံတစ်ခု ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ခေါင်းဆောင်လုပ်ရတာ အသာထားဦး ကိုယ့်အိမ်က ကိုယ့်မိသားစု အောင်မြင်တိုးတက်အောင်ပဲ ခေါင်းဆောင်ကြည့်ပါဦး။ အဲ့တော့ အပြုသဘောဆန်တဲ့ ဝေဖန်မှုမျိုးမဟုတ်ဘဲ အစိုးရလုပ်သမျှ ကန့်လန့်တိုက်နေမယ့် အတွေးမျိုးတွေ မလုပ်ကြရင် မကောင်းဘူးလား။ ကိုယ့်ဘက်က နိုင်ငံတိုးတက်ဖို့ ဘာမှလုပ်မပေးနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ငါးပါးသီလလေးတော့ လုံခြုံအောင် စောင့်လိုက်ပါလား။ ခုဖြစ်နေတဲ့ Victoria ကိစ္စ၊ မပြီးဆုံးနိုင်သေးတဲ့ ဘင်္ဂါလီပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဆိုတာတွေ အကုန်ဆုံးက လောဘ၊ ဒေါသ၊ မောဟ ကို အခြေခံထားတဲ့ ငါးပါးသီလမလုံခြုံလို့ ဖြစ်နေကြတာတွေပဲ မဟုတ်လား။ နိုင်ငံတိုးတက်ဖို့ဆိုတာ ဘာမှမဟုတ်ဘူး ခင်ဗျားတို့ ကျွန်တော်တို့ ငါးပါးသီလလောက်ကို ကောင်းကောင်းစောင့်ထိန်းနိုင်ဖို့ပဲလိုတာပါ။ အဲ့လိုဆိုရင် အစိုးရလည်း ခင်ဗျားတစ်ယောက်စာ အရှုပ်ထုပ်ရှင်းပေးရတာ သက်သာပြီး လိုအပ်တဲ့နေရာတွေအတွက် အားပိုစိုက်လို့ရသွားတာပေါ့။

၂၆-၇-၂၀၁၉
၀၆၂၀

SuttaCentral - Early Buddhist Texts And Modern Translations

ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့၊ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူတဲ့နေ့က အမှတ်တရအနေနဲ့မြတ်စွာဘုရားရှင်ရဲ့ ပိဋကတ်တော် ဘာသာပြန်ကျမ်းစာတွေရှိရာ ပုံမှန်ဖတ်နေကျ SuttaCentral ဆိုတဲ့ ဝက်ဘ်စာမျက်နှာတစ်ခု အကြောင်း ဘာသာပြန်ဗွီဒီယိုဖိုင်လေးတစ်ခု လုပ်ဖြစ်ခဲ့တယ်။

Photo - Suttacentral.net
SuttaCentral ရဲ့ အားသာချက်က မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ပါဠိလို၊ အင်္ဂလိပ်လို၊ မြန်မာလို အစုံကြည့်လို့ရတယ်။ မြန်မာလို ဘာသာပြန်ကတော့ အစုံမရသေးဘူး။ ပိဋကတ် ပါဠိ-မြန်မာပြန် စာအုပ်တွေ လိုချင်ရင်တော့ ဒီအောက်က ဖော်ပြထားတဲ့ နေရာတွေမှာ အစုံလိုက် ဒေါင်းလုပ်ချလို့ရတယ်။

http://www.kbrl.gov.mm/Catalog/Featured
http://www.dhammadownload.com/eBook-Myanmar.htm
https://spsuygn.edu.mm/book/reference
https://www.thitsarparamisociety.com/
https://www.mmbookdownload.com/Tripitaka

တကယ်လို့ ဒေါင်းလုပ်မချချင်ဘူး အွန်လိုင်းကနေ တိုက်ရိုက်ဖတ်ချင်တယ်ဆိုရင်လည်း ဒီနေရာမှာ ဖတ်လို့ရတယ်။ ပါဠိလို နားမလည်ဘူး မြန်မာပြန်ကိုပဲ ရှင်းရှင်းလင်းလင်း ဖတ်ကြည့်ချင်တယ်ဆိုရင် MyanmarSutta ဆိုတဲ့ Website တစ်ခုရှိတယ်။ Myanmar Sutta ရဲ့ အားသာချက်က နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံကို ဘယ်လိုစတင်လေ့လာရမယ်၊ နိကာယ်တစ်ခုနဲ့ တစ်ခုက ဘယ်လိုကွာခြားချက်လေးတွေ ရှိတယ်ဆိုတာ အတိုချုံးရှင်းပြထားတာတွေ ရှိသလို၊ နိကာယ်တစ်ခုချင်းစီအောက်က သုတ္တန်တွေကိုလည်း ဘယ်လိုအကြောင်းအရာကို ဟောကြားထားတဲ့ သုတ္တန်ဆိုတာ ရှင်းပြထားတယ်။

ဒါကတော့ SuttaCentral Website အတွက် ဘာသာပြန်ထားတဲ့ ဗွီဒီယိုဖိုင်ပါ။ သိပ်လည်းမကြာပါဘူး။  ၂ မိနစ်တည်း။ ပြောတဲ့သူက မိန်းကလေးဖြစ်နေလို့ နာမ်စားကို "ကျွန်မ" လို့ပဲ သုံးလိုက်တယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကို မြတ်စွာဘုရားရှင်ရဲ့ မူရင်းပိဋကတ်တော်တွေနဲ့ သိပ်မဝေးစေချင်ဘူး။ ကိုယ်တွေမှ ဝေးရင် ဘယ်သူနီးနိုင်တော့မလဲနော်။


သုခီအတ္တာနံ ပရိဟရန္တု။
၂၅-၇-၂၀၁၉
၂၂၁၈

Techsectors.net Is Going To Active Till 2020


Photo - ၂၀၀၈ မှ ၂၀၁၉ ထိ ကိုယ်တိုင်ရေးခဲ့သော စာများ

ဒီနေ့ Z.com မှာ Domain Renewal လုပ်တယ်။ ပုံမှန် .com Domain က မြန်မာငွေ ၁၂၀၀၀ လောက်ပဲ ကျပေမယ့် အရင်တည်းက .net နဲ့ပဲ တောက်လျှောက်ရေးခဲ့တာမို့လို့ .net ကိုပဲ ၁၇၅၀၀ နဲ့ ဝယ်လိုက်တယ်။ Tax ဘာညာ အပြီးအစီး ၁၈၉၀၀ ကျတယ်။ လက်ရှိ ပြည်ပရောက်နေတော့ ငွေချေရတာက မြန်မာပြည် Online Banking နဲ့ အဆင်ပြေမပြေ သိပ်သေချာမသိဘူး။ Online Banking နဲ့ ငွေပေးငွေယူက မြန်မာပြည်ထဲ နေစဉ်ကပဲ လုပ်ဖူးတယ်။ အခု ပြည်ပကနေ ငွေချေရမယ်ဆိုပြီး ဖြစ်လာတော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း စဉ်းစားရင်း ဒီနေ့မှ လုပ်ဖြစ်တယ်။

တော်သေးတာ မြန်မာပြည်မှာ လူခံရှိတော့ ဒီကနေ မြန်မာပြည်ကို ငွေပြန်လွှဲ ကိုယ့် KBZ အကောင့်ထဲကို ထည့်ခိုင်း၊ အဲ့ကနေမှ Bank Account အချင်းချင်း Transfer ပြန်လုပ်ရတယ်။ အဆင်ပြေပြေနဲ့တော့ ပြီးသွားပါပြီ။ အဲ့လိုတွေ ကိုယ်အလုပ်ရှုပ်နေတာ မိတ်ဆွေတစ်ယောက်ကတွေ့တော့ ဘာတွေလုပ်နေတာလဲဆိုပြီး မေးတယ်။ ဒီလိုဒီလိုပဲ ရေးနေတဲ့ Blog အတွက် Domain Renewal လုပ်နေတာဆိုတော့ "ဟုတ်လား မင်း Blog ရေးမှန်းမသိဘူး ငါ့ကိုပေးဖတ်ပါ Blog လိပ်စာပြောပါလို့" ပြောလာရော။ စိတ်မကောင်းပါဘူး Personal Blog မှာ စိတ်ကူးတည့်ရာ ရေးနေတာမို့လို့ ဘယ်သူမှ Blog လိပ်စာပေးပြီး ဖတ်မခိုင်းပါဘူးလို့ပဲ ပြောလိုက်တယ်။


Blog ရေးလာခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ငါဘလောက်ရေးနေတယ် လာဖတ်ပါလို့ မိတ်ဆွေထဲက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ခဲ့ဖူးဘူး။ ကိုယ့်ကို Personal အရ ခင်မင်သိကျွမ်းလို့ ကိုယ့် Blog ကို လာဖတ်တာမျိုး မလိုလားဘူး။ အကြောင်းတိုက်ဆိုင်လို့ ရောက်လာတာဖြစ်ဖြစ်၊ ညွှန်လို့ရောက်လာတာဖြစ်ဖြစ် ကိုယ့်ကိုမသိဘဲ ကိုယ့်စာကို ဖတ်ချင်လို့ လာတဲ့ စာဖတ်သူကိုပဲ လိုလားတယ်။ ဒါတောင် အမြဲလာဖတ်ပါလို့လည်း မခေါ်ချင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ရေးတဲ့ Blog က ကိုယ်စိတ်ဝင်စားတဲ့အပေါ် အခြေခံပြီး စိတ်ထဲပေါ်တဲ့ အကြောင်းအရာကိုရေးတာ။ ကိုယ့်သဘောထားကိုလည်း ဒီနေရာမှာ သီးသန့်ရေးခဲ့ပြီးပြီ။ အဲ့တာကြောင့် စာဖတ်သူရှိခဲ့ရင်လည်း တစ်ခါတစ်လေ အားနာတယ်။ Facebook Page ကို Like လုပ်ထားသူကတော့ လောလောဆယ်ထိ ၁၇၉ ယောက်ရှိတယ်။ အဲ့ထဲမှာ ဘယ်နှစ်ယောက်က Blog မှာ စာဖတ်ဖြစ်သလဲဆိုတာ ကိုယ်လည်းမသိဘူး။ ဒါပေမယ့် ဖတ်ဖြစ်ဖြစ် မဖတ်ဖြစ်ဖြစ် Like လုပ်ပေးထားတာကို ကျေးဇူးတင်ပါတယ်။

Techsectors.net ဆိုတဲ့အမည်နဲ့ ဘယ်အချိန်ထိ စာဆက်ရေးဖြစ်နေဦးမယ်ဆိုတာ မသိဘူး။ ဒီ Blog လေးကို ကိုယ့်ရဲ့ ကိုယ်ပွားတစ်ခုလို တန်ဖိုးထားတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်က "အဘိဏှသုတ်" မှာ ဟောတော်မူတယ်။
"သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ" တဲ့။
ဘယ်လိုပဲဖြစ်ဖြစ်လေ။ တတ်နိုင်သလောက်ပေါ့။ အကောင်းဆုံးပေါ့။ ဘဝမှတ်တိုင်တစ်ခုပေါ့။

သုခီအတ္တာနံ ပရိဟရန္တု။
၂၅-၇-၂၀၁၉
၂၁၀၄

Anniversary Day of The Four Noble Truths

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ဝါဆိုလပြည့် ၁၅ ရက်၊ အင်္ဂါနေ့။ (ဓမ္မစကြာအခါတော်နေ့) ယူနီကုတ်စပြီး အတည်တကျ ဖြစ်လာတဲ့ ၂၀၀၉ - ၂၀၁၀ ဝန်းကျင် ကတည်းက ကိုယ့် Personal Blog ကို ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်အဖြစ် ပြောင်းခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုချိန်ထိ ဇော်ဂျီကို မစွန့်ခွာနိုင်သေးဘူး။ အထူးသဖြင့်တော့ ဖေ့ဘုတ်သတင်း အများစုက ဇော်ဂျီနဲ့ ရေးကြတယ်။ ကိုယ်နဲ့ ခင်မင်ရင်းနှီးသူအများစုကလည်း ဇော်ဂျီနဲ့ပဲ အကျွမ်းတဝင်ရှိကြတယ်။ အဲ့တော့ စနစ်မကျ ဗရုတ်သုတ်ခတွေနဲ့ ဒင်းကြမ်း ပြည့်နေတဲ့ ဒီဇော်ဂျီကိုပဲ သည်းခံပြီး ဆက်သုံးခဲ့ရတယ်။

ကိုယ်က ယူနီကုတ်နဲ့ သုံးချင်တယ်။ ဒါပေမယ့် သူများတကာက ဇော်ဂျီနဲ့ ရေးထားတယ်ဆိုရင် ဖတ်မရတော့ ဘရောက်ဇာ စက်တင်မှာ Unicode တစ်ခုခု ပြန်လိုက်ပြောင်းရတယ်။ Add-on တွေသုံးဖို့ကျပြန်တော့ ဘရောက်ဇာလေးလို့ မသုံးချင်ဘူး။ အဲ့လိုနဲ့ ဇော်ဂျီကို သီးခံခဲ့တာ ဆယ်စုနှစ် တစ်စုတိုင်ခဲ့ပြီ။ ဒီနေ့တော့ ဝါဆိုလပြည့်နေ့ရောက်ပြီ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သော်မှ သူကိုယ်တိုင်သာ ထိုးထွင်းသိမြင်ပြီး တစ်ခြားဘယ်သူ တစ်ဦးတစ်ယောက်မှ မသိမမြင်နိုင်သေးတဲ့ အကြောင်းတရားတွေထဲက ကနဦးတရားဖြစ်တဲ့ သစ္စာလေးပါး ဒေသနာတော်ကို ဘယ်သူမှမှ မသိသေးဘဲ ငါတစ်ယောက်ပဲ သိသေးတာဆိုပြီး မဟောမပြောဘဲ မနေခဲ့ဘူး။ ဖြစ်အောင် ကြိုးစားတယ်။ သိနားလည်နိုင်အောင် ဟောကြားပြသနိုင်ခဲ့တယ်။ ဒီဘက်ခေတ်မှာ ယူနီကုတ်ဆိုတာ ကြားဖူးနားဝရှိသူ အတော်များသွားပြီ။ အသစ်အဆန်းတစ်ခု မဟုတ်တော့ဘူး။ မသုံးကြသေးတာပဲရှိတယ်။ မြတ်စွာဘုရားရှင် ရင်ဆိုင်ခဲ့ရတဲ့ သတ္တဝါတွေရဲ့ မသိနားမလည်ခြင်းဆိုတဲ့ အခက်အခဲနဲ့ ယှဉ်လိုက်ရင် အခုပြောနေကြတဲ့ ယူနီကုတ်ကို မသိနားမလည်ခြင်းဆိုတာ မနှိုင်းယှဉ်သာအောင် အပုံကြီးကွားခြားတယ်။ ဒါကြောင့် ဝါဆိုလပြည့်နေ့ကို အကြောင်းပြုလို့ အရင်တုန်းက Social Media မှာ စာရေးတဲ့အခါ ယူနီကုတ်နဲ့ ဇော်ဂျီ (၂) မျိုးပေါင်း ရေးနေရာကနေ ဒီနေ့ကနေစလို့ ဇော်ဂျီကို အပြီးတိုင် စွန့်ခွာပြီး ယူနီကုတ်စနစ်သီးသန့်နဲ့ပဲ Social Media မှာ ရေးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝါဆိုလပြည့်နေ့ အခါသမယမှာ ဓမ္မစကြာဒေသနာနဲ့ ပတ်သက်ပြီး ဖတ်မှတ်သိရှိနားလည် ထားသင့်တဲ့ စာအုပ်တွေကိုလည်း ဓမ္မဒါန အကြံပြုချက် အနေနဲ့ ဝေမျှလိုက်ပါတယ်။ ဓမ္မဗျူဟာ - ဓမ္မစက္ကပဝတ္တနသုတ္တန် (ပါဠိတော်နှင့် မြန်မာပြန်) https://drive.google.com/file/d/1L_PRTGXCociECPIos7jPzNNnie0e9Pgb/view?usp=sharing လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး - ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အမေးအဖြေ https://drive.google.com/file/d/1es4MozCHWt2YgL8i9g4QQqMdbyFTDuVG/view?usp=sharing အရှင်ဇနကာဘိဝံသ - ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် https://drive.google.com/file/d/1IisxIQ73jdJtCVyTFR1bU-wEvLXXxwp0/view?usp=sharing သုခီအတ္တာနံ ပရိဟရန္တု။ ၁၆-၇-၂၀၁၉ ၁၁၁၃

Related Posts