Chrome and Sync settings across multiple computers

Leave a Comment
Google Chrome နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်သုံးနေကြပေမယ့် သိပ်သတိမထားမိကြသေးတဲ့ Personal Stuff လေး တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Google Chrome သုံးနေပြီး တော်တော်ကြာတဲ့ အချိန်ထိ ဒီ Feature ရှိနေတယ် ဆိုတာ သတိမထားမိခဲ့ဘူး - ဒီနေရာကနေ သွားမယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမယ့် Personal Stuff အောက်က Sync feature အကြောင်းပါ။

Sync ဆိုသည်မှာ အဘယ်နည်း။

Sync ဆိုတာ တကယ်တော့ အတိုကောက်အခေါ်ပါ - သူ့ကို နောက်တစ်မျိုး အနေနဲ့ Synchronization - Synchronized လို့လည်း ပြောကြ ရပါတယ်။ Synchronization နဲ့ ပတ်သတ်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင် အသုံးပြုရာ နယ်ပယ်အလိုက် အဓိပ္ပါယ် ကွာခြားချက်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် Computer science နယ်ပယ် တစ်ခုတည်းကနေ ကြည့်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ် ဆိုရင်တော့ သူဟာ လိုလားချက်တူညီတဲ့ လုပ်ဆောင်ချက် နှစ်ရပ်ကို တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် ပေါင်းစည်းပေးတဲ့ လုပ်ငန်းစဉ်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ အဓိပ္ပါယ်ဖွင့်ဆိုချက်တိုင်းဟာ နားလည်လွယ်တာမျိုး မဟုတ်ပါဘူး - ဒီ့ထက်နားလည်လွယ်အောင် ဥပမာ ပေးကြည့်ပါမယ်။

Google Chrome နှင့် Sync settings 

ကျွန်တော်တို့တွေ Google Chrome သုံးနေကြပြီ - Browser ဖြစ်တဲ့ အတွက် Themes လေးတွေ ပြင်တာ ရှိမယ်။ Bookmarks လေးတွေ မှတ်တာရှိမယ်။ လိုတဲ့ Extensions လေးတွေ သွင်းတာ ရှိမယ်။ စိတ်ကြိုက် အားလုံး ပြင်ဆင်ပြီးသွားတာတော့ ဟုတ်ပြီ - ဒါပေမယ့် အကြောင်း အမျိုးမျိုး Windows အသစ် Reinstall ပြန်လုပ်ရတဲ့ အချိန်မှာ ဖြစ်စေ - တစ်ခြား စက်တစ်ခုကနေ Google Chrome ကို အသုံးချရတဲ့ အခြေအနေတစ်ခုမှာဖြစ်စေ - တစ်ချိန်က ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားပြီးသား အခြေအနေအတိုင်း Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို ပြန်ရအောင် ဘယ်လို လုပ်ဆောင်ကြမလဲ - အားလုံးကို တစ်ကနေ ပြန်စပြီး နောက်တစ်ကြိမ် ပြန်သွင်းကြမှာလား။ ဒီလိုဆိုရင်တော့ တော်တော်လေး အချိန်ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာလည်း ကောင်းပါလိမ့်မယ်။


ပြောရရင် လုပ်ဆောင်ထားပြီးသား အခြေအနေတစ်ခုကို နောက်ကွန်ပြူတာတစ်ခု ရောက်သွားလို့ ( ဒါမှမဟုတ် ) အခြေအနေတစ်ခု ပြောင်းသွားလို့ နောက်တစ်ကြိမ် ဒီ Process ကိုပဲ ထပ်မံလုပ်ဆောင်ရတာမျိုး မဖြစ်ရအောင် Google Chrome မှာ Sync settings ဆိုတာ ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ သဘောက ကိုယ်သုံးနေတဲ့ Chrome browser ကို Sync လုပ်ထားလိုက်မယ် ဆိုရင် - လက်ရှိ Browser မှာ ကိုယ်ပြင်ဆင်ထားတဲ့ Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို Web ပေါ်မှာ ရှိနေတဲ့ ကိုယ့်ရဲ့ Google account နဲ့ ချိတ်ဆက်ပြီး အင်တာနက်ထဲမှာ သိမ်းဆည်းပေးသွားမှာပါ။


ဒီလို Sync လုပ်ဆောင်ထားခြင်း အားဖြင့် စက်တစ်လုံးမှာ ကိုယ်ပြင်ဆင်ထားတဲ့ Google Chrome ရဲ့ အပြင်အဆင်အားလုံးကို နောက်စက်တစ်လုံးမှာ တစ်ကနေစပြီး လိုက်ပြင်ဆင်နေစရာ မလိုတော့ပဲ Personal Stuff [chrome://settings/personal] ကနေတစ်ဆင့် ဝင်ပြီး Sync ကို Set up လုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အရင်တစ်ချိန်က ပြင်ဆင်ထားပြီးသား Google Chrome ရဲ့ အပြင်အဆင် အားလုံးကို တစ်သွေမတိမ်း ပြန်ရရှိမှာ ဖြစ်ပါတယ်။


Sync feature အား အသုံးပြုခြင်း

Sync feature ကို အသုံးပြုဖို့အတွက် အရင်ဆုံး လုပ်ဆောင်ထားရမှာ လက်ရှိ ကိုယ်သုံးနေတဲ့ အားလုံး စိတ်ကြိုက် ပြင်ဆင်ထားပြီး Google Chrome Browser ကို Sync လုပ်ထားဖို့ လိုပါတယ်။ ဒီ့အတွက် Personal Stuff [chrome://settings/personal] ကိုသွားပြီး Set up sync ကို ဝင်ပါ။


Sync လုပ်ဖို့ ကိုယ် အမြဲတမ်းသုံးချင်တဲ့ Google Account ကိုဝင်ပါ။


နောက်တစ်ဆင့် ဆက်သွားရင် Sync everything လုပ်မှာလား - Customize လုပ်မှာလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု တွေ့ပါလိမ့်မယ်။ Sync everything ရဲ့ သဘောက Browser နဲ့ ပတ်သတ်ပြီး ကိုယ်ပြင်ဆင်ထားသမျှ သိမ်းဆည်းထားသမျှ အားလုံးကို Web ပေါ်တင်မယ် ဆိုတဲ့ သဘောပါ။ Customize ရဲ့ သဘောကတော့ Bookmarks ဆို Bookmarks သီးသန့် - Extensions ဆို Extensions သီးသန့်ပဲ သိမ်းချင် သူမျိုးတွေအတွက် အသုံးတည့်ပါတယ်။ တကယ်လို့ Customize ကို ရွေးမယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမှာဖြစ်ပြီး ကိုယ် Sync မလုပ်စေချင်တဲ့ ကဏ္ဍတွေကို Click ဖြုတ်ခဲ့ပါ။


ဒီလိုဆိုရင် ကိုယ်ရွေးချယ်ပေးတဲ့ အတိုင်းပဲ Sync လုပ်သွားပါလိမ့်မယ်။ လတ်တလောသုံးနေတဲ့ Browser setting ကို Sync လုပ်ပြီးသွားပြီ ဆိုတာနဲ့ နောက်ကြိုက်တဲ့ အချိန်တိုင်း Windows အတင်အချ - Browser အဖြုတ်အတပ် - Computer အချိန်းအပြောင်း လုပ်ဆောင်ချိန်တိုင်းမှာ Google Chrome browser ကို နောက်တစ်ကြိမ် တစ်ကနေ စပြီး Setings ပြန်ချဖို့ မလိုတော့ပဲ။ Personal Stuff [chrome://settings/personal] ကိုသွားပြီး Sync ကို Set up လုပ်လိုက်တာနဲ့ Web ပေါ်မှာ သိမ်းထားပြီးသား ကိုယ့်ရဲ့ Browser settings က ကိုယ့် Google Chrome browser ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts